အခန်း (၆၁-၆၃)
Vol. 5 Ch. 61-63
အခန်း ၆၁ - ရှောင်ထျန်းငွေရောင်ဝံပုလွေ
“ဒီဝံပုလွေပေါက်လေးကို စောင့်နေရတာ တော်တော်ကြာသွားပြီ... နောက်ဆုံးတော့ ထွက်လာတော့မှာပဲ...”
ရီယွင်က အေးအေးဆေးဆေးပင် ပြုံးလိုက်၏။
“အော့ဝူး...”
သွေးရောင်လမင်းအတွင်းရှိ ငွေရောင်ဝံပုလွေ ပုံရိပ်ယောင်မှာ ရုတ်တရက်ပင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေသည်။
ထိုအခိုက်အတန့်တွင် တိုက်ပွဲအလယ်၌ ရောက်နေသော အကြီးအကဲလော့မှာ သူ၏စိတ်ဝိညာဉ် တုန်ခါသွားသလို ခံစားလိုက်ရပြီး သူ၏လက်များ တုန်ယင်သွားကာ သူ၏ဓားမှာ လက်ထဲမှ လွတ်ကျလုနီးပါး ဖြစ်သွားခဲ့၏။
“ဝိ...”
တစ်ချိန်တည်းမှာပင် ငွေရောင်အလင်းတန်းတစ်ခုမှာ လျှပ်စီးပမာ ဖြတ်သန်းသွားခဲ့သည်။
သက်လတ်ပိုင်း ဝံပုလွေလူသားသည် သူ၏ဝံပုလွေစွယ်တုတ်နှင့် အကြီးအကဲလော့၏ ပုခုံးကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်ခြင်းပင်။
“အား...”
အကြီးအကဲလော့မှာ သွေးတစ်လုတ် အန်ထုတ်လိုက်ရပြီး လေထဲမှ ပြုတ်ကျလာ၏။
ချီထျန်းဓားဂိုဏ်းမှ အကြီးအကဲလော့ ရှုံးနိမ့်သွားသည်ကို မြင်လိုက်ရသည့်အခါ တိုက်ပွဲအတွင်းရှိ ဂိုဏ်းချုပ်များနှင့် မိသားစုခေါင်းဆောင်အချို့မှာ အလွန်ပင် မှင်တက်မိသွားကြရသည်။
ထိုအခိုက်အတန့်တွင် သူတို့၏ စိတ်လှုပ်ရှားမှုများကြောင့် ခန္ဓာကိုယ်အတွင်းရှိ ထူးဆန်းသောအဆိပ်ကို ဆက်လက်မထိန်းချုပ်နိုင်တော့ဘဲ တစ်ဦးပြီးတစ်ဦး ကောင်းကင်သို့ မော့ကြည့်ကာ “အော့ဝူး...” ဟု ဟစ်အော်နေကြတော့၏။ တစ်ဆက်တည်းမှာပင် သူတို့၏ အရေပြားများမှာ ကွဲအက်လာခဲ့ပြီး သွေးများမှာလည်း မြေပြင်ပေါ်သို့ စီးကျသွားလေသည်။
စင်မြင့်ပေါ်ရှိ မူလပင်လယ်နယ်ပယ် ကျင့်ကြံသူများလည်း ထိုနည်းတူ ချွင်းချက်မရှိ ပါဝင်နေခဲ့၏။
ယခုအချိန်တွင် စုဝမ်ယီ၏ ရှေ့တွင် မည်သူတစ်ဦးတစ်ယောက်မျှ မတ်တတ်မရပ်နိုင်တော့ပေ။
စုဝမ်ယီမှာ မောဟိုက်စွာ အသက်ရှူရင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ သူတစ်ဦးတည်းသာ မတ်တတ်ရပ်လျက် ကျန်ရှိတော့သည်ကို သတိပြုမိလိုက်၏။
သူ၏ပတ်ပတ်လည်တွင် ဧရာမ ဝံပုလွေလူသားကြီးများ ဝိုင်းရံထားကြသည်။
“ဒီလူသားကျင့်ကြံသူကတော့ အပြင်လူ ဖြစ်ရမယ်... သူက ငါတို့အဆိပ်ရဲ့ သက်ရောက်မှုကို မခံရဘူး ဂိုဏ်းချုပ်...”
ဝံပုလွေလူသားလူငယ်တစ်ဦးက ကျယ်လောင်စွာ ပြောလိုက်၏။
“သူ့ကို ရှင်းပစ်လိုက်စမ်း...”
လေထဲရှိ နတ်ဝိညာဉ်အာရုံနယ်ပယ်သန်မာသူ သက်လတ်ပိုင်း ဝံပုလွေလူသားက အေးစက်စွာ ပြောလိုက်သည်။ ခဏချင်းမှာပင် မူလပင်လယ်နယ်ပယ်ရှိ ဝံပုလွေလူသား ဆယ်ဂဏန်းခန့်မှာ စုဝမ်ယီထံသို့ ခုန်အုပ်လိုက်ကြတော့၏။
“ထပ်... ထပ်...”
တချိန်တည်းမှာပင် မြင်းခွာသံများ တိုးညင်းစွာ ထွက်ပေါ်လာခဲ့ပြီး ထို ဝံပုလွေလူသားများအားလုံးမှာ လေထဲတွင် ခုန်အုပ်နေစဉ်မှာပင် သတိလစ်သွားကြတော့၏။
“ဘယ်သူကများ လာပြီး ကစားချင်နေတာလဲ...”
နတ်ဝိညာဉ်အာရုံနယ်ပယ်ရှိ ဝံပုလွေလူသားမှာ ထိတ်လန့်သွားခဲ့ရ၏။
ဟင်းလင်းပြင်မှာ လှုပ်ခတ်သွားခဲ့ပြီး အနက်ရောင်ရထားလုံးမှာ စင်မြင့်ပေါ်တွင် ရုတ်တရက် ပေါ်လာခဲ့သည်။
ရထားလုံးဆွဲလာသော မြင်းနက်ကြီးသည် သူ၏ခေါင်းကို မော့ကြည့်လိုက်ပြီး သက်လတ်ပိုင်း ဝံပုလွေလူသားအား သူ၏ ဧရာမ သွားဖြူကြီးများကို ဖြဲပြလျက် လှောင်ပြုံး ပြုံးပြလိုက်၏။
ထူးဆန်းလှသော အနက်ရောင်ရထားလုံးတစ်စီး ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရသည့်အခါ သက်လတ်ပိုင်း ဝံပုလွေလူသား၏ မျက်နှာမှာ ပြင်းထန်သော အမူအရာများ ဖုံးလွှမ်းသွားခဲ့ရသည်။
“ဘိုးဘေးကြီး...”
စုဝမ်ယီသည် အလျင်အမြန်ပင် ဦးညွှတ်လိုက်၏။
“ခဏလောက် နားပြီးတော့ ပြပွဲကို ကြည့်လိုက်ဦး... မင်းက ပြင်းထန်တဲ့ တိုက်ပွဲတွေကတစ်ဆင့် နယ်ပယ်ငယ် နှစ်ခုကို ကျော်ဖြတ်နိုင်ခဲ့တာပဲ... ဒါဟာ တကယ်ကို ချီးကျူးဖို့ ကောင်းပါတယ်... ဆက်ပြီး တိုက်ခိုက်နေဦးမယ်ဆိုရင်တော့ မင်းအတွက် အကျိုးရှိမှာ မဟုတ်ဘူး...”
ရီယွင်က တိုးညင်းစွာ ပြောလိုက်၏။
စုဝမ်ယီသည် ကျေးဇူးတင်သော အမူအရာကို ပြသလိုက်ပြီးနောက် သူ၏ နက်ရှိုင်းသောခုနစ်စဉ်ကြယ်ဓားကို ကျောနောက်တွင် ပြန်လည်လွယ်ထားလိုက်ပြီး ရထားလုံးဘေးတွင် ရပ်နေလိုက်၏။
အစီအရင်ကြီးမှာ အရေးကြီးသော အချိန်သို့ ရောက်ရှိနေပြီဖြစ်ပြီး ငွေလမင်းဝံပုလွေမျိုးနွယ်တို့၏ ဘိုးဘေးဖြစ်သော ရှောင်ထျန်းငွေရောင်ဝံပုလွေမှာလည်း ပြန်လည်ရှင်သန်လာတော့မည် ဖြစ်၏။
သူသည် ကောင်းကင်ယံက သွေးလမင်းကြီးကို မော့ကြည့်လိုက်သည်။ သွေးရောင်လမင်းကြီးအတွင်း၌ ငွေရောင်ဝံပုလွေ၏ ပုံသဏ္ဌာန်မှာ ပို၍ ထင်ရှားလာခဲ့ပြီ ဖြစ်၏။
သက်လတ်ပိုင်း ဝံပုလွေလူသား၏ ခန္ဓာကိုယ်အတွင်းက ဝံပုလွေသွေးများမှာလည်း ဆူပွက်နေခဲ့ပြီ ဖြစ်သည်။
“အော့ဝူး...”
သူသည် ကောင်းကင်သို့ မော့ကြည့်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
ငွေလမင်းမြို့တော်တစ်ခုလုံးကို လွှမ်းခြုံထားသော အစီအရင်ကြီးမှာ မြောက်များစွာသော ချီစွမ်းအင်နှင့် သွေး၏အနှစ်သာရများကို ကောင်းကင်ယံက သွေးလမင်းကြီးဆီသို့ ထပ်မံ ပို့ဆောင်ပေးလိုက်လေသည်။
တောက်ပသော ငွေရောင်အလင်းတန်းတစ်ခုမှာ သွေးလမင်းကြီးထံမှနေ၍ ရုတ်တရက် ကျရောက်လာခဲ့သည်။ လေထဲတွင် ဧရာမ ငွေရောင်ဝံပုလွေကြီးတစ်ကောင် ဖြစ်ပေါ်လာခဲ့၏။
ထို ဧရာမ ငွေရောင်ဝံပုလွေကြီးမှာ တစ်ကိုယ်လုံး ငွေရောင်အလင်းတန်းများ ဝင်းလက်နေပြီး တောင်ငယ်တစ်လုံးပမာ ကြီးမားလှပေသည်။ သူ၏ ငွေရောင် အတောင်ပံတစ်စုံမှာလည်း အေးစက်သော အလင်းတန်းများကို ထုတ်လွှတ်နေခဲ့၏။
၎င်းတွင် သေစေနိုင်သော အရှိန်အဝါများ ထွက်ပေါ်နေသည့် သွေးနီရောင် မျက်လုံးတစ်စုံ ရှိပေသည်။
မယုံကြည်နိုင်လောက်အောင် ပြင်းထန်သော ဖိအားများမှာ ကောင်းကင်ယံမှနေ၍ ကျရောက်လာခဲ့လေတော့သည်။
“ဘိုးဘေးကြီးကို ဂါရဝပြုပါတယ်...”
ရင်းနှီးလှသော ရှောင်ထျန်းငွေရောင်ဝံပုလွေကို မြင်လိုက်ရသည့်အခါ ငွေလမင်းဝံပုလွေမျိုးနွယ်များ အားလုံးမှာ ဒူးထောက်လိုက်ကြပြီး သူတို့၏ မျက်နှာပေါ်တွင် ပြင်းထန်သော ကြည်ညိုမှုများဖြင့် အဆက်မပြတ် ဦးချနေကြတော့၏။
“ဒီလောက်ကြာတဲ့ အချိန်အထိ ငါ့ကို ပြန်လည်ရှင်သန်အောင် လုပ်ပေးခဲ့ကြတာ မင်းတို့အတွက် တကယ်ကို ပင်ပန်းသွားမှာပဲ...”
ရှောင်ထျန်းငွေရောင်ဝံပုလွေသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ သူ၏မျက်ဝန်းအတွင်းမှနေ၍ အာဏာစက်ရှိသော အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။ ၎င်းက တဖြည်းဖြည်း ပြောလိုက်၏။
“ဒီနေ့ကစပြီး ငွေလမင်းဝံပုလွေမျိုးနွယ်တွေဟာ ပြန်လည် တက်လှမ်းလာတော့မှာပဲ... ကောင်းကင်နဲ့ မြေပြင်အကြားမှာ ငါတစ်ဦးတည်းသာ အထွတ်အထိပ်ပဲ...”
ဤစကားမှာ ငွေလမင်းဝံပုလွေမျိုးနွယ်များ၏ နှလုံးသားအတွင်းက စိတ်အားထက်သန်မှုများကို မီးစာပေါ် ဆီလောင်းလိုက်သကဲ့သို့ ဖြစ်သွားခဲ့ရ၏။
“ကောင်းကင်နဲ့ မြေပြင်အကြားမှာ ဘိုးဘေးကြီးတစ်ဦးတည်းသာ အထွတ်အထိပ်ပဲ...”
လူအုပ်ကြီးက သံပြိုင် ဟစ်အော်လိုက်ကြသည်။
သူတို့၏ ဟစ်အော်သံများမှာ ကောင်းကင်နှင့် မြေပြင်ကို တုန်ခါသွားစေခဲ့ပြီး ငွေလမင်းမြို့တော်တစ်ခုလုံးလည်း တုန်ခါသွားခဲ့ရ၏။
“ဒီလောက်အထိ လေလုံးထွားနေတာ... ကိုယ့်လျှာကိုယ် သွားနဲ့ မကိုက်မိအောင် သတိထားလည်း ထားကြဦး...”
မြောင်လေးသည် စုဝမ်ယီ၏ ပုခုံးပေါ်မှ ရုတ်တရက် ထရပ်လိုက်ပြီး အနက်ရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲလျက် ကောင်းကင်သို့ ပျံတက်သွားသည်။ လေထဲသို့ ရောက်သည့်အခါ သူသည် ဧရာမ ကြောင်နက်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲလိုက်ရာ အရွယ်အစားမှာ တောင်ငယ်တစ်လုံးလောက် ဖြစ်သွားလေ၏။
ထိုအခိုက်အတန့်တွင် မြောင်လေး၏ အနက်ရောင်အမွှေးအမျှင်များမှာ ဝင်းလက်နေပြီး သူ၏ အနက်ရောင်မျက်လုံးများမှာလည်း အေးစက်သော အလင်းတန်းများကို ထုတ်လွှတ်နေခဲ့သည်။
ထို့နောက် သူ၏ခြေသည်းများကို ဆန့်ထုတ်လိုက်ပြီး သွေးနီရောင်လျှာလေးနှင့် သူ၏ ချွန်ထက်လှသော ခြေသည်းများကို အသာအယာ လျက်လိုက်၏။
“ရှောင်ထျန်းငွေရောင်ဝံပုလွေ... ဒီ ကြောင်ဘိုးဘိုးက မင်းနဲ့ ကစားပေးမယ်လေ...”
မြောင်လေးက အထင်အမြင်သေးသော လေသံနှင့် ပြောလိုက်၏။
ရှောင်ထျန်းငွေရောင်ဝံပုလွေသည် သူ၏ အောင်ပွဲခံချိန်ကို ခံစားနေစဉ်မှာပင် သူ၏ရှေ့တွင် မိမိနှင့် အရွယ်အစားတူညီသော ဧရာမ ကြောင်နက်ကြီးတစ်ကောင် ရုတ်တရက် ပေါ်လာသဖြင့် မှင်တက်မိသွားခဲ့ရသည်။
ထို ကြောင်နက်ကြီးတွင် အမြီးသုံးချောင်း ရှိနေသည်ကို သတိပြုမိလိုက်သည့်အခါ သူသည် ချက်ချင်းပင် ထိတ်လန့်သွားခဲ့ရ၏။
ထိုကြောင်၏ သွေးဗီဇမှာ သူနှင့်ယှဉ်လျှင်ပင် နိမ့်ကျခြင်းမရှိသော အစွမ်းထက် မိစ္ဆာသားရဲတစ်ကောင် ဖြစ်ပေသည်။ ထို့ပြင် ထိုသားရဲ၏ ကျင့်ကြံမှုအဆင့်မှာလည်း သူနှင့် တူညီနေပြီး နှစ်ဦးစလုံးမှာ ပြန်လည်မွေးဖွားခြင်းနယ်ပယ်တွင် ရှိနေကြ၏။
“အမြီးကိုးချောင်းဝိညာဉ်ကြောင်... ငါတို့ကြားမှာ အရင်ကလည်း ရန်ငြိုးမရှိသလို အခုလည်း ပြဿနာမရှိဘူးပဲ... ဘာလို့ မင်းက ငါ့ကို လာပြီးတော့ ရန်စနေရတာလဲ...”
ရှောင်ထျန်းငွေရောင်ဝံပုလွေက ဒေါသတကြီး ဟောက်လိုက်၏။
“ဒီ ကြောင်ဘိုးဘိုးက မင်း တအား ဝင့်ကြွားနေတယ်ထင်လို့ သင်ခန်းစာ ပေးချင်ရုံပါ...”
ကြောင်နက်ကြီးက လှောင်ပြုံး ပြုံးလိုက်ပြီး ရှောင်ထျန်းငွေရောင်ဝံပုလွေထံသို့ တိုးဝင်သွားလေသည်။
ထို့နောက်တွင်တော့ ဧရာမ မိစ္ဆာသားရဲကြီး နှစ်ကောင်မှာ ကောင်းကင်ယံတွင် အပြင်းအထန် တိုက်ခိုက်ကြတော့၏။ ခဏချင်းမှာပင် ကျယ်လောင်လှသော ပေါက်ကွဲသံကြီးမှာ မြေပြင်တစ်ခုလုံးကို တုန်ခါသွားစေခဲ့၏။
ငွေလမင်းဝံပုလွေမျိုးနွယ်များ အားလုံးမှာ ကောင်းကင်သို့ မော့ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာများမှာ အလွန်ပင် ညိုမည်းနေခဲ့ကြ၏။
“ဘုန်း... ဘုန်း... ဘုန်း...”
တောင်များ ပြိုကျပြီး ပင်လယ်များ မှောက်ခုံဖြစ်သွားသည့်အလား ကျယ်လောင်လှသော အသံများမှာ ကောင်းကင်ယံတွင် ပဲ့တင်ထပ်နေတော့သည်။
ရှောင်ထျန်းငွေရောင်ဝံပုလွေနှင့် အမြီးကိုးချောင်းဝိညာဉ်ကြောင်တို့၏ တိုက်ပွဲမှာ ဆက်လက် ပြင်းထန်နေခဲ့၏။ အမွှေးတိုင်တစ်တိုင်စာခန့် အချိန်ကုန်ဆုံးသွားပြီးနောက်တွင် သူတို့နှစ်ဦးစလုံးမှာ ကိုယ်စီ ဒဏ်ရာအချို့ ရရှိခဲ့ကြလေသည်။
“မင်းလို ဝံပုလွေပေါက်လေးကများ ငါ့ကို သတ်ဖို့ ကြိုးစားရဲတယ်ပေါ့... ဒီ ကြောင်ဘိုးဘိုးက မင်းကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ ကြည့်လိုက်စမ်း...”
ကြောင်နက်ကြီး၏ ဒေါသများမှာ တောက်လောင်လာခဲ့ပြီး သူသည် ရှောင်ထျန်းငွေရောင်ဝံပုလွေအား အညှာအတာ ကင်းမဲ့စွာဖြင့် အဆက်မပြတ် တိုက်ခိုက်လေတော့သည်။
“မင်း ရူးနေတာလား... ငါတို့ နှစ်ယောက်လုံး ဒဏ်ရာအပြင်းအထန် ရသွားအောင် မင်း တကယ်ပဲ လုပ်ချင်နေတာလား...”
ရှောင်ထျန်းငွေရောင်ဝံပုလွေမှာ ဆဲဆိုလိုက်ရတော့၏။
“သခင်ကြီး... ကြောင်လေးက တကယ့်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာပဲ...”
မြင်းနက်ကြီးက သူ၏ခေါင်းကို လှည့်လိုက်ပြီး ရထားလုံးဆီသို့ ကြည့်ကာ ရယ်မောလိုက်၏။
“ဒါက သူ့ရဲ့ သစ္စာခံမှုလို့ပဲ သတ်မှတ်ရမှာပေါ့...”
ရီယွင်က အေးအေးဆေးဆေးပင် ပြုံးလျက် ပြောလိုက်သည်။
ကောင်းကင်ယံမှနေ၍ သွေးများ အဆက်မပြတ် မိုးရွာသကဲ့သို့ ကျဆင်းလာသည်ကို ကြည့်ရင်း စုဝမ်ယီမှာ အနည်းငယ် စိုးရိမ်ပူပန်နေမိ၏။
အခန်း ၆၁ ပြီးပါပြီ။
အခန်း ၆၂ - ဦးလေးမြင်းက ရက်စက်လွန်းတယ်
“ဘုန်း... ဘုန်း...”
“ဂျိမ်း...”
ရှောင်ထျန်းငွေရောင်ဝံပုလွေနှင့် ကြောင်နက်ကြီးတို့၏ တိုက်ပွဲမှာ ပို၍ပင် ပြင်းထန်လာခဲ့သည်။
“အမြီးကိုးချောင်းဝိညာဉ်ကြောင်... ငါ့ကို အတင်းအကျပ် မလုပ်နဲ့...”
ဒဏ်ရာများ တစ်ခုပြီးတစ်ခု ရရှိလာသည့်အခါ ရှောင်ထျန်းငွေရောင်ဝံပုလွေမှာ ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
“မင်းလို ဝံပုလွေပေါက်လေးကများ... ဒီ ကြောင်ဘိုးဘိုးရဲ့ အစွမ်းကို မြင်အောင်ကြည့်လိုက်စမ်း... ဒီ ကြောင်ဘိုးဘိုးသာ မျက်မှောင်တစ်ချက်ကြုတ်မိရင် မင်းလိုကောင်မျိုး မျိုးပြုတ်သွားမယ်ဆိုတာ သိရဲ့လား...”
ကြောင်နက်ကြီးက လှောင်ပြောင်ရယ်မောရင်း ရှောင်ထျန်းငွေရောင်ဝံပုလွေကို အဆက်မပြတ် ဖိအားပေးတိုက်ခိုက်နေလေသည်။
“ကောင်းပြီလေ...”
ရှောင်ထျန်းငွေရောင်ဝံပုလွေမှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်သွား၏။
ထို့နောက် သူသည် ပါးစပ်ကို အကျယ်ကြီးဖွင့်လိုက်ပြီး ကောင်းကင်ယံက လမင်းကြီးကို ဝါးမြိုလိုက်သည်။ ထိုခဏချင်းမှာပင် ကမ္ဘာကြီးမှာ မှောင်အတိ ကျသွားခဲ့ရ၏။ ရှောင်ထျန်းငွေရောင်ဝံပုလွေသည် သူ၏ အနှစ်သာရသွေး သုံးဆယ်ရာခိုင်နှုန်းကို အသုံးချကာ သူ၏ သွေးဗီဇနတ်ဘုရားစွမ်းရည်ကို ထုတ်ဖော်လိုက်ခြင်းပင်။
“ဘုန်း...”
သူသည် လျှပ်စီးပမာ ခုန်အုပ်လိုက်ပြီး လက်ဝါးတစ်ချက် ရိုက်ချက်နှင့်တင် အမြီးကိုးချောင်းဝိညာဉ်ကြောင်ကို ကောင်းကင်ယံမှနေ၍ ရိုက်ချလိုက်လေသည်။ ဤရိုက်ချက်မှာ သူ၏ ပုံမှန်အင်အားထက် အနည်းဆုံး သုံးဆခန့် ပိုမိုပြင်းထန်လှပေသည်။ အမြီးကိုးချောင်းဝိညာဉ်ကြောင်မှာ သေချာပေါက် ဒဏ်ရာအပြင်းအထန်ရရှိပြီး တိုက်ခိုက်နိုင်စွမ်း ရှိတော့မည်မဟုတ်ဟု ရှောင်ထျန်းငွေရောင်ဝံပုလွေက ယုံကြည်နေခဲ့၏။
“ဝေါ...”
ဧရာမ တောင်မည်းကြီးတစ်လုံးပမာ ပုံရိပ်ကြီးမှာ ကောင်းကင်ယံမှနေ၍ ပြုတ်ကျလာခဲ့သည်။ အကယ်၍သာ မြေပြင်သို့ အရှိန်နှင့် ကျဆင်းသွားမည်ဆိုပါက မြို့စားအိမ်တော်တစ်ခုလုံးမှာ ဧရာမ ချိုင့်ခွက်ကြီးတစ်ခု ဖြစ်သွားပေလိမ့်မည်။
စုဝမ်ယီသည် သူ၏မျက်လုံးများကို ပြူးကျယ်လျက် စီနီယာကြောင်ကြီး ကောင်းကင်မှ ပြုတ်ကျလာသည်ကို မှင်တက်မိကာ ကြည့်နေမိ၏။ သူသည် ဘာမှမတတ်နိုင်ပေ။
ရထားလုံးအတွင်း၌ ရီယွင်သည် ဟင်းလင်းပြင်ထဲသို့ သူ၏လက်ကို အသာအယာ ဝေ့ယမ်းလိုက်သည်။
ကြောင်နက်ကြီး၏ ဧရာမ ခန္ဓာကိုယ်မှာ ချက်ချင်းပင် ကျုံ့သွားခဲ့ပြီး ရထားလုံးပေါ်သို့ ပြန်လည် ပျံသန်းရောက်ရှိလာ၏။ သူသည် ပက်လက်လန်လျက် လဲကျနေပြီး မကျေမနပ်နှင့် အသက်ပြင်းပြင်း ရှူနေခဲ့သည်။
“သခင်ကြီး... ကျွန်တော့်ကို ဂရုမစိုက်ပါနဲ့... ဒီ ဝံပုလွေကောင်ကို နောက်ထပ် အလှည့်ပေါင်း သုံးရာလောက်အထိ ထပ်ပြီး ကစားပေးချင်သေးတယ်...”
“အမယ်လေး... တော်စမ်းပါ... မင်းက ဒဏ်ရာအပြင်းအထန်ရလို့ ခြေတစ်ဖက်တောင် မထောက်နိုင်ဘဲနဲ့များ နောက်ထပ် အလှည့်ပေါင်း သုံးရာ တိုက်ဦးမယ်တဲ့လား...”
ဘေးတွင် ရပ်နေသော မြင်းနက်ကြီးက ရယ်မောလျက် စနောက်လိုက်၏။
ရီယွင်က ပြုံးလိုက်သည်။
“ဦးလေးမြင်း... ကျွန်တော့်ကို လာပြီး နောက်မနေနဲ့... ကျွန်တော့်အစွမ်းကို ကျွန်တော် သိပါတယ်... ဒါပေမဲ့ အဲ့ဒီ ဝံပုလွေကောင်က တအား ဝင့်ကြွားနေတာပဲ... သူ့ကို ဒီအတိုင်း လွှတ်မထားနိုင်ဘူး...”
ကြောင်နက်ကြီးက ဝမ်းနည်းပူဆွေးသော မျက်နှာထားနှင့် ညည်းတွားလိုက်၏။ သူသည် ရှောင်ထျန်းငွေရောင်ဝံပုလွေ၏ ပင်ကိုယ်နတ်ဘုရားစွမ်းရည်ကြောင့် ဒဏ်ရာအပြင်းအထန် ရရှိထားသဖြင့် တိုက်ခိုက်ရန် ခွန်အား မရှိတော့ပေ။ ဘေးမှနေ၍ လေလုံးထွားနေရုံသာ တတ်နိုင်တော့သည်။
ထိုအခိုက်အတန့်တွင် ဟင်းလင်းပြင် အမြင့်၌ ရှောင်ထျန်းငွေရောင်ဝံပုလွေမှာ တောက်ပသော ငွေရောင်အလင်းတန်းများကို ထုတ်လွှတ်နေခဲ့သည်။ သူ၏ ဧရာမ အတောင်ပံများမှာ ဖြန့်ကားထားပြီး မင်းဆက်တစ်ခုမှ ထွက်ပေါ်လာသော ဒဏ္ဍာရီလာ နတ်ဘုရားဝံပုလွေတစ်ကောင်အလား ခံ့ညားထည်ဝါနေခဲ့၏။
သူ၏ အကြီးမားဆုံးသော ပြိုင်ဘက် အမြီးကိုးချောင်းဝိညာဉ်ကြောင်ကို ဖယ်ရှားပြီးနောက်တွင် ရှောင်ထျန်းငွေရောင်ဝံပုလွေမှာ စိတ်အေးသွားခဲ့ရပြီး ကောင်းကင်သို့ မော့ကြည့်ကာ အော်ဟစ်လိုက်သည်။
“သခင်ကြီး... ဒီ ဝံပုလွေပေါက်လေးကတော့ တကယ်ကို ဝင့်ကြွားလွန်းနေပြီ...”
မြင်းနက်ကြီးက မြေပြင်ကို သူ၏ခွာနှင့် မငြိမ်မသက် ဆောင့်နင်းလိုက်၏။
“ကောင်းပြီလေ... မင်း သွားလိုက်တော့...”
ရီယွင်က အသာအယာ ပြုံးလိုက်ရင်း လက်ဝှေ့ယမ်းလိုက်သည်။
မြင်းနက်ကြီးမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားခဲ့၏။ သူ၏ခန္ဓာကိုယ်မှာ တစ်ချက် တုန်ခါသွားခဲ့ပြီး ဇက်ကြိုးများကို ရုန်းထွက်ကာ လေထဲသို့ ပျံတက်သွားလေတော့သည်။
ရှောင်ထျန်းငွေရောင်ဝံပုလွေမှာ သူ၏ အောင်ပွဲကို ခံစားနေစဉ်မှာပင် သူ၏မျက်စိရှေ့သို့ အနက်ရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာသဖြင့် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပေ။
ရှောင်ထျန်းငွေရောင်ဝံပုလွေသည် ရုတ်တရက် ပေါ်လာသော မြင်းနက်ကြီးကို ကြည့်ကာ ထိတ်လန့်သွားခဲ့ရ၏။
‘ဒီနေ့ ငါ ဘယ်လို ကံဆိုးမှုတွေနဲ့ ကြုံနေရတာလဲ... အရင်က ကြောင်နက်ကြီး... အခု မြင်းနက်ကြီး... အားလုံးက မည်းနက်နေတာပဲကွာ... တောက်...’
သူသည် သူ၏ တောက်ပသော ငွေရောင်အမွှေးအမျှင်များကို တစ်ချက်ခါလိုက်ရင်း မကျေမနပ် ဆဲဆိုလိုက်လေသည်။
မြင်းနက်ကြီး၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့၏။
‘တောက်... ဒီ ဝံပုလွေပေါက်လေးက ငါ့ကိုတောင် ဆဲရဲတယ်ပေါ့... တကယ်ကို ရဲတင်းလွန်းနေပြီ...’
မြင်းနက်ကြီးသည် သူ၏ ပြင်းထန်လှသော မဟာနတ်ဘုရား အရှိန်အဝါကို ထုတ်ဖော်ရန်ပင် အချိန်မပေးတော့ပေ။ သူသည် ရှေ့သို့ ခုန်တက်လိုက်ပြီး သူ၏ခွာကို မြှောက်လျက် ရှောင်ထျန်းငွေရောင်ဝံပုလွေ၏ ခေါင်းကို အားပါပါ စုံကန်ချလိုက်လေတော့သည်။
“ဘုန်း...”
ဤ ခွာစုံတစ်ချက်မှာ မယုံကြည်နိုင်လောက်အောင် ကြီးမားသော အင်အားများ ပါဝင်နေခဲ့၏။ ရှောင်ထျန်းငွေရောင်ဝံပုလွေမှာ သူ၏ဦးခေါင်းခွံ ကွဲအက်တော့မတတ် ပြင်းပြင်းထန်ထန် အကန်ခံလိုက်ရသဖြင့် မျက်စိထဲတွင် ကြယ်များ မြင်သွားခဲ့ရပြီး သနားစဖွယ် အော်ဟစ်ကာ အောက်သို့ ပြုတ်ကျသွားတော့သည်။
“အားနည်းလိုက်တဲ့ကောင်...”
မြင်းနက်ကြီးမှာ လေထဲတွင် ခံ့ညားစွာ ရပ်နေရင်း အောက်သို့ ပြုတ်ကျသွားသော ရှောင်ထျန်းငွေရောင်ဝံပုလွေကို ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်၏။
အောက်ဘက်တွင်မူ ငွေလမင်းဝံပုလွေမျိုးနွယ်ဝင်များမှာ သူတို့၏ ဘိုးဘေး ရှောင်ထျန်းငွေရောင်ဝံပုလွေက မြင်းနက်ကြီး၏ အလစ်အငိုက် တိုက်ခိုက်ခြင်းကို ခံရပြီး ကောင်းကင်မှ ပြုတ်ကျလာသည်ကို မြင်လိုက်ရသည့်အခါ ထိတ်လန့်တကြားနှင့် မျက်နှာများ ဖြူဖျော့ကုန်ကြတော့သည်။
ရထားလုံးအတွင်း၌မူ မြင်းနက်ကြီးက ရှောင်ထျန်းငွေရောင်ဝံပုလွေအား ချက်ချင်း သတ်ပစ်ခြင်းမပြုသည်ကို ကြည့်ရင်း ရီယွင်မှာ ခေါင်းခါယမ်းကာ ရယ်မောလိုက်မိ၏။
မြင်းနက်ကြီးသည်လည်း ကစားရတာ ဝါသနာပါသော မိစ္ဆာသားရဲတစ်ကောင် ဖြစ်ပုံရပေသည်။ သူသည် ထို ဝင့်ကြွားလှသော ရှောင်ထျန်းငွေရောင်ဝံပုလွေအား အမျိုးမျိုး နှိပ်စက်ချင်နေပုံရသဖြင့် ရီယွင်က ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ပေ။
မြေပြင်သို့ မကျဆင်းမီမှာပင် ရှောင်ထျန်းငွေရောင်ဝံပုလွေမှာ သတိပြန်ဝင်လာခဲ့ပြီး သူ၏အတောင်ပံများကို ပြင်းပြင်းထန်ထန် ခတ်ကာ ပြန်လည် ပျံတက်လာခဲ့၏။
“မင်းလို တစ်ကိုယ်လုံးမှောင်မည်းနေတဲ့မြင်းစုတ်က ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့... ဒီ ဝံပုလွေဘိုးဘေးရဲ့ စစ်မှန်တဲ့ အစွမ်းကိုရော သိရဲ့လား...”
ဤသို့ ဟောက်လိုက်ပြီးနောက် ရှောင်ထျန်းငွေရောင်ဝံပုလွေသည် ဒေါသများဖြင့် ပြည့်နှက်နေလျက် မြင်းနက်ကြီးထံသို့ တိုးဝင်သွားလေတော့သည်။
ဖြစ်နိုင်သည်မှာ ထိုကန်ချက်ကြောင့် သူ၏ဦးနှောက်မှာ တစ်ခန်းပျက်သွားပုံရပြီး သူ၏ စကားပြောပုံမှာ အစောပိုင်းကနှင့် မတူတော့ပေ။ ဤသည်က အောက်ဘက်က ငွေလမင်းဝံပုလွေမျိုးနွယ်ဝင်များကို မှင်တက်မိသွားစေခဲ့၏။
‘ငါတို့ရဲ့ ဘိုးဘေးကြီးက ဘာလို့ ဝင့်ကြွားလှတဲ့ သခင်လေးတစ်ယောက်လို စကားပြောနေရတာလဲ...’
လေထဲတွင် ရှောင်ထျန်းငွေရောင်ဝံပုလွေနှင့် မြင်းနက်ကြီးတို့မှာ အဝေးကနေ၍ ရင်ဆိုင်လိုက်ကြသည်။
ဝံပုလွေသည် သူ၏ရှေ့က မြင်းနက်ကြီးကို အသေအချာ အကဲခတ်လိုက်ရာ ဤမြင်းနက်ကြီးမှာ အနက်ရောင် ဧရာမ ပုရွက်ဆိတ်တစ်ကောင်နှင့် တူလှပေ၏။ ထိုအခိုက်အတန့်တွင် သူသည် မြင်းနက်ကြီး၏ ကျင့်ကြံမှုအဆင့်ကို မခွဲခြားနိုင်ခဲ့ပေ။
သူ တုံ့ဆိုင်းနေစဉ်မှာပင် မြင်းနက်ကြီးက သူ၏ ခံ့ညားလှသော ခန္ဓာကိုယ်ကို တစ်ချက်ခါလိုက်ပြီး သူ၏ မဟာနတ်ဘုရား အရှိန်အဝါ အနည်းငယ်ကို ထုတ်ဖော်လိုက်လေသည်။
ဤသည်မှာ အလွန်သေးငယ်သော အရှိန်အဝါမျှသာ ဖြစ်သော်လည်း ရှောင်ထျန်းငွေရောင်ဝံပုလွေထံသို့ ကျရောက်သွားသည့်အခါ သူ၏အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့၏။
‘ဒါက... ထာဝရနယ်ပယ်လား...’
ရှောင်ထျန်းငွေရောင်ဝံပုလွေမှာ အခြေအနေကို နားလည်သွားခဲ့ပြီး ဟင်းလင်းပြင်အတွင်း၌ ချက်ချင်းပင် ဒူးထောက်လိုက်တော့သည်။
“ဦး... ဦးလေးမြင်း... ဒီ ဝံပုလွေပေါက်လေးရဲ့ အသက်ကို ချမ်းသာပေးပါ... အစောပိုင်းက ဒီ ဝံပုလွေပေါက်လေးက မျက်စိမပါလို့ လူမှားသွားခဲ့တာပါ...”
ရှောင်ထျန်းငွေရောင်ဝံပုလွေ၏ လေသံမှာ ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး ဒူးထောက်ကာ အသက်ချမ်းသာပေးရန် စတင် တောင်းပန်တော့၏။
မြင်းနက်ကြီးက လှောင်ပြုံး ပြုံးလိုက်သည်။
“ဝံပုလွေပေါက်လေး... ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်... အမြန်ဆုံး ထွက်ပြေးလိုက်စမ်း...”
‘ထွက်ပြေးရမယ်တဲ့လား...’
ရှောင်ထျန်းငွေရောင်ဝံပုလွေမှာ မြင်းနက်ကြီး ပြောဆိုလိုသော အဓိပ္ပာယ်ကို နားလည်သွားခဲ့၏။ သူသည် အလျင်အမြန်ပင် ထရပ်လိုက်ပြီး အတောင်ပံများကို ခတ်ကာ ဟင်းလင်းပြင်ကို ဖြတ်သန်းလျက် ထွက်ပြေးတော့သည်။
သူ၏ ဧရာမ ငွေရောင်အတောင်ပံတစ်စုံမှာ တစ်ချက်ခတ်လိုက်ရုံနှင့်တင် မိုင်ပေါင်း သန်းနှင့်ချီ၍ ဖြတ်သန်းနိုင်သဖြင့် သူ၏အရှိန်မှာ မယုံကြည်နိုင်လောက်အောင်ပင် မြန်ဆန်လှပေသည်။
ငွေလမင်းဝံပုလွေမျိုးနွယ်ဝင်များမှာ ရင်ပြင်ပေါ်တွင် ဒူးထောက်နေကြဆဲ ဖြစ်ပေသည်။ ထိုအခိုက်အတန့်တွင် သူတို့အားလုံးမှာ မှင်တက်မိနေကြ၏။ သူတို့၏ ဘိုးဘေးကြီးမှာ မြင်းနက်ကြီးကို ရင်ဆိုင်ရချိန်တွင် ရုတ်တရက် လှည့်ထွက်ပြေးလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြပေ။
‘ငါတို့ကရော ဘာဆက်ဖြစ်မှာလဲ...’
လူတိုင်းမှာ ဘာလုပ်ရမှန်းမသိဘဲ ဝေခွဲမရသော အကြည့်များနှင့် ကြည့်နေကြတော့သည်။
စက္ကန့်အနည်းငယ်မျှ တိတ်တဆိတ် ရေတွက်ပြီးနောက် မြင်းနက်ကြီးမှာ ပျင်းရိစွာဖြင့် ခေါင်းမော့ကြည့်လိုက်၏။ သူသည် ရှောင်ထျန်းငွေရောင်ဝံပုလွေ ပျောက်ကွယ်သွားသော ဘက်ဆီသို့ ကြည့်လိုက်ပြီး သူ၏ပါးစပ်ကို ဖွင့်ကာ အပြာရောင် အလင်းတန်းတစ်ခုကို မှုတ်ထုတ်လိုက်လေသည်။
ထို အပြာရောင် အလင်းတန်းမှာ လျှပ်စီးပမာ ညကောင်းကင်ယံကို ဖြတ်သန်းသွားခဲ့ပြီး ခဏချင်းမှာပင် ပျောက်ကွယ်သွားခဲ့၏။
တခဏမျှအကြာတွင် ထိုအပြာရောင်အလင်းတန်းမှာ မိုးကုပ်စက်ဝိုင်းအဝေးမှနေ၍ မယုံကြည်နိုင်လောက်သော အရှိန်နှင့် ပြန်လည်ရောက်ရှိလာခဲ့သည်။ ထို ဝင်းလက်နေသော အပြာရောင်အလင်းတန်းအတွင်း၌ အဝေးသို့ ထွက်ပြေးသွားသော ရှောင်ထျန်းငွေရောင်ဝံပုလွေ ပါလာလေ၏။
“ဝေါ...”
မြင်းနက်ကြီးမှာ သူ၏ခန္ဓာကိုယ်ကို တစ်ချက်ခါလိုက်သည့်အခါ ဧရာမ တောင်ကြီးတစ်လုံးပမာ ကြီးမားလာခဲ့ပြီး ငွေလမင်းမြို့တော်တစ်ခုလုံးကို အရိပ်များ ဖုံးလွှမ်းသွားစေခဲ့သည်။
မြင်းနက်ကြီးသည် သူ၏ ကြောက်မက်ဖွယ်ကောင်းလှသော ပါးစပ်ကြီးကို ဖွင့်လိုက်ရာ အပြာရောင် အလင်းတန်းမှာ ပါးစပ်ကြီးအတွင်းသို့ တိုးဝင်သွားခဲ့ပြီး ရှောင်ထျန်းငွေရောင်ဝံပုလွေကိုလည်း တစ်ပါတည်း ဆွဲခေါ်သွားခဲ့သည်။ ထို့နောက် မြင်းနက်ကြီးက အားပါပါ ဝါးစားလိုက်သဖြင့် တဂျွတ်ဂျွတ်နှင့် အသံများ ထွက်ပေါ်လာခဲ့လေသည်။
သူ၏ ပါးစပ်ထောင့်များမှနေ၍ လတ်ဆတ်သော သွေးများမှာ အဆက်မပြတ် စီးကျလာတော့သည်။
ရှောင်ထျန်းငွေရောင်ဝံပုလွေမှာ သနားစဖွယ် အော်ဟစ်နေရင်းနှင့်ပင် ခန္ဓာကိုယ်တစ်ခုလုံးသည် အသားကြိတ်စက်ထဲသို့ ရောက်သွားသည့်နှယ် အပိုင်းပိုင်းအတစ်တစ် ပြတ်တောက် ကြေမွကာ မြင်းနက်ကြီး၏ အရှင်လတ်လတ် ဝါးစားခြင်းကို ခံလိုက်ရတော့သည်။
ထို အပြာရောင် အလင်းတန်းမှာ မည်သည့်အရာဖြစ်သည်ကို မသိနိုင်သော်လည်း သူသည် မိုင်ပေါင်း သောင်းနှင့်ချီ၍ ထွက်ပြေးခဲ့သည့်တိုင် ခဏချင်းမှာပင် ပြန်လည် ဆွဲခေါ်ခြင်း ခံလိုက်ရခြင်း ဖြစ်ပေသည်။
မြင်းနက်ကြီးမှာ အားပါပါ ဝါးစားနေခဲ့ပြီး သူ၏ပါးစပ်မှ သွေးများမှာလည်း စီးကျနေခဲ့၏။
ရထားလုံးပေါ်တွင် လဲကျနေသော ကြောင်နက်ကြီးမှာ ဤမြင်ကွင်းကို ကြည့်ရင်း လွန်စွာ ထိတ်လန့်သွားခဲ့ရသည်။
‘ဦးလေးမြင်းက တကယ်ကို ရက်စက်လွန်းတာပဲ...’
သူသည် အလွန်အမင်း ကြောက်လန့်သွားသဖြင့် သူ၏မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး ထိုနေရာမှာတင် သတိလစ်သွားခဲ့လေတော့သည်။
အခန်း ၆၂ ပြီးပါပြီ။
အခန်း ၆၃ - တစ်ချက်ရှူထုတ်လိုက်ရုံနှင့် ငွေလမင်းမြို့တော် မြူမှုန်ဖြစ်သွားခြင်း
ကြောင်နက်ကြီးမှာ ကြောက်လန့်တကြား သတိလစ်သွားပြီး ရထားလုံးပေါ်တွင် ကိုးယိုးကားရား လဲကျနေသည်ကို မြင်ရသဖြင့် ရီယွင်က လက်ကို အသာအယာ တောက်လိုက်ရာ နတ်ဘုရားစွမ်းအားတစ်မျှင်က ကြောင်နက်ကြီး၏ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ကြောင်နက်ကြီး၏ မျက်လုံးများမှာ ဖျတ်ခနဲ ပွင့်လာခဲ့၏။ သူ၏ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအားများမှာ လန်းဆန်းတက်ကြွလာပြီး မျက်ဝန်းများမှ စိမ်းဖန့်ဖန့်အလင်းတန်းများ ထွက်ပေါ်လာလေသည်။
“သခင်ကြီး... ဒါက ဘာဆေးလဲ...”
ကြောင်နက်ကြီးက စိတ်လှုပ်ရှားနေသော အမူအရာဖြင့် လက်အုပ်ချီကာ ရထားလုံးပေါ်တွင် ဒူးထောက်၍ မေးမြန်းလိုက်၏။
“အဲ့ဒါက အရေးမကြီးပါဘူး... လောလောဆယ် ဒါကို အေးအေးဆေးဆေးပဲ သန့်စင်လိုက်စမ်းပါ...”
ရီယွင်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
ကြောင်နက်ကြီး၏ လက်ရှိကျင့်ကြံမှုနယ်ပယ်နှင့်ဆိုလျှင် သူ ပြောပြလျှင်ပင် နတ်ဘုရားစွမ်းအား၏ နက်နဲမှုကို နားလည်နိုင်လိမ့်မည် မဟုတ်ပေ။
ရီယွင် ဖယ်ထုတ်ပေးလိုက်သော နတ်ဘုရားစွမ်းအား တစ်မျှင်ဆိုသည်မှာ သူ့အတွက်တော့ သမုဒ္ဒရာထဲက ရေတစ်စက်ကို ခပ်ထုတ်လိုက်သကဲ့သို့ မပြောပလောက်သော်လည်း ဤ ကြောင်နက်ကြီးအတွက်မူ အဆုံးမရှိသော သမုဒ္ဒရာကြီးတစ်ခုနှင့် တူလှပေသည်။ အကယ်၍သာ သူသည် ဤနတ်ဘုရားစွမ်းအားကို သန့်စင်ရင်း ဆက်လက် ဆင်ခြင်နိုင်မည်ဆိုပါက မယုံကြည်နိုင်လောက်သော အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပြီး အမြီးကိုးချောင်းအထိပင် တစ်ခါတည်း ထွက်ပေါ်လာနိုင်ပေသည်။
ထိုအခိုက်အတန့်တွင် ရှောင်ထျန်းငွေရောင်ဝံပုလွေကို ဝါးစားပစ်လိုက်သော မြင်းနက်ကြီးမှာ ပုံမှန်အရွယ်အစားသို့ ပြန်လည်ကျုံ့သွားပြီး မြေပြင်သို့ ဆင်းသက်လိုက်၏။ မြေပြင်ပေါ်ရှိ ငွေလမင်းဝံပုလွေမျိုးနွယ်ဝင်များမှာတော့ ကြောက်လန့်တကြားနှင့် သတိလစ်နေကြသည်မှာ ကြာပြီဖြစ်သည်။
“ထပ်...”
မြင်းနက်ကြီးသည် သူ၏ပါးစပ်က သွေးများကို လျက်ရင်း ဇက်ကြိုးများကို သူ့ဘာသာ ပြန်လည်တပ်ဆင်လိုက်၏။
ဦးလေးမြင်း၏ ရက်စက်မှုကို မြင်တွေ့လိုက်ရသဖြင့် ကြောင်နက်ကြီးမှာ သူ၏နောက်ကွယ်တွင် ကပ်နေပြီး တစ်ကိုယ်လုံး တုန်ယင်ကာ အသံပင် မထွက်ဝံ့တော့ပေ။
“ကြောင်လေး... ငါက မင်းကို မစားပါဘူး... ဘာလို့ အဲ့ဒီလောက်တောင် ကြောက်နေရတာလဲ...”
မြင်းနက်ကြီးက လှောင်ပြုံး ပြုံးပြလိုက်၏။
ကြောင်နက်ကြီးမှာ သူ၏ ဦးခေါင်းကို ခြေသည်းများဖြင့် အလျင်အမြန် ကာကွယ်လိုက်ပြီး ဦးလေးမြင်း၏ ရက်စက်သော အပြုံးကို မကြည့်ရဲတော့ပေ။
စုဝမ်ယီပင်လျှင် ဤအခိုက်အတန့်တွင် မြင်းနက်ကြီးကို ရင်ဆိုင်ရချိန်၌ ဖော်ပြမရနိုင်သော ကြောက်ရွံ့မှုကို ခံစားနေရ၏။ အမြဲတမ်း သိမ်မွေ့လှသော မြင်းနက်ကြီးသည် ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးဖူးပေ။ တောင်ငယ်တစ်လုံးပမာ ကြီးမားလှသော ရှောင်ထျန်းငွေရောင်ဝံပုလွေကို တဂျွတ်ဂျွတ်နှင့် ဝါးစားပစ်လိုက်သည်မှာ အမှန်ပင် သွေးပျက်စရာကောင်းလှပေသည်။
ထိုစဉ် ရထားလုံးလိုက်ကာ ပွင့်သွားခဲ့ပြီး ရီယွင်က ရုတ်တရက် ထွက်ပေါ်လာကာ ရထားလုံးပေါ်တွင် ရပ်လိုက်၏။ သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ သူ၏ အမူအရာမှာ အလွန်ပင် တည်ငြိမ်အေးစက်နေခဲ့သည်။
စုဝမ်ယီမှာ ဘိုးဘေးကြီး၏ ခန့်ညားလှသော ဘေးတိုက်ပုံရိပ်ကို အံ့ဩတကြီး ကြည့်နေမိ၏။
‘ဘိုးဘေးကြီး... ဘာလို့ ရုတ်တရက်ကြီး ထွက်လာတာပါလိမ့်...’
အစောပိုင်းက ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပေါ်နေစဉ်မှာပင် ဘိုးဘေးကြီးမှာ ရထားလုံးအတွင်း၌ တည်ငြိမ်စွာ ထိုင်နေခဲ့ခြင်း ဖြစ်သည်။ ယခုမူ ရထားလုံးအမိုးထက်သို့ ရုတ်တရက်ကြီး ထွက်လာခဲ့သည်မှာ အဘယ်အကြောင်းကြောင့်မှန်း မသိပေ။
ထိုအခိုက်အတန့်တွင် ဘိုးဘေးကြီးက ကြည်လင်သော လေတစ်ချက်ကို အသာအယာ ရှူထုတ်လိုက်၏။ ထိုလေမှာ အရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့လေသည်။
ထို့နောက်တွင်တော့ စုဝမ်ယီအား မှင်တက်မိသွားစေသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့၏။
ထို ကြည်လင်သော လေနှင့် ထိတွေ့သမျှ အရာအားလုံး... အလောင်းများ ဖြစ်စေ၊ သတိလစ်နေသော ငွေလမင်းဝံပုလွေမျိုးနွယ်ဝင်များ ဖြစ်စေ၊ ပန်းပင်များ၊ သစ်ပင်များ သို့မဟုတ် အဆောက်အအုံများ ဖြစ်စေ... ခဏချင်းမှာပင် မိုးပြာရောင်မီးခိုးတန်းများအဖြစ် ပြောင်းလဲသွားပြီး ဟင်းလင်းပြင်အတွင်း လွင့်ပြယ် ပျောက်ကွယ်သွားတော့သည်။ ထိုလေမှာ အလွန်ပင် လျင်မြန်လှပေ၏။ စုဝမ်ယီ၏ အံ့ဩနေသော မျက်ဝန်းများအောက်မှာပင် ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ လျင်မြန်စွာ ပျောက်ကွယ်သွားကြတော့သည်။
နှလုံးခုန်သံ နှစ်ချက် သုံးချက်စာမျှ အချိန်အတွင်းမှာပင် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ စုဝမ်ယီ၏ မျက်လုံးများမှာ ထပ်မံ ပြူးကျယ်သွားခဲ့ရ၏။ ကျယ်ပြောလှသော ငွေလမင်းမြို့တော်ကြီး တစ်ခုလုံး ပျောက်ကွယ်သွားလေပြီ။ သူတို့ ရပ်နေသော နေရာမှာ ယခင်က ရှိခဲ့သည့် အရာအားလုံး၏ အငွေ့အသက်မျှပင် မကျန်တော့ဘဲ လွင်တီးခေါင်ပြင်ကြီး ဖြစ်သွားခဲ့ရသည်။
‘ဘိုးဘေးကြီးက... တကယ်ကို ကြောက်ဖို့ကောင်းတာပဲ... ဒါက စစ်မှန်သောနတ်ဘုရားတစ်ပါးရဲ့ အစွမ်းလား...’
စုဝမ်ယီမှာ မျက်လုံးများ ပြူးကျယ်လျက် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်မိ၏။ ဤအခိုက်အတန့်က ထိတ်လန့်မှုကို သူ မည်သို့ဖော်ပြရမှန်းပင် မသိတော့ပေ။ ကြည်လင်သော လေတစ်ချက် ရှူထုတ်လိုက်ရုံနှင့် ငွေလမင်းမြို့တော်ကြီးတစ်ခုလုံးမှာ မည်သည့် အစအနမျှ မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့ရသည်။ ဤသည်မှာ တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှပေသည်။
ကြောင်နက်ကြီးမှာလည်း ပျောက်ကွယ်သွားသော ငွေလမင်းမြို့တော်ကို ကြည့်ရင်း ကြောက်လန့်လွန်းသဖြင့် နောက်တစ်ကြိမ် သေးထွက်လုနီးပါး ဖြစ်သွားခဲ့ရ၏။
‘သခင်ကြီးက... တကယ်ကို ကြောက်ဖို့ကောင်းတာပဲ... လေတစ်ချက် ရှူထုတ်လိုက်တာနဲ့ ငွေလမင်းမြို့တော်ကြီး တစ်ခုလုံး ပျောက်သွားတယ်... ထာဝရနယ်ပယ်က သန်မာသူတွေတောင် ဒါမျိုး လုပ်နိုင်မှာ မဟုတ်ဘူး... သခင်ကြီးဟာ နတ်ဘုရားတစ်ပါးပဲ ဖြစ်ရမယ်... အစွမ်းအထက်ဆုံး နတ်ဘုရားတစ်ပါးပေါ့...’
ကြောင်နက်ကြီးက စိတ်ထဲကနေ တွေးတောနေမိ၏။ သူသည် ခန့်ညားလှသော နတ်ဘုရားပမာ ပုံရိပ်ကြီးကို မော့ကြည့်လိုက်ရာ အဆုံးမရှိသော ကြောက်ရွံ့အားကျမှုများ ခံစားလိုက်ရပြီး ရထားလုံးပေါ်တွင် အလျင်အမြန် ဝပ်နေလိုက်ကာ ပြန်မထဝံ့တော့ပေ။
မြင်းနက်ကြီးကတော့ မျက်တောင်တစ်ချက် ခတ်လိုက်၏။ သခင်ကြီးမှာ တကယ့်ကို သခင်ကြီးပင်။ ဤမျှ အစွမ်းထက်လှသော နတ်ဘုရားစွမ်းရည်များမှာ စစ်မှန်သောနတ်ဘုရားနယ်ပယ်ကိုပင် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
“မိန်းကလေးငယ်... မင်း ထွက်လာလို့ ရပါပြီ...”
ရီယွင်က ရုတ်တရက် ရှေ့သို့ ညွှန်ပြလိုက်၏။ လူတိုင်းကို အံ့အားသင့်စေသည်မှာ အစိမ်းရောင် ဝတ်စုံဝတ်ထားသော မိန်းကလေးငယ်တစ်ဦးမှာ မြေမှုန့်များအကြားမှနေ၍ တွားသွားလျက် ထွက်ပေါ်လာခြင်းပင်။
စုဝမ်ယီမှာ အံ့ဩတကြီး ကြည့်လိုက်မိ၏။
‘ဒါ... ဒါ ချန်လုတျဲ မဟုတ်လား...’
ဘိုးဘေးကြီးက သူ၏ အသက်ကို ချမ်းသာပေးခဲ့လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
ချန်လုတျဲသည် မြေပြင်ပေါ်ကနေ ထွက်လာခဲ့ပြီး သူ၏ မျက်နှာပေါ်တွင် မြေမှုန့်များ ပေကျံနေခဲ့၏။ သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ချက်ချင်းပင် မှင်တက်မိသွားခဲ့ရသည်။
“ငါ... ငါ ဘယ်ရောက်နေတာလဲ... ငွေလမင်းမြို့တော်ကြီးက ဘယ်ပျောက်သွားတာလဲ...”
သူက ဝေခွဲမရစွာနှင့် ရေရွတ်နေမိ၏။
ထို့နောက် သူသည် အနက်ရောင်ရထားလုံးနှင့်အတူ ၎င်းဘေးတွင် ရပ်နေသော တောက်ပသည့် ရွှေရောင်ဝတ်စုံဝတ်ထားသော စုဝမ်ယီကို တွေ့ရှိလိုက်သည်။
“အစ်မစု... အစ်မ အသက်ရှင်နေတာပဲ... တကယ်ကို ဝမ်းသာလိုက်တာ... အီး...”
ချန်လုတျဲက အော်ဟစ်လိုက်ရင်း ပြေးလာကာ စုဝမ်ယီကို ဖက်လျက် ငိုချလိုက်တော့သည်။
ထိုအခိုက်အတန့်တွင် စုဝမ်ယီမှာလည်း ရယ်ရမလို ငိုရမလို ဖြစ်နေခဲ့၏။ ဤမိန်းကလေးမှာ ကြောက်လန့်လွန်းသဖြင့် စိတ်လွတ်နေပြီဟု သူ ခံစားလိုက်ရသည်။ သူက ချန်လုတျဲ၏ ကျောကို အသာအယာ ပွတ်ပေးရင်း နှစ်သိမ့်စကားများ ပြောနေခဲ့၏။
ရီယွင်မှာတော့ ရထားလုံးပေါ်တွင် ရပ်နေဆဲဖြစ်ပြီး အစိမ်းရောင်ဝတ်စုံဝတ်ထားသော ဤမိန်းကလေးငယ်ကို ပြုံးလျက် ကြည့်နေခဲ့သည်။ ဤမိန်းကလေးငယ်တွင် ရင်းနှီးသော အမှတ်အသားတစ်ခုကို သူ မြင်တွေ့ခဲ့ရသဖြင့် တမင်သက်သက် ချန်ထားခဲ့ခြင်း ဖြစ်၏။
“အစ်မစု... ကျွန်မ ခုနက စိတ်လှုပ်ရှားသွားလို့ အားနာလိုက်တာ...”
သူ၏ ခံစားချက်များကို ထုတ်ဖော်ပြီးနောက် ချန်လုတျဲမှာ စုဝမ်ယီ၏ အဖက်ခံထားရမှုမှ ပြန်ခွာလိုက်ပြီး ပန်းသီးနီရောင် ပါးပြင်လေးများမှာ နီမြန်းနေခဲ့၏။
“ရပါတယ်... ကိစ္စမရှိပါဘူး...”
စုဝမ်ယီက ပြုံးလျက် ခေါင်းခါပြလိုက်၏။
“အစ်မစု... ခုနက ဘာတွေ ဖြစ်သွားတာလဲ... ငွေလမင်းမြို့တော်ကြီးက ဘယ်ပျောက်သွားတာလဲဟင်...”
ချန်လုတျဲက အံ့သြကြီးစွာဖြင့် မေးမြန်းလိုက်၏။
စုဝမ်ယီ၏ အမူအရာမှာ အနည်းငယ် တုံ့ဆိုင်းသွားခဲ့ပြီး သူသည် ဘိုးဘေးကြီးဘက်သို့ လှမ်းကြည့်လိုက်သည်။ ဘိုးဘေးကြီးက ကြည်လင်သော လေတစ်ချက် ရှူထုတ်လိုက်ရုံနှင့် ငွေလမင်းမြို့တော်ကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်သည့် ကိစ္စမှာ အလွန်ပင် ကြီးကျယ်လှသဖြင့် သူ အလွယ်တကူ မပြောဝံ့ပေ။
ရီယွင်က ရယ်မောလိုက်၏။
“မိန်းကလေးငယ်... ဒီကိစ္စကို မင်းစိတ်ထဲမှာပဲ သိထားတာ အကောင်းဆုံးပါ... ထပ်ပြီးတော့လည်း မမေးနဲ့တော့...”
“ဟုတ်ကဲ့ပါ...”
ချန်လုတျဲက တစ်စုံတစ်ခုကို နားလည်သွားသကဲ့သို့ ခေါင်းညိတ်ပြလိုက်၏။
ထို့နောက် ရီယွင်က မေးမြန်းလိုက်သည်။
“မင်းရဲ့ မိသားစုမှာ ချန်ယွိချွန်း ဆိုတဲ့ ဘိုးဘေးတစ်ယောက် ရှိလား...”
ချန်လုတျဲ၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့ပြီး သူ ချက်ချင်းပင် မှင်တက်မိသွားခဲ့ရ၏။ ချန်မိသားစုတွင် ဘိုးဘေးအုတ်ဂူနှင့် အမှတ်တံဆိပ်များ ရှိပေသည်။ သူသည် ငယ်စဉ်ကတည်းက နှစ်စဉ်နှစ်တိုင်း ထိုနေရာသို့ သွားရောက်ကာ သူ၏ ဘိုးဘေးများကို အမွှေးတိုင် ထွန်းညှိပူဇော်ခဲ့ရ၏။ ထို့ပြင် အစဉ်လိုက်အရ ပထမဆုံးနေရာမှာ ရှိနေသူမှာ ဤ ဘိုးဘေး ချန်ယွိချွန်းပင် ဖြစ်ပေသည်။
“အစ်ကိုကြီး... ကျွန်မရဲ့ ဘိုးဘေးနာမည်ကို အစ်ကိုကြီးက ဘယ်… ဘယ်လိုလုပ်ပြီး သိနေရတာလဲ...”
ချန်လုတျဲမှာ စကားပင် ထစ်နေခဲ့၏။
ဤသည်ကို ကြားလိုက်ရသည့်အခါ ကြောင်နက်ကြီးက လူးလှိမ့်လိုက်ရင်း မကျေမနပ်နှင့် ပြောလိုက်သည်။
“ရိုင်းလိုက်တဲ့ ကလေးမ... သခင်ကြီးကိုတောင် ‘အစ်ကိုကြီး’ လို့ ဘယ်လို ပါးစပ်မျိုးနဲ့ ခေါ်ရဲတာလဲ... မင်းက မင်းရဲ့ အစ်မစုကို မျက်နှာပျက်အောင် လုပ်နေတာလား...”
“အား...”
စကားပြောနေသော ကြောင်နက်ကြီးကို မြင်လိုက်ရသည့်အခါ ချန်လုတျဲမှာ လန့်အော်လိုက်မိ၏။
“ဒါ... ဒါဆို... ကျွန်မ သူ့ကို ဘယ်လို ခေါ်ရမလဲ အစ်မစု...”
ချန်လုတျဲက စုဝမ်ယီထံသို့ အကူအညီတောင်းသော အကြည့်များနှင့် ကြည့်လိုက်လေသည်။
စုဝမ်ယီ စကားမပြောမီမှာပင် ရီယွင်က အသာအယာ ပြုံးလိုက်၏။
“ငါ့ကို သခင်ကြီး လို့ပဲ ခေါ်ပါ... ဘယ်လိုပဲဖြစ်ဖြစ် မင်းက ငါ့ဂိုဏ်းက မဟုတ်ဘူးလေ...”
ချန်လုတျဲမှာ ချက်ချင်းပင် နားလည်သွားခဲ့ပြီး ရိုသေစွာဖြင့် ဦးညွှတ်လိုက်၏။
“သခင်ကြီးကို ဂါရဝပြုပါတယ်...”
“တက်... ရထားလုံးပေါ်မှာ ထိုင်ရင်း ရှေ့ကနေ လမ်းပြပေး... ငါ မင်းတို့အိမ်ကို သွားပြီးတော့ တစ်ချက်လောက် ကြည့်ချင်လို့...”
ရီယွင်က ပြောလိုက်ပြီးနောက် ရထားလုံးအတွင်းသို့ ဝင်သွားလေတော့သည်။
“ကျွန်မတို့အိမ်ကို သွားမလို့ ဟုတ်လား...”
ချန်လုတျဲမှာ ခေတ္တမျှ ကြောင်အသွားခဲ့၏။ သို့သော်လည်း သူ ချက်ချင်းပင် သတိပြန်ဝင်လာခဲ့သည်။ ဤ ဝတ်စုံဖြူနှင့် သခင်ကြီးမှာ သာမန်လူတစ်ယောက် မဟုတ်သည်ကို သူ သိရှိထားပေသည်။
သူသည် ရထားလုံးပေါ်သို့ အလျင်အမြန် ခုန်တက်ကာ ထိုင်လိုက်၏။ စုဝမ်ယီမှာလည်း တစ်ဖက်တွင် ထိုင်လိုက်လေသည်။
ချန်လုတျဲက လမ်းကြောင်းတစ်ခုကို ညွှန်ပြလိုက်ပြီး သူ၏ မျက်နှာလေးမှာ နီမြန်းလျက် အပြစ်ရှိသကဲ့သို့ ပြောလိုက်၏။
“အစ်မစု... ကျွန်မတို့အိမ်က အဲ့ဒီဘက်မှာပါ... နည်းနည်းတော့ ဝေးတယ်ရှင့်...”
“ဘယ်လောက်တောင် ဝေးလို့လဲ...”
စုဝမ်ယီက တိုးညင်းစွာ ရယ်မောလျက် မေးလိုက်၏။
“မိုင်ပေါင်း... နှစ်သောင်းကျော်လောက်ပါ...”
ဤသို့ ပြောပြီးနောက် ချန်လုတျဲမှာ ရှက်ကိုးရှက်ကန်းနှင့် ခေါင်းငုံ့ထားလိုက်တော့သည်။
“ညီမလေး လုတျဲ... ညီမလေးက မိသားစုသုံးခုသိုင်းပြိုင်ပွဲအတွက် ငွေလမင်းမြို့တော်ကို အဲ့ဒီလောက် ဝေးဝေးကြီးကနေ လာခဲ့တာလား...”
စုဝမ်ယီက အံ့ဩတကြီး မေးလိုက်မိ၏။ မိုင်ပေါင်း နှစ်သောင်းကျော်ဆိုသည်မှာ မပြောပလောက်သည့် အကွာအဝေး မဟုတ်ပေ။ မူလပင်လယ်နယ်ပယ် အဆင့် ၂ သာ ရှိသေးသော ဤမိန်းကလေးငယ်သည် ငွေလမင်းမြို့တော်သို့ မိုင်ပေါင်း နှစ်သောင်းကျော်ခရီးကို တစ်ဦးတည်း လာခဲ့ခြင်း ဖြစ်ပေသည်။ ဤခရီးအတွင်းမှာ သူ ရင်ဆိုင်ခဲ့ရသော အခက်အခဲများမှာ အမှန်တကယ်ပင် ကြီးမားလှပေလိမ့်မည်။
အခန်း ၆၃ ပြီးပါပြီ။