← Chapters

အဝတ်အစား ရွေးချယ်ခြင်း

Vol. 7 Ch. 66

အဝတ်အစား ရွေးချယ်ခြင်း

Vol. 7 Ch. 66

ချီရွှမ်းစုသည် ‘စု’ဟုခေါ်သော ဆံထိုးများ၊ ဝတ်ရုံများနှင့် ရှူးဖိနပ်များရောင်းသည့် အဝတ်အစားဆိုင်တစ်ဆိုင်သို့ ဝင်ရောက်လိုက်၏။ ပစ္စည်းများအားလုံးကို ဆိုင်၏ နံရံသုံးဖက်မှာ သူ့အကန့်နှင့်သူ ခွဲထားပြီး အမြင်ရှင်းစေသည်။

“လူကြီးမင်း… ရှင် ဘာအရာကို ရှာနေတာပါလဲ”

ဆိုင်ပိုင်ရှင်ဖြစ်သည့် အမျိုးသမီးတစ်ဦးက ကောင်တာနောက်မှာ မတ်တပ်ရပ်နေပြီး အရင်ဦးစွာ မေးမြန်းလိုက်သည်။

ချီရွှမ်းစုက ပြောလိုက်သည်။

“ကျုပ် ဝတ်ရုံရယ်၊ ရင်ထိုးရယ်၊ ရှူးဖိနပ်ရယ်အပါ အပြင်ဝတ်စုံတစ်စုံကို ဝယ်ချင်တယ်”

များသောအားဖြင့် အပြင်ဝတ်စုံမှာ သရဖူကိုမလိုဘဲ ဆံထိုးဖြင့် အစားထိုးနိုင်သည်။ တာအိုဆရာများကြားမှာ ကျောက်စိမ်းဆံထိုးများနှင့် သစ်သားဆံထိုးများက အသုံးများပြီး ဈေးနှုန်းက အသုံးပြုထားသော ပစ္စည်းအပေါ် မူတည်သည်။

ပြီးလျှင် တာအိုဝတ်ရုံဖြစ်သည်။ ဤတာအိုဝတ်ရုံသည် တာအိုဆရာတစ်ဦး၏ ဓလေ့ထုံးတမ်းဝတ်ရုံနှင့် မတူပေ။ ဧကရာဇ်ကနေ သာမန်ပြည်သူများအထိ လူတိုင်းက တာအိုဝတ်ရုံများကို ဝတ်ဆင်တတ်ကြသည်။

ဤတာအိုဝတ်ရုံများမှာ ကော်လာအဖြောင့်၊ ညာဘက်ကနေ ဘယ်ဘက်ကို ထပ်ရသော ကြီးမားသည့် အင်္ကျီရင်ဘတ်အခေါက်၊ စုထားသောလက်အနားခေါက်နှင့် ကျယ်ပြန့်သော အင်္ကျီလက်အိုးပါရှိသည်။ လည်ပင်းတစ်ဝိုက်မှာ အနားသတ်ထားသော ကော်လာအမာရှိပြီး ခါးအောက်ပိုင်းမှာ ဝှက်ထားသော အထည်စများနှင့်အတူ ဘေးဘက်အခွဲများ ပါရှိသည်။ ဝှက်ထားသော အထည်စကို အတွန့်ထုတ်နိုင် သို့မဟုတ် ဖျောက်နိုင်ပြီး ကြိုးတစ်ချောင်းဖြင့် စည်းနှောင်ရသည်။

ဤဝတ်ရုံကို ပိုးသားခါးစည်း၊ ပိတ်သားခါးပတ် သို့မဟုတ် ခါးစည်းအပြားဖြင့် ဝတ်ဆင်နိုင်သည်။ ယခင် ဝေမင်းဆက်မှာ တာအိုဝတ်ရုံများသည် လူကြိုက်များလာခဲ့ပြီဖြစ်ပြီး စာပေပညာရှင်များအတွက် စံသတ်မှတ်ချက် ဝတ်စားဆင်ယင်မှု ဖြစ်လာခဲ့သည်။ သို့သော် ဝတ်ဆင်သူများက ထိုကဲ့သို့ ဝတ်ဆင်ဖို့အတွက် တာအိုအဖွဲ့အစည်းနှင့် ပတ်သက်ဆက်နွှယ်နေစရာ မလိုအပ်ပေ။

အပြင်ဝတ်စုံမှာ နောက်ထပ် အစိတ်အပိုင်းတစ်ခုက ရှူးဖိနပ်များဖြစ်သည်။ ယခင် ဝေမင်းဆက်အတွင်း ဖနောင့်အကာက အလွန်တိမ်ပြီး ၃ စင်တီမီတာထက် မပိုခဲ့ပေ။ လက်ရှိမင်းဆက်မှာတော့ ဖနောင့်ကာက အတော်လေး နက်ရှိုင်းလာပြီး ခြေချင်းဝတ်အထိ ရောက်လာခဲ့သည်။

လက်ရှိမင်းဆက်မှာ ရှူးဖိနပ်များသည် ပစ္စည်းများစွာကို အသုံးပြုထားပြီး ခြေချင်းဝတ်ဖုံး ဖိနပ်ရှည်များနှင့် ဆင်တူလေသည်။ ထို့ကြောင့် ကုန်ကျစရိတ်ကလည်း ပိုလာခဲ့သည်။ ဖိနပ်တန်ဖိုးကို အဓိကဆုံးဖြတ်ပေးသည့်အရာက အသုံးပြုထားသည့် ပစ္စည်းများဖြစ်လေသည်။

ဆိုင်ရှင်ကပြုံး၍ သူမ၏ နောက်ဘက်မှာရှိသော ဆံထိုးများစွာတင်ထားသည့် စင်တစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။

“ရှင် ဘယ်လိုဆံထိုးမျိုးကို သဘောကျပါလဲ… ဒီဘက်ခေတ်မှာ လူကြိုက်အများဆုံးကတော့ ကျောက်စိမ်းဆံထိုးတွေပဲ… ဒီမဟူရာကျောက်စိမ်းနဂါးခေါင်းဆံထိုးက ထိုက်ဖျင်ဒင်္ဂါး ၁၂ ပြားပဲ ကျသင့်တယ်… ရှင် ဘယ်လိုသဘောရလဲ”

ထိုက်ဖျင်ဒင်္ဂါး ၁၂ ပြားပဲဟူသော စကားမှာ ချီရွှမ်းစုက တိတ်တဆိတ် စောဒကတက်လိုက်မိသည်။ ဒီမိန်းမမှာ ငါနဲ့မတူညီတဲ့ အဓိပ္ပာယ်ဖွင့်ဆိုပုံ ရှိနေတာပဲ။

သို့သော်လည်း သူ့မျက်နှာအမူအရာကို မပြောင်းမလဲ ဆက်ထိန်းထားသည်။ သူက မယုတ်မလွန် ပြောလိုက်၏။

“အဲဒီနဂါးခေါင်းက သိပ်ပြီးတော့ ထင်ပေါ်လွန်းမနေဘူးလား… နောက်ပြီး မဟူရာနဂါးဖြစ်နေတယ်… ခင်ဗျားမှာ တခြား ဘာရှိသေးလဲ”

ဤသည်က အကျိုးအကြောင်းသင့်သော မေးခွန်းဖြစ်သည်။ တာအိုဂိုဏ်းတော်သည် သူတို့၏ အရင်းအမြစ်များအတွက် နဂါးများကို အမဲလိုက်ခဲ့ကြသော်လည်း အင်ပါယာနန်းတော်က နဂါးများကို ကြည်ညိုလေးစား တန်ဖိုးထားကြလေသည်။ ဒါ့အပြင် မဟာရွှမ်မင်းဆက်သည် အနက်ရောင်ကို တန်ဖိုးထားသည်။ ဤအနက်ရောင် နဂါးခေါင်းဆံထိုးကို ဝတ်ဆင်ခြင်းက ကျောက်စိမ်းနေပြည်တော်မှာ ပြဿနာမရှိသော်လည်း အင်ပါယာနေပြည်တော်မှာဆိုလျှင် တားမြစ်ချက်တချို့ကို ချိုးဖောက်ရာ ကျပေလိမ့်မည်။

ဆိုင်ရှင်က များစွာစဉ်းစားခြင်းမရှိဘဲ နောက်ထပ် ရိုးရှင်းပုံပေါ်သည့် အနက်ရောင်ကျောက်စိမ်း ဆံထိုးတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။

“ဒါဆိုရင်ကော ဘယ်လိုလဲ… ဒါက ရှင်ဘယ်ကိုသွားသွား ဘယ်တားမြစ်ချက်ကိုမှ ချိုးဖောက်ရာကျမှာ မဟုတ်ဘူး… ဒါပေမဲ့ တစ်ခုရှိတာက သိပ်ပြီးတော့ ရိုးလွန်းနေတာပဲ… အဲဒါက ထိုက်ဖျင်ဒင်္ဂါး ၁၀ ပြားပဲ ကျလိမ့်မယ်။”

ချီရွှမ်းစုက ခေါင်းညိတ်လိုက်၏။

“ကျုပ် အဲဒါကို ယူမယ်”

နောက်ထပ်က တာအိုဝတ်ရုံဖြစ်သည်။ ရွေးချယ်စရာ အထည်သားအမျိုးမျိုး ရှိသောကြောင့် ချီရွှမ်းစုခေါင်းကိုက်ရသည့် အရာလည်းဖြစ်သည်။ ပိုးသားများနှင့် ဖဲသားများက မျိုးစုံရှိနေသည်။ တချို့က ပါးပါးနှင့် တောက်ပပြီး အလင်းရောင်ဖောက်သည်။ တချို့က ပေါ့ပါးပြီး နူးညံ့သော အထိအတွေ့ရှိသည်။ တချို့အထည်များကိုတော့ သေသပ်လှပစွာ ရက်လုပ်ထားလေသည်။

များသောအားဖြင့် အလင်းဖောက်၍ နူးညံ့သောကြောင့် အမျိုးသမီးများက ပိုးထည်များကို နှစ်သက်သဘောကျပြီး အမျိုးသားများကတော့ အလင်းပိတ်သည့် ဖဲသားကို ပိုမိုသဘောကျသည်။

ချီရွှမ်းစုသည် ထိုက်ဖျင်ဒင်္ဂါး ၃၀ ကျသင့်ပြီး ဆောင်းရာသီအတွက်လည်း သင့်လျော်မည့် စိမ်းညိုရောင် ဖဲသားဝတ်ရုံတစ်ထည်ကို ရွေးချယ်လိုက်သည်။ ၎င်းနှင့် တွဲဖက်ဝတ်ဆင်ဖို့အတွက် အောက်ပိုင်းဝတ်ရုံနှင့် အောက်ခံအင်္ကျီများကိုလည်း ရွေးချယ်လိုက်ပြီး နောက်ထပ် ထိုက်ဖျင်ဒင်္ဂါး ၁၀ ပြား ကျသင့်သွားသည်။

သူသည် အနက်ရောင်ဖဲသားနှင့် ငွေရောင်မျဉ်းကြောင်းများပါသည့် ဖိနပ်တစ်ရံကိုလည်း ရွေးချယ်လိုက်သည်။ ၎င်းမှာပါသည့် ငွေကြိုးများက အစစ်ဖြစ်လေသည်။ ဖိနပ်ဦးကိုလည်း ကျောက်စိမ်းဖြင့် အလှဆင်ထားပြီး ထိုက်ဖျင်ဒင်္ဂါး ၁၅ ပြား ကျသင့်သည်။

ချီရွှမ်းစုသည် ထျန်ကန်းခန်းမကနေ ထုတ်ပေးထားသည်ထက် ပိုမိုအထာကျသော ပစ္စည်းတိုထည့်သည့် အိတ်တစ်ခုကိုလည်း ဝယ်ယူလိုက်ပြီး ထိုက်ဖျင်ဒင်္ဂါး ၅ ပြား ကျသင့်လေသည်။

ဤဆိုင်မှာ ခေါက်ယပ်တောင်များကိုလည်း ရောင်းချသော်လည်း လက်ရှိရာသီဥတုအရ ချီရွှမ်းစုသည် ဤကဲ့သို့သော အဆင်တန်ဆာတစ်ခုကို ဝယ်ယူဖို့ အလောတကြီး ရှိမနေပေ။

သူ ဝယ်ယူလိုက်သည့် ပစ္စည်းများအားလုံးအတွက် ထိုက်ဖျင်ဒင်္ဂါး ၇၀ ကျသင့်သွားသည်။ ချီရွှမ်းစုက ယခုမှ လစာထုတ်လာခြင်းကြောင့်မဟုတ်လျှင် ဤအသုံးအဆောင်များကို ဝယ်ယူမိလိမ့်မည် မဟုတ်ပေ။

ကျသင့်ငွေကို ပေးချေပြီးနောက် ဆိုင်ရှင်က သူဝယ်ယူထားသည့် အဝတ်အစားများကို ထုပ်ပိုးကာ အဓိပ္ပာယ်ပါပါ မေးလိုက်သည်။

“ရှင် ခြုံထည် ဒါမှမဟုတ် အပေါ်ဝတ်ရုံကိုရော မလိုချင်ဘူးလား… အဲဒါတွေအားလုံးက ခေါင်းခြုံနဲ့လာတာ… ပြုလုပ်ထားတဲ့ ပစ္စည်းကလည်း အရည်အသွေး အတော်လေးကောင်းတယ်… အဲဒါတွေက ထိုက်ဖျင်ဒင်္ဂါး ၄၀ ပဲ ကျလိမ့်မယ်”

ချီရွှမ်းစုက ယဉ်ကျေးစွာဖြင့် ငြင်းပယ်လိုက်သည်။

“ရပါပြီ.. ကျေးဇူးတင်ပါတယ်… ကျုပ် လောလောဆယ် အဲဒါ မလိုသေးဘူး”

သူသည် အထည်ဆိုင်ကနေ ထွက်လာပြီးနောက် မလှမ်းမကမ်းမှာရှိသော ကျောက်စိမ်းဆိုင်သို့ တန်းသွားလိုက်သည်။ ထိုဆိုင်မှာ အရည်အသွေး အတော်အတန်ကောင်းမွန်သည့် ကျောက်စိမ်းဆွဲသီးတစ်ခုကို ဝယ်ယူလိုက်ပြီး နောက်ထပ် ထိုက်ဖျင်ဒင်္ဂါး ၃၀ ကို သုံးစွဲလိုက်ရသည်။

ဤနေရာမှာ ချီရွှမ်းစုက သိပ်ပြီး ကပ်စေးနဲမနေပေ။ အကြောင်းမှာ ကျောက်စိမ်းဆွဲသီးများသည် အချိန်ကြာလာသည်နှင့်အမျှ တန်ဖိုးတက်လာတတ်သောကြောင့်ဖြစ်သည်။ ရွှေနှင့် ကျောက်မျက်ရတနာများကို နှစ်သက်သဘောကျသည့် ဗုဒ္ဓဂိုဏ်းအဖွဲ့အစည်းနှင့်မတူဘဲ တာအိုအဖွဲ့အစည်းနှင့် ကွန်ဖြူးရှပ်အဖွဲ့အစည်းသည် ကျောက်စိမ်းများကို ပိုမိုနှစ်သက်ကြသည်။ ထို့ကြောင့် ကျောက်စိမ်းများသည် ငွေဖော်လိုသည့်အခါ တန်ဖိုးကောင်းကောင်းဖြင့် ပြန်လည်ရောင်းချနိုင်သည့် တန်ဖိုးငြိမ်သော အသုံးအဆောင်ပစ္စည်းတစ်ခု ဖြစ်လေသည်။

ဤသို့ဖြင့် ချီရွှမ်းစုသည် တစ်ညနေတည်း ထိုက်ဖျင်ဒင်္ဂါး ၁၀၀ ကို သုံးစွဲလိုက်ပြီး သူ့မှာ ထိုက်ဖျင်ဒင်္ဂါး ၂၀၀ သာ ကျန်တော့သည်။ ငွေကြေးက ဘယ်တော့မှ မလောက်ငှဟု ကျန်းယွဲ့လုပြောခဲ့ဖူးသည့် စကားကို ချီရွှမ်းစုက ယခုမှ နားလည်သဘောပေါက်သွားသည်။

ချီရွှမ်းစုက အဝတ်အစားသစ်များဖြင့် အိမ်သို့ ပြန်လာပြီး ဆန်ပြုတ်တစ်အိုး ကျိုသောက်ကာ အိပ်ရာဝင်လိုက်သည်။

နောက်နေ့က ဆယ်လပိုင်း ၁၅ ရက်နေ့ ရေနတ်ဘုရား၏ မွေးနေ့ဖြစ်သော ရှယွမ်ပွဲတော်ဖြစ်သည်။ ရွှေနန်းမြင့်မျှော်စင်နှင့် ခန်းမ ၉ ဆောင်က ဝတ်ပြုဆုတောင်းမည့်သူများကို ခေါ်ဆောင်ထားသော်လည်း ချီရွှမ်းစုက တက်ရောက်ခြင်းမရှိဘဲ မွန်းတည့်ချိန်မှသာ အိပ်ရာထလာခဲ့သည်။

သူသည် ပြီးခဲ့သည့်ညက ဝယ်လာခဲ့သော အဝတ်အစားသစ်များဖြစ်သည့် အဖြူရောင် အောက်ခံအင်္ကျီ၊ လက်ကျဥ်း စိမ်းညိုရောင် ဝတ်ရုံ၊ အနက်ရောင် ဖဲသားဖိနပ်နှင့် ကျောက်စိမ်းဆံထိုးတို့ကို ဝတ်ဆင်လိုက်သည်။ သူက လုံးဝ မတူညီသော လူတစ်ယောက်ကဲ့သို့ ဖြစ်သွား၏။

ချီရွှမ်းစုက မွန်းလွဲချိန်မှာ နေအိမ်ကနေ ထွက်ခွာပြီး အပြင်ဘက်ကိုရောက်ရောက်ခြင်း သီလရှင်စွေ့နှင့် ဆုံမိသွားသည်။

သီလရှင်စွေ့သည် အဝတ်အစားသစ်များ ဝတ်ဆင်လာသည့် ချီရွှမ်းစုကို မမှတ်မိလုနီးပါးပင်။ သူမက အံ့အားတသင့်ဖြင့် ပြောလိုက်သည်။

“ထျန်းယွမ်… ငါတို့မတွေ့တာ နှစ်လပဲရှိသေးတယ်.. နင်က ချမ်းသာသွားပြီလား”

“ဒေါ်လေးစွေ့ ကျုပ်ကို မနောက်ပါနဲ့… ထျန်ကန်းခန်းမက မကြာသေးခင်ကမှ လစာထုတ်ပေးထားတာ… အဲဒါကြောင့် ကျုပ်လည်း ငွေပိုလေးနည်းနည်းချန်ပြီး ဝတ်စုံသစ်တစ်ထည် ဝယ်ထားတာ။”

ထျန်ကန်းခန်းမက ချင်းဖျင်အသင်းတော်နှင့် မတူပေ။ ထျန်ကန်းခန်းမမှာ ရရှိသော ဝင်ငွေများအားလုံးက တရားဝင်ဖြစ်ပြီး ချီရွှမ်းစုက အဲဒါကို ပေါ်ပေါ်ထင်ထင် သုံးစွဲနိုင်သည်။

သီလရှင်စွေ့က ချီရွှမ်းစုကို စေ့စေ့စပ်စပ်ကြည့်ပြီး စနောက်လိုက်သည်။

“ပုံမှန်ဆို ယောက်ျားတစ်ယောက်က နှစ်သက်သဘောကျတဲ့သူ ရှိလာမှပဲ စပြီးတော့ ပြင်ဆင်လာတတ်တာ… ထျန်းယွမ် ငါ့ကို လာပြီး ပွင့်ပွင့်လင်းလင်းပြောစမ်းပါ… နင် မိန်းကလေးတစ်ယောက် တွေ့ထားပြီမလား… သူက ဘယ်ကလဲ…ထျန်ကန်းခန်းမက နင့်ရဲ့ လုပ်ဖော်ကိုင်ဖက်လား”

ချီရွှမ်းစုက အတင်း လက်ကာပြလိုက်သည်။

“ဘယ်ကသာ… အဲဒီလိုမျိုး မရှိပါဘူး… ဒီနေ့က ရှယွမ်ပွဲတော်ဆိုတော့ ကျုပ် မိတ်ဆွေတချို့နဲ့ ချိန်းထားတာ ရှိလို့”

ဒေါ်လေးစွေ့က နားလည်သဘောပေါက်သည့်ဟန်ဖြင့် ပြုံးပြလိုက်သည်။

“ဒါဆိုရင်တော့ သွားရမှာပေါ့… ငါ့မှာလည်း တခြား လုပ်စရာလေးတွေ ရှိသေးတယ်”

ချီရွှမ်းစု၏ ဆရာနှင့် မိတ်ဆွေဖြစ်သည့်အတွက် သီလရှင်စွေ့က သာမန်အမျိုးသမီးတစ်ဦး မဟုတ်သည်မှာ သေချာသည်။ ချီရွှမ်းစု၏ ဆရာ ချီဟောက်ရန်က အဆင့် ၄ တာအိုအကြီးအကဲတစ်ဦးဖြစ်ပြီး ထိုအချိန်တုန်းက သီလရှင်စွေ့က အဆင့် ၅ ဖြစ်သည်။ နောက်ပိုင်း သူမသည် အဆင့် ၄ ကို တိုးမြှင့်ပေးခံရပြီး ယခုလက်ရှိ တူကျစ်ခန်းမမှာ တာဝန်ထမ်းဆောင်နေသည်။

ချီရွှမ်းစုက အဆင့် ၆ သို့ တိုးမြှင့်ခံရမည်ဆိုလျှင်ပင် သူသည် သူမအား ပညာရှိစွေ့ဟု ခေါ်ဝေါ်ရပေလိမ့်မည်။ အစောပိုင်းနှစ်များက သူတို့၏ ဆက်ဆံရေးကြောင့်သာ သူက ဒေါ်လေးစွေ့ဟု ခေါ်ဆိုနိုင်ခြင်းဖြစ်သည်။

သီလရှင်စွေ့ ထွက်ခွာသွားပြီးနောက် ချီရွှမ်းစုသည် ဆိတ်လှည်းတစ်စီးကို တားကာ ထိုက်ရှန်အကွက်သို့ ထွက်လာခဲ့သည်။

အောက်ပိုင်းမြို့ကွက် ၈ ကွက်နှင့် အထက်ပိုင်းမြို့ကွက် ၈ ကွက်က အတော်လေး ဝေးကွာလေသည်။ ဒါ့အပြင် ယခုက ရှယွမ်ပွဲတော်ဖြစ်ပြီး ရှန်န်ချင်းလမ်းနှင့် ယူချင်းလမ်းမှာ လင်းထိန်တောက်ပ၍ လူများဖြင့် စည်ကားသိုက်မြိုက်နေသည်။ ဆိတ်လှည်း စီးသွားမည်ဆိုလျှင်ပင် ထိုက်ရှန်အကွက်၏ အရှေ့ဘက်ဝင်းတံခါးကိုရောက်ဖို့ နှစ်နာရီကျော် အချိန်ယူရသည်။

ချီရွှမ်းစုက ဆိ​တ်လှည်းပေါ်ကနေ ဆင်းလာသည်နှင့် အရှေ့ဘက်ဝင်းတံခါးကနေ ထွက်လာသော ကျန်းယွဲ့လုကို တွေ့မြင်လိုက်ရသည်။ သူမသည် ရိုးရှင်းသော အဝတ်အစားများကိုသာ ဝတ်ဆင်ထားသော်လည်း လည်ပင်းအထိ ကြယ်သီးများ အပြည့်တပ်ထားသည့် မိုးပြာရောင် အပေါ်ခါးတိုဝတ်ရုံကို အပြာနှင့်အဖြူ စပ်ထားသည့် အောက်ခံအင်္ကျီတစ်ထည်နှင့် တွဲဖက်ဝတ်ဆင်ထားပြီး အတော်လေး ရှေးရိုးဆန်သည့်ပုံပေါ်နေသည်။

သူမသည် ယင်းနှင့်တွဲဖက်၍ ရိုးရှင်းသော အဖြူရောင် အောက်ပိုင်းဝတ်စုံတစ်ထည်ကိုလည်း ဝတ်ဆင်ထားပြီး ဝတ်စုံအနားက သူမ၏ အဖျားဝိုင်းဖိနပ်ရှည်ထိ ရောက်နေသည်။ သူမက လက်မထပ်ရသေးသောကြောင့် ဆံထုံးထုံးထားခြင်း မရှိချေ။ ဆံပင်ကို ပုလဲများ သို့မဟုတ် အခြားသော အဆင်တန်ဆာများဖြင့် အလှဆင်ထားခြင်းလည်း မရှိပေ။ သူမ၏ ဆံပင်ကို သစ်သားဆံထိုးတစ်ခုနှင့်သာ ရိုးရှင်းစွာ စည်းနှောင်ထားသည်။

ကျင်းမင်းဆက်မှာဆိုလျှင် ကျန်းယွဲ့လု၏ ဝတ်စားဆင်ယင်ပုံက စံနှုန်းစံထားနှင့် ကိုက်ညီသည်ဟု ဆိုနိုင်သည်။ သို့သော်လည်း ဤပတ်ဝန်းကျင်မှာတော့ ကျန်းယွဲ့လု၏ ဝတ်စားဆင်ယင်မှုသည် သေသပ်၍ ရိုးရှင်းသော်လည်း အတော်လေး ရှေးရိုးဆန်သည်ဟု ဆိုရပေမည်။

သို့သော်လည်း သူမကို ဤကဲ့သို့သောပုံစံဖြင့် တွေ့မြင်ရခြင်းမှာ ချီရွှမ်းစုက အံ့အားသင့်မသွားပေ။ ကျန်းယွဲ့လုအပေါ် သူနားလည်ထားသလောက် သူမသည် ယောကျ်ားဝတ်ကိုပင် ဝတ်ဆင်လာလိမ့်မည်ဟု သူတွေးထားခဲ့သည်။

အမျိုးသမီးများက ယောကျ်ားများလို ဝတ်စားဆင်ယင်ခြင်းကလည်း လက်ရှိမှာ ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်လာခဲ့သည်။ မည်သို့ပင်ဆိုစေ အမျိုးသမီးအဝတ်အစားများသည် ခရီးသွားရင်း မြင်းစီးသည့်အခါ သို့မဟုတ် တိုက်ခိုက်သည့်အခါမှာ အတော်လေး ကိုးရိုးကားရားနိုင်သည်။ ထို့ကြောင့် အမျိုးသမီးတချို့က ပိုမိုရိုးရှင်းသော ယောက်ျားလေး အဝတ်အစားများကို နှစ်သက်သဘောကျခြင်းဖြစ်သည်။

ဝူကောရှန်လီကို သူတို့သွားတုန်းက ကျန်းယွဲ့လုနှင့် မူကျင်း နှစ်ဦးစလုံးသည် သူတို့၏ ခန္ဓာကိုယ်အရွယ်အစားနှင့် ကိုက်ညီသည့် ယောကျ်ားလေးအဝတ်အစားများကို ဝတ်ဆင်ခဲ့ကြသည်။

ထို့ကြောင့် သူတို့ခရီးထွက်စဉ်က သူမ ဝတ်ဆင်ခဲ့သည်နှင့်ယှဉ်လျှင် ယခု ဝတ်စားဆင်ယင်ပုံက ရှေးရိုးဆန်သည်ဆိုသော်လည်း အတော်လေး တိုးတက်လာသည်ဟု ဆိုနိုင်လေသည်။

All Chapters