အစ်မချီနှင့် တွေ့ဆုံခြင်း
Vol. 7 Ch. 70
ချီရွှမ်းစုက ဆက်လက်၍ တွေဝေမနေတော့ပေ။
“ဟုတ်ပြီလေ…မင်းက တောင်းပန်နေတယ်ဆိုမှတော့ ငါ ကူညီပါ့မယ်… အလွန်ဆုံး မင်းအမေက ငါ့ကို ကန်ထုတ်ရုံပေါ့… သူ ငါ့ကို သတ်တော့မသတ်လောက်ဘူး မဟုတ်လား”
ကျန်းယွဲ့လုက ရွှင်ပျသွားပြီး ချီရွှမ်းစု၏ ပခုံးကိုပုတ်ကာ ပြောလိုက်သည်။
“နင်က တကယ့်ကို သူငယ်ချင်းကောင်းပဲ”
ချီရွှမ်းစုက ကျန်းယွဲ့လု၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်ပြီး အထိအတွေ့က အေးစက်နေသည်ဟု ခံစားရသည်။ သူက သူမ၏ လက်ကို သူ့ပခုံးပေါ်ကနေ ဆွဲချပြီး သတိပေးလိုက်သည်။
“အခုတော့ ဝမ်းသာမနေနဲ့ဦး… ငါတို့ သရုပ်ဆောင်တာကို တခြားသူတွေသိသွားနိုင်တယ်… အဲဒါက အခု မပေါက်ကြားရင်တောင် နောက်ပိုင်း ပေါက်ကြားသွားရင် ငါတို့ဘယ်လိုလုပ်မလဲ… ငါတို့ ဒီလျှို့ဝှက်ချက်ကို တစ်သက်လုံး ထိန်းထားနိုင်မှာတော့ မဟုတ်ဘူးမလား”
ကျန်းယွဲ့လုက ရှက်သွေးဖြာသွားသည်။
“အဲဒီအခါကျရင်… ငါတို့ အတူတူဖြတ်ကျော်ကြတာပေါ့… အခုတော့ ဒီတောင်ကို အရင်ကျော်ရမယ်… ငါတို့ ဒီပြဿနာကို မဖြေရှင်းနိုင်ဘူးဆိုရင် အနာဂတ်အကြောင်း ပြောနေစရာ မလိုတော့ဘူး”
ချီရွှမ်းစုက ခေါင်းညိတ်ပြလိုက်သည်။
“မင်းရဲ့ နာမည်ဂုဏ်သတင်းကရော… ဒီစကားက ပျံ့နှံ့သွားမှာပဲ.. ငါက သာမန်အညတရတစ်ဦးမို့လို့ ကိစ္စမရှိဘူး… အလွန်ဆုံး လူတွေက ငါ့ကို မင်းရဲ့ ပျော်တော်ဆက်ကောင်လေး ဒါမှမဟုတ် ကပ်ပါးရပ်ပါးကောင်လို့ ခေါ်ကြရုံပဲ… ဒါပေမဲ့ မင်းကတော့...”
ကျန်းယွဲ့လုက ချီရွှမ်းစုကိုကြည့်ပြီး အခိုင်အမာ ပြောလိုက်သည်။
“ငါလည်း ဂရုမစိုက်ပါဘူး”
ချီရွှမ်းစုက ကျန်းယွဲ့လု၏ လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်သည်။
“ဒါဆိုရင်တော့… ငါ့မှာ ထပ်ပြောစရာ မရှိတော့ဘူး”
ကျန်းယွဲ့လုက သူမ၏ လက်ကိုရုပ်ပြီး မပွင့်တပွင့် ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
သူတို့က ဆက်လက်၍ လမ်းလျှောက်လာကြသည်။ ခဏနေပြီးနောက် ချီရွှမ်းစုက သက်ပြင်းချလိုက်၏။
“လွန်ခဲ့တဲ့သုံးလကဆိုရင် ငါက နာမည်ကြီးပါရမီရှင်မိန်းကလေးနဲ့ သူ့မိဘတွေကို သွားတွေ့ရလိမ့်မယ်လို့ ဘယ်လိုမှ စဉ်းစားမိမှာ မဟုတ်ဘူး… ဘဝက တကယ့်ကို ဆန်းကြယ်တာပဲ”
ကျန်းယွဲ့လုက သူ့ကို ဘေးတိုက်တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
“ဒီအလောင်းအစားမှာ နင်က ရွှင်မြူးတက်ကြွနေတယ်လို့ ငါဘာလို့ ခံစားနေရတာလဲ”
“ငါလား..”
ချီရွှမ်းစုက ချောင်းအနည်းငယ် ဟန့်လိုက်သည်။
“ငါ သေသေချာချာစဉ်းစားပြီးတဲ့နောက် ဘဝကို အပြောင်းအလဲဖြစ်စေမယ့် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တာပဲ”
ကျန်းယွဲ့လုက ထိုအကြောင်းကို ဆက်လက်၍ မပြောဆိုတော့ပေ။
“ငါဒီည ယောင်ကွမ်းဆောင်မှာ ငါ့ရဲ့အလုပ်တွေကို လက်စသတ်ရမယ်… နင် အိမ်ပြန်ပြီး ခရီးစဉ်အတွက် ပြင်ဆင်ထားလိုက်… ငါတို့ မနက်ဖြန်မနက် ကျောက်စိမ်းနေပြည်တော်ကနေ ထွက်ကြမယ်… ငါရဲ့ ဇာတိမြေကို ကုန်းကြောင်းသွားကြတာပေါ့”
“ကုန်ကြောင်းလား… ဘာလို့ ဝေဟင်ပျံသင်္ဘော မစီးတာလဲ”
ချီရွှမ်းစုက မေးလိုက်သည်။
ကျန်းယွဲ့လုက သူ့ကို မျက်လုံးစွေကြည့်လိုက်သည်။
“ငါက ဒီတွေ့ဆုံမှုကို တတ်နိုင်သမျှ ရွှေ့ဆိုင်းထားချင်တယ်… ငါတို့ နှစ်သစ်အကြိုမှာ အိမ်ပြန်ရောက်ပြီး နှစ်သစ်ကူးနေ့မှာ ပြန်လာနိုင်မယ်ဆိုရင် အကောင်းဆုံးပဲ… ငါ့မိသားစုနဲ့ နင်တွေ့တဲ့အချိန်က တိုတောင်းလေ ငါတို့ သရုပ်ဆောင်တာ ပေါက်ကြားသွားနိုင်ခြေ ပိုနည်းလေပဲ”
ထိုစကားက ထူးဆန်းသည်ဟု ချီရွှမ်းစု ခံစားရသည်။
“ဒါဆိုရင်လည်း… မင်း မပြန်ပါနဲ့လား”
ကျန်းယွဲ့လုက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
“ထျန်းကျန်းခန်းမမှာ ငါ့အမေရဲ့ မိတ်ဆွေတစ်ဦးရှိတယ်… ငါတို့ အားလပ်ရက် သုံးလရထားတယ်ဆိုတာ သူသိပြီးသွားပြီ… မိခင်-ကလေးအဆောင်ကနေ သူငါနဲ့တောင် ဆက်သွယ်ပြီးသွားပြီ… ငါ အိမ်ပြန်မလာဘူးဆိုရင် ကျောက်စိမ်းနေပြည်တော်ကို သူလိုက်လာမယ်လို့ ပြောတယ်… အဲဒါကြောင့် ငါ ဒီတစ်ခေါက် ကုန်းကြောင်းသွားပြီး အချိန်ဆွဲထားချင်တာပဲ အဲဒါမှ ငါဘယ်ရောက်နေလဲ သူမသိသလို အိမ်ပြန်ရောက်ကျတဲ့အတွက် သူငါ့ကို အပြစ်လည်း မတင်နိုင်တော့ဘူး”
ကျန်းယွဲ့လုသည် စိတ်ထက်ကြံ့ခိုင်သော အမျိုးသမီးတစ်ဦးဖြစ်သည်ကို ချီရွှမ်းစု သိရှိထားခဲ့ပြီးဖြစ်သည်။ သူမကို အရူးလုပ်ရသည်မှာ မလွယ်ကူပေ။ ထို့ကြောင့် သူ သတိထားရပေမည်။
ဤအချက်ကို စဉ်းစားရင်း ချီရွှမ်းစုက အကဲစမ်း မေးမြန်းလိုက်သည်။
“မင်းနဲ့ မင်းအမေရဲ့ ဆက်ဆံရေးက ဘယ်လိုမျိုးလဲ”
ကျန်းယွဲ့လု၏ မျက်နှာက အနည်းငယ်ညှိုးသွားသည်။ သူမက ခေါင်းခါပြီး ပြောလိုက်၏။
“ဆိုးတော့ မဆိုးပါဘူး… ဒါပေမဲ့ သိပ်တော့လည်း နွေးထွေးမနေဘူး”
ထိုစကားမှာ ချီရွှမ်းစုက အံ့အားသင့်မသွားပေ။ သူသည် မိဘမဲ့တစ်ဦးအဖြစ် ကြီးပြင်းလာခဲ့သော်လည်း တာအိုဂိုဏ်းတော်၏ သမိုင်းတစ်စိတ်တစ်ပိုင်းအနေဖြင့် ရွှမ်အရှင်မြတ်၏ ဘဝဇာတ်ကြောင်းအသေးစိတ်ကို သူ သင်ယူခဲ့ရသည်။
ရွှမ်အရှင်မြတ်၏ ဘဝမှာ အဖေနှင့်သား သံသယများနှင့် ညီအစ်ကိုများကြား ခိုက်ရန်ဖြစ်ပွားမှုများ ပါဝင်နေသည်။ မိသားစု ချစ်ခြင်းမေတ္တာ ဆိုသည်မှာလည်း လူသားသဘာဝနှင့် ရင်ဆိုင်ရချိန်မှာ အကန့်အသတ်ရှိနေသည်။
ကျန်းယွဲ့လုက သက်ပြင်းချကာ ပြောလိုက်သည်။ “ငါ့ကို နောက်ထပ် ရွေးချယ်စရာတစ်ခုနဲ့ ထောက်ပံ့ပေးထားတဲ့အတွက် မြေကမ္ဘာဆရာသခင်ကို ကျေးဇူးတင်မိတယ်… အဲဒါကြောင့်လည်း ငါ့အမေက ငါ့ကို သိပ်ပြီးတော့ အတင်းအကျပ်မလုပ်တာ… ငါ စိတ်လိုက်မာန်ပါနဲ့ ချွမ်ကျန်းဂိုဏ်းမှာ သီလရှင်ဝတ်သွားမှာကို သူစိုးရိမ်နေတာ။”
သူတို့နှစ်ယောက်သည် စကားပြောရင်း ရှောင်ချူးလမ်းကနေထွက်ခွာပြီး ထိုက်ရှန်အကွက်၏ အရှေ့ဘက်ဝင်းတံခါးကို ရောက်ရှိလာကြပြီဖြစ်သည်။
ကျန်းယွဲ့လုက ကမ်းလှမ်းလိုက်သည်။
“ငါနင့်ကို အိမ်ပြန်လိုက်ပို့ပေးရမလား”
ချီရွှမ်းစုက လက်ကာပြလိုက်သည်။
“ရပါတယ်… မလိုတော့ပါဘူး”
“ဟုတ်ပြီလေ… ဒါဆို မနက်ဖြန် ဟိုက်ချန်အကွက်မှာ နင့်ကို ငါလာတွေ့မယ်”
ကျန်းယွဲ့လုက အရင်ဆုံး ထွက်ခွာသွားသည်။
ကျန်းယွဲ့လု လျှောက်လှမ်းသွားသည်ကို စောင့်ကြည့်ပြီးမှ ချီရွှမ်းစုက ထိုက်ရှန်အကွက်ကနေ ထွက်လာခဲ့သည်။
ဟိုက်ချန်အကွက်မှာရှိသော သူ့အိမ်သို့ ပြန်ရောက်သည့်အချိန်မှာ ညသန်းခေါင်ကို ရောက်လုနီးပါး ဖြစ်နေလေပြီ။
ယခုက ဆယ်လပိုင်း ၁၅ ရက်နေ့မှာပင် ရှိနေသေးပြီး ချီရွှမ်းစုက သူ၏ ငါးရုပ်အဆောင်ကို ထုတ်ယူကာ ချင်းဖျင်အသင်း၏ အိပ်မက်အစည်းအဝေးသို့ ဝင်ရောက်ရန် အစီအရင်ကို ပြင်ဆင်လိုက်သည်။
သူသည် နောက်ဆုံးတစ်ခေါက်တုန်းကလိုပင် ထူးဆန်းသောခန်းမထဲသို့ ရောက်ရှိသွားသည်။
ယခုတစ်ခေါက် လူများက ပိုမိုလျော့နည်းနေသည်။
ချီရွှမ်းစုသည် ဤနေရာမှာ အစ်မချီနှင့် တွေ့ရဖို့ မျှော်လင့်ထားသည်။ မဟုတ်ပါက သူမနှင့် ဆက်သွယ်ဖို့အတွက် မိခင်-ကလေးအဆောင်ကို အသုံးပြုရပေလိမ့်မည်။
ကံကောင်းထောက်မစွာဖြင့် အစ်မချီသည် စီးပွားရေးသမားပီပီ ဤနောက်ဆုံးအခိုက်အတန့်မှာ ရှိနေဆဲဖြစ်သည်။
လူအုပ်ကြားထဲတွင် အစ်မချီကို ခွဲခြားသိမြင်ဖို့က အတော်လေး လွယ်ကူရိုးရှင်းသည်ကို ချီရွှမ်းစု သိရှိလိုက်ရသည်။ ဤနေရာသို့ ဝင်ရောက်ဖို့နှင့် ထွက်ခွာဖို့အတွက် ငါးရုပ်အဆောင်က အဓိကအရာဖြစ်သည်။
သူသည် အစ်မချီ၏ လက်အောက်ငယ်သားဖြစ်သောကြောင့် ငါးရုပ်အဆောင်ကိုသုံးပြီး ဤအိပ်မက်ထဲသို့ ဝင်ရောက်လာသည်နှင့် သူက အစ်မချီနှင့် အချိတ်အဆက်တစ်ခုကို ရရှိလာပေလိမ့်မည်။
အစ်မချီက ဤတစ်ခေါက် သူမ၏ အစစ်အမှန် ရုပ်ရည်သွင်ပြင်ကို ဖုံးကွယ်ထားမည်ဆိုလျှင်ပင် သူက သူမကို တိတိကျကျ ခွဲခြားသိမြင်နိုင်ဆဲဖြစ်သည်။
အစ်မချီကို သူတွေ့ရှိချိန်မှာ သူမက အခြားလူတစ်ယောက်နှင့် စကားပြောဆိုနေသည်။ ချီရွှမ်းစုက မလှမ်းမကမ်းမှာ ရပ်တန့်လိုက်သည်။ သူတို့ ပြောနေသည့်စကားကို မကြားရသော်လည်း အစ်မချီက ထိုစကားမှာ အာရုံစိုက်နေသည်ကို တွေ့ရှိရသည်။
သိပ်မကြာခင် အစ်မချီက လက်ပြလိုက်သည်။ ထိုလူက အိပ်မက်အစည်းအဝေးကနေ ထွက်ခွာသွားပုံရပြီး နေရာကနေ ပျောက်ကွယ်သွားသည်။
အစ်မချီက ချီရွှမ်းစုရှိရာသို့ လျှောက်လှမ်းလာပြီး စနောက်လိုက်၏။
“နင် တော်တော်လွတ်လပ်နေတာပေါ့လေ… ဟမ့်.. နင် ကိုးလပိုင်း ၁ ရက်နေ့က ရောက်မလာခဲ့ဘူး… ကိုးလပိုင်း ၁၅ ရက်နေ့နဲ့ ဆယ်လပိုင်း ၁ ရက်နေ့မှာလည်း ရောက်မလာခဲ့ဘူး”
ချီရွှမ်းစုက အမှန်အတိုင်း ပြောပြလိုက်သည်။
“ကျုပ်က ထျန်းကျန်းခန်းမရဲ့ တာဝန်ခရီးစဉ်တစ်ခုမှာ လိုက်ပါသွားရတယ်… အဲဒါကြောင့် မလာရောက်နိုင်ခဲ့တာ”
“နင် အဆင့် ၆ ကိုရောက်ဖို့ အာမခံချက်ရပြီလား”
အစ်မချီက သာမန်ကာလျှံကာ မေးလိုက်သည်။
ချီရွှမ်းစုက ခေါင်းညိတ်ပြလိုက်သည်။
“အမ်း… အတော်လေးတော့ နီးစပ်နေပါပြီ”
အစ်မချီက စကားလမ်းကြောင်းပြောင်းလိုက်သည်။
“နင် ဒီတစ်ခေါက် ဘာလာလုပ်တာလဲ”
ချီရွှမ်းစုက ကျန်းယွဲ့လု၏ တောင်းဆိုမှုကို အစ်မချီအား ပြောပြလိုက်သည်။ ဤစကားကို ကြားရပြီးနောက် အစ်မချီက ဂုဏ်ယူသောအပြုံးဖြင့် ချီရွှမ်းစုကို ကြည့်နေ၏။ သူမ၏ သားယောက်ျားလေး နောက်ဆုံး အရွယ်ရောက်လာသည်ကို တွေ့မြင်ရသည့်အလားပင်။
သူက မေးလိုက်၏။
“အစ်မချီ… ကျုပ် လိုက်သွားသင့်လား”
အစ်မချီက ရယ်မောကာ ပြောလိုက်သည်။
“ဘာပဲပြောပြော… နင်က ကောင်းကောင်း အရွယ်မရောက်သေးဘူးပဲ… ကလေးတွေက လမ်းပျောက်သွားတဲ့အခါ သူ့အမေဆီကို ပြန်ရောက်လာတတ်တယ်”
ချီရွှမ်းစုသည် အစ်မချီကို မိခင်တစ်ဦးလို အမြဲတမ်း သဘောထားခဲ့သော်လည်း သူက ရှက်သွားဆဲဖြစ်သည်။ သူ့မျက်နှာကို မီးခိုးများက ဖုံးအုပ်ပေးထားသည်မှာ တော်သေးသည်။ သူက စကားလမ်းကြောင်းကို အတင်းပြောင်းလိုက်သည်။
“ကျုပ်က ရှန်ချင်းစီရင်စုကို လိုက်သွားမယ်ဆိုရင် ချင်းဖျင်အသင်းတော်ရဲ့တာဝန်တွေကို လက်လွတ်ရနိုင်တယ်”
“တာဝန်တချို့နဲ့ လွဲချော်သွားတော့ရော ဘာဖြစ်လဲ… ကိစ္စမှမရှိတာ”
အစ်မချီက လက်ကာပြလိုက်သည်။
“ဒီကိစ္စက နင့်ရဲ့တစ်ဘဝစာ ပျော်ရွှင်မှုနဲ့ ပတ်သက်နေတယ်… အဲဒါကြောင့် နင်အာရုံစိုက်ထားရမယ်”
“တစ်ဘဝစာ ပျော်ရွှင်မှုကဘာလဲ… ဒါက သရုပ်ဆောင်ရုံပဲလေ”
အိပ်မက်ထဲမှာပင် ချီရွှမ်းစု၏ မျက်နှာက နီမြန်းသွားသည်။
အစ်မချီက အဓိကအချက်ကို ထုတ်ဖော်ပြီး ပြောလိုက်သည်။
“သူ့လိုမျိုး မိန်းကလေးအနေနဲ့ သူ့ကောင်လေးအဖြစ် ဟန်ဆောင်ဖို့ ကြိုက်တဲ့လူကို အလွယ်တကူ ရှာနိုင်တယ်… သူက အားလုံးထဲမှာမှ ဘာလို့နင့်ကို ရွေးချယ်ခဲ့တာလဲ”
ချီရွှမ်းစုက ကျန်းယွဲ့လု ပြောခဲ့သည့် အကြောင်းပြချက်များကို ပြန်ပြောပြလိုက်သည်။ သို့သော်လည်း ပြောရင်း သူက ယုံကြည်မှု လျော့ကျလာပြီး နောက်ဆုံးမှာ သူ့အသံက တိမ်ဝင်သွားသည်။
အစ်မချီက ရယ်မောလိုက်သည်။
“ငါက အမျိုးသမီးတစ်ဦးပါ… နင့်ထက်လည်း ပိုပြီး အတွေ့အကြုံရှိတယ်… အဲဒါကြောင့် နင်နဲ့ယှဉ်ရင် ငါက အမျိုးသမီးတွေအပေါ် ပိုပြီးတော့ ကောင်းကောင်းနားလည်တယ်”
“ဟုတ်ပါတယ်”
ချီရွှမ်းစုက ဖြေပေးလိုက်သည်။
အစ်မချီက ဆက်ပြောလိုက်၏။
“ဒါဆိုရင် နင် ငါပြောတာကို နားထောင်လိုက်… ဒါက နင့်အတွက် တကယ့်ကို ကောင်းမွန်တဲ့အခွင့်အရေးပဲ… ဒီအခွင့်အရေးကို ဖမ်းဆုပ်နိုင်မလားဆိုတာ နင့်ရဲ့အစွမ်းအစပေါ် မူတည်လိမ့်မယ်”
ချီရွှမ်းစုက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
“ကျုပ်က ဒီအခွင့်အရေးကို မဖမ်းဆုပ်နိုင်ဘူးဆိုရင် ဘာဖြစ်မှာလဲ… ဖမ်းဆုပ်နိုင်မယ်ဆိုရင်ရော ဘာဖြစ်မှာလဲ”
“နင်… အရူးပဲ”
အစ်မချီက သူ့ကို အော်ငေါက်လိုက်သည်။ သူက သဘောပေါက်နောက်ကျသည့်အတွက် သူမက စိတ်ပျက်သွားမိသည်။
“ဒါက လူတိုင်းသိထားရမှာ မဟုတ်ဘူးလား… နင်က ဒီအခွင့်အရေးကို ချိန်ဆနိုင်မယ်ဆိုရင် နင်တို့ရဲ့ ဒီအတုအယောင်ဆက်ဆံရေးက အစစ်အမှန် ဖြစ်လာနိုင်တယ်… နင်မဖမ်းဆုပ်နိုင်ဘူးဆိုရင်တော့ နဂိုအတိုင်း ပြန်ဖြစ်သွားကြရုံပေါ့”
ချီရွှမ်းစုက ပြောလိုက်သည်။
“ကျုပ်တို့က အိပ်မက်အစည်းအဝေးမှာ ရောက်ရှိနေပေမယ့် ကယောင်ကတမ်းတွေတော့ လျှောက်မပြောသင့်ဘူးမလား”
အစ်မချီက ထေ့ငေါ့လိုက်သည်။
“သူက နတ်သက်ကြွေအင်မော်တယ်တစ်ဦးပဲ… ဒါပေမယ့် သူ့ကို လုံးဝထိလို့မရတာမဟုတ်ဘူး… နင့်မှာ ဒီလိုမျိုး ရည်မှန်းချက်တောင် မရှိဘူးဆိုရင် နောက်ပိုင်း နင်ဘယ်လိုလုပ် မဟာအကြီးအကဲ ဖြစ်လာနိုင်မှာလဲ”
အစ်မချီက ကယောင်ကတမ်း လျှောက်ပြောနေသည်ဟု ချီရွှမ်းစုက ပို၍ပင် လက်ခံမိသွားသည်။ သူက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
“အစ်မချီ… ဒီနေ့က ရှယွမ်ပွဲတော်နေ့ဆိုပေမယ့် ခင်ဗျား အဲလောက်တော့ သောက်မထားသင့်ဘူး”
အစ်မချီက နဖူးကို လက်ဖြင့်ရိုက်ကာ သက်ပြင်းချလိုက်သည်။
“ထျန်းယွမ်… အရင်တုန်းက နင့်ကို ကယ်ခဲ့မိတာ ငါတကယ်ပဲ နောင်တရနေပြီ”
ချီရွှမ်းစုက ဆွံ့အနေ၏။
အရင်တုန်းက အစ်မချီသည် ဤကဲ့သို့သောစကားကို မကြာခဏ ပြောလေ့ရှိသည်။ အထူးသဖြင့် ချီရွှမ်းစုက ထုံထုံထိုင်းထိုင်းပြုမူသည့်အခါ သို့မဟုတ် သူက သူမကို စိတ်ပျက်မိစေသည့်အခါမှာ ဖြစ်သည်။ သူမသည် သားဆိုးတစ်ဦးကို မွေးမိသည့်အတွက် နောင်တရနေသည့် မိခင်တစ်ဦးလိုပင်။
ခဏနေပြီးနောက် အစ်မချီက သူမ၏ စိတ်ကို တည်ငြိမ်စေလိုက်သည်။
“ဟုတ်ပြီလေ… ငါတို့ ခေါင်းစဉ်ကို ပြန်သွားရအောင်… ကျန်းယွဲ့လုက ဟန်ပြသရုပ်ဆောင်ဖို့အတွက် ရှန်ချင်းစီရင်စုက သူ့ရဲ့အိမ်ကို အဖော်လိုက်ခဲ့ဖို့ နင့်ကို တောင်းဆိုခဲ့တယ်… နင်တို့ နှစ်ယောက်ကြားက ချစ်ကြည်နူးစရာ ဖြစ်နိုင်ခြေတွေကို ဖယ်ထားလိုက်မယ်ဆိုရင်တောင် နင့်ရဲ့ အထက်လူကြီးကို အကြိုက်ဆောင်ဖို့အတွက် နင်က လိုက်သွားသင့်တာပဲ… နင် အဲလိုမထင်ဘူးလား”
ချီရွှမ်းစုက ခဏမျှ တွေဝေနေပြီးနောက် ပြောလိုက်သည်။
“ဒါဆို… ချင်းဖျင်အသင်းတော်ကရော”
အစ်မချီက ရယ်လိုက်သည်။
“ဒီမှာ ငါရှိပါတယ်… ဒီကကိစ္စတွေကို ငါကိုင်တွယ်နိုင်တယ်… နင်မရှိတုန်းကလည်း ငါ့ဘာသာငါ ဖြေရှင်းခဲ့တာပဲ”
ချီရွှမ်းစုက ပြောလိုက်သည်။
“ဒါဆိုလည်း ဟုတ်ပြီဗျာ… မနက်ဖြန် ကျုပ်လိုက်သွားလိုက်တော့မယ်”
“မနက်ဖြန်လား”
အစ်မချီက သက်ပြင်းချလိုက်သည်။
“ဆိုရိုးစကားတွေက တကယ်မှန်တာပဲ… သားတစ်ယောက် မိန်းမရသွားတဲ့အခါ သူ့အမေကို မေ့သွားလိမ့်မယ်တဲ့။”
ယနေ့ည အစ်မချီနှင့် လာတွေ့မိသည့်အတွက် ချီရွှမ်းစုက နောင်တရမိနေသည်။ သူက စကားလမ်းကြောင်းပြောင်းလိုက်၏။
“ဒါနဲ့… သူတို့ရဲ့ မျက်နှာတွေကို မမြင်ရဘဲနဲ့ အိပ်မက်နယ်ပယ်ထဲမှာ ခင်ဗျား အဲဒီလူတွေနဲ့ ဘယ်လိုဆက်သွယ်နိုင်တာလဲ”
အစ်မချီက သူ့ညာဘက်လက်ကိုထုတ်ပြီး ရွှေခရမ်းရောင် ငါးရုပ်အဆောင်တစ်ခုကို ပြလိုက်သည်။ သူမက ရှင်းပြလိုက်၏။
“ဒါက ငါ့ရဲ့ ငါးရုပ်အဆောင်ပဲ… ငါးရုပ်အဆောင်တွေအားလုံးကို အိပ်မက်ကျောက်တုံးနဲ့ ပြုလုပ်ထားတာ… အဲဒါကြောင့် သူတို့တွေက အိပ်မက်နယ်ပယ်ထဲမှာ ငါတို့ကို ဆက်သွယ်ပေးနိုင်တယ်… သူတို့ကို အိပ်မက်ထဲမှာ ပုံဖော်စုဖွဲ့လို့လည်းရတယ်… အဲဒီစုဖွဲ့မှုက ကိုယ်ခံပညာ သိုင်းသမားတစ်ဦးအတွက် နည်းနည်းပိုပြီး ခက်ခဲလိမ့်မယ်.. ဂမ္ဘီရဝိဇ္ဇာတစ်ဦးအတွက်တော့ ပိုပြီး လွယ်ကူလိမ့်မယ်… ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အဲဒါကို လုပ်လို့ရတယ်… နင့်ရဲ့စိတ်ထဲမှာ နင့်ရဲ့ ငါးရုပ်အဆောင်ကို ပုံဖော်မြင်ယောင်ကြည့်နိုင်တာနဲ့ နင် အဲဒါကို အိပ်မက်ထဲမှာ စုဖွဲ့နိုင်တယ်”
ပုံဖော်မြင်ယောင်ခြင်း၊ တရားထိုင်ခြင်း၊ အသက်ရှုလေ့ကျင့်ခန်းနှင့် နည်းစနစ်များသည် ဝမ်ရှန်းတာအိုနန်းတော်မှ သင်ကြားပေးခဲ့သည့် အခြေခံသင်ရိုးများ ဖြစ်သည်။
အစ်မချီက ဆက်ပြောလိုက်သည်။
“ငါးရုပ်အဆောင်ကို စုဖွဲ့ပြီးရင် နင်က အဲဒီငါးရုပ်အဆောင်ကနေ တခြားသူတွေရဲ့ ငါးရုပ်အဆောင်တွေနဲ့ ဆက်သွယ်နိုင်တယ်… အဲဒါက ငါတို့ နှစ်ယောက်ကြားက ဆက်သွယ်မှုလိုပဲ… အဲဒီဆက်သွယ်မှုကို မလိုတော့ဘူးဆိုရင် နင် ဖြတ်တောက်လိုက်လို့ရတယ်… အဲဒါက အတော်လေး အသုံးတည့်တယ်”
ချီရွှမ်းစုက ခေါင်းညိတ်ပြလိုက်သည်။
“သိပါပြီ”
အစ်မချီက ရှင်းပြလိုက်သည်။
“ငါးရုပ်အဆောင်ကို မှော်သိုလှောင်ပစ္စည်းအဖြစ်လည်း သုံးလို့ရတယ်… ဒါပေမယ့် အဲဒီနေရာလွတ်သေးသေးလေးက အစီအရင် ပစ္စည်းတွေကိုပဲ ထည့်ထားလို့ရတာ… နင် နောက်ကျရင် ကိုယ့်အပိုင် မှော်သိုလှောင်ပစ္စည်းတစ်ခု ရအောင် လုပ်ရဦးမယ်”
“ငါးရုပ်အဆောင်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ချင်းဖျင်အသင်းဝင်တွေ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ဖို့ပဲ… အဲဒါက မိခင်-ကလေးအဆောင်နဲ့ အလုပ်လုပ်ပုံချင်းတူတယ်… ဒါပေမယ့် ဒီချိတ်ဆက်မှုကို အိပ်မက်ထဲမှာ တည်ဆောက်ထားတာဆိုတော့ အဲဒါက ပိုပြီးတော့ လျှို့ဝှက်ဆန်းကြယ်သလိုပဲ… နင်တစ်နေ့ အဆင့် ၄ထိ တိုးမြှင့်ပေးခံရပြီး ဝမ်ရှန်းတာအိုနန်းတော်ကို ရောက်တဲ့အခါ အဲဒါနဲ့ပတ်သက်ပြီး ထပ်ပြီးသင်ယူရလိမ့်မယ်။”