အခန်း (၅၁၇-၅၁၉)
Vol. 35 Ch. 517-519
အပိုင်း ၅၁၇ : အမှန်တရားပေါ်ပေါက်ခြင်း
နောက်တစ်နေ့တွင်မူ အကောင့်တစ်ခုက ဤဗီဒီယိုကို အင်တာနက်ပေါ်သို့ တင်လိုက်သည်။
ထိုအကောင့်ကို 'အပြုသဘောဆောင်သော စွမ်းအင်များကို မြှင့်တင်ကြစို့'ဟု နာမည်ပေးထားသည်။
ဗီဒီယိုအစပိုင်းတွင် ရေသန့်ဘူးတစ်ဘူး မြေကြီးပေါ်သို့ ပြုတ်ကျလာသည့် မြင်ကွင်းနှင့် စတင်ထားသည်။
ထို့နောက် ကောင်မလေးက ရေသန့်ဘူးကို ကောက်ယူပြီး ဘီအမ်ဒဗလျူကားနားကို ကပ်သွားပြီး ဆူပူမာန်မဲလိုက်၏။
"ဘာလို့ အမှိုက်ကို စည်းကမ်းမဲ့ပစ်ရတာလဲ"
ကောင်မလေးက ထိုသို့ပြောရင်း ရေသန့်ဘူးကို ဘီအမ်ဒဗလျုကားထဲသို့ ပြန်ပစ်သွင်းလိုက်သည်။
ထို့နောက် ဖန်သားပြင်ပေါ်တွင် အပြုသဘောဆောင်းသော စာသားတချို့ ပေါ်လာပြီး အမှိုက်ကို စည်းကမ်းမဲ့မပစ်ဘဲ ပတ်ဝန်းကျင်ကို ထိန်းသိမ်းကြရန် တိုက်တွန်းထားသည်။
ထိုဗီဒီယိုကို အွန်လိုင်းပေါ်သို့ တင်လိုက်သည်နှင့်တစ်ပြိုင်နက် လူအများ၏ အာရုံစိုက်မှုကို ချက်ချင်းရရှိသွားသည်။
အင်တာနက်အသုံးပြုသူများကလည်း တစ်ယောက်ပြီးတစ်ယောက် မှတ်ချက်များ ဝင်ရေးကြသည်။
"ကောင်မလေးရဲ့လုပ်ရပ်က အရမ်းမိုက်တယ်"
"ငါတို့လူ့အဖွဲ့အစည်းမှာ ဒီလိုမျိုး အပြုသဘောဆောင်တဲ့ စွမ်းအင်တွေ အရမ်းလိုအပ်နေတာ"
"ကောင်မလေးအတွက် လက်မထောင်ပေးလိုက်ပြီ"
မကြာခင်မှာပင် ဗီဒီယိုကြည့်ရှုသူဦးရေဟာ တစ်သန်းကျော်သွားခဲ့ပြီး အရှိန်အဟုန်နှင့် ဆက်လက်တိုးပွားနေဆဲပင်။
"ငါတို့ လုပ်နိုင်ခဲ့ပြီ။ အောင်မြင်သွားပြီ"
အခန်းတစ်ခန်းထဲတွင်မူ အမျိုးသားနှင့် အမျိုးသမီးတို့မှာ ဝမ်းသာလွန်း၍ မျက်ရည်ပင် ကျနေကြသည်။
ပြီးခဲ့တဲ့တစ်ခေါက်က သူတို့သည် 'ပိုးဟပ်ကိစ္စ'ကို ဖန်တီးခဲ့ကြပြီး ယခုတစ်ခါတွင်မူ ရေသန့်ဘူးကိစ္စကို ဖန်တီးခဲ့ကြသည်။
လူ့အဖွဲ့အစည်းအတွင်းရှိ အပျက်သဘောဆောင်သော လုပ်ရပ်များကို ထင်ဟပ်စေသည့် ဤဗီဒီယိုနှစ်ခုစလုံးမှာ ပရိသတ်များ၏ ရင်ထဲသို့ရောက်အောင် လှုံ့ဆော်နိုင်ခဲ့ပြီး သူတို့ရဲ့ရည်မှန်းချက်ကိုလည်း အပြည့်အဝ အောင်မြင်စေခဲ့သည်။
ထို့ကြောင့် သူတို့၏ဗီဒီယိုနှစ်ခုစလုံးမှာ ချက်ချင်းဆိုသလို နာမည်ကြီးသွားခဲ့သည်။
ယခုဆိုလျှင် သူတို့အကောင့်၏ ဖော်လိုဝါအရေအတွက်မှာ တစ်သန်းကျော်သွားခဲ့ပြီဖြစ်၏။ ကြော်ငြာရှင်အများအပြားကလည်း ပူးပေါင်းလုပ်ဆောင်ရန် ဆက်သွယ်နေကြသည်။
ဤသည်မှာ ဗီဒီယိုများဖန်တီးရသော သူတို့၏ ရည်ရွယ်ချက်အစစ်အမှန်ပင်။
သို့သော် သူတို့ အပျော်စောလွန်းနေသေးသည်။
မကြာခင်မှာပင် အွန်လိုင်းပေါ်တွင် နောက်ထပ်ဗီဒီယိုတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုဗီဒီယိုထဲတွင်မူ ကောင်လေးနှင့် ကောင်မလေးတို့က လူကြိုက်များမည့် ဗီဒီယိုတစ်ခုကို ဘယ်လိုရိုက်ကူးရမလဲဟု ဆွေးနွေးနေကြသည်။
ထို့နောက်တွင်မူ ဘီအမ်ဒဗလျူကားကို တားပြီး ကားပိုင်ရှင်ဆီက ရေသန့်ဘူးတောင်းနေသည့် မြင်ကွင်းများ ပါလာလေတော့သည်။
ထို့နောက် မြေကြီးပေါ်သို့ ပစ်ချလိုက်၊ ပြန်ကောက်လိုက်လုပ်နေသည့် မြင်ကွင်းများလည်း ပါဝင်သည်။
ကောင်လေးနှင့် ကောင်မလေးကြားရှိ စကားပြောမှတ်တမ်းတွေပင် ပေါက်ကြားလာသည်။
"ပြီးခဲ့တဲ့တစ်ခေါက် 'ပိုးဟပ်ကိစ္စ'တုန်းက ငါတို့ရိုက်ထားတာ အရမ်းမိုက်တယ်။ ဒီတစ်ခါသာ အောင်မြင်ရင် ငါတို့ သေချာပေါက် နာမည်ကြီးပြီပဲ"
...
အသစ်ထွက်ပေါ်လာသော ဤဗီဒီယိုက အင်တာနက်အသုံးပြုသူများ၏ အာရုံကို ချက်ချင်းဖမ်းစားသွားနိုင်ခဲ့သည်။
"မဖြစ်နိုင်တာ။ သူတို့က ဒီလောက်ညစ်ပတ်တဲ့ အကွက်တွေတောင် သုံးသွားတာကိုး"
"မျက်နှာပြောင်တိုက်လွန်းတယ်။ လူအာရုံစိုက်ခံရဖို့အတွက် လိမ်လည်လှည့်ဖြားကြတာပဲ"
"အကုန်လုံး ဇာတ်တိုက်ထားတာကိုး။ ငါတောင် လိုက်ခ်ပေးခဲ့မိသေးတယ်"
"အရင်တစ်ခေါက် 'ပိုးဟပ်ကိစ္စ'ကလည်း သူတို့ ဇာတ်ညွှန်းရေးထားတာနေမှာ"
...
ထိုနေ့မှာပင် ဝမ်ပေါင်ဟိုတယ်ကလည်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ဟွားနိုင်ငံ၏ အာဏာအရှိဆုံး ကျန်းမာရေးစစ်ဆေးရေးအဖွဲ့က စစ်ဆေးပြီးနောက် ဟိုတယ်၏သန့်ရှင်းရေးဟာ 5Aအဆင့်အထိ စံချိန်မီကြောင်း အတည်ပြုလိုက်သည်။
ဤသည်မှာ ကမ္ဘာပေါ်တွင် အမြင့်ဆုံးစံသတ်မှတ်ချက်ပင်။
"ငါ ထင်သားပဲ။ ကြယ်ငါးပွင့်ဟိုတယ်မှာ ဘယ်လိုလုပ်ပြီး ပိုးဟပ်ရှိနိုင်မှာလဲ"
"အဲဒီတုန်းကတည်းက ဗီဒီယိုထဲမှာ တစ်ခုခု လွဲနေတယ်လို့ ငါ ခံစားမိတယ်။ ဆီကြော်ပိုးဟပ်ဆိုရင် မည်းတူးနေရမှာ မဟုတ်ဘူးလား။ သေနေတဲ့ပိုးဟပ်ကို ကောက်ထည့်လိုက်သလိုပဲ"
"အင်တာနက်အသုံးပြုသူတွေရဲ့ ခံစားချက်ကို လှည့်စားတာ ရွံစရာကောင်းလွန်းတယ်"
အွန်လိုင်းပေါ်တွင် ဆဲဆိုဝေဖန်မှုများက ရပ်တန့်မသွားချေ။
အသုံးပြုသူများက 'အပြုသဘောဆောင်သော စွမ်းအင်များကို မြှင့်တင်ကြစို့'ဟူသော အကောင့်ကို ဖောလိုးဖြုတ်သွားကြသည့်အတွက် မကြာခင်မှာပင် ကျရှုံးသွားသော အကောင့်တစ်ခု ဖြစ်သွားပါတော့သည်။
ဆန့်ကျင်ဘက်အနေနှင့် ဝမ်ပေါင်ဟိုတယ်ကတော့ အကျိုးအမြတ်အများဆုံး ရရှိသွားသည်။
ဝမ်ပေါင်ဟိုတယ်ဘက်တွင် မန်နေဂျာပိုင်ထန်က စိတ်လှုပ်ရှားစွာ ဆိုလိုက်၏။
"မစ္စတာယဲ့.. သတင်းကောင်းပဲ။ 'ပိုးဟပ်ကိစ္စ'ပြေလည်သွားကတည်းက ကျွန်တော်တို့ဟိုတယ်ရဲ့ ဝင်ငွေတွေက ဆက်တိုက်တက်လာပြီး အရင်အခြေအနေထက်တောင် ကျော်သွားပါပြီ"
ယဲ့ချန်းက တည်ငြိမ်စွာ ဆိုလိုက်လေသည်။
"ငါတို့စားသောက်ဆိုင်က ဖောက်သည်တွေရော ကျေနပ်ကြရဲ့လား"
"အရမ်းကျေနပ်ကြပါတယ် သူဌေး... ဒီစားဖိုမှူးတွေကို ဘယ်ကနေများ ရှာတွေ့ခဲ့တာလဲ။ သူတို့က အရမ်းတော်ကြတာ"
ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်၏။
"မင်းအတွက် အံ့သြစရာတစ်ခုရှိသေးတယ်"
"ဘာအံ့သြစရာလဲ"
ပိုင်ထန် ခဏမျှ နားမလည်နိုင်ဖြစ်သွားသည်။
"ငါတို့ဟိုတယ်ကို မီချယ်လင်းကြယ်သုံးပွင့်အဆင့် ရစေချင်တယ်"
"ဗျာ"
ယဲ့ချန်း၏စကားကို ကြားလိုက်ရသောအခါ ပိုင်ထန်လည်း တဒင်္ဂမျှကြက်သေသေသွားသည်။
"သူဌေး... မီချယ်လင်းကြယ်သုံးပွင့်အဆင့် လျှောက်ထားဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ ကျွန်တော်တို့ရဲ့ အပြင်အဆင်နဲ့ ဝန်ဆောင်မှုအပိုင်းတွေက သတ်မှတ်ချက်နဲ့ ကိုက်ညီနေတယ်ဆိုပေမဲ့ အကဲဖြတ်သူတွေ အသိအမှတ်ပြုပြီး လက်ခံနိုင်မယ့် ကိုယ်ပိုင်ဟင်းလျာတွေ ရှိထားဖို့လိုပါတယ်"
ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်သည်။
"ဒီကိစ္စကို ငါ့တာဝန်ထား"
မီးဖိုချောင်ထဲတွင် လီရှန်းရှန်းက အလုပ်ရှုပ်နေကြသော စားဖိုမှူးများကို ဦးဆောင်ညွှန်ကြားနေသည်။
ဤတစ်ခေါက်တွင်မူ လီရှန်းရှန်းက သူ့အချက်အပြုတ်သင်တန်းသားတစ်ဖွဲ့လုံးကို ခေါ်ထုတ်လာသည်။
ယခင်တုန်းက သူတို့ချက်ပြုတ်သည့် အရသာရှိသော အစားအစာများကို အတန်းဖော်များသာ မြည်းစမ်းခွင့်ရခဲ့ကြသည်။ ယခုမူ သူတို့၏အရည်အချင်းများကို အပြည့်အဝထုတ်ဖော်ပြသရန် အခွင့်အရေး ရသွားလေသည်။
ဟင်းပွဲတစ်ပွဲချင်းစီအတွက် အမြင်သဘောထားများ၊ အမှတ်ပေးစာရွက်များနှင့်အတူ ကဗျာတိုလေးတစ်ပုဒ်ကိုပါ သူတို့ ရေးသားထားကြသေးသည်။
ဤနည်းလမ်းက ဖောက်သည်များအကြား အလွန်လူကြိုက်များသွားခဲ့သည်။
ဖောက်သည်အများစုက တစ်ခါလာစားပြီးသည်နှင့် အမြဲတမ်းလာစားကြသည့် ဖောက်သည်များ ဖြစ်သွားကြသည်။
ထိုအချိန်မှာပင် ယဲ့ချန်း အထဲသို့ ဝင်လာခဲ့သည်။
ယဲ့ချန်းကို မြင်လိုက်ရသောအခါ လီရှန်းရှန်း၏ မျက်လုံးများ လင်းလက်သွားသည်။
"ကျောင်းအုပ်ယဲ့.. ရောက်လာပြီလား"
ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်သည်။
"ရှန်းရှန်း.. မင်းတို့ အရမ်းတော်တယ်"
လီရှန်းရှန်း၏ ပါးပြင်နှစ်ဖက်ကား ရဲတက်သွားသည်။
"ကျွန်မတို့ကို အခွင့်အရေးပေးခဲ့တဲ့ ကျောင်းအုပ်ကြီးရဲ့ ကျေးဇူးတွေပါ"
ယဲ့ချန်းက ရယ်မောလိုက်သည်။
"ဒါနဲ့ မီချယ်လင်းကြယ်သုံးပွင့်အဆင့်ကို စိန်ခေါ်ကြည့်ဖို့ စိတ်ဝင်စားလား"
မီချယ်လင်းကြယ်သုံးပွင့်တဲ့လား။
ယဲ့ချန်း၏စကားကို ကြားလိုက်ရသော် လီရှန်းရှန်း၏ ရင်ထဲဝယ် လှိုက်ခနဲဖြစ်သွားချေသည်။
ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်၏။
"မီချယ်လင်းကြယ်သုံးပွင့်အဆင့်ကို စိန်ခေါ်ဖို့ဆိုတာ မလွယ်ဘူး။ အခွင့်အရေးရဖို့ဆိုရင် အကဲဖြတ်သူတွေအားလုံးကို သဘောကျစေနိုင်မယ့် ထူးခြားဟင်းလျာတွေ ရှိဖို့လိုတယ်"
လီရှန်းရှန်းလည်း ခေါင်းညိတ်ထောက်ခံလိုက်၏။
"မီချယ်လင်းကြယ်သုံးပွင့်ဆိုတာ ကျွန်မတို့ရဲ့အိပ်မက်ပါ။ ဒါပေမဲ့ အခုလောလောဆယ် ကျွန်မတို့ရဲ့ပြဿနာက ထူးခြားပေါ်လွင်တဲ့ ကိုယ်ပိုင်ဟင်းလျာတွေ မရှိသေးတာပါပဲ"
ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်သည်။
"ငါ့ဆီမှာ ဟင်းချက်နည်းတွေရှိတယ်။ မင်း လေ့လာကြည့်လို့ရတယ်လေ"
ယဲ့ချန်းက ထိုသို့ပြောရင်း စက္ကူတစ်ရွက်ကို လီရှန်းရှန်းထံ ကမ်းပေးလိုက်သည်။
"ဒီဟင်းလျာတွေကို သေချာချက်ပြုတ်နိုင်မယ်ဆိုရင် မီချယ်လင်းကြယ်သုံးပွင့်အဆင့်ဖြစ်လာဖို့ ပြဿနာကြီးကြီးမားမားမရှိနိုင်ဘူးလို့ ငါယုံတယ်"
လီရှန်းရှန်းက ဟင်းချက်နည်းစာရွက်ကိုယူပြီးနောက် တစ်ချက်ကြည့်လိုက်လေရာ အကြောင်းအရာက သူ(မ)၏စိတ်ကို ဖမ်းစားသွားသည်။
ဤဟင်းချက်နည်းက စင်စစ်ပြောင်မြောက်လွန်းလှသည်။
ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်လေသည်။ နတ်ဘုရားအဆင့် ဟင်းချက်စွမ်းရည်နှင့် ရေးသားထားသော ဟင်းချက်နည်းများက လိုအပ်ချက်ဟူ၍ ရှိနေနိုင်ဦးမည်လော။
ဤကျောင်းသားများအနေနှင့် ဟင်းလျာများကို သေချာချက်ပြုတ်နိုင်မလားဆိုသည်မှာမူ သူတို့၏ကဏ္ဍပင်။
သို့သော် လီရှန်းရှန်း၏ပါရမီနှင့်ဆိုလျှင် ပြဿနာမရှိနိုင်ဘူးဟု ယဲ့ချန်း ယုံကြည်ထားသည်။
ရည်မှန်းထားသောရလဒ်၏ ခုနစ်ဆယ်ရာခိုင်နှုန်းလောက် စွမ်းဆောင်နိုင်မည်ဆိုလျှင်ပင် ဝမ်ပေါင်ဟိုတယ်အနေနှင့် မီချယ်လင်းကြယ်သုံးပွင့်အဆင့် ရရှိရန်မှာ ပြဿနာမဟုတ်တော့ပေ။
ယဲ့ချန်း ဟိုတယ်က ထွက်လာပြီးပြီးချင်းမှာပင် ဖုန်းတစ်ကောဝင်လာခဲ့သည်။ အကြီးအကဲဝေ့ ထပ်ရောက်လာခြင်းပင်။
အကြီးအကဲဝေ့တစ်ယောက် ကျောင်းကို အခေါက်ခေါက်အခါခါ လာနေခြင်းမှာ စက်ရုပ်ပရောဂျက်ကို သူ မည်မျှတန်ဖိုးထား ကြောင်း ပြသနေသည်။
ယဲ့ချန်းလည်း ကျောင်းကိုသွားပြီး ကျောင်းအပေါက်ဝတွင် အကြီးအကဲဝေ့ကို သွားရောက်ကြိုဆိုခဲ့သည်။
ယဲ့ချန်းခမျာ အတန်ငယ်ကူကယ်ရာမဲ့သွားသည်။
အကြီးအကဲဝေ့က အမြဲအားနေ၍များ ကျောင်းကို ခဏခဏလာနေလေသလား။
"ညီလေးယဲ့... ငါ မင်းကို အနှောင့်အယှက်ပေးမိပြန်ပြီ"
ယဲ့ချန်းက ပြုံးလိုက်သည်။
"အကြီးအကဲဝေ့.. အခုလိုလာရောက်တဲ့အတွက် ကျွန်တော်တို့ကမှ ဂုဏ်ယူရမှာပါ"
တကယ်လည်း ဟုတ်ပေသည်။ ဘယ်တက္ကသိုလ် ဘယ်ကောလိပ်ကများ အဆင့်မြင့်ဧည့်သည်တော်များ အမြဲလာရောက်နေခြင်းကို မလိုလားဘဲ နေမည်နည်း။
သို့သော် အကြီးအကဲဝေ့ကတော့ အနည်းငယ် အားနာမိဆဲပင်။
ဤကာလအတွင်း သူသည် ကျောင်းကို မကြာမကြာလာလည်ဖြစ်သည်။
ယဲ့ချန်းက ပြုံးလိုက်၏။
"ရုံးခန်းထဲမှာ စကားပြောကြမလား"
ရုံးခန်းထဲတွင်မူ လင်းရှစ်ယင်က သူတို့နှစ်ယောက်အတွက် လက်ဖက်ရည်ပြင်ဆင်ပေးနေချေသည်။
ယခုဆိုလျှင် လင်းရှစ်ယင်က ကျောင်း၏ဒုတိယကျောင်းအုပ် ဖြစ်လာသောကြောင့် စီမံခန့်ခွဲရေးအပိုင်းကို တာဝန်ယူထားသည်။
မည်သို့ပင်ဖြစ်စေ ကျောင်းတစ်ကျောင်းကို စီမံအုပ်ချုပ်ရသည်မှာ လွယ်ကူလှသောအလုပ်တော့ မဟုတ်ပေ။
ယဲ့ချန်းက ပြုံးလိုက်၏။
"အကြီးအကဲဝေ့.. တစ်ခုခုလိုအပ်လို့လား"
အကြီးအကဲဝေ့က အနေခက်ဟန်ဖြင့် ပြောလိုက်သည်။
"ငါက စက်ရုပ်ပရောဂျက်ရဲ့ တိုးတက်မှုအခြေအနေကို လာကြည့်ရုံသက်သက်ပါ"
ထိုသို့ပြောပြီးမှ အကြီးအကဲဝေ့ အနည်းငယ်ရှက်ရွံ့သွားသည်။
"နိုင်ငံတော်က အခုအချိန်မှာ ဒီစက်ရုပ်ကို တကယ်လိုအပ်နေတာဆိုတော့ ငါ ဘယ်လိုလုပ်ပြီး စိတ်မလောဘဲ နေနိုင်မှာလဲ။ အထက်လူကြီးတွေကလည်း အရမ်းအာရုံစိုက်နေကြတာ"
အကြီးအကဲဝေ့၏ မျက်နှာအမူအရာကို ကြည့်ရုံမျှဖြင့် အမှန်စင်စစ် အရေးတကြီးလိုအပ်နေကြောင်း ယဲ့ချန်း သိလိုက်ရသည်။
ယဲ့ချန်းက ပြုံးလိုက်သည်။
"အကြီးအကဲဝေ့.. စက်ရုပ်တစ်ရုပ် တည်ဆောက်တယ်ဆိုတာ ကစားစရာဘလော့တုံးလေးတွေ စီနေသလိုမျိုး မဟုတ်ဘူးဆိုတာ ခင်ဗျားလည်း သိမှာပါ။ ဒီလောက်မြန်မြန်ပြီးနိုင်တဲ့ကိစ္စ မဟုတ်ဘူးလေ"
"ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ အဲဒါတွေ အကုန်လုံးကို ငါ နားလည်ပါတယ်။ ဒါပေမဲ့ နေ့တိုင်း ဒီစက်ရုပ်ကြီးအကြောင်းကိုပဲ တွေးနေမိတယ်ကွာ"
ယဲ့ချန်း ပြုံးလိုက်မိသည်။
"ဒါပေမဲ့ တလောတုန်းကတော့ စက်ရုပ်ထုတ်လုပ်တဲ့အပိုင်းမှာ တိုးတက်မှုနည်းနည်းရှိလာပါတယ်"
••••••••••••••••
အပိုင်း ၅၁၈ : စက်ရုပ်စမ်းသပ်မှု
ယဲ့ချန်း၏စကားကို ကြားလိုက်ရချိန်ဝယ် အကြီးအကဲဝေ့၏ မျက်ဝန်းများ လင်းလက်သွားသည်။
"တကယ် တိုးတက်မှုရှိတာလား"
ယဲ့ချန်းလည်း ပြုံးပြရင်း ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပါတယ်။ တကယ်တိုးတက်မှုတချို့ ရှိလာပါပြီ"
အကြီးအကဲဝေ့က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"မြန်မြန်... ငါ့ကို ဓာတ်ခွဲခန်းထဲ ခေါ်သွားပြီး ပြစမ်းပါဦး"
တိုးတက်မှုရှိကြောင်း ကြားလိုက်ရသောအခါ အကြီးအကဲဝေ့ခမျာ ကလေးလေးတစ်ယောက်နှယ် စိတ်လှုပ်ရှားနေခဲ့သည်။
ယဲ့ချန်းလည်း မတတ်နိုင်တော့သည့်အဆုံး အကြီးအကဲဝေ့ဆွဲခေါ်ရာ ဓာတ်ခွဲခန်းထဲသို့ လိုက်သွားရပါတော့သည်။
ထိုအချိန်ဝယ် ကြီးမားကျယ်ဝန်းလှသော ဓာတ်ခွဲခန်းကြီးထဲတွင် စက်ရုပ်ကြီးတစ်ရုပ် မတ်တတ်ရပ်နေလေသည်။
ကျောင်းသားတစ်စုက စက်ရုပ်ကြီးနားတွင် ဝိုင်းအုံပြီး အလုပ်လုပ်နေကြသည်။
ထိုအချိန်မှာပင် ကျောင်းသားများသည် စက်ပစ္စည်းတချို့ကို တပ်ဆင်နေကြသည်။
အကြီးအကဲဝေ့က မေးကြည့်လိုက်၏။
"သူတို့ ဘာလုပ်နေကြတာလဲ"
ယဲ့ချန်းကမူ ခပ်ဖွဖွပြုံးလိုက်သည်။
"ဗဟိုထိန်းချုပ်ရေးစနစ် ဖြစ်မယ်ထင်တယ်"
စက်ရုပ်ဟူသည် အဆုံးတွင်မူ လူက မောင်းနှင်ထိန်းချုပ်ရန် လိုအပ်ပေသည်။
လူနှင့် စက်ရုပ်ကို ပေါင်းစပ်နည်းမှာ စက်ရုပ်များကို ထိန်းချုပ်မည့် အဓိကသော့ချက်ဖြစ်ပြီး နိုင်ငံတိုင်း အဖြေမရှာနိုင်သေးသည့် ပြဿနာတစ်ခုလည်းဖြစ်၏။
ယဲ့ချန်း၏ဖြေရှင်းနည်းကတော့ ဉာဏ်ရည်တုနည်းပညာပင်။
"သူတို့ ဘာလုပ်နေကြတာလဲ"
အကြီးအကဲဝေ့ကမူ နားမလည်နိုင်စွာ မေးလိုက်ပြန်သည်။
"သူတို့က စက်ပစ္စည်းတွေကို စစ်ဆေးပြင်ဆင်ပြီး စက်ရုပ်ရဲ့ နျူကလီးယားစွမ်းအင်သုံးအင်ဂျင်ကို တပ်ဆင်နေကြတာပါ"
အကြီးအကဲဝေ့၏ မျက်လုံးများကား လင်းလက်သွားသည်။
"ဒီအင်ဂျင်ကို ရောင်းလို့ရလား"
ဟွားနိုင်ငံတွင် နျူကလီးယားဓာတ်အားပေးစက်ရုံများ ရှိပြီး ကြီးမားလှသော နျူကလီးယားအင်ဂျင်ကြီးများကိုပင် ထုတ်လုပ်နိုင်သော်ငြား ထိုအရာများမှာ အလွန်ကြီးမားလွန်းလှသည်။
သို့သော် ယဲ့ချန်း၏ နျူကလီးယားအင်ဂျင်က အရွယ်အစားသေးငယ်ရုံသာမက စွမ်းအင်ပမာဏလည်း ကြီးမားပေသည်။
အကယ်၍ စစ်ဘက်ရေးရာမှာသာ အသုံးပြုမည်ဆိုလျှင် တိုက်ခိုက်ရေးစွမ်းရည်ကို သိသိသာသာ မြှင့်တင်ပေးနိုင်လိမ့်မည်။
"ဒီနျူကလီးယားအင်ဂျင်ကို ငါတို့ဆီ ရောင်းပေးလို့ရမလား"
အကြီးအကဲဝေ့က လက်နှစ်ဖက်ကိုပွတ်သပ်ရင်း မေးလိုက်သည်။
ယဲ့ချန်း ဘာမှမပြောသေးချေ။
တကယ်တော့ သူသည် စစ်ပွဲများကို မနှစ်သက်သလို သူ့တီထွင်မှုများက လူသတ်စက်ပစ္စည်းများ ဖြစ်သွားမည်ကိုလည်း ပို၍ပင်မလိုလားချေ။
"ဒါက သိပ်မတည်ငြိမ်သေးပါဘူး။ ဒီအကြောင်းကို နောက်မှ ဆွေးနွေးကြတာပေါ့"
ယဲ့ချန်းက တိုက်ရိုက်မငြင်းသော်လည်း လိမ္မာပါးနပ်စွာ ပြန်ဖြေလိုက်၏။
အကြီးအကဲဝေ့ ခေါင်းညိတ်ပြလိုက်သည်။
ထိုအချိန်မှာပင် စက်ရုပ်တပ်ဆင်ခြင်းလုပ်ငန်း အပြီးသတ်သွားလေသည်။
ကျောင်းသားအားလုံးလည်း စိတ်လှုပ်ရှားစွာဖြင့် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားကြသည်။
"ငါတို့ လုပ်နိုင်ခဲ့ပြီ။ နောက်ဆုံးတော့ အောင်မြင်သွားပြီ"
ဤကာလအတွင်း လူတိုင်း နေ့ရောညပါ ကြိုးစားအားထုတ်ခဲ့ကြခြင်းမှာ ဤစက်ရုပ်ကြီးကို ဖန်တီးနိုင်ရန်အတွက်သာ။
ယခုမူ အဆုံးသတ်ပြီးစီးသွားပြီဖြစ်ရာ ဘယ်သူကများ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။
ထိုအချိန်မှာပင် ကျောင်းသားတချို့က ယဲ့ချန်းဆီသို့ လျှောက်လာကြသည်။
ဝမ်မုန့်က စိတ်လှုပ်ရှားစွာ ဆိုလိုက်လေသည်။
"ကျောင်းအုပ်ယဲ့... ကျွန်တော်တို့ အောင်မြင်သွားပါပြီ"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
"မဆိုးပါဘူး။ ဒါပေမဲ့ ဒါကို အပြည့်အဝ အောင်မြင်သွားပြီလို့ သတ်မှတ်လို့မရသေးဘူး။ ဒါက ပထမခြေလှမ်းပဲ ရှိသေးတယ်။ ပြီးတော့ စက်ရုပ်ကို စမ်းသပ်ရဦးမယ်"
"ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ စစ်ဆေးလိုက်ပါ့မယ်။ မနက်ဖြန်ကျရင် စမ်းသပ်မှုတွေ လုပ်ပါ့မယ်"
လုဂန်က ဘေးနားက စိတ်လှုပ်ရှားစွာ ဝင်ပြောချေသည်။
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။
"စစ်ဆေးမှုတွေကို စေ့စေ့စပ်စပ်လုပ်ရမယ်။ ပြီးရင် စမ်းသပ်မှုအစီရင်ခံစာကို ငါ့ဆီ ပို့ပေး"
ယခင်တုန်းက စက်ရုပ်စမ်းသပ်မှုဆိုသည်မှာ တစ်ခါမှ မရှိခဲ့ဖူးပေ။ ဤသည်မှာ ပထမဆုံးအောင်မြင်သည့် စက်ရုပ်ထုတ်လုပ်မှု ဖြစ်သည့်အတွက် ယဲ့ချန်း အလွန်သတိထားနေရသည်။
စတားတက္ကသိုလ်ရှိ ကျောင်းသားတစ်ယောက်ချင်းစီတိုင်းဟာ ဟွားနိုင်ငံအတွက် တန်ဖိုးရှိလှသော ရတနာလေးများဖြစ်သောကြောင့် သူ့အနေနှင့် သတိထားရမည်သာ။
"ကောင်းပါပြီ။ စစ်ဆေးမှုတွေကို အခုချက်ချင်းစတင်လိုက်ပါ့မယ်"
လူတိုင်း အလွန်စိတ်လှုပ်ရှားနေကြသည်။ သူတို့၏ အိပ်မက်များ အမှန်တကယ်ဖြစ်လာပေတော့မည်။
ဘေးနားရှိ အကြီးအကဲဝေ့ကတော့ ပို၍ပင်စိတ်လှုပ်ရှားနေသေးသည်။
"ကျောင်းအုပ်ယဲ့..မနက်ဖြန်လုပ်မယ့် စမ်းသပ်မှုကို ငါလည်း ကြည့်ချင်တယ်"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
"ပြဿနာမရှိပါဘူး။ အားရင် လာကြည့်လို့ရပါတယ်"
အကြီးအကဲဝေ့လည်း စတားတက္ကသိုလ်မှာ ဆက်နေခဲ့ပြီး နောက်တစ်နေ့စမ်းသပ်မှုကို စောင့်နေခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျောင်းသားအားလုံးက ဓာတ်ခွဲခန်းထဲရှိ စက်ရုပ်နားတွင် စုဝေးပြီး နောက်ဆုံးစမ်းသပ်မှုများကို ပြုလုပ်နေကြသည်။
ညနေပိုင်းရောက်သော် ယဲ့ချန်းလည်း စမ်းသပ်မှုရလဒ်များကို ကြည့်လိုက်သည်။
အရာအားလုံးက စံချိန်စံညွှန်းနှင့် ကိုက်ညီနေပေသည်။
ထိုအချိန်မှသာ ယဲ့ချန်း ခေါင်းတညိတ်ညိတ်လုပ်လိုက်၏။
"မနက်ဖြန် စမ်းသပ်လို့ရပြီ"
"ဟေး"
ဝမ်မုန့်နှင့် လုဂန်တို့နှစ်ယောက်သာစ ဝမ်းသာလုံးဆို့ပြီး တစ်ယောက်ကိုတစ်ယောက် ဖက်လိုက်ကြသည်။
စမ်းသပ်မှုရလဒ်များကို ယဲ့ချန်း ကြည့်လိုက်သည်။ စက်ရုပ်က သူမျှော်မှန်းထားသော အဆင့်ကို မရောက်သေးသော်လည်း ကျောင်းသားများကတော့ ပထမခြေလှမ်းကို လှမ်းနိုင်ခဲ့လပြီ။
ဤအဆင့်အထိ ရောက်လာသည်ကပင် အလွန်အောင်မြင်နေပြီဟု ဆိုရပေမည်။
ဤသည်မှာ ကမ္ဘာ့ထိပ်တန်းအဆင့်ကိုပင် ရောက်နေလေပြီ။
နောက်တစ်နေ့မနက်စောစောတွင် စတားတက္ကသိုလ်ကွင်းပြင်၌ စက်ရုပ်စမ်းသပ်မှုကို စတင်ခဲ့သည်။
အကြီးအကဲဝေ့ကမူ စောစောစီးစီးကတည်းက လာစောင့်နေခဲ့သည်။
ဟွားနိုင်ငံ၏ စက်ရုပ်ထုတ်လုပ်မှု အောင်မြင်ခြင်းကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ရခြင်းကား အကြီးအကဲဝေ့အတွက်လည်း အိပ်မက်များ အကောင်အထည်ပေါ်လာခြင်းပင်။
အကြီးအကဲဝေ့ တစ်ဘဝလုံးကြိုးပမ်းခဲ့သော ရည်မှန်းချက်က ဟွားနိုင်ငံကို ပိုမိုကြွယ်ဝချမ်းသာပြီး အင်အားကြီးမားလာစေရန်ပင်။
ယခု ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများက စက်ရုပ်ကို မတီထွင်နိုင်သေးချိန်မှာ ဟွားနိုင်ငံကမူ ရှေ့ဆောင်လမ်းပြအဖြစ် ဦးဆောင်နိုင်ခဲ့ပြီဖြစ်ရာ သူ့အနေနှင့် မည်သို့နှယ် စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။
မနေ့ညကလည်း သူ တစ်ရေးမှမအိပ်ခဲ့ရပေ။
ဤကိစ္စကို အထက်လူကြီးများကိုလည်း အစီရင်ခံထားသည်။
ဤတစ်ခေါက် စက်ရုပ်စမ်းသပ်မှု လုပ်ငန်းစဉ်တစ်ခုလုံးကို ခေါင်းဆောင်များကပါ စောင့်ကြည့်ကြမည်ဖြစ်၏။
မနက်ဆယ်နာရီတွင် ကွင်းပြင်ထဲ၌ နေရောင်ခြည်က တောက်ပစွာ ဖြာကျနေသည်။
စတားတက္ကသိုလ်တစ်ခုလုံးလည်း အလွန်စည်ကားနေပြီး ပွဲကြည့်စင်ပေါ်မှာလည်း လူအပြည့်ပင်။
ဟွားနိုင်ငံ၏ ပထမဆုံးစက်ရုပ်ကြီးကို မျက်မြင်ကိုယ်တွေ့ကြည့်ရှုရန် ကျောင်းသား ထောင်ပေါင်းများစွာက အသင့်ဖြစ်နေကြသည်။
သို့သော် ထိုကျောင်းသားများမှာ စက်ရုပ်နှင့် မီတာရာဂဏန်းခန့်ဝေးသော နေရာတွင် ရှိနေကြသည်။
ဤသည်မှာ စက်ရုပ်ကို ပထမဆုံးအကြိမ် စမ်းသပ်ခြင်းဖြစ်လေရာ စွမ်းဆောင်ရည်က မည်သို့မည်ပုံရှိမည်ဖြစ်ကြောင်း မည်သူမှ မသိနိုင်ပေ။
ထိုအချိန်တွင် စတားတက္ကသိုလ်ရှိ ကျောင်းသားများမှာ အလွန်ဂုဏ်ယူဝင့်ကြွားနေကြချေသည်။
တစ်ချိန်တုန်းက သူတို့သည် သက်ဆိုင်ရာကျောင်းအသီးသီးတွင် မျှော်လင့်ချက်မရှိတော့ဘူးဟု သတ်မှတ်ခံခဲ့ရပြီး ဆရာများကလည်း ကယ်တင်ပေး၍ မရတော့ဘူးဟု တံဆိပ်ကပ်ခံခဲ့ရသူများပင်။
သို့သော် စတားတက္ကသိုလ်သို့ ရောက်လာချိန်တွင်မူ သူတို့၏ကန့်သတ်ချက်များကို အပြည့်အဝ ဖယ်ခွာနိုင်ခဲ့ပြီး သူတို့၏အိပ်မက်များကလည်း အမြင့်ကို ပျံသန်း၍ အံ့သြဖွယ်ရာများကို ဖန်တီးနိုင်ခဲ့ကြသည်။
ယခုဆိုလျှင် စတားတက္ကသိုလ်၏ ပြိုင်ပွဲဝင်အသင်းက ကမ္ဘာပေါ်တွင် အင်အားအကောင်းဆုံးအသင်းများထဲမှ တစ်သင်းဖြစ်လာခဲ့ပြီး နျူကလီးယားစွမ်းအင်၊ ကွန်ပျူတာနည်းပညာနှင့် ဗိသုကာပညာရပ်များတွင် တခြားတက္ကသိုလ်များ မယှဉ်နိုင်သော အောင်မြင်မှုများကို ရရှိနေချေပြီ။
စတားတက္ကသိုလ်က အံ့သြဖွယ်ရာတစ်ခုကို ဖန်တီးခဲ့သည်ဟုပင် ပြောနိုင်သည်။
အထူးသဖြင့် ယနေ့ သူတို့ကျောင်းက စက်ရုပ်တီထွင်နိုင်ခဲ့ပြီဖြစ်လေရာ ကျောင်းသားများအနေနှင့် မည်သို့နှယ် ဂုဏ်မယူဘဲ စိတ်မလှုပ်ရှားဘဲ နေနိုင်ကြမည်နည်း။
ယောကျ်ားလေးများ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ အထင်းသား ပေါ်လွင်နေပေသည်။
စက်ရုပ်ကြီးများ၏ ဓာတ်ပုံများနှင့် ဗီဒီယိုများကို သူတို့ မြင်ဖူးခဲ့ကြသော်ငြား အမှန်တကယ်လှုပ်ရှားနေသော စက်ရုပ်ကြီးကို မြင်တွေ့ရတော့မည်ဟူသော အသိက လူတိုင်းကို အလွန်အမင်း စိတ်လှုပ်ရှားလာစေသည်။
ထိုအချိန်ဝယ် လုဂန်နှင့် အခြားလူတစ်သိုက်မှာ နောက်ဆုံးစစ်ဆေးမှုများကို အပြီးသတ်လုပ်ဆောင်ပြီး စမ်းသပ်မှုစတင်ရန် အသင့်ဖြစ်နေကြသည်။
သူတို့အထဲတွင် အပျော်ဆုံးလူကတော့ လုဂန်ပင်။
ငယ်စဉ်ကတည်းက စက်ရုပ်တစ်ရုပ် တည်ဆောက်နိုသ်ရန်မှာ သူ့အိပ်မက်ဖြစ်ခဲ့သောကြောင့် ကလေးဘဝကတည်းက စက်ပစ္စည်းအစိတ်အပိုင်းများကို အမြဲကလိနေတတ်သူပင်။
သို့သော် ကျောင်းတက်ချိန်တွင် ဆရာများက သူ့လုပ်ရပ်များကို အဓိပ္ပာယ်မရှိသော အလုပ်များဟု ပြောခဲ့ကြသည်။
တစ်ကြိမ်တွင်မူ စာမေးပွဲရမှတ်မကောင်းသည့်အတွက် သူ့အဖေက သူလုပ်ထားသော စက်ရုပ်မော်ဒယ်များအားလုံးကို ရိုက်ခွဲဖျက်ဆီးပစ်ခဲ့သေးသည်။
ထိုနေ့ရက်များက လုဂန်အတွက်တော့ အိပ်မက်ဆိုးတစ်ခုလိုပင်။
အစတုန်းက တက္ကသိုလ်တွင် ရလဒ်များမကောင်းခဲ့သဖြင့် သူ့အဖေက သူ့ကို ကားရေဆေးဆီလိုက်တွင် ကူလုပ်ခိုင်းချင်ခဲ့သည်။
သို့သော် ထင်မှတ်မထားပါဘဲ စတားတက္ကသိုလ်တွင် ဝင်ခွင့်ရခဲ့လေသည်။
စတားတက္ကသိုလ်သာ မရှိခဲ့လျှင် သူလည်း ယခုအချိန်လောက်ဆိုလျှင် ကားရေဆေးသူတစ်ယောက်သာ ဖြစ်နေလောက်သည်။ သို့သော် ယခုမူ ဟွားနိုင်ငံ၏ ပထမဆုံး စက်ရုပ်ကြီးကို သူကိုယ်တိုင် ပါဝင်ဖန်တီးနိုင်ခဲ့လေပြီ။
သူ ဘယ်လိုလုပ်ပြီး စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။
သူ့ကလေးဘဝအိပ်မက်က တကယ်ဖြစ်လာလိမ့်မည်ဟု လုံးဝမတွေးထားခဲ့ဖူးပေ။
ထိုအချိန်မှာပင် ယဲ့ချန်းနှင့် အကြီးအကဲဝေ့တို့က ပွဲကြည့်စင်ဘက်သို့ အတူလျှောက်လာကြသည်။
ယဲ့ချန်းကို မြင်လိုက်သည်နှင့် စမ်းသပ်မှု စတင်တော့မည်ဖြစ်ကြောင်း လူတိုင်း သိလိုက်ကြသည်။
လုဂန်က ယဲ့ချန်းဆီသို့ စိတ်လှုပ်ရှားစွာ လျှောက်လာလေသည်။
"ကျောင်းအုပ်ကြီး အကုန်အဆင်သင့်ဖြစ်ပါပြီ။ စမ်းသပ်မှုကို စလို့ရပါပြီ"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်၏။
"ဒါဆိုလည်း စလိုက်ကြတာပေါ့"
ထိုအချိန်မှာပင် ကျောင်း၏အသံချဲ့စက်ကတစ်ဆင့် အသံတစ်သံ ထွက်ပေါ်လာသည်။
"စက်ရုပ်စမ်းသပ်မှု စတင်ပါတော့မယ်။ ကျောင်းသားအားလုံး လှုပ်လှုပ်ရှားရှားမလုပ်ကြဘဲ စက်ရုပ်နဲ့ဝေးရာမှာ နေပေးကြပါ"
လုဂန်လည်း အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းပြီး မောင်းနှင်ခန်းထဲသို့ ဝင်သွားလိုက်သည်။
ဤစက်ရုပ်ကြီးကို သူကိုယ်တိုင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုမူ ဘဝသစ်တစ်ခု စတင်ရန်အတွက် သူကိုယ်တိုင် မောင်းနှင်ရတော့မည်။
ထိန်းချုပ်ခန်းထဲတွင် ထိုင်နေရသော လုဂန်မှာမူ အလွန်စိတ်လှုပ်ရှားနေမိသည်။
ဤစက်ရုပ်ကြီးဟာ လူတိုင်း၏ ကြိုးစားအားထုတ်မှုများ ပေါင်းစပ်ထားသော ရလဒ်တစ်ခုပင်။
လုဂန်မှာ ထိန်းချုပ်ရေးကီးဘုတ်ကို ခပ်ဖွဖွ ပွတ်သပ်လိုက်သည်။
"ငါ့ကောင်ကြီးရေ...ပွဲစလိုက်ရအောင်"
••••••••••••••••••
အပိုင်း ၅၁၉ : စမ်းသပ်မှုအောင်မြင်ခြင်း
စက်ရုပ်စမ်းသပ်မှုဆိုသည်မှာ အလွန်အန္တရာယ်များလှသည်။
သတိလွတ်လိုက်မိသည့် တဒင်္ဂလေးအတွင်းမှာပင် ကိုင်တွယ်စီမံသူကို ဒဏ်ရာရစေနိုင်သလို အသက်အန္တရာယ်အထိ ပေးနိုင်ချေသည်။
ထိုအန္တရာယ်ကြောင့်လည်း လုဂန်သည် သူ့တာဝန်ကို ခေါင်းမရှောင်ပါဘဲ စမ်းသပ်သူအဖြစ် လုပ်ဆောင်ခဲ့သည်။
သို့သော် ယဲ့ချန်းကမူ ဤစက်ရုပ်စမ်းသပ်မှုကို ရာနှုန်းပြည့်ယုံကြည်မှုရှိသည်။
လုဂန်ကဲ့သို့သော ပါရမီရှင်မျိုးမှာ ကြုံရခဲသည်ဖြစ်ရာ ယဲ့ချန်းအနေနှင့် ဤစမ်းသပ်မှုကို တစ်စုံတစ်ရာလွဲချော်ခွင့်မပြုနိုင်ပေ။
ထိုအချိန်မှာ လူတိုင်း အသက်ရှူအောင့်ထားရင်း ဤဧရာမစက်ရုပ်ကြီးကို ငေးကြည့်နေကြသည်။
ထိတ်လန့်ဖွယ််မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။
ကျောင်းသားအမြောက်အများမှာ ဖုန်းကိုယ်စီထုတ်၍ မှတ်တမ်းတင်ကြလေတော့သည်။
သို့သော် ယခုတစ်ခေါက်တွင်မူ အကြီးအကဲဝေ့က သူတို့ကို မတားခဲ့ပေ။
အကြောင်းမှာ ကျောင်းသားများက အလွန်များပြားလွန်းလှသောကြောင့် တားဆီးရန် ခက်ခဲပေလိမ့်မည်။
ထို့ပြင် ဤဗီဒီယိုများကို မျှဝေခြင်းကလည်း ဆိုးဝါးလှသော ကိစ္စတစ်ခုတော့ မဟုတ်ပေ။
ဤအရာကား နိုင်ငံတော်အင်အားနှင့် နိုင်ငံတစ်နိုင်ငံ၏ နည်းပညာစွမ်းအားကို ပြသရာရောက်ပေသည်။
ဤဗီဒီယိုများမှတစ်ဆင့် ဟွားနိုင်ငံက မည်မျှအစွမ်းထက်သလဲဆိုသည်ကို ကမ္ဘာကြီးအား ပြသရန်လိုအပ်ပေသည်။
စက်ရုပ်ထုတ်လုပ်ရေးကို ပထမဆုံးအဆိုပြုခဲ့သော ဂျပန်နိုင်ငံပင် လက်တွေ့လုပ်ဆောင်နိုင်သော စက်ရုပ်တစ်ခုကိုပင် တည်ဆောက်နိုင်ခြင်း မရှိသေးပေ။ သို့သော် စတားတက္ကသိုလ်ကတော့ လက်ဦးမှုရယူ၍ တည်ဆောက်နိုင်ခဲ့လေပြီ။
ထိုအချိန်တွင် ဟွားနိုင်ငံ၏ အဆင့်မြင့်အရာရှိများကလည်း ဗီဒီယိုရှေ့တွင် စက်ရုပ်စမ်းသပ်မှုကို စောင့်ကြည့်နေကြသည်။
ယဲ့ချန်းအရှေ့တွင် လက်ပ်တော့တစ်လုံးရှိပြီး ထိုလက်ပ်တော့မှတစ်ဆင့် လုဂန်၏မောင်းနှင်စီမံရေးအခန်းကို ပြသထားသည်။
အကာအကွယ်ဝတ်စုံဝတ်ဆင်ထားသော လုဂန်က ပြောလိုက်လေသည်။
"ကျောင်းအုပ်ကြီး အကုန်အဆင်သင့်ဖြစ်ပါပြီ။ ကျွန်တော်တို့ စမ်းသပ်မှုစလို့ရပြီ"
လုဂန်ခမျာ အတန်ငယ်စိတ်လှုပ်ရှားနေသည့်တိုင် စိတ်အားထက်သန်နေကြောင်း ယဲ့ချန်း ကြားနေရသည်။
ဤသည်မှာ အဆင့်မြင့်လက်တွေ့စမ်းသပ်မှုတစ်ခုပင်။
"စလို့ရပြီ"
ယဲ့ချန်းက ပြန်ပြောလိုက်၏။
လုဂန်က စက်ရုပ်အတွင်းအပြင်ကို စေ့စေ့စပ်စပ်သိထားကြောင်း ယဲ့ချန်း သိထားပြီးသားပင်။ ဤစက်ရုပ်ရှိ အစိတ်အပိုင်းတိုင်းကို လုဂန်ကိုယ်တိုင် တပ်ဆင်ထားသည်ဟုပင် ပြောနိုင်လေသည်။
ထို့ကြောင့် သူသည် ဤစက်ရုပ်အကြောင်း ကောင်းကောင်းသိထားသော လူဖြစ်သည့်အတွက် ဤစက်ရုပ်ကို ကိုင်တွယ်စီမံရန် အသင့်တော်ဆုံးလူလည်း ဖြစ်၏။
လုဂန်က စိတ်မလှုပ်ရှားတော့အောင် စိတ်ငြိမ်ငြိမ်ထားပြီးနောက် စတင်မည့်ခလုတ်ကို နှိပ်လိုက်လေ၏။
တောက်ပလှသော အပြာရောင်အလင်းတန်းတစ်ခုက စက်ရုပ်၏ရင်ဘတ်ပေါ်တွင် ရုတ်ခြည်းပေါ်လာခဲ့သည်။
မူလတုန်းက မည်းမှောင်နေသော စက်ရုပ်မျက်လုံးတစ်စုံကလည်း ရုတ်ခြည်းလင်းလက်လာသည်။
အင်ဂျင်နှိုးလိုက်သောအခါ စက်ရုပ်ကိုယ်ထည်တစ်ခုလုံး အသက်ဝင်လာသည်။
"ကျောင်းအုပ်ကြီးကို အစီရင်ခံတင်ပြပါတယ်။ စက်ရုပ်ရဲ့ကိရိယာတွေအကုန်လုံး ပုံမှန်အတိုင်း အလုပ်လုပ်ပါတယ်"
လုဂန်က ဒေတာများအားလုံးကို စစ်ဆေးကြည့်လိုက်လေရာ ပုံမှန်အတိုင်းပင် ရှိနေသဖြင့် အစီရင်ခံတင်ပြလိုက်သည်။
"လက်မောင်းကိုသုံးပြီး လက်သီးထိုးတဲ့လှုပ်ရှားမှုကို လုပ်ကြည့်လိုက်"
ယဲ့ချန်းက ညွှန်ကြားလိုက်သည်။
လုဂန်၏ထိန်းချုပ်မှုအောက်တွင် စက်ရုပ်၏ညာဘက်လက်မောင်းက တင်းခနဲဖြစ်သွားပြီး ရုတ်ခြည်းဆိုသလို လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
ထိုနေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
စက်ရုပ်လက်မောင်းကို သတ္တုနှင့် ပြုလုပ်ထားသည်ဖြစ်ရာ ထိုလက်သီးချက်က ပေါင်တစ်ထောင်ပြင်းအားရှိပေသည်။
အုန်း!
လုဂန်၏ထိန်းချုပ်မှုအောက်ဝယ် စက်ရုပ်ကြီးက လက်သီးတစ်ချက် ပစ်သွင်းလိုက်ပြန်သည်။
အောင်မြင်ပြီ...
ထိုနေရာရှိ လူအားလုံးလည်း လက်ခုပ်ဩဘာပေးကြလေသည်။
အထူးသဖြင့် ယောကျ်ားလေးများမှာ စိတ်လှုပ်ရှားလွန်းလှသဖြင့် မတ်တတ်ထရပ်လိုက်မိကြသည်။
ယောကျ်ားလေးများက စက်ရုပ်များကို ချစ်မြတ်နိုးကြသည်။ ယခင်က ဤစက်ရုပ်များကို တီဗီထဲတွင်သာ မြင်ဖူးကြသော်ငြား ယခုမူ တကယ့်စက်ရုပ်အစစ်ကို မြင်လိုက်ရသည်ဖြစ်ရာ စိတ်မလှုပ်ရှားဘဲ နေနိုင်ရိုးလား။
ယဲ့ချန်းလည်း ဤမြင်ကွင်းကို ကြည့်နေမိသည်။
လှုပ်ရှားမှုကို လုပ်ဆောင်နိုင်ခဲ့သော်ငြား အလွန်နှေးကွေးနေသဖြင့် အနှေးပြကွက်တစ်ခုနှယ်ပင်။
အခြားလူများအတွက်တော့ ဤအဆင့်မျှ အောင်မြင်ခြင်းကပင် လက်ခုပ်တီး၍ အားပေးရန် ထိုက်တန်နေလေပြီ။
သို့သော် ယဲ့ချန်းအတွက်မူ မျှော်လင့်ထားသည်ထက် အလွန်နိမ့်နေချေသည်။
"အရှေ့ကို ခြေနှစ်လှမ်းတိုးလိုက်"
ထိုအချိန်တွင် ယဲ့ချန်းလည်း အလွန်စိတ်လှုပ်ရှားနေမိသည်။
စက်ရုပ်ကို လမ်းလျှောက်ခိုင်းခြင်းမှာ အလွန်အမင်းအန္တရာယ်များလွန်းလှသည်။
အစိတ်အပိုင်းတစ်ခုခုသာ မှားယွင်းသွားပါက သို့မဟုတ် လုပ်ဆောင်ချက်မှားယွင်းသွားပါက မတော်တဆမှုတစ်ခု ဖြစ်လာစေနိုင်သည်။ ထို့ပြင် လုဂန်က မောင်းနှင်ခန်းအတွင်း ထိုင်နေသည်ဖြစ်ရာ သူ့အတွက် အန္တရာယ်များလှသည်။
တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း..
စက်ရုပ်ကြီးက ချောချောမွေ့မွေ့လမ်းလျှောက်နေချေပြီ။
လမ်းလျှောက်နေသော စက်ရုပ်ကြီးကို မြင်သောအခါ ထိုနေရာရှိ လူတိုင်းမှာ စိတ်လှုပ်ရှားမှုကြောင့် ပွက်လောရိုက်သွားလေသည်။
စမ်းသပ်မှုကား အောင်မြင်ပေသည်။
စက်ရုပ်ကို ထိန်းချုပ်နေသော လုဂန်လည်း စိတ်လှုပ်ရှားနေမိသည်။
သူ့အိပ်မက်ကား နောက်ဆုံးတွင်မူ အကောင်အထည်ပေါ်လာလေပြီ။
ယဲ့ချန်း စက်ရုပ်ပရောဂျက်ကို ကြေညာထားကတည်းက လုဂန်မှာ တစ်နေ့လျှင် လေးနာရီငါးနာရီမျှသာ အိပ်ပြီး ဤစက်ရုပ်တည်ဆောက်ရေးအပေါ်သာ အာရုံစိုက်ထားခဲ့သည်။
ဤသည်မှာ သူ့အိပ်မက်ဖြစ်သောကြောင့် သူကိုယ်တိုင် သက်သေပြချင်သည်။
သူ့ကို လှောင်ပြောင်ခဲ့ကြသူများကို ပြန်လက်စားချေချင်သည်။
ထိုအချိန်မှာပင် အင်ပါယာမြို့တော်၌ အားကစားကွင်းထဲတွင် လမ်းလျှောက်နေသော စက်ရုပ်ကြီးကို ကြည့်နေကြသည့် ခေါင်းဆောင်အမြောက်အများလည်း အလွန်ထိတ်လန့်သွားလေသည်။
ဤစမ်းသပ်မှုကား အောင်မြင်ခဲ့လေပြီ။
ဟွားနိုင်ငံအတွက်မူ ဤသတင်းကား အလွန်ကြီးမားလှသော သတင်းကောင်းတစ်ခုပင်။
စက်ရုပ်၏သဘောတရားများကို လွန်ခဲ့သည့်ဆယ်နှစ်ခန့်က ဂျပန်ဒီဇိုင်နာများက ဒီဇိုင်းထုတ်ခဲ့ကြသည်။
ယခုမူ ဆယ်နှစ်ကြာသွားသည့်တိုင် တကယ့်စက်ရုပ်အစစ်တစ်ရုပ်လေးပင် မတည်ဆောက်နိုင်သေးပေ။
ဤသည်မှာ စက်ရုပ်တည်ဆောက်ရန် မည်မျှခက်ခဲကြောင်း ပြသနေပေသည်။
သို့တိုင် စတားတက္ကသိုလ်သည် စက်ရုပ်ကို ပထမဦးစွာ တည်ဆောက်နိုင်ခဲ့သည်မှာ စင်စစ်အံ့ဖွယ်ကောင်းလှသည်။
ထိုအချိန်တွင် အကြီးအကဲတစ်ယောက်၏ရင်ထဲတွင် အလွန်စိတ်လှုပ်ရှားရင်ခုန်နေပေသည်။
သူ့မှာ အလျင်စလို မတ်တတ်ထရပ်လိုက်သည်။
"ငါ ကျိုတိုတက္ကသိုလ်ကို သွားမှဖြစ်မယ်"
ထိုစကားကို ပြောလိုက်သူမှာ ဟွားနိုင်ငံရှိ စက်မှုအင်ဂျင်နီယာနယ်ပယ်၏ဖခင်ကြီး လုယွင်ပင်။
လုယွင်က စက်ရုပ်ကြီးကို ကြည့်ရင်း မျက်ဝန်းအစုံကား စိတ်လှုပ်ရှားမှုဖြင့် လင်းလက်သွားသည်။
သူလည်း စက်ရုပ်များအကြေောင်း သုတေသနလုပ်ခဲ့ပါသော်ငြား ပရောဂျက်ကို တစ်ဝက်တစ်ပျက်ရပ်လိုက်ရသည်။
အကြောင်းမှာမူ စက်ရုပ်ပရောဂျက်က စင်စစ်ခက်ခဲလွန်းလှသောကြောင့်ပင်။
စွမ်းအင်ပြဿနာ၊ စက်ရုပ်ထိန်းချုပ်မှုပိုင်းဆိုင်ရာပြဿနာ အစရှိသဖြင့် အမျိုးမျိုးရှိ၏။
နှစ်နှစ်ဆယ်တိုင်အောင် ဘာရလဒ်မှမထွက်ခဲ့ဘူးဟု ထင်မှတ်ထားခဲ့သော ဤပရောဂျက်ကို စတားတက္ကသိုလ်က အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သည်။
သူ့ကို ပိုအံ့အားသင့်စေသောအရာမှာ ဤပရောဂျက်ကို ကျောင်းသားတစ်သိုက်က လုပ်ဆောင်ခဲ့ခြင်းပင်။
ထိုအခိုက်ဝယ် လုယွင်ခမျာ ထိုပရောဂျက်ကို ဦးဦးဖျားဖျားကြည့်ရှုနိုင်ရန်အတွက် စတားတက္ကသိုလ်သို့ အမြန်ရောက်သွားချင်နေလေပြီ။
ခေါင်းဆောင်ကလည်း ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။
"အင်း.. စတားတက္ကသိုလ်ကို သွားလိုက်။ ဒီနည်းပညာကို ငါတို့လက်ထဲမှာပဲ ရှိပါစေ။ နိုင်ငံခြားသားတွေ ခိုးယူသွားလို့မဖြစ်ဘူး"
လုယွင်လည်း ခေါင်းညိတ်ပြလိုက်သည်။
ခေါင်းဆောင်မှာမူ ဤစတားတက္ကသိုလ်အကြောင်း ဒုတိယအကြိမ်မြောက် ကြားဖူးခြင်းပင်။
ပထမဆုံးအကြိမ်မှာ နျူကလီးယားစွမ်းအင်ကြောင့်ဖြစ်ပြီး ဤတစ်ခေါက်တွင်မူ စက်ရုပ်များ ဖြစ်နေပြန်သည်။
ဤစတားတက္ကသိုလ်ကို သူ အတန်ငယ်စိတ်ဝင်စားနေလေပြီ။
အထူးသဖြင့် စတားတက္ကသိုလ်ကျောင်းသားများမှာ စာညံ့သူများ ဖြစ်နေကြောင်း သူသိလိုက်ရသည်။
သူ့အနေနှင့် စတားတက္ကသိုလ်ကို မျှော်လင့်ချက်ထားမိနေပြီဟုပင် ဆိုနိုင်လေသည်။
စတားတက္ကသိုလ်က ဟွားနိုင်ငံ၏နည်းပညာကို ကမ္ဘာ့ရှေ့တန်းသို့ရောက်အောင် ရွက်ဆောင်နိုင်လိမ့်မည်ဟုပင် သူ ခံစားမိသည်။
"ဪ ဟုတ်သားပဲ။ စတားတက္ကသိုလ်ကိုသွားရင် သိုသိုသိပ်သိပ်ပဲနေနော်။ ဥက္ကဋ္ဌယဲ့ချန်းဆိုတာ နယ်နယ်ရရလူတစ်ယောက်မဟုတ်ဘူး"
ခေါင်းဆောင်က နောက်တစ်ကြိမ်သတိပေးလိုက်သည်။
"ဟုတ်ကဲ့။ နားလည်ပါပြီ"
အကြီးအကဲလုက အသက်ရှစ်ဆယ်နီးပါးဖြစ်နေချေပြီ။ သို့သော် သူ့ခြေလှမ်းများမှာမူ အလွန်မြန်ဆန်လှသည်။
ဤဒဏ္ဍာရီလာစက်ရုပ်ကြီးကို သူ တွေ့ချင်လှပြီဖြစ်၏။
ထိုအချိန်မှာပင် ယဲ့ချန်းက ဖန်သားပြင်ထက်တွင် ပေါ်လာလေသည်။
စမ်းသပ်မှုကား ပြီးဆုံးသွားလေပြီ။ လုဂန်လည်း စက်ရုပ်လှေကားမှတစ်ဆင့် အောက်သို့ ပြန်ဆင်းလာသည်။
ဤလူငယ်လေးကိုကြည့်ရင်း လူတိုင်း အံ့ဩမှင်တက်သွားသည်။
ယဲ့ချန်းမှာ အလွန်ငယ်လွန်းလှ၏။
နည်းပညာပိုင်းဆိုင်ရာအံ့ဖွယ်ဖြစ်ရပ်နှစ်ခုကို ဖန်တီးခဲ့သူမှာ အလွန်ငယ်ရွယ်လှသော လူငယ်လေးတစ်ယောက် ဖြစ်နေလိမ့်မည်ဟု မည်သူမှထင်မထားချေ။
ယဲ့ချန်းအကြောင်းကို သူတို့ ယခင်ကတည်းက စုံစမ်းစစ်ဆေးထားသည်။
သူ့အကြောင်းများမှာ အလွန်လျှို့ဝှက်ဆန်းကြယ်လှသည်။
သို့သော် ယဲ့ချန်း၏လုပ်ရပ်တိုင်းမှာ အပြုသဘောဆောင်ပေသည်။ စုံစမ်းစစ်ဆေးမှုမှတစ်ဆင့် ယဲ့ချန်းသည် မျိုးချစ်စိတ်ရှိသူဖြစ်ကြောင်း သိလိုက်ရသည်။ သူသည် လုံခြုံရေးဗျူရို၏ ဖောက်ထွင်းမှုပြဿနာကိုပင် ဖြေရှင်းပေးခဲ့သည်။
ထို့ကြောင့် ယဲ့ချန်း၏သရုပ်မှန်က ထူးခြားဆန်းကြယ်သော်လည်း နိုင်ငံတော်ကို သစ္စာမဖောက်သရွေ့တော့ သူ့ကို ကာကွယ်ပေးမည်သာ။
သူသည် ဟွားနိုင်ငံ၏ နည်းပညာအင်အားကို ပြောင်းလဲပေးနိုင်မည့် ပါရမီရှင်တစ်ဦးပင်။
ဤစက်ရုပ်၏လုပ်ဆောင်မှုကြောင့် လူတိုင်း ကျေနပ်အားရနေကြသော်ငြား ယဲ့ချန်းကတော့ မကျေနပ်နိုင်ပေ။
ဤစက်ရုပ်ကြီးမှာ ယဲ့ချန်းမျှော်လင့်ထားသည့် အဆင့်ကိုရောက်ရန် အလှမ်းဝေးလွန်းသည်။
သူသည် ခြေလှမ်းအနည်းငယ်လှမ်းပြီး လေထဲတွင် လက်သီးပစ်သွင်းနိုင်ရုံမျှသာ လုပ်နိုင်သည့် စက်ရုပ်ကြီးတစ်ခုကို မလိုချင်ပေ။
ဤကဲ့သို့သော စက်ရုပ်ကြီးကား လက်တွေ့တွင် အသုံးမဝင်လှပေ။
သူလိုချင်သည့်အရာမှာ လူနှင့် ပေါင်းစည်းနိုင်သော စက်ရုပ်မျိုးပင်။ သို့သော် ဤကဲ့သို့သော စက်ရုပ်တစ်ခုကို ဖန်တီးရန်အတွက် နည်းပညာကိုလည်း အဆင့်မြှင့်ရန် လိုအပ်ပေသည်။