← Chapters

ညီအစ်ကို လေးယောက်

Vol. 33 Ch. 321

ညီအစ်ကို လေးယောက်

Vol. 33 Ch. 321

သစ်တောထဲတွင် ပိုင်လင်းသည် သူမ၏ ရှုပ်ထွေးနေသော ခံစားချက်များကို ငြိမ်သက်သွားစေရန် ထိန်းချုပ်လိုက်၏။ သူမ၏ စီနီယာအပေါ် သူမ နားလည်သွားမှုမှာ ပို၍နက်ရှိုင်းသွားခဲ့လေပြီ။

ပိုင်လင်းက မိုးကောင်းကင်သို့ လက်ညှိုးထိုးပြကာ ပြောဆိုသည်။

"စီနီယာ... သွားကြရအောင်... ဆရာက အပေါ်မှာ စောင့်နေတယ်..."

ထိုစကားများက တုဟောက်ကို မျက်စိတစ်မှိတ်အတွင်း တက်ကြွလာစေခဲ့သည်။

သူက အံအားတသင့် မေးမြန်းလိုက်၏။

"ဆရာလည်း ဒီမှာ ရှိနေတာလား..."

တုဟောက်သည် ကျုံးချင်အား အမှန်တကယ် လွမ်းဆွတ်နေခဲ့သည်။

ဆရာနှင့် တပည့်ကြားတွင် အပြန်အလှန် ဆက်ဆံမှု သိပ်မရှိခဲ့သည့်အပြင် တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းခဲ့သည်မှာလည်း မကြာသေးချေ။ သို့ရာတွင် သူ့ကို တပည့်အဖြစ် လက်ခံလိုက်သည့် အခိုက်အတန့်တွင် ဆရာက သူ့အား အုပ်စိုးသူအရှင်ရုပ်ခန္ဓာကိုယ်၏ အမွေအနှစ်ကို ပေးအပ်ခဲ့ရုံသာမက ပြိုင်ဘက်ကင်းသော ပြန်လည်နာလန်ထူရေး လျှို့ဝှက်ကျင့်စဉ်ကိုလည်း သင်ကြားပေးခဲ့ပေသည်။ ထိုအရာက သူ၏ အသက်ကယ်စွမ်းရည်များကို သိသိသာသာ တိုးတက်သွားစေခဲ့သည်။

ဤကဲ့သို့ ဆရာမျိုးကို တုဟောက်က မည်သည်ကြောင့် မချစ်ဘဲ နေနိုင်မည်နည်း...

မိုးကောင်းကင်ယံ အထက်တွင်...

ပိုင်လင်းက တုဟောက်အား ကျုံးချင်၏ အရှေ့သို့ ခေါ်ဆောင်လာခဲ့သည်။ တုဟောက်သည် ကျုံးချင်၏ရှေ့တွင် ချက်ချင်းပင် ဒူးထောက်ကာ ပြောဆိုလိုက်၏။

"ဆရာ... တပည့်က ဆရာ့ကို အရမ်းလွမ်းနေတာ..."

ဤအချိန်အခိုက်အတန့်တွင် သူ၏ မျက်လုံးများမှာ အနည်းငယ် နီရဲနေခဲ့သည်။ ဤသည်က မည်သည့် ဟန်ဆောင်မှုမျှ မပါဝင်ဘဲ စစ်မှန်သော ခံစားချက်များသာ ဖြစ်ပေ၏။ ထိုအရာက ကျုံးချင်၏စိတ်နှလုံးသားကို အနည်းငယ် နှစ်သိမ့်မှု ဖြစ်စေခဲ့သည်။

ဤတပည့်၏ ကိုယ်ရည်ကိုယ်သွေးမှာ အနည်းငယ် အသုံးမကျသော်လည်း ဆရာဖြစ်သူအပေါ် ထားရှိသော သူ၏ သဘောထားနှင့် မေတ္တာတရားမှာမူ ချီးကျူးထိုက်သည်။

ကျုံးချင်က ချက်ချင်းမေးမြန်းလိုက်၏။

"မင်းကို ဂိုဏ်းဆီ ပြန်ခေါ်သွားဖို့ ဆရာ တမင်လာခဲ့တာပါ... မင်း ငါနဲ့အတူ လိုက်ဖို့ ဆန္ဒရှိလား..."

တုဟောက်က ပြန်ဖြေလိုက်သည်။

"အရာအားလုံးက ဆရာ့ သဘောပါပဲ... အို... ဆရာ... ဟေးပိုင်က ချီယွမ်မြို့မှာ ကျွန်တော့်ကို စောင့်နေတုန်းပဲ... သူ့ကို သွားခေါ်ဖို့ ခဏလောက် စောင့်ပေးပါအုံး ဆရာ..."

ယခင်က ကျုံးချင်သည် အရှေ့ပိုင်းဒေသမှ ဟေးပိုင်နှင့်အတူ ထွက်ခွာလာခဲ့ခြင်း ဖြစ်ပြီး ဤတတိယ တပည့်ကို လိုက်လံရှာဖွေစဉ်အတွင်း လူစုကွဲသွားခဲ့ခြင်း ဖြစ်၏။ တစ်ချိန်တည်းမှာပင် ပိုင်လင်း၏ကိစ္စကြောင့် သူက အလျင်စလို ထွက်ခွာသွားခဲ့ရပြီး ဟေးပိုင်အား တုဟောက်ကို အရင်သွားရှာရန် ဆက်သွယ်ရေး ကျောက်စိမ်းပြားတစ်ခုကို အသုံးပြု၍ အကြောင်းကြားခဲ့သည်။

ကျုံးချင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြောဆိုသည်။

"အတူတူ သွားကြတာပေါ့..."

သူက လူတိုင်းကို ဤခရီးစဉ်တွင် အတူတကွ ခေါ်ဆောင်သွားခဲ့သည်။ သူ့တပည့်၏ သတိထားတတ်သော သဘာဝအရ သူ ပြန်အလာကို စောင့်နေမည်ဆိုပါက ပုံမှန်အားဖြင့် အမွှေးတိုင် တစ်တိုင်စာမျှ ကြာမည့်အချိန်မှာ ဆယ်ဆခန့် ဆွဲဆန့်ခံရနိုင်သည်။

ထိုအဖွဲ့သည် ခန့်ညားထည်ဝါစွာဖြင့် ထွက်ခွာလာကြစဉ် တုဟောက်က ကျုံးချင်အား တီးတိုးပြောဆိုလိုက်၏။

"ဆရာ...ကျွန်တော်တို့ နည်းနည်းလောက် နှေးနှေးသွားလို့ ရမလား..."

ကျုံးချင်က မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ မျက်နှာအမူအယာ အနည်းငယ် တည်ကြည်လေးနက်သွားပြီး မေးမြန်းလိုက်သည်။

"ဘာဖြစ်လို့လဲ..."

တုဟောက်က ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်ရာ ပုံမှန်မဟုတ်သည့်အရာ တစ်စုံတစ်ရာကိုမျှ မတွေ့ရချေ။ ထို့နောက် သူက တိတ်တဆိတ် ရှင်းပြလိုက်၏။

"မကြာသေးခင်က မြောက်ပိုင်းဒေသမှာ နတ်ဆိုးနန်းတော်လို့ခေါ်တဲ့ အင်အားစု အသစ်တစ်ခု ထွက်ပေါ်လာတယ်... ဆရာလည်း သိအုံးမယ် မထင်ဘူး... နတ်ဆိုးနန်းတော်ရဲ့အင်အားက အရမ်းထိတ်လန့်ဖို့ ကောင်းပြီး သူတို့ရဲ့ လုပ်ရပ်တွေက တော်တော်လေး မောက်မာတယ်... တကယ်လို့ ကျွန်တော်တို့သာ သူတို့ရဲ့ ပစ်မှတ်ထားတာကို ခံရရင် ဒုက္ခရောက်လိမ့်မယ်... ဒါကြောင့် ဆရာ... ကျွန်တော်တို့ သိုသိုသိပ်သိပ် သွားတာ ပိုကောင်းမယ်လို့ တပည့် ထင်တယ်..."

ကျုံးချင်မှာ ပြောစရာ စကားမဲ့သွားခဲ့ပေ၏။ နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးကလည်း ဆွံ့အသွားကြသည်။ ပိုင်လင်းကမူ မှင်တက်သွားသည်။ မိုးပြာနဂါးမြင်းနှင့်မြေကမ္ဘာနွားနတ်ဆိုးတို့လည်း အံ့အားသင့်သွားကြသည်။

သူတို့၏အကြည့်များက တုဟောက်ထံသို့ ကျရောက်လာကာကာ ထူးဆန်းစွာ စူးစိုက်ကြည့်နေကြ၏။ ထိုအကြည့်များအောက်တွင် တုဟောက်က သူ၏ ဦးရေပြား ထုံကျင်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သူက ဖျော့တော့တော့အသံဖြင့် မေးမြန်းလိုက်၏။

"ဆရာ... တပည့် ဘာများ မှားပြောမိလို့လဲ..."

ကျုံးချင်က ထူးဆန်းသော လေသံဖြင့် ပြောလိုက်သည်။

"မင်း ပြောတာ တော်တော်ကောင်းပါတယ်... နောက်တစ်ခါ ထပ်မပြောနဲ့တော့..."

တုဟောက်သည် ကောင်းကင်ကြီးကို မှင်တက်စွာ စိုက်ကြည့်နေခဲ့၏။ သူသည် အတွေးအခေါ်ဆန်သော မေးခွန်းတစ်ခုကို စဉ်းစားနေခဲ့သည်။ ထိုအရာမှာ ဆရာက သူ့ကို ချီးကျူးနေသလော သို့မဟုတ် လှောင်ပြောင်နေသလော ဆိုခြင်းပင်။

နောက်ဆုံးတွင် သူသည် သက်ပြင်းသာ ချနိုင်တော့ပေ၏။ ဆရာသည် အမှန်တကယ်ကို ဆရာ ဖြစ်သာဖြစ်ပြီး သူ၏စကားများမှာ လွန်စွာအတွေးအခေါ်ဆန်သည်။ သူ နားလည်နိုင်ရန် မဖြစ်နိုင်လုနီးပါးပင်။

ကြွင်းကျန်သော ခရီးစဉ်မှာ လွန်စွာချောမွေ့ခဲ့သည်။ ကျုံးချင်သည် ချီယွမ်မြို့သို့ ရောက်ရှိလာပြီး ဟေးပိုင်ကို ခေါ်လိုက်၏။ ထို့နောက် သူတို့အဖွဲ့သည် အရှေ့ပိုင်းဒေသသို့ နောက်တစ်ကြိမ် ခန့်ညားထည်ဝါစွာဖြင့် ထွက်ခွာလာခဲ့ကြသည်။

ရက်အနည်းငယ်အတွင်းမှာပင် လူတိုင်းသည် ရှန်ကျန်းဂိုဏ်း၏ ပိုင်နက်သို့ ရောက်ရှိလာခဲ့ကြ၏။ အရှေ့ပိုင်းဒေသသည် မြောက်ပိုင်းဒေသနှင့် မတူညီချေ။ မြောက်ပိုင်းဒေသသည် ရေခဲများနှင့် နှင်းများဖြင့် အမြဲတစေ ဖုံးလွှမ်းနေပြီး နေရာတိုင်းတွင် အေးခဲနေသော မြေပြင်များသာ ရှိသည်။

ယခုအချိန်၌ အရှေ့ပိုင်းဒေသတွင် နွေရာသီသို့ ရောက်ရှိနေလေပြီ။ တောင်များနှင့် မြစ်များမှာ စိမ်းလန်းစိုပြေနေပြီး အနီရောင်ပန်းများ အစိမ်းရောင်အသီးများဖြင့် တက်ကြွမှု အပြည့်ရှိသော မြင်ကွင်းတစ်ခု ဖြစ်သည်။ ဒေသနှစ်ခုကို ဖြတ်ကျော်ရခြင်းမှာ ရာသီဥတုလေးခု ပြောင်းလဲသွားခြင်းကို ခံစားရသည့်အလားပင်။

ကျုံးချင်သည် ရှန်ကျန်းဂိုဏ်းမှ လူများကို ထိတ်လန့်တကြား မဖြစ်စေဘဲ သူ၏အဖွဲ့ကို ဦးဆောင်လာခဲ့သည်။ သူသည် တောင်ပေါ်သို့ လွန်စွာသိုသိုသိပ်သိပ် တက်လာခဲ့ပြီး မူဖူတောင်သို့ ရောက်ရှိလာခဲ့ပေ၏။

ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ တောင်ပေါ်ရှိ တောင်ထွတ်များသည် တိုင်လုံးကြီးများအလား ဖြစ်နေသည်။ ပုံသဏ္ဍာန်ထူးဆန်းသော တောင်များနှင့် ကြမ်းတမ်းသော ကျောက်ဆောင်များက ပေါများလှသည်။ တောင်တန်းကြီးသည် စိမ်းလန်းစိုပြေနေပြီး မြူနှင်းများ ဖုံးလွှမ်းနေသော စိတ်ဝိညာဉ်စွမ်းအင်များ ထူထပ်သိပ်သည်းနေပေ၏။

တောင်ထိပ်ပေါ်တွင် သက်ကယ်မိုးတဲအိမ်လေး တစ်လုံး ရှိနေကာ အိမ်ရှေ့တွင် သစ်ပင်နှစ်ပင် ရှိသည်။ တစ်ပင်မှာ မက်မွန်ပင် ဖြစ်ပြီး နောက်တစ်ပင်မှာလည်း မက်မွန်ပင်သာ ဖြစ်သည်။

ကျုံးချင် မထွက်ခွာမီက အခြေအနေနှင့် နှိုင်းယှဉ်ပါက မူဖူတောင်တွင် သိသာသော အပြောင်းအလဲတချို့ ရှိနေခဲ့သည်မှာ ထင်ရှားသည်။ တောင်တန်းကြီးသည် ယခင်ကထက် ပို၍စိမ်းလန်းစိုပြေနေကာ စိတ်ဝိညာဉ်စွမ်းအင်များသည်လည်း ယခင်ကထက် အနည်းငယ်ပို၍ ထူထပ်သိပ်သည်းနေခဲ့သည်။

တံခါး၏ရှေ့တွင် ကြေးနီဆေးမီးဖိုကြီးတစ်ခု ရှိနေပေ၏။ အပြင်စည်းတပည့်နှစ်ဦး ဖြစ်သော ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့သည် ဆေးမီးဖိုနံဘေးတွင် စကားပြောကာ နောက်ပြောင်နေကြသည်။

ဝူယွဲ့က မေးမြန်းလိုက်၏။

"တောင်သခင် ထွက်သွားတာ ဘယ်လောက်တောင် ကြာပြီလဲ... သူ မကြာခင် ပြန်လာတော့မှာ မဟုတ်လား..."

ရှီရှောင်ထျန်းက ပြန်ဖြေလိုက်သည်။

"မကြာခင် ပြန်လာလောက်မှာပါ... ငါတို့ ပြင်ဆင်ထားတဲ့ ဒီလက်ဆောင်ကို တောင်သခင် သဘောကျပါ့မလား မသိဘူး..."

သူက ကြေးနီရောင် ဆေးမီးဖိုကြီးကို ကြည့်လိုက်၏။ ဤအရာမှာ သူတို့နှစ်ယောက် အပျက်အစီးများထဲမှ ခက်ခက်ခဲခဲ တူးဖော်လာခဲ့သော ရတနာတစ်ခုပင်။ ထိုအရာ၏ အရည်အသွေးမှာ လွန်စွာမြင့်မားပြီး ဆေးဖော်စပ်ရာတွင် အောင်မြင်မှုနှုန်းကို တိုးမြှင့်ပေးရန် ကူညီပေးနိုင်သည်။ ထိုအရာမှာ ကျုံးချင်အား သူတို့ ပေးရန် စီစဉ်ထားသော လက်ဆောင်လည်း ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့၏တောင်သခင်သည် ဆေးဖော်စပ်ခြင်းအပေါ် မည်မျှထိ စွဲလမ်းကြောင်းကို သူတို့ သိထားကြသည် မဟုတ်လော။

အမှန်အားဖြင့် ဆေးဖော်စပ်ခြင်းကြောင့်သာ သူတို့သည် တောင်သခင်နှင့် ခွဲခြား၍မရသော သံယောဇဉ်တစ်ခုကို တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်ပေ၏။ တောင်သခင်သည် ဆေးမြို့မှ ပြန်လာပြီးကတည်းက ဆေးများကို တစ်ကြိမ်တစ်ခါမျှ ထပ်မံ၍ မဖော်စပ်တော့သည်မှာ နှမြောစရာ ကောင်းလှသည်။ သူတို့၏ တောင်သခင်သည် ဆေးမြို့တွင် ဆေးဖော်စပ်နေစဉ် ဆေးမီးဖို ပေါက်ကွဲသွားခဲ့ပြီး သင့်လျော်သော ဆေးမီးဖို မရှိတော့ခြင်းကြောင့် ဖြစ်နိုင်သည်ဟု သူတို့ ခန့်မှန်းမိကြသည်။

အပြင်စည်းတပည့်များအနေဖြင့် သဘာဝကျစွာပင် သူတို့သည် တောင်သခင်၏အတွေးများကို တွေးတောပေးရန်နှင့် တောင်သခင် စိုးရိမ်သည့်အရာများကို စိုးရိမ်ပေးရန် လိုလားကြပေသည်။ သူတို့၏တာဝန်မှာ တောင်သခင်၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းပေးရန်ပင်။

သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် ကောင်းကင်နှင့် မြေပြင်ကြားတွင် အလင်းတန်းများ ထွက်ပေါ်လာပြီး ကျုံးချင်သည် လူတိုင်းနှင့်အတူ မူဖူတောင်ပေါ်ရှိ သက်ကယ်မိုးတဲအိမ်လေး၏ရှေ့သို့ ဆင်းသက်လာခဲ့သည်။

ရှီရှောင်ထျန်းနှင့် ဝူယွဲ့တို့က အံ့အားတသင့် အော်ဟစ်လိုက်ကြ၏။

"တောင်သခင်..."

ကျုံးချင်က ခေါင်းညိတ်ပြပြီး မေးမြန်းလိုက်သည်။

"ဒီအချိန်အတွင်း ဂိုဏ်းမှာ တစ်ခုခု ဖြစ်သေးလား..."

ဝူယွဲ့က ပြန်ဖြေလိုက်သည်။

"တောင်သခင်ကို သတင်းပို့ပါတယ်... အရာအားလုံး အဆင်ပြေပါတယ်... ရှန်ကျန်းဂိုဏ်းက အခု မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်နေပြီဖြစ်ပြီး လျင်မြန်တဲ့ ဖွံ့ဖြိုးတိုးတက်မှု လမ်းစဉ်ကို ဝင်ရောက်နေပါပြီ..."

ထိုလူတချို့ စကားပြောနေစဉ် သီးခြားကျင့်ကြံနေကြသော လင်းဖုန်းနှင့်စုယဲ့တို့ကို ထိတ်လန့်တကြား ဖြစ်သွားစေခဲ့သည်။ သူတို့နှစ်ယောက်သည် ကျင့်ကြံခြင်းကို အလျင်အမြန် အဆုံးသတ်လိုက်ကာ ပြင်ပသို့ ပြေးထွက်လာကြသည်။

သူတို့က ကျုံးချင်အား အလွန်အမင်း ရိုသေလေးစားစွာဖြင့် အရိုအသေပေးကာ အော်ခေါ်လိုက်ကြ၏။

"ဆရာ..."

သူတို့၏ခေါ်သံတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေခဲ့သည်။ သူတို့သည်လည်း ကျုံးချင်ကို လွန်စွာလွမ်းဆွတ်နေခဲ့ကြသည်မှာ သိသာထင်ရှားသည်။

ထို့ပြင် လင်းဖုန်း၏လက်စွပ်ထဲရှိ အကြီးအကဲကျန်းသည် ကျုံးချင်၏နံဘေးရှိ လူများကို မြင်ချိန်၌ မှင်တက်သွားပြီး ဆွံ့အသွားတော့သည်။

အကြီးအကဲကျန်းက အံ့အားတသင့် ရေရွတ်လိုက်၏။

"အိုး ဘုရားရေ... ဒါက အင်မော်တယ်ဧကရာဇ်လား... အပြင်ကို တစ်ခေါက် ထွက်သွားပြီးတာနဲ့ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေ အများကြီးက သူ့နောက်ကို လိုက်လာကြတယ်..."

ကျုံးချင်၏နံဘေးရှိ လူများနှင့် ပတ်သက်၍ သူ၏အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားလျှင်ပင် ထိုလူများအနက်မှ မည်သူမဆို သူ့ကို အလွယ်တကူ အနိုင်ယူနိုင်ကြောင်း အကြီးအကဲကျန်းက ခံစားလိုက်ရသည်။

သက်ကယ်မိုး တဲအိမ်လေး၏အပြင်ဘက်တွင် ကျုံးချင်က သူ၏ အစောဆုံး တပည့် နှစ်ဦးကို ကြည့်လိုက်သည်။ သူတို့သည် အလွန် ကြိုးစားကြပြီး ကျင့်ကြံရန် အမြဲတမ်း သတိရနေကြသည်ဟု ဆိုရပေမည်။ ဤအချက်အတွက် သူ လွန်စွာစိတ်ကျေနပ်မိသည်။ သူတို့၏ ကျင့်ကြံမှုကမူ အနည်းငယ် လိုအပ်နေဆဲပင်။ သူတို့ကို တတ်နိုင်သမျှ အမြန်ဆုံး သန်မာလာစေရန် နည်းလမ်း ရှာရတော့မည်ဟု သူ တွေးထင်မိလေ၏။

ထိုသို့ တွေးတောပြီးနောက် ကျုံးချင်က တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး... ထကြတော့... မင်းတို့ကို မိတ်ဆက်ပေးမယ်... ဒါက လင်းဖုန်း... မူဖူတောင်ရဲ့ ပထမဆုံး တပည့်... ဒါက စုယဲ့... မူဖူတောင်ရဲ့ ဒုတိယတပည့်... ဒါက တုဟောက်... ဆရာအသစ် လက်ခံထားတဲ့ တပည့်... မူဖူတောင်ရဲ့ တတိယတပည့်... ဒါက ပိုင်လင်း... သူလည်း ဆရာ အသစ် လက်ခံထားတဲ့ တပည့်ပဲ... မူဖူတောင်ရဲ့ စတုတ္ထတပည့်... မင်းတို့ အားလုံးက ဆရာ့ရဲ့ တပည့်တွေပဲ... အခုကစပြီး မင်းတို့ ပိုပြီးရင်းနှီးသင့်တယ်... ပြီးတော့ အချင်းချင်းလည်း ကူညီကြရမယ်..."

တပည့် လေးယောက်က လက်ပူးဆုပ်ကာ တုံ့ပြန်လိုက်ကြသည်။

"ဆရာ့ရဲ့အမိန့်ကို နာခံပါ့မယ်..."

ကျုံးချင်က သူ့အဖွဲ့နှင့်အတူ ပြန်လည်ရောက်ရှိလာသည်နှင့်အမျှ မူဖူတောင်တစ်ခုလုံး ပို၍တက်ကြွပြီး အသက်ဝင်လာသည်မှာ သိသာထင်ရှားသည်။ မူလက မူဖူတောင်တွင် လူအနည်းငယ်သာ ရှိခဲ့ပေ၏။ သို့သော် ယခုအချိန်တွင်မူ မူဖူတောင်သည် ဖွံ့ဖြိုးတိုးတက်ပြီး စည်ပင်ဝပြောသော အသွင်အပြင် ရှိလာပုံရသည်။

ထိုအရာက ကျုံးချင်ကို လွန်စွာစိတ်လှုပ်ရှားသွားစေခဲ့ပေ၏။ အကယ်၍ တာအိုဆရာနိုင်းသာ တမလွန်တွင် ဤအရာကို သိရှိမည်ဆိုပါက သူ အလွန်စိတ်ကျေနပ်နေပေလိမ့်မည်။

All Chapters