အဆုံးသတ်
Vol. 33 Ch. 328
ဤအချိန်အခိုက်အတန့်တွင် ဝမ်ချန်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အသက်တစ်ရှိုက်စာ အချိန်အတွင်း၌ မိုင်ရာနှင့်ချီ အကွာအဝေးကို ဖြတ်သန်းသွားခဲ့သည်။
သူ၏စိတ်ထဲတွင် ပိုင်လင်း၏ လောကကြီးကို တုန်လှုပ်သွားစေသော တိုက်ခိုက်မှုကြီးဖြင့် ပြည့်နှက်နေခဲ့သည်။
ဤသည်မှာ လွန်စွာထိတ်လန့်ဖွယ် ကောင်းလှ၏။
သူ၏ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သေမင်း ဆိုက်ရောက်လာတော့မည်ဟု သူ ခံစားလိုက်ရသည်။
အကယ်၍ သူသာ ခြေတစ်လှမ်းခန့် နောက်ကျပြီး ထိုလေဓားသွားများ၏ ထိမှန်ခြင်းကို ခံလိုက်ရမည်ဆိုပါက မသေလျှင်ပင် ပြင်းထန်စွာ ဒဏ်ရာရသွားမည်ဖြစ်ကြောင်း သူ လုံးဝသံသယ မဝင်ခဲ့ချေ။
ပိုင်လင်းသည် အစစ်အမှန်နတ်ဆိုးအမွေအနှစ်ကို ရရှိပြီးနောက် သူမ၏စွမ်းအားများ မြင့်တက်လာခဲ့ပြီး လွန်စွာအစွမ်းထက်လာကြောင်း သူ သိထားသည်။
သို့သော် သူမသည် ဤမျှထိ ယုတ္တိမတန်လောက်အောင် အစွမ်းထက်နေလိမ့်မည်ဟု သူ လုံးဝထင်မှတ်မထားခဲ့ပေ။
သူတို့နှစ်ယောက်လုံးသည် ယန်သုံးပါးနယ်ပယ်တွင် ရှိနေသည့်တိုင် သူမသည် မည်သည်ကြောင့် ဤမျှထိ ယုံကြည်နိုင်စရာ မရှိအောင် အစွမ်းထက်နေရသနည်း....
အကယ်၍ သူတို့သာ ထိပ်တိုက် ရင်ဆိုင်ရမည်ဆိုပါက သူမ၏တိုက်ခိုက်မှု တစ်ချက်ကိုပင် သူ ခံနိုင်ရည်ရှိမည် မဟုတ်ကြောင်း သူ ခံစားလိုက်ရသည်။
ဤသည်က လုံးဝအဓိပ္ပာယ် မရှိချေ။
ကံကောင်းစွာဖြင့် သူ လွတ်မြောက်သွားခဲ့လေပြီ။
အမြန်နှုန်းနှင့် ပတ်သက်လာလျှင် ဝမ်ချန်က သူ့ကိုယ့်သူ ယုံကြည်မှုရှိသည်။
သူ၏အမြန်နှုန်းသည် အဆင့်တူ ကျင့်ကြံသူများကြားတွင် သာလွန်နေပြီးဖြစ်ပေ၏။
ထို့ပြင် ယခုအချိန်၌ သူသည် လျှို့ဝှက်ကျင့်စဉ် တစ်ခုကိုလည်း အသက်သွင်းထားခဲ့ကာ သူ၏အမြန်နှုန်းမှာ နှစ်ဆတိုးလာခဲ့သည်။
ဤကဲ့သို့ အခြေအနေမျိုးတွင် ပိုင်လင်းသည် သူ့ကို အမှီလိုက်လာနိုင်လိမ့်မည်ဟု သူ မယုံကြည်ချေ။
သို့သော် သူ နောက်သို့ပြန်ကြည့်လိုက်ချိန်၌ သူ၏နှလုံးသား ရင်ဘတ်ထဲမှ ခုန်ထွက်လုနီးပါး ဖြစ်သွားခဲ့သည်။
သူ၏နောက်တွင် ပိုင်လင်း၏အမြန်နှုန်းမှာ သက်တံတစ်ခုအလား ဖြစ်နေသည်။
သူမသည် သူ၏ပေါက်ကွဲထွက်လာသော အမြန်နှုန်းထက် အနည်းငယ်မျှ နှေးကွေးခြင်း မရှိသည့်အပြင် အမှန်အားဖြင့် ပို၍ပင် မြန်ဆန်နေခဲ့သည်။
သူတို့ကြားရှိ အကွာအဝေးမှာ ကျယ်ပြန့်မသွားဘဲ လျှင်မြန်စွာ ကျဉ်းမြောင်းလာခဲ့သည်။
ဝမ်ချန် ထိတ်လန့်သွားပြီး သူ၏မျက်နှာပေါ်တွင် မျှော်လင့်ချက် ကင်းမဲ့မှုများ ပြည့်နှက်သွားကာ တီးတိုးရေရွတ်လိုက်သည်။
"ဒါ... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."
စွမ်းအားအပိုင်းတွင် ဖိနှိပ်ခံရခြင်းကို သူ လက်ခံနိုင်သည်။
သို့သော် သူ ဂုဏ်ယူဝင့်ကြွားရသော အမြန်နှုန်း အပိုင်းတွင်ပင် တစ်ဖက်လူ၏ဖိနှိပ်ခြင်းကို ခံလိုက်ရခြင်းမှာ သူ လက်ခံရန် ခက်ခဲသော အရာတစ်ခု ဖြစ်နေခဲ့သည်။
ပိုင်လင်းသည် ခြေလှမ်းတစ်လှမ်းတည်းဖြင့် မိုင်ဆယ်နှင့်ချီ အကွာအဝေးကို ဖြတ်သန်းသွားပြီး သူမ၏နတ်ဘုရားစိတ်အာရုံက ဝမ်ချန်၏ ပုံရိပ်ကို ချိတ်ပိတ်ထားကာ အော်ဟစ်လိုက်သည်။
"ဝမ်ချန်... နင် ပြေးလို့ မလွတ်နိုင်တော့ဘူး..."
ဝမ်ချန်၏မျက်နှာ ဒေါသကြောင့် ရှုံ့မဲ့သွားပြီး အော်ဟစ်လိုက်၏။
"ပိုင်လင်း... ငါ အရှေ့ပိုင်းဒေသမှာ ပုန်းနေတာတောင် မင်းက ဘာလို့ ငါ့ကို အလွတ်မပေးရတာလဲ..."
သူ၏နှလုံးသားထဲရှိ နာကြည်းမှုများ...
ထိုအရာများမှာ အစိုင်အခဲတစ်ခုအဖြစ်ပင် ပြောင်းလဲလုနီးပါး ဖြစ်နေလေပြီ။
ပိုင်လင်းက ပြောဆိုသည်။
"အဲဒီ မေးခွန်းကို နင့်ကိုယ်နင် ပြန်မေးသင့်တယ်... အဲ့ဒီတုန်းက နင်တို့ကရော ဘာလို့ အဖြူရောင်နတ်ဆိုးမျိုးနွယ်ကို အလွတ်မပေးခဲ့တာလဲ..."
သူမ စကားပြောဆိုနေစဉ်မှာပင် သူတို့၏ကြားရှိ အကွာအဝေးမှာ ထပ်မံ၍ ကျဉ်းမြောင်းသွားခဲ့သည်။
ပိုင်လင်းက လှုပ်ရှားလိုက်ကာ သူမ၏တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် ပတ်ဝန်းကျင်နေရာတဝိုက်ကို တုန်ခါသွားစေခဲ့သည်။
ထိတ်လန့်ဖွယ် ဥပဒေသစွမ်းအားများက ကျန်းလေးဆယ်ရှည်လျားသော သက်တံကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုအရာက လေဟာနယ်ကို ပိတ်ဆို့သွားစေပြီး ဝမ်ချန်၏ဆုတ်ခွာရာ လမ်းကြောင်းကို ဖြတ်တောက်ပစ်လိုက်၏။
ဤသက်တံကြီးသည် အဆုံးမဲ့ ဖျက်ဆီးခြင်း စွမ်းအားများကို သယ်ဆောင်လာပြီး အရာအားလုံးကို ချေမှုန်းပစ်တော့မည့်အလား ဖြစ်နေသည်။
ထိုအရာက တောင်များကို ဖြိုခွဲနိုင်ပြီး မြေပြင်ကို အက်ကွဲသွားစေနိုင်ကာ...
ကောင်းကင်ကြီးကိုပင် ခွဲခြမ်းပစ်နိုင်သည်။
ထွက်ပြေးစရာ နေရာမရှိ ရှောင်လွှဲစရာ နေရာမရှိတော့သည်ကို မြင်တွေ့ချိန်၌ ဝမ်ချန်ထံတွင် ခုခံရန်မှလွဲ၍ တခြားရွေးချယ်စရာ မရှိတော့ချေ။
"ဝုန်း..."
မျက်စိတစ်မှိတ်အတွင်း သူသည် ကာကွယ်ရေး ရတနာအမြောက်အများကို ထုတ်ဖော်အသုံးပြုကာ ထိုအရာများက သူ့ကို ဖုံးလွှမ်းသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် စိတ်ဝိညာဉ်ချီများက သူ၏ခန္ဓာကိုယ်အတွင်းတွင် တလိမ့်လိမ့်ထလာပြီး ကာကွယ်ရေးအလွှာများအဖြစ် ပြောင်းလဲသွားကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားပေ၏။
သူ့ကိုယ်သူ အလစ်အဟမရှိဘဲ လုံးလုံးလျားလျား ဝိုင်းရံ၍ ကာကွယ်ထားခံသည်။
သို့သော် ဤတိုက်ခိုက်မှုမှာ ထိတ်လန့်ဖွယ် ကောင်းလွန်းလှ၏။
သူ အသုံးပြုထားသော ကာကွယ်ရေး ရတနာများမှာ စက္ကူများအလား ဖြစ်နေခဲ့သည်။
ထိုအရာများမှာ ချက်ချင်းဆိုသလိုပင် အသုံးမဝင် ဖြစ်သွားခဲ့သည်။
ကာကွယ်ရေးစိတ်ဝိညာဉ်ချီအလွှာများလည်း သုံးစက္ကန့်ပင် မခံဘဲ ပျက်စီးသွားခဲ့ပေ၏။
ဝမ်ချန်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"အား... ငါ ကျေနပ်နိုင်ဘူး..."
အချိန်တခဏအတွင်း ဖျက်ဆီးခြင်းစွမ်းအားများက သူ့ကို တိုက်ရိုက်ပင် နှစ်ခြမ်းခွဲပစ်လိုက်သည်။
သူ မသေဆုံးမီ သူ့ထံမှ မကျေမနပ် ဟိန်းဟောက်သံကြီး ထွက်ပေါ်လာခဲ့သည်။
သူ့ရှေ့တွင် တောက်ပသော ဘဝ တစ်ခု ခမ်းနားသော အနာဂတ် တစ်ခု ကျန်ရှိနေဆဲပင်။
အရှေ့ပိုင်းဒေသကို ပေါင်းစည်းရန် သူ၏ ရည်မှန်းချက်မှာ မပြည့်ဝသေးချေ။
ဒီလို အဆုံးသတ်ရတာကို သူ ဘယ်လိုလုပ် ကျေနပ်နိုင်မှာလဲ...
နှမြောစရာ ကောင်းလိုက်တာ....
သူ မည်မျှပင် မကျေမနပ် ဖြစ်နေစေကာမူ ကြီးမားသော စွမ်းအား၏ အကြွင်းမဲ့ ဖိနှိပ်မှုအောက်တွင် သူသည် နောင်တများဖြင့်သာ သေဆုံးသွားခဲ့သည်။
ထို့ပြင် ပိုင်လင်း မရှိလျှင်ပင် သူ အရှေ့ပိုင်းဒေသကို ပစ်မှတ်ထားလိုက်ချိန်တွင် သူ၏ အဖြစ်ဆိုးဖြင့် အဆုံးသတ်မည့် ကံကြမ္မာမှာ ကြိုတင်သတ်မှတ်ပြီးသား ဖြစ်နေပေ၏။
ပိုင်လင်းက လေဟာနယ်အတွင်းတွင် မတ်တတ်ရပ်နေပြီး သေဆုံးသွားသော ဝမ်ချန်ကို ကြည့်လိုက်သည်။
သူမ၏စိတ်နှလုံးသားထဲရှိ နောက်ဆုံး ဖိနှိပ်ထားသော ဒေါသများမှာ နောက်ဆုံးတွင် လုံးလုံးလျားလျား လွင့်စင်သွားခဲ့လေပြီ။
သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဝန်ပိစေခဲ့သော သံကြိုးများမှာလည်း ဤအခိုက်အတန့်တွင် ကျွတ်ကျသွားခဲ့သည်။
ဤအချိန်တွင် သူမ သယ်ဆောင်ထားခဲ့သော သွေးကြွေးမှာ နောက်ဆုံးတွင် လုံးလုံးလျားလျား လက်စားချေပြီးသွားလေပြီ။
ပိုင်လင်းက ရေရွတ်လိုက်၏။
"အဖေ... အမေ... ဦးလေးတွေ အဘိုးတွေနဲ့ မျိုးနွယ်စုဝင် အားလုံး... ရှင်တို့အတွက် သွေးကြွေးကို ပိုင်လင်းက ဒီနေ့ အားလုံးအတွက် လက်စားချေပေးလိုက်ပါပြီ... ကောင်းကင်ဘုံမှာ အေးချမ်းစွာ အနားယူနိုင်ပါပြီ... စိတ်ချပါ... ကျွန်မ ရှိနေသရွေ့ အဖြူရောင်နတ်ဆိုးမျိုးနွယ်ရဲ့ အမွေအနှစ်က ပြတ်တောက်သွားမှာ မဟုတ်ပါဘူး... အဖြူရောင်နတ်ဆိုးမျိုးနွယ်ရဲ့ ဂုဏ်ကျက်သရေက ကျွန်မ ဆီကတစ်ဆင့် ပွင့်လန်းလာပြီး တခြားတောက်ပမှုတစ်ခုဆီကို ရောက်ရှိသွားမှာပါ..."
အကယ်၍ ယခင် ပိုင်လင်းသည် လက်စားချေရန် သက်သက်အတွက် အသက်ရှင်ခဲ့ခြင်း ဖြစ်မည်ဆိုပါက ယခုအချိန်၌ သူမသည် သောင်းနှင့်ချီသော မျိုးနွယ်စုဝင်များ၏ မျှော်လင့်ချက်များကို သယ်ဆောင်ကာ အသက်ရှင်နေထိုင်သွားပေမည်။
သူမက ပို၍ကောင်းမွန်သော ဘဝတစ်ခုကို နေထိုင်သွားပေမည်။
သူမက တောက်ပသော ဘဝတစ်ခုကို ဖန်တီးတည်ဆောက်သွားပေမည်။
ထိုသို့ပြုလုပ်မှသာ ထိုအချိန်က သူမကို ကာကွယ်ရန် အသတ်ခံခဲ့ရသော မျိုးနွယ်စုဝင်များကို သူမ စိတ်ပျက်အောင်လုပ်ရာ မကျမည် ဖြစ်ပေ၏။
...
အစိမ်းရောင်နတ်ဆိုး သွေးမျိုးဆက် ဌာနချုပ်...
ပိုင်လင်းက ဝမ်ချန်ကို လိုက်လံဖမ်းဆီးနေစဉ်တွင် ထိုနေရာရှိ လူများအားလုံး မှင်တက်နေခဲ့ကြသည်။
အစိမ်းရောင်နတ်ဆိုး သွေးမျိုးဆက်မှ အသစ် သိမ်းသွင်းထားသော အင်အားစုများဖြစ်စေ ကောင်းရှစ်ကျီးတို့လူစုဖြစ်စေ သူတို့၏ နှလုံးသားများတွင် ငြင်းဆန်၍ မရနိုင်သော တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
အစိမ်းရောင်နတ်ဆိုး သွေးမျိုးဆက်မှ အသစ် သိမ်းသွင်းထားသော အင်အားစုများ အတွက်မူ အစိမ်းရောင်နတ်ဆိုး သွေးမျိုးဆက်၏ စွမ်းအားသည် သူတို့၏ အရိုးများထဲအထိ နက်ရှိုင်းစွာ စွဲထင်နေခဲ့သည်။
ဤလူများအနက် ပထမတန်းစား အင်အားစုများမှ လူများစွာ ပါဝင်သော်လည်း သူတို့၏ ဂိုဏ်းများမှာ အစိမ်းရောင်နတ်ဆိုး သွေးမျိုးဆက်ရှေ့တွင် စက္ကူများအလား နုနယ်နေခဲ့သည်။
တစ်ဖက်အင်အားစုမှ မည်သည့် အကြီးအကဲ သို့မဟုတ် အစောင့်အရှောက်မဆို သူတို့ကို သုတ်သင်ပစ်နိုင်သည်။
ထိုသို့ဆိုသည့်တိုင် ဤကဲ့သို့ ထိတ်လန့်ဖွယ် ကောင်းသော တည်ရှိမှုက ယနေ့တွင် အမှန်တကယ်ကို အမျိုးသမီးတစ်ဦး၏ရိုက်နှက်ခြင်းကို ခံလိုက်ရပေ၏။
သူတို့၏ခေါင်းဆောင်ပင်လျှင် သူမကို မြင်တွေ့ချိန်၌ ထိတ်လန့်တကြား ထွက်ပြေးခဲ့ရသည်။
အရှေ့ပိုင်းဒေသတွင် ဤကဲ့သို့ ထိတ်လန့်ဖွယ် ကောင်းသော အမျိုးသမီးတစ်ဦး မည်သည့်အချိန်က ထွက်ပေါ်လာခဲ့သနည်း။
သူတို့၏ အလွန်အမင်း ဇဝေဇဝါ ဖြစ်နေမှုကြောင့် လူတချို့က ကောင်းရှစ်ကျီးကိုပင် တိုက်ရိုက်မေးမြန်းလိုက်ကြ၏။
"အစ်ကိုကောင်း... ဒီစီနီယာက ဘယ်လို တည်ရှိမှုမျိုးလဲ... သူက... သူက ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိ အစွမ်းထက်နေတာလဲ..."
ထိုစကားများက ကောင်းရှစ်ကျီး၏မျက်လုံးများကို ချက်ချင်းပြူးကျယ်သွားစေခဲ့သည်။
ကောင်းရှစ်ကျီးက အော်ဟစ်လိုက်သည်။
"မင်းတို့ နောက်နေတာလား... မင်းတို့ အားလုံးက ငါ့ရဲ့ ထျန်းယွင်ဂိုဏ်းကို လာတိုက်မလို့ လုပ်နေတာလေ... မင်းတို့ကို ငါ ပြောပြမယ်လို့ ထင်နေလား..."
ထိုစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အစောပိုင်းကက မေးမြန်းခဲ့သော လူ၏မျက်နှာပေါ်တွင် ရှက်ရွံ့မှု အရိပ်အယောင်တစ်ရပ် ထင်လာခဲ့သည်။
သူက ရှင်းပြလိုက်သည်။
"အစ်ကိုကောင်း... ဒါက ကြီးမားတဲ့ နားလည်မှုလွဲမှားတာပါ... ငါတို့လည်း မလုပ်ချင်ပါဘူး... ဒါပေမဲ့ အခြေအနေတွေကြောင့် ဖြစ်သွားရတာ မဟုတ်လား... ပြောရမယ်ဆိုရင် ငါတို့ကိုလည်း ဒီလူတွေက အတင်းအကျပ် ဖိနှိပ်ထားတာ... ငါတို့ သေသွားရင် ကိစ္စမရှိပေမဲ့ ငါတို့ ဂိုဏ်းတွေမှာ တပည့်တွေ အများကြီး ရှိတယ်လေ... တကယ်လို့ ငါတို့သာ အညံ့မခံဘူးဆိုရင် အရမ်းဆင်းရဲဒုက္ခရောက်ရုံပဲ ရှိမှာဆိုတော့ ငါတို့မှာ တကယ့်ကို တခြားရွေးချယ်စရာ မရှိခဲ့လို့ပါ..."
လူများအားလုံးက ခါးသည်းသော မျက်နှာများဖြင့် သက်ပြင်းချကာ ပြောဆိုလိုက်ကြ၏။
နှစ်ဖက်လုံး စကားပြောဆိုနေစဉ်မှာပင် ပိုင်လင်းသည် မိုးကုတ်စက်ဝိုင်းဆီမှ ပျံသန်းလာခဲ့လေပြီ။
သူမကို မြင်တွေ့ချိန်တွင် လူတိုင်း၏မျက်နှာအမူအယာများ တည်ကြည်လေးနက်သွားကြသည်။
ယခင် စကားပြောဆိုမှုများ ချက်ချင်းပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်သွားခဲ့သည်။
ပိုင်လင်းထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ အလွန်အားကောင်းလွန်းပေ၏။
အထူးသဖြင့် တိုက်ပွဲတစ်ခုကို အစောပိုင်းက ဖြတ်သန်းလာပြီးနောက်တွင်ဖြစ်သည်။
ထိုထိတ်လန့်ဖွယ် နတ်ဘုရားစွမ်းအားများကို တွေးတောကြည့်ရုံဖြင့်ပင် သူတို့ကို ယခုထိတိုင် ကြောက်ရွံ့နေစေခဲ့သည်။
တစ်ချိန်တည်းမှာပင် လူများအားလုံး တွေးတောနေမိကြသည်။ ယခုချိန်၌ ပိုင်လင်း ပြန်လာသဖြင့် ဝမ်ချန် သေသွားခြင်းရှိမရှိကို ခန့်မှန်းနေကြသည်။
ထို့နောက် ပိုင်လင်း၏စကားများက သူတို့၏ ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်၏။
ပိုင်လင်းက အောက်ဘက်ရှိ သောင်းနှင့်ချီသောလူများကို လက်ညှိုးညွှန်ပြပြီး ကောင်းရှစ်ကျီးကို ပြောဆိုလိုက်သည်။
"အစိမ်းရောင်နတ်ဆိုး သွေးမျိုးဆက်က လူတွေအားလုံးကို ငါ ချေမှုန်းလိုက်ပြီ... ဒီလူတွေကိုပါ ရှင်းပေးဖို့ နင် လိုချင်သေးလား..."
ထိုစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် လူများအားလုံး တုန်လှုပ်သွားခဲ့သည်။
ထိုသို့ဆိုလျှင် ဤအသစ် ပေါ်ထွက်လာသော လျှို့ဝှက်ဆန်းကြယ်သည့် အင်အားစုကို အစိမ်းရောင်နတ်ဆိုး သွေးမျိုးဆက်ဟု ခေါ်ဆိုခြင်း ဖြစ်နေသည်။
သေချာသည်မှာ ထို့ထက်ပို၍ သူတို့ထံ၌ ကြောက်ရွံ့ ထိတ်လန့်မှုများလည်း ရှိနေခဲ့ပေ၏။
ပိုင်လင်း မည်မျှထိ အစွမ်းထက်ကြောင်း သူတို့ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။
အကယ်၍ သူမကသာ လှုပ်ရှားလိုက်မည်ဆိုပါက သူတို့အနက်မှ မည်သူက အသက်ရှင်နိုင်မည်နည်း...လူများအားလုံး အသနားခံလိုက်ကြ၏။
"စီနီယာ... ကျေးဇူးပြုပြီး သနားညှာတာပါ... ငါတို့ကိုလည်း အစိမ်းရောင်နတ်ဆိုး သွေးမျိုးဆက်က အတင်းအကျပ် ခိုင်းစေခဲ့တာပါ... ထျန်းယွင်ဂိုဏ်းကို ပြဿနာရှာဖို့ ရည်ရွယ်ချက် လုံးဝမရှိခဲ့ပါဘူး... စီနီယာက ငါတို့ အသက်ကို ချမ်းသာပေးသရွေ့ ငါတို့က အညံ့ခံဖို့ ဆန္ဒရှိပါတယ်..."
ထိုစကားကို ကြားသော်လည်း ပိုင်လင်းက မလှုပ်မယှက် ရှိနေခဲ့သည်။
သူမက ကောင်းရှစ်ကျီးကိုသာ စိုက်ကြည့်နေသည်။
ဆရာ၏အမိန့်မှာ ထျန်းယွင်ဂိုဏ်း၏ ပြဿနာများကို ရှင်းလင်းအောင် ကူညီပေးရန်ပင်။
ထျန်းယွင်ဂိုဏ်းက တခြားလူများကို ပြဿနာတစ်ခုအဖြစ် သတ်မှတ်ထားသရွေ့ သူမက လှုပ်ရှားရန် တွန့်ဆုတ်နေမည် မဟုတ်ချေ။
ပိုင်လင်း၏အကြည့်အောက်တွင် ကောင်းရှစ်ကျီးက ကြီးမားသော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။
အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် သူက သတိထားပြီး ပြောဆိုလိုက်၏။
"သခင်မလေး ပိုင်လင်း... ဒီလူတွေက ထျန်းယွင်ဂိုဏ်းအတွက် ဘာခြိမ်းခြောက်မှုမှ မဖြစ်စေတော့ပါဘူး... သူတို့က လက်နက်ချဖို့ ဆန္ဒရှိနေမှတော့ သူတို့ အားလုံးကို အရှေ့ပိုင်းဒေသမှာ ဆရာ ထိန်းချုပ်ထားတဲ့ အင်အားစုတွေထဲ ပူးပေါင်းခိုင်းပြီး နွားတွေ မြင်းတွေလို အလုပ်အကျွေး ပြုခိုင်းရင်ကော ဘယ်လိုလဲ..."
ပိုင်လင်းက ပြောဆိုသည်။
"ဒါဆိုရင်လည်း ကျန်တာကို နင်ပဲ ရှင်းလိုက်တော့... အခု ဆရာ့ရဲ့အမိန့်ကို ငါ ပြီးမြောက်သွားပြီဆိုတော့ ငါ ပြန်သင့်ပြီ..."
ပိုင်လင်းသည် ဤလူများကို သိပ်စိတ်ဝင်စားပုံ မရချေ။ သူမသည် အလျင်အမြန် လာရောက်ခဲ့ပြီး အလျင်အမြန် ပြန်သွားခဲ့ပေ၏။
ကောင်းရှစ်ကျီးက သူမကို တားရန် ကြိုးစားချင်ခဲ့သော်လည်း သူ စကားပင် မပြောနိုင်မီ သူမ၏ ပုံရိပ်မှာ မိုးကောင်းကင်ယံအတွင်းသို့ တိုးဝင်ပြီး ပျောက်ကွယ်သွားခဲ့လေပြီ။
ဤသို့ဖြင့် အရှေ့ပိုင်းဒေသ တစ်ခုလုံးကို လွှမ်းခြုံသွားမည့် ဘေးအန္တရာယ်ကြီး တစ်ခုကို ပိုင်လင်းက နေ့တစ်ဝက်ပင် မကြာသော အချိန်အတွင်း ဖိနှိပ်နိုင်ခဲ့သည်။