အခန်း (၉၉၃-၉၉၄)
Vol. 83 Ch. 993-994
အခန်း ၉၉၃ -
အင်မော်တယ်တစ်ပါးမှ တာအိုတရား ဟောကြားနေခြင်း။
“ မင်းက ငါ့ရတနာကို ... လုယူချင်နေတာလား တာအိုကာကွယ်သူ ကျန်းမိသားစုက တကယ်ရဲရင့်တာပဲ။ ”
စကားဆုံးသည်နှင့် ကောင်းကင်ထက်၌ ကျောက်စိမ်းရောင်အင်္ကျီ တဖျပ်ဖျပ်ခတ်လျက် စုရီတစ်ယောက် ထွက်ပေါ်လာသည်။
“ မကောင်းတော့ဘူး ... ။ ”
“ မြန်မြန် ... ။ ”
“ အရမ်းအစွမ်းထက်တယ်။ ”
“ ဘောင်း ... ဘောင်း ... ဘောင်း။ ”
သူပေါ်လာသည်နှင့် ဓားအလင်းများဖြင့် တောက်ထုတ်လိုက်သည်။ ဆုတ်ခွာသွားသော နယ်ပယ်ဘုရင်များမှာ ချက်ချင်း ရှောင်တိမ်း၏။
သို့သော် အနည်းငယ် နောက်ကျနေသေးသည်။ ဓားအလင်းသွားရာ လမ်း၌ တစ်ချက်တည်းဖြင့် ပြာမှုန်များအဖြစ်သို့ ပြောင်းလဲသွားတော့၏။
ကျီးကန်းတောင်ကြား တားမြစ်မြေတွင် စုရီသည်ထုံရှောက်အဆင့်မျှဖြင့် တုံ့ယွီအဆင့် နယ်ပယ်ဘုရင် (၁၉)ယောက်ကို ဖြေရှင်းခဲ့၏။
ယခုအခါတွင် ကွေယီအဆင့်သို့ ရောက်ရှိသွားပြီဖြစ်၍ အစွမ်းမှာ လုံးဝပြောင်းလဲ သွားပြီ ဖြစ်သည်။
ယန်ထောင်လင်ကဲ့သို့ အမည်ခံ အင်မော်တယ်ကိုသတ်ရန်သည်ပင် သူ့အတွက် ပြဿနာမရှိတော့ချေ။
တုံ့ယွီအဆင့်နယ်ပယ်ဘုရင် သုံးပါးကို တစ်ချက်တည်းနှင့် ချေမှုန်းပစ်သည်မှာ သာမန် ဖြစ်ချေသည်။ ယင်းသည် ယခင်ဘဝ အထွတ်အထိပ် ခွန်အားမျိုးပေပင်။
ပတ်ဝန်းကျင် တစ်ခုလုံးသည် သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်သွားလေသည်။ ငှက်များသည်ပင် တေးဆိုသံ ရပ်တန့်သွား၏။
ကျွမ်းပေ့ဖန်တစ်ယောက် အံ့အားသင့်လွန်းသဖြင့် လက်သီးများ တင်းတင်းဆုပ်ကာ မျက်လုံးအပြူးသား ဖြစ်သွားလေသည်။
အဝေးမှ ကြည့်နေသော ကျန်းယန်ရွှမ်သည်ပင် ကိုယ်ခန္ဓာ တောင့်တင်း သွားပြီး မျက်လုံးများ ပြူးကျယ်သွားတော့၏။
ကောင်းကင်နှင့် မြေကြီးအနှံ ဖိအားများ လွှမ်းမိုးလာကာ အပ်ကျသံများကြားနိုင်အောင် တိတ်ဆိတ်သွားသည်။
တစ်စုံတစ်ဦးသည် ထွက်ပေါ်လာသည်နှင့် တပြိုင်နက် တုံ့ယွီအဆင့် နယ်ပယ် ဘုရင်သုံးပါး အပေါ် တစ်ချက်တည်း သတ်ဖြတ်ပစ်လိုက် လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ချေ။
ထိုသူတို့၏ သေဆုံးမှုမှာ ရုတ်တရက် ဆန်လွန်းသဖြင့် အဝေးမှကြည့်ရှုနေသူများမှာ အရိုးထဲထိစိမ့်အောင် ကြောက်လန့်သွားသည်။
တုံ့ယွီနယ်ပယ်သည် ကြယ်တာရာနယ်မြေကြီးတွင် အထွတ်အထိပ် စွမ်းအားရှင်များ ဖြစ်ကြသည်။
ထိုကဲ့သို့သော ပုဂ္ဂိုလ်များကို ကြက်များ၊ ခွေးများသဖွယ် အလွယ်တကူ သတ်ဖြတ်နိုင်သူ ရှိလိမ့်မည်ဟု မထင်ထားချေ။
စုရီ၏ အဖွဲ့သည်သာ တည်ငြိမ်နေသည်။ သူတို့အမြင်တွင် စုရီသည်ဤမျှမလုပ်နိုင်လျှင်မှ ထူးဆန်းနေပေလိမ့်မည်။
“ လာခဲ့ ... မင်းပြောတဲ့ ဥပဒေမဲ့မှုဆိုတာ ဘာလဲ ငါ့ကို ပြစမ်းပါဦး။ ”
စုရီက ကျန်းယန်ရွှမ်ကို စိုက်ကြည့်ကာ ပြောကြားလိုက်၏။ ကျန်းယန်ရွှမ်တစ်ယောက် တုန်လှုပ်ကြောက်ရွံ့သွားလေသည်။
“ မင်း ... မင်းဘယ်သူလဲ... ဘာလို့ ကျန်းမိသားစုနဲ့ နှလုံးသားပြခန်းကိစ္စတွေကို ဝင်စွက်ဖက်နေရတာလဲ။ ”
“ ဟမ့် ... ဒါပဲလား မင်းတို့ကျန်းမိသားစုက အရှေ့ဘက်ကြယ်လွင်ပြင်ထဲမှာ အသန်မာဆုံး ကာကွယ်သူမိသားစု မဟုတ်ဘူးလား အခု ဘာလို့ ဒီလောက်ကြောက်နေတာလဲ။ ”
ကျွမ်းပေ့ဖန်က ဘေးမှနေပြီး လှောင်ပြောင် မေးမြန်းလိုက်သည်။ ကျန်းယန်ရွှမ်မှ သူအပေါ် လျစ်လျူရှုလျက် တစ်စုံတစ်ခုကို ရိပ်မိသွားပြီး စုရီထံပြန်ကြည့်ကာ၊
“ မင်း ... မင်းက ဝင်စားသူလား။ ”
-ဟု မေးမြန်းလေသည်။
ဤမေးခွန်းကြောင့် လူအုပ်ကြီးကြားတွင် ဆူညံသံများ ထွက်ပေါ်လာ၏။ လောကသခင် ပြန်လာပြီဟူသော ကောလာဟလသည် ကြယ်လွင်ပြင်၌ ပျံ့နှံ့နေသည်။
သို့သော် ယခုကဲ့သို့ နတ်မိစ္ဆာပင်လယ်၌ ထွက်ပေါ်လာလိမ့်မည်ဟု မည်သူမျှ မထင်ချေ။ စုရီမှ ပြန်မဖြေဘဲ ပြုံးကြည့်သဖြင့် ကျန်းယန်ရွှမ် ခမျာ ပို၍ထိတ်လန့်လာပြီး၊
“ လောကသခင်ဟာ အားနည်းသူတွေကို အနိုင်ကျင့်လေ့မရှိဘူးလို့ ကြားမိပါတယ် ... အဲဒါ အမှန်ပဲလား စီနီယာ။ ”
-ဟု မေးမြန်းလိုက်သည်။
“ ဟားဟားဟား ... မင်းက တုံ့ယွီအဆင့်မှာရှိနေပြီး ငါက ကနဦးကွေ့ယီ အဆင့်မှာရှိနေတာပါ ... ဒါကို အားနည်းသူကို အနိုင်ကျင့်တယ်လို့ ခေါ်လို့ရမလား...
... ငါမင်းကို ချမ်းသာပေးဖို့ အတွက် တခြားအကြောင်းပြချက် ကောင်းကောင်း တစ်ခုလောက် ရှာပါဦး။ ”
ထိုစကားကြောင့် ကျန်းယန်ရွှမ်မှ တစ်စုံတစ်ရာကို သတိရလာပြီး၊
“ ငါတို့မျိုးနွယ်ရဲ့ ... တတိယဘိုးဘေး ကျန်းထျန်းကွမ်ဟာ အင်မော်တယ်လမ်းဆီကို အောင်အောင်မြင်မြင် လျှောက်လှမ်းနိုင်ခဲ့ပါပြီ ...
... ငါက သူ့ရဲ့ မျိုးဆက်တွေထဲက တစ်ယောက်မို့ ... လောကသခင်က ငါ့ကို မသတ်ရင် အကောင်းဆုံးပါ။ ”
-ဟု ပြောကြားလိုက်၏။
ဤစကားကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ အင်မော်တယ်နယ်ပယ် ဆိုသည်မှာ ခေတ်သစ်တစ်ခုအစပြုခြင်းပေပင်။ သို့သော်စုရီသည် ခေါင်းခါပြလျက် သက်ပြင်းချလိုက်တော့၏။
“ ငါ မင်းကို အခွင့်အရေး ပေးခဲ့ပေမဲ့ မင်းကအဲဒါကို အသုံးမချနိုင်ခဲ့ဘူး နှမျောစရာပဲ။ ”
“ ရွှပ် ... ။ ”
ထို့နောက် ဓားအလင်းတစ်လက် ကျဆင်းလာပြီး ကျန်းယန်ရွှမ်၏ဦးခေါင်းကို ဖောက်ထွင်းသွား၏။ ခန္ဓာနှင့် ဝိညာဉ်သည် တစ်စစီ ပျက်စီးသွားတော့သည်။ ကျွမ်းပေ့ဖန်မှ ခေါင်းရမ်းလျက်၊
“ မင်းက ခေါင်းငုံ့အညံ့မခံဘဲ ... မင်းရဲ့ဘိုးဘေးကို အသုံးချ ခြိမ်းခြောက်ချင် နေတာကိုး ... ဘယ်လောက် မိုက်မဲလိုက်လဲ ...
... လောကသခင်ဟာ ဒီလို ခြိမ်းခြောက်တာမျိုးကို အမုန်းဆုံးဆိုတာ မင်းရဲ့ ကျန်းမိသားစုမျိုးဆက်တွေ မသိကြဘူးလား။ ”
-ဟု ညည်းတွားလိုက်၏။
သည့်နောက် တိုက်ပွဲအပြီးတွင် ဝေရှန်းနှင့် မုချန်းယွမ်တို့သည် စုရီအတွက် ရတနာများကို စုဆောင်းပေးရန် အပြိုင်အဆိုင် ကြိုးစားနေ သဖြင့် ငရဲဘုရင်မှာ ကူကယ်ရာမဲ့သွား၏။
“ မင်း ငါ့နောက်လိုက်ခဲ့ ... ။ ”
စုရီက ကျွမ်းပေ့ဖန်ကို ခေါ်ဆောင်လျက် အခြားနေရာသို့ သွားရောက်စကားပြောရန် ပြင်လိုက်တော့သည်။
ဆယ့်ငါးမိနစ်အကြာတွင် စုရီသည် ဝါးကုလားထိုင်တွင်ထိုင်ကာ ရေခွဲပုလဲလုံးကို စစ်ဆေးကြည့်နေခဲ့၏။
သည့်နောက် ကျွမ်းပေ့ဖန်နှင့် စကားစမြည် ပြောကြားခဲ့ရာ စုရီသည် မိမိနှင့်ပတ်သက်သည့် ကောလာဟလများကို တစ်စုံတစ်ယောက်မှ ဖြန့်ဝေနေကြောင်း သိရှိလာခဲ့သည်။
“ တစ်ယောက်ယောက်က ငါ့ကိုအလင်းထဲတွန်းပို့ဖို့ ကြိုးစားနေပုံရတယ်။ ”
စုရီက မှတ်ချက်ပေးသည်။
“ အမှန်ပါပဲ ... မင်းရဲ့အတိတ်ဘဝ ရန်သူတွေပဲဖြစ်လိမ့်မယ် မင်းကိုအများသူငှာ ပစ်မှတ်ဖြစ်အောင်လုပ်ပြီး ဒုက္ခပေးချင် နေကြတာမြင်သာတယ်။ ”
ကျွမ်းပေ့ဖန်မှ ထောက်ခံ၏။
“ ဒါဆိုရင်လည်း ဖြစ်ပါစေ ... ၊ ငါကသူတို့လာမှာကို အတော်လေး စိတ်ဝင်စား နေမိပြီ။ ”
“ ဟမ့် ... ။ ”
စုရီ၏ တည်ငြိမ်ပြီး မာနရှိသော အမူအရာကိုကြည့်ကာ ကျွမ်းပေ့ဖန်ခမျာ မျက်ခုံးပင့်သွားတော့၏။ အဆုံး၌ စိတ်ပျက်လက်ပျက် သက်ပြင်းချကာ၊
“ ကိုယ်ရည်သွေးတဲ့ နေရာမှာတော့ ငါကျွမ်းပေ့ဖန်က မင်းကိုတကယ်မယှဉ်နိုင်ဘူး ဆိုတာ ဝန်ခံရမယ်။”
-ဟု ညည်းတွားလိုက်တော့၏။
“ ဟားဟားဟား ... ။ ”
ထိုမှတ်ချက်ကြောင့် စုရီတစ်ယောက် ရယ်မောလိုက်လေသည်။ တစ်ရက်အကြာတွင် သူတို့အဖွဲ့သည် နတ်မိစ္ဆာပင်၏နက်ရှိုင်းသော နေရာတစ်ခုသို့ ရောက်ရှိလာခဲ့ကြ၏။
ထိုနေရာတွင် ကြယ်သေအပိုင်းအစ ရေပြင်၌ပေါလောမျောနေပြီး ၎င်းပေါ်တွင် ရှေးဟောင်းဘုံကျောင်းတစ်ခု ရှိနေသည်။
ဘုံကျောင်းရှေ့တွင် ပေ(၉၀)မြင့်သော ယဇ်ပလ္လင်တစ်လုံးရှိနေကာ နတ်ဘုရားတစ်ပါး ကဲ့သို့ ခန့်ညားသောပုဂ္ဂိုလ်သည် ရှေးဟောင်း သုတ္တန်များကို ရွတ်ဆိုပြနေ၏။
ထိုရွတ်ဆိုသံကြောင့် ပလ္လင်အောက်တွက် ထိုင်နေသော ကျင့်ကြံသူများမှာ ဉာဏ်အလင်း ရရှိနိုင်ကဲ့သို့ စုရုံးနားထောင်နေကြသည်။
“ ဒါက တကယ်ပဲ တာအိုတရား ဟောကြားနိုင်တဲ့ အထွတ်အထိပ် ပညာရှင် တစ်ယောက်လား။ ”
ငရဲဘုရင်က အံ့အားသင့်စွာ မေးမြန်း လိုက်သည်။ ဝေရှန်းနှင့် မုချန်းယွမ်တို့ခမျာ ပြန်မဖြေနိုင်ချေ။
သူတို့အဖွဲ့သည် လေထုအလယ် ရပ်တန့်လျက်ဖြင့် အလားတူ မေးခွန်းမျိုးကို တွေးနေခဲ့မိ၏။
ဤမြင်ကွင်းက အလွန်တရာသန့်ရှင်းပြီး မြင့်မြတ်လွန်းနေသည်။ မဟာတာအို၏ နက်နဲ့ နိယာမများကိုပေးစွမ်းနေသော အင်မော်တယ် တစ်ပါးအလားပေပင်။
စုရီတစ်ယောက်သာလျှင် မျက်မှောင်ကြုတ်လျက်ဖြင့် ထိုမြင်ကွင်းအပေါ် ခဏကြာစိုက်ကြည့်နေတော့၏။ ထိုမြင်ကွင်းမှာ ပန်းချီကားတစ်ချပ်ကဲ့သို့ တင့်တယ်နေချေပြီ။ မယုံနိုင်ဖွယ်ဖြစ်ချေ၏။
***
အခန်း ၉၉၄။
မုဆိုးများ ... ။
တာအိုတရားများ ဟောကြားနေသည့် အသံသည် ကောင်းကင်ဂီတသံကဲ့သို့ ကြည်လင် သာယာနေသည်။
အပြင်အဆင်အရလည်း အဝေးရှိ ဘုံကျောင်းသည် ရှစ်ထောင့်ကြယ်သဏ္ဌာန် ဘုံကျောင်းကို နောက်ခံပြု၏။
ဤအသွင်အပြင်နှင့် ပုံသဏ္ဌာန်မှာ သေမျိုးကမ္ဘာလောကသို့ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးကဲ့သို့ ပြီးပြည့်စုံနေ၏။
အားနည်းချက်လုံးဝမရှိခဲ့ချေ။ သူ့ရှေ့တွင် တရားနာယူနေကြသော ကျင့်ကြံသူများစွာသည် ဧကရာဇစ်များဖြစ်ပြီး အချို့သည် နယ်ပယ် ဘုရင်များပင် ပါရှိနေ၏။
“ ဘယ်လောက်ပြီးပြည့်စုံလိုက်တဲ့ မြင်ကွင်းလဲ။ ”
ထိုသူများအားလုံးသည် တာအိုသဘောတရားများအတွင်း စွဲလမ်းစွာ နားထောင်နေကြပြီး ကြည်ညိုသစ္စာရှိသော တပည့်များသဏ္ဌာန် ဖြစ်နေကြသည်။
“ မကြာသေးမီက ကျင့်ကြံသူတွေ ဘာလို့ဒီနတ်မိစ္ဆာပင်လယ်ကို စုပြုံလာနေလဲ ဆိုတာ အံ့သြစရာမရှိတော့ပါဘူး ...
... ဒီနတ်မိစ္ဆာပင်လယ်ထဲမှာ နယ်ပယ်ဘုရင်တစ်ပါးကိုတောင် ဉာဏ်အလင်း ပေးနိုင်တဲ့ တကယ့်အခွင့်အရေးကြီးတွေ ပေါ်လာနေတာကိုး။ ”
ဤမြင်ကွင်းက ကျွမ်းပေ့ဖန်ကို စိတ်လှုပ်ရှားလာစေ၏။ မုချန်းယွမ်နှင့်ဝေရှန်းက ခေါင်းညိတ်လျက် ချီးကျူးစကားဆိုသည်။
“ မှန်တယ် ... ဒီလိုသဘောထား ကြီးမြတ်လွန်းတဲ့ စီနီယာတစ်ပါး ... ငါတို့ရဲ့ ကြယ်လွင်ပြင်ကြီးမှာ ဘယ်လိုများ ပေါ်လာရတာလဲ။ ”
“ လေးစားစရာပါပဲ။ ”
တာအိုတရားအသံများသည် ကောင်းကင်နှင့်မြေကြီးကြား ပဲ့တင်ထပ်လာပြီး အဆုံးမရှိသော လျှို့ဝှက်ဆန်းကြယ်မှုများ ပေးစွမ်းနေချေပြီ။
ကျွမ်းပေ့ဖန်၊ ငရဲဘုရင်၊ ဝေရှန်းနှင့် မုချန်းယွမ်တို့သည် တခြားသူများနည်းတူပင် အမျိုးမျိုးသောအတွေးအမြင်များ၊ ဉာဏ်အလင်း ပွင့်မှုများ ခံစားလာရတော့၏။
ထို့နောက်တွင် သူတို့သည်လည်း ကျမ်းစာရွတ်သံကိုနာကြားရာမှ တဖြည်းဖြည်း စိတ်အာရုံလွင့်ပါးကာ နစ်မြုပ်သွားတော့သည်။
ထိုစဉ် စုရီသည် တစ်စုံတစ်ရာကို သတိထားမိသွားကာ ‘မနစ်မြုပ်စေနဲ့သတိထား’ ဟု ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
သို့မှသာ တရားတော်အတွင်း နစ်မြုပ်နေကြသော ဝေရှန်း၊ ကျွမ်းပေ့ဖန်၊ မုချန်းယွမ်နှင့် ငရဲဘုရင်တို့သည် ထိတ်လန့်စွာ နိုးထလာကြသည်။
သည့်နောက် စုရီသည် ဝင်စားခြင်းဥပဒေစက်ဝန်းကို လေထုအလယ် ရေးဆွဲလိုက်ရာ ရေစက်သဖွယ် ထွက်ပေါ်လာ၏။
၎င်းအတွင်းဖြတ်၍ အစောပိုင်းမြင်ကွင်းထံ ပြန်ကြည့်လိုက်သောအခါ မြင်ကွင်းများမှာလုံးဝ ပြောင်းလဲသွားချေပြီ။
နတ်ဘုရားကဲ့သို့ ထင်မှတ်ရသော ပုဂ္ဂိုလ်သည် သွေးစွန်းပြီး စုတ်ပြဲနေသောဝတ်လုံ ရှည်ကြီးဖြင့် သေလွန်ဝိညာဉ်တစ်ကောင် ဖြစ်နေတော့၏။
ထိုဝိညာဉ်က ရှေးဟောင်း ကြေးဝါ အပိုင်းအစတစ်ခုကို အသုံးပြု၍ နာယူနေသော ကျင့်ကြံသူများ၏ အသက်နှင့်ချီစွမ်းအင်ကို တဖြည်းဖြည်းခြင်း စုပ်ယူနေချေပြီ။
တာအိုတရား နာကြားနေသူများသည် သူတို့၏သွေးနှင့်ချီများ အစုပ်ယူခံနေရသည်ကို မသိဘဲ ပီတိများဖြင့်သာ ပြုံးနေခဲ့ကြ၏။
“ ဟမ့် ... မကောင်းဆိုးရွားကောင်။ ”
ကျွမ်းပေ့ဖန်မှ ရှက်ရွံ့ဒေါသ ထွက်သွားကာ ရှေ့သို့လှမ်းတက်ပြီး ထိုဝိညာဉ်ကို တိုက်ခိုက်ရန် ပြင်လိုက်၏။
“ ဝှစ် ... ။ ”
“ ဘုန်း ... ။ ”
သို့သော် ထိုဝိညာဉ်နောက်ရှိ ကြေးဝါအပိုင်းအစမှာ အလွန်အစွမ်းထက်သော အလင်းတန်းဖြင့် သူ့ကိုပစ်ခတ်လာသဖြင့် ထိတ်လန့်တကြား ဆုတ်ခွာလိုက်ရသည်။
“ ဒီကောင်က အင်မော်တယ်ခေတ် ပျက်သုဉ်းချိန်မှာ သေဆုံးရတဲ့ကျင့်ကြံသူတွေရဲ့ စုပေါင်းဝိညာဉ်တစ်ခုပဲ ...
... အလွန်ကြောက်စရာကောင်းပြီး မကျေနပ်မှုနဲ့ ကျိန်စာစွမ်းအားတွေနဲ့ ပြည့်နှက် နေပါတယ်။ ”
စုရီက ကျွမ်းပေ့ဖန်ကို ရှင်းပြလိုက်၏။ ဤသို့သောဝိညာဉ်များကို တားမြစ်နယ်မြေ အနှံ့အပြားတွင် မြင်တွေ့နိုင်သည်။
သို့သော် ထိုဝိညာဉ်များနှင့် ယှဉ်ပါက ဤသေလွန်ဝိညာဉ်သည် များစွာ ကြောက်စရာ ကောင်း၏။ သူ့တွင်ဉာဏ်ရည်ဉာဏ်သွေးရှိပြီး တာအိုပလ္လင်တစ်ခု ဆောက်လုပ်ကာ နယ်ပယ် ဘုရင်များကိုပင် ဆွဲဆောင်နိုင်ခဲ့သည်။
အစွမ်းထက်သည့် လျှို့ဝှက် နည်းစနစ်တစ်ခုကိုအသုံးပြုကာ အသိပညာများ ပေးစွမ်းနေသော မြင်ကွင်းတစ်ခုကိုပင် ပြီးပြည့်စုံစွာ ဖန်တီးထား၏။
ဤနည်းဖြင့် ကြေးဝါအပိုင်းအစကို အသုံးပြုပြီး ကျင့်ကြံသူများထံမှ သွေးနှင့်ချီကို စုဆောင်းနေခဲ့ခြင်းပေပင်။
သူ့နည်းလမ်းများသည် လျှို့ဝှက်ဆန်းကြယ်ပြီး ရက်စက်ကြမ်းကြုတ် လှချေ၏။
“ သခင်လေး၊ သေလွန်သူတွေရဲ့ ဝိညာဉ်တွေဟာ ကျင့်ကြံသူရဲ့အသက်ဓာတ်ကို စုဆောင်းပြီး ပြန်လည်မွေးဖွားနိုင်လို့လား။ ”
ဝေရှန်းမှ ရှုပ်ထွေးစွာဖြင့် မေးမြန်းလိုက်၏။ ယင်းသာလျှင်အမှန်ဖြစ်သော် ကြောက်မက်ဖွယ် ကောင်းနေပေလိမ့်မည်။
“ ပြောရခက်တယ်။ ”
စုရီက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။ သာမန်ဝိညာဉ်များသည် ဉာဏ်ရည်ချို့တဲ့ပြီး ပြန်လည် အသက်ရှင်ရန် ခက်ခဲချေ၏။ အကယ်၍သာ အင်မော်တယ် တစ်ပါးဆိုသော် သူ မသိနိုင်ချေ။
“ စမ်းကြည့်ပါရစေ။ ”
ကျွမ်းပေ့ဖန်က မကျေမနပ် ထပ်မံတိုက်ခိုက်ရန် ပြင်လေသည်။ သူသည် ကြယ်လွင်ပြင်ဒေသကြီး၌ အုပ်စိုးရှင်မိသားစု၏ ဘိုးဘေးဖြစ်သည်။
အစောပိုင်းက အင်မော်တယ်ကြီး တစ်ပါးအဖြစ်ထင်မှားအောင် လှည့်စားခံရကာ ချီးကျူးနေခဲ့မိသည့်အပေါ် လက်စားချေလို၏။
“ သွား ... ။ ”
“ ဟမ့် ... ။ ”
“ ဝုန်း ... ။ ”
ရွှေရောင်တာအိုတံဆိပ်တစ်ခု ထွက်ပေါ်လာပြီး အံကြိတ်လျက် ပစ်လွှတ်လိုက် တော့သည်။ ထိုစဉ်ကြေးဝါအပိုင်းအစသည် တောက်ပလာပြီး တာအိုတံဆိပ်ကို တိုက်ရိုက် ဖောက်ခွဲပစ်လိုက်၏။
အဆုံး၌ ကျွမ်းပေ့ဖန်တစ်ယောက် မီးတောက်များထဲပိတ်မိပြီး သွေးအန်လုနီးပါး ဖြစ်ကာ မျက်နှာဖြူဖျော့သွားခဲ့သည်။
“ ဟမ့် ... တုံ့ယွီအဆင့် နယ်ပယ်ဘုရင်ကျင့်ကြံမှုက ဒီနေ့ခေတ်မှာ အမြင့်မြတ်ဆုံးလို့ သတ်မှတ်နိုင်ပေမယ့် ရှေးဦးခေတ်မှာတော့ မင်းလိုလူမျိုးက ငါ့အမြင်မှာ စာမဖွဲ့ထိုက်ပါဘူး။ ”
သေလွန်ဝိညာဉ်က မျက်လွှာပင့်လျက် ကျွမ်းပေ့ဖန်းထံကြည့်ကာ ဖြည်းညှင်းစွာ ပြောကြားလိုက်လေသည်။
ထူးဆန်းနေသည်မှာ ဤသို့တိုက်ပွဲ ဖြစ်ပွားနေခဲ့သော်မှ ရင်ပြင်တွင် တာအိုတရား နာကြားနေသော လူအုပ်ကြီးသည် ရွှံ့ရုပ်များ အလား ဆက်ထိုင်နေဆဲပေပင်။
“ ငါ့ရှေ့မှာ ကြီးမြတ်ချင်ယောင် ဟန်ဆောင်နေတာလား အဖိုးကြီးကျွမ်း သူက မင်းကို အထင်သေးနေတာပဲ ... ။ ”
စုရီက ဓားအလင်းတစ်ချက် ပစ်ခတ်ကာ ပြောကြားလိုက်သည်။ ကျွမ်းပေ့ဖန်အပေါ်သို့ ပိတ်လှောင်ထားသော မီးတောက်များအားလုံး ပျက်ပြယ်ကာ လွတ်မြောက်သွား၏။
ကျွမ်းပေ့ဖန်တစ်ယောက် ရှက်ရွံ့စွာဖြင့် ချက်ချင်းပြန်လည်ဆုတ်ခွာလာသည်။ သေလွန် ဝိညာဉ်က စုရီကို လှည့်ကြည့်၏။
“ ဟမ့် ... အသက်နှစ်ဆယ်ကျော် ကနဦးကွေ့ယီအဆင့် နယ်ပယ်ဘုရင်လေးလား အထင်ကြီးစရာပဲ။”
သည့်နောက် နီရဲရဲမျက်လုံးများတွင် ရှားပါးရတနာတစ်ခု ရှာဖွေတွေ့ရှိလိုက်သကဲ့သို့ စိတ်အားထက်သန်လာပြီ၊
“ မင်း ငါနဲ့တွေ့ဆုံရတာ ရှားရှားပါးပါး အခွင့်အရေးပဲ ... ငါမင်းကို ငါ့ရဲ့အမွေခံတပည့် အဖြစ်လက်ခံပြီး စစ်မှန်တဲ့ အင်မော်တယ် ပညာတွေကို သင်ကြားပေးမယ် ဒီနားလာပြီး ဒူးထောက်ပါ။ ”
-ဟု အမိန့်ပေးလာတော့သည်။
“ ဟမ့် ... ငါလည်း မင်းကို စိတ်ဝင်စားနေတယ် ငါ့မေးခွန်းတွေကိုဖြေရင် မင်းအသက်ကို ချမ်းသာပေးမယ် ဘယ်လိုလဲ။”
စုရီမှ တုန့်ပြန်သည်။ သေလွန်ဝိညာဉ်က ထိုတုန့်ပြန်မှုကြောင့် အံ့အားသင့်သွားပြီး သူ့နဖူး အပေါ် ကုပ်ခြစ်ကာ၊
“ ကောင်လေး ... မင်းငါ့ကို ခြိမ်းခြောက်နေတာလား ငါဘယ်သူလဲ မင်း သိလား။ ”
-ဟု ပြန်မေး၏။ စုရီက ခေါင်းညိတ်ပြီး၊
“ မင်းဘယ်သူလဲ ငါမသိချင်ဘူး ... ဒါပေမယ့်မင်းငါ့မေးခွန်းကို မဖြေရင်တော့ ငါ တကယ် သတ်ပစ်နိုင်တယ်။ ”
“ ဟားဟားဟား ... ။ ”
ထိုအဖြေကြောင့် သေလွန်ဝိညာဉ်သည် အတော်ကြာ တိတ်ဆိတ်သွားပြီးမှ ရုတ်တရက် ရယ်မောလိုက်၏။
“ ဘယ်လောက်တောင် ရဲရင့်လိုက်လဲ ငါ့ဘဝမှာ သဘောအကျဆုံးက သေခြင်းရှင်ခြင်း အပေါ် မကြောက်တဲ့ မင်းလို လူငယ် တစ်ယောက်ပဲ ဒါပေမယ့် ... ။ ”
သည့်နောက် သေလွန်ဝိညာဉ်သည် စကားခဏရပ်လိုက်ပြီး ကြောက်မျက်ဖွယ် သတ်ဖြတ်ခြင်း အကြည့်များဖြင့်၊
“ ငါမင်းကို သတ်ပစ်မှာ မင်းမကြောက်ဘူးလား။ ”
-ဟု အေးစက်စွာ မေးမြန်းလာ၏။
“ မကြောက်ဘူး အဲဒီအစား ... ။ ”
စုရီမှ တုန့်ဆိုင်းခြင်းမရှိ ပြန်ဖြေသည်။
“ မင်းကို ငါသတ်ပစ်မှာ ကြောက်သင့်ပြီ။ ”
“ တာအိုစု ... ဒီဝိညာဉ်မှာ တစ်ခုခုမှားနေပြီ သူကြောက်နေပုံရတယ် မဟုတ်ရင် ဘာလို့ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားမျိုး ပြောရမှာလဲ။ ”
ကျွမ်းပေ့ဖန်က သံသယဖြင့် ဝင်ရောက်ပြောကြားလိုက်၏။ စုရီမှ ထိုအရာကို သိရှိနေဟန် ခေါင်းညိတ်ပြလိုက်သည်။ ထိုစဉ် သေလွန်ဝိညာဉ်သည် စင်မြင့်ပေါ်မှ ထရပ်လာတော့၏။
တစ်ဆက်တည်းမှာပင် သွေးစွန်းနေသော သူ့ခန္ဓာကိုယ်မှ ရက်စက်ကြမ်းကြုတ်လွန်းသည့် ကျိန်စာစွမ်းအားများ ပေါက်ကွဲထွက်လာကာ ချက်ချင်း ထွက်ပြေးတော့သည်။
“ ဟမ့် ... သူ ထွက်ပြေးပြီ။ ”
ကျွမ်းပေ့ဖန်မှ အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။ သို့သော် သေလွန်ဝိညာဉ် လွတ်မြောက်တော့မည်အချိန်၌ ရွှေရောင်မြား တစ်စင်း ဝှီးခနဲကျရောက်လာချေပြီ။
“ ဟမ့် ... ။ ”
သေလွန်ဝိညာဉ်ခမျာ ချက်ချင်း လမ်းကြောင်းပြောင်းကာ တိမ်းရှောင်လိုက်ရ၏။ ယင်းသည် သူ့ကို မှားယွင်းသောဆုံးဖြတ်ချက် ဖြစ်သွားစေသည်။
“ ဝှစ် ... ။ ”
အဘယ့်ကြောင့်ဆိုသော ထိုအရပ်တွင် အနက်ရောင်ပိုက်ကွန်ကြီးတစ်ခု စောင့်ကြိုနေ သောကြောင့်ပေပင်။
တစ်ဆက်တည်းမှာပင် လေထုအလယ် လူသုံးဦးထွက်ပေါ်လာ၏။ သူတို့အားလုံးသည် ရှေးဟောင်းကာကွယ်သူ မျိုးနွယ်စုခြောက်ခု အနက်မှ တစ်ခုဖြစ်သော ကောင်းကင်မီးဝိညာဉ် ရှမျိုးနွယ်စုမှ ဖြစ်ချေပြီ။
သူတို့သုံးဦးသည် ဤသေလွန်ဝိညာဉ်ကို ချောင်းမြောင်းနေခဲ့ကြပြီး အခွင့်ကောင်းရမှသာ ဝင်ရောက်ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ထင်ရှားချေ၏။
ဤသည်မှာ အင်းဆက်ကို ပုစဉ်းရင်ခွဲမှ ချောင်းမြောင်းနေပြီး ၎င်းထံငှက်တစ်ကောင် ထပ်မံချောင်းမြောင်းနေသည်နှင့်တူ၏။
“ ဟမ့် ... အရှေ့ဘက်ကြယ်လွင်ပြင်က ဒီကာကွယ်သူ ရှမျိုးနွယ်စုဝင်တွေက တကယ့်ကို အခွင့်အရေးသမားတွေပဲ။ ”
တစ်ဖက်တွင် ကျွမ်းပေ့ဖန်သည် ထိုလူသုံးယောက် ထွက်ပေါ်လာမှုအပေါ် မကျေမနပ် မှတ်ချက်ပေးလိုက်တော့၏။
***