သတင်းစကား
Vol. 7 Ch. 65
ကျန်းယွဲ့လုက မချမ်းသာသော်လည်း သူမသည် ခန်းမသခင်၏ လက်ဆောင်ကိုတော့ ရောင်းမစားလိုပေ။ ခန်းမသခင်သည် သူမ၏ အထက်လူကြီးဖြစ်ရုံသာမက သူမရိုသေလေးစားရသည့် အကြီးအကဲတစ်ဦးလည်း ဖြစ်သည်။
ချီရွှမ်းစု၏ အမူအရာကိုကြည့်ပြီး သူပြောချင်သည့်စကားကို ကျန်းယွဲ့လုက ခန့်မှန်းမိလိုက်၏။ သူမက ရယ်ရမလား ငိုရမလား မသိတော့ပေ။
“နင် တော်တော် ကပ်စေးနည်းတာပဲ… အဲဒီ လက်မှတ်နှစ်စောင်ကို ခန်းမသခင်က လက်ဆောင်ပေးထားတာ.. ငါက အဲဒါကို ပြန်ရောင်းစားလို့ ဘယ်ဖြစ်ပါ့မလဲ”
“ဪ... ဒါနဲ့”
ချီရွှမ်းစုက ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်၏။
“ပြဇာတ်ပွဲရုံက ဘယ်နေရာမှာလဲ… အဲဒါက ရွှမ်မြို့တော်ထဲမှာလား”
ကျန်းယွဲ့လုက ဖြေပေးလိုက်၏။
“ထိုက်ရှန်အကွက်မှာ”
ချီရွှမ်းစုက အံ့အားသင့်သွား၏။ ပြဇာတ်ပွဲရုံသည် ကျောက်စိမ်းနေပြည်တော်၏ မြို့ကွက် ၂၄ ကွက်ထဲမှ အကောင်းဆုံးအကွက်တွင် ရှိလိမ့်မည်ဟု သူထင်မှတ်မထားပေ။ ချီရွှမ်းစုက ထိုက်ရှန်အကွက်ကို ကြားဖူးသော်လည်း ထိုနေရာကို ဘယ်တုန်းကမှ မရောက်ရှိခဲ့ဖူးပေ။
“မနက်ဖြန်က ရှစ်လပိုင်း ၁၅ ရက်နေ့၊ ရေနတ်ဘုရားရဲ့ မွေးနေ့ဖြစ်တဲ့ ရှယွမ်ပွဲတော်ပဲ”
ကျန်းယွဲ့လုက သူ့ကို အကဲခတ်ကြည့်ကာ ပြောလိုက်၏။
“ငါ နင့်ကို ညနေစောင်းရင် ထိုက်ရှန်အကွက်ရဲ့ အရှေ့ဘက်ဝင်းတံးခါးမှာ စောင့်နေမယ်… သားသားနားနား ဝတ်လာခဲ့ဖို့ မမေ့နဲ့ဦး”
ချီရွှမ်းစုက မေးလိုက်၏။
“မူကျင်းကရော”
“နင် သူ့ကို ဘာလို့ ရုတ်တရက် သတိရသွားတာလဲ”
ကျန်းယွဲ့လုက ခဏမျှ မှင်သက်သွား၏။ သို့သော်လည်း သူမက တစ်စုံတစ်ရာကို အလျင်အမြန် သဘောပေါက်သွားသည်။
“သူ နင့်ကို ပြဿနာလာရှာသေးတာလား”
ချီရွှမ်းစုက ပြန်ဖြေလိုက်၏။
“ကျုပ် ကြောက်လို့တော့ မဟုတ်ဘူး… ကိစ္စတွေကို ထိန်းချုပ်မှုကနေ လွတ်ထွက်မသွားစေချင်ရုံပဲ”
ချီရွှမ်းစု၏ စကားကို ကျန်းယွဲ့လုက သံသယမရှိပေ။ သူသည် မည်သည့် ကြောက်ရွံ့မှုမှမရှိဘဲ မိစ္ဆာခေါင်းဆောင် ဒက်စ်မန်ကို ထိုးချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ခဲ့သည်။ ထို့ကြောင့် သူက မူကျင်းကို ကြောက်နေစရာ အကြောင်းမရှိပေ။ တကယ်ဆို ချီရွှမ်းစုနှင့် ရှုခိုက အတူတူပဲဟု မူကျင်းပြောခဲ့သည့်စကားက မမှားပေ။ အတိုင်းအတာတစ်ခုအထိ သူတို့နှစ်ယောက်က တကယ်ပင် တူညီနေကြသည်။
သူမက သက်ပြင်းချ၍ နားထင်ကို လက်ဖြင့်ပွတ်သပ်ကာ ပြောလိုက်၏။
“အဲဒီကိစ္စကို ငါ့တာဝန် ထားလိုက်စမ်းပါ”
“ကောင်းပါပြီ”
ချီရွှမ်းစုက နာခံ၍ အစီရင်ခံစာကို ကျစ်ကျစ်လျစ်လျစ်ပုံစံဖြင့် ပြန်လည်ရေးသားရန် ဗလာစာရွက်တစ်ရွက်ကို ထုတ်ယူလိုက်၏။
ကျန်းယွဲ့လုက မတ်တတ်ထရပ်ပြီး သူ့ကို သတိပေးလိုက်သည်။
“အဲဒါကို ကောင်းကောင်းရေးထား… နောက်ပြီးကျရင် ငါပြန်စစ်မယ်”
“ကောင်းပါပြီ လက်ထောက်ခန်းမသခင်ခင်ဗျာ”
ချီရွှမ်းစုက အားငယ်နေသောလေသံဖြင့် နာခံလိုက်သည်။
ကျန်းယွဲ့လုက တစ်ဖက်သို့လှည့်ပြီး ပင်မခန်းမ၏ အတွင်းခန်းထဲသို့ ဝင်သွားတော့သည်။ သူမမှာလည်း ကိုင်တွယ်စရာ အလုပ်ကိစ္စများစွာ ရှိနေ၏။
ချီရွှမ်းစုသည် အစီရင်ခံစာရေးရင်း တစ်နေ့နီးပါး ကုန်ဆုံးသွားသည်။ သူက အဲဒါကို စွန်းယုံဖုန့်ထံအပ်ပြီး စိစစ်တည်းဖြတ်ကာ အချောသပ်ရေးသားပေးရန် တောင်းဆိုလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ထိုက်ဖျင်ဒင်္ဂါး ၁၆၀ ကိုလည်း ထုတ်ယူလိုက်သည်။
ပုံမှန်အားဖြင့် ခန်းမကိုးဆောင်မှာ တာဝန်ထမ်းဆောင်နေသော တာအိုဆရာများသည် သူတို့၏ လစာများကို တူကျစ်ခန်းမထံကနေ ထုတ်ယူရသည်။ သို့သော်လည်း ထျန်ကန်းခန်းမမှ အဖွဲ့ဝင်များသည် မကြာခဏ ခရီးထွက်နေရပြီး သူတို့မှာ တိကျသော အချိန်ဇယားမရှိပေ။ ထို့ကြောင့် ခန်းမကိုးဆောင်ထဲမှာ သူတို့က ချွင်းချက်ရထားသည်။
သူတို့သည် လစာထုတ်ယူဖို့အတွက် တူကျစ်ခန်းမသို့ သွားစရာမလိုပေ။ ထိုအစား တူကျစ်ခန်းမသည် ငွေကြေးကို ထျန်ကန်းခန်းမထံ လွှဲပြောင်းပေးပြီး ထျန်ကန်းခန်းမက သူတို့၏ အမှုထမ်းများကို ခွဲဝေပေးပေလိမ့်မည်။ သို့သော်လည်း ခံစားခွင့်များကို ခွဲဝေပေးခြင်းက များပြားသော ပမာဏဖြစ်သောကြောင့် ကြန့်ကြာတတ်လေသည်။ ထို့ကြောင့် ချီရွှမ်းစုသည် သူ၏ခံစားခွင့်များကို လာမည့်နွေဦးပိုင်းမှသာ ရရှိပေလိမ့်မည်။
ယောင်ကွမ်းဆောင်ကနေ ချီရွှမ်းစု ထွက်ခွာသွားပြီးနောက် သူက မထင်မှတ်ထားသောလူနှင့် ဆုံမိသွား၏။ ထိုသူက ရှုခို ဖြစ်သည်။
သူတို့နှစ်ယောက် နောက်ဆုံးတွေ့ခဲ့ချိန်က ၈ လပိုင်း ၁၆ ရက်နေ့ ဖြစ်သည်။ တစ်ခဏချင်းမှာပင် ၁၀ လပိုင်း အလယ်ကို ရောက်ရှိလာခဲ့လေပြီ။ ထိုအချိန်မှစ၍ နှစ်လတာကုန်ဆုံးသွားခဲ့ပြီး ရှုခိုက နောက်ဆုံးတွေ့ဆုံခဲ့တုန်းကလို မောက်မာခက်ထန်ခြင်း မရှိတော့ပေ။ သူက ချီရွှမ်းစုကိုပင် အရင်စတင် နှုတ်ဆက်လိုက်သည်။
“ကျုပ်တို့တွေ နှစ်ယောက်တည်း စကားပြောလို့ ရမလား”
“ရတာပေါ့”
ချီရွှမ်းစုက ငြင်းဆန်ခြင်း မရှိပေ။
သူတို့နှစ်ယောက်က ထျန်ကန်းခန်းမကနေ အတူထွက်ခွာ၍ နွားလှည်းတစ်စီးကိုငှားကာ ရွှမ်မြို့တော်ကနေ ထိုက်ချင်းရင်ပြင်သို့ ထွက်လာခဲ့သည်။ လမ်းမှာ ရှုခိုသည် မိစ္ဆာသတ်ဖြတ်စစ်ဆင်ရေး၏ အသေးစိတ် အချက်အလက်များကို မေးမြန်းခဲ့သည်။ ချီရွှမ်းစုကလည်း ထိန်ချန်ထားခြင်းမရှိဘဲ မေးခွန်းတိုင်းကို ဖြစ်ပျက်ခဲ့သည့်အတိုင်း ဖြေပေးခဲ့၏။
ထိုက်ချင်းရင်ပြင်မှာ ဈေးဆိုင်များနှင့် စားသောက်ဆိုင်များ များစွာရှိပြီး ရှုခိုက အတော်လေး တိတ်ဆိတ်ငြိမ်သက်သည့် စားသောက်ဆိုင်တစ်ဆိုင်ကို ရွေးချယ်လိုက်၏။ သူတို့ ထိုင်ပြီးနောက် ရှုခိုက မေးလိုက်၏။
“ခင်ဗျား သောက်တတ်လား”
ကျန်းယွဲ့လုနှင့် တွေ့ဆုံခဲ့ပြီးနောက် ချီရွှမ်းစု၏ သောက်နိုင်စွမ်းက မြင့်တက်လာခဲ့ပြီဖြစ်သည်။ သူက ခဏမျှတုံ့ဆိုင်းပြီးနောက် ပြောလိုက်၏။
“နည်းနည်းပါးပါးပေါ့”
ရှုခိုက ခေါင်းညိတ်၍ ဝိုင်အေး နှစ်ပိုင့်ကို မှာလိုက်လေသည်။
စားပွဲထိုးက သူတို့ကို အလျင်အမြန် တည်ခင်းပေးလိုက်သည်။
ရှုခိုနှင့် ချီရွှမ်းစုက ဝိုင်ခွက်တစ်ခွက်စီကို ကိုင်လိုက်ကြ၏။ ရှုခိုက ဖန်ခွက်ရှည်ကို လက်နှစ်ဖက်ဖြင့် ကိုင်ပြီး အရင်စတင်၍ တောင်းပန်လိုက်သည်။
“အရင်တစ်ခေါက်က ကျုပ်ရဲ့ အပြုအမူအတွက် ဒီတစ်ခါ တောင်းပန်ပါရစေ… မိစ္ဆာခေါင်းဆောင်ကို ခင်ဗျားသတ်ခဲ့တယ်လို့ ကြီးကြပ်ရေးမှူး လင်းချွမ်ဆီကနေ ကျုပ်ကြားမိတဲ့အချိန်မှာ ခင်ဗျားရဲ့ ရုပ်ရည်သွင်ပြင်ကို ကြည့်ပြီး အကဲဖြတ်မှားခဲ့တယ်ဆိုတာ ကျုပ် ဝန်ခံပါတယ်”
“အမှုဆောင်အဖြစ် ခင်ဗျားရဲ့ ခန့်အပ်ခံရမှုနဲ့ ပတ်သက်ပြီး ကျုပ်မှာ ကန့်ကွက်စရာ မရှိတော့ဘူး… လက်ထောက်ခန်းမသခင်ကလည်း တကယ်ကို လူကဲခတ်တော်တဲ့ သူပဲ… သူက ကျုပ်ထက် အသေချာပေါက် ပိုပြီး ပါးနပ်ပါပေတယ်”
ရှုခိုက ဤမျှအထိ ပွင့်ပွင့်လင်းလင်း ပြောဆိုလာလိမ့်မည်ဟု ချီရွှမ်းစုက ထင်မှတ်မထားပေ။ သူက လက်ကာပြပြီး ပြောလိုက်၏။
“ညီကိုရှု... အဲဒါနဲ့ ပတ်သက်ပြီး ဘာမှ ပူမနေနဲ့… ဘာပဲပြောပြော အဲဒီနေ့က ကျုပ်လည်း ခင်ဗျားကို ရန်စခဲ့တာပဲ… ကျုပ်တို့ ကျေပြီပေါ့”
ရှုခိုက ပြုံးလိုက်၏။
“ကျုပ်က ချီကျိုးတာအိုစံအိမ်မှာ အကြာကြီး နေခဲ့ဖူးတယ်… အဲဒါက ထိုက်ဖျင်ဂိုဏ်းရဲ့ ဌာနချုပ်ပဲ… အဲဒီမှာ လီမိသားစုက မျိုးဆက်တွေ အများကြီး ရှိတယ်… အဲဒီမိသားစုမှာ မျိုးဆက်အလိုက် လက်ဆင့်ကမ်းလာခဲ့တဲ့ စိတ်နေစိတ်ထား ပြဿနာတစ်ခု ရှိတယ်”
“ကျုပ်က အဲဒီမှာ အကြာကြီးနေလာပြီးတဲ့နောက် သူတို့ရဲ့ စိတ်နေစိတ်ထားနဲ့ အသားကျလာခဲ့ပြီ… ညီကိုချီ... ပြောရမယ်ဆိုရင် အဲဒီနေ့က ခင်ဗျားပြောခဲ့တဲ့ စကားကြောင့် ခင်ဗျားက လီမိသားစုဝင်ဖြစ်မယ်လို့ ကျုပ် ထင်မိသွားသေးတယ်။”
ရှုခို၏စကားက သူ့ကို ချီးကျူးနေတာလား သို့မဟုတ် စော်ကားနေတာလား ချီရွှမ်းစု မပြောတတ်ပေ။ ထို့ကြောင့် သူက ဝိုင်ခွက်ကိုကိုင်ပြီး စုပ်သောက်လိုက်သည်။
ရှုခိုက ဆက်ပြောလိုက်သည်။
“ကျုပ်က လက်ထောက်ခန်းမသခင်ကို စော်ကားခဲ့ပြီး ခင်ဗျားက သူ့ရဲ့လူယုံတော်ဖြစ်နေတော့ ခင်ဗျား ကျုပ်နဲ့ လက်ခံတွေ့ဆုံမှာ မဟုတ်ဘူးလို့တောင် ကျုပ် ထင်နေတာ”
ချီရွှမ်းစုက ဝိုင်ခွက်ကိုချပြီး ပြောလိုက်၏။
“လက်ထောက်ခန်းမသခင်က သဘောထားသေးသိမ်တဲ့ လူမဟုတ်ဘူး”
ရှုခိုက သက်သာပျောက်ကင်းလာပြီဖြစ်သည့် ကျိုးခဲ့သော သူ့လက်ကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။
“သူက သဘောထားသေးသိမ်လား မသေးသိမ်လားတော့ ကျုပ်မသိဘူး… ဒါပေမဲ့ သူက ရက်စက်တဲ့လူတစ်ယောက် ဖြစ်တယ်လို့တော့ ဆိုရမယ်… သူ့ကို ဘယ်သူကမှ ချိုးနှိမ်လို့မရဘူး… အရင်တုန်းက လီထျန်ကျန်းတောင် ရှုံးနိမ့်သွားခဲ့ရတယ်”
ချီရွှမ်းစုက သတိပေးလိုက်၏။
“ချိုးနှိမ်တယ်ဆိုတဲ့စကားက တင်စီးလွန်းတယ်… အမျိုးသမီးတွေပေါ် ဒီလိုမျိုး ခွဲခြားဆက်ဆံတာကို တာအိုဂိုဏ်းတော်က ခွင့်ပြုမှာမဟုတ်ဘူး”
“အဲဒါ အမှန်ပါပဲ”
ရှုခိုက ပြောလိုက်သည်။
“ကျုပ် ပညာသင်တုန်းက ကျုပ်အလေးစားရဆုံးလူက ရွှမ်အရှင်မြတ်ပဲ… သူ့မှာလည်း သူ့ရဲ့ အားနည်းချက်ရှိပေမဲ့ သူက တာအိုအဖွဲ့အစည်းဆီ ကြီးမားတဲ့အပြောင်းအလဲတွေကို ယူဆောင်ပေးလာခဲ့တယ်… အဲဒါကြောင့်ပဲ ကျုပ်တို့လို နောက်ခံမရှိတဲ့လူတွေကို ရပ်တည်ဖို့ ပိုပြီးတော့ လွယ်ကူလာစေခဲ့တာပဲ… မဟုတ်ရင် ကျုပ်တို့လိုလူတွေက ဂုဏ်သရေရှိ မိသားစုတွေထံမှာ တစ်သက်လုံး ကျွန်ခံနေရမှာ”
ချီရွှမ်းစုက ထပ်ပြောလိုက်သည်။
“သူက သူလုပ်ရမယ့်တာဝန်တွေကို ပြီးမြောက်အောင် မလုပ်သေးဘူး… အဖွဲ့အစည်းထဲမှာ ပြောင်းလဲစရာတွေ ရှိနေသေးတယ်လို့ ရွှမ်အရှင်မြတ်ကလည်း ပြောခဲ့ဖူးတယ်”
ရှုခိုက ရယ်မောကာ ပြောလိုက်၏။
“ဘယ်လိုပဲဖြစ်ဖြစ်.. ကျုပ်က ရွှမ်အရှင်မြတ်နဲ့ တာအိုဂိုဏ်းတော်ကို ဧကရာဇ်ကောင်းကျူနဲ့ အင်ပါယာနန်းတော်ထက် ပိုပြီးတော့ သဘောကျတယ်… အဲဒါကြောင့်လည်း ကျုပ်က ဖီးနစ်စိမ်းတပ်ဖွဲ့ကနေ ထွက်လာခဲ့တာပဲ… ဒါပေမဲ့ ဖီးနစ်စိမ်းတပ်ဖွဲ့မှာ ထွက်ချင်ရင် အသေထွက်ပဲရမယ်ဆိုတဲ့ သတ်မှတ်ချက်တစ်ခု ရှိတယ်”
“ဖီးနစ်စိမ်းတပ်ဖွဲ့က ကျုပ်ကို အမဲလိုက်ပြီး မြားသုံးစင်းနဲ့ ပစ်ခဲ့တယ်… မြားတစ်စင်းက ကျုပ်ရဲ့ နှလုံးဘေးကနေကပ်ပြီး ဖောက်ထွက်သွားတယ်… ဒါပေမဲ့ ကျုပ်မသေခဲ့ဘူး.. ညီအစ်ကိုချီ ကျုပ်က အသက်ပြင်းတယ်လို့ ခင်ဗျား မထင်ဘူးလား”
“တကယ်ပဲ ပြင်းပါပေတယ်”
ချီရွှမ်းစုက စကားတစ်ခွန်းတည်းဖြင့် ဖြေပေးလိုက်သည်။
ရှုခိုက ဆက်ပြောလိုက်၏။
“ဒါပေမဲ့ အသက်ပြင်းတာက အချက်တစ်ချက်ပဲ… ကျုပ်က သေရေးရှင်ရေးအချိန်မှာ သူတော်စင်ချင်းဝေနဲ့ တွေ့ဆုံခဲ့တာကြောင့်လည်း ကံကောင်းသွားတာ… သူက ကျုပ်ကို ကယ်တင်ပြီး ချီကျိုးတာအိုစံအိမ်ဆီ ခေါ်သွားခဲ့တယ်”
“သူတော်စင်ချင်းဝေက ကျုပ်ကို နောက်ခံပေးလိုက်တဲ့အတွက် ဖီးနစ်စိမ်းတပ်ဖွဲ့က ကျုပ်ကို ထပ်ပြီး ပြဿနာမရှာရဲတော့ဘူး… တာအိုအဖွဲ့အစည်းက ကျွန်ပြုတာကို လက်ခံမထားပေမဲ့ သူတော်စင်ချင်းဝေထံ ကျုပ်က အသက်ကြွေးတင်နေတယ်လို့ ခံစားမိခဲ့တယ်… အဲဒါကြောင့်ပဲ အဲဒီနှစ်တွေမှာ သူ့ရဲ့ကြင်နာမှုကို ပြန်ဆပ်ဖို့အတွက် ကျုပ်တတ်နိုင်တာ ဘာမဆိုလုပ်ပေးခဲ့တယ်… ရာထူးတွေ အဆင့်တွေက ကျုပ်အတွက် ဘာကွာခြားမှုမှမရှိတဲ့အတွက် ကျုပ် ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဘူး”
ချီရွှမ်းစုက နှုတ်ဆိတ်နေ၏။
ရှုခိုက ချီရွှမ်းစုကိုကြည့်ပြီး သူ၏ အတိတ်ဇာတ်ကြောင်းကို ပြန်ပြောပြနေသည်။
“ဒါပေမဲ့ အဲဒီနှစ်တွေအားလုံးအပြီးမှာ ကျုပ်လုပ်ပေးခဲ့တာ လုံလောက်ပြီလို့ ထင်လာခဲ့တယ်… ကျုပ်ဇနီး သေခါနီး အိပ်ရာထဲလဲနေတဲ့အချိန်မှာတောင် ကျုပ်က ချင်းဖျင်အသင်းတော်က ခေါင်းဆောင်တစ်ဦးနောက်ကို လိုက်နေခဲ့တယ်… ကျုပ်ဇနီးရဲ့ နောက်ဆုံးအချိန်ကိုတောင် မတွေ့ခဲ့ရဘူး… ကျုပ် သူ့ရဲ့ကြင်နာမှုကို ပြန်ပေးဆပ်ခဲ့တာ လုံလောက်ပြီ… ကျုပ်ရဲ့ဘဝကို ပြန်ယူဖို့ အချိန်ကျပြီလို့ တွေးမိလာခဲ့တယ်… အဲဒါကြောင့်လည်း ကျုပ်က ချီကျိုးတာအိုစံအိမ်ကနေ ထွက်ခွာပြီး ထျန်ကန်းခန်းမကို လာဖို့ ရွေးချယ်ခဲ့တာပဲ”
“သူတော်စင်ချင်းဝေကလည်း ကျုပ်ကို အခက်တွေ့အောင် မလုပ်ပါဘူး… သူက ကျုပ်အတွက် ထောက်ခံချက်တောင် ရေးပေးခဲ့တယ်… အဲဒါကြောင့်လည်း ကျုပ် သိပ်ပြီးတော့ ကျေးဇူးတင်ခဲ့ရတယ်… ကျုပ် ထွက်ခွာတော့မယ့်အချိန်မှာ သူတော်စင်ချင်းဝေရဲ့မျိုးဆက် လီထျန်ကျန်းက ကျုပ်ဆီကိုရောက်လာပြီး လက်ထောက်ခန်းမသခင်ကျန်းဆီ သတင်းစကားတစ်ခု ပါးခိုင်းခဲ့တယ်… အဲဒါ သူကတစ်နေ့မှာ လက်ထောက်ခန်းမသခင်နဲ့ တစ်ယောက်ချင်း ပြန်တိုက်ခိုက်မယ်ဆိုတာပဲ”
ချီရွှမ်းစုက မေးလိုက်၏။
“ခင်ဗျားက.. အခုကျုပ်ကို သတင်းစကား ပါးခိုင်းနေတာလား”
စားသောက်ဆိုင်ပိုင်ရှင်က မီးအိမ်တချို့ကို ထွန်းညှိကြည့်လိုက်ပြီး ရှုခို၏ မျက်နှာတစ်စိတ်တစ်ပိုင်းအပေါ် အလင်းရောင် ကျလာ၏။ သူ့မျက်နှာတစ်ဝက်က အမှောင်ရိပ်ထဲမှာ ရှိနေသေးပြီး သူက ဆက်ပြောလိုက်သည်။
“ကျုပ်က သူတော်စင်ချင်းဝေထံ နှစ်ပေါင်းများစွာကြာအောင် အလုပ်အကျွေး ပြုခဲ့တယ်… ဒါပေမဲ့ ကျုပ်သူ့ကို နားလည်တယ်လို့ မပြောရဲဘူး… ဒါပေမဲ့ ကျုပ်က အတွေ့အကြုံနုနယ်တဲ့ လီထျန်ကျန်းနဲ့တော့ ရင်းနှီးမှုရှိတယ်… ကျုပ်မသိခဲ့တာကတော့ နတ်သက်ကြွေအင်မော်တယ်တစ်ဦးက ဘယ်လောက် စွမ်းအားကြီးမားနိုင်လဲဆိုတာပဲ… လက်ထောက်ခန်းမသခင်ကျန်းက လှုပ်ရှားကွက်တစ်ကွက်တည်းနဲ့ ကျုပ်လက်ကို ချိုးခဲ့တယ်… အဲဒါက အသေအကြေတိုက်ခိုက်ကြတာ မဟုတ်ပေမဲ့ ကျုပ်ရှုံးနိမ့်ခဲ့တယ်ဆိုတာကို ဝန်ခံပါတယ်”
ချီရွှမ်းစုက လီထျန်ကျန်း၏ အတွေးများကို သိပ်နားမလည်ဘဲ ခေါင်းခါရမ်းလိုက်သည်။
ရှုခိုက ချီရွှမ်းစုဘက်ကိုလှည့်ပြီး ပြောလိုက်၏။
“ကျုပ်က အခု ဒီသတင်းစကားကို ပါးလိုက်ပြီဆိုတော့ သူတော်စင်ချင်းဝေအတွက် ကျုပ်ရဲ့ နောက်ဆုံးတာဝန်ထမ်းဆောင်မှုက ပြီးမြောက်သွားပြီ”
ချီရွှမ်းစုက ဝိုင်ခွက်ကိုချပြီး မသိမသာပြုံး၍ အတည်ပြုပေးလိုက်သည်။
“ညီအစ်ကိုရှု… ကျုပ် နားလည်ပါတယ်… ခင်ဗျားက ဒီသတင်းစကားကို လက်ထောက်ခန်းမသခင်ဆီ ကျုပ်ကို ပို့ပေးစေချင်တာ မဟုတ်လား”
ရှုခိုက ခေါင်းညိတ်ပြလိုက်သည်။
ချီရွှမ်းစုကလည်း ငြင်းပယ်ခြင်း မရှိပေ။ သူက အိတ်ဆောင်နာရီကို ထုတ်ယူပြီး အချိန်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
“ညီအစ်ကိုရှု… ခင်ဗျားရဲ့ သတင်းစကားကို ပါးပေးမယ်လို့ ကျုပ်ကတိပေးတယ်… တခြားပြောစရာ မရှိတော့ဘူးဆိုရင် ကျုပ် သွားလိုက်ပါဦးမယ်”
ရှုခိုက ကျေးဇူးတင်စကားပြောပြီး သူ၏ ထိုင်ခုံမှာ ဆက်လက်၍ထိုင်ကာ ထွက်ခွာသွားသော ချီရွှမ်းစုကိုကြည့်၍ သူ၏ သောက်လက်စကို အဆုံးသတ်လိုက်လေသည်။
စားသောက်ဆိုင်ကနေ ထွက်ခွာလာပြီးနောက် ချီရွှမ်းစုက ဘေးဘီဝဲယာကို ကြည့်လိုက်စဉ် ထိုက်ချင်းရင်ပြင်မှာ မီးအိမ်များ အားလုံး ထွန်းညှိထားပြီကို တွေ့မြင်လိုက်ရသည်။ သူက ဤနေရာကို ရောက်နေပြီဆိုမှတော့ လက်စနှင့်ကြုံတုန်း အတော်အတန်ကောင်းမွန်သော အဝတ်အစားတချို့ဝယ်ဖို့ ကြံရွယ်လိုက်သည်။
အရင်တုန်းက ချီရွှမ်းစုသည် လှည့်လည်သွားလာနေသော ကြေးစားတစ်ဦး ဖြစ်ခဲ့သောကြောင့် ကောင်းမွန်သော အဝတ်အစားများကို မလိုအပ်ခဲ့ပေ။ သူ့အတွက် လိုအပ်သည်မှာ သူ့မျက်နှာကို ဖုံးကွယ်ပေးနိုင်ရုံသာမက နေဒဏ်နှင့် မိုးဒဏ်ကိုပါ ကာကွယ်ပေးနိုင်သည့် ဝါးခမောက်တစ်လုံး ဖြစ်လေသည်။ သူသည် လှုပ်ရှားရ ပိုမိုလွယ်ကူစေရန် ခပ်တိုတို ခြုံထည်တစ်ထည်ကိုလည်း ဝတ်ဆင်တတ်သည်။ အဓိကအချက်မှာ ထိုအဝတ်အစားများက ဈေးပေါပြီး စုတ်ပြဲသွားမည်ဆိုလျှင်ပင် သူက နှမြောနေလိမ့်မည် မဟုတ်ပေ။
ကျောက်စိမ်းနေပြည်တော်သို့ ပြန်လာပြီးနောက် သူသည် တစ်ခါတလေ သွားလာဖို့အတွက် အတော်အတန်ကောင်းမွန်သော အဝတ်အစားတစ်စုံဝယ်ရန် တွေးထားဖူးလေသည်။ သို့သော်လည်း ထိုအချိန်တုန်းက သူ့မှာ လူမှုရေးကိစ္စများမရှိဘဲ ဈေးနှုန်းကို မေးမြန်းပြီးနောက် ထိုအတွေးကို လက်လျှော့ခဲ့လေသည်။
ယခုတော့ အခြေအနေက မတူတော့ပေ။ ပထမအချက်၊ သူ့လက်ထဲမှာ ငွေပိုငွေလျှံတချို့ ရှိလာခဲ့ပြီဖြစ်သည်။ ဒုတိယအချက်၊ သူသည် ပြဇာတ်ရုံသို့ ကျန်းယွဲ့လုနှင့် အဖော်လိုက်ဖို့အတွက် သားသားနားနားပုံစံမှာ ရှိရပေမည်။
ပြဇာတ်လက်မှတ်တစ်စောင်က ထိုက်ဖျင်ဒင်္ဂါး ၁၀၀ တန်သောကြောင့် ပွဲကြည့်ပရိသတ်များကလည်း ချမ်းသာကြွယ်ဝသူများနှင့် ဂုဏ်သရေရှိမိသားစုများမှ ဖြစ်မည်မှာ မလွဲဧကန်ပင်။ ချီရွှမ်းစုသည် လူကြားထဲမှာ ကွဲထွက်မနေလိုသောကြောင့် သူ၏ ဈေးပေါသော အဝတ်အစားဟောင်းများကို မဝတ်ဖို့ ဆုံးဖြတ်လိုက်သည်။
ကျောက်စိမ်းနေပြည်တော်၏ အပြင်ဘက် မြို့တော်များမှာ အင်ပါယာနေပြည်တော်မှာပင် အသင့်ချုပ်ပြီးသား အဝတ်အထည်ဆိုင်များက အတော်လေး ရှားပါးလေသည်။ လူအများစုသည် ရက်ကန်းထည်များကို ဝယ်ယူပြီး အိမ်မှာချုပ်လေ့ရှိသောကြောင့် ဆိုင်အများစုမှာ အပ်ချုပ်ဆိုင်များနှင့် ပိတ်ထည်ဆိုင်များသာ ဖြစ်လေသည်။ ထို့ကြောင့်ပင် အမျိုးသမီးများသည် လက်မထပ်ခင် အပ်ချုပ်ပညာကို သင်ယူကြရသည်။ မဟုတ်ပါက သူတို့သည် အဝတ်အထည်ကို စိတ်တိုင်းကျ ချုပ်လုပ်ဖို့အတွက် အပ်ချုပ်သမားထံ သွားရပေလိမ့်မည်။
သို့သော်လည်း ကျောက်စိမ်းနေပြည်တော်က မတူကွဲပြားစွာပင် လည်ပတ်နေသည်။ ဝမ်ရှန်းတာအိုနန်းတော်သည် စာရေးသားခြင်း၊ ပန်းချီဆွဲခြင်း၊ ခဲယမ်းလက်နက်များ အသုံးပြုခြင်း၊ ဆေးပင်များ ခွဲခြားခြင်း၊ အဆောင်လက်ဖွဲ့များ စီရင်ခြင်း၊ ဆေးကျိုချက်ခြင်း၊ စက်မှုယန္တရားများ၏ သဘောတရားများ၊ ပထဝီ၊ နက္ခတ္တဗေဒနှင့် အခြားသော ပညာရပ်များကို သင်ကြားပေးခဲ့သည်။ သူတို့ မသင်ပေးသည့် တစ်ခုတည်းသောဘာသာရပ်မှာ အပ်ချုပ်ပညာ ဖြစ်လေသည်။
ထို့ကြောင့် တာအိုအဖွဲ့အစည်းမှာ အဝတ်အထည် ချုပ်တတ်သော လူများစွာမရှိပေ။ ကျောက်စိမ်းနေပြည်တော်က လူဦးရေထူထပ်ပြီး ရှိနေသော အပ်ချုပ်ဆိုင်များက လိုအပ်ချက်ကို ကိုက်ညီအောင် မဖြည့်ဆည်းပေးနိုင်သည့်အတွက် အသင့်ချုပ်ပြီးသား အထည်ဆိုင်များက လူကြိုက်များလာခဲ့သည်။
ချီရွှမ်းစုသည် တာအိုဓလေ့ထုံးတမ်း ဟဲချန်ဝတ်ရုံနှင့် မတူသည့် အပြင်ဝတ်စုံတစ်စုံကို ဝယ်ယူရန် ရည်ရွယ်ထားလေသည်။ တကယ်တော့ အပြင်ဝတ်စုံများမှာလည်း သတ်မှတ်ထားသော လိုအပ်ချက်များရှိသည်။ အထူးသဖြင့် သီးသန့်တွေ့ဆုံခြင်းများကဲ့သို့ မတူညီသော အခမ်းအနားများမှာ ဖြစ်သည်။ ဤလိုအပ်ချက်များသည် တာအိုဓလေ့ထုံးတမ်း ဝတ်စုံများပြီးလျှင် ဒုတိယနေရာမှာ ရှိနေသည်။
မည်သို့ပင်ဆိုစေ ချီရွှမ်းစုသည် မကြာခင် အဆင့် ၆ သို့ တိုးမြှင့်ခံရတော့မည်ဖြစ်ပြီး သူက သားသားနားနား ဝတ်စားဖို့ လိုအပ်လာလေသည်။