အခန်း (၉၈၃-၉၈၄)
Vol. 82 Ch. 983-984
အခန်း ၉၈၃ -
ဆူဖြိုးနေသော သိုးတစ်ကောင်အတွက် ကြိုတင်စီမံခွဲဝေကြခြင်း ... ။
“ လူတိုင်း ရပ်တန့်ပါ။ ”
ယုဟွာရှန်းက လူတိုင်းကို အော်ဟစ်ပြီး ထပ်မံသတိပေးသည်။ ထိုစဉ်ဦးခေါင်းပေါက်ကွဲ သွားခဲ့သော အဖိုးအို၏ခန္ဓာကိုယ်ကြီးသည် အပိုင်းအစများအဖြစ် လွင့်ပြယ်သွားခဲ့၏။
ဤအဖိုးအိုသည် နတ်အာရုံဖြင့် ကောင်းကင်ကျီးကန်းနန်းတော်ကို ဝင်ရောက် စစ်ဆေးခဲ့ကြောင်း လူတိုင်းနားလည်လာ၏။
ချက်ချင်းပင် ပတ်ဝန်းကျင်တစ်ခုလုံး သေမင်းတမန်တိတ်ဆိတ်သွားပြီး ကြောက်ရွံမှု ဝင်ရောက်လာတော့သည်။ အခွင့်အရေးသည် သူတို့လက်တစ်ကမ်းတွင်ရှိနေ၏။
သို့သော် တုံ့ယွီအထွတ်အထိပ်အဆင့် တစ်စုံတစ်ဦး၏တာအိုခန္ဓာနှင့် နတ်အာရုံအပေါ် ချက်ချင်းဖျက်ဆီးနိုင်သော စွမ်းအားတစ်ခုဖြင့် ပိတ်ဆို့ထားချေပြီ။
“ သခင်ငယ် ... ဒီအဖိုးကြီး စမ်းကြည့်ရမလား။ ”
ဖုန်းယွင်လျဲ့ဘေးရှိ အဖြူဝတ် အကြီးအကဲတစ်ဦးသည် ရှေ့သို့တိုးလာကာ ခပ်တိုးတိုးအကြံပြုသည်။
“ သတိထား ... တစ်ခုခု မှားနေတယ်လို့ ခံစားရရင် ချက်ချင်းဆုတ်ခွာခဲ့ အတင်းအကြပ် မလုပ်မိစေနဲ့ ... ။ ”
ဖုန်းယွင်လျဲ့က ခဏမျှစဉ်းစားကာ ခေါင်းညိတ်ပြလိုက်သည်။ အဖြူဝတ်အဖိုးအိုမှ ခေါင်းညိတ်ပြီး လေထဲလှမ်းတက်ကာ သတိကြီးစွာဖြင့် နန်းတော်ဆီသို့ ရွေ့လျား လိုက်တော့၏။
“ ... ။ ”
လူတိုင်း၏ အကြည့်များက သူ့ထံသို့ စုပြုံရောက်ရှိလာချေပြီ။ တစ်ဆက်တည်းမှာပင် သတိပေးသံများ ညံကုန်တော့၏။
“ တိုက်ခိုက်ဖို့ ပြင်ဆင်ထားပါ ... အခွင့်အရေးရရင် ချက်ချင်းလှုပ်ရှားကြမယ်။ ”
ယုဟွာရှန်းက မျက်ဝန်းများ တောက်ပသွားပြီး ကြယ်မြစ်ဂိုဏ်းမှအကြီးအကဲ များထံ အချက်ပြလိုက်သည်။
“ သတိထား ဒီအဖိုးကြီးကို အလွတ်မခံနဲ့။ ”
တစ်ချိန်တည်းမှာပင် ယုချင်းအန် သည်လည်း ရှေးဟောင်းယုမျိုးနွယ်စုဝင်များကို သတိပေးလိုက်၏။ ယင်းကြောင့် ထိုခဏတွင် လေထုသည်ပင် ငြိမ်သက်သွားခဲ့လေသည်။
“ ဖရူး ... ။ ”
ထိုအချိန်တွင် ကောင်းကင်ကျီးကန်း နန်းတော်နှင့် ပေတစ်ရာအကွာသို့ရောက်ရှိသော အဖြူဝတ်အဖိုးအိုသည် ရုတ်တရက်ရပ်ကာ ကြေးထီးတစ်လက်ကို ဆင့်ခေါ်လိုက်၏။
ပြီးနောက် ဖြည်းညှင်းစွာဖြင့် အလင်းလွှာအတွင်း ထိုးသွင်းစမ်းကြည့်လိုက် လေသည်။
“ ဘန်း ... ။ ”
အလင်းလွှာသည် ချက်ချင်းတုန်ခါလာကာ စူးရှသောအလင်းတန်းတစ်ခုဖြင့် ထီးကြီးထံသို့ ပစ်ခတ်လာတော့၏။
နတ်တောင်ကြီးတစ်လုံးဖြင့် အရိုက်ခံလိုက်ရသကဲ့သို့ အဖြူဝတ်အဖိုးကြီး ခမျာ လွင့်စင်သွားပြီး လက်ထဲရှိထီးသည်လည်း အပိုင်းပိုင်းကွဲအက် ပျက်စီးသွားခဲ့သည်။
“ အဟွတ် ... အဟွတ် ... ။ ”
ယင်းသည် အဆုံးမဟုတ်သေးချေ။ ရိုက်ခတ်မှုစွမ်းအင်လှိုင်းများ သူ့ရင်ဘတ်ထဲသို့ တဟုန်ထိုးဝင်ရောက်လာသဖြင့် ဒဏ်ရာရရှိ သွားချေပြီ။
ထို့ကြောင့် ထိတ်လန့်တကြားဖြင့် မူလနေရာသို့ ပြန်လည်ဆုတ်ခွာသွားတော့၏။ သူ နောက်ထပ် စမ်းကြည့်ရန် မဝံ့တော့ချေ။
ဤမြင်ကွင်းသည် အခြားသော အင်အားစုများအပေါ် မသက်မသာ ဖြစ်လာ စေတော့သည်။
ထိုအဖြူဝတ်အဖိုးကြီး၏ ကြေးဝါထီးကြီးသည် နယ်ပယ်ဘုရင်အဆင့်တွင် အထွတ်အထိပ် ရှေးဟောင်းရတနာဖြစ်၏။ ယခုမူ တစ်ချက်တည်းဖြင့် ပျက်စီးချေပြီ။
သို့သော် မည်သူမျှ အလွယ်တကူ လက်လျှော့လိုခြင်းမရှိကြဘဲ ကြယ်မြစ်ဂိုဏ်းနှင့် ရှေးဟောင်းယုမျိုးနွယ်စုတို့မှ စူးစမ်းကြည့်ရန် လူအချို့ထွက်လာကြပြန်၏။
“ ဝုန်း ... ။ ”
“ မကောင်းတော့ဘူး ... ။ ”
“ မြန်မြန် ပြန်ဆုတ် ... ။ ”
“ ဘောင်း ... ။ ”
ရလာဒ်သည် ခြားနားခြင်းမရှိချေ။ မည်သည့်လျှို့ဝှက်နည်းစနစ်များ၊ ရတနာများကို အသုံးပြုပါစေ အလျင်အမြန်ဆုတ်ခွာပေးခဲ့ရ၏။ ဤအရာသည် လူတိုင်း၏နှလုံးသားကို ပိုမို လေးလံလာစေတော့သည်။
“ အဟွတ် ... အဟွတ် ... ဒီစွမ်းအားက အရမ်းပြင်းတယ် နယ်ပယ်ဘုရင် အဆင့်ထက် ကျော်လွန်နေတယ်။ ”
သူတို့ရှေ့တွင် ထိုကဲ့သို့သော အခွင့်အရေးရှိသော်လည်း မဖမ်းဆုပ်နိုင်ခြင်းမှာ အလွန်ပင်နာကျင်စရာကောင်းချေ၏။
“ ဟားဟားဟား ... ။ ”
အချင်းချင်း တစ်ယောက်ကို တစ်ယောက်စောင့်ကြည့်နေကြစဉ် ရုတ်တရက် ပေါ့ပါးသောရယ်သံတစ်သံ ထွက်ပေါ်လာ၏။
“ ဘယ်သူမှမဝံ့တော့ရင် ငါ့ကိုခွင့်ပြုပါဦး။ ”
စကားသံနှင့်အတူ ကျောက်စိမ်းရောင်ဝတ် လူငယ်တစ်ဦးသည် လေထဲသို့ ခြေလှမ်းကျဲကျဲ လှမ်းတက်သွားပြီး ကောင်းကင်ကျီးကန်း နန်းတော်ထံသို့ ဦးတည်လိုက်တော့သည်။
“ သူ ... သခင်ငယ်၊ အဲဒါ အကြီးအကဲရှင်းယာကို သတ်ခဲ့တဲ့လူပဲ။ ”
အပြာရောင်လွမ် ဝိညာဉ်မျိုးရိုးမှ ဖုန်းရှန်းဟူသည် ဖုန်းယွင်လျဲ့ထံ ထိတ်လန့်စွာ အသံပေးပို့လာတော့၏။ ဖုန်းယွင်လျဲ့က မျက်မှောင်ကြုတ်လိုက်လေသည်။
“ ဒီကောင် တကယ်ရဲရင့်တယ်။ ”
ထို့နောက် အံကြိတ်ကာ မှတ်ချက်ပေး၏။ ဖုန်းရှင်းယာကိုသတ်ပြီး ဤသို့ပေါ်လာဝံ့မည် မဟုတ်ဟု ထင်မှတ်ခဲ့သည်။
သို့သော် တစ်ဖက်လူသည် ရဲရင့်စွာဖြင့် အင်မော်တယ်နန်းတော်ထံပင် လျှောက်လှမ်း သွားနေတော့၏။
“ သခင်ငယ် ... ဒီလူယုတ်မာကို အရင်သတ်ကြမလား။ ”
အဖြူဝတ်အဖိုးကြီးက လက်စားချေလိုစိတ်များ ပြင်းပျလာခဲ့သည်။ အရှေ့ဘက်ကြယ်ဒိုမိန်းတွင် အပြာရောင်လွမ် ဝိညာဉ်မျိုးရိုး၏ ကွေ့ယီအဆင့် တစ်စုံတစ်ဦးကို သတ်ခြင်းသည် သေဒဏ်ပေပင်။
“ ခဏလောက် စောင့်ကြည့်ရအောင်။ ”
ဖုန်းယွင်လျဲ့က အသက်ပြင်းပြင်းရှူပြီး ဆုံးဖြတ်ချက်ချလိုက်သည်။ ပတ်ဝန်းကျင်တွင် အခြားသော အင်အားစုများသည်လည်း ဤလူအပေါ် စောင့်ကြည့်နေပြီဖြစ်၏။
ထို့ကြောင့် အနည်းငယ် စောင့်ကြည့်ခြင်းသည် ပညာရှိရာကျပေမည်။
“ ဒီလူဘယ်သူလဲ ... ။ ”
ကြယ်မြစ်ဂိုဏ်းချုပ်မှ မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။ သို့သော် အဖြေပြန်မရချေ။ အကြီးအကဲများအားလုံးက ခေါင်းခါပြ၏။
တစ်ချိန်တည်းမှာပင် စာပေသမား ယုချင်းအန်သည်လည်း သူ့မိသားစုဝင်များထံ လှည့်ကြည့်လေသည်။ သို့သော် မည်သူမျှ တုန့်ပြန်ခြင်း မပြုချေ။
ထိုအချိန်တွင် စုရီသည် လူတိုင်းကို လျစ်လျူရှုကာ နေအိမ်သို့ပြန်လာသည်အလား ကောင်းကင်ကျီးကန်းနန်းတော်နှင့် ပေတစ်ရာ အကွာအဝေးသို့ ရောက်ရှိသွားပြီဖြစ်သည်။
သူ့လက်ထဲရှိ ကျောက်စိမ်းဆွဲသီး သည်လည်း ပြင်းစွာ တုန်ခါလျက်အလင်းများ တောက်ပနေတော့သည်။ ဤသည်မှာ ဝေရှန်း၏ သွေးအနှစ်သာရပါရှိသော ကျောက်စိမ်းဆွဲသီးပေပင်။
ဝေရှန်တစ်ယောက် ဤနန်းတော်အတွင်း ပိတ်မိနေပုံရ၏။ ယင်းသည် သူ့ကို အံ့အားသင့် လာစေသည်။ အဘယ့်ကြောင့်ဆိုသော် လုယွမ်စကားများအရ ဝေရှန်းသည် လွန်ခဲ့သည့် ကိုးနှစ်က ဤအရပ်သို့ဝင်ခဲ့ခြင်းဖြစ်၏။
ကောင်းကင်ကျီးကန်းနန်းတော်သည် ယနေ့မှထွက်ပေါ်လာခြင်းပေပင်။ ဆိုလိုသည်မှာ ဤနန်းတော်မပေါ်ခင်တည်းက ဝေရှန်းသည် ၎င်းကိုရှာတွေ့ကာ ပိတ်မိသွားပုံရသည်။
“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ... ။ ”
ထိုစဉ် လူအုပ်ကြီးသည် အံ့အားသင့်စွာ အော်ဟစ်လိုက်ကြလေသည်။ တစ်ဖက်လူသည် အလင်းလွှာမရှိသည့်အလား ပေတစ်ရာအတွင်း ဝင်ရောက်သွားပြီဖြစ်ချေပြီ။
“ ဘာလို့ သူ့ကိုမသတ်ရတာလဲ။ ”
“ ဒါက မတရားဘူး ... ။ ”
“ အတားအဆီးတွေ ပျက်ပြယ်သွားတာများလား။ ”
တစ်စုံတစ်ယောက်က သံသယများဖြင့် ရေရွတ်လိုက်သည်။ အခြားသူများသည်လည်း သို့လောသို့လောဖြစ်ကုန်၏။
“ စမ်းကြည့်ရအောင် ... ။ ”
အဆုံးတွင် တစ်စုံတစ်ဦးသည် သည်းမခံနိုင်တော့ဘဲ ကောင်းကင်ကျီးကန်း နန်းတော်ထံသို့ ပျံသန်းသွားတော့၏။
“ မကောင်းတာ့ဘူး ... ။ ”
“ ဘန်း ... ။ ”
သို့သော် ငြိမ်သက်နေသော အလင်းလွှာကြီးသည် ချက်ချင်းတောက်ပလျက် ထိုသူကို ဝါးမျိုဖျက်ဆီးပစ်လိုက်လေသည်။ ဤမြင်ကွင်းကြောင့် နောက်ပါးမှ လိုက်ပါ စမ်းကြည့်လိုသူများ ရပ်တန့်ကုန်၏။
“ ဘာတွေဖြစ်နေတာလဲ သူက အဲဒီကောင်းကင်ကျီးကန်းနန်းတော် အတွင်းကို ဝင်ခွင့်ရထားတဲ့ တစ်စုံတစ်ယောက်လား။ ”
အကြီးအကဲတစ်ဦးက မျက်မှောင်ကြုတ်ပြီး မှတ်ချက်ပေး၏။ သူ့မှတ်ချက်ကြောင့် လူတိုင်း မျက်နှာများ ပျက်ယွင်းကုန်တော့သည်။
“ သခင်ငယ် ... အခုမလှုပ်ရှားရင် အဲဒီလူကကောင်းကင်ကျီးကန်း နန်းတော်ထဲက အခွင့်အရေးအားလုံးကို လုယူသွားလိမ့်မယ်။ ”
တစ်စုံတစ်ယောက်က စိုးရိမ်တကြီး ပြောကြားလိုက်သည်။ ဖုန်းယွင်လျဲ့မှ လက်ကို ဝှေ့ရမ်းလျက် ပါးစပ်ပိတ်နေရန် ပြသလိုက်၏။
“ ဘာတွေထိတ်လန့်နေတာလဲ ... သူငါတို့အတွက် အျကိုးဆောင်ပေးနေတာကို မင်းဘာလို့ဟန့်တားချင်ရတာလဲ ...
... ဒီနန်းတော်ထဲကနေ ပြန်ထွက်ဖို့ဆိုတာ ဒီတစ်လမ်းပဲရှိတယ် ဆူဖြိုးတဲ့သိုးတစ်ကောင်ကို စိတ်ရှည်လက်ရှည် ကြီးထွားခွင့်ပေးလိုက်ပါ။ ”
သူ့စကားကြောင့် လူတိုင်း အံ့အားသင့်သွားပြီး တိတ်ဆိတ်သွားကြသည်။ အခြားသောအင်အားစုနှစ်ခုသည်လည်း ယင်းကို တွေးမိလာဟန်ဖြင့် ငြိမ်သက်ကုန်တော့၏။
လူတိုင်းက နန်းတော်တံခါးအတွင်း ဝင်ရောက်ပျောက်ကွယ်သွားသော လူငယ်၏ ကျောပြင်ထံကြည့်ကာ ကျန်ရစ်ခဲ့သည်။
“ အခုငါတို့ ... ဘယ်လိုခွဲဝေကြမလဲ အရင်ဆွေးနွေးထားသင့်ပြီထင်တယ်။ ”
ရုတ်တရက် ယုချင်းအန်မှ ပြုံးပြီး အကြံပြုလာသည်။ အားလုံးသည် ထိုစကား၏ အဓိပ္ပါယ်ကို နားလည်နေသဖြင့် လေထုမှာ ချက်ချင်းလေးလံသွားတော့၏။
ဖုန်းယွင်လျဲ့က ခဏမျှစဉ်းစားပြီးနောက် ခေါင်းညိတ်ပြကာ၊
“ ဒါက သေချာပေါက်လိုအပ်တယ်။ ”
-ဟု ထောက်ခံလိုက်လေသည်။
***
အခန်း ၉၈၄ –
ရှန့်မူနှင့် သူ့မိန်းကလေး။
ကောင်းကင်ကျီးကန်းနန်းတော်အတွင်း၌ ဟာလာဟင်းလင်းဖြစ်နေပြီး လူသူကင်းမဲ့နေ၏။ မည်သည့်အလှဆင်ပစ္စည်းမျှမရှိဘဲ နံရံများတွင် ထာဝရလောင်ကျွမ်းနေသော ကြေးမီးခွက်များ ချိတ်ဆွဲထားသည်။
စုရီ လှမ်းဝင်လိုက်သည်နှင့်တစ်ပြိုင်နက် နန်းတော်တံခါးကြီးများမှာ အလိုအလျောက် ဝုန်းခနဲ ပြန်ပိတ်သွားသဖြင့် နှလုံးသားတစ်ခုလုံး လေးလံလာခဲ့၏။
ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရှုလျက် ခန်းမအလယ်သို့ အကြည့်အရောက်တွင် လူရိပ် တစ်ရိပ်ကို မြင်လိုက်ရ၏။
ထိုနေရာတွင် လူတစ်ယောက်သည် တင်ပျဉ်ခွေထိုင်နေပြီး မီးခိုးရောင်ဝတ်လုံဖြင့် တည်ကြည်ပြတ်သားသော ရောင်ဝါများ ခပ်ပါးပါးလွှမ်းခြုံထား၏။
“ ဝေရှန်း ... ။ ”
စုရီတစ်ယောက် မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး စိတ်ထဲလှိုင်းထန်သွား၏။ ဤလျှို့ဝှက်ဆန်းကြယ်သော နန်းတော်အတွင်း ဝင်လိုက်ရုံဖြင့် ဝေရှန်းကို တွေ့ရလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ချေ။
သို့သော် ဝေရှန်းသည် ထိုနေရာတွင် သတိလစ်နေသကဲ့သို့ ရွှံ့ရုပ်တုတစ်ခုအလား ငြိမ်သက်နေသည်ကို သတိပြုမိ၏။
“ ရှန်မူ ... နောက်ဆုံးတော့ မင်း ရောက်လာပြီပဲ။ ”
ထိုစဉ် ကြည်လင်ပြတ်သားသော အသံတစ်သံထွက်ပေါ်လာပြီး အလင်းများ ကြားမှ ပုံရိပ်တစ်ရိပ် ပေါ်လာသည်။
ဤသည်မှာ အပြာနုရောင် ဝတ်စုံကို ရိုးရှင်းစွာဝတ်ဆင်ထားပြီး ဆံပင်များမြင့်မြင့် ချည်နှောင်ထားသော အမျိုးသမီးတစ်ဦး ဖြစ်သည်။
သူမလက်ထဲတွင် အနက်ရောင် လှံတစ်စင်းကိုကိုင်ဆောင်လျက် အေးစက်လွန်း ချေ၏။ ချင်ဝမ်နှင့် တစ်ပုံစံတည်း တူသော ထျန်းချီပေပင်။
စုရီက မျက်ခုံးပင့်ကာ အံ့အားသင့်သွားစဉ်၊
“ သခင်စု သတိထားပါ သူမက ထျန်းချီမဟုတ်တော့ဘူး ထျန်းချီရဲ့ခန္ဓာကိုယ်ကို အသိမ်းခံထားရတယ်။ ”
သူမခါးတွင် ချိတ်ဆွဲထားသော ကြေးနီအိုးထဲမှ ကျိုယောင်း၏ သတိပေးသံ ထွက်ပေါ်လာသည်။
တစ်ဖက်တွင် စုရီသည်လည်း ရှန့်မူဟု ခေါ်ဆိုခံရသဖြင့် ဤအရပ်သည် သူ့အတွက် ဆင်ထားသော အတိတ်မှရန်ကြွေးတစ်ခု ဖြစ်ကြောင်းနားလည်လာ၏။
“ မင်းရဲ့ အတိတ်ဘဝ မှတ်ဉာဏ်တွေ မနိုးသေးဘူးလား။ ”
ထျန်းချီမှမေးလျက် ခါးရှိကြေးနီအိုးကို လက်ဖြင့်ပွတ်သပ်လိုက်ပြီး အထဲရှိကျိုးယောင်း ဝိညာဉ်ကို စကားမပြောနိုင်အောင် ပိတ်ဆို့ပစ် လိုက်လေသည်။ စုရီက နဖူးကိုကုပ်ခြစ်ကာ၊
“ ငါတို့ စကားမပြောခင် ... ဘာတွေဖြစ်ခဲ့လဲဆိုတာ အရင်ပြောပြပေးလို့ ရမလား။ ”
-ဟု တည်ငြိမ်စွာမေးမြန်းလိုက်သည်။
“ ဒါတွေက အရေးမကြီးပါဘူး ငါ မင်းနဲ့ကံအကြွေးတွေကို ဖြေရှင်းဖို့အတွက် ဒီမှာ စောင့်နေတာလို့ မင်းသိရင်ရပြီ။ ”
ထျန်းချီ အေးစက်စွာ ပြန်ဖြေသည်။
“ ရှန့်မူနဲ့ ပတ်သက်လား။ ”
“ ဟုတ်တယ် ... ရှန့်မူဟာ လုံးဝဥဿုံ သေဆုံးသွားရမယ် ပြန်လည်ဝင်စားဖို့တောင် အခွင့်အရေး မရှိစေရဘူး။ ”
ထျန်ချီအသွင်သည် ချက်ချင်း ရေခဲတမျှအေးစက်သွားလေသည်။ ထို့နောက် ခန်းမအလယ်တွင်ထိုင်နေသော ဝေရှန်းကို လှည့်ကြည့်ကာ၊
“ နင်သာ အသေခံမယ်ဆိုရင် သူ့ကို အသက်ရှင်လျက် လွှတ်ပေးမယ် ငါအပြစ်မဲ့တဲ့ လူတွေကို မသတ်ချင်ဘူး။ ”
-ဟု ထပ်လောင်းပြောကြား၏။
“ ငါ မမှားဘူးဆိုရင် ရှန့်မူကို သေစေခဲ့တဲ့အမျိုးသမီးက မင်းပဲမဟုတ်လား အခုငါက ရှန့်မူမဟုတ်ဘူး ... ဘာလို့ မင်းငါ့ကို ပစ်မှတ်ထားနေရတာလဲ။ ”
စုရီက မျက်ဝန်းများ မှေးစင်းလျက် မေးမြန်းလိုက်သည်။ တစ်ဖက်တွင် အမျိုးသမီးမှ ဂရုမစိုက်ဟန်ဖြင့်၊
“ အခု နင်က ရှန့်မူမဟုတ်သေးပေမယ့် တစ်ချိန်မှာ နင်က သူ ဖြစ်လာဦးမှာ မဟုတ်လား ဒီတော့ နင့်ကိုအခွင့်အရေးမပေးဘူး။ ”
စကားဆုံးသည်နှင့် အနက်ရောင်လှံကို ဝှေ့ယမ်းကာ စတင်တိုက်ခိုက်လိုက်တော့သည်။ ဝုန်းခနဲမြည်ဟည်းသံနှင့်အတူ အလင်းတန်းများ ပေါ်ထွက်လာပြီး စုရီကိုဝန်းရံထားသော နတ်သံကြိုးများ ထွက်ပေါ်လာ၏။
စုရီမှ တွန့်ဆုတ်ခြင်းမရှိဘဲ သူ့ဓားကို ထုတ်ယူကာ ကျင့်ရွှမ်ဥပဒေကိုသွန်းလောင်းပြီး ပြန်လည် တိုက်ခိုက်လိုက်သည်။
“ ကလန် ... ။ ”
“ ဝုန်း ... ။ ”
သို့သော်လည်း ပြိုင်ဘက်၏အစွမ်းမှာ နယ်ပယ်ဘုရင်ထက်ပင် ကျော်လွန်နေသဖြင့် စုရီတစ်ယောက် လွင့်စင်သွားရသည်။
“ ဟမ့် ... ထုံရှောက်အဆင့်လောက်နဲ့ ရင်ဆိုင်ဖို့ကြိုးစားနေတာလား မြင်းရထားကို တားဖို့ကြိုးစားတဲ့ ပုရွက်ဆိတ်လေးပဲ ... ။ ”
ထျန်းချီက မထီမဲ့မြင် ဆိုသည်။ စုရီမှ သူ့အင်္ကျီများကို ဖုန်ခါလျက် ခန္ဓာကိုယ်ထိန်းယူ လိုက်ပြီးနောက်၊
“ တကယ်လို့ ငါတို့သာ နယ်ပယ်တူချင်းဆိုရင် မင်းဒီလိုစကားမျိုး ပြောရဲမှာ မဟုတ်ဘူး။ ”
-ဟု တုံ့ပြန်လေသည်။
“ ဟာသပဲ ... သေရှင်တိုက်ပွဲမှာ အနိုင်ရတဲ့သူကသာ အမှန်တရားပဲ ဘယ်သူက နင်နဲ့ တရားမျှတမှုအကြောင်း ပြောနေလို့လဲ။ ”
သူမ စကားဆုံးသည်နှင့် ထပ်မံ တိုက်ခိုက်လာလေရာ စုရီမှဝင်စားခြင်းဥပဒေကို အသုံးပြုပြီး ပြန်လည်တိုက်ခိုက်လိုက်၏။
များမကြာခင် စုရီတစ်ယောက် ဒဏ်ရာများဖြင့် ဖုံးလွှမ်းသွားလေသည်။ သို့သော် တိုက်ပွဲဝင်လိုစိတ်မှာ ပိုမိုပြင်းထန်လာ၏။
ချက်ချင်းပင် ဖေးကွမ်းဥပဒေကို အသုံးပြုကာ အလင်းတန်းအလား ရွေ့လျားလျက် ရှောင်တိမ်း တိုက်ခိုက်လိုက်သည်။
သို့သော် ဖေးကွမ်းဥပဒေသည် အရှေ့ပိုင်းကြယ်လွင်ပြင်ရှိ အုပ်စိုးရှင်ဥပဒေကို ရင်ဆိုင်နိုင်သော်လည်း ဖိနှိပ်ခံလာရ၏။
“ ဝုန်း ... ။ ”
နောက်ထပ်စဉ်းစားရန် အချိန်မရှိခင် ဓားဝှေ့ယမ်းပြီး လှံကိုခုတ်ဖယ်လိုက်လေသည်။ ဝင်စားခြင်းလမ်းခြောက်ပါးသည် သူ့နောက်တွင် မျောလွင့်လာပြီး သူထိုးနှက်လိုက်သောအခါ မှိန်ဖျော့စွာ လိုက်ပါသွားတော့၏။
“ အဟွတ် ... အဟွတ် ... ။ ”
ဖြစ်ပေါ်လာသော သက်ရောက်မှုသည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားသည်။ သွေးနှင့်ချီလောင်မြိုက်လျက် နောက်တစ်ကြိမ် စုရီတစ်ယောက် လွင့်စဉ်သွားရ၏။
“ ဒါတွေက ပြန်လည်ဝင်စားခြင်းရဲ့ လျှို့ဝှက်ချက်တွေလား သူတို့က တကယ်ကို တားမြစ်ဆန်လွန်းပါတယ် ...
... နင့်လို ထုံရှောက်အဆင့်နဲ့ ငါ့တိုက်ခိုက်မှုတွေအပေါ် တားဆီးနိုင်ခဲ့တာ မယုံနိုင်စရာပါပဲ ဒါပေမယ့် ... ဒီနေ့တော့ နင်သေရမယ်။ ”
ထျန်းချီက အံ့အားသင့်စွာဖြင့် ပြောကြားလိုက်သည်။ တစ်ဆက်တည်းမှာပင် တိုက်ခိုက်မှုများကိုလည်း ဆက်လက် ဖော်ဆောင်လာ၏။
မြောက်များစွာသော အလင်းများသည် စုရီထံသို့ ချက်ချင်းပြေးဝင်လာသည်။ ကြီးစိုးပြီး ရက်စက်လွန်းချေပြီ။ စုရီကို လုံးဝရှင်သန်ခွင့် မပေးလိုကြောင်း ပြသနေသည်။
အင်မော်တယ်ရောင်ခြည်များ လေထဲ မြင့်တက်လာပြီး နတ်ဘုရားမီးတောက်များက စိတ်ကူးနိုင်သည်ထက် ကျော်လွန်လာ၏။
တစ်ဖက်တွင် စုရီသည် လေးကန်သော ဖိအားကြီးကို ခံစားလိုက်ရသည်။ သူ့အတွက် ကြယ်လွင်ပြင်သို့ ရောက်ရှိလာပြီးနောက် သန်မာဆုံးသောပြိုင်ဘက်ပေပင်။
သံသယမရှိ ဤအမျိုးသမီးသည် နယ်ပယ်ဘုရင်ထက် သာလွန်လှသောလမ်းသို့ ကြာမြင့်စွာတည်းက လျှောက်လှမ်း နိုင်ခဲ့ပုံရသည်။
“ ဟိတ် ... ။ ”
“ ကလန့် ... ကလန် ... ။ ”
စုရီက အရာခပ်သိမ်းဖျက်သိမ်းခြင်း ဥပဒေစည်းမျဉ်းကို တွန့်ဆုတ်ခြင်း မရှိဘဲ ထုတ်ဖော်လိုက်ရသည်။
မဟူရာရွှေနွယ်ပင်သည် မီးခိုးရောင် အလင်းရောင်များ ပေါက်ကွဲထွက်လာခဲ့သည်။ ဓားရည်ရွယ်ချက်သည်လည်း မိုးသောက်ချိန် အလင်းရောင်အလား စူးရှလာ၏။
ထိုဓားရောင်ဝါသည် ခန်းမအတွင်း ပြည့်လျှံနေသည့် အင်မော်တယ်အလင်းများကို ချက်ချင်းပြန့်ကျဲသွားစေသည်။
“ ဝုန်း ... ။ ”
ဓားနှင့်လှံတိုက်မိကာ ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာ၏။ ဤတစ်ကြိမ်တွင် စုရီသည် သက်ရောက်မှုကို ခံစားလိုက်ရသော်လည်း လွင့်စဉ်ခဲ့ခြင်း မရှိတော့ချေ။
“ ဒါက ဘယ်လိုဥပဒေမျိုးလဲ။ ”
အမျိုးသမီး၏ ဂရုမစိုက်သော မျက်ဝန်းများတွင် အံ့အားသင့်မှုများဖြစ်ပေါ် လာတော့သည်။
တိုက်ပွဲတလျှောက် ဤလူသည် ပြန်ဝင်စားခြင်းဥပဒေထက် မနိမ့်ကျလှသော ဥပဒေများကို အသုံးပြုခုခံခဲ့သည်။ လက်ရှိ ဥပဒေသည် ဝင်စားခြင်းဥပဒေထက်ပင် သာလွန်နေချေ၏။
“ ဝှစ် ... ။ ”
စုရီက သူမကို လျစ်လျူရှုပြီး ဓားဖြင့်ဝှေ့ယမ်းကာ တိုက်ပွဲအတွင်းပြေးဝင် လိုက်တော့သည်။ ယင်းသည် အမျိုးသမီးကို အေးစက်စွာပြုံးမိစေ၏။
“ နင်သေချင်နေတာပဲ။ ”
ဤတစ်ကြိမ်သည် သူမ၏ ခွန်အားကို ထိန်ချန်ခြင်းမရှိဘဲ တိုက်ခိုက်လိုက်လေသည်။ နန်းတော်တစ်ခုလုံး သိမ့်သိမ့်ခါနေတော့၏။
စုရီသည်လည်း သူဓားတာအိုကို အပြည့်အဝထုတ်ဖော်ပြသနေပြီး လှည့်လည် သွားလာနေသော နဂါးတစ်ကောင်ကဲ့သို့ ပြန်လည်တိုက်ခိုက်လာသည်။
အမျိုးသမီး၏ အနက်ရောင်လှံ သွားရာလမ်းတွင် အင်မော်တယ်အလင်းများ စုပ်ယူခြင်းခံနေရ၏။
တစ်ခါတစ်ရံတွင် ထိုအလင်းများသည် ရေတံခွန်ကဲ့သို့ စီးဆင်းလာသည်။ တစ်ခါတစ်ရံ ရေကာတာမှ ကျိုးကျလာသော မြစ်တစ်စင်း အလား ပေါက်ကွဲထွက်လာ၏။
“ ချွင် ချွင် ချွင် ... ။ ”
၎င်းတို့သည် နတ်သံကြိုးများကဲ့သို့ နဂါးနှင့်တူသောစုရီ၏ လှုပ်ရှားမှုများအပေါ် တုပ်နှောင်ရန် ကြိုးစားလာသည်။
တစ်ဖက်တွင်လည်း တောင်ကြီးတစ်လုံးအဖြစ် စုစည်းသွားနေကာ စုရီကို ရိုက်နှက်ရန်ပြင်နေ၏။
အချိန်ကြာလာသည်နှင့်အမျှ စုရီတွင် ဒဏ်ရာများသည် စုပုံလာပြီး နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။
ဥပဒေစည်းမျဉ်းများဖြင့် အစွမ်းကုန် တိုက်ခိုက်သော်လည်း သူတို့နှစ်ယောက်ကြား ကျင့်ကြံမှုကွာဟချက်မှာ ကြီးမားလွန်းနေ၏။
ရလဒ်အနေဖြင့် သည့်ထပ် ကြာကြာတောင့်မခံနိုင်ချေ။ သို့တိုင်ဆုတ်ခွာရန် ဆန္ဒမရှိဘဲ တိုက်ပွဲဝင်ဆန္ဒများသာ လောင်ကျွမ်းလာခဲ့သည်။
ဒဏ်ရာများ ပိုတိုးလာလေ တိုက်ပွဲဝင်ပုံစံသည် ပို၍ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်လာလေဖြစ်၏။ ယင်းသည် ထိန်းမနိုင် သိမ်းမရ ရူးသွပ်နေချေပြီ။
အမျိုးသမီးသည်ပင် တဖြည်းဖြည်း မျက်မှောင်ကြုတ်လာ၏။ သူမပင် အထင်ကြီး သွားသည်။ ထုံရှောက်အဆင့်မှ တစ်စုံတစ်ဦး အနေဖြင့် သည်မျှသန်မာနေသည်လော။
“ ဟမ့် ... မင်းဘယ်လောက်ဘဲ ... ကောင်းကင်ကိုအန်တုနေပါစေ ဒီနန်းတော်မှာ မင်းအတွက် အခြေအနေတွေကို ပြောင်းလဲပစ်ဖို့ မျှော်လင့်ချက်မရှိပါဘူး။ ”
အမျိုးသမီးက အေးစက်စက် ပြောကြားလိုက်သည်။ ထို့နောက် ဆုံးဖြတ်ချက် ချဟန်ဖြင့် မျက်ဝန်းများ တောက်ပလာ၏။
“ ဝမ် ... ။ ”
ကောင်းကင်ကျီးကန်းနန်းတော်မှာ တုန်ခါသွားပြီး ဝင်္ကပါအစီရင်တစ်ခုအသက်ဝင် လာတော့သည်။ ၎င်းဝင်္ကပါသည် အမျိုးသမီး၏ ထိန်းချုပ်မှုအောက်တွင် စုရီထံသို့ တိုက်ခိုက်လာခဲ့၏။
ယင်းသည် အလွန်ကြောက်စရာ ကောင်းလွန်းပြီး မည်သည့်နယ်ပယ်ဘုရင်မှ တားဆီးနိုင်စွမ်းရှိမည် မဟုတ်ချေ။
“ ထွက်လာခဲ့ ... ။ ”
စုရီတစ်ယောက် တုန့်ဆိုင်းခြင်းမရှိ တောင်ပိုင်းတောင်ထွတ်တံဆိပ်ကို ဆင့်ခေါ် လိုက်ရလေသည်။
“ ဝုန်း ... ။ ”
တံဆိပ်ထွက်ပေါ်လာသည်နှင့် လှံတစ်စင်းအဖြစ် သူ့ထံဝင်ရောက်လာနေသော ဝင်္ကပါစွမ်းအားမှာ ချက်ချင်းပေါက်ကွဲသွား၏။
“ ဝုန်း ... ဝုန်း ... ။ ”
လေထုအလယ်တွင် ရှေးဟောင်း နတ်တောင်တန်းတစ်ခုပုံရိပ် ဆင်းသက်လာ ချေပြီ။ ၎င်းတောင်သည် အရပ်လေးမျက်နှာမှ တိုက်ခတ်လာသော ဝင်္ကပါစွမ်းအားကို မြဲမြံစွာပိတ်ဆို့လိုက်တော့၏။
“ သာလွန်ဝိညာဉ်ရတနာလား ... မင်းမှာ ဒီလိုရတနာမျိုးရှိလိမ့်မယ်လို့ ငါမထင်ထားဘူး ဒါပေမယ့် ငါ့ရှေ့မှာအလုပ်မဖြစ်ပါဘူး။ ”
အမျိုးသမီးက ပြုံးလျက်မှတ်ချက်ပေး၏။ ထို့နောက် အနက်ရောင်လှံသည် မီးတောက်များ လောင်ကျွမ်းလာပြီး တိုက်ခိုက်မှုတစ်ခုကို တံဆိပ်ထံသို့ဦးတည်လိုက်တော့သည်။
“ ဘန်း ... ။ ”
တောင်ပိုင်းတောင်ထွတ်သည် ကြောက်မက်ဖွယ်ကောင်းသော နှိမ်နင်းမှုကို ချက်ချင်း ခံစားလာရလေသည်။ ရတနာသည် မူလတည်းကပင် ပျက်စီးနေပြီဖြစ်၏။
“ ခရစ် ... ။ ”
ထို့ကြောင့် တဟုန်ထိုးတက်လာသော လှံစွမ်းအားရိုက်ခတ်လာချိန်၌ ယိမ်းထိုးသွားပြီး အက်ကွဲကြောင်းများ ပေါ်လာခဲ့ချေပြီ။ သို့တိုင် ကောင်းစွာ ပိတ်ဆို့နိုင်နေသေးသည်။
***