← Chapters

နှောင်ကြိုးများကို ပိုမိုခိုင်မာစေရန် သဲလွန်စများ

Vol. 33 Ch. 329

နှောင်ကြိုးများကို ပိုမိုခိုင်မာစေရန် သဲလွန်စများ

Vol. 33 Ch. 329

ပိုင်လင်း မူဖူတောင်သို့ ပြန်ရောက်လာချိန်တွင် မိုးကောင်းကင်ယံကြီး မှောင်မည်းနေလေပြီ။

ဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲများအားလုံး ထွက်ခွာသွားကြပြီဖြစ်ကာ တောင်ပေါ်တွင် နောက်တစ်ကြိမ် တိတ်ဆိတ်သွားခဲ့သည်။

ကြယ်ရောင်များ လင်းလက်ပြီး လမင်းကြီး သာယာနေသော ညဉ့်ယံတွင် ကျုံးချင်သည် မက်မွန်ပင်အောက်တွင် လရောင်ကို ခံစားနေခဲ့သည်။

အဝေးမှနေ၍ ပိုင်လင်း၏ ကြည်လင်ပြီး ချိုသာသော အသံလေး ထွက်ပေါ်လာပေ၏။

"ဆရာ... တပည့် ပြန်ရောက်ပါပြီ..."

ကျုံးချင်က အပြုံးနှင့် ပြောဆိုလိုက်သည်။

"မင်း ပင်ပန်းသွားပြီ..."

ပိုင်လင်းက သူ၏အနီးသို့ ရောက်လာပြီး သူမ၏ ရတနာတစ်ပွင့်အလား တောက်ပသော မျက်လုံးများထဲတွင် အပြုံးရိပ်လေးတစ်ခု ထင်ဟပ်နေကာ ပြောဆိုလိုက်၏။

"ဒါက ကိစ္စသေးသေးလေးပါ... 'ပင်ပန်းတယ်' ဆိုတဲ့ စကားလုံးနဲ့တောင် မတန်ပါဘူး..."

"နောက်ပြီး ဒါက ဆရာ အမိန့်ပေးထားတဲ့ ကိစ္စဆိုတော့ အိုက်လင်းက ဝမ်းသာအားရ လုပ်ပေးတာပါ..."

ထိုသန့်စင်ပြီး ချိုမြိန်သော အပြုံးမျက်နှာလေးကို ရင်ဆိုင်ရချိန်တွင် ကျုံးချင်သည် ထူးဆန်းသော ခံစားချက်တစ်မျိုးကို အမြဲတစေ ခံစားနေရသည်။

သူက ပြောဆိုလိုက်သည်။

"ကောင်းပြီ... အချိန်လည်း လင့်နေပြီဆိုတော့ မင်း သွားနားတော့လေ..."

ပိုင်လင်းသည် ကျုံးချင်၏ စကားများကို အမြဲတစေ ခြွင်းချက်မရှိ နာခံလေ့ရှိသည်။

"ဟုတ်ကဲ့ပါ ဆရာ..."

ပိုင်လင်း ထွက်သွားပြီးနောက် ကျုံးချင်သည် အရက်ဆက်သောက်ကာ လရောင်ကို ခံစားနေပေ၏။

နောက်ဆုံးတွင် သူက သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်သည်။

သူ၏မျက်နှာပေါ်တွင် လွမ်းဆွေးမှု အရိပ်အယောင်လေးတစ်ရပ် ထွက်ပေါ်လာခဲ့သည်။

သူသည် ကိုယ့်ကိုယ်ကိုယ်အတွက် သက်ပြင်းချနေသလော သို့မဟုတ် တခြားလူများအတွက် သက်ပြင်းချနေသလော ဆိုသည်ကို သူကိုယ်တိုင်ပင် မသိခဲ့ချေ။

...

နောက်ရက်များတွင် မူဖူတောင်တွင် အလွန်အမင်း ငြိမ်းချမ်းနေခဲ့သည်။

သို့သော် လင်းဖုန်းနှင့်စုယဲ့တို့အတွက်မူ သူတို့၏ ကျင့်ကြံမှု ပို၍ပြင်းထန်ပြီး ကြိုးစားပမ်းစား ဖြစ်လာခဲ့ကြ၏။

ကျုံးချင်က သူတို့ကို တပည့်အဖြစ် လက်ခံခဲ့ခြင်းမှာ သူတို့အတွက် ကြီးမားသော ကောင်းချီး တစ်ခုဖြစ်သည်ဟု ဆိုရပေမည်။

သို့သော် သူတို့ဂျူနီယာများ၏စွမ်းအားသည် မိုးကောင်းကင်ယံကို ဆန့်ကျင်လွန်းနေသဖြင့် သူတို့ကို ကြီးမားသော ဖိအားများအား ခံစားရစေသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့သည် ဂိုဏ်းထဲသို့ အစောဆုံး ဝင်ရောက်လာခဲ့သူများ ဖြစ်သော်လည်း သူတို့၏စွမ်းအားမှာ အနိမ့်ဆုံး ဖြစ်နေသည်။

အကယ်၍ ဤကိစ္စကို တခြားလူများ သိသွားမည်ဆိုလျှင် သူတို့အတွက် အနည်းငယ် ရှက်ရွံဖွယ် ကောင်းပေလိမ့်မည်။

ထို့ကြောင့် သူတို့နှစ်ယောက်သည် အစားမေ့ အိပ်မေ့ ဖြစ်လုမတတ် အနားမယူဘဲ ကြိုးစားပမ်းစား ကျင့်ကြံနေခဲ့ကြ၏။

ကျုံးချင်က ဤအရာများအားလုံးကို မြင်တွေ့နေခဲ့သည်။

ထိုအရာက သူ့တပည့်နှစ်ဦး၏စွမ်းအားကို မြှင့်တင်ပေးမည့် လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ရမည်ဟု ခံစားရစေခဲ့သည်။

ထိုသို့ တွေးတောလိုက်ပြီး ကျုံးချင်က စနစ် ကို တိုက်ရိုက်မေးမြန်းလိုက်သည်။

"စနစ်... စုယဲ့နဲ့ လင်းဖုန်းတို့ရဲ့စွမ်းအားကို အမြန်ဆုံး ဘယ်လို မြှင့်တင်ပေးနိုင်မလဲ..."

"လက်ခံသူကို အလယ်ပိုင်းဒေသသို့ သွားရန် အကြံပြုအပ်သည်... ထိုနေရာတွင် အမှိုက်နှောင်ကြိုးကို မြှင့်တင်ရန် အခွင့်အရေး တစ်ခု ရှိပြီး လက်ခံသူ၏ အနာဂတ်တပည့်လည်း ရှိနေသည်..."

ကျုံးချင် အံ့အားသင့်သွားကာ တီးတိုးရေရွတ်လိုက်၏။

"အလယ်ပိုင်းဒေသ..."

လောကကြီး၏မြေပုံပေါ်တွင် အရှေ့ အနောက် တောင်နှင့်မြောက်ဟူသော ဒေသကြီးလေးခုသည် လမင်းကို ဝန်းရံနေသော ကြယ်များအလား အလယ်ပိုင်းဒေသကို ဝန်းရံထားကြသည်။

ကြီးမားကျယ်ပြန့်သော ဒေသကြီးလေးခုနှင့် မတူဘဲ အလယ်ပိုင်းဒေသသည် ကောင်းကင်နှင့် မြေပြင်ကြားတွင် ယိမ်းနွဲ့နေသော မျောလွင့်ကျွန်းကြီးတစ်ကျွန်း ဖြစ်နေသည်။

ဤမျောလွင့်ကျွန်းကြီးကို အလွှာကိုးလွှာ ခွဲခြားထားသည်။ အနိမ့်ဆုံးအလွှာသည် အဆုံးမဲ့ ပင်လယ်ပြင်အထက်တွင် မျောလွင့်နေပြီး ထိုအရာ အထက်ရှိအလွှာ၏မြေပြင်မှာ အနိမ့်ဆုံးအလွှာ၏ကောင်းကင်အဖြစ် တည်ရှိနေပေ၏။

အလွှာတစ်ခုစီသည် တခြားအလွှာများအတွက် ကောင်းကင်နှင့်မြေကြီးအဖြစ် တည်ရှိနေပြီး ကိုးခုမြောက်အလွှာ၏ အထွတ်အထိပ်ကို လောကပေါင်းစုံအထွတ်အထိပ်ဟု ခေါ်ဆိုကာ ကောင်းကင်ယံသို့ မြင့်တက်နေသည်။

ဒေသကြီးလေးခုရှိ လူအများစုအတွက် အလယ်ပိုင်းဒေသ မျောလွင့်ကျွန်းကြီးသည် ကောင်းကင်ဘုံရှိ အင်မော်တယ်နယ်ပယ်နှင့် ဆင်တူသော တည်ရှိမှုတစ်ခုပင်။

ဤသည်က အလယ်ပိုင်းဒေသ မျောလွင့်ကျွန်းကြီးပေါ်ရှိ အရေးကြီးပုဂ္ဂိုလ်များက လောကတစ်ခုလုံး၏ ပြန်လည်ဝင်စားခြင်းနှင့်သေဆုံးခြင်းတို့ကို ထိန်းချုပ်ထားခြင်းသက်သက်ကြောင့် မဟုတ်ချေ။

ဒေသကြီးလေးခုနှင့် အလယ်ပိုင်းဒေသကြားရှိ လွန်စွာအန္တရာယ်များသော နတ်ဆိုးပင်လယ်၏ရှုပ်ထွေးမှုကြောင့်လည်း ဖြစ်ပေ၏။

နတ်ဆိုးပင်လယ်တွင် အစွမ်းထက်သော နတ်ဆိုးများနှင့် ထူးဆန်းသော ပင်လယ်မျိုးနွယ်စုများဖြင့် ပြည့်နှက်နေသည်။ ထိုမျှသာမက မရေမတွက်နိုင်သော မကောင်းဆိုးဝါး နယ်မြေများနှင့် ကောင်းကင်ဘုံလှိုဏ်ဂူများလည်း ရှိနေပေ၏။ တစ်စုံတစ်ယောက်သည် သတိမထားမိပါက အဆုံးမဲ့ပင်လယ်ပြင် အတွင်းသို့ အလွယ်တကူ ကျဆင်းသွားနိုင်သည်။

အလယ်ပိုင်းဒေသသို့ ရောက်ရှိရန် ဒေသကြီးလေးခုမှနေ၍ နတ်ဆိုးပင်လယ်ရှုပ်ထွေးမှုကို ဖြတ်ကူးရခြင်းမှာ သာမန်လူ တစ်ဦး ကောင်းကင်သို့ တက်လှမ်းရခြင်းထက်ပင် ပို၍ခက်ခဲပေသည်။

ကျုံးချင်က တီးတိုးရေရွတ်လိုက်သည်။

"ဒါပေမဲ့ ငါ့တပည့်တွေရဲ့ တိုးတက်မှုနဲ့ သက်ဆိုင်နေမှတော့ ဘယ်လောက်ပဲ ခက်ခဲပါစေ ငါ သွားရမှာပဲ..."

"ဖြစ်နိုင်ရင် ငါ အလယ်ပိုင်းဒေသကို တစ်ခေါက်လောက် သွားသင့်တယ်..."

သူ့တပည့်များ၏ တိုးတက်မှုမှာ သူနှင့် နီးကပ်စွာ ဆက်စပ်နေသည်။

သူ၏တပည့်များ ပို၍အစွမ်းထက်လာလေလေ ကျုံးချင်သည်လည်း ပို၍အကျိုးအမြတ် ရရှိလေလေပင်။

ထို့အပြင် ဤခရီးစဉ်သည် သူ၏ တပည့်များအတွက် သက်သက်မဟုတ်ချေ။

ကျုံးချင်သည် ဟော်လင်းအာ၏ကိစ္စကြောင့် အမြဲတစေ စိတ်အနှောင့်အယှက် ဖြစ်နေခဲ့သည်။

ဟော်လင်းအာသည် မြောက်ပိုင်းဒေသမှ မဟုတ်ကြောင်း သူ ကြိုတင်ခန့်မှန်းနိုင်သည်။

သူမသည် တခြားဒေသတစ်ခုမှ ဖြစ်ပေမည်။

သူမသည် သူ့ကို ဒုက္ခပေးနိုင်ခဲ့သည်ဆိုသည့် အချက်က သူမ မည်မျှထိ သာမန်ထက် သာလွန်ထူးကဲကြောင်းကို ပြသနေပေ၏။

သူမသည် အလယ်ပိုင်းဒေသမှ လာခြင်း ဖြစ်နိုင်ခြေ အလွန်များသည်။

အကယ်၍ သူမသည် အလယ်ပိုင်းဒေသမှ မဟုတ်လျှင်ပင် ထိုဒေသတွင် ပါရမီရှင်များ ပြည့်နှက်နေသဖြင့် အသုံးဝင်သော သတင်းအချက်အလက်များကို သူ ရှာတွေ့ကောင်း ရှာတွေ့နိုင်သည်။

ရုတ်ချည်းဆိုသလိုပင် ကျုံးချင်က ဆုံးဖြတ်ချက် ချလိုက်သည်။

သူ အလယ်ပိုင်းဒေသသို့ သွားပေမည်။

သေချာသည်မှာ ထိုသို့ မသွားမီ သူသည် မူဖူတောင်အတွက် ကိစ္စရပ်များကို စီစဉ်ပေးခဲ့ရပေမည်။

ထိုသို့ တွေးလိုက်ပြီးနောက် ကျုံးချင်က သူ၏ တပည့်လေးယောက်ကို ဆင့်ခေါ်လိုက်သည်။

"ဆရာ..."

ကျုံးချင်၏ဆင့်ခေါ်မှုကို ကြားချိန်တွင် တပည့်လေးယောက်သည် သူတို့ လုပ်နေသည့် အလုပ်များကို ချက်ချင်းရပ်တန့်လိုက်ကြ၏။

မကြာမီမှာပင် သူတို့အားလုံး ရောက်ရှိလာကြသည်။

သူတို့သည် ကျုံးချင်အား အလွန်အမင်း ရိုသေလေးစားစွာဖြင့် အရိုအသေပေးကာ ဦးညွှတ်လိုက်ကြသည်။

ကျုံးချင်က သူ့ရှေ့ရှိ တပည့်လေးယောက်ကို ကြည့်လိုက်သည်။

အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် သူက ပြောဆိုလိုက်၏။

"ဆရာက အလယ်ပိုင်းဒေသကို တစ်ခေါက်သွားဖို့ ပြင်ဆင်နေတယ်..."

ပိုင်လင်းက အံ့အားသင့်သွားပြီး အရင်ဆုံး မေးလိုက်သည်။

"ဆရာ... ဘယ်လောက်ကြာမှာလဲ..."

ကျုံးချင် ကိုယ်တိုင်လည်း အချိန်မည်မျှထိ ကြာမည်ကို မသိခဲ့ချေ။

သူ၏ကိစ္စများ ပြီးစီးမှသာ သူ ပြန်လာနိုင်ပေမည်။

ထိုသို့ တွေးတောလိုက်ပြီး သူက ကျယ်လောင်သောအသံဖြင့် ပြောဆိုလိုက်သည်။

"ပြန်လာမယ့်ရက် အတိအကျကိုတော့ မသိသေးဘူး...ဒီနေ့ မင်းတို့ကို ဆရာ ခေါ်လိုက်ရတဲ့ အကြောင်းအရင်းက ဆရာ ခရီးဝေး သွားမယ့်အကြောင်း အသိပေးဖို့အပြင်...နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်..."

"ဒါက မင်းတို့ကို အပြင်ထွက်ပြီး အတွေ့အကြုံ ယူဖို့ စီစဉ်ပေးမလို့ပဲ...မင်းတို့ထဲက ဘယ်သူမှာများ ကန့်ကွက်စရာ ရှိလဲ..."

လင်းဖုန်းသည် အပြင်ထွက်၍ အတွေ့အကြုံ ယူချင်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

မည်သို့ပင်ဆိုစေကာမူ ပိုင်လင်း၏အတွေ့အကြုံက သူ့ကို အကြီးအကျယ် လှုံ့ဆော်ပေးခဲ့သည် မဟုတ်လော...

သူက အရင်ဆုံး သဘောတူကြောင်း ပြောဆိုလိုက်သည်။

"ဆရာ... တပည့်မှာ ကန့်ကွက်စရာ မရှိပါဘူး..."

သူ၏မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်လေးပင် ရှိနေပေ၏။

စုယဲ့ကမူ အနည်းငယ် တွန့်ဆုတ်နေခဲ့သည်။ သို့သော် သူသည် သူ၏အသက်အရွယ်နှင့် မလိုက်အောင် ရင့်ကျက်သူတစ်ဦးပင်။

သူ၏ဆရာ ဤသို့ ပြုလုပ်ရခြင်းမှာ သူ၏ကောင်းကျိုးအတွက်သာ ဖြစ်မည်ကို သူ သိထားသည်။

ဘာပဲဖြစ်ဖြစ် လင်းယုန်ပေါက်စလေး တစ်ကောင်က အစွမ်းထက်တဲ့ လင်းယုန်ကြီးရဲ့ အတောင်ပံအောက်မှာပဲ ဘယ်လိုလုပ် အမြဲတမ်း နေထိုင်နိုင်မှာလဲ....

စုယဲ့က ပြောဆိုလိုက်၏။

"ဆရာ... တပည့်မှာ ကန့်ကွက်စရာ မရှိပါဘူး..."

တုဟောက်ကမူ တော်တော်လေး စိတ်ဝင်စားစရာကောင်းကာ သူသည် သူရဲဘောကြောင်ခြင်းတာအိုကို ဖန်တီးခဲ့သူပင်။

သူ ရှာဖွေနေသမျှ အရာအားလုံးမှာ တည်ငြိမ်မှုသာ ဖြစ်သည်။

မူဖူတောင်ပေါ်ရှိဘဝသည် သူ သတိထားကာ နေထိုင်ရန်အတွက် သူ၏စံပြနေရာလေးသာ ဖြစ်ပေ၏။

ဂိုဏ်းသည် အစွမ်းထက်ပြီး ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ ယေဘုယျအားဖြင့် သိပ်အစွမ်းမထက်ကြချေ။

သူ ငြင်းဆန်ချင်ခဲ့ကာ မူဖူတောင်ပေါ်၌ ပုန်းအောင်းနေလို့ ရမလားဟု မေးချင်ခဲ့သော်လည်း ကျုံးချင်၏ စူးရှသော အကြည့်ကို ရင်ဆိုင်လိုက်ရချိန်၌....

ဆရာက သူတို့နှင့် ဆွေးနွေးနေခြင်း လုံးဝမဟုတ်ကြောင်း သူ နားလည်သွားပေ၏။

ဆရာက သူတို့ကို အသိပေးနေခြင်းသာ ဖြစ်ကြောင်း သိသာထင်ရှားသည်။

သူ ချက်ချင်းပင် နှုတ်ခမ်းဆူပြီး တွန့်ဆုတ်စွာဖြင့် ပြောဆိုလိုက်သည်။

"တပည့်မှာ ကန့်ကွက်စရာ မရှိပါဘူး..."

ပိုင်လင်း၏အတွေးများကမူ တခြားသူများထက် များစွာပို၍ရှုပ်ထွေးနေပေ၏။

သူမက ကျုံးချင်နှင့် ခွဲခွာရမည်ကို ဝမ်းနည်းနေခဲ့သည်။

သို့သော် ဤခွဲခွာခြင်းမှာ နောက်တစ်ကြိမ်တွင် ပို၍ကောင်းမွန်စွာ ပြန်လည်ဆုံတွေ့နိုင်ရန်အတွက်သာဖြစ်ကြောင်း သူမ သိထားသည်။

သူမဆရာ၏တည်ရှိမှုကို သူမ ထွင်းဖောက်မမြင်နိုင်ခဲ့ချေ။

သို့သော် အကယ်၍ သူမသာ သူမ၏စွမ်းအားကို ဆက်လက်၍ လျှင်မြန်စွာ တိုးတက်အောင် လုပ်နိုင်မည်ဆိုပါက တစ်နေ့နေ့တွင် ဆရာ၏ ခြေလှမ်းများကို သူမ မှီလာနိုင်ပေမည်။

ဖြစ်နိုင်သည်မှာ ထိုအချိန်ကျမှသာ သူမ၏ ခံစားချက်များကို ဆရာ့ထံသို့ အမှန်တကယ် ဖွင့်ဟပြောဆိုနိုင်ပေမည်။

ထို့ပြင် အဖြူရောင်နတ်ဆိုးမျိုးနွယ်၏ ဂုဏ်ကျက်သရေကို ပြန်လည်ဖော်ဆောင်ရန် သူမထံ၌ တာဝန်ရှိနေဆဲပင်။

ပြင်ပသို့ထွက်၍ အတွေ့အကြုံယူခြင်းနှင့် ပတ်သက်၍ သူမထံတွင် ငြင်းဆန်လိုစိတ် မရှိခဲ့ချေ။

ပိုင်လင်းက ပြောဆိုသည်။

"ဆရာ... တပည့်မှာ ကန့်ကွက်စရာ မရှိပါဘူး..."

လူလေးယောက်... မတူညီသော အတွေးလေးမျိုး...

ကျုံးချင်၏ အကြည့်က သူတို့အပေါ်တွင် အချိန်တဏကြာမျှ ရပ်တန့်သွားခဲ့ကာ...

နောက်ဆုံးတွင် သူက ခေါင်းညိတ်လိုက်သည်။

"အချိန်ဆွဲမနေနဲ့တော့... ပစ္စည်းတွေ သိမ်းပြီး ဒီနေ့ပဲ ထွက်သွားကြတော့..."

ခွဲခွာရခြင်းက အမြဲတစေ ဝမ်းနည်းစရာကောင်းသည်။

သူတို့၏ ပစ္စည်းများကို သိမ်းဆည်းပြီးနောက် သူတို့လေးယောက်သည် ကျုံးချင်အား နှုတ်ဆက်ရန် စတင်လိုက်ကြ၏။

သူတို့ တစ်ဦးချင်းစီထံတွင် တွန့်ဆုတ်မှု အရိပ်အယောင်များကို ပြသနေခဲ့ကြသည်။

ကျုံးချင်က ဝိုင်အရက်ကို တစ်ငုံ သောက်လိုက်ပြီး အနောက်သို့ ခဏခဏ ပြန်ကြည့်နေသော သူ၏ တပည့်များကို ပြောဆိုလိုက်သည်။

"မိန်းကလေးတွေလို လုပ်မနေကြနဲ့...နောက်တစ်ကြိမ် ငါတို့ တွေ့တဲ့အခါ မင်းတို့က ဆရာ့အတွက် အံ့အားသင့်စရာတွေ ယူလာပေးနိုင်မယ့် အချိန်ကို ဆရာ မျှော်လင့်နေမယ်..."

ထိုစကားများမှာ မှော်အစွမ်းတစ်ခုခု ပါဝင်နေပုံ ရသည်။

အကြောင်းအရင်း တစ်ခုခုကြောင့် သူတို့၏ နှလုံးသားထဲရှိ သွေးများက စတင်၍ဆူပွက်လာပေ၏။

သူတို့လေးယောက်က တပြိုင်နက်တည်းနီးပါး ပြောဆိုလိုက်ကြသည်။

"ဆရာ... စိတ်ချပါ... ကျွန်တော်တို့က ဆရာ့ကို သေချာပေါက် စိတ်ပျက်အောင် လုပ်မှာ မဟုတ်ပါဘူး..."

ကျုံးချင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။

"သွားကြတော့..."

တပည့်လေးယောက်က ကျုံးချင်အား ရိုသေလေးစားစွာ သုံးကြိမ်တိုင်တိုင် ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။

"ဆရာ... ဂရုစိုက်ပါ..."

မူဖူတောင်ပေါ်တွင် သူတို့လေးယောက်သား နှုတ်ဆက်ခဲ့ကြပြီးနောက်...

ပိုင်လင်းက မိုးပြာနဂါးမြင်း မြေကမ္ဘာနွားနတ်ဆိုးတို့နှင့်အတူ ထွက်ခွာသွားခဲ့သည်။

စုယဲ့နှင့်လင်းဖုန်းတို့က အတူတကွ ခရီးထွက်သွားကြ၏။

တုဟောက်ကမူ တောင်တန်းများထဲသို့ တစ်ယောက်တည်း တိုးဝင်သွားခဲ့သည်။

သူ၏တပည့်များ ထွက်ခွာသွားပြီးနောက်...

ကျုံးချင်က နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးနှင့် ဟေးပိုင်တို့ကို ဆင့်ခေါ်လိုက်သည်။

ကြက်ပေါက်စတစ်တို့အုပ်စုအပြင် ဟေးပိုင်တို့က ကျုံးချင်အား အရိုအသေပေးပြီး ရိုသေလေးစားစွာ ပြောဆိုလိုက်ကြသည်။

"အရှင်..."

"ဒီတစ်ခေါက် ငါက အလယ်ပိုင်းဒေသကို တစ်ခေါက်သွားဖို့ ရည်ရွယ်ထားတယ်... မင်းတို့ အားလုံး ငါနဲ့အတူ လိုက်ခဲ့ရမယ်..."

အလယ်ပိုင်းဒေသဆိုသည်မှာ ဒေသကြီးလေးခု၏ ဗဟိုချက်ပင်။

ကျုံးချင်၏ လက်ရှိကျင့်ကြံမှုဖြင့်ပင်လျှင် သူသည် အလယ်ပိုင်းဒေသတွင် အကန့်အသတ်မရှိ ပြုမူ၍ မရနိုင်ချေ။

ကြက်ပေါက်စတစ်တို့အုပ်စုသည် အလွန်အစွမ်းထက်သဖြင့် သူ သူတို့ကို ခေါ်သွားရန် သူ စီစဉ်ထားပေ၏။ အကယ်၍ သူသည် အစွမ်းထက်သော ရန်သူနှင့် ကြုံတွေ့ရပါက သူတို့သည် သူ့အတွက် အကူအညီတစ်ခု ဖြစ်လာပေလိမ့်မည်။

နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးက လွယ်လင့်တကူ သဘောတူလိုက်ကြ၏။

"အရှင်ရဲ့အမိန့်ကို နာခံပါ့မယ်..."

ကျုံးချင်က ခေါင်းညိတ်လိုက်သည်။

နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသည် များပြားလွန်းသဖြင့် သူတို့ကို နံဘေးတွင် ထားရှိခြင်းက ရှောင်လွှဲ၍ မရနိုင်အောင်ပင် သိသာလွန်းနေပေမည်။

ထိုသို့ တွေးလိုက်ပြီး သူတို့ကို သူ၏ကိုယ်ပိုင်ကမ္ဘာငယ်လေးထဲသို့ ဝင်ရောက်ရန် စီစဉ်လိုက်၏။

သူ၏ကမ္ဘာငယ်လေးသည် ယခုအချိန်၌ ထပ်မံ၍ ကြီးမားလာခဲ့လေပြီ။

ဤသည်မှာ မြောက်နှင့်တောင်သို့ မိုင်ရာချီ ရှည်လျားနေခဲ့ကာ သူ ပထမဆုံး ရရှိခဲ့ချိန်ကထက် အဆတစ်ရာကျော် ပို၍ကြီးမားနေခဲ့သည်။

သူ၏အသိစိတ်ပင်လယ်အတွင်းတွင် ယုံကြည်မှု စွမ်းအားများသည် သမုဒ္ဒရာတစ်ဝက်ခန့်ကိုပင် ဖုံးလွှမ်းလုနီးပါး ဖြစ်နေခဲ့ပေ၏။

ထိုယုံကြည်မှုစွမ်းအားများအနက် တချို့မှာ နတ်ဆိုးနန်းတော်မှ လာခြင်းပင်။

တချို့ကမူ ထျန်းယွင်ဂိုဏ်းမှလာခြင်း ဖြစ်သည်။

ထို့အပြင် အနည်းငယ်သောပမာဏမှာ တခြား နေရာများမှ လာခြင်းဖြစ်ပေ၏။

ဤသည်မှာ ကြည်နူးဖွယ်ကောင်းသော အံ့အားသင့်စရာ ကိစ္စတစ်ရပ်ပင်။

ကျုံးချင်၏ အမိန့်နှင့်အတူ နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးနှင့်ဟေးပိုင်တို့သည် ကမ္ဘာငယ်လေးထဲသို့ ဆူညံစွာ ဝင်ရောက်သွားကြသည်။

တစ်ချိန်တည်းမှာပင်...

အလင်းတန်းတစ်ခု လင်းလက်လာပြီး ကမ္ဘာငယ်လေးထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။

သူ အနီးကပ်ကြည့်လိုက်ချိန်၌ ထိုအလင်းတန်းမှာ စာခြောက်ရုပ် ဖြစ်နေသည်။

စာခြောက်ရုပ်သည် သစ်တုံးတစ်တုံးအလား မြေကြီးထဲတွင် ခိုင်မြဲစွာ စိုက်ဝင်နေပေ၏။

ထိုအရာက ကျုံးချင်ကို အံ့အားသင့်သွားစေခဲ့သည်။

ဤကောင်စုတ်က ကမ္ဘာငယ်လေးကို သူ၏အိမ်အဖြစ် သတ်မှတ်လိုက်ပုံရသည်။

သို့သော် စာခြောက်ရုပ် ပါလာသဖြင့် ဤခရီးစဉ်တွင် အပိုအကူအညီတစ်ခု ထပ်မံ၍ ရရှိသွားခဲ့သည်။

ကျုံးချင်သည် အရာအားလုံးကို စနစ်တကျ စီစဉ်ပြီးနောက်...

နောက်ဆုံးတွင် ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့ကို သူဆင့်ခေါ်လိုက်ကာ ဂိုဏ်းကို သေချာ စောင့်ရှောက်ရန် ထိုလူနှစ်ယောက်ကို သူ မှာကြားခဲ့သည်။

သူတို့ နှစ်ယောက်လုံးက အလွယ်တကူ သဘောတူလိုက်ကြသည်။

ဤအရာများအားလုံး လုပ်ဆောင်ပြီးနောက်...

သူ ထွက်ခွာရမည့်အချိန် ရောက်ပြီဖြစ်ကြောင်း ကျုံးချင် သိလိုက်၏။

အလယ်ပိုင်းဒေသသို့သွားရန် ပင်လယ်ပြင်ကို အရင်ဆုံး ဖြတ်ကူးရပေမည်။

စုံစမ်းစစ်ဆေးမှုတချို့ ပြုလုပ်ပြီးနောက် မြောက်ပိုင်းဒေသသည် ပင်လယ်နှင့် အနီးဆုံး ဖြစ်ကြောင်း ကျုံးချင်က သိရှိသွားခဲ့သည်။

သူသည် ထိုညမှာပင် မူဖူတောင်မှ ထွက်ခွာလာခဲ့ပြီး မြောက်ပိုင်းဒေသသို့ နောက်တစ်ကြိမ် ဦးတည်သွားခဲ့သည်။

ဤတစ်ကြိမ် ခရီးစဉ်တွင် သူ မည်သည့်အရာများအား ကြုံတွေ့ရမည်ကို သူ မသိခဲ့ချေ။

ထိုအရာအတွက် ကျုံးချင်သည် ထူးဆန်းသော မျှော်လင့်ချက် တစ်မျိုးကို ခံစားမိပေ၏။

All Chapters