အခန်း (၁၃၆)
Vol. 14 Ch. 136
အခန်း(136)
အမျိုးသမီးငယ်နှစ်ဦးမှာ ဂိတ်တဲသို့ တန်းတန်းမတ်မတ် သွားခဲ့ကြကာ စစ်တပ်အတွင်း လေ့ကျင့်ရေးလုပ်နေသော စုဝေ့ယန်ထံသို့ ဖုန်းဆက်လိုက်ကြသည်။
“ဒုတိယအစ်ကို... ကျွန်မတို့ သုံးယောက်အတွက် ရထားလက်မှတ် ဝယ်ပေးပါ၊ အမြန်ဆုံးဖြစ်လေ ကောင်းလေပဲ”
စုဝေ့ယန်တစ်ယောက် ကြောင်အသွားရ၏။
“ဘာလို့ ရထားလက်မှတ် ဝယ်ရမှာလဲ”
“ကျွန်မ အိမ်ကိုပြန်ပြီး ကျေးလက်ဒေသကိုဆင်းဖို့ လျှောက်လွှာတင်ဖို့ ဆုံးဖြတ်လိုက်ပြီ”
စုဝေ့ဖင်း၏ အသံမှာ အေးစက်တည်ငြိမ်နေပြီး သေသေချာချာ စဉ်းစားပြီးမှ ပြောခြင်းဖြစ်ကြောင်း သိသာနေခဲ့သည်။ စုဝေ့ယန် စကားမပြောရသေးမီမှာပင် သူမက ဆက်၍ ပြောလိုက်၏။
“သူတို့ရဲ့ သဘောထားက ကျွန်မကိုရော၊ ကျွန်မရဲ့မိဘတွေကိုပါ အထင်သေးနေတာပဲ၊ ကျွန်မက ရဲဘော်ကျန်းကျိနဲ့ မခွဲနိုင်ပေမယ့်လည်း အချစ်ထက် ဂုဏ်သိက္ခာက ပိုပြီးအရေးကြီးတယ်လေ”
“သူတို့မိသားစုက မြို့တော်က ဖြစ်နေတော့ ဘာဖြစ်လဲ၊ အခုခေတ်ကာလမှာ မြို့တော်ကလူတွေက ဒီလောက်အထိ မာနကြီးခွင့် မရှိပါဘူး၊ အလုပ်သမားတွေနဲ့ လယ်သမားတွေက မိသားစု တစ်ခုတည်းပဲလေ”
စုဝေ့ဖင်းက နှာခေါင်းရှုံ့လိုက်လေ၏။ ထို့နောက် လီရှန်းက သူမကို မျက်စိမှိတ်ပြကာ စကားအလွန်များနေပြီဟု အချက်ပြသည်ကို မြင်လိုက်ရ၏။
သူမလည်း သူမ၏ ရှည်လျားလှသော စကားများကို ချက်ချင်းပင် မျိုချလိုက်ပြီး ပြောခဲ့သည်။
“ဘာပဲဖြစ်ဖြစ် ကျွန်မ လက်မခံနိုင်တော့ဘူး၊ ဒုတိယအစ်ကို ကျန်းကျိကို ပြောလိုက်တော့၊ မင်္ဂလာပွဲကို ဖျက်လိုက်ပြီလို့.. ပြီးတော့ သူ့အတွက် ထိုက်တန်တဲ့ စိတ်တူကိုယ်တူ အမျိုးသမီးတစ်ယောက်ကို တွေ့ပါစေလို့ ဆုတောင်းပေးလိုက်တယ်”
သူမက ပြောချင်သည့်စကားများကို ပြောပြီးသည်နှင့် ဖုန်းကို ချက်ချင်း ချလိုက်ပေတော့သည်။
စုဝေ့ယန်တစ်ယောက် ဖုန်းကို ကိုင်ထားရင်း လုံးလုံးလျားလျား ကြောင်အကျန်ရစ်ခဲ့၏။
သူက ဖုန်းကို ကြောင်အ,စွာဖြင့် ပြန်ချလိုက်ချိန်တွင် ချွေးတရွဲရွဲနှင့် ပြေးဝင်လာသော ကျန်းကျိကို မြင်လိုက်ရသည်။ သူသည်က လေ့ကျင့်ရေးကွင်းမှ ယခုလေးတင် ပြေးလာခြင်း ဖြစ်ကြောင်း သိသာပေ၏။
သူ ဝင်လာသည်နှင့် ချက်ချင်းပင် မေးလိုက်ပေသည်။
“ဒုတိယအစ်ကို... ဘာဖြစ်လို့လဲ၊ ဝေ့ဖင်း ဖုန်းဆက်တယ်လို့ ကြားလို့ ကျွန်တော် လာခဲ့တာ”
စုဝေ့ယန်က စကားပြန်မပြောဘဲ သူ၏ ဦးထုပ်ကို ဆောင်းကာ အပြင်သို့ ထွက်သွားလေတော့၏။
“ဒုတိယအစ်ကို?”
ကျန်းကျိတစ်ယောက် ဖုန်းကို တစ်ချက်ကြည့်လိုက်ကာ ထွက်ခွာသွားသော စုဝေ့ယန်၏ နောက်ကျောကို တစ်ချက်ပြန်ကြည့်လိုက်ပြီး မကောင်းသော အငွေ့အသက်ကို ခံစားလိုက်ရသည်။
သူက စုဝေ့ယန်နောက်သို့ အလျင်အမြန် လိုက်သွားပြီး မေးလိုက်သည်။
“ဒုတိယအစ်ကို... ဘယ်ကိုသွားမလို့လဲ”
“ဝေ့ဖင်းအတွက် ရထားလက်မှတ် သွားဝယ်ပေးမလို့”
စုဝေ့ယန်က ကျန်းကျိကို အေးစက်တင်းမာသော မျက်နှာထားဖြင့် ကြည့်လိုက်သည်။
“သူက အိမ်ကိုပြန်ပြီး ကျေးလက်ဒေသကို ဆင်းဖို့ လျှောက်လွှာတင်ဖို့ ဆုံးဖြတ်လိုက်ပြီ၊ မင်းလည်း မင်းမိသားစုဆီကို ကြေးနန်းရိုက်ပြီး မင်္ဂလာပွဲကို ဖျက်လိုက်ပြီလို့သာ ပြောလိုက်တော့”
ထိုသို့ပြောပြီးနောက် သူက ကျန်းကျိ၏ ချက်ချင်း ပျက်ယွင်းသွားသော မျက်နှာကို လျစ်လျူရှုကာ လေ့ကျင့်ရေးအဖွဲ့ရှိရာသို့ လျှောက်သွားလေ၏။
ရထားလက်မှတ် သွားဝယ်ရမည် ဆိုသော်ငြားလည်း သူသည်က မနက်ခင်း လေ့ကျင့်ခန်းကိုတော့ အရင်ဆုံး အပြီးသတ်ရပေဦးမည်။
ကျန်းကျိတစ်ယောက် ထိုနေရာတွင် ခဏမျှ ရပ်နေပြီးနောက်၊ လေ့ကျင့်ရေးကွင်းသို့ ချက်ချင်းပြန်သွားခဲ့ကာ လေ့ကျင့်ရေး တာဝန်များကို လွှဲပြောင်းပေးပြီး မိသားစု အဆောင်များရှိရာသို့ အလျင်အမြန် ပြေးထွက်သွားတော့၏။
သူက တပ်ရင်းမှူးကျန်း၏ အိမ်သို့ အရင်သွားခဲ့ပြီး ဝရန်တာအောက်တွင် စုဝေ့ဖင်း၏ တတိယယောက်မ၏ ခရီးဆောင်အိတ်များကို တွေ့လိုက်ရလေသည်။ ထိုအိတ်တို့မှာ သေသေချာချာ ထုပ်ပိုးထားပြီးဖြစ်ကာ အချိန်မရွေး ထွက်ခွာတော့မည့် ပုံစံမျိုး ဖြစ်နေလေ၏။
သူ ပို၍ပင် ထိတ်လန့်သွားကာ လှည့်ထွက်ပြီး ထုန်ဇီလော်ရှိရာသို့ အပြေးအလွှား သွားတော့သည်။
လမ်းတွင် စျေးဝယ်ပြီး ပြန်လာသော ကွမ်းရှောင်ထင်းနှင့်တိုးမိခဲ့လေ၏။
“ဟေ့... ရှောင်ကျန်း”
ကွမ်းရှောင်ထင်းက နှုတ်ဆက်လိုက်သည်။
သို့သော် ကျန်းကျိက နောက်သို့ပင် လှည့်မကြည့်ဘဲ ပြေးထွက်သွားတော့သည်။
ကွမ်းရှောင်ထင်းတစ်ယောက် မေးခွန်းများစွာဖြင့် အိမ်သို့ ပြန်ရောက်လာခဲ့ပြီး အိမ်ထဲသို့ ပစ္စည်းများ ပြန်သယ်နေသော လီရှန်းကို မြင်လိုက်ရလေ၏။
“မင်း ဘာလို့ အိတ်တွေကို အပြင်ထုတ်ထားရတာလဲ”
“ပျောက်နေတာလေး တစ်ခုရှိလို့ပါ၊ အပြင်ကိုထုတ်လိုက်ရင် ရှာရတာ ပိုလွယ်သွားမလားလို့”
ကွမ်းရှောင်ထင်းက သူမကိုင်လာသော စားသောက်ကုန်များကို အမြန်ချထားလိုက်ပြီး ပစ္စည်းများသယ်ရန် ကူညီပေးလိုက်လေ၏။
“အခု ရှာတွေ့ပြီလား”
“တွေ့ပြီ”
လီရှန်းက ဖရဲသီးကို အမီစားချင်သောကြောင့် ပစ္စည်းများကို ဧည့်ခန်းထဲတွင်သာ အလွယ်တကူ စုပုံထားလိုက်သည်။
“အဒေါ်... ကျွန်မ ဝေ့ဖင်းနဲ့ တိုင်ပင်စရာလေး ရှိလို့၊ ပစ္စည်းတွေကို ဒီအတိုင်းပဲ ထားခဲ့လိုက်ပါဦး၊ မရွှေ့နဲ့ဦးနော်၊ ပြန်လာမှ ကျွန်မဘာသာ သိမ်းလိုက်ပါ့မယ်”
ထို့နောက် သူမက လျှပ်စစ်မီးရောင်ကဲ့သို့ ဖျတ်ခနဲ ပြေးထွက်သွားတော့၏။
ကွမ်းရှောင်ထင်း : “...”
ဒီကလေးတွေကတော့။ ဘာလို့များ ဒီလောက်တောင် အားအင်တွေ ပြည့်လျှံပြီး လှုပ်လှုပ်ရှားရှား ဖြစ်နေကြတာလဲ။
လီရှန်းက တတ်နိုင်သမျှ အမြန်ဆုံး ပြေးခဲ့သော်လည်း အလတ်ဆတ်ဆုံးသော ဖရဲသီးကိုတော့ လွဲချော်ခဲ့ရသည်။
သူမ ထုန်ဇီလော်သို့ ရောက်ရှိချိန်တွင် ကျန်းကျိနှင့် စုဝေ့ဖင်းတို့မှာ တစ်ဦးကိုတစ်ဦး ပွေ့ဖက်ထားကြလေပြီ။
လီရှန်း : “...”
ဒီလောက်တောင် မြန်မြန်ပြန်တည့်သွားကြတာလား!
ပြီးတော့ တံခါးတောင် ပိတ်မထားဘူး!
လီရှန်းသည် တိတ်တဆိတ်ဖြင့် အထဲသို့ဝင်ကာ သူတို့နှစ်ဦးအတွက် တံခါးကို အလိုက်တသိ ပိတ်ပေးလိုက်၏။
ထို့နောက် သူမကိုယ်သူမ မည်သူမျှ သတိမထားမိစေရန် အငြိမ်ဆုံးနေလျက် ဘေးကပ်လျက်ရှိ ဝရန်တာလေးဆီသို့ တန်းတန်းမတ်မတ် သွားလိုက်ပေသည်။
အစောပိုင်းက စုဝေ့ဖင်းတစ်ယောက် ဒေါသသာ ထွက်နေခဲ့ခြင်းဖြစ်သော်လည်း ကျန်းကျိ၏ ချော့မြူမှုကို ရရှိပြီးနောက်တွင်တော့ အလွန်ပင် ဝမ်းနည်းလာရတော့၏။
သူမက ငိုကြွေးရင်း ပြောလိုက်ပေသည်။
“...ကျွန်မက ရှင့်အတွက် စိတ်မကောင်းဖြစ်လို့ပါ၊ ကျွန်မကတော့ ဘာဖြစ်ဖြစ်၊ အဆိုးဆုံးဖြစ်လာရင် အမေနဲ့အတူ ပိုင်မားခရိုင်ကို ပြန်သွားရုံပဲ၊ ဒါပေမဲ့ ရှင်ကတော့ စစ်တပ်ထဲမှာ တစ်သက်လုံး နေရမှာလေ”
ကျန်းကျိက နှုတ်ခမ်းကို တင်းတင်းစေ့ထားသော်လည်း စုဝေ့ဖင်း၏ နောက်ကျောကို နူးညံ့စွာ ပုတ်ပေးနေခဲ့၏။
သူ့၏မိခင်မှာ အလွန်ပင် ဗိုလ်ကျစိုးမိုးလိုသူ ဖြစ်ပေသည်။ ညီအစ်ကို လေးယောက်အနက် အကြီးဆုံးနှင့် ဒုတိယအစ်ကိုတို့မှာ သူမ၏ အမိန့်ကို မြေဝယ်မကျ နားထောင်ကြပြီး ဖခင်ဖြစ်သူ၏ လုပ်ဖော်ကိုင်ဖက်၏ သမီးများနှင့် လက်ထပ်ခဲ့ကြ၏။
ယခု သူ့အလှည့်ရောက်သောအချိန်တွင်လည်း သူမက အရာအားလုံးကို စီစဉ်ပေးချင်နေခဲ့သည်။
ရလဒ်အနေဖြင့် သူက စုဝေ့ဖင်းကို ကိုယ်တိုင် ရွေးချယ်ခဲ့သောကြောင့် သူ့မိခင်မှာ ဒေါသထွက်လွန်း၍ ဖျားနာသည်အထိ ဖြစ်ခဲ့ရပေသည်။
သို့သော် ကျန်းကျိသည်လည်း မွေးရာပါ ပုန်ကန်တတ်သူဖြစ်၍ မူလကတည်းက မိသားစု၏ ဆန္ဒကို ဆန့်ကျင်ပြီး ချုံကျိုးကို ရွေးချယ်ခဲ့ခြင်း ဖြစ်၏။
ယခုအချိန်တွင်မှ မိသားစု၏ စီစဉ်မှုများကို လိုက်နာရန် အကြောင်းမရှိပါချေ။
“မင်း ပြောတာ မှန်တယ်”
ကျန်းကျိက သက်ပြင်းချလိုက်သည်။
“စိတ်မပူပါနဲ့၊ ကိုယ် မင်းကို အခက်တွေ့အောင် မလုပ်ပါဘူး”
စုဝေ့ဖင်းက ခေါင်းကို အသာအယာ ညိတ်ပြလိုက်ပေသည်။
ကျန်းကျိသည်က မိသားစု နှစ်ဖက် မတွေ့ဆုံမီ သူ၏မိခင်ကို အောင်နိုင်အောင် လုပ်ရမည်ဟု ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုလိုက်၏။
သို့မဟုတ်လျှင် မိခင်ဖြစ်သူက ယခုတစ်ကြိမ် အောင်မြင်သွားခဲ့လျှင် နောက်ပိုင်းတွင်လည်း သူ၏ အိမ်ထောင်ရေးကို ဝင်ရောက် စွက်ဖက်နေဦးမည်။
ထိုသည်ကို သူ လုံးဝ ခွင့်မပြုနိုင်ပါချေ။
သူ၏ အစ်ကိုကြီးနှင့် ဒုတိယအစ်ကိုတို့၏ အိမ်ထောင်ရေးတွင် ပျော်ရွှင်မှုဟူသည်ကို သူ မမြင်တွေ့ခဲ့ရပေ။
ထို့ကြောင့် သူသည်က သူ၏ကိုယ်ပိုင် ရွေးချယ်မှုအပေါ်သာ ပို၍ ယုံကြည်ပေသည်။
“မင်းရဲ့ ဒုတိယအစ်ကို့ကို ရထားလက်မှတ် မဝယ်ခိုင်းသေးဖို့ ပြောလို့ရမလား”
စုဝေ့ဖင်း စိတ်ငြိမ်သွားပြီးနောက်တွင် ကျန်းကျိက သတိထား၍ မေးလိုက်၏။
စုဝေ့ယန်က လက်မှတ်ဝယ်မည်ဟူ၍ ပြောလာစဉ်က သူ မည်မျှ ထိတ်လန့်ကြောက်ရွံ့သွားရသည်ကို ဘုရားသခင်သာ သိပေလိမ့်မည်။
“ကိုယ် လိမ္မာပါ့မယ်လို့ ကတိပေးပါတယ်”
စုဝေ့ဖင်းက တိတ်ဆိတ်နေဆဲပင်။
ကျန်းကျိသည် စုဝေ့ဖင်း စိတ်ဆိုးမပြေသေးသည်ကို မြင်လျှင် သစ္စာကတိပင် ပြုတော့မည့်ဟန်ပြင်လိုက်လေ၏။
နောက်ဆုံးတွင် လော်ယွီရှို့က ကလေးကို ပွေ့ချီကာ အခန်းထဲမှ ထွက်လာခဲ့၏။
“ကောင်းပြီ... လက်မှတ်တွေကို မဝယ်သေးဘူး”
ထိုအချိန်မှသာ စုဝေ့ဖင်းက လှုပ်လှုပ်ရှားရှား ဖြစ်လာကခဲ့သည်။
“အမေက.. “
“လိမ္မာစမ်းပါ၊ ရှောင်ကျန်းကို အခက်တွေ့အောင် မလုပ်နဲ့”
စုဝေ့ဖင်းက မကျေမနပ်ဖြစ်ကာ ခြေဆောင့်ပြီး သူမ၏အခန်းထဲသို့ ပြန်ဝင်သွားတော့၏။ လီရှန်းသည်လည်း ထိုအချိန်မှသာ လူလုံးပြရဲတော့သည်။
သူမက စုဝေ့ဖင်း၏နောက်သို့ လိုက်ကာ အခန်းထဲ ဝင်သွားခဲ့လေ၏။ ထိုသမီးယောက်မနှစ်ဦးမှာ အချင်းချင်း တွေ့သည်နှင့် စိတ်လှုပ်ရှားစွာဖြင့် လက်ဝါးချင်း ရိုက်လိုက်ကြသည်။
ထို့နောက် နှုတ်ဆက်စကားပင် မပြောကြဘဲ တံခါးနားတွင် နားကပ်ကာ အပြင်ဘက်မှ စကားများကို ခိုးနားထောင်ကြလေတော့၏။
တံခါးအပြင်ဘက်တွင်တော့ စုဝေ့ဖင်းက လူကြမ်းလုပ်ခဲ့ပြီးဖြစ်၍ လော်ယွီရှို့ကမူ လူကောင်းအဖြစ် သဘာဝကျစွာ သရုပ်ဆောင်ရတော့သည်။
စုဝေ့ဖင်း၏ တောင့်တင်း၍ မာထန်သော စကားလုံးများနှင့် နှိုင်းယှဉ်လျှင် လော်ယွီရှို့၏ စကားပြောပုံမှာ များစွာ ပါးနပ်ပေသည်။
စကားလုံး အနည်းငယ်ဖြင့်ပင် ကျန်းမိသားစုအပေါ် သူမ၏ မကျေနပ်မှု၊ ကျန်းကျိအပေါ်တွင် သူမ၏ ကျေနပ်မှုနှင့် ကျန်းကျိ၏ အနာဂတ်အပေါ် သူမ၏ စိုးရိမ်ပူပန်မှုတို့ကို ဖော်ပြသွားခဲ့၏။
အဆုံးတွင် မိသားစုအတွင်း၌ပင် မငြိမ်မသက်ဖြစ်နေပါက နိုင်ငံတော်၏အကျိုးကို မည်သို့ ထမ်းရွက်နိုင်ပါမည်နည်းဟုလည်း ဆိုခဲ့သည်။
ထိုစကားများက ကျန်းကျိ၏ နှလုံးသားကို အမှန်တကယ်ပင် ထိမှန်သွားခဲ့ပေသည်။
စုဝေ့ယန်တစ်ယောက် လေ့ကျင့်ခန်းဆင်းပြီး အဝတ်အစားလဲရန်နှင့် လက်မှတ်ဝယ်ရန် အိမ်ပြန်လာချိန်တွင် လော်ယွီရှို့က ကျန်းကျိ၏ လက်ကို ဖော်ရွေစွာ ကိုင်ထားပြီးဖြစ်ကာ “သမက်ကို မြင်ရုံနဲ့ ကြည်နူးနေသော ယောက္ခမ” ဆိုသည့် ပုံစံမျိုးကို ဖော်ပြနေခဲ့ပေပြီ။
စုဝေ့ယန် : “...”
ဒါဆို သူ ခုနက ပေါက်ကွဲလုမတတ်ဖြစ်နေရတဲ့ ဒေါသအငွေ့အသက်တွေက ဘာဖြစ်သွားပြီလဲ။
*