ပိုင်လင်းအစစ် ဟုတ်ရဲ့လား
Vol. 33 Ch. 325
အချိန်များ လျှင်မြန်စွာကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်း ကျုံးချင် မူဖူတောင်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်မှာ သုံးရက်ကြာမြင့်သွားခဲ့လေပြီ။
ဤသုံးရက်တာ အချိန်က ကျုံးချင်အား ရှန်ကျန်းဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုကို ခိုင်မာစွာ နားလည်သဘောပေါက်သွားစေခဲ့သည်။
ယေဘုယျအားဖြင့် ရှန်ကျန်းဂိုဏ်းသည် အထက်မှ အောက်အထိ လုံးဝအသက်ဝင်လာခဲ့လေပြီ။
ဂိုဏ်း၌ လက်ယာအစောင့်အရှောက် အကာအကွယ်ဝင်္ကပါ ရှိလာရုံသာမက ဂိုဏ်း၏ တပည့်အရေအတွက်မှာလည်း အဆမတန် တိုးပွားလာခဲ့သည်။
အဆင့်မြင့်အဖွဲ့ဝင်များ၏ စွမ်းအားမှာလည်း နှစ်ဆ တိုးလာခဲ့ပေ၏။
ယခုအချိန်၌ ရှန်ကျန်းဂိုဏ်းကို ပထမတန်းစား ဂိုဏ်းတစ်ဂိုဏ်းအဖြစ် အမှန်တကယ် ခေါ်ဆိုနိုင်လေပြီ။
သေချာသည်မှာ ဤ 'ပထမတန်းစား' ဆိုသည်မှာ နှိုင်းယှဉ်ချက်တစ်ခုသာ ဖြစ်သည်။
မြင့်မြတ်နယ်မြေတချို့ပင်လျှင် ရှန်ကျန်းဂိုဏ်းကို မျက်နှာသာ ပေးရသည်။
ဂိုဏ်းချုပ်နှင့်အကြီးအကဲတစ်စုသည် အလွန်အမင်း အစွမ်းထက်ခြင်း မရှိသော်လည်း အရှေ့ပိုင်းဒေသ တစ်ခုလုံးတွင် သူတို့သည် သာမန်ထက် သာလွန်ထူးကဲသော နေရာတစ်ခုကို သွယ်ဝိုက်သောနည်းဖြင့် ရယူထားနိုင်ခဲ့သည်။
ရှန်ကျန်းဂိုဏ်းသည် အရှေ့ပိုင်းဒေသ၏ ပဉ္စမမြောက် မြင့်မြတ်နယ်မြေအဖြစ် မကြာမီ အဆင့်တက်လာမည်ဟု ယုံကြည်ရပြီး ဤသည်မှာ အချိန်ကိစ္စသာ ဖြစ်ပေ၏။
အချိန်ကြာလာသည်နှင့်အမျှ ကျုံးချင် မူဖူတောင်သို့ ပြန်လည်ရောက်ရှိလာသည့် သတင်း ပျံ့နှံ့သွားခဲ့သည်။
ရလဒ်အနေဖြင့် ရှန်ကျန်းဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သော ရွှမ်ယွမ်ဟုန်နှင့် အဆင့်မြင့်အဖွဲ့ဝင်များကလည်း အသီးသီး လာရောက်လည်ပတ်ခဲ့ကြသည်။
သူတို့နှင့်အတူ ကျုံးချင် ယခင်က သိမ်းသွင်းထားခဲ့သော ထျန်းယွင်ဂိုဏ်းလည်း ပါဝင်လာခဲ့ပေ၏။
အချိန်တခဏအတွင်း မူဖူတောင်တစ်ခုလုံး ထူးထူးခြားခြား စည်ကားနေပြီး လူများဖြင့် ပြည့်နှက်နေခဲ့သည်။
ခြံဝင်းငယ်လေးအတွင်း၌ လူများဖြင့် ပြည့်ကျပ်နေခဲ့ကာ...
ဘယ်ဘက်တွင် ရှန်ကျန်းဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အဆင့်မြင့်အဖွဲ့ဝင်များ ထိုင်နေကြသည်။
ညာဘက်တွင်မူ ထျန်းယွင်ဂိုဏ်း၏ဘိုးဘေး ဖြစ်သော ကောင်းရှစ်ကျီးအပြင် ကျုံးချင်၏ လက်အောက်ခံ ဖြစ်လာခဲ့သော ရှဲ့ဟောင်နှင့် တခြားသူများ ထိုင်နေကြ၏။
ကျုံးချင်နှင့်သူ၏တပည့်များကမူ စားပွဲ၏ ထိပ်ဆုံးတွင် ထိုင်နေသည်။
ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်က ပိုင်လင်းနှင့်တုဟောက် တို့ကို ကြည့်လိုက်သည်။
ထို့နောက် သူက ရယ်ပြုံးကာ ကျုံးချင်အား မေးမြန်းလေသည်။
"ဒါတွေက မင်း အသစ် လက်ခံထားတဲ့ တပည့် နှစ်ယောက်လား..."
ကျုံးချင်က ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်ပါတယ်...ဒီတစ်ခေါက် မြောက်ပိုင်းဒေသ ကို သွားတုန်းက တပည့် နှစ်ယောက် လက်ခံခဲ့တာပါ...နောက်ရက်နည်းနည်းကြာရင် သူတို့ကို ဂိုဏ်းမှာ စာရင်းသွင်းဖို့ ခေါ်လာခဲ့မယ်..."
ထိုစကားကိုကြားချိန်၌ ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်၏ အပြုံး ပိုမိုတောက်ပလာခဲ့သည်။
ကျုံးချင်၏အဆင့်အတန်းက မည်သို့ဖြစ်သနည်း...
သူသည် ပြန်ဝင်စားသော အင်မော်တယ်ဧကရာဇ်တစ်ပါးပင်။
သူ၏ ယခင်တပည့် နှစ်ဦးဖြစ်သော လင်းဖုန်း နှင့် စုယဲ့တို့သည် မယုံနိုင်လောက်အောင် မြန်ဆန်သော ကျင့်ကြံရေးအရှိန်အဟုန်ကို ပြသခဲ့ကြသည်ကို လူများအားလုံး မျက်မြင်တွေ့ခဲ့ပြီးဖြစ်သည်။
အကယ်၍ သူတို့ကို အချိန်ပေးလိုက်ပါက သူတို့ ရင့်ကျက်လာချိန်တွင် ဂိုဏ်း၏အဓိကထောက်တိုင်များ သေချာပေါက် ဖြစ်လာပေမည်။
ယခုအချိန်၌ ကျုံးချင်သည် နောက်ထပ်တပည့် နှစ်ယောက်ကို ထပ်မံ၍ လက်ခံလိုက်လေပြီ။
သူတို့၏ပါရမီသည် လင်းဖုန်းနှင့် စုယဲ့တို့၏ အမြင့်သို့ ရောက်ရှိရန် သူ မမျှော်လင့်ထားဘဲ ထက်ဝက်ခန့် ရှိလျှင်ပင် လုံလောက်နေလေပြီ။
သူ ထိုကိစ္စအပေါ် စိတ်ကျေနပ်နေပေမည်။
ဤသည်မှာ အနာဂတ်တွင် ရှန်ကျန်းဂိုဏ်း၌ ကြီးလေးသော တာဝန်များကို ထမ်းဆောင်နိုင်မည့် လူနှစ်ယောက် ထပ်မံ၍ တိုးလာမည်ဟု ဆိုလိုခြင်းပင်။
ဂိုဏ်းချုပ် ရွှမ်ယွမ်ဟုန်က မေးမြန်းလိုက်၏။
"ဒီခရီးစဉ်က ချောမွေ့ရဲ့လား..."
ယခင်မေးခွန်းက ဂိုဏ်းအတွက် အလုံးစုံ စဉ်းစားမှုကြောင့် ဖြစ်လျှင် ဤမေးခွန်းမှာ စစ်မှန်သော စိုးရိမ်ပူပန်မှု သက်သက်ကြောင့်ပင်။
သူက ဆက်လက်၍ ပြောဆိုလိုက်သည်။
"အခုက မြောက်ပိုင်းဒေသမှာ အရမ်းရှုပ်ထွေးနေပြီးတော့ ထိပ်သီးအင်အားစုကြီးလေးစု ထဲက နှစ်စုက ပျက်စီးသွားပြီ... နောက်တစ်စုကလည်း သိမ်းသွင်းခံလိုက်ရတယ်လို့ ငါ ကြားတယ်... မင်း ဘာအန္တရာယ်နဲ့မှ မကြုံခဲ့ရဘူးမလား..."
ကျုံးချင်က ပြန်ဖြေလိုက်၏။
"ဂိုဏ်းချုပ် စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ဒီခရီးစဉ်က ချောမွေ့ခဲ့ပါတယ်..."
"ဒါဆိုရင်လည်း ကောင်းတာပေါ့..."
ဂိုဏ်းချုပ် ရွှမ်ယွမ်ဟုန်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။
နှစ်ဖက်လုံးသည် ယဉ်ကျေးပျူငှာသော စကားအနည်းငယ် ဖလှယ်ခဲ့ကြ၏။
ထို့နောက် သူက သက်ပြင်းချကာ ပြောဆိုလိုက်သည်။
"ဒီလောကကြီးက အခု တကယ်ကို ယုံနိုင်စရာ မရှိတော့ဘူး... မြောက်ပိုင်းဒေသရဲ့ အစွမ်းထက်ဆုံး အင်အားစုလေးစုထဲက တစ်ခုဖြစ်တဲ့ ကြီးကျယ်ခမ်းနားတဲ့ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူကြီးကို မိန်းမငယ်လေး တစ်ယောက်က ချေမှုန်းပစ်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ...အဲဒီ ကောင်မလေး... နာမည်က ဘယ်လို ခေါ်တယ်ဆိုတာ ငါ ကြားမိပါသေးတယ်..."
အကြီးအကဲတစ်ဦးက ဝင်ရောက်ပြောဆိုသည်။
"ဂိုဏ်းချုပ်... သူ့ရဲ့နာမည်က ပိုင်လင်း ပါ..."
"ဟုတ်တယ်... ဟုတ်တယ်... အဲ့ဒီ ပိုင်လင်းပဲ...ဒီလောက် ငယ်ရွယ်တဲ့ အရွယ်မှာ သူက မြောက်ပိုင်းဒေသရဲ့ ထိပ်သီးအစွမ်းထက် ကျင့်ကြံသူတွေရဲ့ အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီးတော့ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူကို သူ တစ်ယောက်တည်းနဲ့ ဖျက်ဆီးပြီး တိုက်ပွဲ တစ်ပွဲတည်းနဲ့ ဒဏ္ဍာရီတစ်ခု ဖြစ်လာခဲ့တယ်..."
"ငါ နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့ပေမဲ့ ဒီလို ကောင်းကင်ကို ဆန့်ကျင်တဲ့ ပါရမီရှင်မျိုးကို အခုမှ ပထမဆုံးအကြိမ် ကြားဖူးတာပဲ..."
တခြားအကြီးအကဲများနှင့် ဂိုဏ်း၏အဆင့်မြင့် အဖွဲ့ဝင်များကလည်း သဘောတူကာ ထောက်ခံပြောဆိုကြ၏။
"ဟုတ်တာပေါ့..."
"ဒီ ပိုင်လင်းက အရွယ်ရောက်ကာစပဲ ရှိသေးတယ်လို့ ငါ ကြားတယ်... ဒါပေမဲ့ သူ့ရဲ့ ကျင့်ကြံမှုကတော့ ထိတ်လန့်ဖို့ ကောင်းပြီး ငါတို့ မော့ကြည့်ရုံပဲ တတ်နိုင်တဲ့ အမြင့် တစ်ခုကို ရောက်နေပြီ..."
"တကယ်ကို ကိုယ့်ထက် အစွမ်းထက်တဲ့သူ အမြဲ ရှိနေတတ်ပြီး တောင်တစ်တောင်ထက် ပိုမြင့်တဲ့ တောင်တစ်တောင် အမြဲရှိနေတာပဲ..."
"ဒီကောင်မလေးရဲ့ အနာဂတ် အောင်မြင်မှုတွေက တကယ့်ကို သာမန်ထက် လွန်ကဲလိမ့်မယ်... သူ့မှာ အင်မော်တယ်ဧကရာဇ် တစ်ပါးရဲ့ အလားအလာ သေချာပေါက် ရှိနေတယ်..."
ကျုံးချင်၏မျက်နှာပေါ်တွင် ထူးဆန်းသော အမူအယာ ထင်ဟပ်နေကာ ထိုစကားများကို နားထောင်နေခဲ့သည်။
ဂိုဏ်းချုပ်နှင့် အကြီးအကဲများသည် ယနေ့ အနည်းငယ် ထူးဆန်းနေသည်ဟု သူ မည်သည်ကြောင့် ခံစားနေရသနည်း....
သူတို့ ပြောသမျှ အရာအားလုံးမှာ သူ့ကို သွယ်ဝိုက်ပြီး သတိပေးနေသည့်အလားပင်။
အမှန်အားဖြင့် ရှန်ကျန်းဂိုဏ်း၏ အဆင့်မြင့် အဖွဲ့ဝင်များသည် ကျုံးချင်အား သွယ်ဝိုက်၍ သတိပေးနေခြင်း ဖြစ်ပေ၏။
ကျုံးချင်သည် ရှန်ကျန်းဂိုဏ်းကို တည်ငြိမ်စေသော ထောက်တိုင်ကြီးဖြစ်ကြီး ဂိုဏ်း၏ အနာဂတ်နှင့်မျှော်လင့်ချက် ပို၍ပင် ဖြစ်နေသည်။
သို့သော် သူသည် ပြန်ဝင်စားသော အင်မော်တယ်ဧကရာဇ်တစ်ပါးပင်။
သူတို့အနေဖြင့် အကြီးအကဲများ၏နေရာမှနေ၍ သူ့ကို သင်ကြား၍ မရနိုင်ချေ။
ထိုအစား သူတို့က သွယ်ဝိုက်သော နည်းလမ်းဖြင့် ပြောဆိုနေခြင်းဖြစ်သည်။
"တည်ငြိမ်အောင် နေပါ..မင်းက ပြန်ဝင်စားတဲ့ အင်မော်တယ်ဧကရာဇ် တစ်ပါးပဲ...မင်း တည်ငြိမ်နေသရွေ့ အနာဂတ်မှာ သေချာပေါက် တောက်ပလာလိမ့်မယ်...မင်း တည်ငြိမ်နေသရွေ့ လောကကြီးက မင်းအတွက် ဖြစ်လာလိမ့်မယ်..."
ပြင်ပသို့ရောက်နေချိန်တွင် ပေါ့ဆမှု မရှိစေရန်နှင့် အချိန်တိုင်း သတိထားနေရန် ကျုံးချင်ကို သတိပေးရန်အတွက် သူတို့ ကြိုးစားအားထုတ်ခဲ့ရသည်မှာ သနားစရာပင် ကောင်းလှသည်။
တစ်ချိန်တည်းမှာပင် ပိုင်လင်း၏မျက်နှာ နီမြန်းနေပေ၏။
သူမ၏ရှေ့တွင် ဤမျှထိ ချီးကျူးခံရခြင်းကာ အထူးသဖြင့် သူမကို မမှတ်မိကြသည့်အချိန်တွင် သူမအား အလွန်ရှက်ရွံ့သွားစေခဲ့သည်။
ရှန်ကျန်းဂိုဏ်း၏ အဆင့်မြင့်အဖွဲ့ဝင်များသည် မည်သည့်အချိန်၌ သူတို့ ရပ်ရမည်ကို သိထားကြသည်။
သူတို့၏ သွယ်ဝိုက်သတိပေးမှုများ လုံလောက်ပြီဟု ခံစားရချိန်၌ သူတို့ အားလုံး စကားလမ်းကြောင်း ပြောင်းလိုက်ကြသည်။
ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်က လည်ချောင်းရှင်းရန် လက်ဖက်ရည် တစ်ငုံသောက်ပြီး မေးမြန်းလိုက်သည်။
"ဒါနဲ့... မင်းရဲ့ ဒီတပည့်နှစ်ယောက် နာမည်တွေက ဘယ်လို ခေါ်လဲ..."
ဂိုဏ်းချုပ်၏မေးခွန်းကို ကြားချိန်တွင်...
ပိုင်လင်းနှင့်တုဟောက်တို့က ယဉ်ကျေးစွာ မတ်တတ်ထရပ်ပြီး သူ့ကို ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။
ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်၏စွမ်းအားသည် သူတို့နှင့် နှိုင်းယှဉ်ပါက မယုံနိုင်လောက်အောင် အားနည်းနေသော်လည်း...
သူတို့၏ဆရာက သူ့ကို လေးစားစွာ ဆက်ဆံသည်အား သူတို့ မြင်တွေ့ရသည်။
ထို့ပြင် သူတို့သည် နာမည်ခံအားဖြင့် ရှန်ကျန်းဂိုဏ်း၏တပည့်များ ဖြစ်ကြ၏။
ထိုကြောင့် သူတို့သည် ဂိုဏ်းချုပ်အား လုံလောက်သော ရိုသေလေးစားမှုကို ပြသရပေမည်။
သူတို့သည် ဦးညွှတ်နေစဉ်မှာပင် သူတို့ကိုယ်သူတို့ မိတ်ဆက်ရန် မမေ့ခဲ့ကြချေ။
ပိုင်လင်းက ပြောဆိုလိုက်၏။
"ဂိုဏ်းချုပ်ကို သတင်းပို့ပါတယ်... တပည့်ရဲ့ နာမည်က ပိုင်လင်းပါ..."
တုဟောက်ကလည်း ပြောဆိူသည်။
"ဂိုဏ်းချုပ်ကို သတင်းပို့ပါတယ်... တပည့်ရဲ့ နာမည်က တုဟောက်ပါ..."
"ဖူး..."
ပိုင်လင်းဟူသော နာမည်ကို ကြားလိုက်ရသည်နှင့် တပြိုင်နက် ဂိုဏ်းချုပ် ရွှမ်ယွမ်ဟုန် မျိုချတော့မည့် လက်ဖက်ရည်များမှာ ချက်ချင်းပန်းထွက်သွားခဲ့သည်။
သူ အသက်ရှူမှားသွားပြီး အလျင်အမြန်မေးမြန်းလိုက်သည်။
"အဟွတ် အဟွတ်... မင်း... မင်းရဲ့နာမည်က ဘယ်လို ခေါ်တယ်လို့ ပြောလိုက်တာလဲ..."
သူသည် အသက်ရှူဝအောင် လက်တစ်ဖက်ဖြင့် ရင်ဘတ်ကို ပုတ်လိုက်ပြီး တခြားလက်တစ်ဖက်ဖြင့် ပိုင်လင်းကို လက်ညှိုးထိုးကာ မေးမြန်းလိုက်၏။
သူ၏မျက်နှာ နီမြန်းနေကာ သူ၏မျက်လုံးများမှာ ပြူးကျယ်နေပြီး ကျွတ်ထွက်တော့မည့်အလား ဖြစ်နေသည်။
လက်ရှိနေရာရှိ လူများအားလုံးသည်လည်း ထပ်တူထပ်မျှ အံ့အားသင့်နေကြသည်။
သူတို့တစ်ဦးချင်းစီသည် သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်နေပြီး သူတို့၏ နှလုံးသားများထဲတွင် အဆုံးမဲ့ တုန်လှုပ်မှု လှိုင်းလုံးကြီးများ ရိုက်ခတ်နေပေ၏။
ထိုအခြေအနေကို မြင်တွေ့ချိန်၌ ပိုင်လင်းသည် သူမ၏နာမည်ကို ထပ်ပြောရန်မှလွဲ၍ တခြား ရွေးချယ်စရာ မရှိတော့ချေ။
"ဂိုဏ်းချုပ်ကို သတင်းပို့ပါတယ်... တပည့်ရဲ့ နာမည်က ပိုင်လင်းပါ..."
ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်သည် အတည်ပြုချက်ကို ထပ်မံ၍ ကြားရပြီးနောက်တွင်ပင် မယုံကြည်နိုင်သေးချေ။
"ပိုင်လင်းလား...အမှန်ပဲလား..."
သူက ချက်ချင်းဆိုသလိုပင် စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
ထိုမေးခွန်းက ပိုင်လင်းကို ပြောစရာစကား မဲ့သွားစေခဲ့သည်။
ပိုင်လင်းဆိုတာ ပိုင်လင်းပဲလေ... တကယ် ဟုတ်တယ် မဟုတ်ဘူးဆိုတဲ့ ကွာခြားချက် ရှိလို့လား.
.
ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်သည်လည်း သူ၏ မေးခွန်းတွင် ပြဿနာရှိနေကြောင်း ခံစားလိုက်ရသည်။
သူက တုန်ရီနေသော အသံဖြင့် ပြန်လည်၍ မေးမြန်းလိုက်သည်။
"မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူကို ချေမှုန်းခဲ့တဲ့ ပိုင်လင်းလား..."
ပိုင်လင်းက ခေါင်းညိတ်ပြလိုက်၏။
အတည်ပြုချက် ရရှိသွားချိန်၌ ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်၏မျက်နှာ ခရမ်းချဉ်သီးအလား နီမြန်းသွားခဲ့သည်။
သူ လုံးဝစိတ်ဂဏာမငြိမ် ဖြစ်သွားခဲ့သည်။
အချိန်အတော်ကြာပြီးနောက် သူ၏ဂန္ထဝင် စကားစုလေး ပြန်လည်၍ ထွက်ပေါ်လာခဲ့သည်။
"အိုး ဘုရားရေ..."
သူ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားခဲ့ကြောင်း သိသာထင်ရှားသည်။
သူသည် မူလက ပိုင်လင်း၏ နာမည်ကြီးလာမှုကို အသုံးပြု၍ ကျုံးချင်အား သွယ်ဝိုက် သတိပေးရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။ အင်မော်တယ်ဧကရာဇ် တစ်ပါး ဝင်စားသည်ဖြစ်စေကာမူ သူ အပြည့်အဝ မရင့်ကျက်မီ ဤလောကတွင် မရေမတွက်နိုင်သော ပါရမီရှင် များ ရှိနေပြီး သူ့ကို ခြိမ်းခြောက်နိုင်သူ တစ်ယောက်ယောက် မရှိနိုင်ဟု အာမမခံနိုင်ကြောင်းကို ပြောလိုခြင်း ဖြစ်ပေ၏။
ကျုံးချင်ကို သတိပေးရန် ပိုင်လင်းကို ဥပမာတစ်ခုအနေဖြင့်ပင် သူ အသုံးပြုခဲ့သည်။
သူ လုံးဝမမျှော်လင့်ထားခဲ့သည်မှာ....
သူ အသုံးပြုခဲ့သော ဥပမာသည် ကျုံးချင်၏ တပည့်အဖြစ် တိုက်ရိုက်လက်ခံထားသူ ဖြစ်နေခဲ့ခြင်းပင်။
ဤအရာကို သူ ကြိုတင်ကာကွယ်ရန် မဖြစ်နိုင်ချေ။
ယခင်က ကျုံးချင် လက်ခံမည့် တပည့်များမှာ ပထမနှင့်ဒုတိယတပည့်များ၏ ကျင့်ကြံရေးပါရမီ ထက်ဝက်ခန့် ရှိလျှင်ပင် လုံလောက်ပြီဟု သူ ထင်မှတ်ထားခဲ့ခြင်းမှာ ရယ်စရာပင် ကောင်းလှသည်။
ဘယ်သူက သိမှာလဲ...
ဤသည်မှာ 'လုံလောက်ပြီ' ဆိုသည့် ပြဿနာ မဟုတ်တော့ချေ။
ဤသည်မှာ သူတို့ မသိနိုင်သော အဆင့်များစွာအထိ ကျော်လွန်သွားခြင်း ဖြစ်ပေ၏။
အချိန်တခဏအတွင်း ရှန်ကျန်းဂိုဏ်းအတွက် တစ်ဘဝလုံး ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့သော အဘိုးအို၏မျက်နှာမှာ ပုတ်သင်ညို တစ်ကောင်အလား ဖြစ်နေခဲ့သည်။
အချိန်တခဏတွင် စိမ်းသွားလိုက် နီသွားလိုက်ဖြစ်ကာ နောက်တခဏတွင် ခရမ်းရောင် ဖြစ်သွားလိုက်နှင့်...
ဒါက ဘယ်လောက်တောင် အံ့အားသင့်စရာကောင်းတဲ့ ပြဇာတ်ဆန်မှုမျိုးလဲ....