အခန်း (၁၃၅)
Vol. 14 Ch. 135
အခန်း(135)
ကျန်းကျိ၏ မိခင်နှင့် မရီးဖြစ်သူတို့မှာ နှစ်သစ်ကူး ရှစ်ရက်နေ့ မနက်ပိုင်းအထိ ရောက်မလာခဲ့ကြပါချေ။
ကျန်းကျိကို စုံစမ်းမေးမြန်းကြည့်ချိန်တွင်လည်း ကျန်းကျိ၏ မိခင်နှင့် မရီးဖြစ်သူတို့က ရထားပေါ်တွင်သာ ရှိနေဆဲ ဖြစ်ကြောင်း သိရှိလိုက်ရသည်။
သူတို့က နှစ်သစ်ကူး ခြောက်ရက်နေ့ ညပိုင်းတွင်မှ ရထားပေါ် တက်ခဲ့ကြခြင်းဖြစ်လေ၏။
တစ်နည်းအားဖြင့်ဆိုရလျှင် လော်ယွီရှို့နှင့် လီရှန်းတို့ ချုံကျိုးကျွန်းသို့ ခြေချပြီး နောက်တစ်နေ့တွင်မှသာ ကျန်းကျိ၏ မိခင်နှင့် မရီးဖြစ်သူတို့က ပေကျင်းမှ စတင်ထွက်ခွာလာခဲ့ကြခြင်း ဖြစ်ပေသည်။
လော်ယွီရှို့က အလေးအနက်ထား၍ ရောက်ရှိလာခဲ့သော်လည်း ကျန်းမိသားစုကတော့ ဟန်ပန်လုပ်ရသည်ကို နှစ်သက်ပုံရပေသည်။
ခြောက်ရက်နေ့တွင် လော်ယွီရှို့က သူမ၏ ခမည်းခမက်များမှာ မြို့တော်တွင် ရှိနေပြီး ခရီးဝေးသောကြောင့် စိတ်ရှည်ပေးခဲ့သေး၏။
ခုနစ်ရက်နေ့တွင်တော့ လော်ယွီရှို့မှာ အနည်းငယ် မကျေမနပ် ဖြစ်လာခဲ့ပြီး ရှစ်ရက်နေ့ မနက်အစောပိုင်းသို့ ရောက်သောအချိန်တွင် သူမ၏ မျက်နှာမှာ အိုးဖင်ကဲ့သို့ပင် မည်းမှောင်နေခဲ့ပေပြီ။
သူမက စုဝေ့ဖင်းကို ခေါ်ပြီး မေးလိုက်၏။
“နင် ကျန်းမိသားစုကို ဘယ်တုန်းက အကြောင်းကြားခဲ့တာလဲ”
“နှစ်သစ်ကူး အကြိုညတုန်းကပါ”
စုဝေ့ဖင်း၏ အမူအရာမှာလည်း မကောင်းလှပါချေ။
“ဘယ်နေ့အရောက် လာရမလဲဆိုတာကော ပြောထားသေးလား”
ကျန်းမိသားစုမှာ အလွန်ပင် တရားလွန်လွန်းသည်ဟု လီရှန်းလည်း ခံစားမိပေသည်။
“နှစ်သစ်ကူး ငါးရက်နေ့ မတိုင်ခင် လာပေးဖို့ ပြောထားတာပါ”
ဤမျှအထိ သိသိသာသာ အထင်သေးခံရမှုကြောင့် စုဝေ့ဖင်းတစ်ယောက် အလွန်ပင် အရှက်ရနေခဲ့၏။ အထူးသဖြင့် ယခုမှ ရောက်ရှိလာသော သူမ၏ တတိယယောက်မ ရှေ့တွင် ဖြစ်နေခဲ့သည်။
လီရှန်း၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုနှင့် မကျေနပ်မှုများ ပြည့်နှက်နေသော်လည်း သူမကိုတော့ အထင်မသေးသည့်အတွက် စုဝေ့ဖင်း အနည်းငယ် သက်ပြင်းချနိုင်ခဲ့သေးသည်။
ထို့နောက်တွင်တော့ စိတ်ပျက်အားငယ်မှုများကိုသာ ခံစားလိုက်ရလေ၏။ ကျန်းကျိက နှစ်သစ်ကူး အကြိုညကတည်းက ကျန်းမိသားစုအား ငါးရက်နေ့မတိုင်မီ လာရန် အကြောင်းကြားထားခဲ့သော်လည်း ကျန်းမိသားစုမှာ ရှစ်ရက်နေ့အထိ ရောက်မလာသေးပါချေ။
ဤသည်က သူမကိုသာမက စုမိသားစု တစ်ခုလုံးကိုပါ အထင်သေးနေခြင်း ဖြစ်ပေသည်။
သူမက အံကြိတ်ကာ ပြောလိုက်၏။
“အမေ... သမီး အခုပဲ တစ်ယောက်ယောက်ကို ရထားလက်မှတ် ဖြတ်ခိုင်းလိုက်မယ်၊ သမီးတို့အားလုံး နင်ပြည်နယ်ကို အတူ ပြန်ကြမယ်၊ ပြန်ရောက်တာနဲ့ ကျေးလက်ဆင်းမဲ့ လျှောက်လွှာကို ချက်ချင်း ဖြည့်လိုက်မယ်”
“ဝေ့ဖင်း!”
သမီးဖြစ်သူက ကျေးလက်ဒေသသို့ဆင်းမည့်အကြောင်းကို ကြားလိုက်ရလျှင် လော်ယွီရှို့တစ်ယောက် သူမ၏ ဆုံးဖြတ်ချက်အတွက် ပြန်လည် နောင်တရမိပြန်သည်။
“နောက်ထပ် နှစ်ရက်လောက် ထပ်စောင့်ကြည့်ကြရင် မကောင်းဘူးလား၊ သူတို့ ရထားပေါ်ကို ရောက်နေပြီလို့ ပြောထားတယ်မလား”
လီရှန်းအနေဖြင့် ကျေးလက်သို့ ဆင်းရသည့် ဒုက္ခများကို ကိုယ်တိုင်တွေ့ကြုံခဲ့ဖူးထားသောကြောင့် အလောတကြီးဖြင့် အကြံပြုလိုက်၏။
“ဟုတ်တယ် ဝေ့ဖင်း၊ သေသေချာချာ ပြန်စဉ်းစားပါဦး၊ မင်္ဂလာဆောင်ကို ရွှေ့ဆိုင်းလို့ ရပေမဲ့ ကျေးလက်ဒေသကိုတော့ မဆင်းပါနဲ့၊
ပညာတတ်လူငယ် လုပ်ရတာက တကယ်ကို ပင်ပန်းတယ်၊ အထူးသဖြင့် အမျိုးသမီးပညာတတ်လူငယ်တွေအတွက်ဆိုရင် ပိုပြီးတော့ အန္တရာယ်များတယ်”
ရိုးသားဖြောင့်မတ်သော ရွာများစွာ ရှိသော်လည်း တချို့သော ရွာများတွင်တော့ မရိုးသားသည့် လူများ ရှိနေနိုင်သည်။
အတိတ်ဘဝတုန်းက လီရှန်းအနေဖြင့် အမျိုးသမီး ပညာတတ်လူငယ်များ နှိပ်စက်ညှဉ်းပန်းခံရသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ဖူးပေသည်။
“မင်း ရူးနေတာလား၊ သေသေချာချာ တိုင်ပင်ကြရအောင်”
အကယ်၍ နင်ပြည်နယ်သို့ပြန်သွားမည်ဆိုလျှင် ကျေးလက်ဒေသသို့ သေချာပေါက် ဆင်းရပေလိမ့်မည်။
“ကျွန်မ ကျေးလက်ဒေသကိုပဲ ဆင်းလိုက်တော့မယ်”
စုဝေ့ဖင်းသည်ကား ဒေါသထွက်နေရုံသာမကဘဲ သူမ၏ နှလုံးသားထဲတွင်လည်း နာကျင်နေခဲ့၏။
သူမက သူမ၏ အတိတ်ဘဝသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရပေသည်။
သူမ၏ အလုပ်က ခိုးယူခံရပြီး ခိုးယူသွားသူက ဆုတစ်ခု ရရှိသွားသော်လည်း သူမအနေဖြင့် မည်သည့်နေရာကမှ အကူအညီ မတောင်းခံနိုင်ခဲ့သကဲ့သို့..
“အမေ... သမီးကို ဆက်ပြီး နားမချပါနဲ့တော့၊ ကျန်းမိသားစုက သမီးကို ဒီလောက်အထိ အထင်သေးနေမှတော့ သူတို့မိသားစုထဲကို လက်ထပ်ဝင်သွားရင်တောင် သမီးအတွက် နေရာရှိမှာ မဟုတ်ပါဘူး
အဲဒီလို မိသားစုမှာ နေထိုင်ရတာထက် ကျေးလက်ဒေသကိုဆင်းပြီး လယ်လုပ်ရတာကမှ ပိုကောင်းဦးမယ်၊ သမီးက အဲဒီလောက်အထိ တန်ဖိုးမနည်းပါဘူး”
စုဝေ့ဖင်းက သူမ၏ လက်မောင်းကို မြှောက်ကာ မျက်ဝန်းမှ မျက်ရည်များကို သုတ်လိုက်ပြီး အိမ်ပြင်သို့ ပြေးထွက်သွားတော့၏။
“မြန်မြန်လေး ... ရှန်းရှန်း၊ အဲဒီကောင်မလေးကို ငါ့ဆီ ပြန်ခေါ်လာပေးပါဦး!”
လော်ယွီရှို့မှာ ကလေးကို ပွေ့ချီထားရသောကြောင့် အလျင်အမြန် မလိုက်နိုင်သည့်အတွက် လီရှန်းကိုသာ လိုက်ခိုင်းစေရတော့သည်။
လီရှန်းအနေဖြင့် အောက်ထပ်သို့ရောက်ချိန်တွင် စုဝေ့ဖင်းကို လိုက်မီသွားခဲ့သည်။
“စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ဦး၊ ဒီလိုကြီး ပြေးထွက်သွားရင် သူများတွေအတွက် ရယ်စရာ ဖြစ်သွားမှာကို မစိုးရိမ်ဘူးလား”
လီရှန်းသည် စုဝေ့ဖင်းကို ဆွဲထားလိုက်ပြီး သူမ၏ မျက်ရည်များကို သုတ်ပေးရန် လက်ကိုင်ပုဝါတစ်ထည် ထုတ်လိုက်သည်။
စုဝေ့ဖင်းက ထိုလက်ကိုင်ပုဝါကို လှမ်းယူလိုက်ပြီး ငိုသံများဖြင့် မေးလာ၏။
“ယောက်မ.. ဒီပုဝါနဲ့ ခြေထောက်ကိုတော့ မသုတ်ထားဘူးမလား”
သူမ မြင်လိုက်သည်ပင်။
ဤတတိယယောက်မက ကမ်းခြေတွင် ပုဝါတစ်ထည်နှင့် ခြေထောက် သုတ်နေခဲ့သည်မဟုတ်ပါလား။
“မဟုတ်ပါဘူး”
လီရှန်းမှာ ထိုမေးခွန်းကြောင့် မရယ်ဘဲ မနေနိုင်တော့ပါချေ။
“ခြေထောက်သုတ်တဲ့ လက်ကိုင်ပုဝါကိုတော့ ဒုတိယဦးလေးရဲ့ ဖိနပ်ကိုတိုက်ဖို့ သုံးလိုက်ပြီလေ”
တော်သေးတာပေါ့။
ထိုအချိန်မှသာ စုဝေ့ဖင်း စိတ်သက်သာရာရသွားပြီး သူမ၏ မျက်ရည်များကို သုတ်လိုက်ပေတော့သည်။
“ဝေ့ဖင်း... နင် အောက်ကို ပြေးဆင်းလာတာက နင့်အစ်ကိုဆီကို ဖုန်းဆက်ပြီး ရထားလက်မှတ် ဝယ်ခိုင်းဖို့မလား”
စုဝေ့ဖင်းက ခေါင်းငြိမ့်ပြလိုက်၏။
“ဒါက တကယ်ကို ရှက်စရာပဲ ၊ ကျန်းကျိက ကျွန်မကို လက်ထပ်တော့မယ်ဆိုတာ လူတိုင်း သိနေကြပြီ၊ ဒါပေမဲ့ သူ့မိသားစုက အခုထိ ရောက်မလာသေးဘူး
စစ်တပ်ထဲက အမျိုးသမီးတွေကလည်း အတင်းအဖျင်းအရမ်းပြောတာ၊ ကျွန်မရဲ့ ကွယ်ရာမှာ ဘာတွေ ပြောနေကြမလဲဆိုတာ ကျွန်မမှန်းဆလို့ ရတယ်”
“ဒါဆို နင် ဘယ်လို ထင်သလဲ၊ နင်က တကယ်ပဲ ကျေးလက်ဒေသကို ဆင်းချင်လို့လား ၊ ဒါ့အပြင်...”
လီရှန်းသည် စုဝေ့ဖင်းကို ကျန်းကျူးပင်းတု့ နေထိုင်ရာ ဝင်းအတွင်းသို့ ဖြည်းဖြည်းချင်း ဆွဲခေါ်သွားခဲ့သည်။
“ဒါ့အပြင် ကျန်းမိသားစုရဲ့ အခြေအနေက ဒီလိုဖြစ်နေတော့.. ရဲဘော်ကျန်းရဲ့ သဘောထားကကော ဘယ်လိုရှိလဲ”
“သူကတော့ ကျွန်မအပေါ် တကယ်ကို အားနာနေပြီး အကုန်လုံးကို အလိုလိုက်ပါတယ်၊ ကျွန်မရဲ့အနားမှာဆို အရမ်းကို သတိထားပြီး ဆက်ဆံပေးနေတာ”
ကျန်းကျိ၏အကြောင်းကို ပြောလိုက်ချိန်တွင် စုဝေ့ဖင်း အနည်းငယ် ပြုံးလိုက်မိသည်။ သူမနှင့် ကျန်းကျိမှာ လွတ်လပ်စွာ ချစ်ကြိုက်ခဲ့ကြသူများ ဖြစ်၏။
အစပိုင်းတွင် သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်မရခဲ့ဘဲ တွေ့တိုင်း ရန်ဖြစ်နေကြသူများ ဖြစ်ခဲ့ပေသည်။
နောက်ပိုင်းတွင် သူမ၏ ဒုတိယအစ်ကိုက မူဝါဒအသစ်အကြောင်း သိသွားပြီးနောက် သူမအတွက် လူချင်းပေးတွေ့ရန် စီစဉ်ပေးလာခဲ့၏။
ထိုအချိန်တွင်မှသာ ကျန်းကျိက သူမ၏ စိတ်ကို သိရှိသွားပြီး သူမကို အသည်းအသန်လိုက်ခဲ့ခြင်း ဖြစ်ပေသည်။
နောက်ပိုင်းတွင် အရာအားလုံးက အဆင်ပြေသွားကာ လက်ထပ်ရမည့် အခြေအနေအထိ ရောက်လာခဲ့ပေ၏။
သို့သော် နောက်ဆုံးမိနစ်ပိုင်းသို့ ရောက်မှ ကျန်းမိသားစုက ဤကဲ့သို့ အချိန်ဆွဲနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
“ဒါဆိုရင်... ငါတို့ ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ”
ထိုအကြောင်းကို နားထောင်ပြီးနောက် လီရှန်းက ဘေးမှနေ၍ အကြံတစ်ခု ပေးလိုက်ပေသည်။
“ကျန်းမိသားစုက နင့်ကို အထင်သေးတယ်ဆိုတာက ကျန်းကျိကို အထင်သေးတာနဲ့ အတူတူပဲ၊ သူတို့က ဂရုမစိုက်ပေမဲ့ ငါတို့ မိသားစုကတော့ ဂရုစိုက်တယ်
အဆိုးဆုံး ဖြစ်လာရင်တော့ ကျန်းကျိကိုပဲ သားမက်အဖြစ် စုမိသားအိမ်ကို ခေါ်ယူလိုက်ရုံပဲ*”
( t/n : စုဝေ့ဖင်းက ကျန်းမိသားစုထဲကို မဝင်သွားဘဲ ၊ ကျန်းကျိက စုမိသားစုထဲကိုဝင်လာရမယ်လို့ပြောတာပါ)
လီရှန်းက ကျန်းကျိကို “ရဲဘော်ကျန်း” ဟု လေးစားစွာ မခေါ်တော့ပါချေ။
သူ၏ မိခင်ကိုပင် မကိုင်တွယ်နိုင်သော အမျိုးသားတစ်ယောက်က အတော်လေး အသုံးမကျလှပေ။
“အိမ်ကို ခေါ်ရမယ် ဟုတ်လား”
စုဝေ့ဖင်း ကြောင်အသွားရ၏။
သူမ ဤသို့ တစ်ခါမှ မတွေးဖူးပါချေ။
“ဟုတ်တယ်လေ၊ ကျန်းကျိက မင်္ဂလာဆောင်ရက်ကို သူ့မိသားစုဆီ အစောကြီးကတည်းက အကြောင်းကြားထားပြီးသားပဲ၊
ဒါကို ကျန်းမိသားစုက တမင် အချိန်ဆွဲနေတာ၊ ဒီလိုဆိုမှတော့ သူတို့ရဲ့ သားအပေါ် သိပ်ပြီး ဂရုမစိုက်တာ သိသာနေတာပဲ
အဆင်ပြေပါတယ်... နင် သွားပြီး ကျန်းကျိကို ချော့မော့လိုက်၊ သူ စုမိသားစုအိမ်ကို လိုက်ရဲလားလို့ မေးကြည့်
ပြီးတော့ သူ့ဆီက ဘယ်လိုခန်းဝင်ပစ္စည်းမှ မလိုချင်ဘူး၊ သူ လိုက်လာဖို့ပဲ လိုတယ်လို့ ပြောပြီး သူ့ကို စိတ်သက်သာရာအောင် တစ်ခုတည်း လုပ်ပေးလိုက်”
စုဝေ့ဖင်း ပါးစပ်အဟောင်းသား ဖြစ်သွားပြီး အတော်ကြာမှ စကားပြန်ပြောနိုင်တော့၏။
“အဲဒါက ဖြစ်နိုင်ပါ့မလား”
“စိတ်မပူပါနဲ့၊ နင့်ရဲ့ အစ်ကို သုံးယောက်လုံးကတော့ သေချာပေါက် ထောက်ခံကြလိမ့်မယ်”
ဒုတပ်ရင်းမှူး တစ်ယောက်ကို သားမက်အဖြစ် အိမ်ထဲ ခေါ်ယူနိုင်မည့်ကိစ္စကို မထောက်ခံသောသူ ရှိမည်ဆိုလျှင် ထူးဆန်းပေလိမ့်မည်။
“ဒါဆိုရင်.. ကျွန်မ သွားမေးကြည့်ရမလား”
စုဝေ့ဖင်းလည်း စိတ်လှုပ်ရှားသွားရ၏။
တတိယယောက်မ၏ စကားများက သူမအတွက် ကမ္ဘာသစ်တစ်ခုကို ဖွင့်လှစ်ပေးလိုက်သကဲ့သို့ပင်။
အမှန်ပဲ။ အမျိုးသားဘက်က မိသားစုက သူတို့ကို တန်ဖိုးမထားမှတော့ သူတို့ကလည်း အဲဒီဘက်ကို ဂရုစိုက်နေစရာမလိုတော့ဘူး။
သူတို့ဘာသာ သူတို့ မိသားစုကို စီမံခန့်ခွဲရုံပဲရှိတော့တယ်။
လီရှန်းက စုဝေ့ဖင်း၏ ပခုံးကို ပုတ်ပေးလိုက်သည်။
“ရဲဘော်ကျန်းအတွက်တော့ စိတ်မပူပါနဲ့၊ ငါ့ရဲ့ ယောက္ခမက ယောက္ခမအဖြစ် လေးကြိမ်တိုင်တိုင် လုပ်ခဲ့ဖူးတာဆိုတော့ အတွေ့အကြုံတွေ အများကြီးရှိတယ်”
စုဝေ့ဖင်း : “...”
ယောက်မဟောင်းကိုပါ တစ်ကြိမ်အဖြစ် ထည့်တွက်လိုက်တာလား။
“ဒါပေမဲ့ သူ့ကိုတော့ နည်းနည်းလောက်တော့ ခြောက်လှန့်ဖို့ လိုသေးတယ်”
လီရှန်းက စုဝေ့ဖင်း၏ ပခုံးပေါ်သို့ လက်တင်ကာ သူမ၏ နားအနီးသို့ ကပ်၍ အသံတိုးတိုးနှင့် ပြောလိုက်ပေ၏။
“လာခဲ့... နင့်ရဲ့ ဒုတိယအစ်ကိုကို ရထားလက်မှတ် သွားဝယ်ခိုင်းရအောင်”
စုဝေ့ဖင်းမှာ ဦးနှောက် မဟုတ်ပါချေ။ လီရှန်းက ကျန်းကျိအပေါ် ဖိအားပေးရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သူမ သဘာဝကျစွာ သိရှိလိုက်ပေသည်။
သို့သော်လည်း…
တတိယယောက်မကတော့ တကယ့်ကို ကျွမ်းကျင်တာပဲ!
သူမရဲ့ တတိယအစ်ကို စုဝေ့ချင်းတော့ ဒုက္ခရောက်နေရတော့မယ်လို့ သူမ ခံစားမိနေပြီ။
*