အခန်း (၁၃၈)
Vol. 14 Ch. 138
အခန်း(138)
သာမန်မိသားစုမှ ကလေးတစ်ဦး အသက်ပြောင်းလိုက်ပါက လူအများက အတင်းအဖြင်းပြောကြပေလိမ့်မည်။
အနည်းဆုံးတော့ ထိုမိသားစုတွင် အာဏာအနည်းငယ် ရှိရန် လိုအပ်ပေသည်။
အမှန်အတိုင်းဆိုရလျှင် လီဟုန်ကျွန့် အနှစ်သက်ဆုံးမှာ ဒါရိုက်တာလျို့၏သား လျို့ချန်လီ ဖြစ်ပေသည်။
လျို့ချန်လီတွင်သာ အလုပ်မရှိသေးပါက အလွန်အဆင်ပြေလိမ့်မည်။
သူတို့မိသားစုများမှာ အိမ်နီးချင်းများ ဖြစ်ကြသည့်အပြင် ဒါရိုက်တာလျို့မှာလည်း စက်ရုံ၏ ဝန်ထမ်းရေးရာတာဝန်ခံ ဖြစ်နေသောကြောင့် လူတိုင်းက သူ့ကို အကူအညီတောင်းနေရသည့် အချိန်မျိုး ဖြစ်ပေလိမ့်မည်။
ထိုသို့ဆိုလျှင် သူ၏သမီးကို အသက်ပြောင်းလိုက်သော်လည်း မည်သူကမျှ စောဒကတက်ဝံ့မည် မဟုတ်ဘဲ သူတို့နှစ်ဦး လက်ထပ်သွားနိုင်ပေသည်။
သို့သော် လျို့ချန်လီက အလုပ်ရသွားပြီဖြစ်၍ လီကျူးကို အသက်ပြောင်းရန်မှာ လုံးဝ မဖြစ်နိုင်တော့ပါချေ။
ထို့ကြောင့် ကံကြမ္မာ၏ စနောက်မှုကြောင့် သူတို့မှာ မည်သည့်အရာကိုမှ မရဘဲ ကျန်ရစ်ခဲ့ရခြင်း ဖြစ်ပေ၏။
“ခဏနေရင် ကျန်းမိသားစုဆီကို ငါ နောက်တစ်ခေါက် ထပ်သွားဦးမယ်”
ပညာတတ်လူငယ်ရုံးမှ ထွက်လာပြီးနောက် လီဟုန်ကျွန့်က စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။
“သူ ငါ့ကို ရှောင်နေဦးမယ်ဆိုရင်တော့ အထက်လူကြီးတွေဆီကို အစီရင်ခံစာ ရေးတော့မယ်”
“တော်လှန်ရေးကော်မတီကို တိုက်ရိုက် တင်မှာလား”
ထုန်လင်းက သူမ၏ ရင်ထဲမှ ပျော်ရွှင်မှုကို ထိန်းချုပ်ရင်း မေးလိုက်၏။
“မဟုတ်ဘူး၊ လီရှန်းက ငါ့သမီးပဲလေ၊ တော်လှန်ရေးကော်မတီကို တင်လိုက်လို့ အမှုက တကယ်ကြီး ကြီးသွားရင် ငါ့ကိုလည်း ပတ်သက်လာရလိမ့်မယ်”
လီဟုန်ကျွန့်သည်က ထိုမျှအထိ အစွန်းမရောက်ချင်ပါချေ။ ကျန်းမိသားစုတွင် စစ်တပ်၌ ရှိနေသော လူများ ရှိနေသေးသည်ကို သူ မမေ့သေးပါချေ။
အကယ်၍ ကျန်းကျူးပင်း ပြန်လာပြီး လီမိသားစုအပေါ် လက်စားချေမည်ဆိုပါက သူ့တွင် ကာကွယ်ရန် နည်းလမ်းမရှိပေ။
“ကျွန်မ သိနေသားပဲ၊ ရှင်က ကျန်းဟုန်ကျွင့်ကို သတိရနေသေးတာကိုး၊ ကျန်းမိသားစုကို လက်စားချေမယ်ဆိုတာက ကျွန်မကို ပါးစပ်နဲ့ ပြောပြနေတာပဲရှိတာမလား”
လီဟုန်ကျွန့်၏ သဘောထားကို ကြားလိုက်ရသည့်အခိုက်တွင် သူသည်က နောက်တဖန် ပျော့ညံ့သွားပြန်ပြီဖြစ်ကြောင်း ထုန်လင်း သိရှိလိုက်ပြီး အကျိုးအပြစ်ကို မစဉ်းစားတော့ဘဲ စတင်၍ ရန်ရှာတော့၏။
“အဆိုးဆုံး ဖြစ်လာရင်လည်း အဆက်အသွယ် ဖြတ်လိုက်ရုံပေါ့၊ ဒါ့အပြင် ကျန်းမိသားစုက အမှားတစ်ခုကို လုပ်ထားတာလေ
ကျွန်မတို့ အစီရင်ခံတာက သူတို့ကို ပြုပြင်ပြောင်းလဲဖို့ ကူညီပေးနေတာပဲ သူတို့က ကျွန်မတို့ကို ကျေးဇူးတောင် တင်သင့်သေးတယ်”
သူမ၏ အသံမှာ အနည်းငယ် ကျယ်လောင်သွားသောကြောင့် လီဟုန်ကျွန့် ထိတ်လန့်သွားရကာ သူမ၏ ပါးစပ်ကို အမြန်ပိတ်လိုက်ရပေသည်။
ထုန်လင်း၏ မျက်ဝန်းများမှာ ချက်ချင်းပင် နီမြန်းလာတော့၏။
သူမက လီဟုန်ကျွန့်၏ လက်ကို ဆွဲဖယ်လိုက်ကာ ပြောလိုက်လေ၏။
“ ကျွန်မ ဂရုမစိုက်ဘူး၊ ရှင် တော်လှန်ရေးကော်မတီကို မသွားရင် ကျွန်မဘာသာ ကျွန်မသွားမယ်!”
“သွားမယ်၊ သွားမယ်... ဟုတ်ပြီလား”
လီဟုန်ကျွန့်က ကျိန်ဆဲလိုက်ရင်း သက်ပြင်းချကာ သူ၏အိတ်ထဲမှ စာတစ်စောင်ကို ထုတ်ပြလိုက်၏။
“ကြည့်လိုက်၊ ငါ စာရေးပြီးသားပဲ၊ မင်း အရင်ပြန်နှင့်တော့ .. ကျန်းကျူးရိသာ အိမ်မှာ မရှိရင် ငါ တော်လှန်ရေးကော်မတီကို သွားလိုက်မယ်”
ထုန်လင်းလည်း စိတ်ကျေနပ်သွားကာ အိမ်သို့ အရင်ပြန်လာခဲ့၏။
သူမ အိမ်ထဲသို့ ဝင်လာသည်နှင့် လီကျူးကို ကျေးလက်ဒေသဆင်းရမည့် လိပ်စာကို ပြောပြလိုက်သည်။
နောက်နှစ်ရက်နေလျှင် ထွက်ခွာရမည်ဟု ကြားလိုက်ရသည့်အချိန်တွင် လီကျူး၏ မျက်ဝန်းမှ မျက်ရည်များမှာ ချက်ချင်းပင် စီးကျလာတော့၏။
ထုန်လင်းတစ်ယောက် သမီးဖြစ်သူ ငိုနေသည်ကို မြင်လျှင် စိတ်မကောင်းဖြစ်သွားရလေ၏။
ဤသို့ဖြင့် နောက်ဆုံးတွင် အခြေချနေထိုင်စရိတ်အပြင် သူမထံမှ နောက်ထပ် ယွမ်ငါးဆယ်ကိုပါ လီကျူးက ငိုယိုကာ တောင်းယူနိုင်ခဲ့ သည်။
“အမေ... အမေ့အိတ်ကို သမီး သိမ်းပေးမယ်နော်”
လီကျူးက ထုန်လင်း၏ အလုပ်များကို အလွန်ပင် တက်တက်ကြွကြွ ကူညီပေးနေသောကြောင့် ထုန်လင်းက ပို၍ပင် စိတ်မကောင်း ဖြစ်ရပြန်သည်။
လီကျူးကတော့ အိတ်ကိုချလိုက်ချိန်တွင် အိမ်ထောင်စုစာရင်းစာအုပ်ကို တိတ်တဆိတ် ထုတ်ယူကာ လိပ်ပြီး သူမ၏ အင်္ကျီလက်ထဲသို့ ထိုးထည့်လိုက်၏။
“အမေ... သမီး အခန်းထဲကိုသွားပြီး အိပ်ရာလိပ်တွေ အရင်ထုပ်ပိုးလိုက်ဦးမယ်၊ အခု ဝမ်ပြည်နယ်မှာ အရမ်းအေးနေမှာဆိုတော့ ဂွမ်းစောင်အကြီးကြီး နှစ်ထည်လောက် ယူသွားမှ ဖြစ်မယ်”
“နင် အဲဒါကြီးကို သယ်နိုင်ပါ့မလား”
ထုန်လင်း၏ ရင်ထဲတွင် သမီးနှင့် ခွဲခွာရတော့မည်ကို အလွန်ပင် ဝမ်းနည်းနေမိသည်။
“စိတ်မပူပါနဲ့ အမေ၊ သမီး သယ်နိုင်ပါတယ်၊ သမီးကို အထင်မသေးပါနဲ့ဦး”
သမီးဖြစ်သူ၏ အလိုက်သိမှုကို ကြည့်ကာ ထုန်လင်းမှာ မျက်ရည်များ ထပ်မံ ကျလာရပြန်၏။
သူမက လီကျူးကို ပစ္စည်းများ ကူညီထုပ်ပိုးပေးခဲ့ပြီး သုံးလေးအိတ်ခန့် ရသွားခဲ့သည်။ ထိုအထဲတွင် လီချောင် အနှစ်သက်ဆုံးဖြစ်သော၊ လီရှန်း ကျန်းမိသားစုဆီမှ ယူလာခဲ့သည့် စစ်တပ်သုံး ရေဘူးလည်း ပါဝင်ပေသည်။
သူတို့၏မိသားစုတွင် စစ်တပ်ထဲ၌ မည်သည့်အဆက်အသွယ်မျှ မရှိသောကြောင့် ဤကဲ့သို့ရေဘူးမျိုးမှာ ဝယ်ယူရန် အလွန်ခက်ခဲလေ၏။
ထို့ကြောင့် လီရှန်း ယူလာချိန်က လီချောင်မှ လုယက်ပြီးယူထားခဲ့ခြင်း ဖြစ်ပေသည်။
“စိတ်မပူပါနဲ့ အမေ၊ သမီး ဟိုဘက်ကိုရောက်ရင် အမေ့ဆီကို လတိုင်း စာရေးပါ့မယ်”
လီကျူးက ထုန်လင်းကို ပွေ့ဖက်ကာ ချော့မော့လိုက်သည်။ ထုန်လင်းတစ်ယောက် နှလုံးသားထဲတွင် အပိုင်းပိုင်း ပြတ်မတတ် ခံစားနေရပြီး လီရှန်းကို ပို၍ပင် မုန်းတီးသွားတော့၏။
အကယ်၍ လီရှန်းသာ သူမ၏ အလုပ်ကို မရောင်းစားခဲ့ပါက သမီးဖြစ်သူမှာ ကျေးလက်သို့ ဆင်းရမည် မဟုတ်ပါချေ။
ထိုအချိန်တွင် ထုန်လင်းက အရာအားလုံးကို မေ့လျော့နေခဲ့၏။
လီရှန်းတွင် အလုပ်တစ်ခုသာ ရှိသော်လည်း သူမတွင် ကလေးနှစ်ယောက် ရှိသည် မဟုတ်ပါလား။
ပစ္စည်းများကို ထုပ်ပိုးပြီးနောက် လီကျူးက ရှုပ်ထွေးနေသည့်အမူအရာဖြင့် လက်လေးများကို ပွတ်ကာ ပြောလိုက်သည်။
“အမေ... သမီး ကုန်တိုက်ကိုသွားပြီး မျက်နှာသုတ်ပုဝါ အသစ်လေးတွေ သွားဝယ်ချင်လို့၊ ရွာထဲမှာ အဲဒါမျိုးတွေ ရောင်းမှာ မဟုတ်ဘူး ထင်တယ်”
“အမေ လိုက်ခဲ့ပေးရမလား”
ထုန်လင်းအနေဖြင့် သူမ၏ မိခင်မေတ္တာများကို မည်သည့်နေရာ၌ ပုံအောပေးရမည်ကိုမသိသကဲ့သို့ ဖြစ်နေသည်ပင်။
“မလိုပါဘူး၊ သမီးဘာသာ သွားလိုက်မယ်၊ အမေက ဟင်းချက်ရဦးမှာလေ၊ မဟုတ်ရင် အဘွားက ထပ်ပြီး ဆူနေဦးမယ်”
ထုန်လင်းလည်း ဟုတ်မှန်သည်ဟု တွေးလိုက်မိ၏။ ထိုအဘွားကြီးမှာ လူကို နှိပ်စက်ရန် အမြဲတစေ အကြောင်းပြချက် ရှာနေတတ်သည် မဟုတ်ပါလား။
ထို့ကြောင့် သူမ၏ အိတ်ထဲမှ ဆယ်ယွမ်ကို ထုတ်ပေးလိုက်ပြန်သည်။
“ဝယ်စရာ ရှိတာ အကုန်ဝယ်လိုက်ဦး၊ မျက်နှာလိမ်းခရင်မ်နဲ့အမွှေးဆီတွေပါ ပိုဝယ်ထားနော်၊ ရွာထဲမှာ လေတိုက်တာ အရမ်းပြင်းတတ်လို့ နင့်မျက်နှာ အသားမပတ်အောင် ဂရုစိုက်ရမယ်”
“ကောင်းပါပြီ အမေ၊ ကျေးဇူးတင်ပါတယ်”
လီကျူးသည်လည်း အားနာမနေတော့ပါချေ။ သူမသည် ပိုက်ဆံကို ယူကာ ချိုသာစွာ ကျေးဇူးတင်စကား ပြောပြီးနောက် စက်ဘီးစီး၍ ထွက်သွားတော့၏။
စက်ရုံဝင်းထဲမှ ထွက်လာပြီးနောက်တွင် လီကျူးက ကုန်တိုက်သို့ မသွားဘဲ ပညာတတ်လူငယ်ရုံးရှိရာသို့ ဦးတည်သွားလေသည်။
လီကျူး ထွက်သွားပြီး မကြာမီမှာပင် လီဟုန်ကျွန့် ပြန်ရောက်လာခဲ့သောကြောင့် ထုန်လင်းက အပြေးအလွှား သွားကြိုလိုက်၏။
“သူတို့ အိမ်ကို ရောက်ပြီလား”
လီဟုန်ကျွန့်က ခေါင်းခါပြလိုက်သည်။
“မရောက်သေးဘူး၊ တော်လှန်ရေးကော်မတီဆီကို စာသွားပို့ပေးခဲ့တာ၊ သူတို့ကတော့ သေချာပေါက် ပြဿနာတွေ တက်သွားလိမ့်မယ်”
“ပြဿနာတွေ တက်တာက ပိုကောင်းတယ်”
ထုန်လင်းသည် ဝမ်းသာအားရဖြစ်ကာ ပြုံးရယ်နေခဲ့လေ၏။
အိမ်အပြင်သို့ လမ်းလျှောက်လာသော စွန်းလီဖန်တစ်ယောက် ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ချက်ချင်း မျက်မှောင်ကြုတ်သွားရသည်။
အိမ်သို့ပြန်ရောက်သည်နှင့် သူမက ဒါရိုက်တာလျို့ကို မကျေမနပ် ပြောပြလေ၏။
“ဒီလီမိသားစုကတော့ တကယ့်ကို အံ့ဩစရာပဲ.. သူတို့သမီးက လူမဟုတ်ဘူးလား ၊
လီကျူးကို ကျေးလက်ဒသကို ဆင်းဖို့ စာရင်းသွင်းထားတာတောင် ဝမ်းမနည်းကြတဲ့အပြင် ပျော်ပျော်ပါးပါးတောင် ရယ်မောနေကြသေးတယ်”
ဒါရိုက်တာလျို့က နှစ်ချက်ခန့် ချောင်းဟန့်လိုက်ပြီး စီးကရက်ကို ငြှိမ်းလိုက်၏။
“ငါ အခုလေးတင် လီကျူး စက်ဘီးစီးပြီး ထွက်သွားတာ မြင်လိုက်တယ်၊ ကြည့်ရတာတော့ သူ အဆင်ပြေပုံပါပဲ”
“ဒါဆို ထုန်လင်းက သူ့ကို စာရင်းသွင်းလိုက်တာကို လီကျူး မသိတာများလား”
စွန်းလီဖန်၏ ရင်ထဲတွင် ထိတ်လန့်သွားကာ စိုးရိမ်စိတ်များ ဝင်လာတော့၏။
“လီကျူးရဲ့ ဒေါသကလည်း အတော်ကြီးတာ၊ ပြီးတော့ ဟိုနှစ်ယောက်ကလည်း အလုပ်တစ်ခုခုလုပ်ရင် ဘာကိုမှ ဂရုမစိုက်ကြဘူး၊ မကောင်းတာတွေ ဖြစ်လာမှာကိုပဲ စိုးရိမ်မိတယ်”
“မဖြစ်နိုင်တာ...”
ဒါရိုက်တာလျို့က စွန်းလီဖန်ကို ကြောင်အစွာ ကြည့်လိုက်သည်။
စွန်းလီဖန်က ခေါင်းခါရမ်းလိုက်သည်။
“ပြောရခက်တယ်၊ မမေ့နဲ့ဦး၊ ကျွန်မတို့က ရှန်းရှန်းဆီကနေ အလုပ်ကို ဝယ်ထားတာလေ”
အကယ်၍ လီမိသားစုတွင် တစ်ခုခုဖြစ်လာပါက သူတို့၏ နောက်ကြောင်းများကို သေချာပေါက် စုံစမ်းစစ်ဆေးလာကြပေလိမ့်မည်။
ဒါရိုက်တာလျို့လည်း တစ်ခုခု မှားနေပြီဟု ချက်ချင်း ခံစားလိုက်ရကာ မတ်တတ်ရပ်လိုက်၏။
“ငါ ဘေးအိမ်ကို သွားပြီး အခြေအနေ သွားကြည့်လိုက်ဦးမယ်”
စွန်းလီဖန်က ခေါင်းငြိမ့်ပြကာ ဒါရိုက်တာလျို့ ထွက်သွားသည်ကို ကြည့်နေခဲ့၏။ ထို့နောက် သူမက ဟင်းသီးဟင်းရွက် ဆေးသည့် ဇလုံကို ကိုင်ကာ ကျန်းချင်းတုန်၏ အိမ်သို့ သွားလေတော့သည်။
လီမိသားစုဝင်းကို ဖြတ်သွားသောအခါ ထုန်လင်းက ဒါရိုက်တာလျို့အတွက် စိတ်အားထက်သန်စွာ လက်ဖက်ရည် ဖျော်ပေးနေသည်ကို မြင်လိုက်ရသောကြောင့် နှာခေါင်းရှုံ့လိုက်ပြီး ကျန်းချင်းတုန်၏ အိမ်သို့ တန်းတန်းမတ်မတ် ဝင်သွားပေတော့သည်။
ဒါရိုက်တာလျို့က လီမိသားစုထံသို့ သတင်းသွားမေးနေချိန်မှာပင် လီကျူးက ပညာတတ်လူငယ်ရုံး၏ တံခါးဝသို့ ရောက်ရှိနေခဲ့ချေပြီ ။
ညနေစောင်းနေပြီ ဖြစ်သော်လည်း ပညာတတ်လူငယ်ရုံးမှာ ပိတ်ခြင်း မရှိသေးပါချေ။
မကြာသေးမီက တစ်ခရိုင်လုံးရှိ ကျေးလက်ဒေသသို့ဆင်းရန် သတ်မှတ်ချက်ဝင်သော လူငယ်များ၏ စာရင်းကို ပြုစုနေသောကြောင့် သူတို့မှာ အလွန် အလုပ်များနေကြရလေ၏။
အိမ်တိုင်ရာရောက်သွားပြီး ကျေးလက်ဒေသသို့ဆင်းရန် တိုက်တွန်းရသည့်အပြင် ခေါင်းမာသော မိသားစုများကိုလည်း အတွေးအခေါ်ပိုင်းဆိုင်ရာ နားချပေးရပေသည်။
တစ်ခါတစ်ရံတွင် စက်ရုံခေါင်းဆောင်များနှင့် ညှိနှိုင်း၍ ပညာတတ်လူငယ်ရုံး၏ လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ရန် တောင်းဆိုရသေး၏။
အတိုချုပ်ပြောရလျှင် နှစ်သစ်ကူးပြီး ရက်အနည်းငယ်အတွင်းမှာပင် သူတို့သည်ာ လဝက်စာ အလုပ်များကို ပြီးစီးအောင် လုပ်ဆောင်နေကြခြင်း ဖြစ်ပေသည်။
*