အခန်း (၉၈၅-၉၈၆)
Vol. 83 Ch. 985-986
အခန်း ၉၈၅ -
နောက်ကွယ်မှ ရန်သူများ။
“ ပြန်လာခဲ့ ... ။ ”
စုရီတစ်ယောက် တံဆိပ်ပြန်သိမ်းလျက် ငရဲဘုံကိုးပါးဓားရောင်ကို မဟူရာရွှေနွယ်ပင်ထံ လောင်းထည့်ကာ တိုက်ခိုက်လိုက်၏။
ကြောက်မက်ဖွယ်ကောင်းပြီး ယှဉ်နိုင်စရာမရှိသော ဓားရည်ရွယ်ချက်သည် ပတ်ဝန်းကျင်အနှံ့ ပျံ့နှံ့လာလေသည်။ ၎င်း၏ အသံသည် ရှင်းလင်းပြတ်သားပြီး စိတ်အားထက်သန်နေ၏။
“ ဝုန်း ... ။ ”
တိုက်ခိုက်မှုတစ်ခု မပြုမီတွင်ပင် ဓားရောင်ဝါစွမ်းအားသည် အရပ်လေးမျက်နှာရှိ ဝင်္ကပါစွမ်းအားကို ချိုးဖဲ့ပစ်လိုက်သည်။
“ ဒါ … ။ ”
အမျိုးသမီး၏ ရေခဲပြင်ကဲ့သို့ အေးစက်နေသောမျက်နှာသည် ရှားရှားပါးပါး တည်ငြိမ်မှုပျောက်ဆုံးသွားချေပြီ။
အရေပြားများ တုန်ခါလျက် မကြုံစဖူး အသက်အန္တရာယ်ရှိသော ခြိမ်းခြောက်မှုတစ်ခု ခံစားလာရ၏။ တွန့်ဆုတ်ခြင်းမရှိဘဲ သူမ၏ အနက်ရောင်လှံထံ ကျင့်ကြံမှုကို အစွမ်းကုန် လောင်းထည့်ကာ အသုံးပြုလိုက်ရသည်။
“ ဝမ် ... ။ ”
နန်းတော်တစ်ခုလုံး တုန်ခါလျက် နံရံများပေါ်တွင် ရေးထိုးထားသောအစီရင်သည် ဆီနှင်းများအလား ပေါက်ကွဲလွင့်ပြယ်ကုန်၏။ ထိုစဉ် စုရီသူ့ဓားကို ဝှေ့ယမ်းကာ တိုက်ခိုက်လာခဲ့သည်။
“ ဟမ့် ... ။ ”
ထိုဓားချက်အောက်တွင် အရပ်မျက်နှာအနှံ့အပြားမှ ပြေးဝင်လာနေသော အင်မော်တယ်အလင်းများသည် ရေပူဖောင်းများ ပမာ တဘောင်းဘောင်း ပေါက်ကွဲကုန်၏။
အနက်ရောင်လှံသည်လည်း တစစီ ကြေမွသွားပြီး အမျိုးသမီးကိုယ်တိုင်နံရံဆီသို့ ပြင်းစွာလွင့်စဉ်ပြုတ်ကျသွားတော့သည်။
ဖြူဝင်းသော အရေပြားပေါ်တွင် သွေးများစိုရွှဲသွားပြီး အရိုးများကျိုးကြေကုန်၏။ ကြမ်းပြင်တွင် လှဲလျောင်းနေရာမှ၊
“ ဒါက ... မင်းရဲ့ကိုယ်ပိုင်စွမ်းအား မဟုတ်ဘူး။ ”
-ဟု မကျေမနပ် အော်ဟစ်လိုက်သည်။ စုရီက လှောင်ပြုံးဖြင့်၊
“ မင်းအစောက သုံးခဲ့တာကရော မင်းရဲ့ကိုယ်ပိုင်စွမ်းအားပဲလား။ ”
-ဟု ပြန်လည်မေးမြန်းလိုက်၏။
ဤအမျိုးသမီးသည် နန်းတော်ရှိ တားမြစ်နယ်မြေ၏စွမ်းအားကို အသုံးချနေခြင်း ဖြစ်ကြောင်း မည်သူမဆိုသိပြီးဖြစ်သည်။
အမျိုးသမီးက သူမနှုတ်ခမ်းမှသွေးကို သုတ်လျက်၊
“ ရှန့်မူ ... မင်းမှတ်မိလား။ ”
- ဟုဆိုကာ လက်ဖဝါးဖွင့်လိုက်ပြီး သာမန်ကြေးသော့ခလောက်တစ်ခုကို ပြသလာ တော့၏။
ထိုသော့ခလောက်ကို မြင်သော် စုရီစိတ်ထဲတွင် ဝမ်းနည်းမှုလှိုင်းလုံးကြီးတစ်ခု ပြင်းစွာရိုက်ခတ်လာခဲ့သည်။
၎င်းသည် စုရီ၏ခံစားချက်မဟုတ်ဘဲ သူ့ဝိညာဉ်အတွင်း ပိတ်ဆို့ထားသောရှန့်မူ၏ ခံစားချက်များ နိုးထလာခြင်းဖြစ်၏။
“ အဲဒီတုန်းက မင်းငါ့ကို တစ်သက်လုံး ကာကွယ်ပေးမယ်လို့ ကတိပေးခဲ့တာမှတ်မိလား ငါ့အတွက်ဆိုရင် အသက်တောင်ပေးမယ်လို့ မင်းကျိန်ဆိုခဲ့တာလေ။ ”
အမျိုးသမီးက နူးညံ့သောလေသံဖြင့် ထရပ်လိုက်ကာ ဆွဲဆောင်ရန် ကြိုးစားခဲ့သည်။ သူမသည် ဆန္ဒခြောက်ပါးနတ်ဆိုးဂိုဏ်းမှဖြစ်ပြီး သူမ၏တာအိုသည် ချစ်ခြင်းမေတ္တာကို ပယ်ဖျက်ခြင်းပေပင်။
ရှန်မူသည် သူမကိုအလွန်အမင်း ချစ်မြတ်နိုးခဲ့သော်လည်း သူမတာအိုအတွက် ရှန်မူကိုသတ်ကာ အောင်မြင်မှုရယူခဲ့သည်။
သို့သော် များမမကြာမီ ထူးဆန်းသော အတားအဆီးကိုကြုံခဲ့ရသဖြင့် အံ့အားသင့်စွာ အဖြေရှာခဲ့ရ၏။ ထို့ကြောင့် ရှန့်မူ မသေကြောင်း သိရှိလာခြင်းဖြစ်လေသည်။
“ ဒါပေမယ့် ... မင်းက ပြန်လည် မွေးဖွားလာနိုင်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ ”
စုရီတစ်ယောက် ဝမ်းနည်းမှုများဖြင့် သူမအနားသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွား တော့၏။ အမျိုးသမီးက ပြုံးလျက် ကြမ်းပြင်မှ ထရပ်ကာ စောင့်ဆိုင်းနေခဲ့သည်။
“ ဖြောင်း ... ။ ”
သို့သော် စုရီသည် သူမအနား ရောက်လာချိန်တွင် မထင်မှတ်စွာ သူမပါးပြင်ကို ဖြောင်းခနဲမြည်အောင် ရိုက်ချလိုက်သည်။
အမျိုးသမီးခမျာ အံ့အားသင့်စွာဖြင့် ကြမ်းပြင်ပေါ် ထပ်မံလွင့်စင်လဲကျသွားခဲ့ပြီး၊
“ မင်း ... မင်းငါ့ကိုရိုက်တယ်လား။ ”
-ဟု မေးမြန်းလာတော့၏။
“ ဟားဟားဟား ... ငါက ရှန့်မူမဟုတ်ဘူးလို့ပြောခဲ့တာ မေ့နေတာလား ဒါပေမယ့် အဲဒီလူမိုက်ရှန့်မူ ဘယ်လိုသေသွားလဲ ဆိုတာ ငါအခုမှ နားလည်တော့တယ် ... တကယ့်ကို ဒေါသထွက်စရာပဲ။ ”
ရှန့်မူသည် ဓားတာအိုတွင် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးဖြစ်သော်လည်း ဤမိန်းမယုတ် လက်တွင် ဘဝပျက်ခဲ့ရချေပြီ။
ထို့နောက် စုရီသည် ထျန်းချီ၏ ခန္ဓာကိုယ်အတွင်းမှ အမျိုးသမီး၏ဝိညာဉ်ကို အင်အားသုံးကာ ဆွဲထုတ်လိုက်သည်။
“ မင်း ... မင်း ဘာလုပ်မလို့လဲ။ ”
များမကြာခင် ထိုဝိညာဉ်သည် နတ်သမီးတစ်ပါးကဲ့သို့ လှပသော်လည်း သူမ၏ စိတ်နှလုံးမှာမူ အလွန်ပင်ယုတ်မာလှ၏။
“ မင်းကို သတ်မလို့ ... ။ ”
“ ဟားဟားဟား ချင်းဝမ်က ငါ့ရဲ့တပည့်ပဲ၊ သူမရဲ့ဝိညာဉ်အမှတ်အသား နိုးထလာတဲ့နေ့မှာ သူမလည်းငါ့လိုပဲ မင်းကိုသတ်ပြီး အောင်မြင်မှု လမ်းကြောင်းကိုရှာလိမ့်မယ် အဲဒီအချိန် မင်းချင်းဝမ်ကို သတ်နိုင်လား။ ”
စုရီအဖြေကြောင့် အမျိုးသမီးက ပြန်လည်တည်ငြိမ်သွားပြီး လှောင်ပြုံးများဖြင့် မေးမြန်းလိုက်လေသည်။
“ ဖြန်း ... ။ ”
စုရီက ထိုဝိညာဉ်ကို ထပ်မံ၍ ပါးရိုက်ချလိုက်ပြန်သည်။
“ ငါ ... ချင်းဝမ်ကိုယ်စား မင်းကို ရိုက်နှက်ပေးမယ် မင်းလိုဆရာမျိုးရှိနေတာ သူမအတွက်သနားစရာပဲ။ ”
“ ဖြောင်း ... ။ ”
“ မင်း ... ။ ”
“ ဖြောင်း ... ။ ”
“ ငါက ရှန့်မူမဟုတ်ပေမယ့် သူ့အတွက် လက်စားချေဖို့ မင်းကိုတစ်နေ့လာသတ်မယ်။ ”
စကားဆုံးသည်နှင့် စုရီမှ ထိုအမျိုးသမီးဝိညာဉ်အပေါ် ဆုပ်ချေလျက်ဖြင့် ပေါက်ကွဲပျက်စီးသွားစေတော့သည်။
“ တကယ့်ကို စက်ဆုပ်ရွံရှာဖွယ် ကောင်းလွန်းတဲ့ မိန်းမပဲ။ ”
စုရီမှခေါင်းခါလျက် ရှန့်မူကဲ့သို့ ပါရမီရှင်တစ်ဦးသည် အချစ်ကြောင့် ဤမျှအထိ မျက်စိကန်းခဲ့ရသည်လောဟု တွေးတောကာ ကျန်ရစ်ခဲ့လေသည်။
ကောင်းကင်ကျီးကန်းနန်းတော်အတွင်း အချိန်အနည်းငယ်ကြာ တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် စုရီက သက်ပြင်းချကာ ထျန်းချီကို စစ်ဆေးကြည့်လိုက်၏။
ဒဏ်ရာများပြင်းထန်သော်လည်း အသက်အန္တရာယ်မရှိသည်ကို တွေ့ရှိရသဖြင့် သက်သာရာရသွားသည်။ ဤအမျိုးသမီးသာ သေဆုံးသွားပါက ချင်းဝမ်သည်လည်း အသက်ရှင်နိုင်မည် မဟုတ်ချေ။
ထို့ကြောင့် သူမကို လျစ်လျူရှုကာ ဝေရှန်းအနားသို့ လျှောက်လှမ်းသွားလေသည်။ ဝေရှန်းတစ်ယောက် ရုပ်တုကဲ့သို့ ငြိမ်သက် နေဆဲပေပင်။
စုရီက သူ့ဝိညာဉ်ကို ပိတ်ထားသည့် တံဆိပ်ကိုဖြေလျှော့ပေးလိုက်သည်။ ထို့နောက် ထျန်းချီခါးရှိ ကြေးနီအိုးထံမှကျိုးယောင်ကို ခေါ်ထုတ်လိုက်တော့၏။
“ မင်္ဂလာပါသခင်စု ... ။ ”
ကျိုးယောင်မှ ချက်ချင်းနှုတ်ဆက် လာလေသည်။ စုရီမှ ခေါင်းညိတ်လျက်ဖြင့် မေးခွန်းများ စတင်တော့၏။
“ မင်းအဲဒီ အမျိုးသမီးအကြောင်းသိလား။ ”
“ ဟုတ်ကဲ့ ငါနည်းနည်းသိပါတယ် ... အဲဒီအမျိုးသမီးနာမည်က နတ်သမီးရွယ်လျိုပါ ကောင်းကင်ကိုးပါးနန်းတော်ရဲ့ ဂိုဏ်းချုပ်နဲ့ အထူးဆက်ဆံရေးရှိပါတယ်။ ”
ထို့ကြောင့်ပင် ရန်ထောင်လင်နှင့် ထိုအမျိုးသမီးတို့ပူးပေါင်း၍ စုရီကိုသတ်ရန် ကြံစည်ခြင်းဖြစ်၏။
“ ပြီးတော့ ဘာသိသေးလဲ ... ။ ”
“ တခြားငါဘာမှ မသိတော့ပါဘူး ရန်ထောင်လင်တစ်ယောက်တည်းသာ သိမှာ ကြောက်မိပါတယ်။ ”
စုရီမှ ထပ်မမေးတော့ဘဲ ဝေရှန်း၏ဒဏ်ရာများကို ကုသပေးပြီးနောက် နှိုးလိုက်သည်။
“ ကောင်လေးဝေ ... မတွေ့ရတာ ကြာပြီနော်။ ”
စုရီမှ ပြုံးလျက် နှုတ်ဆက်၏။ ဝေရှန်းခမျာ သတိရလာပြီးနောက် မှုန်ဝါးဝါးဖြင့် ရှေ့ကလူကို မော့ကြည့်ကာ၊
“ ဒါ ... ဒါသခင်လေးလား။ ”
-ဟု တုန်ရီစွာ မေးမြန်းလိုက်သည်။
စုရီမှ ဝိုင်အိုးကမ်းပေးလျက် စုရွှမ်ကြွယ်နှင့်စုရီအဖြစ် ပြန်လည်မွေးဖွားခဲ့ခြင်း အကြောင်း အကျဉ်းချုံးပြောပြလိုက်သည်။ ဝေရှန်းတစ်ယောက် အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး၊
“ ဟားဟားဟား ... ငါသိတယ် ဒါကိုငါသိတယ် သခင်လေးရဲ့အသက်က ပြင်းတယ်ဆိုတာ ဟားဟားဟား ... ။ ”
- ဟု ဟားတိုက်ရယ်မောတော့သည်။
ဝေရှန်းသည် ခြေကျိုးဝေ၏ မွေးစားသားဖြစ်ကာ စုရီအတွက်သူငယ်ချင်း တစ်ယောက်ဖြစ်သည်။
နှစ်ယောက်အတူတူ လူငယ်ဘဝ၌ သောင်းကျန်းခဲ့ကြသူများဖြစ်၏။ စုရီက ဝေရှန်း မည်သို့ ဤနေရာရောက်ရှိလာကြောင်း မေးမြန်းလိုက်သည်။
ဝေရှန်းမှ ဝမ်းနည်းဖွယ်သူ့အတိတ်ကို ပြန်ပြောပြလာ၏။ စုရီ ပြန်လည်မွေးဖွားရန် ထွက်သွားပြီးနောက် ဝေရှန်းနှင့် သူ့ဇနီးသည် အေးချမ်းစွာ နေထိုင်ခဲ့သည်။
သူတို့တွင် ဝေရှီချီဟုခေါ်သော သမီးမိန်းကလေးတစ်ဦး ထွန်းကားလာခဲ့သည်။ သို့သော် ဝေရှီချီသုံးနှစ်အရွယ်တွင် အမည်မသိ အင်အားစုတစ်ခု သူတို့ထံကျူးကျော်လာ၏။
ထိုတိုက်ပွဲတွင် ဝေရှန်း၏ဇနီးယွမ်လန်ကို အရှင်လတ်လတ်မီးရှို့သတ်ခဲ့ပြီး မွေးစားဖခင် အဖိုးကြီးဝေကိုလည်း အလွတ်မပေးခဲ့ချေ။
ထို့ကြောင့် အဖိုးကြီးဝေသည် ဝေရှန်းတို့ သားအဖကိုကယ်တင်ရန်အတွက် သူ့အသက်ကို စတေးခဲ့ရသည်။
ဝေရှန်းတစ်ယောက် ပြင်းထန်စွာ ဒဏ်ရာရလျက် သမီးလေးကို ခေါ်ဆောင်ပြီး ထွက်ပြေးလာခဲ့စဉ် ကောင်းကင်ကိုးပါးနန်းတော် ဂိုဏ်းချုပ်ရန်ထောင်လင်နှင့် တွေ့ဆုံခဲ့သည်။
ရန်ထောင်လင်မှ သူ့သမီးလေးကို ကယ်တင်ပေးမည်ဟုကတိပေးကာ သူ့ခိုလှုံမှု အပေါ် လက်ခံခဲ့၏။ သို့သော် အမှန်စင်စစ်တွင် ရန်ထောင်လင်သည် သူတို့သားအဖကို အသုံးချရန် ကြံစည်ခဲ့ခြင်းသာဖြစ်သည်။
ထိုနောက် ကောင်းကင်ကိုးပါး နန်းတော်တွင်နေထိုင်ကာ ရန်သူများကို စုံစမ်း သော်လည်း မည်သည့်သဲလွန်စမျှ မရခဲ့ချေ။
စုရီက မိတ်ဆွေဟောင်း ကုန်သည်ကြီးကို အကူအညီတောင်းခဲ့သော်လည်း ထိုသူမှာလည်း သဲလွန်စအချို့တွေ့ရှိပြီးနောက် သူသည်ပင် ပျောက်ကွယ်သွားခဲ့သည်။
“ ဟမ့် ... ဒီအဖိုးကြီးက အဲဒီလောက် လွယ်လွယ်သေမဲ့လူ မဟုတ်ပါဘူး။ ”
ကုန်သည်ကြီး ပျောက်ကွယ်သွားကြောင်း စိတ်မကောင်းစွာဖြင့် ပြောကြားလာသောအခါ စုရီမှ ဝေရှန်းကိုနှစ်သိမ့်ပေးလိုက်လေသည်။ ထို့နောက် ဝေရှန်းကိုပြန်ကြည့်ကာ၊
“ မင်း ... အဲဒီတုန်းက ဘေးဒုက္ခတွေ အားလုံးကို ရန်ထောင်လင်နဲ့ ပတ်သက်နေနိုင် တယ်လို့ သံသယမဝင်ခဲ့ဘူးလား။ ”
-ဟု မေးမြန်းလိုက်တော့၏။ ဝေရှန်းမှ ခေါင်းရမ်းပြကာ၊
“ ငါသံသယတွေရှိခဲ့ပေမယ့် ... ရန်ထောင်လင်းဟာ ငါ့ရန်သူတွေနဲ့ဆက်စပ်မှု မရှိဘူးဆိုတာ သေချာခဲ့ပါတယ်။ ”
-ဟု ပြန်ဖြေလာသည်။
***
အခန်း ၉၈၆ -
အကူအညီတောင်းခြင်း ... ။
“ ဘာလို့ ဒီလောက်သေချာနေရတာလဲ။ ”
“ ရန်ထောင်လင်းက သခင်လေးနဲ့ သူ့ရဲ့ရန်ငြိုးတွေဟာ တခြားဘယ်သူ့အပေါ်မှာမှ မပတ်သက်ဘူးလို့ တစ်ခါကပြောခဲ့ဖူးတယ် ပြီးတော့ သူငါတို့ကိုသတ်ဖို့ စိတ်ကူးမရှိဘူး။ ”
စုရီက ခဏမျှတွေးတောလျက်၊
“ အဲဒီလူအိုကြီးက ရက်စက်တတ်ပေမယ့် ဒီလောက်မယုတ်ညံ့နိုင်ဘူး။ ”
-ဟု ခေါင်းညိတ်လိုက်သည်။ တစ်ဖက်လူသည်လိမ္မာပါးနပ်ပြီး လုပ်ရပ်များမှာ အမြဲတမ်း စနစ်တကျရှိ၏။
ဝေရှန်းကို ကျီးကန်းတောင်ကြားထံ စေလွှတ်ခဲ့သော်လည်း ထိခိုက်အောင်လုပ်ရန် မရည်ရွယ်ချေ။ စုရီကို မြှားခေါ်လိုခြင်းသာ ဖြစ်လေသည်။
“ ဒီနန်းတော်ထဲက ကံကြမ္မာကို ရန်ထောင်လင်းယူသွားပြီးပြီလား။ ”
စုရီက ရုတ်တရက် သတိရလာ၏။ သို့မှသာ ဝေရှန်းတစ်ယောက် မျက်ခုံးပင့်လျက်၊
“ ဟမ့် ... ဖြစ်နိုင်တယ် အဲဒီအဖိုးကြီဂ ငါ့ကိုထပ်ပြီးလှည့်စားပြန်ပြီ။ ”
-ဟု ညည်းတွာလိုက်လေသည်။ စုရီက သူ့နဖူးကို ကုပ်ခြစ်ကာ သက်ပြင်းချလိုက်၏။ ဤနန်းတော် အပြင်တွင် အင်အားစုအသီးသီးမှ စောင့်ကြပ်နေကြသည်။
သူထွက်သွားသည်နှင့် ကံကြမ္မာကို မရရှိခဲ့ကြောင်း မည်သူမျှယုံကြည်ကြလိမ့်မည် မဟုတ်ချေ။ အရူးအမူး တိုက်ခိုက်လာမည်မှာ သေချာသည်။
“ သွားရအောင် ... ။ ”
အဆုံး၌ ကောင်းကင် ကျီးကန်း နန်းတော်အတွင်းမှ ထွက်ခွာရန်ပြင်လိုက်သည်။ ကောင်းကင်ကျီးကန်နန်းတော် အပြင်ဘက်တွင် မည်းမှောင်သောမိုးတိမ်များက ဖုံးလွှမ်းနေပြီး သွေးနီရောင်လျှပ်စီးများ ဝဲလှည့်နေ၏။
အင်အားစုကြီးသုံးခု၏ ကျွမ်းကျင်သူများစွာသည် နန်းတော်ဝတွင် ဝိုင်းရံပိတ်ဆို့ထားကြသည်။ စုရီနန်းတော်ထဲမှ ထွက်လာသည်ကိုမြင်သည်နှင့် လူအုပ်ကြီးသည် သားကောင်မြင်လိုက်ရသော မုဆိုးများပမာ မျက်လုံးများ တောက်ပလာ၏။
“ ကောင်လေး ... မင်းမှာရှိတဲ့ အမွေအနှစ် ကျောက်စိမ်းပြားကို ထုတ်ပေးလိုက်ရင် မင်းကို ဒီအတိုင်းလွှတ်ပေးလိုက်မယ်။ ”
အဖိုးကြီးများက သတ်ဖြတ်လိုသော ရည်ရွယ်ချက်များထုတ်ဖော်ကာ ခြိမ်းခြောက် လိုက်ကြသည်။ စုရီမှ ပြုံး၏။
“ ဒီနန်းတော်ထဲက အခွင့်အရေးတွေကို ကောင်းကင်ကိုးပါးနန်းတော်ရဲ့ ရန်ထောင်လင် ယူသွားပြီလို့ ပြောရင် မင်းတို့ယုံမှာလား။ ”
ထိုမေးခွန်းကြောင့် လူတိုင်း မျက်ခုံးပင့်လိုက်လေသည်။ များမကြာခင်မှာပင် အော်ဟစ်ရယ်မောသံများ ဆူညံကုန်၏။
“ ဟား ဟား ဟား ... ကောင်လေး မင်းငါတို့ကိုလှည့်စားလွယ်တဲ့ ကလေးတွေများ ထင်နေတာလား။ ”
“ မှန်တယ် ... ဒီနန်းတော်ထဲမှာ ဘာအခွင့်အရေးမှ မကျန်ဖူးဘူးဆိုတာကို ငါတို့မယုံနိုင်ဘူး။ ”
စုရီမှ သက်ပြင်းချလိုက်သည်။ သူမှန်းဆထားသလိုပေပင်။ ရန်ထောင်လင်က သူ့အတွက် တူးထားသောတွင်းသည် အမှန်ပင် နက်လွန်းချေ၏။
“ ကောင်းပြီ ... ဒါဆိုရင်လည်း တိုက်ကြတာပေါ့ လာခဲ့ မင်းအားလုံးအတူတူ လာမှာလား တစ်ဖွဲ့ချင်းစီလား။ ”
“ ကောင်းကင်ဘုံက လူတစ်ယောက်ကို သေစေချင်တဲ့အခါ အရင်ဆုံး သူ့ကိုရူးသွပ်သွား စေတယ် ... ။”
ယုဟွာရှန်းက မျက်လုံးများတွင် အေးစက်သော အလင်းရောင်များ တောက်ပပြီး ပြောကြားလိုက်သည်။
“ ဟားဟားဟား ... ဘာပဲဖြစ်ဖြစ် သူ့ရဲ့သတ္တိက ချီးကျူးစရာပဲမဟုတ်လား။ ”
ဖုန်းယွင်လျဲ့မှ ရယ်လိုက်သည်။ သူတို့အင်အားစုသုံးခုကို ပူးပေါင်းခြင်းဖြင့် အရှေ့ပိုင်းကြယ်ဒိုမိန်းတွင် မည်သူသည် မော့ကြည့်ဝံ့မည်နည်း။
အလားတူအဆင့်အတန်းနှင့် နောက်ခံအုတ်မြစ်ရှိသူများပင် ခေါင်းငုံ့ကာ ခံနိုင်ရည်ရှိကြရသည်။
ယခုမူ မူလဇာစ်မြစ်ပင် မသိသော ထုံရှောက်အဆင့်မှ တစ်စုံတစ်ယောက်သည် မောက်မာစွာ စိန်ခေါ်နေ၏။ ဤသည်မှာ လုံးဝ ရယ်စရာပေပင်။
စုရီက လက်တစ်ဖက်ဖြင့် ဝိုင်အိုးကို ထုတ်ယူလိုက်ပြီး ကျန်တစ်ဖက်ဖြင့် မဟူရာ ရွှေနွယ်ပင်ကိုင်ထားကာ လှမ်းထွက်လာ၏။
“ မင်းတို့တိုက်ခိုက်မယ်ဆိုရင် ... မင်းအစွမ်းကုန်ထုတ်သုံးတာ အကောင်းဆုံးပဲ မဟုတ်ရင် တိုက်ပွဲက အရမ်းမြန်လိမ့်မယ်။ ”
“ ဒီကောင် ... ။ ”
ဤတစ်ကြိမ်တွင် အပြာရောင်လွမ် ဝိညာဉ်မျိုးရိုးသည်ပင် ဒေါသထွက်လွန်းသဖြင့် မျက်ဝန်းများနီရဲလာသည်။ ဖုန်းယွင်လျဲ့မှ မျက်ဝန်းများမှေးစင်းလျက် ကြည့်၏။
“ အားလုံးပဲ ငါတို့ဒီမိတ်ဆွေကို အရင်လိုက်ပို့ရအောင်။ ”
ယုဟွာရှန်းက သတ်ဖြတ်လိုသော ရည်ရွယ်ချက်များကို မထိန်းချုပ်နိုင်တော့ဘဲ ပြောကြားလာသည်။
“ သဘောတူတယ်။ ”
“ ကောင်းပြီ။ ”
ယုချင်းအန်နှင့်ဖုန်းယွင်လျဲ့မှ ခေါင်းညိတ်လိုက်လေသည်။ ချက်ချင်းပင် ကောင်းကင်နှင့် မြေကြီးတုန်ခါလာ၏။
နတ်မီးလျှံများသည် ကောင်းကင်ပေါ် ထိုးတက်သွားပြီး အဖွဲ့(၃)ဖွဲ့မှ ကျွမ်းကျင်သူများ လှမ်းတက်လာသည်။ ဤသည်မှာ တုံ့ယွီအဆင့် နယ်ပယ်ဘုရင်(၁၉)ဦး ဖြစ်ချေ၏။
နယ်ပယ်ဘုရင် (၁၉)ဦးက အစွမ်းထက်ဆုံးသော ရတနာများထုတ်ယူကာ ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်တော့မည့် အလား တိုက်ခိုက်လာတော့သည်။
“ သတ် ... ။ ”
“ သတ် ... ။ ”
စုရီက ဝိုင်အိုးကိုမော့သောက်ကာ ပစ်ချလိုက်ပြီးနောက် မဟူရာရွှေနွယ်ပင်ဓားဖြင့် လူအုပ်အတွင်း ပြေးဝင်သွား၏။
ကွေ့ယီအဆင့်သို့ မဝင်ရောက်မီ သူ့ခွန်အား၏ အမြင့်ဆုံးသောစွမ်းဆောင်မှုမှာ မည်မျှအထိရှိကြောင်း စမ်းသပ်လိုစိတ်များ ပြင်းပြလာခဲ့သည်။
“ ကလန် ... ကလန် ... ။ ”
ထိုခဏ ထာဝရညကဲ့သို့ အလင်းများ ပျောက်ဆုံးနေခဲ့သော ကောင်းကင်ကြီးသည် ဓားရောင်ဝါများဖြင့် တောက်ပလာ၏။
အချိန်နှင့် အာကာသသည် ရပ်တန့်သွားပုံရပြီး ကမ္ဘာပေါ်ရှိ အလင်းသည် ဓားအလင်း၌သာ ရှိပေတော့သည်။
“ ဝုန်း ... ။ ”
ကောင်းကင်ကြီး ပြိုကျသွားသလို မြေကြီးများပွင့်ထွက်သွားသည့် ပြင်းထန်သော ပေါက်ကွဲမှုဖြစ်ပေါ်လာသည်။
ဝင်စားခြင်းဥပဒေစည်းမျဉ်းများ လေထုအတွင်း ရစ်သိုင်းလျက် နယ်ပယ်ဘုရင် (၁၉)ဦး၏ ရတနာများကို ကြိတ်ချေတော့၏။
“ ခလွမ် ... ။ ”
“ ဝုန်း ... ။ ”
ထိုဝင်စားခြင်းသံသရာ စက်ဝန်းကြီးအောက်တွင် လက်နက်များသည် ဖန်ကွဲစများပမာ ကြေမွပျက်စီးကုန်သည်။
ခေါင်းလောင်းများ ကွဲအက်ကုန်ပြီး၊ တိုက်ပွဲလှံများမှာလည်း ကျိုးပြတ်ကုန်ကြသည်။ ပြင်းထန်သော အဖျက်စွမ်းအားလှိုင်းများသည် ပတ်ဝန်းကျင်သို့ ပြန့်ကားကုန်၏။
တိုက်ပွဲမြင်ကွင်းအတွင်း မီးခိုးများ၊ အပျက်အစီးများ ပြည့်နှက်နေချေပြီ။ လူတိုင်း လွတ်ရာသို့ ချက်ချင်းဆုတ်ခွာကုန်၏။
မီးခိုးများ ပျောက်ကွယ်သွားချိန်တွင် မြေပြင်အနှံ့အပေါက်များစွာဖြင့် ပျက်စီးနေပြီး နယ်ပယ်ဘုရင်(၁၉)ပါးသည် သွေးအန်လျက် ပြိုလဲကျနေသည်ကို မြင်လိုက်ရသည်။
တိုက်ပွဲအလယ်တွင် စုရီသာလျှင် ကျောက်တောင်ကြီးကဲ့သို့ ခိုင်မြဲငြိမ်သက်စွာ ရပ်နေဆဲဖြစ်၏။
ကျောက်စိမ်းရောင်ဝတ်ရုံသည် လေထဲတဖျပ်ဖျပ်လွင့်နေကာ လက်တစ်ဖက်၌ ဓားကိုင်လျက် ကျန်လက်တစ်ဖက်မှာမူ ဝိုင်အိုး တစ်အိုး ထပ်မံထုတ်ယူပြီး မော့သောက် နေတော့သည်။
“ ပိတ်ဆို့လိုက်တာလား ... ။ ”
ယုဟွာရှန်းနှင့် ယုချင်းအန်တို့မှာ မျက်ခုံးပင့်သွားသည်။ အခြားသူများသည်လည်း မယုံကြည်နိုင်စွာဖြင့် ပြန်ကြည့်လိုက်ကြ၏။
“ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ”
ထုံရှောက်အဆင့် လူငယ်တစ်ဦးသည် နယ်ပယ်ဘုရင်(၁၉)ဦးကို တစ်ချက်တည်းဖြင့် ဒဏ်ရာရစေသည်မှာ အဓိပ္ပါယ်မရှိချေ။
ဤတုံ့ယွီအဆင့် နယ်ပယ်ဘုရင်များ အားလုံးသည် အထွတ်အထိပ်ဂိုဏ်းကြီးများမှ ဆင်းသက်လာကြပြီး ကြယ်တာရာလွင်ပြင်၌ အမြင့်မြတ်ဆုံးသော ဥပဒေစည်းမျဉ်းများကို ထိန်းချုပ်ထားနိုင်ကြသည်။
သူတို့၏အုတ်မြစ်များသည် ခိုင်မာပြီး ရတနာများသည် ထိတ်လန့်ဖွယ်ကောင်းသည်။ တူညီသောနယ်ပယ်၏ ကျင့်ကြံသူများထက် များစွာသာလွန်ကြ၏။
ယခုမူ ဓားတစ်ချက်ဖြင့် အမှိုက်ပမာ လွင့်စဉ်ကုန်သည်မှာ မယုံကြည်နိုင်စရာပေပင်။ နန်းတော်အတွင်းမှ စောင့်ကြည့်နေသော ဝေရှန်းပင်အံ့အားသင့်သွား၏။ သခင်လေးသည် ယခင်ထက် များစွာအစွမ်းထက်နေချေပြီ။
တစ်ဖက်တွင်မူ ပြိုင်ဘက်များသည် အနည်းငယ်ထိတ်လန့်လာပြီး ဤလူငယ်သည် ကျင့်ကြံမှုကို ဖုံးကွယ်ထားသော မြေခွေးအိုကြီး တစ်ကောင်ဖြစ်ရမည်ဟုပင် ထင်မှားလာ၏။
“ မင်း ... ရန်ထောင်လင် လွှတ်လိုက်တာလား။ ”
ဖုန်းယွင်လျဲ့မှ အေးစက်စွာ မေးမြန်းလိုက်၏။ တစ်ဖက်လူသည်အကြီးအကဲ ရှင်းအာကို သတ်ခဲ့ကြောင်း သူ သိသည်။ သို့တိုင် အထင်ကြီးခြင်း မရှိခဲ့ချေ။ ယခုမူ ရန်သူကို အထင်သေးခဲ့မိကြောင်း နားလည်လာ၏။
“ ငါမင်းတို့ကို အခွင့်အရေးတစ်ခုပေးမယ် အခုထွက်သွားလိုက် အတိတ်က နစ်နာမှုတွေကို ငါထပ်ပြီး မလိုက်တော့ဘူး။ ”
စုရီက ပြုံးလျက် တုန့်ပြန်လိုက်သည်။ ယနေ့သည် ကံကြမ္မာအတွက် ယှဉ်ပြိုင်မှုတစ်ခု ဖြစ်ပြီး ထို့ကြောင့် သတ်ရန်မလိုချေ။
“ ဟားဟားဟား ... အတိတ်က မကျေနပ်ချက်တွေကို လိုက်မနေဘူးလား မင်းရဲ့ အောင်ပွဲက သေချာပေါက်ရပြီလို့ ထင်နေတာလား။ ”
ဖုန်းယွင်လျဲက လှောင်ပြောင် ရယ်မောလိုက်သည်။ စကားပြောရန် ပျင်းရိလာ သဖြင့် လက်ဝှေ့ယမ်းပြကာ၊
“ အားလုံးပဲ ... ငါတို့ အတူတူ လုပ်ဆောင်ရမယ့်အချိန်ရောက်ပြီ။ ”
-ဟု ပြောကြားလိုက်သည်။
ယုဟွာရှန်းနှင့် ယုချင်းအန်သည် အချင်းချင်းပြန်ကြည့်ကာ သဘောတူလိုက်၏။ ဖုန်းယွင်လျဲမှ ဦးစွာလှုပ်ရှားလိုက်သည်။
အနက်ရောင်လှံတစ်ချောင်းကို ဆင့်ခေါ်လျက် ရွှေရောင်အလင်းတန်းများစွာ တောက်ပစေလျက် ကြောက်မက်ဖွယ်ကောင်း လွန်းသည့် ရောင်ဝါကိုထုတ်ဖော်လိုက်၏။
“ ဖျက်ဆီးခြင်း နတ်ဘုရားလှံ။ ”
ဤသည်မှာ အပြာရောင်လွမ် ဝိညာဉ်မျိုးရိုးတွင် ထိပ်တန်းနတ်ဘုရားလက်ရာ တစ်ခုဖြစ်၏။ စွမ်းအားသည် မယုံနိုင်ဖွယ် မြင့်မားချေပြီ။
တုံ့ယွီအဆင့် နယ်ပယ်ဘုရင်များကို နှိမ်နင်းသတ်ဖြတ်နိုင်၏။ ထိုရတနာသည် ထွက်ပေါ်လာသည်နှင့် ကောင်းကင်နှင့် မြေကြီး တုန်လှုပ်သွားတော့သည်။
သိပ်သည်းလွန်းသော သတ်ဖြတ်လိုခြင်း ရည်ရွယ်ချက်သည် ပတ်ဝန်းကျင်အရပ်ရပ်သို့ ပျံ့နှံ့သွား၏။
တစ်ချိန်တည်းမှာပင် ယုဟွာရှန်းသည် လခြမ်းပုံသဏ္ဍာန်ရှိသော ကြေးပုဆိန်တစ်လက် ထုတ်ယူလိုက်၏။ ယုချင်းအန်မှလည်း ပူပြင်းပြီး မီးတောက်လောင်နေသော ဆေးမီးဖိုကြီးကို ထုတ်ယူကာပစ်ပေါက်လာခဲ့သည်။
“ သတ် ... ။ ”
“ သတ် ... ။ ”
သူတို့သုံးဦး၏ ဦးဆောင်မှုအောက်တွင် အခြားသော နယ်ပယ်ဘုရင်များသည်လည်း လက်နက်များ အသီးသီးထုတ်ဖော်ကာ လိုက်ပါလာတော့၏။
ကောင်းကင်တစ်ခုလုံး ဖြစ်စဉ်များ ပလူပျံသွားတော့သည်။ လေဟာနယ်သည်ပင် တဖျစ်ဖျစ်မြည်လျက် ပြိုကျတော့မည့် အရိပ်အယောင်ပြသလာ၏။
“ ဝူး ... ။ ”
ကောင်းကင်ရှိ ဝေ့ဝဲနေသော သွေးရောင်လျှပ်စီးများသည် ထိုဘဏ္ဍာများ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို မခံနိုင်တော့ဘဲ ဖရိုဖရဲဖြစ်လာသည်။
ထိုဝဲဂယက်အတွင်း ပုန်းအောင်း စောင့်ဆိုင်းနေသော ဝိညာဉ်ဆိုးများစွာတို့သည် အချိန်မီ မရှောင်တိမ်းနိုင်သဖြင့် သေဆုံးကုန်၏။
သူတို့ဘဝသည် စစ်မြေပြင်၌ မတရားသဖြင့်သတ်ဖြတ်ခံရကာ နာကျဉ်းမှု ဝိညာဉ်များဖြစ်လာကြပြီး ယခု မသိလိုက်ဘဲ သေဆုံးသွားကြရပြန်သည်။
“ ဟမ့် ... ထွက်လာခဲ့။ ”
စုရီက လှောင်ပြောင်လိုက်ပြီး တောင်ပိုင်းတောင်ထွတ်တံဆိပ်ကို ပြောင်းလဲ ထုတ်လွှတ်လိုက်၏။
“ ကလန် ... ။ ”
“ ဝုန်း ... ။ ”
တံဆိပ်သည် တောင်ကြီးတစ်လုံးပမာ ချက်ချင်းကြီးမားလာပြီး ဖျက်ဆီးခြင်းနတ်လှံ၊ ကြယ်သန့်စင်ခြင်းနတ်ပုဆိန်နှင့် နဂါးကိုးကောင် မီးဝိညာဉ်ဆေးကြိုအိုးတို့ကို ပိတ်ဆို့ပေးသည်။
တံဆိပ်အတွင်း ကန့်သတ်ခြင်း ဥပဒေစည်းမျဉ်းများကို ထည့်သွင်းထားသဖြင့် လက်နက်သုံးပါးမှာ ထွက်ခွာမရတော့ချေ။
“ ချိုးဖြတ် ... ။ ”
ဖုန်းယွင်လျဲ့၊ ယုဟွာရှန်းနှင့် ယုချင်းအန်က အံကြိတ်လျက် နတ်တောင်ကြီး၏ ဖိနှိမ်မှုအပေါ် တွန်းလှန်လိုက်ရသည်။
သို့သော် သုံးယောက်ပေါင်းသော်မှ မအောင်မြင်ချေ။ နတ်တောင်ကြီးသည်သူတို့ကို ဖိနှိမ်ထားသကဲ့သို့ ပိတ်မိကုန်၏။
ထိုအချိန်တွင် စုရီသည် မဟူရာရွှေနွယ်ပင်ကိုဓားအဖြစ် ပြောင်းလဲကာ လူအုပ်အတွင်း ပြေးဝင်လာတော့သည်။
“ ဒါက ... ။ ”
လူအုပ်ကြီးမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။ နတ်တောင်ကြီးသည် မြင့်မြတ်သောလက်နက်သုံးခု ထိန်းထားသည့် ကြားမှ သူတို့၏လက်နက်များကို သားရဲကြီး တစ်ကောင်အလား ဖျက်ဆီးနေခဲ့၏။
ထို့ကြောင့် သူတို့၏ အစွမ်းကုန် တိုက်ခိုက်မှုများသည် စုရီအနားပင်မရောက်ဘဲ ကောင်းကင်တွင် ပျက်စီးကုန်တော့သည်။
“ မကောင်းတော့ဘူး ... ။ ”
“ သူ့ကိုတား ... ။ ”
စုရီသည် မုဆိုးမှသားကောင်ကို မြင်သည့်အလား ပြေးဝင်လာနေတော့သဖြင့် ကာကွယ်ရေးရတနာများ ချက်ချင်း ထုတ်ဖော်လိုက်ရသည်။
သို့သော် စုရီသည် လျှပ်စီးပမာ မြန်ဆန်လွန်းနေ၏။ သူ ဖြတ်သန်းသွားရာတွင် သွေးများပန်းထွက်နေခဲ့ပြီး ပေါက်ကွဲမှုများ ဖြစ်ပေါ်လာခဲ့သည်။
“ ပြေး ... ။ ”
ခဏအတွင်းမှာပင် နယ်ပယ်ဘုရင် (၁၀)ဦးသည် လည်ပင်းပြတ်လျက်အမှုန်အဖြစ် ပြောင်းလဲသွားတော့၏။ ကျန်ရှိနေသူများသည် ကြောက်လန့်တကြားဖြင့် လှည့်ပြေးသည်။
“ မြန်မြန် ... ဒီလူယုတ်မာကို တား။ ”
ဖုန်းယွင်လျဲ့မှ အော်ဟစ်လိုက်သည်။ သို့သော် သူတို့သည်ပင် ဤနတ်တောင်ကြီးထံမှ ကန့်သတ်ချက်ကိုခံနေရသဖြင့် မကူညီနိုင်ချေ။
“ မင်းတို့ လွတ်မြောက်မယ်ထင်လား။ ”
တစ်ဖက်တွင် စုရီသည် ကျင့်ရွှမ်ဥပဒေကို သုံးလိုက်သဖြင့် ထွက်ပြေးရန်ကြိုးစားနေသူများ အားလုံး ရွှံ့နွံထဲတွင် ပိတ်မိသွားသကဲ့သို့ လေးကန်ကုန်တော့၏။
အသက်တရှိုက်စာအတွင်း နောက်ထပ် သွေးမြူများ ထွက်ပေါ်လာသည်။ အခြေအနေ မဟန်တော့ချေ။
ယင်းကို နာကျင်စွာကြည့်နေရသော ဖုန်းယွင်လျဲ့သည် သည်းမခံနိုင်ဖြစ်လာခဲ့သည်။ အဆုံးတွင် လျှာကိုကိုက်ကာ တံဆိပ်ပြားပေါ် သွေးများပက်ဖြန်းလျက် အော်ဟစ်အကူအညီ တောင်းလိုက်တော့၏။
“ ဘိုးဘေး ... မြေးတပည့်ကို ကယ်ပါ။ ”
***