အခန်း (၁၄၀)
Vol. 14 Ch. 140
အခန်း(140)
လီကျူး၏ ကျေးလက်ဆင်းရန် လျှောက်ထားမှုကို လက်ခံဆောင်ရွက်ပေးခဲ့သော ဝန်ထမ်းမှာ ပိုက်ဆံကိုပြန်တောင်းရမည်ဟူသောစကားကို ကြားလျှင် ချက်ချင်းပင် မျက်နှာပျက်သွားလေ၏။
အကယ်၍ ပိုက်ဆံပြန်တောင်းလိုက်မည်ဆိုပါက သူ၏အလုပ်တွင် ကြီးမားသောအမှားအယွင်းတစ်ခု ရှိခဲ့သည်ကို သက်သေပြလိုက်သကဲ့သို့ ဖြစ်သွားမည် မဟုတ်ပါလား။
“ထားလိုက်ပါတော့၊ ငါတို့က သူတို့ကို ဇွတ်အတင်း စာရင်းသွင်းခိုင်းတာမှ မဟုတ်တာ၊ သူတို့မိသားစုကိစ္စကို သူတို့ဘာသာ မဖြေရှင်းနိုင်တာလေ၊ ဒါက သူတို့အပိုင်းပဲ
ငါတို့က စာရွက်စာတမ်းတွေကိုပဲ ကိုင်တွယ်ရတဲ့ ဝန်ထမ်းတွေပဲ၊ ဒီလို မိသားစုအတွင်း ရန်ပွဲတွေကို ဖြေရှင်းပေးဖို့ ငါတို့မှာ တာဝန်မရှိဘူး”
သူက ထိုသို့ပြောလိုက်သည်နှင့် ကျန်ရှိသော လူများအားလုံးကလည်း ပါးစပ်ပိတ်သွားကြတော့၏။
သူတို့အနေဖြင့် အနည်းငယ် မကျေမနပ်ဖြစ်နေကြသော်လည်း မတတ်နိုင်ပါချေ။
ထိုသူ၏ဦးလေးမှာ တော်လှန်ရေးကော်မတီ၏ ဒုတိယညွှန်ကြားရေးမှူးမှာ ဖြစ်နေသောကြောင့် မည်သူကမှ အပြစ်တင်ရဲခြင်းမရှိပေ။
ကြီးမားသောအကြံအစည်တစ်ခုကို အောင်မြင်သွားခဲ့သော်လည်း လီကျူး၏နှလုံးသားထဲတွင်တော့ ထိတ်လန့်တုန်လှုပ်နေမိ၏။
လီဟုန်ကျွန့်နှင့် ထုန်လင်းတို့က အိမ်ထောင်စုစာရင်းစာအုပ် ပျောက်နေသည်ကို သိရှိသွားမည်ကို သူမ အလွန်ပင် စိုးရိမ်နေမိသည်။
သူမ ကုန်တိုက်သို့ ရောက်ချိန်တွင် တုံ့ဆိုင်းနေခြင်းမရှိဘဲ ချက်ချင်းပင် ဆုံးဖြတ်ချက်များ ချလိုက်လေ၏။
သူမက ပစ္စည်းများဝယ်ယူရာတွင်လည်း သူမ၏ အကောင်းဆုံးတိုက်ခိုက်ရေးစွမ်းရည်များကို ထုတ်သုံးလျက် ပစ္စည်းလုနေကြသော အဒေါ်ကြီးများနှင့် အပြိုင်အဆိုင် ဝယ်ယူခဲ့သည်။
ဆယ့်ငါးမိနစ်ပင် မပြည့်ခင် လိုအပ်သမျှအရာအားလုံးကို ဝယ်ယူပြီးစီးသွားလေပြီ။
ထို့နောက် သူမက မည်သည့်နေရာတွင်မှ မရပ်နားဘဲ အိမ်သို့ အပြေးအလွှား ပြန်လာခဲ့သည်။
*
တစ်ဖက်တွင်တော့လီကျူး ထွက်သွားပြီး မကြာမီမှာပင် ဒါရိုက်တာလျို့က လီမိသားစုအိမ်သို့ ရောက်ရှိလာလေ၏။
သူ အထဲသို့ ဝင်လာသည်နှင့် ထုန်လင်းမှာ ရေနွေးကြမ်းထည့်ပေးရင်းဖြင့် အလုပ်ရှုပ်သွားခဲ့သည်။
“ဒါရိုက်တာလျို့... အထဲကိုဝင်ခဲ့ပါဦး၊ အခုလေးတင် လောင်လီက သူ့ဇာတိကနေ ကိုယ်တိုင်လှော်လာတဲ့ လက်ဖက်ခြောက် နည်းနည်းလောက်ယူလာတာနဲ့ အတော်ပဲ သူက ရှင့်အတွက်တောင် လာပေးမလို့လုပ်နေတာ”
သူမက နွေးထွေးစွာ နှုတ်ဆက်လိုက်၏။
“အိုး.. ကျွန်တော့်အကြောင်းကို ပြောနေတုန်းမှာ ရောက်လာတာပဲ၊ တိုက်ဆိုင်လိုက်တာ”
ဒါရိုက်တာလျို့က ထုန်လင်း၏စကားမှ ဆိုလိုရင်းကို လွဲချော်အောင် လုပ်ကာ ရယ်မောကာ ပြောလိုက်ပေသည်။
ထုန်လင်းက ဂရုတစိုက်ရှိသည့်အမူအရာကို ပြချင်သော်လည်း ဒါရိုက်တာလျို့ကတော့ တိုက်ဆိုင်မှုတစ်ခုအဖြစ်သာ သဘောထားခဲ့သည်။
ထုန်လင်း၏ နှုတ်ခမ်းများမှာ အနည်းငယ် တွန့်ချိုးသွားသော်လည်း သူမ၏စိတ်ထဲတွင်တော့ အလွန်ပျော်ရွှင်နေမိ၏။
လီချောင်၏ အလုပ်ကိစ္စသာ မရှိပါက သူမအနေဖြင့် ဤမျှအထိ အလိုက်အထိုက် ဆက်ဆံနေမည် မဟုတ်ပါချေ။
လီဟုန်ကျွန့်နှင့် ထုန်လင်းတို့မှာ လီချောင်အား တရားဝင်အလုပ်တစ်ခု ရစေချင်နေကြဆဲပင်ဖြစ်၏။
တစ်နေ့တွင် မူဝါဒများ ပြောင်းလဲသွားပြီး သတ်မှတ်ချက်ဝင်သော လူငယ်အားလုံး ကျေးလက်ဒေသသို့ဆင်းရမည်ကိုလည်း သူတို့ စိုးရိမ်နေကြပေသည်။
သူတို့၏ တစ်ဦးတည်းသောသားလေးကို ကျေးလက်ဒေသသို့ ရက်ရက်စက်စက် စေလွှတ်နိုင်ရန် မလုပ်နိုင်ပါချေ။
“စောစောရောက်တာထက် အချိန်ကိုက်ရောက်လာတာက ပိုကောင်းတာပေါ့၊ ထိုင်ပါဦး”
ထုန်လင်းက ရေနွေးကြမ်းကို စားပွဲပေါ်တွင် ချပေးလိုက်၏။
ဒါရိုက်တာလျို့လည်း ဝင်ထိုင်လိုက်ပြီး ရေနွေးခွက်ကို ယူကာ သူ့ရှေ့ရှိ စားပွဲပေါ်တွင် တင်လိုက်သည်။
သူက ဧည့်ခန်းကို ဝေ့ကြည့်ရင်း ပြောလိုက်လေ၏။
“ကျူးကျူးရော ဘယ်မှာလဲ၊ မမြင်မိပါလား”
“သူ ကုန်တိုက်ကို ပစ္စည်းဝယ်ဖို့ သွားတယ်လေ”
လီဟုန်ကျွန့်က ဒါရိုက်တာလျို့၏ ဘေးရှိ ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပေသည်။
“ဒါဆို မင်းတို့ တကယ်ပဲ သူမကို စာရင်းသွင်းလိုက်တာပေါ့”
“တင်လိုက်ပါပြီ”
ထုန်လင်းက သက်ပြင်းချရင်း ပြောလိုက်သည်။
“အစောကြီးကတည်းက လျှောက်ထားခဲ့ရင် ပိုကောင်းတဲ့နေရာကို ရနိုင်မှာလေ”
ဒါရိုက်တာလျို့က ခေါင်းညိတ်လိုက်သည်။ သူက မည်သည့်နေရာသို့ သွားရမည်ကိုတော့ ထပ်မမေးတော့ပါချေ။
တကယ်တမ်းတွင် ပညာတတ်လူငယ်များ လိုအပ်သော နေရာတိုင်းမှာ အခြေအနေမကောင်းသကဲ့သို့ လီဟုန်ကျွန့်နှင့် ထုန်လင်းတို့ကလည်း လီကျူးကို ဒုက္ခရောက်အောင် လုပ်မည်မဟုတ်ဟု သူ ယူဆထား၏။
အိမ်နီးချင်းတစ်ဦးအနေဖြင့် သူသည်က များစွာဝင်ရောက်စွက်ဖက်ခြင်း မပြုလိုပါချေ။
“သူ ပြသနာမရှာခဲ့ဘူးလား”
ဒါရိုက်တာလျို့က အရှေ့မှ အဆောက်အအုံဘက်ကို ညွှန်ပြရင်း ပြောလာသည်။
“ယန်မိသားစုက သားငယ်ကတော့ သူ့ခြေထောက်ကိုသူ ချိုးပြီး မသွားဘူးလို့ ငြင်းနေတယ်လေ”
“အာ.. အဲဒီတော့ သူ တစ်သက်လုံး ဒုက္ခိတ ဖြစ်သွားတော့မှာလား”
ယန်မိသားစုမှ သားဖြစ်သူက ကိုယ့်ကိုယ်ကိုယ် ဤမျှအထိ ရက်စက်လိမ့်မည်ဟု ထုန်လင်း မထင်ထားခဲ့ပါချေ။ ထို့နောက် သူမက ဆက်မေးလိုက်၏။
“ဒါဆို သူ နောက်ပိုင်းကျရင် ကျေးလက်ကို ဆင်းရဦးမှာလား”
“ဆင်းရမှာပေါ့၊ နည်းနည်း သက်သာလာတာနဲ့ ချက်ချင်း ထွက်ရမှာပဲ၊ မဟုတ်ရင် နောက်ပိုင်းမှာ သူ့ရဲ့ နောက်ကြောင်း စုံစမ်းစစ်ဆေးကြောင့် ထိခိုက်လိမ့်မယ်”
ဤသည်ကို လူမှုရေး တာဝန်ဝတ္တရားမှ ရှောင်တိမ်းခြင်းဟု သတ်မှတ်နိုင်ပေသည်။
“ဟင်း ၊ ဒီလောက်အထိ ဒုက္ခခံပြီးမှ ကျေးလက်ကို သွားရဦးမယ်ဆိုတော့.. ဒီကလေးကတော့ တကယ့်ကို ရူးသွပ်တာပဲ”
ထုန်လင်းက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
“ကျွန်မရဲ့ ကျူးကျူးကတော့ အတော်လေးလိမ္မာတာ.. စာရင်းမသွင်းခင်တုန်းက နည်းနည်း စိတ်ကောက်နေသေးပေမဲ့ အခုတော့ သူ အကုန်လုံးကို နားလည်သွားပါပြီ”
သူမ နားလည်သွားတာလား?
ဒါရိုက်တာလျို့၏ စိတ်ထဲတွင်တော့ လီကျူးသည်က ထိုမျှအထိ စိတ်သဘောထား ကြီးမည့်သူမျိုး မဟုတ်ဟု ထင်နေမိ၏။
သို့သော် သူတို့၏ မျက်နှာအမူအရာကို ကြည့်ရသည်မှာ ဟန်ဆောင်နေပုံလည်း မရပါချေ။
လီကျူးက တကယ်ပဲ ကံကြမ္မာကို လက်ခံလိုက်တာ ဖြစ်နိုင်လောက်လား။
ဒါရိုက်တာလျို့တစ်ယောက် မယုံနိုင်သကဲ့ ဖြစ်နေသော်လည်း လက်တွေ့မြင်နေရသည့် အခြေအနေကြောင့် ယုံကြည်လိုက်ရတော့သည်။
“ငါ့ရဲ့ မြေးမလေးက ကျေးလက်ကိုသွားပြီး ပညာသင်ယူသင့်တယ်၊ ဒါမှ အိမ်မှာ လူကြီးမိဘတွေကို မလေးမစား မလုပ်တော့မှာ”
အဘွားလီက နှာခေါင်းရှုံ့ရင်း ဝင်ပြောလိုက်၏။ သူမသည်က လီကျူး ကျေးလက်ဆင်းရမည့် ဆုံးဖြတ်ချက်ကို အပြည့်အဝ ထောက်ခံနေခဲ့ပေသည်။
“အမေ”
ထုန်လင်း၏ လေသံက ချက်ချင်းပင် ဝမ်းနည်းမှုများဖြင့်ပြည့်သွားရသည်။
“ဘာလို့ အဲဒီလိုတွေ ပြောနေရတာလဲ၊ ပြီးတော့ အမေသာ ကျူးကျူးရဲ့ အလုပ်စာအုပ်ကို ချွမ်းဇီကို အရင် မပေးခဲ့ရင် သူ ဒီလောက်အထိ စိတ်ဆိုးပါ့မလား”
“အဲဒီတော့ မင်းက ငါ့ကို လာပြီး အပြစ်တင်နေတာလား”
အဘွားလီက အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ထုန်လင်းကို လှည့်ပင်မကြည့်ဘဲ ဒါရိုက်တာလျို့ထံသို့သွားကာ လီဟုန်ပင်းအကြောင်းကို စတင်ပြောဆိုပါတော့သည်။
“ခေါင်းဆောင်... ကျွန်မရဲ့ ဟုန်ပင်းကို မှတ်မိသေးတယ် ၊ သူရှိနေတုန်းက စက်ရုံက စက်ကိရိယာတွေကို သုတေသနလုပ်ရာမှာတောင် ကူညီပေးခဲ့သေးတာလေ”
“ဒါကြောင့်လည်း လီဟုန်ကျွက စက်ရုံမှာ စက်ပြင်သမားအဖြစ် လာပြီး အလုပ်လုပ်နိုင်ခဲ့တာပေါ့”
ဒါရိုက်တာလျို့ : “...”
ဒီအဘွားကြီးက သူမရဲ့သားကို ရန်ငြိုးထားနေတာများလား။
“အဟမ်း”
သူ အနေခက်စွာဖြင့် ချောင်းဟန့်လိုက်ပြီး ဘေးသို့ လှည့်ကြည့်လိုက်ပေသည်။
လီဟုန်ကျွန့်မှာ ထိုစကားကို ကြားလိုက်ရသည့် ခဏတွင် ဦးနှောက်ထဲ ဗလာဖြစ်သွားသကဲ့သို့ ခံစားလိုက်ရ၏။
အဘွားလီက ဒါရိုက်တာလျို့ရှေ့တွင် ဤသို့သောစကားမျိုး ပြောလာလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပါချေ။ သူက အဘွားလီကို အမြန်ဆွဲခေါ်လိုက်လေ၏။
“အမေ... ဒီမှာ အဲဒီလိုတွေ ပြောလို့မရဘူးလေ၊ တခြားလူတွေ ကြားသွားရင် ကျွန်တော် အလုပ်ဆက်လုပ်လို့ ရပါတော့မလား”
သူသည်က ဤနှစ်များတစ်လျှောက်လုံး စက်များကို ကြိုးစားပမ်းစား ပြင်ဆင်လာခဲ့ခြင်းဖြစ်၏။
သူ ယနေ့ ရောက်ရှိနေသော နေရာမှာ သူ၏ ကိုယ်ပိုင်အရည်အချင်းကြောင့်သာဖြစ်ပြီး မည်သူ့ကိုမျှ ကျေးဇူးတင်စရာ မလိုပါချေ။
“ဘာဖြစ်လဲ၊ ဒါက လျှို့ဝှက်ချက်မှ မဟုတ်တာ၊ ဘာလို့ ပြောလို့မရရမှာလဲ”
အဘွားလီက မကျေမနပ် ပြောလိုက်ပေသည်။
စက်ရုံဘက်မှ လီဟုန်ပင်း၏ အကျိုးပြုမှုများကို မေ့ပျောက်သွားမည်ကို သူမ ခွင့်မပြုနိုင်ပါချေ။
ထို့အပြင် သူမတွင် ကျောင်းတက်ရန် အရည်အချင်းမပြည့်မီဘဲ ထောက်ခံချက်ဖြင့်သာ တက်ရမည့် မြေးတစ်ယောက် ရှိနေသောကြောင့် လီဟုန်ပင်း၏ ကိုယ်ကျိုးစွန့်မှုကို အသုံးချလျက် သူမ၏ မြေးအတွက် “အလုပ်သမား-လယ်သမား-စစ်သား တက္ကသိုလ်” တက်ရန် ထောက်ခံချက် ရနိုင်လိမ့်မည်ဟု မျှော်လင့်နေခဲ့လေ၏။
လီဟုန်ကျွန့်၏ မျက်နှာမှာ ပို၍ပင် တင်းမာလာတော့သည်။
ဒါရိုက်တာလျို့အနေဖြင့် ဆက်လက်နေထိုင်ရန် မဖြစ်တော့သည့်အတွက် မတ်တတ်ရပ်ကာ နှုတ်ဆက်လိုက်၏။
“ဒါဆို ငါ ပြန်တော့မယ်၊ မင်းတို့ကို စိတ်ပူလို့ လာကြည့်တာ၊ အခုအဆင်ပြေတယ်ဆိုတော့ စိတ်သက်သာရာရသွားပြီ”
“ဒါရိုက်တာလျို့၊ ကျွန်တော် လိုက်ပို့ပေးပါ့မယ်၊ ပြောစရာလေးလည်း ရှိလို့ပါ”
လီဟုန်ကျွန့်က ဤအခွင့်အရေးကောင်းကို လက်လွှတ်မခံဘဲ ချက်ချင်းပင် အနောက်မှ လိုက်သွားပေသည်။
အဘွားလီကလည်း အရှုံးမပေးဘဲ လက်နှစ်ဖက်ကို နောက်ပစ်ကာ သူတို့၏နောက်သို့ လိုက်သွားခဲ့တော့သည်။
ထို့ကြောင့် လီကျူး အိမ်သို့ပြန်ရောက်သောအခါ လူကြီးများ တစ်ယောက်မျှ ရှိမနေဘဲ လီချွမ်း တစ်ယောက်တည်းသာ ဧည့်ခန်းတွင် ထိုင်လျက် စာဖတ်နေသည်ကို တွေ့လိုက်ရ၏။
သူမက လှမ်းမေးလိုက်ပေသည်။
“ဟေး... ငါ့အမေနဲ့ အဖေ ဘယ်မှာလဲ”
လီချွမ်းက ခေါင်းပင်မော့မကြည့်ဘဲပြန်ဖြေလာ၏။
“မသိဘူး”
“ ဒါက ဘယ်လို အမူအရာလဲ”
လီချွမ်း၏ ဤသို့သော ဂရုမစိုက်သော အမူအရာကို မြင်လျှင် လီကျူး ဒေါသထွက်သွားတော့သည်။
သူမက ကျေးလက်ဒေသသို့ သွားရတော့မည်ဖြစ်သော်လည်း သူမ၏ ဝမ်းကွဲကတော့ မြို့ပေါ်၌နေကာ ပညာသင်ကြားနိုင်ဦးမည်ဖြစ်ကြောင်းကို တွေးမိလျှင် သူမအနေဖြင့် ပညာတတ်လူငယ်ရုံးသို့ အပြေးပြန်သွားကာ လီချွမ်းကိုပါ ကျေးလက်ဆင်းရန် စာရင်းသွင်းပေးလိုက်ချင်စိတ် ဖြစ်သွားခဲ့လေ၏။
လီချွမ်းက သူမ၏ အတွေးများကို ထွင်းဖောက်မြင်နေပုံရပြီး ခေါင်းကို တည့်တည့်ပြန်မော့ကာ ပြောလိုက်၏။
“ကျွန်တော်က အစကတည်းက ကျေးလက်ဒေသအိမ်ထောင်စုစာရင်းနဲ့ရှိနေတာ”
ထို့အပြင် သူ့အနေဖြင့် အသက်လည်း မပြည့်သေးပါချေ။
လီကျူး : “...”
သူမ ပို၍ပင် ဒေါသထွက်သွားသော်လည်း သူ့ကို ပြန်လည်ချေပရန် စကားလုံး ရှာမတွေ့တော့ပေ။
သူမက အခန်းထဲသို့ ဝုန်းကနဲ ဝင်သွားသော်လည်း အခန်းထဲသိုးရောက်သည်နှင့် မျက်နှာပေါ်ရှိ ဒေါသများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားကာ ထိတ်လန့်တုန်လှုပ်မှုများသာ အစားထိုးဝင်ရောက်လာတော့သည်။
သူမက နောက်သို့ တစ်ချက်လှည့်ကြည့်ပြီးနောက် အဝတ်ဗီရိုကို အမြန်ဖွင့်ကာ ထုန်လင်း အိမ်ထောင်စုစာရင်းစာအုပ် ဝှက်ထားလေ့ရှိသည့် နေရာကို ရှာ၍ အထဲသို့ အတင်းထိုးထည့်လိုက်လေ၏။
အိမ်ထောင်စုစာရင်းစာအုပ်က မူလနေရာသို့ ပြန်ရောက်သွားသည်ကို မြင်မှသာ သူမ သက်ပြင်းချနိုင်ပြီး ဗီရိုတံခါးကို အသံဖွဖွဖြင့် ပြန်ပိတ်လိုက်သည်။
“မင်း ဘာလုပ်နေတာလဲ”
လီချောင်၏ အသံက အနောက်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာလေ၏။
လီကျူး : “!!!”
*