← Chapters

ပြဇာတ်ကြည့်ခြင်း

Vol. 7 Ch. 67

ပြဇာတ်ကြည့်ခြင်း

Vol. 7 Ch. 67

ချီရွှမ်းစုက ရှေ့ကိုလျှောက်လှမ်းသွားသည်။

“ထန်ထိုက်”

“ရှေ့က ‘မိန်းမပျို’က ဘယ်ရောက်သွားတာလဲ”

ကျန်းယွဲ့လုက မေးလိုက်သည်။

ချီရွှမ်းစုက ရှားရှားပါးပါး စတင်၍ ပြောလိုက်သည်။

“မင်းကို မိန်းမပျိုထန်ထိုက်လို့ ခေါ်ရတာ နည်းနည်းစိမ်းနေတယ်လို့ ငါ ရုတ်တရက် ခံစားမိလာတယ်… ငါ မင်းရဲ့ အများခေါ်နာမည်ကို ခေါ်မယ်ဆိုရင်ကော..”

ကျန်းယွဲ့လုက စဉ်းစားပြီးနောက် ပြောလိုက်သည်။

“နင် သိပါတယ်… ငါ့ရဲ့ နဂိုနာမည်က ကျန်းယွဲ့လု မဟုတ်ဘူးဆိုတာ”

“အဲဒါက ကျန်းယွဲ့ရှင်း၊ ကျန်းရှင်းယွဲ့ ဒါမှမဟုတ် ထန်ထိုက်ချူး ဖြစ်ခဲ့တယ်… ငါ့ရဲ့ အများခေါ်နာမည်က ကျန်းယွဲ့လုဆိုတဲ့ နာမည်နဲ့ ဆက်စပ်မှု မရှိဘူး… ငါ အရွယ်ရောက်လာတဲ့ အချိန်မှာ ငါ့အဖေက ကျန်းယွဲ့လုဆိုတဲ့နာမည်ကို အခြေခံပြီး အများခေါ်နာမည်တစ်ခု ပေးခဲ့တယ်… အဲဒီနာမည်က သူတော်စင်တန်ယန်းရဲ့ ဖန်းလိုင်ကို တွေ့မြင်ခြင်းဆိုတဲ့ ကဗျာကနေ လာခဲ့တာပဲ… နင် အဲဒါကို ဖတ်ဖူးလား”

“သူတော်စင်တန်ယန်း”

ချီရွှမ်းစုက ဝမ်ရှန်းတာအိုနန်းတော်မှ သင်ခန်းစာများကို ခက်ခက်ခဲခဲ ပြန်လည်စဉ်းစားကြည့်လိုက်သည်။ ကဗျာအလင်္ကာမှာဆိုလျှင် သူတော်စင်တန်ယန်း၊ သူတော်စင်ချန်ချွန်းနှင့် အကြီးအကဲလုတို့သည် အခြားသော ကဗျာဆရာကြီးများနှင့်ယှဉ်ပါက သာမန်မျှသာ ဖြစ်သည်။ သို့သော်လည်း သူတို့သည် တာအိုဂိုဏ်းတော်၏ တည်ထောင်သူများ ဖြစ်သောကြောင့် သူတို့၏ လက်ရာများကို ဝမ်ရှန်းတာအိုနန်းတော်မှာ ထည့်သွင်းသင်ကြားပေးလေသည်။ ထို့သို့ဖြင့် ချီရွှမ်းစုသည် ထိုကဗျာကို ကြားဖူးထားခဲ့သင့်သည်။

ကျန်းယွဲ့လုက သူ့ကို အစဖော်မပေးဘဲ သူမ၏ ရင်ဘတ်ရှေ့မှာချထားသည့် အနက်ရောင်ဆံစများကိုသာ လက်ချောင်းများဖြင့် ရစ်ပတ်နေသည်။

ဤအချိန်မှာ လေလွင့်ကျင့်ကြံသူတစ်ဦးအဖြစ် ချီရွှမ်းစု၏ ကောင်းမွန်သော မှတ်ဉာဏ်က အလုပ်ဖြစ်လာခဲ့သည်။ သူက ပြောလိုက်၏။

“ရှင်းယွဲ့က သန့်စင်တဲ့နှလုံးသားကို ဆိုလိုတာပဲ… အဲဒါက နေ့အလင်းကိုကျော်လွန်၊ ဘဝမီးအိမ်ရဲ့အလင်း ကောင်းကင်ကိုထွင်းသည့် နှလုံးသားရဲ့ ဖြူစင်ခြင်းဆိုတဲ့ အပိုဒ်ကမလား”

“အင်း… ဟုတ်တယ်”

ကျန်းယွဲ့လုက ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

“ငါ့ရဲ့ အများခေါ်နာမည်က ချင်းရှောင်… အဲဒါက ကောင်းကင်ဘုံကို ဆိုလိုတယ်… အဲဒါကြောင့်ပဲ ငါ့ရဲ့ အများခေါ်နာမည်ကို သိပ်ပြီး သုံးလေ့မရှိတာပဲ… ငါ့နာမည် ကျန်းယွဲ့လုက ကြယ်တာရာ နှစ်ဆယ့်ရှစ်လုံးကို ဆိုလိုတာ… ဒါပေမဲ့ ငါ့ရဲ့အများခေါ်နာမည်က ကြယ်တွေနဲ့ ပတ်သက်မှုမရှိတဲ့ ချင်းရှောင်ဖြစ်နေတယ်… လူအများစုက စပ်စုချင်ကြလိမ့်မယ်… ငါကလည်း ငါ့နာမည်ရဲ့ ဇာစ်မြစ်ကို အချိန်တိုင်း ရှင်းပြနေဖို့ မဖြစ်နိုင်ဘူး… အဲဒါကြောင့် အဲဒီနာမည်ကို မသုံးတော့ဘူး.. ငါ့မိသားစုကလွဲရင် အဲဒီနာမည်ကို သိတဲ့သူ မရှိသလောက်ပဲ”

“ချင်းရှောင်... မင်းရဲ့ အများခေါ်နာမည်ကို သိခွင့်ရတာ ငါ့အတွက်တော့ ဂုဏ်ယူဖွယ်ရာပါပဲ”

ချီရွှမ်းစုက ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

“နားထောင်ရတာ ဘယ်လိုကြီးလဲ မသိဘူး”

ကျန်းယွဲ့လုက အနည်းငယ် သက်တောင့်သက်သာမရှိသော်လည်း ချီရွှမ်းစုကို ထိုသို့မခေါ်ဖို့ တားဆီးခြင်း မရှိပေ။

ချီရွှမ်းစုက မေးလိုက်သည်။

“ဒါနဲ့… ဒီနေ့ ငါတို့ကြည့်မှာ ဘာပြဇာတ်လဲ”

“အဲဒါ ပီအိုနီနန်းဥယျာဥ်ပဲ”

ကျန်းယွဲ့လုက ပြဇာတ်လက်မှတ်နှစ်စောင်ကို ထုတ်ယူကာ ဝေ့ယမ်းပြလိုက်သည်။

ချီရွှမ်းစုသည် ပီအိုနီနန်းဥယျာဥ်ပြဇာတ်ကို တစ်ခါမှ မကြည့်ခဲ့ဖူးသော်လည်း ၎င်းက ဂန္တဝင်ပြဇာတ်တစ်ခုဖြစ်သည်ကို ကြားဖူးထားသည်။ ထို့ကြောင့် သူက ဘာပြောရမည်မသိပေ။

“အဲဒါက ဂန္တဝင်ပြဇာတ်ပဲ”

ကျန်းယွဲ့လုက မှတ်ချက်ပြုလိုက်၏။

“ဒါကတော့ ထင်ထားတဲ့အတိုင်းပဲလေ… ခန်းမသခင်က လက်မှတ်တွေကို သူ့ဘာသာသူ ဝယ်ထားတာဆိုရင် သူ့ရဲ့ အသက်အရွယ်အရ ဂန္တဝင်ပြဇာတ်တွေကိုပဲ ကြိုက်နှစ်သက်လိမ့်မယ်… တစ်ယောက်ယောက်က သူ့ကို လက်ဆောင်အဖြစ် ဝယ်ပေးခဲ့တာဆိုရင်လည်း သူ့အသက်အရွယ်နဲ့ ကိုက်ညီတဲ့ ဒီလိုပြဇာတ်မျိုးကိုပဲ ရွေးချယ်မှာပဲ”

ချီရွှမ်းစုက ရယ်လိုက်သည်။

“ဒါဆို… ငါတို့လည်း ဂန္တဝင်ပြဇာတ်ကြီးကို သွားကြည့်ရတော့မှာပေါ့… တခြား ခေတ်သစ်ပြဇာတ်လေးဘာလေး မရှိတော့ဘူးလား”

“အင်း... ရှိတယ်”

ကျန်းယွဲ့လုက ခေါင်းညိတ်ပြလိုက်သည်။

“တာအိုဂိုဏ်းတော်နဲ့ ကွန်ဖြူးရှပ်ကျောင်းတော်ရဲ့ ဇာတ်လမ်းဖြစ်တဲ့ ပြဇာတ်အသစ်တစ်ခုရှိတယ်… အဲဒါက အရင်မင်းဆက် အဆုံးသတ်တဲ့အချိန်ကို ဇာတ်အိမ်တည်ထားတယ်”

ချီရွှမ်းစုက စိတ်ဝင်စားသွားသည်။

“ဒီလိုပြဇာတ်မျိုးက ရှားရှားပါးပါးပဲ”

“ငါ အဲဒါကို မကြည့်ဖူးဘူး… ဒါပေမဲ့ သူများတွေပြောတာတော့ ကြားဖူးတယ်”

ကျန်းယွဲ့လုက ရှင်းပြလိုက်၏။

“တာအိုဂိုဏ်းတော်နဲ့ ကွန်ဖြူးရှပ်ကျောင်းတော်အကြားက ပဋိပက္ခတွေ အချိန်အဟုန် မြင့်တက်လာတဲ့အချိန်မှာ တာအိုဂိုဏ်းတော်က လေလွင့်ကျင့်ကြံသူ လျှိုကျင်းရီကို သူလျှိုအဖြစ် ကွန်ဖြူးရှပ်ကျောင်းတော်ကို ဝင်ရောက်စေခဲ့တယ်… တိုက်တိုက်ဆိုင်ဆိုင်ပဲ ကွန်ဖြူးရှပ်ကျောင်းတော်ကလည်း ရှေ့တော်ဝင် မိသားစုတစ်ခုက မျိုးဆက်သစ်တစ်ဦးဖြစ်တဲ့ ရှဲ့ယွင်အန်ကို သူလျှိုအဖြစ် တာအိုဂိုဏ်းတော်ကို ဝင်ရောက်စေလိုက်တယ်”

“အဲဒီ သူလျှိုနှစ်ဦးက တာအိုဂိုဏ်းတော်နဲ့ ကွန်ဖြူးရှပ်ကျောင်းတော်ကနေ အထောက်အပံ့ကောင်းကောင်း ရတဲ့အတွက် သူတို့တွေက နှစ်အနည်းငယ်မှာပဲ အလယ်အလတ်အဆင့်တွေအထိ လျင်လျင်မြန်မြန် ရာထူးတက်လာခဲ့ကြတယ်… အင်ပါယာနေပြည်တော်မှာ ဒုတိယမြောက် အရေးအခင်း ပေါ်ထွက်လာတဲ့အချိန်မှာတော့ ကွန်ဖြူးရှပ်ကျောင်းတော်က ကျန်းပိုင်ကျိုးကို တိတ်တဆိတ် ဖမ်းဆီးဖို့အတွက် လူတွေကို စေလွှတ်လိုက်တယ်… လျှိုကျင်းရီက သူ့အသက်နဲ့ရင်း စွန့်စားပြီး ကျန်းပိုင်ကျိုးကို ထွက်ပြေးလွတ်မြောက်နိုင်အောင် ကူညီပေးခဲ့တယ်… ဒါပေမဲ့.. အဲဒီဖြစ်ရပ်ပြီးမှာပဲ သူတို့တွေထဲမှာ တာအိုဆရာ သူလျှိုတစ်ဦးရှိနေပြီဆိုတာကို ကွန်ဖြူးရှပ်ကျောင်းတော်က နားလည်သဘောပေါက်သွားတယ်… သူတို့က စစ်ကြောမေးမြန်းဖို့လုပ်နေရင်းနဲ့ တာအိုဂိုဏ်းတော်အတွင်းမှာရှိတဲ့ သတင်းအချက်အလက်တွေကို ရှဲ့ယွင်အန်ဆီကနေ ရဖို့ မျှော်လင့်နေကြတယ်”

“ဒါပေမဲ့… အဲဒီအချိန်မှာ ကွန်ဖြူးရှပ်ကျောင်းတော်က မလွှဲမသွေ ကျဆင်းလာတော့မယ်ဆိုတာကို ရှဲ့ယွင်အန်က သတိထားမိသွားပြီ… သူက သူတို့နဲ့အတူ လိုက်ပါကျဆင်းမသွားလိုဘူး.. အဲဒါကြောင့် ကွန်ဖြူးရှပ်ကျောင်းတော်ကနေ ထွက်ခွာပြီး အစစ်အမှန် တာအိုဆရာတစ်ဦးဖြစ်လာဖို့ ဆုံးဖြတ်ခဲ့တယ်… တစ်ဖက်မှာတော့ လျှိုကျင်းရီက ကွန်ဖြူးရှပ်ပညာရှိတစ်ဦးရဲ့ ဖိအားပေးခံရပြီး အသက်အန္တရာယ် ရှိလာတယ်… ညှဉ်းပန်းနှိပ်စက်မှုကို အဆက်မပြတ်ခံစားနေရတဲ့ ထာဝရငရဲ အဝီစိရှိတယ်ဆိုတာကို ဗုဒ္ဓဝါဒီတွေက ယုံကြည်ကြတယ်… ကိုယ်မပိုင်ဆိုင်တဲ့ သရုပ်သကန်ကို ရရှိထားတဲ့လူတစ်ယောက်က အဆုံးမဲ့ငရဲမှာ ရှင်သန်နေရတာနဲ့ တူတယ်.. တခြားသူတွေက သူ့ရဲ့သရုပ်သကန်ကို ဖော်ထုတ်လိုက်မှာကို သူ့ရဲ့အိပ်မက်တွေထဲမှာတောင် ကြောက်နေရတယ်”

“သူက အဲဒီမီးခိုးရောင်ဧရိယာထဲကနေ ရုန်းထွက်နိုင်မှပဲ ထာဝရငရဲကနေ လွတ်မြောက်ပြီး သူ့ကိုယ်သူ ပြန်လည်ရှာဖွေတွေ့ရှိလိမ့်မယ်”

တစ်ခါတစ်ရံမှာ သာမန်ကာလျှံကာ မှတ်ချက်စကားတစ်ခုသည် အတည်အတံ့ ဖြစ်သွားနိုင်သည်။ ချီရွှမ်းစု၏ မျက်နှာအမူအရာက ပြောင်းလဲမသွားသော်လည်း သူက တဖြည်းဖြည်းနှင့် စိတ်ခံစားချက် မကောင်းတော့ပေ။ ဤပြဇာတ်သည် သူ့၏ သရုပ်သကန်ကို သတိပေးနေသောကြောင့်ဖြစ်သည်။ သူသည် တာအိုဂိုဏ်းတော်ထဲ စိမ့်ဝင်ထိုးဖောက်လာသည့် ချင်းဖျင်အသင်းတော်သားတစ်ဦး ဖြစ်သည်။ သူ့မှာ သရုပ်သကန်နှစ်ခုရှိပြီး ထိုမီးခိုးရောင် ဧရိယာထဲမှာ နေထိုင်နေရသည်။ ထို့သို့ဆိုမှတော့ သူကလည်း ထာဝရငရဲမှာ ကျခံနေရသည်မဟုတ်ပါလား။

သူက စိတ်ထဲမှာ စဉ်းစားမိလိုက်သည်။

'ကျန်းယွဲ့လုက တစ်ခုခုကို သတိထားမိသွားပြီလား.. သူက ဒီအကြောင်းကို တမင်သက်သက် ထုတ်ဖော်ပြောဆိုနေတာလား”

ထိုခဏမှာ ချီရွှမ်းစုက အနည်းငယ် ထိတ်ထိတ်ပျာပျာ ဖြစ်နေသည်။ သူသည် အမူအရာကိုပင် ကောင်းကောင်းမထိန်းချုပ်နိုင်တော့ပေ။

ကျန်းယွဲ့လုက မေးလိုက်၏။

“နင်ရော… ဘယ်လိုထင်လဲ”

ချီရွှမ်းစုက အပြုံးတစ်ခုကို ထုတ်ဖော်ပြီး ပြောလိုက်သည်။

“သူတို့ရဲ့နာမည်တွေကို ရွှမ်အရှင်ကတ်ထဲမှာ မြင်ဖူးတယ်… လျှိုကျင်းရီနဲ့ ရှဲ့ယွင်အန်က သူလျှိုကတ်တွေပဲ… ဒါပေမဲ့ သူတို့မှာ ဒီလိုမျိုး နောက်ခံဇာတ်လမ်းတစ်ခု ရှိနေလိမ့်မယ်လို့တော့ မသိခဲ့ဘူး”

ကျန်းယွဲ့လုက အကြံပြုလိုက်သည်။

“ပြဇာတ်မစခင် အချိန်နည်းနည်း ရသေးတယ်… ငါတို့ ဒီလက်မှတ်နှစ်စောင်ကိုရောင်းပြီး ပြဇာတ်အသစ် သွားကြည့်ရင် မကောင်းဘူးလား”

ချီရွှမ်းစုက စိုးရိမ်ပူပန်နေသော်လည်း ထုတ်ဖော်ပြသခြင်းမရှိဘဲ ပြောလိုက်သည်။

“အဲလိုလုပ်လို့ ကောင်းပါ့မလား… ဘာပဲပြောပြော ဒီလက်မှတ်တွေကို ခန်းမသခင်ကပေးထားတာ… ငါတို့က သူပေးထားတဲ့လက်မှတ်တွေကို ရောင်းစားတာ သိသွားရင် သူစိတ်ဆိုးသွားမလား”

“ရပါတယ်… ခန်းမသခင်က သဘောထားသေးသိမ်တဲ့သူ မဟုတ်ဘူး… သူ့မှာ ဒီလိုမျိုး အသေးအဖွဲကိစ္စတွေကို ဂရုစိုက်နေဖို့ အချိန်လည်းမရှိဘူး”

ကျန်းယွဲ့လုက ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်သည်။

“ဒါက ပြဇာတ်ပွဲတစ်ခုပဲကို… ငါတို့က ငွေကို ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေအတွက် အသုံးချနေသရွေ့ ခန်းမသခင်မျှော်လင့်ထားတဲ့ ပုံစံအတွင်းမှာ ရှိနေတာပဲ”

ကျန်းယွဲ့လု သံသယဝင်လာမည်ကိုစိုး၍ ချီရွှမ်းစုက သိပ်ပြီး ကန့်ကွက်ငြင်းဆိုခြင်းမရှိပေ။

ကျန်းယွဲ့လုက လူကဲခတ်တော်သည်ကို သူသိရှိထားပြီး ခေါင်းညိတ်ကာ သဘောတူလိုက်ရသည်။

“အင်း… ဒါဆိုလည်း လုပ်လိုက်လေ”

“ငါ့နောက်က လိုက်ခဲ့”

ကျန်းယွဲ့လုက တစ်ဖက်ကိုလှည့်ပြီး ထိုက်ရှန်အကွက်သို့ လျှောက်လှမ်းသွားလေသည်။ ချီရွှမ်းစုက ကျန်းယွဲ့လုနောက်ကနေ လိုက်ပါသွားရသည်။ ချီရွှမ်းစုက ထိုက်ရှန်အကွက်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်း ဖြစ်သည်။ ဤနေရာသည် ကျောက်စိမ်းနေပြည်တော်၏ ထိပ်တန်းမြို့ကွက်ဟူသောနာမည်နှင့် တကယ်ပင် ထိုက်တန်သည်ဟု သူခံစားမိလေသည်။

လမ်းများကနေ အဆောက်အအုံများအထိ အရာတိုင်းက သန့်ရှင်းသပ်ရပ်၍ လက်ရာမြောက်ပြီး ရွှမ်မြို့တော်နှင့် ယှဉ်နိုင်သည်။ ယခုက ရှယွမ်ပွဲတော်ဖြစ်သောကြောင့် လမ်း၏ တစ်ဖက်တစ်ချက်စီနှင့် အဆောက်အအုံများက တောက်ပသောမီးအိမ်များနှင့် ထိန်ထိန်လင်းနေသည်။ ဘယ်တော့မှ မအိပ်စက်သည့် မြို့တော်တစ်ခုလိုပင်။

အခြားသော ရပ်ကွက်များနှင့်မတူဘဲ ထိုက်ရှန်အကွက်သည် လူနေရပ်ကွက်သက်သက် မဟုတ်ပေ။ ဤနေရာမှာ ကပွဲရုံများ၊ စစ်တုရင်အသင်းများ၊ လက်ဖက်ရည်ဆိုင်များ၊ ပန်းချီအသင်းများ၊ စာအုပ်အသင်းများနှင့် အစရှိသည်ဖြင့် အသင်းအဖွဲ့တချို့ ရှိနေလေသည်။

သို့သော်လည်း ချီရွှမ်းစုက ဤအကြောင်းကို မေးမြန်းသည့်အခါ ကျန်းယွဲ့လုက အထင်အမြင်သေးသောလေသံဖြင့် တုံ့ပြန်ပြောဆိုလိုက်သည်။

“သူတို့တွေက.. မကောင်းမှုတွေကို ဖုံးကွယ်ဖို့အတွက် ဟန်ပြသက်သက် လုပ်နေရုံပါပဲ”

ချီရွှမ်းစုက နားလည်သဘောပေါက်သွားသည်။ သူက စိတ်အာရုံကို လွှဲပြောင်းလိုပြီး အခြားသော အကြောင်းအရာများကို ဆက်လက်၍ မေးမြန်းနေကာ သူ၏ မအီမသာခံစားချက်ကို လျော့ကျသွားစေသည်။

ကျန်းယွဲ့လုက ချီရွှမ်းစုကို တစ်ချက်ကြည့်ပြီး တွက်လိုက်သည်။

“လက်ဖက်ရည်တစ်အိုးက ထိုက်ဖျင်ဒင်္ဂါး ၁၀၀ ကျသင့်တယ်… နင်အဲဒါကို တတ်နိုင်လား”

“အဲဒီလက်ဖက်ရွက်တွေက… ရွှေနဲ့လုပ်ထားတာမို့လို့လား”

ချီရွှမ်းစုက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

“ဒါက နေ့ခင်းကြောင်တောင် ဓားပြတိုက်နေတာပဲ”

ကျန်းယွဲ့လုက လှောင်ရယ်လိုက်သည်။

“ငါက ချမ်းသာကြွယ်ဝတဲ့မိသားစုက မဟုတ်ပေမယ့် တချို့လက်ဖက်ရည်တွေက ရွှေထက်တောင် အများကြီးပိုပြီး တန်ဖိုးကြီးတယ်ဆိုတာ ကြားဖူးတယ်… လောကမှာ အနည်းအကျဉ်းသာကျန်တော့တဲ့ ရှေးဟောင်းလက်ဖက်ပင်အိုကြီးတွေကနေရတဲ့ လက်ဖက်တစ်မျိုး ရှိတယ်လို့ ငါ ကြားဖူးတယ်.. တစ်နှစ်လုံးမှာ ၆ ကီလိုဂရမ်ထက် ပိုမရဘူး… အဲဒါက အဖိုးမတန်ဘူးလား”

သူတို့က စကားပြောရင် ခပ်လှမ်းလှမ်းမှာ နှစ်ထပ်အဆောက်အအုံတစ်ခုကို တွေ့မြင်လိုက်ရသည်။

ကျန်းယွဲ့လုက ထိုအဆောက်အအုံကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။

“ဒီပြဇာတ်ရုံကို ထျန်းယင်ပြဇာတ်ရုံလို့ ခေါ်တယ်… ထိုက်ရှန်အကွက်မှာ မြေကွက်တွေက အဖိုးတန်တယ်… အဲဒါကြောင့် ငှားရမ်းခတွေကလည်း အရမ်းဈေးကြီးတယ်”

ထျန်းယင်ပြဇာတ်ရုံက လမ်းသုံးလမ်း ဆုံသည့်နေရာမှာ တည်ရှိနေသည်။ ဘယ်ဘက်မှာက ယွီယန်လမ်း၊ ညာဘက်မှာက ရှောင်ချူးလမ်းနှင့် ချီရွှမ်းစုနှင့် ကျန်းယွဲ့လု ရောက်ရှိနေသည်က ကျိယန်လမ်းဖြစ်သည်။ ဤနေရာက တကယ့်ကို အချက်အချာကျသော နေရာတစ်ခုဖြစ်သည်။

ယခုအချိန်မှာ ထျန်းယင်ပြဇာတ်ရုံသည် အဆောက်အအုံ၏ ရှေ့မှာ အနီရောင်မီးအိမ်များကို ခပ်မြင့်မြင့် ချိတ်ဆွဲထားသည်။ အဆောက်အအုံက လင်းထိန်တောက်ပနေပြီး လူများက အထဲကို အဆက်မပြတ်ဝင်ရောက်နေကာ ဆူညံပွက်လောရိုက်နေသည်။

ဤမြင်ကွင်းမှာ ချီရွှမ်းစုက အံ့အားသင့်သွား၏။

“တော်တော် စည်ကားတာပဲ… ကျောက်စိမ်းနေပြည်တော်မှာ ဒီလောက်ချမ်းသာကြွယ်ဝတဲ့ လူတွေအများကြီး ရှိနေလိမ့်မယ်လို့ ကျုပ်မသိခဲ့ဘူး”

ကျန်းယွဲ့လုက ထေ့ငေါ့လိုက်၏။

“အို... ဒါက ဘာဟုတ်သေးလို့လဲ… တချို့ဆိုရင် ထောက်ခံစာတစ်စောင်အတွက် ထိုက်ဖျင်ဒင်္ဂါး ၂၀၀ တောင် ပေးနိုင်ကြတယ်”

စွန်းယုံဖုန့်အား သူလာဘ်ထိုးခဲ့သည်ကို ကျန်းယွဲ့လုက စောင်းမြောင်းပြောဆိုနေခြင်းဖြစ်သည်။ သူက ချောင်းဟန့်၍ စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“ကျုပ်တို့ ဟိုလက်မှတ်ရောင်းတဲ့သူတွေလိုမျိုး လိုက်လုပ်ရမှာလား”

ခပ်မှောင်မှောင် ထောင့်တစ်နေရာမှာ လက်မှတ်ရောင်းသူများရှိပြီး သူတို့က ဖြတ်သွားဖြတ်လာများကို လက်မှတ်ဝယ်လိုသလား အဆက်မပြတ် မေးမြန်းနေကြသည်။

ဤမြင်ကွင်းသည် ချီရွမ်းစု၏ မှတ်ဉာဏ်ထဲက အေးတိအေးစက်နိုင်သော ကျောက်စိမ်းနေပြည်တော်နှင့် လုံးဝကို ကွာခြားနေသည်။

ကျန်းယွဲ့လုက ချီရွှမ်းစုကို လက်မှတ်ရောင်းသူများထံ ခေါ်ဆောင်သွားပြီး ပြောလိုက်သည်။

“တကယ်တော့… ပုံမှန်ဆိုရင် ဒီနေရာက အဲဒီလောက် မစည်ကားဘူး… ဒီနေ့က ရှယွမ်ပွဲတော်မို့လို့ပဲ… ဒါကြောင့် အပြင်ထွက်တဲ့ လူတွေ အဲလောက် များနေတာ”

လက်မှတ်ရောင်းသူတစ်ဦးက စုံတွဲတစ်တွဲ လာနေသည်ကိုတွေ့မြင်သောအခါ အရင်စတင် နှုတ်ဆက်ပြီး မေးလိုက်သည်။

“ခင်ဗျားတို့ လက်မှတ်လိုချင်လို့လား… နောက်ဆုံးတန်း ထိုင်ခုံက ထိုက်ဖျင်ဒင်္ဂါး ၃၀၊ မတ်တပ်ရပ်ကြည့်မယ်ဆိုရင် ထိုက်ဖျင်ဒင်္ဂါး ၁၀ ပဲ ကျပါမယ်”

သူတို့သည် ပုံမှန်ထက် ဈေးကိုနှစ်ဆနီးပါး တင်ထားကြသည်။

ကျန်းယွဲ့လုက သူမ၏ လက်မှတ်များကို ထုတ်ယူပြီး အနည်းငယ် လှုပ်ခါပြလိုက်သည်။

“ဒုတိယထပ် သီးသန့်ခန်းလက်မှတ်တွေပဲ”

လက်မှတ်ရောင်းသူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

“ခင်ဗျားတို့မှာ လက်မှတ်တွေ ရှိနေပြီးသားပဲ… ပြပွဲသွားမကြည့်ဘဲ ဒီကို ဘာလာလုပ်ကြတာလဲ”

ယခုအခါမှာသာ ပြဇာတ်လက်မှတ်များကို အတန်းအစား အနည်းငယ် ခွဲထားကြောင်း ချီရွှမ်းစုက နားလည်သဘောပေါက်သွားသည်။ ဤလက်မှတ်များသည် ခန်းမသခင်ကို တစ်ယောက်ယောက် လက်ဆောင်ပေးထားခြင်း ဖြစ်နိုင်သောကြောင့် အဆင့်မြင့် လက်မှတ်များ ဖြစ်ရပေမည်။ ခန်းမသခင်လို လူမျိုးက ပထမထပ်မှာ လူအများနှင့် ရောနှောကာ ဝင်ကြည့်လိမ့်မည် မဟုတ်ပေ။

ကျန်းယွဲ့လုက ပြောလိုက်သည်။

“ကျွန်မက လက်မှတ်ဝယ်ဖို့ မဟုတ်ဘူး… လက်မှတ်ရောင်းမလို့ပဲ”

“လက်မှတ်ရောင်းဖို့လား”

လက်မှတ်ရောင်းသူက အံ့အားသင့်မှင်တက်သွားသည်။

ကျန်းယွဲ့လုက ကမ်းလှမ်းလိုက်၏။

“ကျွန်မ ဒီလက်မှတ်နှစ်စောင်ကို မူရင်းဈေးအတိုင်း ထိုက်ဖျင်ဒင်္ဂါး ၂၀၀ နဲ့ပဲ ရောင်းမယ်”

လက်မှတ်ရောင်းသူက စစခြင်း အံ့အားသင့်သွားသည်။ ထို့နောက် သူက ကျေနပ်သဘောကျသွားလေသည်။ ဘယ်လောက်စောစော တန်းစီသည်ဖြစ်စေ ဒုတိယထပ် သီးသန့်ခန်းလက်မှတ်များကို ဝယ်ယူရရှိဖို့ မဖြစ်နိုင်သောကြောင့် ဖြစ်သည်။

လက်မှတ်များ မရောင်းချခင်ကတည်းက ဤကဲ့သို့သော လက်မှတ်များက ကုန်ဆုံးသွားတတ်သည်။ တနည်းအားဖြင့်ဆိုသော် ဤလက်မှတ်များက အကန့်အသတ်နှင့်ဖြစ်ပြီး တန်ဖိုးဖြတ်မရပေ။ မူလတန်ဖိုးက ထိုက်ဖျင်ဒင်္ဂါး ၁၀၀ ဖြစ်သော်လည်း သူတို့သည် ဈေးကို နှစ်ဆ၊ သုံးဆတင်ပြီး ပြန်လည်ရောင်းချနိုင်သည်။

“ခင်ဗျား တကယ်ပြောနေတာလား”

လက်မှတ်ရောင်းသူက မယုံကြည်နိုင် ဖြစ်နေသေးသည်။

ကျန်းယွဲ့လုက စိတ်မရှည်နိုင် ဖြစ်လာ၏။

“ရှင် ယူမှာလား မယူဘူးလား… မယူဘူးဆိုရင်လည်း တခြားတစ်ယောက်ကို သွားရှာလိုက်တော့မယ်”

“ယူမှာပေါ့ဗျာ… ကျုပ် အဲဒါကို လိုချင်နေတာ”

လက်မှတ်ရောင်းသူက ကျန်းယွဲ့လု ထွက်ခွာသွားမည်ကို စိုးရိမ်ပြီး ငွေစက္ကူအတန်ကြီးနှစ်ရွက်ကို အလျင်အမြန် ထုတ်ယူကာ ကျန်းယွဲ့လုကို ကမ်းပေးလိုက်သည်။

ကျန်းယွဲ့လုက လက်မှတ်ကိုပေးပြီးနောက် ငွေစက္ကူ နှစ်ရွက်ကို ဝေ့ယမ်းကာ ချီရွှမ်းစုကို ပြုံး၍ကြည့်နေသည်။

ချီရွှမ်းစုက သက်ပြင်းချလိုက်၏။

“နောက်ဆုံးတော့ မင်း လက်မှတ်တွေကို ရောင်းလိုက်တာပဲ… အစကတည်းက ငါပြောတာကို နားထောင်ခဲ့ရမှာ”

ကျန်းယွဲ့လုက သူ့ကို မျက်လုံးစွေကြည့်လိုက်သည်။

“နင်က အဲဒါကို ငွေအတွက် ရောင်းချချင်တာပဲ… ငါကတော့ နောက်ထပ် ပြပွဲအတွက် လက်မှတ်တစ်စုံ ထပ်ဝယ်ဖို့ ရောင်းချလိုက်တာ… မတူဘူးလေ”

ထို့နောက် ကျန်းယွဲ့လုက ချီရွှမ်းစုကို ထျန်းယင်ပြဇာတ်ရုံကနေ ခေါ်ထုတ်သွားပြီး တိတ်ဆိတ်ခြောက်ကပ်သော ပြဇာတ်ရုံငယ်လေးတစ်ရုံသို့ ရောက်ရှိလာခဲ့သည်။

ထျန်းယင်ပြဇာတ်ရုံမှာ ပွဲကြီးပွဲကောင်း ရှိသောကြောင့် ဤပြဇာတ်ရုံငယ်လေးက အတော်လေး တိတ်ဆိတ်ခြောက်ကပ်နေသည်။ သူတို့သည် လက်မှတ်များကို ပုံမှန်အတိုင်းပင် ဝယ်ယူနိုင်ပြီး ဈေးကလည်း အတော်လေး သင့်လေသည်။

ကျန်းယွဲ့လုက ထိုက်ဖျင်ဒင်္ဂါး ၅၀ သုံးပြီး ဒုတိယထပ် သီးသန့်ခန်းလက်မှတ်နှစ်စောင်ကို ဝယ်ယူလိုက်သည်။ ထို့နောက် သူမက ချီရွှမ်းစုနှင့်အတူ ပြဇာတ်ရုံငယ်ထဲသို့ ဝင်ရောက်သွားလေသည်။

All Chapters