← Chapters

အခန်း (၆၇-၆၉)

Vol. 5 Ch. 67-69

အခန်း (၆၇-၆၉)

Vol. 5 Ch. 67-69

အခန်း ၆၇ - နတ်ဘုရားစွမ်းအား တစ်စက်နှင့် သွေးကြောများ ပွင့်သွားခြင်း

ရီယွင်သည် နောက်သို့ လှည့်၍ တစ်ချက် ကြည့်လိုက်၏။

ထိုလူအိုကြီးမှာ အသက် ၈၀ ခန့် ရှိပုံရပြီး မျက်နှာမှာ ဖြူဖျော့ကာ အသက်ဝိညာဉ်ဓာတ် ကင်းမဲ့နေလျက် ခန္ဓာကိုယ်မှာလည်း ကြုံလှီနေ၏။ ထိုလူအိုကြီးသည် မည်သည့် ကျင့်ကြံမှုအဆင့်မျှ မရှိဘဲ သာမန်လူအိုကြီးတစ်ဦးသာ ဖြစ်ပေသည်။

လူအိုကြီး၏ မျက်လုံးများမှာ ရုတ်တရက် ပြူးကျယ်သွားခဲ့ရ၏။ ဘိုးဘေးခန်းမ၏ မှောင်ရိပ်ကျနေသော ထောင့်တစ်ခု၌ ဝတ်စုံဖြူနှင့် လူငယ်တစ်ဦး ရပ်နေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ သူသည် ရုတ်တရက် မှင်တက်မိသွားခဲ့သည်။

‘ငါ့ရဲ့ အိုမင်းနေတဲ့ မျက်လုံးတွေက ဝေဝါးပြီး အမြင်မှားနေတာလား...’

မီးခိုးရောင်ဝတ်စုံနှင့် လူအိုကြီးသည် သူ၏မျက်လုံးများကို အလျင်အမြန် ပွတ်သပ်လိုက်ပြီး မိမိကိုယ်မိမိ လှောင်ပြောင်သကဲ့သို့ ခါးသီးစွာ ရယ်မောလိုက်၏။

မျက်လုံးများကို ပွတ်သပ်ပြီးနောက် သေသေချာချာ ပြန်ကြည့်လိုက်သည့်အခါတွင်လည်း ဝတ်စုံဖြူနှင့် လူငယ်မှာ မလှမ်းမကမ်းတွင် ရပ်နေဆဲဖြစ်သည်ကို တွေ့လိုက်ရလေသည်။

ထိုအခိုက်အတန့်တွင် သူ၏ အမြင်အာရုံမှာ ကြည်လင်သွားခဲ့၏။

ဝတ်စုံဖြူနှင့် လူငယ်သည် ထူးခြားလှသော အရှိန်အဝါများကို ပိုင်ဆိုင်ထားပေသည်။ နတ်ဘုရားတစ်ပါးကဲ့သို့ ရပ်နေသော ထိုသူကြောင့် ဘိုးဘေးခန်းမတစ်ခုလုံးမှာ တောက်ပသော အလင်းရောင်များဖြင့် လွှမ်းခြုံထားသကဲ့သို့ ခံစားလိုက်ရ၏။

ခေတ္တမျှအတွင်းမှာပင် လူအိုကြီးမှာ နတ်ဘုရားတစ်ပါးကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရတော့သည်။

“သခင်ကြီးက ဘယ်သူလဲဆိုတာ သိပါရစေ...”

မီးခိုးရောင်ဝတ်စုံနှင့် လူအိုကြီးမှာ ကျင့်ကြံမှုအဆင့် မရှိသော်လည်း အတွေ့အကြုံ ရင့်ကျက်သူတစ်ဦး ဖြစ်သည့်အလျောက် သူ၏စိတ်ကို အမြန်စုစည်းလိုက်၏။ သူသည် လက်သီးလက်ဝါးဆုပ်ကာ ဂါရဝပြုလိုက်ရင်း တုန်တုန်ရင်ရင်နှင့် မေးမြန်းလိုက်သည်။

“ငါက ချန်ယွိချွန်းရဲ့ သူငယ်ချင်းဟောင်း တစ်ယောက်ပါ...”

ရီယွင်က တိုးညင်းစွာ ပြောလိုက်၏။

‘ဟင်... ငါတို့ရဲ့ ဘိုးဘေးနဲ့ ပတ်သက်နေတာလား... သာမန်ဘိုးဘေးတောင် မဟုတ်ဘဲ ချန်မိသားစု ဘိုးဘေးခန်းမမှာ ပထမဆုံးနေရာက ရှိနေတဲ့ အထွတ်အမြတ်ထားရတဲ့ ဘိုးဘေးကြီး ဖြစ်နေတာလား...’

မီးခိုးရောင်ဝတ်စုံနှင့် လူအိုကြီးမှာ သူ၏နှလုံးသားထဲတွင် အတွေးပေါင်းစုံ ဖြတ်ပြေးနေသည်ကို အတင်းအကျပ် ထိန်းချုပ်ထားလိုက်ရသည်။ သူသည် ဝတ်စုံဖြူနှင့် လူငယ်အား နောက်တစ်ကြိမ် အကဲခတ်လိုက်သော်လည်း ချန်မိသားစု၏ ဘိုးဘေးမှတ်တမ်းများထဲက မည်သည့်အချက်နှင့်မျှ တူညီနေခြင်း မရှိသည်ကို တွေ့လိုက်ရ၏။

“အချိန်တွေ အများကြီး ကုန်ဆုံးသွားခဲ့ပြီဆိုတော့... အရာအားလုံးကလည်း အတိတ်ရဲ့ မြူနှင်းတွေအောက်မှာ ပျောက်ကွယ်သွားခဲ့ပါပြီ... မင်းအနေနဲ့ ငါ့ရဲ့ နောက်ကြောင်းကို သိဖို့ ကြိုးစားပြီး ဒုက္ခခံမနေပါနဲ့တော့...”

ရီယွင်က အသာအယာ ပြုံးလျက် ပြောလိုက်သည်။

သူသည် မီးခိုးရောင်ဝတ်စုံနှင့် လူအိုကြီးအား ကြည့်လိုက်ရင်း တိုးညင်းစွာ မေးလိုက်၏။

“ချန်မိသားစုရဲ့ လက်ရှိခေါင်းဆောင် ချန်ဖုန်းနဲ့ မင်းက ဘယ်လို ပတ်သက်တာလဲ...”

“ကျွန်တော်က ချန်ဖုန်းရဲ့ ဦးလေးအရင်းပါ... ကျင့်ကြံရင်းနဲ့ စိတ်ချောက်ချားသွားခဲ့လို့ သွေးကြောတွေ အပိတ်ခံလိုက်ရပြီး အခုတော့ ဒုက္ခိတတစ်ယောက် ဖြစ်နေပါပြီ...”

မီးခိုးရောင်ဝတ်စုံနှင့် လူအိုကြီးက သက်ပြင်းချလိုက်၏။

ရီယွင်က ဘာမှမပြောဘဲ သူ့ကို ကြည့်နေသည်။

လူအိုကြီးက သူ၏ပုခုံးကို တွန့်လိုက်ရင်း မိမိကိုယ်မိမိ လှောင်ပြောင်သကဲ့သို့ မတတ်သာစွာ ရယ်မောလိုက်၏။

“ချန်မိသားစုက အခု မျိုးတုံးမယ့် ဘေးနဲ့ ရင်ဆိုင်နေရတာဆိုတော့... ကျွန်တော်လို ဒုက္ခိတတစ်ယောက်က ဘာမှ အသုံးမဝင်တော့ပါဘူး... ဒါကြောင့် ဒီဘိုးဘေးခန်းမထဲမှာပဲ ဘိုးဘေးတွေကို အဖော်လုပ်ရင်း နောက်ဆုံးအချိန်မှာ သူတို့ရှိရာ မြေအောက်ကမ္ဘာကို လိုက်သွားတာက ပိုကောင်းပါလိမ့်မယ်...”

လူအိုကြီး၏ အားကိုးရာမဲ့နေသော စကားများကို ကြားလိုက်ရသည့်အခါ ရီယွင်က တိုးညင်းစွာ သက်ပြင်းချလိုက်မိ၏။

လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းက ချန်ယွိချွန်း၏ ဦးဆောင်မှုအောက်တွင် ချန်မိသားစုမှာ အလွန်ပင် ခမ်းနားထည်ဝါခဲ့ဖူးသည်။

နှစ်ပေါင်း တစ်သိန်း ကြာပြီးနောက်မှာ ချန်မိသားစုသည် မျိုးတုံးမည့် အခြေအနေအထိ ကျဆင်းသွားလိမ့်မည်ဟု မည်သူ ထင်နိုင်မည်နည်း။

ဤသို့ တွေးမိလိုက်ရင်း ရီယွင်က သူ၏လက်ညှိုးကို အသာအယာ မြှောက်လိုက်၏။ သူ၏ လက်ထိပ်မှ တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး လူအိုကြီး၏ ဦးခေါင်းထိပ်ပေါ်သို့ ကျဆင်းသွားသည်။

မီးခိုးရောင်ဝတ်စုံနှင့် လူအိုကြီးမှာ ရုတ်တရက် လင်းလက်သွားသော အလင်းတန်းကိုသာ မြင်လိုက်ရ၏။ သူ ဘာမှ ပြန်မလုပ်နိုင်ခင်မှာပင် အစွမ်းထက်လှသော စွမ်းအင်တစ်ခုမှာ သူ၏ ဦးခေါင်းထိပ်မှနေ၍ စီးဝင်လာခဲ့ချေပြီ။

ထို့နောက်တွင်တော့ လူအိုကြီး၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့ရ၏။

သူ၏ဦးခေါင်းပေါ်ရှိ ပိုင်ဟွေ့သွေးကြောအမှတ်မှနေ၍ စီးဝင်လာသော ဤ ထူးခြားသည့် စွမ်းအင်မှာ အနှိုင်းမဲ့စစ်တပ်ကြီးတစ်ခုကဲ့သို့ပင် ဆယ်စုနှစ်ပေါင်းများစွာ ပိတ်ဆို့နေခဲ့သော သူ၏သွေးကြောများကို ပြင်းထန်စွာ တိုးဝင်ရှင်းလင်းပစ်လိုက်သည်။

သူ၏ သွေးကြောများမှာ တစ်ခုပြီးတစ်ခု ပွင့်လာခဲ့၏။ တဖြည်းဖြည်းချင်းမှာပင် ကောင်းကင်နှင့် မြေကြီးအကြားက ချီစွမ်းအင်များကို သူ ပြန်လည် ခံစားလာနိုင်ခဲ့သည်။

နှလုံးခုန်သံ အနည်းငယ်စာမျှ အချိန်အတွင်းမှာပင် ထို အစွမ်းထက်သော စွမ်းအင်မှာ သူ၏သွေးကြောအားလုံးကို လုံးဝ ပွင့်သွားစေခဲ့၏။ ထို့နောက် ၎င်းမှာ သူ၏ဒန်ထျန်အတွင်းသို့ စီးဆင်းသွားခဲ့ပြီး များပြားလှသော ချီစွမ်းအားများအဖြစ် ပြောင်းလဲသွားခဲ့သည်။

ခဏချင်းမှာပင် သူ၏ အရှိန်အဝါမှာ တဟုန်ထိုး မြင့်တက်လာခဲ့၏။

ခန္ဓာသန့်စင်မှုနယ်ပယ်မှနေ၍ အနှစ်သာရစုစည်းမှုနယ်ပယ်၊ ထို့နောက် မူလပင်လယ်နယ်ပယ်သို့ ရောက်ရှိသွားခဲ့ပြီး သူ၏ ကျင့်ကြံမှုမှာ အဆက်မပြတ် မြင့်တက်လာခဲ့ရာ နောက်ဆုံးတွင် နတ်ဝိညာဉ်အာရုံနယ်ပယ် အဆင့် ၃ ၌ ရပ်တန့်သွားခဲ့လေသည်။

‘ဒါ... ဒါက ဘာတွေ ဖြစ်နေတာလဲ...’

မီးခိုးရောင်ဝတ်စုံနှင့် လူအိုကြီးမှာ အလွန်ပင် ထိတ်လန့်သွားခဲ့ရပြီး ကျောက်ရုပ်တစ်ခုပမာ မလှုပ်မယှက် ရှိနေခဲ့၏။

သူ့ရှေ့က ဝတ်စုံဖြူနှင့် လူငယ်မှာ လက်ညှိုးနှင့် တစ်ချက် ညွှန်လိုက်ရုံသာ ရှိသေးသည်။ အလင်းတန်းတစ်ခုမှာ သူ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားခဲ့ပြီး ကျင့်ကြံရင်း စိတ်ချောက်ချားသွားခဲ့စဉ်ကတည်းက နှစ်ပေါင်းများစွာ ပိတ်ဆို့နေခဲ့သော သွေးကြောများမှာ ခဏချင်းမှာပင် ပွင့်သွားခဲ့ရချေပြီ။

နောက်ဆုံးတွင် ထိုစွမ်းအင်မှာ ပျောက်ကွယ်သွားခြင်းမရှိဘဲ သူ၏ဒန်ထျန်အတွင်း၌ အခြေချနေထိုင်သွားခဲ့ကာ များပြားလှသော ချီစွမ်းအားများအဖြစ် ပြောင်းလဲသွားခဲ့သည်။ ဤသည်မှာ သူ၏ ကျင့်ကြံမှုကို နတ်ဝိညာဉ်အာရုံနယ်ပယ်သို့ ပြန်လည်ရောက်ရှိစေရုံတင်မကဘဲ နတ်ဝိညာဉ်အာရုံနယ်ပယ် အဆင့် ၁ မှနေ၍ အဆင့် ၃ အထိပင် မြင့်တက်သွားစေခဲ့ခြင်း ဖြစ်၏။

“ဘုန်း...”

မီးခိုးရောင်ဝတ်စုံနှင့် လူအိုကြီးမှာ ဒူးထောက်ချလိုက်ပြီး ရီယွင်အား အကြိမ်ကြိမ် ဦးတိုက်လိုက်တော့သည်။

“ချန်ချင်းစုန်းက မျက်စိမရှိလို့ စီနီယာကို မမြင်မိခဲ့တာပါ... ကျွန်တော့်ရဲ့ မရိုမသေ ပြုမိခဲ့တာတွေကို ခွင့်လွှတ်ပေးပါ...”

ချန်ချင်းစုန်းသည် တရှိန်ထိုး ဦးတိုက်လိုက်ရာ သူ၏ဦးခေါင်း မြေပြင်နှင့် ရိုက်မိသံမှာ တဘုန်းဘုန်း ပဲ့တင်ထပ်သွားခဲ့၏။

ဝတ်စုံဖြူနှင့် လူငယ်က သူ၏ဘိုးဘေးနှင့် သူငယ်ချင်းဟောင်း ဖြစ်သည်ဟု ပြောခဲ့စဉ်က သူ မယုံကြည်ခဲ့ပေ။

သူ၏ဘိုးဘေး ချန်ယွိချွန်းမှာ လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းက လူတစ်ဦး ဖြစ်သည့်အတွက် မည်သူက ဤမျှအထိ အသက်ရှည်နိုင်ပါ့မည်နည်း။

သို့သော်လည်း ယခုအခါတွင်မူ နတ်ဘုရားပမာ ဝတ်စုံဖြူနှင့် လူငယ်က သူ့အား တစ်ချက်မျှ ထိတွေ့လိုက်ရုံနှင့် စိတ်ချောက်ချားမှုကြောင့် ပိတ်ဆို့နေခဲ့သော သူ၏သွေးကြောများမှာ ချက်ချင်း ပွင့်သွားခဲ့ရချေပြီ။ သူ၏ ကျင့်ကြံမှုအဆင့်မှာလည်း နတ်ဝိညာဉ်အာရုံနယ်ပယ်သို့ ပြန်လည်ရောက်ရှိသွားခဲ့ရသည်။

ဤသို့ တွေးမိလိုက်သည့်အခါ ချန်ချင်းစုန်းမှာ ရှက်ရွံ့မှုများဖြင့် ပြည့်နှက်သွားခဲ့ပြီး သူ၏ နက်နဲလှသော နောင်တများကို ဖော်ပြရန်အတွက် အဆက်မပြတ် ဦးတိုက်နေမိ၏။

“ထပါ...”

ရီယွင်က အသာအယာ ပြုံးလိုက်သည်။

ချန်ချင်းစုန်း၏ တုံ့ပြန်မှုမှာ နားလည်ပေးနိုင်စရာ ကိစ္စပင် ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ ချန်းနန်ကုန်းမြေကြီးပေါ်တွင် နှစ်ပေါင်း တစ်သိန်းအထိ အသက်ရှင်နိုင်သောသူမှာ အလွန်ပင် ရှားပါးလှပေသည်။

ထို့ကြောင့် ချန်ချင်းစုန်းအနေနှင့် ရီယွင်မှာ ဘိုးဘေး ချန်ယွိချွန်း၏ သူငယ်ချင်းဟောင်း ဖြစ်သည်ကို မယုံကြည်ခဲ့ခြင်းမှာ သဘာဝကျလှပေသည်။ ရီယွင်က သူ့ကို အပြစ်မယူခဲ့ပေ။

ရီယွင်အတွက်မူ စိတ်ချောက်ချားမှုကြောင့် ပိတ်ဆို့နေသော ချန်ချင်းစုန်း၏ သွေးကြောများကို ကုသပေးခြင်းမှာ မပြောပလောက်သည့် ကိစ္စတစ်ခုသာ ဖြစ်ပေသည်။

ချန်ချင်းစုန်း၏ ခန္ဓာကိုယ်ထဲသို့ နတ်ဘုရားစွမ်းအား တစ်စက် စိမ့်ဝင်သွားရုံနှင့် သူ၏ ပြဿနာအားလုံးမှာ ပြေလည်သွားခဲ့ရသည်။

“စီနီယာရဲ့ အဆင့်အတန်းက တကယ်ကို ကြီးမားလွန်းလှပါတယ်... ကျွန်တော်... ကျွန်တော် စီနီယာကို ဘယ်လို ခေါ်ရမှန်းတောင် မသိတော့ပါဘူး...”

ချန်ချင်းစုန်းမှာ မြေပြင်ပေါ်မှာ ဒူးထောက်နေဆဲဖြစ်ပြီး ပြန်မထဝံ့ဘဲ ရှိနေခဲ့၏။

“စီနီယာ လို့ပဲ ခေါ်ပါ...”

ရီယွင်က အသာအယာ ပြုံးလိုက်၏။

သူ့အနေနှင့် ချန်ချင်းစုန်းအား မိမိကို ‘ဘိုးဘေးကြီး’ ဟု ခေါ်ခိုင်းရန်မှာ အဆင်မပြေလှပေ။ ဤသည်မှာ အလွန်ပင် ထူးဆန်းနေလိမ့်မည် ဖြစ်ပြီး သာမန် ခေါ်ဝေါ်ရမည့် ပုံစံမျိုးလည်း မဟုတ်ပေ။

ရီယွင်၏ ကျယ်ဝန်းလှသော အင်္ကျီလက်အတွင်းမှနေ၍ ချီစွမ်းအားတစ်ခုမှာ ထွက်ပေါ်လာခဲ့ပြီး ချန်ချင်းစုန်းအား မတ်တပ်ရပ်နိုင်အောင် မယူလိုက်သည်။

ရီယွင်သည် ဤကဲ့သို့ လွန်ကဲလှသော ခမ်းနားမှုများကို မနှစ်သက်ပေ။ လူများက သူ့ရှေ့တွင် ဒူးထောက်နေကြသည်ကို မြင်ရတိုင်း သူ အမြဲတမ်း စိတ်အနှောင့်အယှက် ဖြစ်မိ၏။

ချန်ချင်းစုန်းမှာ ရီယွင်၏ရှေ့တွင် ရိုသေစွာ ရပ်နေခဲ့ပြီး သူ၏လက်များကို တင်းကြပ်စွာ ဆုပ်ထားလျက် မည်သည့်စကား ပြောရမှန်း မသိဘဲ ရှိနေခဲ့သည်။

“ငါ့ရဲ့ နဂါးနတ်ဘုရားဂိုဏ်းက တပည့်တွေ အပြင်မှာ ရှန်မိသားစုဝင်တွေကို ကိုင်တွယ်နေကြတယ်... မင်း အပြင်ကို သွားစရာ မလိုပါဘူး... ဒီမှာပဲ နေပြီးတော့ မင်းတို့ ချန်မိသားစုအကြောင်း ငါ့ကို ပြောပြပါဦး...”

ရီယွင်က တည်ငြိမ်စွာ ပြောလိုက်၏။

ရီယွင်က နဂါးနတ်ဘုရားဂိုဏ်းအကြောင်း ရုတ်တရက် ပြောလိုက်သည်ကို ကြားလိုက်ရသည့်အခါ ချန်ချင်းစုန်း၏ စိတ်ထဲတွင် တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားခဲ့ပြီး ပျောက်ဆုံးနေသော မှတ်ဉာဏ်အပိုင်းအစများမှာ ပြန်လည် ဆက်စပ်သွားခဲ့ပုံ ရပေသည်။

သူက ထစ်ထစ်ငေါ့ငေါ့နှင့် မေးလိုက်၏။

“စီနီယာက... စီနီယာက နဂါးနတ်ဘုရားဂိုဏ်းက အဲ့ဒီလူလားဟင်...”

“ဟုတ်တယ်...”

ရီယွင်က ခေါင်းညိတ်ပြလိုက်၏။

အတည်ပြုချက်ကို ရရှိလိုက်သည့်အခါ ချန်ချင်းစုန်း၏ အိုမင်းနေသော မျက်နှာမှာ စိတ်လှုပ်ရှားမှုများကြောင့် နီမြန်းသွားခဲ့ရသည်။

သူ့ရှေ့က စီနီယာမှာ လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းက ထာဝရဂိုဏ်းတစ်ခုဖြစ်သည့် နဂါးနတ်ဘုရားဂိုဏ်း၏ အငယ်ဆုံးသော ဂိုဏ်းချုပ် ဖြစ်လိမ့်မည်ဟု သူ တစ်ခါမျှ မတွေးဖူးပေ။ ချန်းနန်ကုန်းမြေကြီး၏ အစွမ်းအထက်ဆုံးသော သန်မာသူအဖြစ် သတ်မှတ်ခြင်း ခံထားရပြီး စစ်မှန်သောနတ်ဘုရားနယ်ပယ်သို့ ရောက်ရှိနိုင်သည့် အလားအလာရှိသော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီး ဖြစ်နေသည်လား။

သူ၏ဘိုးဘေး ချန်ယွိချွန်း ချန်ရစ်ခဲ့သော မိသားစုမှတ်တမ်းများထဲတွင် ဤ နဂါးနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် ပတ်သက်နေသော အဖြစ်အပျက်အချို့ကို အသေးစိတ် ရေးသားထားခဲ့ပေသည်။

“စီနီယာ... ကျွန်တော်... ကျွန်တော် အရမ်း စိတ်လှုပ်ရှားနေလို့ပါ...”

ချန်ချင်းစုန်းမှာ ဘာလုပ်ရမှန်း မသိဖြစ်နေခဲ့ပြီး သူ၏သွေးများမှာ ဆူပွက်နေလျက် သူ၏ မြင့်တက်လာသော စိတ်လှုပ်ရှားမှုများကို မည်သို့မျှ ထိန်းချုပ်၍ မရနိုင်တော့ပေ။

လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းက ဤစီနီယာမှာ ချန်းနန်ကုန်းမြေကြီး တစ်ခုလုံးတွင် ပြိုင်ဘက်ကင်းခဲ့သူ ဖြစ်ပေသည်။

သူ ယနေ့တိုင် အသက်ရှင်နေဆဲ ဖြစ်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

ချန်ချင်းစုန်းမှာ သူ့ရှေ့က စီနီယာသည် ယခုအချိန်တွင် ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်လောက်သည့် မည်မျှအထိ အံ့ဩစရာကောင်းသော ကျင့်ကြံမှုအဆင့်သို့ ရောက်ရှိနေပြီလဲဆိုသည်ကို မခန့်မှန်းနိုင်တော့ပေ။

ရီယွင်ကတော့ ဘာမှမပြောဘဲ တိတ်ဆိတ်စွာ ရှိနေခဲ့၏။

အချိန်အတော်အတန်ကြာမှ ချန်ချင်းစုန်း၏ စိတ်လှုပ်ရှားမှုများ တည်ငြိမ်သွားခဲ့ပြီးနောက် သူသည် သူ၏ဘိုးဘေး ချန်ယွိချွန်းနှင့် ပတ်သက်နေသော ကိစ္စများကို ပြန်လည် ပြောပြလေတော့သည်။

သူ၏ဘိုးဘေး ချန်ယွိချွန်းနှင့် ပတ်သက်၍ အချိန်တွေ အများကြီး ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည့်အတွက် ချန်ချင်းစုန်းကိုယ်တိုင်လည်း သိရှိမှုမှာ နည်းပါးလှပေသည်။ ထို့ကြောင့် သူ၏ ပြောပြမှုမှာ အမွှေးတိုင် တစ်ဝက်စာမျှ အချိန်အတွင်းမှာပင် ပြီးဆုံးသွားခဲ့၏။

ရီယွင်က သက်ပြင်းချလိုက်ရင်း သူ၏အကြည့်မှာ နီညိုရောင် ဝိညာဉ်အမှတ်တံဆိပ်ဆီသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

သူ၏ သူငယ်ချင်းကောင်းကြီးမှာ နောက်ဆုံးတွင် ထာဝရနယ်ပယ်သို့ ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ပေ။ သူသည် တာအိုနယ်ပယ်မှာပင် ပိတ်ဆို့နေခဲ့ပုံ ရပေသည်။

ရီယွင်၏ စိတ်ထဲတွင် အတွေးတစ်ခု လက်သွားခဲ့ပြီး သူသည် အဝေးတစ်နေရာသို့ ရုတ်တရက် လှမ်းကြည့်လိုက်၏။

ရွှမ်းယန်ခရိုင်ရှိ ရှန်မိသားစု အိမ်တော်၏ အထက် ကောင်းကင်ယံ၌ ဝတ်စုံနက်နှင့် လူအိုကြီးတစ်ဦးမှာ ရုတ်တရက် ဆင်းသက်လာခဲ့သည်။

ထိုလူအိုကြီး၏ ဝတ်စုံနက် ကျောဘက်တွင် ‘ထိန်းချုပ်ခြင်း’ ဟူသော အနီရောင်စာလုံးကြီးကို ပန်းထိုးထားပြီး ၎င်းအောက်တွင် ‘မိစ္ဆာ’ ဟူသော စာလုံးအသေးလေးတစ်ခု ပါရှိပေသည်။

ဤလူအိုကြီး၏ ကျင့်ကြံမှုအဆင့်မှာ ကောင်းကင်တံတားနယ်ပယ် အဆင့် ၄ သို့ ရောက်ရှိနေပြီ ဖြစ်၏။

သူ ပေါ်လာသည့် အခိုက်အတန့်တွင် ရှန်မိသားစုအတွင်းရှိ လူတိုင်းမှာ ကောင်းကင်တံတားနယ်ပယ်၏ ကြီးမားလှသော ဖိအားများကို ခံစားလိုက်ရသည်။ သူတို့၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ကြရပြီး အသက်ရှူရန်ပင် ခက်ခဲလာခဲ့လေတော့သည်။

အခန်း ၆၇ ပြီးပါပြီ။

အခန်း ၆၈ - မိစ္ဆာအရှင်သခင်ဂိုဏ်းနှင့် ကောင်းကင်တံတားနယ်ပယ် သန်မာသူ ရောက်ရှိလာခြင်း

အစွမ်းထက်လှသော အရှိန်အဝါကို ခံစားလိုက်ရသည့်အခါ ရှန်မိသားစုဝင် အားလုံးသည် ရင်ပြင်အတွင်းသို့ အပြေးအလွှား ထွက်လာခဲ့ကြပြီး ဒူးထောက်၍ ရိုသေစွာ ဦးတိုက်လိုက်ကြသည်။

“အကြီးအကဲကျူးကို ရိုသေစွာ ကြိုဆိုပါတယ်...”

မရေမတွက်နိုင်သော ဟစ်အော်သံများမှာ ကောင်းကင်နှင့် မြေကြီးကို တုန်ဟည်းသွားစေမတတ် ကျယ်လောင်လှပေသည်။

ရောက်ရှိလာသူမှာ မိစ္ဆာအရှင်သခင်ဂိုဏ်းမှ အကြီးအကဲကျူး ဖြစ်သည်။

မိစ္ဆာအရှင်သခင်ဂိုဏ်းမှာ အင်အားအကြီးဆုံးသော ထိပ်သီးဂိုဏ်းကြီး သုံးခုအနက် တစ်ခု အပါအဝင် ဖြစ်၏။ ရှန်ဖုန်းမင်းဆက် တစ်ခုလုံးတွင် ၎င်းကို အင်အားကြီးမားလှသော ဘီလူးကြီးတစ်ကောင်အဖြစ် သတ်မှတ်ထားကြသည်။

ဤအကြီးအကဲကျူးမှာ ကောင်းကင်တံတားနယ်ပယ် အဆင့် ၄ ရှိသော ပြိုင်ဘက်ကင်း သန်မာသူတစ်ဦး ဖြစ်သည်။ ရှန်မိသားစုဝင်များအတွက်မူ သူသည် နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်တည်မှုမျိုးပင် ဖြစ်၏။

လေထဲတွင် ဝေ့ဝဲနေသော အကြီးအကဲကျူးသည် ရှန်မိသားစု၏ ရိုသေပျူငှာသော အမူအရာကို ကြည့်ရင်း သူ၏ အေးစက်ခန့်ညားသော မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့အပြုံးလေးတစ်ခု ပေါ်လာခဲ့သည်။

“အားလုံး ထကြ...”

အကြီးအကဲကျူးသည် ကောင်းကင်ယံမှ ဆင်းသက်လာခဲ့၏။ သူ၏လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရုံနှင့် ချီစွမ်းအားတစ်ခုမှာ ထွက်ပေါ်လာခဲ့ပြီး လူတိုင်းကို မြေပြင်မှနေ၍ မယူလိုက်ပြီးနောက် သူသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရင်း တည်ငြိမ်စွာ မေးလိုက်၏။

“ရှန်ဝေ ဘယ်မှာလဲ... ငါ သူ့ကို မှာထားတဲ့ ကိစ္စကော ဘယ်လို အခြေအနေ ရှိပြီလဲ...”

ဝတ်စုံနက်နှင့် လူအိုကြီးတစ်ဦးမှာ အလျင်အမြန် ဦးညွှတ်လိုက်ပြီး ရှေ့သို့ ပြေးထွက်ကာ ရှင်းပြလိုက်၏။

“အကြီးအကဲကျူး... ကျွန်တော်တို့ရဲ့ မိသားစုခေါင်းဆောင်က အဲ့ဒီကျင့်စဉ်ကို သွားယူဖို့ ချန်မိသားစုဆီ သွားနေတာပါ... အခုထိတော့ ပြန်မရောက်သေးပါဘူး...”

“ကောင်းပြီ... ဒါဆို ငါ ခဏ စောင့်လိုက်မယ်...”

အကြီးအကဲကျူးသည် သူ၏ ကျယ်ဝန်းသော လက်အင်္ကျီကို ခါလိုက်ရင်း ပင်မခန်းမဆောင်အတွင်း၌ ဝင်ရောက်စောင့်ဆိုင်းရန် ပြင်ဆင်လိုက်၏။

ထိုစဉ် ကောင်းကင်ယံမှ အလင်းတန်းတစ်ခု ရုတ်တရက် ကျဆင်းလာသည်။

“ဦးလေး... မြန်မြန်လုပ်... ရတနာတိုက်ကို ဖွင့်ပြီးတော့ ကြာနက်ဆက်ဆေးဖယောင်းကို အမြန်ထုတ်ပေးပါဦး...”

ရှန်ထင်သည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်နှင့် နာကျင်မှုကြောင့် တွန့်လိမ်နေသော မျက်နှာဖြင့် အော်ဟစ်လိုက်တော့သည်။

သူသည် အနားမှာ ရပ်နေသော အကြီးအကဲကျူးကို သတိမပြုမိသေးပေ။

အကြီးအကဲကျူး၏ မျက်လုံးများ တစ်ချက် လင်းလက်သွား၏။ လက်မောင်းပြတ်ကို ကိုင်ထားသည့် ရှန်ထင်ကို မြင်လိုက်ရသည့်အခါ သူသည် မျက်မှောင်ကြုတ်လိုက်ရင်း မေးလိုက်သည်။

“နတ်ဝိညာဉ်အာရုံနယ်ပယ်က ထင်ရှားတဲ့ ကျင့်ကြံသူတစ်ယောက်ဖြစ်တဲ့ မင်းက... ရွှမ်းယန်ခရိုင်လို မင်းရဲ့ နယ်မြေထဲမှာ ဘယ်လိုလုပ်ပြီး လက်မောင်း အဖြတ်ခံလိုက်ရတာလဲ...”

ရှန်ထင်သည် အာရုံစိုက်၍ ကြည့်လိုက်သည့်အခါမှ မိစ္ဆာအရှင်သခင်ဂိုဏ်းမှ အကြီးအကဲကျူး ဖြစ်နေသည်ကို သိသွားသဖြင့် အလွန်ပင် ထိတ်လန့်သွားခဲ့ရ၏။ သူသည် အလျင်အမြန် ဒူးထောက်လိုက်ရင်း တုန်ရင်သော အသံဖြင့် ပြောလိုက်သည်။

“ရှန်ထင်က အကြီးအကဲကျူး ရောက်နေတာကို မသိခဲ့လို့ပါ... ကျွန်တော့်ရဲ့ မရိုမသေ ဖြစ်ခဲ့တာတွေကို ခွင့်လွှတ်ပေးပါ...”

“ထားပါ... ကိစ္စမရှိပါဘူး...”

အကြီးအကဲကျူးက အသာအယာ ပြုံးလျက် ပြောလိုက်၏။

“မင်းကို ဘယ်သူ ဒဏ်ရာရအောင် လုပ်လိုက်တာလဲ ဆိုတာကိုပဲ ပြောပြပါ...”

“ချန်မိသားစုက နတ်ဝိညာဉ်အာရုံနယ်ပယ် အဆင့် ၃ ရှိတဲ့ ကျင့်ကြံသူတစ်ယောက်ပါ...”

ရှန်ထင်သည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် အဖြစ်အပျက်များကို အဖြစ်မှန်အပေါ်တွင် လိုရာဆွဲ၍ ပြန်လည် ပြောပြခဲ့လေသည်။

အကြီးအကဲကျူးက မျက်မှောင်ကြုတ်လိုက်၏။

“ဘယ်တုန်းကများ ချန်မိသားစုမှာ နတ်ဝိညာဉ်အာရုံနယ်ပယ်က ကျင့်ကြံသူ ရှိသွားရတာလဲ...”

ရှန်ထင်က ခေါင်းခါလိုက်၏။

“အကြီးအကဲကျူး... ကျွန်တော်လည်း အဲ့ဒီကိစ္စကို သေချာ မသိပါဘူး... ကြည့်ရတာ ပြင်ပက ကျင့်ကြံသူတစ်ယောက် ဖြစ်ပုံရပါတယ်... အခုတော့ မိသားစုခေါင်းဆောင်နဲ့ တခြားလူတွေက သူ့ကို တိုက်ခိုက်နေကြပြီဆိုတော့ မကြာခင်မှာပဲ အဲ့ဒီမိန်းကလေးကို သတ်နိုင်တော့မှာပါ...”

အကြီးအကဲကျူးသည် ကောင်းကင်ယံက လမ်းကြောင်းတစ်ခုဆီသို့ လှမ်းကြည့်လိုက်ရာ သူ၏စိတ်ထဲတွင် မတင်မကျ ဖြစ်မှုကို ခံစားလိုက်ရ၏။

သူသည် ရှန်မိသားစုကို အပြည့်အဝ မယုံကြည်ပေ။ သူသည် ချန်မိသားစု၏ ယွမ်ရန်ခန္ဓာကိုယ်လွှမ်းမိုးခြင်းကျင့်စဉ်ကို ရယူလိုခြင်း ဖြစ်သည်။ ထိုကျင့်စဉ်သည် ကံကြမ္မာနယ်ပယ်သို့ တိုက်ရိုက် ဦးတည်နိုင်သည်ဟု ကောလာဟလများ ထွက်ပေါ်နေခဲ့၏။ လွန်ခဲ့သော ငါးနှစ်က သူသည် ယွမ်ရန်ကျောက်တွင်း အသေးစားလေးတစ်ခုကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ရှိခဲ့ပြီးနောက် ယွမ်ရန်ကျင့်စဉ်တစ်ခုကို နေရာအနှံ့ လိုက်လံရှာဖွေနေခဲ့သည်။

မမျှော်လင့်ဘဲ ကံကောင်းထောက်မစွာဖြင့် သူသည် အံ့ဩစရာ သတင်းတစ်ခုကို ရရှိခဲ့၏။ ဤသည်မှာ ရွှမ်းယန်ခရိုင်ရှိ ချန်မိသားစုတွင် ဘိုးဘေးအစဉ်အဆက် လက်ဆင့်ကမ်းလာသော ကျင့်စဉ်တစ်ခု ရှိနေခြင်းပင် ဖြစ်သည်။ အကယ်၍ ဤကျင့်စဉ်ကို ယွမ်ရန်ကျောက်များဖြင့် အကူအညီယူ၍ ကျင့်ကြံမည်ဆိုပါက ကံကြမ္မာနယ်ပယ်အထိ ရောက်ရှိအောင် ကျင့်ကြံနိုင်သည်ဟု ဆိုကြပေသည်။

ဤသတင်းက အကြီးအကဲကျူး၏ စိတ်ဝင်စားမှုကို ချက်ချင်းပင် ဆွဲဆောင်နိုင်ခဲ့၏။

ရွှမ်းယန်ခရိုင်ရှိ ရှန်မိသားစုနှင့် သူ၏ ပတ်သက်မှုကို ပြန်လည် သတိရလိုက်ပြီးနောက် သူသည် ဓားပျံမှတစ်ဆင့် စာတစ်စောင် ပေးပို့ခဲ့ပြီး ရှန်မိသားစုအား ထိုကျင့်စဉ်ကို ကြိုတင်၍ ရယူထားရန် ညွှန်ကြားခဲ့သည်။ သူကိုယ်တိုင်လည်း မိစ္ဆာအရှင်သခင်ဂိုဏ်းမှ ထွက်ခွာလာခဲ့ပြီး ရှန်မိသားစုရှိရာသို့ တည့်တည့် ဦးတည်လာခဲ့ခြင်း ဖြစ်ပေသည်။

အကြီးအကဲကျူးသည် ယွမ်ရန်ခန္ဓာကိုယ်လွှမ်းမိုးခြင်းကျင့်စဉ်နှင့် ပတ်သက်၍ ကောလာဟလများကိုသာ ကြားဖူးခြင်းဖြစ်ပြီး အသေးစိတ်ကိုမူ နားမလည်ပေ။

အမှန်တကယ်တော့ ယွမ်ရန်ခန္ဓာကိုယ်လွှမ်းမိုးခြင်းကျင့်စဉ်မှာ ကံကြမ္မာနယ်ပယ်သို့သာမက တာအိုနယ်ပယ်သို့ပင် ရောက်ရှိအောင် ဦးတည်နိုင်ပေသည်။ မည်သို့ပင်ဆိုစေကာမူ ဤကျင့်စဉ်မှာ တစ်ချိန်က ချန်းနန်ကုန်းမြေကြီး၏ အစွမ်းအထက်ဆုံးသော သန်မာသူကိုယ်တိုင် ပြင်ဆင်ပေးထားခဲ့ခြင်း ဖြစ်သည် မဟုတ်ပါလား။

“...”

အကြီးအကဲကျူးသည် စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် ဟင်းလင်းပြင်ကို ဖြတ်သန်းလျက် ချန်မိသားစုရှိရာသို့ တည့်တည့် ဦးတည်သွားလေတော့သည်။

ထိုအချိန်တွင် ချန်အိမ်တော်၌ စုဝမ်ယီနှင့် ရှန်ဝေတို့အဖွဲ့မှာ ပြင်းထန်စွာ တိုက်ခိုက်နေကြဆဲ ဖြစ်သည်။

ရှန်ဝေဘက်တွင် လူအင်အား ပိုများသော်လည်း သူတို့မှာ အသာစီးမရဘဲ အခြေအနေ ဆိုးရွားနေကြသည်။ သူတို့သည် စုဝမ်ယီ၏ ဖိနှိပ်ခြင်းကို အပြည့်အဝ ခံနေရပြီး သူတို့အဖွဲ့ဝင်များမှာလည်း အဆက်မပြတ် ဒဏ်ရာများ ရနေကြ၏။

ရှန်ဝေမှာ စိတ်ထဲကနေ ညည်းတွားနေမိသည်။ အလွန်လှပသော ဤအမျိုးသမီးသည် နတ်ဘုရားပမာ ဓားသိုင်းနှင့်အတူ ဤမျှအထိ ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်လိမ့်မည်ဟု သူ တစ်ခါမျှ မတွေးဖူးပေ။ သူတို့ သန်မာသူ ၅ ဦး ပေါင်းတိုက်နေသော်လည်း သူမ၏ ပြိုင်ဘက် မဟုတ်ကြပေ။ အကယ်၍သာ ဤအတိုင်း ဆက်သွားမည်ဆိုပါက သူတို့အားလုံး သုတ်သင်ခံရပေလိမ့်မည်။ သို့သော်လည်း ယခုအချိန်မှာ ဆုတ်ခွာရန်မှာလည်း လုံးဝ မဖြစ်နိုင်တော့ပေ။ အကယ်၍သာ သူတို့ ဆုတ်ခွာရန် ကြိုးစားမည်ဆိုပါက စုဝမ်ယီက သူတို့ကို တစ်ဦးချင်းစီ လိုက်လံ သတ်ဖြတ်သွားမည်ဖြစ်ရာ အဆုံးသတ်မှာတော့ အတူတူပင် ဖြစ်ပေလိမ့်မည်။

သူတို့ ဤသို့ အခက်တွေ့နေစဉ်မှာပင် ရှန်ဝေအတွက် ရင်းနှီးလှသော အသံတစ်ခုမှာ ချန်အိမ်တော်၏ အထက် ကောင်းကင်ယံတွင် ရုတ်တရက် ပဲ့တင်ထပ်သွားခဲ့၏။

“ရှန်ဝေ... မင်းတို့ တကယ်ကို အသုံးမကျတာပဲ... နတ်ဝိညာဉ်အာရုံနယ်ပယ် အဆင့် ၃ ရှိတဲ့ မိန်းကလေးငယ် တစ်ယောက်တည်းကိုတောင် ဒီလောက်အထိ အနိုင်ကျင့်ခံနေရတာလား... ရွှမ်းယန်ခရိုင်မှာ ပါရမီရှင်တွေ ဘာလို့ မပေါ်ထွက်လာတာလဲဆိုတာ အံ့ဩစရာ မဟုတ်တော့ဘူး...”

သူ၏ စကားသံအဆုံးမှာပင် ကောင်းကင်တံတားနယ်ပယ် သန်မာသူတစ်ဦး၏ ကြီးမားလှသော ဖိအားများမှာ ကောင်းကင်ယံမှနေ၍ ကျဆင်းလာခဲ့သည်။

ချန်မိသားစုဝင် အားလုံးမှာ သူတို့၏ ဒူးများမှာ ပျော့ခွေသွားခဲ့ပြီး မတ်တပ်မရပ်နိုင်တော့ဘဲ ရှိနေကြ၏။ အချို့မှာ ဒူးထောက်ကျသွားကြပြီး အချို့မှာမူ မြေပြင်ပေါ်မှာ မှောက်လျက်သား ဖြစ်သွားကြရသည်။

ချန်ဖုန်းက မော့ကြည့်လိုက်ရာ သူ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့၏။ လေထဲမှာ ရပ်နေသော ဝတ်စုံနက်နှင့် လူအိုကြီးမှာ ကောင်းကင်တံတားနယ်ပယ်က သန်မာသူတစ်ဦး ဖြစ်ပေသည်။

သေသေချာချာ ကြည့်လိုက်သည့်အခါတွင်တော့ ရောက်ရှိလာသူမှာ မိစ္ဆာအရှင်သခင်ဂိုဏ်းမှ ဖြစ်သည်ကို သိလိုက်ရသဖြင့် ချန်ဖုန်းမှာ ထိတ်လန့်သွားခဲ့ရတော့သည်။

ကောင်းကင်တံတားနယ်ပယ် သန်မာသူ၏ ဖိနှိပ်ထားသော ဖိအားများမှာ ကျရောက်လာခဲ့၏။

ထိုအခိုက်အတန့်တွင် စုဝမ်ယီ၏ လှုပ်ရှားမှုများမှာလည်း အနည်းငယ် နှေးကွေးသွားခဲ့ရသည်။

အကြီးအကဲကျူးသည် ဟင်းလင်းပြင်အတွင်း၌ လက်ကို နောက်ပစ်လျက် ရပ်နေပြီး သူ၏ကိုယ်ပေါ်မှ အလင်းတန်းဖျော့ဖျော့များ ထွက်ပေါ်နေကာ လူသားကမ္ဘာကို ငုံ့ကြည့်နေသော နတ်ဘုရားတစ်ပါးနှင့် တူလှပေသည်။

သူသည် တိုက်ရိုက် ဝင်ရောက် မစွက်ဖက်သေးပေ။ မည်သို့ပင်ဆိုစေကာမူ ကောင်းကင်တံတားနယ်ပယ်က သန်မာသူတစ်ဦးအနေနှင့် သူ၌ ဂုဏ်သိက္ခာ ရှိပေသည်။ သူ၏ ဖိနှိပ်ထားသော အရှိန်အဝါများကို ထုတ်လွှတ်လိုက်ရုံနှင့် အောက်ဘက်က မပြောပလောက်သည့် နတ်ဝိညာဉ်အာရုံနယ်ပယ်က အမျိုးသမီးငယ်အား အဟန့်အတား ဖြစ်စေရန် လုံလောက်လှပေသည်။ ဤသည်မှာ ရှန်ဝေတို့အတွက် အခွင့်ကောင်းတစ်ခု ဖြစ်စေပေလိမ့်မည်။

ဘိုးဘေးခန်းမအတွင်း၌ ရီယွင်က အသာအယာ ပြုံးလိုက်၏။

ချန်အိမ်တော်၏ အပြင်ဘက်မှာ ရပ်ထားသော အနက်ရောင် ရထားလုံးမှာ ရုတ်တရက် အလင်းများ ထွက်ပေါ်လာခဲ့ပြီး ပင်မရင်ပြင်အတွင်းသို့ လျင်မြန်စွာ ကျဆင်းလာခဲ့သည်။ အလင်းတန်းများ ပျောက်ကွယ်သွားသည့်အခါ အသက် ၁၄ သို့မဟုတ် ၁၅ နှစ်အရွယ် လူငယ်တစ်ဦး ထွက်ပေါ်လာ၏။

“မောင်လေး...”

ကျွင်းမော့ရှောင် ရုတ်တရက် ရောက်လာသည်ကို မြင်လိုက်ရသည့်အခါ စုဝမ်ယီမှာ အံ့ဩဝမ်းသာ ဖြစ်သွားခဲ့ရသည်။

သူ၏မောင်လေးမှာ အစွမ်းထက်လှသော ကောင်းကင်တံတားနယ်ပယ်က သန်မာသူတစ်ဦး ဖြစ်ပေသည်။ သူ၏ စွမ်းအားမှာ ကြီးမားလှပြီး သူ၏ ကျင့်ကြံမှုအဆင့်ထက် မြင့်မားသူများကိုပင် လွယ်ကူစွာ တိုက်ခိုက်နိုင်သူ ဖြစ်၏။ အဆင့် ၄ ရှိသော ကောင်းကင်တံတားနယ်ပယ်က လူအိုကြီးမှာ သူ့မောင်လေး၏ ပြိုင်ဘက် မဟုတ်သည်ကို စုဝမ်ယီ ယုံကြည်နေခဲ့သည်။

ကျွင်းမော့ရှောင်သည် အခြေအနေကို လျင်မြန်စွာ အကဲခတ်လိုက်ပြီးနောက် အရာအားလုံးကို နားလည်သွားပုံ ရ၏။ သူသည် သူ၏ မူလစကြဝဠာအကန့်အသတ်မဲ့ဓားကို ဆွဲထုတ်လိုက်ရင်း ကျယ်လောင်စွာ ရယ်မောလျက် ပြောလိုက်၏။

“စီနီယာအစ်မကြီး... ကျွန်တော် အစ်မကို ကူညီဖို့ ရောက်လာပြီဗျို့...”

ဤသို့ ပြောပြီးနောက် ကျွင်းမော့ရှောင်သည် လေထဲသို့ ပျံတက်သွားခဲ့ပြီး အကြီးအကဲကျူး၏ ရှေ့တည့်တည့် ဟင်းလင်းပြင်အတွင်း၌ နေရာယူလိုက်လေသည်။

‘ကောင်းကင်တံတားနယ်ပယ်က လူငယ်လေးလား’

အကြီးအကဲကျူးသည် ရုတ်တရက် ပေါ်လာသော ကျွင်းမော့ရှောင်အား စိုက်ကြည့်နေမိ၏။ ထိုလူငယ်၏ အရှိန်အဝါကို ခံစားမိလိုက်သည့်အခါ သူသည် အံ့ဩမဆုံး ဖြစ်သွားခဲ့ရသည်။ အသက် ၁၄ သို့မဟုတ် ၁၅ နှစ်နှင့် ကောင်းကင်တံတားနယ်ပယ်သို့ ရောက်ရှိရန်မှာ မိစ္ဆာအရှင်သခင်ဂိုဏ်းမှာပင်လျှင် ဤကဲ့သို့သောသူကို ထိပ်တန်းပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်ကြပေလိမ့်မည်။

“လူအိုကြီး... မင်းက ငါ့ရဲ့ စီနီယာအစ်မကြီးကို ဘယ်လို သတ္တိမျိုးနဲ့ အနိုင်ကျင့်ရဲတာလဲ... ဒီနေ့ ဒီလူငယ်လေးက မင်းကို ကောင်းကောင်းကြီး သင်ခန်းစာ ပေးရလိမ့်မယ်...”

ကျွင်းမော့ရှောင်က ကြုံးဝါးလိုက်၏။

“ချင်း...”

သူသည် သူ၏ မူလစကြဝဠာအကန့်အသတ်မဲ့ဓားကို တစ်ချက် ခါလိုက်သည့်အခါ ကြည်လင်ပြတ်သားလှသော အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ချက်ချင်းပင် ဧရာမ နဂါးနတ်ဘုရားပုံရိပ်ကြီးတစ်ခုမှာ သူ၏နောက်ကွယ်တွင် ထွက်ပေါ်လာသည်။

ဤ နဂါးနတ်ဘုရားပုံရိပ်ကြီးမှာ စုဝမ်ယီ၏ ပုံရိပ်ထက် ပို၍ပင် ကြီးမားပြီး သန်မာလှပေသည်။

ရွှေရောင်နဂါးကြီးမှာ ဟင်းလင်းပြင်အတွင်း၌ ရစ်ပတ်နေခဲ့ပြီး ၎င်း၏ ရွှေရောင်မျက်လုံးအစုံမှ အေးစက်လှသော အကြည့်များ ထုတ်လွှတ်လိုက်ရာ အကြီးအကဲကျူး၏ နှလုံးသားမှာပင် တုန်လှုပ်သွားခဲ့ရ၏။ အမူအရာမှာ တည်ကြည်သွားခဲ့ပြီး သူ၏ဓားကို အလျင်အမြန် ဆွဲထုတ်လိုက်တော့သည်။

ဤလူငယ်မှာ ကောင်းကင်တံတားနယ်ပယ် အဆင့် ၁ သာ ရှိသော်လည်း သူ့ထံမှ ကျရောက်လာသော အန္တရာယ်ရှိသော အရှိန်အဝါများမှာ အလွန်ပင် ပြင်းထန်လှပေသည်။

အခန်း ၆၈ ပြီးပါပြီ။

အခန်း ၆၉ - အရှုံးကြီး ရှုံးနိမ့်ခြင်းနှင့် အခြေအနေများ ပြောင်းလဲသွားခြင်း

ဘိုးဘေးခန်းမအတွင်း၌...

ချန်ချင်းစုန်းသည်လည်း သူ၏ စိတ်အာရုံကို အသုံးပြု၍ ရှေ့ရင်ပြင်က အခြေအနေများကို အကဲခတ်နေသည်။ မိစ္ဆာအရှင်သခင်ဂိုဏ်းမှ ကောင်းကင်တံတားနယ်ပယ် အဆင့် ၄ ရှိသော သန်မာသူ ပေါ်လာသည့်အခါ သူ ထိတ်လန့်သွားသော်လည်း၊ ကောင်းကင်ယံမှနေ၍ ကောင်းကင်တံတားနယ်ပယ်က လူငယ်လေးတစ်ဦး ကျဆင်းလာလိမ့်မည်ဟု သူ မထင်ထားပေ။

ဤလူငယ်မှာ ထိုအမျိုးသမီးငယ်၏ မောင်လေး ဖြစ်နေသည်လား။ ထိုသို့ဆိုလျှင် သူတို့နှစ်ဦးစလုံးမှာ စီနီယာ၏ နဂါးနတ်ဘုရားဂိုဏ်းမှ တပည့်များ ဖြစ်ကြပေလိမ့်မည်။ အသက် ၁၄ သို့မဟုတ် ၁၅ နှစ် အရွယ်နှင့် ကောင်းကင်တံတားနယ်ပယ်သို့ ရောက်ရှိနေသော လူငယ်ကို မြင်လိုက်ရသည့်အခါ ချန်ချင်းစုန်း၏ နှလုံးသားထဲတွင် အားကျမှုများ အဆမတန် ဖြစ်ပေါ်လာသည်။ နဂါးနတ်ဘုရားဂိုဏ်း၏ အင်အားမှာ မည်သူမျှ မခန့်မှန်းနိုင်လောက်အောင် ကြီးမားလှပေသည်။ အထူးသဖြင့် သူ့ရှေ့က စီနီယာမှာ နှစ်ပေါင်း တစ်သိန်းအထိ အသက်ရှင်နေသူဖြစ်ရာ သူ၏ ကျင့်ကြံမှုမှာ ပို၍ပင် နက်နဲလှပေမည်။ ဖြစ်နိုင်သည်မှာ သူသည် နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်တည်မှုမျိုးပင် ဖြစ်နိုင်ပေသည်။

ရီယွင်သည် အပြင်က အခြေအနေများကို တည်ငြိမ်စွာ စောင့်ကြည့်နေပြီး သူ၏မျက်ဝန်းများထဲတွင် အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာသည်။

ဟင်းလင်းပြင်ထဲတွင် ဓားချီများမှာ တဟုန်ထိုး ထွက်ပေါ်လာသည်။ ထိုအခိုက်အတန့်တွင် ကျွင်းမော့ရှောင်သည် မိစ္ဆာအရှင်သခင်ဂိုဏ်းမှ အကြီးအကဲနှင့် ပြင်းထန်စွာ တိုက်ခိုက်နေသည်။ ကျွင်းမော့ရှောင်သည် လှုပ်ရှားလိုက်သည်နှင့် အသာစီးရသွားပြီး ပြိုင်ဘက်ကို အပြည့်အဝ ဖိနှိပ်ထားနိုင်သည်ကို မြင်ရသဖြင့် ရီယွင်က စိတ်ထဲကနေ ခေါင်းညိတ်လိုက်မိ၏။

ကျွင်းမော့ရှောင်၏ ယခင်က လေ့ကျင့်မှုများမှာ အမှန်တကယ်ပင် အကျိုးရှိလှပေသည်။ ယခု သူသည် လှုပ်ရှားမှု တစ်ချက်တည်းနှင့်ပင် မိမိထက် ကျင့်ကြံမှုအဆင့် မြင့်မားသူများကို တိုက်ခိုက်နိုင်စွမ်း ရှိကြောင်း သက်သေပြနေသည်။ ကောင်းကင်တံတားနယ်ပယ် အဆင့် ၄ ရှိသော သန်မာသူတစ်ဦးကို ရင်ဆိုင်ရာတွင် အရှုံးမပေးရုံတင်မကဘဲ အသာစီးပါ ရယူထားနိုင်ခြင်းမှာ ကျွင်းမော့ရှောင်၏ အလားအလာများမှာ တဖြည်းဖြည်း ပွင့်လန်းလာကြောင်း ဖော်ပြနေခြင်းပင်။

သို့သော်လည်း ဤသည်မှာ လုံလောက်လှသည်တော့ မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ ဤနေရာမှာ ရှန်ဖုန်းမင်းဆက်မျှသာ ဖြစ်ပေသည်။ ကျင့်ကြံမှုအဆင့် တူညီနေလျှင်တောင် ဤနေရာက ကျင့်ကြံသူများကို အမှန်တကယ် သန်မာသူများဟု မသတ်မှတ်နိုင်ပေ။ အကယ်၍သာ ကျွင်းမော့ရှောင်သည် ကောင်းကင်အဆင့်ဂိုဏ်းကြီးတစ်ခုမှ ကောင်းကင်တံတားနယ်ပယ် သန်မာသူတစ်ဦးကို ဤကဲ့သို့ အသာစီးရအောင် တိုက်ခိုက်နိုင်မည်ဆိုပါက ဤသည်ကိုမှ မဆိုးလှဟု ဆိုနိုင်ပေလိမ့်မည်။

“ဘုန်း... ဘုန်း...”

လေထဲတွင် ကောင်းကင်တံတားနယ်ပယ် သန်မာသူနှစ်ဦးမှာ ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ အကြီးအကဲကျူးမှာ အံ့ဩနေရုံတင်မကဘဲ နာကျည်းမှုကိုလည်း ခံစားနေရ၏။

‘ငါက ကောင်းကင်တံတားနယ်ပယ် အဆင့် ၄ ရှိတဲ့ သန်မာသူတစ်ယောက် ဖြစ်ပါလျက်နဲ့... အသက် ၁၄၊ ၁၅ နှစ်လောက်ပဲ ရှိသေးတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဖိနှိပ်တာကို ခံနေရတာလား။ သူက ဓားသိုင်းရော၊ အရှိန်ရော၊ ခွန်အားမှာပါ ငါ့ကို အပြတ်အသတ် အနိုင်ယူနေတာပဲ...’

ထိုအချိန်တွင် အောက်ဘက်ရင်ပြင်၌ အကြီးအကဲကျူး၏ ကူညီမှုကို မရရှိတော့သည့်အခါ ရှန်ဝေတို့အဖွဲ့မှာ နောက်တစ်ကြိမ် အခြေအနေ ဆိုးရွားသွားပြန်သည်။ စုဝမ်ယီသည် သူ၏ စွမ်းအားများကို ထုတ်ဖော်လိုက်ပြီး များပြားလှသော ဓားအလင်းတန်းများဖြင့် တိုက်ခိုက်လိုက်ရာ မကြာခင်မှာပင် ရှန်ဝေမှာ ဒဏ်ရာများ ရရှိလာသည်။ ရှန်မိသားစုမှ နတ်ဝိညာဉ်အာရုံနယ်ပယ် သန်မာသူ ၅ ဦးမှာ အသက်စိုးရိမ်ရသော အခြေအနေသို့ ရောက်ရှိသွားသည်။ ကောင်းကင်တံတားနယ်ပယ် သန်မာသူ၏ ဖိအားများ မရှိတော့သည့်အခါ ချန်မိသားစုဝင် အားလုံးမှာလည်း ပြန်လည် မတ်တပ်ရပ်နိုင်လာကြသည်။

“ငါတို့ ဘိုးဘေးတွေက သူတို့ရဲ့ စွမ်းအားတွေကို ပြသနေပြီ... ကောင်းကင်ဘုံက ငါတို့ ချန်မိသားစုကို စောင့်ရှောက်နေတာပဲ... ငါတို့ မိသားစု မျိုးတုံးမှာ မဟုတ်တော့ဘူး...”

ကောင်းကင်နှင့် မြေပြင်ပေါ်က တိုက်ပွဲနှစ်ခုလုံးကို ကြည့်ရင်း ချန်ဖုန်း၏ အိုမင်းနေသော မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေလျက် စိတ်လှုပ်ရှားစွာနှင့် ရယ်မောနေမိသည်။

“အဖေ... အစ်မစုရဲ့ မောင်လေးက... သူက ကောင်းကင်တံတားနယ်ပယ်က သန်မာသူတစ်ယောက် ဖြစ်လိမ့်မယ်လို့ ကျွန်မ လုံးဝ မထင်ထားခဲ့ဘူး...”

ချန်လုတျဲက သူမ၏ မျက်ရည်များကို သုတ်လိုက်ရင်း အော်ဟစ်လိုက်မိ၏။

မိစ္ဆာအရှင်သခင်ဂိုဏ်းမှ ကောင်းကင်တံတားနယ်ပယ် အဆင့်ရှိသော အကြီးအကဲတစ်ဦး စတင် ဆင်းသက်လာစဉ်က ချန်လုတျဲမှာ ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ခံစားခဲ့ရသည်။ မမျှော်လင့်ဘဲ အခြေအနေမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ အစ်မစု၏ မောင်လေးမှာ ကောင်းကင်ယံမှ ဆင်းသက်လာပြီး ချန်အိမ်တော်၏ အကျပ်အတည်းကို ဖြေရှင်းပေးသည်။ ရှန်မိသားစုမှ သန်မာသူ ၅ ဦးရော ကောင်းကင်ယံက အကြီးအကဲပါ စုဝမ်ယီနှင့် ကျွင်းမော့ရှောင်တို့၏ ပြိုင်ဘက် မဟုတ်ကြပေ။

‘တပည့်တွေကတောင် ဒီလောက်အထိ ကြောက်စရာကောင်းလောက်အောင် သန်မာနေကြတာဆိုရင်... ဆရာကိုယ်တိုင်ကရော... သူက ဘယ်လောက်တောင် အစွမ်းထက်နေမှာလဲ...’

ချန်လုတျဲမှာ အတွေးပေါင်းစုံနှင့် မှင်တက်မိနေသည်။ ထိုစဉ် ငွေလမင်းမြို့တော်တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သူမ ရုတ်တရက် သတိရသွားသည်။ ငွေလမင်းဝံပုလွေမျိုးနွယ်တို့၏ သောင်းကျန်းမှုမှစ၍ မြို့တစ်ခုလုံး ပျောက်ကွယ်သွားသည်အထိ အရာအားလုံးမှာ ကမ္ဘာမြေပေါ်မှနေ၍ အငွေ့ပျံသွားသကဲ့သို့ ဖြစ်သည်။

‘အခု ပြန်စဉ်းစားကြည့်မှ ငါ နားလည်သွားပြီ... ဒါတွေ အားလုံးက ဆရာရဲ့ လက်ချက်ပဲ ဖြစ်ရမယ်...’

ဤသည်ကို သဘောပေါက်သွားသည့်အခါ သူ၏ နှလုံးသားမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။ ငွေလမင်းမြို့တော်ကဲ့သို့ ကြီးမားလှသော မြို့တစ်မြို့ကို ခဏချင်းမှာပင် ပျောက်ကွယ်သွားအောင် လုပ်နိုင်ရန်အတွက် မည်မျှအထိ ကြီးမားလှသော စွမ်းအားများ လိုအပ်ပါမည်နည်း။ သန်မာသူတစ်ဦးအနေနှင့် မြို့တစ်မြို့ကို ဖျက်ဆီးပစ်ရန်မှာ မခက်ခဲသော်လည်း၊ မြို့တစ်မြို့လုံးကို မည်သည့်ခြေရာလက်ရာမျှ မကျန်အောင် ပျောက်ကွယ်သွားစေရန်မှာမူ... ကံကြမ္မာနယ်ပယ်က သန်မာသူတစ်ဦးတောင် ဤသို့ လုပ်နိုင်မည် မဟုတ်ပေ။ ချန်လုတျဲ၏ အသိဉာဏ်အကန့်အသတ်အရ ကံကြမ္မာနယ်ပယ်မှာ သူမ နားလည်နိုင်သော အမြင့်ဆုံး အဆင့်ပင် ဖြစ်သည်။

“ဖူး...”

ကျွင်းမော့ရှောင်သည် ပို၍ပင် ရဲရင့်စွာ တိုက်ခိုက်လာသည်။ လျှပ်စီးပမာ လျင်မြန်လှသော ဓားချက်တစ်ခုမှာ အကြီးအကဲကျူး၏ ပုခုံးကို ထိုးဖောက်သွားပြီး သွေးများ ထွက်ပေါ်လာသည်။ အကြီးအကဲကျူးမှာ နာကျင်မှုကြောင့် အော်ဟစ်လိုက်ရင်း လှည့်၍ ထွက်ပြေးတော့သည်။ ကျွင်းမော့ရှောင်က မဆိုင်းမတွ လိုက်လံ တိုက်ခိုက်ရာ နှလုံးခုန်သံ အနည်းငယ်စာအတွင်းမှာပင် အကြီးအကဲကျူးအား မှီသွားပြီး နောက်တစ်ကြိမ် ခုတ်ပိုင်းလိုက်ပြန်သည်။ အကြီးအကဲကျူးက အလျင်အမြန်ပင် သူ၏ဓားနှင့် ခုခံလိုက်သော်လည်း သူ၏လက်မောင်းမှာ ထပ်မံ၍ ဒဏ်ရာ ရသွားပြန်၏။

“မင်း စောင့်နေလိုက်... ငါတို့ မိစ္ဆာအရှင်သခင်ဂိုဏ်းက မင်းကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး...”

အကြီးအကဲကျူးမှာ ဒဏ်ရာ နှစ်ချက် ရသွားပြီး အရှက်တကွဲ ဖြစ်သွားရသဖြင့် သူ၏မျက်နှာမှာ နီမြန်းနေသည်။ သူသည် အင်းစာရွက်တစ်ခုကို ဆွဲထုတ်လိုက်ပြီး သူ၏ခြေထောက်များတွင် ကပ်လိုက်ကာ ရွေ့လျားမှုကျင့်စဉ်ကို ထုတ်ဖော်လိုက်သည့်အခါ ခဏချင်းမှာပင် ပျောက်ကွယ်သွားလေသည်။ ဤသည်မှာ အလွန်မြင့်မားသော အဆင့်ရှိသည့် အမြန်နှုန်းမြှင့် အင်းများ ဖြစ်ကြပြီး အနည်းဆုံး သူ၏အရှိန်ကို နှစ်ဆမျှ မြင့်တက်စေနိုင်စွမ်း ရှိသည်။

“မင်း ကမ္ဘာအဆုံးအထိ ထွက်ပြေးရင်တောင် ငါက လိုက်ဖမ်းမှာပဲ...”

ကျွင်းမော့ရှောင်က လှောင်ပြောင်လိုက်၏။ သူသည် နဂါးနတ်ဘုရား အသွင်ကိုးပါး ကျင့်စဉ်ကို ချက်ချင်း ထုတ်ဖော်လိုက်ပြီး အကြီးအကဲကျူးနောက်သို့ အပြင်းအထန် လိုက်လံ ဖမ်းဆီးလေသည်။

ချန်အိမ်တော် ရင်ပြင်အတွင်း၌...

“အား...”

နတ်ဝိညာဉ်အာရုံနယ်ပယ် အဆင့် ၃ ရှိသော ရှန်မိသားစု ကျင့်ကြံသူတစ်ဦးမှာ စုဝမ်ယီ၏ ဓားချက်တစ်ချက်အောက်မှာပင် အော်ဟစ်လိုက်ရင်း လဲကျသွားသည်။

အကြီးအကဲကျူး ရှုံးနိမ့်ပြီး ထွက်ပြေးသွားခြင်းမှာ ရှန်မိသားစုမှ နတ်ဝိညာဉ်အာရုံနယ်ပယ်က သန်မာသူ ၅ ဦးအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်သွားသည်။ သူတို့၏ စိတ်များ လှုပ်ရှားနေသဖြင့် သူတို့၏ ဓားသိုင်းများမှာလည်း အမှားအယွင်းများ ရှိလာသည်။ စုဝမ်ယီသည် ထိုအခွင့်အရေးကို အသုံးချကာ နတ်ဝိညာဉ်အာရုံနယ်ပယ်က သန်မာသူ ၄ ဦးကို ဆက်တိုက် သတ်ဖြတ်ပစ်လိုက်၏။ နောက်ဆုံးတွင် ရှန်ဝေ တစ်ဦးတည်းသာ ကျန်ရှိတော့သည်။

အခြေအနေမှာ မျှော်လင့်ချက် မရှိတော့သည်ကို သိလိုက်ရသည့်အခါ ရှန်ဝေသည် ဆုတ်ခွာပြီး ထွက်ပြေးရန် ကြိုးစားသည်။ သို့သော်လည်း သူ၏ လှုပ်ရှားမှုကျင့်စဉ်မှာ စုဝမ်ယီ၏ နဂါးနတ်ဘုရား အသွင်ကိုးပါး ကျင့်စဉ်ကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။ လေထဲတွင် နဂါးပုံရိပ်တစ်ခု ပေါ်လာပြီး စူးရှလှသော ဓားအလင်းတန်းတစ်ခုက ရှန်ဝေထံသို့ ကျဆင်းလာသည်။ ရှန်ဝေမှာ နာကျင်စွာ အော်ဟစ်လိုက်ရင်း နေရာမှာတင် သေဆုံးသွားကာ သူ၏ ဦးခေါင်းမှာလည်း ခန္ဓာကိုယ်နှင့် အိုးစားကွဲသွားလေတော့သည်။

စုဝမ်ယီက ရှန်မိသားစုမှ သန်မာသူ ၅ ဦးစလုံးကို သတ်ဖြတ်လိုက်သည်ကို မြင်လိုက်ရသည့်အခါ ချန်လုတျဲမှာ အပြေးအလွှား ရောက်လာပြီး သူမအား စိတ်လှုပ်ရှားစွာ ဖက်လိုက်မိ၏။

“အစ်မစု... ကျေးဇူးအများကြီး တင်ပါတယ်... အစ်မသာ မကယ်ရင် ဒီနေ့ ကျွန်မတို့ ချန်မိသားစုတစ်ခုလုံး သုတ်သင်ခံရတော့မှာ...”

ချန်လုတျဲမှာ ရုတ်တရက် မျက်ရည်များ ကျလာပြီး ရှိုက်ကြီးတငင် ငိုကြွေးနေမိသည်။

“အရာအားလုံး ပြီးသွားပါပြီ... အားလုံး အဆင်ပြေသွားမှာပါ...”

စုဝမ်ယီက ပြုံးလိုက်ရင်း သူ၏ ကျောကို အသာအယာ ပုတ်ပေးလိုက်၏။

ဘိုးဘေးခန်းမအတွင်း၌ ရီယွင်သည် ချန်ချင်းစုန်းအား ကြည့်လိုက်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်း ရှန်မိသားစုဆီကို သွားသင့်တယ်...”

“ဟုတ်ကဲ့ပါ စီနီယာ...”

ချန်ချင်းစုန်းမှာ ပါးနပ်သူတစ်ဦး ဖြစ်သည့်အတွက် သူ ဘာလုပ်ရမည်ကို ချက်ချင်းပင် သဘောပေါက်သွားသည်။ သူသည် စိတ်လှုပ်ရှားစွာနှင့် ဘိုးဘေးခန်းမအတွင်းမှ ထွက်လာခဲ့ပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံသို့ ပျံတက်သွားသည်။

‘နတ်ဝိညာဉ်အာရုံနယ်ပယ်က ကျင့်ကြံသူဖြစ်တဲ့ ရှန်ထင် တစ်ယောက် ကျန်နေသေးတယ်... နောင်ရေးအတွက် ပြဿနာ မရှိအောင် သူ့ကို အမြစ်ပြတ် သုတ်သင်ပစ်ရမယ်... တစ်ချိန်တည်းမှာပဲ ရှန်မိသားစုတစ်ခုလုံးကိုလည်း ထားစရာ မလိုတော့ဘူး... ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ကြားမှာ နက်နဲလှတဲ့ ရန်ငြိုးတွေ ရှိနေခဲ့ပြီ မဟုတ်လား။ တကယ်လို့ သူတို့ကို ချန်ထားမယ်ဆိုရင် ချန်မိသားစုအတွက် တစ်နေ့ကျရင် ဘေးဒုက္ခပေးမယ့် ကျားတစ်ကောင်ကို မွေးထားသလို ဖြစ်နေလိမ့်မယ်။ အခု ငါက နတ်ဝိညာဉ်အာရုံနယ်ပယ် အဆင့် ၃ က သန်မာသူတစ်ယောက် ဖြစ်နေပြီဆိုတော့ ရှန်မိသားစုတစ်ခုလုံးကို ငါတစ်ယောက်တည်းနဲ့ သုတ်သင်ပစ်နိုင်တယ်...’

ရီယွင်သည် လမ်းကြောင်းတစ်ခုဆီသို့ လှမ်းကြည့်လိုက်သည်။ ကုတင်ပေါ်တွင် မျက်နှာဖြူဖျော့နေသော လူငယ်တစ်ဦး လဲလျောင်းနေ၏။ ဤသူမှာ ချန်လုတျဲ၏ အစ်ကို ဖြစ်ပေသည်။ လွန်ခဲ့သော သုံးရက်က သူသည် ရှန်မိသားစုဝင်များ၏ ရိုက်နှက်မှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ခြင်း ဖြစ်သည်။

ရီယွင်သည် ပုလင်းငယ်လေးတစ်ခုကို ထုတ်ယူလိုက်ပြီး အရည်တစ်စက်ကို လောင်းချလိုက်ကာ သူ၏လက်ညှိုးနှင့် တစ်ချက် ညွှန်လိုက်သည့်အခါ ထိုအရည်စက်မှာ ဟင်းလင်းပြင်ကို ဖြတ်သန်းသွားပြီး ချန်ယီကျိုး၏ ပါးစပ်အတွင်းသို့ စိမ့်ဝင်သွား၏။ သတိမေ့မြောနေသော ချန်ယီကျိုးဤ ခန္ဓာကိုယ်သည် ဤ ဆန်းကြယ်လှသော စိမ်းစိုသည့် အရည်များကို ချက်ချင်းပင် အလိုလျောက် စုပ်ယူလိုက်၏။ ခဏချင်းမှာပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ စိမ်းရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားသည်။ ဤအစိမ်းရောင် အလင်းတန်းများမှနေ၍ အားကောင်းလှသော အသက်ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်လိုက်ရာ သူ၏ ပျက်စီးနေသော ကိုယ်တွင်းအင်္ဂါများ၊ သွေးကြောများနှင့် အရိုးများမှာ လျင်မြန်စွာ ပြန်လည် သက်သာလာခဲ့ချေပြီ။ နှလုံးခုန်သံ အနည်းငယ်စာအတွင်းမှာပင် ချန်ယီကျိုး၏ ဒဏ်ရာများမှာ လုံးဝ ပျောက်ကင်းသွားသည်။

သူသည် မျက်လုံးများကို ဖွင့်လိုက်ပြီး ရုတ်တရက် ထထိုင်လိုက်၏။

“ဘာတွေ ဖြစ်သွားတာလဲ... ငါ့ဒဏ်ရာတွေက ဘာလို့ ပျောက်သွားတာလဲ...”

ချန်ယီကျိုးသည် ကုတင်ပေါ်မှနေ၍ မြေပြင်ပေါ်သို့ ခုန်ဆင်းလိုက်ရင်း အံ့ဩတကြီးနှင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေမိသည်။

ရုတ်တရက် သူသည် အပြင်ဘက်က ဆူညံသံများကို ကြားလိုက်ရသဖြင့် အလျင်အမြန် လှမ်းထွက်လာခဲ့၏။ မြေပြင်ပေါ်မှာ လဲကျနေသော အလောင်းများစွာကို သူ တွေ့လိုက်ရပြီး ချန်မိသားစုဝင် အများစုမှာလည်း စုရုံးနေကြသည်ကို တွေ့လိုက်ရသည်။

“အဖေ... ဒါ... ဒါတွေက ဘာတွေလဲ...”

ချန်ယီကျိုးက ချန်ဖုန်း၏ ဘေးသို့ အပြေးအလွှား ရောက်ရှိသွားပြီး တိုးညင်းစွာ မေးမြန်းလိုက်၏။

ချန်ဖုန်းက လှည့်ကြည့်လိုက်ရာ ချန်ယီကျိုးမှာ မည်သည့်ဒဏ်ရာမျှ မရှိဘဲ စိတ်ဓာတ်တက်ကြွစွာနှင့် ရပ်နေသည်ကို မြင်လိုက်ရသည့်အခါ သူ၏မျက်လုံးများမှာ ပြူးကျယ်သွားပြီး တုန်ရင်သော အသံဖြင့် ပြောလိုက်သည်။

“ကျိုးအာ... မင်းရဲ့ ဒဏ်ရာတွေက... အကုန် ပျောက်သွားတာလား...”

အခန်း ၆၉ ပြီးပါပြီ။

All Chapters