မိသားစု ညစာစားပွဲ
Vol. 33 Ch. 322
မူဖူတောင်တွင် ဆူညံသံများနှင့် စိတ်လှုပ်ရှားမှုများဖြင့် စည်ကားနေပြီး သဟဇာတဖြစ်သောအခြေအနေဖြင့် ပြည့်နှက်နေခဲ့သည်။
ပိုင်လင်းသည် ဤကဲ့သို့ ပတ်ဝန်းကျင်မျိုးကို နှစ်သက်သဘောကျနေသည်။ ဤသည်မှာ သုခဘုံတစ်ခုအလား လူများကို သူတို့၏ ဒုက္ခများနှင့် စိုးရိမ်ပူပန်မှုများကို အမြဲတစေ မေ့ပျောက်သွားစေပေ၏။
ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့က မက်မွန်ပင်အောက်ရှိ ကြေးနီဆေးမီးဖိုကြီးကို ရတနာတစ်ခုအလား လက်ညှိုးထိုးပြကာ ကျုံးချင်ထံသို့ ချဉ်းကပ်လာပြီး ပြောဆိုလိုက်ကြသည်။
"တောင်သခင်... ဒါတွေက ကျွန်တော်တို့ တပည့် နှစ်ယောက် တောင်သခင် အတွက် ပြင်ဆင်ပေးထားတဲ့ ဆေးမီးဖိုပါ... ကျေးဇူးပြုပြီး လက်ခံပေးပါ တောင်သခင်..."
ကျုံးချင်က လွန်စွာစိတ်အခြေအနေ ကောင်းမွန်စွာဖြင့် ပြောဆိုလိုက်သည်။
"မင်းတို့က တော်တော်လေး သတိထားမိတာပဲ... ဒီလက်ဆောင်ကို ငါ အရမ်းသဘောကျတယ်..."
တစ်စုံတစ်ယောက်က သူ၏အကြိုက်များကို မှတ်မိနေခြင်းမှာ ရှားပါးလှပေသည်။ ဤတပည့် နှစ်ဦးသည် မူဖူတောင်တွင် ရှိနေသည်မှာ အချိန်အတော်ကြာပြီ ဖြစ်ပြီး ယခုအချိန်၌ သူတို့သည် မူဖူတောင်၏ အပြင်စည်းတပည့်များ ဖြစ်နေကြလေပြီ။ ဤအချိန်အတွင်း သူတို့သည် အမြဲတစေ အပြုအမူ ကောင်းမွန်ကာ ကြိုးစားပမ်းစား ရှိကြပြီး တာဝန်ကျေပွန်ခဲ့ကြသည်။ အနာဂတ်တွင် သူတို့ကို သူ သေချာပေါက် ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ရပေမည်။
ဝူယဲ့နှင့် ရှီရှောင်ထျန်းတို့မှာ အလွန်ဝမ်းသာသွားကြပြီး ပြောဆိုလိုက်၏။
"တောင်သခင် သဘောကျသရွေ့ ဒါက ကျွန်တော်တို့ရဲ့ ဂုဏ်ယူစရာပါပဲ..."
ကျုံးချင်က ပြောဆိုသည်။
"ကောင်းပြီ... ဒီနေ့ အားလုံး ဒီနေရာမှာ စုဝေးဖြစ်တာ တော်တော်လေး ရှားတယ်... မင်းတို့ နှစ်ယောက် သွားပြီး ညစာစားပွဲ တစ်ခု ပြင်ဆင်လိုက်ပါ... ဒီည ငါတို့ အောင်ပွဲခံကြမယ်..."
ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့က အမိန့်ကို လက်ခံလိုက်ကြ၏။
"ဟုတ်ကဲ့ပါ တောင်သခင်..."
သူတို့သည် ကြီးကျယ်ခမ်းနားသော ညစာစားပွဲကို ပြင်ဆင်ရန် ထွက်ခွာသွားကြသည်။
မကြာမီမှာပင် ကြီးကျယ်ခမ်းနားသော ညစာစားပွဲကြီး အဆင်သင့် ဖြစ်သွားခဲ့သည်။ ခြံဝင်းအတွင်းတွင် လူများအားလုံး စုဝေးရောက်ရှိနေကြလေပြီ။
ကျုံးချင်က ခွက်ကို မြှောက်ကာ လူတိုင်းကို ပြောဆိုလိုက်သည်။
"ဒီနေ့ ရောက်နေတဲ့ သူတိုင်းက မိသားစုတွေချည်းပါပဲ... တစ်နည်းအားဖြင့် ပြောရရင် ဒါက မိသားစု ညစာစားပွဲလို့ သတ်မှတ်လို့ ရတယ်... အားလုံးပဲ... ကောင်းကောင်း စားကြ သောက်ကြပါ... ဒီညတော့ ငါတို့ အမူးသောက်ကြတာပေါ့..."
မိသားစု ညစာစားပွဲဟု ကြားချိန်၌ ထိုနေရာရှိ လူတိုင်းမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားကြ၏။ ဤသည်မှာ ကျုံးချင်က သူတို့ကို အပြင်လူများအဖြစ်
မဆက်ဆံဘဲ မိသားစုဝင်များအဖြစ် သဘောထားကြောင်း ဆိုလိုသည်။ ကျုံးချင်၏ အသိအမှတ်ပြုမှုနှင့် လက်ခံမှုကို ရရှိခြင်းမှာ ထိုနေရာရှိ လူတိုင်းအတွက် တခြားမည်သည့်အရာထက်မဆို ပို၍အရေးကြီးသည်။
ယခင်က တစ်ခါမျှ မတွေ့ဖူးကြသော လူအုပ်စုနှစ်အုပ်စုသည် ဤစကားတစ်ခွန်းကြောင့် သူတို့ကြားရှိ စိမ်းသက်မှုများ မမြင်ရသော နည်းလမ်းဖြင့် ပျောက်ကွယ်သွားသည်။ သူတို့ကြားတွင် ရင်းနှီးမှု အရိပ်အယောင်လေးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
ဝိုင်အရက်သုံးခွက်သောက်ပြီး ဟင်းလျာငါးမျိုး စားပြီးနောက် တပည့် လေးယောက်သည်လည်း တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးသွားကြလေပြီ။ ဝိုင်အရက်သောက်ပြီးနောက် လူများသည် အနည်းငယ် ပြောင်းလဲသွားတတ်သည်ဟု ဆိုရပေမည်။
အထူးသဖြင့် တုဟောက်ပင်။ သူက အရက်ကို အဝသောက်လိုက်ရာ သူ၏မျက်နှာ နီမြန်းလာပြီး ကျယ်လောင်အော်ဟစ်လိုက်၏။
"ငါတို့ ကျင့်ကြံသူတွေက ခွက်ကြီးတွေနဲ့ သောက်ရမယ်... အသားတုံးကြီးတွေ စားရမယ်... သမာဓိရှိရှိ ပြုမူရမယ်... မတ်မတ်ရပ်ပြီး နာကြည်းမှုတွေ ပျော်ရွှင်မှုတွေကို ခံစားရမယ်... အဲ့ဒါမှ ယောကျ်ားစစ်စစ်ရဲ့ သဘာဝပဲ... ဂျူနီယာလေး... ဒီဘဝမှာ မင်းရဲ့ စီနီယာ လေးစားရတဲ့ လူ သိပ်မများဘူး... မင်းက အဲဒီအထဲက တစ်ယောက်ပဲ... ကိုယ့်စွမ်းအားနဲ့ကိုယ် ရန်သူတွေကြားကို တစ်ယောက်တည်း ဝင်သွားတယ်... အမွေအနှစ်ကို ရခဲ့တယ်... အခွင့်အရေးကို ရခဲ့တယ်... ရန်သူတွေ အားလုံးကို သတ်ပစ်ခဲ့တယ်... မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူကို တိုက်ခိုက်ခဲ့ပြီးတော့ တစ်လောကလုံးမှာ နာမည်ကြီးလာခဲ့တယ်... ဒီလုပ်ရပ်က ကြီးကျယ်ခမ်းနားတဲ့ စွမ်းဆောင်ရည် တစ်ခုပဲ... အောင်ပွဲခံရမယ်... လာ... မင်းရဲ့ စီနီယာက မင်းအတွက် ဂုဏ်ပြုပေးမယ်..."
ထိုစကားများကို ကြားချိန်တွင် ထိုနေရာရှိ လူများထဲတွင် စုယဲ့နှင့်လင်းဖုန်းတို့သည် သိပ်မခံစားရချေ။
သို့သော် ဝူယွဲ့နှင့်ရှီရှောင်ထျန်းအပြင် လင်းဖုန်း၏လက်စွပ်ထဲရှိ အကြီးအကဲကျန်းတို့၏ အမူအယာများ တပြိုင်နက်တည်း ပြောင်းလဲသွားခဲ့သည်။ သူတို့အားလုံး၏ မျက်နှာများပေါ်တွင် အံ့အားသင့်တုန်လှုပ်မှုနှင့် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။
ဝူယဲ့နှင့် ရှီရှောင်ထျန်းတို့အတွက် သူတို့၏ မူလ အဆင့်အတန်းများမှာ သာမန်မဟုတ်ချေ။ သူတို့သည် ဝူကျိဂိုဏ်းမြင့်မြတ်နယ်မြေ၏ အကြီးအကဲများ ဖြစ်ကြသဖြင့် အရှေ့ပိုင်းဒေသ၏ ပြင်ပကိစ္စရပ်များနှင့် သဘာဝကျစွာပင် အနည်းငယ် ထိတွေ့မှု ရှိခဲ့ကြသည်။
မြောက်ပိုင်းဒေသရှိ အင်အားစုခွဲဝေမှုတချို့ကိုလည်း သူတို့ နားလည်ထားကြ၏။
မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူ...
ဤသည်မှာ မြောက်ပိုင်းဒေသ၏ ထိပ်သီးအင်အားစုကြီးလေးစုအနက်မှ တစ်စုပင်။ ထိုအင်အားစုသည် မြောက်ပိုင်းဒေသအတွင်း၌ အရှေ့ပိုင်းဒေသရှိ ဝူကျိဂိုဏ်းကဲ့သို့ပင် သာမန်ထက် သာလွန်ထူးကဲပြီး တခြားအင်အားစုများထက် မြင့်မားစွာ တည်ရှိနေသည်။
သို့သော် ဝူကျိဂိုဏ်းနှင့် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူတို့မှာ သူတို့၏ သက်ဆိုင်ရာ ဒေသများတွင် အုပ်စိုးသူများ ဖြစ်ကြသော်လည်း ဝူကျိဂိုဏ်းမှာ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူနှင့် ယှဉ်ပြောရန်ပင် မထိုက်တန်ချေ။
ဂိုဏ်းတစ်ဂိုဏ်းလုံးတွင် အစွမ်းထက်ဆုံး ဖြစ်သော ဝူကျိဂိုဏ်း ရှေးဟောင်းဘိုးဘေးမှာ မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ်တွင်သာ ရှိနေသည်။ သို့သော် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူကမူ သူတို့၏ အစောင့်အရှောက် တစ်ဦးပင်လျှင် ယင်သုံးပါးနယ်ပယ်တွင် ရှိနေသည်ဟု လူသိများပေ၏။ အကယ်၍ တစ်ဖက်လူက အစောင့်အရှောက်တစ်ဦးကို ကျပန်းစေလွှတ်လိုက်မည်ဆိုလျှင်ပင် သူတို့သည် ဝူကျိဂိုဏ်းကို အကြိမ်တစ်ရာမက အလွယ်တကူ ချေမှုန်းပစ်နိုင်ပေမည်။
ထိုသို့ဆိုသည့်တိုင် ဤကဲ့သို့ ကြီးမားသော အင်အားစုကြီးကို ပိုင်လင်းက အမှန်တကယ်ပင် ချေမှုန်းနိုင်ခဲ့သည်။ သူတို့ မည်သည်ကြောင့် အံ့အားမသင့်ဘဲ နေနိုင်မည်နည်း။
လင်းဖုန်း၏လက်စွပ်ထဲရှိ အကြီးအကဲကျန်းကလည်း အံ့အားတသင့် အော်ဟစ်နေခဲ့သည်။
လင်းဖုန်းက အကြီးအကဲကျန်း၏ ကဏာမငြိမ်မှုကြောင့် မှင်တက်သွားပြီး မေးမြန်းလိုက်၏။
"အကြီးအကဲကျန်း... ဘာဖြစ်လို့လဲ... ဒီမြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူက အရမ်းထူးခြားလို့လား..."
သူ၏အမြင်အရ အကြီးအကဲကျန်းသည် သူ၏ ဆရာနှင့် တွေ့ဆုံချိန်မှလွဲ၍ ဤကဲ့သို့ အပြုအမူများ ပျက်ယွင်းနေလေ့မရှိချေ။
ထိုမေးခွန်းက အကြီးအကဲကျန်း၏မျက်နှာကို ရှုံ့မဲ့သွားစေခဲ့သည်။
အကြီးအကဲကျန်းက သူ၏စိတ်နှလုံးသားထဲရှိ အံ့အားသင့်တုန်လှုပ်မှုကို ဖိနှိပ်ပြီး ရှင်းပြလိုက်သည်။
"ထူးခြားတာ... ဟုတ်လား... ထူးခြားရုံတင် မကဘူး... အဲ့ဒါက မင်း စိတ်ကူးလို့တောင် မရနိုင်တဲ့ တည်ရှိမှု တစ်ခုပဲ... မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူက မြောက်ပိုင်းဒေသကို နှစ်ပေါင်းသောင်းနဲ့ချီပြီး လွှမ်းမိုးထားခဲ့တာ..... သူ့ရဲ့ နာမည်ကြီးမှုက ကလေး ငိုနေတာကိုတောင် တိတ်သွားစေနိုင်တယ်... တကယ်လို့ သူက ခြေတစ်ချက် ဆောင့်လိုက်ရင် မြောက်ပိုင်းဒေသတစ်ခုလုံး သုံးခါလောက် တုန်ခါသွားလိမ့်မယ်...အဲဒါက ကျင့်ကြံသူတိုင်းရဲ့ မျက်လုံးထဲမှာတော့ ကျော်ဖြတ်လို့ မရနိုင်တဲ့ တောင်ကြီးတစ်လုံးပဲ... ဒီလို ပြောပြမယ်... အရှေ့ပိုင်းဒေသမှာ မြင့်မြတ်နယ်မြေတစ်ခုက အစွမ်းထက်တယ် မဟုတ်လား..."
လင်းဖုန်းက ခေါင်းညိတ်ပြလိုက်၏။ သေချာသည်မှာ သူ၏ ကျင့်ကြံမှု တိုးတက်လာသည်နှင့်အမျှ သူ၏ အနာဂတ်အောင်မြင်မှုများက အရှေ့ပိုင်းဒေသ မြင့်မြတ်နယ်မြေကို သေချာပေါက် ကျော်လွန်သွားမည်ဟု သူ ယုံကြည်ထားသည်။ သို့သော် နောက်ထပ်အချိန်တခဏတွင် အကြီးအကဲကျန်း၏စကားများက သူ၏ခံယူချက်ကို ကျိုးပေါက်သွားစေခဲ့ကာ မျက်စိတစ်မှိတ်အတွင်း ပျက်စီးသွားစေခဲ့သည်။
အကြီးအကဲကျန်းက ဆက်လက်၍ ပြောဆိုသည်။
"ဒါပေမဲ့ မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူရဲ့ မျက်လုံးထဲမှာတော့ အရှေ့ပိုင်းဒေသ မြင့်မြတ်မြေဆိုတာ ဘာမှ မဟုတ်ဘူး... မြင့်မြတ်နယ်မြေရဲ့ အစွမ်းအထက်ဆုံး ရှေးဟောင်းဘိုးဘေး ဖြစ်တဲ့ မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူ တစ်ယောက်တောင်မှ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူကို ဝင်ခွင့်ရဖို့ အရည်အချင်း မမီဘူး... အဲ့ဒီအင်အားစုမှာ ဆယ်နှစ်ကျော်လောက် ကျင့်ကြံခဲ့တဲ့ ဘယ်အမာခံ တပည့်မဆို သူ့ကို လက်တစ်ဖက်တည်းနဲ့ အနိုင်ယူနိုင်တယ်... ငါ့ကို ပြောစမ်းပါဦး... ဒီမြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူက အစွမ်းထက်လား မထက်ဘူးလား..."
အကြီးအကဲကျန်း၏ရှင်းပြချက်ကို ကြားသောအခါ လင်းဖုန်း၏စိတ်နှလုံးသားထဲတွင် လှိုင်းလုံးကြီးများ ရိုက်ခတ်သွားခဲ့သည်။
အရှေ့ပိုင်းဒေသ မြင့်မြတ်နယ်မြေက မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူရဲ့ အရှေ့မှာ ဘာမှ မဟုတ်ဘူးလား...
မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူရဲ့ ဘယ်အမာခံ တပည့်ကမဆို အရှေ့ပိုင်းဒေသ မြင့်မြတ်နယ်မြေရဲ့ ရှေးဟောင်းဘိုးဘေးကို အနိုင်ယူနိုင်တယ်လား....
ဤသည်မှာ အမှန်တကယ်ကို ယုံကြည်နိုင်စရာ မရှိလှချေ။
မူဖူတောင်သို့ မဝင်ရောက်မီက အရှေ့ပိုင်းဒေသ မြင့်မြတ်နယ်မြေသည် သူ၏ မျက်လုံးထဲတွင် ကျော်လွှား၍ မရနိုင်သော ကြီးမားသည့် တည်ရှိမှုတစ်ခု ဖြစ်ခဲ့သည်ကို သိထားရပေမည်။ ထိုသို့ဆိုသည့်တိုင် ယခုအချိန်၌ ဓားအဘိုးအို၏ စကားများအရ မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူ၏ အရှေ့တွင် ထိုမြင့်မြတ်နယ်မြေများမှာ အမှန်တကယ်ကို လွန်စွာအားနည်းနေခဲ့သည်။
လင်းဖုန်းက သူ၏စိတ်ထဲမှ ရေရွတ်လိုက်သည်။
"ပြောရမယ်ဆိုရင် အရှေ့ပိုင်းဒေသ မြင့်မြတ်နယ်မြေက တကယ်ပဲ အဲ့ဒီလောက်တောင် အားနည်းတာလား..."
သူ၏ မွေးရာပါ လောကအမြင်ကြီ ပြိုကွဲတော့မည့်အလား သူ ခံစားမိပေ၏။
ထိုအရာကို မြင်တွေ့ချိန်၌ အကြီးအကဲကျန်းက သက်ပြင်းချပြီး ရှင်းပြလိုက်သည်။
"အစွမ်းထက်လား မထက်ဘူးလား ဆိုတာကတော့ နှိုင်းယှဉ်ချက်တစ်ခုပါပဲ... အရှေ့ပိုင်းဒေသ အတွင်းမှာတော့ မြင့်မြတ်နယ်မြေက တကယ်ကို ကြီးမားတဲ့ တည်ရှိမှုတစ်ခုပါ... ဒါက မရေမတွက်နိုင်တဲ့ လူတွေရဲ့ မျက်လုံးထဲမှာတော့ ကျော်လွှားလို့ မရနိုင်တဲ့ အမြင့်တွေကို ကိုယ်စားပြုနေတာပဲ... ဒါပေမဲ့ လူတွေအထက်မှာ လူတွေ ရှိသလို ကောင်းကင်တွေအထက်မှာလည်း ကောင်းကင်တွေ ရှိတယ်လေ... မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူနဲ့ ယှဉ်လိုက်ရင်တော့ အဲ့ဒါက တကယ့်ကို အားနည်းလွန်းတယ်... ပြီးတော့ မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူလို ထိပ်သီးအင်အားစုကြီးကို မင်းရဲ့ ဂျူနီယာက အမှန်တကယ်ပဲ ချေမှုန်းနိုင်ခဲ့တယ်... တကယ်ကို ယုံနိုင်စရာ မရှိဘူး... ငါ အထင်မမှားဘူးဆိုရင် မင်းရဲ့ ဂျူနီယာက မင်းထက်တောင် ငယ်သေးတယ်... သူက အသက်နှစ်ဆယ် အစောပိုင်းလောက်ပဲ ရှိသေးတယ်လို့ ပြောရင် ပုံကြီးချဲ့ရာ ရောက်မှာ မဟုတ်ဘူး... ဒီလို အသက်အရွယ်မျိုးမှာ သူက ဒီလို ကောင်းကင်ကို ဆန့်ကျင်တဲ့ စွမ်းဆောင်ရည်မျိုးကို လုပ်နိုင်ခဲ့တယ်... ငါ သူကို လေ့လာကြည့်ရသလောက်... သူ့မှာ ကောင်းကင်ဧကရာဇ် တစ်ပါးရဲ့ အလားအလာ သေချာပေါက် ရှိနေတယ်..."
အကြီးအကဲကျန်း ပြောလိုက်သော စကားတစ်ခွန်းစီတိုင်းက လင်းဖုန်းကို ပို၍တုန်လှုပ်သွားစေခဲ့သည်။ သူနှင့် သူ၏ဂျူနီယာကြားရှိ ကွာဟချက်မှာ ရိုးရှင်းစွာပင် တိုင်းတာ၍ မရနိုင်ကြောင်း သူ ခံစားလိုက်ရသည်။ ထိုသို့ဆိုသည့်တိုင် အကြီးအကဲကျန်းက သူမကို ကောင်းကင်ဧကရာဇ် တစ်ပါးရဲ့ အလားအလာ ရှိသည်ဟုသာ အကဲဖြတ်ခဲ့ပြီး သူမသည် သေချာပေါက် ဖြစ်လာမည်ဟု မပြောခဲ့ချေ။
သူက ဇဝေဇဝါဖြင့် ချက်ချင်းမေးမြန်းလိုက်သည်။
"အကြီးအကဲကျန်း... ဂျူနီယာပိုင်လင်းက ဒီလောက်တောင် ကောင်းကင်ကို ဆန့်ကျင်နိုင်နေတာကိုတောင် အနာဂတ်မှာ ကောင်းကင်ဧကရာဇ်အဆင့်ကိုရဖို့ အတားအဆီးတွေ ရှိနေအုံးမှာလား..."
အကြီးအကဲကျန်း ခါးသက်သက်ပြုံးလိုက်ပြီး ပြောဆိုလိုက်၏။
"မိုက်မဲတဲ့ ကောင်လေး... ကောင်းကင်ဧကရာဇ် နေရာဆိုတာ အလွယ်တကူ ရနိုင်ပါ့မလား... ထျန်းယွမ်ကုန်းမြေရဲ့ ရှေးခေတ်နဲ့ ခေတ်သစ် သမိုင်းကို ကြည့်လိုက်ရင် ဧကရာဇ် ဘယ်နှစ်ပါး ရှိခဲ့ဖူးလဲ... 'ကောင်းကင်ဧကရာဇ် တစ်ပါးရဲ့ အလားအလာ' ဆိုတဲ့ စကားစုလေးကတင် ပါရမီရှင်တွေ အများကြီးအတွက် တစ်သက်တာ အမြင့်ဆုံး ရည်မှန်းချက် ဖြစ်နေပြီ..."