← Chapters

အရှေ့ပိုင်းဒေသ တစ်ခုလုံးကို သိမ်းပိုက်ခြင်း

Vol. 33 Ch. 326

အရှေ့ပိုင်းဒေသ တစ်ခုလုံးကို သိမ်းပိုက်ခြင်း

Vol. 33 Ch. 326

မူဖူတောင်...

ခြံဝင်းအတွင်း....

လူများအားလုံးသည် ပိုင်လင်း၏အဆင့်အတန်းကြောင့် အလွန်အမင်း အံ့အားသင့်တုန်လှုပ်သွားခဲ့သည်။

ဤကိစ္စမှာ လွန်စွာအဓိပ္ပာယ်မဲ့လွန်းသည်ဟု သူတို့အားလုံး ခံစားမိပေ၏။

ဘယ်သူက မြင်ဖူးလို့လဲ...

ဂိုဏ်းချုပ်ထက် ကျင့်ကြံဆင့် ပို၍မြင့်မားသော တပည့်တစ်ဦးကို မည်သည့်ဂိုဏ်းက လက်ခံသနည်း...

ထို့အပြင် ဤအဆင့်ကွာခြားချက်မှာ အနည်းငယ်မျှသာ မဟုတ်ဘဲ ဂိုဏ်းချုပ် ပင်လျှင် သူမကို မော့ကြည့်ရုံသာ တတ်နိုင်သည့် အတိုင်းအတာအထိ ဖြစ်နေသည်။

ဤသည်မှာ အမှန်တကယ်ကို အဓိပ္ပါယ်မရှိလှချေ။

သို့သော် ကျုံးချင်၏အဆင့်အတန်းကို တွေးတောမိချိန်၌....

အဓိပ္ပာယ်အမဲ့ဆုံး အရာများပင်လျှင် လက်ခံနိုင်စရာ မရှိသည်အထိ မဖြစ်တော့ကြောင်း သူတို့ ခံစားလိုက်ရသည်။

လူများအားလုံးသည် ကျုံးချင်ကြောင့် အကြိမ်ပေါင်းများစွာ ထိတ်လန့်တုန်လှုပ်ခဲ့ရသဖြင့် သူတို့၏ စိတ်ပိုင်းဆိုင်ရာ လက်ခံနိုင်စွမ်းမှာ ယခုအချိန်၌ ယခင်ကထက် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ပို၍အားကောင်းနေလေပြီ။

လူများအားလုံးသည် သူတို့၏ လှိုင်းထနေသော ခံစားချက်များကို တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။

ထို့နောက် သူတို့က တုဟောက်ကို ကြည့်လိုက်ကြ၏။

ပိုင်လင်းသည် ဤမျှထိ မိုးကောင်းကင်ကို ဆန့်ကျင်နိုင်စွမ်း ရှိနေလျှင် ဤလူငယ်လေးထံတွင်လည်း မည်သည့်အရာများ ထူးခြားနေသနည်း...

တုဟောက်သည် သူတို့၏ စူးစိုက်ကြည့်နေသော အကြည့်များကို မြင်တွေ့ချိန်၌ သူ တောင့်မခံနိုင်တော့ကြောင်း သူ၏စိတ်ထဲမှ အော်ဟစ်လိုက်မိသည်။ သူတို့ မည်သို့တွေးတောနေသည်ကို သဘာဝကျစွာပင် သူ နားလည်လိုက်၏။

သူက ချက်ချင်းဆိုသလိုပင် သူ၏လက်ကို ဝှေ့ယမ်းကာ ပြောဆိုလိုက်သည်။

"ဂိုဏ်းချုပ်... ကျွန်တော့်ကို အဲ့ဒီလို မကြည့်ပါနဲ့...စတုတ္ထဂျူနီယာလေးနဲ့ ယှဉ်ရင် ကျွန်တော့်မှာ တကယ့်ကို ဘာမှ ထူးချွန်တာ မရှိပါဘူး... ကောင်းကင်နက်နဲသိမ်မွေ့ နယ်ပယ် ကျင့်ကြံမှုလောက်ပဲ ရှိတာပါ..."

တုဟောက်သည် အရက်မသောက်ရချိန်တွင် လွန်စွာသိုသိုသိပ်သိပ်နေတတ်ပြီး သူ၏စစ်မှန်သော စွမ်းအားကို ဖုံးကွယ်ရာတွင် အလွန် ကျွမ်းကျင်ပေ၏။

သူသည် မူလက မြေကမ္ဘာနက်နဲသိမ်မွေ့ နယ်ပယ် ကျင့်ကြံမှုသာ ရှိကြောင်း ပြောရန် ရည်ရွယ်ခဲ့သည်။

သို့သော် ထို့နောက် သူ တွေးလိုက်မိသည်မှာ အကယ်၍ သူ အလွန်အားနည်းနေမည်ဆိုလျှင် သူ့ဆရာ၏နာမည်ကို အမည်းစက် ထင်သွားစေမည် မဟုတ်လော...

ထို့ကြောင့် သူသည် အနည်းငယ် ရှက်ရွံ့စွာဖြင့် သူ၏ကျင့်ကြံဆင့်ကို ထုတ်ပြောလိုက်ခြင်း ဖြစ်ပေ၏။

မည်သို့ပင်ဆိုစေကာမူ ပိုင်လင်း၏ ယန်သုံးပါးနယ်ပယ် ကျင့်ကြံမှုနှင့် နှိုင်းယှဉ်ပါက သူ၏ ကောင်းကင်နက်နဲသိမ်မွေ့ နယ်ပယ်မှာ အမှန်တကယ်ပင် အနည်းငယ် အထင်ကြီးစရာ မကောင်းသကဲ့သို့ ထင်ရသည်။

သို့သော် ဤစကားများက လူအုပ်ကြီး၏ နှလုံးသားထဲတွင် တခြားမုန်တိုင်းတစ်ခုကို ဖြစ်ပွားသွားစေသည်အား သူ မသိခဲ့ချေ။

ကောင်းကင်နက်နဲသိမ်မွေ့ နယ်ပယ်...

ဤနယ်ပယ်မှာ အရှေ့ပိုင်းဒေသ တစ်ခုလုံးကို ကြည့်လိုက်မည်ဆိုပါက မရေမတွက်နိုင်သော နှစ်ပေါင်းများစွာကြာအောင် ထွက်ပေါ်မလာခဲ့ချေ။

ထိုသို့ဆိုသည့်တိုင် ယခုအချိန်၌ ကျုံးချင် လက်ခံလိုက်သော တပည့်တစ်ဦးမှာ အမှန်တကယ်ကို ကောင်းကင်နက်နဲသိမ်မွေ့ နယ်ပယ် ကျင့်ကြံသူတစ်ဦး ဖြစ်နေပေ၏။

ပြီးတော့ မင်းရဲ့ ကျင့်ကြံဆင့်အကြောင်း ပြောတဲ့အချိန်မှာ အဲ့ဒီ ရှက်ရွံ့နေတဲ့ အမူအယာက ဘာသဘောလဲ...

မင်းရဲ့ အသက်အရွယ် ဒီလို အောင်မြင်မှုတွေနဲ့တောင် မင်းက ဒီလို ပြုမူနေသေးတာလား...

ဒါဆို ငါတို့က ဘာလုပ်ရမှာလဲ...

လူများအားလုံး၏စိတ်နှလုံးသားများ စတင်၍ ဗလောင်ဆူလာတော့သည်။

သူတို့သည် အကြီးအကဲဖြစ်သည့်တိုင် တပည့်များကို တွေ့ရန် မျက်နှာမရှိတော့သကဲ့သို့ သူတို့၏ နှစ်ပေါင်းများစွာ ကျင့်ကြံမှု အားလုံးမှာ အချည်းနှီး ဖြစ်သွားသကဲ့သို့ ပြင်းထန်သော ရှက်ရွံ့မှုတစ်မျိုးကို သူတို့ ခံစားလိုက်ရသည်။

ကျုံးချင်သည် သူတို့ကိုယ်သူတို့ သံသယဝင်ခြင်းထဲသို့ ကျဆင်းသွားသော ရှန်ကျန်းဂိုဏ်းမှ အဆင့်မြင့်အဖွဲ့ဝင်များအုပ်စုကို လွန်စွာစိတ်ဝင်စားစွာဖြင့် ကြည့်နေပေ၏။

ကောင်းလိုက်တာ...

သူတို့ရဲ့အမူအယာတွေ ပြောင်းလဲသွားတာကို ကြည့်ရတာ ဘယ်လောက် စိတ်ဝင်စားစရာ ကောင်းတယ်ဆိုတာ ငါ ဒီနေ့မှ သိလိုက်ရတော့တယ်...

ဒီနေ့ မူဖူတောင်မှာ အံ့အားသင့်စရာကောင်းတဲ့ မျက်နှာအမူအယာ ပြောင်းလဲတဲ့ ပွဲတော်တစ်ခု ကျင်းပနေသလိုပဲ...

နောက်ပြောင်မှုများကို ဘေးဖယ်ထားလိုက်လျှင် သူ၏အကြည့်က ထျန်းယွင်ဂိုဏ်းဘိုးဘေးဖြစ်သော ကောင်းရှစ်ကျီးထံသို့ ကျရောက်သွားခဲ့သည်။

ဤအချိန်အခိုက်အတန့်တွင် ကောင်းရှစ်ကျီး၏ မျက်နှာအမူအယာ အနည်းငယ် တည်ကြည်လေးနက်နေပြီး စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေပုံရသည်။

သူသည် အံ့အားသင့်တုန်လှုပ်မှုများကို ပြသခဲ့သော်လည်း သူ၏မျက်ခုံးများတွင်မူ ဝမ်းနည်းမှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေပေ၏။

ဤသည်က သူ သိမ်းသွင်းထားခဲ့သော အင်အားစုတစ်ခု ဖြစ်သောကြောင့် ဤအရာကို မြင်တွေ့ချိန်၌ ကျုံးချင်က သဘာဝကျစွာဖြင့် မေးမြန်းရပေမည်။

"ရှောင်ကောင်း... ဒီနေ့ မင်း ငါ့ဆီကို တစ်ခုခု အကူအညီ တောင်းဖို့ လာတာလား..."

ထိုစကားကိုကြားချိန်၌ ကောင်းရှစ်ကျီးက ချက်ချင်းဆိုသလိုပင် သူ၏မျက်နှာအမူအယာကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်၏။

"အရှင့်ကို သတင်းပို့ပါတယ်... ကျွန်တော့်မှာ အရှင့်ကို အသိပေးချင်တဲ့ အရေးကြီးကိစ္စတစ်ခု တကယ် ရှိနေပါတယ်..."

သူက သူ၏စကားလုံးများကို ဂရုတစိုက် ရွေးချယ်ကာ ပြောဆိုလိုက်သည်။

"မကြာသေးခင်က အရှေ့ပိုင်းဒေသမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုတစ်ခု ပေါ်လာတယ်...သူတို့က အရှေ့ပိုင်းဒေသရဲ့ တောင်ဘက်ခြမ်းကို အခြေစိုက်စခန်းအဖြစ် ယူပြီးတော့ နယ်မြေ အများအပြားကို သိမ်းပိုက်ခဲ့တယ်...သူတို့ရဲ့ ထွက်ပေါ်လာမှုက အရမ်းမြန်ဆန်ပြီး သူတို့ရဲ့အင်အားကလည်း ကြီးမားတယ်..."

"လဝက်လောက် အချိန်တိုလေးအတွင်းမှာ သူတို့က ပထမတန်းစားဂိုဏ်း တော်တော်များများကို ချေမှုန်းပစ်ခဲ့ပြီ..."

"ပြီးတော့ အခု ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုက အင်အားကို မြန်မြန်ဆန်ဆန် ချဲ့ထွင်နေတယ်..."

"လောလောဆယ်မှာ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစု သိမ်းပိုက်ထားတဲ့ နယ်မြေက ကျွန်တော်တို့ထျန်းယွင်ဂိုဏ်းနဲ့ သိပ်မဝေးတော့ဘူး...အရှင်ရဲ့ လက်အောက်ခံဖြစ်တဲ့ ကျွန်တော်က ဒီအင်အားစုကို စုံစမ်းဖို့ နေမင်းနက်နဲသိမ်မွေ့ နယ်ပယ် အစွမ်းထက်ကျင့်ကြံသူတချို့ကို စေလွှတ်ခဲ့ဖူးတယ်... ဒါပေမဲ့ အဲ့ဒီလူတွေက နောက်ဆုံးမှာ ပင်လယ်ထဲ ကျသွားတဲ့ ကျောက်ခဲတွေလိုမျိုး ဘာသတင်းမှ မရတော့ဘဲ ပျောက်ကွယ်သွားခဲ့တယ်..."

"တစ်ဖက်လူက သတင်းထုတ်ပြန်ထားပြီးပြီ... ကျွန်တော်တို့ ထျန်းယွင်ဂိုဏ်းကို လက်နက်ချဖို့ သုံးရက်အချိန်ပေးထားတယ်... အဲ့ဒီလိုမှ မဟုတ်ရင် သူတို့က လူတွေ ခေါ်လာပြီး ကျွန်တော်တို့ထျန်းယွင်ဂိုဏ်းကို ဖျက်ဆီးပစ်လိမ့်မယ်..."

ထိုစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ကျုံးချင်၏မျက်လုံးများထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ရပ် ထွက်ပေါ်လာခဲ့ပေ၏။

အရှေ့ပိုင်းဒေသ၏ အင်အားဖွဲ့စည်းပုံမှာ တခြားဒေသများနှင့် နှိုင်းယှဥ်ကြည့်ပါက အလွန်တည်ငြိမ်သည်။

ဤရုတ်တရက် ထွက်ပေါ်လာသော အင်အားစုသည် ဤမျှအချိန်တိုတိုလေးအတွင်း လျင်မြန်စွာ ထွက်ပေါ်လာနိုင်ခြင်းမှာ...

သိသာထင်ရှားစွာပင် ဤသည်က မြစ်ကို ဖြတ်ကူးလာသော နဂါးတစ်ကောင် ဖြစ်ပေမည်။

ကောင်းရှစ်ကျီး ဤမျှထိ ဒုက္ခရောက်နေပုံ ပေါက်နေခြင်းမှာ အံ့အားသင့်စရာ မဟုတ်ချေ။

တစ်ဖက်လူက ပထမတန်းစား အင်အားစု အမြောက်အများကို ဆက်တိုက်ဖျက်ဆီးနိုင်သည်ဆိုသည့် အချက်လေးတစ်ချက်တည်းကပင် ထျန်းယွင်ဂိုဏ်း ခုခံနိုင်စွမ်း ရှိသည့် အရာမျိုး မဟုတ်ကြောင်း ပြသနေပေ၏။

ထိုသို့ တွေးတောလိုက်ပြီး...

သူက ပိုင်လင်းကို ကြည့်လိုက်သည်။

"တပည့်... မင်း သွားပြီး ထျန်းယွင်ဂိုဏ်းအတွက် ဒီဘေးဒုက္ခကို ဖြေရှင်းပေးချင်လား..."

ပိုင်လင်းသည် အနည်းငယ်မျှ တွန့်ဆုတ်မနေခဲ့ချေ။

"ဆရာ... တပည့် သွားချင်ပါတယ်..."

ထိုစကားကိုကြားချိန်၌ ကောင်းရှစ်ကျီး၏မျက်နှာတွင် ရူးသွပ်လုမတတ် ဝမ်းသာမှုများ ထင်ဟပ်လာခဲ့သည်။

သူတို့သည် ကျုံးချင်၏လက်အောက်သို့ ရောက်ရှိလာစဥ်ကတည်းက ယခင် အရှေ့ပိုင်းဒေသ၏ မြင့်မြတ်နယ်မြေငါးခုအနက်မှ တစ်ခုဖြစ်သော အတိုင်းအဆမဲ့တောင်ကို ဖျက်ဆီးစဉ်ကသာ သူတို့ အကျိုးပြုနိုင်ခဲ့ခြင်းဖြစ်သည်။

သူတို့ အကျိုးပြုခဲ့သည်ဟု ဆိုခြင်းထက် ပို၍တိကျစွာ ပြောရလျှင် သူတို့သည် သေးငယ်သော အခန်းကဏ္ဍမှသာ ပါဝင်ခဲ့ခြင်း ဖြစ်ပေ၏။

သို့သော် သူတို့အပေါ် ကျုံးချင်၏သနားကြင်နာမှုနှင့် နှိုင်းယှဉ်ပါက ဤသေးငယ်သော ကြိုးစားအားထုတ်မှုမှာ လုံးဝအရေးမပါလှချေ။

ဤတစ်ကြိမ် သူ ကျုံးချင်ထံသို့ အကူအညီ လာတောင်းချိန်တွင် သူ၏စိတ်နှလုံးသားအတွင်း၌ အမှန်တကယ်ကို စိုးရိမ်ပူပန်နေခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ အရှင်သည် သူတို့အပေါ် များစွာရင်းနှီးမြှုပ်နှံထားခဲ့သော်လည်း သူတို့သည် များစွာမကူညီနိုင်ခဲ့သည့်အပြင် ကြိုးစားအားထုတ်မှုလည်း မပြနိုင်ခဲ့ချေ။

ယခုအချိန်၌ သူတို့သည် အရှင်ကို ထပ်မံ၍ ဒုက္ခပေးရအုံးပေမည်။

အကယ်၍ သူသာ အရှင့်ကို စိတ်အလိုမကျ ဖြစ်စေခဲ့မည်ဆိုပါက သူ၏အပြစ်မှာ အလွန်ကြီးမားသွားပေမည်။

သို့သော် သူ လုံးဝမမျှော်လင့်ထားခဲ့သည်မှာ...

အရှင်သည် အပြစ်တင်သည့် အရိပ်အယောင် မပြသရုံသာမက စကားတစ်ခွန်းမျှ မဆိုဘဲ ပိုင်လင်းကို တိုက်ရိုက်စေလွှတ်လိုက်ခြင်းပင်။

ဤသည်မှာ မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူ တစ်ခုလုံးကို တစ်ယောက်တည်းဖြင့် ရင်ဆိုင်တိုက်ခိုက်ခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် တည်ရှိမှုတစ်ခုပင်။

သူမ လှုပ်ရှားလိုက်မည်ဆိုပါက ဤကိစ္စ ပြီးပြတ်သွားပေမည်။

ထိုသို့ တွေးလိုက်မိချိန်၌ ကောင်းရှစ်ကျီးသည် ကျေးဇူးတင်စွာဖြင့် အလျှင်အမြန် ဦးညွှတ်လိုက်သည်။

"အရှင်ကို ကျေးဇူးတင်ပါတယ်... သခင်မလေး ပိုင်လင်းကိုလည်း ကျေးဇူးတင်ပါတယ်..."

ကျုံးချင်က မြေပြင်ပေါ်တွင် ဒူးထောက်နေသော ကောင်းရှစ်ကျီးကို ကြည့်ပြီး လက်ဝှေ့ယမ်းကာ သူ့ကို ပြန်လွှတ်လိုက်၏။

အမှန်တိုင်း ပြောရလျှင် သူ၏လက်ရှိစွမ်းအားဖြင့်ဆိုလျှင် ထျန်းယွင်ဂိုဏ်းမှ သူ့ကို ပေးစွမ်းနိုင်သော အကူအညီမှာ လျစ်လျူရှုထားနိုင်လောက်အောင်ပင် နည်းပါးလွန်းသည်။

သို့သော် ထျန်းယွင်ဂိုဏ်းသည် သူ့ကို သူတို့၏အရှင်သခင်အဖြစ် သတ်မှတ်ထားသည်ကိုကြည့်လျှင် ခွေးတစ်ကောင်ကို ရိုက်မည်ဆိုပါက ပိုင်ရှင်ကို ကြည့်သင့်သည်ဟု ဆိုကြသည် မဟုတ်လော....

တစ်ဖက်လူသည် ထျန်းယွင်ဂိုဏ်းကို အညံ့ခံရန် တောင်းဆိုလာသဖြင့် ကျုံးချင်က သဘောတူမည် မဟုတ်ချေ။

မည်သို့ပင်ဆိုစေကာမူ အိမ်သာသုံးစက္ကူတစ်ရွက်ပင်လျှင် သူ့အသုံးဝင်မှုနှင့်သူ ရှိနေသေးသည် မဟုတ်လော...

ထျန်းယွင်ဂိုဏ်းသည် သူ့အတွက် ဘာမှမထူးခြားလှချေ။

သို့သော် အနာဂတ်တွင် ရှန်ကျန်းဂိုဏ်း၏အင်အားကို ပေါင်းစည်းရန်နှင့် အားကောင်းစေရန်အတွက် ထားရစ်ခဲ့သည်ဖြစ်စေ သို့မဟုတ် သူ၏တပည့်များ အမိန့်ပေးနိုင်ရန် ထားရစ်ခဲ့သည်ဖြစ်စေ ဤသည်ကို သင့်လျော်သော လက်ဆောင်တစ်ခုအဖြစ် သတ်မှတ်နိုင်ပေမည်။

ထို့ကြောင့် ကျုံးချင်အတွက် သူတို့ကို ရန်သူတချို့ ရှင်းလင်းပေးရန်မှာ ကိစ္စမရှိချေ။ မည်သို့ပင်ဆိုစေကာမူ ဤသည်က သူ၏လက်တစ်ချောင်းမလိုက်ရုံမျှ လွယ်ကူသော ကိစ္စတစ်ရပ်သာ ဖြစ်ပေ၏။

…

တခြားတစ်ဖက်တွင်...

ခမ်းနားထည်ဝါသော ခန်းမကြီးတစ်ခု အတွင်း၌....

လူတစ်စု စုဝေးနေကြသည်။

ဤလူများသည် အစိမ်းရောင်ဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး သူတို့တစ်ဦးချင်းစီထံမှ သာမန်ထက် လွန်ကဲသော အရှိန်အဝါများ ထွက်ပေါ်နေကာ ကြီးမားသော ခွန်အားများကို ပိုင်ဆိုင်ထားကြ၏။

အနည်းဆုံးအနေဖြင့် အရှေ့ပိုင်းဒေသတစ်ခုလုံးအတွက် သူတို့သည် အလွန်အစွမ်းထက်သော တည်ရှိမှုများပင်။

ဤလူများသည် အခြားသူများမဟုတ်ဘဲ မြောက်ပိုင်းဒေသမှ ထွက်ပြေးလာခဲ့ကြသော အစိမ်းရောင်နတ်ဆိုး သွေးမျိုးဆက်ပင်။

ဤအချိန်အခိုက်အတန့်တွင်...

ခန်းမကြီး အတွင်း၌...

အစိမ်းရောင်နတ်ဆိုး ခေါင်းဆောင်ဖြစ်သူ ဝမ်ချန်သည် နဂါးပုံစံများ ထွင်းထုထားသော အနက်ရောင် ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်နေခဲ့သည်။

သူ၏အောက်တွင်...

အစိမ်းရောင်နတ်ဆိုးသွေးမျိုးဆက်၏ အဆင့်မြင့်အကြီးအကဲများအားလုံး စုဝေးနေကြသည်။

"ခေါင်းဆောင်... ခင်ဗျားမှာ တကယ့်ကို ကြိုတင် သိမြင်နိုင်မှု ရှိတာပဲ..အခု မြောက်ပိုင်းဒေသမှာ အရမ်းရှုပ်ထွေးနေတယ်... ပိုင်လင်းက အစစ်အမှန်နတ်ဆိုးအမွေအနှစ်ကို ရသွားပြီးတော့ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူတစ်ခုလုံး တိုက်ပွဲမှာ သေဆုံးသွားခဲ့ကြတယ်..."

"တကယ်လို့ ခေါင်းဆောင်ကသာ ငါတို့ကို စောစောစီးစီး ဆုတ်ခွာဖို့ လမ်းညွှန်မပေးခဲ့ရင် ငါတို့ အစိမ်းရောင်နတ်ဆိုး သွေးမျိုးဆက်လည်း တခြားအင်အားစုတွေလိုပဲ သေချာပေါက် ကျဆုံးသွားလိမ့်မယ်လို့ ငါ စိုးရိမ်မိတယ်..."

အကြီးအကဲ တစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်ပြီး သူ၏စကားများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေခဲ့သည်။

တစ်ချိန်တည်းမှာပင် သူသည် ခေါင်းဆောင်ဝမ်ချန်အပေါ် နက်ရှိုင်းသော ကျေးဇူးတင်မှုကို ပြသခဲ့သည်။

ဝမ်ချန်က အပြုံးနှင့် ပြောဆိုလိုက်၏။

"ကောင်းကင်ဘုံက ငါတို့ အစိမ်းရောင်နတ်ဆိုး သွေးမျိုးဆက်ကို မပျက်စီးစေချင်သေးလို့ အကျပ်အတည်းကို ကြိုသိပြီး သေဘေးကနေ ရှောင်လွှဲခွင့် ပေးခဲ့တာပါ...အားလုံးပဲ... အခုကစပြီး မင်းတို့ကိုယ် မင်းတို့ အစိမ်းရောင်နတ်ဆိုး သွေးမျိုးဆက်လို့ မိတ်မဆက်ရတော့ဘူး.."

"ပြီးတော့ မင်းတို့က ငါ့ရဲ့နောက်ကို လိုက်ဖို့ ရွေးချယ်ခဲ့ပြီဆိုမှတော့ သဘာဝကျကျပဲ ငါက မင်းတို့အားလုံးကို တခြားအထွတ်အထိပ် တစ်ခုဆီ ခေါ်သွားပေးမယ်..."

"ဒီ အရှေ့ပိုင်းဒေသရဲ့ အလုံးစုံ ခွန်အားက အားနည်းပေမဲ့ နယ်မြေက ကျယ်ပြန့်တယ်... ဒါက ငါတို့ရဲ့ စွမ်းရည်တွေကို အပြည့်အဝ ပြသပြီး ဂုဏ်ကျက်သရေ အသစ်တွေကို ဖန်တီးခွင့် ပေးလိမ့်မယ်..."

"ငါတို့ရဲ့ ရည်မှန်းချက်က လာမယ့် သုံးလအတွင်း အရှေ့ပိုင်းဒေသ တစ်ခုလုံးကို သိမ်းပိုက်ဖို့ပဲ..."

All Chapters