ရန်ငြိုး ဖြေရှင်းပြီးပြီ
Vol. 33 Ch. 327
အဓိက ခန်းမကြီး အတွင်း၌...
အစိမ်းရောင်နတ်ဆိုးခေါင်းဆောင် ဝမ်ချန်၏ စကားသံများက မိုးခြိမ်းသံအလား ထွက်ပေါ်လာပြီး ခွန်အားများ ရည်မှန်းချက်များဖြင့် ပြည့်နှက်နေသည်။
လာမည့် သုံးလအတွင်း အရှေ့ပိုင်းဒေသ တစ်ခုလုံးကို သိမ်းပိုက်မည်ဟု သူက ကြွားလုံးထုတ်ခဲ့သည်။
ထိုစကားက လူများအားလုံး၏သွေးများကို ဆူပွက်သွားစေပေ၏။
သူတို့သည် မြောက်ပိုင်းဒေသမှ သနားစရာ ကောင်းလောက်အောင် ထွက်ပြေးလာခဲ့ရသော်လည်း အရှေ့ပိုင်းဒေသတွင်မူ သူတို့၏စွမ်းအားကို လွှမ်းမိုးနိုင်စွမ်းရှိသည်ဟု အပြည့်အဝ ခေါ်ဆိုနိုင်သည်။
သူတို့သည် အရှေ့ပိုင်းဒေသ တစ်ခုလုံးတွင် တစ်ဦးတည်းသောအုပ်စိုးသူ ဖြစ်လာကြပေမည်။
ဤအခြေအနေကို တွေးတောမိချိန်၌ လူများအားလုံးသည် စိတ်ကြွဆေး သောက်ထားရသကဲ့သို့ မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားနေကြသည်။
ဝမ်ချန်က သူတို့၏အမူအယာများကို မြင်တွေ့ချိန်၌ တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။
သူတို့၏စိတ်နှလုံးသားများကို ဆွဲဆောင်ဖြင့် သူ အသုံးချ၍ ရနိုင်သည်။
ထို့နောက် သူက ကြည်လင်ပြတ်သားသော အသံဖြင့် ချက်ချင်းအော်ဟစ်လိုက်၏။
"အခု ချက်ချင်း ငါတို့ရဲ့ အင်အားစုတွေကို စုရုံးလိုက်... ဒီနေ့ ငါတို့ ထျန်းယွင်ဂိုဏ်းကို သိမ်းပိုက်မယ်..."
ထိုစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် လူတစ်ယောက်က သံသယဖြင့် မေးမြန်းလိုက်သည်။
"ခေါင်းဆောင်... ငါတို့ အရင်က ထျန်းယွင်ဂိုဏ်းဆီကို လူလွှတ်ပြီး သုံးရက်အတွင်း အညံ့ခံဖို့ ပြောခဲ့တယ်လေ... နှစ်ရက်ပဲ ရှိသေးတယ်ဆိုတော့ ငါတို့ ဒီလိုမျိုး တိုက်ခိုက်လိုက်ရင် မကောင်းဘူး မဟုတ်လား..."
ဝမ်ချန်က လှောင်ပြောင်လိုက်သည်။
"မင်းတို့ မှတ်ထားရမယ်... ငါတို့က သူတို့ကို သုံးရက် အချိန်ပေးခဲ့တယ်... တကယ်လို့ သူတို့က နှစ်ရက်အတွင်း လက်နက်မချဘူးဆိုရင် သူတို့က သေမယ့်လမ်းကို ရွေးချယ်ပြီးပြီပဲ... ဒီ ဒေသခံတွေနဲ့ ဘာအဓိပ္ပာယ်မရှိတဲ့ ကတိစကား အကြောင်းမှ ပြောနေစရာ မလိုဘူး... ငါ ချမှတ်တဲ့ စည်းမျဉ်းတွေက ဒီမြေပေါ်မှာ အကြီးမားဆုံး စည်းမျဉ်းတွေပဲ..."
ဝမ်ချန်၏စကားများသည် အားကောင်းပြီး နတ်ဘုရာတစ်ပါးအလား ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။
သူသည် အရှေ့ပိုင်းဒေသသို့ ရောက်ရှိလာပြီးနောက် သူ့ကိုယ်သူ အပြည့်အဝ လွှတ်ပေးထားခဲ့သည်မှာ သိသာထင်ရှားသည်။
လူများအားလုံးသည် ထိုစကားကို ကြားချိန်တွင် သူတို့၏အင်အားစုများကို စုရုံးရန် ထွက်ခွာသွားကြ၏။
ခေါင်းဆောင် ပြောသည့်စကားတွင် မည်သည့်အရာမျှ မှားယွင်းနေသည်ဟု သူတို့ မထင်ခဲ့ကြချေ။
ဘာပဲဖြစ်ဖြစ် ဘယ်နေရာမှာမဆို အစွမ်းထက်တဲ့သူကပဲ လေးစားခံရတယ်...
သူတို့ထံ၌ စည်းမျဉ်းများ ချမှတ်နိုင်စွမ်း အမှန်တကယ် ရှိနေသည်။
ထို့ပြင် သူတို့သည် အရှေ့ပိုင်းဒေသတစ်ခုလုံးတွင် စည်းမျဉ်းများ ချမှတ်နိုင်သည့် တစ်ခုတည်းသော အင်အားစု ဖြစ်လာပေလိမ့်မည်။
ဤနေရာတွင် အင်အားစုများ စုရုံးနေစဉ်....
တခြားတစ်ဖက်တွင်...
ပိုင်လင်းနှင့်ကောင်းရှစ်ကျီးတို့ အဖွဲ့သည် မူဖူတောင်မှ ထွက်ခွာလာပြီး အမြန်ဆုံးအရှိန်ဖြင့် ပျံသန်းနေခဲ့ကြသည်။
မိုးကောင်းကင်ယံတွင် ပျံသန်းရင်း ကောင်းရှစ်ကျီးက ပြောဆိုသည်။
"သခင်မလေး ပိုင်လင်း... အဲ့ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုက ထျန်းယွင်ဂိုဏ်းကို သုံးရက်အတွင်း လက်နက်ချရမယ်...အဲဒီလိုမှ မဟုတ်ရင် ငါတို့ ထျန်းယွင်ဂိုဏ်းတစ်ခုလုံးကို ချေမှုန်းမယ်လို့ ပြောထားတယ်... ဒုတိယနေ့ပဲ ရှိသေးတယ်ဆိုတော့ တစ်ဖက်လူက မနက်ဖြန်လောက်မှ တိုက်ခိုက်မှု စတင်လာနိုင်တယ်... ထျန်းယွင်ဂိုဏ်းမှာ ခဏနားပြီးတော့ သူတို့ လာတိုက်မယ့် အချိန်ကို စောင့်ပြီးမှ တန်ပြန် တိုက်ခိုက်ရင်ကော ဘယ်လိုလဲ... သခင်မလေး ဘယ်လို ထင်လဲ..."
ပိုင်လင်းက ခေါင်းခါယမ်းလိုက်၏။
"မလိုပါဘူး... သူတို့ရဲ့ အဓိကစခန်း ဘယ်မှာရှိလဲဆိုတာ နင် သိလား... ငါ့ကို အဲ့ဒီကိုသာ ခေါ်သွားပေးပါ... အကောင်သေးလေးတစ်စုအတွက်နဲ့ သူတို့ကို စောင့်ဖို့ တစ်ရက်အချိန်ဖြုန်းရလောက်အောင် မတန်ဘူး..."
ထိုစကားများက ကောင်းရှစ်ကျီးကို ချွေးစေးများ ထွက်လာစေခဲ့သည်။
ထိုအင်အားစုမှာ အလွန်ထိတ်လန့်ဖွယ် ကောင်းလှသည်။
သူတို့၏ လျင်မြန်စွာထွက်ပေါ်လာမှုနှင့် သူတို့ ပြသခဲ့သော ကြီးမားသည့် ခွန်အားများက သူ့ကို လွန်စွာသတိထားစေခဲ့သည်။
တစ်ဖက်လူ၏ အလုံးစုံခွန်အားမှာ လက်ရှိ အဓိကမြင့်မြတ်နယ်မြေများထက် များစွာသာလွန်နေမည်ဟုပင် သူ သံသယဝင်ခဲ့မိသည်။
သို့သော် ဤကဲ့သို့ ကြီးမားသော တည်ရှိမှုမျိုးမှာ ပိုင်လင်း၏ မျက်လုံးထဲတွင်မူ အကောင်သေးလေးများမျှသာ ဖြစ်နေပေ၏။
သေချာသည်မှာ တစ်ဖက်လူတွင် ဤကဲ့သို့ ပြောဆိုခွင့် အပြည့်အဝ ရှိကြောင်းကို သူ သိထားသည်။
မည်သို့ပင်ဆိုစေကာမူ သူမသည် မြောက်ပိုင်းဒေသတွင် ကြီးမားသော ဂုဏ်သတင်းကို တည်ဆောက်ထားပြီးဖြစ်သည်။
မြောက်ပိုင်းဒေသရှိ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူကဲ့သို့ ထိပ်သီးအင်အားစုကြီးပင်လျှင် သူမ၏ချေမှုန်းခြင်းကို ခံခဲ့ရသည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော အင်အားစုသည် မည်မျှထိ အစွမ်းထက်နေစေကာမူ မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူထက် ပို၍အစွမ်းထက်နိုင်မည်လော...
ဤကိစ္စကို စောစီးစွာဖြေရှင်းနိုင်လေလေ ပို၍ဝမ်းသာလေလေပင်။
ထိုသို့ တွေးတောမိချိန်၌ သူက ချက်ချင်းဆိုသလိုပင် ပိုင်လင်းကို ခေါ်ဆောင်ကာ ထိုအင်အားစု၏ အဓိကစခန်းရှိရာသို့ ဦးတည် သွားလိုက်၏။
...
တစ်ဖက်တွင်...
အစိမ်းရောင်နတ်ဆိုး သွေးမျိုးဆက်မှာ စုရုံးပြီးစီးနေလေပြီ။
အစိမ်းရောင်နတ်ဆိုးခေါင်းဆောင်ကို သူရဲကောင်းတစ်ဦး ဖြစ်သည်ဟု ဆိုရပေမည်။
သူ အရှေ့ပိုင်းဒေသသို့ ရောက်ရှိနေသည်မှာ တစ်လပင် မပြည့်သေးချေ။
သူသည် မိုင်ပေါင်းသိန်းနှင့်ချီ ကျယ်ဝန်းသော နယ်မြေကို သိမ်းပိုက်ထားပြီး ဖြစ်ပေ၏။
သူ၏လက်အောက်သို့ သိမ်းသွင်းထားသော အင်အားစုများမှာ နွားမွှေးများအလား များပြားလှသည်။
ဤအချိန်အခိုက်အတန့်တွင် ခမ်းနားကြီးကျယ်သော ခန်းမကြီး၏ရင်ပြင်၌ ကျင့်ကြံသူများ သောင်းနှင့်ချီ၍ စုဝေးနေကြသည်။
ဝမ်ချန်က ရှေ့သို့ခြေတစ်လှမ်း တက်လိုက်ပြီး လူများအားလုံး၏ရှေ့တွင် မတ်တတ်ရပ်လိုက်သည်။
ထို့နောက် သူက ကျားမျက်လုံးကဲ့သို့ စူးရှတောက်ပသောအကြည့်ဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးကို ကြည့်လိုက်၏။
လူများအားလုံး၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေမှာ အလွန်ကောင်းမွန်နေသည်ကို မြင်တွေ့ချိန်၌ သူက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
ယခုအချိန်သည် မွန်းလွဲပိုင်းဖြစ်ပြီး နေမင်းကြီးက အနောက်ဘက်သို့ ဝင်ရောက်နေလေပြီ။
သူက ထျန်းယွင်ဂိုဏ်းရှိရာ ဦးတည်ချက်သို့ ကြည့်လိုက်သည်။
ထို့နောက် သူ၏လက်ကို အားကောင်းစွာ ဝှေ့ယမ်းလိုက်ရင်း အော်ဟစ်လိုက်သည်။
"ထွက်ခွာမယ်... ဒီည ထျန်းယွင်ဂိုဏ်းမှာ အောင်ပွဲခံ ညစာစားပွဲ ကျင်းပမယ်..."
လူအများထဲမှ အသံပေါင်းသောင်းချီ၍ တပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြရာ တိမ်တိုက်များကိုပင် တုန်ခါသွားစေခဲ့သည်။
"ခေါင်းဆောင်ရဲ့ နတ်ဘုရားစွမ်းအားတွေ တည်တံ့ပါစေ..."
တပ်ဖွဲ့တစ်ခုလုံး ထွက်ခွာသွားခဲ့သည်။
သူတို့သည် ကျယ်ပြောပြီး အမှောင်ထု ဖုံးလွှမ်းနေသော ကောင်းကင်စစ်သည်တော် တပ်ကြီး တစ်တပ်နှင့် တူညီနေသည်။
သူတို့၏အရှိန်အဝါများသည် ခြိမ်းခြောက်နိုင်စွမ်း ရှိပြီး ဝမ်ချန်နှင့်တခြားသူများ၏ ဦးဆောင်မှုအောက်တွင် သူတို့သည် မိုးကောင်းကင်သို့ တိုက်ရိုက်ပျံသန်းသွားကြ၏။
သို့သော် သူတို့ ခရီးတစ်ဝက်ခန့်သို့ ပျံသန်းသွားချိန်မှာပင် ကောင်းကင်ယံမှ သူတို့ဆီသို့ ပျံသန်းလာသော ပုံရိပ်ဆယ်ခုကျော်ကို မြင်တွေ့လိုက်ရသည်။
ဤသည်မှာ ပိုင်လင်းနှင့်ကောင်းရှစ်ကျီးတို့ အဖွဲ့ပင်။
နှစ်ဖက်လုံးသည် မမျှော်လင့်ဘဲ ဆုံတွေ့သွားကြသည်။
လေဟာနယ်အတွင်းတွင် ပိုင်လင်းက မိုးကောင်းကင်ယံ၌ မတ်မတ်ရပ်နေပေ၏။
သူမ၏ရှေ့ရှိ ကြီးမားသော တပ်ဖွဲ့ကြီးကို ကြည့်လိုက်ရာ အထူးသဖြင့် ဦးဆောင်လာသူ အနည်းငယ်ကို မြင်တွေ့လိုက်ရပြီးနောက် သူမ၏မျက်နှာအမူအယာ တည်ကြည်လေးနက်သွားခဲ့သည်။
ထို့နောက် သူမက ပြုံးလိုက်သည်။
သူမ ရှာဖွေနေသော သူများမှာ ဤလူများ ဖြစ်ကြောင်း သူမ၏မျက်လုံးဖြင့် အတည်ပြုနိုင်ခဲ့သည်။
အစိမ်းရောင်နတ်ဆိုး ခေါင်းဆောင်ဝမ်ချန်သည် မည်မျှထိ ဂုဏ်ယူဝင့်ကြွားနေသနည်း...
သုံးလအတွင်း အရှေ့ပိုင်းဒေသ တစ်ခုလုံးကို ပေါင်းစည်းမည်...
ထျန်းယွင်ဂိုဏ်းကို တစ်ရက်အတွင်း သိမ်းပိုက်မည်...
ထိုနေရာတွင် အောင်ပွဲခံ ညစာစားပွဲ ကျင်းပမည်ဟု သူ ကြွားလုံးထုတ်ခဲ့သည် မဟုတ်လော....
သို့သော် သူ၏ မျက်နှာချင်းဆိုင်မှ ချဉ်းကပ်လာသော ပုံရိပ်များကို မြင်တွေ့လိုက်ချိန်၌...
သူ့ထံမှ စူးရှသော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာပေ၏
"အား..."
သူ၏စိတ်ဝိညာဉ်တစ်ခုလုံး လိပ်ပြာလွင့်လုနီးပါး ဖြစ်သွားခဲ့သည်။
သူက အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးမြန်းလိုက်သည်။
"ဘယ်... ဘယ်လိုလုပ်ပြီး... မင်း ဖြစ်နေရတာလဲ... မင်း ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ..."
သူ၏မျက်နှာ ချက်ချင်းဆိုသလိုပင် ဖြူရော်သွားပြီး သူ၏ခန္ဓာကိုယ် အလိုအလျောက် နောက်သို့ခြေတစ်လှမ်း ဆုတ်သွားခဲ့သည်။
ချွေးစေးများက သူ၏နဖူးမှ ချက်ချင်းယိုစီးကျလာပေ၏။
သူ၏သွားများသည် ကြောက်ရွံ့မှုကြောင့် တဂတ်ဂတ် တုန်ရီနေခဲ့သည်။
ဝမ်ချန် နားမလည်နိုင်ခဲ့ချေ။
သူ လုံးဝ နားမလည်နိုင်ခဲ့ပေ။
သူသည် အရှေ့ပိုင်းဒေသသို့ ထွက်ပြေးလာခဲ့ပြီး မြောက်ပိုင်းဒေသသို့ ဘယ်တော့မှ မပြန်တော့ဟု ဆုံးဖြတ်ချက်ချထားခဲ့ပြီးဖြစ်သည်။
ထိုသို့ဆိုသည့်တိုင် ဤကဲ့သို့ ဆင်းရဲပြီး ခေတ်နောက်ကျသော နေရာမျိုးတွင် သူက ပိုင်လင်းနှင့် အမှန်တကယ် ပြန်ဆုံတွေ့နေရသလော...
ဤသည်မှာ ကောင်းကင်ဘုံက သူ့ကို ကျီစယ်နေသည့်အလားပင်။
သူသည် ဤမျှထိ ဝေးကွာပြီး လူသူကင်းမဲ့သော နေရာမျိုးတွင် ပုန်းအောင်းနေခဲ့သော်လည်း ပိုင်လင်းသည် သူ့ကို ရှာတွေ့နေဆဲပင်။
ပိုင်လင်းက အပြုံးနှင့် ပြောဆိုလိုက်၏။
"ဝမ်ချန်...လောကကြီးက တကယ်ကို ကျဉ်းတာပဲ..."
သို့သော် သူမ၏မျက်လုံးများထဲရှိ အေးစက်မှုများက လူအများကို အလိုအလျောက် ချမ်းစိမ့်သွားစေခဲ့သည်။
ဤနေရာတွင် အစိမ်းရောင်နတ်ဆိုးသွေးမျိုးဆက်နှင့် ပြန်လည်ဆုံတွေ့ရလိမ့်မည်ဟု ပိုင်လင်း မျှော်လင့်မထားမိချေ။
မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူသည် ယခင်က ချေမှုန်းခံခဲ့ရသော်လည်း အစိမ်းရောင်နတ်ဆိုး သွေးမျိုးဆက်ကမူ သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့ရာ ထိုအရာကို နောင်တရစရာ တစ်ခုအဖြစ် သူမ သတ်မှတ်ထားပေ၏။
သို့သော် ယခုအချိန်၌ သူမ၏စိတ်နှလုံးသားထဲရှိ ဤနောင်တကို နောက်ဆုံးတွင် ဖြည့်ဆည်းနိုင်တော့ပေမည်။
ပိုင်လင်း၏မျက်လုံးများထဲရှိ ဖုံးကွယ်ထားခြင်း မရှိသော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများကို မြင်တွေ့ချိန်၌ အစိမ်းရောင်နတ်ဆိုး ခေါင်းဆောင်ဝမ်ချန်၏ခန္ဓာကိုယ်၌ ချွေးစေးများထွက်လာတော့သည်။
အစောပိုင်း ကြောက်ရွံ့တုန်လှုပ်မှုများပြီးနောက် သူသည် နောက်သို့ချာခနဲလှည့်ကာ မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ ထွက်ပြေးခဲ့သည်။
သူ တစ်ယောက်တည်း ထွက်ပြေးနေခြင်း မဟုတ်ချေ။ သူ၏နောက်သို့ လိုက်လာခဲ့သော အစိမ်းရောင်နတ်ဆိုး သွေးမျိုးဆက်၏ အဆင့်မြင့်အကြီးအကဲများလည်း ထွက်ပြေးနေကြ၏။
သူတို့ ဤသို့ ပြုမူခြင်းမှာ အံ့အားသင့်စရာ မဟုတ်ပေ။
အင်အားစုလေးစု ပေါင်းစပ်ထားသော မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူပင်လျှင် ပိုင်လင်း၏အမြစ်ပြတ်သုတ်သင်ခြင်းကို ခံခဲ့ရသည်။
ယခုချိန်၌ သူတို့ အစိမ်းရောင်နတ်ဆိုး သွေးမျိုးဆက် တစ်ခုတည်း သူမနှင့်ဆုံတွေ့ရချိန်တွင် သူတို့၌ ခုခံရန်သတ္တိ လုံးဝမရှိတော့ချေ။
အကယ်၍ ယခုမပြေးလျှင် သူတို့သည် ဤနေရာ၌နေပြီး သေရမည့်အချိန်ကို စောင့်နေကြမည်လော....
ပိုင်လင်းက ပြောဆိုလိုက်၏။
"ပြေးမလို့လား... နင်တို့ ပြေးလို့လွတ်မယ် ထင်နေလား..."
ပိုင်လင်းက စတင်၍ လှုပ်ရှားလိုက်ကာ သူမ၏ သေးသွယ်သော လက်လေးကို ဝှေ့ယမ်းလိုက်မှုနှင့်အတူ ထိတ်လန့်ဖွယ် ဥပဒေသစွမ်းအားများက လောကတွင် အရိုင်းစိုင်းဆုံး လေဓားသွားများအဖြစ် ပြောင်းလဲသွားခဲ့သည်။
"ဝုန်း... ဝုန်း... ဝုန်း..."
လေဟာနယ် တုန်ခါသွားကာ မိုးကောင်းကင်ကြီး မှောင်မည်းသွားပြီး မြေပြင်လည်း မှေးမှိန်သွားခဲ့သည်။
လေဓားသွားများမှ သံမဏိအချင်းချင်း ရိုက်ခတ်သံအလား အသံများ ထွက်ပေါ်နေပေ၏။
ထိုအရာများက တလိမ့်လိမ့်ထနေသော နတ်ဘုရားစွမ်းအားများကို သယ်ဆောင်လာခဲ့သည်။
လေဓားသွားများသည် လေဟာနယ်ကို ဆုတ်ဖြဲသွားခဲ့ပြီး ကောင်းကင်ကြီးကို ခြေမွှဖျက်ဆီးတော့မည့်အလားပင်။
"အား..."
အချိန်ခဏအတွင်း မရေမတွက်နိုင်သော အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။
ဤလေဓားသွားများ၏ ထိမှန်ခြင်းကို ခံရသော အစိမ်းရောင်နတ်ဆိုး သွေးမျိုးဆက်၏ အဖွဲ့ဝင် အားလုံးမှာ မျက်စိတစ်မှိတ်အတွင်း အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားပေ၏။
နှစ်ဖက်ကြားရှိ ကျင့်ကြံဆင့်ကွာခြားချက်မှာ အလွန်ကြီးမားသည်။ ထို့ထက်ပို၍ တိကျစွာ ပြောရလျှင် လက်ရှိချိန်၌ ပိုင်လင်းက လွန်စွာ အစွမ်းထက်နေခြင်း ဖြစ်သည်။
အကယ်၍ ဤလူများသည် စည်းလုံးပြီး ခုခံခဲ့မည်ဆိုလျှင် အချိန်တစ်ခုအထိ တောင့်ခံနိုင်ကောင်း တောင့်ခံနိုင်ပေမည်။
သို့သော် သူတို့သည် အသိစိတ် လွတ်ကင်းသွားသည်အထိ ကြောက်ရွံ့နေခဲ့ကြလေပြီ။
ဤအချိန်အခိုက်အတန့်တွင် သူတို့သည် ထွက်ပြေးရန်သာ တွေးနေကြပြီး ခုခံရန် ရည်ရွယ်ချက် လုံးဝမရှိခဲ့ချေ။
ဤသည်က ပိုင်လင်း၏ တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် ဝမ်ချန်မှလွဲ၍ အစိမ်းရောင်နတ်ဆိုး သွေးမျိုးဆက်တစ်ခုလုံးကို တိုက်ရိုက် ချေမှုန်းနိုင်ခဲ့ခြင်း၏ အကြောင်းအရင်းလည်း ဖြစ်ပေ၏။
ဝမ်ချန် လွတ်မြောက်သွားနိုင်ခဲ့ခြင်း၏ အကြောင်းအရင်းမှာ နောက်ဆုံးအခိုက်အတန့်တွင် သူ၏အသက်သွေးနှင့် မူလဘူတစိတ်ဝိညာဉ်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့်ပင်။ ဤသည်က သူ၏အမြန်နှုန်းထက် ရာခိုင်နှုန်း နှစ်ရာကျော် ပို၍မြန်ဆန်သော အရှိန်နှုန်းကို အသုံးပြုနိုင်စေသောကြောင့် ဖြစ်သည်။