အခန်း (၉၉၁-၉၉၂)
Vol. 83 Ch. 991-992
အခန်း ၉၉၁ -
ရှန့်မူကံကြမ္မာနှင့် စုရီပတ်သတ်မှု အကြောင်းတရား။
တောင်ကုန်းတစ်ခုပေါ်တွင် စုရီသည် ရှေးဟောင်းထင်းရှူးပင်အိုကြီး တစ်ပင်အောက် တရားထိုင်နေ၏။
သူသည် ကွေ့ယီအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်၍ ကျင့်ကြံမှုစွမ်းအားမှာ ကောင်းကင်နှင့်မြေကြီးအလား ပြောင်းလဲ သွားခဲ့ချေပြီ။
ခန္ဓာကိုယ်အတွင်းရှိ တာအိုအုတ်မြစ်သည် မဟာတာအိုမီးဖိုအဖြစ် အသွင်ပြောင်းသွား၏။ ထိုမီးဖို၏ မျက်နှာပြင်ပေါ်တွင် စုရီတစ်ယောက် နားလည်သဘောပေါက်ထားသော ဥပဒေများ ပုံရိပ်လွှာများအဖြစ် ပေါ်လွင်နေသည်။
အထူးခြားဆုံးသည် ထိုမီးဖို၏ ပတ်ပတ်လည်တွင် ဝင်စားခြင်းသံသရာနှင့် အလင်းများရစ်သိုင်းနေပြီး အလယ်ဗဟို၌ ငရဲဘုံကိုးပါးဓားပုံစံ အရိပ်တစ်ခု ကိန်းအောင်းနေခြင်းပေပင်။
သွေးနှင့် ချီ၏စွမ်းအားသည် မီးဖို၏ မီးသွေးကဲ့သို့ဖြစ်ပြီး ဝိညာဉ်နှင့်ဆန္ဒသည် ၎င်း၏ အနှစ်သာရပေပင်။ ဆိုလိုသည်မှာ အရာအားလုံး ဤမီးဖိုထဲ ပေါင်းစည်းသွားပြီဖြစ်၏။
ဤသည်မှာ တစ်သားတည်း ဖြစ်တည်ခြင်း၏ အဓိပ္ပာယ်ပင်။ တာအိုအားလုံး မူလသို့ပြန်ခြင်းဖြစ်၏။ ကျင့်ကြံမှု၊ ဝိညာဉ်နှင့် သွေးသည် တာအိုအုတ်မြစ်များဖြစ်သည်။
ဤတာအိုမီးဖိုကို ဝိညာဉ်မီးဖိုဟုလည်း ခေါ်ဆို၏။ အသက်ဓာတ်သည် မီးဖိုအတွင်းရှိ မီးတောက်များလိုပေပင်။
မီးများ တောင်လောင်ကျွမ်းနေသရွေ့ မြင့်မြတ်သောတာအိုအုတ်မြစ်သည် ထာဝရ တည်ရှိရှင်သန်နိုင်ပေမည်။
ကွေ့ယီအဆင့်တွင် အုတ်မြစ်နှင့် အားသာချက်များကို မီးဖိုအရည်အသွေးအပေါ် အခြေခံ၍ အမျိုးအစားခွဲခြားထားကြသည်။ အရည်အသွေးကောင်းလေ ခွန်အားနှင့် အလားအလာ ပိုမိုကောင်းမွန်လေပေပင်။
ဤမီးဖိုသည် လောကကြီးတစ်ခုလုံးကို ဖိနှိပ်နိုင်စွမ်းရှိသော အရှိန်အဝါများ ထုတ်ဖော် နေတော့၏။
“ လက်ရှိစံနှုန်းတွေအရ ဆိုရင်တော့ ငါ့ရဲ့တာအိုမီးဖိုဟာ အဆင့်သတ်မှတ်ချက်တွေနဲ့ တိုင်းတာလို့ မရနိုင်တော့ဘူး ...
... နှစ်ပေါင်းသောင်းချီမှ တစ်ခါပေါ်တဲ့ ထူးကဲအဆင့်မီးဖိုတွေတောင် ငါ့ကိုယှဉ်နိုင်မှာ မဟုတ်ဘူး။ ”
စုရီက တာအိုမီးဖိုကို စစ်ဆေးပြီးနောက် မှတ်ချက်ပြုလိုက်သည်။ တစ်ဆက်တည်းမှာပင် ဆေးပြားအချို့ သောက်သုံးကာ ကျင့်ကြံမှု တည်ငြိမ်အောင် ပြုလုပ်နေခဲ့၏။
သို့သော် ဆေးလုံးများသည် သူ့ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်တော့ကြောင်း တွေ့ရှိခဲ့လာ၏။ အဆုံးတွင် နတ်ဆေးပင်မှ အရွက်တစ်ရွက်ကို စမ်းသပ်သန့်စင်လိုက်ရာ လုံးဝတည်ငြိမ်သွားတော့သည်။
“ ကြည့်ရတာအနာဂတ်မှာ ငါ့ရဲ့ ကျင့်ကြံမှုတိုးတက်ဖို့အတွက် ဒီလိုမျိုးရှားပါးတဲ့ နတ်ဆေးပင်တွေ လိုအပ်နေပုံရတယ်။ ”
အခြေခံအုတ်မြစ် အလွန်တရာ ခိုင်မာလွန်းခြင်းသည် ရှားပါးရင်းမြစ်များကို လိုအပ်ခြင်းဟူသော ပြဿနာကို ရင်ဆိုင်ရပေသည်။
အတွေးများဖြင့် မျက်ဝန်းများဖွင့်ကာ ထရပ်လိုက်သည်။ အဝေးတွင် စကားစမြည် ပြောလျက် ဝိုင်းဖွဲ့နေစော ဝေရှန်းတို့ သားအဖက လှည့်ကြည့်လာ၏။
“ သွားရအောင် ... ။ ”
“ သခင်လေး ... ဘယ်ကို သွားကြမလဲ။ ”
ဝေရှန်းမှ ပြန်မေးသည်။
“ နတ်မိစ္ဆာပင်လယ် ... ။ ”
စုရီက သူတို့အနား လျှောက်လှမ်းသွားပြီး ပြန်ဖြေ၏။ ထိုအရပ်တွင် ကြယ်မြစ်ဂိုဏ်းကြီး၏ ဘိုးဘေးတံငါသည်ကို သမျေိုးနယ်ပယ်ဓားဖြင့် ချုပ်နှောင်ထားခဲ့သည်။ ၎င်းကိုပြန်ယူရပေမည်။
ထိုနေ့မှာပင် စုရီနှင့်အဖွဲ့သည် ကောင်းကင်ဆန္ဒကြယ်နယ်မြေမှ လှေငယ်လေး တစ်စင်းဖြင့် ထွက်ခွာသွားခဲ့ကြလေသည်။
ခရီးစဉ်အတွင်း စုရီသည် ရန်ထောင်လင် ချန်ထားခဲ့သော ကျောက်စိမ်းတုံးကို ဖတ်ရှုကာ အတွေးနက်နေ၏။
လက်ရှိပြဿနာအားလုံးသည် ရှန့်မူနှင့် ဆက်စပ်နေ၏။ အာရုံခြောက်ပါးနတ်ဆိုးတံခါးမှ နတ်သမီးရွှယ်လျိုဟူသည့် အမျိုးသမီးသည် ရှန့်မူ၏ချစ်သူဖြစ်သည်။
သို့သော် နောက်ဆုံးတွင် သူမ၏ တာအိုအတွက် ရှန့်မူနှလုံးသားကို ဖျက်ဆီးကာ သေဆုံးစေခဲ့သည်။
သို့သော် သူမကျင့်ကြံမှုသည် အတားအဆီးကိုကြုံနေလာရသဖြင့် ပြန်လည် စုံစမ်းကြည့်ရာတွင် ရှန်မူသည် အမှန်တကယ် သေဆုံးခြင်း မရှိကြောင်း သိရှိသွား၏။
ထို့ကြောင့် လောကသခင်အဖြစ် ဝင်စားသူကိုရှာဖွေကာ သတ်ဖြတ်စေခဲ့ခြင်း ဖြစ်သည်။ ဤနည်းဖြင့် သူမ၏တာအို အတားအဆီးကို ချိုးဖြတ်နိုင်၏။
ရန်ထောင်လင်၏ အဆိုအရ နတ်သမီးရွှယ်လျိုသည် ဤခေတ်မှ မဟုတ်ဘဲ ရှန့်မူနှင့်အတူ နတ်ဆိုးခေတ်မှလာသူပေပင်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ရန်ထောင်လင်သည် အပ်ချုပ်သမားထံတွင် ကျေးဇူးတစ်ခု တင်ရှိခဲ့ဖူးသည်။
တစ်နေ့တွင် အပ်ချုပ်သမားက ရှန့်မူဝင်စားသူကိုရှာဖွေရန် အကူအညီတောင်းခံ လာခဲ့၏။ ဤနည်းဖြင့် နတ်သမီးရွှယ်လျိုသည် ရှန့်မူကိုသတ်ဖြတ်လိုနေကြောင်း သိရှိလာရခြင်း ပေပင်။
ထို့ကြောင့်ပင် လောကသခင်ကို သက်ရှိထင်ရှားရှိစဉ်က ရန်ထောင်လင်သည် နှလုံးသားမဲ့သူဟု လှောင်ပြောင်ခြင်းဖြစ်သည်။
နတ်သမီးရွှယ်လျို၏ ပင်မခန္ဓာသည် အချိန်မြစ်ကိုဖြတ်ကျော်၍ ဤခေတ်ကြီးသို့ ဆင်းသက်ရန် မဖြစ်နိုင်ချေ။
ယင်းကြောင့် သူမသည် အပ်ချုပ်သမားမှတဆင့် ရန်ထောင်လင်အပေါ် အသုံးချခဲ့ခြင်းဖြစ်သည်။
သည့်ပြင် ထျန်းချီနှင့်ချင်းဝမ်တို့သည် တစ်ဦးတည်းဖြစ်သည်။ သူမသည် နတ်သမီး ရွှယ်လျို၏ တပည့်ဖြစ်ပြီး ရှန့်မူဝင်စားသူကို သတ်ဖြတ်ရန် စေလွှတ်လိုက်သော လက်နက်တစ်ခုပေပင်။
ဝေရှန်းနှင့် သူ့သမီးကို ကယ်တင် ခဲ့ရခြင်းသည်လည်း အပ်ချုပ်သမားစိတ်ကူး၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
အပ်ချုပ်သမားသည် သူတို့သားအဖကို အသုံးချ၍ ထောင်ချောက်ဆင်စေလိုခဲ့သည်။ သို့သော် ရန်ထောင်လင်မှ ဤယုတ်ညံ့သော နည်းလမ်းကို မကြိုက်ချေ။
ထို့ကြောင့် ဝေရှန်းကို အပြင်လူကဲ့သို့သာ သဘောထားကာ အဝေးသို့ စေလွှတ်ထားခဲ့ခြင်း ဖြစ်သည်။
အနှစ်ချုပ်အားဖြင့် ဤဖြစ်စဉ်အားလုံး၏ တရားခံသည် နတ်သမီးရွှယ်လျိုဖြစ်ပြီး အပ်ချုပ် သမားမှာ သူမနှင့်အပေါင်းအပါပေပင်။
ရည်ရွယ်ချက်သည် ရှန့်မူဝင်စားသူ ဖြစ်သောစုရီကို အမြစ်ပြတ်ချေမှုန်းရန်အတွက် ဖြစ်၏။ သို့သော် ချင်းဝမ်သည် သူ့အနားမည်သို့ ရောက်ရှိလာခဲ့ကြောင်းကိုမူ ရန်ထောင်လင်မှ ရှင်းပြထားခြင်း မရှိချေ။
စုရွှမ်ကြွယ်ဘဝ အမှတ်တရများ နိုးထလာစဉ်က အလွန်ဝေးလံသော တကျိုး မင်းဆက်ရှိ ကွမ်လင်မြို့တွင် ဖြစ်သည်။
နတ်သမီးရွှယ်လျို၏ တပည့်ဖြစ်သူ ချင်းဝမ်သည် ထိုအချိန်ကတည်းက သူ့အနားသို့ ရောက်ရှိနေခဲ့ခြင်းမှာ တိုက်ဆိုင်မှုဖြစ်ရန် အလွန်ပင် ခဲယဉ်းလှသည်။
“ အဲဒီရွှယ်လျိုဆိုတဲ့ အမျိုးသမီးဟာ ရှန့်မူနဲ့ပတ်သက်တာမှန်သမျှသိနိုင်တဲ့ တားမြစ် လျှို့ဝှက်နည်းစနစ်တစ်ခု ရှိနေပုံရမယ် ...
... မဟုတ်ရင် ငါ့အနားချင်းဝမ်ကို ပေးပို့နိုင်ဖို့မဖြစ်နိုင်ဘူး ... အဲဒီအပ်ချုပ်သမား အဖိုးကြီးကိုဖမ်းမိတဲ့အခါ အားလုံး ရှင်းလင်းသွားပါလိမ့်မယ်။ ”
စုရီက တွေးတောလျက် ခေါင်းခါ လိုက်သည်။ ဤသည်မှာ ခန့်မှန်းချက်သာ ဖြစ်၏။
ရှန်မူ၏ မှတ်ဉာဏ်များနှင့် ပေါင်းစပ်နိုင်ချိန်မှသာ အမှန်တရားကိုအလုံးစုံ သိရှိနိုင်ပေမည်။
စုရီနှင့်အဖွဲ့ တျန်းချီကြယ်နယ်မြေမှ ထွက်သွားပြီးမကြာမီ လောကသခင်ဝင်စားသူ ပြန်လာပြီဟူသော သတင်းသည် ရေကန်ထဲ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ ဂယက်ထသွားစေ၏။
ရှေးယခင်က လောကသခင်သည် ဓားတစ်လက်ဖြင့် ကြယ်လွင်ပြင်ကြီးတစ်ခုလုံး အပေါ် ဖိနှိပ်ခဲ့ပြီး ပြိုင်ဘက်ကင်းဒဏ္ဍာရီပေပင်။
သဘာဝအတိုင်း ရန်သူများ၊မိတ်ဆွေများ၊ ပြိုင်ဘက်များရှိချေပြီ။ ဝင်စားခြင်းဥပဒေဖြင့်ပင် ထိုသူများကို ဆွဲဆောင်နိုင်၏။
ယင်းသည် တားမြစ်ဥပဒေတစ်ခု ဖြစ်သောကြောင့် စိတ်လှုပ်ရှားလောဘဖြစ်ဖွယ် သတင်းကြီးတစ်ခုဖြစ်ချေပြီ။
တစ်ချိန်တည်းမှာပင် စုရီ၏ လတ်တလော စွမ်းဆောင်ချက်များသည်လည်း တစ်စထက် တစ်စ ပိုမိုကျယ်လောင်လာ၏။
ထိုက်ရီတာအိုဂိုဏ်းကို ဖိအားပေးခဲ့ခြင်း၊ ကျီးကန်းတောင်ကြားတွင် အင်အားစုသုံးခုပေါ် ချေမှုန်းခြင်းနှင့် ကောင်းကင်ကိုးပါးနန်းတော်ကို အနိုင်ယူခြင်းစသည့် သတင်းများပေပင်။
သို့သော် ဤသတင်းများအတွက် တစ်စုံတစ်ဦးသည် ရည်ရွယ်ချက်ရှိရှိဖြင့် စုရီကို အခက်တွေ့စေရန် ဖြန့်ဝေနေခြင်း ဖြစ်ကြောင်း မြင်သာချေပြီ။
များမကြာမီမှာပင် နောက်ထပ် သတင်းကြီးတစ်ခုသည်လည်း ထပ်မံ ထွက်ပေါ် လာပြန်သည်။
“ ဘာပဲဖြစ်ဖြစ် ... သူ့ခေတ်က ကုန်ဆုံးသွားပါပြီ မကြာခင် အင်မော်တယ်တွေပဲ ကမ္ဘာကြီးကို စိုးမိုးတော့မယ်။ ”
“ မှန်တယ် ... ငါတို့ဘိုးဘေးက နယ်ပယ်ဘုရင်ထက်ကျော်လွန်တဲ့ လမ်းကို လျှောက်လှမ်းနိုင်တော့မယ်။ ”
ရှေးဟောင်း မျိုးနွယ်စုကြီးအချို့မှ သက်ရှိရုပ်ကြွင်းများသည် ဖြတ်တောက်ခံသော လမ်းကိုရှာတွေ့ကာ တက်လှမ်းရန်ပြင်ဆင်နေပြီ ဖြစ်ကြောင်း ကြေညာခဲ့ကြသည်။
ဤသည်မှာ စုရီဒဏ္ဍာရီကို ချိုးနှိမ်ရန် ကြိုးစားနေခြင်းပေပင်။ ထိုသတင်းများကြောင့် လောကကြီးတစ်ခုလုံး လှုပ်ခတ်နေချိန်တွင် စုရီတို့အဖွဲ့သည် နတ်မိစ္ဆာပင်လယ်သို့ ရောက်ရှိနေပြီဖြစ်သည်။
နတ်မိစ္ဆာပင်လယ်သည် အရှေ့ဘက် ကြယ်လွင်ပြင်၏ တားမြစ်နယ်မြေ ခုနစ်ခုထဲမှ တစ်ခုဖြစ်၏။
ယင်းသည် အကာအကွယ်မဲ့သော ကမ္ဘာပျက်ကြီးအတွင်းရှိ သမုဒ္ဒရာကြီးတစ်ခု ဖြစ်ပြီး ကြောက်မက်ဖွယ် နတ်ဆိုမြူများဖြင့် ဖုံးလွှမ်းနေသည်။
ထိုပင်လယ်ထဲတွင် ကြယ်တာရာ အပိုင်းအစအကြွင်းအကျန်များသည် ဟိုသည် လွင့်မျောနေကြ၏။ နယ်ပယ်ဘုရင်အဆင့် ကျွမ်းကျင်သူများပင် ဝံ့ဝံ့ရဲရဲ မဝင်ဝံ့သော ဒေသကြီးပေပင်။
ကမ်းခြေတစ်လျှောက်တွင် ကျင့်ကြံသူများစွာသည် အုပ်စုလိုက်စုဝေးနေပြီး အချို့သည် ပင်လယ်ထဲသို့ ခရီးနှင်ကုန်၏။
ထိုမြင်ကွင်းကြောင့် စုရီတစ်ယောက် မျက်မှောင်ကြုတ်သွားသည်။ အဘယ့်ကြောင့် ဆိုသော် ထိုသူအများစုသည် ဧကရာဇ်များ ဖြစ်ချေ၏။
“ ဘယ်အချိန်ကစပြီး ဘယ်သူမဆို နတ်မိစ္ဆာပင်လယ်ကို လာလို့ရသွားတာလဲ။ ”
စုရီက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ ထို့နောက် မုချန်းယွမ်ကိုစုံစမ်းရန် စေလွှတ်မည့် ဆဲဆဲမှာပင် အဝေးတစ်နေရာမှ တိုက်ခိုက် နေသံများ ထွက်ပေါ်လာခဲ့သည်။
ယင်းသည် နယ်ပယ်ဘုရင်အဆင့် ကျွမ်းကျင်သူနှစ်ဦး အပြင်းအထန် တိုက်ခိုက် နေခြင်းပေပင်။
***
အခန်း ၉၉၂ -
တာအိုကာကွယ်သူကျန်းမျိုးရိုးနှင့် အုပ်စိုးရှင် ကျွမ်းမျိုးရိုး။
နတ်ဘုရားမီးလျှံများသည် ကောင်းကင်ယံတွင်ပျံ့နှံ့နေပြီး ရတနာများ၏ အလင်းများ တောက်လောင်လာသည်။
နယ်ပယ်ဘုရင်အဆင့် အစွမ်းထက်သော ကျင့်ကြံသူနှစ်ဦး၏ ဥပဒေနိယာများဖြစ်သဖြင့် လူတိုင်းဆုတ်ခွာလိုက်ရသည်။
နယ်ပယ်ဘုရင် တစ်ယောက်သည် ရွှေရောင်အဆင်းများ ရစ်သိုင်းနေသောဓားကို ကိုင်ဆောင်ထားသော အနီရောင်ဝတ်ရုံဖြင့် အမျိုးသားတစ်ဦးပေပင်။
ကျန်တစ်ယောက်သည် ကြေးဝါတိုက်ပွဲဝင်လှံကို ကိုင်ဆောင်ထားသော ဖျင်ကြမ်းဝတ်ရုံဝတ်ဆင်ထားသည့် အဖိုးကြီး တစ်ဦးဖြစ်၏။
နှစ်ယောက်ကြားတိုက်ပွဲသည် အကန့်အသတ်မဲ့ နတ်မိစ္ဆာပင်လယ်အနီးရှိ ကျင့်ကြံသူများစွာ၏ အာရုံကို ချက်ချင်း ဆွဲဆောင်ခဲ့သည်။
စုရီသည် သူတို့ကို တစ်ချက်ကြည့် လိုက်ရုံဖြင့် စိတ်ဝင်စားမှု ပျောက်ဆုံးသွား၏။ ဤသည်မှာ သာမန်နယ်ပယ်ဘုရင်နှစ်ပါး၏ ပြိုင်ပွဲတစ်ခုမျှသာဖြစ်သည်။
“ ဟမ့် ... ။ ”
သို့သော် ဤအချိန်တွင် ကောင်းကင်နှင့်မြေကြီးကြား ကြည်လင်ပြီး သာယာသော ပုလွေသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။
ပုလွေသံနှင့်အတူ ကောင်းချီးမင်္ဂလာ မိုးတိမ်များရွေ့လျားလာပြီး မဟာတာအို၏ ရွှေရောင်ပန်းများ ပွင့်လန်းနေ၏။
ငွေရောင်ဝတ်ရုံ ဆင်းမြန်းထားသော အမျိုးသားတစ်ဦးသည် ရွှေရောင်ပန်းများစွာပေါ် ဖြည်းညှင်းစွာ လျှောက်လှမ်းလာနေသည်။
သူ့အမူအရာသည် မြေကြီးပေါ်သို့ ဆင်းသက်လာသော အင်မော်တယ်ပုဂ္ဂိုလ်ကြီး တစ်ဦးအလား ကြော့ရှင်းချေပြီ။ တိုက်ပွဲသည် ထိုသူရောက်ရှိလာမှုကြောင့် ချက်ချင်း ရပ်တန့်ကာ တိတ်ဆိတ်သွား၏။
အဘယ့်ကြောင့်ဆိုသော် ပလွေသံသည် ကောင်းကင်ဂီတကဲ့သို့ သာယာနာပျော်ဖွယ် ကောင်းသောကြောင့်ဖြစ်သည်။
လူသူကင်းမဲ့သောအရပ်တွင် ငှက်ကလေးများတေးသီသံကဲ့သို့ ပြတ်သားကာ နှလုံးသားကို တိုက်ရိုက်ထိမှန်စေသည့် စွမ်းအားတစ်ခု ရှိနေ၏။
အထူးသဖြင့် ပလွေသံပိုင်ရှင် ငွေရောင်ဝတ်ရုံရှည်နှင့်လူသည် ပို၍ထူးခြားကာ ပြိုင်ဘက်ကင်း ကြော့ရှင်းမှုကို ပိုင်ဆိုင်ထား၏။
“ နယ်ပယ်ဘုရင်အဆင့်အောက်က ကျင့်ကြံသူအများအပြား ဒီမှာစုဝေးနေတာကို မင်းတို့နှစ်ယောက်က ပေါ့ပေါ့တန်တန် ...
... တိုက်ပွဲတစ်ခုကို ဆင်နွှဲခိုက်နေကြတာလား အပြစ်မဲ့တဲ့လူတွေကို ဘယ်လိုများထိခိုက်အောင် လုပ်ချင်ရတာလဲ။ ”
ငွေရောင်ဝတ်ရုံနှင့် အမျိုးသားက ပလွေသံမှုတ်ခြင်းကိုရပ်ကာ လက်၌ကိုင်လျက် နောက်ကျောသို့ လက်တစ်ဖက် ပို့ထားလိုက်လေသည်။
ထိုစကားသည် ရောက်ရှိနေသော ကျင့်ကြံသူများစွာ၏နားစည်ကို ပဲ့တင်ထပ်ကာ လူတိုင်း၏ လေးစားအားကျမှုရရှိသွားစေ၏။
ဤသိူ့သောအပြုအမူနှင့် သဘောထား ကြီးမြတ်မှုသည် တကယ့်ကိုအံ့မခန်းပေပင်။ ရှားပါးကာ လေးစားဖွယ်ဖြစ်၏။
တစ်ဖက်တွင် နယ်ပယ်ဘုရင်နှစ်ပါးသည် မသက်မသာဖြစ်လာပြီး မျက်နှာအမူအရာများ အလင်းနှင့်အရိပ်ကြား ပြောင်းလဲကုန်သည်။
“ မိတ်ဆွေတို့ ငါ့အကြံကိုနားထောင်ပါ ကောင်းကင်ဘုံက အသက်ကိုတန်ဖိုးထားတယ် မင်းတို့နှစ်ယောက်တိုက်ချင်ရင် လူသူကင်းမဲ့တဲ့ နေရာကိုသွားပါ ဒီမှာ ပြဿနာမရှာနဲ့။ ”
ထို့နောက် ငွေရောင်ဝတ်လူ၏ မျက်နှာအသွင်အပြင်သည် မာနထောင်လွှားပြီး မထီမဲ့မြင်ပြုမှုများဖြင့် ပြည့်နှက်လာကာ၊
“ မဟုတ်ရင် ကောင်းကင်ဘုံကိုယ်စား တရားမျှတမှုကို ငါလုပ်ဆောင်ပေးရလိမ့်မယ်။ ”
-ဟု ပြောကြားလိုက်တော့၏။
ထိုစကားနှင့် အမူအရာကြောင့် မုချန်းယွင်သည် တစ်စုံတစ်ရာကို သတိရသလို မျက်ခုံးပင့်သွားလေသည်။
“ ဒီလူက အကူအညီလိုအပ်နေတဲ့သူကို တကယ်ကူညီနေတာ မဟုတ်ဘဲ .. တမင်တကာ ကြွားဝါနေတယ်လို့ ဘာလို့ခံစားနေရတာလဲ။ ”
ဝေရှန်းမှ သူ့စကားကို ခေါင်းညိတ် သဘောတူပြီး၊
“ မှန်တယ် သူကအရမ်းကြွားဝါလွန်းတယ် သူပေါ်လာတဲ့အချိန်မှာ ဂီတနဲ့ရွှေကြာပန်းတွေ ဖန်တီးပြီး သာလွန်ထူးကဲ့ထဲ လေထုကို အလွန်အကျွံထုတ်လွှတ်နေတယ်။ ”
-ဟု ထောက်ခံလိုက်၏။
သို့တို့စကားဝိုင်းကြောင့် စုရီမှပြုံးသည်။ ထို့နောက်လေထုအလယ်ရှိ ငွေရောင်ဝတ်လုံနှင့် လူထံကြည့်လိုက်ကာ၊
“ မင်း ပြောတာ မှန်တယ်၊ ဒီလူက ... တခြားလူတွေရဲ့ကိစ္စမှာ ဝင်စွက်ဖက်ရတာကို တကယ်ကြိုက်တယ် ... သူက ကြွားဝါဖို့ အခွင့်အရေးရတိုင်း ချက်ချင်းဆုပ်ကိုင်လိမ့်မယ် မဟုတ်ရင် သူ ကျွမ်းမျိုးနွယ်မဟုတ်ဘူး။ ”
-ဟု ပြောကြားလာ၏။
မုချန်းယွမ်နှင့် ဝေရှန်းတို့သည် ငွေရောင်ဝတ်ရုံနှင့်လူ၏နောက်ခံ အသွင်အပြင် အပေါ် စုရီသိနေကြောင်း သဘောပေါက် သွားကြသည်။
ဤအချိန်တွင် နယ်မြေဘုရင်နှစ်ပါးသည် တောင့်တင်းသွားပြီး အကြည့်ချင်းဖလှယ်ကာ ငွေရောင်ဝတ်ရုံနှင့်လူကို နှုတ်ဆက်လျက် လှည့်ထွက်သွားတော့၏။
တိုက်ပွဲသည် သွေးထွက်သံယိုမှုမရှိဘဲ ပြီးဆုံးသွားခဲ့သည်။ ယင်းသည် လူအုပ်ထံပါးမှ ဩဘာပေးသံများ ရရှိသွားစေ၏။
လှပလွန်းသော အမျိုးသမီးကျင့်ကြံသူ အချို့သည် လေးစားအားကျမှုများဝင်လာပြီး မျက်ဝန်းများ တောက်ပလာကြသည်။
“ စီနီယာ ... မင်းက ကျွမ်းမျိုးနွယ်စုရဲ့ ဘိုးဘေးကျွမ်းပေ့ဖန်လားလို့ မေးပါရစေ။ ”
“ ကျွမ်းပေ့ဖန်။ ”
ဤအမည်ကို ကြားလိုက်သည်နှင့် ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတိုင်း စိတ်လှုပ်ရှားသွားကြသည်။
ကြယ်တာရာပြည့်နှက်နေခဲ့သော ကောင်းကင်တွင် တာအိုကာကွယ်သူမိသားစု (၆)ခုနှင့် အုပ်စိုးရှင်အဆင့် မိသားစု(၈)ခုရှိပြီး ကျွမ်းမျိုးရိုးသည် အုပ်စိုးရှင်မိသားစုဖြစ်၏။
ထိုသို့သော ကျွမ်းမျိုးရိုးတွင် လူပြောအများဆုံးပုဂ္ဂိုလ်သည် သူတို့မျိုးနွယ်စု၏ ရှေးဟောင်းအဖိုးကြီးတစ်ဦးဖြစ်သော ကျွမ်းပေ့ဖန်ပေပင်။
ကျွမ်းပေ့ဖန်ကို မတွေ့ဖူးသော် နယ်ပယ်ဘုရင်ဖြစ်ရန် မထိုက်ဟု ဆိုစမှတ် ပြုကြလေသည်။
ထိုမေးခွန်းကြောင့် ငွေရောင် ဝတ်ရုံနှင့်လူသည် ခံစားချက်များပြည့်နှက်ပြီး သက်ပြင်းချလိုက်၏။
“ အတိတ်ကို ပြန်ပြောရရင် ... ငါက ဂီတကိုခုံမင်ပြီး ဓားကိုင်ဆွဲရတာကို နှစ်ခြိုက်တဲ့ လွတ်လပ်စွာ လှည့်လည်သွားလာနေသူပဲ ...
... ဒီနေ့ကမ္ဘာကြီးပေါ်မှာ ... ငါ့ကို မှတ်မိနေတဲ့လူတွေ ရှိနေကြဦးမယ်လို့ တစ်ခါမှ မတွေးကြည့်ဖူးဘူး။ ”
ကျွမ်းပေ့ဖန်၏ အဖြေကြောင့် လူအုပ်ကြီးသည် ချက်ချင်းရုတ်ရုတ်သဲသဲ ဖြစ်သွားကြလေသည်။
“ ဒါဆို တကယ်ပဲ ... ကျွမ်းမျိုးနွယ်ရဲ့ ဘိုးဘေးကြီးပေါ့ ... ။ ”
မုချန်းယွမ်က ရုတ်တရက် သဘောပေါက်သွားပြီး သူ့မျက်လုံးများသည် ထူးဆန်းသော အလင်းရောင်များ တောက်ပလာ၏။
မဟူရာဖျက်ဆီးခြင်း လေခါးပတ်နယ်မြေနားတွင် မာနထောင်လွှားပြီး တရားမျှတမှုအတွက် တိုက်ပွဲဝင်ရသည်ကို နှစ်သက်သော ကျွမ်းရှောင်ယွမ်ဆိုသည့် လူငယ်ကို ပြန်သတိရလာ၏။
ထိုစဉ်က အဆိုပါလူငယ်၏ စိတ်နေစိတ်ထားသည် ဤကျွမ်းပေ့ဖန်နှင့် ဆင်တူကြောင်း သတိထားမိသွားသည်။
“ ဒါဆို သူပဲ။ ”
တစ်ဖက်တွင် ဝေရှန်မှ ပြုံးလိုက်၏။ ဤလူသည် ကြယ်တာရာများပြည့်နှက်နေသော ကောင်းကင်တွင် နံပါတ်တစ် အထိန်းအကွပ် မဲ့သူအဖြစ် သတ်မှတ်ခံထားရသည့် ရမ္မက်ကြီးသော နယ်ပယ်ဘုရင်ပေပင်။
“ ငါက ကြွားဝါတတ်တဲ့ အသက်အရွယ်ကို ကျော်လွန်နေပါပြီ ဒီနေ့ငါလာရတဲ့အကြောင်းက မင်းတို့အားလုံး အခြားသူတွေရဲ့ရန်ငြိုးတွေထဲ လှိုင်းပုတ်မခံအောင် တားချင်လို့ပါ ... အခု မင်းတို့အားလုံး ထွက်သွားသင့်တယ်။ ”
ကျွမ်းပေ့ဖန်သည် ဂရုမစိုက်သော အသွင်အပြင်ဖြင့် သူတိုင်းကို မောင်းထုတ်လိုက် တော့၏။ ထိုအမူအရာကြောင့် စုရီသည် အနည်းငယ် ပြုံးလေသည်။
ဤလူ၏ မကောင်းသော အကျင့်ဆိုးသည်အမှန်ပင် ကုသ၍ရတော့မည် မဟုတ်ချေ။
“ ဟမ့် ... အဘိုးကြီးကျွမ်း၊ မင်းက အရမ်းကြင်နာတတ်နေပါလား ဒါဆိုငါ့ကိုဘာလို့ ကျေးဇူးပြုပြီး မကူညီရတာလဲ။ ”
ထိုစဉ်အေးစက်ပြီး ဝင့်ကြွားလွန်းသော ပုံရိပ်လေးရိပ်သည် အဝေးမှနေပြီး လှောင်ပြောင် သံမျိုးဖြင့် အပြေးအလွှားရောက်ရှိလာချေပြီ။
ယင်းသည် အဝါရောင်ဝတ် အမျိုးသား၊ ငှက်မွှေးဝတ်ရုံဝတ် အမျိုးသမီး၊ အရောင်အသွေး စုံလင်သော ဝတ်လုံဝတ် အမျိုးသမီးနှင့် မီးခိုးရောင်ဝတ် လူငယ်တို့ပေပင်။
အဖွဲ့ကို ဦးဆောင်လာသူသည် အဝါရောင်ဝတ် အမျိုးသားပေပင်။ သူ့မျက်ဝန်း များသည် အေးစက်တင်းမာကာ တောင်ကြီး တစ်လုံးကဲ့သို့ ခမ်းနားထည်ဝါနေသည်။
“ နှလုံးသားပြခန်းက လူတွေ ... ။ ”
ဝေရှန်းမှ မျက်မှောင်ကြုတ်ကာ အသံတိုးတိုးဖြင့် ထုတ်ဖော်ပြောကြားသည်။ မုချန်းယွမ်မှ ခေါင်းညိတ်၏။
“ အဲဒီ ... မီးခိုးရောင်ဝတ်လူငယ်ကသာ ဒီအဖွဲ့မှာခေါင်းဆောင်ပဲ ... တာအိုကာကွယ်သူ ကျန်းမျိုးနွယ်စုရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ ... ဒီနေ့သူ့ကြောင့် ဒီကိုလာကြတာ ... ။ ”
စုရီက လူတိုင်းကို လျစ်လျူရှုကာ မီးခိုးရောင်ဝတ်လူငယ်ထံ ကြည့်ကာပြော၏။ မုချန်းယွမ်နှင့် ဝေရှန်းတို့နှစ်ဦးစလုံးသည် အနည်းငယ် လေးနက်သွားသည်။
စကြဝဠာရှိ ဘီလူးများနှင့် နှိုင်းယှဉ်ပါက ကျန်းမျိုးနွယ်စုသည် တာအိုကိုကာကွယ်သည့် ရှေးဟောင်းမျိုးနွယ်စုဖြစ်ရာ ပိုမိုရှေးကျသော အုတ်မြစ်ကို ပိုင်ဆိုင်ထား၏။
အရှေ့ပိုင်းကြယ်ဒိုမိန်းသည် တာအို ကာကွယ်သူမိသားစုများ နေအိမ်ပင်ဖြစ်သည်။ ထိုကာကွယ်သူ မျိုးနွယ်စုခြောက်စုစလုံးသည် ရှေးခေတ်တည်းက ဆင်းသက်လာသည်ဟု ကောလဟာလများ ထွက်ပေါ်နေခဲ့၏။
သူတို့မိသားစုများတွင် အင်မော်တယ်အဆင့် ဘိုးဘေးများသည်ပင် ရှိနေနိုင်မည်။ တစ်ချိန်က စုရီတပည့်အဖြစ် စိမ့်ဝင်ခဲ့သော စုန့်ချိုင်သည် ဤကျန်းမိသားစုမှဖြစ်၏။
ဆိုလိုသည်မှာ နှလုံးသားပြခန်းနှင့် ရှေးဟောင်းကာကွယ်သူ မျိုးနွယ်စုဖြစ်သော ကျန်းမျိုးနွယ်စုအကြား ဆက်ဆံရေးသည် အလွန်နီးကပ်နေခြင်းပေပင်။
ထိုအချိန်တွင် ကျွမ်းပေ့ဖန်သည် မျက်မှောင်ကြုတ်ကာ၊
“ မင်းရဲ့နှလုံးသားပြခန်းက အရမ်းအစွမ်းထက်တယ်မဟုတ်လား မင်းဘာလို့ ငါ့အကူအညီလိုအပ်တာလဲ။ ”
- ဟု မေးမြန်းလိုက်၏။
အနီးအနားရှိ ကျင့်ကြံသူအချို့သည် မကောင်းသောခံစားချက်များကို ခံစားလာရပြီး ချက်ချင်းဆုတ်ခွာလိုက်ကြသည်။
အဆုံးစွန်အားဖြင့် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားသည်နှင့် နောက်ဆက်တွဲငလျင်များဖြင့် သူတို့ကဲ့သို့ ဧကရာဇ်များကို ဖျက်ဆီးရန် လုံလောက်ချေသည်။
အသက်တရှိုက်စာအတွင်း လေထုသည် ဖိနှိမ်ချုပ်ချယ်လာပြီး လူသူကင်းမဲ့သွားတော့၏။ အချို့သော နယ်မြေဘုရင်များသည်ပင် အဝေးမှ စောင့်ကြည့်ရန် ရွေးချယ်ခဲ့ကြသည်။
“ တိုက်ဆိုင်မှုတစ်ခုပါ ... ဒီနေ့ မင်းတစ်ယောက်တည်းသာ ငါ့တို့ကိစ္စကို ကူညီနိုင်ပါတယ်။ ”
အဝါရောင်ဝတ်လူက အေးစက်စွာ ပြန်ဖြေသည်။ ကျွမ်းပေ့ဖန်မှ မျက်ခုံးပင့်လိုက် တော့၏။
“ ဘာကိစ္စလဲ။ ”
“ ပင်လယ်တည်ငြိမ် ရေခွဲပုလဲ။ ”
ဤတစ်ကြိမ်တွင် မီးခိုးရောင်ဝတ် လူငယ်သည် ချက်ချင်းဝင်ဖြေသည်။ ထို့နောက် ကျွမ်းပေ့ဖန်ထံ စိုက်ကြည့်ကာ၊
“ ဒီရတနာ ငါတို့ကိုငှားရင် အဲဒါက ကြီးမားတဲ့ကျေးဇူးတစ်ခု ဖြစ်လိမ့်မယ်။ ”
-ဟု ဆက်ပြောလိုက်၏။
အဝေးမှ စုရီသည် မျက်မှောင်ကြုတ် သွားလေသည်။ ဤလူများသည် သူ့ရတနာကို လိုချင်နေကြ၏။
ဤမတိုင်မီ ကျွမ်းရှောင်ယွမ်ဖြင့် ကျွမ်းပေ့ဖန်ထံ သတင်းစကားတစ်ခုပေးပို့ပြီး ရတနာတစ်ခုကို သယ်ဆောင်လာပေးရန် မှာကြားခဲ့ဖူးသည်။ ယင်းသည် ဤပင်လယ် တည်ငြိမ် ရေခွင်းပုလဲ ဖြစ်၏။
ကျွမ်းပေ့ဖန်မှ မျက်ဝန်းများ အနည်းငယ်ကျဉ်းမြောင်းလျက် စကားဆိုရန် ပြင်လိုက်သည်။ ထိုစဉ် မီးခိုးရောင်ဝတ် လူငယ်မှ၊
“ ငါတို့ ဒီကိုရောက်လာတည်းက ... ဒီရတနာက မင်းဆီမှာရှိနေတယ်ဆိုတာကို သိနေတာ မင်းသိသင့်တယ် ...
... ပွင့်ပွင့်လင်းလင်းပြောရရင် ငါက ကျန်းမိသားစုဝင်ပါ ငါ့နာမည်ကကျန်းယန်ရွှမ်ပဲ ငါ့ကို မျက်နှာသာပေးလို့ရမလား။ ”
-ဟု မိတ်ဆက်လာ၏။
ကျွမ်းပေ့ဖန်းတစ်ယောက် မျက်နှာအမူအရာက မရေမရာဖြစ်လာခဲ့သည်။ ထိုစဉ် အဝါဝတ်လူ၊ အမျိုးသမီးနှင့် အဖွားအိုသည် တိတ်တဆိတ် ဝိုင်းရံလာကြ၏။
အဝေးမှ စောင့်ကြည့်နေသော လူအုပ်ကြီးသည်ကျောရိုးတလျှောက် အေးစိမ့် လာချေပြီ။ ကျန်းမိသားစုနှင့် နှလုံးသား ပြခန်းသည် ကျွမ်းမျိုးရိုးအပေါ် ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း ထင်ရှား၏။
“ ဟားဟားဟား ... မင်းက တကယ့် လူပြက်တစ်ယောက်ပဲ ကျန်းမျိုးရိုးဖြစ်တာနဲ့ပဲ ငါမင်းကိုမျက်နှာသာပေးရမှာလား အိမ်မက်မက်မနေနဲ့။ ”
ကျွမ်းပေ့ဖန်မှ လှောင်ပြောင်လိုက်၏။ အထိန်းအကွပ်မဲ့သော သူ့အသွင်သည်ပို၍ပင် ပေါ့ပါးလာခဲ့သည်။ သို့သော် စိတ်ထဲတွင်မူ၊
( သေစမ်း ... ငါ အပြင်မထွက်တာ ကြာနေပြီ၊ နောက်ဆုံးတော့ ငါထွက်လာတာနဲ့ ဒီလိုကပ်ဘေးကြီးနဲ့ ကြုံခဲ့ရတာလား သေလိုပ်ပါတော့။ )
-ဟု ညည်းတွားလိုက်၏။
“ အဘိုးကြီး၊ မင်းအတွက် ဘာကောင်းလဲဆိုတာ မင်းမသိဘူး ငါပြောမယ်၊ ငါက မာနကြီးပြီး ဥပဒေမဲ့တယ်။”
မီးခိုးရောင်ဝတ်လူငယ်မှ အေးစက်သော အပြုံးမျိုးဖြင့် သတိပေးကာ၊
“ သူ့ကိုသတ်လိုက် ... ။ ”
ဟု အမိန့်ပေးလိုက်၏။
ဝိုင်းရံထားသော အမျိုးသား၊ အမျိုးသမီးနှင့် အဖွားအိုတို့သုံးယောက်က တွန့်ဆုတ်ခြင်းမရှိဘဲ ချက်ချင်းတိုက်ခိုက်လိုက်ကြသည်။
“ သေလိုက်တော့ ... ။ ”
“ ရမ္မက်ကြီးတဲ့ ကျွမ်းပေ့ဖန် ... ဒီနေ့မင်းအတွက် နောက်ဆုံးနေ့ပဲ။ ”
လေဟာနယ်တစ်ခုလုံး တုန်ခါသွားပြီး နတ်ဘုရားမီးလျှံများ တောက်လောင်လာသည်။ သူတို့သည် နှလုံးသားပြခန်းတွင် ထိပ်တန်း ဘုရင်သုံးပါးဖြစ်၏။
တစ်ဖက်တွင် ကျန်းယန်ရွှမ်သည် လက်နှစ်ဖက်ကို နောက်ပို့ပြီး ထိုတိုက်ပွဲအပေါ် အပြင်လူလိုကြည့်နေသည်။
“ ရွှပ် ... ။ ”
“ ဝုန်း ... ။ ”
ထိုစဉ် ဓားအလင်းတစ်လက်သည် တိုက်ပွဲအတွင်းဝင်ရောက်လာပြီး နယ်ပယ်ဘုရင် သုံးပါး၏ ပေါင်းစပ်ရောင်ဝါကို ဖြတ်တောက် သွားတော့သည်။
ယင်းသည် လျင်မြန်လွန်းသောကြောင့် မည်သည့်အရပ်မှ ထွက်ပေါ်လာမှန်း မသိလိုက် ကြချေ။ ဝိုင်ရံထားသော ဘုရင်သုံးပါးလုံးခမျာ ချက်ချင်းပြန်ဆုတ်သွားလေသည်။
မည်သူသည် တိုက်ပွဲအတွင်း ဝင်ရောက်စွက်ဖက်နိုင်ရန် သတ္တိရှိနိုင်သနည်း။ ကျန်းယန်ရွှမ်ပင် မျက်မှောင်ကြုတ်သွား၏။
***