အခန်း (၁၃၃)
Vol. 14 Ch. 133
အခန်း(133)
အဘွားလီမှာ သူ ချစ်ရသော မြေးလေးကို လီကျူးက ဤကဲ့သို့ ပြောရဲလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ပါချေ။
သူမက ချက်ချင်းပင် ထိုင်ချလိုက်ပြီး မြေကြီးကို ထုရိုက်ကာ အော်ဟစ်ငိုကြွေးလေတော့၏။
“ အဘိုးကြီး.. ရှင် ကောင်းကင်ဘုံက ပြန်ဆင်းလာပြီးကြည့်လိုက်ပါဦး! ရှင့်သား မွေးထားတဲ့ ဒီသမီးကောင်းလေးကို ကြည့်လိုက်စမ်းပါ..
သူက ကျေးလက်လူတန်းစားကို အထင်သေးနေတာ၊ သူကိုယ်တိုင်လည်း ကျေးလက်ဒေသက တက်လာတယ်ဆိုတာကို သူ မသိဘူး!
ရဲဘော်တို့... လာကြပါဦး၊ ဒီကောင်မလေးကို ဖမ်းသွားပြီး အသိတရားရှိလာအောင်ဆုံးမကြပါ.. သူက လူတန်းစားအစီအစဉ်ကို ဖျက်ဆီးနေတာ
သူက လူကောင်းမဟုတ်ဘူး! သူက ကျမတို့လို ဆင်းရဲသား လယ်သမားတွေကို အထင်သေးတဲ့ အရင်းရှင်လေးပဲ!”
ဤစကားကို ကြားလိုက်ရချိန်တွင် လီကျူးသာမက လီဟုန်ကျွင့်၏ မျက်နှာပါ ပျက်ယွင်းသွားရတော့သည်။
ဤအဘွားအိုကြီးသည်က ကျေးလက်ရွာတွင် အမြဲတစေ အနိုင်ကျင့်နေကျဖြစ်သော်လည်း လူတိုင်းက ဆွေမျိုးများသာဖြစ်နေသောကြောင့် သူမ မည်သို့ပင်အော်ဟစ်နေသည်ဖြစ်စေ မည်သူကမျှ ဂရုမစိုက်ကြပါချေ။
မည်သူကမျှလည်း သတင်းသွားမပို့ကြပေ။
သို့သော် ဤနေရာက ကျေးလက်ဒေသနှင့် မတူပေ။ ဤသည်က အထည်ချုပ်စက်ရုံ ဖြစ်၏။
လီဟုန်ကျွင့်သည်က သာမန်အလုပ်သမားတစ်ဦးဖြစ်နေသော်လည်း ဝင်းတစ်ခုနှင့် အိမ်ကောင်းကောင်းတွင် နေထိုင်နေသည့်အတွက် လူအများ၏ အာရုံစိုက်ခြင်းကို ခံနေရသည်။
ယခုကဲ့သို့ ပြည်သူ့လုံခြုံရေးဗျူရိုက မြေယာလဲလှယ်ရေးကိစ္စများ ဆောင်ရွက်နေသည့် အရေးကြီးသော အချိန်မျိုးတွင် တစ်စုံတစ်ယောက်ကသာ ထိုသတင်းသွားပို့လိုက်လျှင် သူတို့အတွက် အကြီးအကျယ် နစ်နာသွားရပေလိမ့်မည်။
ထို့ကြောင့် လီဟုန်ကျွင့်က လီကျူးကို ချက်ချင်းစိုက်ကြည့်ကာ အော်ပြောလိုက်၏။
“နင့်အခန်းထဲကို ပြန်ဝင်စမ်း!”
လီကျူးက ဒေါသတကြီး ပြန်လည်စိုက်ကြည့်လိုက်ပြီးနောက် စကားတစ်ခွန်းမှ မဆိုဘဲ ခြေဆောင့်ကာ အခန်းထဲသို့ ဝင်သွားတော့၏။
သူမက တံခါးကိုလည်း အရှိန်ပြင်းပြင်းဖြင့် ဆောင့်ပိတ်လိုက်ပေသည်။
လီကျူး ထွက်သွားသည်နှင့် အဘွားလီသည် ငိုယိုနေခြင်းကို ချက်ချင်းရပ်လိုက်ပြီး မေးကို မော့ကာ လီဟုန်ကျွင့်ထံ လက်လှမ်းလိုက်၏။
“နင့်အမေကို ထူပေးစမ်းပါ၊
သူမက တကယ်ကို မလေးစားတာပဲ! ငါ့ကိုတောင် လာပြီး ရန်စရဲတယ်၊ ငါကတော့ အားနာမှာ မဟုတ်ဘူး!”
အဘွားလီက ဤမြေးမကို မည်သည့်အချိန်ကမျှ မနှစ်သက်ခဲ့ပါချေ။
သူမက တဇွတ်ထိုးနိုင်ပြီး ဗိုလ်ကျတတ်ကာ အလွန်လည်းရိုးစိုင်း၏။ လီရွှမ်နှင့် ပြိုင်ဆိုင်ရုံသာမက မိဘမဲ့ဖြစ်နေသည့်အတွက် လီရွှမ်ကို နှိပ်စက်နေသေးသည်။
ယခင်က လီရှန်း နှစ်သစ်ကူးပြန်လာချိန်တွင်လည်း သူမက သခင်မလေးတစ်ယောက်ကဲ့သို့ ပြုမူကာ မည်သည့်အရာကိုမှမလုပ်ဘဲ လဲလျောင်းနေပြီး တခြားလူကိုသာ ခိုင်းစေနေခဲ့သည်။
အဘွားအိုလီမှာ ငယ်စဉ်အချိန်က မြေပိုင်ရှင်၏အိမ်တွင် အစေခံ လုပ်ခဲ့ဖူးပေသည်။ ထိုမြေပိုင်ရှင်က လူကောင်းမဟုတ်ပါချေ။ နောက်ပိုင်းတွင် အရေးအခင်းဖြစ်၍ ထိုမြေပိုင်ရှင် ခေါင်းတုံးတုံးခံရချိန်တွင် သူမကိုယ်တိုင် စင်ပေါ်သို့တက်ကာ တံတွေးနှင့် ထွေးခဲ့ဖူး၏။
ထို့ကြောင့် လီကျူး၏ အနိုင်ကျင့် ဗိုလ်ကျတတ်သော အမူအရာကို သူမ အမုန်းဆုံးပင် ဖြစ်သည်။
“အမေ ဘာလို့ ဒီလိုတွေ လုပ်နေရတာလဲ ..ကျူးကျူးက ငယ်ပါသေးတယ်”
လီဟုန်ကျွင့်အနေဖြင့် မိခင်ဖြစ်သူကို မဆူရဲသောကြောင့် ချော့မော့၍သာ ပြောဆိုရပေတော့သည်။
မိခင်ဖြစ်သူ၏အနိုင်ကျင့်ခြင်းကိုလည်း အပြစ်မတင်ရဲပါချေ။
“ငယ်သေးတယ် ဟုတ်လား.. သူက လူကြီးဖြစ်နေပြီ ၊ သူမက ရွှမ်ဇီထက် ပိုငယ်နေလို့လား၊ နင့်မျက်စိကတော့ ကန်းနေပြီ ထင်တယ်၊
ရွှမ်ဇီက နင့်အစ်ကိုရဲ့ တစ်ဦးတည်းသော သားလေ၊ နင်က နင့်သမီးကိုပဲ အလိုလိုက်နေတယ်၊ လီဟုန်ကျွင့်... နင် မမေ့နဲ့ဦး နင့်အစ်ကိုသာ မရှိရင် နင်က တစ်သက်လုံး ရွာထဲမှာပဲ လယ်ထွန်နေရမဲ့ လယ်သမားကြီး ဖြစ်နေမှာ”
လီဟုန်ကျွင့်က ခေါင်းကို အဆက်မပြတ်ညိတ်လိုက်သည်။
“ ကျွန်တော်သိပါတယ် အမေ၊ ကျွန်တော် အခုပဲ သူ့ကို သွားပြီး ဆုံးမလိုက်ပါ့မယ်”
“သူက ကျေးလက်ဒေသကလူတွေကို အထင်သေးနေသေးတာ.. သူ့ကို အမြန်ဆုံး ကျေးလက်ကို ဆင်းခိုင်းလိုက်တော့၊ သူ့မျက်နှာ မြင်ရတာကိုက ငါ့အတွက် စိတ်အနှောင့်အယှက် ဖြစ်ရတယ်”
“ကောင်းပါပြီ၊ ကောင်းပါပြီ၊ ထုန်လင်း ပြန်လာတာနဲ့ စာရင်းသွားသွင်းလိုက်ပါ့မယ်”
“သူသာ ရွှမ်ဇီကို ထပ်ပြီး နှိပ်စက်တာကို တွေ့ရင်တော့ .. ငါကိုယ်တိုင် ပညာတတ်လူငယ်ရုံးကို သွားပြီး သူ့ကို အဆိုးဆုံးနေရာကို ပို့ခိုင်းလိုက်မယ်
ဒီလိုမိန်းကလေးမျိုးကို လွှတ်ထားလို့ မရဘူး ၊ သူ့ကို ကောင်းကောင်း ဆုံးမရမယ် ထုန်လင်းကိုယ်တိုင်ကလည်း ကောက်ကျစ်တော့ သူ ဆုံးမထားတဲ့ ကောင်မလေးကလည်း ကောက်ကျစ်ရိုင်းစိုင်းနေမှာပဲ”
“အမေ... ကျွန်တော် ဆုံးမပါ့မယ်လို့ ပြောပြီးပြီပဲ၊ စိတ်လျှော့ပါဦး”
“သူက ဟုန်မေ့လောက်တောင် မကောင်းဘူး ၊ ဟုန်မေ့သာ အဲဒီတုန်းက မသေခဲ့ရင် ငါ့မှာ မြေးယောကျ်ားလေးတွေ အများကြီး ရှိနေလောက်ပြီ”
အမြွှာနှစ်ယောက်ကို မွေးခဲ့ပြီးရုံနှင့် အရှင်သခင်မတစ်ယောက်ကဲ့သို့ ပြုမူနေသည့် ထုန်လင်းနှင့် မတူပါချေ။ ထုန်လင်းတွင် ဒုတိယမြောက်ကိုယ်ဝန်မရှိလာခဲ့ပေ။
ကျန်းဟုန်မေ့၏အကြောင်းကို ပြောလာချိန်တွင် လီဟုန်ကျွင့် တိတ်ဆိတ်သွားရသည်။
သူ့စိတ်ထဲတွင် ဇနီးဟောင်း၏ ပုံရိပ်င ရှင်းလင်းစွာ မရှိတော့ပါချေ။ ယခု ပြန်စဉ်းစားကြည့်လျှင် အမှတ်တရများမှာ ဝေဝါးနေခဲ့ပြီ ဖြစ်၏။
ထို့ကြောင့် အဘွားအိုလီ မည်သို့ပင်ပြောသည်ဖြစ်စေ သူ အမှန်တကယ် စိတ်မထိခိုက်ပါချေ။
ကျန်းကျူးရိက လီရှန်းအတွက် အလုပ်ကို လုယူပေးသွားခဲ့ချိန်ကလောက်ပင် သူ အရှက်မရခဲ့ပေ။
အဘွားလီက မကျေမနပ်ဖြင့် ရေရွတ်ရင်း လီရွှမ်ကို အခန်းထဲသို့ ပြန်ခေါ်သွားခဲ့လေသည်။ မထွက်ခွာမီမှာပင် ပြဿနာကိုစတင်စေခဲ့သော စာအုပ်ကိုလည်း ယူဆောင်သွားခဲ့၏။
လီဟုန်ကျွင့် တစ်ယောက်သာ ဧည့်ခန်းမဆောင်ထဲတွင် ငေးကြောင်စွာဖြင့် ကျန်ရစ်ခဲ့ပြီး ထုန်လင်း ပြန်ရောက်လာချိန်တွင်မှသာ သတိပြန်ဝင်လာတော့သည်။
“ဘယ်လိုဖြစ်ခဲ့လဲ”
ထုန်လင်းက အိမ်ပြန်ရောက်သည်နှင့် အိတ်ကိုပင် မချနိုင်သေးဘဲ ချက်ချင်း မေးလိုက်၏။
“ကျန်းကျူးရိက လီရှန်းကို ချုံကျိုးကို ပို့လိုက်ပြီ၊ ဒါပေမဲ့ အိမ်နီးချင်းတွေ ပြောတာကတော့ သူ အလုပ်ရသွားပြီတဲ့၊ ကျန်းကျူးရိလည်း ငါ့ကို ရှောင်ဖို့ တုန်ယွမ်ကို ပြန်သွားတယ်”
“ဒါဆို ကျွန်မတို့ ဘာလုပ်ကြမလဲ”
ထုန်လင်း ချက်ချင်းပင် စိုးရိမ်သွားရသည်။ သူတို့၏ အစီအစဉ်အရ ကျန်းကျူးရိအနေဖြင့် လီရှန်းအတွက် နောက်ဖေးပေါက်မှတစ်ဆင့် အလုပ်စီစဉ်ပေးခဲ့လျှင်၊ ဤသည်ကို အသုံးချကာ လီချောင်နှင့် လီကျူးတို့အတွက် စက်မှုယန္တယားစက်ရုံတွင် တရားဝငရဝန်ထမ်းအလုပ် ရရှိရန် တောင်းဆိုနိုင်လိမ့်မည်။
သို့မဟုတ်လျှင်မူ ထိုအချက်အလက်ကို တော်လှန်ရေးကော်မတီသို့ တိုင်ကြားမည် ဖြစ်သည်။
ကျန်းကျူးရိက ပုန်းရှောင်နေမည်ကိုလည်း သူတို့ ထည့်တွက်ထားခဲ့ကြပြီး အစီအစဉ် (၂) ကိုလည်း ပြင်ဆင်ထားခဲ့ကြပေသည်။
ထိုအစီအစဉ်(2)မှာ လီရှန်းကို ရှာဖွေပြီး လီရှန်းအား ကျန်းကျူးရိ၏ အနာဂတ်အတွက် သူမ၏ အလုပ်ကို လီချောင်ထံသို့ ပေးရန် နားချလိမ့်မည်။ ပြီးနောက် လီကျူး၏ အလုပ်အတွက်လည်း စဉ်းစားပေးခိုင်းလိမ့်မည်။
သို့သော် ကျန်းကျူးရိက လီရှန်းကို ချုံကျိုးသို့ ပို့လိုက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါချေ။
ထိုနေရာက သူတို့နှင့် အလွန်ဝေးကွာလွန်းပေသည်။
လီဟုန်ကျွင့်သည်လည်း မည်သို့လုပ်ရမည်ကို မသိတော့ပါချေ။
“သူ့ဘက်က ဒီလောက်အထိ ယုတ်မာနေမှတော့ ကျွန်မတို့လည်း သေတဲ့အထိ တိုက်ခိုက်ရမှာပဲ”
ထုန်လင်းက အံကြိတ်ကာ ပြောလိုက်၏။ သူမ၏ မျက်ဝန်းများတွင် ရက်စက်သည့် အရိပ်အယောင်များ ပေါ်လွင်နေခဲ့လေသည်။
လီဟုန်ကျွင့်ကတော့ တုံ့ဆိုင်းနေမိသည်။
“ငါတို့ တကယ်ကြီးတိုင်လိုက်ရင်... ပြန်ပြင်လို့ မရတော့ဘူး”
“ရှင်က သူတို့က ဒီအနားမှာ ရှိနေသေးမယ်လို့ထင်နေတာလား၊ သူတို့က ကျွန်မတို့ကို တမင်ရှောင်နေကြတာ
ပညာတတ်လူငယ်ရုံးက ထုတ်ထားတဲ့ အသိပေးစာက တစ်ပတ်ပဲ အချိန်ပေးထားတာလေ၊
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ကလေးက ကျေးလက်ကို ဆင်းကြရမှာပဲ၊ ကျန်းမိသားစုကို သင်ခန်းစာတစ်ခုခု မပေးလိုက်ရဘဲနဲ့တော့ ကျွန်မ လုံးဝ လက်လျှော့မှာ မဟုတ်ဘူး.. ဒါမှမဟုတ်...”
ထုန်လင်းက လီဟုန်ကျွင့်ကို အေးစက်သော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။
“ရှင်က သူတို့ကို သံယောဇဉ် မပြတ်နိုင်သေးတာလား”
“သေချာပေါက် ပြတ်တာပေါ့! ”
လီဟုန်ကျွင့်က သူ၏ သစ္စာရှိမှုကို အလျင်အမြန်ပင် အာမခံလိုက်ရသည်။
အခြေအနေက ဤသို့ဆိုလျှင် ရွေးချယ်စရာတစ်ခုသာကျန်ရှိတော့မည်။
“အရင်ဆုံး ကျူးကျူးကို စာရင်းသွင်းကြမယ်၊ ပြီးမှ တော်လှန်ရေးကော်မတီကို သွားမယ်၊ ဒါဆိုရင် သူတို့ကို ဖော်ထုတ်ပြီးတိုင်ကြားပေးတဲ့အတွက် ကျူးကျူးအတွက် နေရာကောင်းလေးတစ်ခု ပေးကြလိမ့်မယ်”
“မင်းပြောတာ မှန်တယ်၊ ငါ အခုပဲ အိမ်ထောင်စုစာရင်း သွားယူလိုက်မယ်”
ထုန်လင်းက လီဟုန်ကျွင့်ထက် များစွာ ပိုမိုပြတ်သားလေ၏။ သူမက အခန်းထဲသို့ ချက်ချင်းပြန်ဝင်ကာ အိမ်ထောင်စုစာရင်းကို ယူပြီး လီဟုန်ကျွင့်နှင့်အတူ ပညာတတ်လူငယ်ရုံးသို့ ထွက်လာခဲ့သည်။
ထိုဇနီးမောင်နှံ၏ ပြတ်သားသော နောက်ကျောများကို တံခါးနောက်ကွယ်မှ မျက်လုံးတစ်စုံက စောင့်ကြည့်နေခဲ့သည်။
ထိုမျက်ဝန်းများတွင် နက်ရှိုင်းသော နာကြည်းမှုနှင့် ရန်ငြိုးများသာ ကိန်းအောင်းနေခဲ့ချေသည်။
*
“ဟင်း..”
ဝေးကွာလွန်းသော ချုံကျိုးတွင်ရှိနေသာ လီရှန်းမှာ အံ့အားသင့်စွာ သက်ပြင်းချလိုက်ရင်း သူမ၏ ဖိနပ်များကို ကောက်ကိုင်ကာ ခြောက်သွေ့သော ကမ်းစပ်သို့ ပြန်လာခဲ့သည်။
“ဘယ်လိုလဲ တတိယယောက်မ၊ ရေက အေးလား”
အနည်းငယ် မြင့်သော နေရာတွင် ရပ်နေသည့် စုဝေ့ဖင်းက သူမ၏ လက်ဝါးနှစ်ဖက်ကို ပါးစပ်နားတွင် ကပ်ကာ အော်မေးလိုက်၏။
“နည်းနည်းတော့ ချမ်းသေးတယ်၊ ခဏစောင့်ဦး၊ ခြေအိတ် အရင်စွပ်လိုက်ဦးမယ်”
လီရှန်းက စုဝေ့ဖင်းကို လက်မ်းပြကာ ပြန်အော်ပြောလိုက်သည်။ ထို့နောက် ပုဝါတစ်ထည် ထုတ်ကာ ခြေထောက်ကို သုတ်လိုက်ပြီး ခြေအိတ်စွပ်၍ ဘေးနားရှိ ကျောက်ဆောင်များပေါ်သို့ တက်လာခဲ့၏။
ချုံကျိုးသည်ကား အနာဂတ်ကာလကဲ့သို့ အပန်းဖြေစခန်းကြီး မဖြစ်သေးပါချေ။ နေရာအများစုမှာ အလွန်ပင် ရှေးကျနေဆဲဖြစ်သော်လည်း နောင်တစ်ချိန်တွင် ရှိလာမည့် အလှတရားများကို တွေးတောနိုင်သည်။
သို့သော် လီရှန်းတို့ ရောက်လာသည့် အချိန်က အနည်းငယ် မှားယွင်းနေခဲ့၏။ အပူချိန်က မနိမ့်သော်လည်း ရေက အနည်းငယ် အေးနေဆဲပင်။
ထို့ကြောင့် ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးမှာ အဝေးမှ ငေးမောရန်သာ ကောင်းနေသေးပြီး ကိုယ်တိုင်ထိတွေ့ရန် မလွယ်ကူသော နေရာတစ်ခု ဖြစ်နေခဲ့လေ၏။
*