← Chapters

အခန်း (၁၃၉)

Vol. 14 Ch. 139

အခန်း (၁၃၉)

Vol. 14 Ch. 139

အခန်း(139)

လီကျူး ပညာတတ်လူငယ်ရုံးသို့ ရောက်သွားချိန်တွင် ခြံဝင်းအတွင်း ဆူညံပွက်လောရိုက်နေသည်ကို တွေ့လိုက်ရ၏။

လူငယ်တစ်ဦးမှာ ကျေးလက်ဒေသသို့ မဆင်းချင်သောကြောင့် ရုံးထဲတွင် ပြသနာရှာနေခြင်း ဖြစ်ပေသည်။

“ကျွန်တော်က အကြီးဆုံးလည်း မဟုတ်ဘူး၊ အငယ်ဆုံးလည်း မဟုတ်ဘူး၊ ဘာလို့ ကျွန်တော့်ကို အရင်ဆုံး ကျေးလက်ဒေသကို ဆင်းခိုင်းရတာလဲ

ဒီအရွယ်ကိုရောက်နေတာ ကျွန်တော်တစ်ယောက်တည်းမှ မဟုတ်တာ”

ထိုလူငယ်၏ မျက်ဝန်းများမှာ နီမြန်းနေပြီး အော်ဟစ်နေလေ၏။ သူ၏ လက်သီးများကို တင်းတင်းဆုပ်ထားကာ လည်ပင်းမှ အကြောများမှာလည်း ထောင်ထနေပေသည်။

အလွန်အေးမြသော ဆောင်းရာသီ ဖြစ်သော်ငြားလည်း သူ၏ နဖူးပေါ်တွင် ချွေးစများ ထွက်နေပြီး ခေါင်းမှပင် အငွေ့များ ထွက်နေသကဲ့သို့ ထင်ရသည်။

ထိုအမူအရာများက သူ၏ စိုးရိမ်ပူပန်မှုနှင့် မျှော်လင့်ချက် ကင်းမဲ့နေမှုကို ပြသနေခဲ့သည်။

သူက ဆက်လက်၍ မကျေမနပ် အော်ဟစ်နေ၏။

“ကျွန်တော့် အစ်ကိုကြီးက အိမ်ထောင်မရှိသေးဘူး၊ အလုပ်လည်း မရှိဘူး၊ ကျွန်တော့်ရဲ့ တတိယညီကလည်း အိမ်ထောင်ပြုရမဲ့ အရွယ်ကိုရောက်နေပြီလေ၊ ဘာလို့ အားလုံးကို အတူ စာရင်းမသွင်းကြတာလဲ ဘာလို့လဲ!”

“ဒုတိယလေး၊ မင်းရဲ့ မိဘတွေက မင်းကိုမချစ်လို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ မင်းအစ်ကိုကြီးက အသက်ကြီးလာပြီဆိုတော့ မကြာခင် အိမ်ထောင်ပြုမှ ရမှာ၊ အခုအချိန်မှာ သူက ကျေးလက်ကိုဆင်းဖို့အတွက် မသင့်တော်ဘူး”

ထိုအမျိုးသမီးမှာ သူ၏မိခင်ဖြစ်ပုံရပြီး သူမသည်လည်း ပါးစပ်ကိုအုပ်ကာ ငိုကြွေးလျက် တတွတ်တွတ် ရေရွတ်နေပေသည်။

“အငယ်ဆုံးလေးကလည်း ကျန်းမာရေးမကောင်းရှာဘူးလေ၊ သူသာ ကျေးလက်ဆင်းရရင် သေချာပေါက် သေသွားမှာပဲ”

“မင်း ဘာလို့ သူ့ကို ဒါမျိုးတွေသွားပြောနေသေးတာလဲ၊ သူက တကယ်ကို တရားလွန်လွန်းပြီးမသိတတ်တာပဲ! ငါ သူ့ကို ဒီနှစ်တွေတစ်လျှောက်လုံး ကျွေးမွေးစောင့်ရှောက်လာတာ၊ ကျေးလက်ဒေသကိုလွှတ်တာက ဘာဖြစ်လို့လဲ?”

သူ၏ဖခင်ဖြစ်ဟန်တူသော တခြားအမျိုးသားတစ်ဦးမှာတော့ မကျေမနပ်မျက်နှာအမူအရာဖြင့် ဝန်ထမ်းအား တိုက်တွန်းလိုက်၏။

“မြန်မြန်လေး စာရွက်ထုတ်ပေးပါ၊ အခြေချနေထိုင်စရိတ် ထောက်ပံ့ကြေးလည်း ရတယ်လို့ ကျွန်တော် ကြားထားတယ်”

“ဒါက ပညာတတ်လူငယ်တွေ ကျေးလက်ဒေသမှာ အခြေချနေထိုင်ဖို့အတွက် နိုင်ငံတော်က ပေးလာတဲ့ ထောက်ပံ့ကြေးပါ”

ဝန်ထမ်းသည်လည်း မိဘများ၏ သဘောထားကို သိသိသာသာ မကျေမနပ်ဖြစ်နေခဲ့ကာ မျက်မှောင်ကြုတ်လိုက်လေသည်။

“ငါလည်း သူ့ကိုပဲ ပေးလိုက်မှာပါ”

ကောင်းပြီလေ။

ပညာတတ်လူငယ်ရုံးမှ ဝန်ထမ်းမှာ ပြဿနာမတက်ချင်သောကြောင့် ခေါင်းညိတ်ကာ စာရွက်တစ်ရွက် ရေးပေးလိုက်၏။

ဖခင်ဖြစ်သူသည်က ထိုစာရွက်ကိုရသည်နှင့် စာရင်းကိုင်ရုံးသို့ တန်းတန်းမတ်မတ် သွားရောက်ခဲ့ကာ ယွမ်(30)ကို ထုတ်ယူပြီးနောက် ငိုကြွေးနေသော ဇနီးနှင့် စိတ်ဆင်းရဲ ကြေကွဲနေသော သားဖြစ်သူကို ခေါ်ဆောင်ကာ တံခါးအပြင်သို့ ထွက်ခွာသွားတော့သည်။

“အဲဒီကလေးကတော့ တော်တော်လေး ဒုက္ခခံရမဲ့ပဲ”

မိဘများ ထွက်ခွာသွားပြီးနောက် ဝန်ထမ်းတစ်ဦးက မှတ်ချက်ပေးလိုက်၏။

“ဘယ်သူက ဂရုစိုက်မှာလဲ၊ ငါတို့က တာဝန်ကျေဖို့ပဲ အရေးကြီးတာလေ”

ပညာတတ်လူငယ်ရုံးမှ တခြားဝန်ထမ်းတစ်ဦးက ခေါင်းခါရမ်းကာ ပြောလာသည်။

“ငါတို့သာ ကိုယ့်ဘာသာကိုယ် အမှားအမှန်လိုက်ခွဲပြီး အလုပ်လုပ်နေမယ်ဆိုရင် ခရိုင်တစ်ခုလုံးမှာ ဘယ်သူမှ ကျေးလက်ဒေသကိုဆင်းချင်မှာ မဟုတ်တော့ဘူး”

ပညာတတ်လူငယ်ရုံး၏ အလုပ်မှာ မူလကတည်းကပင် လူမုန်းများသော အလုပ်ဖြစ်ပေသည်။ သူတို့ဘက်မှ ပြတ်ပြတ်သားသား လုပ်ကိုင်ခြင်းကသာ အလုပ်ပြီးမြောက်ရန် ပိုမို၍ လွယ်ကူစေလိမ့်မည်။

လီကျူးတစ်ယောက် ဘေးဘက်မှ ခဏမျှ နားထောင်နေပြီးနောက် “အလုပ်ပြီးမြောက်ဖို့ပဲ အရေးကြီးတယ်” ဟု ပြောခဲ့သော ဝန်ထမ်းထံသို့ တည့်တည့်မတ်မတ် လျှောက်သွားလိုက်၏။

ထို့နောက် သူမ၏ အင်္ကျီလက်ထဲမှ အိမ်ထောင်စုစာရင်းစာအုပ်ကို ထုတ်ပေးလိုက်ကာ ပြောလိုက်လေသည်။

“ရဲဘော်.. ကျွန်မ ကျေးလက်ဒေသကိုဆင်းဖို့ စာရင်းပေးချင်လို့ပါ”

“ကောင်းပြီ၊ ခဏစောင့်ပါဦး၊ မင်းအတွက် လျှောက်လွှာထုတ်ပေးမယ်”

ဝန်ထမ်းက ချက်ချင်းပင် တက်ကြွသွားခဲ့လေ၏။ ကိုယ်တိုင်၏ အလိုဆန္ဒအလျောက် ကျေးလက်ဒေသငို့ဆင်းရန် စာရင်းလာပေးသူက အလွန်ပင် ရှားပါးလွန်းပေသည်။

ခဏအကြာတွင် ဝန်ထမ်းက လီကျူးအား လျှောက်လွှာတစ်စောင် ထုတ်ပေးလာ၏။ လီကျူးသည်လည်း ဘောပင်ကိုယူကာ “လီချောင်” ဟူသော နာမည်ကို ရှင်းလင်းစွာ ရေးထိုးလိုက်ပေသည်။

ဤလက်ရေးမှာ လှပခြင်းတော့ မရှိသော်လည်း လီချောင်၏ ကိုယ်ပိုင်လက်မှတ်နှင့် တစ်ပုံစံတည်း တူညီနေခဲ့သည်ပင်။

သူမနှင့် လီချောင်မှာ အမြွှာများဖြစ်ကြပြီး တစ်ဦး၏လက်မှတ်ကို တစ်ဦးက အလွန်ကျွမ်းကျင်စွာ ရေးထိုးနိုင်ကြလေ၏။

ထို့ကြောင့် သူမ ရေးထိုးလိုက်သော ‘လီချောင်’ ဟူသော လက်မှတ်မှာ အစစ်နှင့် ခွဲခြားမရနိုင်လောက်အောင်ပင် တူနေပြီး လူကိုယ်တိုင်ထိုးထားကြောင်း ယုံကြည်စရာဖြစ်နေခဲ့သည်။

“ရဲဘော်... ကျွန်မ နောက်ထပ် နှစ်ရက်လောက် ထပ်နေလို့ ရမလား၊ ကျွန်မရဲ့အမေ ချော်လဲထားလို့ သူမကို နှစ်ရက်လောက် ပြုစုပေးချင်လို့ပါ”

လီကျူးက မျက်နှာအမူအရာကင်းမဲ့စွာဖြင့် လိမ်ညာလိုက်၏။

“နောက်ထပ်နှစ်ရက်ကြာဦးမယ်ဆိုရင်တော့ ဒီနေရာတွေကိုပဲ ကြည့်လိုက်ပါ.. အခုပဲ လူတစ်သုတ် ထွက်သွားပြီးကာစဆိုတော့ နောက်တစ်သုတ်က အနည်းဆုံး ငါးရက်လောက်နေမှ ထွက်မှာ”

ဝန်ထမ်းက သူမအား ရွေးချယ်ရန် ကျေးလက်နေရာ တချို့ကိုပင် စေတနာဖြင့် ပြသပေးခဲ့လေ၏။ သူက ပင်းချန် စိုက်ပျိုးရေးနှင့် တည်ဆောက်ရေးတပ်မဟာရှိရာကို အကြံပြုညွှန်ပြပေးလိုက်၏။

“မိန်းကလေးတစ်ယောက်အတွက်တော့ ရွာဘက်ကို သွားတာထက် တပ်မဟာဆီကို သွားတာက ပိုကောင်းတယ်”

ထိုနေရာတွင် စစ်တပ်ရှိနေသောကြေညင့် လုံခြုံရေးမှာလည်း စိတ်ချရသည် မဟုတ်ပါလား။

လီကျူးက သေသေချာချာ စိုက်ကြည့်လိုက်ပြီး မေးလာသည်။

“ပင်းချန် တည်ဆောက်ရေးတပ်မဟာဟုတ်လား”

ပင်းချန်?

သူမက ဝန်ထမ်းကို မော့ကြည့်ကာ ဆက်မေးလိုက်သည်။

“ဒါပေမဲ့ ဒီနေရာက နယ်စပ်နဲ့ အရမ်းနီးတဲ့အပြင် အရမ်းလည်း အေးတယ် မဟုတ်ဘူးလား”

“အဆင်ပြေပါတယ်၊ အဲဒီကလူတွေက ခန်တွေကို အပူပေးပြီး သုံးကြတာ၊ ဆောင်းတွင်းဆိုရင် အိပ်ရုံပဲလေ၊ တခြားနေရာတွေနဲ့ စာရင်တော့ အတော်လေး ကောင်းပါသေးတယ်”

ဝန်ထမ်းက နားချရန် ဆက်လက်ကြိုးစားနေခဲ့၏။ နင်ပြည်နယ်မှာ ချမ်းသာပြီး ရာသီဥတု လေးရာသီ မျှတသဖြင့် အနောက်မြောက်ပိုင်း သို့မဟုတ် အရှေ့မြောက်ပိုင်းသို့ မည်သူမျှ မသွားချင်ကြပါချေ။

ထို့အပြင်... ထိုဝန်ထမ်းသည်က မတိုင်မီက ပြောခဲ့သည့်အတိုင်းသာ တွေးထားသည်။

အကယ်၍ လူတိုင်းကသာ အမှားအမှန်ကို လိုက်၍ ကြည့်ရှုနေကြမည်ဆိုလျှင် လူတိုင်းက မြို့တော်သို့သာ သွားချင်ကြမည် မဟုတ်ပါလား။

“ကျွန်တော် မှန်းကြည့်ရသလောက်တော့ ကျဲ့ကျန်းပြည်နယ်က လူတွေလည်း အများကြီး သွားကြမှာဆိုတော့ ဟိုဘက်ကိုရောက်ရင် အဖော်တွေ အများကြီး ရှိမှာပါ”

“အဲဒီမှာ အလုပ်လုပ်ရတာ အရမ်းပင်ပန်းလားဟင်”

လီကျူးက ထပ်မံမေးမြန်းလိုက်၏။ ဝန်ထမ်း၏ မျက်နှာမှာ အနည်းငယ် တောင့်တင်းသွားခဲ့လေ၏။

“ရဲဘော် လီချောင်... ကျွန်တော်တို့က အခက်အခဲနဲ့ ပင်ပန်းနွမ်းနယ်မှုကို မကြောက်တဲ့ စိတ်ဓာတ်ကို ပြသရမှာပေါ့”

ထိုသို့ပြောပြီးနောက် သူက ညင်သာစွာ အကြံပေးလိုက်ပြန်၏။

“ဒါ့အပြင် ကြည့်ရတာ ရဲဘော်ကလည်း အသက်မငယ်တော့ဘူးလေ၊ ပင်းချန်ကို ရောက်သွားတဲ့အချိန်ကျရင် အဖွဲ့အစည်းကို အိမ်ထောင်ဖက် ရှာပေးဖို့ အကူအညီ တောင်းလို့ရတယ်၊ စစ်တပ်ထဲက လူနဲ့တောင် လက်ထပ်နိုင်သေးတယ်နော်”

နယ်စပ်ဒေသမှ တပ်မဟာများတွင် လူပျိုလူလွတ်များ အများအပြား ရှိနေသောကြောင့် လီကျူးကဲ့သို့ ပညာတတ် အမျိုးသမီးငယ်များကို အလွန် လိုအပ်နေပေသည်။

ဆိုလိုသည်မှာ အမျိုးသမီး ပညာတတ်လူငယ်များအနေဖြင့် စစ်သားများနှင့် လက်ထပ်၍ စစ်တပ်မိသားစုဝင် ဖြစ်သွားနိုင်သော်လည်း အမျိုးသား ပညာတတ်လူငယ်များအတွက်ကတော့ ကံတရားအပေါ်မှာသာ မူတည်ပေတော့မည်။

ထိုအချက်ကို တွေးမိလျှင် လီကျူးတစ်ယောက် ရယ်ချင်စိတ်ကို မနည်းထိန်းချုပ်ထားရလေ၏။ သူမက အလျှင်အမြန်ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပါပြီ၊ ဒါဆို ကျွန်မ ပင်းချန် တည်ဆောက်ရေးတပ်မဟာကိုပဲ စာရင်းပေးပါ့မယ်”

သူမက အလွန်နားယောင်လွယ်သူ တစ်ဦးကဲ့သို့ ပြုမူကာ ဝန်ထမ်း၏ ကူညီမှုဖြင့် “ပညာတတ်လူငယ်များ လျှောက်လွှာ” တွင် လက်မှတ်ထိုးလိုက်လေသည်။

သို့သော် ဝန်ထမ်းက အချက်အလက်များကို စစ်ဆေးပြီးချိန်တွင် ပြဿနာတစ်ခုကို သတိပြုမိသွား၏။

“ဘာဖြစ်လို့ ဒီလျှောက်လွှာမှာ မင်းရဲ့ လိင်အမျိုးအစားက အမျိုးသားလို့ ဖြစ်နေရတာလဲ”

“ကျွန်မရဲ့အဘွားက မိန်းကလေးတွေထက် ယောကျ်ားလေးတွေကို ပိုဦးစားပေးတာလေ၊ သူမက သေခါနီးမှာ မြေးယောကျ်ားလေးကို မြင်သွားချင်တယ်ဆိုလို့ အဖေက ‘အမျိုးသား’ လို့ စာရင်းသွင်းပေးခဲ့တာ၊

အဘွားက အိမ်ထောင်စုစာရင်းစာအုပ်မှာ ယောကျ်ားလေးလို့ မြင်သွားတော့မှပဲ စိတ်ဖြောင့်ဖြောင့်နဲ့ မျက်စိပိတ်သွားနိုင်တာလေ”

လီကျူးက အပြစ်ကင်းသည့်ပုံဖြင့် ဆက်ပြောလိုက်၏။

“အခု ကျေးလက်ဒေသကိုဆင်းပြီး အိမ်ထောင်စုစာရင်း ပြောင်းတဲ့အချိန်ကျရင်တော့ ဒီအခွင့်အရေးကို သုံးပြီး ကျွန်မရဲ့ လိင်အမျိုးအစားကို အမျိုးသမီးလို့ ပြန်ပြင်မလို့

ဒါကြောင့်လည်း ကျွန်မဘာသာ ဆန္ဒပြုပြီး စာရင်းလာပေးတာပေါ့၊ သိတဲ့အတိုင်းပဲ ကျွန်မအဖေက တကယ့်ကို ဆိုးရွားတဲ့လူပဲ

နိုင်ငံတော်ရဲ့ လုပ်ထုံးလုပ်နည်းတွေကိုတောင် ကစားပြီး ကျွန်မကို ဆယ်နှစ်ကျော်ကျော်လောက် ယောကျ်ားလေးအဖြစ် ဟန်ဆောင်ခိုင်းထားခဲ့တာ”

ထိုစကားကို ကြားလိုက်ရလျှင် ဝန်ထမ်းမှာ ချက်ချင်းပင် နားလည်သွားတော့၏။

ထိုခေတ်အချိန်က အိမ်ထောင်စုစာရင်းများကို လက်ဖြင့်သာ ရေးသားကြသောကြောင့် ဝန်ထမ်းများမှာ အမှားအယွင်းများ ပြုလုပ်တတ်ကြပေသည်။

ထို့အပြင် ရဲဘော်လီချောင်၏ ဖခင်ဖြစ်သူက တမင်တကာ ဖုံးကွယ်ခဲ့ခြင်းဖြစ်ရာ ‘အမျိုးသမီး’ မှ ‘အမျိုးသား’ သို့ ပြောင်းလဲသွားခြင်းမှာ မဆန်းပါချေ။

ကံမကောင်းစွာဖြင့် စာရင်းသွင်းရန် လွယ်ကူသော်လည်း ပြန်လည်ပြင်ဆင်ရန်ကတော့ အလွန်ခက်ခဲပေ၏။

ဤမိန်းကလေးမှာ အခြားရွေးချယ်စရာ မရှိတော့သည့်အတွက် ကျေးလက်ဒေသသို့ဆင်းမည့် အခွင့်အရေးကို အသုံးချကာ သူမ၏ လိင်အမျိုးအစားကို ပြန်လည်ပြင်ဆင်ရန် ကြိုးစားနေခြင်း ဖြစ်ပေလိမ့်မည်။

“ဒါက တစ်ခုတည်းသော နည်းလမ်းပဲ၊ မင်းက တကယ့်ကို သနားစရာကောင်းပါတယ်”

ဝန်ထမ်းက ကိုယ်ချင်းစာစိတ်ဖြင့် လီကျူးကို အခြေချနေထိုင်စရိတ် ထုတ်ယူရန်အတွက် ပြေစာကို ပေးလိုက်လေသည်။

မထွက်ခွာမီ လီကျူးက ထပ်မံမေးမြန်းလိုက်၏။

“နောက်ငါးရက်နေမှ ထွက်မှာ သေချာတယ်မလားဟင်”

“သေချာပါတယ်၊ အထူးသဖြင့် ပင်းချန်က အရမ်းဝေးတော့ ရထားစီးတာနဲ့တင် သုံးရက်လောက် ကြာတာလေ”

ဝန်ထမ်းက လီကျူးကို သနားကရုဏာသက်စွာဖြင့် ကြည့်လိုက်သည်။

“အိမ်ကိုပြန်ပြီး အမေဖြစ်သူကို သေချာပြုစုလိုက်ပါဦး၊ ထွက်ခွာမည့်အချိန် အတိအကျကိုတော့ နှစ်ရက်လောက် ကြိုတင်ပြီး အကြောင်းကြားပေးပါ့မယ်”

“ကျေးဇူးတင်ပါတယ်”

လီကျူး မတ်တတ်ရပ်ကာ ဝန်ထမ်းကို ဦးညွှတ်နှုတ်ဆက်လိုက်ပြီးနောက် ဝမ်းသာအားရဖြင့် စာရင်းကိုင်ရုံးသို့ ပြေးသွားကာ လီချောင်၏ ဝေစုဖြစ်သော ထောက်ပံ့ကြေးကို ထုတ်ယူလိုက်တော့သည်။

အလုပ်ဆင်းချိန်သို့ရောက်၍ ပညာတတ်လူငယ်ရုံးမှ ဝန်ထမ်းများက စာရင်းဇယားများကို ပြန်လည်ပြုစုကြသောအချိန်မှသာ ယနေ့ စာရင်းပေးသွင်းသူများထဲတွင် တစ်ထပ်တည်းဖြစ်နေသော လိပ်စာနှစ်ခုကို လူတိုင်း တွေ့ရှိသွားကြတော့၏။

လီချောင်အတွက် ဆောင်ရွက်ပေးခဲ့သော ဝန်ထမ်းနှင့် လီကျူးအတွက် ဆောင်ရွက်ပေးခဲ့သော ဝန်ထမ်းနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။

“အဲဒီကောင်မလေးက လီကျူးပဲ ဖြစ်မယ်...”

“သူက လီချောင်ရဲ့ နာမည်နဲ့ စာရင်းသွင်းသွားတာပဲ၊ သူ့ကို ပြန်ခေါ်ပြီး ပိုက်ဆံပြန်တောင်းရမလား”

သို့သော် ထိုသို့ပြုလုပ်ရန် မဖြစ်နိုင်ပါချေ။

*

All Chapters