အခန်း (၅၁၄-၅၁၆)
Vol. 35 Ch. 514-516
အပိုင်း ၅၁၄ : ယဲ့ချန်းကို သူ့ဆီအပ်ထားလိုက်
ရှဲ့ယင်ယင်က ကျောင်းအုပ်ကျူးကို စိုးရိမ်တကြီး ကြည့်လိုက်၏။
"ကျောင်းအုပ်ကြီး... ဘာတာဝန်များလဲ"
ထိုအချိန်တွင် ရှဲ့ယင်ယင်တစ်ယောက် အလွန်စိတ်လှုပ်ရှားပြီး ထိတ်လန့်နေပေသည်။
သူ(မ) ကြည့်ခဲ့ဖူးသော သတင်းများကိုပင် ရုတ်တရက် သွားသတိရလိုက်မိသည်။
အကျင့်ပျက်ခြစားသည့် ကျောင်းအများစုတွင် ကျောင်းသူလေးများကို ဧည့်သည်များနှင့် အရက်အတူသောက်ခိုင်းတတ်သည်။ ထို့နောက်တွင်မူ မဖြစ်သင့်သည့်ကိစ္စများ ဖြစ်သွားတတ်သည်ဟု ဆိုကြ၏။
ထိိုသို့သာဆိုလျှင် ပညာသင်ဆုမရတော့လျှင်ပင် သူ(မ) သွားမည်မဟုတ်ပေ။
ကျောင်းအုပ်ကြီးက ခဏရပ်ပြီး ပြောလိုက်၏။
"ကျောင်းက ဒါရိုက်တာအဖွဲ့အစည်းအဝေးတစ်ခု လုပ်ဖို့ရှိတယ်။ အဲဒါကြောင့် မစ္စတာယဲ့ချန်းကို ဖိတ်ကြားချင်လို့။ မင်းရဲ့တာဝန်က သူ့ကို ငါတို့ရဲ့အစည်းအဝေးကို တက်ရောက်ဖို့ သွားဖိတ်ပေးရမှာ"
"အာ... ယဲ့ချန်းလား"
ချောမောခန့်ညားသော ထိုအမျိုးသား၏ပုံရိပ်က ရှဲ့ယင်ယင်၏စိတ်ထဲ ချက်ချင်းပေါ်လာခဲ့သည်။
ယခုဆိုလျှင် ယဲ့ချန်းက မိုတုနည်းပညာတက္ကသိုလ်၏ အကျော်အမော်တစ်ယောက် ဖြစ်နေချေပြီ။
ယဲ့ချန်း၏ပုံရိပ်က ရှဲ့ယင်ယင်၏စိတ်ထဲတွင် မကြာခဏ ပေါ်လာတတ်သည်။
သို့သော် သူတို့နှစ်ယောက်က သိပ်ရင်းနှီးနေခြင်းမျိုး မဟုတ်ချေ။ ဝီချက်ရှိသော်ငြား တစ်ခါမှ စကားမပြောဖြစ်ကြပေ။
ရှဲ့ယင်းယင်း ငေးကြောင်နေသည်ကို မြင်သောအခါ ကျောင်းအုပ်ကျူးက ပြောလိုက်သည်။
"ဘယ်လိုလဲ။ ဒီတာဝန်ကို ပြီးမြောက်အောင် လုပ်နိုင်မယ်လို့ ယုံကြည်မှုရှိလား"
ရှဲ့ယင်းယင်း ခေါင်းညိတ်ပြလိုက်သည်။
"ကြိုးစားကြည့်ပါ့မယ်"
သူ(မ)၏အနာဂတ်နှင့် သက်ဆိုင်နေသည်ဖြစ်ရာ ရှောင်လွှဲ၍မရပါချေ။ ထို့ကြောင့် ပြဿနာရှိရှိမရှိရှိ ဤကိစ္စကို အောင်မြင်အောင် ကြိုးစားရမည်သာ။
ကျောင်းအုပ်ရုံးခန်းထဲက ထွက်လာပြီးနောက် ရှဲ့ယင်းယင်း အနည်းငယ်ခေါင်းရှုပ်သွားသည်။
သူ(မ)နှင့် ယဲ့ချန်းက တစ်ခါတည်းသာ တွေ့ဖူးသည်ဖြစ်ရာ သူ့ဘက်က သူ(မ)မျက်နှာကို ထောက်ထားပြီး လာပါ့မလား။
သို့သော် နောက်စာသင်နှစ်အတွက် ပညာသင်ဆုရရန် သူ(မ) ကြိုးစားကြည့်ရပေမည်။
ရှဲ့ယင်းယင်း၏ မိသားစုအခြေအနေက သိပ်မကောင်းလှသောကြောင့် ကျောင်းလခအတွက် ပညာသင်ဆုနှင့် အချိန်ပိုင်းအလုပ်များကိုသာ အားထားနေရသည်။
ပညာသင်ဆုသာမရလျှင် သူ(မ)အတွက် ကြီးမားလှသော ထိုးနှက်ချက်တစ်ခု ဖြစ်သွားပေလိမ့်မည်။ ကျောင်းဆက်တက်နိုင်ပါ့မလားပင် မသေချာချေ။
ရှဲ့ယင်းယင်းလည်း အံတင်းတင်းကြိတ်ပြီး ယဲ့ချန်း၏ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။
ယဲ့ချန်းမှာမူ ကားမောင်းနေခိုက် ဖုန်းဝင်လာသည်။
ရှဲ့ယင်းယင်းလား...
ဤနာမည်ကို မြင်လိုက်ရချိန်ဝယ် ယဲ့ချန်းကိုယ်တိုင်လည်း ခဏမျှအံ့ဩသွားသည်။
ဖြူစင်လှသော ပုံရိပ်လေးတစ်ခုက သူ့စိတ်ထဲတွင် ပေါ်လာချေသည်။
ဖုန်းဝင်သွားပြီးနောက်မှာမူ ကြောက်ရွံ့တုံ့ဆိုင်းနေသော ရှဲ့ယင်းယင်း၏အသံလေး ထွက်လာလေသည်။
"ဟယ်လို... မစ္စတာယဲ့ချန်းလား"
"ဟုတ်ပါတယ်။ ယင်းယင်း ဘာကိစ္စရှိလို့လဲ"
ယဲ့ချန်းက သူ(မ)ကို ရင်းရင်းနှီးနှီးခေါ်လိုက်သည့်အတွက် ရှဲ့ယင်းယင်း၏မျက်နှာလေး ရဲခနဲဖြစ်သွားချေသည်။
"မစ္စတာယဲ့... ဒီလိုပါ။ ကျောင်းမှာ ဘုတ်အဖွဲ့အစည်းအဝေးတစ်ခုရှိလို့ မစ္စတာယဲ့ကို တက်ရောက်ပေးဖို့ ဖိတ်ခိုင်းထားလို့ပါ။ အားရင် လာခဲ့ပေးပါနော်"
ရှဲ့ယင်းယင်း၏ အလျင်စလိုလေသံကို ကြားလိုက်ရချိန်တွင် ယဲ့ချန်းလည်း ကျောင်းအုပ်ချုပ်ရေးပိုင်းက သူ(မ)ကို တစ်ခုခုနှင့် အကျပ်ကိုင်ခြိမ်းခြောက်ထားကြောင်း သိလိုက်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ယဲ့ချန်းကလည်း အမိုတုနည်းပညာတက္ကသိုလ်နားသို့ ရောက်နေပေသည်။
ရှဲ့ယင်းယင်း၏ မိသားစုအခြေအနေက သိပ်မကောင်းကြောင်း သိထားသည့်အတွက် သူက ပြောလိုက်သည်။
"ဒီလိုလုပ်လေ။ ကိုယ် အခု ကျောင်းနားကို ရောက်နေတာဆိုတော့ တစ်နေရာရာမှာ မင်းကို ထမင်းဝယ်ကျွေးမယ်"
ရှဲ့ယင်းယင်းကမူ ပြန်ပြောလိုက်၏။
"မလိုပါဘူး။ ကျွန်မက အကူအညီတောင်းတာဆိုတော့ ကျွန်မပဲ ပြန်ကျွေးပါ့မယ်။ ကျွန်မတို့ကျောင်းကန်တင်းကိုပဲ သွားကြမလား"
ကျောင်းသူတစ်ယောက်ဖြစ်သည့် ရှဲ့ယင်းယင်းခမျာ ငွေရေးကြေးရေး ကျပ်တည်းလှသည်။
ထို့ကြောင့် သူ(မ)အနေနှင့် အပြင်မှာဝယ်ကျွေးရန် မတတ်နိုင်ပေ။
ယဲ့ချန်းက ရယ်မောလိုက်သည်။
"ကောင်းပြီလေ။ ကိုယ်လည်း ကျောင်းကန်တင်းမှာ မစားရတာကြာပြီဆိုတော့ အဲဒီအရသာကို လွမ်းနေတာ"
ဖုန်းချပြီးသည်နှင့် ယဲ့ချန်းက မိုတုနည်းပညာတက္ကသိုလ်ဆီသို့ တန်းတန်းမတ်မတ် မောင်းသွားလိုက်သည်။
ကားပါကင်ထိုးပြီးနောက် ယဲ့ချန်းလည်း ကျောင်းအပေါက်ဝမှာ ရပ်နေသော ရှဲ့ယင်းယင်းကို မြင်လိုက်ရသည်။
ရှဲ့ယင်းယင်းက ကျောင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကိုလည်း မြင်းမြီးလို စည်းထားလေသည်။
သူ(မ)ဆီကတစ်တင့် လူငယ်ပီပီ လန်းဆန်းတက်ကြွသော အငွေ့အသက်ကို ယဲ့ချန်း ခံစားလိုက်ရသည်။
"မင်္ဂလာပါ မစ္စတာယဲ့"
ယဲ့ချန်းကို မြင်သောအခါ ရှဲ့ယင်းယင်းက ကမန်းကတန်း လျှောက်လာချေသည်။
ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်၏။
"ယင်းယင်း... မတွေ့ရတာတောင် ကြာပြီ"
ရှဲ့ယင်းယင်းက နာရီကို တစ်ချက်ကြည့်ပြီး ပြောလိုက်၏။
"နေ့လယ်စာစားချိန်နဲ့ အတော်ပဲဆိုတော့ ကျွန်မကျွေးပါရစေ"
ယဲ့ချန်းကလည်း ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ"
နှစ်ယောက်သား ကျောင်းဝင်းထဲသို့ ဝင်သွားကြသည်။
ရင်းနှီးနေသော ကျောင်းဝင်းကိုကြည့်ရင်း လူငယ်များ၏ အငွေ့အသက်ကို ခံစားလိုက်ရသောအခါ ယဲ့ချန်းခမျာ သူ့တက္ကသိုလ်ကျောင်းသားဘဝကို ပြန်ရောက်သွားသလိုပင် ခံစားလိုက်ရသည်။
ကျောင်းတက်နေချိန်တွင်မူ ဘွဲ့ရဖို့သာ အမြဲတွေးနေတတ်သော်ငြား ဘွဲ့ရသွားချိန်တွင်မူ တက္ကသိုလ်ကျောင်းသားဘဝက အကောင်းဆုံးအချိန်ဖြစ်ကြောင်း သိလာရသည်။
သူတို့နှစ်ယောက်သား ကန်တင်းသို့ ရောက်လာကြသည်။
ထမင်းစားချိန်ဖြစ်နေသောကြောင့် လူက ကြိတ်ကြိတ်တိုးနေပေသည်။
အဆုံးတွင်မူ ရှဲ့ယင်းယင်းလည်း နေရာတစ်နေရာကို ရှာတွေ့သွားပြီး ပြောလိုက်၏။
"မစ္စတာယဲ့... ခဏစောင့်ဦးနော်။ ကျွန်မ သွားဝယ်လိုက်ဦးမယ်"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်၏။
အတန်ငယ်ကြာသော် ရှဲ့ယင်းယင်းခမျာ နီမြန်းနေသောမျက်နှာလေးဖြင့် ပြန်ရောက်လာသည်။
ရှဲ့ယင်းယင်းယူလာသော အစားအသောက်လင်ပန်းကို ကြည့်လိုက်သောအခါ သနားစရာကောင်းလောက်အောင် သက်သတ်လွတ်ဟင်းချည်း ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
"တောင်းပန်ပါတယ် မစ္စတာယဲ့။ ကျွန်မရဲ့ထမင်းစားကတ်ထဲမှာ ပိုက်ဆံမကျန်တော့လို့ပါ။ ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ဆီက ကတ်သွားငှားပြီး အသားဟင်းသွားဝယ်လိုက်မယ်လေ"
ယဲ့ချန်းကမူ တဟားဟားရယ်လျက် ရှဲ့ယင်းယင်း၏ လက်ကလေးကို ဆွဲထားလိုက်၏။
"ရပါတယ်။ ကိုယ်က နေ့တိုင်း အသားတွေချည်း စားရလွန်းလို့ အီနေပြီ။ အသီးအရွက်လေးတွေ စားချင်နေတာနဲ့ အတော်ပဲ"
"နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မစ္စတာယဲ့"
ယဲ့ချန်းက ရယ်မောလိုက်သည်။
"ဒီလောက်လည်း ယဉ်ကျေးနေစရာမလိုပါဘူး။ ကိုယ့်ကို အစ်ကိုယဲ့လို့သာ ခေါ်ပါ"
ရှဲ့ယင်းယင်းက နာနာခံခံ ခေါင်းညိတ်ပြချေသည်။
အခြားစားပွဲတစ်လုံးတွင်မူ သူတို့နှစ်ယောက် ရယ်ကာမောကာဖြင့် စကားပြောနေသည်ကို ကြည့်ရင်း မျက်နှာထားတင်းနေသော ကောင်လေးတစ်ယောက် ရှိနေပေသည်။
ထိုကောင်လေးက ကျောင်းထဲရှိ ဒုတိယမျိုးဆက်သူဌေးသား လီကျစ်ဟောက်ပင်။
မိုတုနည်းပညာတက္ကသိုလ်တွင် သူက အလွန်နာမည်ကြီးလှသည်။
ဇိမ်ခံကားများကို မောင်းသည်။ တန်ဖိုးကြီးနာရီများ ဝတ်သည်။ ရည်းစားကိုလည်း ထည်လဲတွဲသည်။
ပြီးခဲ့သည့်နှစ်များတစ်လျှောက် မိုတုတက္ကသိုလ်တွင် သူ့အတွက် တစ်ခုတည်းသောနောင်တမှာ ရှဲ့ယင်းယင်းကို အပိုင်မသိမ်းနိုင်ခဲ့ခြင်းပင်။
သူသည် ရှဲ့ယင်းယင်းကို အကြိမ်ကြိမ်ဖွင့်ပြောခဲ့ဖူးသော်ငြား သူ(မ)ကတော့ အမြဲငြင်းပယ်ခဲ့သည်။
ရှဲ့ယင်းယင်း၏ အကြောင်းပြချက်ကတော့ ရိုးရှင်းသည်။ ပညာရေးကို ဦးစားပေးချင်သောကြောင့်သာ။
တကယ်လည်း ရှဲ့ယင်းယင်းက ထိုသို့ပြုမူနေထိုင်ခဲ့သည်။
သူ(မ)အနားတွင် ယောကျ်ားတစ်ယောက်မှ မရှိခဲ့ပေ။ နေ့တိုင်း အချိန်ပိုင်းအလုပ်လုပ်လိုက်၊ ကျောင်းစာလုပ်လိုက်နှင့်သာ အချိန်ကုန်နေခဲ့သည်။
သို့သော် ယနေ့တွင်မူ ရှဲ့ယင်းယင်းက သူစိမ်းယောကျ်ားတစ်ယောက်နှင့် အတူထမင်းစားနေသဖြင့် ကျောင်းထဲရှိ ယောကျ်ားတော်တော်များများ၏ အာရုံစိုက်မှုကို ရရှိသွားသည်။
မည်သို့ပင်ဖြစ်စေ မိုတုနည်းပညာတက္ကသိုလ်၏ ကျောင်းဝင်းအလှမယ်တစ်ယောက်အနေနှင့် သူ(မ)သည် ယောကျ်ားအမြောက်အများ၏ နတ်ဘုရားမတစ်ပါး ဖြစ်နေသည်မဟုတ်လား။
အမြဲတစ်ယောက်တည်းနေတတ်သည့် ရှဲ့ယင်းယင်း၏ ဘေးနားမှာ ယောကျ်ားတစ်ယောက်က ရုတ်တရက်ပေါ်လာပြီး နှစ်ယောက်သား ရယ်ကာမောကာဖြင့် စကားပြောနေကြလေရာ မည်သို့နှယ် အာရုံမစိုက်မိဘဲ နေနိုင်မည်နည်း။
လီကျစ်ဟောက်က သူ့နောက်လိုက်တစ်ယောက်ကို အေးစက်ခက်ထန်စွာ ပြောလိုက်သည်။
"အဲဒီကောင် ဘယ်သူလဲဆိုတာ မင်းသိလား"
"ငါတို့ကျောင်းက ကျောင်းသားတော့ မဟုတ်လောက်ဘူး"
ကျောင်းသားတစ်ယောက်က ပြန်ဖြေလေသည်။
"ကျောင်းအပေါက်ဝမှာ ခုနကတင် သူ့ကို ငါမြင်လိုက်တယ်။ အပြင်လူ ဖြစ်လိမ့်မယ်ထင်တယ်။ ဒါနဲ့ သူက ကျီလိကား မောင်းလာတာကွ"
"ဘာ.. ကျီလိ ဟုတ်လား"
လီကျစ်ဟောက်၏မျက်နှာကား အေးစက်ခက်ထန်သွားသည်။
လီကျစ်ဟောက်က သန်းသုံးဆယ်ကျော်တန် ဘူဂါတီပြိုင်ကားကို မောင်းသည်။
သူကိုယ်တိုင်ပင် ရှဲ့ယင်းယင်းနှင့်အတူ ထမင်းစားခွင့်မရပေ။ သို့တိုင် ကျီလိကားမောင်းသော ဆင်းရဲသားက သူ(မ)နှင့်အတူ ထမင်းစားသောက်ပြီး ရယ်မောနေနိုင်သတဲ့လား။
ထိုအချိန်မှာပင် နောက်လိုက်တစ်ယောက်က ကြယ်ငါးပွင့်အဆင့်စားသောက်ဆိုင်မှ ပါဆယ်ထုပ်ကိုယူ၍ ပြေးဝင်လာသည်။
"ဘော့စ်... ပါဆယ်ရပါပြီ"
လီကျစ်ဟောက်က ပါဆယ်ထုပ်ကို လှမ်းကြည့်လိုက်ပြီးနောက် စိတ်ထဲတွင် အကြံတစ်ခု ရသွားသည်။
ထိုအချိန်မှာပင် ကျောင်းအုပ်ကျူးနှင့် ဒုကျောင်းအုပ်တချို့က အစည်းအဝေးပြီးသွားပြီဖြစ်သဖြင့် ကျောင်းအုပ်များအတွက် သီးသန့်ကန်တင်းမှာ နေ့လယ်စာစားရန် ပြင်ဆင်နေကြသည်။
ကျောင်းသားကန်တင်းရှေ့က ဖြတ်သွားခိုက် ကျောင်းအုပ်ချန်း၏ မျက်ဝန်းများမှာ အရောင်လဲ့သွားလေသည်။
"ကျောင်းအုပ်ကျူ... ဟိုမှာ ကြည့်လိုက်ပါဦး"
ကျောင်းအုပ်ချန်း လက်ညှိုးထိုးပြရာနေရာကို ကြည့်လိုက်သောအခါ ကျောင်းအုပ်ကျူးလည်း ယဲ့ချန်းနှင့် ရှဲ့ယင်းယင်းတို့ ရယ်မောလျက် စကားပြောနေကြသည်ကို မြင်လိုက်ရ၏။
ကျောင်းအုပ်ချန်းက ချက်ချင်းပြောလိုက်သည်။
"ကျောင်းအုပ်ကျူး... ကျွန်တော်တို့ သွားနှုတ်ဆက်ကြမလား"
"မိုက်လိုက်တာ။ အဲဒီကိုသွားပြီး ကြားဝင်နှောင့်ယှက်မလို့လား"
ကျောင်းအုပ်ကျူးက ဆိုလေသည်။
ကျောင်းအုပ်ချန်းလည်း ခဏမျှ တုံ့ခနဲရပ်သွားပြီးနောက် ခေါင်းတညိတ်ညိတ်လုပ်လိုက်လေတော့သည်။
"ကျောင်းအုပ်ကြီးပြောတာ မှန်ပါတယ်"
ကျောင်းအုပ်ကျူးက ရယ်မောလိုက်ချေသည်။
"ကောင်းတယ် ကျောင်းအုပ်ချန်း... ခင်ဗျား ဒီကိစ္စကို သေချာကိုင်တွယ်ခဲ့တာပဲ။ ရှဲ့ယင်းယင်းသာ ယဲ့ချန်းကို အပိုင်သိမ်းနိုင်မယ်ဆိုရင် ငါတို့ကျောင်းရဲ့အလုပ်အကိုင်ရရှိမှုနှုန်းကလည်း ပြေလည်သွားမှာပဲ"
ကျောင်းအုပ်ကျူး၏စကားကို ကြားလိုက်ရချိန်ဝယ် အခြားကျောင်းအုပ်များပါ အနေခက်သွားကြသည်။
ထိုစကားများက အလွန်ထူးဆန်းလှသော အဓိပ္ပာယ်မျိုး သက်ရောက်နေပေသည်။
သို့သော် ထိုအချိန်မှာပင် မထင်မှတ်ထားသော ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။
••••••••••••••••
အပိုင်း ၅၁၅ : ဉာဏ်ရည်တုနည်းပညာ
ယဲ့ချန်းနှင့် ရှဲ့ယင်းယင်းတို့လည်း စားသောက်ရင်း စကားစမြည်ပြောနေကြသည်။
ထိုအချိန်မှာပင် လူတစ်ယောက်က နေ့လယ်စာထမင်းဘူးကိုကိုင်၍ သူတို့စားပွဲဆီသို့ မောက်မာလေဟန်ဖြင့် ရောက်လာခဲ့သည်။
ထိုလူက ရှဲ့ယင်းယင်းကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။
"ရှဲ့ယင်းယင်း မင်းကို ငါ တကယ်စိတ်ပျက်မိတယ်"
လီကျစ်ဟောက်ကို မြင်လိုက်ရသောအခါ ရှဲ့ယင်းယင်း၏ မျက်နှာအမူအရာလည်း အနည်းငယ်ပြောင်းလဲသွားသည်။
သူက ဘာလို့ ဒီကိုရောက်နေတာလဲ။
လီကျစ်ဟောက်က ရှဲ့ယင်းယင်းကို လက်ညှိုးတထိုးထိုးဖြင့် ပြောလိုက်သည်။
"ရှဲ့ယင်းယင်း... မင်းကို ငါက ရိုးသားပြီး ရည်မှန်းချက်ကြီးတဲ့ မိန်းကလေးလို့ ထင်ထားတာ။ ငါ မင်းကိုဖွင့်ပြောတုန်းက မင်း ငါ့ကို ဘယ်လိုပြောခဲ့လဲ။ ပညာရေးကိုပဲ အာရုံစိုက်ချင်တယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား။ အခုတော့ မင်းက ကျောင်းအပြင်က လူတစ်ယောက်နဲ့ တွဲခုတ်နေပါလား"
ယဲ့ချန်း အံ့သြသွားသည်။
ကျောင်းအပြင်ကလူနဲ့ တွဲခုတ်နေတယ် ဟုတ်လား။
လီကျစ်ဟောက်၏ စကားများကို ကြားပြီးနောက် ရှဲ့ယင်းယင်း၏ အမူအရာကား ပြောင်းလဲသွားသည်။
မည်သို့ပင်ဖြစ်စေ သူ(မ)က ကျောင်းကိုယ်စား ယဲ့ချန်းကို ဖိတ်ကြားနေခြင်းဖြစ်ပြီး ဤကိစ္စက သူ(မ)၏ ပညာသင်ဆုနှင့်လည်း သက်ဆိုင်နေသည်မဟုတ်ပါလော။
"လီကျစ်ဟောက်.. မဟုတ်ကဟုတ်ကတွေ လျှောက်မပြောနဲ့"
"ယင်းယင်း.. လူ့အသိုင်းအဝိုင်းကြီးက ဘယ်လောက်ရှုပ်ထွေးလဲဆိုတာ မင်း နားမလည်သေးပါဘူး။ မင်းက သိပ်ဖြူစင်လွန်းတယ်။ ဒီကောင်ဟန်ဆောင်ထားတဲ့ အပြင်ပန်းကိုကြည့်ပြီး အလိမ်မခံရစေနဲ့။ တကယ်တော့ သူက ကျီလိကားမောင်းနေတဲ့ အရှုံးသမားတစ်ယောက်ကွ"
လီကျစ်ဟောက်က ယဲ့ချန်း၏ အဆင့်အတန်းအမှန်ကို ဖွင့်ချလိုက်နိုင်ပြီဟုထင်မှတ်ကာ ကျေနပ်ဂုဏ်ယူနေပြီး ယဲ့ချန်းတစ်ယောက် ရှက်ရွံ့သွားမည် သို့မဟုတ် ပျာယာခတ်သွားမည်ဟု မျှော်လင့်နေသည်။
သို့သော် ယဲ့ချန်းကတော့ လီကျစ်ဟောက်ကို မျောက်တစ်ကောင် ကပြနေသည်ကို ကြည့်နေသည့်အလား ငတုံးတစ်ယောက်နှယ် ကြည့်နေလေသည်။
ယဲ့ချန်း၏အကြည့်ကို မြင်သောအခါ လီကျစ်ဟောက် မကျေမနပ်ဖြစ်သွားပေသည်။
သူက ယဲ့ချန်းကို လက်ညှိုးထိုး၍ ပြောလိုက်လေတော့သည်။
"မင်းက ဘာကောင်မို့လို့ ငါတို့တက္ကသိုလ်က အလှမယ်ကို လာကြောင်ရဲတာလဲ။ ငါပြောလိုက်မယ်။ မိုတုနည်းပညာတက္ကသိုလ်ရဲ့ ကျောင်းအလှမယ်က အပြင်လူတွေအတွက် မဟုတ်ဘူးကွ"
သူကိုယ်တိုင်က ရှဲ့ယင်းယင်းကို စိတ်ဝင်စားနေခြင်းဖြစ်သော်လည်း လီကျစ်ဟောက်မှာမူ ကျောင်းအတွက်ဟူသည့် အကြောင်းပြချက်ကို အသုံးချလိုက်လေသည်။
ချက်ချင်းဆိုသလိုပင် ကျောင်းစားသောက်ဆိုင်ရှိ ကျောင်းသားများအားလုံး မခံမရပ်နိုင်ဖြစ်သွားကြသည်။
မိုတုနည်းပညာတက္ကသိုလ်တွင် ကျောင်းသူများထက် ကျောင်းသားများက ပိုများသည် မဟုတ်ပါလော။
အပြင်လူတစ်ယောက်က သူတို့၏ ကျောင်းအလှမယ်လေးကို ဖြတ်လုနေသည်မှာ လုံးဝဒေါသထွက်စရာပင်။
"ဟုတ်ပါ့။ ကျောင်းလုံခြုံရေးတွေက ဘာလုပ်နေကြလို့များ အပြင်လူကို ဝင်ခွင့်ပြုထားရတာလဲ"
"ကျီလိကားလေးနဲ့ ကျောင်းအလှမယ်ကို လာကြောင်နေတာ တော်တော်ရယ်ရတယ်ဟေ့"
"ဒီကောင်က လူလိမ်ပဲဖြစ်ရမယ်။ သူ့ကို မြန်မြန်ရဲတိုင်လိုက်ကြ"
...
စားသောက်ဆိုင်တစ်ခုလုံးရှိ ကျောင်းသားများက ယဲ့ချန်းကို ဒေါသတကြီး စွပ်စွဲကြလေတော့သည်။
ဤမြင်ကွင်းကို မြင်သောအခါ ရှဲ့ယင်းယင်း အလွန်စိုးရိမ်ပူပန်သွားသည်။
သူ(မ)ကို ကျောင်းအုပ်ချန်းက တာဝန်ပေးထားသည်။
ယခုမူ ဤငတုံးတစ်သိုက်ရောက်လာပြီး သူ(မ)၏ အစီအစဉ်အားလုံးကို ဖျက်ဆီးပစ်လိုက်ချေပြီ။
အကယ်၍ ယဲ့ချန်း ဒေါသထွက်ပြီး ကျောင်းဘုတ်အဖွဲ့အစည်းအဝေးသို့ မတက်တော့ပါက သူ(မ)၏ပညာသင်ဆုကိုလည်း ဆုံးရှုံးရပေလိမ့်မည်။
ရှဲ့ယင်းယင်းခမျာ အလွန်စိုးရိမ်သွားသဖြင့် ငိုပင်ငိုချင်လာသည်။
"လီကျစ်ဟောက် မဟုတ်တမ်းတရားတွေ လျှောက်မပြောနဲ့တော့။ မစ္စတာယဲ့က လူကောင်းတစ်ယောက်ပါ"
"လူကောင်း ဟုတ်လား။ လူကောင်းဆိုရင် မင်းကို ဒီလိုအပေါစားအစားအသောက်တွေ ကျွေးမလား"
လီကျစ်ဟောက် ထိုသို့ပြောရင်း သူ့တွင်ပါလာသော ပါဆယ်ဘူးကို စားပွဲပေါ်သို့တင်၍ ဖွင့်လိုက်သည်။
ချက်ချင်းပင် မွှေးပျံ့လှသော အစားအသောက်ရနံ့များ ထွက်ပေါ်လာသည်။
လီကျစ်ဟောက်၏ မျက်နှာပေးမှာ မာန်တက်သွားလေဟန်ပင်။
"ဒါက မီချယ်လင်းကြယ်သုံးပွင့်စားဖိုမှူး ကိုယ်တိုင်ချက်ထားတာ။ ဒီတစ်ဘူးကို ယွမ်၁၈၈၀တန်တယ်။ မင်းက ငါ့ကောင်မလေးပဲ။ မင်းကို ဒီအမှိုက်လို သက်သတ်လွတ်ဟင်းတွေ ဘယ်လိုလုပ်ပြီး စားခိုင်းရက်မှာလဲ"
လီကျစ်ဟောက် ဟန်ရေးပြနေသည်ကို ကြည့်ရင်း ရှဲ့ယင်းယင်းမှာမူ ဒေါသထွက်လွန်း၍ ပေါက်ကွဲတော့မတတ်ပင်။
အစကတည်းက ယဲ့ချန်း ဘုတ်အဖွဲ့အစည်းအဝေးကို မလာမှာစိုးနေရသည့်အထဲ ယခု လီကျစ်ဟောက်ကပါ ပြဿနာလာရှာနေသဖြင့် ယဲ့ချန်း ကျိန်းသေပေါက် ဒေါသထွက်သွားပေလိမ့်မည်။
သူ(မ) ဘာလုပ်ရမလဲ။ ဘယ်လိုလုပ်ရမလဲ။
ရှဲ့ယင်းယင်းက ဒေါသတကြီးပြောလိုက်၏။
"ရှင့်အစားအသောက်တွေ ပြန်ယူသွား။ ကျွန်မ မစားချင်ဘူး"
လီကျစ်ဟောက်လည်း ဒေါသထွက်သွားချေသည်။
သူသဘောကျရသည့် မိန်းကလေးက အခြားယောကျာ်းတစ်ယောက်နှင့် အတူစားသောက်နေသည်ကို မြင်သောအခါ ဖောက်ပြန်ခံရသလို ခံစားလိုက်ရသည်။
"ယင်းယင်း... မင်း ဒီကောင့်ဆီက အလိမ်ခံလိုက်ရတာပဲဖြစ်ရမယ်။ ငါ သူ့ကို ဆုံးမရသေးတာပေါ့"
သူက သူ့နောက်လိုက်များကို အော်လိုက်သည်။
"အားလုံး ချကြဟေ့။ ဒီလူလိမ်ကောင်ကို ငါ့အစား ခပ်ကြမ်းကြမ်းဆုံးမလိုက်စမ်း"
ပြီးခဲ့သည့်တစ်ခေါက် ယဲ့ချန်း ကျောင်းသို့လာချိန်ဝယ် အလွန်သိုသိုသိပ်သိပ်နေခဲ့သောကြောင့် ကျောင်းသားများက သူ့ကို မမှတ်မိကြချေ။
နောက်လိုက်များကလည်း လီကျစ်ဟောက်ထံမှ မျက်နှာသာပေးခံချင်သဖြင့် အရှေ့သို့ ပြေးဝင်သွားကြသည်။
"အားလုံး ရပ်လိုက်ကြစမ်း"
ဆူပူမာန်မဲသံကြီးတစ်သံ ထွက်ပေါ်လာသည်။
ကျောင်းအုပ်ကျူးနှင့်အတူ ဒုတိယကျောင်းအုပ်တချို့က အနားသို့ အလျင်အမြန် ရောက်လာကြသည်။
ကျောင်းအုပ်ကျူးက အေးစက်ခက်ထန်စွာ ပြောလိုက်၏။
"မင်းတို့က ပုန်ကန်ချင်နေကြတာလား။ သူ ဘယ်သူလဲဆိုတာ မင်းတို့ သိကြရဲ့လား"
ကျောင်းအုပ်ကျူးက ယဲ့ချန်းထံသို့ အလွန်ရိုကျိုးလေဟန် အမူအရာဖြင့် ချဉ်းကပ်သွားသည်။
"ဥက္ကဋ္ဌယဲ့.. ဒီကျောင်းသားတွေက ဘာမှနားမလည်လို့ပါ။ လန့်သွားအောင်လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်"
ဥက္ကဋ္ဌယဲ့ ဟုတ်လား။
ထိုနေရာရှိ ကျောင်းသားများမှာ အံ့သြမှင်တက်သွားကြသည်။
အထူးသဖြင့် လီကျစ်ဟောက်ခမျာ လုံးဝအကြောင်သားဖြစ်သွားလေသည်။
"ဥက္ကဋ္ဌယဲ့ ဟုတ်လား"
ကျောင်းအုပ်ကျူးဆိုသည်မှာ မည်သူနည်း။ ကျောင်းထဲတွင် သူသည် အလွန်ခက်ထန်မောက်မာသူအဖြစ် နာမည်ကြီးသည်။
ကျောင်းအုပ်ကျူး လမ်းဖြတ်လျှောက်သွားသည့် မည်သည့်နေရာမဆို အရိုးခိုက်လုမတတ် အေးစက်ခက်ထန်ဖွယ်ကောင်းသည်ဟု ခံစားရသည်။
သို့သော် ထိုသို့အထင်ကြီးဖို့ကောင်းလှသော ကျောင်းအုပ်ကျူးက ယဲ့ချန်းရှေ့တွင် လက်အောက်ငယ်သားတစ်ယောက်နှယ် ပြုမူနေပေသည်။
ယဲ့ချန်း မတ်တတ်ထရပ်လိုက်၏။
"ထားလိုက်ပါတော့။ ဒီကျောင်းက ကျောင်းသားတွေက ကျွန်တော့်ကို သဘောမကျသလို ခံစားရတယ်။ ဒါရိုက်တာရာထူးကို ကျွန်တော် ဆက်မယူနိုင်တော့ဘူး။ နှုတ်ထွက်လိုက်တာပဲ ကောင်းပါတယ်"
ယဲ့ချန်း၏စကားကို ကြားသောအခါ ကျောင်းအုပ်ကျူး ပျာယာခတ်သွားလေသည်။
"ဥက္ကဋ္ဌယဲ့.. ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့"
ကျောင်းအုပ်ကျူး၏မျက်နှာကား အေးစက်ခက်ထန်သွားပြီး လီကျစ်ဟောက်ကို အော်ငေါက်လိုက်၏။
"ဥက္ကဋ္ဌယဲ့ကို အခုချက်ချင်း တောင်းပန်လိုက်စမ်း"
လီကျစ်ဟောက်က သူ့မိသားစု၏ငွေကြေးအင်အားဖြင့် ကျောင်းအုပ်ကျူးရှေ့တွင်လည်း အနည်းငယ် ခေါင်းမာနေသေးသည်။
"ကျွန်တော်က ဘာလို့တောင်းပန်ရမှာလဲ။ သူက ကျီလိကားမောင်းပြီး လိမ်စားနေတဲ့လူတစ်ယောက်။ ကျွန်တော်တို့ကျောင်းရဲ့ အလှမယ်လေးကိုလည်း လှည့်စားနေတာ။ ကျောင်းအုပ်ကြီး သူ့ကို လုံခြုံရေးတွေခေါ်ပြီး ဖမ်းခိုင်းလိုက်သင့်တာ"
"လျှောက်ပြောမနေနဲ့။ ငါကိုယ်တိုင် ယဲ့ချန်းကိုဆွဲဆောင်ဖို့ ယင်းယင်းကိုခိုင်းခဲ့တာ"
ကျောင်းအုပ်ကျူး၏ စကားကြောင့် အခန်းထဲတွင် ဆူညံသွားလေသည်။
ပြောပြီးသည်နှင့် ကျောင်းအုပ်ကျူးခမျာ အလွန်ရှက်ရွံ့သွားသည်။ အကြောင်းမှာ စိတ်မရှည်တော့သဖြင့် သူ့ရင်ထဲရှိ အမှန်တရားကို မတော်တဆဖွင့်ချမိသွားသောကြောင့်ပင်။
ကျောင်းအုပ်ကျူးလည်း ဒေါသတကြီး ဆက်ပြောသည်။
"ယဲ့ချန်းက ငါတို့ကျောင်းက ဒါရိုက်တာတစ်ယောက်ပဲ။ ကျောင်းအားကစားကွင်း ဆောက်မယ့် မြေနေရာကို ရှာပေးခဲ့တာရော ဆောက်လုပ်ဖို့လှူဒါန်းခဲ့တာလည်း ယဲ့ချန်းပဲ။ ဘုတ်အဖွဲ့အစည်းအဝေးရှိလို့ မစ္စတာယဲ့ကို ဖိတ်ကြားဖို့ ယင်းယင်းကို ငါခိုင်းခဲ့တာ"
ကျောင်းအုပ်ကျူး၏ စကားကို ကြားပြီးနောက် စားသောက်ဆိုင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
သို့ဆိုပါလျှင် ဤရုပ်ချောချောကောင်လေးက ဒဏ္ဍာရီဆန်သော စီနီယာယဲ့ချန်းပင်တည်း။
ယဲ့ချန်းက မိုတုနည်းပညာတက္ကသိုလ်တွင် အမြဲ ဒဏ္ဍာရီတစ်ပါးဖြစ်နေခဲ့သည်။
သို့သော် ပြီးခဲ့သည့် ကျောင်းနှစ်ပတ်လည်ပွဲသို့ ယဲ့ချန်း မတက်ရောက်ခဲ့သောကြောင့် ကျောင်းသားများက သူ့ကို မမှတ်မိကြပေ။
ယဲ့ချန်းကို မြင်လိုက်ရသော မိန်းကလေးများ၏ မျက်လုံးများကလည်း အရောင်လက်သွားလေသည်။
"ဘုရားရေ... စီနီယာယဲ့က အရမ်းချောတာပဲ"
"ချောရုံတင်မကဘူး။ ချမ်းလည်းချမ်းသာသေးတယ်"
"ယင်းယင်းတော့ အရမ်းကံကောင်းတာပဲ"
အစောတုန်းက မောက်မာနေခဲ့သော လီကျစ်ဟောက်လည်း ဆွံ့အသွားသည်။
ယဲ့ချန်းက မိုတုနည်းပညာတက္ကသိုလ်၏ ဒဏ္ဍာရီလာနတ်ဘုရားတစ်ပါးဖြစ်နေမည်ဟု သူ အိပ်မက်ပင် မမက်ဖူးခဲ့ချေ။
သေစမ်း...
ယဲ့ချန်းက သူ့စံပြပုဂ္ဂိုလ်လေ...
ကျောင်းအုပ်ကျူးက အေးစက်မာထန်သောလေသံဖြင့် လီကျစ်ဟောက်ကို ပြောလိုက်သည်။
"မင်းက ဘယ်အတန်းကလဲ။ မင်းဆရာ ဘယ်မှာလဲ။ သူ့ကို ခေါ်သွားကြစမ်း။ နောက်မှ သူ့ကို သေချာဆုံးမရမယ်"
ကျောင်းအုပ်ကျူး၏စကားကို ကြားသောအခါ လူတိုင်း လီကျစ်ဟောက်ကို သနားနေလေဟန် အမူအရာများဖြင့် ကြည့်လိုက်ကြသည်။
ကျောင်းအုပ်ကျူးက ကြမ်းတမ်းလွန်းသဖြင့် နာမည်ကြီးလှသည်။ တစ်ခါက အလွန်ထက်မြက်သော ကျောင်းသားတစ်ယောက်က ဆရာ့စကားကို နားမထောင်သဖြင့် ကျောင်းအုပ်ကြီးရုံးခန်းသို့ အခေါ်ခံရပြီးနောက် ဖူးရောင်ညိုမည်းနေသော မျက်နှာဖြင့် ပြန်ထွက်လာခဲ့ရသည်ဟု ဆိုကြသည်။
ထိုအချိန်တွင်မူ ယဲ့ချန်းက မတ်တတ်ထရပ်လိုက်၏။
"ကျောင်းအုပ်ကျူး မလိုပါဘူးဗျာ။ ကျောင်းသားတွေဆိုတာ သွေးပူတတ်ကြတာပဲ။ ဒီကိစ္စလေးတစ်ခုနဲ့ အကြီးအကျယ်လုပ်ဖို့ မလိုအပ်ပါဘူး။ သူမှားသွားတယ်ဆိုတာ သူသိရင် လုံလောက်ပါပြီ"
လီကျစ်ဟောက်ခမျာ အလွန်ဝမ်းသာသွားပြီး ငိုပင်ငိုချင်လာသည်။
"ကျေးဇူးတင်ပါတယ် စီနီယာယဲ့"
ယဲ့ချန်းက ခပ်ဖွဖွပြုံးပြီးနောက် တစ်ဖက်သို့လှည့်ကာ ကျောင်းအုပ်ကျူးကို တီးတိုးဆိုလိုက်သည်။
"သူ့ကို မှတ်လောက်သားလောက်ဖြစ်သွားအောင် ပညာပေးလိုက်"
ကျောင်းအုပ်ကျူးလည်း ခေါင်းညိတ်ပြလိုက်သည်။
"စိတ်မပူပါနဲ့။ ကျွန်တော် သေချာကိုင်တွယ်လိုက်ပါ့မယ်"
ယဲ့ချန်းက ကျောင်းအုပ်ကြီးနှင့် အလ္လာပသလ္လာပအနည်းငယ် ပြောပြီးနောက် ကျောင်းအုပ်ကျူးကို ပြောလိုက်သည်။
"စိတ်ချပါ ကျောင်းအုပ်ကျူး...ဘုတ်အဖွဲ့အစည်းအဝေးကို အချိန်မီလာတက်ပါ့မယ်"
ဤလူယုတ်မာတစ်သိုက်က အခက်တွေ့အောင် လုပ်နေသောကြောင့် ရှဲ့ယင်းယင်း စိုးရိမ်နေကြောင်း သူ ကောင်းကောင်းသိသည်။
ယဲ့ချန်းကတော့ ရှဲ့ယင်းယင်းကို လုံးဝ အရှက်ကွဲခံမည် မဟုတ်ပေ။
ကျောင်းအုပ်ကျူးကလည်း ယဲ့ချန်း၏စကားကို ကြားသောအခါ အလွန်ဝမ်းသာသွားသည်။
"ဒါဆိုရင် လူကြီးမင်း လာတက်ရောက်မယ့်အချိန်ကို မျှော်လင့်စောင့်စားနေပါ့မယ်"
ကျောင်းအုပ်ချုပ်သူများနှင့် ရှဲ့ယင်းယင်းလည်း ယဲ့ချန်းကို ကျောင်းအပေါက်ဝအထိ လိုက်ပို့ပေးပြီး ယဲ့ချန်း ကျီလိကားလေးနှင့် မောင်းထွက်သွားသည်ကို ကြည့်ပြီးမှသာ ပြန်လာခဲ့ကြသည်။
ကျီလိကား၏ နောက်မီးများကိုကြည့်ရင်း ကျောင်းအုပ်ကျူး သက်ပြင်းချလိုက်မိသည်။
"မင်းတို့ တွေ့ကြလား။ ယဲ့ချန်းကမှ တကယ့်လူကုံထံ။ ဒီလောက်ချမ်းသာတာတောင် ရိုးရိုးကုပ်ကုပ်နေနေသေးတာ"
ယဲ့ချန်း ကားမောင်းထွက်လာပြီး မကြာခင်မှာပင် ဖုန်းသံမြည်လာလေသည်။ ဖုန်းထဲကတစ်ဆင့် ဝမ်မုန့်၏အသံ ထွက်ပေါ်လာသည်။
"ဥက္ကဋ္ဌယဲ့...ကျွန်တော်တို့ရဲ့သုတေသန အောင်မြင်သွားပါပြီ"
••••••••••••••••
အပိုင်း ၅၁၆ : ဗျူဟာ
ဤကာလအတွင်း စတားတက္ကသိုလ်ရှိ သုတေသနအဖွဲ့သည် စက်ရုပ်ပရောဂျက်ကို လုပ်ဆောင်နေခဲ့ကြသည်။
ကျောင်းသားများထဲရှိ ကွန်ပျူတာအဖွဲ့က စက်ရုပ််များတွင် ဉာဏ်ရည်တုနည်းပညာ အသုံးပြုနိုင်ရန် အာရုံစိုက်နေခဲ့ကြသည်။
အင်ဂျင်အဖွဲ့၏ သုတေသနကတော့ စက်ရုပ်၏ အင်ဂျင်ပိုင်းကို အဓိကထား၍ လေ့လာပေသည်။
စက်မှုပိုင်းဆိုင်ရာအဖွဲ့ကမူ စက်ရုပ်တပ်ဆင်သည့် အပိုင်းကို တာဝန်ယူထားသည်။
ဝမ်မုန့်တို့အဖွဲ့ တာဝန်ယူထားသော အင်ဂျင်ပိုင်းက အရေးအကြီးဆုံး အစိတ်အပိုင်းပင်။
ပြီးခဲ့သည့်တစ်ခေါက်က ယဲ့ချန်း သူတို့ကို ပုံကြမ်းများပေးခဲ့ပြီးနောက် ဝမ်မုန့်က အဖွဲ့ဝင်အနည်းငယ်ကို ဦးဆောင်ပြီး နေ့မအားညမနား ကြိုးစားလုပ်ဆောင်ခဲ့သည်။
အထူးသဖြင့် အခြားကျောင်းများမှ ရောက်လာသော ကျောင်းသားတချို့ဆိုလျှင် ဤအဖွဲ့ထဲတွင် အသားကျနေကြလေပြီ။
ယခုဆိုလျှင် သူတို့သည် စတားတက္ကသိုလ်ကို လုံးဝ သဘောကျသွားကြချေပြီ။
သူတို့၏ မူလကျောင်းကို ပြန်ဖို့ဆိုသည်မှာ...
ဘယ်လိုလုပ်ဖြစ်နိုင်တော့မလဲ။
စတားတက္ကသိုလ်က သမုဒ္ဒရာကြီးနှင့်တူပြီး သူတို့သည် သမုဒ္ဒရာထဲက ငါးလေးများပင်။ သို့ဖြစ်လေရာ မြောင်းသေးသေးလေးများဆီ ဘာကြောင့်ပြန်သွားချင်တော့မည်နည်း။
အစကတော့ နာမည်ကြီးတက္ကသိုလ်တော်တော်များများက ကျောင်းအုပ်ကြီးများတွင် အစီအစဉ်ကိုယ်စီ ရှိခဲ့ကြသည်။
သူတို့၏ ကျောင်းသားများကို နည်းပညာများအကြောင်း သင်ယူခိုင်းပြီးလျှင် ကိုယ့်ကျောင်းကိုယ်ပြန်ကာ သုတေသနများ ဆက်လုပ်စေချင်ကြသည်။
သို့သော် ပါရမီရှင်လေးများကမူ ခွေးပစ်ကျွေးလိုက်သော ဖက်ထုပ်နှယ် ပြန်မရနိုင်တော့ကြောင်း သူတို့ လုံးဝမထင်ထားခဲ့ကြပေ။
ယဲ့ချန်း ကျောင်းသို့ရောက်လာသောအခါ ဝမ်မုန့်က သေးငယ်သော နျူကလီးယားစွမ်းအင်ထုတ် စက်ပစ္စည်းလေးကို ကိုင်ထားရင်း စိတ်လှုပ်ရှားစွာ ဆီးကြိုလေသည်။
"ကျောင်းအုပ်ယဲ့... ဆရာ့ရဲ့ပုံကြမ်းတွေအတိုင်း ကျွန်တော်တို့ ဒီစက်ရုပ်အင်ဂျင်ကို ပုံစံထုတ်ထားပါတယ်။ သူက စွမ်းအင်ဂျိုးလ်သန်းသုံးရာအထိ ထုတ်ပေးနိုင်ပြီး တစ်လစာ စွမ်းအင်လုံလောက်မှုရှိအောင် အာမခံနိုင်ပါတယ်"
နည်းပညာက သူကိုယ်တိုင်ပေးခဲ့သော်လည်း ကျောင်းသားများက ဤမျှမြန်မြန်ဆန်ဆန် ပြီးစီးအောင် လုပ်နိုင်ခဲ့သည့်အတွက် ယဲ့ချန်း အလွန်ဝမ်းသာပီတိဖြစ်ရသည်။
ယဲ့ချန်း ခေါင်းတညိတ်ညိတ်လုပ်လိုက်မိသည်။
"မဆိုးဘူး။ မင်းတို့ အရမ်းတော်တယ်"
"ကျောင်းအုပ်ယဲ့.. အင်ဂျင်ကို စက်ရုပ်မှာ အခုချက်ချင်း တပ်ဆင်လိုက်ရမလား"
ယဲ့ချန်း ခေါင်းညိတ်လိုက်၏။
"ကောင်းပြီလေ"
ထိုအချိန်မှာပင် လင်းရှစ်ယင်က အကြီးအကဲတစ်ယောက်နှင့်အတူ အထဲဝင်လာလေသည်။
"ခေါင်းဆောင် ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ"
ယဲ့ချန်း အံ့အားသင့်သွားလေသည်။
"ဟားဟား.. ငါ ပြန်ရောက်ကတည်းက မင်းရဲ့ပရောဂျက်အကြောင်းပဲ တွေးနေတာ။ အခြေအနေ ဘယ်လိုရှိလဲ"
အကြီးအကဲဝေ့က ပြုံးစစဖြင့် မေးလိုက်သည်။
"အင်ဂျင်ကိစ္စတော့ ပြေလည်သွားပြီ။ တပ်ဆင်ဖို့ ပြင်ဆင်နေကြတာပါ"
"ဘာ"
ယဲ့ချန်း၏စကားကြောင့် အကြီးအကဲဝေ့ ကြက်သေသေသွားသည်။
"ဒီလောက်တောင် မြန်သလား"
အကြီးအကဲဝေ့က နျူကလီးယားစွမ်းအင် ကျွမ်းကျင်သူများကို တစ်ခါတုန်းက မေးကြည့်ဖူးသည်။ သူတို့က ဤနည်းပညာကို တီထွင်ရန် အနည်းဆုံးဆယ်နှစ်ခန့် အချိန်ယူရမည်ဟု ပြောခဲ့ကြသည်။
ထင်မှတ်မထားပါဘဲ ရက်အနည်းငယ်အတွင်းမှာပင် ပြီးစီးသွားသည်။
စတားတက္ကသိုလ်က ဘယ်လိုကျောင်းသားများကို လက်ခံထားလေသလဲ။ သူတို့အားလုံးက စင်စစ်ထူးချွန်လှသော ပါရမီရှင်တွေချည်းပဲလား။
"ဟုတ်ပါတယ်။ ကျွန်တော်တို့ တပ်ဆင်စမ်းသပ်မှု လုပ်တော့မလို့ပါ"
ဤစကားကိုကြားသော် အကြီးအကဲဝေ့လည်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ငါ လေ့လာကြည့်လို့ရမလား"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်၏။
"ရတာပေါ့။ ပြဿနာမရှိပါဘူး"
ဝမ်မုန့်က အင်ဂျင်ကို ဂရုတစိုက်ထုတ်ယူပြီး စက်မှုပိုင်းဆိုင်ရာအဖွဲ့ထဲရှိ ကျောင်းသားများနှင့်အတူ စက်ရုပ်၏နှလုံးသားနေရာတွင် တပ်ဆင်လိုက်သည်။
ဝါယာကြိုးများ ချိတ်ဆက်လိုက်သည်နှင့်တစ်ပြိုင်နက် စက်ရုပ်၏မျက်လုံးများ လင်းလက်လာသည်။
ထို့နောက် စက်မှုပိုင်းဆိုင်ရာအဖွဲ့ရှိ ကျောင်းသားများ၏ ထိန်းချုပ်မောင်းနှင်မှုနှင့်အတူ နျူကလီးယားစွမ်းအင်ကြောင့် စက်ရုပ်လက်တံကလည်း မြောက်တက်လာသည်။
"တကယ်အောင်မြင်သွားတာလား"
အကြီးအကဲဝေ့၏ မျက်နှာထက်တွင် အတိုင်းမသိ ဝမ်းသာပီတိဖြစ်နေလေဟန် အမူအရာတစ်ခု ပေါ်လွင်နေချေသည်။
ယဲ့ချန်းလည်း ခေါင်းခါပြလိုက်၏။
"မအောင်မြင်သေးပါဘူး။ ဒီစက်ရုပ်က လှုပ်ရှားနိုင်ပေမဲ့ အရေးကြီးတဲ့ အရာတစ်ခု လိုအပ်နေသေးတယ်"
အကြီးအကဲဝေ့မှာမူ နားမလည်နိုင်ဖြစ်သွားရသည်။
"ဘာများလဲ"
ယဲ့ချန်းက ဆို၏။
"သူ့မှာ တွေးခေါ်နိုင်စွမ်းရှိဖို့ လိုတယ်လေ"
"ဘာရယ်..တွေးခေါ်နိုင်စွမ်းလား"
ယဲ့ချန်း၏ဗစကားကြောင့် အကြီးအကဲဝေ့သာမက တခြားကျောင်းသားများပါ အံ့အားသင့်သွားကြသည်။
ယဲ့ချန်းက ဆို၏။
"ဒီစက်ရုပ်က အဝေးထိန်းစနစ်နဲ့ မောင်းနှင်ရတဲ့ အရမ်းကြီးမားတဲ့ စက်ရုပ်ကြီးတစ်ခုပါ။ တကယ့်စက်ရုပ်စစ်စစ်ဖြစ်လာဖို့ဆိုရင် အများကြီးလိုအပ်ပါသေးတယ်"
"ဒါဆို သူ့ကို ဘယ်လိုလုပ်ပြီး တွေးခေါ်နိုင်စွမ်းပေးရမလဲ"
ယဲ့ချန်းက စဉ်းစားတွေးဆနေဟန်ဖြင့် ပြောလိုက်သည်။
"ဒီအတွက် ဉာဏ်ရည်တုနည်းပညာ လိုအပ်လောက်တယ်"
ဉာဏ်ရည်တုနည်းပညာလား။
ဤနာမည်ကို ကြားလိုက်ရချိန်ဝယ် ထိုနေရာရှိ လူအားလုံး အံ့ဩမှင်တက်သွားကြသည်။
ထို့နောက် ယဲ့ချန်းက ယူအက်စ်ဘီဒရိုက်တစ်ခုကို ထုတ်ယူလိုက်သည်။
"ဒီအထဲမှာ ဉာဏ်ရည်တုအတွက် ကုတ်တွေ ပါတယ်။ သေသေချာချာ လေ့လာကြ"
အကြီးအကဲဝေ့နှင့် ယဲ့ချန်းတို့ ခဏမျှစကားဆက်ပြောပြီးနောက် ပြန်သွားကြသည်။
ယခုမူ ယဲ့ချန်းအနေနှင့် ဝမ်ပေါင်ဟိုတယ်ကိစ္စကို ဖြေရှင်းရတော့မည်။
ပထမဆုံးအနေနှင့် ယဲ့ချန်းက အွန်လိုင်းတွင် ပျံ့နှံ့နေသော ဗီဒီယိုကို ရှာဖွေကြည့်လိုက်၏။
စုံတွဲတစ်တွဲ အစားစားနေခိုက် ရုတ်တရက်ဆိုသလို ကောင်မလေးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"အထဲမှာ ဘာပါလဲဆိုတာ ကြည့်လိုက်ဦး"
ထို့နောက် အမျိုးသားက တူနှင့်ညှပ်ယူလိုက်ပြီး အကျယ်ချဲ့၍ ပြောလိုက်သည်။
"ဒါက ပိုးဟပ်ကြီးမဟုတ်ဘူးလား"
"ဒါတော့ လွန်သွားပြီ။ မန်နေဂျာ ဘယ်မှာလဲ"
ဤဗီဒီယိုကို မြင်သော် ယဲ့ချန်း ရယ်ချလိုက်မိသည်။
သေစမ်း..
ဒီဟင်းက ဆီသတ်ပြီး ကြော်ထားတာကို ပိုးဟပ်မှာ ဆီကြော်ထားတဲ့ အရိပ်အယောင်တောင် မရှိဘူး။ အခုလေးတင် ကောက်ထည့်လိုက်တာ အသိသာကြီး။
လက်ရှိတွင်မူ ထိုဗီဒီယိုက ကြည့်ရှုသူသန်းဆယ်ဂဏန်းကျော်နှင့် လိုက်ခ်လုပ်သူ သန်းပေါင်းများစွာရထားသဖြင့် အလွန်နာမည်ကြီးနေပေသည်။
အောက်ဘက်ရှိ မှတ်ချက်များမှာမူ ပိုပြီးဆူညံပွက်လောရိုက်နေပေသည်။
"အခုခေတ် ဟိုတယ်တွေက တော်တော်အသိတရားခေါင်းပါးကြတာပဲ။ ဟင်းထဲမှာ ပိုးဟပ်တွေတောင် ပါလာတယ်"
"အရမ်းရွံဖို့ကောင်းတာ။ ဒါက ကြယ်ငါးပွင့်ဟိုတယ်တဲ့လား။ လွန်ခဲ့တဲ့ရက်ပိုင်းကတောင် ငါ အဲဒီမှာ စားခဲ့သေးတယ်"
"ဟိုတယ်ရဲ့သန့်ရှင်းရေးက တော်တော်ဆိုးဝါးမှာပဲ"
ယဲ့ချန်း ဟိုတယ်၏ကြေညာချက်ကိုလည်း ရှာကြည့်ခဲ့သည်။
ကြေညာချက်ထဲတွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးသော လယ်သမား၏အိမ်က သန့်ရှင်းရေးစံမမီသောကြောင့် ပိုးဟပ်က ဟင်းထဲသို့ ရောပါသွားကြောင်း အကြမ်းဖျင်း ရေးသားထားသည်။
ပြည်သူများကတော့ ဤကြေညာချက်ကို လက်မခံကြချေ။
ဟင်းသီးဟင်းရွက်စိုက်သည့် လယ်သမား၏အိမ်က သန့်ရှင်းရေးမကောင်းလျှင်ပင် ဟိုတယ်တွင် ဟင်းသီးဟင်းရွက်များကို မည်သို့ဆေးကြောကြလေသလဲ။
ဝမ်ပေါင်ဟိုတယ်၏ ပြည်သူ့ဆက်ဆံရေးအပိုင်းက ညံ့ဖျင်းလွန်းသည်ဟုပင် ဆိုနိုင်ပေသည်။
သူတို့ဘက်က ဤကိစ္စကို ဝန်ခံလိုက်ခြင်းမှာ အဆိုးဝါးဆုံးအပိုင်းပင်။
ယဲ့ချန်းလည်း လင်းဝမ်ယိုဆီကို ဖုန်းခေါ်လိုက်၏။
"ဝမ်ယို.. ဝမ်ပေါင်ဟိုတယ်ကို စစ်ဆေးဖို့ ဟွားနိုင်ငံက အာဏာအရှိဆုံး ကျန်းမာရေးစစ်ဆေးရေးအဖွဲ့အစည်းကို ရှာပေးလို့ရမလား"
"ကောင်းပါပြီ။ ကျွန်မ အခုချက်ချင်းစီစဉ်လိုက်ပါ့မယ်"
လင်းဝမ်ယိုက ခေါင်းညိတ်ပြပြီး ပြန်ဖြေလိုက်သည်။
ထို့နောက် ယဲ့ချန်းက ကွန်ပျူတာဆော့ဖ်ဝဲလ်ကိုဖွင့်ပြီး ထိုဗီဒီယိုတင်ထားသည့် အကောင့်ပိုင်ရှင်၏ ကွန်ပျူတာကို ဟက်လိုက်သည်။
မကြာခင်မှာပင် တစ်ဖက်က လူအများထံမှ အာရုံစိုက်မှုရစေမည့် လူမှုရေးဖြစ်စဉ်များကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေကြသည့် အဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်း ယဲ့ချန်း သိလိုက်ရသည်။
ဤဖြစ်ရပ်က သူတို့၏ ဇာတ်ညွှန်းတစ်ပုဒ်မျှသာ ဖြစ်၏။
ပိုးဟပ်ကိုလည်း သူတို့ဘာသာ ထည့်လိုက်ကြခြင်းပင်။
ထိုအချိန်မှာပင် စောင့်ကြည့်ရေးဆော့ဖ်ဝဲလ်က သူတို့အချင်းချင်း စကားပြောဆိုထားသည့် အကြောင်းအရာများကို ပြသလာသည်။
"အားယင်း... ပြီးခဲ့တဲ့တစ်ခေါက်က ငါတို့ရဲ့ဗီဒီယိုက ကြည့်ရှုသူဆယ်သန်းကျော်လောက် ရခဲ့တယ်ကွ။ မိုက်တယ်။ ဒီထရန်းက ပျောက်တော့မှာဆိုတော့ နောက်တစ်ခု ထပ်လုပ်ကြရအောင်"
"ငါ့မှာ အကြံတစ်ခုရှိတယ်။ ကားပေါ်ကနေ အမှိုက်ပစ်တဲ့လူတွေ အများကြီးပဲ။ မနက်ဖြန်နေ့လယ်ကျရင် ဟူချိုးလမ်းမှာ ကားမောင်းတဲ့လူတစ်ယောက်ရှာပြီး ဒီလိုဒီလိုမျိုး လုပ်ကြမယ်"
"အကြံကောင်းသားပဲ။ ငါတို့ စမ်းကြည့်လို့ရတယ်လေ"
ယဲ့ချန်း၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားသည်။
နောက်တစ်နေ့တွင် ယဲ့ချန်း ဟူချိုးလမ်းသို့ ရောက်သွားသောအခါ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်က တစ်ခုခုကို တိုင်ပင်ဆွေးနွေးနေကြောင်း တွေ့လိုက်ရသည်။
ထိုအချိန်မှာပင် ဘီအမ်ဒဗလျူကားတစ်စီး ရောက်ချလာပြီး လမ်းဆုံရှိ မီးပွိုင့်တွင် ရပ်စောင့်နေပေသည်။
အမျိုးသမီးက အရှေ့ကားပြတင်းပေါက်ကို ခေါက်လိုက်၏။
"လူကြီးမင်း.. ရေသန့်ဘူးလေးတစ်ဘူးလောက် ပေးလို့ရမလား"
ထိုလူငယ်လေးခမျာ ခဏမျှ ကြောင်အမ်းအမ်းဖြစ်သွားပြီး ဘေးဘီကို တစ်ချက်ကြည့်လိုက်သောအခါ သောက်ထားခါစ ရေသန့်ဘူးအလွတ်တစ်ခုကို တွေ့လိုက်ရသည်။
"သြော် ရော့လေ"
အမျိုးသားက ထိုကောင်မလေးကို ရေသန့်ဘူး ကမ်းပေးလိုက်သည်။
ကောင်မလေးက ရေသန့်ဘူးကိုယူပြီးနောက် မြေကြီးပေါ်သို့ ပစ်ချကာ ပြန်ကောက်ပြီးသည်နှင့် ထိုအမျိုးသား၏ကားထဲကို ပစ်သွင်းလိုက်သည်။
"လူကြီးမင်း...နောက်ဆိုရင် အမှိုက်ကို စည်းကမ်းမဲ့မပစ်ပါနဲ့"
ထိုလူငယ်လေးခမျာ ကြောင်တောင်တောင်ဖြစ်သွားရှာသည်။
"သေစမ်း.. ရူးနေတာလား"
ထိုလူငယ်လေးက ဆဲဆိုရင်း ကားမောင်းထွက်သွားသည်။
ထိုအချိန်မှာပင် ကောင်မလေးက ထိုကောင်လေးဆီသို့ ပြေးသွားပြီး မေးလိုက်၏။
"ရိုက်ထားတာ အဆင်ပြေရဲ့လား"
ကောင်လေးကလည်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"မိုက်တယ်။ ဒီခေါင်းစဉ်က တော်တော်အဆင်ပြေတယ်"
ဤဖြစ်စဉ်အစအဆုံးကို ယဲ့ချန်းက ခိုးရိုက်ထားကြောင်းကိုမူ သူတို့ မသိကြပေ။
ယဲ့ချန်းက ထိုဗီဒီယိုကိုကြည့်ရင်း အေးစက်စက် ပြုံးလိုက်သည်။
"မင်းတို့က နာမည်ကြီးချင်တာမလား။ ဒီတစ်ခါတော့ မင်းတို့ကို တကယ်နာမည်ကြီးသွားအောင် လုပ်ပေးမယ်"