အခန်း (၆၄-၆၆)
Vol. 5 Ch. 64-66
အခန်း ၆၄ - လေတစ်ချက်လည်ခြင်း၏ စွမ်းပကား
“အစ်မစု... ကျွန်မမှာ တကယ်ကို တခြားရွေးချယ်စရာ မရှိလို့ပါ...”
“ကျွန်မတို့ ချန်မိသားစုက ဝေးလံခေါင်ဖျားတဲ့ ဒေသမှာ နေထိုင်တာဆိုတော့ မိသားစုရဲ့ အရင်းအမြစ်တွေက အကန့်အသတ် ရှိတယ်လေ... ကျွန်မတို့က ကျွန်မရဲ့ အစ်ကိုတစ်ယောက်ကိုပဲ ကျင့်ကြံဖို့ ထောက်ပံ့ပေးနိုင်တာ... မိသားစုသုံးခုသိုင်းပြိုင်ပွဲက ကျွန်မ အောင်မြင်ဖို့အတွက် တစ်ခုတည်းသော အခွင့်အရေး ဖြစ်ခဲ့လို့ လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက စတင်ပြီး ထွက်လာခဲ့တာပါ...”
ချန်လုတျဲသည် ညင်သာစွာ သက်ပြင်းချရင်း သူ၏ မျက်ဝန်းလေးများမှာ အနည်းငယ် နီမြန်းလာခဲ့၏။
“ညီမလေးအတွက် တကယ်ကို ခက်ခဲခဲ့မှာပဲ...”
စုဝမ်ယီသည်လည်း အလွန်ပင် စာနာမိသဖြင့် သက်ပြင်းချလိုက်မိသည်။ သူသည်လည်း ငယ်စဉ်ကတည်းက သူ၏ဆရာနှင့်အတူ ဆင်းရဲဒုက္ခများစွာကို ကြုံတွေ့ခဲ့ရသူဖြစ်ပြီး ကျင့်ကြံခြင်း အရင်းအမြစ်များ ရှားပါးလှသော ဘဝထဲတွင် လှည့်လည်သွားလာရင်း ရုန်းကန်ခဲ့ရသဖြင့် ချန်လုတျဲကို သူ ကောင်းစွာ နားလည်ပေးနိုင်၏။
ချန်လုတျဲသည် ငယ်ရွယ်သေးသော်လည်း အလွန်ပင် အသိဉာဏ် ရှိလှပေသည်။ မိသားစု၏ ကျင့်ကြံခြင်း အရင်းအမြစ်များကို အသုံးမပြုလိုသဖြင့် မိုင်ပေါင်း ထောင်ချီဝေးသော ငွေလမင်းမြို့တော်သို့ တစ်ဦးတည်း လာရောက်ခဲ့ခြင်းဖြစ်ပြီး မိသားစုသုံးခုသိုင်းပြိုင်ပွဲမှတစ်ဆင့် ပထမတန်းစားဂိုဏ်းတစ်ခုသို့ ဝင်ရောက်နိုင်ရန် မျှော်လင့်ခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း မမျှော်လင့်ဘဲ ငွေလမင်းမြို့တော်တွင် ဘေးအန္တရာယ်တစ်ခု ကျရောက်ခဲ့သဖြင့် ဤမိန်းကလေးငယ်၏ အိပ်မက်များမှာ ပျက်စီးသွားခဲ့ရချေပြီ။
သို့သော်လည်း ဘိုးဘေးကြီးသည် ချန်မိသားစု၏ ဘိုးဘေးတစ်ဦးနှင့် ရှေးဟောင်းပတ်သက်မှု ရှိနေပုံရပေသည်။ ယခု သူ ထိုနေရာသို့ အလျင်အမြန် သွားနေခြင်းဖြစ်ရာ ဖြစ်နိုင်သည်မှာ ချန်မိသားစု၏ အကျပ်အတည်းမှာ မကြာမီ ပြေလည်သွားနိုင်ပေလိမ့်မည်။ စုဝမ်ယီ၏ စိတ်ထဲတွင် ထိုသို့သော အတွေးများ ဖြတ်ပြေးသွားခဲ့၏။
“ဝါး... ဒီရထားလုံးက တကယ်ကို မြန်တာပဲ...”
မြင်းနက်ကြီးက တမင်သက်သက် အရှိန်လျှော့မောင်းနေခြင်း ဖြစ်သော်လည်း ၎င်းမှာ မယုံနိုင်လောက်အောင် မြန်ဆန်နေဆဲဖြစ်ရာ ပတ်ဝန်းကျင်ရှိ ရှုခင်းများမှာ ဝေဝါးနေခဲ့သည်။ ချန်လုတျဲမှာ အံ့ဩတကြီးနှင့် အော်ဟစ်လိုက်မိ၏။ ဤ သာမန်ပုံစံမြင်နေရသော မြင်းနက်ကြီးမှာ အမှန်တကယ်ပင် ထူးခြားလှပေသည်။ သူ ပြေးလွှားသည့်အခါ ရှန်ဖုန်းမင်းဆက်၏ နာမည်ကျော် နဂါးမြင်းများကဲ့သို့ပင် မြန်ဆန်လှ၏။ မြင်းနက်ကြီး၏ မယုံနိုင်လောက်သော အရှိန်အဟုန်များကြားတွင်ပင် ရထားလုံးမှာမူ အလွန်ပင် တည်ငြိမ်နေခဲ့သည်။
စုဝမ်ယီသည် သူ၏ မျက်လုံးများကို အနည်းငယ် မှိတ်ထားရင်း သူ၏ စိတ်ကို အာရုံစုစည်းထားလိုက်၏။ သူသည် နဂါးနတ်ဘုရားဂိုဏ်း၏ ထူးခြားသော ကျင့်စဉ်ကို လှည့်ပတ်လိုက်ရင်း သူ အသစ်ရရှိထားသော မူလပင်လယ်နယ်ပယ် အဆင့် ၃ ကို တည်ငြိမ်အောင် ပြုလုပ်နေခြင်း ဖြစ်သည်။
မိန်းကလေးငယ်အား ထိတ်လန့်မသွားစေရန် ရီယွင်က မြင်းနက်ကြီးအား အရှိန်လျှော့ရန် အထူးမှာကြားထားခဲ့ခြင်း ဖြစ်၏။ ထိုသို့ဆိုလျှင်ပင် မြင်းနက်ကြီးသည် မိုင်ပေါင်း နှစ်သောင်းခရီးကို သုံးရက်တည်းနှင့် ရောက်ရှိအောင် သွားနိုင်ခဲ့သည်။
“တအားမြန်တာပဲ... သုံးရက်တည်းနဲ့ ရောက်သွားတာလား...”
ရင်းနှီးလှသော ရွှမ်းယန်ခရိုင်ကို လှမ်းကြည့်ရင်း ချန်လုတျဲ၏ ပန်းသီးပုံစံ ပါးဖောင်းဖောင်းလေးနှင့် မျက်နှာပေါ်တွင် အလွန်ပင် မှင်တက်မိနေသော အမူအရာတစ်ခု ပေါ်လာခဲ့၏။ သူ၏ မူလခရီးစဉ်မှာမူ လပေါင်းများစွာ ကြာမြင့်ခဲ့ရသည်။
ရထားလုံးအတွင်း၌ မျက်လုံးမှိတ်၍ အနားယူနေသော ရီယွင်မှာ ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်၏။ သူသည် ရွှမ်းယန်ခရိုင်ဘက်သို့ လှမ်းကြည့်လိုက်ရင်း သူ၏ အမူအရာမှာ စဉ်းစားနေပုံ ရပေသည်။
ရွှမ်းယန်ခရိုင်သည် ရှန်ဖုန်းမင်းဆက်၏ နယ်စပ်က သေးငယ်သော နယ်မြေတစ်ခု ဖြစ်ပေသည်။ ချန်မိသားစု၏ ဩဇာအာဏာမှာ ရွှမ်းယန်ခရိုင်အတွင်း၌ ထင်ရှားခြင်း မရှိဘဲ သူတို့သည် ဒုတိယတန်းစား မိသားစုအဆင့်သာ ရှိကြ၏။
ထိုအခိုက်အတန့်တွင် အနက်ရောင် ရထားလုံးသည် တရွေ့ရွေ့ ချဉ်းကပ်လာခဲ့ပြီး ချန်အိမ်တော်၏ ရှေ့တွင် ရပ်တန့်လိုက်လေသည်။
“ဟားဟား... ကျွန်မတို့ အိမ်ရောက်ပြီ...”
ချန်လုတျဲသည် ရထားလုံးပေါ်မှ ခုန်ဆင်းလိုက်ပြီး နီရဲသော တံခါးကြီးဆီသို့ ပြေးသွားကာ သံတံခါးခေါက်ကို နှစ်ချက်မျှ အသာအယာ ခေါက်လိုက်၏။
“ထူးဆန်းလိုက်တာ... တံခါးက ဘာလို့ ပိတ်နေရတာလဲ...”
ချန်လုတျဲမှာ သူ၏ မျက်လုံးများကို ဟိုကြည့်ဒီကြည့် လုပ်ရင်း ဝေခွဲမရ ဖြစ်နေခဲ့သည်။ ပုံမှန်အားဖြင့် သူ၏ မိသားစု ပင်မတံခါးကြီးမှာ ပွင့်နေလေ့ရှိပြီး တံခါးဝတွင် ကင်းစောင့်များ ရှိနေတတ်၏။
ခေတ္တမျှ ကြာပြီးနောက် အတွင်းဘက်မှ ခြေသံများ ချဉ်းကပ်လာသည်ကို ကြားလိုက်ရပြီး တံခါးမှာ တကျိကျိ အသံနှင့်အတူ ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။ ဝတ်စုံနက် ဝတ်ဆင်ထားပြီး ဦးထုပ်လေး ဆောင်းထားသော အဘိုးအိုတစ်ဦး ထွက်ပေါ်လာ၏။
“ဪ... သခင်မလေး ပြန်ရောက်လာပြီပဲ...”
တံခါးကို အနည်းငယ် ဟလိုက်ပြီး ကြည့်လိုက်ကာ လာရောက်သူကို မှတ်မိသွားသည့်အခါ အဘိုးအိုက ကြိုးစား၍ ပြုံးလိုက်ရင်း တံခါးကို အပြည့်အဝ ဖွင့်ပေးလိုက်သည်။
“ဦးလေးကျောက်... အိမ်မှာ တစ်ခုခု ဖြစ်နေလို့လား...”
အဘိုးအို၏ ဝမ်းနည်းနေသော အမူအရာနှင့် ခြောက်ကပ်နေသော ရင်ပြင်ကို ကြည့်ရင်း ချန်လုတျဲမှာ မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရ၏။
“သခင်မလေး... ဒီကိစ္စကို သခင်ကြီးနဲ့ပဲ ပြောတာ ပိုကောင်းပါလိမ့်မယ်...”
အဘိုးအိုက သက်ပြင်းချလိုက်သည်။ သူ မော့ကြည့်လိုက်သည့်အခါ အပြင်ဘက်တွင် ရပ်ထားသော အနက်ရောင် ရထားလုံးနှင့် ၎င်းပေါ်တွင် ထိုင်နေသော ရွှေရောင်ဝတ်စုံနှင့် လှပသည့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရ၏။
“သခင်မလေး... ဒါက သခင်မလေးရဲ့ သူငယ်ချင်းလား...”
ဦးလေးကျောက်က မမေးဘဲ မနေနိုင် ဖြစ်သွားခဲ့သည်။
ချန်လုတျဲက ပြုံးလျက် အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
“ဦးလေးကျောက်... သူက ကျွန်မရဲ့ အစ်မစုပါ...”
ထိုစဉ် ရထားလုံးတံခါး ပွင့်သွားပြီး ရီယွင်သည် ရထားလုံးအတွင်းမှ ထွက်လာ၏။
ဘိုးဘေးကြီး ထွက်လာသည်ကို မြင်လိုက်ရသည့်အခါ စုဝမ်ယီ၏ နှလုံးခုန်သံမှာ မြန်ဆန်သွားခဲ့ရ၏။ သူသည်လည်း ရထားလုံးပေါ်မှ အလျင်အမြန် ဆင်းလိုက်ပြီး ဘိုးဘေးကြီး၏ နောက်တွင် ရိုသေစွာ ရပ်နေလိုက်တော့သည်။
ရီယွင်သည် သူ၏လက်များကို နောက်ပစ်လျက် ရပ်နေ၏။ အိမ်တော်တံခါးဝ၏ အထက်က ဆိုင်းဘုတ်ကို ကြည့်ရင်း သူသည် ခေတ္တမျှ ငေးငိုင်သွား၏။
“သခင်ကြီး... ကျွန်မနဲ့အတူ အထဲကို ကြွပါရှင်...”
ချန်လုတျဲက ရှေ့သို့ တက်လှမ်းလိုက်ပြီး ရိုသေစွာ ပြောလိုက်၏။
ရီယွင်က ခေါင်းညိတ်ပြလိုက်သည်။
ချန်လုတျဲက ရှေ့မှ လမ်းပြသွားပြီး ရီယွင်ကမူ သူ၏လက်များကို နောက်ပစ်လျက် နောက်မှ လိုက်ပါသွားခဲ့၏။ စုဝမ်ယီသည်လည်း ဘိုးဘေးကြီး၏ နောက်ကနေ ကပ်၍ လိုက်ပါသွားခဲ့သည်။
ကြောင်လေးကတော့ ရထားလုံးအမိုးပေါ်မှာ ကားကားလျားလျား လဲလျောင်းနေဆဲပင်။
“ဦးလေးမြင်း... ဒီ ချန်မိသားစု အိမ်တော်က အငွေ့အသက်တွေက တစ်မျိုးကြီးပဲနော်... လူတစ်ယောက်ယောက် သေသွားသလိုပဲ...”
ကြောင်လေးက ချန်အိမ်တော်ကို မော့ကြည့်ရင်း တိုးတိုးလေး မှတ်ချက်ချလိုက်၏။
“အဓိပ္ပာယ်မရှိတာတွေ...”
မြင်းနက်ကြီးက သူ၏ခေါင်းကို လှည့်လိုက်ပြီး မကျေမနပ်နှင့် တုံ့ပြန်လိုက်သည်။
“ဘူး...”
သူ၏ တင်ပါးမှာ အနည်းငယ်တုန်ခါသွားပြီး ရုတ်တရက် လေလည်ထုတ်လိုက်ရာ ဤပြင်းထန်လှသော လေလှိုင်းက ကြောင်လေးကို လွှမ်းခြုံသွားခဲ့ပြီး ဧရာမ တောင်ကြီးတစ်လုံးပမာ ဖိနှိပ်လိုက်သဖြင့် ကြောင်လေးခမျာ ကိုယ်တွင်းအင်္ဂါများပင် လုံးထွေးသွားသကဲ့သို့ ခံစားလိုက်ရသည်။
“ဦးလေးမြင်း... သက်ညှာပါဦးဗျာ... အဟင့်...”
ကြောင်လေးမှာ သူ၏ နှာခေါင်းကို ပိတ်လိုက်ပြီး အလျင်အမြန် အသနားခံလိုက်ရတော့သည်။ အမှတ်မထင် ပြောလိုက်သော စကားတစ်ခွန်းက ဦးလေးမြင်းထံမှ ဤမျှအထိ ပြင်းထန်သော အပြစ်ပေးခြင်းကို ခံရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ဤတုံ့ပြန်မှုမှာ နံစော်နေရုံတင်မကဘဲ ကြီးမားသော ဖိအားများကိုလည်း ဖြစ်ပေါ်စေခဲ့သည်။
“ကြောင်လေး... နောက်ကို မင်းရဲ့ ပါးစပ်ကို သေချာ ထိန်းစမ်း... သခင်ကြီး ကိုယ်တိုင်တောင် အထဲကို ဝင်သွားတာပဲ... ဒီနေရာက သာမန်နေရာ ဖြစ်နိုင်ပါ့မလား...”
မြင်းနက်ကြီးက မကျေမနပ်နှင့် ပြောလိုက်ပြီး သူ၏ အမြီးကို တစ်ချက်ခါလိုက်သည့်အခါ လေပုပ်လှိုင်းမှာ ခဏချင်းမှာပင် ပျောက်ကွယ်သွားတော့သည်။
“ဦးလေးမြင်း ပြောတာ သိပ်မှန်ပါတယ်...”
ကြောင်လေးမှာ တကယ်ပင် ထိတ်လန့်သွားခဲ့ရပြီး အကြိမ်ကြိမ် ခေါင်းညိတ်ပြလျက် သက်ပြင်းပူတစ်ချက်ကို မှုတ်ထုတ်လိုက်မိ၏။ ဦးလေးမြင်း၏ တစ်ချက်လေလည်ခြင်းမှာ ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု ကြောင်လေး တကယ်ပင် မထင်ထားခဲ့ပေ။ သူ၏ သေးငယ်သော ခန္ဓာကိုယ်မှာမူ ဤသည်ကို တောင့်ခံနိုင်စွမ်း မရှိပေ။
‘တကယ်ကို ကြောက်ဖို့ကောင်းတာပဲ...’
ချန်လုတျဲသည် ရီယွင်အား အိမ်တော်အတွင်းမှတစ်ဆင့် ပင်မခန်းမဆောင်ဆီသို့ ခေါ်ဆောင်လာခဲ့၏။ သူ အထဲသို့ ဝင်လိုက်သည်နှင့် သူ၏ဖခင်မှာ ကုလားထိုင်ပေါ်တွင် ပုံလျက်သားကျနေပြီး မျက်နှာမှာ ဖြူဖျော့လျက် ကျန်းမာရေး အလွန်ပင် ဆိုးရွားနေသည်ကို တွေ့လိုက်ရသည်။ ကြည့်ရသည်မှာ လွန်စွာအားနည်းနေပုံ ရ၏။
“အဖေ... ဘာဖြစ်လို့လဲဟင်...”
ချန်လုတျဲက ရှေ့သို့ ပြေးသွားပြီး သူ၏ဖခင်အား အလျင်အမြန် တွဲပေးလိုက်၏။
“လုတျဲလေး... မင်း အခုပဲ ပြန်ရောက်တာလား... မိသားစုသုံးခုသိုင်းပြိုင်ပွဲက ပြီးသွားပြီလား... အဟွတ်... အဟွတ်...”
ချန်ဖုန်းက အနည်းငယ် ချောင်းဆိုးလိုက်ရင်း ပြန်လည်မေးမြန်းလိုက်သည်။
“အဖေ... သမီး ပြိုင်ပွဲမှာ အဆင့်မရခဲ့ဘူး...”
ချန်လုတျဲက ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လျက် ပြောလိုက်၏။
ချန်ဖုန်းမှာ ဝမ်းနည်းနေပုံရသော်လည်း အတင်းအကျပ် ပြုံးလိုက်ရင်း နှစ်သိမ့်လိုက်သည်။
“ရပါတယ်... မင်းက ငယ်ပါသေးတယ်...”
ထို့နောက် သူ၏ အကြည့်မှာ အနားမှာ ရပ်နေသော ရီယွင်နှင့် စုဝမ်ယီတို့ထံသို့ ရောက်ရှိသွားခဲ့သည်။ သူ၏ မျက်ဝန်းအတွင်း၌ အံ့ဩရိပ်အချို့ ဖြတ်ပြေးသွားခဲ့၏။ ဝတ်စုံဖြူနှင့် လူငယ်မှာ အပြစ်ပြောစရာမရှိအောင် သန့်ရှင်းစင်ကြယ်နေပြီး ပန်းချီကားထဲက ထွက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ပင် ထူးခြားသောအရှိန်အဝါများကို ထုတ်လွှတ်နေခဲ့သည်။ အခြား အမျိုးသမီးငယ်မှာမူ အသက် တစ်ဆယ့်ရှစ် သို့မဟုတ် တစ်ဆယ့်ကိုး နှစ်ခန့်သာ ရှိသေးပြီး အလွန်ပင် လှပလှ၏။ သူသည် တောက်ပသော ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ ကျောတွင် သိသာထင်ရှားလှသော သွေးနီရောင် ဓားရှည်တစ်လက်ကို လွယ်ထားပေသည်။ ကျောက်စိမ်းကဲ့သို့ ကျော့ရှင်းလှသော ဤနှစ်ဦးကို မြင်လိုက်ရသည့်အခါ ချန်ဖုန်းမှာ သူတို့သည် သာမန်လူများ မဟုတ်သည်ကို ချက်ချင်းပင် သိလိုက်၏။
“အဖေ... သမီးရဲ့ အစ်ကိုကြီးရော ဘယ်မှာလဲ...”
ချန်လုတျဲက ဘေးမှနေ၍ မေးမြန်းလိုက်သည်။
“သူ အနောက်ဘက်မှာ အနားယူနေတယ်...”
ချန်ဖုန်းက နောက်တစ်ကြိမ် ချောင်းဆိုးလိုက်ရင်း သူ၏သမီးကို အမှန်အတိုင်း မပြောပြခဲ့ပေ။
ချန်လုတျဲမှာမူ ငယ်ရွယ်ပြီး ရိုးသားလှသဖြင့် ဤကိစ္စကို အထွေအထူး မတွေးတောမိပေ။ သူသည် ချန်ဖုန်း၏ နားနားသို့ တိုးသွားပြီး တိုးတိုးလေး ပြောလိုက်၏။
“အဖေ... သမီး ဒီသခင်ကြီးကို အရင်ဆုံး ဘိုးဘေးခန်းမဆီ ခေါ်သွားလိုက်ဦးမယ်... သူက ကျွန်မတို့ရဲ့ ဘိုးဘေးတစ်ယောက်ကို သိတယ်လို့ ပြောလို့ပါ...”
“ဪ... ကောင်းပါပြီ... ကောင်းပါပြီ...”
ချန်ဖုန်းမှာ အနည်းငယ် အံ့ဩသွားသော်လည်း အထွေအထူး မစဉ်းစားဘဲ ချက်ချင်းပင် သဘောတူလိုက်၏။ သူ၏ ကျင့်ကြံမှုအဆင့်မှာ မမြင့်မားလှဘဲ မူလပင်လယ်နယ်ပယ် အဆင့် ၁၀ သာ ရှိသေးသော်လည်း သူ၏ အတွေ့အကြုံရှိသော မျက်လုံးများက ဝတ်စုံဖြူနှင့် ဤလူငယ်မှာ သာမန်လူမဟုတ်သည်ကို သိမြင်ထားပေသည်။ ဖြစ်နိုင်သည်မှာ သူသည် အနှိုင်းမဲ့ သန်မာသူတစ်ဦး ဖြစ်နိုင်ပေ၏။ ထိုအကြောင်းကြောင့်ပင် ချန်ဖုန်းက မဆိုင်းမတွ သဘောတူလိုက်ခြင်း ဖြစ်သည်။
ချန်လုတျဲမှာ အလွန်ပင် ဝမ်းသာသွားခဲ့ပြီး ရီယွင်၏ အနားသို့ လျှောက်သွားကာ ရိုသေစွာ ပြောလိုက်၏။
“သခင်ကြီး... ကျွန်မ လမ်းပြပေးပါ့မယ်...”
“ငါ့ဘာသာပဲ သွားလိုက်မယ်...”
ရီယွင်က အသာအယာ ခေါင်းခါပြလိုက်၏။ သူ၏ အကြည့်မှာ စုဝမ်ယီထံသို့ ရောက်ရှိသွားရင်း သူ့ကိုလည်း နေခဲ့ရန် မှာကြားလိုက်သည်။
“မင်းလည်း ဒီမှာပဲ နေခဲ့...”
“ဟုတ်ကဲ့ပါ ဘိုးဘေးကြီး...”
စုဝမ်ယီက အလိုက်တသိပင် ရိုသေစွာဖြင့် ချက်ချင်း ပြန်လည်ဖြေကြားလိုက်သည်။
‘ဘိုးဘေးကြီးတဲ့လား...’
ဝတ်စုံဖြူနှင့် ဤလူငယ်မှာ ဤ အလွန်လှပသော အမျိုးသမီး၏ ဘိုးဘေးကြီး ဖြစ်နေသည်ကို ချန်ဖုန်း သိလိုက်ရသည့်အခါ သူသည် ပို၍ပင် မှင်တက်မိသွားခဲ့ရ၏။ ဤလူ၏ စစ်မှန်သော အသက်မှာ အမှန်တကယ်ပင် ကြီးမားလှပေလိမ့်မည်။
အမှန်တော့ ဤအချက်မှာ ထူးဆန်းသည်တော့ မဟုတ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသူက သူတို့ မိသားစု၏ ဘိုးဘေးတစ်ယောက်ကို သိနေပေသည်။
ရီယွင်သည် လက်များကို နောက်ပစ်လျက် တစ်ဦးတည်း ထွက်ခွာသွားခဲ့ပြီး နောက်ဘက်ရင်ပြင်က ဘိုးဘေးခန်းမဆီသို့ တည့်တည့် ဦးတည်သွားတော့သည်။
ချန်လုတျဲက ပြုံးလိုက်ပြီး စုဝမ်ယီအတွက် လက်ဖက်ရည်ပူတစ်ခွက် ငှဲ့ပေးရန် ပြင်ဆင်လိုက်စဉ်မှာပင် ရုတ်တရက် အစွမ်းထက်လှသော မဟာနဂါးနတ်ဘုရား အရှိန်အဝါများစွာမှာ ကောင်းကင်ယံမှနေ၍ ကျဆင်းလာခဲ့၏။
“ချန်ဖုန်း... သုံးရက်ဆိုတဲ့ အချိန်က ကုန်သွားပြီနော်... တကယ်လို့ မင်းသာ ချန်မိသားစုရဲ့ အစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ ကျင့်စဉ်ကို မပေးဘူးဆိုရင်တော့... ငါ ဒီနေ့ မင်းတို့ တစ်မျိုးနွယ်လုံးကို အမြစ်ပြတ် သုတ်သင်ပစ်မယ်...”
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသော ဒေါသတကြီး ဟိန်းဟောက်သံတစ်ခုမှာ ချန်အိမ်တော်တစ်ခုလုံးတွင် ရုတ်တရက် ပဲ့တင်ထပ်သွားလေတော့သည်။
အခန်း ၆၄ ပြီးပါပြီ။
အခန်း ၆၅ - ကညှာပျိုကိုရော ဓားကိုပါ အလိုရှိခြင်း
ချန်အိမ်တော်၏ နောက်ဖေးရင်ပြင်၌ ဝတ်စုံဖြူနှင့် ပုံရိပ်တစ်ခုသည် တင်းကြပ်စွာ ပိတ်ထားသော တံခါးများကို ဖြတ်သန်းသွားခဲ့ပြီး ဘိုးဘေးခန်းမအတွင်း၌ ဆန်းကြယ်စွာ ပေါ်လာခဲ့၏။
ခန်းမအတွင်း၌ အလင်းရောင်မှာ မှိန်ဖျော့နေ၏။ နီညိုရောင် ဝိညာဉ်အမှတ်တံဆိပ်များမှာ အစီအရီ ရှိနေကြပြီး အချို့မှာ ရှေးဟောင်းအငွေ့အသက်များ ရှိနေကာ အချို့မှာမူ အသစ်စက်စက် ရှိနေကြဆဲ ဖြစ်ပေသည်။
ရီယွင်၏ အကြည့်များမှာ တဖြည်းဖြည်း ရွေ့လျားသွားခဲ့၏။
နောက်ဆုံးတွင် မှောင်မိုက်သော ထောင့်တစ်ခု၌ အလွန်ပင် ရှေးကျသောအငွေ့အသက်များ ရှိနေသည့် ဝိညာဉ်အမှတ်တံဆိပ်တစ်ခုကို သူ တွေ့ရှိလိုက်သည်။
“ဘိုးဘေး ချန်ယွိချွန်း၏ ဝိညာဉ်အမှတ်တံဆိပ်...”
ရီယွင်သည် တိတ်ဆိတ်စွာ လျှောက်သွားလိုက်ပြီး အမွှေးတိုင်တစ်တိုင်ကို ထွန်းညှိလိုက်၏။
“သူငယ်ချင်းဟောင်းကြီး... နှစ်ပေါင်း တစ်သိန်း ကြာပြီးတဲ့နောက်မှာ မင်းကိုတွေ့ဖို့ ချန်မိသားစုဆီ ငါ ရောက်လာနိုင်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး...”
ရီယွင်က တိုးညင်းစွာ ပြောလိုက်ရင်း သူ၏မျက်ဝန်းများမှာ လွမ်းဆွတ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းထက်က...
ရီယွင်သည် အသက် ၁၈ နှစ်အရွယ်၌ပင် နဂါးနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်ရာထူးကို ဆက်ခံခဲ့သည်။ ထိုအချိန်က ချန်ယွိချွန်းမှာ သူ အသက် ၁၅ နှစ်အရွယ်တွင် တွေ့ဆုံခဲ့သော သူငယ်ချင်းကောင်းတစ်ဦး ဖြစ်ပေသည်။
နဂါးနတ်ဘုရားဂိုဏ်းမှ လာသူဖြစ်ပြီး ထူးချွန်သော ပါရမီ၊ ပြိုင်ဘက်ကင်းသော တိုက်ခိုက်ရေးစွမ်းရည်နှင့် လွတ်လပ်ပေါ့ပါးသော အမူအရာများကြောင့် ရီယွင်သည် ချန်းနန်ကုန်းမြေကြီး တစ်ခုလုံးတွင် ကျော်ကြားရုံတင်မကဘဲ ထိုခေတ်အခါက နာမည်ကျော် လူမိုက်ကြီးလည်း ဖြစ်ခဲ့၏။ ချန်ယွိချွန်းမှာမူ သူ၏ နောက်လိုက်များထဲမှ တစ်ဦး ဖြစ်ပေသည်။
ထိုခေတ်အခါက ဤသူမှာ ယွမ်ရန်ခန္ဓာကိုယ်လွှမ်းမိုးခြင်းနတ်ဘုရားကျင့်စဉ်ကို ကျင့်ကြံနေခြင်းဖြစ်ပြီး သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာ အလွန်ပင် သန်မာလှ၏။ သူသည် ထိုစဉ်က ရီယွင်၏ အားအကိုးရဆုံးသော နောက်လိုက်များထဲမှ တစ်ဦး ဖြစ်ခဲ့ပေသည်။
ချန်ယွိချွန်းသည် ရီယွင်နှင့် စတင်တွေ့ဆုံချိန်တွင် ပါရမီရှင်လူငယ်တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပြီး ကံကြမ္မာနယ်ပယ်က သန်မာသူတစ်ဦး ဖြစ်နေခဲ့ပြီ ဖြစ်၏။ နောက်ပိုင်းတွင် ရီယွင်က သူ၏ ယွမ်ရန်ခန္ဓာကိုယ်လွှမ်းမိုးခြင်းကျင့်စဉ်ကို ပိုမိုကောင်းမွန်အောင် ကူညီပေးခဲ့သဖြင့် သူသည် တာအိုနယ်ပယ်သို့ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပေသည်။ သူသည် နောက်ဆုံးတွင် တာအိုနယ်ပယ်မှတစ်ဆင့် ထာဝရနယ်ပယ်သို့ ကျော်ဖြတ်နိုင်ခဲ့ခြင်း ရှိ၊ မရှိကိုမူ ရီယွင် မသိတော့ပေ။
နှစ်ပေါင်း တစ်သိန်းအကျော်တွင် သမုဒ္ဒရာများမှာ လယ်ကွင်းများအဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။
ရှန်ဖုန်းမင်းဆက်၏ ဝေးလံခေါင်ဖျားလှသော ရွှမ်းယန်ခရိုင်မှာ ချန်မိသားစု၏ မျိုးဆက်များနှင့် တွေ့ဆုံရလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ ယခင်က ချန်မိသားစုမှာ ချန်းနန်ကုန်းမြေကြီး၏ အစည်ကားဆုံးသော အလယ်ပိုင်းဒေသတွင် နေထိုင်ခဲ့ကြသည်။
သို့သော်လည်း မိသားစုတစ်ခုအနေနှင့် နှစ်ပေါင်း တစ်သိန်းအထိ တည်တံ့နေသော မျိုးဆက်တစ်ခု ရှိနေခြင်းမှာ တကယ်ပင် အံ့ဩစရာကောင်းလှပေသည်။
ရီယွင်သည် နီညိုရောင် ဝိညာဉ်အမှတ်တံဆိပ်ကို ကြည့်လိုက်ပြီး ၎င်းပေါ်တွင် တင်နေသော ဖုန်မှုန့်များကို အသာအယာ သုတ်ဖယ်ပေးလိုက်၏။
ထိုအခိုက်အတန့်တွင် သူ၏မျက်ဝန်းများထဲ၌ ကြင်နာမှုများဖြင့် ပြည့်နှက်နေလျက် တိုးညင်းစွာ ရေရွတ်လိုက်သည်။
“ညီအစ်ကို... ဒီနေ့ မင်းရဲ့ မျိုးဆက်တွေကို ငါ စောင့်ရှောက်ပေးပါ့မယ်...”
ဤသို့ ပြောပြီးနောက် ရီယွင်မှာ တည်ငြိမ်သော အမူအရာနှင့် ရှိနေခဲ့၏။ သူသည် ဆီးနှင်းကဲ့သို့ ဖြူဖွေးသော ဝတ်စုံကို ဝတ်ဆင်ထားလျက် မှောင်ရိပ်ကျနေသော ထောင့်တစ်ခု၌ တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသော ဟိန်းဟောက်သံကြီးမှာ ချန်အိမ်တော်၏ အထက် ကောင်းကင်ယံမှနေ၍ ရီယွင်၏ နားထဲသို့ ရောက်ရှိလာခဲ့၏။
ရီယွင်က အသာအယာ ပြုံးလိုက်မိသည်။ သူ ရွှမ်းယန်ခရိုင်၏ နယ်စပ်ဒေသသို့ ရောက်ရှိစကတည်းက ချန်အိမ်တော် ရင်ဆိုင်နေရသော အကျပ်အတည်းကို ခံစားမိထားပြီး ဖြစ်ပေသည်။
ချန်မိသားစု၏ အစဉ်အဆက် လက်ဆင့်ကမ်းလာသော ကျင့်စဉ်ဖြစ်သည့် ယွမ်ရန်ခန္ဓာကိုယ်လွှမ်းမိုးခြင်းကျင့်စဉ်မှာ တာအိုနယ်ပယ်သို့ တိုက်ရိုက် ဦးတည်နိုင်သော ပြိုင်ဘက်ကင်း ကျင့်စဉ်တစ်ခု ဖြစ်၏။ သို့သော်လည်း ဤကျင့်စဉ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ရန်အတွက် ယွမ်ရန်ကျောက်တုံး မြောက်မြားစွာ ရှိနေရပေမည်။ သို့သော်လည်း လက်ရှိ ချန်မိသားစု၏ အခြေအနေကို ကြည့်ခြင်းအားဖြင့် သူတို့တွင် ယွမ်ရန်ကျောက်တုံး တစ်တုံးတောင် ထွက်ပေါ်လာခြင်း မရှိပေ။
ဤသည်မှာ ချန်မိသားစု၏ မျိုးဆက်များစွာအတွင်းမှာ ယွမ်ရန်ခန္ဓာကိုယ်လွှမ်းမိုးခြင်းကျင့်စဉ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်သူ တစ်ဦးမှ မရှိခဲ့ကြောင်း ဖော်ပြနေခြင်း ဖြစ်သည်။
သို့ရာတွင် ယခုအခါ မိမိ ရောက်ရှိနေပြီ ဖြစ်ရကား ချန်မိသားစု ရင်ဆိုင်နေရသော အကျပ်အတည်းကို ဖြေရှင်းပေးမည် ဖြစ်သည့်အပြင် သူတို့၏ ကျင့်ကြံခြင်း အရင်းအမြစ်များ ရှားပါးနေသည့် ပြဿနာကိုလည်း ကိုင်တွယ်ဖြေရှင်းပေးရပေမည်။ ဤအရာအားလုံးမှာ မိမိအတွက်မူ လုံးဝ ခက်ခဲလှသည် မဟုတ်ပေ။
ရီယွင်သည် သူ၏ခေါင်းကို အသာအယာ မော့ကြည့်လိုက်ရင်း လမ်းကြောင်းတစ်ခုဆီသို့ လှမ်းကြည့်လိုက်၏။
ထိုအချိန်တွင် ချန်အိမ်တော်၏ ပင်မခန်းမဆောင်အတွင်း၌ ထိုဟိန်းဟောက်သံကို ကြားလိုက်ရသည့်အခါ ချန်ဖုန်း၏ မျက်နှာမှာ ပို၍ပင် ဖြူဖျော့သွားခဲ့ရသည်။ ရှန်မိသားစုက နောက်ဆုံးတော့ ရောက်လာခဲ့ချေပြီ။
“အဖေ... ဘာတွေ ဖြစ်နေတာလဲဟင်...”
ချန်လုတျဲမှာ စိုးရိမ်တကြီးနှင့် တုန်လှုပ်နေခဲ့၏။
ကောင်းကင်ယံမှ ကျဆင်းလာသော အရှိန်အဝါများမှာ နတ်ဝိညာဉ်အာရုံနယ်ပယ်က သန်မာသူများ ဖြစ်ကြသည်။
‘ငါတို့ ချန်မိသားစုက ဘယ်တုန်းကများ နတ်ဝိညာဉ်အာရုံနယ်ပယ်က လူတစ်ယောက်ကို ရန်စလိုက်မိတာလဲ...’
ရွှမ်းယန်ခရိုင်တွင် ချန်မိသားစုမှာ ဒုတိယတန်းစား သူကောင်းမျိုးနွယ်ဝင် မိသားစုမျှသာ ဖြစ်သည်။ အမြင့်ဆုံး ကျင့်ကြံမှုအဆင့်မှာ သူ၏ဖခင် ချန်ဖုန်းဖြစ်ပြီး မူလပင်လယ်နယ်ပယ် အဆင့် ၁၀ ၏ ထိပ်ဆုံးတွင်သာ ရှိပေသည်။ သူတို့သည် နတ်ဝိညာဉ်အာရုံနယ်ပယ်က သန်မာသူများ၏ ပြိုင်ဘက် မဟုတ်ကြပေ။ ထို့ပြင် ချန်မိသားစုမှာ အမြဲတမ်း အေးအေးဆေးဆေး နေထိုင်လေ့ရှိပြီး မည်သည့် ပြဿနာကိုမျှ မဖန်တီးခဲ့ဖူးပေ။
ချန်ဖုန်းသည် ထရပ်လိုက်ပြီး သူ၏စိတ်ကို စုစည်းလိုက်ကာ ချန်လုတျဲအား ကြည့်ရင်း ခါးသီးစွာ ပြုံးလျက် ပြောလိုက်၏။
“ဒါတွေက ရှန်မိသားစုက လူတွေပဲ... ငါတို့ ချန်မိသားစုမှာ ယွမ်ရန်ခန္ဓာကိုယ်လွှမ်းမိုးခြင်းကျင့်စဉ် ရှိနေတာကို သူတို့ ဘယ်ကနေ သိသွားလဲ မသိပေမဲ့... အခု အဲ့ဒီကျင့်စဉ်ကို လာပြီးတော့ လုယူချင်နေကြတာ...”
ချန်လုတျဲမှာ အလွန်ပင် ဒေါသထွက်သွားခဲ့ပြီး မျက်လုံးများ ပြူးကျယ်လျက် ကျယ်လောင်စွာ ပြောလိုက်၏။
“ဒါက ကျွန်မတို့ မိသားစုရဲ့ ဘိုးဘေးအစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ အမွေအနှစ် ကျင့်စဉ်ပဲလေ... ဒါက နှစ်ပေါင်း တစ်သိန်းတောင် လက်ဆင့်ကမ်းလာတာ... ဘယ်လိုနည်းနဲ့မှ အပြင်ကို မရောက်စေရဘူး...”
“သမီးလေး... မင်း ပြောတာ မှန်တယ်... ငါတို့ သေရမယ်ဆိုရင်တောင် ဒါကို ကာကွယ်ခဲ့ကြတဲ့ ငါတို့ရဲ့ ဘိုးဘေးတွေကို မျက်နှာပျက်အောင် မလုပ်နိုင်ဘူး...”
ချန်ဖုန်းက ပြတ်သားစွာ ပြောလိုက်၏။
ချန်မိသားစု၏ မျိုးဆက်များအတွင်း ယွမ်ရန်ခန္ဓာကိုယ်လွှမ်းမိုးခြင်းကျင့်စဉ်ကို တတ်မြောက်သူမှာ ရှားပါးလှသော်လည်း ဤနှစ်ပေါင်း တစ်သိန်းအတွင်းမှာ သူတို့သည် ကျင့်စဉ်ကို အပြင်လူများလက်ထဲသို့ တစ်ခါမျှ မကျရောက်စေခဲ့ပေ။ ထို့ကြောင့် ချန်ဖုန်းမှာ သေသည်အထိ တိုက်ခိုက်ရန် ကြိုတင်ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။
သူသည် ရင်ပြင်အတွင်းသို့ လှမ်းဝင်လိုက်သည့်အခါ လေထဲမှာ ဝေ့ဝဲနေသော နတ်ဝိညာဉ်အာရုံနယ်ပယ်က သန်မာသူ ခြောက်ဦးကို တွေ့ရှိလိုက်ရ၏။
“ရှန်ဝေ... ငါတို့လို ချန်မိသားစုလေးကိုတောင် မင်းတို့ ရှန်မိသားစုက နတ်ဝိညာဉ်အာရုံနယ်ပယ်က သန်မာသူ ခြောက်ယောက်စလုံးကို လွှတ်လိုက်တာလား...”
ချန်ဖုန်းက အစွမ်းထက်သော ပုံရိပ် ခြောက်ခုကို ကြည့်ရင်း မည်သည့်ကြောက်ရွံ့မှုမျှမရှိဘဲ ဟစ်အော်လိုက်သည်။
ထိုအခိုက်အတန့်တွင် ချန်လုတျဲသည်လည်း သူ၏ဖခင်ဘေးမှာ ရပ်နေခဲ့၏။
အခြားသော ချန်မျိုးနွယ်ဝင် အချို့မှာလည်း အရပ်ရပ်မှနေ၍ ရင်ပြင်အတွင်းသို့ စုရုံးလာကြပြီး လူတိုင်း၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှုနှင့် မကျေနပ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
စုဝမ်ယီသည်လည်း ချန်လုတျဲ၏နောက်ကနေ လိုက်ပါလာခဲ့၏။ သူသည် သူ၏မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလျက် ကောင်းကင်ယံကို လျင်မြန်စွာ ဝေ့ကြည့်လိုက်သည်။
စုစုပေါင်း နတ်ဝိညာဉ်အာရုံနယ်ပယ်က သန်မာသူ ခြောက်ဦး ရှိပေသည်။ နှစ်ဦးမှာ နတ်ဝိညာဉ်အာရုံနယ်ပယ် အဆင့် ၁ ရှိသူများ ဖြစ်ကြ၏။ တစ်ဦးမှာ အဆင့် ၂ ဖြစ်ပြီး နှစ်ဦးမှာမူ အဆင့် ၃ ရှိသူများ ဖြစ်ကြသည်။ အလယ်မှာ ရှိနေသော ထွားကြိုင်းလှသည့် သက်လတ်ပိုင်းလူမှာမူ နတ်ဝိညာဉ်အာရုံနယ်ပယ် အဆင့် ၄ သို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။
စုဝမ်ယီသည် တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားသကဲ့သို့ ရှိနေခဲ့၏။ ဘိုးဘေးကြီးက သူ့အား ဤနေရာမှာ နေခဲ့ခိုင်းသည့် အကြောင်းရင်းကို သူ နောက်ဆုံးတွင် နားလည်သွားခဲ့ချေပြီ။ ချန်မိသားစု၏ အကျပ်အတည်းကို ဘိုးဘေးကြီးက သူ့အား လှုပ်ရှားစေပြီး ဤကိစ္စကို ဖြေရှင်းစေချင်နေခြင်း ဖြစ်ပေသည်။ နတ်ဝိညာဉ်အာရုံနယ်ပယ်က သန်မာသူများနှင့် တိုက်ခိုက်ရတော့မည့်အရေးကို တွေးတောမိလိုက်သည့်အခါ စုဝမ်ယီ၏ နုနယ်သော ခန္ဓာကိုယ်မှာ အနည်းငယ် တုန်လှုပ်သွားခဲ့ပြီး သူ၏နှလုံးသားမှာလည်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့၏။
ဟင်းလင်းပြင်ထဲ၌ ရှန်ဝေသည် သူ၏လက်များကို နောက်ပစ်လျက် အားနည်းလှသော ချန်မိသားစုဝင်များကို ငုံ့ကြည့်ကာ အေးစက်စွာ ရယ်မောလိုက်သည်။
“မူလကတော့ ငါတို့က မင်းတို့လို အားနည်းလှတဲ့ ချန်မိသားစုကို အနိုင်မကျင့်ချင်လို့ သုံးရက်ဆိုတဲ့ အချိန်ကို ပေးခဲ့တာ... အခု သုံးရက် ကုန်သွားပြီဆိုတော့... ဟဲဟဲ... တကယ်လို့ မင်းတို့ ချန်မိသားစုက ကျင့်စဉ်ကို မပေးဘူးဆိုရင်တော့ ငါ့ကို ရက်စက်တယ်လို့ လာမပြောနဲ့တော့...”
“ရှန်ဝေ... မင်း အိပ်မက်မက်နေတာပဲ... ငါတို့ သေရမယ်ဆိုရင်တောင်၊ ငါတို့ ချန်မိသားစု တစ်မျိုးနွယ်လုံး သုတ်သင်ခံရမယ်ဆိုရင်တောင်... ငါတို့ရဲ့ ဘိုးဘေးအစဉ်အဆက် လက်ဆင့်ကမ်းခဲ့တဲ့ အမွေအနှစ် ကျင့်စဉ်ကို မင်းတို့ဆီ ဘယ်တော့မှ ပေးမှာ မဟုတ်ဘူး...”
ချန်ဖုန်းက သူ၏လက်များကို နောက်ပစ်လျက် တင်းမာသော မျက်နှာထားနှင့် သေခြင်းတရားကို ထိပ်တိုက်ရင်ဆိုင်ရန် ပြင်ဆင်လိုက်၏။
“အဖေ ပြောတာ မှန်တယ်... ကျွန်မတို့ ချန်မိသားစုက နောက်ဆုံးတစ်ယောက်တည်း ကျန်တဲ့အထိ တိုက်ခိုက်သွားမှာပဲ... ကျွန်မတို့ရဲ့ ဘိုးဘေးအမွေအနှစ် ကျင့်စဉ်ကို လုံးဝ ပေးမှာ မဟုတ်ဘူး...”
ချန်လုတျဲသည်လည်း သူ၏ဓားကို ဆွဲထုတ်လိုက်ပြီး ဓားဦးကို ရှန်ဝေထံသို့ ချိန်ရွယ်လိုက်ရင်း သွားများကို တင်းကြပ်စွာ စေ့ထားလိုက်လေသည်။
သူက ပြတ်သားစွာ ပြောဆိုလိုက်သော်လည်း ချန်လုတျဲမှာ မည်သို့ပင်ဆိုစေကာမူ ငယ်ရွယ်သူတစ်ဦးသာ ဖြစ်ပေသည်။ နတ်ဝိညာဉ်အာရုံနယ်ပယ်က သန်မာသူများထံမှ ကျရောက်လာသော ဖိအားများကြောင့် သူ၏ခန္ဓာကိုယ်မှာ မသိမသာ တုန်ယင်နေခဲ့၏။
ရှန်မိသားစုမှာ ရွှမ်းယန်ခရိုင်တွင် မည်သူမျှ ရန်မစဝံ့သော အင်အားစုကြီးတစ်ခု ဖြစ်ပေသည်။ ရှန်မိသားစုတွင် နောက်ခံအင်အားလည်း ရှိနေပြီး ထိုမိသားစုဝင် အချို့မှာ မိစ္ဆာအရှင်သခင်ဂိုဏ်းသို့ ဝင်ရောက်ဖူးကြ၏။ ရှန်ဖုန်းမင်းဆက်တွင် ထိပ်သီးဂိုဏ်းကြီးများအဖြစ် သတ်မှတ်ခြင်း ခံထားရသော အဓိက အင်အားကြီး သုံးခု ရှိသည့်အနက် မိစ္ဆာအရှင်သခင်ဂိုဏ်းမှာ တစ်ခု အပါအဝင် ဖြစ်ပေသည်။ ရှန်မိသားစုမှာ အစွမ်းထက်ပြီး အင်အားကြီးသော နောက်ခံ ရှိပေသည်။ ရွှမ်းယန်ခရိုင်ရှိ မိသားစုအားလုံး ပေါင်းမည်ဆိုလျှင်တောင် ရှန်မိသားစုအား ရန်မစဝံ့ကြချေ။
နတ်ဝိညာဉ်အာရုံနယ်ပယ်က သန်မာသူ တစ်ဦးတည်းနှင့်ပင် ချန်မိသားစုတစ်ခုလုံးကို ပြာကျသွားအောင် လုပ်ပစ်နိုင်ပေသည်။
“ဒီ မိန်းမပျိုလေးက ချန်ဖုန်းရဲ့ အဖိုးတန်သမီးလေးပဲ ဖြစ်ရမယ်... မင်း ပြန်ရောက်လာတာ အခါကောင်းပဲ... မင်းတို့ ချန်မိသားစု မြေအောက်မှာ ပြန်ဆုံလို့ ရသွားပေါ့...”
ရှန်ဝေက လှောင်ပြောင်လိုက်၏။
သူ၏ဘေးက သက်လတ်ပိုင်း ကျင့်ကြံသူတစ်ဦးမှာ နတ်ဝိညာဉ်အာရုံနယ်ပယ် အဆင့် ၁ ရှိသူ ဖြစ်ပြီး သူက ရုတ်တရက် သူ၏လက်ကို ဆန့်ထုတ်လိုက်ကာ အောက်ဘက်သို့ ဖိနှိပ်လိုက်လေသည်။
ဟင်းလင်းပြင်အတွင်း၌ ချီစွမ်းအင် လက်ဖဝါးကြီးတစ်ခု ရုတ်တရက် ပေါ်လာခဲ့ပြီး သူတို့ထံသို့ ဟိန်းဟောက်သံနှင့်အတူ တိုးဝင်လာခဲ့၏။
ထိုစဉ် သွေးနီရောင် အလင်းတန်းတစ်ခုမှာ အမှတ်မထင် ရုတ်တရက် ဝင်းလက်သွားခဲ့သည်။
“ဘုန်း...”
ချီစွမ်းအင် လက်ဖဝါးကြီးမှာ ခဏချင်းမှာပင် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့၏။ ဤသည်က ရှန်မိသားစုမှ သန်မာသူ ခြောက်ဦးစလုံးအား မှင်တက်မိသွားစေခဲ့သည်။
ချန်မိသားစု၏ ရင်ပြင်အတွင်းမှာ ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး နက်ရှိုင်းသော ခုနစ်စင်ကြယ်ဓားကို ကိုင်ဆောင်ထားသော အလွန်လှပသည့် အမျိုးသမီးတစ်ဦးမှာ ကောင်းကင်ယံကို အေးစက်စွာ စိုက်ကြည့်နေ၏။
“မင်းကတော့ မြင်ဖူးနေကျ မျက်နှာမျိုး မဟုတ်ဘူးပဲ... မိန်းမပျိုလေး... မင်း ဘယ်ကနေ ပေါ်လာတာလဲ... ပြီးတော့ မင်း အသုံးပြုလိုက်တဲ့ ဓားသိုင်းကလည်း ချန်မိသားစုရဲ့ ဓားသိုင်း မဟုတ်ဘူးလေ...”
ရှန်ဝေ၏ အကြည့်မှာ စုဝမ်ယီထံသို့ တည့်တည့် ရောက်ရှိသွားပြီး သူ့အား ခြေဆုံးခေါင်းဆုံး သေသေချာချာ အကဲခတ်လိုက်သည့်အခါ သူ၏မျက်ဝန်းအတွင်း၌ လောဘရိပ်အချို့ ပေါ်ပေါက်လာခဲ့၏။
ဤအမျိုးသမီးငယ်မှာ လှပကျော့ရှင်းပြီး သူ၏ စွမ်းရည်များမှာလည်း ထူးခြားလှပေသည်။ ထို့ပြင် သူ၏ လက်ထဲက ဓားရှည်မှာလည်း ကောင်းကင်အဆင့် အရည်အသွေး ရှိနေ၏။ သူသည် ထိုဓားကို အလိုရှိသလို ထိုအလှလေးကိုလည်း အလိုရှိနေခဲ့ချေပြီ။
အခန်း ၆၅ ပြီးပါပြီ။
အခန်း ၆၆ - ချိပ်ပိတ်မှု ပွင့်သွားခြင်းနှင့် နတ်ဝိညာဉ်အာရုံနယ်ပယ် တိုက်ပွဲ
ရှန်ဝေသည် ရွှမ်းယန်ခရိုင်တစ်ခုလုံး၌ ကျော်ကြားလှသော ကာမဂုဏ်လိုက်စားပြီး လောဘရမ္မက်ကြီးသူတစ်ဦး ဖြစ်ပေသည်။ သူ၏ အိမ်တော်နောက်ဆောင်တွင် မိန်းမလှပေါင်း သုံးထောင်ခန့် ရှိနေသည်ဟုပင် ကောလာဟလများ ထွက်ပေါ်နေခဲ့၏။
သို့သော်လည်း ရှန်ဝေသည် တစ်နေရာရာမှနေ၍ ယင်ဓာတ်ကို စုပ်ယူပြီး ယန်ဓာတ်ကို ဖြည့်တင်းပေးသော ကျင့်စဉ်တစ်ခုကို ကျင့်ကြံထားပုံရပေသည်။ သူသည် ကာမဂုဏ်များထဲ၌ နစ်မွန်းနေသော်လည်း သူ၏ ကျင့်ကြံမှုအဆင့်မှာ ကျဆင်းသွားခြင်းမရှိဘဲ ရှန်မိသားစုအတွင်း၌ အမြင့်ဆုံး ကျင့်ကြံမှုအဆင့်ရှိသည့် သန်မာသူအဖြစ် တည်ရှိနေဆဲပင်။
ထို့ကြောင့် စုဝမ်ယီအား မြင်လိုက်ရသည့်အခါ သူသည် ချက်ချင်းပင် စွဲလန်းသွားခဲ့ရသည်။
သူ၏ နှလုံးသားမှာ လှုပ်ရှားသွားခဲ့ပြီး စုဝမ်ယီအား သေချာပေါက် ဖမ်းဆီးမည်ဟု ဆုံးဖြတ်လိုက်သည်။ ထို လှပသော မိန်းမလှလေးကိုရော၊ ထို မိန်းကလေး၏ ဓားကိုပါ ရယူရန် သူ လောဘတက်နေ၏။
“ရှန်ထင်... မင်းသွားပြီးတော့ အဲ့ဒီမိန်းကလေးကို ဖမ်းလိုက်စမ်း...”
ရှန်ဝေက သူ၏လက်ကို ခပ်ပေါ့ပေါ့ ဝှေ့ယမ်းရင်း မောက်မာစွာ အမိန့်ပေးလိုက်၏။
“ကောင်းပါပြီ...”
နတ်ဝိညာဉ်အာရုံနယ်ပယ် အဆင့် ၁ ရှိသော ရှန်ထင်က ခေါင်းညိတ်ပြလိုက်ပြီး အောက်ဘက်သို့ ဆင်းသက်လာခဲ့သည်။
“ဖြောင်း...”
ထို အခိုက်အတန့်တွင် စုဝမ်ယီ၏ ခန္ဓာကိုယ်အတွင်းက ချိပ်ပိတ်မှုတစ်ခုမှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့၏။ သူ၏ မဟာနဂါးနတ်ဘုရား အရှိန်အဝါမှာ သိသိသာသာ မြင့်တက်လာတော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ၏ ကျင့်ကြံမှုအဆင့်မှာ မူလပင်လယ်နယ်ပယ် အဆင့် ၃ မှနေ၍ နတ်ဝိညာဉ်အာရုံနယ်ပယ် အဆင့် ၃ သို့ တဟုန်ထိုး မြင့်တက်သွားခဲ့သည်။
‘ဟဲဟဲ... ဘိုးဘေးကြီးက ငါ့ခန္ဓာကိုယ်ထဲက ချိပ်ပိတ်မှုကို ဖွင့်ပေးလိုက်ပြီပဲ...’
စုဝမ်ယီသည် စိတ်ထဲကနေ ဝမ်းသာအားရ ဖြစ်နေမိ၏။ အမှန်တော့ ချန်အိမ်တော်ထဲသို့ ဝင်ရောက်လာကတည်းက ဖြစ်ပျက်ခဲ့သမျှ အပြောင်းအလဲအားလုံးမှာ ဘိုးဘေးကြီး၏ အစီအစဉ်အတိုင်းသာ ဖြစ်ပေသည်။ ငွေလမင်းမြို့တော်တွင် ဖြစ်ပျက်ခဲ့သကဲ့သို့ပင်။
စုဝမ်ယီ၏ ကျင့်ကြံမှုမှာ မူလပင်လယ်နယ်ပယ်မှနေ၍ နတ်ဝိညာဉ်အာရုံနယ်ပယ် အဆင့် ၃ သို့ ရုတ်တရက် ခုန်တက်သွားသည်ကို မြင်လိုက်ရသည့်အခါ ရှန်ထင်မှာ ထိတ်လန့်သွားသဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိ၏။
“မင်း... မင်းက နတ်ဝိညာဉ်အာရုံနယ်ပယ်က သန်မာသူတစ်ယောက်လား...”
ရှန်ထင်က အံ့ဩတကြီးနှင့် ဟစ်အော်လိုက်မိသည်။
ရင်ပြင်အတွင်းရှိ ချန်မိသားစုဝင် အားလုံးသည်လည်း အလားတူပင် မှင်တက်မိနေကြ၏။
လူတိုင်းမှာ ကျောက်ရုပ်များပမာ အေးခဲသွားခဲ့ကြရသည်။
‘ဒါ... ဒါက...’
ချန်ဖုန်းသည် သူ၏လက်သီးကို တင်းတင်းဆုပ်လျက် စုဝမ်ယီအား အံ့ဩတကြီး စိုက်ကြည့်နေမိ၏။ အလွန်လှပသော ဤအမျိုးသမီးငယ်မှာ အမှန်တကယ်ပင် နတ်ဝိညာဉ်အာရုံနယ်ပယ် အဆင့် ၃ က သန်မာသူတစ်ဦး ဖြစ်နေသည်လော။
ချန်ဖုန်းမှာ အလွန်ပင် ထိတ်လန့်သွားခဲ့ရပြီး သူ၏နှလုံးသားထဲတွင် အတွေးပေါင်းစုံ ဖြတ်ပြေးနေခဲ့သည်။
အသက် ၂၀ ခန့်နှင့် နတ်ဝိညာဉ်အာရုံနယ်ပယ် အဆင့် ၃ သို့ ရောက်ရှိရန်မှာ ရွှမ်းယန်ခရိုင်တစ်ခုလုံးတွင် တစ်ခါမျှ မကြားဖူးခဲ့သော ကိစ္စပင် ဖြစ်၏။
ဖြစ်နိုင်သည်မှာ ထိပ်သီးဂိုဏ်းကြီးများတွင်သာ ဤမျှအထိ ထူးချွန်လှသော ပါရမီရှင်တပည့်များ ရှိနိုင်ပေလိမ့်မည်။
နတ်ဘုရားတစ်ပါးကဲ့သို့ အရှိန်အဝါများ ထုတ်လွှတ်နေသော ခန့်ညားလှသည့် ဝတ်စုံဖြူနှင့် လူငယ်ကို ပြန်လည်စဉ်းစားမိသည့်အခါ ထိုသူ၏ ကျင့်ကြံမှုအဆင့်မှာ ပို၍ပင် အံ့ဩစရာကောင်းလောက်သည်ဟု ချန်ဖုန်း ယုံကြည်မိ၏။
‘ကြည့်ရတာ... ဒီတစ်ခါတော့ ငါတို့ အသက်ချမ်းသာရာ ရတော့မယ် ထင်တယ်...’
ဤသို့ တွေးမိလိုက်သည့်အခါ ချန်ဖုန်း၏ မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုများကြောင့် မျက်ရည်များ ဝဲလာခဲ့သည်။ ဤသည်မှာ အမှန်တကယ်ပင် ဘိုးဘေးများ၏ ဝိညာဉ်က ကာကွယ်ပေးနေခြင်းဖြစ်ပြီး ချန်မိသားစုအား မျိုးတုံးမည့် ဘေးအန္တရာယ်မှ လွတ်မြောက်အောင် ကူညီပေးနေခြင်း ဖြစ်ပေလိမ့်မည်။
ချန်ဖုန်းမှာ မည်သို့မျှ ထိန်းချုပ်မရနိုင်အောင် စိတ်လှုပ်ရှားနေခဲ့၏။
ချန်မိသားစုဝင် အားလုံးထဲတွင် အအံ့ဩဆုံးလူမှာ ချန်လုတျဲပင် ဖြစ်ပေသည်။ သူသည် စုဝမ်ယီနှင့်အတူ ငွေလမင်းမြို့တော်၏ မြို့စားအိမ်တော်သို့ အတူတူ ဝင်ရောက်ခဲ့သူ ဖြစ်၏။
‘အစတုန်းကတော့ အစ်မစုရဲ့ ကျင့်ကြံမှုက ငါ့ထက် နည်းနည်းလေး နိမ့်ပြီး အစွမ်းမထက်ဘူးလို့ ထင်ခဲ့တာ... အစ်မစုဝမ်ယီက စွမ်းအားတိုင်းတာတဲ့ ကျောက်တုံးပေါ်မှာ ရွှေရောင်အလင်းတန်းတွေ ထွက်ပေါ်လာစေလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ... မိသားစုသုံးခုသိုင်းပြိုင်ပွဲမှာ အစ်မစုက မူလပင်လယ်နယ်ပယ်က သန်မာသူ အများကြီးကို တိုက်ခိုက်ရင်း တိုက်ပွဲအတွင်းမှာတင် မူလပင်လယ်နယ်ပယ် အဆင့် ၃ ကို အဆက်မပြတ် ကျော်ဖြတ်နိုင်ခဲ့တာကြောင့် ငါ့ကို အဝေးကြီးမှာ ထားခဲ့ပြီလို့ ထင်ခဲ့တာ... ဒါပေမဲ့ ပိုပြီးတော့ မယုံနိုင်စရာကောင်းတာက အစ်မစုရဲ့ ကျင့်ကြံမှုက ချိပ်ပိတ်ခံထားရတာပဲ... သူ့ရဲ့ တကယ့်ကျင့်ကြံမှုက နတ်ဝိညာဉ်အာရုံနယ်ပယ် အဆင့် ၃ တောင် ရှိတာလား...’
“အစ်မစု... အစ်မက တကယ်ပဲ နတ်ဝိညာဉ်အာရုံနယ်ပယ်က သန်မာသူတစ်ယောက်လားဟင်...”
ချန်လုတျဲမှာ အံ့ဩနေဆဲဖြစ်ပြီး ဤသည်ကို မယုံနိုင်သကဲ့သို့ ဖြစ်နေခဲ့၏။
သူ၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး ပါးစပ်မှာလည်း ဟောင်းလောင်းပွင့်နေကာ ချစ်စဖွယ်ကောင်းသော ပန်းသီးပုံစံ မျက်နှာလေးမှာ အလွန်ပင် စိတ်ဝင်စားစရာ ကောင်းနေခဲ့သည်။
“ဟုတ်တယ် ညီမလေး...”
စုဝမ်ယီက သူ့အား လှည့်ကြည့်လိုက်ရာ သူ၏ လှပသော မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေး တစ်ခု ပေါ်ပေါက်လာခဲ့၏။
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
ထိုအခိုက်အတန့်တွင် လေထဲရှိ ရှန်ဝေနှင့် အခြားသော ရှန်မိသားစုက သန်မာသူ ၅ ဦးစလုံး၏ မျက်နှာများမှာ ပြောင်းလဲသွားခဲ့ကြရသည်။
ဤမိန်းကလေးငယ်မှာ အမှန်တကယ်ပင် နတ်ဝိညာဉ်အာရုံနယ်ပယ် အဆင့် ၃ က သန်မာသူတစ်ဦး ဖြစ်နေချေပြီ။
ဤသည်မှာ လုံးဝကို မမျှော်လင့်ထားသော ကိစ္စပင် ဖြစ်၏။
သို့သော်လည်း ရှန်ဝေကမူ ဤမိန်းကလေးကိုသာ သူ၏ အိမ်တော်နောက်ဆောင်ထဲသို့ သိမ်းသွင်းနိုင်မည်ဆိုပါက ဤသည်မှာ သူ၏ဘဝတွင် အကြီးမားဆုံးသော အောင်မြင်မှု ဖြစ်လိမ့်မည်ဟု တွေးတောနေမိသည်။ သူ၏ နှလုံးသားအတွင်း၌ လောဘရမ္မက်များမှာ ပိုမို တောက်လောင်လာခဲ့၏။
သူသည် လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ပြီး အခြားသူများနှင့်အတူ အောက်သို့ ဆင်းသက်လိုက်သည်။
ရှန်ဝေမှာ အလွန်ပင် ယုံကြည်မှု ရှိနေခဲ့၏။
သူ၏ ရှန်မိသားစုတွင် နတ်ဝိညာဉ်အာရုံနယ်ပယ် အဆင့် ၃ ရှိသော ကျင့်ကြံသူ နှစ်ဦး ရှိသည့်အပြင် သူကိုယ်တိုင်မှာလည်း နတ်ဝိညာဉ်အာရုံနယ်ပယ် အဆင့် ၄ သို့ ရောက်ရှိနေသူ ဖြစ်ပေသည်။ နတ်ဝိညာဉ်အာရုံနယ်ပယ် အဆင့် ၃ ရှိသော အမျိုးသမီးငယ် တစ်ဦးတည်းကို သူတို့ ခြောက်ဦး ပေါင်းတိုက်မည်ဆိုပါက လုံလောက်သည်ထက် ပိုနေပေသည်။
“ဟားဟား... နတ်ဝိညာဉ်အာရုံနယ်ပယ် ဖြစ်နေရင်တောင် ဘာဖြစ်လဲ... ရွှမ်းယန်ခရိုင်ထဲက ငါ့နယ်မြေမှာတော့ မင်း ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး... ငါ့အမြင်တော့ မင်း အေးအေးဆေးဆေးပဲ လက်နက်ချလိုက်တာ ပိုကောင်းလိမ့်မယ်...”
ရှန်ဝေက မောက်မာစွာနှင့် ရယ်မောလိုက်၏။
“စိတ်ကူးယဉ်မနေနဲ့... အရှက်မရှိတဲ့ လူယုတ်မာ...”
စုဝမ်ယီ၏ မျက်ခုံးများမှာ တွန့်ချိုးသွားခဲ့သည်။ သူသည် ဒေါသတကြီး ဟစ်အော်လိုက်ပြီး နဂါးနတ်ဘုရားဓားသိုင်း၏ အဖွင့်ကွက်ကို စတင်လိုက်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် မီတာပေါင်းများစွာ ကြီးမားသော ရွှေနဂါးပုံရိပ်တစ်ခုမှာ သူ၏နောက်ကွယ်တွင် ရစ်ပတ်ပေါ်ပေါက်လာခဲ့၏။
ရွှေနဂါးပုံရိပ်ကြီးမှာ အထက်မှနေ၍ ငုံ့ကြည့်နေခဲ့ပြီး ၎င်း၏ ရွှေရောင်မျက်လုံးအစုံမှ အေးစက်သော အကြည့်များကို ထုတ်လွှတ်လိုက်ရာ လူတိုင်းအပေါ်သို့ ကြီးမားသော ဖိအားများ ကျရောက်သွားသည်။
“ဒါ... ဒါက ဘာဓားသိုင်းလဲ...”
ခေတ္တမျှအတွင်းမှာပင် ရှန်မိသားစုမှ သန်မာသူ ခြောက်ဦးစလုံးမှာ နောက်သို့ တညီတညွတ်တည်း ဆုတ်ခွာသွားခဲ့ကြရပြီး သူတို့၏ မျက်နှာပေါ်တွင် ထိတ်လန့်ရိပ်များ ဖုံးလွှမ်းသွားခဲ့၏။
ဤဓားသိုင်းမှာ စတင်ခြင်းပင် မရှိသေးဘဲ အဖွင့်ကွက်မျှဖြင့်ပင် သူတို့အပေါ်သို့ ကြီးမားသော ဖိအားများကို ဖြစ်ပေါ်စေခဲ့သည်။
“တက်... အားလုံးပေါင်းပြီး သူ့ကို ဖမ်းကြစမ်း...”
ရှန်ဝေ၏ မျက်နှာမှာ အလွန်ပင် အေးစက်နေ၏။ သူသည် သူ၏ဓားကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီး ရှေ့ဆုံးမှနေ၍ စတင် တိုးဝင်သွားခဲ့၏။
အမျိုးသား ခြောက်ဦးမှာ အစ်မစုတစ်ဦးတည်းကို ဝိုင်းဝန်းတိုက်ခိုက်နေကြသည်ကို မြင်လိုက်ရသည့်အခါ ချန်လုတျဲမှာ မျက်ခုံးများ ပင့်တက်သွားခဲ့ပြီး အေးစက်စွာ လှောင်ပြောင်လိုက်၏။
“ရှန်မိသားစုက ယောက်ျားကြီးခြောက်ယောက်က အစ်မစု တစ်ယောက်တည်းကို ဝိုင်းပြီး အနိုင်ကျင့်နေကြတာလား... တကယ်ကို အရှက်မရှိကြတာပဲ...”
“သေချင်နေတာပဲ...”
ရှန်ထင်မှာ ဤသည်ကို ကြားလိုက်ရသည့်အခါ ဒေါသထွက်သွားခဲ့ပြီး ချန်လုတျဲအား တိုက်ခိုက်ရန် လှည့်လာခဲ့၏။
“ဝှစ်...”
ရွှေနဂါးပုံရိပ်တစ်ခုမှာ ဖျတ်ခနဲ လက်သွားခဲ့သည်။
စုဝမ်ယီက ရှန်ထင်၏ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့ပြီး သူ၏ဓားနှင့် ခုတ်ပိုင်းလိုက်ခြင်းပင်။
ရှန်ထင်မှာ ထိတ်လန့်သွားခဲ့ရသည်။
စုဝမ်ယီမှာ ဤမျှအထိ လျင်မြန်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ထို့ပြင် သူတို့၏ ကျင့်ကြံမှုအဆင့်မှာလည်း ကွာခြားလွန်းလှသဖြင့် ဤ မိန်းကလေးသည် သူ၏ ပြိုင်ဘက် မဟုတ်ပေ။
“ဘုန်း...”
စုဝမ်ယီ၏ ဓားချက်မှာ လျှပ်စီးလက်သကဲ့သို့ လျင်မြန်လှပြီး ရှန်ထင်၏ဓားကို ပယ်ထုတ်လိုက်ကာ သူ၏ လက်မောင်းတစ်ဝက်ကို ပိုင်းဖြတ်ပစ်လိုက်၏။
“အား...”
ရှန်ထင်က အော်ဟစ်လိုက်ရင်း နောက်သို့ လွင့်ထွက်သွားခဲ့လေသည်။
“မင်း တကယ်ကို သေချင်နေတာပဲ...”
ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေကို မြင်လိုက်ရသည့်အခါ ရှန်ဝေမှာ အလွန်ပင် ဒေါသထွက်သွားခဲ့၏။ သူ၏ဓားမှာ လျှပ်စစ်ပမာ လက်သွားခဲ့ပြီး စုဝမ်ယီထံသို့ အဆက်မပြတ် ထိုးနှက်လာသည်။
အခြားသော နတ်ဝိညာဉ်အာရုံနယ်ပယ်က သန်မာသူများသည်လည်း အချိတ်အဆက်မိမိနှင့် မတူညီသော လမ်းကြောင်းအသီးသီးမှနေ၍ ပြင်းထန်သော တိုက်ခိုက်မှုများကို စတင်လိုက်ကြ၏။
ထိုအခိုက်အတန့်တွင် ဒဏ်ရာရနေသော ရှန်ထင်၏ ပိုင်းဖြတ်ခံထားရသည့် လက်မောင်းမှ သွေးများ ပန်းထွက်နေခဲ့သည်။ သူသည် သွားများကို တင်းကြပ်စွာ စေ့ထားလိုက်ရင်း သူ၏ခန္ဓာကိုယ်ပေါ်ရှိ သွေးကြောအချို့ကို အမြန်ပိတ်လိုက်သည့်အခါမှသာ သွေးထွက်ခြင်းမှာ နှေးကွေးသွားတော့သည်။
ရှန်ထင်သည် ဆေးလုံးတစ်လုံးကို မြိုချလိုက်ပြီး မြေပြင်ပေါ်က သူ၏ ပိုင်းဖြတ်ခံထားရသော လက်မောင်းကို တခြားလက်တစ်ဖက်ဖြင့် ကောက်ယူကာ ပျာပျာသလဲ ထွက်ပြေးသွားခဲ့လေတော့သည်။
သူသည် တိုက်ခိုက်နိုင်စွမ်း မရှိတော့ဘဲ မည်သည့်အကူအညီမျှလည်း ပေးနိုင်တော့မည် မဟုတ်ပေ။ အကယ်၍သာ သူ၏ ပိုင်းဖြတ်ခံထားရသော လက်မောင်းကို ပြန်ယူသွားနိုင်မည်ဆိုပါက ၎င်းကို ပြန်ဆက်ရန် ဖြစ်နိုင်ချေ ရှိနေသေး၏။
ရှန်မိသားစု၏ ရတနာတိုက်တွင် ပိုင်းဖြတ်ခံထားရသော ကိုယ်လက်အင်္ဂါများကို ပြန်ဆက်ပေးနိုင်သည့် ထူးခြားသော ဆေးဖယောင်း တစ်မျိုး ရှိနေပေသည်။
“ရှူး... ရှူး... ရှူး...”
ရှန်မိသားစုမှ သန်မာသူ ၅ ဦး၏ ဓားအလင်းတန်းများမှာ ရေတံခွန်ပမာ ကျရောက်လာခဲ့သော်လည်း စုဝမ်ယီမှာမူ တည်ငြိမ်နေ၏။ သူသည် နဂါးနတ်ဘုရားဓားသိုင်းကို ထုတ်ဖော်လိုက်ပြီး ပြန်လည် တိုက်စစ်ဆင်လိုက်ရာ အမျိုးသား ၅ ဦးအား သူတစ်ဦ်းတည်းဖြင့် တွန်းလှန်ကာ ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားလာခဲ့သည်။
ခေတ္တမျှ အချိန်အတွင်းမှာပင် တိုက်ပွဲမှာ အလွန်ပင် ပြင်းထန်နေခဲ့၏။ မည်သည့်ဘက်က အသာစီးရမည်ကို ခန့်မှန်းရန်ပင် ခက်ခဲလှပေသည်။
နတ်ဝိညာဉ်အာရုံနယ်ပယ်က သန်မာသူ ၅ ဦးကို သူတစ်ဦ်းတည်းဖြင့် အားမလျော့ဘဲ ရင်ဆိုင်နေရရုံတင်မကဘဲ လွတ်လပ်ပေါ့ပါးစွာ တိုက်ခိုက်နေသော စုဝမ်ယီကို မြင်လိုက်ရသည့်အခါ ချန်လုတျဲမှာ စိတ်လှုပ်ရှားစွာဖြင့် သူ၏ခြေထောက်များကို ဆောင့်လိုက်မိ၏။
ဤအစ်မစုမှာ အမှန်တကယ်ပင် ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်လှပေသည်။
“သမီးလေး... ဒီတစ်ခါတော့ ငါတို့ ချန်မိသားစု ဘေးကင်းသွားပြီ...”
ချန်ဖုန်းက လျှောက်လာခဲ့ပြီး သူ၏အိုမင်းနေသော မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေလျက် မထိန်းနိုင်ဘဲ ရှိုက်ကြီးတငင် ငိုကြွေးနေမိ၏။
သူ၏ဖခင်မှာ ဝမ်းနည်းပက်လက် ငိုကြွေးနေသည်ကို မြင်လိုက်ရသည့်အခါ ချန်လုတျဲသည်လည်း လိုက်၍ ငိုမိသွားခဲ့သည်။
ထိုအခိုက်အတန့်တွင် သူသည် သူ၏အစ်ကိုကြီးကို ရုတ်တရက် သတိရသွားခဲ့၏။
သူ၏ မျက်ရည်များကို သုတ်လိုက်ရင်း ချန်လုတျဲက ဝမ်းနည်းစွာ မေးမြန်းလိုက်သည်။
“အဖေ... အစ်ကိုကြီးက အခုထိ ပေါ်မလာသေးဘူးနော်... သူလည်း ရှန်မိသားစုရဲ့ အနိုင်ကျင့်တာကို ခံလိုက်ရတာလားဟင်...”
“လွန်ခဲ့တဲ့ သုံးရက်က ရှန်မိသားစုက လူတွေ ရောက်လာပြီး မင်းရဲ့ အစ်ကိုကြီးကို ဒဏ်ရာအပြင်းအထန်ရတဲ့အထိ ရိုက်နှက်သွားကြတာ...”
ချန်ဖုန်းက သူ၏မျက်ရည်များကို သုတ်လိုက်ရင်း နှလုံးသားထဲက နာကျင်မှုများဖြင့် ပြောလိုက်၏။ သူသည် နောက်ဆုံးတွင် မအောင့်ထားနိုင်တော့ဘဲ ထိုနေ့က ချန်အိမ်တော်တွင် ဖြစ်ပျက်ခဲ့သော ကံဆိုးမိုးမှောင်ကျမှုများကို ပြန်လည် ပြောပြလိုက်တော့သည်။
«...»
ဘိုးဘေးခန်းမအတွင်း၌ ရီယွင်သည် ချန်ယွိချွန်း၏ ဝိညာဉ်အမှတ်တံဆိပ်ရှေ့တွင် တည်ငြိမ်စွာ ရပ်နေဆဲပင်။
နှစ်ပေါင်း တစ်သိန်း ကြာပြီးနောက် ယနေ့တွင်မူ သူသည် သူငယ်ချင်းဟောင်းကြီး၏ အနားတွင် အဖော်လုပ်ပေးနေ၏။
ထိုစဉ် တံခါးမှာ တကျိကျိ အသံနှင့်အတူ ပွင့်သွားခဲ့ပြီး မျက်နှာ ဖြူဖျော့လျက်ရှိကာ မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူအိုကြီးတစ်ဦး လှမ်းဝင်လာသည်။
အခန်း (၆၆) ပြီးပါပြီ။