← Chapters

အခန်း (၅၂၀-၅၂၂)

Vol. 35 Ch. 520-522

အခန်း (၅၂၀-၅၂၂)

Vol. 35 Ch. 520-522

အပိုင်း ၅၂၀ : စူပါစတားတစ်ယောက် ဟိုတယ်သို့ ရောက်လာခြင်း

ယဲ့ချန်းက လုဂန်ကို ပြောလိုက်၏။

"တော်တယ် ပင်ပန်းသွားပြီ"

လုဂန်ခမျာ စိတ်လှုပ်ရှားနေဟန်ပင်။

"ကျောင်းအုပ်ယဲ့.. ဒီစက်ရုပ်က ကောင်းပေမဲ့ တကယ့်စက်ရုပ်အစစ်ဖြစ်ဖို့တော့ အလှမ်းဝေးသေးတယ်လို့ထင်တယ်"

ယဲ့ချန်းလည်း လုဂန်၏တုံ့ပြန်မှုကြောင့် အလွန်ကျေနပ်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်။ ဒါက ပုံကြမ်းပဲရှိသေးတယ်။ ငါတို့ စက်ရုပ်ကို အဆင့်မြှင့်တင်ဖို့လိုတယ်"

"ဟုတ်ကဲ့ ကျောင်းအုပ်ယဲ့.. ကျွန်တော် စက်ရုပ်ကို အဆင့်မြှင့်တင်ပြီး လက်တွေ့အသုံးချနိုင်အောင် ကြိုးစားပါ့မယ်"

လုဂန်၏သဘောထားကြောင့် အလွန်ကျေနပ်သွားသဖြင့် ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။

ထိုအခိုက်ဝယ် စတားတက္ကသိုလ်၌ စက်ရုပ်စမ်းသပ်မှုလုပ်ဆောင်ခဲ့သည့် အကြောင်းကား အွန်လိုင်းပေါ်တွင် သတင်းပြန့်သွားခဲ့သည်။

ကျောင်းဘက်ကလည်း ဤကိစ္စကို မတားဆီးခဲ့ချေ။

မည်သို့ပင်ဖြစ်စေ စတားတက္ကသိုလ်တစ်ခုလုံး ဤစက်ရုပ်ကြီးကို မြင်ပြီးသွားပြီဖြစ်၏။

ထို့ကြောင့် ဖုံးကွယ်ထားရန်လည်း မဖြစ်နိုင်ပေ။

ထို့ပြင် ဟွားနိုင်ငံ၏ခေါင်းဆောင်များကလည်း ဟွားနိုင်ငံ၏နည်းပညာကား ကမ္ဘာ့အဆင့်မီဖြစ်ကြောင်း တစ်ကမ္ဘာလုံးကို သိစေချင်နေပေသည်။

ဤအဖြစ်ကား နိုင်ငံရပ်ခြားရှိ အင်တာနက်အသုံးပြုသူများကို ပွက်လောရိုက်သွားစေသည်။

ဂျပန်နိုင်ငံရှိ အင်တာနက်အသုံးပြုသူများ...

"ငါတို့ရဲ့သိပ္ပံပညာရှင်တွေ ဘာလုပ်နေကြမှန်းကို မသိတော့ဘူး။ မင်းတို့မြင်ကြလား။ ဟွားနိုင်ငံက စက်ရုပ်တောင်ဆောက်ပြီးသွားပြီ"

"ဟွားနိုင်ငံက အရမ်းအစွမ်းထက်တာ။ ဟွားနိုင်ငံရဲ့နဂါး ပေါက်ဖွားခြင်းလို့ ခေါ်ထိုက်ပါပေတယ်"

နိုင်ငံအသီးသီးမှ အဆင့်မြင့်အရာရှိများလည်း ဤသတင်းကို မြင်သွားကြသည်။

ဤဗီဒီယိုမှတစ်ဆင့် စတားတက္ကသိုလ်လည်း ကမ္ဘာကျော်သွားခဲ့သည်။

အစတုန်းက ဟွားနိုင်ငံ၏နည်းပညာကို အထင်သေးခဲ့ကြသော ထိုနိုင်ငံများမှာ အလွန်အံ့ဩသွားလေသည်။

သူတို့သည် သူတို့ကသာ ကမ္ဘာ့နည်းပညာအဆင့်တွင် ထိပ်တန်းဖြစ်သည်ဟု ထင်ထားကြသည်။ သို့သော် ယခုမူ ဟွားနိုင်ငံက အမီလိုက်လာသည့်အပြင် သူတို့ကိုပင် ကျော်တက်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။

စက်ရုပ်ဆိုသည်မှာ သာမန်စက်မှုနည်းပညာကိုသာ ကိုယ်စားပြုခြင်းမဟုတ်ပေ။

ဤသည်မှာ ဘက်စုံနည်းပညာစွမ်းရည်၏ ပြယုဂ်တစ်ခုပင်။

သို့သော် ဤနိုင်ငံများမှာ အံ့သြရုံသက်သက်သာ။

လက်ရှိစက်ရုပ်ကြီးက ဟွားနိုင်ငံအနေနှင့် တချို့ကဏ္ဍများတွင် ရှေ့ပြေးနေကြောင်း ပြသနေရုံသက်သက်သာ။ ဤစက်ရုပ်ကြီးမှာ လက်တွေ့အသုံးချရန်တွင်မူ သိပ်အရေးမပါလှပေ။

လက်ရှိစက်ရုပ်ကြီးက ကြီးမားလေးလံလွန်းလှသဖြင့် စစ်ပွဲတွင် အသုံးပြုရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် အံ့ဩသွားကြသော်ငြား ဘယ်သူကမှတော့ အလေးအနက် မထားခဲ့ကြပေ။

ထိုအချိန် စတားတက္ကသိုလ်၏ ကျောင်းအုပ်ရုံးခန်းထဲတွင်မူ ယဲ့ချန်းက လုဂန်နှင့် ဝမ်မုန့်တို့ကို ခေါ်လိုက်၏။

နျူကလီးယားစွမ်းအင်ပင်ဖြစ်စေ စက်ရုပ်ပင်ဖြစ်စေ ယဲ့ချန်းက နောက်ကွယ်မှ အမြဲလမ်းညွှန်ပြသပေးခဲ့သည်။

သို့သော် တကယ်တမ်း လက်တွေ့ အကောင်အထည်ဖော်ခဲ့ကြသည်မှာ ကျောင်းသားများဖြစ်နေသည့်အတွက် ယဲ့ချန်းအနေနှင့် ဆုံးဖြတ်ချက်ချရမည့် အပိုင်းကိုလည်း ဤကျောင်းသားများကိုသာ လွှဲပေးရန် ဆုံးဖြတ်လိုက်သည်။

ယဲ့ချန်းက အကြီးအကဲဝေ့၏ တောင်းဆိုချက်ကို ထုတ်မပြောဘဲ အကြီးအကဲဝေ့ကိုသာ သူတို့နှင့် တိုက်ရိုက် စကားပြောခိုင်းလိုက်၏။

ကျောင်းသားများ၏ရင်ထဲတွင် သူ့ဩဇာလွှမ်းမိုးမှု ဘယ်လောက်ရှိကြောင်း ယဲ့ချန်း နားလည်ထားသည်။

သူသာ တစ်ခုခုတောင်းဆိုလိုက်လျှင် ဤကျောင်းသားများ သဘောတူကြမည်မှာ သေချာပေသည်။

ထို့ကြောင့် ယဲ့ချန်းက ကြားခံလူအဖြစ်သာ နေပေးပြီး အကြီးအကဲဝေ့နှင့် ကျောင်းသားများအကြား တိုက်ရိုက်ဆွေးနွေးညှိနှိုင်းခိုင်းရန် ဆုံးဖြတ်လိုက်သည်။

အကြီးအကဲဝေ့ကလည်း ယဲ့ချန်း၏ရည်ရွယ်ချက်ကို နားလည်သည့်အတွက် ကျောင်းသားနှစ်ယောက်ကို ပြောလိုက်၏။

"မင်းတို့နှစ်ယောက်... ငါတို့ဟွားနိုင်ငံက စက်မှုပညာရှင်တွေက မင်းတို့ရဲ့စက်ရုပ်ကို လေ့လာချင်နေကြတယ်။ စိတ်မပူပါနဲ့။ စတားတက္ကသိုလ်မှာပဲ လေ့လာကြမှာပါ။ အဆင်ပြေနိုင်မလား"

ဝမ်မုန့်နှင့် လုဂန်တို့နှစ်ယောက် အချင်းချင်း အကဲခတ်ကြည့်လိုက်ကြသည်။

ဟွားနိုင်ငံရှိ စက်မှုပညာရှင်များတဲ့လား။

အဆင့်မြင့်အရာရှိကြီးများကပင် သူတို့၏ စက်ရုပ်ကြီးကို စိတ်ဝင်စားနေကြလေသလား။

သူတို့နှစ်ယောက်သား ယဲ့ချန်းရှိရာဘက်သို့ လှမ်းကြည့်လိုက်ကြသည်။

သို့သော် ယဲ့ချန်းကတော့ ဘေးနားမှာထိုင်ပြီး လက်ဖက်ရည်သောက်ကာ ဘာဆုံးဖြတ်ချက်မှ ဝင်မချပေးချေ။

ကျောင်းအုပ်ယဲ့က သူတို့ကို အခက်မတွေ့စေချင်သည့် ရည်ရွယ်ချက်ရှိကြောင်း ကျောင်းသားနှစ်ယောက်စလုံး နားလည်လိုက်ကြသည်။

"ရပါတယ်"

ဝမ်မုန့်နှင့် လုဂန်တို့ တိုင်ပင်ဆွေးနွေးပြီးနောက် ဆုံးဖြတ်ချက်ချလိုက်ကြသည်။

မည်သို့ပင်ဖြစ်စေ တစ်ဖက်က စက်မှုပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များဖြစ်လေရာ သူတို့၏စက်ရုပ်အတွက် အကြံဉာဏ်ကောင်းများ ပေးနိုင်ပေလိမ့်မည်။

သူတို့၏ဆုံးဖြတ်ချက်ကို ကြားသော် ယဲ့ချန်း ကျေနပ်သွားပြီး ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။

"ဒါဆိုရင်လည်း ဝမ်မုန့်နဲ့ လုဂန်... ပညာရှင်တွေကို ဧည့်ခံတဲ့အပိုင်းကိုတော့ မင်းတို့ပဲ တာဝန်ယူလိုက်ကြတော့"

အကြီးအကဲဝေ့လည်း စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိသည်။

ဝမ်မုန့်နှင့် လုဂန်တို့လည်း တာဝန်ခွဲဝေယူပြီးနောက် ကမန်းကတန်း ထွက်သွားကြသည်။

မကြာသေးခင်ကမှ ယဲ့ချန်းသည် သူတို့ကို စက်ရုပ်အဆင့်မြှင့်တင်ရန် ပုံကြမ်းတစ်ခု ပေးထားသည်ဖြစ်ရာ ထိုပုံကြမ်းကို ပြန်လေ့လာရန် လိုပေသည်။

စတားတက္ကသိုလ်က ထွက်လာပြီးနောက် ယဲ့ချန်းလည်း ဝမ်ပေါင်ဟိုတယ်သို့ တန်းတန်းမတ်မတ် သွားလိုက်၏။

ပိုးဟပ်ပြဿနာ ဖြေရှင်းပြီးနောက် ဟိုတယ်လုပ်ငန်းက ပုံမှန်အတိုင်း ပြန်လည်ပတ်နေပြီ ဖြစ်၏။

မီချယ်လင်းကြယ်သုံးပွင့်အကဲဖြတ်မှုအတွက်လည်း တင်ပြထားပြီးဖြစ်သလို အဆုံးသတ်ရလဒ်နှင့် ပတ်သက်၍လည်း ယဲ့ချန်း ယုံကြည်မှုအပြည့်ရှိသည်။

သူ ဤနေရာကိုလာရသည့် အဓိကရည်ရွယ်ချက်မှာ စာရွက်စာတမ်းတချို့ကို လက်မှတ်ထိုးရန်ပင်။

ဟိုတယ်ကို အသစ်ဝယ်ယူထားသည်ဖြစ်ရာ ဝန်ထမ်းခန့်အပ်မှုများအတွက် သူ့လက်မှတ် လိုအပ်ချေသည်။

ဧည့်ခန်းမဆောင်သို့ ရောက်ရောက်ချင်းမှာပင် ဧည့်ကြိုကောင်တာဘက်က စကားများသံတစ်သံကို ယဲ့ချန်း ကြားလိုက်ရသည်။

"ဒါက ဘယ်လိုဝန်ဆောင်မှုမျိုးလဲ။ ရှင့်ကို ကျွန်မ ပြောပြီးပြီမဟုတ်လား။ ကျွန်မ မှတ်ပုံတင်ပျောက်သွားလို့ပါဆိုမှ"

"တောင်းပန်ပါတယ် မိန်းကလေး။ ပြည်သူ့လုံခြုံရေးစည်းမျဉ်းအရ ဟိုတယ်မှာ တည်းခိုဖို့အတွက် မှတ်ပုံတင် ပြကိုပြရမှာမို့ပါ"

"ဒါပေမဲ့ ကျွန်မက မှတ်ပုံတင်ပျောက်သွားတာလေ။ ဘယ်လိုလုပ်ပြီး ပြရမလဲ"

ယဲ့ချန်း ထိုအမျိုးသမီးကို လှမ်းကြည့်လိုက်သောအခါ ရုတ်တရက် ရင်းနှီးနေသလို ခံစားလိုက်ရသည်။

ထို့ကြောင့် ကိုယ်ရေးရာဇဝင်ကြည့်ရှုသည့် လုပ်ဆောင်ချက်ကိုသုံးပြီး စစ်ဆေးကြည့်လိုက်၏။

ဤအမျိုးသမီးက သာမန်လူမဟုတ်ကြောင်း ယဲ့ချန်း သိလိုက်ရသည်။

ထိုအမျိုးသမီး၏နာမည်မှာ ယန်ရှောင်ကျစ်ဖြစ်ပြီး ဟွားနိုင်ငံ၏ နာမည်ကြီးရုပ်ရှင်မင်းသမီးတစ်လက်ပင်။

သူ(မ)သည် အနုပညာခရီးလမ်းအစောပိုင်းတွင် တစ်နိုင်ငံလုံးကို လွှမ်းမိုးသွားသော ကလေးဟာသကားဖြင့် နာမည်ကြီးခဲ့သည်။

ယခုဆိုလျှင် သူ(မ)က လူငယ်များအကြား အိုင်ဒေါတစ်ယောက်နှယ် ဖြစ်နေပြီး ဝေးပေါ်တွင်လည်း ဖော်လိုဝါသန်းကိုးဆယ်ကျော် ရှိ၏။

ကိုယ်ရေးရာဇဝင်စနစ်ကတစ်ဆင့် ယဲ့ချန်း မြင်လိုက်ရသည်မှာ နောက်တစ်ရက်အကြာတွင် ယန်ရှောင်ကျစ်က သူတို့ဟိုတယ်၏ ညံ့ဖျင်းလှသော ဝန်ဆောင်မှုအကြောင်း တိုင်တန်းတော့မည်ဟုပင်။

ဤအချက်အလက်ကို မြင်လိုက်ရသောအခါ ယဲ့ချန်း သက်ပြင်းတစ်ချက်ရှိုက်လိုက်မိသည်။

ဤကိစ္စသာ တကယ်ဖြစ်လာခဲ့လျှင် မကြာသေးခင်ကမှ ပိုးဟပ်ပြဿနာနှင့် ရင်ဆိုင်ခဲ့ရသည့် ဝမ်ပေါင်ဟိုတယ်မှာ နောက်တစ်ကြိမ် ပစ်မှတ်ထားခံရပေတော့မည်။

အခြားအရာများကို မဆိုထားနှင့်။ ဤမင်းသမီးသာ စိတ်ဆိုးသွားလျှင် သူ(မ)၏ပရိသတ်များက ဆိုးဝါးသည့်ရီဗျူးများ ပေးလိုက်ရုံဖြင့် သူတို့ဟိုတယ်၏ အဆင့်သတ်မှတ်ချက်ကား ထိုးကျသွားပေလိမ့်မည်။

ယန်ရှောင်ကျစ်က မကြာသေးခင်ကမှ ဇာတ်လမ်းတွဲတော်တော်များများ ရိုက်ကူးထားရသည်ဖြစ်ရာ ပင်ပန်းနေသည့်အတွက် အပန်းဖြေရန် တစ်ယောက်တည်းခိုးထွက်လာခြင်းပင်။

ထင်မှတ်မထားပါဘဲ ဟိုတယ်တွင် တည်းခိုရန်အတွက် ဧည့်ကြိုကောင်တာက မှတ်ပုံတင်တောင်းလိုက်ရုံမျှသာ။

စိတ်တိုနေသည့်အထဲ ယန်ရှောင်ကျစ်တစ်ယောက် ဒေါသပေါက်ကွဲတော့သည်။

"မှတ်ပုံတင်မပါရင် ရဲစခန်းမှာ ထောက်ခံစာ သွားယူလို့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မှတ်ပုံတင်မပါဘဲ ဟိုတယ်မှာ တည်းခိုခွင့် မပြုပါဘူး"

ယန်ရှောင်ကျစ် တကယ်ဒေါသထွက်သွားလေသည်။

သူ(မ) ဒေါသပေါက်ကွဲတော့မည့်ဆဲဆဲမှာပင် မထင်မှတ်ဘဲ အနောက်မှ ဩဇာအာဏာညောင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။

"မင်းတို့ကို ငါ ဘယ်လိုသင်ထားလဲ။ ဧည့်သည်က အမြဲတမ်းမှန်တယ်လို့။ မင်းတို့က ငါ့စကားကို ဂရုမစိုက်တာလား"

ဝန်ထမ်းများမှာ ခဏကြောင်သွားပြီးမှ လူကို မြင်လိုက်ရသောအခါ ကမန်းကတန်းပြောလိုက်ကြသည်။

"မင်္ဂလာပါ ဥက္ကဋ္ဌယဲ့"

ထို့နောက် ယဲ့ချန်းက ယန်ရှောင်ကျစ်ကို ကြည့်လိုက်၏။

"မိန်းကလေး... ကျွန်တော်တို့ဝန်ထမ်းတွေကြောင့် အဆင်မပြေဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်။ မိန်းကလေးရဲ့ ပြဿနာကို ကျွန်တော် ကူညီဖြေရှင်းပေးပါ့မယ်"

ယန်ရှောင်ကျစ်ခမျာ ယဲ့ချန်းကို အကြောင်သား ငေးနေမိသည်။

ဤအမျိုးသားက တကယ်ချောမောလွန်းလှသည်။

အထူးသဖြင့် ယဲ့ချန်း၏မျက်နှာပေါ်ရှိ တောက်ပလှသော အပြုံးလေးပင်။

ထိုအပြုံးကြောင့် ယန်ရှောင်ကျစ်၏ ဒေါသများ ချက်ချင်းဆိုသလို လွင့်စင်သွားသည်။

ဘေးနားရှိ ဝန်ထမ်းများကတော့ ငြင်းခုန်နေဆဲပင်။

"သူဌေး... ဒီမိန်းကလေးက မှတ်ပုံတင်မပါလာလို့ တည်းခိုခွင့် မပေးတာပါ"

ယဲ့ချန်းက အေးစက်စက်ပြောလိုက်၏။

"ခုနက မင်းတို့ပြောနေတာတွေကို ငါ ကြားပါတယ်။ ငါတို့ဝန်ဆောင်မှုရဲ့ ရည်ရွယ်ချက်က ဧည့်သည်တွေအတွက် စဉ်းစားပေးဖို့ပဲ။ မင်းက ငါ့ရဲ့ညွှန်ကြားချက်ကို လျစ်လျူရှုထားတာလား"

ဧည့်ကြိုဝန်ထမ်းခမျာ ကြောင်အသွားပြီး သူဌေးက ဤဆောင်ပုဒ်ကို ဘယ်တုန်းကများ ပြောခဲ့သလဲဟု စိတ်ထဲက တွေးလိုက်မိသည်။

သို့သော် ယဲ့ချန်းက မျက်ရိပ်ပြနေသည်ကို မြင်လိုက်ရချိန်တွင်မူ ဝန်ထမ်းကလည်း ပါးနပ်စွာဖြင့် ချက်ချင်းပြောလိုက်သည်။

"ဥက္ကဋ္ဌယဲ့... ကျွန်မ တာဝန်လစ်ဟင်းသွားပါတယ်။ မိန်းကလေး... ကျွန်မ တောင်းပန်ပါတယ်။ ခုနက ကျွန်မရဲ့အပြောအဆိုက နည်းနည်းဆိုးဝါးသွားတယ်"

ဝန်ထမ်းက သူ(မ)ကို တောင်းပန်နေသဖြင့် ယန်ရှောင်ကျစ်လည်း အားနာသွားသည်။

"ကျွန်မကိုယ်တိုင်လည်း ခုနက အရမ်း စိတ်လောပြီး ပြောဆိုဆက်ဆံတာ မကောင်းခဲ့ပါဘူး။ ထားပါတော့လေ... စည်းကမ်းက စည်းကမ်းပဲဆိုတော့ ကျွန်မ မတည်းတော့ပါဘူး"

ယန်ရှောင်ကျစ်က ထိုသို့ပြောပြီးသည်နှင့် လှည့်ထွက်ရန် ပြင်လိုက်၏။

"ခဏနေပါဦး"

ယဲ့ချန်းက ရုတ်တရက်ဆိုသလို သူ(မ)ကို လှမ်းခေါ်လိုက်သည်။

•••••••••••••••••••

အပိုင်း ၅၂၁ : အသိအကျွမ်းတွေ ဖြစ်နေတာကိုး

ယန်ရှောင်ကျစ်က ခဏရပ်သွားပြီးနောက် လှည့်ကြည့်၍ နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

"ဘာကိစ္စရှိသေးလို့လဲ"

ယဲ့ချန်းက ခေါင်းတညိတ်ညိတ်လုပ်၍ ပြောလိုက်သည်။

"ဟုတ်ပါတယ်။ ခင်ဗျား ကျွန်တော်တို့ဆီမှာ တည်းခွင့်မရသလို တခြားဟိုတယ်တွေမှာလည်း မှတ်ပုံတင်ပြရမှာပဲလေ"

ယန်ရှောင်ကျစ် အလွန်စိတ်ပျက်သွားသည်။

သူ(မ)သည် မူလကတည်းက တိတ်ဆိတ်သော နေရာလေးတစ်ခုကို ရှာဖွေရန် တစ်ယောက်တည်း ထွက်လာခဲ့ခြင်းပင်။

မထင်မှတ်ထားပါဘဲ မှတ်ပုံတင်ယူလာဖို့ မေ့သွားခဲ့သည်။

ယခုတော့ တည်းစရာနေရာပင် ရှာမရတော့ဘဲ ပြန်လှည့်ရတော့မည်။

ယဲ့ချန်းက ဆက်ပြောလိုက်သည်။

"ဧည့်ကြို... သူ့ကို ငါ့အဆင့်မြင့်ဟိုတယ်ခန်းထဲမှာပဲ ပေးတည်းလိုက်ပါ"

ဤစကားကို ကြားသော် ဧည့်ကြိုကောင်မလေးလည်း ကြောင်အသွားသည်။

"သူဌေး... ဒါက သူဌေးရဲ့ ကိုယ်ပိုင်အခန်းလေ"

ယဲ့ချန်းကမူ ယန်ရှောင်ကျစ်ကို အခန်းကတ် ကမ်းပေးလိုက်၏။

"အဲဒီအခန်းက ကျွန်တော့်ရဲ့ကိုယ်ပိုင်အခန်းပါ။ ပတ်ဝန်းကျင်လည်း တော်တော်ကောင်းတယ်။ ဒီမှာ တစ်ညလောက် တည်းသွားလို့ ရပါတယ်"

ဟိုတယ်မန်နေဂျာက ဤမျှအထိ သဘောကောင်းလိမ့်မည်ဟု မထင်ထားသည့်အတွက် ယန်ရှောင်ကျစ် ခဏကြောင်သွားသည်။

အစောကလည်း သူ(မ)ဘက်က ဝင်ပြောပေးရုံသာမက သူ့အခန်းကိုပါ ပေးသုံးသေးသည်။

သူများ ငါ့ကို မှတ်မိနေလို့လား။

ယန်ရှောင်ကျစ်ခမျာ နားမလည်နိုင်ဟန်ဖြင့် မေးလိုက်မိသည်။

"ရှင် ကျွန်မကိုသိလား"

ယဲ့ချန်းလည်း ခဏမျှရပ်တန့်သွားသည်။

"ကျွန်တော် ခင်ဗျားကို မသိပါဘူး။ ကျွန်တော်တို့ အရင်က တွေ့ဖူးလို့လား"

သူ့အနေနှင့် ယန်ရှောင်ကျစ်ကိုသိကြောင်း ဝန်ခံ၍မရပေ။

ယန်ရှောင်ကျစ်လည်း အလွန်ကျေးဇူးတင်သွားပြီး အခန်းကတ်ကို လှမ်းယူ၍ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

ယဲ့ချန်းလည်း ခပ်ဟဟပြုံးလိုက်သည်။

"ခရီးသွားတဲ့အခါ လူတိုင်း အခက်အခဲလေးတွေတော့ ကြုံရတတ်တာပါပဲ။ ဒီအခန်းက သူငယ်ချင်းတွေကို ကျွန်တော့်အစီအစဉ်နဲ့ ကျွန်တော် ပေးတည်းတာဆိုတော့ ကုမ္ပဏီစည်းမျဉ်းကိုလည်း ချိုးဖောက်ရာမကျဘူးလေ။ အားလုံး အဆင်ပြေတာပေါ့"

'သူငယ်ချင်း'ဟူသော စကားလုံးကြောင့် ယန်ရှောင်ကျစ်၏ရင်ထဲ ထိရှသွားသည်။

သို့သော် ဤ'သူငယ်ချင်း'ဟူသည့် အသုံးအနှုန်းကို သူ(မ) တကယ်သဘောကျမိသည်။

ယဲ့ချန်းမှာမူ အစက စားပွဲထိုးတစ်ယောက်ကို သူ(မ)အား ဟိုတယ်ခန်းအထိ လိုက်ပို့ခိုင်းဖို့ ရည်ရွယ်ထားသော်လည်း ကိုယ်ရေးရာဇဝင်စနစ်၏ သတိပေးချက်ကို သတိရမိသဖြင့် ပြဿနာတစ်ခုခုမဖြစ်ရလေအောင် သူကိုယ်တိုင်လိုက်ပို့ခြင်းကသာ ပိုစိတ်ချရမည်ဟု တွေးလိုက်သည်။

ထို့ကြောင့် ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။

"ကျွန်တော် လိုက်ပို့ပေးပါ့မယ်"

ယဲ့ချန်းက ယန်ရှောင်ကျစ်ကို ဟိုတယ်ခန်းသို့ ခေါ်သွားပြီး တံခါးဖွင့်ပေးရင်း ခပ်ဖွဖွပြုံးလိုက်သည်။

"တည်းခိုဖို့ ကြိုဆိုပါတယ်ဗျာ"

သူ(မ)ရှေ့ရှိ အဆင့်မြင့်ဟိုတယ်ခန်းကို ကြည့်ပြီး ယန်ရှောင်ကျစ်ခမျာ မှင်တက်သွားလေသည်။

ဤအခန်းကား ခမ်းနားထည်ဝါလွန်းလှသည်။

မည်သို့ပင်ဖြစ်စေ ယန်ရှောင်ကျစ်က နာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်လေရာ အရာရာကို မြင်ဖူးတွေ့ဖူးပြီးသားပင်။

သို့သော် ဤအဆင့်မြင့်ဟိုတယ်ခန်းကမူ အံ့ဖွယ်ကောင်းလှပေသည်။

ယဲ့ချန်းက ယန်ရှောင်ကျစ်ကို အခန်းထဲသို့ လိုက်ပို့ပေးပြီးနောက် ပြန်ထွက်ရန် လှည့်လိုက်၏။

ယန်ရှောင်ကျစ်က ဘယ်သူဘယ်ဝါဖြစ်ကြောင်း သူသိထားသလို သူ(မ)၏ သရုပ်ဆောင်စွမ်းရည်ကိုလည်း သဘောကျသော်ငြား သူ(မ)၏စရိုက်က ပရောပရည်လုပ်တတ်သည့်ပုံစံမဟုတ်ကြောင်း ယဲ့ချန်း နားလည်ထားသည်။

ယန်ရှောင်ကျစ်က လှပသော်လည်း ယဲ့ချန်း၏ ဘေးနားတွင် အလှပဂေးများ ရှားမနေချေ။

ယန်ရှောင်ကျစ်ကို သူ ကူညီပေးရသည့် အကြောင်းအရင်းက ဟိုတယ်အတွက် ပြဿနာနည်းသွားစေရန်သက်သက်သာ။

ယဲ့ချန်းက ထွက်သွားရန် လှည့်လိုက်သော်ငြား သူ့အနောက်မှ တစ်ယောက်ယောက်က လှမ်းဆွဲထားသည်ကို ခံစားလိုက်ရသည်။

ဆွဲထားသူမှာ ယန်ရှောင်ကျစ်ဖြစ်ပြီး သူ(မ)မှာ အနည်းငယ် ရှက်သွေးဖြာနေလေသည်။

"တခြားကိစ္စရှိသေးလို့လား"

ယဲ့ချန်းက နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

သူများ အမြင်မှားနေလေသလား။ ယန်ရှောင်ကျစ်က ထိုသို့သောမိန်းကလေးမျိုးလား။

အနောက်ဘက်ရှိ အမျိုးသမီးဆီက သင်းပျံ့သောရနံ့ကို ခံစားလိုက်ရချိန်ဝယ် ယဲ့ချန်း၏စိတ်အစဉ်ကား အနည်းငယ်လှုပ်ရှားသွားသည်။

ယန်ရှောင်ကျစ်ကသာ ထိုသို့တောင်းဆိုလာခဲ့လျှင် သူ သဘောတူလိုက်ရမလား။ သို့မဟုတ် လက်ခံလိုက်ရမလား။

ယန်ရှောင်ကျစ်က ရှက်ကိုးရှက်ကန်း ဆိုလေသည်။

"ရှင်... ကျွန်မကို လူလိမ်ဖြစ်နေမှာမစိုးရိမ်ဘူးလား။ ရှင့်အခန်းထဲက ပစ္စည်းတွေ အကုန်ယူသွားရင်ရော"

ယဲ့ချန်းကိုယ်တိုင်လည်း အနည်းငယ်နေရခက်သွားသည်။

ယန်ရှောင်ကျစ်ကို မသိချင်ယောင်ဆောင်နေသော်ငြား သူ(မ) မည်သူမည်ဝါဖြစ်ကြောင်း ယဲ့ချန်း ကောင်းကောင်းသိနေပေသည်။

သူ(မ)က ဟွားနိုင်ငံ၏ ထိပ်တန်းမင်းသမီးတစ်လက်ပင်။ သူ(မ)ကို လူလိမ်ဖြစ်နေလိမ့်မည်ဟု စိုးရိမ်စရာလိုသေးသည်လော။

ယဲ့ချန်းလည်း ဆက်ဟန်ဆောင်နေလိုက်သည်။

"ခင်ဗျားက မိန်းကလေးတစ်ယောက်တည်း ခရီးသွားနေတာဆိုတော့ အခက်အခဲတွေရှိမှာပဲလေ။ ဒီထဲက ပစ္စည်းတွေကလည်း သိပ်တန်ဖိုးကြီးတာတွေ မဟုတ်ပါဘူး။ အလွန်ဆုံးမှ ဒေါ်လာထောင်ဂဏန်းလောက်ပေါ့။ ဒါပေမယ့် ခင်ဗျား တကယ် အကူအညီလိုနေရင်တော့ ဒီတစ်ခါ ကျွန်တော် လူကောင်းတစ်ယောက် လုပ်ပေးပါ့မယ်"

ထိုသို့ပြောပြီးနောက် ယဲ့ချန်းက ထပ်ဖြည့်ပြောလိုက်သေးသည်။

"ကဲ... ကောင်းကောင်းအနားယူလိုက်ပါဦး။ ကျွန်တော် သွားတော့မယ်"

ယဲ့ချန်း နောက်တစ်ကြိမ် ထွက်သွားဖို့ပြင်လိုက်သည့်အခါ ယန်ရှောင်ကျစ်က သူ့လက်ကို ထပ်ဆွဲထားလိုက်ပြန်သည်။

"ခဏလေးနေပါဦး။ ရှင်က ကျွန်မတို့တွေက သူငယ်ချင်းတွေလို့ ပြောထားတာဆိုတော့ တရားဝင် မိတ်ဆက်ကြရအောင်လေ"

ယန်ရှောင်ကျစ်က သူ(မ)၏ နေကာမျက်မှန်ကို ချွတ်လိုက်လေရာ အပြစ်ကင်းစင်လှပသော မျက်နှာလေးကား ပေါ်လာချေသည်။

ယဲ့ချန်းမှာမူ ကြိုတင်သိထားပြီးသား ဖြစ်သော်လည်း ယန်ရှောင်ကျစ်၏ ရင်သပ်ရှုမောဖွယ် အလှတရားကြောင့် ငေးမောသွားရသည်။

ယဲ့ချန်း၏တုံ့ပြန်မှုကို ကြည့်ပြီး ယန်ရှောင်ကျစ်က ကျေနပ်သွားသဖြင့် လက်ဆန့်ထုတ်လိုက်သည်။

"တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်မက ယန်ရှောင်ကျစ်ပါ"

ယဲ့ချန်းမှာမူ ခဏရပ်တန့်သွားသည်။

"ဪ... ခင်ဗျားက ရှောင်ကျစ်ကိုး။ ကျွန်တော်က ခင်ဗျားရဲ့ပရိသတ်ပါ။ ငယ်ငယ်ကတည်းက ခင်ဗျားရုပ်ရှင်တွေကို ကြည့်ရတာ အရမ်းသဘောကျတာ"

ယန်ရှောင်ကျစ်ကလည်း ပြုံးလိုက်သည်။

"ရှင်က အရမ်းသဘောကောင်းတာပဲ။ အခု ကျွန်မတို့ တရားဝင်သူငယ်ချင်းတွေ ဖြစ်သွားကြပြီနော်။ ဒါနဲ့... ရှင့်နာမည်က ဘယ်လိုခေါ်လဲ"

"ကျွန်တော်က ယဲ့ချန်းပါ"

"ရှင်က ယဲ့ချန်း။ သုန်းရှောင်ယာရဲ့ သူငယ်ချင်း မဟုတ်လား"

ယန်ရှောင်ကျစ်က စိတ်လှုပ်ရှားစွာ မေးလိုက်လေသည်။

"ခင်ဗျား ကျွန်တော့်ကိုသိတယ်ပေါ့"

ယဲ့ချန်းလည်း အံ့ဩသွားသည်။

ယန်ရှောင်ကျစ်က ရယ်မောလိုက်၏။

"သိတာပေါ့။ သုန်းရှောင်ယာက ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းလေ။ ရှင်က ဘယ်လောက်ချောပြီး အရည်အချင်းရှိတဲ့အကြောင်း သူ ကျွန်မကို ခဏခဏပြောပြတယ်"

သူတို့က အသိအကျွမ်းများဖြစ်နေလိမ့်မည်ဟု မထင်ထားသောကြောင့် ယဲ့ချန်း အနည်းငယ်နေရခက်သွားသည်။

"ဪ... တိုက်ဆိုင်လိုက်တာ။ ကဲ... ကောင်းကောင်း အနားယူလိုက်ပါဦး။ ကျွန်တော် သွားတော့မယ်"

ယဲ့ချန်း လှည့်ထွက်ရန် ပြင်လိုက်သည်။

သို့သော် ယန်ရှောင်ကျစ်က သူ့ကို ထပ်တားလိုက်ပြန်တယ်။

"ခဏလေး ယဲ့ချန်း... ရှင်က သုန်းရှောင်ယာရဲ့ ချစ်သူလား။ သူက ရှင့်အတွက်နဲ့ အရင်ကုမ္ပဏီကနေ ထွက်လာတာလို့ ကြားတယ်နော်"

ထိုအချိန်ဝယ် ယန်ရှောင်ကျစ်က နာမည်ကြီးမင်းသမီးတစ်ယောက်နှင့် မတူတော့ဘဲ အတင်းအဖျင်းပြောချင်နေသည့် မိန်းကလေးတစ်ယောက်နှင့်ပင် ပိုတူလေသည်။

ယဲ့ချန်း ဆွံ့အသွားသည်။

"မဟုတ်ပါဘူးဗျာ... ကျွန်တော်တို့က သူငယ်ချင်းတွေပါ။ ကောင်းကောင်းအနားယူလိုက်ပါဦး။ ကျွန်တော် ဝန်ထမ်းတွေနဲ့ အစည်းအဝေးလုပ်စရာရှိသေးလို့"

တံခါးပိတ်ပြီးနောက် ယဲ့ချန်း သက်ပြင်းတစ်ချက် ရှိုက်လိုက်မိသည်။

ဝန်ထမ်းများက ယန်ရှောင်ကျစ်ကို သေချာဝန်ဆောင်မှုမပေးနိုင်သဖြင့် တိုင်တန်းမှုများ ထပ်ဖြစ်လာမည်ကို စိုးရိမ်သည့်အတွက် ယဲ့ချန်း ဝန်ထမ်းအားလုံးကို အစည်းအဝေး ခေါ်လိုက်သည်။

"အားလုံးပဲ... သီးသန့်အခန်းမှာ တည်းခိုနေတဲ့ အထူးဧည့်သည်တော်တစ်ယောက် ရှိတယ်။ ဒီဧည့်သည်က ငါတို့ဟိုတယ်အတွက် အရမ်းအရေးကြီးတာမို့ သေချာဝန်ဆောင်မှုပေးကြပါ"

ယဲ့ချန်း၏စကားကို ကြားသော် အားလုံး အံ့ဩသွားကြသည်။

သီးသန့်အခန်းဆိုသည်မှာ ယဲ့ချန်း၏ ကိုယ်ပိုင်အခန်းဖြစ်ကြောင်း အားလုံး သိထားကြသည်။

ယခုမူ ယဲ့ချန်းက ထိုအခန်းထဲတွင် မိန်းမလှလေးတစ်ယောက်ကို တည်းခိုင်းထားသည်။

သူတို့အားလုံးလည်း ဘာအခြေအနေလဲဆိုသည်ကို ချက်ချင်းသဘောပေါက်သွားကြသည်။

ပိုင်ထန်က လူပုံအလယ်မှာပင် ပြောလိုက်သည်။

"ဥက္ကဋ္ဌယဲ့... စိတ်ချပါ။ ကျွန်တော် သေချာစီမံလိုက်ပါ့မယ်"

အစည်းအဝေး ပြီးသွားသောအခါ ဝန်ထမ်းများ၏အကြည့်က နည်းနည်းထူးဆန်းနေသလို ယဲ့ချန်း ခံစားလိုက်ရသည်။

အစည်းအဝေးခန်းထဲက ထွက်လာပြီးသည်နှင့် ဝန်ထမ်းများမှာ အချင်းချင်း တီးတိုးပြောကြလေတော့သည်။

"အဲဒီကောင်မလေးက သူဌေးရဲ့ ရည်းစားများလား"

"ဖြစ်နိုင်တယ်။ သူက တော်တော်ဆွဲဆောင်မှုရှိတာနော်"

"ငါတို့ သူ့ကို သေချာဝန်ဆောင်မှုပေးမှဖြစ်မယ်။ နောင်တစ်ချိန်ကျရင် သူက သူဌေးကတော်ဖြစ်လာနိုင်တယ်"

မရည်ရွယ်သော သူ့လုပ်ရပ်က ဟိုတယ်ဝန်ထမ်းများအကြား အထင်လွဲစေခဲ့ကြောင်း ယဲ့ချန်းကတော့ မသိရှာပေ။

ဟိုတယ်အပြင်ဘက်သို့ ရောက်ရောက်ချင်းမှာပင် ယဲ့ချန်း၏ဖုန်းက အသံမြည်လာသည်။

ရှဲ့ယင်းယင်းဆီက ဖုန်းဝင်လာခြင်းပင်။

"အစ်ကိုယဲ့ချန်း... မနက်ဖြန် ဒါရိုက်တာအဖွဲ့အစည်းအဝေးတက်ဖို့ မမေ့နဲ့ဦးနော်"

"စိတ်မပူပါနဲ့။ မှတ်မိပါတယ်။ မနက်ဖြန် အချိန်မီရောက်အောင် လာခဲ့မယ်"

"အင်း...စောင့်နေမယ်နော်"

သူလည်း ခပ်ဟဟပြုံးရင်း ဖုန်းချလိုက်၏။

ရုတ်တရက်ဆိုသလို ယဲ့ချန်း၏ဖုန်းထဲမှာ သတင်းတစ်ခု တက်လာသည်။

"နာမည်ကြီးသရုပ်ဆောင်လျိုဟွားက ထျန်းကောလုပ်ငန်းစုနဲ့ လက်တွဲလုပ်ကိုင်ခြင်းကို ရပ်စဲလိုက်ပြီဖြစ်ကြောင်း မနေ့က ကြေညာခဲ့ပါတယ်။ ထျန်းကောလုပ်ငန်းစုကတော့ မစ္စတာလျိုဟွားကို ပြန်စဉ်းစားဖို့ ပြောထားပါတယ်။ မဟုတ်ရင်တော့ ပလက်ဖောင်းအားလုံးမှ အပြီးတိုင် ပိတ်ပင်မည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်"

ထိုသတင်းကိုကြည့်ရင်း ယဲ့ချန်း၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးတက်သွားပြီး ပြုံးလိုက်မိသည်။

စနစ်၏စွမ်းအားကို နောက်ဆုံးတော့ မြင်တွေ့လိုက်ရလေပြီ။ လျိုဟွားက ထျန်းကောက ထွက်လာပြီဖြစ်ရာ သူတို့၏ အလင်းနှင့်အရိပ်လုပ်ငန်းစုသို့ ဝင်လာတော့မည်မှာ သေချာသည်။

•••••••••••••

အပိုင်း ၅၂၂ : မင်း အရွယ်ရောက်လာပြီပဲ

နောက်တစ်နေ့ မိုတုနည်းပညာတက္ကသိုလ်တွင် ရောင်စုံအလံများ တလူလူလွင့်နေချေသည်။

ယနေ့တော့ ယဲ့ချန်းလည်း သူ့လိုင်ကန်ပြိုင်ကားကို မောင်းလာခဲ့သည်။

မည်သို့ပင်ဖြစ်စေ ကျောင်းဒါရိုက်တာအဖွဲ့ အစည်းအဝေးကို တက်ရောက်လာသည်ဖြစ်ရာ နည်းနည်းပါးပါးတော့ ကြွားဝါပြရမည်သာ။

ထိုအချိန်မှာပင် မိုတုတက္ကသိုလ်အပေါက်ဝဆီသို့ တောက်ပြောင်လှသော လမ်ဘော်ဂီနီကားတစ်စီးက ဟိန်းဟောက်သံနှင့်အတူ ဝင်ရောက်လာသည်။

ကျောင်းအပေါက်ဝသို့ ရောက်သောအခါ ဝတ်စုံပြည့်နှင့် နေကာမျက်မှန်တပ်ထားသော အရပ်ခပ်ပုပု လူတစ်ယောက်က ကားပေါ်က ခပ်မိုက်မိုက် ဆင်းလာလေသည်။

သူက အရပ်မရှည်သော်လည်း အမူအရာကတော့ ယုံကြည်မှုအပြည့်ရှိနေပြီး ခေါင်းကိုမော့ကာ မာနထောင်လွှားနေပေသည်။

ကျန်းမင်မှာ သူ့မိခင်တက္ကသိုလ်ကို ကြည့်ပြီး သက်ပြင်းရှည်ကြီးတစ်ချက် ရှိုက်လိုက်သည်။

ငါ ကျန်းမင် ဒီကို တစ်ခေါက်ပြန်ရောက်လာခဲ့ပြန်ပြီ။

ယခင်တုန်းက ဤကျောင်းတွင် သူသည် အရေးမပါခဲ့ကြောင်း တွေးမိသောအခါ ကျန်းမင် အနည်းငယ် စိတ်ဓာတ်ကျသွားသည်။

သို့သော် ဤတစ်ခေါက်တော့ ကျောင်းကို ပြန်လာမှတော့ အကြီးအကျယ် ဂယက်ရိုက်သွားအောင် လုပ်မည်ဟု သူ ဆုံးဖြတ်ထားသည်။

ယခင်တုန်းက ကျန်းမင်သည် ဆင်းရဲသော ကျောင်းသားတစ်ယောက်ဖြစ်ပြီး အရပ်ကလည်းပုပြီး ပေစုတ်နေလေရာ မည်သူကမှ သတိမထားမိကြချေ။

သူသည် အတန်းဖော်များအကြားမှာပင် ဟာသလုပ်စရာတစ်ခု ဖြစ်ခဲ့သေးသည်။

ကျောင်းရှိ ကောင်မလေးများဆိုလျှင် သူ့ကို တစ်ချက်ပင် လှည့်မကြည့်ချင်ကြပေ။

သို့သော် ယခုမူ ကျန်းမင်သည် ယခင်ကနှင့် မတူတော့ပေ။

ကျောင်းပြီးသွားသောအခါမှသာ သူ့မိသားစုက အလွန်ချမ်းသာကြောင်း ကျန်းမင် သိလိုက်ရသည်။ သူ့မိဘများက သူ့ကို စာကြိုးစားချင်အောင် ဆင်းရဲချင်ယောင်ဆောင်နေခဲ့ခြင်းပင်။

တကယ်တမ်းတွင် ကျန်းမင်၏မိသားစုက ပိုင်ဆိုင်မှု နှစ်ဘီလျံတန်ဖိုးရှိသော အများပိုင်ကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်ထားသည်။ ယခုတော့ ကျန်းမင်က မိသားစုလုပ်ငန်းကို ဆက်ခံပြီး ကုမ္ပဏီ၏ စီအီးအိုဖြစ်နေချေသည်။

သူ့ဦးဆောင်မှုအောက်တွင် ကုမ္ပဏီက လက်အောက်ခံကုမ္ပဏီခွဲ သုံးဆယ်ကျော်ကို ပိုင်ဆိုင်ထားပြီး ဝန်ထမ်းထောင်ပေါင်းများစွာကိုလည်း အလုပ်ခန့်ထားနိုင်သည်။

သူ့မိခင်တက္ကသိုလ်ကိုကြည့်ရင်း ကျန်းမင် ရည်မှန်းချက်များ ပြည့်ဝနေတော့သည်။

"ဒီနေ့ ငါဆုံးရှုံးခဲ့ရတဲ့ ငါ့ကိုယ်ငါပြန်ယူပြီး မိုတုနည်းပညာတက္ကသိုလ်မှာ အတောက်ပဆုံးကြယ်တစ်ပွင့် ဖြစ်လာစေရမယ်"

အတောက်ပဆုံးကြယ်ဟု တွေးလိုက်သည်နှင့် သူ့ခေါင်းထဲတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ ယဲ့ချန်းပင်။

ယခင်တုန်းက ယဲ့ချန်းသည် သူ့ရုပ်ရည်ကြောင့် မိန်းကလေးတော်တော်များများ၏ အသည်းစွဲဖြစ်ခဲ့ပြီး အမြဲတမ်းလည်း အာရုံစိုက်ခံခဲ့ရသည်။

ထိုအချိန်တုန်းက ကျန်းမင်သည် တစ်နေ့နေ့တွင် သူ့ကို ကျော်တက်ပြမည်ဟု တိတ်တဆိတ် သန္နိဋ္ဌာန်ချခဲ့သည်။

ထို့ပြင် ယဲ့ချန်းလည်း တက်ရောက်မည်ဟု ကြားထားသောကြောင့် ကျန်းမင်က သူ့အစွမ်းကို ထုတ်ပြဖို့ ဆုံးဖြတ်လိုက်သည်။

မိုတုနည်းပညာတက္ကသိုလ်တွင် သူသည် အချမ်းသာဆုံးလူဖြစ်ကြောင်း ယဲ့ချန်းကို နားလည်သွားစေချင်သည်။

ယဲ့ချန်းက အားကစားကွင်းတစ်ခုအတွက် အလှူငွေထည့်ဝင်ခဲ့သည်ဟု ကြားသော်လည်း ကျန်းမင်ကတော့ သိပ်အရေးမလုပ်ပါချေ။

တကယ်တော့ သူလည်း ထိုသို့လုပ်နိုင်သည်။ နိုင်ငံခြားရောက်နေ၍သာ ပြီးခဲ့သည့်တစ်ခေါက် ကျောင်းပွဲတော်နှင့် လွဲချော်သွားခဲ့ခြင်းသာ။

ဤသည်မှာ သူ့အတွက် အမြဲနောင်တရစရာကိစ္စတစ်ခု ဖြစ်ခဲ့လေသည်။

ယခုတော့ ကျောင်းက သူ့ကို ဒါရိုက်တာအဖွဲ့တွင် ပါဝင်ရန် ဖိတ်ကြားလာပြီဖြစ်ရာ ကြွားဝါရမည့် အခွင့်အရေးက နောက်ဆုံးတော့ ရောက်လာခဲ့လေပြီ။

ကျောင်းပွဲတော်တုန်းက ငါသာရှိရင် ယဲ့ချန်းက ဘယ်လူလုံးထွက်ပြနိုင်မှာလဲ။

ကျန်းမင်၏ လမ်ဘော်ဂီနီကားက ကျောင်းထဲသို့ ဝင်ဝင်ချင်းမှာပင် လူအများ၏ အာရုံစိုက်မှုကို တော်တော်ရနေချေပြီ။

"ဝိုး... ဒါက ဒဏ္ဍာရီလာစူပါကားကြီးလား"

"ဒီကားက သန်းနှစ်ဆယ်ကျော်လောက်တော့ ရှိမှာပဲနော်"

"ငါတို့ကျောင်းက ဒါရိုက်တာအဖွဲ့ဝင်တစ်ယောက်ယောက်ပဲ ဖြစ်ရမယ်။ ဒီနေ့ ဒါရိုက်တာအဖွဲ့အစည်းအဝေးရှိတယ်လို့ ကြားတယ်"

"ဝိုး... ဒိတ်ဒိတ်ကြဲတွေပဲ။ အားကျဖို့ကောင်းလိုက်တာ"

ကျောင်းသားများ၏ ပြောဆိုဆွေးနွေးသံများကို ကြားသောအခါ ကျန်းမင် ဝမ်းသာပီတိဖြစ်သွားလေသည်။

လူအများ၏ အားကျလေးစားမှုကိုခံရသည့် ခံစားချက်ကို သူ သဘောကျသည်။

ကျောင်းတုန်းက သူသည် လှောင်ပြောင်စရာလူတစ်ယောက် ဖြစ်ခဲ့သော်ငြား ယနေ့မှာတော့ သူသည် ကျောင်းတွင် အမိမိုက်ဆုံးလူတစ်ယောက် ဖြစ်လာခဲ့ချေပြီ။

ဇိမ်ခံကားကိုစီးပြီး အများပိုင်ကုမ္ပဏီတစ်ခု၏ စီအီးအိုလည်း ဖြစ်နေပြန်လေရာ ဤဂုဏ်ရောင်ဂုဏ်ဝါများက သူ၏ တစ်ကျော့ပြန်ရောက်ရှိခြင်းကို ဘုရင်တစ်ပါး ကြွမြန်းလာသလို ခံစားရစေသည်။

ကျန်းမင်လည်း ကျေနပ်နေဟန်ဖြင့် နေကာမျက်မှန်ကိုချွတ်ပြီး လက်ပြနှုတ်ဆက်လိုက်သည်။

သို့သော် ထိုအချိန်မှာပင်

ဘရွန်း... ဘရွန်း... ဘရွန်း..

တောက်ပြောင်နေသော နောက်ထပ်ပြိုင်ကားတစ်စီးက ကျောင်းအပေါက်ဝတွင် ထိုးရပ်လိုက်သည်။

ချောမောခန့်ညားသော လူငယ်တစ်ယောက်က ကားပေါ်က ဆင်းလာလေသည်။

ချောမောခန့်ညားလှသော ထိုမျက်နှာလေးကို မြင်လိုက်ရချိန်ဝယ် ကျန်းမင် မျက်နှာနည်းနည်းပျက်သွားသည်။

ယဲ့ချန်း ရောက်လာချေပြီ။

သူ့ကို ပိုဆွံ့အသွားစေသည့်အရာမှာ အစောကပင် သူ့အနားတွင် ဝိုင်းအုံနေသော လူအုပ်ကြီးက ယဲ့ချန်းဆီသို့ ပြေးသွားကြခြင်းပင်။

"ဝိုး... နတ်ဘုရားယဲ့ ရောက်လာပြီဟေ့"

"ငါ့နတ်ဘုရား ရောက်လာပြီ"

"အရမ်းချောတာပဲဟာ"

"သူမောင်းလာတဲ့ကားကို မြင်လိုက်လား။ အဲဒါ သန်းတစ်ရာကျော်တန်တဲ့ လိုင်ကန်ပြိုင်ကားကွ"

"ဝိုး... ဒါမှ တကယ့်လူကုံထံကွ"

ထိုအချိန်မှာ ကျန်းမင်၏ ဘေးနားတွင် ခြောက်ကပ်သွားပြီး လူတိုင်းက ယဲ့ချန်းနားသို့ သွားဝိုင်းနေကြသည်။

ကြွားဝါရန် ရည်ရွယ်ထားသော်လည်း ယဲ့ချန်း၏ လွှမ်းမိုးမှုကို နောက်တစ်ကြိမ်ခံလိုက်ရသောကြောင့် ကျန်းမင်၏မျက်နှာကား မှုန်ကုပ်သွားသည်။

သူ့ခမျာ လက်သီးတင်းတင်းဆုပ်ပြီး သက်ပြင်းရှည်ကြီးတစ်ချက် ရှိုက်လိုက်သည်။

ဤတစ်ခါတော့ ယဲ့ချန်းကို မောက်မာခွင့်မပေးနိုင်ချေ။ သူ့ဂုဏ်သရေကို သူ ပြန်ယူရမည်။

ယဲ့ချန်းလည်း ကားပေါ်ကဆင်းပြီး ကျောင်းသားများကို လက်ပြနှုတ်ဆက်လိုက်သည်။

ကျောင်းသားများကလည်း တစ်ခဲနက်အားပေးကြသည်။

မိန်းမလှလေးတစ်ယောက်သည် လူအုပ်ထဲက ပန်းစည်းလေးကိုင်၍ ထွက်လာပြီးနောက် ယဲ့ချန်းကို ပေးလိုက်၏။

"မိခင်တက္ကသိုလ်ကို ပြန်လာတာ ကြိုဆိုပါတယ် စီနီယာယဲ့"

ဆရာဆရာမများနှင့် ကျောင်းအုပ်ကြီးကလည်း သူ့ကို ကြိုဆိုရန် တန်းစီနေကြသည်။ ဤအနေအထားမှာ မယုံနိုင်လောက်အောင် ခမ်းနားလွန်းလှသည်။

ယခင်တုန်းက ယဲ့ချန်းသည် ကျောင်းရှိ ဘုရင်တစ်ပါးဖြစ်ပြီး လူအများထံမှ အမြဲအာရုံစိုက်ခံခဲ့ရသည်။

ယခု သူ ကြွားဝါတော့မည့်အချိန်မှာပင် လူအများ၏ အာရုံစိုက်မှုကို ယဲ့ချန်းက ထပ်လုယူသွားပြန်လေပြီ။

သို့သော် ယခုမူ သူသည် အများပိုင်ကုမ္ပဏီတစ်ခု၏ စီအီးအိုဖြစ်နေချေပြီ။ ယခင်ကလို ဆင်းရဲပြီး ပုကွကွလူတစ်ယောက် မဟုတ်တော့ပေ။ သို့ဖြစ်လေရာ ယဲ့ချန်းကို မည်သို့နှယ် မာနထောင်လွှားခွင့် ပေးနိုင်မည်နည်း။

ကျန်းမင် သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး နက်ကတိုင်ကို ပြင်ကာ လေသံခပ်တိုးတိုးဖြင့် ပြောလိုက်သည်။

"ယဲ့ချန်း... မင်းလည်း မဆိုးဘူးပဲ"

သူသည် တမင်တကာ ဂုဏ်ယူဝင့်ကြွားနေလေဟန် အမူအရာဖြင့် ဟန်ရေးပြလိုက်သည်။

အားလုံး ကြောင်အမ်းသွားကြပြီး ကျန်းမင်ဆီသို့ အကြည့်ရောက်သွားသည်။

ကျန်းမင်ကလည်း လူအများ၏ အာရုံစိုက်မှုကို နောက်တစ်ကြိမ်ရလိုက်သည့်အတွက် စိတ်ထဲတွင် ဝမ်းသာပီတိဖြစ်သွားရသည်။

ယဲ့ချန်းလည်း တုံ့ခနဲရပ်လိုက်ပြီး ကျန်းမင်ကို တစ်ချက်ကြည့်လိုက်၏။

"ငါတို့ချင်းသိလို့လား"

ကျန်းမင် : "..."

လူအုပ်ကြီးလည်း မရယ်ဘဲ မနေနိုင်တော့ပေ။

"ဟားဟား... ခုနလေးတင် အရမ်းမိမိုက်ပြနေတာ။ စီနီယာယဲ့က သူ့ကိုတောင် သိတောင်မသိဘူးတဲ့"

"ဒါက စီနီယာယဲ့နဲ့ သက်သက်လာရောတာပဲ ဖြစ်ရမယ်"

"စီနီယာယဲ့က ဒိတ်ဒိတ်ကြဲအဆင့်လေ။ တွေ့သမျှလူတိုင်း သိနိုင်တဲ့လူမှမဟုတ်တာ"

ကျန်းမင်ခမျာ ဒေါသထွက်လွန်း၍ ရူးမတတ်ပင်။

ထို့နောက် သူ့ကိုယ်သူလက်ညှိုးထိုးပြရင်း ပြောလိုက်သည်။

"မင်း ငါ့ကို မမှတ်မိဘူးလား။ ငါ ကျန်းမင်လေ"

ကျန်းမင်လား။

ယဲ့ချန်း ခဏမျှစဉ်းစားကြည့်ပြီးမှ ကျန်းမင်ကို ရုတ်တရက်လက်ညှိုးထိုးပြီး ပြောလိုက်သည်။

"မင်းက ခြေတိုကျန်းမဟုတ်လား"

ကျန်းမင် : "..."

ကျောင်းသားများလည်း ထပ်ရယ်လိုက်ကြပြန်သည်။

ခြေတိုတဲ့...

ဘယ်လောက်တောင် လိုက်ဖက်တဲ့ နာမည်ပြောင်လဲ။

ယဲ့ချန်းကမူ တောင်းပန်စကားဆိုလိုက်၏။

"ဆောရီးကွာ... မင်းက အရမ်းပြောင်းလဲသွားလို့။ အရင်တုန်းက မင်းက အရပ်ပုပု ဆွဲဆောင်မှုကလည်း မရှိတဲ့အပြင် လူတောလည်းမတိုးဘူးလေ။ ဒါပေမဲ့ အခုတော့ အရင်နဲ့မတူတော့ဘူးပဲ"

ကျန်းမင်မှာ ဒေါသထွက်လွန်းသဖြင့် ရူးတော့မတတ် ဖြစ်နေချေပြီ။

အတိတ်က အကြောင်းတွေကို ဆက်မပြောဘဲ နေလို့မရဘူးလား။

ကျန်းမင် သက်ပြင်းရှည်ကြီးတစ်ချက်ရှိုက်ပြီး ပြောလိုက်၏။

"ယဲ့ချန်း... အခု ငါက အရင်လိုမဟုတ်တော့ဘူး"

ယဲ့ချန်းကလည်း ကျန်းမင်ကို ကြည့်လိုက်၏။

"အင်း... အရင်ကထက်တော့ အသက်ကြီးသွားတယ်။ ဒါပေမဲ့ သိပ်တော့ အထင်ကြီးစရာမကောင်းပါဘူး"

"မင်း..."

ကျန်းမင်ခမျာ ဒေါသပေါက်ကွဲတော့မတတ်ပင်။

"ကျောင်းပြီးတော့ ငါ မိသားစုလုပ်ငန်းကို ဆက်ခံခဲ့တယ်လေ... အခု ငါက ဖန်ခိုင်လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌဖြစ်နေပြီ..."

ကျန်းမင်က သူ့နောက်ခံအကြောင်းများကို တစ်ထိုင်တည်း ပြောချလိုက်သည်။

အဓိကပေးချင်သည့် မက်ဆေ့ချ်ကတော့ သူ ဘယ်လောက်အံ့သြဖို့ကောင်းကြောင်းပင်။

ကျန်းမင် ထိုသို့ပြောပြီးသွားသောအခါ ယဲ့ချန်းကို ကြည့်လိုက်သည်။ အစကတော့ ယဲ့ချန်း၏ မျက်နှာပေါ်တွင် အံ့သြသွားလေဟန် သို့မဟုတ် ဖားယားချင်လေဟန် အမူအရာမျိုး တွေ့ရလိမ့်မည်ဟု မျှော်လင့်ထားခဲ့မိသည်။

သို့သော် အံ့ဩစရာကောင်းလောက်အောင်ပင် ယဲ့ချန်းက ကျန်းမင်၏ပခုံးကို ပုတ်လိုက်သည်။

"ရှောင်မင်... မဆိုးပါဘူးကွ။ မင်း အရွယ်ရောက်လာပြီပဲ"

အလွန်ပေါ့ပါးလွန်းလှသည်။ လူကြီးတစ်ယောက်က ကလေးတစ်ယောက်ကို ချီးကျူးနေသလိုပင်။

ယခင်တုန်းက အတန်းဖော်များနှင့်တွေ့တိုင်း ကြွားဝါသည့် သူ့လုပ်ရပ်က လူတိုင်းကို အံ့သြသွားစေပြီး အားကျခံခဲ့ရသည်။

သို့သော် ယနေ့ကျမှ ဇာတ်ညွှန်းက ဘာကြောင့်ပြောင်းသွားရလေသလဲ။

ယဲ့ချန်း ဆက်ပြောလိုက်၏။

"အင်း... မဆိုးပါဘူး။ ဆက်ကြိုးစားပေါ့။ အခု ပိုက်ဆံရှိနေပြီဆိုတော့ မင်းကိုယ်မင်း ရင်းနှီးမြှုပ်နှံလို့ ရပြီပေါ့"

ကျန်းမင် : "..."

သေစမ်း... ငါက မင်းကို ဖားယားစေချင်တာကွ။ ငါ့ကိုဆုံးမစေချင်တာ မဟုတ်ဘူး။

'ကိုယ့်ကိုယ်ကိုယ်ရင်းနှီးမြှုပ်နှံမယ်'ဆိုတာက ဘာကိုပြောတာလဲ။ ငါအရပ်ပုတာက မျိုးရိုးလိုက်တာကွ။ ဟုတ်ပြီလား။

'အရွယ်ရောက်လာပြီ'ဆိုတာကရော ဘာစကားလဲ။ ငါက အများပိုင်လုပ်ငန်းစုတစ်ခုရဲ့ ဥက္ကဋ္ဌဖြစ်နေပြီ။

ယဲ့ချန်းက သူ့အာဏာကို အထင်သေးသလို ဆက်ဆံနေသည်ဟု သူ ခံစားလိုက်ရသည်။

All Chapters