← Chapters

အခန်း (၄၆-၄၈)

Vol. 4 Ch. 46-48

အခန်း (၄၆-၄၈)

Vol. 4 Ch. 46-48

အခန်း ၄၆ - အမြီးကိုးချောင်း ဝိညာဉ်ကြောင်

မြင်းနက်ကြီးနှင့် ကြောင်နက်ကြီးတို့၏ ပြောစကားများကို ပတ်ဝန်းကျင်တစ်ခုလုံးတွင် ကြားနေရ၏။ စုဝမ်ယီသည်လည်း ထိုစကားများကို အတိုင်းသား ကြားနေရသည်။ ထိုအခါ သူ၏ လက်များ တုန်ရီသွားခဲ့ပြီး လက်ထဲက ဓားကိုပင် လွှတ်ချမိတော့မတတ် ဖြစ်သွားခဲ့ရသည်။

ဤအရာက တကယ်ပင် နတ်ဘုရားအဆင့် ဓားတစ်လက် ဖြစ်နိုင်သည်လား။ ဤသည်မှာ တကယ်ကို ကြောက်စရာကောင်းလွန်းလှ၏။ စုဝမ်ယီသည် တစ်ကိုယ်လုံး တုန်ရီနေရင်း ရီယွင်ကို မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် မော့ကြည့်ကာ ငိုသံပါလေးနှင့် တောင်းပန်တိုးလျှိုးလိုက်သည်။

“ဘိုးဘေးကြီး... ကျွန်မက သာမန်တပည့်တစ်ယောက်ပဲကို... ဒီလောက်အထိ ကောင်းမွန်တဲ့ ဓားမျိုးကို ဘာလို့ လိုအပ်မှာလဲ...”

စုဝမ်ယီ၏ အမူအရာကို မြင်လိုက်ရသည့်အခါ ရီယွင်က အသာအယာ ပြုံးလိုက်ပြီး လော့လီထံသို့ အကြည့်လွှဲလိုက်သည်။ ပါးနပ်လှသော လော့လီက အနားသို့ အမြန်ပြေးသွားပြီး စုဝမ်ယီ၏ လက်မောင်းကို ညင်သာစွာ ဆွဲကိုင်ကာ တိုးတိုးလေး ပြောလိုက်လေ၏။

“စီနီယာအစ်မကြီး... လက်ခံလိုက်ပါနော်... ညီမလေးလည်း နတ်ဘုရားအဆင့် ဓားတစ်လက် ရထားတာပဲလေ...”

ပြောရင်းနှင့် လော့လီက သူ၏ လက်ထဲက အနှိုင်းမဲ့ရွှေနဂါးဓားကို မြှောက်ကာ ဂုဏ်ယူစွာဖြင့် ဝေ့ယမ်းပြလိုက်သည်။

ထိုဓားထံမှ ထွက်ပေါ်နေသော မဟာနဂါးနတ်ဘုရား အရှိန်အဝါကို ခံစားလိုက်ရသည့်အခါ စုဝမ်ယီက ခါးသီးစွာ ပြုံးလိုက်ပြီး ပြောလိုက်၏။

“ညီမလေးရဲ့ ဓားက ကြည့်ရတာ နတ်ဘုရားအဆင့်နဲ့ မတူဘူးနော်...”

လော့လီက တခိခိ ရယ်မောလိုက်ပြီး ပြောလိုက်သည်။

“စီနီယာအစ်မကြီး... အဲ့ဒါက ဘိုးဘေးကြီးကို ချိပ်ပိတ်ခိုင်းထားလို့လေ...”

ထိုအခါမှ စုဝမ်ယီ သဘောပေါက်သွားတော့သည်။

သူသည် နက်ရှိုင်းသောခုနစ်စဉ်ကြယ်ဓားကို အသာအယာ ဆွဲထုတ်လိုက်၏။ ဓားသွားမှာ သွေးကဲ့သို့ နီမြန်းနေပြီး အပေါ်တွင် နဂါးနတ်ဘုရားတစ်ပါး၏ ဝေဝါးသော ပုံရိပ်ကို မြင်တွေ့နိုင်၏။ ထို့ပြင် ဓားသွားပေါ်တွင် ကြယ်ခုနစ်လုံးမှာလည်း တောက်ပသော အလင်းတန်းများကို ထုတ်လွှတ်ကာ တန်ဆာဆင်ထားလေသည်။

လော့လီက လှမ်းကြည့်လိုက်ပြီး လျှာတစ်ချက် သပ်လိုက်မိ၏။

“စီနီယာအစ်မကြီး... အစ်မကြီးရဲ့ ဓားပေါ်က နဂါးပုံက ညီမလေးရဲ့ ဓားလောက်တော့ ထင်ထင်ရှားရှား မရှိဘူး။ ဒါပေမဲ့ အစ်မကြီးရဲ့ ဓားမှာက ကြယ်တွေ ပါတယ်လေ... ညီမလေး ဓားမှာတော့ မပါဘူး...”

စုဝမ်ယီက ပြုံးလိုက်ပြီး ဓားကို အိမ်ထဲသို့ ချက်ချင်း ပြန်ထည့်လိုက်သည်။

ဓားထံမှ ထွက်ပေါ်နေသော မဟာနဂါးနတ်ဘုရား အရှိန်အဝါမှာ တကယ်ကို ကြောက်စရာကောင်းလှ၏။

ဘိုးဘေးကြီးသာ ဤဓားကို ဖိနှိပ်မပေးထားလျှင် သူမအနေနှင့် ဤဓားအနားသို့ပင် ချဉ်းကပ်နိုင်လိမ့်မည် မဟုတ်ကြောင်း စုဝမ်ယီ ခန့်မှန်းလိုက်မိသည်။

“ဘိုးဘေးကြီး... ကျေးဇူးပြုပြီး ဒီဓားကိုလည်း ချိပ်ပိတ်ပေးပါဦး... ပြီးတော့ ကျွန်မရဲ့ ဝတ်စုံကိုလည်း ချိပ်ပိတ်ပေးပါနော်...”

စုဝမ်ယီသည် ဓားနှင့် ရွှေရောင်ဝတ်စုံကို လက်နှစ်ဖက်နှင့် မြှောက်ကိုင်ကာ တောင်းပန်တိုးလျှိုးနေသော မျက်နှာပေးနှင့် ဒူးထောက်လိုက်လေသည်။

“ကောင်းပြီ...”

ရီယွင်က သက်ပြင်းတစ်ချက်ကို တိုးတိုးလေး ချလိုက်ရင်း ခေါင်းညိတ်လိုက်သည်။

ဤကလေးသုံးယောက်စလုံးမှာ ကြမ်းတမ်းခက်ခဲသော ဘဝမှ လာကြသူများဖြစ်ပြီး ဆင်းရဲဒုက္ခများကို ကျင့်သားရနေခဲ့ကြသူများ ဖြစ်၏။ ယခုအခါ ထိပ်တန်း နတ်ဘုရားအဆင့် ဓားများကို ပိုင်ဆိုင်ထားလျှင်ပင် သူတို့မှာ ပေါ့ပေါ့ပါးပါး ထုတ်မပြရဲကြပေ။ သို့သော်လည်း ဤသည်မှာ ကောင်းမွန်သော ကိစ္စတစ်ခု ဖြစ်၏။ ဤ ကလေးသုံးယောက်၏ စိတ်ဓာတ်မှာ အလွန်ပင် ကြံ့ခိုင်လှသဖြင့် နောင်အနာဂတ်တွင် ကြီးမားသော အလားအလာများ ရှိသည့် ပါရမီရှင်များ ဖြစ်မည်မှာ သေချာလှသည်။

ဤသို့ တွေးလိုက်ရင်း ရီယွင်က အသာအယာ လက်ညှိုးညွှန်လိုက်ရာ နက်ရှိုင်းသောခုနစ်စဉ်ကြယ်ဓား၏ အဆင့်မှာ နတ်ဘုရားအဆင့်မှ ကောင်းကင်အဆင့်သို့ လျင်မြန်စွာ ကျဆင်းသွားတော့သည်။ ရွှေရောင်ဝတ်စုံမှာလည်း ကောင်းကင်အဆင့်သို့ ကျဆင်းသွားခဲ့၏။ တစ်ချိန်တည်းမှာပင် လော့လီနှင့် ကျွင်းမော့ရှောင်တို့၏ ဝတ်စုံများနှင့် ဓားများမှာလည်း ထိုအဆင့်သို့ပင် ကျဆင်းသွားခဲ့ကြသည်။

လော့လီက ပခုံးတွန့်လိုက်ပြီး ပြုံးလိုက်သည်။ သူကတော့ ဤအခြေအနေကို ကျင့်သားရနေပြီ ဖြစ်၏။

ကျွင်းမော့ရှောင်က သူ၏ လက်ထဲက ဓားကို မြှောက်လိုက်ပြီး ဝမ်းနည်းသော အမူအရာနှင့် ပြောလိုက်သည်။

“ဘိုးဘေးကြီး... ဘာလို့ စီနီယာအစ်မနှစ်ယောက်လုံးကိုတော့ နတ်ဘုရားအဆင့် ဓားတွေ ပေးပြီး ကျွန်တော့်ကိုကျတော့ ဧကရာဇ်အဆင့်ပဲ ပေးရတာလဲဟင်...”

ရီယွင်က သူ့ကို အမှတ်မထင် လှမ်းကြည့်လိုက်ပြီး ပြန်ဖြေလိုက်၏။

“မင်းက ယောက်ျားတစ်ယောက်လေ... နောင်အနာဂတ်မှာ မင်း ထမ်းဆောင်ရမယ့် တာဝန်တွေက သူတို့ထက် ပိုပြီးတော့ ကြီးမားလိမ့်မယ်...”

ဤစကားကို ကြားလိုက်ရသည့်အခါ ကျွင်းမော့ရှောင်၏ နုပျိုသော မျက်နှာလေးမှာ ချက်ချင်းပင် နီမြန်းသွားတော့သည်။ သူသည် အသက် ၁၄ နှစ်သာ ရှိသေးပြီး ကိုယ့်ကိုယ်ကိုယ် ယောက်ျားကြီးတစ်ယောက်ဟု တစ်ခါမျှ မသတ်မှတ်ခဲ့ဘဲ ငယ်သေးသည်ဟုသာ အမြဲတွေးနေခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း ဘိုးဘေးကြီး၏ စကားများအရ သူ့အပေါ်တွင် ကြီးမားသော မျှော်လင့်ချက်များ ထားရှိထားကြောင်း သူ နားလည်လိုက်လေသည်။

သူသည် ဘိုးဘေးကြီးကို လုံးဝ စိတ်မပျက်စေရပေ။

သူ၏ ဂျူနီယာမောင်လေး၏ စိတ်လှုပ်ရှားမှုများကို ခံစားမိလိုက်သဖြင့် လော့လီကလည်း အနားသို့ တိုးသွားပြီး ညင်သာစွာ နှစ်သိမ့်လိုက်သည်။

“မောင်လေး... ဘိုးဘေးကြီးမှာ အရာအားလုံးအတွက် သူ့အကြောင်းပြချက်နဲ့သူ ရှိမှာပေါ့... စိတ်ဓာတ်မကျနဲ့နော်...”

“စိတ်မပူပါနဲ့ စီနီယာအစ်မ... ကျွန်တော်က ဒီအတိုင်း ပြောလိုက်တာပါ... အခု ကျွန်တော့်ရဲ့ တစ်ခုတည်းသော အတွေးက ဘယ်လိုမျိုး ပိုပြီး သန်မာအောင် လုပ်ရမလဲ ဆိုတာပါပဲ...”

ကျွင်းမော့ရှောင်က ပြုံးလျက် ပြောလိုက်ရာ သူ၏ မျက်နှာပေါ်တွင် အရင်အတိုင်း ယုံကြည်မှုရှိသော အမူအရာများ ပြန်လည် ပေါ်ထွက်လာခဲ့သည်။

လော့လီကလည်း ခေါင်းညိတ် ပြလိုက်လေသည်။

တပည့်သုံးဦးကို စောင့်ကြည့်နေရင်း ကြောင်နက်ကြီးမှာ အသက်ရှူပင် မှားတော့မတတ် ဖြစ်နေခဲ့သည်။

လော့လီဆိုသည့် မိန်းကလေး၏ လက်ထဲက ဓားမှာလည်း ချိပ်ပိတ်ထားသည့် နတ်ဘုရားအဆင့် ဓားတစ်လက် ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ထို့ပြင် ထိုလူငယ်လေး၏ လက်ထဲက ဓားမှာလည်း ဧကရာဇ်အဆင့် ဓားတစ်လက် ဖြစ်နေခဲ့သည် မဟုတ်ပါလား။ ဤနဂါးနတ်ဘုရားဂိုဏ်း၏ အခြေခံမှာ တကယ့်ကို ကြောက်စရာကောင်းလွန်းလှ၏။ တပည့် သုံးဦးတည်းသာ ရှိသော်လည်း သူတို့၏ လက်နက်များမှာ နတ်ဘုရားအဆင့် သို့မဟုတ် ဧကရာဇ်အဆင့်များသာ ဖြစ်နေကြသည်။ ထာဝရနယ်ပယ်ရှိသည့် ဂိုဏ်းကြီးများပင်လျှင် ဤကဲ့သို့ ဖြစ်အောင် လုပ်နိုင်ပါမည်လော။

ဤသို့ တွေးလိုက်မိသည်နှင့် ကြောင်နက်ကြီးသည် သူ၏ အမွေးပွခန္ဓာကိုယ်လေးဖြင့် မြင်းနက်ကြီး၏ သန်မာလှသော ခြေထောက်များကို အမြန်ပင် ပွတ်သပ်လိုက်လေတော့သည်။

မြင်းနက်ကြီးက သူ၏ ခေါင်းကို ငုံ့လိုက်ပြီး စိတ်အနှောင့်အယှက် ဖြစ်နေသော အမူအရာနှင့် စိုက်ကြည့်ကာ ငေါက်လိုက်သည်။

“ကြောင်လေး... မင်း အခု ဘာတွေ မကောင်းကြံနေပြန်တာလဲ...”

“ဦးလေးမြင်း...”

ကြောင်နက်ကြီးက အရှက်မရှိသော အပြုံးတစ်ခုကို ဖော်ပြလိုက်ရင်း ပြောလိုက်သည်။

“ဦးလေးမြင်းအတွက် လက်ဖက်ရည် တိုက်တာတို့၊ ရေခပ်ပေးတာတို့၊ ပြီးတော့ အောက်ခြေသိမ်း အလုပ်တွေ လုပ်ပေးဖို့အတွက် အစေခံလေး တစ်ယောက် မလိုဘူးလားဟင်...”

“မင်းရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ရပ်စမ်း...”

မြင်းနက်ကြီးက နှာမှုတ်လိုက်သည်။

“ငါက ဘာလို့ အစေခံ လိုမှာလဲ။ ငါက သခင်ကြီးအတွက် ရထားဆွဲပေးရုံပဲလေ...”

မြင်းနက်ကြီးက သူ၏ ခွာကို မြှောက်လိုက်ပြီး နောက်တစ်ကြိမ် အားပါပါ ပြန်နင်းလိုက်ပြန်၏။

“ဗြိ...”

ကြောင်နက်ကြီးမှာ နောက်တစ်ကြိမ် ရွှံ့များကို ငုံမိသွားပြန်လေသည်။

သို့သော် သူသည် အနည်းငယ်မျှ စိတ်ဓာတ်ကျခြင်း မရှိပေ။ သူသည် ရွှံ့များကို ပြန်ထွေးထုတ်လိုက်ပြီး နောက်တစ်ကြိမ် ဒူးထောက်ကာ သူ၏ ရှေ့ခြေထောက်နှစ်ဖက်ဖြင့် တောင်းပန်နေသည့် အမူအရာများကို အဆက်မပြတ် လုပ်ဆောင်နေပြန်သည်။

“ဦးလေးမြင်း... အစေခံ မလိုဘူးဆိုရင်လည်း... ဦးလေးမြင်းရဲ့ ကိုယ်ပေါ်က ယားတဲ့နေရာတွေကို နေ့တိုင်း ကုတ်ပေးရင်ရော ဘယ်လိုလဲ...”

ဤသို့ပြောရင်း ကြောင်နက်ကြီးသည် မြင်းနက်ကြီး၏ သန်မာလှသော တင်ပါးဆုံဆီသို့ ရည်ရွယ်ချက်ရှိရှိ လှမ်းကြည့်လိုက်ပြီး မြှောက်ပင့်လိုသော အပြုံးဖြင့် ထပ်ပြောလိုက်သည်။

“ဦးလေးမြင်းလိုမျိုး ကျင့်ကြံမှုနယ်ပယ် ကမ္ဘာကျော်တဲ့သူတောင်မှ ကိုယ့်ကိုယ်ကိုယ် ကုတ်လို့မမီတဲ့ နေရာလေးတွေတော့ ရှိမှာပဲ မဟုတ်လားဟင်...”

မြင်းနက်ကြီး၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့သည်။

သူသည် ဤမျှအထိ အရှက်မရှိသော မိစ္ဆာကြောင်မျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ ယနေ့တွင်မူ ဤကြောင်နက်ကြီးက သူ၏ အမြင်များကို တကယ်ပင် ကျယ်ပြန့်သွားစေခဲ့လေသည်။

“မင်း ဘာတွေ ရောင်ရမ်းပြောနေတာလဲ ကြောင်လေး... မင်းရဲ့ ဦးလေးမြင်းမှာ ကုတ်လို့မရတဲ့ ယားတဲ့နေရာ ဘယ်တုန်းက ရှိဖူးလို့လဲ...”

“ရွှီ...”

မြင်းနက်ကြီးက သူ၏ ခွာကို နောက်တစ်ကြိမ် ထပ်မံ နင်းချလိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်မူ ပို၍ပင် အားပါလှသဖြင့် ကြောင်နက်ကြီး တစ်ကိုယ်လုံးမှာ မြေပြင်ပေါ်က တွင်းတစ်ခုအတွင်းသို့ တိုက်ရိုက် နစ်ဝင်သွားတော့သည်။

မြင်းနက်ကြီးနှင့် ကြောင်နက်ကြီးတို့ အားရပါးရ ငြင်းခုံနေကြသည်ကို မြင်လိုက်ရသည့်အခါ ရီယွင်မှာ မရယ်ဘဲ မနေနိုင်ဖြစ်သွားခဲ့ရသည်။

ဤမိစ္ဆာသားရဲ နှစ်ကောင်မှာ တကယ့်ကို ဟာသညီအစ်ကိုတွေပါလား။ ကြောင်နက်ကြီး၏ ကျင့်ကြံမှုနယ်ပယ်မှာ သနားစဖွယ် နိမ့်ပါးနေသော်လည်း သူက အတော်လေး စိတ်ဝင်စားစရာ ကောင်းလှ၏။ သူ၏ သိုလှောင်ရုံအတွင်းက ပြိုင်ဘက်ကင်း သန်မာလှသော အိမ်မွေးတိရစ္ဆာန်များထက်ပင် ဤကြောင်က ပိုပြီး ဟာသမြောက်လှ၏။

တစ်ချိန်တည်းမှာပင် ကျွင်းမော့ရှောင်၊ လော့လီနှင့် စုဝမ်ယီတို့သည်လည်း မြင်းနက်ကြီးနှင့် ကြောင်နက်ကြီးတို့၏ စကားများကို ကြားလိုက်ရသည့်အခါ မရယ်ဘဲ မနေနိုင်ကြတော့ပေ။

မြေတွင်းထဲ၌ ဟိုဘက်ဒီဘက် လူးလိမ့်လိုက်ပြီးနောက် ကြောင်နက်ကြီးမှာ အပြင်သို့ ခုန်ထွက်လာခဲ့ပြီး ပါးစပ်ထဲက မြေကြီးနှင့် သဲများကို ပြန်ထွေးထုတ်လိုက်ကာ မြင်းနက်ကြီး၏ ခြေထောက်ကို နောက်တစ်ကြိမ် ထပ်မံ ပွတ်သပ်လိုက်ပြန်သည်။

“ဦးလေးမြင်း... ကျွန်တော် ဦးလေးမြင်းရဲ့ ဘေးနားမှာ နေပြီး အလုပ်အကျွေး ပြုချင်ရုံတင်ပါဗျာ... ကျွန်တော့်ရဲ့ ဒီအရှက်မရှိတဲ့ ကြောင်မျက်နှာလေးကို ထောက်ထားပြီး သခင်ကြီးရှေ့မှာ စကားလေး တစ်ခွန်းလောက် ပြောပေးပြီး ကျွန်တော့်ကို အခွင့်အရေးလေး တစ်ခုလောက် ပေးပါနော်...”

ကြောင်နက်ကြီးက သနားစဖွယ် ပြောလိုက်လေသည်။

မြင်းနက်ကြီးက သူ့ကို အေးစက်သော အကြည့်တစ်ချက်နှင့် လှမ်းကြည့်လိုက်ပြီး စိတ်အနှောင့်အယှက် ဖြစ်နေသော အမူအရာနှင့် ပြောလိုက်သည်။

“လူတိုင်း အရည်အချင်း ပြည့်မီမယ်လို့ မင်း ထင်နေတာလား... ငါလို ဦးလေးမြင်းကြီးတောင်မှ သခင်ကြီးအတွက် ရထားဆွဲပေးနေရုံ သက်သက်ပဲလေ... မင်းရဲ့ ကျင့်ကြံမှုနယ်ပယ်က သိပ်ပြီး နိမ့်လွန်းတယ်... သခင်ကြီး မင်းလို ကြောင်ပေါက်ကလေးကို အရေးလုပ်ချင်မှာ မဟုတ်ဘူး... မင်း လာတဲ့နေရာကိုပဲ အေးအေးဆေးဆေး ပြန်သွားလိုက်စမ်းပါ...”

ဤစကားကို ကြားလိုက်ရသည့်အခါ ကြောင်နက်ကြီးမှာ ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွားခဲ့ရသည်။ သူက အလျင်အမြန်ပင် ပြောလိုက်၏။

“ဦးလေးမြင်း... ကျွန်တော့်ရဲ့ ကျင့်ကြံမှုနယ်ပယ်က နိမ့်ပေမဲ့ ဦးလေးမြင်းအတွက် အဆင်မပြေတဲ့ အလုပ်တွေကို ကျွန်တော် လုပ်ပေးနိုင်တယ်လေ... ဥပမာ - ယားတဲ့နေရာ ကုတ်ပေးတာမျိုး၊ ဒါမှမဟုတ် ဟာသပြောပြတာမျိုး စသဖြင့်ပေါ့...”

“ဘုန်း...”

ကြောင်နက်ကြီး၏ ရယ်စရာကောင်းလှသော စကားများကို ကြားလိုက်ရသည့်အခါ မြင်းနက်ကြီးမှာ ဒေါသထွက်သွားခဲ့ပြီး ကြောင်နက်ကြီးကို ခြေထောက်နှင့် ကန်ထုတ်လိုက်သဖြင့် လွင့်စဉ်သွားတော့သည်။

ရီယွင်က သူ၏ လက်ကို ဆန့်လိုက်ပြီး လေထဲမှာ လွင့်နေသော ကြောင်နက်ကြီးကို လှမ်းဖမ်းလိုက်ကာ မြေပြင်ပေါ်သို့ အသာအယာ ချပေးလိုက်သည်။

သူသည် ကြောင်နက်ကြီးကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ မေးမြန်းလိုက်သည်။

“ကြောင်လေး... မင်း အခုလိုမျိုး သဲကြီးမည်းကြီး ကြိုးစားနေတာက သခင်အသစ် ပြောင်းချင်လို့လား...”

နတ်ဘုရားတစ်ပါးနှင့် တူလှသော ဤသခင်ကြီးက ရုတ်တရက် စကားပြောလာသည်ကို မြင်လိုက်ရသည့်အခါ ကြောင်နက်ကြီးမှာ မြေပြင်ပေါ်တွင် ချက်ချင်းပင် ဝပ်စင်းလိုက်ပြီး ငိုကြွေးကာ ပြောလိုက်တော့သည်။

“သခင်ကြီး... ကျွန်တော် သခင်ကြီးရဲ့ နောက်ကို တကယ်ပဲ လိုက်ချင်တာပါ... ဒါတွေက ကျွန်တော့်ရဲ့ ရင်ထဲက စကားအစစ်တွေပါ...”

ရီယွင်၏ မျက်ဝန်းများမှာ ဝင်းလက်သွားခဲ့သည်။ ထိုခဏချင်းမှာပင် သူသည် ကြောင်နက်ကြီး တစ်ကိုယ်လုံးကို ထွင်းဖောက်မြင်လိုက်ရသကဲ့သို့ ဖြစ်သွားခဲ့သည်။

သူက အသာအယာ ပြုံးလိုက်ပြီး မေးလိုက်၏။

“မင်းရဲ့ အရင်သခင်က မင်းအပေါ်မှာ မကောင်းလို့လား...”

ကြောင်နက်ကြီးက အကြိမ်ကြိမ် ခေါင်းညိတ်ပြလိုက်သည်။

“သခင်ကြီး... ကျွန်တော့်ရဲ့ အရင်သခင်က ကျွန်တော့်အပေါ် မဆိုးပါဘူး... ဒါပေမဲ့ သူက ကျွန်တော့်ကို အဆင့်တက်နိုင်မယ့် နည်းလမ်းတွေကို မပေးနိုင်လို့ပါ...”

ဤသို့ပြောရင်း ကြောင်နက်ကြီးသည် သူ၏ တင်ပါးကို အားရပါးရ လှုပ်ယမ်းလိုက်ရာ အမြီး သုံးချောင်း ပေါ်ထွက်လာခဲ့သည်။ သူက သနားစဖွယ် ဆက်ပြောလိုက်၏။

“သခင်ကြီး ကြည့်ပါဦး... ဒီနှစ်တွေအတွင်း ကျွန်တော့်မှာ အမြီး သုံးချောင်းပဲ ထွက်လာနိုင်သေးတာလေ...”

ဘေးနားမှာ ရပ်နေသည့် မြင်းနက်ကြီးသည် မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး ရုတ်တရက် သဘောပေါက်သွားပုံရသည်။

“သြော်... မင်းက အမြီးကိုးချောင်း ဝိညာဉ်ကြောင်ရဲ့ သွေးဗီဇကို ပိုင်ဆိုင်ထားတာကိုး...”

“ဟုတ်ပါတယ် ဦးလေးမြင်း... ကျွန်တော့်မှာ အမြီးကိုးချောင်း ဝိညာဉ်ကြောင်ရဲ့ အားနည်းတဲ့ သွေးဗီဇ ပါဝင်နေလို့လည်း သခင်ကြီးအပေါ် သစ္စာစောင့်သိပြီး နောက်ကို လိုက်ချင်ရတာပါ...”

ကြောင်နက်ကြီးမှာ ဝမ်းနည်းပူဆွေးသော အမူအရာနှင့်အတူ အော်ဟစ်ငိုကြွေးနေတော့၏။

အခန်း ၄၆ ပြီးပါပြီ။

အခန်း ၄၇ - ခြေလှမ်းနှစ်လှမ်းလောက် လှမ်းကြည့်စမ်းပါ

ရီယွင်က အသာအယာ ပြုံးလိုက်၏။ သူသည် ကြောင်နက်ကြီး၏ ဟန်ဆောင်မှုများကို ထွင်းဖောက်မြင်နေပြီးသား ဖြစ်သည်။

သူသည် အနည်းငယ်မျှ စိတ်လှုပ်ရှားခြင်း မရှိပေ။ ဤအမြီးကိုးချောင်း ဝိညာဉ်ကြောင်လေးမှာ သူ့အတွက်တော့ လုံးဝ စိတ်ဝင်စားစရာ မကောင်းလှပေ။

ချန်းနန်ကုန်းမြေကြီးတွင် အမြီးကိုးချောင်း ဝိညာဉ်ကြောင်ကို ရှားပါးသော မိစ္ဆာသားရဲ အမျိုးအစားဟု သတ်မှတ်နိုင်သော်လည်း ရီယွင်၏ သိုလှောင်ရုံအတွင်း၌မူ ၎င်းမှာ ထိပ်တန်းအဆင့်တွင်ပင် မပါဝင်နိုင်ချေ။

“ကြောင်လေး... မင်းမှာ အမြီးကိုးချောင်း ဝိညာဉ်ကြောင်ရဲ့ သွေးဗီဇ ရှိနေရုံနဲ့ မောက်မာမနေနဲ့ဦး...”

မြင်းနက်ကြီးက သူ၏ခွာကို အားပါပါ နင်းလိုက်ပြီး အေးစက်စွာ နှာမှုတ်လိုက်သည်။

“ငါ့မျက်စိထဲမှာတော့ မင်းက ဘာမှမဟုတ်ဘူး...”

ကြောင်နက်ကြီး၏ အားနည်းလှသော စိတ်ဓာတ်လေးမှာ မြင်းနက်ကြီး၏ စကားကြောင့် ရက်ရက်စက်စက် ချေမှုန်းခံလိုက်ရလေသည်။

သို့သော်လည်း ၎င်းမှာ အတော်လေး ဇွဲကောင်းလှသည်။ သူသည် ဒူးထောက်လျက်ပင် တုန်တုန်ချိချိနှင့် နောက်တစ်ကြိမ် ထပ်မံ တိုးကပ်သွားပြန်သည်။

“ဦးလေးမြင်း... အမြီးကိုးချောင်း ဝိညာဉ်ကြောင်ရဲ့ သွေးဗီဇက ဦးလေးပြောသလောက်တော့ သနားစရာ မကောင်းပါဘူးနော်... ဒါက ချန်းနန်ကုန်းမြေကြီးရဲ့ ထိပ်သီး နတ်ဘုရားသားရဲ ဆယ်မျိုးထဲမှာ တစ်မျိုး အပါအဝင်ပဲလေ...”

ကြောင်နက်ကြီးက ဝမ်းနည်းပူဆွေးသော မျက်နှာလေးနှင့် ငြင်းခုံလိုက်သည်။

မြင်းနက်ကြီးက သူ၏ခွာကို နောက်တစ်ကြိမ် ပြန်မြှောက်လိုက်ပြီး ကြောင်နက်ကြီး၏ ခေါင်းပေါ်သို့ တင်လိုက်၏။ ထို့နောက် ၎င်း၏ အမွေးများကို အသာအယာ ပွတ်သပ်ပေးလိုက်ရင်း ကြင်နာသော အမူအရာနှင့် ပြောလိုက်သည်။

“သိပ်ပြီး စိတ်မကောင်းမဖြစ်ပါနဲ့... ငါ့လိုမျိုး မိစ္ဆာသားရဲတောင်မှ သခင်ကြီးရဲ့ နေရာမှာဆိုရင် အဆင့်သတ်မှတ်ချက်ထဲတောင် မဝင်နိုင်ဘူးလေ...”

မြင်းနက်ကြီး၏ စကားအဆုံးတွင် ကြောင်နက်ကြီးမှာ မှင်တက်မိသွားရုံသာမက ဘေးနားက လော့လီနှင့် ကျန်နှစ်ယောက်မှာလည်း မယုံကြည်နိုင်သော အမူအရာများ ဖြစ်သွားခဲ့ကြသည်။

မြင်းနက်ကြီးကဲ့သို့ အစွမ်းထက်လှသော မိစ္ဆာသားရဲတောင်မှ အဆင့်မဝင်နိုင်ဘူးဆိုလျှင် ဘိုးဘေးကြီး မွေးမြူထားသည့် အခြားသော မိစ္ဆာကြီးများမှာ... ကောင်းကင်ကိုပင် ထိုးဖောက်နိုင်လောက်အောင် အစွမ်းထက်နေကြမည် မဟုတ်ပါလား။

သူတို့ သုံးယောက်စလုံးမှာ မယုံကြည်နိုင်လောက်သော အကြည့်များဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

“ဦးလေးမြင်း... ဦးလေး ကျွန်တော့်ကို စနောက်နေတာတော့ မဟုတ်ပါဘူးနော်... သခင်ကြီးက တကယ်ပဲ အစွမ်းထက်ပေမဲ့ ဦးလေးထက် ပိုပြီး သန်မာတဲ့ မိစ္ဆာသားရဲတွေ ရှိနေမှာ မဟုတ်ပါဘူး...”

ကြောင်နက်ကြီးက မြင်းနက်ကြီး၏ စကားကို လုံးဝ မယုံကြည်နိုင်သဖြင့် ခေါင်းခါလိုက်သည်။

မြင်းနက်ကြီးက သူ၏ သွားဖြူကြီးများကို ဖြဲပြလိုက်ပြီး ရီယွင်ကို ကြည့်ကာ တဟီးဟီး ရယ်မောရင်း ပြောလိုက်၏။

“သခင်ကြီး... ဒီကြောင်ကလေးက မယုံဘူးတဲ့ဗျ... သူ့ကို အထဲကို ခေါ်သွားပြီးတော့ တစ်ချက်လောက် ကြည့်ခိုင်းလိုက်ရင် မကောင်းဘူးလား...”

ရီယွင်၏ အပြုံးမှာ ဘာခံစားချက်မျှ မပေါ်သော်လည်း သူ၏ မျက်ဝန်းနက်များထဲတွင်မူ ရယ်ချင်စိတ်များ ရှိနေသည်။

ဤကြောင်နက်ကြီးမှာ အစွမ်းမထက်သော်လည်း သူ၏ စရိုက်မှာ အတော်လေး ဟာသမြောက်လှသည်။ သူ့ကို ဘေးနားမှာ ထားခြင်းက အနည်းဆုံးတော့ ခရီးသွားစဉ်မှာ အပျင်းပြေစေပေလိမ့်မည်။

ရီယွင်၏ သိုလှောင်ရုံအတွင်း၌ အစွမ်းထက်လှသော မိစ္ဆာသားရဲများစွာ ရှိသော်လည်း ဤကဲ့သို့ ဟာသမြောက်သော အမျိုးအစားတော့ မရှိပေ။ ဤသို့ တွေးလိုက်ရင်း ရီယွင်က ခေါင်းညိတ်လိုက်သည်။

ရီယွင်၏ ခွင့်ပြုချက်ကို ရလိုက်သည့်အခါ မြင်းနက်ကြီးမှာ အားရပါးရ ပြုံးလိုက်တော့သည်။

“သခင်ကြီး... ကျွန်တော်တို့ကို သိုလှောင်ရုံဆီ ပြန်ခေါ်သွားပေးပါဦးနော်...”

မြင်းနက်ကြီးက ရိုရိုသေသေနှင့် တောင်းဆိုလိုက်သည်။

ရီယွင်က သူ၏ လက်ကို မြှောက်လိုက်ရာ မြင်းနက်ကြီးနှင့် ကြောင်နက်ကြီးတို့မှာ သူ၏ သိုလှောင်ရုံအတွင်းသို့ တိုက်ရိုက် ရောက်ရှိသွားကြတော့သည်။

အစွမ်းထက် မိစ္ဆာကြီး နှစ်ကောင် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည့်အခါ လော့လီမှာ အနည်းငယ် တုန်လှုပ်သွားခဲ့ရသည်။

သူမသည် ရီယွင်ကို ကြောက်ရွံ့မှုအချို့နှင့် ကြည့်လိုက်ပြီး တုန်ရီသော အသံလေးနှင့် မေးလိုက်၏။

“ဘိုးဘေးကြီး... ဘိုးဘေးကြီးက မိစ္ဆာသားရဲတွေ အများကြီး မွေးထားတာလားဟင်...”

ရီယွင်က ခေါင်းညိတ်လိုက်သည်။

“အဲ့ဒီလိုလည်း ပြောလို့ရပါတယ်...”

လော့လီမှာ ထိတ်လန့်သွားသဖြင့် သူမ၏ ပါးစပ်ကို အမြန်ပိတ်လိုက်ပြီး ထပ်မပြောရဲတော့ပေ။

ဘိုးဘေးကြီး မွေးမြူထားသည့် မြင်းနက်ကြီး တစ်ကောင်တည်းတောင်မှ ဤမျှအထိ အစွမ်းထက်နေလျှင်... သူ၏ သိုလှောင်ရုံအတွင်း၌ ဤကဲ့သို့သော သားရဲကြီးများစွာ ရှိနေမည်မှာ အမှန်ပင် ဖြစ်သည်။

ကျွင်းမော့ရှောင်၏ မျက်လုံးများမှာလည်း ပြူးကျယ်သွားခဲ့ပြီး သူ့ဘာသူ တွေးလိုက်မိ၏။

“ဘိုးဘေးကြီးက တကယ်ကို သန်မာလွန်းတယ်... သူကိုယ်တိုင်ကလည်း အစွမ်းထက်သလို မိစ္ဆာသားရဲ အုပ်ကြီးကိုလည်း မွေးထားသေးတယ်... တခြားသူတွေက ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ...”

ရီယွင်ကတော့ တည်ငြိမ်စွာ ရပ်နေရင်း သူ၏ ဝိညာဉ်အာရုံအချို့ကို သိုလှောင်ရုံအတွင်းသို့ လွှတ်ကာ အခြေအနေကို စောင့်ကြည့်နေခဲ့သည်။

မြင်းနက်ကြီးနှင့် ကြောင်နက်ကြီးတို့မှာ မျက်စိတစ်မှိတ်အတွင်းမှာပင် မြင်ကွင်းများ ဝေဝါးသွားခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံး ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။ ရုတ်တရက်ဆိုသလို သူတို့မှာ ထူးဆန်းသော ဟင်းလင်းပြင်တစ်ခုအတွင်းသို့ ရောက်ရှိသွားခဲ့ကြ၏။

ပတ်ဝန်းကျင်တစ်ခုလုံးမှာ မှောင်အတိ ကျနေပြီး ဘာမှ မမြင်ရပေ။

ကြောင်နက်ကြီးက ဟိုကြည့်ဒီကြည့် လုပ်လိုက်ပြီး နှုတ်ခမ်းလေး စူကာ ပြောလိုက်သည်။

“ဦးလေးမြင်း... ဒီနေရာက ဘာမှမရှိတဲ့ အလွတ်ကြီးပဲဟာ... မိစ္ဆာသားရဲတွေလည်း တစ်ကောင်မှ မရှိပါဘူး...”

မြင်းနက်ကြီးက လှောင်ပြုံး ပြုံးလိုက်၏။

“မင်း ခြေလှမ်းနည်းနည်းလောက် ထပ်လှမ်းကြည့်ပါလား...”

ကြောင်နက်ကြီးက မကျေမနပ်နှင့် ကြောင်ခြေလှမ်းလေးများ လှမ်းကာ ရှေ့သို့ ဆက်တိုးသွားခဲ့သည်။

ကြောင်နက်ကြီးက ဤလောကတွင် မြင်းနက်ကြီးကလွဲပြီး သူ့ထက်သန်မာသည့် သားရဲ မရှိနိုင်ဟု တွေးထားသည်။ ဤလောကတွင် အစွမ်းထက်သော မိစ္ဆာကြီးများစွာ ရှိနေလိမ့်မည်ဟု သူ လုံးဝ မယုံကြည်ပေ။ သူ ထင်ထားသည်မှာ အဓိကအားဖြင့် သွေးဗီဇအားဖြင့် သူ့လောက် သန်မာသူ မရှိနိုင်ဟု ဖြစ်၏။

အကယ်၍ သူသာ အမြီးကိုးချောင်း ဝိညာဉ်ကြောင်အဖြစ် အမြီး ကိုးချောင်းလုံး ထွက်လာခဲ့လျှင် သူ၏ အစွမ်းမှာ ဒဏ္ဍာရီလာ နတ်ဘုရားများနှင့် တန်းတူ ဖြစ်လာလိမ့်မည် ဖြစ်သည်။

ကြောင်နက်ကြီးက ခြေလှမ်းနှစ်လှမ်းလောက် လှမ်းလိုက်သည့် အချိန်မှာပင် မြင်းနက်ကြီးက ရုတ်တရက် သူ၏ ရှေ့ခြေနှစ်ဖက်ကို ရင်ဘတ်ပေါ်မှာ စုလိုက်ပြီး ရိုရိုသေသေနှင့် ဦးညွှတ်ကာ အားရပါးရ ပြုံးရင်း ပြောလိုက်သည်။

“စီနီယာ အစ်ကိုတို့ အစ်မတို့... ကျွန်တော်မျိုး မြင်းလေး ပြန်လာနှုတ်ဆက်ပါတယ်ခင်ဗျာ...”

သူ၏ စိတ်ထဲတွင် အလွန်ပင် ရိုသေအားထားရသော ဦးလေးမြင်းကြီးက ဤမျှအထိ ရိုရိုသေသေနှင့် မြှောက်ပင့်သော အမူအရာများ လုပ်နေသည်ကို မြင်လိုက်ရသည့်အခါ ကြောင်နက်ကြီးမှာ မှင်တက်မိသွားတော့သည်။

သူ ဘာမှ မတုံ့ပြန်နိုင်မီမှာပင် အဆုံးမဲ့ မှောင်မိုက်နေသော ဟင်းလင်းပြင်အတွင်း၌ ဧရာမ သွေးနီရောင် မျက်လုံးကြီးများမှာ တစ်စုံပြီးတစ်စုံ ပွင့်လာခဲ့ကြတော့သည်။

မဟာနဂါးနတ်ဘုရား အရှိန်အဝါများ ထွက်ပေါ်နေသော ထိတ်လန့်ဖွယ် ပုံရိပ်ကြီးများမှာ အမှောင်ထုအတွင်းမှနေ၍ အမျိုးမျိုးသော အလင်းတန်းများကို စတင် ထုတ်လွှတ်လာခဲ့ကြ၏။

“မြင်းလေး... မင်း နောက်ဆုံးတော့ ပြန်လာပြီပေါ့... မင်းကို နောက်တစ်ခါ ပြန်တွေ့ရတော့မှာ မဟုတ်ဘူးလို့ ငါ ထင်နေတာ...”

အမှောင်ထု၏ အဝေးတစ်နေရာတွင် တောက်လောင်နေသော မီးလျှံများ ဝန်းရံထားသည့် တောင်ကြီးတစ်လုံးအလား ပုံရိပ်ကြီးမှာ မိစ္ဆာနတ်ဘုရားတစ်ပါးကဲ့သို့ စကြာဝဠာ၏ အထွတ်အထိပ်တွင် ရပ်နေသည်။

ထိုမီးလျှံများက အဆုံးမဲ့ အလင်းတန်းများကို ထုတ်လွှတ်နေသည်။ ကြောင်နက်ကြီးမှာ သူ၏ စွမ်းအားအားလုံးကို သုံးပြီး ကြည့်လျှင်ပင် ထိုမိစ္ဆာနတ်ဘုရား၏ ပုံရိပ်အစစ်အမှန်ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။

ဧရာမ လူသားပုံသဏ္ဌာန် သတ္တဝါကြီးတစ်ကောင်၏ ဝေဝါးသော ပုံရိပ်ကိုသာ သူ မြင်လိုက်ရ၏။

“ဘုရားရေ... ဒါက ဘယ်လို မိစ္ဆာသားရဲရဲ့ မဟာနဂါးနတ်ဘုရား အရှိန်အဝါလဲ... ဘာလို့ ဒီလောက်တောင် ကြောက်စရာကောင်းနေရတာလဲ...”

ကြောင်နက်ကြီးက အော်ဟစ်လိုက်ပြီး ချက်ချင်းပင် တစ်ကိုယ်လုံး ကွေးလိုက်ကာ ကြောက်လန့်တကြား တုန်ရီနေတော့သည်။

အဝေးက ထို လူသားပုံသဏ္ဌာန် ပုံရိပ်ကြီးမှာ ဦးလေးမြင်းထက် အဆပေါင်း ရာချီ၍ ပိုပြီး ကြောက်စရာကောင်းလှသည်။

“အစ်ကိုကြီးမျောက်... ကျွန်တော်တို့ မဆုံဖြစ်တာ ကြာပြီနော်...”

မြင်းနက်ကြီးက မြှောက်ပင့်လိုသော အမူအရာနှင့် အားရပါးရ ပြုံးပြလိုက်သည်။

“မြင်းလေး... မင်း ပြန်လာပြီလား...”

“မတွေ့ရတာ ကြာပြီနော်...”

ထိုအချိန်တွင် ထိတ်လန့်ဖွယ်ရာ ဧရာမ ပုံရိပ်ကြီးများမှာ တစ်ခုပြီးတစ်ခု မြင်းနက်ကြီးကို နှုတ်ဆက်လာခဲ့ကြသည်။

ကြောင်နက်ကြီးမှာတော့ ဘောလုံးတစ်လုံးလို ကွေးနေခဲ့၏။ သူသည် ထို ထူးဆန်းပြီး ထိတ်လန့်ဖွယ်ကောင်းလှသော ပုံရိပ်ကြီးများကို ကြည့်ရင်း ကြောက်လွန်းသဖြင့် ဆီးပင် ထွက်သွားလေသည်။

“ဘုရားရေ... အစွမ်းထက် သတ္တဝါတွေ ဒီလောက်တောင် အများကြီး ရှိနေတာလား...”

သူတို့ထဲက တစ်ယောက်ချင်းစီတိုင်းက မြင်းနက်ကြီးထက်ပင် ပို၍ သန်မာပုံရသည်။

ဤသည်က အလွန်ပင် ကြောက်စရာကောင်းလွန်းလှ၏။

“ဒီ တောကြောင်လေးက ဘယ်သူလဲ... သူက သတ္တိနည်းလွန်းလို့ ဆီးတောင် ထွက်နေတာပဲ...”

အမှောင်ထု ဟင်းလင်းပြင်အတွင်း၌ ရွှေရောင်အလင်းတန်းတစ်ခု ဝင်းလက်သွားခဲ့ပြီး ဧရာမ ရွှေရောင်ပုံရိပ်ကြီးတစ်ခုမှာ လေထဲတွင် ပေါ်လာခဲ့သည်။

၎င်း၏ ခန္ဓာကိုယ်မှ အဆုံးမဲ့ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေပြီး ၎င်း၏ ထိတ်လန့်ဖွယ် မဟာနဂါးနတ်ဘုရား အရှိန်အဝါကြောင့် ၎င်းမှာ နတ်ဘုရားတစ်ပါးနှင့် တူလှသည်။

“အစ်ကိုကြီးကျင်း... မတွေ့ရတာ ကြာပြီနော်... သခင်ကြီးက ဒီကြောင်လေးကို လမ်းမှာ တွေ့ခဲ့တာလေ... သူက ကိုယ့်ကိုယ်ကိုယ် ချန်းနန်ကုန်းမြေကြီးရဲ့ ထိပ်သီး နတ်ဘုရားသားရဲ ဆယ်မျိုးထဲက အမြီးကိုးချောင်း ဝိညာဉ်ကြောင်ပါဆိုပြီး အတော်လေး မောက်မာနေလို့... သခင်ကြီးက သူ့ကို အမြင်ကျယ်သွားအောင် ဒီကို ခေါ်လာခိုင်းလိုက်တာပါ...”

မြင်းနက်ကြီးက ကောင်းကင်ပေါ်က ရွှေရောင်ပုံရိပ်ကြီးကို ကြည့်ကာ ရိုရိုသေသေ ပြောလိုက်သည်။

“ဪ... သခင်ကြီးက သူ့ကို အထဲပေးဝင်လိုက်တာကိုး...”

ရွှေရောင်ပုံရိပ်ကြီးက ရယ်မောလိုက်ပြီး အောက်က ကြောင်နက်ကြီးကို သေချာ ကြည့်လိုက်သည်။

“ဒါဆိုရင်... ငါ သူ့ကို အမြင်ကျယ်သွားအောင် အရင် ခေါ်သွားပေးရမလား... ရှေ့မှာ ပျင်းပြီး သေတော့မယ့် ညီအစ်ကိုတွေ အများကြီး ရှိတယ်လေ... ဒီကြောင်နက်လေးကို သူတို့ဆီ ပို့ပေးလိုက်ရင် အဆင်ပြေမှာပါ...”

မြင်းနက်ကြီးက အားရပါးရ ပြုံးလိုက်ပြီး ပြောလိုက်၏။

“အစ်ကိုကြီးကျင်း... ဒါဆိုရင်တော့ အစ်ကိုကြီးကို ဒုက္ခပေးရတော့မှာပဲ... ဒါပေမဲ့ သူ့ကိုတော့ အသက်ချမ်းသာပေးပါဦးနော်... သခင်ကြီးက သူ့ကို လန့်ပြီး သေသွားစေချင်ပုံ မရဘူး...”

“ဟားဟားဟား... စိတ်မပူပါနဲ့... သူ ကြောက်ပြီး သေသွားရင်တောင်မှ ငါတို့မှာ သူ့ကို ပြန်ရှင်လာအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်...”

တောက်ပသော ရွှေရောင်အလင်းတန်းတစ်ခုမှာ ကွေးနေသော ကြောင်နက်ကြီးအပေါ်သို့ ကျရောက်သွားခဲ့ပြီး ၎င်းမှာ ခဏချင်းမှာပင် ပျောက်ကွယ်သွားတော့သည်။

မြေပြင်ပေါ်တွင်မူ ကြောင်နက်ကြီး၏ ဆီးကွက်လေးတစ်ခုသာ ကျန်ရစ်ခဲ့တော့ပေ၏။

အခန်း ၄၇ ပြီးပါပြီ။

အခန်း ၄၈ - ဦးလေးမြင်း... ကျွန်တော် ဦးလေးကို ပြန်တွေ့ပြီ

“တောက်... ဒီကြောင်နက်စုတ်က ဒီမှာ သေးတွေ ထွက်ကျခဲ့တာပဲ... ဆိုးလိုက်တဲ့အနံ့ကွာ... အေပေးကြောင် ပြန်လာမှ ဒါကို အကုန်ပြောင်အောင် ပြန်လျက်ခိုင်းရမယ်... ဟင်း ထွီ...”

မြေပြင်ပေါ်က သေးကွက်ကို ကြည့်ရင်း မြင်းနက်ကြီးက ရွံရှာစဖွယ်ဖြင့် ဘေးသို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး သေးနံ့နှင့် ဝေးရာသို့ ရှောင်လိုက်လေသည်။ သို့သော်လည်း ကြောင်သေးဟူသည်မှာ ကြောင်သေးပင် ဖြစ်သည့်အတွက် အလွန်ပင် နံစော်လှသည်။

မြင်းနက်ကြီးမှာ ထိုအနံ့ကို ဆက်လက်သည်းမခံနိုင်တော့သဖြင့် မန္တန်တစ်ခုကို ရွတ်ဆိုကာ သေးကွက်ကို အလင်းဒိုင်းတစ်ခုဖြင့် ဖုံးအုပ်လိုက်လေ၏။

“မြင်းလေး... အပြင်လောကကြီးက ဘယ်လိုလဲဟင်... မင်းနဲ့ သင့်တော်တဲ့ မြင်းမလေး တစ်ကောင်လောက်နဲ့ ဆုံပြီး မယားအဖြစ် တော်ကောက်ခဲ့သေးလား...”

ရုတ်တရက်ဆိုသလို ထိတ်လန့်ဖွယ် ပုံရိပ်ကြီးတစ်ခုမှာ မြင်းနက်ကြီး၏ ရှေ့မှောက်တွင် ပေါ်လာပြီး သူ၏ ကိုယ်ပေါ်သို့ ခုန်တက်လိုက်သည်။

မြင်းနက်ကြီး၏ ခန္ဓာကိုယ်မှာ ရုတ်တရက် အောက်သို့ နိမ့်ကျသွားခဲ့ပြီး မြေပြင်ပေါ်သို့ ပြိုလဲကျတော့မတတ် ဖြစ်သွားခဲ့ရ၏။

“စီနီယာအစ်မကြီး... ညင်ညင်သာသာ လုပ်ပါဦးဗျာ... ကျွန်တော့်ရဲ့ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်လေးက အစ်မကြီးရဲ့ ပြင်းထန်တဲ့ ဖိအားကို မတောင့်ခံနိုင်ဘူးလေ...”

မြင်းနက်ကြီးက ဝမ်းနည်းသော အမူအရာနှင့် ညည်းညူလိုက်သည်။

“ဪ... စိတ်မစိုးနဲ့နော်... ငါ မေ့သွားလို့ပါ... မင်းက သခင်ကြီးရဲ့ နောက်မှာ ကောင်းကောင်းစား၊ ကောင်းကောင်းသောက်ပြီး ပိုပြီးတော့ သန်မာလာပြီလို့ ငါ ထင်နေတာ...”

ထိုထိတ်လန့်ဖွယ် ပုံရိပ်ကြီးမှာ မူယာမာယာများလှသော အမျိုးသမီး အသံနှင့် ပြောလိုက်ခြင်း ဖြစ်သည်။ သူသည် သူ၏ နတ်ဘုရားစွမ်းရည်များကို အသုံးပြု၍ ဖိအားများကို လျှော့ချပေးလိုက်သည်။

ထိုအခါမှ မြင်းနက်ကြီးမှာ အနည်းငယ် နေသာထိုင်သာ ရှိသွားတော့၏။ ထို့နောက် သူသည် ခေါင်းကို ခါလိုက်ပြီး ခါးသီးစွာ ပြုံးလျက် ပြောလိုက်သည်။

“စီနီယာအစ်မရယ်... အပြင်မှာ ကျွန်တော့်အတွက် သင့်တော်တဲ့ မြင်းမလေး တစ်ကောင်မှ မရှိပါဘူးဗျာ... ကျွန်တော်ကတော့ တစ်သက်လုံး လူပျိုကြီးပဲ လုပ်သွားတော့မယ်လို့ ဆုံးဖြတ်ထားတယ်...”

ထိုထိတ်လန့်ဖွယ် ပုံရိပ်ကြီးမှာ အားရပါးရ ရယ်မောလိုက်သည်။

“အပြင်မှာ ပျော်ဖို့ကောင်းလားဟင်...”

သူက ထပ်မံ မေးမြန်းလိုက်ပြန်သည်။

မြင်းနက်ကြီးက ခေါင်းကို ခါလိုက်ပြီးနောက် အလျင်အမြန်ပင် ပြန်၍ ခေါင်းညိတ်ပြလိုက်သည်။

“ဒါက ဘာကို ဆိုလိုတာလဲ... ခေါင်းခါလိုက်၊ ခေါင်းညိတ်လိုက်နဲ့... ပျော်ဖို့ကောင်းတာလား၊ မကောင်းဘူးလား...”

ထိုပုံရိပ်ကြီးမှာ မကျေမနပ် ဖြစ်သွားတော့သည်။

“စီနီယာအစ်မဖုန်း... အပြင်က လူတွေက သိပ်ပြီးတော့ အားနည်းလွန်းတယ်... သူတို့နဲ့ ပျော်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးလေ... ကျွန်တော် ပျော်စရာကောင်းတယ်လို့ ပြောတာက သခင်ကြီးရဲ့ ဂိုဏ်းမှာ တပည့် သုံးယောက် ရှိတယ်... အဲ့ဒီ ကလေးသုံးယောက်က အတော်လေး ဟာသမြောက်တယ်လို့ ပြောတာပါ...”

“ဪ... ဒါမျိုးကိုး...”

ထိုပုံရိပ်ကြီးမှာ ခဏတာ စဉ်းစားလိုက်ပြီးနောက် မြင်းနက်ကြီးကို မြှောက်ပင့်ကာ အကြံပြုလိုက်သည်။

“ဒါဆိုရင် မင်း ပြန်သွားတဲ့အခါ သခင်ကြီးကို မေးကြည့်ပေးပါလား... သူ့ မျိုးဆက်သစ် တပည့်လေးတွေအတွက် စီးနင်းသားရဲ တစ်ကောင် မလိုဘူးလားလို့လေ... တကယ်လို့ လိုအပ်တယ်ဆိုရင် ငါတို့ အပြင်ထွက်ပြီး သူတို့အတွက် စီးနင်းသားရဲ လုပ်ပေးချင်လို့ပါ...”

“ကောင်းပါပြီ စီနီယာအစ်မဖုန်း...”

မြင်းနက်ကြီးက ခေါင်းကို ငုံ့ထားရင်း မတတ်သာဘဲ ပြန်လည် ဖြေကြားလိုက်ရသည်။

ဤထိတ်လန့်ဖွယ် သတ္တဝါကြီးများသာ အပြင်လောကသို့ ထွက်လာကြလျှင် လောကကြီးတစ်ခုလုံး ပရမ်းပတာ ဖြစ်ကုန်မည် မဟုတ်ပါလား။ သခင်ကြီး၏ မူလရည်ရွယ်ချက်မှာ သူ၏ နဂါးနတ်ဘုရားဂိုဏ်းမှ တပည့်များကို လေ့ကျင့်ပေးရန် ဖြစ်သည်။ အကယ်၍ သူတို့မှာ ဤကဲ့သို့သော အိမ်မွေးတိရစ္ဆာန်များကို ထားရှိကြလျှင် မည်သို့လျှင် ကောင်းမွန်စွာ လေ့ကျင့်နိုင်ကြပါမည်နည်း။ သို့သော်လည်း မြင်းနက်ကြီးမှာ ဤစိုးရိမ်ပူပန်မှုကို ထုတ်မပြောရဲပေ။ အကယ်၍ စီနီယာအစ်မဖုန်းသာ စိတ်အနှောင့်အယှက် ဖြစ်သွားလျှင် သူ၏ ကိုယ်ပေါ်တွင် သွေးချင်းချင်းနီသော အပေါက်များစွာ ဖောက်ပေးလိုက်မည်ကို စိုးရိမ်နေမိသည်။

ရုတ်တရက်ဆိုသလို ရွှေရောင်အလင်းတန်းတစ်ခု ကျဆင်းလာခဲ့သည်။

“ဘုန်း...”

ရွှေရောင် ထိတ်လန့်ဖွယ် ပုံရိပ်ကြီးမှာ ကြောင်နက်ကြီးကို မြေပြင်ပေါ်သို့ ပစ်ချလိုက်လေသည်။

၎င်းက ညည်းညူလိုက်၏။

“ဒီကောင်လေးကတော့ တကယ်ကို စိတ်ပျက်စရာကောင်းလိုက်တာ... ဟိုကို ရောက်တာနဲ့ ကြောက်လွန်းလို့ သတိမေ့သွားတာပဲ...”

“အစ်ကိုကြီးကျင်း... အစ်ကိုကြီးက သူ့ကို ကြောက်စရာအကောင်းဆုံးနေရာကို ခေါ်သွားပြီးတော့ မကောင်းကြံလိုက်တာ မဟုတ်လား...”

စီနီယာအစ်မဖုန်းက ရယ်မောလိုက်သည်။

“ဟားဟားဟား... ငါက သူ့ကို အမြင်ကျယ်သွားအောင် လုပ်ပေးချင်ရုံတင်ပါ... သူက အဲ့ဒီနား ရောက်တာနဲ့ ကြောက်ပြီး မေ့လဲသွားလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ... သူ တကယ်ပဲ ကြောက်ပြီး သေသွားမှာစိုးလို့ သခင်ကြီးရဲ့ အပြစ်ပေးတာ မခံရအောင် အမြန် ပြန်ခေါ်လာခဲ့တာပဲ...”

ဤသို့ပြောပြီးနောက် ဤရွှေရောင် ထိတ်လန့်ဖွယ် ပုံရိပ်ကြီးမှာ ပျောက်ကွယ်သွားတော့သည်။

“မြင်းလေး... ဒီကြောင်လေးက သတ္တိနည်းလွန်းတယ်... ခဏနေရင် သူ့ကို နှိုးပြီးတော့ နှစ်သိမ့်ပေးလိုက်ပါဦး...”

အခြေအနေ မဟန်သည်ကို ရိပ်မိလိုက်သဖြင့် စီနီယာအစ်မဖုန်းသည်လည်း အမြန်ပင် ထွက်ပြေးသွားတော့သည်။

အမှောင်ထုအတွင်း၌ ထိတ်လန့်ဖွယ် ပုံရိပ်ကြီးများသည် တစ်ဦးပြီးတစ်ဦး မျက်လုံးများကို ပြန်မှိတ်လိုက်ကြပြီး နှစ်ခြိုက်စွာ အိပ်ပျော်သွားကြပြန်သည်။

သိုလှောင်ရုံတစ်ခုလုံးမှာ နောက်တစ်ကြိမ် မှောင်အတိကျသွားပြီး တိတ်ဆိတ်သွားတော့သည်။

မြင်းနက်ကြီးမှာ ခေါင်းကို ခါလိုက်၏။ သူသည် ဤတိတ်ဆိတ်မှုကို ကျင့်သားမရနိုင်သေးပုံရ၏။ ယခင်ကဆိုလျှင် သူတို့သည် အမြဲတမ်း တိုက်ခိုက်နေခဲ့ကြသည်ကို သူ သတိရလိုက်မိသည်။ ဘာလို့ အခုတလော သူတို့တွေ အိပ်ချင်နေကြတာပါလိမ့်။ ဒီနှစ်တွေမှာ တိုက်ခိုက်နေခဲ့ကြလို့ ပင်ပန်းသွားကြတာများလား။

ခဏတာ စဉ်းစားလိုက်ပြီးနောက် မြင်းနက်ကြီးသည် ကြောင်နက်ကြီး၏ အနားသို့ တိုးသွားလိုက်သည်။ ထို့နောက် သူသည် ကြောင်နက်ကြီး၏ ခေါင်းပေါ်သို့ သူ၏ ခွာကို တင်လိုက်ပြီး စွမ်းအင်အချို့ကို ထည့်သွင်းပေးလိုက်လေသည်။

ထိုအခါမှ ကြောင်နက်ကြီးမှာ ဖြည်းဖြည်းချင်း နိုးလာတော့၏။

“မြောင်... ဦးလေးမြင်းပါလား... ဘုရားရေ နောက်ဆုံးတော့ ကျွန်တော် ဦးလေးကို ပြန်တွေ့ပြီနော်... ဒီတစ်သက် ဦးလေးကို ပြန်တွေ့ရတော့မှာ မဟုတ်ဘူးလို့ ထင်နေတာ...”

အမှောင်ထဲ၌ ခန့်ညားလှသော မြင်းမျက်နှာကြီးကို မြင်လိုက်ရသည့်အခါ ကြောင်နက်ကြီးမှာ အလွန်ပင် စိတ်သက်သာရာ ရသွားခဲ့ရသည်။ သူသည် အမြန်ထလိုက်ပြီး မြင်းနက်ကြီး၏ သန်မာသော ခြေထောက်များကို ဖက်တွယ်ကာ အော်ဟစ်ငိုကြွေးတော့သည်။

သူသည် သူ၏ တစ်သက်တာတွင် အကြောက်ရဆုံးသော မိစ္ဆာသားရဲကြီးကို မြင်တွေ့ခဲ့ရသည်။ ကြောက်လွန်းသဖြင့် ထိုနေရာတင်ပင် သတိမေ့သွားခဲ့ရသည်။ ထိုမိစ္ဆာသားရဲကြီးက မျက်လုံးတစ်ဖက်ကို ဝေဝါးစွာ ဖွင့်ကြည့်လိုက်ရုံမျှဖြင့် ကြောင်နက်ကြီးမှာ ငရဲဘုံ၌ အကြိမ်ပေါင်း ရှစ်ရာလောက် သေပြီးသွားပြီဟု ခံစားလိုက်ရသည်။ ဤသည်က တကယ်ကို ကြောက်စရာကောင်းလွန်းလှသည်။

“ငိုမနေနဲ့တော့ ကြောင်လေး... သခင်ကြီးရဲ့ နေရာက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲဆိုတာ အခု မင်း နားလည်သွားပြီ မဟုတ်လား...”

မြင်းနက်ကြီးက စိတ်အနှောင့်အယှက် ဖြစ်နေသော အမူအရာနှင့် ငေါက်လိုက်သည်။

“နားလည်ပါပြီ ဦးလေးမြင်း...”

ကြောင်နက်ကြီးက ဝမ်းနည်းပူဆွေးစွာ ပြောလိုက်၏။

“ဒါကြောင့် နောက်ကိုဆိုရင် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတတ်တဲ့ ကြောင်တစ်ကောင် ဖြစ်အောင် နေစမ်း... မင်းမှာ အမြီးကိုးချောင်း ဝိညာဉ်ကြောင် သွေးဗီဇ ရှိနေရုံနဲ့ ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီး မထင်နဲ့ဦး... ဦးလေးမြင်းရဲ့ မျက်စိထဲမှာတော့ မင်းက ဘာမှမဟုတ်ဘူး...”

မြင်းနက်ကြီးက လူကြီးတစ်ယောက်လို ဆုံးမဩဝါဒ ပေးလိုက်လေသည်။

ကြောင်နက်ကြီးက သူ၏ မျက်ရည်များကို သုတ်လိုက်ပြီး ခေါင်းကို အပြင်းအထန် ညိတ်ပြလိုက်၏။

“ကျွန်တော် နောက်တစ်ခါ မမောက်မာတော့ပါဘူး... နောက်ဆိုရင် တကယ်ကို နှိမ့်ချတတ်တဲ့ ကြောင်တစ်ကောင် ဖြစ်အောင် နေပါ့မယ်...”

“ဒါမှပေါ့...”

မြင်းနက်ကြီးက သူ၏ ခွာနှင့် တစ်နေရာကို ညွှန်ပြလိုက်ပြီး ငေါက်လိုက်ပြန်သည်။

“မင်းရဲ့ သနားစရာကောင်းတဲ့ အခြေအနေကို ကြည့်ဦး... သခင်ကြီးရဲ့ သိုလှောင်ရုံထဲမှာ သေးတောင် ပေါက်ခဲ့သေးတယ်... ဟွန်း... အဲ့ဒါကို အခုချက်ချင်း ကုန်အောင် ပြန်လျက်စမ်း... မဟုတ်ရင်တော့ ဦးလေးမြင်းက မင်းကို ဟိုထဲ ပြန်ပစ်ထည့်လိုက်ပြီး သူတို့ကို စားခိုင်းလိုက်မှာနော်...”

မြင်းနက်ကြီး၏ ခြိမ်းခြောက်မှုကို ကြားလိုက်ရသည့်အခါ ကြောင်နက်ကြီးမှာ တစ်ကိုယ်လုံးက အမွေးများ ထောင်ထွက်သွားခဲ့ရသည်။

သူသည် ဆီးကွက်ရှိရာသို့ လျှပ်စီးကဲ့သို့ ပြေးသွားပြီး ပါးစပ်ကို ကျယ်ကျယ်ဟကာ အရာအားလုံးကို ဗိုက်ထဲရောက်အောင် စုပ်ယူလိုက်လေတော့သည်။

ကြောင်နက်ကြီးက သေးများကို မျိုချလိုက်သည်ကို မြင်လိုက်ရသည့်အခါ မြင်းနက်ကြီးက သူ၏ ခေါင်းကို မော့လိုက်ပြီး ရွံရှာဖွယ် အမူအရာနှင့် ပြောလိုက်၏။

“အီး... ငါ့အနားကို မကပ်နဲ့ဦး... မင်းက တကယ်ကို ညစ်ပတ်လွန်းတယ်...”

သူသည် အမှန်စင်စစ်တွင်မူ သန့်ရှင်းမှုကို မြတ်နိုးလှသော မြင်းနက်ကြီးတစ်ကောင် ဖြစ်သည်။

“ဦးလေးမြင်း... ကျေးဇူးပြုပြီး စိတ်အေးအေးထားပါနော်... ကျွန်တော် စွမ်းအားကို သုံးပြီးတော့ အဲ့ဒါတွေကို ဖြိုခွဲလိုက်ပါပြီ... ဘာအနံ့မှ မရှိတော့ပါဘူး...”

ကြောင်နက်ကြီးက သူ၏ လက်သည်းလေးကို မြှောက်လိုက်ပြီး တခိခိ ရယ်မောရင်း ပြောလိုက်သည်။

“ပါးနပ်သားပဲ...”

မြင်းနက်ကြီးက မကျေမနပ်နှင့် ပြောလိုက်ပြီးနောက် လှည့်ထွက်သွားခဲ့သည်။

ဤဖြစ်စဉ်တစ်ခုလုံးကို စောင့်ကြည့်နေခဲ့သော ရီယွင်မှာ သူ့ဘာသူ မရယ်ဘဲ မနေနိုင်ဖြစ်သွားခဲ့ရ၏။

ဤတစ်ကြိမ်တွင်မူ ကြောင်နက်ကြီးမှာ တကယ်ကို ကြောက်အားလန့်အား ဖြစ်သွားခဲ့ပုံရသည်။ နောင်တွင် ဤကောင်လေးမှာ ဤမျှအထိ မောက်မာရဲတော့မည် မဟုတ်ပေ။

ရီယွင်သည် သူ၏ လက်ကောက်ဝတ်ကို အသာအယာ လှုပ်ယမ်းလိုက်ရာ မြင်းနက်ကြီးနှင့် ကြောင်နက်ကြီးတို့မှာ သိုလှောင်ရုံအတွင်းမှ အပြင်သို့ ရောက်ရှိလာခဲ့ကြသည်။

နေ့အလင်းရောင်ကို နောက်တစ်ကြိမ် ပြန်မြင်လိုက်ရသည့်အခါ ကြောင်နက်ကြီးမှာ လတ်ဆတ်သော လေကို အငမ်းမရ ရှူသွင်းလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ဘေးဒုက္ခတစ်ခုမှ လွတ်မြောက်လာသည့်အလား စိတ်သက်သာရာရသော အမူအရာများ ပေါ်ပေါက်လာခဲ့သည်။

“ဘုန်း...”

မြင်းနက်ကြီးက သူ၏ ခွာဖြင့် ကြောင်နက်ကြီး၏ ခေါင်းပေါ်သို့ ချက်ချင်းပင် နင်းချလိုက်ပြန်သည်။

ကြောင်နက်ကြီးမှာ ယခုအချိန်သည် စိတ်အေးလက်အေး နေရမည့်အချိန် မဟုတ်သည်ကို ချက်ချင်းပင် သဘောပေါက်သွားခဲ့၏။ သူသည် ရီယွင်၏ ခြေရင်းသို့ အလျင်အမြန် ပြေးသွားပြီး အကြိမ်ကြိမ် ဦးညွတ်ကာ ပြောလိုက်တော့သည်။

“သခင်ကြီး... ကျွန်တော်မျိုး အမှားကို သိပါပြီ... ကျေးဇူးပြုပြီး ကျွန်တော့်ကို အခွင့်အရေးလေး တစ်ခုလောက် ထပ်ပေးပါဦးနော်...”

ရီယွင်၏ နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူသည် လက်ကို နောက်ပစ်လျက် ရပ်နေရင်း ညင်သာစွာ ပြောလိုက်၏။

“မင်း ငါတို့နောက်ကို လိုက်ချင်တယ်ဆိုရင်တော့... ဒါက မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး... ဒါပေမဲ့ အခု နဂါးနတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းချုပ်က လော့လီလေ... မင်း သူ့ရဲ့ သဘောထားကို မေးကြည့်သင့်တယ်...”

သခင်ကြီးက ကန့်ကွက်ခြင်း မရှိသည်ကို မြင်လိုက်ရသည့်အခါ ကြောင်နက်ကြီးမှာ ဝမ်းသာအားရ ဖြစ်သွားခဲ့ပြီး ဤကိစ္စမှာ မျှော်လင့်ချက် ရှိနေပြီဟု ခံစားလိုက်ရသည်။ ချက်ချင်းပင် သူသည် လော့လီ၏ ခြေရင်းသို့ အလျင်အမြန် ပြေးသွားကာ မြေပြင်ပေါ်မှာ ဒူးထောက်၍ ဦးညွတ်ညွတ်လိုက်၏။

“ဂိုဏ်းချုပ်လော့... ကျွန်တော့်ကို ကျေးဇူးပြုပြီး လက်ခံပေးပါနော်... နောင်အနာဂတ်မှာ ဂိုဏ်းကို စောင့်ရှောက်ဖို့အတွက် နတ်ဘုရားသားရဲ တစ်ကောင် လိုအပ်မှာ သေချာပါတယ်... ကျွန်တော်ကတော့ အဲ့ဒီ တာဝန်ကို တကယ်ပဲ ထမ်းဆောင်နိုင်ပါတယ်ခင်ဗျာ...”

ဤကြောင်နက်ကြီးက သူ့ကို ရုတ်တရက် လာရောက်ဦးညွတ်နေသည်ကို မြင်လိုက်ရသည့်အခါ လော့လီမှာ အတော်လေး ထိတ်လန့်သွားခဲ့ရသည်။ သို့သော်လည်း ကြောင်တစ်ကောင်က ဦးညွတ်နေသည့် မြင်ကွင်းမှာ အတော်လေး ဟာသမြောက်လှသည်ဟုလည်း သူ ခံစားလိုက်ရ၏။ သူသည် ဤကြောင်နက်ကြီးကို အထူးတလည် မုန်းတီးခြင်း မရှိပေ။ သို့သော်လည်း သူ့ကို လက်ခံလိုက်ရန်မှာ အနည်းငယ် စောလွန်းနေသလို ခံစားနေရသည်။

စုဝမ်ယီသည် ကြောင်နက်ကြီးကို ကြည့်လိုက်ပြီး သူ၏ မျက်ဝန်းများထဲတွင် ကျေးဇူးတင်သော အရိပ်အယောင်အချို့ ရှိနေသည်။

“ညီမလေး... ဒီကြောင်ကြီးက အစ်မကြီးကို တစ်ခါ ကယ်တင်ပေးခဲ့ဖူးတယ်... အစ်မကြီးအပေါ်မှာ သူ့ကျေးဇူးတွေရှိတယ်... သူ့ကို လက်ခံလိုက်ရင် မကောင်းဘူးလား...”

စုဝမ်ယီက ညင်သာစွာ အကြံပြုလိုက်လေသည်။

အခန်း ၄၈ ပြီးပါပြီ။

All Chapters