အခန်း (၄၉-၅၁)
Vol. 4 Ch. 49-51
အခန်း ၄၉ - နတ်ဘုရားဘုရင်နယ်ပယ်လား... မကြာမီမှာပဲ...
“သူက အစ်မကြီးကို အရင်က ကယ်ခဲ့ဖူးတာလား...”
လော့လီသည် အနည်းငယ် အံ့ဩသွား၏။ စက္ကန့်အနည်းငယ်မျှ ဝေခွဲမရဖြစ်ပြီးနောက် သူသည် ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆိုရင်လည်း ကောင်းပါပြီ စီနီယာအစ်မ... ငါ သူ့ကို လက်ခံလိုက်ပါ့မယ်...”
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်...”
စုဝမ်ယီသည် လက်သီးလက်ဝါးဆုပ်ကာ ကျောက်စိမ်းကဲ့သို့ လှပသော သူ၏မျက်နှာလေးပေါ်တွင် စစ်မှန်သော အပြုံးတစ်ခုနှင့်အတူ ဂိုဏ်းချုပ်အား အလွန်ပင် ရိုသေစွာ ဂါရဝပြုလိုက်လေသည်။
“ဟားဟား... စီနီယာအစ်မကြီးရယ်... ငါတို့အချင်းချင်း ဒီလိုမျိုးတွေ လုပ်နေဖို့ မလိုပါဘူး... ငါက ဆရာ့ရဲ့ နောက်ဆုံးမှာကြားချက်အရသာ ဂိုဏ်းချုပ် ဖြစ်လာရတာပါ... အရည်အချင်းပိုင်းမှာဆိုရင် ငါက အစ်မကြီးထက် အများကြီး နိမ့်ကျပါသေးတယ်...”
လော့လီက သူ၏လက်ကလေးများကို အလျင်အမြန် ဝေ့ယမ်းရင်း ပြောလိုက်ရာ သူ၏မျက်နှာလေးမှာ နီမြန်းနေခဲ့၏။
စုဝမ်ယီသည် တည်ကြည်သောအမူအရာဖြင့် လေးနက်စွာ ပြန်ပြောလိုက်သည်။
“ညီမလေး... ဆရာက ဂိုဏ်းချုပ်ရာထူးကို ညီမလေးဆီ လွှဲပေးခဲ့တာဟာ သေချာပေါက် လေးနက်တဲ့ အဓိပ္ပာယ်ရှိလို့ပဲ ဖြစ်ရမယ်... ညီမလေး ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ အထင်မသေးပါနဲ့...”
“ဟုတ်ပါတယ် စီနီယာအစ်မ...”
ကျွင်းမော့ရှောင်ကလည်း ဘေးမှနေ၍ ခေါင်းညိတ် ထောက်ခံလိုက်သည်။
လော့လီက ခါးသီးစွာ ပြုံးလိုက်မိ၏။ ဖြစ်နိုင်သည်မှာ တစ်ဂိုဏ်းလုံးတွင် သူသည် ထွက်ပြေးသည့်နေရာ၌ အတော်ဆုံး ဖြစ်နေသောကြောင့် ဆရာက သူ့ကို ရွေးချယ်ခဲ့ခြင်း ဖြစ်လောက်သည်။
“မြောင်း...”
လော့လီ သဘောတူသည်ကို မြင်လိုက်ရသည့်အခါ ကြောင်နက်ကြီးသည် စိတ်လှုပ်ရှားစွာဖြင့် လေထဲတွင် အကြိမ်ပေါင်းများစွာ ဂျွမ်းထိုးနေတော့သည်။ ခဏနေမှ ကိုယ်ရှိန်သပ်ကာ အမူအရာ တည်ကြည်သွားပြီး လေးနက်စွာ ဆိုလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်...”
ကြောင်နက်ကြီးသည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး သုံးကြိမ်တိုင်တိုင် ဦးညွတ်လိုက်၏။
ထို့နောက် သူသည် မြင်းနက်ကြီး၏ အနားသို့ အပြေးအလွှား သွားလိုက်ပြီး သူ၏ သန်မာလှသော ခြေထောက်များကို အားရပါးရ ပွတ်သပ်လိုက်လေသည်။
“ဦးလေးမြင်း ကြည့်ပါဦး... ကျွန်တော် အခု နဂါးနတ်ဘုရားဂိုဏ်းကို စောင့်ရှောက်မယ့် နတ်ဘုရားသားရဲ ဖြစ်သွားပြီနော်... ဦးလေးမြင်းမှာလည်း အဖော်ရသွားပြီပေါ့...”
ကြောင်နက်ကြီးက မြှောက်ပင့်လိုသော အပြုံးဖြင့် ပြောလိုက်သည်။
မြင်းနက်ကြီးက သူ၏ခွာကို ရုတ်တရက် မြှောက်လိုက်ပြီး သူ့အား ကန်ထုတ်လိုက်ကာ ရက်စက်စွာ ပြောလိုက်၏။
“မင်းက ဘာတွေကို ဒီလောက်တောင် သဘောကျနေတာလဲ... ကိုယ့်အလုပ်ကိုယ် ကောင်းကောင်းလုပ်ဖို့ပဲ အာရုံစိုက်စမ်း...”
“အု...”
ကြောင်နက်ကြီးမှာ ဤကန်ချက်ကြောင့် ရွှံ့နွံထဲသို့ လွင့်စဉ်သွားခဲ့ပြီး ရွှံ့များကို ငုံမိသွားပြန်လေသည်။
သို့သော်လည်း သူသည် အလွန်ပင် စိတ်လှုပ်ရှားနေသဖြင့် အနည်းငယ်မျှ စိတ်ဓာတ်ကျခြင်း မရှိပေ။ သူသည် ရွှံ့ထဲမှ ပြန်ထွက်လာခဲ့ပြီး ရွှံ့များကို ပြန်ထွေးထုတ်လိုက်ကာ ပျော်ပျော်ရွှင်ရွှင်ပင် ပြန်ဖြစ်သွားခဲ့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ရီယွင်က အသာအယာ ပြုံးလိုက်၏။
“မြင်းလေး... ဒီကောင်ကို ဆုံးမဖို့ တာဝန်ကိုတော့ မင်းပဲ ယူလိုက်ပေတော့...”
မြင်းနက်ကြီးက သူ၏ သွားဖြူကြီးများကို ဖြဲပြလိုက်ရင်း ပြုံးလိုက်သည်။
“ကျေးဇူးတင်ပါတယ် သခင်ကြီး... ဒီကြောင်လေးက တကယ်ကို ဆုံးမဖို့ လိုအပ်နေတာပါ... သူ့ကို သေချာကိုင်တွယ်ရမယ့် အချိန် ရောက်ပြီပဲ...”
သခင်ကြီးက စကားပြောလိုက်သည်ကို မြင်လိုက်ရသည့်အခါ ကြောင်နက်ကြီးမှာ နောက်ထပ် စကားတစ်လုံးမျှပင် မပြောရဲတော့လောက်အောင် ထိတ်လန့်သွားခဲ့ရသည်။ အကယ်၍ သခင်ကြီးသာ ဒေါသထွက်ပြီး သူ့ကို မှောင်မိုက်နေသော သိုလှောင်ရုံအတွင်းသို့ ပြန်ပစ်ထည့်လိုက်လျှင် သူ ဒုက္ခရောက်ပေလိမ့်မည်။
ရီယွင်က ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်ပြီး ညင်သာစွာ ပြောလိုက်၏။
“ကောင်းပြီ... ငါတို့ ဒီနေရာကနေ ထွက်ခွာဖို့ အချိန်ရောက်ပြီ...”
“ဘိုးဘေးကြီး... ကျွန်မတို့ နောက်ထပ် ဘယ်ကို သွားကြမှာလဲဟင်...”
လော့လီက စပ်စုလိုသော အမူအရာနှင့် မေးမြန်းလိုက်သည်။
“ရှေးဟောင်းလမင်း အင်ပါယာမှာ ငါတို့အတွက် လုပ်စရာ ဘာမှ မကျန်တော့ဘူး... ငါတို့ရဲ့ နောက်ထပ် ပစ်မှတ်က ရှန်ဖုန်းမင်းဆက်ပဲ...”
“အဲ့ဒီမှာ မင်းတို့အားလုံး ကြိုးကြိုးစားစား လေ့ကျင့်ကြ... မကြာခင်မှာပဲ ရှန်ဟန်ဂိုဏ်းကို ရင်ဆိုင်နိုင်အောင်နဲ့ နဂါးနတ်ဘုရားဂိုဏ်းကို နှိပ်စက်ခဲ့တဲ့ နောက်ကွယ်က ကြိုးကိုင်သူကို ဖော်ထုတ်နိုင်အောင် ကြိုးစားကြစမ်း...”
ရီယွင်က အသာအယာ ပြုံးလျက် ပြောလိုက်လေသည်။
“နားလည်ပါပြီ ဘိုးဘေးကြီး...”
လော့လီက လေးနက်သောအမူအရာနှင့် ပြန်လည် ဖြေကြားလိုက်၏။
ရီယွင်က လော့လီနှင့် ကျွင်းမော့ရှောင်တို့ကို ကြည့်လိုက်သည်။
“မင်းတို့နှစ်ယောက်လုံး ဓားနတ်ဘုရားဂိုဏ်းမှာ ပြင်းထန်တဲ့ တိုက်ပွဲကို ဖြတ်ကျော်ခဲ့ရလို့ အခု တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေနဲ့ဆိုတော့... ရထားလုံးထဲ ပြန်ဝင်ပြီး အားပြန်ဖြည့်ကြဦး...”
ဤသို့ပြောပြီးသည်နှင့် သူသည် သူ၏အင်္ကျီလက်မောင်းကို ဝေ့ယမ်းလိုက်ရာ ထိုနှစ်ယောက်မှာ ခဏချင်းမှာပင် ပျောက်ကွယ်သွားတော့သည်။
စုဝမ်ယီမှာ ဆွံ့အသွားခဲ့ပြီး ရီယွင်ကို အလွန်ပင် ဝေခွဲမရသော မျက်နှာပေးနှင့် ကြည့်နေမိသည်။ သူ၏ ဂျူနီယာမောင်လေးနှင့် ညီမလေးတို့မှာ ဘယ်ကို ပျောက်ကွယ်သွားကြသည်ကို သူ သိချင်နေခဲ့ခြင်း ဖြစ်၏။
“စုဝမ်ယီ... ငါ့နောက်ကို လိုက်ခဲ့...”
ရီယွင်က ညင်သာစွာ ပြောလိုက်သည်။
နူးညံ့သော အလင်းတန်းတစ်ခုက စုဝမ်ယီကို လွှမ်းခြုံသွားခဲ့ပြီး သူသည် ရီယွင်နှင့်အတူ ထိုနေရာမှ ပျောက်ကွယ်သွားကာ ရထားလုံးအတွင်း၌ ပြန်လည် ပေါ်လာခဲ့သည်။
ကြောင်နက်ကြီးသည် ရထားလုံးပေါ်သို့ ပါးနပ်စွာ ခုန်တက်လိုက်ပြီး ခွေခွေလေး လဲလျောင်းကာ နေရာယူလိုက်၏။ မြင်းနက်ကြီးသည်လည်း ရထားလုံးတွင် ဇက်ကြိုးများကို ကိုယ်တိုင် တပ်ဆင်လိုက်ပြီး တောင်ကြားထဲမှ ဆွဲထုတ်လာခဲ့သည်။
“ကြောင်လေး... မင်းရဲ့ ဦးလေးမြင်းက ရှန်ဖုန်းမင်းဆက်ကို သွားတဲ့လမ်းကို မသိဘူးလေ... မင်းကတော့ သိမှာပေါ့ မဟုတ်ဘူးလား...”
မြူနှင်းတောင်ကြားထဲမှ ထွက်လာပြီးနောက် မြင်းနက်ကြီးက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း ကြောင်နက်ကြီးကို မေးမြန်းလိုက်သည်။
“ဦးလေးမြင်း... ဦးလေး တကယ့်လူမှန်ကို မေးလိုက်တာပဲဗျာ... တကယ်တော့ ကျွန်တော်က ချန်းနန်ကုန်းမြေကြီးရဲ့ စွယ်စုံကျမ်းလို့တောင် ပြောလို့ရတယ်လေ...”
ကြောင်နက်ကြီးက တခိခိ ရယ်မောလိုက်ပြီး သူ၏ အနက်ရောင်လက်သည်းလေးကို မြှောက်ကာ အရှေ့တောင်ဘက်သို့ ညွှန်ပြလိုက်သည်။
“ဦးလေးမြင်း... အဲ့ဒီဘက်ကို ဦးတည်ပြီး သွားလိုက်တော့ဗျာ...”
မြင်းနက်ကြီးက တဟီးဟီး ရယ်မောလိုက်ပြီး ရှန်ဖုန်းမင်းဆက်ဆီသို့ စတင် ဦးလှည့်လိုက်တော့သည်။
ရထားလုံးအတွင်း၌မူ ရီယွင်သည် စုဝမ်ယီအား နဂါးနတ်ဘုရားဂိုဏ်း၏ အထွတ်အထိပ် ပညာရပ် သုံးမျိုးကို စတင် သင်ကြားပေးနေခဲ့သည်။
“လဝက်ကျော် ကြာပြီးနောက်...”
အနက်ရောင်ရထားလုံးသည် ရှန်ဖုန်းမင်းဆက်၏ နယ်မြေအတွင်းသို့ ဖြည်းညင်းစွာ ဝင်ရောက်လာခဲ့သည်။
ရီယွင်က ကြိုတင်မှာကြားထားခဲ့သဖြင့် မြင်းနက်ကြီးမှာ အလျင်စလို မလုပ်ပေ။ သူသည် မြေပြင်ပေါ်၌ သာမန် လမ်းလျှောက်သည့် အရှိန်ဖြင့်သာ သွားနေခဲ့ခြင်း ဖြစ်၏။
“သခင်ကြီး... ကျွန်တော်တို့ ရှန်ဖုန်းမင်းဆက်ကို ရောက်ပြီဗျ... ရှေ့မှာ ရှိနေတာကတော့ ရှန်ဖုန်းမင်းဆက်ရဲ့ အကြီးဆုံး နယ်စပ်မြို့တော်ဖြစ်တဲ့ ငွေလမင်းမြို့တော်ပဲ ဖြစ်ပါတယ်...”
ကြောင်နက်ကြီးက သူ၏ခေါင်းကို လှည့်လိုက်ပြီး ရထားလုံးဆီသို့ တိုးညင်းစွာ ပြောလိုက်သည်။
“ကောင်းပြီ...”
ရီယွင်က စကားတစ်လုံးတည်းကိုသာ ပြန်ဖြေလိုက်၏။
ယခုအချိန်တွင် သူသည် ရထားလုံးအတွင်း၌ တစ်ဦးတည်း ထိုင်နေခြင်း ဖြစ်သည်။ သူသည် စုဝမ်ယီကိုလည်း ကျင့်ကြံရန်အတွက် သီးခြားဟင်းလင်းပြင်တစ်ခုအတွင်းသို့ ပို့ထားခဲ့၏။ ဤကာလအတွင်း ရီယွင်သည် သူ့အား ပုံမှန် လမ်းညွှန်မှုများသာ ပေးနေခဲ့ခြင်း ဖြစ်သည်။
ရီယွင်၏ လက်ချောင်းများက အသာအယာ တောက်လိုက်ရာ တစ်စုံတစ်ခုကို အာရုံခံမိလိုက်သကဲ့သို့ သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ထိုခဏချင်းမှာပင် အနက်ရောင်ရထားလုံးအတွင်းရှိ ဟင်းလင်းပြင်တစ်ခုမှနေ၍ အံ့ဩဖွယ်ကောင်းလှသော မဟာနဂါးနတ်ဘုရား အရှိန်အဝါများ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့၏။
လော့လီ၏ ခန္ဓာကိုယ်မှာ သူ၏အတွင်းမှ တစ်စုံတစ်ရာသော ချည်နှောင်မှုများ ပြုတ်ထွက်သွားသကဲ့သို့ တုန်ခါသွားခဲ့ရသည်။ ခဏချင်းမှာပင် သူ၏ မဟာနဂါးနတ်ဘုရား အရှိန်အဝါမှာ မယုံနိုင်လောက်အောင် သန်မာလာခဲ့လေသည်။
ယခုအချိန်တွင် လော့လီသည် ကောင်းကင်တံတားနယ်ပယ်သို့ အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့ပြီ ဖြစ်သည်။
“ဘိုးဘေးကြီး... ကျွန်မ ကျင့်ကြံမှုနယ်ပယ် ထိုးဖောက်နိုင်သွားပြီ...”
လော့လီသည် သူ၏ အောင်မြင်မှုအတွက် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။
“တော်တော်လေး ကောင်းတယ်… ထိုးဖောက်ပြီးတာနဲ့ နဂါးဘိုးဘေး အနှစ်သာရသွေး တစ်စက်ကို သောက်လိုက်ဦး… ပြီးရင် မင်းရဲ့ ကျင့်ကြံမှုကို ခဏလောက် ထပ်ပြီး တည်ငြိမ်အောင် လုပ်ပါ...”
နူးညံ့သော အသံတစ်ခုမှာ လော့လီရှိရာ ဟင်းလင်းပြင်အတွင်း၌ ပဲ့တင်ထပ်သွားခဲ့သည်။ အားနည်းသော အလင်းတန်းတစ်ခု ဝင်းလက်သွားခဲ့ပြီး သူ၏ရှေ့တွင် နဂါးဘိုးဘေး အနှစ်သာရသွေး တစ်စက် ပေါ်လာခဲ့၏။
“ကျေးဇူးတင်ပါတယ် ဘိုးဘေးကြီး...”
လော့လီက ရိုသေစွာ ပြောလိုက်သည်။ သူသည် ပါးစပ်ကို ဖွင့်လိုက်ပြီး နဂါးဘိုးဘေး အနှစ်သာရသွေးကို မျိုချလိုက်ကာ တင်ပလ္လင်ခွေ ထိုင်၍ သန့်စင်ရန် စတင်လိုက်တော့သည်။
ရီယွင်က အခြားတစ်ဖက်သို့ လှမ်းကြည့်လိုက်၏။ ကျွင်းမော့ရှောင်သည်လည်း လွန်ခဲ့သော ခုနစ်ရက်ကပင် ကောင်းကင်တံတားနယ်ပယ်သို့ ထိုးဖောက်နိုင်ခဲ့ပြီဖြစ်ပြီး ယခုအခါတွင် နဂါးဘိုးဘေး အနှစ်သာရသွေးကို သန့်စင်နေခဲ့ပြီ ဖြစ်သည်။
ဤငယ်ရွယ်သော တပည့်နှစ်ယောက်စလုံး ကောင်းကင်တံတားနယ်ပယ်သို့ ထိုးဖောက်နိုင်ခဲ့ကြပြီဖြစ်သဖြင့် ရီယွင်မှာ အလွန်ပင် စိတ်သက်သာရာ ရသွားခဲ့ရသည်။
လက်ရှိတွင်မူ စုဝမ်ယီသည် ကျင့်ကြံမှုအဆင့် အနိမ့်ဆုံးသူ ဖြစ်နေခဲ့၏။ ရီယွင်သည် သူ့အားလည်း ထပ်တူညီသော အထူးလေ့ကျင့်မှုများ ပေးရန် စီစဉ်လိုက်သည်။ ထို့ကြောင့် သူသည် ကျင့်ကြံနေဆဲဖြစ်သော စုဝမ်ယီကို ဆင့်ခေါ်လိုက်လေ၏။
သူသည် လက်ညှိုးဖြင့် အသာအယာ တောက်လိုက်ရာ စုဝမ်ယီ၏ ကျင့်ကြံမှုနယ်ပယ်မှာ နတ်ဝိညာဉ်အာရုံနယ်ပယ် အဆင့် ၁ မှနေ၍ မူလပင်လယ်နယ်ပယ် အဆင့် ၁ သို့ ချက်ချင်းပင် ကျဆင်းသွားတော့သည်။ နယ်ပယ်ကြီးတစ်ခုစာလုံး ကျဆင်းသွားခြင်း ဖြစ်သည်။
“ဘိုးဘေးကြီး...”
သူ၏ ကျင့်ကြံမှုနယ်ပယ်မှာ ရုတ်တရက်ကြီး ထိုးကျသွားသည်ကို မြင်လိုက်ရသည့်အခါ စုဝမ်ယီမှာ ထိတ်လန့်သွားခဲ့ရသည်။ သူသည် ဘိုးဘေးကြီးကို ဝေခွဲမရသော မျက်နှာပေးနှင့် ကြည့်လိုက်မိ၏။
ရီယွင်က တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါ့ရဲ့ နဂါးနတ်ဘုရားဂိုဏ်းက တပည့်တိုင်းဟာ ကိုယ့်ရဲ့ နယ်ပယ်အတွင်းမှာ ပြိုင်ဘက်ကင်း ဖြစ်ရမယ်... ပြီးတော့ အဆင့်အတန်း မြင့်မားတဲ့သူတွေကိုလည်း တိုက်ခိုက်နိုင်စွမ်း ရှိရမယ်... ဒါကြောင့် ငါက မင်းရဲ့ ကျင့်ကြံမှုကို နယ်ပယ်ကြီးတစ်ခုစာလောက် အတင်းအဓမ္မ ဖိနှိပ်လိုက်တာပဲ... ဒါဟာ မင်းကို ဖိအားတွေအောက်မှာ ထိုးဖောက်နိုင်အောင် ကူညီပေးဖို့အတွက်ပဲ ဖြစ်တယ်...”
“ဪ သိပါပြီ...”
စုဝမ်ယီက မျက်တောင်လေး တဖျတ်ဖျတ်ခတ်လိုက်မိ၏။
ရီယွင်က ပြုံးလိုက်သည်။
“လော့လီလည်း ဒီလိုပဲ ကြုံတွေ့ခဲ့ရတာပဲ... အရင်တုန်းက သူ့ရဲ့ ကျင့်ကြံမှုကိုလည်း မူလပင်လယ်နယ်ပယ် အဆင့် ၁ အထိ ဖိနှိပ်ထားခဲ့တာလေ... သူက မူလပင်လယ်နယ်ပယ် အဆင့် ၁၀ အထိ တစ်ဆင့်ချင်းစီ ကျင့်ကြံပြီးတော့မှ ချိပ်ပိတ်မှုကို ဖယ်ရှားပြီး ကောင်းကင်တံတားနယ်ပယ်ကို ထိုးဖောက်နိုင်ခဲ့တာပဲ...”
“ဒါကြောင့်မို့လို့ကိုး... ကျွန်မကို ပြုစုပျိုးထောင်ပေးဖို့အတွက် ဘိုးဘေးကြီးရဲ့ ဒုက္ခခံ ကြိုးစားပေးမှုတွေကို ကျေးဇူးတင်ပါတယ် ဘိုးဘေးကြီး...”
ဘိုးဘေးကြီး၏ လေးနက်စွာသော ရည်ရွယ်ချက်များကို သိရှိသွားသည့်အခါ စုဝမ်ယီမှာ ရှက်စိတ်များ ဖြစ်ပေါ်လာခဲ့ပြီး မြေပြင်ပေါ်မှာ ချက်ချင်းပင် ဒူးထောက်၍ ဦးညွတ်လိုက်တော့သည်။
ရီယွင်က သူ၏လက်ကို ဆန့်လိုက်ရာ စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာပြီး စုဝမ်ယီကို အသာအယာ ထရပ်စေခဲ့သည်။
သူက ပြုံးလျက် ပြောလိုက်၏။
“အခုအချိန်မှာတော့ လော့လီဟာ နယ်ပယ်တူ ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာကို ဘာပြဿနာမှ မရှိဘဲ အနိုင်တိုက်နိုင်နေပြီလေ...”
“ဂျူနီယာညီမလေးက... အဲ့ဒီလောက်တောင် သန်မာသွားပြီလားဟင်...”
စုဝမ်ယီက အံ့ဩတကြီး ပြောလိုက်မိသည်။
သူ၏ မျက်ဝန်းအိမ်အနက်ပိုင်းတွင်မူ အလွန်ပင် အားကျသော အမူအရာများ ပေါ်ထွက်လာခဲ့၏။
ရီယွင်က ငွေလမင်းမြို့တော်ဘက်သို့ တည်ငြိမ်စွာ လှမ်းကြည့်လိုက်ရာ တစ်စုံတစ်ခုကို သိရှိလိုက်သည်။ သူက လေးနက်စွာ ပြောလိုက်၏။
“ရှန်ဖုန်းမင်းဆက်ရဲ့ အလုံးစုံ ခွန်အားဟာ ရှေးဟောင်းလမင်း အင်ပါယာထက် အဆပေါင်း ဆယ်ဆကျော်လောက် ပိုပြီး သန်မာလှတယ်... မင်းတို့ရဲ့ စမ်းသပ်မှုတွေဟာ... ငွေလမင်းမြို့တော်ကနေ စတင်လိမ့်မယ်...”
“နားလည်ပါပြီ ဘိုးဘေးကြီး...”
စုဝမ်ယီက ရိုရိုသေသေ ပြန်လည် ဖြေကြားလိုက်သည်။
ရီယွင်လည်း မျက်လုံးများကို ပြန်မှိတ်လိုက်ပြီး တိတ်ဆိတ်နေတော့သည်။
သူ၏ ကျင့်ကြံမှုနယ်ပယ်မှာ နောက်တစ်ကြိမ် ထိုးဖောက်နိုင်ခဲ့ပြန်ပြီ ဖြစ်သည်။ ယခုအခါ သူသည် စစ်မှန်သောနတ်ဘုရားနယ်ပယ် အဆင့် ၉ သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။ သူ စစ်မှန်သောနတ်ဘုရားနယ်ပယ် အဆင့် ၁၀ သို့ ရောက်သည်နှင့် နဂါးဘိုးဘေး အနှစ်သာရသွေးမှ ရရှိသည့် ကျင့်ကြံမှု တိုးတက်နှုန်းမှာ လုံးဝ ကုန်ဆုံးသွားပေလိမ့်မည်။ ထိုအချိန်ကျမှသာ ရီယွင်သည် သူ၏ ထူးခြားနယ်မြေ ဝင်ရောက်မှုမှတစ်ဆင့် ရရှိထားသော အမျိုးမျိုးသော ဝိညာဉ်ဆေးလုံးများ၊ အံ့ဩဖွယ် ဆေးဝါးများနှင့် ကောင်းကင်အဆင့် ရတနာများကို စတင် အသုံးပြုနိုင်မည် ဖြစ်သည်။ နတ်ဘုရားဘုရင်နယ်ပယ်လား... ထိုအဆင့်သို့ ထိုးဖောက်နိုင်ရန်မှာ သိပ်ပြီး မကြာတော့ကြောင်း ရီယွင် ယုံကြည်နေတော့သည်။
အခန်း ၄၉ ပြီးပါပြီ။
အခန်း ၅၀ - မိသားစုသုံးခုသိုင်းပြိုင်ပွဲ
“ငွေလမင်းမြို့တော်...”
ယခုအချိန်တွင် အသစ်တဖန် ပြန်လည်မွမ်းမံထားသော မြို့စားမင်း၏ အိမ်တော်အတွင်း၌ မီးရောင်စုံများနှင့် အလှဆင်မှုများမှာ နေရာအနှံ့ ရှိနေသည်။ ရောင်စုံဖဲကြိုးများမှာ လေထဲတွင် လွင့်ပျံနေကြပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာ ပျော်ရွှင်စရာ အငွေ့အသက်များ ဖုံးလွှမ်းနေ၏။ လူများမှာလည်း အသွားအလာများနေကြပြီး အလွန်ပင် စည်ကားလှသည်။
မြို့စားအိမ်တော်သို့ ရောက်ရှိလာကြသော လူအများစုမှာ ပင်မရင်ပြင်အတွင်း၌ စုဝေးနေကြသည်။ ရင်ပြင်၏ အလယ်ဗဟိုတွင် သိုင်းပြိုင်ပွဲများ ကျင်းပရန်အတွက် မြင့်မားသော စင်မြင့်တစ်ခုကို တည်ဆောက်ထားသည်။ ၎င်း၏ ပတ်ပတ်လည်တွင် အရွယ်အစားမျိုးစုံရှိသော ကြည့်ရှုသည့်စင်မြင့်များ ရှိနေပြီး ဧည့်သည်များမှာလည်း ကြိတ်ကြိတ်တိုး ပြည့်နှက်နေကြ၏။
အကြီးဆုံးသော ပွဲကြည့်စင်မြင့်အတွင်း၌ အစွမ်းထက်သော နတ်ဝိညာဉ်အာရုံနယ်ပယ် သန်မာသူ သုံးဦးမှာ အားလုံး၏ အလယ်တွင် ထင်ထင်ရှားရှား ဖြစ်နေကြသည်။ အလယ်တည့်တည့်တွင်မူ မုတ်ဆိတ်မွှေး ထူထူနှင့် ခက်ထန်သော ရုပ်ရည်ရှိသည့် သန်မာသော သက်လတ်ပိုင်း အမျိုးသားတစ်ဦး ထိုင်နေသည်။ သူ၏ ရုပ်ရည်မှာ ခက်ထန်သော်လည်း သူ၏ မျက်နှာပေါ်တွင်မူ အပြုံးများဖြင့် ပြည့်နှက်နေ၏။
သူသည် ငွေလမင်းမြို့တော်၏ မြို့စားမင်းဖြစ်သူ ရှောင်ရင်းဟောင်ပင် ဖြစ်သည်။ မြို့စားအိမ်တော်မှာ ယနေ့တွင် ဤမျှ စည်ကားနေရခြင်းမှာ မကြာမီ ကျင်းပတော့မည့် မိသားစုသုံးခုသိုင်းပြိုင်ပွဲကြောင့် ဖြစ်သည်။
မိသားစုသုံးခုသိုင်းပြိုင်ပွဲကို သုံးနှစ်လျှင် တစ်ကြိမ် ကျင်းပလေ့ရှိသည်။ ယခင်နှစ်များတွင် ရှောင်ရင်းဟောင်၏ စိတ်အခြေအနေမှာ အေးအေးဆေးဆေးသာ ရှိခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ သူသည် အလွန်ပင် စိတ်လှုပ်ရှားနေခဲ့၏။ သူ၏ သားဖြစ်သူ ရှောင်ချူမော့သည် ချီထျန်းဓားဂိုဏ်း၏ အတွင်းစည်းတပည့်အဖြစ် ကြိုတင်ရွေးချယ်ခံထားရခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤ မိသားစုသုံးခုသိုင်းပြိုင်ပွဲတွင် သူ၏ သားမှာ စစ်မှန်သော ဇာတ်လိုက် ဖြစ်နေသည်။
ရွေးချယ်မှုများမှာ ကြိုတင်သတ်မှတ်ပြီးသား ဖြစ်သော်လည်း မိသားစုသုံးခုသိုင်းပြိုင်ပွဲ၏ လုပ်ငန်းစဉ်များမှာ ပုံမှန်အတိုင်း ဆက်လက်ရှိနေမည်သာ ဖြစ်သည်။ သူ၏ ဝဲဘက်နှင့် ယာဘက်တို့တွင် အိုယန်မိသားစုနှင့် တုန်းဖန်းမိသားစုတို့၏ မိသားစုခေါင်းဆောင်များ အသီးသီး ထိုင်နေကြသည်။ အိုယန်မိသားစုမှ အိုယန်ရှို့သည် မူလပင်လယ်နယ်ပယ် အဆင့် ၆ ၌ ရှိနေပြီး ဟွန့်ယွမ်ဓားဂိုဏ်းသို့ ဝင်ရောက်ရန်အတွက် ကြိုတင်ရွေးချယ်ခံထားရသည်။ တုန်းဖန်းမိသားစုမှ တုန်းဖန်းကျောက်မှာလည်း မူလပင်လယ်နယ်ပယ် အဆင့် ၅ ရှိနေပြီး ချင်းယွမ်ဂိုဏ်းအတွက် ကြိုတင်ရွေးချယ်ခံထားရသူ ဖြစ်သည်။
မကြာသေးမီ နှစ်များအတွင်း ငွေလမင်းမြို့တော်၌ ပါရမီရှင်များ တစ်ဟုန်ထိုး ထွက်ပေါ်လာခဲ့ပြီး ယခင်က မရှိဖူးလောက်အောင် ကြိုတင်ရွေးချယ်မှု သုံးခုအဖြစ် သတ်မှတ်ချက်များ ရရှိခဲ့ကြသည်။ မိသားစုသုံးခုသိုင်းပြိုင်ပွဲသည် ကောင်းကင်အဆင့်၊ မြေကမ္ဘာအဆင့်နှင့် လူသားအဆင့် နေရာများကို ဆုံးဖြတ်ပေးခြင်း ဖြစ်၏။ သူ၏သား ရှောင်ချူမော့မှာ ကောင်းကင်အဆင့်နေရာကို ရရှိထားသည်ဟု သတ်မှတ်ထားပြီး အိုယန်ရှို့မှာ မြေကမ္ဘာအဆင့်နေရာ၊ တုန်းဖန်းကျောက်မှာ လူသားအဆင့်နေရာတို့ကို အသီးသီး ရရှိထားကြသည်ဟု ဆိုရမည် ဖြစ်သည်။
ယခင် မိသားစုသုံးခုသိုင်းပြိုင်ပွဲများတွင် ထိပ်သီးနေရာ သုံးခုကို မဆုံးဖြတ်မီ ပြင်းထန်သော ပြိုင်ဆိုင်မှုများ အမြဲတမ်း ရှိခဲ့ကြသည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ အဓိကဂိုဏ်းကြီး သုံးခုက နေရာများကို ကြိုတင်သတ်မှတ်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့် အဆင့်နေရာ သုံးခုစလုံးတွင် သက်ဆိုင်ရာ ပုဂ္ဂိုလ်များ ရှိနှင့်နေပြီ ဖြစ်၏။ အရာအားလုံးမှာ နောက်ကွယ်တွင် နားလည်မှု ယူထားကြခြင်းသာ ဖြစ်သည်။
ရှောင်မိသားစုဖြစ်စေ၊ အိုယန်မိသားစု သို့မဟုတ် တုန်းဖန်းမိသားစုဖြစ်စေ လူတိုင်းမှာ အခြေအနေကို ကောင်းစွာ သိရှိထားကြပြီး မည်သူမျှ ဖော်ထုတ်ပြောဆိုလိမ့်မည် မဟုတ်ပေ။ ယနေ့၏ မိသားစုသုံးခုသိုင်းပြိုင်ပွဲမှာ စည်ကားနေဆဲ ဖြစ်ရခြင်းမှာ ငွေလမင်းမြို့တော်ရှိ အခြားသော မိသားစုများနှင့် ပတ်ဝန်းကျင်ရှိ အင်အားစုများမှာ ဤသတင်းကို မသိရှိသေးသောကြောင့် ဖြစ်သည်။
မိသားစုသုံးခုသိုင်းပြိုင်ပွဲ စတင်တော့မည့် အချိန်မှာပင် အနက်ရောင်ရထားလုံးတစ်စီးမှာ ငွေလမင်းမြို့တော်အတွင်းသို့ ဖြည်းညင်းစွာ မောင်းနှင်ဝင်ရောက်လာခဲ့သည်။
ကြောင်နက်ကြီးသည် ရထားလုံးပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေရင်း သက်ပြင်းချလိုက်၏။
“ငါ ငွေလမင်းမြို့တော်ကို မရောက်ဖြစ်တာ နှစ်အတော်ကြာပြီပဲ... အခုထိလည်း အရင်အတိုင်းပဲ ဘာမှမပြောင်းလဲသေးပါလား...”
မြင်းနက်ကြီးက သူ၏ခေါင်းကို လှည့်ကြည့်လိုက်ပြီး သူ့အား ပြင်းထန်သော အကြည့်တစ်ချက်နှင့် စိုက်ကြည့်လိုက်သည်။
“ဦးလေးမြင်း... ကျွန်တော် စကားတွေ များသွားတယ်ဗျာ...”
ကြောင်နက်ကြီးက ထိတ်လန့်တကြား ပြောလိုက်သည်။
“ကျွန်တော်က အခု ကြောင်တစ်ကောင်ပဲဟာ... အဲ့ဒီလိုမျိုး စကားတွေ မပြောသင့်ဘူးလေ...”
သူသည် သူ၏ လက်သည်းလေးနှင့် သူ၏ ကြောင်မျက်နှာကို အလျင်အမြန်ပင် ပြန်ရိုက်လိုက်တော့သည်။
မြို့ထဲသို့ မဝင်မီမှာပင် မြင်းနက်ကြီးက ဤနေရာတွင် စောင့်ကြည့်သူများ ရှိနေသောကြောင့် စကားကို တတ်နိုင်သမျှ နည်းနည်းသာ ပြောရန် သတိပေးထားခဲ့ခြင်း ဖြစ်၏။ ကြောင်နက်ကြီးမှာ မြို့ထဲသို့ ရောက်ရှိလာသည်နှင့် ထိုမှာကြားချက်ကို မေ့သွားခဲ့ခြင်း ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ရထားလုံးပေါ်၌ ပါလာသော စုဝမ်ယီသည် ကြောင်နက်ကြီးက သူ့ကိုယ်သူ ပြန်ဆုံးမနေသည်ကို မြင်လိုက်ရသည့်အခါ မရယ်ဘဲ မနေနိုင်ဖြစ်သွားခဲ့ရပြီး ညင်သာစွာ ပြောလိုက်၏။
“စီနီယာကြောင်ကြီး... ကိုယ့်ကိုယ်ကိုယ် အဲ့ဒီလိုမျိုး ပြန်ပြီးတော့ မဆုံးမပါနဲ့နော်...”
ကြောင်နက်ကြီးမှာ စကားမပြောရဲတော့ပေ။ ၎င်းသည် သူ၏ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်ပြီးနောက် ဝိညာဉ်အာရုံမှတစ်ဆင့် စကားပါးလိုက်သည်။
“သခင်မလေး... ကျွန်တော့်ကို စီနီယာကြောင်လို့ မခေါ်ပါနဲ့ဗျာ... နောက်ဆိုရင် ကြောင်လေးလို့ပဲ ခေါ်ပါနော်...”
၎င်းသည် အလွန်ပင် ပျာပျာသလဲ ဖြစ်နေသော လေသံနှင့် ပြောလိုက်ခြင်း ဖြစ်သည်။
“စီနီယာက ကျွန်မထက်လည်း အသက်ကြီးသလို ကျွန်မရဲ့ အသက်ကိုလည်း ကယ်ခဲ့ဖူးတယ်လေ... ကျွန်မတို့တွေက သင့်တော်တဲ့ ယဉ်ကျေးမှုတွေကို လျစ်လျူရှုထားလို့ ဘယ်ကောင်းပါ့မလဲ...”
စုဝမ်ယီက တိုးညင်းစွာ ရယ်မောရင်း ပြောလိုက်၏။
ကြောင်နက်ကြီးမှာ ခေါင်းကို ဆက်တိုက်ခါရင်း ခေါင်းမာစွာပင် ငြင်းဆန်နေခဲ့သည်။
“သခင်မလေး... ကျွန်တော့်ကို စီနီယာလို့ ခေါ်နေရင် ကျွန်တော် ဂိုဏ်းချုပ်ကို ဘယ်လိုမျက်နှာနဲ့ သွားကြည့်ရတော့မှာလဲ... ဒီလိုလုပ်ပါလား... ကျွန်တော့်ကို မြောင်လေးလို့ပဲ ခေါ်လိုက်တော့ဗျာ... စိတ်မပူပါနဲ့... ကျွန်တော့်ရဲ့ ဒီကြောင်မျက်နှာက တော်တော်လေး အရည်ထူပါတယ်...”
စုဝမ်ယီမှာ ဆွံ့အသွားခဲ့ရပြီး ခေါင်းကိုခါယမ်းကာ ခါးသီးစွာ ပြုံးလိုက်ရုံမှတစ်ပါး အခြားမရှိတော့ပေ။
မြင်းနက်ကြီးသည် မြို့ထဲသို့ ဝင်လာပြီးနောက် လမ်းကို သိနေသကဲ့သို့ပင် လမ်းကွေ့များစွာကို ဖြတ်ကျော်ကာ မြင့်မားသော အဆောက်အဦးတစ်ခု၏ ရှေ့တွင် ရပ်တန့်လိုက်လေသည်။
စုဝမ်ယီ မော့ကြည့်လိုက်သည့်အခါ မီးရောင်စုံများနှင့် အလှဆင်ထားသော မြင့်မားခန့်ညားလှသည့် အနီရောင်တံခါးကြီးတစ်ခုကို မြင်တွေ့လိုက်ရ၏။ လူများစွာမှာ အဝင်အထွက် လုပ်နေကြသဖြင့် အလွန်ပင် စည်ကားလှသည်။ တံခါးဝ၏ အထက်တွင် ဧရာမ ရွှေရောင်ဆိုင်းဘုတ်ကြီးတစ်ခု ချိတ်ဆွဲထားပြီး ၎င်းအပေါ်တွင် “မြို့စားအိမ်တော်” ဆိုသည့် စာလုံးကြီး သုံးလုံးကို ရေးသားထားသည်။
“မိသားစုသုံးခုသိုင်းပြိုင်ပွဲကို ဒီနေရာမှာ ကျင်းပနေတာပဲ... စုဝမ်ယီ... မင်း သွားပြီးတော့ ဝင်နွှဲလိုက်ပေတော့...”
စုဝမ်ယီ ဝေခွဲမရ ဖြစ်နေသည့် အချိန်မှာပင် သူ၏နားထဲ၌ ဘိုးဘေးကြီး၏ အသံမှာ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
‘မိသားစုသုံးခုသိုင်းပြိုင်ပွဲဆိုတာ ဘာလဲ’
စုဝမ်ယီ၏ စိတ်ထဲ၌ သံယယများဖြင့် ပြည့်နှက်နေခဲ့၏။ သို့သော်လည်း ဘိုးဘေးကြီးက အမိန့်ပေးထားခဲ့သဖြင့် သူ မနာခံဘဲ မနေရဲပေ။ စုဝမ်ယီသည် ရထားလုံးပေါ်မှ လျင်မြန်စွာ ဆင်းသက်လိုက်ပြီး မြို့စားအိမ်တော်၏ တံခါးဝဆီသို့ ဦးတည်လိုက်လေသည်။
ရီယွင်က သူ၏မျက်လုံးများကို ဖွင့်လိုက်ပြီး ထွက်ခွာသွားသော စုဝမ်ယီ၏ ကျောပြင်ကို ကြည့်ရင်း ညင်သာစွာ ပြောလိုက်၏။
“ကြောင်လေး... မင်းလည်း သူ့နောက်က လိုက်သွားလိုက်ဦး...”
“ကောင်းပါပြီ သခင်ကြီး...”
ကြောင်နက်ကြီးက ဝမ်းသာအားရ ပြန်လည်ဖြေကြားလိုက်သည်။ သူသည် ရထားလုံးပေါ်မှ ချက်ချင်းပင် ခုန်ဆင်းလိုက်ပြီး အနက်ရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ စုဝမ်ယီ၏ ပုခုံးပေါ်သို့ ဆင်းသက်လိုက်လေသည်။
သူသည် ယခုအခါ လက်ဖဝါးအရွယ်အစားခန့်သာ ရှိတော့ပြီး သူ၏ ကျောက်မျက်ရတနာကဲ့သို့ အနက်ရောင် မျက်လုံးလေးနှစ်လုံးမှာ ဟိုဟိုဒီဒီ ဝေ့ဝဲနေ၏။ စုဝမ်ယီ၏ ပုခုံးပေါ်တွင် ထိုင်နေသည့်ပုံမှာ အလွန်ပင် ချစ်စရာကောင်းလှသည်။ မြင်းနက်ကြီး၏ မှာကြားချက်ကို သတိရလိုက်သဖြင့် ကြောင်နက်ကြီးသည် သူ၏ ကျင့်ကြံမှုကိုလည်း ချက်ချင်းပင် ဖိနှိပ်လိုက်လေသည်။ ယခုအခါတွင်မူ ၎င်းသည် သာမန် ကြောင်ပေါက်လေး တစ်ကောင်နှင့် ဘာမျှမခြားတော့ပေ။
ကြောင်နက်ကြီးသည် မြင်းနက်ကြီးထံသို့ ဝိညာဉ်အာရုံမှတစ်ဆင့် စကားပါးလိုက်သေး၏။
“ဦးလေးမြင်း... ကျွန်တော့်ကို ကြည့်လို့ အဆင်ပြေတယ်မဟုတ်လား...”
“ကြည့်လို့ရပါတယ်... သတိထားရမှာက မင်း အဲ့ဒီကို သွားတာဟာ သခင်မလေးရဲ့ ဘေးကင်းလုံခြုံမှုကို စောင့်ရှောက်ဖို့ပဲနော်... မင်း ကိုယ့်ကိုယ်ကိုယ် နှိမ့်ချထားရမယ်... သခင်မလေးရဲ့ အရှိန်အဝါကို လုံးဝ လုမယူရဘူးနော်...”
မြင်းနက်ကြီးက သူ၏ သွားများကို ဖြဲပြလိုက်ရင်း ပြန်လည်ဖြေကြားလိုက်သည်။
စုဝမ်ယီသည် သူ၏ပုခုံးပေါ်သို့ တစ်စုံတစ်ခု ကျရောက်လာသည်ကို ခံစားလိုက်ရသဖြင့် လှည့်ကြည့်လိုက်သည့်အခါ ကြောင်နက်ကြီး ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် သူ အနည်းငယ် အံ့ဩသွားခဲ့၏။
စုဝမ်ယီ စကားမပြောမီမှာပင် ကြောင်နက်ကြီးက ပြုံးလိုက်ပြီး ဝိညာဉ်အာရုံမှတစ်ဆင့် ပြောလိုက်သည်။
“သခင်မလေး... ဘာမှ မစိုးရိမ်ပါနဲ့... သခင်ကြီးက ကျွန်တော့်ကို သခင်မလေးနဲ့အတူ လိုက်သွားဖို့ ခိုင်းလိုက်ပါတယ်...”
စုဝမ်ယီက အသာအယာ ခေါင်းညိတ်လိုက်ရာ သူ၏နှလုံးသားမှာ နွေးထွေးသွားခဲ့ပြီး အတိုင်းမသိ စိတ်လှုပ်ရှားသွားခဲ့ရသည်။
‘ဘိုးဘေးကြီးက ငါ့ကို စိုးရိမ်လို့ ကြောင်နက်ကြီးကို အနားမှာနေပြီး စောင့်ရှောက်ခိုင်းလိုက်တာပဲ ဖြစ်ရမယ်...’
စုဝမ်ယီ မြို့စားအိမ်တော်၏ အပြင်ဘက်တွင် ပေါ်လာသည့်အခါ သူ၏ တောက်ပလှသော ရွှေရောင်ဝတ်စုံမှာ လူတိုင်း၏ အာရုံစိုက်မှုကို ချက်ချင်းပင် ဖမ်းစားသွားခဲ့သည်။ သူ၏ ကိုယ်ဟန်မှာ ကျော့ရှင်းလှပ၏။ ကျောတွင် ရဲရဲနီနေသော ရတနာဓားကို လွယ်ထားသဖြင့် သူထံမှ ရဲရင့်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။ သူ၏ အလှတရားမှာ အလွန်ပင် စွဲမက်ဖွယ်ကောင်းလှသဖြင့် စကားလုံးဖြင့် ဖော်ပြရန်ပင် ခဲယဉ်းလှသည်။
အစိမ်းရောင်ဝတ်စုံနှင့် မိန်းကလေးငယ်တစ်ဦးမှာလည်း သူ၏ကျောတွင် ရတနာဓားတစ်လက်ကို လွယ်ထားပြီး စုဝမ်ယီ၏ နောက်သို့ အလျင်အမြန် လိုက်လာခဲ့ကာ ပြုံးလျက် မေးမြန်းလိုက်သည်။
“စီနီယာအစ်မ... အစ်မလည်း မိသားစုသုံးခုသိုင်းပြိုင်ပွဲမှာ ပါဝင်ဖို့ လာတာလားဟင်...”
“ဟုတ်ပါတယ်...”
စုဝမ်ယီက ခေါင်းညိတ် ပြန်ဖြေလိုက်၏။
ဤ အစိမ်းရောင်ဝတ်စုံနှင့် မိန်းကလေးမှာ အသက် ၁၅ သို့မဟုတ် ၁၆ နှစ်ခန့်သာ ရှိသေးပြီး လော့လီနှင့် အသက်အရွယ် တူညီသည်။ သို့သော်လည်း သူ၏ ကျင့်ကြံမှုမှာ အတော်လေး မြင့်မားလှပြီး မူလပင်လယ်နယ်ပယ် အဆင့် ၂ သို့ ရောက်ရှိနေပြီ ဖြစ်၏။ သူသည် ပန်းသီးပုံစံ ပါးဖောင်းဖောင်းလေး၊ မျက်လုံးဝိုင်းဝိုင်းလေးများနှင့် မျက်တောင်ရှည်ရှည်လေးများကို ပိုင်ဆိုင်ထားသဖြင့် ကြည့်ရသည်မှာ အလွန်ပင် ချစ်စရာကောင်းလှသည်။
“သိပ်ကောင်းတာပဲ စီနီယာအစ်မရယ်... ကျွန်မလည်း မိသားစုသုံးခုသိုင်းပြိုင်ပွဲအတွက် လာတာပဲလေ...”
အစိမ်းရောင်ဝတ်စုံနှင့် မိန်းကလေးက ပြုံးလျက် ပြောလိုက်သည်။
“ဒါဆိုလည်း အဆင်ပြေတာပေါ့... အတူတူ သွားကြရအောင်...”
စုဝမ်ယီက ပြုံးလိုက်၏။ ထို့နောက် သူတို့နှစ်ဦးမှာ မြို့စားအိမ်တော်အတွင်းသို့ ဘေးချင်းယှဉ်ကာ လျှောက်ဝင်သွားကြတော့သည်။
မြို့စားအိမ်တော်အတွင်းသို့ ရောက်ရှိလာသည့်အခါ စုဝမ်ယီသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း နောက်ထပ် ဘာဆက်လုပ်ရမည်ကို စဉ်းစားနေခဲ့သည်။ ထိုအချိန်တွင် သူ၏ဘေးနားက အစိမ်းရောင်ဝတ်စုံနှင့် မိန်းကလေးက ရယ်မောရင်း ပြောလိုက်သည်ကို ကြားလိုက်ရ၏။
“စီနီယာအစ်မ... အစ်မရဲ့ ပုံစံကို ကြည့်ရတာ ဒါက မိသားစုသုံးခုသိုင်းပြိုင်ပွဲကို ပထမဆုံးအကြိမ် တက်ရောက်တာ ဖြစ်ရမယ် မဟုတ်လား...”
စုဝမ်ယီက ခေါင်းညိတ်လိုက်သည်။
ဘိုးဘေးကြီးက သူ့အား ဤနေရာသို့ ခေါ်လာခဲ့ခြင်းဖြစ်ပြီး ယခုအခါ မြို့စားအိမ်တော်အတွင်းသို့ ရောက်ရှိနေပြီ ဖြစ်၏။ သူသည် အလွန်ပင် ဝေခွဲမရ ဖြစ်နေဆဲဖြစ်ပြီး ဤ မိသားစုသုံးခုသိုင်းပြိုင်ပွဲ ဆိုသည်မှာ ဘာလဲဆိုသည်ကို အနည်းငယ်မျှပင် နားမလည်သေးပေ။
အစိမ်းရောင်ဝတ်စုံနှင့် မိန်းကလေးက ပြုံးလိုက်ပြီး သူ၏မျက်လုံးလေးများမှာ ပျော်ရွှင်မှုများကြောင့် တောက်ပနေရင်း ရှင်းပြလိုက်၏။
“မိသားစုသုံးခုသိုင်းပြိုင်ပွဲဆိုတာ ငွေလမင်းမြို့တော် ပတ်ဝန်းကျင်မှာရှိတဲ့ အင်အားစုအားလုံးက သုံးနှစ်တစ်ကြိမ် ကျင်းပတဲ့ သိုင်းပညာဆိုင်ရာ တွေ့ဆုံပွဲပဲလေ... အသက် ၂၀ အောက်ဖြစ်ပြီး မူလပင်လယ်နယ်ပယ် ကျင့်ကြံမှုရှိတဲ့ ဘယ်သူမဆို ပါဝင်ယှဉ်ပြိုင်လို့ ရတယ်... သိုင်းပညာနှီးနှောဖလှယ်ပွဲမှာ ထိပ်သီး သုံးယောက်ဟာ ကောင်းကင်အဆင့်၊ မြေကမ္ဘာအဆင့်နဲ့ လူသားအဆင့် နေရာတွေကို ရရှိမှာ ဖြစ်တယ်... အဲ့ဒီလူ သုံးယောက်ဟာ မြို့စားမင်းဆီက ဆုလာဘ်တွေကို ရရှိရုံတင်မကဘဲ အစွမ်းထက်တဲ့ ဂိုဏ်းကြီးတွေရဲ့ သတိပြုမိခြင်းကို ခံရပြီး အတွင်းစည်းတပည့်တွေအဖြစ် ခေါ်ယူခြင်း ခံရလိမ့်မယ်...”
အစိမ်းရောင်ဝတ်စုံနှင့် မိန်းကလေး၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် စုဝမ်ယီက ခေါင်းညိတ်လိုက်သည်။ ယခုအခါ သူသည် ဤ မိသားစုသုံးခု သိုင်းပြိုင်ပွဲအကြောင်းကို အတန်အသင့် နားလည်သွားခဲ့လေသည်။
“ဘုန်း...”
မနီးမဝေးက နေရာမှ ကျယ်လောင်သော အသံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးထံမှ စိတ်အားထက်သန်သော အော်ဟစ်အားပေးသံများမှာလည်း နောက်ဆက်တွဲ ထွက်ပေါ်လာခဲ့သည်။ အစိမ်းရောင်ဝတ်စုံနှင့် မိန်းကလေးသည် ထိုနေရာဆီသို့ လှမ်းကြည့်လိုက်ရာ သူ၏မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် ဝင်းလက်သွားခဲ့၏။ သူသည် စုဝမ်ယီ၏ အင်္ကျီလက်မောင်းကို ဆွဲလိုက်ရင်း ရယ်မောပြောလိုက်သည်။
“စီနီယာအစ်မ... ဟိုမှာ ခွန်အားတိုင်းတာတဲ့ ကျောက်တုံးကြီး ရှိတယ်... အမြန်သွားပြီး ကျွန်မတို့ရဲ့ ခွန်အားတွေကို သွားစမ်းကြည့်ရအောင်...”
အခန်း ၅၀ ပြီးပါပြီ။
အခန်း ၅၁ - ခွန်အားတိုင်းတာခြင်းနှင့် ပထမဆုံး ထိတ်လန့်မှု
စိတ်အားထက်သန်လှသော အစိမ်းရောင်ဝတ်စုံနှင့် မိန်းကလေးငယ်၏ ဆွဲခေါ်မှုကို ခံလိုက်ရသည့်အခါ စုဝမ်ယီသည် ငြင်းပယ်လျှင် မယဉ်မကျေး ဖြစ်သွားမည်စိုးသဖြင့် သူ၏နောက်သို့ လိုက်ပါသွားခဲ့၏။
“ညီမလေး... ညီမလေး နာမည်က ဘယ်သူလဲဟင်...”
စုဝမ်ယီက ပြုံးလျက် မေးမြန်းလိုက်သည်။
“ကျွန်မက ချန်လုတျဲပါ... အစ်မက ကျွန်မကို လုတျဲလို့ပဲ ခေါ်ပါနော်...”
အစိမ်းရောင်ဝတ်စုံနှင့် မိန်းကလေးက သွားလေးဖြဲကာ ပြုံးပြရင်း ပြောလိုက်၏။
“အင်း... အစ်မကတော့ စုဝမ်ယီပါ...”
စုဝမ်ယီသည်လည်း သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
“အစ်မစုရဲ့ နာမည်လေးက တကယ်ကို လှတာပဲနော်...”
ချန်လုတျဲက ရွှင်ပျစွာ ပြန်လည်ဖြေကြားလိုက်၏။
သူတို့နှစ်ဦးမှာ စကားတပြောပြော၊ ရယ်မောရင်းဖြင့် ခွန်အားတိုင်းတာသည့် ကျောက်တုံးကြီး၏ ပတ်ပတ်လည်တွင် စုဝေးနေကြသော လူအုပ်ကြီး၏ အနားသို့ ချဉ်းကပ်သွားကြသည်။
‘သူတို့ ဘာတွေ လုပ်နေကြတာလဲ...’
စုဝမ်ယီ၏ မျက်နှာပေါ်တွင် ဝေခွဲမရသော အမူအရာတစ်ခု ပေါ်လာခဲ့၏။
သူတို့၏ ရှေ့တွင် ၁၀ မီတာခန့် မြင့်မားပြီး တစ်ခုလုံး မည်းနက်နေသော ဧရာမ ကျောက်တုံးကြီးတစ်တုံး ရှိနေပေသည်။
ထိုအချိန်တွင် လူငယ်တစ်ဦးသည် သူ၏ဓားကို မြှောက်လိုက်ပြီး ခွန်အားတိုင်းတာသည့် ကျောက်တုံးကြီးကို ပိုင်းဖြတ်လိုက်လေသည်။
“ဘုန်း...”
ဓားနှင့် ကျောက်တုံးကြီး ထိတွေ့သွားသည့်အခါ ကျယ်လောင်သော ပဲ့တင်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။
ခွန်အားတိုင်းတာသည့် ကျောက်တုံးကြီး၏ အထက်မှနေ၍ အလင်းတန်းတစ်ခု ရုတ်တရက် ထိုးထွက်လာခဲ့သည်။
“အလင်းရောင်က အနီရောင်ပဲ...”
လူအုပ်ကြီးထံမှ အော်ဟစ်အားပေးသံများ ပေါက်ကွဲထွက်ပေါ်လာခဲ့၏။
“ဟားဟား... နောက်တစ်ယောက်ကတော့ ခွန်အားတိုင်းတာတဲ့ ကျောက်တုံးကြီးရဲ့ စမ်းသပ်မှုကို အောင်မြင်သွားပြန်ပြီ...”
ချန်လုတျဲက လက်ခုပ်တီးလျက် ရယ်မောရင်း ပြောလိုက်သည်။
စုဝမ်ယီ ဝေခွဲမရ ဖြစ်နေသည်ကို သတိပြုမိလိုက်သဖြင့် သူက တိုးညင်းစွာ ရှင်းပြလိုက်၏။
“အစ်မစု... အသက် ၂၀ အောက်ဖြစ်ပြီး မူလပင်လယ်နယ်ပယ် ကျင့်ကြံမှုရှိတဲ့သူတွေ ပါဝင်နိုင်တယ်ဆိုပေမဲ့ လူတိုင်းကိုတော့ ခွင့်ပြုမှာ မဟုတ်ဘူးလေ... ဒါကြောင့် ဒီခွန်အားတိုင်းတာတဲ့ ကျောက်တုံးကြီးက ခွန်အားမပြည့်ဝတဲ့သူတွေကို ဖယ်ထုတ်ပေးတာပဲ ဖြစ်တယ်...”
ခွန်အားတိုင်းတာသည့် ကျောက်တုံးကြီးကို ကြည့်ရင်း စုဝမ်ယီက ပြုံးလျက် မေးလိုက်သည်။
“ဒါဆိုရင် အနီရောင်အလင်း ထွက်လာရင် အောင်မြင်တယ်လို့ ဆိုလိုတာလား...”
“ဟုတ်ပါတယ်... အနီရောင်အလင်း ပေါ်လာရင်တော့ မိသားစုသုံးခုသိုင်းပြိုင်ပွဲမှာ ပါဝင်လို့ ရပြီပေါ့... ဒါပေမဲ့ အဆင့် ၄ ကနေ ၁၀ အတွင်း နေရာတွေအတွက်ပဲ ယှဉ်ပြိုင်ခွင့် ရှိမှာပါ...”
ချန်လုတျဲက ရှင်းပြလိုက်၏။
“အနီရောင်အပြင် တခြား အလင်းရောင်တွေရော ရှိသေးလားဟင်...”
စုဝမ်ယီက ထပ်မံ စပ်စုလိုက်ပြန်သည်။
“တကယ်လို့ အစ်မရဲ့ တိုက်ခိုက်မှုက ခွန်အားတိုင်းတာတဲ့ ကျောက်တုံးကြီးကို ရွှေရောင်အလင်း ထုတ်လွှတ်စေနိုင်မယ်ဆိုရင်တော့ ကောင်းကင်၊ မြေကမ္ဘာနဲ့ လူသားအဆင့် နေရာတွေအတွက် ယှဉ်ပြိုင်နိုင်မယ့် အရည်အချင်းကို ရရှိမှာ ဖြစ်တယ်...”
ဤသို့ပြောရင်း ချန်လုတျဲသည် ခွန်အားတိုင်းတာသည့် ကျောက်တုံးကြီး၏ ဘေးက အနီရောင် ထိပ်သီးဇယားကို ကြည့်လိုက်ပြီး အနည်းငယ် အံ့ဩသော အမူအရာနှင့် ပြောလိုက်၏။
“ဝါး... ဒီနှစ်မှာ ကိုးယောက်တောင် ကောင်းကင်၊ မြေကမ္ဘာနဲ့ လူသားအဆင့် နေရာတွေအတွက် ယှဉ်ပြိုင်ဖို့ အရည်အချင်း ပြည့်မီထားကြတာပဲ... ဒါက အရင်နှစ်တွေထက် အများကြီး ပိုများတာပဲလေ...”
စုဝမ်ယီက ခေါင်းညိတ်လိုက်သည်။
မိန်းကလေးငယ်၏ ရှင်းပြချက်ကြောင့် ယခုအခါ သူသည် မိသားစုသုံးခုသိုင်းပြိုင်ပွဲအကြောင်းကို အခြေခံအားဖြင့် နားလည်သွားခဲ့လေသည်။ ဘိုးဘေးကြီးက သူ့အား မိသားစုသုံးခုသိုင်းပြိုင်ပွဲတွင် ပါဝင်ရန် ညွှန်ကြားထားခဲ့သဖြင့် ကောင်းကင်၊ မြေကမ္ဘာနှင့် လူသားအဆင့် သတ်မှတ်ချက်များ၏ အပြင်ဘက်က နေရာများကို ရည်မှန်းရန် သူ မျှော်လင့်ထားလိမ့်မည် မဟုတ်ပေ။ သူ၏ ပစ်မှတ်မှာ စစ်မှန်သော ကောင်းကင်၊ မြေကမ္ဘာနှင့် လူသားအဆင့် နေရာများသာ ဖြစ်ရပေမည်။ ဘိုးဘေးကြီး၏ ကြီးကြပ်မှုအောက်တွင် သူ၏ ဂျူနီယာမောင်လေးနှင့် ညီမလေးတို့မှာ နယ်ပယ်တူ ကျင့်ကြံသူများအကြား ပြိုင်ဘက်ကင်းလောက်အောင် ထူးကဲသော အောင်မြင်မှုများ ရရှိခဲ့သည်ကို တွေးတောရင်း စုဝမ်ယီသည် သူ၏လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။ ဤမိသားစုသုံးခုသိုင်းပြိုင်ပွဲတွင် မည်သို့ပင်ဖြစ်စေ အကောင်းဆုံး ရလဒ်ကို ရရှိအောင် သူ လုပ်ဆောင်ရပေမည်။ သူသည် မူလပင်လယ်နယ်ပယ် အဆင့် ၁ သာ ရှိသေးသော်လည်း ထိပ်ဆုံးသို့ ရောက်ရန် သူ သန္နိဋ္ဌာန် ချထားခဲ့သည်။
“အစ်မစု... အနီရောင်အလင်းရဲ့ အောက်မှာတော့ အဖြူရောင်အလင်း ရှိတယ်လေ... တကယ်လို့ အဖြူရောင်အလင်း ရခဲ့ရင်တော့ အဆင့် ၁၁ ကနေ ၂၀ အတွင်း နေရာတွေအတွက် ယှဉ်ပြိုင်နိုင်မှာ ဖြစ်တယ်...”
“ဒါက ဒီတစ်ကြိမ်မှာ ကျွန်မ ရည်မှန်းထားတဲ့ အဆင့်တွေပေါ့...”
ချန်လုတျဲက ဝင်းလက်သောအပြုံးနှင့် ပြောလိုက်၏။
“ကောင်းပြီလေ... သွားပြီးတော့ စမ်းကြည့်ကြရအောင်...”
စုဝမ်ယီက အသာအယာ ပြုံးလျက် ပြောလိုက်ရာ သူတို့နှစ်ဦးမှာ ဘေးချင်းယှဉ်လျက် လူအုပ်ကြီးအတွင်းသို့ တိုးဝင်သွားကြတော့သည်။
အနီရောင်အလင်း ထွက်အောင် လုပ်နိုင်ခဲ့သည့် လူငယ်မှာ မကျေနပ်သေးပုံရသဖြင့် ဒုတိယအကြိမ် ထပ်မံ တိုက်ခိုက်လိုက်ပြန်သည်။ ကျယ်လောင်သောအသံနှင့်အတူ နောက်တစ်ကြိမ်မှာလည်း အနီရောင်အလင်းပင် ထပ်မံ ထွက်ပေါ်လာခဲ့၏။ သူသည် ခေါင်းကို ခါယမ်းလိုက်ပြီး အမှတ်အသားတံဆိပ်တစ်ခုကို ယူကာ ပင်မရင်ပြင်ရှိ သိုင်းပြိုင်ပွဲ စင်မြင့်ဆီသို့ ဦးတည်သွားတော့သည်။
ချန်လုတျဲသည် စုဝမ်ယီကို ခေါ်ဆောင်၍ မှတ်ပုံတင်ပြီးနောက် တန်းစီစောင့်ဆိုင်းလိုက်ကြသည်။
သူတို့၏ ရှေ့တွင် လူအတော်များများ ရှိနေသော်လည်း အများစုမှာ စံချိန်မမီကြပေ။ အချို့မှာ ခွန်အားတိုင်းတာသည့် ကျောက်တုံးကြီးကို အဖြူရောင်အလင်းသာ ထွက်အောင် လုပ်နိုင်ကြ၏။
မကြာမီမှာပဲ သူတို့အလှည့်သို့ ရောက်ရှိလာခဲ့သည်။
ချန်လုတျဲက အရင်သွားလိုက်၏။ သူသည် သူ၏ဓားကို ဝေ့ယမ်းလိုက်ပြီး ခွန်အားတိုင်းတာသည့် ကျောက်တုံးကြီးပေါ်သို့ အားပါပါ ပိုင်းချလိုက်လေသည်။
“ဘုန်း...”
ခွန်အားတိုင်းတာသည့် ကျောက်တုံးကြီးမှာ တုန်ခါသွားခဲ့ပြီး ၎င်း၏အထက်မှနေ၍ အဖြူရောင်အလင်းတန်းတစ်ခု မြင့်တက်လာခဲ့၏။
“ဟားဟား... ဒါက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ...”
ချန်လုတျဲမှာ ပျော်ရွှင်စွာဖြင့် ခုန်ပေါက်နေခဲ့ပြီးနောက် စုဝမ်ယီကို အားပေးရန် လှည့်ကြည့်လိုက်သည်။
“အစ်မစု... အစ်မလည်း အစွမ်းကုန် ကြိုးစားပါနော်... ကျွန်မတို့ နှစ်ယောက်လုံး ထိပ်သီးအဆင့် ၂၀ ထဲ ဝင်အောင် လုပ်ကြရအောင်...”
စုဝမ်ယီက ပြုံးလိုက်၏။ ဤ လုတျဲလေးမှာ မူလပင်လယ်နယ်ပယ် အဆင့် ၂ ၌ ရှိနေသဖြင့် အဆင့် ၁ သာ ရှိသေးသော စုဝမ်ယီကို အားပေးနေခြင်းမှာ သဘာဝကျပေသည်။
စုဝမ်ယီသည် ရှေ့သို့ တက်လှမ်းလိုက်ပြီး သူ၏ကျောတွင် လွယ်ထားသော သွေးနီရောင် နက်ရှိုင်းသောခုနစ်စဉ်ကြယ်ဓားကို ဆွဲထုတ်လိုက်လေသည်။
“ဝါး... အစ်မစု... အစ်မရဲ့ ဓားက တကယ်ပဲ ကောင်းကင်အဆင့်ကြီးလား...”
စုဝမ်ယီ၏ ဓားကို မြင်လိုက်ရသည့်အခါ ချန်လုတျဲမှာ အံ့ဩတကြီးနှင့် အော်ဟစ်လိုက်မိ၏။
ကောင်းကင်အဆင့်ဓားကို အသုံးပြုနိုင်သူများမှာ အမြဲတမ်း ထူးခြားသော နောက်ခံနောက်ကြောင်းများမှ လာကြသူများ ဖြစ်ပေသည်။ ငွေလမင်းမြို့တော်ရှိ ဒုတိယတန်းစား မိသားစုကြီးတစ်ခုမှ ဖြစ်သော သူ အသုံးပြုသည့် ဓားမှာပင် မြေကမ္ဘာအဆင့်သာ ရှိပေသည်။ သူ၏ မိသားစုခေါင်းဆောင်ဖြစ်သူ သူ၏ဖခင်သာလျှင် ကောင်းကင်အဆင့်ဓားကို အသုံးပြုနိုင်၏။ ဤ အစ်မစုမှာ ပို၍ပို၍ လျှို့ဝှက်ဆန်းကြယ်လာသည်ဟု ချန်လုတျဲ ခံစားလိုက်ရသည်။
ပတ်ဝန်းကျင်၌ ကြည့်ရှုသူများစွာ စုဝေးနေကြပြီး အများစုမှာ ကျင့်ကြံသူများ ဖြစ်ကြ၏။ လှပပြီး နုပျိုသော စုဝမ်ယီသည် သွေးနီရောင်ဓားတစ်လက်ကို ဆွဲထုတ်လိုက်သည်ကို လူအုပ်ကြီး မြင်လိုက်ရသည့်အခါ သူတို့မှာ အနည်းငယ် မှင်တက်မိသွားခဲ့ရသည်။ ဤဓားမှာ သွေးဆာနေသော သတ်ဖြတ်ခြင်း အငွေ့အသက်များ မပါဝင်သော်လည်း ၎င်းကို ကြည့်ရသည်မှာ အလွန်ပင် စွဲမက်ဖွယ်ကောင်းလှပေသည်။ အထူးသဖြင့် ဓားသွားပေါ်ရှိ ကြယ်ခုနစ်လုံးမှာ ၎င်း၏ ဆန်းကြယ်မှုကို ပိုမိုတိုးပွားစေ၏။
စုဝမ်ယီသည် သူ၏လက်ထဲက ဓားကို မြှောက်လိုက်ပြီး ဓားသွားပေါ်သို့ ကြည့်လိုက်သည်။ ဤဓားကို ဘိုးဘေးကြီးက ချိပ်ပိတ်ပေးထားခဲ့သဖြင့် နဂါးနတ်ဘုရား၏ ပုံရိပ်ယောင်မှာ ပျောက်ကွယ်နေခဲ့၏။ အနည်းငယ် မှိန်နေသော ကြယ်ခုနစ်လုံးသာ ကျန်ရစ်နေခဲ့သည်။ စုဝမ်ယီမှာ တည်ငြိမ်အေးဆေးနေခဲ့၏။ ဤ ကောင်းကင်အဆင့်ဓားကို ကိုင်ထားရခြင်းက သူ့အား စိတ်သက်သာရာ ရစေပေသည်။ အကယ်၍ ၎င်းသာ စစ်မှန်သော နတ်ဘုရားအဆင့်ဓား ဖြစ်နေခဲ့လျှင် သူသည် ဤနေရာတွင် ရပ်ဝံ့လိမ့်မည် မဟုတ်ပေ။
လူတစ်ယောက်ချင်းစီမှာ ခွန်အားတိုင်းတာသည့် ကျောက်တုံးကြီးကို စမ်းသပ်ရန် အခွင့်အရေး နှစ်ကြိမ်စီ ရရှိကြသည်။
စုဝမ်ယီသည် လေကို အသာအယာ ရှူသွင်းလိုက်ပြီး နက်ရှိုင်းသောခုနစ်စဉ်ကြယ်ဓားကို မြှောက်ကာ ခွန်အားတိုင်းတာသည့် ကျောက်တုံးကြီးပေါ်သို့ အားပါပါ ပိုင်းချလိုက်လေသည်။
“ဘုန်း...”
ထွက်ပေါ်လာသောအသံမှာ ကမ္ဘာပျက်မတတ် ကျယ်လောင်လှပြီး မြေပြင်မှာလည်း သုံးကြိမ်တိုင်တိုင် တုန်ခါသွားခဲ့၏။
လူတိုင်းမှာ အလွန်ပင် ထိတ်လန့်သွားခဲ့ကြပြီး မျက်လုံးများ ပြူးကျယ်လျက် ထိုအလွန်လှပသော အမျိုးသမီးငယ်ကို စိုက်ကြည့်နေကြတော့သည်။
‘ခုနက တိုက်ခိုက်မှုမှာ... တကယ်ပဲ သူ လုပ်လိုက်တာရော ဟုတ်ရဲ့လား...’
“ဝိ...”
ခွန်အားတိုင်းတာသည့် ကျောက်တုံးကြီး၏ အထက်မှနေ၍ ရွှေရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ဤ ရွှေရောင်အလင်းမှာ အလွန်ပင် တောက်ပလှပြီး ထိုခဏချင်းမှာပင် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်တစ်ခုလုံးကို လင်းထိန်သွားစေသကဲ့သို့ ဖြစ်သွားခဲ့၏။
ခွန်အားတိုင်းတာသည့် ကျောက်တုံးကြီးကို ကြီးကြပ်နေသော ကျင့်ကြံသူမှာ ထိုမြင်ကွင်းကို ကြည့်ရင်း မယုံကြည်နိုင်လောက်အောင် မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။ ခရမ်းရောင်အလင်း ပေါ်မလာသော်လည်း ဤ ရွှေရောင်အလင်းမှာ အလွန်ပင် တောက်ပပြီး ကျယ်ပြန့်လှသဖြင့် ၎င်းမှာ ရွှေရောင်၏ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့လေသည်။ မူလပင်လယ်နယ်ပယ် အဆင့် ၁ သာ ရှိသေးသော အမျိုးသမီးငယ်တစ်ဦးမှာ ဤမျှအထိ ကြောက်စရာကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။ ဖြစ်နိုင်သည်မှာ သူသည် တစ်စုံတစ်ရာသော သွေးဗီဇခွန်အားကို ပိုင်ဆိုင်ထားခြင်း ဖြစ်ရပေမယ်။
သူမ၏ နောက်တွင် ရပ်နေသော ချန်လုတျဲသည် မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး အော်ဟစ်လိုက်မိ၏။
“အစ်မစု... အစ်မက တကယ်ကို သန်မာလွန်းတယ်... အစ်မက ရွှေရောင်အလင်း ထွက်အောင် တကယ်ပဲ လုပ်နိုင်ခဲ့တာပဲ...”
စုဝမ်ယီသည် သူ ဖန်တီးလိုက်သော ဆူညံမှုများကြောင့် သူ၏နှလုံးသားမှာ တုန်လှုပ်သွားခဲ့ရသည်။ သူသည် နက်ရှိုင်းသောခုနစ်စဉ်ကြယ်ဓားကို အလျင်အမြန်ပင် ဓားအိမ်အတွင်းသို့ ပြန်ထည့်လိုက်၏။ လော့လီနှင့် ကျွင်းမော့ရှောင်တို့ကဲ့သို့ပင် စုဝမ်ယီသည်လည်း သတိကြီးစွာ ထားတတ်ပြီး ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတတ်သော သဘာဝ ရှိသူ ဖြစ်ပေသည်။
သူသည် ယခုတင်က သူ၏ခွန်အား တစ်ဝက်ခန့်ကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သော်လည်း ခွန်အားတိုင်းတာသည့် ကျောက်တုံးကြီးထံမှ ဤမျှအထိ အံ့ဩဖွယ်ကောင်းသော တုံ့ပြန်မှုကို ရရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ဤသည်က သူ့အား တကယ်ပင် အံ့အားသင့်သွားစေခဲ့၏။ သူ၏ ကိုယ်ပိုင် အလွန်ပါးလျသော နဂါးနတ်ဘုရား သွေးဗီဇကို အစားထိုးလိုက်သည့် နဂါးဘိုးဘေး အနှစ်သာရသွေးကြောင့် ဖြစ်ရမည်ဟု သူ ခန့်မှန်းလိုက်မိသည်။ ထို နဂါးဘိုးဘေး အနှစ်သာရသွေးမှာ သူ၏ ခန္ဓာကိုယ်ကို လုံးဝ ပြန်လည် ပုံဖော်ပေးခဲ့ပြီး သူ့အား ကြီးမားသော ခွန်အားများကို ပေးသနားခဲ့ခြင်း ဖြစ်ပေသည်။
ဒဏ္ဍာရီများတွင် နဂါးများသည် သူတို့၏ ကြီးမားသော ခွန်အားများကြောင့် ကျော်ကြားသော နတ်ဘုရားသားရဲများ ဖြစ်ကြ၏။ နဂါးမျိုးနွယ် သွေးဗီဇကို ပိုင်ဆိုင်ထားသော လူသားများသည် ၎င်းကို နိုးထစေနိုင်သည်နှင့် သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာ အလွန်ပင် သန်မာလာမည်ဖြစ်ပြီး သူတို့ အသုံးပြုသည့် ခွန်အားမှာလည်း သူတို့နှင့် နယ်ပယ်တူသူများထက် အဆပေါင်းများစွာ သာလွန်ပေလိမ့်မည်။
“မင်းက ဘယ်ဂိုဏ်းက တပည့်လဲဟင်... မင်းရဲ့ ခွန်အားက တကယ်ကို မယုံနိုင်စရာကောင်းလွန်းတယ်...”
မှတ်တမ်းတင်ရန် တာဝန်ယူထားသော ကျင့်ကြံသူက ထိတ်လန့်တကြားနှင့် အနားသို့ တိုးလာကာ မေးမြန်းလိုက်သည်။
“ကျွန်မက နဂါးနတ်ဘုရားဂိုဏ်းကပါ...”
စုဝမ်ယီက တည်ငြိမ်စွာ ပြောလိုက်၏။
ထိုအခိုက်အတန့်တွင် တောက်ပသော နေရောင်ခြည်နှင့် နူးညံ့သော လေပြေလေညင်းများအောက်တွင် သူသည် သူ၏ဖြူစင်ဝင်းပသော မေးစေ့လေးကို အနည်းငယ်မျှ မြှောက်လိုက်သည်။ သူ၏ တည်ငြိမ်သော အသံအတွင်း၌ တိတ်ဆိတ်သော ဂုဏ်ယူမှုအချို့ ကွယ်ဝှက်နေခဲ့လေသည်။
အခန်း ၅၁ ပြီးပါပြီ။