ကတ်ကစားကြခြင်း
Vol. 7 Ch. 61
နေရာထိုင်ခင်း ချပေးပြီးနောက် လူအများစုက အိပ်စက်သွားကြသည်။ မည်သို့ပင်ဆိုစေ သူတို့သည် ဤခရီးစဉ်တွင် အချိန်အများစုမှာ ကြယ်ရောင်အောက်တွင် အိပ်စက်ခဲ့ကြရသည်။ ထိုသို့ဖြင့် ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနေကြလေပြီ။ သို့သော်လည်း လူတိုင်းကတော့ ထိုသို့မဟုတ်ပေ။
ပျင်းရိငြီးငွေ့နေသော ကျန်းယွဲ့လုက ချီရွှမ်းစုထံ ရောက်ရှိလာသည်။ အစီရင်ခံစား ရေးရမည့်အကြောင်း ခေါင်းခဲနေသော ချီရွှမ်းစုကလည်း အိပ်မပျော်နိုင်ပေ။
ထို့ကြောင့် ဉာဏ်နီဉာဏ်နက် လုံးဝမသုံးဘဲ ရွှမ်အရှင်မြတ်ကတ် ကစားကြဖို့ ကျန်းယွဲ့လုက အကြံပြုလိုက်သည်။
(ဤအခန်းတစ်ခန်းလုံးနီးပါးသည် ကတ်ကစားသည့်အကြောင်းဖြစ်သည်။ စိတ်ဝင်စားမှု မရှိပါက ဤအခန်း၏ နောက်ဆုံးနားသို့ ကျော်ဖတ်နိုင်ပါသည်။)
ရွှမ်အရှင်မြတ်ကတ်များသည် ဗျက် ၂ လက်မခွဲနှင့် အရှည် ၄ လက်မရှိပြီး တစ်ကတ်ချင်းစီမှာ ရောင်စုံရုပ်ပုံများ ရေးဆွဲထားသည်။ ယင်းသည် သူ့ဘဝ၏ နှောင်းပိုင်းနှစ်များမှာ ရွှမ်အရှင်မြတ် တီထွင်ခဲ့သည် အပျော်တမ်းကစားနည်းတစ်ခုဖြစ်သည်။ ထိုခေတ်ထိုအခါက လူငယ်မျိုးဆက်များကြားမှာ အတော်လေး လူကြိုက်များခဲ့ကြသည်။
ထိုခေတ်မှစ၍ နှစ်များစွာ ကုန်လွန်လာခဲ့၏။ အရင်တုန်းက လူငယ်မျိုးဆက်သည် ကွယ်လွန်သူကွယ်လွန်၊ အင်မော်တယ်အိုကြီးများအဖြစ် ရောက်သူရောက် ဖြစ်ကုန်ကြလေပြီ။ သို့သော်လည်း ရွှမ်အရှင်မြန်ကတ်များသည် တာအိုအဖွဲ့အစည်းအတွင်းမှာ လူကြိုက်များနေဆဲပင်။
ဤကစားနည်းမှာ တာအို၊ ဗုဒ္ဓ၊ ကွန်ဖြူးရှပ်နှင့် ရှေးဟောင်းအင်မော်တယ်ဟူ၍ အဖွဲ့လေးဖွဲ့ပါသည်။ ကစားသမားတစ်ဦးသည် အဖွဲ့တစ်ဖွဲ့နှင့်အတူ ခေါင်းဆောင်ကတ်တစ်ကတ် ရွေးရသည်။ ပင်မကတ်အစုမှာ ဇာတ်ကောင်ကတ် ၂၄ ကတ်နှင့် ဂမ္ဘီရစွမ်းရည်ကတ် ၁၂ ကတ် ပါဝင်သည်။
ဇာတ်ကောင်ကတ်များတွင် တိကျသော အမှတ်အရေအတွက်များပါပြီး ကောင်းကင်၊ မြေကမ္ဘာနှင့် လူသားဟူ၍ အမျိုးအစားသုံးခု ခွဲထားသည်။ ထိုကတ်များကို ရွှမ်အရှင်မြတ် ဖန်တီးခဲ့သည့် ခေတ်ကာလကို အခြေခံ၍ ကောင်းကင်ကတ်များမှာ ကောင်းကင်ဘုံသို့ တက်လှမ်းသွားသည့် ဇာတ်ကောင်များ ပါသည်။ မြေကမ္ဘာကတ်များမှာ ကွယ်လွန်သွားပြီဖြစ်သည့် ဇာတ်ကောင်များ ပါဝင်သည်။ လူသားကတ်များမှာတော့ အသက်ရှင်နေဆဲ ဇာတ်ကောင်များ ပါဝင်လေသည်။
ဂမ္ဘီရစွမ်းရည်ကတ်များကို ပြင်ပပစ္စည်းများ၊ အစီအရင်များနှင့် သုခဘုံများဟူ၍ အမျိုးအစားသုံးခု ခွဲထားသည်။ ကစားပွဲစတင်သည်နှင့် ကျိန်းသေပေါက်ရမည့် ခေါင်းဆောင်ကတ်အပြင် ပင်မကတ်ပုံထဲမှ ကတ်ဆယ်ကတ်ကို ကျပန်းဆွဲယူရမည်။
သုံးကျော့မှာ နှစ်ကျော့အနိုင်ဖြင့် ဘယ်သူအနိုင်ရလဲ ဆုံးဖြတ်ပေမည်။ ကတ်ကို ဘယ်သူအရင်စချမလဲကိုလည်း ခေါင်းပန်းလှန်၍ ဆုံးဖြတ်မည်။ ဒုတိယအကျော့မှစ၍ ယခင်အကျော့မှာ အနိုင်ရခဲ့သူက ကတ်ကို အရင်စချရသည်။ ယခင်အကျော့မှာ သရေကျခဲ့လျှင် ယခင်အကျော့ကို အဆုံးသတ်ခဲ့သူက ပြန်စရသည်။
အကျော့တစ်ကျော့မှာ ကစားသမားနှစ်ဦးသည် လက်ထဲမှာ ကတ်မကျန်တော့သည့်အထိ သို့မဟုတ် တစ်ဦးက ကစားပွဲကို ရပ်တန့်လိုက်ချိန်အထိ ကတ်များက ပစ်ချခြင်းနှင့် ခေါင်းဆောင်ကတ်ကို အသက်သွင်းခြင်း ပြုလုပ်ရမည်။ ထို့နောက် ရမှတ်များကို ရေတွက်ပြီး အမှတ်ပိုများသူက အနိုင်ရသည်။
ချီရွှမ်းစုသည် ဝမ်ရှန်းတာအိုနန်းတော်မှာတုန်းက ရွှမ်အရှင်မြတ်ကတ်ကို ကောင်းကောင်းကစားခဲ့ဖူးသည်။ ဤကစားနည်းမှာ သူ့ကို ဆရာတစ်ဆူဟုပင် ဆိုနိုင်ပြီး ကျန်းယွဲ့လုနှင့် ကစားဖို့ သူက ချက်ချင်းပင် သဘောတူလိုက်သည်။
ကျန်းယွဲ့လုက မှောင်သိုလှောင်ပစ္စည်းထဲကနေ ရွှမ်အရှင်မြတ်ကတ်တစ်ထုပ်ကို ထုတ်
ယူလိုက်ပြီး ခေါင်းဆောင်ကတ်အဖြစ် မူဝါဒသူတော်စင်နှင့် ကွန်ဖြူးရှပ်အဖွဲ့ကို ရွေးချယ်လိုက်သည်။ ချီရွှမ်းစုက တာအိုအဖွဲ့နှင့် ရွှမ်အရှင်မြတ်ခေါင်းဆောင်ကတ်ကို ရွေးလိုက်သည်။
သူမက ထိုက်ဖျင်ဒင်္ဂါးတစ်ပြားကို ထုတ်၍ ဆတ်ခနဲတောက်တင်ပြီး ၎င်းကို လျှင်မြန်စွာ လည်သွားစေ၏။ ထို့နောက် စားပွဲပေါ် ဖြန်းခနဲ ရိုက်ချပြီး ချီရွှမ်းစုကို ကြည့်လိုက်၏။
“ခန့်မှန်းကြည့်လေ။”
“လောကဘက်အခြမ်း”
ကျန်းယွဲ့လုက လက်ဖဝါးကို ဖြည်းဖြည်းချင်း ဖယ်လိုက်ချိန် ဒင်္ဂါးပေါ်မှာ ထျန်ရှထိုက်ဖျင်ဟူဟော စာလုံးကို မြင်လိုက်ရသည်။
ချီရွှမ်းစုက တာအိုကတ်အစုကနေ ကတ်ဆယ်ကတ်ကို ဆွဲယူနေစဉ် ကျန်းယွဲ့လုက ကွန်ဖြူးရှပ်ကတ်အစုကနေ ဆယ်ကတ်ကို ဆွဲယူလိုက်၏။
တာအိုအဖွဲ့ (ချီရွှမ်းစု ရွေးချယ်ထားသောကတ်အစု)
ခေါင်းဆောင်ကတ် - ရွှမ်အရှင်မြတ်
လူသားကတ်ခြောက်ကတ်
တုံဟွမ် လီထိုက်ယီ
သူတော်စင်အရှင် ထန်ထိုက်ယွင်
မဟာသူတော်စင် ယန်ဖေးချင်
သူတော်စင် ဖေးယွမ်
ဆရာ ရှမ်ချန်းရှန့်
မဟာသူတော်စင် ရှန့်ကွမ်ဝမ်
မြေကမ္ဘာကတ်တစ်ကတ်
နတ်ဆိုးဓား စုန့်ကျန်း
ပြင်ပပစ္စည်းကတ်နှစ်ကတ်
ကောင်းကင်ဆရာသခင်ချိတ်စည်း
ဝိညာဉ်ပြန်ခေါ်အမွှေးနံ့သာ
အစီအရင်ကတ်တစ်ကတ်
ထိုက်ယင်ဓားဝင်္ကပါ
ကွန်ဖြူးရှပ် (ကျန်းယွဲ့လု ရွေးချယ်ထားသော ကတ်အစု)
ခေါင်းဆောင်ကတ် - မူဝါဒသူတော်စင်
လူသားကတ်လေးကတ်
ဧကစာကျင့်သူ ပိုင်လု
မဟာကျိကျိုး စစ်ခုန်းတောက်ရွှမ်
မဟာကျိကျိုး ဟွမ်ရှီယွမ်
မဟာကျိကျိုး ရှဲ့ဟန်
မြေကမ္ဘာကတ်ငါးကတ်
ကျိယန်တောင် ဧကစာကျင့်သူ
ဧကစာကျင့်သူနဂါး
မဟာကျိကျိုး ယန်စုန့်
မဟာကျိကျိုး ဝူကျန်းယွဲ့
မဟာကျိကျိုး ဝူဖုန့်ချန်
အစီအရင်ကတ်တစ်ကတ်
ဥတုလေးပါးဓား
ချီရွှမ်းစုက ခဏမျှ စဉ်းစားပြီးနောက် မြေကမ္ဘာကတ်-နတ်ဆိုးဓားစုန့်ကျန်းကို ချလိုက်သည်။ ဤကတ်က ၉ မှတ်ဖြစ်ပြီး ထူးခြားစွမ်းရည် မပါပေ။ ကတ်ပေါ်မှာ မောက်မာတင်စီးသောအပြုံးနှင့် အနက်ရောင်ဝတ်လူတစ်ယောက်က ဓားတစ်လက်ကို ကိုင်စွဲထားသည့်ပုံရှိသည်။
ကျန်းယွဲ့လုကလည်း မြေကမ္ဘာကတ်-ကျိယန်တောင်ဧကစာကျင့်သူကို ချလိုက်သည်။ ထိုပုံမှာ လူငယ်ကွန်ဖြူးရှပ်ပညာရှင်တစ်ဦးက ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ဤကတ်က ၉ မှတ်ဖြစ်ပြီး ကတ်အုပ်ထဲမှ ဧကစာကျင့်သူမြေကမ္ဘာကတ်နှစ်ကတ်ကို ဆင့်ခေါ်နိုင်သည့် ထူးခြားစွမ်းရည် ပါရှိသည်။ ထိုသို့ဖြင့် ကျန်းယွဲ့လုက မြေကမ္ဘာကတ်နှစ်ကတ်ဖြစ်သော ဧကစာကျင့်သူတောင်ဆိတ်နှင့် ဧကစာကျင့်သူရွှေဖားပြုတ်ကို ဆွဲလိုက်သည်။ ဤကတ်နှစ်ကတ်စလုံးမှာ ၈ မှတ်စီရှိပြီး ကျန်းယွဲ့လုက စုစုပေါင်း ၂၅ မှတ် ရရှိသွားသည်။
ချီရွှမ်းစုက လူသားကတ်-သူတောင်စင်ထန်ထိုက်ယွင် ပစ်ချလိုက်သည်။ ထိုကတ်မှာ အမျိုးသမီးတစ်ဦးသည် ပုတီးစေ့ဇာပုဝါကို တွဲလျားချထားသည့် ဖျင်ထျန်သရဖူကို ဆောင်းထား၏။ သူမ၏ မျက်နှာတစ်လုံးကိုနီးပါးကို ဖုံးအုပ်၍ မေးစေ့ကိုသာ ဖော်ထားသည်။ ဤကတ်က ၁၀ မှတ်တန်ပြီး အသက်ဆန့်စွမ်းအားရှိသောကြောင့် အခြားစွမ်းအားဖြင့် သက်ရောက်ခြင်း ခံရလိမ့်မည် မဟုတ်ပေ။
ချီရွှမ်းစုက ၁၉ မှတ်တိုးရသွားသည်။ ကျန်းယွဲ့လုက ကစားပွဲကို ဤနေရာမှာ ရပ်မည်ဆိုလျှင် ချီရွှမ်းစုက သူ့အလှည့်မှာ ကတ်တစ်ကတ် ထပ်ချခြင်းဖြင့် ပထမအကျော့ကို အနိုင်ရသွားမည်ဖြစ်သည်။
ထို့ကြောင့် ကျန်းယွဲ့လုသည် ဧကစာကျင့်သူများ၏ အမှတ်များကို နှစ်ဆတိုးစေမည့် ဥတုလေးပါးဓား-အစီရင်ကတ်ကို ချပြီး သူမ၏ စုစုပေါင်းအမှတ်က ၅၀မှတ် ဖြစ်သွားသည်။
ချီရွှမ်းစုက မြေကမ္ဘာကတ်များအားလုံးကို ၁ မှတ်စီ ဖြစ်သွားစေမည့် အစီအရင်ကတ်-ထိုက်ယင်ဓားဝင်္ကပါဖြင့် တန်ပြန်ထောက်လိုက်သည်။ ကျန်းယွဲ့လု၏ ဧကစာကျင့်သူကတ်သုံးကတ်က ၁ မှတ်စီသာ ဖြစ်သွားသည်။ သို့သော် ဥတုလေးပါးဓား၏ နှစ်ဆတိုးသက်ရောက်မှုကြောင့် စုစုပေါင်း ၆ မှတ် ရနေသေးသည်။
တစ်ချိန်တည်းမှာပင် ချီရွှမ်းစု၏ မြေကမ္ဘာကတ်-နတ်ဆိုးဓားစုန့်ကျန်းကလည်း သက်ရောက်ခြင်းခံရပြီး ၁ မှတ်သာ ရတော့သည်။ သူ၏ သူတောင်စင်ထန်ထိုက်ယွင်က အသက်ဆန့်ကတ်ဖြစ်ပြီး ၁၀ မှတ်အတိုင်း မပြောင်းလဲချေ။ ထို့ကြောင့် သူက စုစုပေါင်း ၁၁ မှတ် ရနေသည်။
ကျန်းယွဲ့လုက မြေကမ္ဘာကတ်-ဧကစာကျင့်သူနဂါးကို ပစ်ချလိုက်၏။ နဂါးခေါင်းတောင်ဝှေးကို ကိုင်ဆောင်ထားသည့် အရပ်ပုပုအဖိုးအိုတစ်ဦးပုံဖြစ်သည်။ ဤကတ်က ၁၅ မှတ်ရပြီး အသက်ဆန့်ကတ်လည်းဖြစ်သည်။ ထို့ကြောင့် ချီရွှမ်းစု၏ ထိုက်ယင်ဓားဝင်္ကပါဖြင့် သက်ရောက်မခံရဘဲ ၁ မှတ်အဖြစ် ပြောင်းမသွားပေ။ ၎င်းသည် သူမ၏ ဥတုလေးပါးဓားဖြင့်လည်း သက်ရောက်မခံရဘဲ စုစုပေါင်း ၂၁ မှတ်ကို ရရှိသွားသည်။
ထို့နောက် ချီရွှမ်းစုက ဓားကိုင်တာအိုဆရာတစ်ဦးဖြစ်သည့် လူသားကတ်-တုံဟွမ် လီထိုက်ယီကို ချလိုက်သည်။ ၎င်းသည် ၁၀ မှတ်ပါ အသက်ဆန့်ကတ်ဖြစ်သည်။ ထိုသို့ဖြင့် ချီရွှမ်းစုကလည်း ၂၁ မှတ်ကို ရရှိသွား၏။
ကျန်းယွဲ့လုက စဉ်းစားရတော့သည်။ ဤအချိန်တွင် ချီရွှမ်းစု၏ လက်ထဲမှာ ၆ ကတ် ရှိနေသေးပြီး သူမသည် ဧကစာကျင့်သူကတ် ၂ ကတ်ကို ပင်မကတ်အုပ်ထဲကနေ ဆွဲထားခြင်း ဖြစ်သောကြောင့် သူမလက်ထဲမှာ ၇ ကတ် ကျန်နေသေးသည်။ ယခုအချိန်မှာ သူမက ပွဲကိုရပ်ပြီး ချီရွှမ်းစုက အနိုင်ရဖို့အတွက် နောက်ထပ်တစ်ကတ် ချမည်ဆိုလျှင် သူမလက်ထဲမှာ နှစ်ကတ်အသာ ရရှိနေပေမည်။ ချီရွှမ်းစုက ကတ်မချလိုဘဲ သရေထားမည်ဆိုလျှင်ပင် သူမက တစ်ကတ်အသာရနေပေဦးမည်။
သူမက ပြုံးလိုက်၏။
“ရပ်မယ်”
ချီရွှမ်းစုက လူသားကတ်-သူတော်စင်ဖေးယွမ်ကို ချလိုက်သည်။ ထိုကတ်မှာ ထက်ရှသောမျက်လုံးများ၊ ကြယ်သရဖူနှင့် ငှက်မွေးတောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ငယ်ရွယ်ချောမောသော တာအိုအမျိုးသားတစ်ဦးပုံ ရှိနေသည်။ ၎င်းက ၅ မှတ်တန်ပြီး ချီရွှမ်းစုက ၂၆ မှတ် ရရှိသွားသည်။ ထို့နောက် သူကလည်း ပွဲကို ရပ်လိုက်၏။
ပထမအကျော့တွင် ချီရွှမ်းစုသည် လက်ထဲမှာ ၅ ကတ် အကျန်နှင့် အနိုင်ရလိုက်သည်။ ကျန်းယွဲ့လုက ၇ ကတ် အကျန်ဖြင့် ရှုံးနိမ့်သွားသည်။ ပကျော့မှာ ကစားခဲ့သည့် ကတ်များကို ‘တမလွန်ဘုံ’သို့ ပို့လိုက်ကြသည်။
(တမလွန်ဘုံ - ကစားပြီးသား ကတ်များကို ဘေးတစ်ဖက်သို့ ဖယ်ထုတ်လိုက်ခြင်းကို ဆိုလိုသည်။)
ချီရွှမ်းစုက ပကျော့မှာ အနိုင်ရခဲ့သောကြောင့် ဒုကျော့ကို အရင်စပေးရသည်။
သူက လူသားကတ်-ဆရာရှန်ချန်ရှန့်ကို ချလိုက်၏။ ၎င်းက ၀ မှတ် ဖြစ်သော်လည်း ကတ်အုပ်ထဲမှ နောက်တစ်ကတ်ထပ်ဆွဲနိုင်သည့် ထူးခြားစွမ်းရည်ရှိသည်။ သူက ကောင်းကင်ကတ်-မဟာဓားအင်မော်တယ်လီတောက်ရှုကို ဆွဲလိုက်၏။ ကတ်မှာ ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူနှင့် ခံ့ညားသော ဓားကိုင်လူအိုကြီးတစ်ယောက်ကို ပြထားသည်။ သူက ရွှမ်အရှင်မြတ်နှင့် တုံဟွမ်၏ ခမည်းတော်ဖြစ်ပြီး ၁၅မှတ်တန် အသက်ဆန့်ကတ်လည်းဖြစ်သည်။
ကျန်းယွဲ့လုက လူသားကတ်-ဧကစာကျင့်သူပိုင်လုကို ချလိုက်၏။ ထိုသူက ဆံဖြူ၊ မုတ်ဆိတ်ဖြူနှင့် ကွန်ဖြူးရှပ်ပညာရှင်အိုကြီးတစ်ဦးဖြစ်သည်။ ကတ်မှာ ၇ မှတ်ပါပြီး ‘တမလွန်’မှ ကတ်တစ်ကတ်ကို ပြန်ခေါ်နိုင်သည့် ထူးခြားစွမ်းရည်ပါသည်။
အသက်ဆန့်ကတ်က မည်သည့်စွမ်းရည်နှင့်မှ သက်ရောက်မခံရသောကြောင့် ကျန်းယွဲ့လုက ဧကစာကျင့်သူနဂါးကို ပြန်မခေါ်နိုင်ပေ။ ထိုသို့ဖြင့် နောက်ထပ်အကောင်းဆုံး မြေကမ္ဘာကတ်-ဧကစာကျင့်သူ ကျိယန်တောင်ကိုသာ ပြန်ခေါ်လိုက်သည်။ သူမက စုစုပေါင်း ၁၆ မှတ် ရသွားသည်။
ချီရွှမ်းစုက ကောင်းကင်ကတ်-မဟာဓားအင်မော်တယ်လီတောက်ရှုကိုချပြီး ၁၅ မှတ် ရသွားသည်။ ကျန်းယွဲ့လုကလည်း မြေကမ္ဘာကတ်-မဟာကျိကျိုးယန်စုန့်ကို ချပြီး ၉ မှတ်ယူလိုက်သည်။ ထိုကတ်မှာ ကျန်းယွဲ့လု၏ မြေကမ္ဘာကတ်များအားလုံးကို ၁ မှတ်စီ တိုးပေးနိုင်သည့် ထူးခြားစွမ်းရည်လည်းပါရှိကာ သူမက စုစုပေါင်း ၂၇ မှတ် ရသွား၏။
ချီရွှမ်းစုက လူသားကတ်-မဟာသူတော်စင် ယန်ဖေးချင်ကို ချလိုက်သည်။ ရိုးရှင်းသောအဝတ်ကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းရွယ် တာအိုအမျိုးသားတစ်ဦးဖြစ်သည်။ ၎င်းက ၁၀ မှတ်တန်သော အသက်ဆန့်ကတ်လည်းဖြစ်ပြီး သူက ၂၅ မှတ် ရသွားသည်။
ကျန််းယွဲ့လုက ချီရွှမ်းစု၏ အမူအယာကို အကဲခတ်၍ ခဏမျှ တုံ့ဆိုင်းပြီးနောက် လူသားကတ်-မဟာကျိကျိုး စစ်ခုန်းတောက်ရွှမ်ကို ချလိုက်၏။ ၎င်းက ၀ မှတ် ဖြစ်သော်လည်း နောက်တစ်ကတ်ဆွဲနိုင်သည့် ထူးခြားစွမ်းရည်ရှိသည်။
ချီရွှမ်းစု၏ လက်ထဲမှာ သုံးကတ်သာကျန်တော့ပြီး သူက ပြင်ပပစ္စည်းကတ်-ကောင်းကင်ဆရာသခင်ချိပ်စည်းကို ချကာ ကတ်အုပ်ထဲမှ ‘ကောင်းကင်ဆရာသခင်’စာလုံးပါသော ကတ်များအားလုံးကို ဆင့်ခေါ်နိုင်သွားသည်။
ကောင်းကင်ကတ်တစ်ကတ်
ကောင်းကင်ဆရာသခင်ဟောင်း ကျန်းကျင်းရှို ၊ ၁၅ မှတ်။
လူသားကတ်နှစ်ကတ်
မဟာကောင်းကင်ဆရာသခင် ကျန်းလွမ်ရှန် ၊ ၉ မှတ်။
ဂျူနီယာကောင်းကင်ဆရာသခင် ၊ ယန်ဖေးချင် ၊ ၅ မှတ်။
မြေကမ္ဘာကတ်တစ်ကတ်
နန်းကျကောင်းကင်ဆရာသခင် ကျန်းကျင်းချန် ၊ ၉ မှတ်။
ဤကတ်များကနေ ၃၈ မှတ် ရရှိပြီး ယခင် ၂၅ မှတ်နှင့် ဆိုပါက ချီရွှမ်းစုသည် အလုံးစုံစုစုပေါင်း ၆၃ မှတ် ရရှိသွားသည်။ သူ့မှာ နှစ်ကတ်သာ ကျန်တော့ပြီး ပွဲကို ရပ်လိုက်၏။
ကျန်းယွဲ့လုက ဤကစားပွဲကို အနိုင်ယူပြီးမှ တတိယအကျော့သို့ သွားလိုသည်။ ထို့ကြောင့် ၉ မှတ်စီတန်သော လူသားကတ်နှစ်ကတ်-မဟာကျိကျိုးဟွမ်ရှီယွမ်နှင့် မဟာကျိကျိုးရှဲ့ဟမ်ကို ချလိုက်သည်။ သူမသည် ၁၀ မှတ်နှင့် ၈ မှတ်တန်သော ကမ္ဘာမြေကတ်နှစ်ကတ်-မဟာကျိကျိုးဝူကျန်းယွဲ့နှင့် မဟာကျိကျိုးဝူဖုန့်ချန်ကိုလည်း ချလိုက်သည်။ ဤကတ်များကနေ စုစုပေါင်း ၃၆ မှတ်ကို ရသည်။
မဟာကျိကျိုးယန်စုန့်၏ သက်ရောက်မှုကြောင့် မြေကမ္ဘာကတ်-မဟာကျိကျိုးဝူဖုန့်ချန်က တစ်မှတ်တိုးသွားသည်။ မြေကမ္ဘာကတ် မဟာကျိကျိုးဝူကျန်းယွဲ့က အသက်ဆန့်ကတ်ဖြစ်ပြီး သက်ရောက်မခံရပေ။ ထို့ကြောင့် ဤကတ်လေးကတ်ကနေ စုစုပေါင်း ၃၇ ကိုရသည်။ သူမ၏ အရင်အမှတ် ၂၇ မှတ်နှင့် ပေါင်းပါက ၆၄ မှတ် အတိအကျကိုရပြီး ချီရွှမ်းစုထက် ၁မှတ်ကလေး ပိုသာသွားလေတော့သည်။
အဆုံးအဖြတ်ပေးမည့် အကျော့ကို ရောက်လာ၏။ ချီရွှမ်းစု၏ လက်ထဲမှာ နှစ်ကတ်ကျန်ပြီး ကျန်းယွဲ့လု၏ လက်ထဲမှာ တစ်ကတ်သာကျန်သည်။ ကျန်းယွဲ့လုက ဒုကျော့မှာ အနိုင်ရထားသောကြောင့် တတိယအကျော့ကို အရင်စပေးရသည်။
ကျန်းယွဲ့လုက ခေါင်းဆောင်ကတ်ကလွဲပြီး သူမလက်ထဲမှာကျန်သည့် နောက်ဆုံးကတ်ကို ချလိုက်၏။ ၎င်းက လူသားကတ်-ရှဲယွဲ့ယင်ဖြစ်ပြီး ခေါက်ယပ်တောင်တစ်ချောင်း ကိုင်ထားသည့် ငယ်ရွယ်ချောမောသော ကွန်ဖြူးရှပ်ပညာရှင်တစ်ဦးကို ရေးဆွဲထားကာ ၅ မှတ် ပါသည်။
ချီရွှမ်းစုက လူသားကတ်-မဟာသူတော်စင်ရှန့်ကွမ်ဝမ်ကို ချလိုက်၏။ ဓားချိပ်စည်းတစ်ခုကို ကိုင်ထားသည့် တင်းမာသောမျက်နှာထားနှင့် အနက်ရောင်ဝတ်အမျိုးသမီးတစ်ဦးဖြစ်သည်။ ၎င်းမှာ ၉ မှတ်ရှိသည်။
ကျန်းယွဲ့လုက ခေါင်းဆောင်ကတ်-မူဝါဒသူတော်စင်၏ စွမ်းရည်ကို အသက်သွင်း၍ သူမ၏ လူသားကတ်ရှဲယွဲ့ယင်ကို တမလွန်ဘုံသို့ ကတ်တစ်ကတ်ပို့နိုင်သည့် ထူးခြားစွမ်းရည်နှင့် ၁၅မှတ်တန် အသက်ဆန့်ကတ် ဖြစ်လာစေသည်။ သူမသည် တမလွန်ဘုံသို့ပို့ရန် ချီရွှမ်းစု၏ လူသားကတ် မဟာသူတော်စင်ရှန့်ကွမ်ဝမ်ကို ရွေးချယ်လိုက်၏။ သူမလက်ထဲမှာ ကတ်ကျန်ကုန်သွားပြီဖြစ်၍ ကစားပွဲကို မဖြစ်မနေ ရပ်တန့်လိုက်ရသည်။
ချီရွှမ်းစုက နောက်ဆုံးလက်ကျန် ပြင်ပပစ္စည်းကတ်-ဝိညာဉ်ပြန်ခေါ်အမွှေးနံ့သာကို သုံး၍ တမလွန်ဘုံကနေ ၉ မှတ်တန်သော မဟာကောင်းကင်ဆရာသခင်ကျန်းလွမ်ရှန်ကို ပြန်ခေါ်လိုက်သည်။ ထို့နောက် သူ့ခေါင်းဆောင်ကတ်-ရွှမ်အရှင်မြတ်၏ ထူးခြားစွမ်းရည်ကို အသက်သွင်း၍ ဤကတ်၏ အမှတ်များကို နှစ်ဆတိုးကာ ၁၈ မှတ် ဖြစ်သွားစေသည်။
ထိုသို့ဖြင့် ချီရွှမ်းစုက တတိယအကျော့မှာ ၃မှတ်အသာဖြင့် အနိုင်ရသွားသည်။ သုံးကျော့မှာ နှစ်ကျော့နိုင်သောကြောင့် သူက ကစားပွဲကို အနိုင်ရသည်။
သူကတ်ကစားရသည့် အဓိကအချက်က တစ်ခုခုအနိုင်ရဖို့ဖြစ်သည်။ အစက ကျန်းယွဲ့လုသည် အပြစ်ဒဏ်အနေဖြင့် သေရည်သောက်ဖို့ အဆိုပြုထားသော်လည်း ရလဒ်ကို မည်သို့ဆိုစေ ကျန်းယွဲ့လုမှာ နစ်နာစရာ မရှိသောကြောင့် ချီရွှမ်းစုက ငြင်းပယ်ခဲ့သည်။ ထို့ကြောင့် ရှုံးသည့်သူက ထိုက်ဖျင်ဒင်္ဂါးတစ်ပြားပေးရန် ပြောင်းလဲခဲ့ကြသည်။
ကျန်းယွဲ့လုက ထိုက်ဖျင်ဒင်္ဂါးတစ်ပြားကို ချီရွှမ်းစုထံ ပစ်ပေးပြီး မျက်နှာမဲ့ကာ ပြောလိုက်သည်။
“ငါ တာအိုအဖွဲ့ကို အထာသိပ်မနပ်ဘူး”
ချီရွှမ်းစုက ပြုံး၍ ထိုက်ဖျင်ဒင်္ဂါးကို အိတ်ထဲထည့်ရင်း ပြောလိုက်၏။
“ဝမ်ရှန်းတာအိုနန်းတော်မှာတုန်းက ကျုပ်က အတန်းထဲမှာ အတော်ဆုံးပဲ၊ တာအိုအဖွဲ့မှာ ကျုပ်ကို ဘယ်သူ့မှ မနိုင်ဘူး၊ ကျုပ် အခု သိပ်တောင် အားထည့်မထားဘူး။”
“ကြွားနေပြန်ပြီ။” ကျန်းယွဲ့လုက သူ့စကားကို မယုံပေ။
“ထပ်ဆွဲကြမယ်လေ.. ငါ ကွန်ဖြူးရှပ်အဖွဲ့ကို မယူတော့ဘူး၊ နင်လဲ တာအိုအဖွဲ့ကို မယူနဲ့”
ချီရွှမ်းစုက ခေါင်းညိတ်ကာ ပြောလိုက်၏။
“ရတယ်လေ.. ကျုပ် ဗုဒ္ဓအဖွဲ့ကို ယူမယ်”
“ငါလဲ ဗုဒ္ဓအဖွဲ့ကိုယူမယ်၊ ပြည်တွင်းစစ်လေး ဆင်နွှဲလိုက်ကြတာပေါ့။”
သူတို့နှစ်ယောက်သည် ဗုဒ္ဓကတ်အစုထဲမှ တစ်ပုံစီ ဆွဲယူကြပြီး ဆက်လက်၍ ကစားလိုက်ကြ၏။ ဤတစ်ခေါက်မှာတော့ ကျန်းယွဲ့လုက နှစ်ကျော့ဆက်တိုက်အနိုင်ဖြင့် အလွယ်တကူ အနိုင်ရသွားသည်။
ကျန်းယွဲ့လုက စုတ်တစ်ချက်သပ်ကာ ပြောလိုက်၏။
“ကြည့်ရတာ နင်က တာအိုအဖွဲ့ကိုပဲ သုံးတတ်တဲ့ပုံပဲ။ သိပ်တော့လဲ ဟုတ်မနေပါဘူး။”
ချီရွှမ်းစုက ထိုက်ဖျင်ဒင်္ဂါးကို ပြန်မပေးလိုသောကြောင့် သေရည်သောက်ဖို့ ကျန်းယွဲ့လု အဆိုပြုထားသည့် ပြစ်ဒဏ်ကို လက်ခံလိုက်သည်။
သူတို့နှစ်ယောက်သည် ကတ်ကစားလိုက်၊ သေရည်သောက်လိုက်ဖြင့် အချိန်ဖြုန်းခဲ့ကြသည်။ သန်းခေါင်ယံအချိန် ချီရွှမ်းစု၏ အခန်းကနေ ကျန်းယွဲ့လု ထွက်ခွာသွားချိန်မှာ သူမထံမှ သေရည်နံ့က လှိုင်ထွက်နေပြီဖြစ်သည်။