← Chapters

အထွတ်အထိပ် အခိုက်အတန့်

Vol. 33 Ch. 323

အထွတ်အထိပ် အခိုက်အတန့်

Vol. 33 Ch. 323

ဤအချိန်အခိုက်အတန့်တွင် လင်းဖုန်း၏စိတ်နှလုံးသားသည် ယုံမှားသံသယဖြစ်ဖွယ် မရှိအောင်ပင် အခြေခံအုတ်မြစ်အထိ တုန်လှုပ်သွားပေ၏။

ဧကရာဇ်တစ်ပါးသည် လွန်စွာအစွမ်းထက်ကြောင်း သူ သိထားသော်လည်း မည်မျှအထိ အစွမ်းထက်သည်ကို အတိအကျ မသိရှိခဲ့ချေ။

သို့သော် ယခုအချိန်၌ အကြီးအကဲကျန်း၏ရှင်းပြချက်မှတဆင့်....

ထို့ပြင် နှိုင်းယှဉ်ချက်တစ်ခုမှတဆင့်...

သူ၏အတိတ်တွင် သူ အမှန်တကယ်ကို အတွေးများတိမ်ခဲ့ကြောင်း သူ နားလည်သဘောပေါက်သွားခဲ့သည်။

သူသည် ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိမည်ဟု ရဲတင်းစွာ ကြေညာခဲ့သော်လည်း အမှန်အားဖြင့် မသိနားမလည်သူတစ်ဦးသာ ဖြစ်နေခဲ့ပေ၏။

အရှေ့ပိုင်းဒေသရှိ လူငယ်မျိုးဆက်များကြားတွင် သက်တူရွယ်တူများအားလုံးကို အလွယ်တကူ အနိုင်ယူနိုင်စွမ်းရှိသည်ဟု သူ ဂုဏ်ယူခဲ့သည်။

သို့သော် ယခုအချိန်၌ အကြီးအကဲကျန်းက သူ့အတွက် ကမ္ဘာသစ်တစ်ခုကို ဖွင့်လှစ်ပေးလိုက်လေပြီ။

သူ ယခင်က တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသော မြင်ကွင်းများကို မြင်တွေ့ခွင့် ရစေခဲ့သည်။

လောကကြီးသည် မည်မျှထိ ကျယ်ပြန့်သနည်း....

သူသည် လောကကြီး၏ သူရဲကောင်းများကို အထင်သေးမိသော ရေတွင်းထဲက ဖားတစ်ကောင် အမှန်တကယ် ဖြစ်ခဲ့သည်။

သူ၏စိတ်အတွင်းရှိ ထိတ်လန့်တုန်လှုပ်မှုများသည် ရှုံးနိမ့်မှု အရိပ်အယောင် အနည်းငယ်နှင့် ရောယှက်နေခဲ့သည်။

အကြီးအကဲကျန်းက လင်းဖုန်း၏အတွေးများကို ထွင်းဖောက်မြင်သွားပုံ ရပေ၏။

အကြီးအကဲကျန်းက အားပေးစကား ပြောဆိုလိုက်၏။

"မင်း စိတ်ဓာတ်ကျနေစရာ မလိုပါဘူး... မင်း သိထားသင့်တယ်... မင်းရဲ့ ဆရာက ပြန်ဝင်စားတဲ့ အင်မော်တယ်ဧကရာဇ် တစ်ပါးပဲ... တစ်ခါတလေတော့ မင်းလို ကောင်လေးက မင်းရဲ့ အရင်ဘဝမှာ ကံကောင်းလွန်းတဲ့ ကုသိုလ်တွေ လုပ်ခဲ့ပြီး ကမ္ဘာကြီးကို ကယ်တင်ခဲ့တာများလားလို့ ငါတောင် သံသယ ဝင်မိတယ်... ဒီလို တည်ရှိမှုမျိုးရဲ့ တန်ဖိုးထားမှုကို ခံရပြီး တပည့်အဖြစ် လက်ခံတာကို ခံခဲ့ရတယ်... အင်မော်တယ်ဧကရာဇ် တစ်ပါးရဲ့ တပည့်... ဒီဂုဏ်ပုဒ်လေး တစ်ခုတည်းနဲ့တင် မင်းရဲ့အနာဂတ်မှာ အဆုံးမဲ့ဖြစ်နိုင်ခြေတွေ ရှိနေပြီ..."

ထိုစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် လင်းဖုန်း၏စိတ်အတွင်း၌ မတုန်လှုပ်ဘဲ မနေနိုင်ခဲ့ချေ။

အမှန်တကယ်ကိုပင်...

သူသည် အင်မော်တယ်ဧကရာဇ်တစ်ပါး၏ တပည့် ဖြစ်ပေ၏။

သူသည် ကျင့်ကြံခြင်း လောကသို့ ဝင်ရောက်လာခဲ့သည်မှာ မကြာသေးပေ။

ကျင့်ကြံခြင်းဆိုသည်မှာ သဘာဝအရ ကိုယ့်ကိုယ်ကိုယ် အဆက်မပြတ် နားလည်ခြင်း လောကကြီးကို နားလည်ခြင်းနှင့် ကိုယ့်ကိုယ်ကိုယ် တိုးတက်စေခြင်း လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။

သူ၏ အားနည်းချက်များနှင့် တခြားသူများနှင့် သူ့အကြားရှိ ကွာဟချက်ကို ရှင်းလင်းစွာ နားလည်မှသာ သူကိုယ်သူ အဆက်မပြတ် တိုးတက်အောင် ဖြည့်ဆည်းနိုင်အောင် လုပ်ဆောင်နိုင်ပြီး အောင်မြင်မှုကို ရရှိနိုင်ပေမည်။

ယောကျ်ားတစ်ယောက်အနေဖြင့် သူ့ကိုယ်သူ သနားနေရုံဖြင့် မည်သို့ နေထိုင်နိုင်မည်နည်း...

ဤအချိန်အခိုက်အတန့်တွင် လင်းဖုန်းသည် သူ၏စိတ်ဝိညာဉ်၌ တစ်စုံတစ်ရာ ပြောင်းလဲမှု ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သူ၏တာအိုနှလုံးသားသည် ပို၍ခိုင်မာလာခဲ့ပေ၏။

ထိုသို့ဆိုသည့်တိုင် ပိုင်လင်း၏ ကံကောင်းသော အခွင့်အရေးများကြောင့် သူ မအံ့ဩဘဲ မနေနိုင်ခဲ့ချေ။

အတိတ်တွင် သူ ပိုင်လင်းနှင့် တခဏတာမျှ တွေ့ဆုံခဲ့ရသည်။

ထိုအချိန်က ပိုင်လင်းသည် ပြင်းထန်သော ဒဏ်ရာများ ရရှိထားပြီး အားနည်းသော မိန်းမငယ်လေးတစ်ဦးသာ ဖြစ်နေပေ၏။

ထိုသို့ဆိုသည့်တိုင် ဤမျှ တိုတောင်းသော အချိန်အတွင်း သူမသည် ဤကဲ့သို့ လောကကြီးကို တုန်လှုပ်သွားစေသော ပြောင်းလဲမှုမျိုး ဖြစ်ပေါ်လာလိမ့်မည်ဟု သူ လုံးဝမျှော်လင့်မထားခဲ့ချေ။

မြောက်ပိုင်းဒေသတစ်ခုလုံးရှိ အစွမ်းထက်ဆုံး အင်အားစုဖြစ်သော မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူကို သူမက တစ်ယောက်တည်းဖြင့် ချေမှုန်းနိုင်ခဲ့သည် မဟုတ်လော....

အချိန်ခဏအတွင်း ပြင်ပလောကကို သူ လွန်စွာတောင့်တလာမိတော့သည်။

တစ်ချိန်တည်းမှာပင်...

ကြီးကျယ်ခမ်းနားသော မိသားစုညစာစားပွဲ၌...

တုဟောက်သည် ပိုင်လင်း၏လုပ်ရပ်အချို့ကို ပြန်လည်ပြောပြရင်း ဆက်တိုက်စကားပြောနေဆဲပင်။

သူ၏ ပီပြင်ပြီး စကားပြောကောင်းသော ဟန်ပန်ကြောင့် အကယ်၍ တစ်စုံတစ်ယောက်ကသာ အမှန်တရားကို မသိခဲ့ပါက ပိုင်လင်း၏ တိုးတက်လာမှုကို သူ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်ဟု ထင်မှတ်သွားနိုင်သည်။

သူ ပြောသမျှ အရာအားလုံးမှာ ကောလာဟလများသာ ဖြစ်ကြောင်း မည်သူ သိနိုင်မည်နည်း။

အချိန်အတော်ကြာ စကားပြောပြီးနောက်....

တုဟောက်၏ လေသံ ပြောင်းလဲသွားခဲ့ပြီး သူက ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုလိုက်သည်။

"ငြင်းလို့မရတဲ့ အချက်က ဂျူနီယာ ပိုင်လင်းရဲ့ လုပ်ရပ်တွေဟာ ဒဏ္ဍာရီလာ ဖြစ်ရပ်တွေနဲ့ ပြည့်နှက်နေတယ် ဆိုတာပဲ... ဒါပေမဲ့... ဆရာ့ရဲ့ တန်ဖိုးထားမှုကို ခံရပြီး တပည့်အဖြစ် လက်ခံခံရတဲ့ ငါ့မှာလည်း သာမန်ထက် ထူးကဲတဲ့ အရည်အချင်းတွေ ရှိနေတာ သဘာဝပဲ... လူတွေမှာ ဂုဏ်ယူစရာ အခိုက်အတန့် တစ်ခု နှစ်ခုလောက်တော့ ဘယ်သူမဆို ရှိတတ်တာပဲလေ..."

ထိုစကားများက သူ၏စရိုက်ကို ကောင်းစွာသိသော ကျုံးချင်နှင့်ပိုင်လင်းတို့ကို အံ့အားသင့်သွားစေခဲ့သည်။

သေဆုံးခြင်းကို ကြောက်ရွံ့မှုက အရိုးထဲထိ စွဲထင်နေသူ တစ်ယောက်တွင်လည်း ဂုဏ်ယူစရာ အခိုက်အတန့်တစ်ခု ရှိနေလိမ့်မည်ဟု စိတ်ကူးကြည့်ရန် အမှန်တကယ်ပင် ခက်ခဲလှသည်။

ဤအရာမှာ အမှန်တကယ်ကို ယုံကြည်နိုင်စရာ မရှိလွန်းလှချေ။

သို့သော် လင်းဖုန်းနှင့်စုယဲ့တို့မှာမူ တုဟောက်ကို သိပ်မသိကြချေ။

ထိုအရာကိုကြားချိန်၌ သူတို့၏စူးစမ်းလိုစိတ်များ နိုးကြားလာခဲ့သည်။

သူတို့၏အမြင်အရ ပိုင်လင်းသည် ဤမျှလောက် ကောင်းကင်ကို ဆန့်ကျင်သော စွမ်းဆောင်ရည်မျိုး ရှိနေသဖြင့် တုဟောက်သည်လည်း ဆရာ၏တပည့်အဖြစ် လက်ခံခြင်းခံရရန် ထူးချွန်သော အရည်အချင်းများ ရှိနေပေမည်။

လင်းဖုန်းက အဝေးမှနေ၍ အရက်ခွက်ကို မြှောက်ပြကာ စူးစမ်းလိုသော အမူအယာဖြင့် မေးမြန်းလိုက်၏။

"တတိယဂျူနီယာလေး... ငါတို့ ဗဟုသုတ တိုးပွားသွားအောင် အသေးစိတ် ပြောပြပေးလို့ ရမလား..."

တစ်ချိန်တည်းမှာပင် သူက သူ၏စိတ်ထဲမှနေ၍ အကြီးအကဲကျန်းအား မေးမြန်းလိုက်သည်။

"အကြီးအကဲကျန်း... ကျွန်တော်ရဲ့ ဒီတတိယဂျူနီယာလေးဆီမှာ ထူးခြားတာ တစ်ခုခု ရှိနေလားဆိုတာ ပြောပြနိုင်မလား..."

အကြီးအကဲကျန်းက ခေါင်းခါယမ်းကာ ပြန်ဖြေလိုက်၏။

"ငါလည်း မပြောနိုင်ဘူး... ဒါပေမဲ့ ဒီလူက အရမ်း အစွမ်းထက်တယ်ဆိုတာကိုတော့ ငါ ခံစားမိတယ်... အင်မော်တယ်ဧကရာဇ် တစ်ပါးရဲ့ တပည့်အဖြစ် လက်ခံမှု့ ခံရတဲ့ သူက ဘယ်လိုလုပ်ပြီး သာမန်လူတစ်ယောက် ဖြစ်နိုင်မှာလဲ... ဖြစ်နိုင်တာက သူ့မှာ ကောင်းကင်ကို ဆန့်ကျင်တဲ့ ကံကြမ္မာ ဒါမှမဟုတ် လောကကြီးကို တုန်လှုပ်သွားစေမယ့် ပါရမီတွေ ရှိနေနိုင်တယ်... ဒါက ပိုင်လင်းနဲ့ ယှဉ်နိုင်တဲ့ နောက်ထပ် ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက် ဖြစ်ရမယ်..."

လင်းဖုန်းနှင့် အကြီးအကဲကျန်းတို့ စကားပြောဆိုနေစဉ်မှာပင်...

တုဟောက်အား လင်းဖုန်း ပြောဆိုခဲ့သော စကားများက သူ့ကို အထိနာသွားစေပုံရကာ သူ၏ ရင်တွင်းဖြစ်များကို ဖွင့်ဟပြောဆိုချင်စိတ်များ ပြင်းပြလာစေခဲ့သည်။

သူက ကျယ်လောင်စွာ ရယ်မောလိုက်၏။

"ဟားဟားဟား..."

ထို့နောက် သူက ရဲဝံ့သော အမူအယာဖြင့် ပြောဆိုသည်။

"ဘဝမှာ နေထိုင်ဖို့ နည်းလမ်းပေါင်း သောင်းခြောက်ထောင် ရှိသလို ဖြတ်သန်းတဲ့နည်းလမ်းတွေကလည်း မတူညီကြဘူး... တချို့က သူတို့ရဲ့ ဘဝတလျှောက်လုံး ပြိုင်ဘက်ကင်းကြတယ်... တိုက်ခိုက်နေကြတယ် ဒါမှမဟုတ် တိုက်ခိုက်ရေး တာအို ပေါ်မှာ ရှိနေကြတယ်... တချို့က ရှေးခေတ်နဲ့ ခေတ်သစ် ကျင့်ကြံရေး နည်းလမ်းတွေရဲ့ ရှေ့ဆောင်တွေ ဖြစ်ကြပြီး အတိတ်နဲ့ ပစ္စုပ္ပန်ကို တုန်လှုပ်သွားစေကြတယ်... တချို့ကတော့ လောကကြီးကို တုန်လှုပ်သွားစေမယ့် ပါရမီတွေ ရှိကြပြီး ကျင့်ကြံရေးလမ်းစဉ်ပေါ်မှာ ရဲရဲဝံ့ဝံ့နဲ့ မဆုတ်မနစ် ရှေ့ဆက်ပြီး အမြင့်ဆုံးကို ရောက်ရှိသွားကြတယ်... သမိုင်းတစ်လျှောက်မှာ ထူးချွန်တဲ့အရည်အချင်း ရှိသူတွေက ကြယ်တွေလောက် များပြားပြီး သမိုင်းမှာ နာမည်တွင်ခဲ့သူတွေက မရေမတွက်နိုင်အောင် ရှိတယ်... ဘယ်လိုလူမျိုးပဲ ဖြစ်ဖြစ် သူတို့ ရှာဖွေနေတာက လွတ်လွတ်လပ်လပ် နေထိုင်ဖို့ အံ့အားသင့်စရာကောင်းအောင် အစွမ်းထက်ဖို့နဲ့ တာအိုရဲ့အထွတ်အထိပ်မှာ ရပ်တည်နိုင်ဖို့လောက်ပဲ... ငါ့ဘဝမှာ အပြည့်စုံဆုံးအရာက တစ်ခုပဲ ရှိတယ်..."

သူ စကားပြောနေရင်းဖြင့် လက်ညှိုးတစ်ချောင်းကို ထောင်ကာ လေထဲတွင် လက်ဟန်ခြေဟန် ပြလိုက်၏။

သူ၏မျက်နှာပေါ်တွင် ထူးဆန်းသော နီမြန်းမှုတစ်ခု ထင်ဟပ်လာခဲ့သည်။

ထိုကိုယ်နေဟန်ထားက ကျုံးချင်ကို ထူးဆန်းသကဲ့သို့ ခံစားရစေသည်။

ဤတပည့်သည် အရက်သောက်ပြီးနောက် များစွာပို၍ ဟန်ရေးပြတတ်လာပုံ ရသည်။

ဖြစ်နိုင်သည်မှာ သူ၏အတွင်းစိတ် နက်ရှိုင်းသောနေရာတွင် စိတ်အားထက်သန်မှုနှင့် လူငယ်ဘဝ၏ တက်ကြွမှုများ အမှန်တကယ် ရှိနေသလောဟု ကျုံးချင်က တွေးမိလိုက်သည်။

ထိုသို့ဆိုလျှင် သူ အလွန်စိတ်ကျေနပ်မိပေမည်။

မည်သို့ပင်ဆိုစေကာမူ သေဆုံးခြင်းကို အလွန်အမင်း ကြောက်ရွံ့သော တပည့်တစ်ယောက်သည် အနာဂတ်တွင် သူ၏နာမည်ကို ပြောပြပါက မျက်နှာပျက်စရာ အနည်းငယ် ဖြစ်လာနိုင်သည် မဟုတ်လော...

ကျုံးချင်၏ မျှော်လင့်တကြီး အကြည့်များအောက်တွင်....

တုဟောက်က ဂုဏ်ယူဝံ့ကြွားစွာ ဆက်လက်၍ပြောဆိုသည်ကို သူ ကြားလိုက်ရပေ၏။

"အဲဒီ ကိစ္စကတော့ ငါက ကိုယ်ပိုင်တာအိုတစ်ခုကို ဖန်တီးခဲ့တာပဲ..."

ထိုစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက်...

လင်းဖုန်း၏လက်စွပ်ထဲရှိ အကြီးအကဲကျန်း၏ မူးဝေသွားခဲ့ကာ သူ လုံးလုံးလျားလျား ဆွံ့အသွားပုံရသည်။

လင်းဖုန်းက အကြောင်းအရင်းကို နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်၏။

"အကြီးအကဲကျန်း... ဒါက... အရမ်းအံ့ဩဖို့ ကောင်းလို့လား..."

အကြီးအကဲကျန်း၏အောက်မေးရိုး ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။

သူက လက်ကိုမြှောက်ကာ သူ၏ မေးရိုးကို ပြန်တည့်ပြီးနောက် မယုံနိုင်စွာဖြင့် ပြန်ဖြေလိုက်သည်။

"အံ့ဩဖို့ ကောင်းတာထက် ပိုတယ်... ဒါက ကောင်းကင်ကို ဆန့်ကျင်နေတာပဲ... ကိုယ်ပိုင် တာအိုကို ဖန်တီးတာ... တကယ်လို့ သူပြောတာသာ အမှန်ဆိုရင် ဒီလိုလူမျိုးရဲ့ အနာဂတ် အစမှတ်က အနည်းဆုံး ဂိုဏ်းချုပ်အဆင့်လောက် ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာလိမ့်မယ်... တကယ်လို့ သူ့ရဲ့ တာအိုကို အနာဂတ်မှာ အောင်မြင်စွာ လျှောက်လှမ်းနိုင်မယ်ဆိုရင် သူ့ရဲ့ အောင်မြင်မှုတွေက မှန်းဆလို့တောင် မရနိုင်ဘူး...ဧကရာဇ်နယ်ပယ် ဆိုတာ သူ့အတွက် အဆုံးသတ်နဲ့ အဝေးကြီးမှာ ရှိနေတာ... ဟူး..."

လင်းဖုန်းသည် သူ၏စိတ်ထဲမှ သက်ပြင်းချလိုက်ကာ သိသိသာသာ တုန်လှုပ်သွားခဲ့သည်။

အလွန်မထင်ရှားပုံရသော ဤတတိယဂျူနီယာသည် ဤမျှထိ ထိတ်လန့်ဖွယ် ကောင်းသော တည်ရှိမှုတစ်ခု ဖြစ်နေလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။

သူ၏အမြင်အရ ဧကရာဇ်နယ်ပယ်ဆိုသည်မှာ တာအို၏အထွတ်အထိပ်သို့ ရောက်နေလေပြီ။

ဤသည်မှာ ကျင့်ကြံခြင်း၏အကန့်အသတ်ပင်။

ထိုသို့ဆိုသည့်တိုင် ယခုအချိန်၌ အကြီးအကဲကျန်း၏ စကားအရ ဧကရာဇ်နယ်ပယ်မှာ သူ့အတွက် အဆုံးသတ် မဟုတ်ပေ။

ဤသည်မှာ သူ၏တတိယဂျူနီယာသည် အနာဂတ်တွင် ဧကရာဇ်နယ်ပယ်အထက်ရှိ တစ်စုံတစ်ယောက် ဖြစ်လာနိုင်ကြောင်း ဆိုလိုခြင်းပင်။

ဤသည်က အံ့အားသင့်ဖွယ် ကောင်းလွန်းနေကာ ထိတ်လန့်ဖွယ်လည်း ကောင်းလွန်းသည်။

ယနေ့ ဖြစ်ရပ်များက သူ၏လောကအမြင်ကြီးကို အကြိမ်ကြိမ် တုန်လှုပ်သွားစေသည်ဟု သူ ခံစားလိုက်ရကာ သူ၏ကြိုတင်တွေးထင်ထားမှုများကို ချိုးဖျက်လိုက်သည်။

သူ တစ်ယောက်တည်း ထိတ်လန့်နေခြင်း မဟုတ်ချေ။

နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးပင်လျှင် တုဟောက်အား တပြိုင်နက်တည်း စိုက်ကြည့်နေကြ၏။

ထိုနေရာတွင် ရှိနေသူများအနက် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးထံတွင် အမြင့်မားဆုံး ကျင့်ကြံဆင့် ရှိကြသည်။

ထို့ပြင် ကိုယ်ပိုင်တာအိုတစ်ခုကို ဖန်တီးရန် မည်မျှ ခက်ခဲကြောင်း သူတို့ ကောင်းစွာနားလည်ထားကြ၏။

သူတို့အတွက်မူ သူတို့၏အထွတ်အထိပ် စွမ်းအားမှာ ဓမ္မသောင်းချီနယ်ပယ်ကို ကျော်လွန်ပြီး ကြီးမားသော နယ်ပယ်တစ်ခုသို့ ရောက်ရှိနေသော်လည်း တာအို၏အရိပ်အယောင်ကိုပင် မထိတွေ့ရသေးချေ။

ယခုအချိန်၌ တုဟောက်က သူသည် ကိုယ်ပိုင် တာအိုတစ်ခုကို ဖန်တီးခဲ့သည်ဟု အခိုင်အမာ ပြောဆိုနေသည်။

ဤအရာမှာ အမှန်တကယ်ကို ယုံကြည်နိုင်စရာ မရှိလွန်းလှချေ။

သို့သော် မည်သို့ပင်ဆိုစေကာမူ သူတို့သည် တုဟောက်ကို တည်ကြည်လေးနက်စွာ ကြည့်နေကြဆဲပင်။

အကယ်၍ သူသာ တာအိုတစ်ခု၏ရှေ့ပြေးပုံစံကို အမှန်တကယ် ဖန်တီးနိုင်ခဲ့မည်ဆိုပါက သူတို့အတွက်မူ ထိုအရာမှတဆင့် လေ့လာဆင်ခြင်နိုင်ရန် အမှန်တကယ်ကို တန်ဖိုးဖြတ်၍ မရနိုင်သော အရာတစ်ခု ဖြစ်ပေလိမ့်မည်။

ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။

ဤခေါင်းစဉ်မှာ အဆင့်မြင့်လွန်းနေပြီး သူတို့ သိပ်နားမလည်နိုင်ကြောင်း ခံစားလိုက်ရသည်။

သူတို့ နားမလည်နိုင်သောကြောင့်ပင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

ထိုနေရာရှိ လူများအားလုံး၏ အကြည့်များအောက်တွင်...

တုဟောက်က သူ၏တင်ဆက်မှုကို စတင်လိုက်သည်။

သူ၏ ပထမဆုံး စကားများက လူများအားလုံးကို တုန်လှုပ်သွားစေခဲ့သည်။

All Chapters