← Chapters

နှစ်သစ်မှာ အိမ်ပြန်မည်

Vol. 7 Ch. 69

နှစ်သစ်မှာ အိမ်ပြန်မည်

Vol. 7 Ch. 69

ချီရွှမ်းစုသည် ဤပြဇာတ်အသစ်ကို လှောင်ပြောင်လိမ့်မည်ဟု ကျန်းယွဲ့လု အစက ထင်ထားခဲ့သည်။ သူက ပြဇာတ်ထဲမှာ နစ်မြောသွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ သူ့ကို မကြာခဏ အကဲခတ်ကြည့်ပြီးနောက် သူက ပြဇာတ်စင်ပေါ် အပြည့်အဝ အာရုံစိုက်ထားသည်ကို တွေ့ရှိလိုက်ရသည်။

အရင်တုန်းကဆိုလျှင် ကျန်းယွဲ့လုသည် သူ့ထံမှ ဟာကွက်တစ်ခုခုကို ရှာဖွေဖော်ထုတ်လိုပြီး သူ အာရုံစိုက်နေသည့် အကြောင်းရင်းကို စဉ်းစားနေပေလိမ့်မည်။ သို့သော်လည်း ယခု သူမ၏ စိတ်သဘောထားက ပြောင်းလဲသွားသည်။ ချီရွှမ်းစုသည် ဤပြဇာတ်ကို ပထမဆုံးအကြိမ် ကြည့်ဖူးခြင်းဖြစ်သောကြောင့် အံ့အားသင့် သဘောကျနေခြင်းဖြစ်မည်ဟုသာ သူ့အတွက် အကောင်းဘက်ကနေ တွေးပေးလိုက်သည်။ ဒါ့အပြင် ‘ငရဲပမာ တာအိုဆရာ’သည် အရှေ့တိုင်းဇာတ်လမ်းတစ်ပုဒ် ဖြစ်သည်။ ထို့ကြောင့် သူတို့နှင့် ပိုမိုရင်းနှီးပြီး လူအများ နားလည်လက်ခံဖို့ ပိုမိုလွယ်ကူလေသည်။

ပြဇာတ် ပြီးဆုံး၍ ပြည်ဖုံးကား ချလိုက်သောအခါ ချီရွှမ်းစုက သတိစိတ်ပြန်ကပ်လာသည်။ သူက သက်ပြင်းချ၍ ချီးကျူးလိုက်၏။

“တကယ့်ကို ကောင်းတဲ့ပြဇာတ်ပဲ”

“ဘာတွေများ ကောင်းနေလို့လဲ”

ကျန်းယွဲ့လုက ပြုံး၍ မေးလိုက်သည်။

ချီရွှမ်းစုက စဉ်းစားကာ ပြောလိုက်၏။

“ဘယ်ကစပြောရမလဲ ငါမသိဘူး… ဒါပေမဲ့ သဘောတရားကိုတော့ ထုတ်ပြနိုင်တယ် အစစ်အမှန်လောကမှာ လူတွေက သူတို့သဘောကျတဲ့အရာကို အမြဲတမ်း မလုပ်နိုင်ကြဘူး… တစ်နည်းနည်းနဲ့ အပေးအယူ လုပ်ရတတ်တယ်”

“အပြင်လောကကို ပြောတာလား”

ကျန်းယွဲ့လုက မေးခွန်းထုတ်လိုက်သည်။

ချီရွှမ်းစုက ခေါင်းညိတ်၍ ပြောလိုက်၏။

“ဟုတ်တယ်… လူတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့ နေရာတွေမှာပေါ့… ယောင်ကွမ်းဆောင်ကို ဥပမာထားကြည့်… မင်းက အထက်လူကြီး ငါက နောက်လိုက်အစေပါးပဲ.. လူတိုင်းက သူ့နေရာနဲ့သူနေကြရတယ်”

ကျန်းယွဲ့လုက ချီရွှမ်းစုကို ခပ်ဖွဖွ ထိုးလိုက်သည်။

“နင်ပြောတဲ့ပုံက.. ငါက နင့်ကို ကျွန်ပြုထားသလိုပဲ… ထျန်းယွမ်.. နင် ငါ့ကို ဒီလိုပုံစံနဲ့ သွယ်ဝိုက်ပြီး စော်ကားစရာမလိုပါဘူး… ငါက တကယ်ပဲ အဲလောက်ထိ ကြောက်ဖို့ကောင်းလို့လား”

ကျန်းယွဲ့လု၏ လေသံမှာ တစ်ခုခုလွဲနေသည်ကို အာရုံခံမိသွားပြီး ချီရွှမ်းစုက အလောတကြီး ပြောလိုက်သည်။

“တခြားသူတွေက ငါ့ကို နောက်လိုက်အစေပါးလို့ မြင်မယ်လို့ပဲ ပြောချင်တာပါ… မင်းက ငါ့ကို ကျွန်ပြုထားတယ်လို့တော့ မထင်ပါဘူး.. ငါ့အတွက်တော့ မင်းက ဘာနဲ့တူလဲဆိုတော့...”

ကျန်းယွဲ့လုက ဘာမှမပြောဘဲ လက်ပိုက်ကာ သူ့ကို ဘေးကနေကြည့်နေသည်။ သူက သူမကို ဘယ်လိုမြှောက်ပင့်ပြောဆိုမလဲ စောင့်ဆိုင်းနေသည့်အလားပင်။

ချီရွှမ်းစုက စကားလုံးကိုရွေးချယ်ပြီး တီးတိုးရေရွတ်လိုက်သည်။

“နတ်သမီးတစ်ပါးလိုလား..”

“အဲဒီစကားကတော့ မမိုက်ဘူး”

ကျန်းယွဲ့လုက မှင်သေသေဖြင့် ပြောလိုက်သည်။

သူက ထပ်ပြောလိုက်၏။

“သူရဲကောင်းတစ်ဦးလား..”

ကျန်းယွဲ့လု၏ နှုတ်ခမ်းထောင့်က ကွေးညွှတ်သွားလေသည်။

“အဲဒီစကားကိုတော့ ငါ သဘောကျတယ်… ဒါပေမဲ့ တာအိုဂိုဏ်းတော်က လူအများစုက ငါ့ကို သစ္စာတော်ခံ တစ်ဦးလို့ပဲ သတ်မှတ်ထားကြတာ… ငါက ဘယ်လိုလုပ် သူရဲကောင်းတစ်ဦး ဖြစ်နိုင်ပါ့မလဲ”

ချီရွှမ်းစုက ထပ်မံ၍စဉ်းစားကာ ပြောလိုက်သည်။

“တောက်ပတဲ့… ငွေလစန္ဒာဆိုရင်ကော”

“နင်ဘာလို့ ကြယ်တွေကို ထည့်မတွက်တာလဲ… နင်သိပါတယ်… ယွဲ့လု ဆိုတာက ကြယ်တာရာတစ်ခုရဲ့ နာမည်ပဲ”

ကျန်းယွဲ့လုက ကျေနပ်သဘောကျခြင်း မရှိသေးပေ။

ချီရွှမ်းစုက ပခုံးတွန့်လိုက်၏။

“တော်ပါပြီ… ငါက ဗဟုသုတမကြွယ်ဘူး… ငါ စဉ်းစားမိတာ ဒါအကုန်ပဲ”

ကျန်းယွဲ့လုက နှာတစ်ချက်မှုတ်လိုက်သည်။

“ငါထင်သားပဲ… ငါ့အပေါ် နင့်ရဲ့စိတ်ရင်းမှန်ကန်မှုက ဒါအကုန်ပဲဆိုတာ”

“စိတ်ရင်းမှန်ကန်မှုလား… လူတွေက မင်းကို မြှောက်ပင့်ပြောဆိုတာ မကြိုက်ဘူးလို့ ပြောခဲ့တယ်မဟုတ်ဘူးလား”

ချီရွှမ်းစုက ကူကယ်ရာမဲ့စွာ ခံစားနေရသည်။

ကျန်းယွဲ့လုက ငေးငိုင်သွား၏။ ထို့နောက် သူမက မပွင့်တပွင့် ပြောလိုက်သည်။

“အဲဒါက အဲတုန်းက ပြောတာလေ… အခုက မတူတော့ဘူး”

“ဒါဆိုရင် ငါ အမှန်တိုင်းပြောပြမယ်… ငါ့အတွက်တော့ မင်းက ကြေးမုံထဲက ပန်းတစ်ပွင့်လို၊ ရေကန်ထဲက လမင်းလို.. ထိတွေ့လို့မရတဲ့ အရာပဲ”

ချီရွှမ်းစုက ဝန်ခံပြောဆိုလိုက်သည်။

ကျန်းယွဲ့လုက သူ့စကားမှာ အံ့အားသင့်သွား၏။

“ငါက အဲလောက်လည်း လျှို့ဝှက်ဆန်းကြယ် မနေပါဘူး”

ဘာဆက်ပြောရမည်မှန်း မသိတော့ဘဲ ချီရွှမ်းစုက ကြောင်တောင်တောင်ဖြင့်သာ ပြုံးနေ၏။

ကျန်းယွဲ့လုကလည်း အိုးတိုးအမ်းတမ်းဖြင့် မတ်တတ်ထရပ်လိုက်၏။

“ငါတို့ သွားသင့်ပြီ”

သူတို့နှစ်ယောက်သည် မြောင်လ​င်ပြဇာတ်ရုံကနေ ထွက်ခွာ၍ ရှောင်ချူးလမ်းကို ရောက်ရှိလာကြသည်။ လမ်း၏ တစ်ဘက်တစ်ချက်စီမှာ ချိတ်ဆွဲထားသော မီးအိမ်များက လင်းလက်တောက်ပနေဆဲဖြစ်သည်။ မီးရှူးမီးပန်းများပင် ရှိနေ၏။

ယနေ့အချိန်အခါသည် နှစ်တစ်နှစ်အတွင်း တာအိုအဖွဲ့အစည်းမှာ ကျင်းပသည့် ပွဲတော်ကြီးသုံးခုထဲမှာ နောက်ဆုံးပွဲတော်ဖြစ်ပြီး ဤမျှအထိ စည်ကားသက်ဝင်နေခြင်း ဖြစ်သည်။

သူတို့က တိတ်တဆိတ်ဖြင့် ဘေးချင်းယှဉ် လျှောက်လှမ်းလာကြသည်။ ရှောင်ချူးလမ်း၏ အစပ်ကို ရောက်လာသည့်အခါ ချီရွှမ်းစုက စကားလုံးကို သေချာရွေးချယ်ပြီး စတင်၍ ပြောဆိုလိုက်သည်။

“ချင်းရှောင်… မင်းမှာ ငါ့ကို ပြောစရာတစ်ခုခု ရှိနေတာလား”

အတွေးများထဲမှာ နစ်မျောနေသော ကျန်းယွဲ့လုက ထိတ်လန့်သွား၏။

“နင် သတိထားမိတာလား”

ချီရွှမ်းစုက ပြောလိုက်သည်။

“တစ်ခါတလေ နှုတ်ဆိတ်ခြင်းမှာ စကားလုံးတွေ အများကြီး ပါနေတယ်”

သူမက သူ့ကို မျက်လုံးစွေကြည့်လိုက်သည်။

“ဘာပဲပြောပြော… နင်က ဗဟုသုတကြွယ်သားပဲ.. ဒါ စောစောက နင်ငါ့အပေါ် လုံလောက်တဲ့ စိတ်ရင်းမှန်မရှိခဲ့ဘူးဆိုတဲ့ သဘောပဲ”

“ငါ့ရဲ့ ဗဟုသုတတွေက ဝမ်ရှန်းတာအိုနန်းတော်ကနေ လာခဲ့တာပဲ… ဒါပေမဲ့ ကျောင်းဆင်းပြီးနောက် ငါ့ရဲ့ဗဟုသုတတွေအားလုံးကို ငါ့ရဲ့ဆရာတွေဆီ ပြန်ပေးထားခဲ့ရတယ်”

ချီရွှမ်းစုက ပြောလိုက်သည်။

ကျန်းယွဲ့လုက အမှတ်ရသွားသည်။

“ဝမ်ရှန်းတာအိုနန်းတော်ကနေ နင် အဆင့်ကောင်းကောင်းရခဲ့တာ ငါ မှတ်မိပြီ”

ချီရွှမ်းစုက သက်ပြင်းချလိုက်သည်။

“အဲဒါက အောက်နန်းတော်ဖြစ်နေတာ စိတ်မကောင်းစရာပဲ”

ဝမ်ရှန်းတာအိုနန်းတော်ကို အထက်နန်းတော်နှင့် အောက်နန်းတော်ဟူ၍ ခွဲခြားထားသည်။ အောက်နန်းတော်သည် အဓိကအားဖြင့် မိဘမဲ့ကလေးများကို ခေါ်ယူမွေးစားပြီး တာအိုဂိုဏ်းတော်အတွက် ပါရမီရှင်များကို ပြုစုပျိုးထောင်ပေးခြင်း ဖြစ်သည်။ အထက်နန်းတော်ကတော့ အဆင့် ၄ သို့ တိုးမြှင့်ပေးခံရမည့် အဆင့် ၅ တာအိုဆရာများ သင်ယူလေ့လာသည့် နေရာဖြစ်သည်။ ထို့ကြောင့် အထက်နန်းတော်နှင့် အောက်နန်းတော်က မိုးနှင့်မြေလို ကွာခြားသည်။

ဤအကြောင်းကိုစဉ်းစားရင်း ချီရွှမ်းစုက မေးလိုက်သည်။

“ချင်းရှောင်… မင်းက အဆင့် ၄ ကို တိုးမြှင့်ပေးခံထားရတယ်ဆိုတော့ ဝမ်ရှန်းတာအိုနန်းတော်မှာ နေခဲ့ဖူးမှာပဲ”

“အင်း...”

ကျန်းယွဲ့လုက ပြန်ဖြေလိုက်သည်။

“ငါ အဲဒီမှာ တစ်လလောက်နေပြီး မိတ်ဆွေတချို့ ရခဲ့တယ်”

ချီရွှမ်းစုက သူမ၏ အမူအရာကို သတိထားပြီး မှတ်ချက်ပေးလိုက်သည်။

“ဒါပေမဲ့… မင်းရဲ့ အမူအရာနဲ့လေသံရဆို မင်းက ရန်သူတစ်ယောက်အကြောင်းကို ပြောနေတာနဲ့ ပိုတူနေတယ်’

“အဲလောက်တောင် သိသာနေတာလား”

ကျန်းယွဲ့လုက သူမ၏ လက်ကိုဆန့်ပြီး မျက်နှာကို ပွတ်သပ်လိုက်သည်။

“အဲဒီ မိတ်ဆွေဆိုတဲ့သူက ငါ့ရဲ့အခြေအနေကို ဖျက်ဆီးခဲ့တာပဲ”

ချီရွှမ်းစုက အကဲစမ်း မေးမြန်းလိုက်သည်။

“လီထျန်ကျန်းထက် ပိုဆိုးလို့လား”

ကျန်းယွဲ့လုက ရှင်းပြလိုက်သည်။

“လီထျန်ကျန်းက လီမိသားစုကပဲ… ငါကတော့ ကျန်းမိသားစုက… ငါတို့ မိသားစုတွေကြား ပဋိပက္ခကို မဟာဓားအင်မော်တယ်ခေတ်ကတည်းက ပြန်ရှာကြည့်နိုင်တယ်… မဟာဓားအင်မော်တယ်က ရွှမ်အရှင်မြတ်နဲ့ တုံဟွမ်ရဲ့ အဖေပဲ”

“မဟာဓားအင်မော်တယ် တတ်လှမ်းသွားပြီးနောက် ရွှမ်အရှင်မြတ်က ဩဇာအာဏာကိုရယူပြီး ကျန်းမိသားစုနဲ့ လီမိသားစုကြားက ပဋိပက္ခတွေကို ဖြေဖျောက်ပေးခဲ့တယ်… ဒါပေမဲ့ အဲဒါက ဆန့်ကျင်နေတဲ့ အသံတွေအားလုံးကို ဖိနှိမ်ခဲ့တာကြောင့်ပဲ… ကျန်းမိသားစုနဲ့ လီမိသားစုက လူအတော်များများက ရွှမ်အရှင်မြတ်ရဲ့ လက်ထဲမှာ သေခဲ့ရတယ်… အဲဒါကြောင့်လည်း တောင်ပိုင်းကျန်းတွေနဲ့ မြောက်ပိုင်းလီတွေဆိုတဲ့ စကား ပေါ်ထွက်လာတာပဲ”

“ဒီလောက်နှစ်တွေအများကြီး ကြာပြီးတဲ့နောက် ကျန်းမိသားစုနဲ့လီမိသားစုက အတိုက်အခံတွေ ပြန်ဖြစ်လာကြပြီ… ငါက လီထျန်ကျန်းကို အနိုင်ယူလိုက်တော့ အဲဒါက လီမိသားစုကို အရှက်ခွဲသလို ဖြစ်သွားတယ်… ကျန်းမိသားစုက သက်ကျားအိုကြီးတွေအားလုံးက ကျေနပ်သဘောကျနေခဲ့ကြတယ်… သူတို့က အဲဒီနေရာမှာတော့ စည်းလုံးကြတယ်”

ချီရွှမ်းစုက သတင်းအချက်အလက်ကို သေသေချာချာ ဖမ်းဆုပ်ပြီး ပြောလိုက်သည်။

“လီထျန်ကျန်းက အပြင်ရန်သူဖြစ်ပြီး မင်းမှာ အတွင်းရန်သူတွေ ရှိနေသေးတယ်ဆိုတဲ့ သဘောလား”

ကျန်းယွဲ့လုက သက်ပြင်းရှည်တစ်ချက်ကို ထုတ်လိုက်သည်။

“နင် အဲလိုပြောလို့ရတယ်… ဒီလောကမှာ အကုန်လုံးက ပတ်သက်ငြိစွန်းနေကြတယ်… အရာအားလုံး မှားယွင်းနေတဲ့လောကပဲ”

ချီရွှမ်းစုက သဘောပေါက်လွယ်သူဖြစ်ပြီး ဤအခိုက်အတန့်မှာ အခြေအနေကို အကြမ်းဖျင်း နားလည်သဘောပေါက်သွားသည်။

ထင်မှတ်ထားသည့်အတိုင်း ကျန်းယွဲ့လုက ဆက်ပြောလိုက်သည်။

“ငါတို့ရဲ့ အကြီးအကဲတွေက မိသားစုနှစ်ခုကြား မျိုးဆက်အလိုက် ခင်မင်ရင်းနှီးမှုကို ဆက်ထိန်းထားချင်ခဲ့ကြတယ်… အဲဒီအတွက် တိုက်ရိုက်အကျဆုံးနည်းလမ်းကတော့ မဟာမိတ်ဖွဲ့ ထိမ်းမြားမင်္ဂလာတစ်ခု ပြုလုပ်ပေးတာပဲ… အဲဒီ သက်ကျားအိုကြီးတွေက အပေါ်ယံမှာတော့ စည်းလုံးနေကြတယ်”

ချီရွှမ်းစုက ဤကိစ္စတွင် သူ့၏ အမြင်ကို ထုတ်ဖော်ပြသဖို့ အလောတကြီးရှိမနေဘဲ အချက်တစ်ချက်ကို ထောက်ပြလိုက်သည်။

“ပုံမှန်ဆို.. ငါတို့နှစ်ယောက်တည်းပဲဖြစ်ဖြစ်၊ အများသူငါရှေ့မှာပဲဖြစ်ဖြစ် မင်းက ခန်းမသခင်ကို လေးလေးစားစား ခေါ်ဝေါ်တယ်… ဒါပေမဲ့ မင်းတို့မိသားစုက အကြီးအကဲတွေကိုတော့ သက်ကျားအိုကြီးတွေလို့ ခေါ်တယ်… မင်းက သူတို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရတဲ့ပုံပဲ”

ကျန်းယွဲ့လုက ညည်းတွားပြောဆိုလိုက်သည်။

“သူတို့တွေက ပုံမှန်ဆို ငါနဲ့မတွေ့ဆုံတဲ့ သွေးဝေးတဲ့ ဆွေမျိုးတွေပဲ… ဒါပေမဲ့ ဒီလိုကိစ္စတွေ ပေါ်လာတဲ့အခါမှာတော့ သူတို့က ဝင်ရောက်စွက်ဖက်ပြီး ဆရာကြီးလာလုပ်ကြတယ်… အဲဒါက တကယ့်ကို စိတ်ပျက်စရာပဲ”

ချီရွှမ်းစုက ခဏမျှစဉ်းစားကာ ပြောလိုက်သည်။

“မင်းမှာ မြေကမ္ဘာဆရာသခင်ရဲ့ ထောက်ခံမှုရှိတယ်မလား… မင်း သူ့ကို ဘာလို့ အကူအညီတောင်းမကြည့်ရတာလဲ”

ကျန်းယွဲ့လုက လူနုံတစ်ယောက်ကို ကြည့်နေရသလို ချီရွှမ်းစုကို ကြည့်လိုက်၏။

“ကောင်းကင်ဆရာသခင်က ကျန်းမိသားစုကဆိုတာ နင်မေ့နေတာလား… ကျန်းမိသားစုရဲ့ အရေးကိစ္စမှာ ဝင်ရောက်စွက်ဖက်ဖို့အတွက် ငါက မြေကမ္ဘာဆရာသခင်ကို အကူအညီတောင်းမယ်ဆိုရင် ကောင်းကင်ဆရာသခင်ရဲ့မျက်နှာကို ဘယ်နားသွားထားရမှာလဲ… မြေကမ္ဘာဆရာသခင်ဆီကို သွားဖို့ဆိုတာ နောက်ဆုံးမတတ်သာမှပဲ.. အဲဒီလိုလုပ်ရင် ငါက ကျန်းယီဂိုဏ်းကနေ ထွက်ခွာပြီး ရွှမ်ကျန်းဂိုဏ်းကို ဝင်ရောက်တော့မယ်ဆိုတဲ့ သဘောဖြစ်သွားမယ်”

“အာ... ဟုတ်သားပဲ… ငါ အဲဒါကို မစဉ်းစားမိခဲ့ဘူး”

သူ့အကြံက ဘယ်လောက်ဆိုးရွားသလဲ ချီရွှမ်းစုက နားလည်သဘောပေါက်သွားသည်။

“ဒါဆိုရင်… မင်းအခု ဘယ်လိုလုပ်မှာလဲ”

ကျန်းယွဲ့လုက ခြေလှမ်းကိုရပ်တန့်ပြီး သူ့ကို အကဲခတ်ကြည့်နေသည်။

ချီရွှမ်းစုကလည်း ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာသည်ဟု ခံစားမိလိုက်ပြီး ရပ်တန့်သွားသည်။

ကျန်းယွဲ့လုက သူမ၏ ရင်ထဲမှာ မျိုသိပ်ထားသည့် စကားလုံးများကို ရုတ်တရက်လွှတ်ချလိုက်သည်။

“သူက ယန်မင်းချန်.. အသက် ၃၀.. အဆင့် ၄ တာအိုဆရာတစ်ဦး.. ကျန်းနန်တာအိုစံအိမ်မှာ ထမ်းဆောင်နေတဲ့ ကွေ့ကျန်းအဆင့် ချီသန့်စင်သူပဲ… သူက ငယ်တယ်၊ အလားအလာကောင်းတယ်၊ ဂုဏ်သတင်းကြီးမားတဲ့ မိသားစုတွေရဲ့ ကလေးတွေကြားမှာ ထူးချွန်ထက်မြက်တဲ့ လူငယ်တစ်ဦးလို့ ဆိုနိုင်တယ်”

“အဆင့် ၄ ကို တိုးမြှင့်ခံရဖို့ ဝမ်ရှန်းတာအိုနန်းတော်မှာ ငါသင်ယူလေ့လာခဲ့တုန်းက သူက ငါ့ရဲ့အတန်းဖော်ပဲ… အဲဒါကြောင့် ငါတို့ တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းခဲ့ကြတယ်… သူက ငါ့ထက် အသက်နည်းနည်းပိုကြီးတော့ သူ့ကို ငါ့ရဲ့ စီနီယာအဖြစ် သတ်မှတ်ခဲ့တယ်… အဲတုန်းကတော့ ငါသိပ်ပြီး မစဉ်းစားခဲ့ဘူး.. သူ့ကို သာမန်မိတ်ဆွေတစ်ဦးလိုပဲ သဘောထားဆက်ဆံခဲ့တယ်… ဒါပေမဲ့ ငါတို့ရဲ့သိကျွမ်းမှုကို ငါ့အမေက ရှာတွေ့သွားပြီး အဲဒီစီနီယာနဲ့တွေ့ဆုံဖို့ နှစ်သစ်မှာပြန်လာဖို့ ငါ့ကို မရမက ပြောဆိုလာခဲ့တယ်”

ပြီးခဲ့သည့်လအနည်းငယ်အတွင်း ကျန်းယွဲ့လု၏ စိတ်နေစိတ်ထားကို ချီရွှမ်းစုက တဖြည်းဖြည်း နားလည်သဘောပေါက်လာသည်။ သူမသည် တစ်နည်းတစ်ဖုံအားဖြင့် ကလန်ကဆန်လုပ်တတ်ပြီး တစ်ယောက်ယောက်က သူမကို အတင်းအကျပ် တိုက်တွန်းလာမည်ဆိုလျှင် ထိုအရာကို ပြုလုပ်လိမ့်မည်မဟုတ်ပေ။

ကျန်းယွဲ့လု၏ အစီအစဉ်က တန်ပြန်ရိုက်ခတ်မှုတစ်ခု ဖြစ်စေလိမ့်မည်ဟု သူပုံဖော်မိနေသည်။

“အသက် ၃၀နဲ့ အဆင့် ၄ တာအိုကြီးကဲတစ်ဦး ဖြစ်လာတာဆိုတော့ တကယ့်ကို အလားအလာကောင်းတာပဲ… ဒါပေမဲ့ မင်းငါ့ကို ဒီအကြောင်းတွေ ဘာလို့ပြောပြနေတာလဲ”

ချီရွှမ်းစုက သူ၏ ရင်ထဲမှာ အတိတ်နိမိတ်မကောင်းသော ခံစားချက်တစ်ခုကို ရရှိနေသည်။

ကျန်းယွဲ့လုက အရဲစွန့်ကာ ကမ်းလှမ်းလိုက်သည်။

“နင်က နှစ်သစ်ကို ကျောက်စိမ်းနေပြည်တော်မှာ တစ်ယောက်တည်း ဖြတ်သန်းတော့မှာဆိုတော့ နင်ငါနဲ့ အိမ်ကို လိုက်ခဲ့ပါလား”

ချီရွှမ်းစုသည် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား သူ၏ ခန္ဓာကိုယ်က အေးစက်တောင့်တင်းသွားသည်။ ခဏနေပြီးနောက် သူက သတိပြန်ကပ်လာသည်။

“ငါက ဘာမိသားစုနောက်ခံမှမရှိတဲ့ ခွန်လွင်အဆင့်၊ အဆင့် ၇ လေလွင့်ကျင့်ကြံသူတစ်ဦးပဲ… ငါက ကွေ့ကျန်းအဆင့် အဆင့် ၄ ချီသန့်စင်သူတစ်ဦးကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ… ငါက နင့်အမေနဲ့ ဘယ်လိုလုပ် ထိပ်တိုက်ရင်ဆိုင်နိုင်မှာလဲ… ငါက အဲဒါကို ရှေ့နောက်မစဥ်းစားဘဲ လက်ခံလိုက်လိမ့်မယ်လို့ မင်းတကယ်ပဲ တွေးထားတာလား”

ကျန်းယွဲ့လုက ရယ်မောကာ ပြောလိုက်သည်။

“ငါက ကြိုတင်ပြင်ဆင်မှုမရှိဘဲ တိုက်ပွဲဝင်မယ် နင်ထင်လို့လား… အဓိကရန်သူတွေကို ငါ့တာဝန်ထားလိုက်.. နင် ပြပွဲကို စောင့်ကြည့်ပေးရုံပဲ… နင်က ရုပ်သေးရုပ်ဘုရင် ငါက ကြိုးကိုင်ခြယ်လှယ်သူပေါ့”

ကျန်းယွဲ့လု၏ ယုံကြည်မှုရှိသော မျက်နှာကိုကြည့်ပြီး ချီရွှမ်းစုက ထပ်ပြောလိုက်သည်။

“ဒါဆိုရင်… မင်း တခြားတစ်ယောက်ယောက်ကို ဘာလို့သွားမရှာတာလဲ… ရှုခိုဆို ငါ့ထက်ပိုပြီး သင့်လျော်တယ်”

ကျန်းယွဲ့လုက ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်သည်။

“ရှုခိုရဲ့ ဇနီးက ကွယ်လွန်သွားပြီ… သူက ချီကျိုးတာအိုစံအိမ်ကနေ လာတာပဲ… သူက ငါနဲ့ တစ်ယောက်ချင်းတောင် တိုက်ခိုက်ခဲ့သေးတယ်.. ငါက သူနဲ့ ချစ်ခင်စုံမက်သွားမယ်ဆိုရင် နင်ယုံမှာလား… ငါ့အမေကရော အဲလိုမျိုး အလိမ်အညာတစ်ခုကို လက်ခံယုံကြည်မယ်တဲ့လား… ဒါပေမဲ့ နင်ကတော့ မတူဘူး.. ငါတို့မှာ ထူးခြားတဲ့ ဆက်ဆံရေးတစ်ခုရှိတယ်လို့ ကောလာဟလ ထွက်နေတယ်.. အဲဒါကြောင့် နင်က သေချာပေါက် အသင့်တော်ဆုံးလူပဲ”

ချီရွမ်းစုက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

“ဒါ... ဒါပေမဲ့...”

“ဘာမှ ဒါပေမဲ့ မနေနဲ့”

ကျန်းယွဲ့လုက လက်ကာပြလိုက်သည်။

“နင်က အဆင့် ၇ တာအိုဆရာ မဟုတ်တော့ဘူး.. အဆင့် ၆ ဖြစ်သွားပြီ… ကောင်းကင်ဘုံသက်ရှိတစ်ဦးနဲ့ တူညီတဲ့ နယ်စားမိစ္ဆာကိုလည်း သတ်ဖြတ်ခဲ့တယ်… နောက်ပြီး နင်က အသက် ၂၅ မပြည့်သေးဘူး… အဲဒါကြောင့် နင့်မှာလည်း တောက်ပတဲ့ အနာဂတ်ရှိနေတာပဲ… အဓိကအချက်ကတော့ နင်က အန္တရာယ်နဲ့ရင်ဆိုင်ရတဲ့အချိန်မှာ တည်ငြိမ်တယ်.. အခြေအနေဆိုးလာရင်တောင် ကြောက်လန့်မသွားမယ့်လူကို ငါလိုတယ်”

ချီရွှမ်းစုက အနည်းငယ် ထိတ်လန့်သွားသည်။

“မင်းစကားက ဘယ်လိုကြီးလဲ”

ကျန်းယွဲ့လုက ရှင်းပြလိုက်၏။

“ငါ့အဖေက ကိုင်တွယ်ရလွယ်ကူတယ်… အဓိကကတော့ ငါ့အမေပဲ.. ငါက ယန်မင်းချန်ကို ကိုင်တွယ်ဖို့ အလုပ်များနေတဲ့အချိန်မှာ ငါ့အမေက ခြိမ်းခြောက်မှုတချို့နဲ့ နင့်ကို ဝန်ခံလာအောင် လုပ်လိမ့်မယ်… အဲဒါဆိုရင် ငါတို့ ကြိုးစားထားသမျှက သဲထဲရေသွန်ဖြစ်သွားလိမ့်မယ်… နင်က သရုပ်ဆောင်တဲ့နေရာမှာ တော်ပြီးသားပဲ.. လက်ရုံးရည်၊ နှလုံးရည်လည်းရှိတယ်… ငါတို့ရဲ့ မိသားစုသေးသေးလေးက နင့်ကို မခြောက်လှန့်နိုင်ဘူးဆိုတာ ငါ သေချာပြောနိုင်တယ်”

ချီရွှမ်းစုက ခါးသီးစွာ ပြုံးလိုက်မိသည်။ ဤချီးကျူးစကားအတွက် သူက ကျန်းယွဲ့လုကို ကျေးဇူးတင်ရမလား သို့မဟုတ် သူ့ကိုယ်သူ ပြန်သနားရမလား မသိတော့ပေ။

ကျန်းယွဲ့လုက သူ့ကို တည်တံ့စွာကြည့်ပြီး တောင်းပန်လိုက်သည်။

“ထျန်းယွမ်… နင်မလုပ်ချင်ဘူးဆိုရင် ငါ အတင်းအကျပ် မတိုက်တွန်းပါဘူး… ဒါပေမဲ့ ကျေးဇူးပြုပြီး ဒီတစ်ခေါက် ငါ့ကို ကူညီပေးပါလား။”

All Chapters