သူရဲဘောကြောင်ခြင်း တာအို
Vol. 33 Ch. 324
တုဟောက်က တည်ကြည်လေးနက်စွာ ပြောဆိုလိုက်သည်။
"ဒီတာအိုက လောကီလောကရဲ့ ပယ်ချခြင်းကို ခံရဖို့ ဖန်တီးထားတာ... အဲ့ဒါက တခြားရွေးချယ်စရာ တည်ရှိမှု တစ်ခုဖြစ်သလို အလင်းရောင်ရဲ့ လူဝင်စားမှုတစ်ခုလည်း ဖြစ်တယ်... အဲ့ဒါက တစ်ကိုယ်တည်း နေခြင်းဖြစ်သလို အထီးကျန်ခြင်းလည်း ဖြစ်တယ်... အဲ့ဒါက ထာဝရကာလတလျှောက်လုံးမှာ တစ်ခုတည်းသော အရာတောင် ဖြစ်သေးတယ်..."
ထိုစကားများက လူများအားလုံး၏စူးစမ်းလိုစိတ်ကို လုံးလုံးလျားလျား ပြင်းပြသွားစေခဲ့သည်။
သူ၏စကားများမှာ လွန်စွာအစွမ်းထက်လှသည်။
လောကီလောက၏ ပယ်ချခြင်းကိုပင် ခံရသလော....
ဤသည်မှာ ပြိုင်ဘက်ကင်းလွန်းသဖြင့် မိတ်ဆွေများပင် မရှိနိုင်တော့လောက်အောင် အစွမ်းထက်နေခြင်းဖြစ်သလောဟု သူတို့ တွေးတောမိကြ၏။
ထို့အပြင် ထာဝရကာလတလျှောက်လုံးတွင် တစ်ခုတည်းသော တည်ရှိမှုဟု ပြောဆိုခဲ့သည်။
စံချိန်စံညွှန်းများမှာ အမြင့်ဆုံးအဆင့်သို့ တိုက်ရိုက်ရောက်ရှိသွားခဲ့လေပြီ။
အကြောင်းအရင်း တစ်ခုခုကြောင့် ဤစကားများကို ကြားချိန်၌ လင်းဖုန်းက သူ၏သွေးများ ဆူပွက်လာတော့မည့်အလား ခံစားလိုက်ရပြီး မေးမြန်းလိုက်သည်။
"တတိယဂျူနီယာ... မင်း ဖန်တီးခဲ့တဲ့ ဒီတာအိုက ဘယ်လို တာအိုမျိုးလဲ..."
လူများအားလုံး၏ မျှော်လင့်တကြီး အကြည့်များအောက်တွင် တုဟောက်သည် ဆက်လက်၍ နှောင့်နှေးမနေတော့ချေ။
သူက စကားတစ်လုံးချင်းစီ ရှင်းလင်းပြတ်သားစွာ ပြောဆိုလိုက်၏။
"ငါ ဖန်တီးခဲ့တဲ့ တာအိုက... သူရဲဘောကြောင်ခြင်းတာအိုလို့ နာမည်ရတယ်..."
ထိုစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဝိုင်အရက်သောက်နေသူတိုင်း၏ မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။
သူတို့အားလုံး အရက်များကို ထွေးထုတ်လိုက်ကြသည်။
"ဖူး..."
အချိန်တခဏအတွင်း ဝိုင်းအရက်များက ရေပန်းတစ်ခုအလား ပန်းထွက်လာခဲ့သည်။
လင်းဖုန်းသည် လည်ချောင်းထဲမှ မီးခိုးများ ထွက်လာမတတ် ချောင်းဆိုးသွားပြီး မေးမြန်းလိုက်သည်။
"အဟွတ် အဟွတ်... ဂျူနီယာ ဘာပြောလိုက်တာလဲ..."
သို့သော် ဤအချိန်အခိုက်အတန့်တွင် သူသည် တခြားမည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ သူ အကြားအာရုံ မှားယွင်းသွားခြင်း ဟုတ် မဟုတ် ချက်ချင်းအတည်ပြုချင်နေခဲ့သည်။
ဘဝကိုပင် သံသယဝင်နေကြသော လူများအားလုံးကို တုဟောက်က ကြည့်လိုက်ကာ တည်ငြိမ်စွာပြုံးပြီး ပြောဆိုလိုက်၏။
"မင်းတို့ နားကြားမမှားပါဘူး... ပြီးတော့ ငါ ပြောတာလည်း မမှားဘူး... ဒီတာအိုက သူရဲဘောကြောင်ခြင်းတာအိုပဲ..."
လူတိုင်းသည် နောက်တစ်ကြိမ် အတည်ပြုပြီးနောက်...
သူတို့၏အမူအယာများ မယုံနိုင်လောက်အောင်ပင် ထူးဆန်းသွားပေ၏။
တုဟောက်က များစွာကြွားလုံးထုတ်ခဲ့ကာ သူတို့၏စူးစမ်းလိုစိတ်ကို မြင့်မားအောင် ဆွပေးခဲ့ပြီး မျှော်လင့်ချက်များကို တည်ဆောက်ပေးခဲ့သည်။
ရလဒ်ကမူ...
လောကီလောက၏ ပယ်ချခြင်းကို ခံရသည် ဆိုသည်မှာ...
အလင်းရောင်၏ လူဝင်စားမှု ဆိုသည်မှာ...
တစ်ကိုယ်တည်းနေခြင်းနှင့် အထီးကျန်ခြင်း ဆိုသည်မှာ ..
ထာဝရကာလ တလျှောက်လုံးတွင် တစ်ခုတည်းသော တည်ရှိမှု ဆိုသည်မှာ....
ဤမျှသာ ဖြစ်သလော..
ပိုင်လင်း ပြောစရာစကား မဲ့သွားခဲ့ပေ၏။
သူမကိုယ်သူမ အလွန်တုံးအသည်ဟု သူမ ခံစားလိုက်ရသည်။
တတိယ စီနီယာ၏ စရိုက်ကို သူမ ရှင်းရှင်းလင်းလင်း သိနေသည့်တိုင် မည်သည့်ကြောင့် သူ့အပေါ် မျှော်လင့်ချက်များ ထားနေမိသနည်း....
အမှန်အားဖြင့် သူမက ဘာကို မျှော်လင့်နေခဲ့သနည်း....
ကျုံးချင်က သက်ပြင်းရှည်ကြီး ချလိုက်ကာ တီးတိုးရေရွတ်လိုက်သည်။
"ဟူး..."
သူ၏တပည့်မှာ အမှန်တကယ်ပင် ကယ်တင်၍ မရနိုင်တော့ကြောင်း သူ ခံစားမိပေ၏။
ဤတပည့်သည် အလွန်အသုံးမကျ ဖြစ်နေပြီဟု သူ တွေးလိုက်မိသည်။ တပည့်အသစ်တစ်ယောက် သူ ထပ်မံ၍ ရှာဖွေသင့်သလော။
နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး၏ မျက်နှာများမှာလည်း စိမ်းဖန့်သွားသည်။
သူတို့၏ခံစားချက်များ လှည့်စားခံလိုက်ရသကဲ့သို့ သူတို့ ခံစားလိုက်ရသည်။
ဤအရာက သူတို့၏ ခံစားချက်များကို ဖြုန်းတီးလိုက်ခြင်းသက်သက် မဟုတ်လော...
လင်းဖုန်း၏လက်စွပ်ထဲရှိ အကြီးအကဲကျန်းကမူ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။
တစ်စုံတစ်ခုကို သူ ပြောချင်နေသော်လည်း နောက်ဆုံးတွင် သူ ပြောစရာစကား မဲ့နေကြောင်းကိုသာ တွေ့ရှိလိုက်ရသည်။
ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။
ဤသည်မှာ 'မဟာတာအို ဆိုသည်မှာ ရိုးရှင်းသည်' ဟူသော သဘောတရား ဖြစ်နေသလော...
မည်သည်ကြောင့် သူတို့တွင် 'ငါလည်း လုပ်နိုင်သည်' ဟူသော အထင်အမြင်လွဲမှားမှုမျိုး ဖြစ်ပေါ်နေရသနည်း...
လူများအားလုံး၏ အမျိုးမျိုးသော အမူအယယများနှင့် စိတ်ပျက်မှုများကို ကြည့်ရင်း တုဟောက်က တည်ငြိမ်စွာ ပြုံးပြီး ပြောဆိုလိုက်၏
"မင်းတို့ ဒီ သူရဲဘောကြောင်ခြင်း တာအိုကို အထင်မသေးသင့်ဘူး... ပြီးတော့ ဒီ သူရဲဘောကြောင်ခြင်း တာအိုအပေါ် ကြိုတင် ဘက်လိုက်မှုတွေ မထားပါနဲ့... ဒီအရာရဲ့ နက်နဲသိမ်မွေ့မှုက မင်းတို့ စိတ်ကူးနိုင်တာထက် ပိုတယ်..."
သူ၏ ကိုယ်ပိုင်တာအိုနှင့် ပတ်သက်လာလျှင် တုဟောက်သည် လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့သည်။
သူထံ၌ ယုံကြည်မှုရှိပြီး တည်ငြိမ်နေခဲ့သည်။
လင်းဖုန်းက ရှုံ့မဲ့နေသော အမူအယာဖြင့် မေးမြန်းလိုက်သည်။
"တတိယဂျူနီယာ... ဒီ သူရဲဘောကြောင်ခြင်းတာအိုက ဘယ်လောက်တောင် နက်ရှိုင်းပြီး ကျယ်ပြန့်လဲဆိုတာ မသိဘူး... ငါတို့ရဲ့ ရှုပ်ထွေးမှုတွေ ရှင်းသွားအောင် ရှင်းပြပေးလို့ ရမလား..."
ထိုစကားကို ကြားချိန်၌ တုဟောက်က အားရပါးရပြုံးလိုက်ကာ ပြောဆိုသည်။
"ရတာပေါ့... လူတိုင်း သိတဲ့အတိုင်း ငါတို့ရဲ့ ကျင့်ကြံခြင်းမှာ အရေးအကြီးဆုံး အရာတွေက မွေးရာပါ အရည်အချင်း ဇွဲလုံ့လနဲ့ နားလည်နိုင်စွမ်းတွေပဲ... မွေးရာပါ အရည်အချင်းနဲ့ ဇွဲလုံ့လ မရှိရင် မဟာတာအိုက ခက်ခဲဖို့ သတ်မှတ်ထားသလိုမျိုးပေါ့... အောင်မြင်မှုတွေက အကန့်အသတ် ရှိတယ်... ဒါပေမဲ့ လူတိုင်းက အခြေခံ အမှန်တရား တစ်ခုကို လျစ်လျူရှုထားကြတယ်... အဲဒါက အသက်ရှင်ခြင်းက အရာအားလုံးရဲ့ အခြေခံအုတ်မြစ်ပဲ... အသက်မရှိရင် အရာအားလုံးက အချည်းနှီး စကားတွေပဲ... အသက်ရှင်နေတဲ့ သူတွေကသာ တခြားအရာတွေကို ဆွေးနွေးခွင့် ရှိတယ်... ဒီအချက်ကို ရှုထောင့်ကနေ ကြည့်ပြီး ငါက လောကမှာ တမူထူးခြားတဲ့ သူရဲဘောကြောင်ခြင်းတာအိုကို ဖန်တီးခဲ့တာ... လောကကြီးက ငါ့ကို အသရေဖျက်တဲ့အခါ အနိုင်ကျင့်တဲ့အခါ စော်ကားတဲ့အခါ လှောင်ပြောင်တဲ့အခါ အထင်သေးတဲ့အခါ နှိမ့်ချတဲ့အခါ ငါ ဘယ်လို ရင်ဆိုင်ရမလဲ... သူ့ကို သည်းခံလိုက် အလျှော့ပေးလိုက် သူ့သဘောအတိုင်း ထားလိုက် သူ့ကို ရှောင်လိုက် ခွင့်လွှတ်လိုက် သူ့ကို လေးစားလိုက် ပြီးတော့ သူ့ကို လျစ်လျူရှုလိုက်... ဒါက သူရဲဘောကြောင်ခြင်း တာအိုရဲ့ အဓိက အနှစ်သာရပဲ... ပင်လယ်က ပိုးစာခင်း ဖြစ်သွားတဲ့အထိ သူရဲဘောကြောင်လိုက်... ကျောက်ဆောင်တွေ ဆွေးမြည့်ပြီး သမုဒ္ဒရာတွေ ခန်းခြောက်သွားသည့်တိုင်အောင် သူရဲဘောကြောင်လိုက်... အဆုံးအထိ သူရဲဘောကြောင်လိုက်... အနာဂတ်မှာ မင်းက ခေတ်တစ်ခုကို မအုပ်စိုးနိုင်ဘူး မျိုးဆက်တစ်ခုကို မဖိနှိပ်နိုင်ဘူး....ထာဝရကာလနလျှောက်လုံးမှာ တစ်ခုတည်းသော သူရဲဘောကြောင်ခြင်း တာအို ကောင်းကင်ဧကရာဇ် ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူက ပြောနိုင်မှာလဲ..."
ထိုစကားများသည် နားကွဲလုမတတ် ကျယ်လောင်နေကာ ကြီးမားသော ခေါင်းလောင်းနှင့် ဗုံသံများအလား လူတိုင်း၏နှလုံးသားများကို ရိုက်ခတ်သွားခဲ့ပေ၏။
အချိန်တခဏအတွင်း သူတို့ထံ၌ သံသယများ မရှိတော့ကာ လှောင်ပြောင်မှုများလည်း မရှိတော့ချေ။
လူများအားလုံး တုဟောက်အား မယုံနိုင်စွာ ကြည့်နေကြသည်။
စကားလုံးများသည် ဤမျှထိ သူရဲဘောကြောင်နေသော်လည်း မည်သည်ကြောင့် သူတို့သည် ကွဲပြားခြားနားသော တက်ကြွမှုတစ်မျိုး ကွဲပြားခြားနားသော မျက်စိကျိန်းလောက်သည့် တောက်ပမှု တစ်မျိုး ကွဲပြားခြားနားသော ခမ်းနားထည်ဝါမှုတစ်မျိုးကို ခံစားနေရသနည်း....
ထို့ပြင် တုဟောက်၏ ယုံကြည်ချက်မှာ အလွန်အမင်း ခိုင်မာနေကြောင်းကို သူတို့ မြင်တွေ့နိုင်ပေ၏။
ဤသည်မှာ 'တခြားသူမျာ အားလုံး မူးယစ်နေသော်လည်း ငါ တစ်ယောက်တည်းသာ သတိရှိသည်' ဟူသော အသိအမြင်ပင်။
ဤသည်မှာ 'တခြားသူများက ငါ့ရဲ့ ရူးသွပ်မှုကို ရယ်မောကြပေမဲ့ သူတို့ရဲ့ ထွင်းဖောက် မမြင်နိုင်စွမ်းကို ငါက ရယ်မောမိတယ်' ဟူသော လွတ်လပ်ပေါ့ပါးသည့် စိတ်ဓာတ်ပင်။
သူတို့ များစွာနားမလည်နိုင်သေးသော်လည်း အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။
လင်းဖုန်းက ကြက်သေသေနေပြီး ပြောဆိုလိုက်၏။
"လောကကြီးက ကျယ်ပြန့်ပြီး အံ့အားသင့်ဖို့ကောင်းတဲ့ အရာမျိုးစုံ ရှိတယ်... လောကမှာ ဒီလို တမူထူးခြားတဲ့ တာအိုမျိုး ရှိနေလိမ့်မယ်လို့ ငါ တစ်ခါမှ မထင်ခဲ့ဘူး..."
ပိုင်လင်း၏မျက်နှာ နီမြန်းနေခဲ့သည်။ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု သူမ ခံစားရသော်လည်း မည်သို့ ချေပရမည်ကို သူမ မသိခဲ့ချေ။
အမှန်အားဖြင့် ထိုစကားများကို နားထောင်ရင်း လောက၏တာအိုမှာ ဤသို့ ဖြစ်သင့်သည်ဟူသော အတွေးမျိုးပင် သူမထံတွင် ပေါက်ဖွားလာခဲ့ပေ၏။
နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးပင်လျှင် တစ်စုံတစ်ခုကို ဉာဏ်အလင်းရသွားသကဲ့သို့ တွေးတောနေသော အမူအယာများ ရှိနေကြသည်။
ဤအခြေအနေက ကျုံးချင်၏မျက်နှာကို စိမ်းဖန့်သွားစေခဲ့သည်။
သူ၏တတိယတပည့်သည် အဆိပ်အတောက်တစ်ခု ဖြစ်နေနိုင်သည်။
အကယ်၍ သူက ဤမှားယွင်းသော အယူအဆကို ဖြန့်ဖြူးပြီး အခြားတပည့်များကိုလည်း လွှမ်းမိုးသွားမည်ဆိုပါက အနာဂတ်တွင် မူဖူတောင်မှာ သူရဲဘောကြောင်ခြင်းတာအို၏ ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်လာပါက ဤသည်မှာ ကြီးမားသော ဟာသပြက်လုံးတစ်ခု ဖြစ်လာပေလိမ့်မည်။
ထိုသို့ တွေးတောပြီးနောက် ကျုံးချင်က အလျင်အမြန် ဆူပူကြိမ်းမောင်းလိုက်၏။
"မဟာတာအို သုံးထောင်မှာ သူ့အားသာချက်နဲ့သူ ရှိပြီး တစ်ခုနဲ့တစ်ခု မတူညီကြဘူး... တာအိုက အနိမ့်အမြင့် မခွဲခြားပေမဲ့ လူတွေကိုတော့ ခွဲခြားတယ်... မင်းတို့ မကြားဖူးဘူးလား... 'ငါ့ဆီက သင်ယူတဲ့သူတွေ ရှင်သန်ပြီး ငါ့ကို အတုခိုးတဲ့သူတွေ သေဆုံးတယ်' ဆိုတာကိုလေ... ဒါကြောင့် ကောလာဟလတိုင်းကို မယိမ်းယိုင်ဘဲ ကိုယ်နဲ့ ကိုက်ညီတဲ့ တာအိုကို ရှာဖို့ မင်းတို့ မှတ်ထားရမယ်..."
ဤအသံမှာ ကျယ်လောင်သော ခေါင်းလောင်းနှင့် ဗုံသံအလား လူများ၏နှလုံးသားများကို တုန်ခါသွားစေခဲ့သည်။
ထို့ပြင် ထိုစကားများ၌ ဉာဏ်အလင်းရခြင်း၏ အံ့အားသင့်ဖွယ်အရာလည်း ပါဝင်နေပုံရသည်။
လူများအားလုံး၏မျက်လုံးများကို ချက်ချင်းဆိုသလိုပင် ကြည်လင်သွားစေခဲ့သည်။
လင်းဖုန်း၏လက်စွပ်ထဲရှိ အကြီးအကဲကျန်းမှာ စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်အောင် စိတ်လှုပ်ရှားနေပြီး မှတ်သားရန် မှတ်စုစာအုပ်ငယ်လေးတစ်အုပ်ကိုပင် ထုတ်ယူလုနီးပါး ဖြစ်သွားပေ၏။
ဤသည်မှာ အင်မော်တယ်ဧကရာဇ်၏ သွန်သင်ချက်ပင်။
အင်မော်တယ်ဧကရာဇ်၏ စစ်မှန်သော စကားများကို နားထောင်ခွင့်ရခြင်းမှာ သူ မည်မျှထိ ကံကောင်းလိုက်သနည်း။
ကြီးကျယ်ခမ်းနားသော ညစာစားပွဲတစ်ခုသည် တာအိုနှင့် ပတ်သက်သော ဆွေးနွေးမှုများနှင့် သုံးသပ်မှုများကြားတွင် အဆုံးသတ်သွားခဲ့သည်။
ဤအချိန်တွင် မိုးကောင်းကင်ကြီး ခပ်ဖျော့ဖျော့ လင်းလက်နေလေပြီ။
အလင်းတန်းတစ်တန်းက တိမ်တိုက်များကို ထွင်းဖောက်လာပြီး လောကတခြမ်းကို လင်းထိန်သွားစေခဲ့ပေ၏။
လူများအားလုံး မူးယစ်နေကြလေပြီ။
ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့သည် ခြေကားယားဖြင့် ယိမ်းယိုင်ကာ လမ်းလျှောက်နေကြပြီးနောက် တံခါးခုံပေါ်တွင် လဲကျသွားကြသည်။ သူတို့သည် ချိတ်ဆွဲထားသော ဝက်အူချောင်း နှစ်ချောင်းနှင့် တူညီနေသည်။
လင်းဖုန်းသည် စားပွဲအောက်တွင် မှောက်လျက်သား ဖြစ်နေပြီး စားပွဲခြေထောက် တစ်ချောင်းကို ဖက်ကာ မိုးခြိမ်းသံအလား ဟောက်နေခဲ့ပေ၏။
စုယဲ့နှင့်ပိုင်လင်းတို့သည် စားပွဲပေါ်တွင် မှောက်ရက်သား ဖြစ်နေကြပြီး သူတို့၏မျက်နှာများ နီမြန်းနေကာ ရံဖန်ရံခါ အိပ်မက်ယောင်ကာ ရေရွတ်နေကြသည်။
နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးကမူ ခြံဝင်းအတွင်း၌ တကွဲတပြားစီ လဲလျောင်းနေကြသည်။ ပတ်ဝန်းကျင်သည် ရှုပ်ပွနေပြီး ဘေးအန္တရာယ် ကျရောက်ထားသော နေရာတစ်ခုနှင့် တူညီနေသည်။
ကျုံးချင်တစ်ယောက်တည်းသာ ခြံဝင်းထဲမှ ထွက်ခွာသွားခဲ့သည်။
လူတစ်ယောက်က ဝိုင်အရက်တစ်အိုးကိုင်ကာ မက်မွန်ပင်အောက်တွင် ဂုဏ်ယူဝင့်ကြွားစွာ မတ်တတ်ရပ်နေခဲ့သည်။
လေနုအေးလေးတစ်ချက် တိုက်ခတ်လာကာ...
ကြယ်တာရာမြစ် ရေတံခွန်အလား သူ၏ ရှည်လျားသော အနက်ရောင်ဆံပင်တချို့ကို လူးလွန့်သွားစေခဲ့သည်။
သူ၏အဖြူရောင်ဝတ်ရုံသည် လေထဲတွင် လူးလွန့်နေပြီး အင်မော်တယ်တစ်ပါးအလား သာမန်ထက် သာလွန်ထူးကဲနေပေ၏။
အရုဏ်ဦး၏ အလင်းရောင်က စိမ်းလန်းသည့် သစ်ရွက်များကို ဖြတ်သန်းကာ သူ့အပေါ်သို့ ကျဆင်းလာပြီး သာမန်ထက်လွန်ကဲသော ပေါ့ပါးမှုနှင့် ငြိမ်းချမ်းမှု ခံစားချက်ကို ပေါင်းထည့်ပေးနေခဲ့သည်။
မူဖူတောင်သည် ပန်းချီကားတစ်ချပ်အလား လှပနေပေ၏။
မည်သူမျှ မသိလိုက်ဘဲ ဤအချိန်အခိုက်အတန့်တွင် ကျုံးချင်သည် ဤတောင်တန်းများ၌ အထင်ရှားဆုံးမြင်ကွင်း ဖြစ်နေခဲ့သည်။
ရှည်လျားသော စားပွဲပေါ်တွင် မှောက်လျက်သားဖြစ်နေသော ပိုင်လင်း၏မျက်လုံးများ ဝေဝါးနေသည်။
သို့သော် အံ့အားသင့်ဖွယ် အကြည့်တစ်ချက်က သူမကို မိန်းမောသွားစေခဲ့သည်။
သူမဆရာ၏ ပုံရိပ်သည် စိမ်းလန်းသော တောင်ကြားတစ်ခုလုံးအပြင် ကောင်းကင်ရှိ တစ်ဝက်တစ်ပျက် ပုန်းကွယ်နေသော နေလုံးနီကြီးနှင့်အတူ သူမ၏စိတ်နှလုံးသားထဲရှိ အနူးညံ့ဆုံး အစိတ်အပိုင်းကို ရိုက်ခတ်သွားပေ၏။
ဤသည်မှာ သူမ၏ရိုးတွင်းခြင်ဆီများထဲအထိ စွဲထင်သွားမည့်အလားပင်။