← Chapters

စိတ်ဝိညာဉ်တပ်သားများ

Vol. 7 Ch. 63

စိတ်ဝိညာဉ်တပ်သားများ

Vol. 7 Ch. 63

လေပျံသင်္ဘောက ကျောက်စိမ်းနေပြည်တော်၏ အပြင်ဘက် ရေကန်မှာ ဆိုက်ကပ်ပြီး နှင်းလိုဖြူဖွေးသော မြူခိုးများက တရုန်းရုန်း ထကြွသွားသည်။

သူတို့အုပ်စု ကျောက်စိမ်းနေပြည်တော်ကနေ ထွက်ခွာလာစဉ်က ဆောင်းဦးနှောင်းပိုင်းဖြစ်ပြီး ယခု သူတို့ ပြန်လည်ရောက်ရှိလာသည့်အချိန်မှာ ဆောင်းရာသီ အစောပိုင်းကို ရောက်ရှိနေပြီဖြစ်သည်။ သူတို့၏ အချိန်အများစုကို လမ်းခရီးမှာပင် ကုန်ဆုံးခဲ့ကြသည်။ ကျန်းယွဲ့လုကလွဲလျှင် တခြားမည်သူကမှ ဒဏ်ရာမရရှိခဲ့ကြပေ။ သူတို့သည် လမ်းခရီးတစ်လျှောက် ဆင်းရဲဒုက္ခတချို့ကို ခံစားခဲ့ရရုံသာ ဖြစ်သည်။

ထျန်ကန်းခန်းမသည် သူတို့အုပ်စုကို ကျောက်စိမ်းနေပြည်တော်သို့ ပြန်ခေါ်သွားရန် ရေကန်ဘေးမှာ သမင်လှည်းများကို စီစဉ်ပေးထားပြီ ဖြစ်သည်။ ဤသမင်လှည်း အမျိုးအစားမှာ ဘီးလေးဘီးပါရှိပြီး လှည်းကိုဆွဲသော သမင်များသည် သာမန်မြင်းများထက် ပိုမိုသန်မာသည်။ ရထားလုံးက ကျယ်ပြန့်ပြီး သက်သောင့်သက်သာရှိကာ လူလေးယောက်ကို ကောင်းကောင်းဝင်ဆံ့စေနိုင်သည်။

ဤတစ်ခေါက်မှာ ထျန်ကန်းခန်းမသည် ကျန်းယွဲ့လုတို့ အဖွဲ့ကို ကြိုဆိုလက်ခံဖို့အတွက် သမင်လှည်း ၂၀ ကို ခမ်းခမ်းနားနား စီတန်းထားပြီး ကြီးကြပ်ရေးမှူးစွန်းယုံဖုန့်နှင့် အမှုဆောင်ထန်ပေါင့်ပေါင်တို့က ဦးဆောင်လာခဲ့သည်။

လေပျံသင်္ဘောကနေ အရင်ဆုံးဆင်းလာသည့် ကျန်းယွဲ့လုကို စွန်းယုံဖုန့် တွေ့မြင်သောအခါ သူက မျက်နှာလိုမျက်နှာရ အပြုံးတစ်ခုကို ချက်ချင်းပင် ထုတ်ဖော်ပြီး ရှေ့ကိုတက်ကာ သူမကို နှုတ်ဆက်လိုက်သည်။

“လက်ထောက်ခန်းမသခင်… ခင်ဗျားက မိစ္ဆာတွေကို သတ်ဖြတ်နှိမ်နင်းဖို့အတွက် မိုင်ပေါင်းထောင်ချီ ခရီးနှင်ပြီး ဒီတစ်ခေါက် ပင်ပင်ပန်းပန်း ကြိုးစားခဲ့တာပဲ… ခင်ဗျားက တာအိုအဖွဲ့အစည်းရဲ့ တကယ့်ကို သူရဲကောင်းတစ်ဦးပါပဲ”

“ကျွန်မကို မြှောက်ပင့်ပြောဆိုနေစရာ မလိုဘူး”

ကျန်းယွဲ့လုက အေးစက်နေမြဲပင် ဖြစ်သည်။

စွန်းယုံဖုန့်က သူမ၏ ဂရုမစိုက်သောဟန်ပန်ကို စိတ်ထဲမှာ ထည့်ထားခြင်းမရှိပေ။ သူက ပြုံး၍ ပြောလိုက်၏။

“ခန်းမသခင်က ခင်ဗျားကို ခဏခဏ လာမေးနေတာ… မိစ္ဆာတွေကို သတ်ဖြတ်ခဲ့တဲ့အတွက် ခင်ဗျားအတွက် ထျန်ကန်းခန်းမတစ်ခုလုံးက ဂုဏ်ယူနေကြတာ”

ကျန်းယွဲ့လုက ထိုစကားကို စိတ်ထဲမှာ ထည့်မမှတ်ထားပေ။

“ရှင်တို့ ပြောတဲ့ပုံက ကျွန်မက ရှေးဟောင်းအင်မော်တယ်တစ်ဦးကို သတ်ဖြတ်ခဲ့တဲ့အတိုင်းပဲ”

စွန်းယုံဖုန့်က ကျန်းယွဲ့လုကို ရှေ့ဆုံးမှာရှိသော သမင်လှည်းဆီသို့ ဦးဆောင်ကာ ခေါ်သွားသည်။ ကျန်းယွဲ့လုက သူမနှင့်အတူ လိုက်ပါရန် လင်းချွမ်ကျီနှင့်ချီရွှမ်းစုကို အမူအရာပြပြီး စွန်းယုံဖုန့်ကလည်း ထိုလှည်းထဲကိုပင် ဝင်ရောက်လိုက်သည်။

အခြားသော အမှုဆောင်လေးဦးဖြစ်သည့် မူကျင်း၊ ကျောက်ပိုင်၊ ရှုကျန်းနှင့် ထန်ပေါင့်ပေါင်တို့က ဒုတိယမြောက် သမင်လှည်းထဲကို ဝင်ရောက်လိုက်ကြသည်။

မူကျင်းက အလိုမကျသော မျက်လုံးများဖြင့် ချီရွှမ်းစုကို ကြည့်နေ၏။ သူမ၏ ထင်မြင်ချက်အရ သူမသည် အဆင့် ၅ တာအိုဆရာတစ်ဦး ဖြစ်သောကြောင့် ကျန်းယွဲ့လု၏ ဘေးမှာ ထိုင်သင့်လေသည်။ သို့သော်လည်း အဆင့် ၇ တာအိုဆရာတစ်ဦးက သူမ၏ နေရာကို ခိုးယူသွားခဲ့သည်။

သို့သော်လည်း လင်းချွမ်ကျီနှင့် အခြားသူများ၏ မျက်လုံးထဲမှာ ချီရွှမ်းစုသည် မိစ္ဆာခေါင်းဆောင် ဒက်စ်မန်ကို သတ်ဖြတ်ခဲ့သည့် သူရဲကောင်းဖြစ်သောကြောင့် ကျန်းယွဲ့လု၏ ဘေးမှာ ထိုင်ဖို့ ထိုက်တန်လေသည်။ မူချင်းကတော့ စီမုခံတပ်ကို ဝိုင်းပတ်ပိတ်ဆို့ခဲ့စဉ်မှာ ပါဝင်ခဲ့ခြင်းပင်မရှိဘဲ သူမက ချီရွှမ်းစုကို တကယ်ပင် အထင်မသေးသင့်ပေ။

ဤသည်က လူသားသဘာဝသာ ဖြစ်သည်။ လူတို့သည် ပြဿနာကို မိမိ၏ ရှုထောင့်ကနေသာ ရှုမြင်တတ်ကြသည်။ လူတို့သည် အမှန်တရားကို မိမိတို့၏ အတ္တနှင့် ချိန်ထိုး၍ ယုတ္တိတန်အောင် အကြောင်းပြချက် ပေးတတ်ကြသောကြောင့် ပဋိပက္ခများ ပေါ်ထွက်လာခြင်းဖြစ်သည်။

ချီရွှမ်းစုနှင့် ကျန်းယွဲ့လုက ရထားလုံး၏ တစ်ဖက်ခြမ်းမှာထိုင်ပြီး လင်းချွမ်ကျီနှင့် စွန်းယုံဖုန့်ကတော့ သူတို့၏ ရှေ့တည့်တည့်မှာ ထိုင်လေသည်။

ဤအချိန်ကို အသုံးချပြီး ကျန်းယွဲ့လုသည် ဤမိစ္ဆာသတ်ဖြတ်စစ်ဆင်ရေးကို ဘယ်လို အဆုံးသတ်ရမလဲ ရှင်းပြပေးလိုက်သည်။ သူမသည် အတည်ပြုချက်ရဖို့အတွက် ခန်းမသခင်ထံ အစီရင်ခံစာတစ်စောင် တင်သွင်းရမည် ဖြစ်သည်။ ဤစစ်ဆင်ရေးမှာ ပါဝင်ခဲ့သည့်သူများ အားလုံးက နှစ်လတာ အားလပ်ရက်ကို ရကြပေလိမ့်မည်။ ဤအချိန်တောအတွင်း သူတို့သည် ထျန်ကန်းခန်းမမှာ တာဝန် ထမ်းဆောင်စရာမလိုဘဲ မိမိစိတ်ကြိုက် ဘယ်အရာကိုမဆို ပြုလုပ်နိုင်ကြသည်။

ယောင်ကွမ်းဆောင်မှာ အတွင်းရေးအမှုထမ်းများကိုသာ ဆက်ထားပေလိမ့်မည်။ အစီရင်ခံစာကိုတော့ အပိုင်းသုံးပိုင်း ခွဲထားသည်။

ပထမပိုင်းသည် ဤမိစ္ဆာအုပ်စုကို သတ်ဖြတ်နှိမ်နင်းခဲ့သည့်ဖြစ်စဉ်ကို အသေးစိတ်ကျသည့် ရှင်းပြချက်တစ်ခု ထုတ်ပြန်ရန်ဖြစ်သည်။ ချီရွှမ်းစုသည် ဖြစ်စဉ်တစ်ခုလုံးမှာ ပါဝင်ခဲ့သော သူမနှင့် လင်းချွမ်ကျီ၏ ဘေးမှာ တစ်ဦးတည်းသော ရှိခဲ့သူဖြစ်သောကြောင့် ကျန်းယွဲ့လုက ဤတာဝန်ကို သူ့အား ပေးထားသည်။ သူမ သတိလစ်ခဲ့ပြီးနောက် နောက်ဆုံးတိုက်ခိုက်မှုကို ထုတ်ဖော်ခဲ့သူကလည်း ချီရွှမ်းစုပင် ဖြစ်သည်။

ဒုတိယအပိုင်းက ရှေးဟောင်းအင်မော်တယ်များ အကြောင်းဖြစ်သည်။ လင်းချွမ်ကျီသည် စီမုခံတပ်မှာ ရှေးဟောင်းအင်မော်တယ်များနှင့် ပတ်သက်သော ကျောက်စာများနှင့် နံရံဆေးရေးပန်းချီများကို ကိုယ်တိုင်ကူးယူလာခဲ့သောကြောင့် ဤအပိုင်းကို သူ့အား တာဝန်ပေးထားသည်။ မလိုအပ်သော ပြဿနာများကို ရှောင်လွှဲရန် ဤကိစ္စမှာ ပါဝင်ပတ်သက်သူနည်းလေ ပိုကောင်းလေဖြစ်သည်။

တတိယပိုင်းက ခံစားခွင့် တောင်းဆိုရန်ဖြစ်ပြီး လက်ထောက်ခန်းမသခင်အဖြစ် ကျန်းယွဲ့လုက ဤအပိုင်းကို တာဝန်ယူထားသည်။ သူမက အကျိုးဆောင်မှုများအားလုံးကို တစ်ယောက်တည်း ရယူမလား သို့မဟုတ် သူမ၏ အမှုထမ်းများကို ချီးမြှင့်ပေးမလားဆိုသည်က သူမ၏ ဆုံးဖြတ်ချက်အပေါ် မူတည်သည်။ သို့သော်လည်း ကျန်းယွဲ့လုသည် စိတ်ထားကောင်းပြီး အရည်အချင်းရှိသော ခေါင်းဆောင်တစ်ဦး ဖြစ်သောကြောင့် ချီရွှမ်းစုက သူမကို ယုံကြည်ထားသည်။

ကျန်းယွဲ့လုက ချီရွှမ်းစုနှင့် လင်းချွမ်ကျီဘက်သို့လှည့်ပြီး အကြံပေးလိုက်သည်။

“ရှင်တို့နှစ်ယောက်.. ဘာမှ စိတ်ထဲမှာ တင်းကျပ်နေစရာ မလိုဘူး… ရှင်တို့က ဒီအစီရင်ခံစာတွေကို တကယ်ပဲ မရေးနိုင်တော့ဘူးဆိုရင် အဲဒါကို အကြမ်းဖျင်းပဲရေးပြီး ကြီးကြပ်ရေးမှူးစွန်းဆီကို အပ်လိုက်… သူက အဲဒါကို အချောပြန်သပ်ပြီး ကျွန်မဆီကို ပြန်ပေးလိမ့်မယ်”

လင်းချွမ်ကျီနှင့် ချီရွှမ်းစု နှစ်ယောက်စလုံးက စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြသည်။

စွန်းယုံဖုန့်သည် ထျန်ကန်းခန်းမမှာ ကျွမ်းကျင်ကလောင်ရှင်အဖြစ် ကျော်ကြားသောကြောင့် ဤကိစ္စက သူ့အတွက် ထမင်းစားရေသောက်လို လွယ်ကူလေသည်။

ကျန်းယွဲ့လုက ထပ်ပြောလိုက်သည်။

“ဒါပေမဲ့… ရှေးဟောင်းအင်မော်တယ်တွေနဲ့ ပတ်သက်တဲ့ အပိုင်းကိုတော့ သေချာလေး ဂရုစိုက်ပေးကြပါ။”

စွန်းယုံဖုန့်၏ မျက်နှာက တည်တံ့သွားပြီး အလေးအနက်ထား ခေါင်းညိတ်လိုက်သည်။

ကျန်းယွဲ့လုက လိုက်ကာကိုမတင်ပြီး မှန်ပြတင်းပေါက်ကနေတစ်ဆင့် ရှုခင်းကို ခံစားနေသည်။ ဤအချိန်မှာ သမင်လှည်းသည် မြင်းရှစ်ကောင် ပြိုင်သွားနိုင်သည့် ကြီးမားသော ထိုက်ရှုတံတားကို ရောက်ရှိလာသည်။ မလှမ်းမကမ်းမှာ ကျောက်စိမ်းနေပြည်တော် ဝင်းတံခါးများရှိပြီး ချပ်ဝတ်တန်ဆာဝတ် စိတ်ဝိညာဉ်တပ်သားများသည် လူတိုင်း၏ အထောက်အထားများကို စစ်ဆေးနေကြသည်။

ကျန်းယွဲ့လုက လိုက်ကာကိုချပြီး သူမ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ကာ အနားယူလိုက်သည်။

ဤသမင်လှည်းများမှာ ထျန်ကန်းခန်းမ၏ အမှတ်အသားပါရှိပြီး အစောင့်တပ်သားများက စစ်ဆေးခြင်းမရှိဘဲ သူတို့ကို ခွင့်ပြုပေးလိုက်သည်။ သူတို့၏ ယာဉ်တန်းသည် ဂိတ်တံခါးများကို ဖြတ်ကျော်၍ ချန်ချင်းလမ်းအတိုင်း ရွှမ်မြို့တော်ရှိရာသို့ ဦးတည်သွားသည်။ သူတို့က ရွှမ်မြို့တော်၏ ဝင်းတံခါးသို့ ရောက်ရှိလာသည့်အချိန်မှာ ရထားလုံးထဲရှိ လူများက အပြင်ကို ထွက်မလာကြပေ။ သူတို့က တံခါးများဖွင့်ပြီး သူတို့၏ ရာထူးအဆောင်အယောင်များကို ထုတ်ပေးလိုက်ရုံသာ ဖြစ်သည်။

စိတ်ဝိညာဉ်တပ်သားများ၏ စိတ်သဘောထားက ခါတိုင်းထက် များစွာပိုကောင်းနေသည်။ သူတို့က ရာထူးအဆောင်အယောင်များကို ရိုးရှင်းစွာသာ စစ်ဆေးပြီး ခွင့်ပြုပေးလိုက်ကြသည်။

နောက်ဆုံးမှာတော့ သမင်လှည်းသည် ထျန်ကန်းခန်းမ ဝင်းတံခါးသို့ ရောက်ရှိလာပြီး ထိုနေရာမှာ ပိုမိုများပြားသော စိတ်ဝိညာဉ်တပ်သားများက စောင့်ကြပ်နေကြသည်။

စိတ်ဝိညာဉ်တပ်သားများမှာ စိတ်ဝိညာဉ်လမ်းကြောင်းတစ်ခု ရှိသည်ဟု ဆိုနိုင်သော်လည်း သူတို့မှာ ကိုယ်ပိုင်ကျင့်ကြံမှု မရှိသည့်အတွက် သူတို့ကို တာအိုဆရာများဟု မသတ်မှတ်နိုင်ပေ။

စိတ်ဝိညာဉ်တပ်သားတစ်ဦး၏ ကျင့်ကြံမှုအဆင့်သည် သူတို့၏ သက်ဆိုင်ရာ ရုံးများ ဌာနများနှင့် ကောင်းကောင်း ပတ်သက်ဆက်စပ်နေသည်။ ရှေးဟောင်းအင်မော်တယ်များနှင့် တာအိုဆရာများအကြား အဓိကကျသော ကွဲလွဲဆန့်ကျင်မှုသည် ပူဇော်ပသစွမ်းအားများကို သူတို့ အသုံးပြုကြသည့်ပုံစံ ဖြစ်သည်။ လောကတစ်ဝန်းမှာ တာအိုဘုရားကျောင်းများစွာရှိပြီး ကြီးမားကျယ်ပြန့်သော ပူဇော်ပသစွမ်းအားကို စုစည်းထားလေသည်။ သို့သော်လည်း ဤပူဇော်ပသစွမ်းအားသည် နတ်ဘုရားများအတွက်မဟုတ်ဘဲ စိတ်ဝိညာဉ်တပ်သားများ၏ ခွန်အားကို မြှင့်တင်ပေးရန် ဖြစ်သည်။

စိတ်ဝိညာဉ်တပ်သားတစ်ဦးသည် သူတို့၏ ရာထူးအဆင့်အလိုက် သက်ဆိုင်ရာ ပူဇော်ပသစွမ်းအားပမာဏကို ရရှိမည်ဖြစ်သောကြောင့် သူတို့၏ ကျင့်ကြံမှုကို မြှင့်တင်စရာ မလိုအပ်ပေ။ ဤပူဇော်ပသစွမ်းအားသည် သူတို့၏ ထူးခြားသော ချပ်ဝတ်တန်ဆာကနေတစ်ဆင့် ဂမ္ဘီရစွမ်းအားအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ သူတို့က ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသရွေ့ သူတို့သည် ဆယ်စုနှစ်များစွာ ခက်ခက်ခဲခဲ ကျင့်ကြံလာသော တာအိုဆရာတစ်ဦး၏ ကျင့်ကြံမှုနှင့် တူညီသော စွမ်းအားကို ရရှိနေပေလိမ့်မည်။

ဤအချက်ကြောင့်ပင် စိတ်ဝိညာဉ်တပ်သားများအားလုံးသည် ချပ်ဝတ်တန်ဆာကို အပြည့်အဝ ဝတ်ဆင်ထားကြခြင်း ဖြစ်သည်။

သို့သော်လည်း စိတ်ဝိညာဉ်တပ်သားတစ်ဦး ဖြစ်လာဖို့အတွက် လူတစ်ယောက်၏ မနောခွန်အားနှင့် စိတ်နေစရိုက်အတွက် မြင့်မားသော လိုအပ်ချက်များ ရှိသည်။ ပူဇော်ပသစွမ်းအားက ဂမ္ဘီရစွမ်းအားအဖြစ် ပြောင်းလဲမသွားခင် ဘွဲ့ထူးများ၊ ငွေကြေးဥစ္စာများနှင့် ကောင်းချီးများကဲ့သို့ ရှေးဦးမူလ တာအိုဘိုးဘေးထံမှ တောင်းဆိုသော လူသားတို့၏ စိတ်ဆန္ဒများစွာ ရောထွေးပါဝင်နေသောကြောင့် သန့်စင်မှုမရှိချေ။ ထို့ကြောင့် ၎င်းသည် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီးနောက် စိတ်ကို အနှောင့်အယှက်ပေးသော ဆူညံသံတစ်ခုကို ဖြစ်ပေါ်လာစေသည်။ လူတစ်ယောက်က ထိုဆူညံသံကို တောင့်မခံနိုင်ဘဲ မျောပါသွားမည်ဆိုလျှင် ကျရှုံးမှုတစ်ခု ဖြစ်သွားပေလိမ့်မည်။

တာအိုဂိုဏ်းတော်မှာ ကိုယ်ကာယကို ကြံ့ခိုင်စေဖို့အတွက် အမျိုးမျိုးသော နည်းလမ်းများရှိသော်လည်း လူတစ်ယောက်၏ စိတ်နေစရိုက်ကို ကြံ့ခိုင်စေဖို့က ခဲယဉ်းသည်။ ထိုအချက်က သဘာဝအပေါ် မူတည်နေသည်။ များသောအားဖြင့် စိတ်ဝိညာဉ်တပ်သားတစ်ဦးမှာ သန်မာသော စိတ်နေစရိုက်နှင့် သင့်တင့်သော ပင်ကိုအရည်အချင်းရှိလေသည်။ ထို့ကြောင့်ပင် မြင့်မားသော ပင်ကိုအရည်အချင်းနှင့် သန်မာသော စိတ်နေစိတ်ထားရှိသူများသည် တစ်ဆင့်နိမ့်ကျသော စိတ်ဝိညာဉ်တပ်သားတစ်ဦးဖြစ်ဖို့ထက် တာအိုဆရာတစ်ဦးဖြစ်လာဖို့ကို ရွေးချယ်ကြခြင်း ဖြစ်သည်။

ဒါ့အပြင် အဆင့်မြင့်စိတ်ဝိညာဉ်တပ်သားတစ်ဦး၏ ချပ်ဝတ်တန်ဆာက သွန်းလုပ်ရန်ခက်ခဲပြီး ကုန်ကျစရိတ် များပြားသည်။ ၎င်းသည် နတ်သက်ကြွေအင်မော်တယ်များကို အတင်းအကျပ်ဖန်တီးရသလောက် ကုန်ကျစရိတ် မများလျှင်တောင် သာမန်တာအိုဆရာတစ်ဦးကို လေ့ကျင့်ပေးရသည့်ထက် ကုန်ကျငွေ များစွာပိုမိုလေသည်။ ဤအချက်ကြောင့် တာအိုဂိုဏ်းတော်မှာ အဆင့်မြင့် စိတ်ဝိညာဉ်တပ်သား များစွာ မရှိချေ။

စိတ်ဝိညာဉ်တပ်သား တစ်ဦးဖြစ်လာခြင်း၏ အားနည်းချက်မှာ ကျင့်ကြံမှုကို သူတို့ကိုယ်တိုင် မပိုင်ဆိုင်ရခြင်း ဖြစ်သည်။ စိတ်ဝိညာဉ်တပ်သားတစ်ဦးက သူတို့၏ သက်ဆိုင်ရာ ရုံးကနေ ဖြုတ်ချခံရမည်ဆိုလျှင် သူတို့မှာ မည်သည့်ဂမ္ဘီရစွမ်းအားမှ ကျန်ရှိတော့မည် မဟုတ်ပေ။ သူတို့က ရာထူး လျှော့ချခံရမည်ဆိုလျှင် သူတို့၏ ကျင့်ကြံမှုအဆင့်ကလည်း သက်ဆိုင်ရာအလိုက် လျော့ကျသွားပေလိမ့်မည်။

ထို့ကြောင့် စိတ်ဝိညာဉ်တပ်သားများသည် တာအိုဂိုဏ်းတော်၏ အမိန့်ကို အပြည့်အဝ နာခံကြသည်။ ထို့ကြောင့်လည်း စိတ်ဝိညာဉ်တပ်သားများ၏ အဆင့်အတန်းသည် တာအိုဆရာများထက် အမြဲတမ်း တစ်ဆင့်ပိုနိမ့်ကျနေခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ တာအိုဆရာများသည် ကျင့်ကြံမှုကို သူတို့၏ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုကနေတစ်ဆင့် ရရှိလာခြင်း ဖြစ်သည်။ သူတို့သည် တစ်နေ့မှာ တာအိုဂိုဏ်းတော်ကနေ ထွက်ခွာသွားမည်ဆိုလျှင်ပင် သူတို့၏ ကိုယ်ပိုင်ကျင့်ကြံမှုကို ဆက်လက်ရရှိနေဦးမည် ဖြစ်သည်။

ထို့ကြောင့် အဆင့်တူခြင်းမှာ တာအိုဆရာများသည် စိတ်ဝိညာဉ်တပ်သားများထက် အဆင့်အတန်းအရ ပိုမိုမြင့်မားသည်။ ပထမအဆင့် စိတ်ဝိညာဉ်တပ်သားများပင်လျှင် သာမန် ဒုတိယအဆင့် ထိုက်ယီတာအိုဆရာများနှင့်သာ အဆင့်အတန်းချင်းတူညီပြီး တန်ခိုးရှင်သူတော်စင်များထက် အဆင့်အတန်းအရ ပိုမိုနိမ့်ကျနေသည်။

စိတ်ဝိညာဉ်တပ်သားများကို ပျိုးထောင်ပေးထားသည့် တာအိုဂိုဏ်းတော်၏ ရည်ရွယ်ချက်သည် ဂိတ်တံခါးများ သို့မဟုတ် မြို့တော်များကို စောင့်ကြပ်ရခြင်းကဲ့သို့ အဆင့်မြင့် တာအိုဆရာများ မပြုလုပ်လိုသည့် သို့မဟုတ် လုပ်ဆောင်ဖို့ အချိန်မရှိသည့် တာဝန်များကို ထမ်းဆောင်စေရန် ဖြစ်လေသည်။ အဆင့်နိမ့် တာအိုဆရာများကလည်း ဤကဲ့သို့သော တာဝန်များကို ထမ်းဆောင်ဖို့ မတတ်နိုင်ကြဘဲ အမှားအယွင်းများစွာကို ပြုလုပ်နိုင်လေသည်။ ထို့ကြောင့် သူတို့၏ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ဖို့အတွက် အချိန်ပေးစရာ မလိုအပ်သော စိတ်ဝိညာဉ်တပ်သားများက ဤကဲ့သို့သောနေရာများမှာ အသင့်တော်ဆုံး အမှုထမ်းများ ဖြစ်လာလေသည်။

တာအိုဂိုဏ်းတော်မှာ စိတ်ဝိညာဉ်တပ်သား ထက်ဝက်သည် ထျန်ကန်းခန်းမ၏ အမိန့်အောက်မှာ ရှိနေကြသည်။ နတ်ဆရာဂိုဏ်းနှင့် ဆန့်ကျင်တိုက်ခိုက်ရသော အနောက်ဘက်ဒေသစစ်ပွဲမှာ ထျန်ကန်းခန်းမက ပို့လွှတ်သော စစ်ကူများကို စိတ်ဝိညာဉ်တပ်သားများဖြင့် အဓိကထား ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ချီရွှမ်းစုက လှည်းထဲကနေ အရင်ဆုံးထွက်လိုက်၏။ သူက တံခါးကိုဖွင့်ပြီး ကျန်းယွဲ့လု ဆင်းအလာကို စောင့်နေ၏။ ကျန်းယွဲ့လုက ရထားလုံးထဲကနေ ထွက်လာပြီးနောက် သူ့ကို ပြောလိုက်၏။

“ရှင်တို့ အားလုံး ယောင်ကွမ်းဆောင်ကို ပြန်သွားနှင့်ကြ… ကျွန်မကတော့ ခန်းမသခင်နဲ့ သွားတွေ့လိုက်ဦးမယ်”

ချီရွှမ်းစုက ရထားလုံးတံခါးကိုပိတ်ပြီး နာခံစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။ သူတို့အုပ်စုသည် တင်းတင်းကျပ်ကျပ် စောင့်ကြပ်နေသော ထျန်ကန်းခန်းမထဲသို့ ဝင်ရောက်လာကြသော်လည်း ကျန်းယွဲ့လုက ပင်မခန်းမသို့ တန်းသွားပြီး သူမ၏ အခြွေအရံများ အားလုံးကတော့ ယောင်ကွမ်းဆောင်သို့ သွားကြလေသည်။

ဤတစ်ခေါက်မှာတော့ ချီရွှမ်းစုသည် ကြီးကြပ်ရေးမှူးနှစ်ဦးနှင့် ပခုံးချင်းယှဉ် လျှောက်နေသည်။ စွန်းယုံဖုန့်က ချီးကျူးစကားပြောဆိုလိုက်၏။

“ညီကိုချီ… ဒီတစ်ခေါက် မင်းက အောင်မြင်မှု ကြီးကြီးမားမား ရလာခဲ့တာပဲ… မင်းက အဆင့် ၆ ကို တိုးမြှင့်ပေးခံရတော့မယ်”

“အခုလို ပြောပေးတာ ကျေးဇူးတင်ပါတယ် ကြီးကြပ်ရေးမှူးစွန်း”

ချီရွှမ်းစုက ဆက်လက်၍ နှိမ့်ချထား၏။

လင်းချွမ်ကျီက ပြုံး၍ပြောလိုက်၏။

“ထျန်းယွမ်… မင်း ဘာမှနှိမ့်ချနေစရာ မလိုဘူး… ဒါက မငြင်းဆန်နိုင်တဲ့ အချက်ပဲ… နောက်ပြီး အဆင့် ၆ တာအိုဆရာတစ်ဦးရဲ့ လစာက အဆင့် ၇ တာအိုဆရာတစ်ဦးထက် အများကြီး ပိုတယ်… ညီကိုစွန်း ခင်ဗျားက ဒီနေရာကို တာဝန်ယူထားတာ ဆိုတော့ သူ့ကိုရှင်းပြပေးလိုက်ပါဦး”

စွန်းယုံဖုန့်က ဝင်ပြောလိုက်၏။

“အဆင့် ၆ တာအိုဆရာတစ်ဦးအတွက် အခြေခံလစာက ထိုက်ဖျင်ဒင်္ဂါး ၃၀ ပဲ… ထျန်ကန်းခန်းမမှာ တစ်လကို ထိုက်ဖျင်ဒင်္ဂါး ၂၀ လောက်ပေးတဲ့ ထူးခြားတဲ့ ထောက်ပံ့ကြေးတစ်ခုရှိတယ်… ညီကိုချီ မင်းက အသက် ၃၀မပြည့်ခင် အဆင့် ၆ ကို တိုးမြှင့်ပေးခံရတာ ဆိုတော့.. မင်းကို အလုပ်သင်ပညာရင်တစ်ဦးလို့ ဆိုနိုင်တယ်… အဲဒီအချက်ကြောင့်ပဲ မင်းက တစ်လကို နောက်ထပ်ထောက်ပံ့ကြေး ထိုက်ဖျင်ဒင်္ဂါး ၁၀ ရလိမ့်မယ်”

“ဒီခရီးစဉ်လိုမျိုး စစ်ဆင်ရေးတစ်ခုခုအတွက် မင်းက အပြင်ကို သွားရမယ်ဆိုရင် အပိုထပ်ဆောင်း ထောက်ပံ့ကြေးက အလုပ်တာဝန်ပေါ် မူတည်လိမ့်မယ်… ပျမ်းမျှအားဖြင့်တော့ မင်းက တစ်နှစ်ကို ထိုက်ဖျင်ဒင်္ဂါး ၈၀၀ လောက် ရလိမ့်မယ်”

ထိုပမာဏမှာ ချီရွှမ်းစုက တုန်လှုပ်သွား၏။

“ဒါက တကယ့်ကို နည်းတဲ့ပမာဏ မဟုတ်ဘူးပဲ… ကျုပ်အနေနဲ့ အိမ်တစ်လုံးနဲ့ မြေတစ်ကွက်တောင် ဝယ်လို့ရနေပြီ… မြို့ငယ်လေးတွေမှာဆိုရင် ကျုပ်ကို ကြွယ်ဝတဲ့ လူတစ်ယောက်လို့ ဆိုနိုင်ပြီပေါ့”

“မင်းက အိမ်နဲ့မြေကွက်ကို တခြားဘယ်မှ သွားဝယ်စရာ မလိုဘူး။”

စွန်းယုံဖုန့်က ရယ်မောကာ ပြောလိုက်သည်။

“တူကျစ်ခန်းမက မင်းကို ကျောက်စိမ်းနေပြည်တော်မှာ နေရာထိုင်ခင်း ခံစားခွင့် ထောက်ပံ့ပေးလိမ့်မယ်… ဘယ်လောက်ထောက်ပံ့မလဲဆိုတာကတော့ မင်းရဲ့အဆင့်နဲ့ ရာထူးပေါ် မူတည်လိမ့်မယ်… ညီကိုချီ မင်းရဲ့အဆင့်အရဆို မင်းက ထိုက်ဖျင်ဒင်္ဂါး ၁၀၀၀ လောက် ရလိမ့်မယ်… မင်းမှာ နေစရာနေရာတစ်ခု ရှိပြီးသားဆိုရင် ဒီခံစားခွင့်က မင်းရဲ့ ငွေကြေး အပိုအလျှံ ဖြစ်လာလိမ့်မယ်”

လင်းချွမ်ကျီက ထပ်ပြောလိုက်သည်။

“ဒါက ထျန်ကန်းခန်းမမှာ တာဝန်ထမ်းဆောင်ရတဲ့ အမှုထမ်းတွေအတွက် အထူးအခွင့်အရေးပဲ… ဒေသဆိုင်ရာ တာအိုစံအိမ်တွေနဲ့ အဆင့်နိမ့်ခန်းမတချို့မှာ ဒီလိုမျိုး ခံစားခွင့်တွေ မရကြဘူး… သူတို့တွေက ထိုက်ဖျင်ဒင်္ဂါး ၅၀၀ ထက် ပိုရမှာမဟုတ်လောက်ဘူး”

စွန်းယုံဖုန့်က သဘောတူကာ ပြောဆိုလိုက်၏။

“ကျင့်ကြံမှုက လူတစ်ယောက်ရဲ့ ကြိုးစားအားထုတ်မှုပေါ် မူတည်တယ်ဆိုပေမဲ့ နတ်ဆေးတွေနဲ့ ဆေးလုံးတွေကို မှီဝဲတာက ကျင့်ကြံမှုအဆင့်ကို မြန်မြန်ဆန်ဆန် မြှင့်တင်ပေးနိုင်တယ်… အဲဒါကြောင့်ပဲ ငါတို့ရဲ့ ငွေကြေးတွေက ရေလိုစီးကျနေပြီး ဝင်ငွေနဲ့ထွက်ငွေက အလျင်မမီနိုင် ဖြစ်နေတာပဲ… မင်းက တိုက်ပွဲတစ်ပွဲမှာ အဆောင်လက်ဖွဲ့တချို့ကို ဆုံးရှုံးသွားမယ်ဆိုရင် ဒါမှမဟုတ် မင်းရဲ့ဓားပျံနဲ့ မှော်လက်နက်တွေက ပျက်စီးထိခိုက်သွားမယ်ဆိုရင် အဲဒါတွေကို ပြင်ဆင်ဖို့အတွက်လည်း ကုန်ကျစရိတ်တွေ ရှိလာဦးမယ်”

“ပြန်လည်ပြင်ဆင်စရိတ်ကို ကျုပ်တို့က ပြန်ထုတ်လို့ မရဘူးလား.. ဒါမှမဟုတ် အဆောင်လက်ဖွဲ့တွေနဲ့ မှော်လက်နက်တွေကို ပြန်အစားထိုးမပေးဘူးလား”

ချီရွှမ်းစုက အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်သည်။

လင်းချွမ်ကျီက ရယ်မောကာ ပြောလိုက်၏။

“မင်းက အဲဒီကုန်ကျငွေတွေကို ပြန်ထုတ်ချင်တယ်ဆိုရင် မင်းမှာ လုံလောက်တဲ့ အကြောင်းရင်း ဒါမှမဟုတ် တရားဝင်ဖြစ်တဲ့ အကြောင်းပြချက် ရှိရလိမ့်မယ်… ဥပမာ.. ဒီတစ်ခေါက် မိစ္ဆာတွေကိုသတ်ဖြတ်တဲ့ ငါတို့ရဲ့ စစ်ဆင်ရေးက တရားဝင် အကြောင်းပြချက်ပဲ… ဒါပေမဲ့ လူတိုင်းမှာ ရန်သူတချို့နဲ့ တခြားအရေးပေါ် ကိစ္စတွေ ရှိတတ်ကြတယ်.. ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေအတွက်သုံးတဲ့ အရင်းအမြစ်တွေကိုတော့ ပြန်ထုတ်လို့ မရဘူး”

စွန်းယုံဖုန့်က ပြောလိုက်၏။

“နောက်ပြီး.. အစားအသောက်၊ အဝတ်အစား၊ အစေခံတွေငှားရမ်းတာနဲ့ လူမှုရေးကိစ္စတွေအတွက်လည်း ကုန်ကျစရိတ်တွေ ရှိတယ်… မင်းက ရွယ်တူတန်းတူတွေကြားမှာ လှောင်ပြောင်မခံရဖို့အတွက် မင်းရဲ့ရုပ်ရည်သွင်ပြင်နဲ့ လူနေမှုအဆင့်အတန်းကို အမြဲတမ်း ထိန်းထားရလိမ့်မယ်… ငါတို့မှာ ငွေကြေးသုံးစွဲရမယ့် ကိစ္စတွေမှ အများကြီးပဲ”

လင်းချွမ်ကျီက ရွှင်ပျစွာဖြင့် ပြုံး၍ပြောလိုက်၏။

“ငါ့လိုမျိုး အိမ်ထောင်မပြုတဲ့ ကိုယ်တော်တစ်ဦးအတွက်တော့ ရတဲ့ငွေနဲ့ လုံလောက်သားပဲ… ဒါပေမဲ့လို့ မင်းက လက်ထပ်ထိမ်းမြားချင်တယ်ဆိုရင် ဒါမှမဟုတ် မိသားစုဘဝတစ်ခုကို စတင်ချင်တယ်ဆိုရင်တော့ အဲဒါက.. လောက်ငှပါ့မလား ငါလည်း မပြောတတ်ဘူး။”

All Chapters