← Chapters

အခန်း (၅၂၃-၅၂၅)

Vol. 35 Ch. 523-525

အခန်း (၅၂၃-၅၂၅)

Vol. 35 Ch. 523-525

အပိုင်း ၅၂၃ : လူရည်ချွန်များ

ကျန်းမင်က ယဲ့ချန်းရှေ့တွင် ကြွားဝါဖို့အတွက် အပြည့်အဝ စိတ်ပိုင်းဖြတ်ထားပြီးသားပင်။

သို့သော် အဆုံးသတ်တွင်မူ တစ်ဖက်လူက သူ့အောင်မြင်မှုများကို အရေးမလုပ်ကြောင်း သိလိုက်ရသည်။

တကယ်တော့ လူကြီးတစ်ယောက်က မျိုးဆက်သစ်လေးများ ကြီးပြင်းလာသည်ကိုကြည့်ပြီး ကျေနပ်နေသည့် အရိပ်အယောင်မျိုးပင် ယဲ့ချန်းဆီမှာ ရှိနေသေးသည်။

ထို့ကြောင့် ကျန်းမင်မှာ သွေးအန်မတတ် ခံပြင်းသွားသည်။

ငါက မင်းကို မနာလိုဖြစ်စေချင်တာလေ။ မနာလိုစိတ်နဲ့ ကပ်ဖားစေချင်တာကွ။ ငါက အဲ့လိုဖြစ်စေချင်တာ။

သေစမ်း... အရင်က မင်းကြွားတာကို ငါသည်းခံခဲ့တယ်။ အခု ငါက လုပ်ငန်းစုကြီးတစ်ခုရဲ့ ဥက္ကဋ္ဌဖြစ်နေပြီ။ မင်းက ငါ့ကို လာကြွားနေတုန်းလား။

မင်းမှာ ငါ့လောက် ပိုက်ဆံရှိလို့လား။

မင်းမှာ စာရင်းဝင်ကုမ္ပဏီကြီးတစ်ခု ရှိလို့လား။

အမှန်အတိုင်းပြောရလျှင် ယဲ့ချန်းက ကျန်းမင်၏အောင်မြင်မှုများကို တကယ်ဂရုမစိုက်ပေ။

ယဲ့ချန်းအနေနှင့် ကြိုက်ရာစီးပွားရေးလုပ်ငန်းတစ်ခုနှင့် ကျန်းမင်ကို အသာလေး အနိုင်ပိုင်းပစ်နိုင်သည်။

ကျန်းမင်အနေနှင့် အခြားလူများရှေ့တွင် ဂုဏ်ယူဝင့်ကြွားနိုင်သော်လည်း ယဲ့ချန်း၏အမြင်တွင်မူ သူသည် နောက်လိုက်တစ်ယောက်အဆင့်သာ ရှိသေးသည်။

ငါ အပျော်သဘောနဲ့ပေးတဲ့ ဘောနပ်စ်ကတောင် မင်းထက် သာနေဦးမှာ။ မင်းက ငါ့ရှေ့မှာ လာကြွားဖို့တန်လို့လား။

ထို့ကြောင့် မနာလိုဖြစ်ခြင်းနှင့် အားကျစိတ်ဝင်ခြင်းကဲ့သို့သော အခြေအနေမျိုးမှာ ယဲ့ချန်းအတွက် လုံးဝမဖြစ်နိုင်ပေ။

ကျန်းမင်က နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။

"မင်းစကားအရဆိုရင် ယဲ့ချန်း... မင်းလည်း အခု တော်တော်ဟန်ကျနေတဲ့ပုံပဲနော်"

"ဒါပေါ့... အဲဒါကြောင့် မင်းလည်း ဆက်ကြိုးစားဖို့ လိုသေးတယ်"

ယဲ့ချန်းက ကျန်းမင်၏ပခုံးကို ပုတ်ရင်း ပြောလိုက်သည်။

ကျန်းမင် : "..."

ထိုအချိန်မှာ ရှဲ့ယင်းယင်းက ပြောလိုက်သည်။

"စီနီယာအစ်ကိုယဲ့... ကျောင်းအုပ်ကြီးက အထဲမှာ စောင့်နေပါတယ်။ စီနီယာလှူထားတဲ့ အားကစားကွင်းကို လိုက်ပြချင်လို့တဲ့"

ယဲ့ချန်းကလည်း ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။

"ကောင်းပြီ... ကျန်းမင်ရေ နောက်မှတွေ့ကြတာပေါ့"

ယဲ့ချန်းက ချောမောလှပသော ရှဲ့ယင်းယင်း၏ လမ်းပြမှုနှင့်အတူ ထွက်ခွာသွားပါတော့သည်။

ကျန်ရစ်ခဲ့သူကတော့ လေပြည်ကြားဝယ် ဖရိုဖရဲဖြစ်ကျန်ခဲ့သော ကျန်းမင်ပင်။

သေစမ်း... ယဲ့ချန်းက အစကနေ အဆုံးအထိ သူဘယ်လောက်တော်ကြောင်း တစ်ခွန်းမှမဟသွားဘူး။

သို့သော် ယဲ့ချန်းက ဒိတ်ဒိတ်ကြဲလူကုံထံတစ်ယောက်ဖြစ်ကြောင်းကိုမူ ခံစားလိုက်ရသည်။

သူ့ကိုယ်သူ နှိုင်းယှဉ်ကြည့်လိုက်လျှင် နောက်လိုက်လေးတစ်ယောက်နှယ် ဖြစ်နေပေသည်။

ယဲ့ချန်း၏အစွမ်းအစက သူ့ကို ဂုဏ်ရောင်ထွန်းပြောင်စေပြီးသားပင်။

ကြွားနေစရာပင် မလိုချေ။ သည်အတိုင်း ရပ်နေရုံဖြင့် ထူးခြားနေပေသည်။

ထိုအချိန်တွင် ဘေးနားရှိ ကျောင်းသားများမှာ တီးတိုးပြောဆိုကြလေတော့သည်။

"လမ်ဘော်ဂီနီမောင်းတဲ့လူက ကြည့်ရတာတော့ ဟန်ကျပေမဲ့ နတ်ဘုရားယဲ့ရှေ့မှာတော့ နောက်လိုက်အဆင့်ပဲ ရှိပါသေးတယ်"

"ဒါပေါ့... သာမန်လူတွေက နတ်ဘုရားယဲ့နဲ့ ယှဉ်လို့ရပါ့မလား"

"အမှန်ပဲ။ အားကစားကွင်းမြေနေရာရဖို့ ကျောင်းအုပ်ကြီး နေ့တစ်ဝက်လောက် အသနားခံနေရတာတောင် နတ်ဘုရားယဲ့က ဖုန်းတစ်ချက်ဆက်ရုံနဲ့ ဖြေရှင်းပေးလိုက်တာတဲ့"

"ဟား... နတ်ဘုရားယဲ့ကို လာကြွားဖို့ ကြိုးစားတာကတော့ ရယ်ရတယ်ဟေ့"

ကျောင်းသားများ၏ ပြောဆိုဆွေးနွေးသံများကို နားထောင်ရင်း ကျန်းမင်ခမျာ ဒေါသူပုန်ထနေလေပြီ။

အားကစားကွင်းတစ်ခု လှူတာလေးပဲ မဟုတ်လား။

ငါလည်း လုပ်နိုင်တာပဲ။

ငါ့မှာ နှစ်ဘီလျွတန် ကုမ္ပဏီရှိတယ်။ အားကစားကွင်းအတွက် သန်းဂဏန်း​လောက်လေး လှူရတာက ဘာပြောပလောက်လို့လဲ။

ကျန်းမင်မှာ သက်ပြင်းတစ်ချက် အပြင်းအထန် ရှိုက်လိုက်သည်။

ယနေ့တော့ ယဲ့ချန်းကို ပညာပေးမည်ဟု သူ ဆုံးဖြတ်ထားသည်။

ပုံမှန်ဆိုလျှင် ယဲ့ချန်းက အေးအေးဆေးဆေး နေတတ်သော်ငြား လူလုံးထွက်ပြရမည့် အချိန်ဆိုလျှင် နောက်မတွန့်တတ်ချေ။

ယနေ့တွင် ယဲ့ချန်း၏ဟန်ပန်မှာ အရပ်ရှည်ပြီး ချမ်းသာကြွယ်ဝသော ချောမောခန့်ညားသည့် အာဏာရှင်စီအီးအိုတစ်ယောက်၏ ဂုဏ်အင်္ဂါရပ်များဖြင့် ပြည့်စုံနေသည်။

သူ့မိခင်တက္ကသိုလ်ကို ရောက်နေသည်ဖြစ်ရာ ယဲ့ချန်းအနေနှင့် သိုသိုသိပ်သိပ်နေနေမည်မဟုတ်ပေ။

သူတို့ အားကစားကွင်းအဝင်ဝသို့ ရောက်သည်နှင့် ဗုံသံမောင်းသံများဖြင့် ဆူညံသွားသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျန်းမင် ပိုစိတ်ပျက်သွားရသော်လည်း ယဲ့ချန်းကို အသာစီးရချင်စိတ်က ပိုပြင်းထန်လာသည်။

...

ကျောင်းအုပ်ကျူးက ယဲ့ချန်းကို အားကစားကွင်းတစ်ပတ် လိုက်လံပြသပြီးနောက် သူတို့အားလုံး ခန်းမဆောင်ကြီးဆီသို့ ထွက်လာခဲ့ကြသည်။

ထိုအချိန်မှာပင် ခန်းမကြီးထဲတွင် ကျောင်းသားများဖြင့် ပြည့်နေပြီဖြစ်၏။ ထိုကျောင်းသားများက မကြာသေးခင်ကမှ ဘွဲ့ရထားသူများပင်။

သူတို့အနောက်ရှိ ဖန်သားပြင်ကြီးပေါ်တွင် "မိုတုနည်းပညာတက္ကသိုလ်၏ ကျော်ကြားသူများဆွေးနွေးပွဲ"ဟု ရေးထားသည်။

စင်မြင့်ပေါ်ရှိ မီးရောင်များမှာ တဖျတ်ဖျတ်လက်နေသဖြင့် အလွန်အဆင့်မြင့်သော အငွေ့အသက်မျိုးကို ပေးစွမ်းလေသည်။

ကျော်ကြားသူများဆွေးနွေးပွဲတဲ့။

ကျန်းမင်ကတော့ သူ့ကိုယ်သူ ကျေနပ်နေဟန်ပင်။

ယခုဆိုလျှင် သူသည် မိုတုနည်းပညာတက္ကသိုလ်၏ ကျော်ကြားသူတစ်ယောက်ဟု သတ်မှတ်၍ရပြီမဟုတ်လော။

သူ့ဆရာဟောင်းများနှင့် ဂျူနီယာကျောင်းသားများရှေ့တွင် ကြွားဝါခွင့်ရတော့မည်ဟု တွေးမိသောအခါ ကျန်းမင်ခမျာ အလွန်စိတ်လှုပ်ရှားနေတော့သည်။

စိတ်လှုပ်ရှားပြီး အသက်ရှူမြန်နေသည့် ကျန်းမင်၏ပုံစံကိုကြည့်ပြီး ယဲ့ချန်းကတော့ ရယ်ချင်နေမိသည်။

ဤဘွဲ့ရကျောင်းသားများကို မြင်လိုက်သည်နှင့် အခြေအနေကို နားလည်လိုက်လေပြီ။

ကျောင်းအုပ်ကျူးက လူမှုပတ်ဝန်းကျင်ထဲတွင် အောင်မြင်နေသော မိုတုနည်းပညာတက္ကသိုလ်ကျောင်းသားဟောင်းများအတွက် ထောင်ချောက်တစ်ခု ဆင်ထား​ခြင်းပင်။

အပြင်ပန်းအရ အဆင့်မြင့်သော်ငြား ဤနေရာတွင် ထိုင်ရဖို့အတွက် တစ်ခုခုတော့ ပေးဆပ်ရပေလိမ့်မည်။

"မိုတုနည်းပညာတက္ကသိုလ်၏ ကျော်ကြားသူများဆွေးနွေးပွဲ"ဟု နာမည်လှလှပေးထားသော်လည်း တကယ်တမ်းတွင်မူ ဤသည်မှာ ကျောင်းသားလေးများအတွက် အလုပ်အကိုင်ရှာပေးဖို့ နည်းလမ်းတစ်ခုသက်သက်သာ။

သို့သော် စင်အောက်ရှိ မျှော်လင့်ချက်ပြည့်ဝနေသော မျက်ဝန်းများကို မြင်လိုက်ရချိန်ဝယ် ယဲ့ချန်းလည်း သူ့မိခင်တက္ကသိုလ်ကို ကူညီရန် ဆုံးဖြတ်လိုက်သည်။

သူကိုယ်တိုင်လည်း ဤကဲ့သို့သောအချိန်မျိုးကို ဖြတ်သန်းခဲ့ရပေသည်။

ဘွဲ့ရပြီးခါစအချိန်ဝယ် ယဲ့ချန်းလည်း ဤကျောင်းသားလေးများနှယ် လမ်းပျောက်ပြီး အကူအညီမဲ့သလို ခံစားခဲ့ရသည်။ ယခု သူ တတ်နိုင်သည့်အချိန်မှာ ဤဂျူနီယာလေးများကို ကူညီပေးခြင်းကား ကောင်းမှုကုသိုလ်တစ်ခုပင်။

ကျောင်းအုပ်ကျူးက စင်မြင့်ပေါ်သို့ တက်လာပြီး ဖိတ်ကြားထားသော ဒါရိုက်တာအဖွဲ့ဝင်များကိုကြည့်ကာ နွေးထွေးစွာ ပြုံးပြလိုက်သည်။

"မိုတုနည်းပညာတက္ကသိုလ်ရဲ့ ကျော်ကြားသူများဆွေးနွေးပွဲကို တက်ရောက်လာကြသူအားလုံးကို ကြိုဆိုပါတယ်။ ကျွန်တော်တို့ မိုတုနည်းပညာတက္ကသိုလ်ဟာ နှစ်ပေါင်းရာချီသမိုင်းကြောင်းရှိတဲ့ နာမည်ကြီးကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။ နှစ်တွေတစ်လျှောက် ဟွားနိုင်ငံ တိုးတက်စည်ပင်ဖို့အတွက် သက်ဆိုင်ရာကဏ္ဍတွေမှာ စွမ်းဆောင်ခဲ့ကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပညာရှင်တွေအများကြီး ပေါ်ထွက်ခဲ့ပါတယ်။ သူတို့ကို နွေးထွေးစွာ လက်ခုပ်တီးပြီး ဂုဏ်ပြုလိုက်ကြရအောင်"

ကျောင်းသားထောင်ပေါင်းများစွာက တခဲနက်လက်ခုပ်တီးကြပြီး အောင်မြင်နေသူများကို အားကျလေဟန် မျက်လုံးများဖြင့် ကြည့်နေကြသည်။

ထိုအချိန်မှာ လူတိုင်းဟာ တစ်နေ့တွင် စင်မြင့်ပေါ်မှာထိုင်ပြီး နောင်လာမည့် ဂျူနီယာလေးများ၏ လေးစားအားကျမှုကို ခံယူရဖို့ အိပ်မက်မက်နေကြချေသည်။

ကျောင်းအုပ်ကျူးက ဆို၏။

"ဆက်လက်ပြီးတော့ ကျောင်းရဲ့လူရည်ချွန်တွေက သူတို့ရဲ့စီးပွားရေးလုပ်ငန်းကို ဘယ်လိုစတင်ခဲ့လဲဆိုတာ ပြောပြပေးသွားမှာဖြစ်ပါတယ်"

...

ပထမဆုံး စင်ပေါ်တက်လာသူကတော့ ဆိုင်ခွဲပေါင်းများစွာပိုင်ဆိုင်ထားသော လုပ်ငန်းရှင်တစ်ယောက်ပင်။

"မင်္ဂလာပါ ကျောင်းသားတို့ရေ... ဒီမှာရပ်ပြီး စကားပြောခွင့်ရတာ အရမ်းဝမ်းသာပါတယ်။ ဘွဲ့ရပြီးတဲ့နောက် ကျွန်တော် အလုပ်တွေအများကြီး လုပ်ခဲ့ရတယ်။ ရုံးဝန်ထမ်းရော၊ အရောင်းဝန်ထမ်းရောပေါ့။ မဆုတ်မနစ် ကြိုးစားပြီးတဲ့နောက်မှာတော့ ဒေါ်လာသန်းချီတန်တဲ့ အမွေကို ဆက်ခံခွင့်ရပြီး အောင်မြင်တဲ့လူတစ်ယောက် ဖြစ်လာခဲ့တယ်"

ကျန်းမင် : "သေစမ်းကွာ။ ဒါ ငါပြောမယ့် ဇာတ်ညွှန်းမဟုတ်ဘူးလား"

ကျောင်းအုပ်ကြီး၏ မျက်နှာလည်း ကိုးရိုးကားရားဖြစ်သွားလေသည်။

ဤကျောင်းသားများထဲတွင် မိဘပိုင် ရွှေတွင်းစိန်တွင်းရှိသူဟူ၍ ဘယ်နှယောက်များ ရှိနိုင်မည်နည်း။

"ဒီတစ်ခေါက်မှာတော့ ကျွန်တော်တို့ကျောင်းက ထူးချွန်ကျောင်းသားအယောက်တစ်ရာကို အလုပ်ခန့်ဖို့ ဆုံးဖြတ်ထားပါတယ်"

အောင်မြင်နေသော ထိုလူ၏စကားကို ကြားလိုက်ရချိန်တွင် ကျောင်းသားများ စိတ်လှုပ်ရှားသွားကြသည်။

"ကျွန်တော်တို့ဆီမှာ အရောင်းဝန်ထမ်း၊ သန့်ရှင်းရေးဝန်ထမ်းနဲ့ လုံခြုံရေးဝန်ထမ်း ရာထူးတွေ ရှိပါတယ်။ လိုအပ်ရင် ကျွန်တော့်ဆီမှာ စာရင်းပေးသွင်းနိုင်ပါတယ်"

ကျောင်းအုပ်ကြီး၏မျက်နှာကား ချက်ချင်း ပျက်ယွင်းသွားတော့သည်။

"ဒါက တက္ကသိုလ်ကွ။ အသက်မွေးဝမ်းကြောင်းကျောင်း မဟုတ်ဘူး။ မင်းက ဘာထူးတွေ လာခန့်နေတာလဲ။ ငါက မင်းကြွားဖို့ စင်မြင့်ကောင်းကောင်းတစ်ခု လုပ်ပေးထားတာကို"

ကြွားချင်သူက ဆက်ကြွားချင်သေးသော်ငြား ကျောင်းအုပ်ကြီးကတော့ အခွင့်အရေးမပေးတော့ဘဲ ပြောလိုက်၏။

"ချန်းကွမ်း... မင်းပြောတဲ့ဇာတ်လမ်းက တခြားဖြစ်နေပြီ။ နောက်တစ်ယောက်ကို ဖိတ်လိုက်ရအောင်"

ထိုအချိန်မှာ နောက်ထပ်ကျောင်းသားဟောင်းတစ်ယောက် စင်ပေါ်သို့ တက်လာချေသည်။

ကျောင်းအုပ်ကြီးက မေးလိုက်၏။

"မင်း ဘာလုပ်ငန်းလုပ်လဲဆိုတာ သိပါရစေ"

"ကျွန်တော်က စားသောက်ကုန်လုပ်ငန်းလုပ်ပါတယ်"

ထိုကျောင်းသားက ပြန်ဖြေလေသည်။

ကျောင်းအုပ်ကြီးခမျာ ထိုအခါမှသာ သက်ပြင်းချနိုင်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။

ထိုကျောင်းသားက စင်ပေါ်တွင်နေရာယူ၍ စကားပြောလိုက်သည်။

"ချစ်ရတဲ့ဂျူနီယာတို့ရေ... အရင်က ငါလည်း မင်းတို့လို သာမန်ပါပဲ။ ဘွဲ့ရပြီးတော့ အလုပ်တောင် ရှာမရခဲ့ဘူး။ အတိုးကြီးတဲ့ ချေးငွေတွေတောင် ယူခဲ့ရလို့ မြစ်ထဲခုန်ချပြီး သေမလိုတောင်ဖြစ်ခဲ့သေးတယ်"

အောင်မြင်သူတစ်ယောက်ဆီက ဤစကားများကို ကြားလိုက်ရသောအခါ ကျောင်းသားများ စိတ်ပျက်သွားကြသည်။

ဤအဖြစ်က အလွန်သနားစရာကောင်းလွန်းနေချေပြီ။

"ဒါပေမဲ့..."

ထိုကျောင်းသား၏ လေသံက ပြောင်းသွားသည်။

အလှည့်အပြောင်းတစ်ခု လာတော့မည်ဖြစ်ကြောင်း အားလုံး သိလိုက်ကြသည်။

"ကျွန်တော် ကျောင်းအပေါက်ဝမှာ စီးပွားရေးအခွင့်အလမ်းတစ်ခု တွေ့ခဲ့တယ်။ အဲဒီကတည်းက ဆိတ်သားကင်ရောင်းရာကနေ အခုတော့ အကင်ဆိုင်သုံးဆိုင်တောင် ပိုင်နေပြီ။ ကျောင်းအပေါက်ဝက ဝမ်ချိုင်အကင်ဆိုင်ဆိုတာ ကျွန်တော့်ဆိုင်ပဲ။ မင်းတို့သွားစားရင် ၂၀ရာခိုင်နှုန်း လျှော့ပေးမယ်။ ပြီးတော့ ဘွဲ့ရပြီးတဲ့နောက် အကင်ကင်ချင်တဲ့သူရှိရင်လည်း ကျွန်တော့်ဆီ လာခဲ့ပါ"

ထိုအချိန်တွင်မူ ကျောင်းအုပ်ကျူး၏ မျက်နှာကား အိုးဖင်နှယ် မည်းတူးနေလေပြီ။

ဒါက ငါတို့ကျောင်းရဲ့ ထူးချွန်တဲ့ ပါရမီရှင်တွေလား။

•••••••••••••••••

အပိုင်း ၅၂၄ : ကြောက်ပြီး ထွက်ပြေးသွားတာလား

နောက်ပိုင်း စင်ပေါ်တက်လာသည့် အောင်မြင်သူများထဲတွင် ကားဝပ်ရှော့ဖွင့်ထားသူများ၊ သန့်ရှင်းရေးလုပ်ငန်းလုပ်ကိုင်သူများနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး ဟိုတယ်ဖွင့်ထားသူများပင် ပါဝင်နေပေသည်။

ကျောင်းအုပ်ကြီးမှာတော့ ရင်ဘတ်ကြီးတစ်ခုလုံး စုတ်ပြတ်သွားသလို ခံစားနေရရှာသည်။

ငါတို့ကျောင်းက ထွက်တဲ့ကျောင်းသားတွေထဲမှာ နည်းနည်းပါးပါးဂုဏ်ရှိတဲ့လူ တစ်ယောက်မှ မရှိတော့ဘူးလား။

ကျောင်းအုပ်ကျူးခမျာ သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်သည်။

မဖြစ်တော့ဘူး။ ဒီအတိုင်း ဆက်သွားလို့ မဖြစ်တော့ဘူး။

ဒီအတိုင်းသာ ဆက်သွားရင် ငါတို့မိုတုနည်းပညာတက္ကသိုလ်ရဲ့မျက်နှာကို ဘယ်နားသွားထားရမလဲ။

သူ့ကျောင်းသားများကို ကားပြင်သမားများ၊ သန့်ရှင်းရေးသမားများနှင့် ကလေးထိန်းများတော့ အဖြစ်မခံနိုင်ပေ။

ထိုအချိန်တွင် ကျောင်းအုပ်ကြီး၏အကြည့်က ကျောင်းသားတစ်ယောက်ထံတွင် ရပ်တန့်သွားသည်။

ဤကျောင်းသားက အာမန်နီဝတ်စုံကို ဝတ်ထားပြီး ကြည့်ရသည်မှာ အဆင့်အတန်းရှိပြီး ခေတ်မီသည့်ပုံစံမျိုးပင်။

အရေးအကြီးဆုံးမှာ သူသည် မျက်မှန်တပ်ထားသဖြင့် ပညာတတ်ဥပဓိရုပ်မျိုးနှင့် ယဉ်ကျေးသိမ်မွေ့ပုံပေါက်နေသောကြောင့်တကယ်အောင်မြင်နေသူတစ်ယောက် ဖြစ်မည်မှာ ကျိန်းသေပင်။

ကျောင်းအုပ်ကြီးလည်း မနေနိုင်တော့သည့်အဆုံး မေးလိုက်သည်။

"ကျောင်းသား... မင်း ဘာအလုပ်လုပ်တာလဲ"

ထိုကျောင်းသားက သူ့ရွှေကိုင်းတပ်မျက်မှန်ကို ပင့်တင်ရင်း ပြောလိုက်သည်။

"ကျွန်တော်က ဘဏ္ဍာရေးနယ်ပယ်မှာ အလုပ်လုပ်ပါတယ်"

ဘဏ္ဍာရေးနယ်ပယ်တဲ့လား။

ထိုကျောင်းသား၏စကားကို ကြားလိုက်ရချိန်တွင် ကျောင်းအုပ်ကြီး၏ မျက်လုံးများ လက်ခနဲဖြစ်သွားသည်။

နောက်ဆုံးတော့ ယုံကြည်ရမည့် လူတစ်ယောက်ကို ရှာတွေ့လေပြီ။

ဘဏ္ဍာရေးဆိုမှတော့ စင်စစ်ဂုဏ်ရှိသည့်အလုပ်ပင်။

"ဒါဆိုရင် မင်းရဲ့အောင်မြင်မှုအတွေ့အကြုံတွေကို ဂျူနီယာလေးတွေအတွက် ဝေမျှပေးပါဦး"

ကျောင်းအုပ်ကြီးက ပြုံးရွှင်စွာ ပြောလိုက်၏။

ထိုကျောင်းသားကလည်း ခေါင်းညိတ်ပြပြီး စင်မြင့်ထက်သို့ တက်လာခဲ့သည်။

"ကျောင်းသားတို့... ဘဝမှာ လမ်းပျောက်နေသလို ခံစားရလား။ အနာဂတ်က မျှော်လင့်ချက်မရှိဘူးလို့ ထင်နေလား။ ကျွန်တော့်နောက်ကို လိုက်ခဲ့ကြပါ။ ကျွန်တော်တို့ ကုမ္ပဏီရဲ့ ရည်မှန်းချက်က ဝန်ထမ်းတိုင်း သန်းကြွယ်သူဌေးဖြစ်ပြီး အိမ်ကြီးအိမ်ကောင်းတွေနဲ့ နေနိုင်တဲ့အပြင် ရိုးလ်ရွိုက်စ်ကားတွေ စီးနိုင်အောင် လုပ်ပေးဖို့ပါပဲ"

ကျောင်းအုပ်ကြီး : "..."

ဧည့်သည်တော်များ : "..."

ကျောင်းသားများပင် ကြောင်အမ်းသွားကြသည်။

ဒါက ဘယ်လိုကုမ္ပဏီမျိုးလဲ။ အလွန်ကြီးကျယ်ခမ်းနားပြီး မယုံနိုင်စရာပင်။

ထိုအချိန်မှာပင် အပြင်ဘက်က လူနာတင်ကားဥဩဆွဲသံနှင့်အတူ ဆေးဘက်ဆိုင်ရာဝန်ထမ်းအချို့မှာ စင်ပေါ်သို့ ဝုန်းခနဲတက်လာပြီး ထိုလူ့ကို ဆွဲခေါ်သွားကြပါတော့သည်။

ထို့နောက် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်က အားနာနေဟန်လေသံဖြင့် စကားဆိုလာလေသည်။

"အားနာပါတယ်ရှင်။ ကျွန်မသားက ဒီနေ့ ဆေးသောက်ဖို့ မေ့သွားလို့ ဘယ်လိုကနေ ဘယ်လို ဒီကျောင်းကို ရောက်လာမှန်းမသိလိုက်ဘူး"

ကျောင်းအုပ်ကျူးခမျာ သွေးအန်လုမတတ်ပင်။

ဒါက ကျော်ကြားသူတွေရဲ့ အတွေ့အကြုံဖလှယ်ပွဲ မဟုတ်တော့ဘူး။ လူပုံအလယ်မှာ အရှက်ခွဲပွဲကြီး ဖြစ်နေပြီ။

ကျောင်းအုပ်ကြီးခမျာ စိတ်ဓာတ်များ အောက်ခြေအထိ ထိုးဆင်းသွားပါတော့သည်။

အစောက စိတ်လှုပ်ရှားနေကြသော ကျောင်းသားများ၏ မျက်ဝန်းများလည်း အရောင်မှိန်သွားကြ၏။

သူတို့ကျောင်းက ဒီလောက်အဆင့်ပဲ ရှိတာလား။

မဟုတ်ပါက အကင်ရောင်းသူများ၊ စူပါမားကတ်ဖွင့်ထားသူများနှင့် သန့်ရှင်းရေးလုပ်သူများက ဘာကြောင့်များ သူတို့ကျောင်း၏ ထင်ပေါ်ကျော်ကြားသူများ ဖြစ်နေရလေသလဲ။

အကယ်၍ သူတို့သာ ဤသို့နှယ်အဆုံးသတ်ရမည်ဆိုလျှင် ပြိုင်ဆိုင်မှုပြင်းထန်သည့် ယနေ့ခေတ် လူမှုအသိုင်းအဝိုင်းတွင် ဘာမျှော်လင့်ချက် ရှိတော့မည်နည်း။

ကျောင်းအုပ်ကျူးခမျာ သက်ပြင်းရှည်ကြီးတစ်ချက် ထပ်ချလိုက်သည်။ ယခုမူ အကောင်းဆုံးလက်နက်ကို ထုတ်သုံးရတော့မည်ဖြစ်ကြောင်း သူသိလိုက်သည်။

အကောင်းဆုံးလက်နက်ဆိုသည်မှာ ကျန်းမင်နှင့် ယဲ့ချန်းတို့ပင်။

ဤနှစ်ယောက်က စင်စစ်ခမ်းနားကြီးကျယ်လှသော ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်များပင်။

ကျောင်းအုပ်ကျူးက အသက်ပြင်းပြင်းရှူသွင်း၍ ပြောလိုက်၏။

"ဆက်လက်ပြီးတော့ ဖန်ခိုင်လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌ ကျန်းမင်ကို အမှာစကားပြောကြားပေးဖို့ ဖိတ်ခေါ်ပါတယ်"

"ဖန်ခိုင်လုပ်ငန်းစုဆိုတာ အိမ်ခြံမြေလောကမှာ နာမည်ကြီးပဲမဟုတ်လား"

"အိုး... နောက်ဆုံးတော့ တကယ့်ဒိတ်ဒိတ်ကြဲတစ်ယောက်ကို တွေ့ရပြီဟေ့"

ထိုအချိန်မှာပင် ကျန်းမင်က ဂုဏ်ယူဝင့်ကြွားစွာ မတ်တတ်ထရပ်လိုက်သည်။

စောစောက အောင်မြင်သူများ၏ အပြုအမူများမှာ ကျန်းမင်ကို ဗိုက်အောင့်လုမတတ် ရယ်မောစေခဲ့သည်။

သူနှင့်ယှဉ်လျှင် ဤလူတစ်သိုက်က ဘာမှမပြောပလောက်ပေ။

ကျန်းမင်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

"ကျောင်းသားတို့... ငါ့နာမည်က ကျန်းမင်ပါ။ ငါလည်း မိုတုနည်းပညာတက္ကသိုလ်က ကျောင်းသားတစ်ယောက်ပါပဲ။ ငါပြောပြချင်တာက ငါ့မှာ ဈေးကွက်ပေါက်ဈေး တစ်ဆယ်ဘီလျံတန်တဲ့ လုပ်ငန်းစုတစ်ခုရှိပြီး ငါ့လက်အောက်မှာလည်း ဝန်ထမ်းအယောက်တစ်သောင်းရှိတယ်"

တကယ်တော့ ကျန်းမင်၏ စကားများက ချဲ့ကားထားခြင်းသာ။ တစ်ဆယ်ဘီလျံဆိုသည်မှာ တကယ်တမ်းတွင် နှစ်ဘီလျံသာရှိ၏။ ဝန်ထမ်းအယောက်တစ်သောင်းဆိုသည်မှာလည်း သုံးထောင်လောက်သာ ရှိ၏။

သို့သော် ဤကဲ့သို့သော ပွဲမျိုးမှာမှ မကြွားလျှင် ဘယ်အချိန်များ သွားကြွားရမည်နည်း။

ကျန်းမင်၏ မိတ်ဆက်စကားကို ကြားပြီးနောက် ကျောင်းအုပ်ကျူးမှာ ဝမ်းသာလွန်း၍ မျက်ရည်ပင်ဝဲလာသည်။

နောက်ဆုံးတော့ ထုတ်ပြစရာ ကျောင်းသားတစ်ယောက် ရှာတွေ့ခဲ့ပြီ။

ထိုအချိန်ဝယ် စင်အောက်ရှိ ကျောင်းသားများကလည်း အားကျလေဟန် မျက်လုံးများဖြင့် တီးတိုးဆွေးနွေးနေကြသည်။

ကျန်းမင်က ခန်းမတစ်ခုလုံးကို ဂုဏ်ယူဝင့်ကြွားလေဟန် မျက်နှာထားဖြင့် ဝေ့ကြည့်လိုက်၏။

နောက်ဆုံးမှာတော့ သူ့အကြည့်က ယဲ့ချန်းထံဝယ် ရပ်တန့်သွားသည်။

ဘယ်လိုလဲ... ငါ့ရှေ့မှာ ဆရာကြီးလုပ်ချင်သေးလား။ မင်း ငါနဲ့ ယှဉ်နိုင်လို့လား။

"ငါတို့ကုမ္ပဏီက အိမ်ခြံမြေ၊ စားသောက်ကုန်နဲ့ တခြားကဏ္ဍပေါင်းဆယ်ခုကျော်မှာ လုပ်ငန်းတွေရှိပါတယ်။ ဟွားနိုင်ငံရဲ့ အကြီးဆုံးလုပ်ငန်း၅၀၀ထဲက ထက်ဝက်ကျော်နဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ ရှိတယ်"

...

ကျန်းမင်က ပိုပြီးယုံကြည်ချက်ရှိရှိဖြင့် ကြွားလုံးထုတ်နေတော့သည်။

အခမ်းအနားရှိ ကျောင်းသားများကလည်း စိတ်ဝင်တစား နားထောင်နေကြသည်။

ဒါကမှ တကယ့်လူကုံထံအစစ်။

အရမ်းမိုက်တာပဲ။

ကျောင်းအုပ်ကျူးလည်း မနေနိုင်တော့ဘဲ မတ်တတ်ထရပ်လိုက်သည်။

"တွေ့ကြလား... ဒါ ငါတို့ကျောင်းရဲ့ ထူးချွန်ကျောင်းသားဟောင်းပဲ။ သူ့အတွက် လက်ခုပ်တီးပြီး အားပေးလိုက်ကြပါဦး"

မိုးခြိမ်းသံနှယ် ဟိန်းထွက်သွားသော လက်ခုပ်သံများ ထွက်ပေါ်လာလေသည်။

ကျောင်းသားများလည်း အလွန်စိတ်လှုပ်ရှားသွားကြသည်။

နောက်ဆုံးတွင်မူ မျှော်လင့်ချက်ရောင်ခြည်ကို မြင်လိုက်ရလေပြီ။

ကျန်းမင်က သူတို့ကျောင်းက ဘွဲ့ရသွားသည်ဖြစ်ရာ သူတို့လည်း ဤကဲ့သို့သော အောင်မြင်မှုမျိုးကို ရနိုင်ခြေရှိသည်ဟု တွေးလိုက်မိကြသည်။

သူ့ကို အားကျတကြီးကြည့်နေကြသည့် စင်အောက်ရှိ ကျောင်းသားများကိုကြည့်ပြီး ကျန်းမင်ခမျာ အတိုင်းမသိ ဂုဏ်ယူနေချေသည်။

အားလုံးထံမှ အာရုံစိုက်ခံရသည့် ဤခံစားချက်က စင်စစ်ကောင်းမွန်လွန်းလှသည်။

ယဲ့ချန်းကတော့ စင်အောက်မှာထိုင်ရင်း ကျန်းမင်၏ကြွားလုံးကို အသာကြည့်နေခဲ့သည်။

ကျောင်းအုပ်ကျူးက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

"ကျန်းမင်... မင်း ဂျူနီယာလေးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ဘယ်လောက်များများ ပေးနိုင်မလဲ"

ကျန်းမင်က ဝင့်ကြွားစွာ ဆိုလိုက်လေသည်။

"ကျွန်တော့်မိသားစုလုပ်ငန်းတွေက ကဏ္ဍစုံမှာ ရှိပါတယ်။ ဂျူနီယာတွေအားလုံးအတွက် အလုပ်ပေးနိုင်ပါတယ်။ အားလုံးကို ကျွန်တော် တာဝန်ယူပါတယ်"

ဝိုး... မိုက်လှချည်လား။

ကျောင်းအုပ်ကျူးမှာ ပို၍ပင် စိတ်လှုပ်ရှားသွားသည်။

"ကျန်းမင်... ဂျူနီယာလေးတွေအတွက် ဘယ်လိုရာထူးမျိုးတွေ ပေးမှာလဲ"

ကျောင်းအုပ်ကြီးက ထပ်မေးလိုက်ပြန်သည်။

"ကျွန်တော်တို့ ဆောက်လုပ်ရေးကုမ္ပဏီမှာ လက်သမားနဲ့ ပန်းရန်ဆရာတွေ လိုနေပါတယ်။ လစာကလည်း ကောင်းတယ်။ တစ်လကို ယွမ်ခြောက်ထောင်ပေးမှာပါ"

...

ကျောင်းအုပ်ကျူး၏ စိတ်လှုပ်ရှားနေသော မျက်နှာက ချက်ချင်းဆိုသလို အေးစက်သွားသည်။

ငါ့ကျောင်းသားတွေကို အလုပ်ကြမ်းသမားတွေလို သဘောထားနေတာလား။

ဆရာတစ်ယောက်က ဆို၏။

"ကျန်းမင်... ငါတို့ကျောင်းသား တော်တော်များများက ဘဏ္ဍာရေးစီမံခန့်ခွဲမှု ပညာရပ်ကို လေ့လာနေကြတာပါ"

"ရတာပေါ့... ကျွန်တော်တို့ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ စာရင်းကိုင်တွေလိုနေတယ်။ အာ... ပြီးတော့ ကျွန်တော်တို့ စူပါမားကတ်မှာလည်း ငွေကိုင်လုပ်လို့ ရတာပဲ"

ထိုအချိန်တွင်မူ ကျောင်းအုပ်ကြီး၏ မျက်နှာကား လုံးဝပျက်ယွင်းသွားသည်။

ငါတို့မိုတုနည်းပညာတက္ကသိုလ်က ဘွဲ့ရကျောင်းသားတွေက မင်းဆီမှာ ငွေကိုင်လုပ်ရမှာလား။ လက်သမားနဲ့ ပန်းရန်ဆရာတွေ လုပ်ရမှာလား။

တစ်ခန်းလုံး ရုတ်ရုတ်သဲသဲဖြစ်သွားသည်။

စင်အောက်ရှိ ကျောင်းသားများလည်း အလွန်စိတ်ဆိုးကုန်ကြသည်။

"ဒါဆို မိုတုနည်းပညာတက္ကသိုလ်က ကျောင်းသားတွေက ဘွဲ့ရပြီးရင် အနာဂတ်မရှိတော့ဘူးလို့ ဆိုလိုချင်တာလား"

"ကြိုသိခဲ့ရင် ငါ ဒီကျောင်းကို မရွေးခဲ့ပါဘူး"

"ဟုတ်တယ်... ငါ အရမ်းနောင်တရတာပဲ"

ကျန်းမင်ကလည်း ကျောင်းသားများ၏ မကျေနပ်မှုကို သတိထားမိသွားသဖြင့် ဆက်ပြောလိုက်၏။

"ကျောင်းသားတို့... ငါပေးတဲ့အလုပ်တွေကို အထင်မသေးကြနဲ့။ အခုခေတ်မှာ အလုပ်ရှာရတာ ဘယ်လောက်ခက်လဲသိလား။ မင်းတို့ အပြင်ထွက်ရင် မိုတုနည်းပညာတက္ကသိုလ်က ကျောင်းသားဆိုပြီး ဘယ်သူက အသိအမှတ်ပြုမှာလဲ။ ဒါကြောင့် အမြင့်ကြီးမမှန်းကြနဲ့။ အလုပ်က ပင်ပန်းပေမဲ့ အလားအလာတော့ ရှိပါတယ်။ အုတ်ခဲတွေ ကောင်းကောင်းသယ်နိုင်ရင် တစ်နေ့မှာ မင်းတို့ လစာတစ်သောင်းကျော်ရတဲ့ အလုပ်သမားခေါင်းဆောင် ဖြစ်လာနိုင်တာပဲ"

ကျောင်းသားများမှာ လုံးဝသည်းမခံနိုင်ကြတော့ပေ။

သို့ဆိုလျှင် လေးနှစ်ပတ်လုံး တက္ကသိုလ်တက်ခဲ့ကြသည်မှာ အလုပ်ကြမ်းသမားများ ဖြစ်လာဖို့လား။

ကျောင်းအုပ်ကျူး၏ မျက်နှာထက်ဝယ် စိတ်ပျက်လေဟန် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

သူ့အနေနှင့် အောင်မြင်​နေသော ကျောင်းသားများက ကျောင်း၏ဂုဏ်သိက္ခာကို ပြန်ဆယ်ပေးနိုင်မည်ဟု မျှော်လင့်ခဲ့သော်ငြား ယခုမူ သူ့စိတ်က အကောင်းမြင်လွန်းသွားပုံပင်။

မိုတုနည်းပညာတက္ကသိုလ်က ထုတ်ပြစရာ ကျောင်းသားကောင်းတစ်ယောက်မှ မရှိသည့်အတွက် စင်စစ် အသုံးမကျသော ကျောင်းတစ်ကျောင်း ဖြစ်နေချေပြီ။

ထိုအချိန်မှာပင် သူ့အကြည့်က ယဲ့ချန်းထံသို့ ရုတ်တရက် ရောက်သွားလေသည်။

ဟုတ်သားပဲ... နောက်ဆုံးမျှော်လင့်ချက် ကျန်သေးတာပဲ။

ကျန်းမင်က ဆက်ကြွားချင်သေးသော်ငြား ကျောင်းအုပ်ကျူးကမူ ဒေါသတကြီးပြောလိုက်၏။

"မင်း ဘာတွေ လာဟန်ဆောင်နေတာလဲ။ ဒါက အလုပ်ကြမ်းသမားတွေအတွက် အလုပ်ခေါ်တဲ့ပွဲ မဟုတ်ဘူး။ စင်ပေါ်က ဆင်းတော့"

ထိုအချိန်မှာပင် ကျောင်းအုပ်ကျူးက ယဲ့ချန်းကို ဖိတ်ခေါ်ရန်ပြင်နေခိုက် ယဲ့ချန်းက မတ်တတ်ထရပ်ပြီး အပြင်သို့ ထွက်သွားကြောင်း တွေ့လိုက်ရသည်။

ကျောင်းအုပ်ကျူး၏ရင်ထဲ ထိတ်ခနဲဖြစ်သွားလေသည်။

ယဲ့ချန်းက အပြစ်ရှိသလိုခံစားရ၍များ ထွက်သွားလေသလား။

ကျန်းမင်ကလည်း ယဲ့ချန်း ထွက်သွားသည်ကိုမြင်သော် အကျယ်ကြီး အော်ရယ်လိုက်ချေသည်။

"တွေ့လား... ဒါ မင်းတို့လေးစားနေတဲ့ စီနီယာပဲ။ ငါ့ကို မယှဉ်နိုင်ဘူးလေ။ အနည်းဆုံးတော့ ငါက အလုပ်ပေးနိုင်သေးတယ်။ သူကတော့ ကြောက်ပြီး ထွက်ပြေးသွားပြီ"

•••••••••••••

အပိုင်း ၅၂၅ : ကျွန်တော် လူလွှတ်လိုက်တယ်

ကျောင်းအုပ်ကျူးခမျာ သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီးနောက် ရုတ်တရက် အိုစာသွားသလိုပင်။

အစတုန်းကတော့ ယဲ့ချန်းကို ကျောင်း၏မျှော်လင့်ချက်ဟု သူ ထင်ထားခဲ့သည်။

သူ အတွေးလွန်သွားပုံရသည်။

ယဲ့ချန်းမှာ ဤမျှအထိ စွမ်းဆောင်ရည်မရှိကြောင်း ရှင်းနေပေသည်။

မဆန်းပါဘူးလေ။ ကျောင်းသားအယောက်သုံးထောင်လအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေကို ဘယ်သူကများ တစ်ယောက်တည်း ဒိုင်ခံပြီး စီစဉ်ပေးနိုင်မှာတဲ့လဲ။

ကျန်းမင်၏ မျက်နှာပေါ်တွင်မူ မောက်မာဝင့်ကြွားလေဟန် အမူအရာများ အထင်းသားပေါ်လွင်နေသည်။

"မင်းတို့ မြင်ကြပြီမလား။ မင်းတို့အားလုံး အထင်ကြီးလေးစားနေကြတဲ့ စီနီယာယဲ့ဆိုတာ သတ္တိကြောင်တဲ့ကောင်ပါကွာ။ ကြောက်လွန်းလို့ ထွက်တောင်ပြေးသွားပြီ"

ကျောင်းသားများ၏ မျက်လုံးထဲတွင် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်သွားသည်။

တကယ်တော့ ယဲ့ချန်းမှာ ကျောင်းသားတော်တော်များများ၏ စံပြပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။

ကျောင်းသားအများစုက ယဲ့ချန်းကို သူတို့၏ စံပြပုဂ္ဂိုလ်တစ်ယောက်အဖြစ် သတ်မှတ်ထားကြသည်ဟုပင် ဆိုနိုင်သည်။

သို့သော် ယခုမူ ယဲ့ချန်းကိုယ်တိုင် နောက်ဆုတ်သွားပြီဖြစ်ရာ သူတို့ကို မည်သူကများ ကယ်တင်ပေးနိုင်တော့မည်နည်း။

သူ သက်ပြင်းချလိုက်ပြန်သည်။

ဤဘုတ်အဖွဲ့အစည်းအဝေးကတော့ လုံးဝကျရှုံးသွားပြီထင်ပါရဲ့။

ထိုစဉ်မှာပင် ယဲ့ချန်း ပြန်ရောက်လာသည်။

ကျန်းမင်က လှောင်ပြုံးပြုံးလိုက်၏။

"ယဲ့ချန်း.. မင်း ထွက်ပြေးသွားတာ မဟုတ်ဘူးလား။ မျက်နှာပြောင်တိုက်ပြီး ပြန်လာရဲသေးတယ်ပေါ့"

ယဲ့ချန်းလည်း ကြောင်အမ်းအမ်းဖြစ်သွားလေသည်။

"ငါ ဘယ်တုန်းက ထွက်ပြေးလို့လဲ။ ဧည့်သည်​တွေကို သွားကြိုဖို့ အပြင်ထွက်သွားတာကို"

"ဘာ"

ကျန်းမင် ခဏမျှအံ့သြမှင်တက်သွားသည်။

ယဲ့ချန်း၏အနောက်တွင် လူဆယ်ယောက်ကျော်လောက် ပါလာကြောင်း သူ သတိထားမိလိုက်သည်။

ကျောင်းအုပ်ကျူးလည်း အံ့သြသွားသည်။

"ဒီလူတွေက ဘယ်သူတွေလဲ"

ယဲ့ချန်းက ပြုံးလျက် မိတ်ဆက်ပေးလိုက်သည်။

"ဒါက မိုတုဥပဒေအကျိုးဆောင်ကုမ္ပဏီက မန်နေဂျာလီ။ ဒါက ယုံအန်းစာရင်းကိုင်ကုမ္ပဏီက လူသစ်ခန့်အပ်ရေးဒါရိုက်တာ၊ သူကတော့ ဟွမ်ယွီဟိုတယ်က မန်နေဂျာ၊ ဒါက မိုတုစီးပွားရေးလမ်းမက အိမ်ခြံမြေမန်နေဂျာ၊ ဒါက နဂါးသံချပ်ကာလုံခြုံရေးလုပ်ငန်းစုက လူသစ်ခန့်အပ်ရေးဒါရိုက်တာ၊ ဒါကတော့ ထျန်းယွမ်နည်းပညာကုမ္ပဏီက မန်နေဂျာ။ နောက်ပြီး ဒီတစ်ယောက်ကတော့ အားလီလုပ်ငန်းစုက လူသားအရင်းအမြစ်ဌာနရဲ့ဒါရိုက်တာပါ..."

ယဲ့ချန်း၏ မိတ်ဆက်စကားကို ကြားပြီးနောက် အားလုံး အံ့သြမှင်တက်ပြီး ဆွံ့အသွားကြသည်။

သိထားရမည့်အချက်မှာ ယဲ့ချန်း မိတ်ဆက်ပေးလိုက်သည့် ကုမ္ပဏီများအားလုံးက သူတို့၏ သက်ဆိုင်ရာနယ်ပယ်များတွင် ထိပ်တန်းအဆင့်ချည်းသာ။

ဥပမာအားဖြင့် အားလီလုပ်ငန်းစုဆိုလျှင် ၉၈၅နှယ် နာမည်ကြီးထိပ်တန်းတက္ကသိုလ်များမှ ကျောင်းသားများပင် အလုပ်ဝင်ဖို့ အလွန်ခက်ခဲလှသည်။

ယုံအန်းစာရင်းကိုင်ကုမ္ပဏီဆိုသည်မှာလည်း ဟွားနိုင်ငံ၏ ထိပ်တန်းစာရင်းကိုင်ကုမ္ပဏီတစ်ခုပင်။

ထိုလုပ်ငန်းစုတွင် အလုပ်ဝင်ဖို့ဆိုလျှင် နာမည်ကြီးတက္ကသိုလ်တစ်ခုခုက ဘွဲ့ရထားရန် လိုအပ်ပေသည်။

သူတို့တွေက ဘာလို့ ဒီကိုရောက်လာကြတာလဲ။

ယဲ့ချန်းက ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်သည်။

"ဒီလူတွေက ကျွန်တော်ဖိတ်ထားတဲ့ သူဌေးတွေနဲ့ လူသားအရင်းအမြစ်ဌာနရဲ့ဒါရိုက်တာတွေပါ။ သူတို့က ဒီနေ့ ကျွန်တော်တို့ကျောင်းမှာ အလုပ်ခေါ်ယူမှုတွေ လာလုပ်ကြမှာပါ"

ယဲ့ချန်း၏စကားကို ကြားလိုက်ရသောအခါ တစ်ခန်းလုံး ပျော်ရွှင်စိတ်လှုပ်ရှားမှုကြောင့် ပွက်လောရိုက်သွားတော့သည်။

ဤကုမ္ပဏီများထဲက ဘယ်ကုမ္ပဏီဖြစ်ဖြစ် သူတို့အတွက်တော့ တွေးတောင်မတွေးရဲသည့် အိပ်မက်များ အကောင်အထည်ပေါ်လာခြင်းပင်။

ဤနေရာအထိလာပြီး အလုပ်ခေါ်ယူနေကြသည်ဟူသော အချက်မှာ ယုံနိုင်စရာပင် မရှိလှပေ။

ကျောင်းအုပ်ကျူးလည်း ဆွံ့အသွားသည်။

ဤကုမ္ပဏီများ၏နာမည်ကို ကြားရုံမျှဖြင့် သူ့ခေါင်းများ မူးနောက်သွားရသည်။ ယခုမူ သူတို့အားလုံးက အလုပ်လာခေါ်ကြသတဲ့လား။

ထို့ပြင် ဤကုမ္ပဏီများကပေးမည့် ရာထူးများမှာ ကျန်းမင်ပေးသော ပန်းရန်၊ ဆောက်လုပ်ရေးအလုပ်သမားနှင့် ငွေကိုင်စာရေး အစရှိသော အလုပ်များနှင့် လုံးဝကွာခြားလှသည်။ အားလုံးက ရုံးဝန်ထမ်းရာထူးများချည်းသာ။

မိုတုနည်းပညာတက္ကသိုလ်မှ ကျောင်းသားများအားလုံးလည်း ဝမ်းသာလွန်း၍ ခုန်ပေါက်နေကြသည်။

သို့သော် ဤသို့နှယ် ဩဇာကြီးမားလှသော ကုမ္ပဏီများ ယခုလို အလုပ်လာခေါ်ရခြင်းမှာ သူတို့၏စီနီယာ ယဲ့ချန်းကြောင့်ဖြစ်ကြောင်း အားလုံး သိထားကြသည်။

ကျောင်းအုပ်ကျူးကမူ စိတ်လှုပ်ရှားနေဟန် အမူအရာဖြင့် ယဲ့ချန်း၏လက်ကို ဆုပ်ကိုင်လှုပ်ရမ်းလိုက်၏။

"ယဲ့ချန်း.. ကျေးဇူးတင်ပါတယ်ကွာ။ မင်းက ငါတို့မိုတုနည်းပညာတက္ကသိုလ်အတွက်ရော မင်းရဲ့ဂျူနီယာညီအစ်ကိုမောင်နှမတွေအတွက်ပါ ကျေးဇူးပြုလိုက်တာပါပဲ"

ယဲ့ချန်းက ရယ်မောလိုက်၏။

"ဒါက တစ်စိတ်တစ်ပိုင်းပဲ ရှိပါသေးတယ်။ အရှေ့တိုင်းလေကြောင်းလိုင်း၊ ဖယ်ရာရီလုပ်ငန်းစုနဲ့ ပါတက်ဖီးလစ်တို့ကတော့ အလှမ်းဝေးလို့ ရောက်မလာကြသေးဘူး"

ကျောင်းအုပ်ကျူး : "..."

ကျန်းမင် : "..."

ကျောင်းတာဝန်ခံများအားလုံး။

အားလုံး အံ့သြမှင်တက်သွားကြသည်။

ယဲ့ချန်း၏ ဩဇာလွှမ်းမိုးနိုင်စွမ်းက ဘယ်လောက်တောင် ကြီးမားနေလေသလဲ။

ထိုအထဲရှိ ဘယ်ကုမ္ပဏီဖြစ်ဖြစ် ထိပ်တန်းအဆင့်များချည်းဖြစ်ပြီး ယဲ့ချန်းက သူတို့အားလုံးကို တစ်ပြိုင်နက်တည်း ဖိတ်ခေါ်နိုင်ခဲ့သည်။

ဤသည်ကပင် အံ့သြဖို့ကောင်း​နေလေပြီ။

အလုပ်ခေါ်ယူမှုများ စတင်ပေတော့သည်။

ကုမ္ပဏီတစ်ခုစီတိုင်းက နည်းပညာတက္ကသိုလ်အတွက် အလုပ်နေရာပေါင်း ရာနှင့်ချီပြီး ပေးအပ်ခဲ့ကြသည်။

စတင်ခန့်အပ်သည့် နှစ်စဉ်လစာက ယွမ် နှစ်သိန်းပင်။

၉၈၅နှယ် နာမည်ကြီးထိပ်တန်းတက္ကသိုလ်များအတွက်ပင် ဤသို့သောအခွင့်အရေးမျိုးမှာ အလွန်ရှားပါးလှသည်။

ဤနာမည်ကြီးကုမ္ပဏီတစ်ခုချင်းစီတိုင်းမှာ ဟွားနိုင်ငံမှာသာမက ကမ္ဘာပေါ်မှာပါ ထိပ်တန်းငါးရာစာရင်းဝင်သည့် ကုမ္ပဏီများပင်။

မူးနောက်သွားစေလောက်အောင် ကြီးကျယ်ခမ်းနားလှသော ဤကုမ္ပဏီများအားလုံးက မိုတုနည်းပညာတက္ကသိုလ်ကို ရောက်လာခဲ့ကြသည်။

အားလုံးက ရည်ရွယ်ချက်တစ်ခုတည်းအတွက်ပင်။ အလုပ်သမားခေါ်ယူရန်ပင်တည်း။

ထိုခန်းမမှာ ချက်ချင်းဆိုသလို အလုပ်အကိုင်ပြပွဲကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ယခင်က မိုတုနည်းပညာတက္ကသိုလ်ရှိ ကျောင်းသားများမှာ ဘယ်သွားသွား ဒုတိယတန်းစားအဖြစ် သတ်မှတ်ခံရပြီး ဘေးဖယ်ထားခံခဲ့ရသော်ငြား ယခုမူ အားလုံးက ဝိုင်းဝိုင်းလည်လိုချင်နေကြသူများ ဖြစ်လာခဲ့လေပြီ။

ကျောင်းသားများမှာ အံ့သြလွန်း၍ စကားမပြောနိုင်လောက်အောင် ဖြစ်နေကြသည်။

သူတို့ အိပ်မက်ပင်မမက်ရဲခဲ့သည့် ကုမ္ပဏီများမှာ ယခုတော့ သူတို့ကို အလုအယက်ခေါ်နေကြပြီဖြစ်၏။

ယခင်ကမူ ​ကျောင်းသားတချို့က အောက်ခြေသိမ်းအလုပ်များတွင် ဝင်လုပ်ဖို့အထိ ပြင်ဆင်ထားခဲ့ကြသည်။

သို့သော် မထင်မှတ်ထားပါဘဲ ယဲ့ချန်း၏လွှမ်းမိုးမှုကြောင့် နိုင်ငံတကာကုမ္ပဏီကြီးများတွင် သူတို့ အလုပ်နေရာများ ရသွားကြသည်။

ဤကုမ္ပဏီများက ပေးထားသော အကျိုးခံစားခွင့်များက သူတို့ ထင်ထားသည်ထက် ကျော်လွန်နေချေသည်။

တချို့ကျောင်းသားများဆိုလျှင် ရွေးချယ်စရာများလွန်းသဖြင့် ဘယ်ကုမ္ပဏီကို လျှောက်ရမှန်းပင် မသိတော့ပေ။

သူတို့လိုချင်သည့် ရာထူးများကို ရသွားကြသော ကျောင်းသားများကတော့ သူတို့၏အထက်တန်းကျောင်း စကားပြောဝိုင်းများတွင် ကြွားလုံးထုတ်ကြပါတော့သည်။

"စီနီယာယဲ့ချန်းရဲ့ အကူအညီကြောင့် ငါ ဘွဲ့ရပြီးရင် ယုံအန်းစာရင်းကိုင်ကုမ္ပဏီကို ဝင်ခွင့်ရသွားပြီ"

ဟွားချင်းတက္ကသိုလ်ဘဏ္ဍာရေးဌာနမှ ထိပ်တန်းကျောင်းသားတစ်ယောက် : "မင်း လာနောက်နေတာလား။ ငါ့လို ဟွားချင်းတက္ကသိုလ်က ကျောင်းသားကိုတောင် မနေ့ကပဲ သူတို့ ပယ်ချခဲ့တာလေ။ မင်းက မိုတုနည်းပညာတက္ကသိုလ်ကလေ။ ငါ့ကို လာနောက်နေတာလား"

သို့သော် ထိုကျောင်းသားက လက်မှတ်ရေးထိုးထားသော စာချုပ်ကို ပို့ပေးလိုက်သောအခါ ဟွားချင်းတက္ကသိုလ်ကျောင်းသားမှာ ချက်ချင်းဆိုသလို ကြောင်အသွားလေသည်။

"သေစမ်း.. ဒီလိုမှန်းသာကြိုသိခဲ့ရင် ငါလည်း မိုတုနည်းပညာတက္ကသိုလ်ကိုပဲ လျှောက်ခဲ့မှာပေါ့"

ဤသတင်းက ဟွားနိုင်ငံတစ်ဝန်းတွင် အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။

ထိုစကားပြောဝိုင်းထဲတွင် တက္ကသိုလ်အသီးသီးရှိ ကျောင်းသားများ ရှိနေကြသည်။

အစောကပင် သူတို့တစ်သိုက်မှာ လှောင်ပြောင်ရယ်မောစရာများ ဖြစ်နေသော်ငြား ယခုမူ အခြေအနေအရ နည်းနည်းပါးပါး ကြွားခွင့်ရှိသွားလေပြီ။

"သေစမ်း.. တရားမျှတမှုဆိုတာ မရှိတော့ဘူးလား။ မိုတုနည်းပညာတက္ကသိုလ်လို ကျောင်းမျိုးက ဒီလိုအလုပ်ကောင်းတွေ ရသွားတယ်တဲ့"

"ငါ့ရဲ့၉၈၅ဘွဲ့ကြီးနဲ့တောင် အလုပ်ရှာမရတာ။ ဘယ်သွားပြီး ဖြေရှင်းချက်တောင်းရမလဲ"

"သူတို့ကျောင်းသားတွေရဲ့ အစမ်းခန့်လစာက ယွမ်နှစ်သိန်းက စတယ်လို့ ကြားတယ်"

"သူတို့ရဲ့အလုပ်ရနှုန်းက ဘယ်လောက်လဲ မင်းသိလား။ ရာနှုန်းပြည့်တဲ့။ ပြီးတော့ အလုပ်တွေအကုန်လုံးကလည်း နှစ်စဉ်လစာ ယွမ်နှစ်သိန်းနဲ့ အထက်တွေချည်းပဲ"

...

ဤကျောင်းသားများမှာ တစ်ချိန်တုန်းကတော့ ထိပ်တန်းကျောင်းသားများ ဖြစ်ခဲ့ကြသည်။

နာမည်ကြီးတက္ကသိုလ်တစ်ခုကို ဝင်ခွင့်ရခဲ့သောကြောင့် သူတို့ အလွန်ပျော်ရွှင်ခဲ့ရသည်။

ထိုအချိန်တွင် မိုတုနည်းပညာတက္ကသိုလ်၏ ကျောင်းအပ်နှံမှုက အထွတ်အထိပ်သို့ ရောက်သွားလေသည်။

ကျောင်းအုပ်ကြီးနှင့် ဆရာဆရာမများ၏ မျက်နှာထက်ဝယ် အပြုံးပန်းများ ဝေဆာနေကြသည်။

"မစ္စတာယဲ့.. ခင်ဗျားက ကျွန်တော်တို့ရဲ့ မိုတုနည်းပညာတက္ကသိုလ်ကို ကယ်တင်လိုက်တာပါ"

"ဟုတ်ပါတယ်။ ကျွန်တော်တို့ရဲ့ မိခင်တက္ကသိုလ်ကြီးက ခင်ဗျားကို ကျေးဇူးတင်နေမှာပါ"

"ဝိုး.. ဘယ်သူထင်ထားမှာလဲ။ အခုလေးတင်ပဲ ဒီကျောင်းသားတွေရဲ့ အလုပ်အကိုင်အတွက် ကျွန်တော်တို့ စိတ်ပူနေခဲ့ရတာ။ မျက်စိတစ်မှိတ်အတွင်းမှာတင် အားလုံး အဆင်ပြေသွားပြီ"

ယဲ့ချန်းကတော့ ဤအရာအားလုံးကို တည်တည်ငြိမ်ငြိမ်သာ ကြည့်နေခဲ့သည်။

ဤကမ္ဘာပေါ်တွင် တရားမျှတမှုဆိုသည်မှာ မရှိပါချေ။ အခွင့်အရေးများသာ ရှိ၏။

ဤကျောင်းသားများမှာ ယဲ့ချန်းနှင့် ဆုံတွေ့ခွင့်ရခဲ့သဖြင့် ကံကောင်းသွားသည်ဟု ဆိုရပေမည်။

ကျောင်းအုပ်ကျူးက သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ယဲ့ချန်း.. ဒီကုမ္ပဏီတွေက ဟွားနိုင်ငံထဲမှာ နာမည်ကြီးကုမ္ပဏီတွေချည်းပဲ။ ငါတို့ဆီမှာ အလုပ်လာခေါ်ဖို့ မင်း သူတို့ကို ဘယ်လိုများ ဖျောင်းဖျလိုက်တာလဲ"

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်လေသည်။

"ဘာလို့ ဖျောင်းဖျရမှာလဲ။ သူတို့ဘာသာသူတို့ အလုပ်လာခေါ်ချင်ကြတာလေ"

အားလုံး ကြောင်အမ်းအမ်းဖြစ်သွားကြသည်။

ကျောင်းအုပ်ကျူးနှင့် ဆရာများမှာ အသိတရားနည်းနည်းတော့ ရှိနေသေးသည်။

လူ့အသိုင်းအဝိုင်းကြားတွင် သူတို့ကျောင်း၏ ရပ်တည်မှုအဆင့်အတန်းက မည်မျှရှိကြောင်း သူတို့ ကောင်းကောင်းသိထားကြသည်။

ဤထိပ်တန်းကုမ္ပဏီငါးရာက သူတို့ကျောင်း၏ ဂုဏ်သတင်းကြောင့် အလုပ်လာခေါ်သည်ဟု တစ်ယောက်ယောက်က ပြောလာခဲ့လျှင်ပင် သူတို့ လုံးဝယုံမည်မဟုတ်ပေ။

သူတို့ အလွန်အမင်း အံ့ဩတုန်လှုပ်သွားကြသည်။

ယဲ့ချန်း၏ နောက်ခံအသိုင်းအဝိုင်းက ဘာများလဲ။

ထိပ်တန်းကုမ္ပဏီအများကြီးက ယဲ့ချန်း၏မျက်နှာကို ထောက်ထားပေးကြခြင်းမှာ လုံးဝယုံနိုင်စရာမရှိပေ။

လူအုပ်ကြီးထဲတွင် လေ​ကြောင့် ဖရိုဖရဲဖြစ်နေသော လူကောင်သေးသေးလေးတစ်ယောက် ရပ်နေလေသည်။

ထိုလူမှာ ယခင်က သူခံခဲ့ရသည့် အရှက်ကွဲမှုကို ပြန်လက်စားချေချင်နေသည့် ကျန်းမင်ပင်တည်း။

ထိုအချိန်တွင်မူ မည်သူကမှ သူ့ကို အဖက်မလုပ်ကြသည့်အတွက် အလွန်ဒေါသထွက်နေပေသည်။

အစက သူ့အနေနှင့် ကြွားလုံးထုတ်ပြီး လူနည်းနည်းလောက် အလုပ်ခန့်မည်ဟု တွေးထားခဲ့သော်ငြား ယခုမူ ယဲ့ချန်းခေါ်လာသည့် ကုမ္ပဏီများက ကျောင်းသားများကို အကုန်ခေါ်သွားကြပြီဖြစ်၏။

"ဟေ့လူ.. ခင်ဗျား လမ်းပိတ်နေတယ်လို့ မထင်ဘူးလား။ ဘေးဖယ်စမ်းပါ"

ကျောင်းသားတစ်ယောက်က ရိုင်းရိုင်းစိုင်းစိုင်း ပြောလိုက်သည်။

ကျန်းမင်ခမျာ မိုတုနည်းပညာတက္ကသိုလ်တွင် အတောက်ပဆုံးလူသားတစ်ယောက် ဖြစ်ချင်ခဲ့သော်ငြား ရုတ်ခြည်းပင် အတိတ်ကို ပြန်ရောက်သွားသလို ခံစားလိုက်ရပြီး အခြားလူများထံမှ လှောင်ပြောင်ခံရသည့် လူမသိသူမသိ သာမညလူသားတစ်ယောက်အဖြစ် ပြောင်းလဲသွားလေသည်။

All Chapters