အသစ်အဆန်းများ
Vol. 7 Ch. 68
ဤပြဇာတ်ရုံကို မြောင်လင်ပြဇာတ်ရုံဟု ခေါ်ဆိုသည်။ ၎င်းသည် ထျန်းယင်ပြဇာတ်ရုံထက် အနည်းငယ် ပိုသေးသော်လည်း နှစ်ထပ်အဆောက်အအုံပင်ဖြစ်ပြီး တူညီသော အခင်းအကျင်း ရှိလေသည်။ ပထမထပ်ကခန်းမသည် ဒုတိယထပ်၏ အမိုးထိ ဟောင်းလောင်းပေါက် အပွင့်ဖြစ်သည်။ ဒုတိယထပ်ကို လျှောက်လမ်းနှင့်အတူ တစ်ပိုင်းဖွင့် လသာဆောင်များစွာအဖြစ် ခွဲခြားထားသည်။ ဤကဲ့သို့သော ဖွဲ့စည်းပုံကြောင့် လသာဆောင်မှာ ထိုင်နေရုံနှင့် ပထမထပ်ရှိ ပြဇာတ်စင်ကို ကောင်းမွန်စွာ ကြည့်ရှုနိုင်မည် ဖြစ်သည်။
လူကြိုက်များသော ပြဇာတ်များသည် အဓိကအားဖြင့် ခွန်သံစုံဂီတပြဇာတ်များဖြစ်ပြီး အဓိက တီးခတ်သောတူရိယာမှာ ပုလွေများ ဖြစ်လေသည်။ အထူးသဖြင့် ရွှေမော့သံစဉ်သည် နတ်တေးသံပမာ သာယာငြိမ့်ညောင်းလွန်းသည်။
ပီအိုနီနန်းဥယျာဉ်သည် ခွန်သံစုံဂီတပြဇာတ်၏ ဂန္ထဝင်မြောက် လက်ရာတစ်ခုဖြစ်သည်။ တိုင်းကျော်ပြည်ကျော် သရုပ်ဆောင်လျှိုက ကိုယ်တိုင်လာရောက်ဖျော်ဖြေမည်ဖြစ်ပြီး ထို့ကြောင့်ပင် ထိုင်းယင်ပြဇာတ်ရုံက ဤမျှ စည်ကားလွန်းနေခြင်းဖြစ်သည်။ သို့သော်လည်း မြောင်လင်ပြဇာတ်ရုံမှ ပြဇာတ်များကလည်း ဒီဘက်ခေတ်မှာ အတော်လေး လူကြိုက်များလာသည်။
ချီရွှမ်းစုနှင့် ကျန်းယွဲ့လုက ရုံထဲသို့ ဝင်ရောက်လာသည့်အခါ သူတို့ စောင့်ကြည့်မည့် ပြဇာတ်အသစ် “ငရဲပမာ တာအိုဆရာ” ကို ယခုအချိန်ထိ မစတင်ရသေးပေ။ နောက်ထပ် ပြဇာတ်အသစ်တစ်ပုဒ်ဖြစ်သည့် “ဂယ်လီလီယိုကို စစ်ဆေးမေးမြန်းခြင်း” ကို ပြသနေသည်။ ၎င်းသည် အနောက်ဘက်ကုန်းမြေတိုက်မှ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး စင်ပေါ်မှ သရုပ်ဆောင်များသည် အနောက်တိုင်းပုံစံ အဝတ်အစားများကို ဝတ်ဆင်ဆင်ယင်ထားကြသည်။
အဖြူရောင်ဝတ်ရုံနှင့် လူအိုကြီးတစ်ယောက်က စတင်၍ သီဆိုလိုက်သည်။
“ကျုပ်က… မဟာကွပ်ကဲရေး ဘုန်းတော်ကြီးရဲ့ အမိန့်ကို နာခံနေရတဲ့ မွန်မြတ်သန့်စင်နန်းတော်က အပိုင်ဂိုဏ်းချုပ်ပါ… ဂယ်လီလီယိုကို ခေါ်ထုတ်လာခဲ့ကြဟေ့”
ဦးထုတ်၊ လည်စီး၊ အပေါ်ဝတ်ရုံ၊ အောက်ခံအင်္ကျီ၊ ဘောင်းဘီနှင့် သားရေဖိနပ်ရှည်ကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးကို ခေါ်ထုတ်လာကြသည်။
အပိုင်ဂိုဏ်းချုပ်က ပြောလိုက်သည်။
“ဂယ်လီလီယို… သင် ဘုရားကျောင်းထဲကို ရောက်လာတာတောင် လက်ဝါးကပ်တိုင် သင်္ကေတကို ဘာကြောင့် မလုပ်ရတာလဲ… ဘယ်လိုတောင် အတင့်ရဲနေတာလဲ”
ဂယ်လီလီယိုက ပြောလိုက်သည်။
“ကျုပ်နှလုံးသားထဲမှာ နတ်ဘုရားမရှိတယ်… အဲဒါကြောင့် ကျန်တာမလိုဘူး”
အပိုင်ဂိုဏ်းချုပ်က အော်ပြောလိုက်သည်။
“တော်တော်ကို ပြောရဲဆိုရဲဖြစ်နေတာပဲ… သင် ဆက်ပြီးတော့ စကားစစ်ထိုးမနေနဲ့… သင့်ရဲ့ မိစ္ဆာဝါဒ မကောင်းမှုတွေအားလုံးကို ဝန်ခံလိုက်စမ်း”
ဂယ်လီလီယိုက ရှင်းပြလိုက်၏။
“အပိုင်ဂိုဏ်းချုပ်… ကျေးဇူးပြုပြီး ကျုပ်ပြောတာကို နားထောင်ပါ… ကျုပ် ငယ်ငယ်ကတည်းက နက္ခတ္တဗေဒကို နှစ်သက်သဘောကျခဲ့တယ်… ကျုပ်က နေ၊ လနဲ့ ကြယ်တွေကို စောင့်ကြည့်ခဲ့တယ်… စာပေသင်ကြားခြင်းနဲ့ အသက်မွေးဝမ်းကျောင်းပြုခဲ့တယ်… ကျုပ်က နေရာအနှံ့ လှည့်လည်သွားလာပြီး ပညာရပ်နယ်ပယ်မှာ ခိုင်မာတဲ့ နာမည်ဂုဏ်သတင်းတစ်ခုကို ရရှိထားတယ်။ ကျုပ် မွန်မြတ်သန့်စင်နန်းတော်ကို ဘယ်တုန်းကမှ မလေးမစား မလုပ်ခဲ့ဘူး… ဒါတောင် ဒီနေ့ ကျုပ်ကို ဘာလို့စစ်ဆေးမေးမြန်းနေရတာလဲ”
ဘေးမှာရှိသော ဦးစီးဘုန်းတော်ကြီးက အကြံပေးလိုက်သည်။
“အပိုင်ဂိုဏ်းချုပ် ဂယ်လီလီယိုက ကောင်းကောင်းပြင်ဆင်ထားတဲ့ပုံပဲ… သူ့ရဲ့သမီး မာရီယာကို အရင်ဆုံး စစ်ဆေးမေးမြန်းလိုက်တာ ပိုကောင်းမယ်ထင်တယ်”
အပိုင်ဂိုဏ်းချုပ်က မေးခွန်းထုတ်လိုက်သည်။
“မိန်းကလေး… သင့်ရဲ့ဖခင်က အဝေးကြည့်မှန်ပြောင်း ပြုလုပ်ခဲ့ဖူးသလား’
အနောက်တိုင်းပုံစံ ဝတ်ဆင်ဆင်ယင်ထားသည့် မိန်းကလေးက ပြဇာတ်စင်ပေါ်မှာ စတင်၍ သီဆိုလိုက်သည်။
လသာဆောင်မှာ ချီရွှမ်းစုက ရယ်ရမလား ငိုရမလားမသိဘဲ ပြောလိုက်သည်။
“ခန်းမသခင်က အသစ်အဆန်းတွေကို ဘာလို့လက်မခံနိုင်တာလဲ ငါအခု နောက်ဆုံးနားလည်သွားပြီ… ငါဆိုရင်လည်း အဲဒါကို လက်ခံမိမှာမဟုတ်ဘူး”
ကျန်းယွဲ့လုက ပြဇာတ်ကို အတော်လေး သဘောကျနေပြီး ပြောလိုက်သည်။
“ကွန်ဖြူးရှပ်ကျောင်းတော်က တာအိုဂိုဏ်းတော်ကို ဘာကြောင့် ရှုံးနိမ့်ခဲ့သလဲ နင်သိလား… သူတို့တွေက လမ်းဟောင်းတွေထဲမှာ ပိတ်မိနေပြီး အပြောင်းအလဲတွေကို လက်ခံဖို့ ငြင်းဆန်ခဲ့ကြလို့ပဲ… အဲဒါက ဘာစိတ်ကူးစိတ်သန်းအသစ်မှ ပေါ်ထွက်မလာတော့တဲ့ ရေသေအိုင်တစ်ခု ဖြစ်သွားခဲ့တာပဲ… တာအိုဂိုဏ်းတော်က ကွန်ဖြူးရှပ်ကျောင်းတော်ရဲ့ လမ်းဟောင်းအတိုင်း မလိုက်သင့်ဘူး… ငါတို့က အဲဒီ အသစ်အဆန်းတွေကို လက်ခံကြိုဆိုရမယ်”
ချီရွှမ်းစုက ကန့်ကွက်ပြောဆိုလိုက်သည်။
“ဒါပေမဲ့.. အဲဒါက အရမ်းလွန်လွန်တယ်”
ကျန်းယွဲ့လုက ရှင်းပြလိုက်၏။
“ဇာတ်လမ်းကို အပေါ်ယံပဲကြည့်ပြီး မဆုံးဖြတ်နဲ့… တကယ်တော့ သဘောတရားကို ကြည့်ရမယ်… အဲဒါက အတူတူပဲ.. အနောက်တိုင်း မွန်မြတ်သန့်စင်နန်းတော်က ဂယ်လီလီယိုကို စစ်ဆေးမေးမြန်းခဲ့သလို ကွန်ဖြူးရှပ်ကျောင်းတော်ကလည်း အတွေးအခေါ် ကျောင်းတော်ပေါင်းရာချီကို ဖျက်သိမ်းခဲ့တယ်… တကယ်တော့ အဲဒါက အသစ်အဆန်း မဟုတ်ဘူး”
သူမပြောသည့်စကားကို နားထောင်ပြီး ချီရွှမ်းစုက မေးမြန်းလိုက်သည်။
“ဒါဆို… တာအိုဂိုဏ်းတော်က လျှို့ဝှက်အသင်းအဖွဲ့တွေကို ဖိနှိမ်တာကျတော့ရော”
ကျန်းယွဲ့လုက မှင်တက်သွားပြီးနောက် ခေါင်းခါ၍ ရှင်းပြလိုက်လေသည်။
“အဲဒါက မတူဘူး… ဂယ်လီလီယိုနဲ့ အတွေးအခေါ်ကျောင်းတော်တွေက ဘာအမှားအယွင်းမှ မလုပ်ခဲ့ကြဘူး.. အဲဒါကြောင့် မွန်မြတ်သန့်စင်နန်းတော်က သူတို့ကို အကြောင်းရင်းမရှိဘဲ ဖိနှိမ်တာ တရားမျှတမှုမရှိဘူး၊ တစ်ကိုယ်ကောင်းဆန်ရာကျတယ်… တစ်ဖက်မှာတော့ လျှို့ဝှက်အသင်းအဖွဲ့တွေက ကြီးလေးတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ကြတယ်… အဲဒါကြောင့် အဲဒီရာဇဝတ်သားတွေကို သတ်ဖြတ်တာက ဘာမှမှားယွင်းမနေဘူး”
ချီရွှမ်းစုက ဆက်လက်၍ မေးမြန်းလိုက်သည်။
“ချင်းဖျင်အသင်း၊ မျိုးနွယ်ရှစ်စု၊ တည်းခိုခန်းနဲ့ ရတနာခုနှစ်သွယ်မဏ္ဍပ်အပြင် တခြား ဘာအသင်းအဖွဲ့တွေ ရှိသေးလဲ… သူတို့တွေက ဘယ်လိုပြစ်မှုတွေကို ကျူးလွန်ခဲ့ကြလို့လဲ”
ကျန်းယွဲ့လုက ထိန်းချန်မထားဘဲ ရှင်းပြလိုက်လေသည်။
“ကျီကွမ်းအသင်းက အစစ်အမှန်အရှင်ကျီကွမ်း(ရှေးဟောင်းအင်မော်တယ် သို့မဟုတ် နတ်မင်း)ကို ယုံကြည်ကြတယ်… သူတို့တွေက တာအိုအဖွဲ့အစည်းနဲ့လည်း အတော်လေး ပတ်သက်မှုရှိပြီး ငါတို့ရဲ့ တပည့်ဂိုဏ်းသားတွေ သူတို့ဆီဝင်ရောက်ဖို့ နည်းလမ်းပေါင်းစုံသုံးပြီး သွေးဆောင်ဖြားယောင်းကြတယ်… သူတို့က သရုပ်သကန်အတုတွေကိုပါ ပြုလုပ်ပြီး တာအိုဂိုဏ်းတော်ရဲ့နာမည်နဲ့ နေရာဒေသအသီးသီးမှာ ဟောပြောပို့ချမှုတွေ ပြုလုပ်ခဲ့ကြတယ်”
“သာမန်လူတွေကို မပြောနဲ့၊ တစ်ခါတစ်ရံမှာ တာအိုဂိုဏ်းတော်က သူတွေတောင်မှ သူတို့တွေက အစစ်အမှန် တာအိုဆရာတွေ ဟုတ်မဟုတ် မပြောနိုင်ကြဘူး… ဘယ်လိုပဲဖြစ်ဖြစ် တာအိုအဖွဲ့အစည်းက ကြီးမားကျယ်ပြန့်လွန်းတယ်… အနောက်ဘက်ဒေသ တာအိုစံအိမ်က လူတွေက ချီကျိုးတာအိုစံအိမ်ကလူတွေနဲ့ ရင်းနှီးကျွမ်းဝင်ဖို့ မဖြစ်နိုင်သလို… လျောင်တုံ့တာအိုစံအိမ်က လူတွေကလည်း လင်းနန်တာအိုစံအိမ်ကလူတွေနဲ့ ရင်းနှီးကျွမ်းဝင်ဖို့ ခဲယဉ်းတယ်”
“အဲဒီ လိမ်လည်လှည့်ဖြားမှုတွေက တာအိုဂိုဏ်းတော်ရဲ့ နာမည်ဂုဏ်သတင်းကို အကြီးအကျယ် ပျက်စီးထိခိုက်စေတယ်… သူတို့တွေက တာအိုဂိုဏ်းတော်ကိုလာပြီးတော့ ငြိတွယ်နေတဲ့ နွယ်ပင်တွေလိုမျိုးပဲ”
“ကောင်းကင်ဘုံကံကြမ္မာကိုမယုံကြည်ဘဲ ကံကြမ္မာနတ် အစစ်အမှန်အရှင်စစ်မင်ကို ယုံကြည်ကိုးကွယ်တဲ့ ကံကြမ္မာမိစ္ဆာအယူဝါဒဂိုဏ်းလည်း ရှိတယ်… သူက စီမုခံတပ်ဟောင်းက အဖြစ်အပျက်မှာ ပါဝင်ပတ်သက်ခဲ့တဲ့ ရှေးဟောင်းအင်မော်တယ်ပဲ… သူ့ရဲ့နောက်လိုက်တွေက သေခြင်းရှင်ခြင်းပေါ် အာရုံစိုက်ထားကြတယ်… ကံဆိုးစွာနဲ့ပဲ သူတို့တွေမှာ သေခြင်းရှင်ခြင်းကို ပြန်ပြောင်းပစ်နိုင်တဲ့ အစွမ်းမရှိကြဘူး… အဲဒီအစား သူတို့က အလောင်းတွေကို အသွင်ပြောင်းလဲ၊ တစ္ဆေ သရဲတွေကို မွေးမြူပြီး လမ်းမှားကို ရောက်ရှိသွားခဲ့ကြတယ်”
“တာအိုဂိုဏ်းတော်က တစ္ဆေ သရဲမွေးမြူတဲ့ နည်းလမ်းတွေကို ပိတ်ပင်တားမြစ်ခဲ့တယ်ဆိုတာကလည်း ကံကြမ္မာမိစ္ဆာအယူဝါဒဂိုဏ်းနဲ့ အများကြီး ပတ်သက်ဆက်စပ်နေတယ်… အစတုန်းကတော့ သူတို့တွေက အုတ်ဂူတွေတူးပြီး အလောင်းတွေကို ခိုးယူခဲ့ကြရုံပဲ… နောက်ပိုင်းမှာတော့ သူတို့တွေက တဖြည်းဖြည်း အစွန်းရောက်လာပြီး လူတွေကို သတ်ဖြတ်ပြီး သက်ရှိဝိညာဉ်တွေကို အစစ်အမှန်အရှင်စစ်မင်ထံ ပူဇော်ပသတာတွေ လုပ်လာကြတယ်”
“သူတို့ထဲမှာ သက်ရှိလူတွေကို ဖုတ်ကောင်တွေအဖြစ် အသွင်ပြောင်းလဲပစ်တဲ့ ပိုပြီးတော့ အစွန်းရောက်တဲ့သူတွေလည်း ရှိလာခဲ့တယ်… သူတို့ပြောင်းလဲလိုက်တဲ့ ဖုတ်ကောင်တွေက အသိဉာဏ်တချို့ရှိပြီး အရမ်းကို မာကျောတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြတယ်… အဲဒီ ဖုတ်ကောင်တွေက သဘာဝအတိုင်းဖြစ်လာတဲ့ ဖုတ်ကောင်တွေထက် အများကြီးပိုပြီး စွမ်းအားကြီးမားတယ်… အဲဒီ လျှို့ဝှက်အသင်းအဖွဲ့တွေ အားလုံးကို ချေမှုန်းသုတ်သင်ပစ်ရမယ်”
ချီရွှမ်းစုသည် ချင်းဖျင်အသင်းတော်ကနေ အသွင်ပြောင်းလဲပေးခဲ့သည့် သူ့ခန္ဓာကိုယ်ကို ချက်ချင်းပင် တွေးမိသွားသည်။ သူကတုန်လှုပ်သွားပြီး သူကိုယ်တိုင်က ဖုတ်ကောင်တစ်ကောင်ဖြစ်နေမလား စဉ်းစားတွေးတောနေမိသည်။ ထို့နောက် သူသည် ကံကြမ္မာမိစ္ဆာဝါဒဂိုဏ်းကမဟုတ်ဘဲ ချင်းဖျင်အသင်းဝင်တစ်ဦးဖြစ်သည်ကို အမှတ်ရသွားသည်။
အရင်က ကျန်းယွဲ့လုပြောခဲ့သလိုပင် ချင်းဖျင်အသင်းကို တာအိုဂိုဏ်းတော်မှ သြဇာအာဏာရှိသော ပုဂ္ဂိုလ်များက ထောက်ပံ့ပေးထားသည်။ ထို့ကြောင့် ၎င်းသည် တာအိုဂိုဏ်းတော်အတွင်း အတွင်းရေးပဋိပက္ခများမှာ ပါဝင်ပတ်သက်နေပြီး အစစ်အမှန်အရှင်စစ်မင်ကို ယုံကြည်ကိုးကွယ်သော ကံကြမ္မာမိစ္ဆာဝါဒဂိုဏ်းနှင့် တစ်အုပ်စုတည်းမဟုတ်ပေ… ချင်းဖျင်အသင်းနှင့် ကံကြမ္မာမိစ္ဆာဝါဒဂိုဏ်းကြား ပတ်သက်ဆက်စပ်မှု ရှိနေပြီဆိုလျှင်တောင် သူကအမှန်တကယ် ဖုတ်ကောင်တစ်ကောင် ဖြစ်နေမည်ဆိုလျှင် ကျောက်စိမ်းနေပြည်တော်က အကြီးအကဲများသည် သူ၏သရုပ်သကန်ကို ရှာဖွေဖော်ထုတ်နိုင်ပေလိမ့်မည်။ သူသည် ရွှမ်မြို့တော် သို့မဟုတ် ထျန်ကန်းခန်းမသို့လည်း ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။ ယနေ့ညမှာ ချီရွှမ်းစုသည် အနည်းငယ် စိုးရိမ်ကြောင့်ကြနေပြီး သူ၏စိတ်က ဟိုရောက်ဒီရောက် ဖြစ်နေသည်။
သူ၏ အမူအရာကို ကျန်းယွဲ့လုက သတိထားမိသွားသည်။
“ထျန်းယွမ်… နင်ဘာလို့ စိုးရိမ်ပူပန်တဲ့ပုံ ပေါက်နေရတာလဲ”
ချီရွှမ်းစုက အသိစိတ်ပြန်ကပ်လာပြီး အလျင်အမြန် ဣန္ဒြေဆယ်ကာ ပြောလိုက်သည်။
“တကယ်တော့… မင်းနဲ့ကျုပ် နှစ်ယောက်ထဲမို့ စိတ်ထဲမှာ နည်းနည်းတင်းကျပ်နေတာပါ”
ကျန်းယွဲ့လုက လက်နှစ်ဖက်ကိုဖြန့်ပြီး အရွှန်းဖောက်လိုက်သည်။
“နင် အတည်ပြောနေတာလား… ငါက ကျားတစ်ကောင်လို ကြမ်းကြုတ်ခက်ထန်ပြီး နဂါးတစ်ကောင်လို စွမ်းအားကြီးမားတယ်လို့ ထပ်ပြီး ပြောဦးမလို့လား… နင်သာ အဲဒီလိုမျိုး ထပ်ပြောရဲမယ်ဆိုရင် ငါ့ကို ရိုင်းတယ်ဆိုပြီး အပြစ်မတင်နဲ့… ကျားတစ်ကောင်ရဲ့လက်တွေက ဘာလဲဆိုတာ နင့်ကို ငါတစ်ခါတည်း ပြပေးလိုက်မယ်”
ချီရွှမ်းစုက အလျင်အမြန် တောင်းပန်လိုက်သည်။
“ငါ မင်းကို မယှဉ်နိုင်ဘူးဆိုတာ သိပါတယ်…မင်းက လီထျန်ကျန်းကိုတောင် ကျောက်စိမ်းနေပြည်တော်ကနေ ကန်ထုတ်လိုက်တယ်လို့ ငါကြားပြီးပြီ”
ကျန်းယွဲ့လု၏ မျက်နှာပေါ်ရှိအပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ သူမက ညင်သာစွာ မေးလိုက်သည်။
“ဒီအကြောင်း… နင့်ကို ဘယ်သူပြောတာလဲ… တစ်ယောက်ယောက် နင့်ကို ပြဿနာလာရှာခဲ့တာလား”
“ငါ့ကို ဘယ်သူမှ ပြဿနာလာမရှာပါဘူး”
ချီရွှမ်းစုက ခေါင်းခါပြီး ရှင်းပြလိုက်သည်။
“ငါ့ကို ရှုခို ပြောပြခဲ့တာ”
“ရှုခိုလား”
ကျန်းယွဲ့လုက အနည်းငယ် အံ့အားသင့်သွားသည်။
ချီရွှမ်းစုက ရှုခိုနှင့်အတူ တွေ့ဆုံခဲ့ပုံကို ပြန်ပြောပြလိုက်သည်။
ကျန်းယွဲ့လုက နားထောင်ပြီးနောက် ခဏမျှစဉ်းစားကာ ပြောလိုက်၏။
“ဒါကြောင့်ကို… လက်စသတ်တော့ လီထျန်ကျန်းက သွေးထိုးလှုံ့ဆော်ခဲ့သူပဲ… သူ့ကို ငါမကြိုက်တာလည်း အဲဒါပဲ… သူက ကြောင်သူတော်လို မြင့်မြတ်သယောင်ဟန်ဆောင်တတ်တယ်.. သူ့မှာ လိမ်လည်လှည့်ဖြားတတ်တဲ့ အကျင့်စရိုက်လည်းရှိတယ်”
ကျန်းယွဲ့လု စိတ်အာရုံပြောင်းသွားသည်ကိုကြည့်ပြီး ချီရွှမ်းစုက စိတ်သက်သာစွာ သက်ပြင်းချမိသည်။ တစ်ချိန်တည်းမှာပင် သူက အနည်းငယ် တွေဝေရှုပ်ထွေးသလို ခံစားလာရသည်။ သူတစ်ယောက်တည်း လှည့်လည်သွားလာခဲ့စဉ်က ဤပြဿနာနှင့်ပတ်သက်၍ ဘယ်တုန်းကမှ မတွေးမိခဲ့ပေ။ ထိုအချိန်တုန်းက သူ့အနေဖြင့် အဆင့် ၇ တာအိုဆရာတစ်ဦးဖြစ်ဖြစ် သို့မဟုတ် ဘာဖြစ်ဖြစ် ဂရုမစိုက်သောကြောင့် ဖြစ်သည်။
သို့သော် ကျောက်စိမ်းနေပြည်တော်သို့ သူပြန်လည်ရောက်ရှိလာကာ ထျန်ကန်းခန်းမသို့ ဝင်ရောက်ပြီးနောက် သူ၏ သရုပ်သကန်နှစ်မျိုးက အချုပ်အနှောင်များ ဖြစ်လာခဲ့သည်။ ‘ငါ့ရဲ့ သရုပ်သကန်နှစ်ခုကို ဘယ်အချိန်မှာ ရှင်းထုတ်ပစ်နိုင်ပါ့မလဲ'ဟု ချီရွှမ်းစု စဉ်းစားတွေးတောနေမိသည်။
ယခုအချိန်တွင် သူ့ရှေ့မှာရှိသော ချောမောလှပသည့် မိန်းကလေးက သူ့ကို စိတ်ရင်းမှန်ဖြင့် ပြုမူဆက်ဆံနေသည်။ ဒါတောင် သူက သူ၏ အခြားသောသရုပ်သကန် မပေါ်ပေါက်စေဖို့အတွက် ဖြစ်နိုင်သမျှ နည်းအမျိုးမျိုးဖြင့် သူမကို လိမ်လည်လှည့်ဖြားနေရသည်။ ဤခံစားချက်ကို ဖော်ပြရန် ခဲယဉ်းလေသည်။
ကျန်းယွဲ့လုက လီထျန်ကျန်းအကြောင်း ဆက်မတွေးတော့ဘဲ အမျိုးမျိုးသော လျှို့ဝှက်အသင်းအဖွဲ့များ၏ လျှို့ဝှက်ချက်များအကြောင်း ချီရွှမ်းစုကို ရှင်းပြခဲ့သည်။
သူမ ရှင်းပြပုံအရ ဤလျှို့ဝှက်အသင်းအဖွဲ့များကို အကြမ်းဖျင်းအားဖြင့် အုပ်စုသုံးစုခွဲနိုင်သည်။
ပထမအုပ်စုသည် ကျီကွမ်းအသင်း၊ ကံကြမ္မာမိစ္ဆာအယူဝါဒဂိုဏ်း၊ လင်းရှန်စုန်းကဝေဝါဒဂိုဏ်းတို့ အပါအဝင် ရှေးဟောင်းအင်မော်တယ်များကို ယုံကြည်လက်ခံသည့် သူများဖြစ်ကြလေသည်။ တာအိုဂိုဏ်းတော်နှင့် ရှေးဟောင်းအင်မော်တယ်များကြား ပဋိပက္ခများက နှစ်ကာလ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ဤအယူဝါဒဂိုဏ်းများသည် ဗုဒ္ဓဂိုဏ်းနှင့် နတ်ဆရာဂိုဏ်းတို့နှင့်လည်း ပတ်သက်ဆက်စပ်နေသည်။ ထို့ကြောင့် တာအိုဂိုဏ်းတော်၏ ခွန်အားကို အကဲခတ်၍ သူတို့က ပေါ်လာလိုက် ပျောက်ကွယ်သွားလိုက် ဖြစ်နေသည်။
ဒုတိယအုပ်စုသည် ချင်းဖျင်အသင်း၊ တည်းခိုခန်း၊ မျိုးနွယ် ၈ စုနှင့် ရတနာခုနှစ်သွယ်မဏ္ဍပ်ကဲ့သို့ လျှို့ဝှက်အသင်းအဖွဲ့များ ဖြစ်သည်။ သူတို့အများစုသည် ကွန်ဖြူးရှပ်ကျောင်းတော်နှင့် တာအိုဂိုဏ်းတော် ဩဇာအာဏာအတွက် ယှဉ်ပြိုင်ခဲ့ကြသည့်ခေတ်မှာ ပေါ်ထွက်လာခဲ့ကြသည်။ သူတို့သည် တာအိုဂိုဏ်းတော် သို့မဟုတ် အင်ပါယာနန်းတော်နှင့် အနည်းနှင့်အများဆိုသလို ပတ်သက်ဆက်စပ်နေကြသည်။
ဥပမာအားဖြင့် ချင်းဖျင်အသင်းတော်မှာရှိသော အစ်မချီသည် တာအိုဂိုဏ်းတော်အတွင်း အမျိုးမျိုးသောအခြေအနေများနှင့် ပတ်သက်၍ ကောင်းကောင်းနားလည်သိရှိနေပြီး တည်းခိုခန်းကတော့ ဖီးနစ်စိမ်းတပ်ဖွဲ့နှင့် ရင်းရင်းနှီးနှီး ပတ်သက်ဆက်စပ်နေသည်။ အရာရာတိုင်းက အတွင်းပိုင်းမှာရောထွေးနေပြီး ဤလျှို့ဝှက်အသင်းအဖွဲ့များကို ချေမှုန်းသုတ်သင်ဖို့က မလွယ်ကူပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့က ဆက်လက်၍ ကျယ်ပြန့်လာနေသည်။
တတိယအဖွဲ့မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ခန့်မှာ ပေါ်ထွက်လာခဲ့သည့် ကြာဖြူဂိုဏ်းကဲ့သို့ အဖွဲ့အစည်းအသစ်များ ပါဝင်လေသည်။ သူတို့သည် အနာဂတ်ဗုဒ္ဓကို လက်ခံယုံကြည်သော်လည်း သူတို့၏ ယုံကြည်မှုများက အစွန်းရောက်နေကြသည်။ ထို့သို့ဖြင့် သူတို့သည် ရှေးရိုးစဉ်လာ ဗုဒ္ဓဂိုဏ်းက လက်မခံနိုင်သည့် လမ်းမှားပေါ်သို့ ရောက်ရှိသွားကြလေသည်။
ဤအဖွဲ့အစည်းအသစ်များထဲမှ တချို့သည် အနောက်တိုင်း မွန်မြတ်သန့်စင်နန်းတော်နှင့်ပင် ပတ်သက်ဆက်စပ်နေကြသည်။ မွန်မြတ်သန့်စင်နန်းတော်က အရှေ့တိုင်းသို့ ရောက်ရှိလာပြီးနောက် အသင်းအဖွဲ့အသစ်တစ်ခုသည် မွန်မြတ်သန့်စင်နန်းတော်၏ ဒေသနာများကို အသွင်ပြောင်းလဲပြီး သူတို့ကို တာအိုဝါဒနှင့် ပေါင်းစည်းခဲ့သည်။ သူတို့ကိုယ်သူတို့ ကောင်းကင်ဘုံနန်းတော်ဟု ခေါ်ဆိုကြသည်။ ဤအသင်းအဖွဲ့အသစ်ကို တာအိုဂိုဏ်းတော်ကလည်း လက်မခံပေ။
ဒါ့အပြင် စီရင်စုများနှင့် ခရိုင်များမှာသာ လွှမ်းမိုးမှုရှိသည့် သိပ်ပြီး အရေးမပါ အရာမရောက်သော လျှို့ဝှက်အသင်းအဖွဲ့များလည်း ရှိနေလေသည်။
ဤအကြောင်းအရာများကို နားထောင်ပြီးနောက် ချီရွှမ်းစုက ပြောလိုက်သည်။
“ဒီလျှို့ဝှက်အသင်းအဖွဲ့တွေ အားလုံးကို ဖယ်ရှားရှင်းလင်းပစ်ဖို့ဆိုတာက တကယ့်ကို ခက်ခဲကြမ်းတမ်းပြီး ရှည်ကြာမယ့်တာဝန်တစ်ခုပဲ”
“ရွှမ်အရှင်မြတ်ခေတ်ကတည်းက သူတို့ကို ဖိနှိမ်လာခဲ့ကြတာ.. မဟာအကြီးအကဲ မျိုးဆက် ၆ ဆက် ကျော်လွန်သွားခဲ့ပြီ… ဒါပေမဲ့ အဲဒီလျှို့ဝှက်အသင်းအဖွဲ့တွေကို အခုချိန်ထိ မရှင်းလင်းနိုင်သေးဘူး… အဲဒါက ဘယ်တော့မှ အကုန်အစင် မလောင်ကျွမ်းဘဲ နွေဦးလေပြည်နဲ့ ပြန်ပေါ်လာတတ်တဲ့ တောမီးလိုပဲ”
ကျန်းယွဲ့လုက ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။
ချီရွှမ်းစုက အရွှန်းဖောက်ကာ ပြောလိုက်၏။
“အရင်တုန်းက ပထမဆုံး ဧကရာဇ်မင်းက ကြီးကျယ်ခမ်းနားတဲ့အင်အားနဲ့ ဘုရင်နိုင်ငံ ၆ နိုင်ငံကို ချေမှုန်းဖျက်ဆီးပြီး ယခင်မျိုးဆက် ၆ ဆက်က သင်ခန်းစာတွေနဲ့ တော်ဝင်မင်းဆက်ကို တည်ထောင်ခဲ့တယ်…အခု ကျုပ်တို့မှာ မဟာအကြီးအကဲ မျိုးဆက် ၆ဆက် ရှိသွားခဲ့ပြီ… ဒီတော့ကျုပ်တို့က တူညီတဲ့ ကြီးကျယ်ခမ်းနားမှုကိုပြသပြီး တာအိုဂိုဏ်းတော်ကို ပြန်လည်ဖွဲ့စည်းဖို့ သတ္တမမျိုးဆက် မဟာအကြီးအကဲ ခင်ဗျားကို စောင့်မျှော်နေကြတာပဲ… ကျုပ်တို့လောကမှာ မကောင်းမှုဒုစရိုက်တွေကို ဖယ်ရှားရှင်းလင်းပစ်နိုင်မလားဆိုတာ ခင်ဗျားအပေါ် မူတည်နေပြီ”
ကျန်းယွဲ့လုက ပြုံး၍ ပြောလိုက်သည်။
“ထျန်းယွမ်… နင်က တော်တော်အပြောကောင်းတာပဲ… ဒါပေမဲ့ ငါက ကံကောင်းပြီး အသက် ၆၀ မှာ မဟာအကြီးအကဲဖြစ်လာမယ်ဆိုရင်တောင် မဟာအကြီးအကဲနေရာက ဆယ်စုနှစ်နဲ့ချီပြီး ဆက်လက်လစ်လပ်နေမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ”
ချီရွှမ်းစုက စဉ်းစားတွေးတောကာ ပြောလိုက်သည်။
“အင်း… အဲဒါက ပြောဖို့တော့ ခက်တယ်”
ထိုစဉ်မှာပင် ပထမထပ်ကနေ ကျယ်လောင်သော အသံတစ်သံထွက်ပေါ်လာပြီး ဗုံတီးခတ်သံနှင့် သာယာငြိမ့်ညောင်းသော ပုလွေမှုတ်သံတို့ ဆက်လက်ထွက်ပေါ်လာသည်။
ချီရွှမ်းစုနှင့် ကျန်းယွဲ့လုက ဆက်လက်၍ မဆွေးနွေးကြတော့ပေ။ သိပ်မကြာခင် အစစ်အမှန် ဝူဒေသိယစကားဖြင့် သီဆိုလိုက်သည့် သရုပ်ဆောင်တစ်ဦး၏အသံက ခန်းမထဲမှာ ထွက်ပေါ်လာလေသည်။
တိမ်စိုင်များ ပြန့်ကျဲလွင့်ပြယ်... ယစ်မူးနေတဲ့ ညတစ်ညမယ်။
ပန်းများက လှပစွာ ဖူးပွင့်လို့... ငွေလမင်းက ဝိုင်းစက်လို့ရယ်.. လူတွေဟာ အိုမင်းလာကြတယ်။
အခုပဲ ကုန်လွန်သွားတဲ့ ချီမင်ပွဲတော်အကြောင်း ငါ စဉ်းစားနေတုန်း.. မိုးမခပွင့်လေးများ လေအဝေ့မှာ လူးလွန့်နေကြလေရဲ့။
အရှေ့လေကို တားဆီးလို့မရတော့... နောက်တစ်နွေဟာ ကုန်ဆုံးသွားပြန်တယ်။
သိချင်မိပါရဲ့.. ပန်းတွေဟာ ဘယ်အချိန်မှာ ပြန်ဖူးပွင့်လာမလဲ.. ငွေလက ဘယ်အချိန်မှာ ပြန်ပြည့်မှာလဲ.. အိုမင်းခြင်းဟာ ဘယ်အချိန်တော့မှ ရပ်တန့်မှာလဲ။
ချီရွှမ်းစုက အနည်းငယ် အံ့အားသင့်သွားသည်။ ဤပြဇာတ်ကို ‘ဖူးပွင့်လာသောပန်းများနှင့် ငွေလမင်း’နာမည်ကြီးသီချင်းဖြင့် စတင်ဖွင့်လှစ်လိမ့်မည်ဟု သူထင်မထားခဲ့ပေ။ နောက်ဆုံးအပိုဒ်သည် အမြဲမပြတ်လည်ပတ်နေသော ဘဝသံသရာကို ဖွဲ့ဆိုထားခြင်းဖြစ်သည်။ သူတို့ရှေ့မှ လှပသောအရာများသည် တစ်ချိန်မှာ အိမ်မက်ဆန်ဆန် တဒင်္ဂများထက် ပိုတော့မည် မဟုတ်ပေ။
သီချင်းစာသားကို ခံစားရင်း ချီရွှမ်းစုတစ်ယောက် ပြဇာတ်ထဲမှာ နစ်မျောသွားတော့သည်။