အခန်း (၅၁၁-၅၁၃)
Vol. 35 Ch. 511-513
အပိုင်း ၅၁၁ : အတွင်းရေးပြဿနာများနှင့် ပြင်ပခြိမ်းခြောက်မှုများ
ဝေ့ရှန်း၏စကားကို ကြားလိုက်ရချိန်ဝယ် သိုက်လီလီ၏ မျက်နှာထက်တွင် ကျေနပ်ဂုဏ်ယူနေလေဟန် အမူအရာတစ်ခု ပေါ်လာခဲ့သည်။
ဝေ့ရှန်းက ဆက်ပြောလိုက်၏။
"ကျွန်တော်တို့ဟိုတယ်ရဲ့ အဓိကဆွဲဆောင်မှုက အကောင်းဆုံးအစားအသောက်တွေဆိုတာ သိထားသင့်တယ်။ ပြီးတော့ ဟိုတယ်စားသောက်ဆိုင်ရဲ့ စားဖိုမှူးချုပ်က သိုက်လီလီရဲ့အဖေလေ"
သိုက်လီလီ ဘာကြောင့် ဤမျှအထိ မောက်မာနေရသလဲဆိုသည်ကို ယဲ့ချန်း နောက်ဆုံးတော့ သဘောပေါက်သွားခဲ့ချေပြီ။
လက်စသတ်တော့ သူ(မ)၏နောက်တွင် ကျောထောက်နောက်ခံပေးမည့်လူ ရှိနေချေသည်။
ဝေ့ရှန်းက ဆို၏။
"စားဖိုမှူးသိုက်မင်က မိုတုမြို့မှာ အရမ်းနာမည်ကြီးတယ်။ သူသာ ထွက်သွားမယ်ဆိုရင် ဟိုတယ်စားသောက်ဆိုင်ရဲ့ အရည်အသွေးက တစ်ဆင့်နိမ့်သွားလိမ့်မယ်။ အဲဒါက ဟိုတယ်ရဲ့ တိုးတက်မှုကို အများကြီးထိခိုက်စေနိုင်တယ်။ အဲဒါကြောင့် ညီလေးယဲ့... စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့"
စကားပြောနေရင်း ဝေ့ရှန်း၏မျက်နှာထက်ဝယ် ခပ်ဖွဖွအပြုံးတစ်ပွင့် ပေါ်လာချေသည်။
ဟိုတယ်ကို ရောင်းလိုက်ရသော်လည်း ဝေ့ရှန်း၏ရင်ထဲတွင် တစ်ခုခုကို အလိုမကျသလို ခံစားနေရဆဲသာ။
ကုမ္ပဏီကို လက်လွှဲယူပြီးပြီးချင်းမှာပင် ယဲ့ချန်း အရှက်ကွဲသွားသည်ကို မြင်လိုက်ရသည့်အတွက် သူ့စိတ်ထဲတွင် အလွန်ကျေနပ်သွားသည်။
သိုက်လီလီ ဧည့်ကြိုမန်နေဂျာရာထူးကို ဘယ်လိုရပြီး ဘာကြောင့် ဤမျှအထိ ထင်ရာစိုင်းရဲနေသလဲဆိုသည်ကို ယဲ့ချန်း ယခုတော့ နားလည်သွားချေပြီ။
သို့သော် စားဖိုမှူးချုပ်တစ်ယောက်ကြောင့်နှင့် ယဲ့ချန်းက နောက်ဆုတ်သွားမည်တဲ့လား။
သိုက်မင်၏ အချက်အပြုတ်စွမ်းရည်က အလွန်ကောင်းသည်ဆိုသော်ငြား ယနေ့ကား ဟိုတယ်သို့ သူ ပထမဆုံးအကြိမ်ရောက်လာခြင်းဖြစ်ကြောင်း ယဲ့ချန်း နားလည်ထားသည်။
အစကတည်းက သူ့အာဏာကို မတည်ဆောက်ထားနိုင်ပါက နောက်နောင် ဟိုတယ်ကို ထိန်းချုပ်ရန် အလွန်ခက်ခဲသွားလိမ့်မည်။
ထို့ကြောင့် သိုက်လီလီကို မဖြစ်မနေ အလုပ်ထုတ်ပစ်ရမည်။
သိုက်မင်ကမူ ဆက်နေဖို့ ရွေးချယ်မည်ဆိုပါက အလွန်ကောင်းသည်။ အကယ်၍ ထွက်သွားဖို့သာ အတင်းအကျပ်လုပ်နေမည်ဆိုလျှင်လည်း ယဲ့ချန်းက သူ့ကို တားနေမည်မဟုတ်။
After all, he has already activated the system’s headhunting feature; he could recruit any type of talent he wants.
မည်သို့ပင်ဖြစ်စေ သူသည် စနစ်၏ ပါရမီရှင်ရှာဖွေရေးလုပ်ဆောင်ချက်ကို ဖွင့်ထားပြီးဖြစ်၏။ သူလိုချင်သည့် မည်သည့်ပါရမီရှင်ကိုမဆို ခေါ်ယူနိုင်စွမ်းရှိသည်။
ထို့ကြောင့် ယဲ့ချန်းက ပြောလိုက်သည်။
"ဥက္ကဋ္ဌဝေ့... ကျွန်တော့်ကို ဖျောင်းဖျနေစရာ မလိုပါဘူး။ ဒီလူ့ကို အလုပ်ထုတ်ပစ်ရမယ်"
သိုက်လီလီ၏ အပြုံးကား ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။
ယခင်တုန်းကတော့ သူ(မ) ဘယ်လိုအမှားမျိုးလုပ်လုပ် အဖေ့နာမည်ကို ထုတ်သုံးလိုက်သည်နှင့် အရာအားလုံးက အလွယ်တကူ ပြေလည်သွားခဲ့သည်ချည်းသာ။
သို့သော် ယနေ့တွင်မူ အံ့သြစရာကောင်းလောက်အောင်ပင် သူ(မ)အဖေ၏နာမည်က အလုပ်မဖြစ်တော့ပေ။
"သူဌေးယဲ့... ကျွန်မအဖေက ဟိုတယ်ရဲ့စားဖိုမှူးချုပ်နော်။ ကျွန်မကိုအလုပ်ထုတ်လိုက်ရင် ဖြစ်လာမယ့် နောက်ဆက်တွဲဆိုးကျိုးတွေကို ရှင်စဉ်းစားပြီးပြီလား"
သိုက်လီလီက အေးစက်စက်လေသံနှင့် ပြောလိုက်၏။
ယဲ့ချန်းကလည်း ခက်ထန်စွာ ပြန်ဖြေလေသည်။
"မင်းဘာသာမင်း ထွက်သွားဖို့ အခွင့်အရေးပေးမယ်။ မဟုတ်ရင်တော့ လုံခြုံရေးတွေကိုခေါ်ပြီး မင်းကို အပြင်ဆွဲထုတ်ခိုင်းရလိမ့်မယ်နော်။ အဲဒီလိုဆိုရင်တော့ သိပ်ကြည့်ကောင်းမှာမဟုတ်ဘူး"
"ရှင်..."
သူ(မ)၏ အကာအကွယ်လက်ဖွဲ့က အလုပ်မဖြစ်ဘဲ နေလိမ့်မည်ဟု သိုက်လီလီ တစ်ခါမှ မတွေးဖူးပေ။
ထို့ကြောင့် ခြေဆောင့်ကာ လှည့်ထွက်သွားတော့သည်။
ဝေ့ရှန်းလည်း မှင်တက်သွားသည်။
ဤလူငယ်လေးက ဤမျှအထိ ရက်စက်လိမ့်မည်ဟု လုံးဝမထင်ထားချေ။ ရောက်ရောက်ချင်းမှာပင် စားဖိုမှူးချုပ်၏သမီးကို အလုပ်ထုတ်ပစ်လိုက်ပေသည်။
သို့သော် ဝေ့ရှန်းကမူ အလွန်ကျေနပ်နေပေသည်။ ဟိုတယ်စားသောက်ဆိုင် နာမည်ကြီးနေရခြင်း၏ အဓိကအကြောင်းအရင်းမှာ စားဖိုမှူးကြီးသိုက်မင်၏ ဟင်းချက်လက်ရာကြောင့်ပင်။
စားသောက်ဆိုင်က ပိုးဟပ်ကိစ္စကြောင့် နာမည်ပျက်နေပြီးသားပင်။ အကယ်၍ သိုက်မင်ပါ ထွက်သွားမည်ဆိုလျှင် စားသောက်ဆိုင်က ယခင်ကလို နာမည်ပြန်ကြီးလာရန် အလွန်ခက်ခဲသွားလိမ့်မည်။
ယဲ့ချန်းက ပြုံးလိုက်၏။
"ဥက္ကဋ္ဌဝေ့... ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရဲ့ လွှဲပြောင်းအပ်နှံမှုကလည်း ပြီးသလောက်ဖြစ်နေပါပြီ။ စိတ်ချပါ။ ဟိုတယ်က ကျွန်တော့်လက်ထဲကို ရောက်လာပြီဆိုတော့ မိုတုမြို့မှာ ထိပ်တန်းဟိုတယ်တစ်ခု ဖြစ်လာစေရမယ်လို့ ကတိပေးပါတယ်"
ယုံကြည်မှုအပြည့်ရှိသော ယဲ့ချန်း၏ဟန်ပန်ကိုကြည့်ရင်း ဝေ့ရှန်းကမူ ရယ်ချင်စရာကောင်းသည်ဟု ထင်နေချေသည်။
ဤလူငယ်လေးက အတွေ့အကြုံနုနယ်လွန်းလှသည်။ ဟိုတယ်တစ်ခုကို စီမံခန့်ခွဲခြင်းမှာ မလွယ်ကူလှပေ။
ထိုအချိန်မှာပင် ဝတ်စုံပြည့်ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ခပ်သုတ်သုတ်လျှောက်လာလေသည်။
ဝေ့ရှန်းက မိတ်ဆက်ပေးလိုက်၏။
"ညီလေးယဲ့... ဒါက ဟိုတယ်မန်နေဂျာ ပိုင်ထန်တဲ့"
ပိုင်ထန်က အနည်းငယ် ဦးညွှတ်လိုက်၏။
"မင်္ဂလာပါ ဥက္ကဋ္ဌယဲ့"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
စနစ်က ဤလူလတ်ပိုင်းအရွယ်အမျိုးသားကို ရွှေအဆင့်မန်နေဂျာတစ်ယောက်အဖြစ် သတ်မှတ်ထားသောကြောင့် သူ့တွင် အရည်အချင်းတစ်ခုခုရှိကြောင်း ဖော်ပြနေသည်။
ယခင်တုန်းက စီမံခန့်ခွဲမှုပိုင်းဆိုင်ရာတွင် ဗြောင်းဆန်နေခဲ့သည်။ အဓိကအကြောင်းအရင်းမှာ ဝေ့ရှန်းကြောင့်ပင်။
ပိုင်ထန်သာမရှိလျှင် ဟိုတယ်က ပြိုလဲသွားသည်မှာ ကြာလှချေပြီ။
ယဲ့ချန်းက ရယ်မောလိုက်၏။
"မန်နေဂျာပိုင်... အခုကစပြီး အကောင်းဆုံးကြိုးစားပေးပါ။ ဟိုတယ်ရဲ့စီမံခန့်ခွဲမှုအားလုံးကို ခင်ဗျားဆီ အကုန်လွှဲအပ်ပေးထားမှာပါ။ ခင်ဗျားရဲ့ဆုံးဖြတ်ချက်ကိုလည်း ဝင်မစွက်ဖက်ပါဘူး။ ဒီဟိုတယ်ကို မိုတုမြို့ရဲ့ ထိပ်တန်းအဆင့်ဖြစ်လာအောင်လုပ်ဖို့ ခင်ဗျားကို အချိန်တစ်နှစ်ပေးမယ်"
ယဲ့ချန်း၏စကားကို ကြားလိုက်ရသောအခါ ပိုင်ထန်ခမျာ ခဏမျှမှင်နက်သွားပြီးနောက် မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်လေဟန် အရိပ်အယောင်များ တောက်ပလာခဲ့သည်။
ပိုင်ထန်က Mနိုင်ငံရှိ နော်တန်တက္ကသိုလ်မှ စီမံခန့်ခွဲမှုဘာသာရပ်ဖြင့် ဘွဲ့ရထားသူပင်။
သူ့တွင် ရည်မှန်းချက်အများကြီးရှိသော်ငြား ဝေ့ရှန်းကို သူ့အမြင်များ တင်ပြလိုက်တိုင်း အမြဲပယ်ချခံခဲ့ရသည်။
ဤအချက်ကြောင့် ပိုင်ထန် အလွန်စိတ်ပျက်ရသည်။
ဤသူဌေးအသစ်က ရောက်ရောက်ချင်းမှာပင် ပိုင်ထန်အမုန်းဆုံးလူ သိုက်လီလီကို အလုပ်ထုတ်ပစ်လိုက်သောကြောင့် ဤသူဌေးအသစ်အပေါ် သူ ပိုသဘောကျသွားသည်။
ယဲ့ချန်းက ပြောလိုက်၏။
"မန်နေဂျာပိုင်... အစည်းအဝေးလုပ်ဖို့ ဝန်ထမ်းတွေကို လူစုခိုင်းလိုက်ပါ"
ပိုင်ထန်ကလည်း ခေါင်းညိတ်ပြပြီးနောက် ဟိုတယ်ဝန်ထမ်းများကို အစည်းအဝေးလုပ်ဖို့ ချက်ချင်းအကြောင်းကြားလိုက်သည်။
ဟိုတယ်တွင် ဝန်ထမ်းတစ်ရာကျော်ရှိသော်ငြား ယဲ့ချန်းကို အံ့သြသွားစေသည့်အရာမှာ လူအုပ်ထဲတွင် စားဖိုမှူးဝတ်စုံဝတ်ထားသူဟူ၍ တစ်ယောက်သာ ပါလာလေသည်။
ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။
"မီးဖိုချောင်ဝန်ထမ်းတွေ မရှိဘူးလား"
ပိုင်ထန်ခမျာ နေရခက်စွာ ပြောလိုက်သည်။
"လက်ထောက်စားဖိုမှူးက အခု ဟိုတယ်မှာ ဧည့်သည်နည်းနေတော့ အလုပ်သင်တွေကို တခြားပွဲတစ်ခုဆီကို ခေါ်သွားတယ်လို့ပြောပါတယ်"
"အလုပ်သင်တွေလား"
ယဲ့ချန်း အံ့သြသွားလေသည်။
ပိုင်ထန်ကမူ နေရခက်နေလေဟန်ပုံစံဖြင့် ပြောလာလေသည်။
"မီးဖိုချောင်ဝန်ထမ်းတွေအကုန်လုံးက လက်ထောက်စားဖိုမှူးရဲ့ အလုပ်သင်တွေချည်းပါပဲ။ အဲဒါကြောင့် သူက အကုန်ခေါ်သွားတာ"
နောက်ဆုံးတော့ ယဲ့ချန်း သဘောပေါက်သွားသည်။
သိုက်မင်က မီးဖိုချောင်ထဲတွင် အာဏာရှင်တစ်ယောက်အလား ဖြစ်နေဟန်တူသည်။
သူသည် ဝန်ထမ်းများကို ခေါ်သွားချင်သည့်အချိန်တိုင်း အလွယ်တကူ ခေါ်သွားနိုင်သည်။
ခွင့်တိုင်ရန်ပင် မလိုချေ။
ဝေ့ရှန်းက အနေခက်လေဟန်ဖြင့် ပြောလိုက်၏။
"အင်း... လောင်သိုက်က အဲဒီအကြောင်း ကျွန်တော့်ကို ပြောလို့လေ... အဲဒါနဲ့..."
ယဲ့ချန်းက လက်ကာပြလိုက်သည်။
"သဘောပေါက်ပြီ"
အစကတော့ ယဲ့ချန်းအနေနှင့် သိုက်မင်ကို ဆက်ထားရန် စဉ်းစားနေသော်ငြား ယခုမူ သူ့ကို ဆက်ထား၍ရမည့်ပုံ မပေါ်တော့ချေ။
အစည်းအဝေး စတင်လိုက်သောအခါ ပထမဆုံးအနေနှင့် ဝေ့ရှန်းက ယဲ့ချန်းသည် ဟိုတယ်ပိုင်ရှင်အသစ်ဖြစ်ကြောင်း ကြေညာလိုက်၏။
ထို့နောက် ဟိုတယ်တစ်ခုကို တည်ထောင်ဖို့ မည်မျှခက်ခဲကြောင်းနှင့် အားလုံးကို ဆက်လက်ကြိုးစားပေးကြဖို့ မျှော်လင့်ကြောင်း ယဉ်ကျေးမှုအရ အနည်းငယ် ပြောကြားခဲ့သည်။
ထို့နောက်တွင်မူ ယဲ့ချန်းက စကားစပြောလေသည်။
"အားလုံးပဲ... ဥက္ကဋ္ဌဝေ့က ကျွန်တော့်ကို မိတ်ဆက်ပေးပြီးပြီဆိုတော့ အများကြီး မပြောတော့ပါဘူး။ အခု ဟိုတယ်မှာ အခက်အခဲတချို့ ရှိတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဒီအခက်အခဲတွေ မကြာခင် ပြေလည်သွားမယ်လို့ ကျွန်တော် ကတိပေးပါတယ်။ ခင်ဗျားတို့အားလုံး ပူးပေါင်းလုပ်ဆောင်ကြဖို့ မျှော်လင့်ပါတယ်။ ကျွန်တော့်နောက်ကို သစ္စာရှိရှိလိုက်နေသရွေ့တော့ ဘယ်သူ့ကိုမှ မတရားသဖြင့်ဆက်ဆံမှာ မဟုတ်ပါဘူး"
ထိုလူအုပ်ကြီးကလည်း လက်ခုပ်တီးကြချေသည်။
သူဌေးအသစ်ရောက်လာပြီဖြစ်ရာ သူတို့အားလုံး စိုးရိမ်ပူပန်နေကြရသည်။
အထူးသဖြင့် ယဲ့ချန်းက ရောက်ရောက်ချင်းမှာပင် စားဖိုမှူးချုပ်၏သမီးကို အလုပ်ထုတ်ပစ်လိုက်သဖြင့် သူတို့ အလွန်စိုးရိမ်ထိတ်လန့်သွားခဲ့ရသည်။
ယဲ့ချန်း၏ ခပ်ပြုံးပြုံးပုံစံကို ကြည့်ရသည်မှာ ခင်ဖို့ကောင်းပြီး ဆက်ဆံရလွယ်ကူဟန်တူသည်။
သို့သော် နောက်တစ်စက္ကန့်မှာပင် ယဲ့ချန်း၏ မျက်နှာအမူအရာက အေးစက်သွားသည်။
"ပြင်ပက ပြဿနာတွေကိုတော့ ကျွန်တော် ဖြေရှင်းပေးပါ့မယ်။ ဒါပေမယ့် ဟိုတယ်အတွင်းပိုင်းက ပြဿနာတွေကလည်း ထပ်တူအရေးကြီးတယ်။ မန်နေဂျာပိုင်... ဟိုတယ်ရဲ့ပြဿနာတွေကို ခင်ဗျားအသိဆုံးဖြစ်မယ်ထင်တယ်။ ရှင်းထုတ်ရမယ့်လူတွေကို ရှင်းထုတ်လိုက်ပါ။ အရည်အချင်းရှိတဲ့လူတွေကို ချန်ထားပြီး အလုပ်ကို ပြီးစလွယ်လုပ်နေတဲ့သူတွေကိုတော့ ထွက်သွားခိုင်းလိုက်ပါ။ နစ်နာကြေးကို အပြည့်အဝပေးပါ့မယ်။ ခင်ဗျားတို့သာ ကြိုးကြိုးစားစားလုပ်မယ်ဆိုရင် တစ်နှစ်အတွင်း အားလုံးရဲ့လစာကို နှစ်ဆတိုးပေးမယ်လို့ ကျွန်တော် ကတိပေးရဲပါတယ်"
ယဲ့ချန်း၏စကားများကို ကြားလိုက်ရချိန်ဝယ် အားလုံး အနည်းငယ်အံ့အားသင့်သွားကြ၏။
ယဲ့ချန်းက ဆုပေးဒဏ်ပေးစနစ်နှစ်ခုလုံးကို တွဲသုံးလိုက်သည်ဟု ဆိုနိုင်ပေသည်။
တကယ်တော့ ဟိုတယ်၏ လက်ရှိအခြေအနေက သိပ်မကောင်းလှပေ။ တော်တော်များများက အလုပ်ကောင်းကောင်းမလုပ်ဘဲ အချောင်ပိုက်ဆံလိုချင်နေကြသည်။ သို့သော် ယခုမူ အလုပ်ကို ပေါ့ပေါ့ဆဆလုပ်ဖို့ သိပ်မလွယ်တော့ဟန်ပင်။
သို့သော် လစာနှစ်ဆတိုးပေးမည်ဟူသော ယဲ့ချန်း၏ကြေညာချက်က သူတို့အားလုံးကို စိတ်လှုပ်ရှားသွားစေသည်။
ယဲ့ချန်းက ဤကဲ့သို့သော ခံစားချက်မျိုးရအောင် တမင်ရည်ရွယ်ခဲ့ခြင်းပင်။ သူသည် ဝေ့ရှန်းနှင့်မတူကြောင်း အားလုံးကို နားလည်စေချင်သည်။
အစည်းအဝေးအပြီးတွင်မူ ပိုင်ထန်က ယဲ့ချန်းကို ဟိုတယ်တစ်ဝိုက် လိုက်လံပြသသည်။
ဝေ့ရှန်းက ဟိုတယ်အတွက် အများကြီး ကြိုးစားအားထုတ်ခဲ့သည်ဟု ဆိုရပေမည်။
ဟိုတယ်တစ်ခုလုံးကို အဆင့်မြင့်အသုံးအဆောင်များ အပြည့်အစုံတပ်ဆင်ပေးထားသည်။
ဟိုတယ်၏ အသုံးအဆောင်ပစ္စည်းများက ပြည့်စုံလှသဖြင့် ဇိမ်ခံအဆင့်အတန်းကြောင့် ယဲ့ချန်း အံ့သြသွားရသည်။
ဝေ့ရှန်းက လိမ်ပြောနေခြင်းမဟုတ်ကြောင်း ထင်ရှားလှသည်။ ဤဟိုတယ်အတွက် သူ အမှန်စင်စစ် ငွေအမြောက်အများ သုံးထားပေသည်။
ထိုအချိန်မှာပင် အပြင်ဘက်က ဆူညံသံများ ထွက်ပေါ်လာသည်။
အဖြူရောင်စားဖိုမှူးဝတ်စုံ ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ခပ်သုတ်သုတ်ဝင်ချလာသည်။
"ငါ့သမီးကို ဘယ်သူအလုပ်ထုတ်ရဲလဲဆိုတာ ကြည့်ရသေးတာပေါ့"
•••••••••••••••••
အပိုင်း ၅၁၂ - ဟိုတယ်၏ စားဖိုမှူးရွေးချယ်ခြင်း
အားလုံးက တံခါးပေါက်ဆီသို့ လှမ်းကြည့်လိုက်ကြသောအခါ အဖြူရောင်စားဖိုမှူးဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက်က စားဖိုမှူးအုပ်စုကြီးတစ်စုကို ဦးဆောင်ပြီး ဝင်လာကြောင်း မြင်လိုက်ရသည်။
ယဲ့ချန်းက မျက်လုံးကို အနည်းငယ် မှေးကျဉ်းလိုက်သည်။
ပိုင်ထန်က သူ့ဘေးနားက တီးတိုးကပ်ပြောလေသည်။
"သူဌေးယဲ့... ဒါက စားဖိုမှူးချုပ်သိုက်မင်ပါ"
ယဲ့ချန်းကလည်း ခေါင်းတညိတ်ညိတ်လုပ်၍ သိုက်မင်ကို ကြည့်လိုက်သည်။
"ခင်ဗျားက ဟိုတယ်ရဲ့စားဖိုမှူးချုပ်လား"
သိုက်မင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်လေသည်။
"ဟုတ်တယ်။ မင်း ငါ့သမီးကို အလုပ်ထုတ်လိုက်တယ်လို့ ကြားတယ်"
"ဟုတ်တယ်။ သူက အလုပ်ချိန်အတွင်း ဂိမ်းဆော့ပြီး ဟိုတယ်ရဲ့စည်းကမ်းကို ချိုးဖောက်ခဲ့လို့ အလုပ်ထုတ်လိုက်တာ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျားမှာ ပြဿနာရှိလို့လား"
သိုက်မင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်လေ၏။
"ဟမ့်... ဒါက သူ့ရဲ့ ပထမဆုံးအမှားလေ။ အဲဒါကိုတောင် အကြောင်းပြချက်ကို တစ်ခွန်းမမေးဘဲ ငါ့သမီးကို မင်းက အလုပ်ထုတ်ပစ်လိုက်တယ်ပေါ့။ မင်း ဒီမီးဖိုချောင်ကို ဆက်လည်ပတ်စေချင်သေးရဲ့လား"
အခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
နှစ်ဖက်အကြား တင်းမာမှုများ မြင့်တက်လာသည်ကို ကြည့်ရင်း မည်သူကမှ စကားဝင်မပြောရဲကြပေ။
သိုက်မင်က ဟိုတယ်မန်နေဂျာထက်ပင် ပိုမောက်မာနေသေးသည်။ ယခင်ကဆိုလျှင် ဝေ့ရှန်းက သူ့ကို ဘိုးဘေးတစ်ယောက်နှယ် အလိုလိုက်ပြီး ဂရုတစိုက်ဆက်ဆံခဲ့သည်။
ယဲ့ချန်းက အေးစက်စက်စကားဆိုလိုက်သည်။
"ခင်ဗျားက ကျွန်တော့်ကို ခြိမ်းခြောက်နေတာလား"
သိုက်မင်ကမူ ထီမထင်ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်၏။
"ငါ မင်းကို ခြိမ်းခြောက်နေတာမဟုတ်ဘူး။ သတိပေးနေတာ။ ငါ့သမီး အလုပ်မဆင်းရဘူးဆိုရင် မီးဖိုချောင်လည်း လည်ပတ်နိုင်မှာမဟုတ်ဘူး"
ထိုအချိန်ဝယ် ပိုင်ထန်ခမျာ ပျာယာခတ်သွားလေသည်။
"ဆရာသိုက်... ကျွန်တော်တို့ အေးအေးဆေးဆေး စကားပြောလို့ရမလား"
တခြားဝန်ထမ်းများကလည်း ယဲ့ချန်းကို ဝိုင်းကြည့်နေကြသည်။
ဟိုတယ်တစ်လုံးအတွက် စားဖိုမှူးချုပ်ဆိုသည်မှာ အလွန်အရေးကြီးလှသည်။
အထူးသဖြင့် ဝမ်ပေါင်ဟိုတယ်က ယခုအချိန်တွင် အတွင်းရေးရော ပြင်ပကပါ ပြဿနာများနှင့် ရင်ဆိုင်နေရချိန်မှာ သိုက်မင်သာ ဟိုတယ်က ထွက်သွားမည်ဆိုပါက ဟိုတယ်အတွက် ပိုကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်သွားပေလိမ့်မည်။
အားလုံးက ယဲ့ချန်းသည် သိုက်မင်ကို အလျှော့ပေးညှိနှိုင်းလိမ့်မည်ဟု ထင်ထားခဲ့ကြသည်။
သို့သော် သူတို့အားလုံးကို အံ့သြသွားစေသည့်အရာမှာ ယဲ့ချန်းက အေးအေးလူလူပင်။
"အဲဒီလိုဆိုရင်တော့ ခင်ဗျားလည်း အလုပ်လာဆင်းစရာ မလိုတော့ဘူး။ ခင်ဗျားရဲ့ အလုပ်သင်တွေကတောါ ဆက်နေချင်တဲ့လူ နေလို့ရသလို ဆရာသိုက်နဲ့အတူ ထွက်သွားချင်တဲ့လူတွေကိုလည်း တားမှာမဟုတ်ဘူး။ ခင်ဗျားတို့ရဲ့ နစ်နာကြေးကို အပြည့်အဝရစေရမယ်"
ယဲ့ချန်း၏စကားကို ကြားလိုက်ရသောအခါ အားလုံး မှင်တက်သွားကြသည်။
သိုက်မင်ကိုယ်တိုင်ပင် အံ့အားသင့်သွားသည်။
ယဲ့ချန်းက ဤမျှအထိပြတ်သားပြီး သူ့ကို မောင်းထုတ်လိမ့်မည်ဟု လုံးဝထင်မထားချေ။
"မင်း... ငါသာမရှိရင် ဒီစားသောက်ဆိုင်အစုတ်အပြတ်ကို ဘယ်သူက လာစားမှာမို့လို့လဲ"
သိုက်မင်က အေးစက်စက်လေသံဖြင့် ပြောလိုက်၏။
ယဲ့ချန်းကမူ ခပ်ဟဟပြုံးလိုက်သည်။
"ခင်ဗျားမရှိလည်း ဟိုတယ်က ပိုတိုးတက်လာမယ်လို့ ကျွန်တော်ယုံကြည်တယ်။ ကဲ... အခု ပြဿနာပြေလည်သွားပြီဆိုတော့ ခင်ဗျား ထွက်သွားလို့ရပါပြီ"
ယဲ့ချန်းက ထိုသို့ပြောပြီး သိုက်မင်၏တပည့်များကို လှမ်းကြည့်လိုက်၏။
"မင်းတို့လည်း အခု ဆုံးဖြတ်လို့ရပြီ"
ထိုတပည့်များအားလုံး အကြောင်သားဖြစ်သွားကြသည်။
ကိစ္စက ဤအခြေအနေအထိ ရောက်သွားလိမ့်မည်ဟု သူတို့ လုံးဝထင်မထားကြချေ။
ပုံမှန်ဆိုလျှင် ဆရာက ဝင်ပါလိုက်သည်နှင့် သူဌေးကလည်း ဆရာ့စကားကို နာခံရသည်ချည်းသာ။
သို့သော် ယနေ့တွင်မူ...
သိုက်မင်ကတော့ ထွက်သွား၍ရသည်။
သူသည် ဘယ်နေရာမှာမဆို အောင်မြင်နိုင်သော်လည်း သူတို့ကတော့ ယုံကြည်မှုမရှိချေ။
သိုက်မင် အလုပ်ပြောင်းချိန်တွင် သူတို့အားလုံးကို တစ်ပါတည်းအတူခေါ်သွားရန် မဖြစ်နိုင်ပေ။
သိုက်မင်က အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။
"ကောင်းပြီလေ။ နောင်တမရနဲ့။ ငါ့နောက်လိုက်ခဲ့ကြ"
သိုက်မင်က ထိုသို့ပြောပြီးနောက် ထွက်သွားရန် လှည့်လိုက်သည်။
သို့သော် သူ့တပည့်များကတော့ ထိုနေရာမှာ ရပ်နေကြဆဲသာ။
"မင်းတို့က အဲဒီမှာဘာရပ်လုပ်နေကြတာလဲ"
သိုက်မင်က ဒေါသတကြီး မေးလိုက်လေသည်။
ထိုအချိန်ဝယ် လူငယ်တစ်ယောက်က နေရခက်လေဟန်ဖြင့် ပြောလိုက်၏။
"ဆရာ... ဆရာက ထွက်သွားလို့ရပေမယ့် ကျွန်တော်တို့က ထွက်သွားလို့မရဘူးလေ"
"မင်း ဘာပြောလိုက်တယ်"
သိုက်မင်၏မျက်နှာထားမှာ ချက်ချင်းဆိုသလို အေးစက်သွားသည်။
"ဆရာ... ကျွန်တော်တို့သာ ဆရာနဲ့အတူ လိုက်ရင် ဆရာက ကျွန်တော်တို့အတွက် ဒီလောက်ကောင်းတဲ့အလုပ်မျိုး ရှာပေးနိုင်မှာလား"
လူငယ်လေးတစ်ယောက်က ပြောလိုက်သည်။
"ဒါက..."
သိုက်မင်ကိုယ်တိုင်လည်း အခက်တွေ့သွားသည်။
တစ်ယောက်နှစ်ယောက်ဆိုလျှင် သူ စီစဉ်ပေးနိုင်လောက်သော်ငြား ယခုမူ အရေအတွက်က များလွန်းလှသည်။ ဘယ်စားသောက်ဆိုင်ကများ စားဖိုမှူးအများကြီးကို ငှားမည်နည်း။
သို့သော် သူတို့တစ်သိုက်က သူကိုယ်တိုင် အပင်ပန်းခံပြီး လေ့ကျင့်သင်ကြားပေးခဲ့သော လူများပင်။
"ဆရာ... ဆရာ့ဘာသာပဲ သွားလိုက်တာ ပိုကောင်းလိမ့်မယ်။ ကျွန်တော်တို့ကတော့ နေခဲ့ပါရစေ"
ဒုတိယအလုပ်သင်ကလည်း ဝင်ပြောချေသည်။
"မင်းတို့တွေ..."
သိုက်မင်ခမျာ သူ့တပည့်များက သူ့ကို သစ္စာဖောက်သွားလိမ့်မည်ဟု လုံးဝမထင်ထားပေ။
သိုက်မင်ခမျာ ရုတ်ခြည်းဆိုသလို ရင်ဘတ်ထဲက အောင့်တက်လာပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။
"ဆရာ... အဆင်ပြေရဲ့လား"
"ဆရာ..."
လူနာတင်ယာဉ်ရောက်လာပြီး သိုက်မင်ကို ခေါ်သွားသော်ငြား အံ့သြစရာကောင်းသည်မှာ သူ့တပည့်တစ်ယောက်မှ ဆေးရုံကို လိုက်မသွားကြချေ။
မည်သူကမှ ငွေကို မဆန့်ကျင်နိုင်ပေ။
ဝမ်ပေါင်ဟိုတယ်က ဤလုပ်ငန်းနယ်ပယ်တွင် လစာအများဆုံးပေးထားသည်။
သူတို့သာ ထွက်သွားလျှင် ယခုလို လစာများများရမည့် နေရာမျိုးကို ပြန်ရှာတွေ့ရန် ခက်ခဲပေလိမ့်မည်။
ယဲ့ချန်းက ထိုစားဖိုမှူးများကို ကြည့်ပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။
"အရင်တုန်းက သိုက်မင် မီးဖိုချောင်မှာ ချမှတ်ခဲ့တဲ့ စည်းကမ်းတွေကို ငါဂရုမစိုက်ဘူး။ ဒါပေမယ့် ဒီနေ့ကစပြီး အဲဒါတွေအားလုံးကို ဖျက်သိမ်းလိုက်ပြီ။ စားဖိုမှူးချုပ်အသစ်တစ်ယောက်ကို ခန့်အပ်မယ်။ မီးဖိုချောင်ထဲမှာ ပြဿနာရှာဖို့ ဒါမှမဟုတ် အုပ်စုဖွဲ့ဖို့ ကြိုးစားတဲ့လူရှိရင် နောက်မှ ငါ့ကို ရက်စက်တယ်လို့ မပြောနဲ့နော်"
ယဲ့ချန်းဆီက ထွက်ပေါ်လာသော လွှမ်းမိုးနိုင်စွမ်းရှိသည့် အရှိန်အဝါကို ခံစားလိုက်ရသည့်အတွက် သိုက်မင်၏ တပည့်များအားလုံး တုန်လှုပ်သွားကြသည်။
ယဲ့ချန်းက ရွေးချယ်ရမည့် လူတစ်ယောက်ကို စဉ်းစားထားပြီးသားပင်။ ထိုလူက စတားတက္ကသိုလ် ဟင်းချက်ဌာနရှိ လီရှန်းရှန်းပင်။
လီရှန်းရှန်းက စားဖိုမှူးသင်တန်း၏ ခေါင်းဆောင်ဖြစ်သည်။
သူ(မ)က ငယ်ငယ်ကတည်းက ဟင်းချက်ခြင်းကို ဝါသနာပါပြီး အလွန်တော်သော စားဖိုမှူးတစ်ယောက်လည်း ဖြစ်၏။
သို့သော် သူ(မ)၏ ပညာရေးရလဒ်များကမူ ဘယ်တုန်းကမှ မကောင်းခဲ့ပေ။
အစကတော့ ဤတစ်ခေါက် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ကျပြီးနောက် ကိုယ်ပိုင်စားသောက်ဆိုင်ဖွင့်ဖို့ စီစဉ်ထားခဲ့သည်။ သို့သော် မထင်မှတ်ထားပါဘဲ စတားတက္ကသိုလ်သို့ ဝင်ခွင့်ရသွားခဲ့သည်။
လီရှန်းရှန်းက ကောလိပ်တက်ရင်း မိုတုမြို့တွင် ဟင်းချက်သင်တန်းတစ်ခုကိုပါ တက်ရောက်နေချေသည်။ စတားတက္ကသိုလ်တွင် ဟင်းချက်သင်တန်းရှိလိမ့်မည်ဟု သူ(မ) လုံးဝမမျှော်လင့်ထားချေ။
ဤနေရာတွင် ဟင်းချက်ခြင်းကို ရူးသွပ်သော ကျောင်းသားတစ်စု ရှိ၏။
သူတို့က ဟင်းချက်နည်းစနစ်များကို အပြန်အလှန်ဖလှယ်ကြပြီး အစားအသောက်များအကြောင်း အတူတူလေ့လာကြသည်။
အချိန်တစ်လကျော်လေးသာ ရှိသေးသော်ငြား သူ(မ)၏ ဟင်းချက်စွမ်းရည်က သိသိသာသာ တိုးတက်လာခဲ့သည်။
လွန်ခဲ့သည့်ရက်အနည်းငယ်က ဟွားနိုင်ငံ ဟင်းချက်အသင်းက ကြီးမှူးကျင်းပသော ဟင်းချက်ပြိုင်ပွဲတစ်ခုတွင် သူ(မ)၏ ဟင်းလျာက ပထမဆုကို အလွယ်တကူရရှိခဲ့သည်။
ယဲ့ချန်းက လီရှန်းရှန်း၏ အချက်အလက်များကို လင်းရှစ်ယင်ဆီကတစ်ဆင့် ရယူခဲ့သည်။
ယဲ့ချန်းကို အံ့သြသွားစေသည့်အရာမှာ လီရှန်းရှန်းသည် လက်ဝတ်ရတနာဆိုင်တွင် လက်ဝတ်ရတနာ ရောင်းနေခြင်းပင်။
တကယ်တမ်းတွင် လီရှန်းရှန်း၏မိသားစုက ချမ်းသာသူများ မဟုတ်သောကြောင့် ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ်လုပ်နေခြင်းပင်။
ယဲ့ချန်းလည်း ကျင်းဖူလက်ဝတ်ရတနာဆိုင်ကို ထွက်လာခဲ့လိုက်သည်။
သူ အထဲဝင်လိုက်သည်နှင့် တံခါးဝမှာရှိနေသော ဧည့်ကြိုဝန်ထမ်း၏ မျက်လုံးက အရောင်လဲ့သွားချေသည်။
ယဲ့ချန်းက လိုင်ကန်ပြိုင်ကား မောင်းလာကြောင်း သူတို့အားလုံးမြင်လိုက်ကြသည်။
ထို့ပြင် သူဝတ်ဆင်ထားသော ဝတ်စုံနှင့် လက်ကောက်ဝတ်ထက်ရှိ ပါတက်ခ်ဖီလစ် နာရီက သူ့အဆင့်အတန်းကို ဖော်ပြနေသည်။
ယဲ့ချန်း လျှောက်သွားလိုက်သည်နှင့် အရောင်းဝန်ထမ်းတစ်အုပ်က သူ့အနား ချက်ချင်းဝိုင်းအုံလာသည်။
"အချောလေး... ဘာများလိုအပ်လို့လဲ"
"အချောလေး... ကျွန်မ တစ်ခုခုမိတ်ဆက်ပေးရမလား"
...
သို့သော် ယဲ့ချန်းကတော့ တိတ်ဆိတ်နေသော လီရှန်းရှန်းကိုသာ အာရုံစိုက်နေချေသည်။
လီရှန်းရှန်းက အလွန်ဖြူစင်ပုံပေါ်ပြီး အလွန်တရာချိုသာကာ အပြစ်ကင်းစင်သော ခံစားချက်မျိုးကို ပေးစွမ်းသည်။
ဆံပင်ကို မြင်းမြီးလိုစည်းထားပြီး အလုပ်ဝတ်စုံကို ဝတ်ဆင်ထားသော သူ(မ)က အလွန်အေးချမ်းပုံ ပေါက်နေချေသည်။
ယဲ့ချန်းက အရောင်းဝန်ထမ်းအုပ်စုထဲက ထွက်လာပြီး လီရှန်းရှန်းဆီကို တန်းတန်းမတ်မတ် လျှောက်သွားလိုက်၏။
ယဲ့ချန်းကို မြင်လိုက်ရချိန်ဝယ် လီရှန်းရှန်း ခဏမျှမှင်တက်သွားသည်။
"ကျောင်းအုပ်ယဲ့လား"
ယဲ့ချန်းကလည်း ခေါင်းညိတ်လိုက်၏။
"မင်းက လီရှန်းရှန်းမဟုတ်လား"
လီရှန်းရှန်းကလည်း တရိုတသေ ခေါင်းညိတ်ပြလိုက်သည်။
စတားတက္ကသိုလ်ရှိ ကျောင်းသားများအားလုံးက ကျောင်းအုပ်ယဲ့ကို ကျေးဇူးတင်နေကြသည်သာ။
အကြောင်းမှာ ယဲ့ချန်းက သူတို့၏အိပ်မက်များကို အကောင်အထည်ဖော်နိုင်ရန် ကူညီပေးခဲ့သောကြောင့်ပင်။
ယဲ့ချန်းက ပြုံးလိုက်၏။
"လက်ဝတ်ရတနာ ဝယ်ချင်လို့ပါ"
ယဲ့ချန်းက လီရှန်းရှန်းကို တမင်သက်သက် လာရှာခြင်းဖြစ်ပြီး သူတို့နှစ်ယောက်မှာ ရင်းနှီးနေပုံပေါ်ကြောင်း မြင်လိုက်ရသောအခါ အခြားအရောင်းဝန်ထမ်းများမှာ မနာလိုဝန်တိုမှုများဖြင့် ပြည့်နှက်သွားကြသည်။
"မစ္စတာယဲ့... ဘယ်လိုလက်ဝတ်ရတနာမျိုး လိုချင်လို့လဲ"
လီရှန်းရှန်းက အနည်းငယ်စိုးရိမ်လေဟန်ဖြင့် မေးလိုက်သည်။
"ဒီဆိုင်မှာ ဈေးအကြီးဆုံးဆိုတာကို ယူခဲ့ပေးပါ"
လီရှန်းရှန်း ခဏမျှမှင်တက်သွားသည်။
"လူကြီးမင်း... ခဏစောင့်ပေးပါနော်။ ဆိုင်မန်နေဂျာကို သွားခေါ်ပေးပါ့မယ်"
ယဲ့ချန်းက အပြစ်ကင်းစင်လှသော ထိုကောင်မလေးကို ကြည့်ပြီး ဆွံ့အသွားရသည်။
"ကောင်မလေး... မင်းက တုံးလှချည်လား။ မင်းရောင်းရတဲ့ပစ္စည်းပေါ် မူတည်ပြီး ကော်မရှင်ခရတာလေ။ ငါ့ကို ဆိုင်မန်နေဂျာဆီ လွှဲပေးလိုက်ရင် မင်း ကော်မရှင်မရဘဲ သူတို့ပဲ ရသွားမှာပေါ့"
"ဒါပေမယ့် ကျွန်မက ဈေးပေါတဲ့ပစ္စည်းလေးတွေပဲ ရောင်းရတာဆိုတော့ တန်ဖိုးကြီးပစ္စည်းတွေနဲ့ သိပ်မရင်းနှီးလို့ပါ"
"မရင်းနှီးလည်း ဖြည်းဖြည်းချင်းသင်ယူလို့ရတာပဲ။ ယူသာယူခဲ့။ ငါ ကြည့်လိုက်မယ်"
လီရှန်းရှန်းခမျာ ခပ်ရှက်ရှက်ဖြင့် ခေါင်းညိတ်ပြပြီးနောက် ဈေးအကြီးဆုံး လက်ဝတ်ရတနာကိုယူရန် ကောင်တာဘက်သို့ လှည့်ထွက်သွားသည်။
သို့သော် ပြန်ရောက်လာသူကား လီရှန်းရှန်းမဟုတ်ပါဘဲ လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက် ဖြစ်နေချေသည်။
•••••••••••••••••
အပိုင်း ၅၁၃ : ဘုတ်အဖွဲ့ဒါရိုက်တာများ
သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးက ကြွေပန်းကန်တစ်ခုကို ကိုင်ထားရင်း အပြုံးတစ်ပွင့်ဆင်မြန်းလျက် ပြောလိုက်လေသည်။
"လူကြီးမင်း.. ရှင်က ကျွန်မတို့ဆိုင်ထဲက ဈေးအကြီးဆုံးလက်ဝတ်ရတနာကို ရှာနေတာမလား။ ဒီလက်ပတ်လေးက ကျွန်မတို့ဆိုင်ရဲ့ တန်ဖိုးကြီးပစ္စည်းလေးပါ။ တန်ဖိုးကတော့ သန်းနှစ်ဆယ်ရှိပါတယ်။ ကျွန်မ ရှင့်ကို ဆယ်ရာခိုင်နှုန်းလျှော့ဈေးနဲ့ ပေးလိုက်ပါ့မယ်"
ဆိုင်မန်နေဂျာက ထိုပစ္စည်းကို ယဲ့ချန်းအား ရောင်းချရန် ကြိုးစားနေကြောင်း မြင်လိုက်ရချိန်ဝယ် အခြားအရောင်းဝန်ထမ်းလက်ထောက်များမှာ အလွန်မနာလိုဖြစ်သွားကြသည်။
စည်းမျဉ်းအရ ဝန်ထမ်းများအနေနှင့် ရောင်းရသမျှ ထုတ်ကုန်တိုင်းအတွက် ၃ရာခိုင်နှုန်းအမြတ်ကို ရရှိနိုင်သည်။
မန်နေဂျာသာ ဤလက်ပတ်ကို ရောင်းနိုင်ခဲ့လျှင် အမြတ်များများ ရလိမ့်မည်သာ။
ယဲ့ချန်းကမူ ဆိုင်မန်နေဂျာအမျိုးသမီးကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်မိသည်။
"ခုနတုန်းက ကောင်မလေးက ဘယ်ရောက်သွားတာလဲ"
ယဲ့ချန်း၏စကားကို ကြားလိုက်ရချိန်ဝယ် ဆိုင်မန်နေဂျာအမျိုးသမီးလည်း နေရခက်ဟန်ဖြင့် ရယ်မောလိုက်သည်။
"အဲဒီအရောင်းဝန်ထမ်းမလေးက တခြားအလုပ်ကိစ္စလေး လုပ်စရာရှိလို့ ကျွန်မ တခြားနေရာကို ပို့လိုက်တယ်။ ဒီအရောင်းအဝယ်ကို ကျွန်မ ဆက်တာဝန်ယူမှာပါ"
ဤဆိုင်မန်နေဂျာ ဘာကြံစည်နေသလဲဆိုသည်ကို ယဲ့ချန်း ကောင်းကောင်းသိသည်။
ထို့ကြောင့် တည်တည်ငြိမ်ငြိမ်ပြောလိုက်၏။
"ကဲ ဒါဆိုလည်း ပြန်လိုက်ပါဦးမယ်။ သူပြန်လာမှပဲ ပြန်လာဝယ်တော့မယ်"
ယဲ့ချန်း၏စကားကို ကြားသော် ဆိုင်မန်နေဂျာအမျိုးသမီးလည်း လန့်ဖျပ်သွားချေသည်။
သူ(မ)၏တစ်ကိုယ်ကောင်းဆန်မှုကြောင့် ဤကဲ့သို့သော အရောင်းအဝယ်အကြီးစားတစ်ခုကို လက်လွှတ်လိုက်ရပါလျှင် သူဌေးက သူ(မ)ကို ခွင့်လွှတ်မည်မဟုတ်ပေ။
ဆိုင်မန်နေဂျာအမျိုးသမီးက ခပ်မြန်မြန်ပြောလိုက်၏။
"လူကြီးမင်း.. ခဏစောင့်ပါဦး။ ကျွန်မ သူ့ကို ချက်ချင်းသွားခေါ်ပေးပါ့မယ်"
ခဏအကြာတွင် လီရှန်းရှန်း ပြန်ရောက်လာသည်။
ယဲ့ချန်းလည်း လီရှန်းရှန်းကိုကြည့်၍ ရယ်လိုက်သည်။
"မင်းက တော်တော်စိတ်မချရဘူးပဲ။ ကိုယ့်ကို ဝန်ဆောင်မှုပေးဖို့ ပြောထားရက်နဲ့ မင်းက ကိုယ့်ကို ဒီအတိုင်းထားသွားတယ်ပေါ့"
လီရှန်းရှန်း၏ မျက်နှာလှလှလေးကား နီမြန်းသွားချေသည်။
"တောင်းပန်ပါတယ် ကျောင်းအုပ်ယဲ့"
"ဒီလက်ပတ်က လျှော့ဈေးရှိလား"
"ဒီလက်ပတ်လေးက ဆယ့်ငါးရာခိုင်နှုန်းလျှော့ဈေးရှိပါတယ်"
လီရှန်းရှန်းကလည်း ရိုးရိုးသားသားပြောပြလိုက်သည်။
ဆိုင်မန်နေဂျာအမျိုးသမီးကမူ အစောက ဆယ်ရာခိုင်နှုန်းလျှော့ဈေးရှိသည်ဟု ဆိုချေသည်။ အကြောင်းမှာ ယဲ့ချန်းက ဤပစ္စည်းကို သေချာပေါက်ဝယ်မည်ဖြစ်ကြောင်း သူ(မ) အတပ်သိနေသောကြောင့် သူ(မ) အမြတ်များများရရန် လျှော့ဈေးကို မြှင့်လိုက်ခြင်းသာ။
လီရှန်းရှန်းကမူ အလွန်ရိုးသားဖြောင့်မတ်သောကြောင့် ယဲ့ချန်းအတွက် အနိမ့်ဆုံးဈေးကို အမှန်အတိုင်းထုတ်ပြောလာလေသည်။
ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်၏။
"ကောင်းပြီလေ။ ဒါပဲဝယ်လိုက်မယ်။ ကတ်ဖြတ်လိုက်တော့"
ယဲ့ချန်း၏စကားကို ကြားသောအခါ လီရှန်းရှန်းခမျာ ခဏမျှမှင်တက်သွားသည်။
အနားရှိ မိန်းကလေးများလည်း အတန်ငယ်ထိတ်လန့်သွားလေသည်။
ဈေးကြီးလှသော လက်ပတ်တစ်ခုကို မျက်တောင်တစ်ချက်မခတ်ဘဲ ဝယ်နိုင်သည်ဖြစ်ရာ ယဲ့ချန်းသည် အလွန်ချမ်းသာလှသော လူကုံထံတစ်ယောက် ဖြစ်ရပေမည်။
ယဲ့ချန်း ရယ်လိုက်မိသည်။
"ဒါနဲ့ ကိုယ် မင်းကို ဝီချက်မှာအပ်လို့ရမလား"
ပတ်ပတ်လည်ရှိ အရောင်းဝန်ထမ်းမလေးများမှာ ယဲ့ချန်းက သူ(မ)ကို ဝီချက်အပ်ရန် တောင်းဆိုနေကြောင်း မြင်လိုက်ရချိန်တွင် သေမတတ်အားကျကုန်ကြသည်။
ဤကဲ့သို့သော ဥစ္စာပေါရုပ်ချောအမျိုးသားတစ်ယောက်နှင့် ဆုံတွေ့ခြင်းကား ဤမိန်းကလေးအဖို့ ကံကောင်းခြင်းတစ်ခုပင်။
သို့သော် လီရှန်းရှန်း၏မျက်နှာလှလှလေးကား နီမြန်းသွားချေသည်။
"တောင်းပန်ပါတယ်။ ကျွန်မမှာ ဝီချက်မရှိပါဘူး"
ထိုနေရာရှိ အမျိုးသမီးဝန်ထမ်းများနှင့် ဆိုင်မန်နေဂျာမှာ ရူးမတတ်ဖြစ်သွားချေသည်။
ရုပ်ရည်ချောမောပြီး ချမ်းသာကြွယ်ဝသော လူကုံထံတစ်ယောက်က ဝီချက်တောင်းလာပါလျှင် အကောင့်မရှိသည့်တိုင် ချက်ချင်းအကောင့်ဖွင့်လိုက်သင့်သည်။
ယဲ့ချန်းလည်း အတန်ငယ်မှင်တက်သွားသည်။
တကယ်တမ်း ပုံမှန်ဆိုလျှင် လီရှန်းရှန်းက ဟင်းချက်စွမ်းရည်တိုးတက်ရန်သာ အာရုံစိုက်နေတတ်သဖြင့် ဝီချက်တွင် စကားပြောလေ့မရှိပေ။
"ဒါဆို မင်းမှာ ဖုန်းနံပါတ်တော့ရှိမှာပါ"
"ရှိပါတယ် ကျောင်းအုပ်ယဲ့"
လီရှန်းရှန်းခမျာ မရဲတရဲပြောလိုက်သည်။
ဧကန္တ ကျောင်းအုပ်ယဲ့က...
လီရှန်းရှန်း နားလည်မှုလွဲသွားကြောင်း သဘောပေါက်လိုက်သော ယဲ့ချန်းကလည်း အမြန်ပြောလိုက်ရသည်။
"ဪ တကယ်တော့.. မင်းနဲ့ ကိစ္စတစ်ခုဆွေးနွေးချင်လို့ ဖုန်းနံပါတ်တောင်းတာပါ။ မင်း ကြယ်ငါးပွင့်အဆင့်ဟိုတယ်တစ်ခုမှာ ခေါင်းဆောင်စားဖိုမှူးလုပ်ဖို့ စိတ်ဝင်စားလား"
ယဲ့ချန်း၏စကားကို ကြားသော် လီရှန်းရှန်းခမျာ အစပိုင်းတွင် ကြက်သေသေသွားသော်ငြား ခဏအကြာတွင်မူ အပြုံးပန်းပွင့်လန်းလာသည်။
"မစ္စတာယဲ့.. ကျွန်မကို ကြယ်ငါးပွင့်အဆင့်ဟိုတယ်တစ်ခုမှာ ခေါင်းဆောင်စားဖိုမှူးလုပ်ခိုင်းမယ်လို့ ပြောလိုက်တာလား"
ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်မိသည်။
"ဟုတ်တယ်။ ကိုယ် မကြာခင်ကမှ ကြယ်ငါးပွင့်အဆင့်ဟိုတယ်တစ်ခုကို ဝယ်လိုက်တာ။ ခေါင်းဆောင်စားဖိုမှူးတစ်ယောက်လိုနေလို့ မင်းကို ပြေးသတိရမိတာပဲ"
ယဲ့ချန်း၏စကားကြောင့် ထိုနေရာရှိ လူတိုင်း ကြက်သေသေသွားလေသည်။
ဘုရားရေ.. ဒီလူချောလေးက ဟိုတယ်တစ်ခုကို အသာလေးဝယ်နိုင်တယ်ဆိုတော့ ဘယ်လောက်တောင်ချမ်းသာတာလဲ...
ယဲ့ချန်း ခပ်ဟဟပြုံးလိုက်သည်။
"မင်း ဆုံးဖြတ်ပြီးသွားပြီဆိုရင် ဝမ်ပေါင်ဟိုတယ်ကို သွားအကြောင်းကြားလိုက်။ ကိုယ် မန်နေဂျာကို ပြောထားပြီးပြီ"
ယဲ့ချန်းက ထိုသို့ပြောပြီးနောက် အေးအေးလူလူထွက်သွားချေသည်။ ကျန်နေခဲ့သူများကတော့ အကြောင်သားဖြစ်နေရသည်။
...
ထိုအခိုက်ဝယ် ယဲ့ချန်း၏မိခင်ကျောင်းတော်ဖြစ်သော မိုတုနည်းပညာတက္ကသိုလ်၏ ကျောင်းအုပ်ရုံးခန်းထဲတွင်မူ လေထုအခြေအနေကား လေးလံနေသည်။
"ဒီနှစ်အတွက် တက္ကသိုလ်အသီးသီးက အလုပ်သမားခန့်အပ်နှုန်းက များနေပေမဲ့ ငါတို့ကျောင်းက မိုတုမြို့မှာ အဆင့်အနိမ့်ဆုံးဖြစ်နေတယ်"
လူတိုင်း မျက်နှာပျက်သွားကြသည်။
အလုပ်သမားခန့်အပ်နှုန်းကား ကျောင်းလျှောက်သူအရေအတွက်နှင့် တိုက်ရိုက်အချိုးကျသည်။
အလုပ်ခန့်အပ်နှုန်း နိမ့်နေပါက မည်သူကများ သင့်ကျောင်းတွင် ကျောင်းဝင်ခွင့်လာလျှောက်မည်နည်း။
"ဖြေရှင်းနည်းတစ်ခုခု စဉ်းစားမိတဲ့လူရှိကြလား"
ထိုအချိန်တွင် ဆရာတစ်ယောက်က ရုတ်ခြည်းဆိုလာလေသည်။
"ကျောင်းအုပ်ကြီး.. ကျွန်မမှာ ကျန်းမင်လို့ခေါ်တဲ့ ကျောင်းသားတစ်ယောက်ရှိပါတယ်။ တလောတုန်းက ကျွန်မ သူ့ကို ဘဏ္ဌာရေးအစီအရင်ခံစာတစ်ခုမှာ တွေ့လိုက်တယ်။ သူက ရှီရှန်းမြို့မှာ အချမ်းသာဆုံးလူတဲ့။ လုပ်ငန်းခွဲတွေအများကြီးကိုလည်း ပိုင်ထားတယ်။ ကျွန်မတို့ သူ့ကို အကူအညီတောင်းကြည့်ကြမလား"
ကျောင်းအုပ်ကြီး၏ မျက်ဝန်းများကား လင်းလက်သွားလေသည်။
"အကြံကောင်းသားပဲ"
နောက်ဆုံးတစ်ခေါက် ကျောင်းနှစ်ပတ်လည်ပွဲတွင် ကျောင်းသို့ အထင်ကြီးဖွယ်ကောင်းသော ပုဂ္ဂိုလ်တချို့ ရောက်လာခဲ့သည်။
အထူးသဖြင့် ယဲ့ချန်းပင်။
ကျောင်းအုပ်ကြီးမှာ အသစ်စက်စက်ဆောက်လုပ်ထားသော အားကစားကွင်းကိုကြည့်၍ အတွေးနက်နေပေသည်။
ထို့နောက် ခေါင်းညိတ်ပြလိုက်သည်။
"ဆရာမဟော့ရဲ့အကြံပြုချက်က အရမ်းကောင်းတယ်။ ဒီအချိန်က ကျောင်းရဲ့ဘုတ်အဖွဲ့ဝင်ဒါရိုက်တာတွေ လက်စွမ််းပြရမယ့်အချိန်ကို ရောက်လာပြီ"
နောက်ဆုံးတစ်ကြိမ် ကျောင်းနှစ်ပတ်လည်ပွဲတွင် မိုတုနည်းပညာတက္ကသိုလ်က အောင်မြင်နေသော ကျောင်းသားဟောင်းများကို စုစည်းရန်အတွက် ဘုတ်အဖွဲ့တစ်ခုကို တည်ထောင်ခဲ့သည်။
ကျောင်းတော်ကြီးအနေနှင့် အခက်အခဲတစ်ခုခုကြုံလာရပါလျှင် ဤကျောင်းသားဟောင်းများကို အကူအညီတောင်းရန် ခေါ်နိုင်ပေသည်။
ဤကျောင်းသားဟောင်းများကလည်း ဘုတ်အဖွဲ့ဝင်တစ်ယောက်ဖြစ်လာရန် စိတ်ဝင်စားကြသည်။
မိုတုတက္ကသိုလ်၏ ဘုတ်အဖွဲ့ဝင်တစ်ယောက်ပါဟု ပြောလိုက်လျှင် အလွန်ဂုဏ်ရှိသည်။
ပြီးခဲ့သည့်တစ်ခေါက်က ထူးချွန်ထက်မြက်လှသော စွမ်းဆောင်မှုများကြောင့် ယဲ့ချန်းသည် ဤဘုတ်အဖွဲ့၏ ဒုဥက္ကဋ္ဌဖြစ်လာခဲ့သည်။
ဘုတ်အဖွဲ့လား...
ထိုနေရာရှိ ဒုဥက္ကဋ္ဌများလည်း မျက်ဝန်းများ အရောင်လက်သွားလေသည်။
ကျောင်းအုပ်ကြီးက ဆို၏။
"အောင်မြင်နေတဲ့ ဒီကျောင်းသားဟောင်းတွေကို ဘုတ်အဖွဲ့အစည်းအဝေးကိုခေါ်လိုက်ကြရအောင်။ ပြီးရင် သူတို့ကို ကျောင်းသားတွေအတွက် မိန့်ခွန်းပြောခိုင်းလိုက်မယ်။ အဲဒီလိုဆိုရင် သူတို့လည်း ငါတို့ကိုမကူညီဘဲ မနေလောက်ပါဘူး"
ကျောင်းအုပ်ကျူး၏စကားကို ကြားသောအခါ ဒုဥက္ကဋ္ဌများနှင့် ကျောင်း၏အမှုဆောင်များမှာ ခေါင်းတညိတ်ညိတ်လုပ်လိုက်ကြသည်။
ကျောင်းအုပ်ကြီး ဖြစ်ထိုက်ပါပေသည်။ ဤသည်မှာ အလွန်နက်နဲလှသော အကြံအစည်မျိုးပင်။
ကျောင်းဘက်က သူတို့ကို ကြွားလုံးထုတ်နိုင်မည့် အခွင့်အရေးကို ပေးမည်။ သို့ဖြစ်လေရာ သူတို့အနေနှင့်လည်း ကျောင်းအတွက် တစ်ခုခုပြန်လုပ်ပေးသင့်သည်မဟုတ်လော။ ကျောင်းအုပ်ကြီး၏ဗျူဟာကား အလွန်ထက်မြက်လှပေသည်။
ကျောင်းအုပ်ကျူးက ဆိုလိုက်သည်။
"ဒီဘုတ်အဖွဲ့အစည်းအဝေးအတွက် မဖြစ်မနေဖိတ်ကြားရမယ့် လူနှစ်ယောက်ရှိတယ်။ ယဲ့ချန်းနဲ့ ခုနတုန်းကပြောလိုက်တဲ့ ကျန်းမင်တို့ပဲ။ ဒုဥက္ကဋ္ဌချန်း ခင်ဗျားကိုယ်တိုင် ဒီကိစ္စကို ကြီးကြပ်ပြီး သူတို့နှစ်ယောက်စလုံးကို ဖိတ်ဖြစ်အောင်ဖိတ်လိုက်ပါ"
ကျောင်းအုပ်ချန်းက ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပါပြီ။ ကျွန်တော် အကောင်းဆုံးကြိုးစားပါ့မယ်"
အစည်းအဝေးပြီးသွားသည့်တိုင်က ကျောင်းအုပ်ချန်းခမျာ စိတ်ပူပန်နေရဆဲပင်။ အကြောင်းမှာ ကျောင်းသားဟောင်းတွေ့ဆုံပွဲက ကျောင်းသားများကို ဆွဲဆောင်နိုင်ခြင်းမရှိသောကြောင့်ပင်။
ဤလူတစ်သိုက်က အလွန်ပါးနပ်ချေသည်။ ကျောင်းဘုတ်အဖွဲ့အစည်းအဝေးဆိုသည်မှာ တစ်စုံတစ်ခု ပြန်လုပ်ပေးရန်လိုအပ်ကြောင်း သူတို့ ကောင်းကောင်းသိသည်။
ရန်ပုံငွေကိစ္စပင်ဖြစ်စေ အဆိုပြုရေးကိစ္စပင်ဖြစ်စေ ရှိတတ်လေသည်။
ယခင်တုန်းကလည်း သူတို့ကို လူစုခဲ့ဖူးသော်ငြား ထိုကျောင်းသားများကမူ အလုပ်မအားကြောင်း သို့မဟုတ် အခြားအကြောင်းပြချက်များဖြင့် ဆင်ခြေပေး၍ ငြင်းဆိုခဲ့ကြသည်။
ဤတစ်ခေါက်တွင် ယဲ့ချန်းမလာမည်ကို ကျောင်းအုပ်ကျူး စိုးရိမ်နေမိသည်။
ရုတ်ခြည်းပင် ကျောင်းအုပ်ကျူး၏မျက်ဝန်းများကား လက်ခနဲဖြစ်သွားလေသည်။
ပြီးခဲ့သည့်တစ်ခေါက်က ယဲ့ချန်းသည် ကျောင်းရှိ အလှဘုရင်မလေးရှဲ့ယင်းယင်းနှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခု ရှိထားလေဟန်တူသည်။ ဤအကြံကား ကောင်းလှပေသည်။
ခဏအကြာတွင် ရှဲ့ယင်းယင်းလည်း ကျောင်းအုပ်ရုံးခန်းသို့ ရောက်လာခဲ့သည်။
သူ(မ) အထဲသို့ဝင်လိုက်သည်နှင့် ကျောင်းအုပ်ကျူး၏အကြည့်က ရှဲ့ယင်းယင်းထံသို့ ကျရောက်လာသည်။
"မဆိုးဘူး။ မဆိုးဘူး။ သူက ကျောင်းရဲ့အလှဘုရင်မဖြစ်နေတာလည်း မဆန်းပါဘူး"
မူမမှန်သော ကျောင်းအုပ်ကျူး၏ အကြည့်ကြောင့် ရှဲ့ယင်းယင်းခမျာ ကျောင်းယူနီဖောင်းကို ခပ်တင်းတင်းဆုပ်ထားလိုက်မိသည်။
"ကျောင်းအုပ်ကြီး.. ဘာများလိုအပ်လို့လဲ"
ကျောင်းအုပ်ကျူးလည်း နေရခက်ဟန်ဖြင့် ရယ်မောလိုက်သည်။
"ယင်းယင်း.. နားလည်မှုမလွဲပါနဲ့။ ငါက အဲဒီိလိုရည်ရွယ်ချက်မျိုးနဲ့ မဟုတ်ပါဘူး"
ရှဲ့ယင်းယင်းလည်း ကျောင်းအုပ်ကျူးကို သတိကြီးကြီးထား၍ ကြည့်လိုက်သည်။
"ဘာကိစ္စရှိလို့လဲ ကျောင်းအုပ်ကြီး.. တကယ်လို့ ဘာကိစ္စမှမရှိရင် ကျွန်မ စာလုပ်ရဦးမှာမို့ပါ"
ကျောင်းအုပ်ကျူးက ဆို၏။
"ယင်းယင်း.. ငါတို့ကျောင်းဘက်က မင်းအတွက် ဂုဏ်သရေရှိတဲ့တာဝန်တစ်ရပ် ပေးအပ်ဖို့ရှိတယ်။ မင်းသာ ဒီတာဝန်ကို အောင်မြင်တယ်ဆိုရင် နောက်နှစ်အတွက် မင်းရဲ့သင်ကြားရေးကုန်ကျစရိတ်ကို အပြည့်အဝထောက်ပံ့ပေးမယ်။ မဟုတ်ရင်တော့ စကောလားရှစ်က တခြားကျောင်းသားဆီကို ရောက်သွားလိမ့်မယ်"
ကျောင်းအုပ်ကျူး၏စကားကို ကြားလိုက်ရချိန်ဝယ် ရှဲ့ယင်းယင်း၏အမူအရာကား ချက်ချင်းပြောင်းလဲသွားသည်။