အခန်း (၇၀-၇၂)
Vol. 5 Ch. 70-72
အခန်း ၇၀ - နှုတ်ဆက်လက်ဆောင်နှင့် ညီအစ်ကိုကို နှုတ်ဆက်ခြင်း
“အဖေ... ကြည့်ပါအုံး ကျွန်တော့်ဒဏ်ရာတွေ အကုန်ပျောက်သွားပြီ...”
ချန်ယီကျိုးသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း သူ၏မျက်နှာတွင် ဇဝေဇဝါဖြစ်မှုများဖြင့် ပြည့်နှက်နေသည်။ အခုထိ သူ ဘာတွေဖြစ်ပျက်ခဲ့သည်ကို မသိသေးပေ။
ချန်ဖုန်းသည် သူ၏သားကို အံ့ဩတကြီး ကြည့်နေမိသည်။ ယနေ့ဖြစ်ပျက်သမျှ အရာအားလုံးမှာ ယုံကြည်နိုင်စရာ မရှိလောက်အောင်ပင်။ သားဖြစ်သူ၏ ပြင်းထန်သော ဒဏ်ရာများမှာ ခဏချင်းမှာပင် အံ့ဖွယ်နည်းဖြင့် ပျောက်ကင်းသွားသည်။
‘ဒါက ဘာတွေဖြစ်နေတာလဲ… ဝတ်စုံဖြူနဲ့ လူငယ်ရဲ့ လက်ချက်များလား… ဘုရားရေ ဒါက တကယ့်ကို အံ့ဖွယ်ပဲ…’
ချန်ဖုန်းမှာ အလွန်ပင် တုန်လှုပ်နေမိသည်။ သေအံ့ဆဲဆဲ ဖြစ်နေသော လူတစ်ယောက်ကို ချက်ချင်း ပြန်လည်ကျန်းမာလာစေနိုင်သည့် မည်သို့သော နတ်ဘုရားအဆင့် ဆေးဝါးမျိုး ဤလောကတွင် ရှိနေနိုင်မည်ကို သူ စိတ်ကူးပင် မယဉ်နိုင်တော့ပေ။
“အဖေ... မြန်မြန်ပြောပြပါဦး...”
ချန်ဖုန်းမှာ မှင်တက်မိနေသည်ကို မြင်ရသဖြင့် ချန်ယီကျိုးက အလောတကြီး ထပ်မေးလိုက်သည်။
“ဒီလိုကွ...”
ချန်ဖုန်းသည် ရှန်မိသားစု ရောက်ရှိလာပြီးနောက် ဖြစ်ပျက်ခဲ့သမျှကို အမြန်ပြန်ပြောပြသည်။ ထိုစဉ် ချန်လုတျဲက သူမ၏ အစ်ကိုကြီး ရောက်လာသည်ကို သတိထားမိသွားသဖြင့် အနားသို့ ပြေးလာပြီး ဖခင်ဖြစ်သူ ပြောရန်ကျန်ခဲ့သည့် အပိုင်းများကို ဖြည့်စွက်ပြောပြလိုက်၏။
အဖြစ်အပျက်အားလုံးကို နားလည်သွားပြီးနောက် ချန်ယီကျိုးမှာ အလွန်အမင်း ထိတ်လန့်သွားသည်။ ရှန်မိသားစုမှ နတ်ဝိညာဉ်အာရုံနယ်ပယ်က သန်မာသူ ၆ ဦးအနက် တစ်ဦးမှာ ထွက်ပြေးသွားပြီး ၅ ဦးမှာမူ သူတို့ ချန်အိမ်တော်၌ သေဆုံးသွားသည်။ ရှန်မိသားစု ခေါင်းဆောင် ရှန်ဝေလည်း သေဆုံးသွားသည်။ ထို့ပြင် မိစ္ဆာအရှင်သခင်ဂိုဏ်းမှ ကောင်းကင်တံတားနယ်ပယ် သန်မာသူမှာလည်း လူငယ်တစ်ဦး၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရကာ ထွက်ပြေးသွားသည်။ ဤအရာအားလုံးမှာ အိပ်မက်တစ်ခုပမာပင်။
ထိုစဉ် ကောင်းကင်ယံမှ ပုံရိပ်တစ်ခု ဆင်းသက်လာသည်။ ပြန်ရောက်လာသူမှာ ချန်ချင်းစုန်း ဖြစ်သည်။ သူသည် ရှန်မိသားစုဝင်များကို အလွယ်တကူ သုတ်သင်ခဲ့ပြီးနောက် လျင်မြန်စွာ ပြန်လာခြင်း ဖြစ်သည်။
“ဦးလေး... ဦးလေးရဲ့ ကျင့်ကြံမှုကလည်း... ဘယ်လိုလုပ်ပြီး ပြန်ကောင်းလာတာလဲ...”
ချန်ဖုန်းသည် သူ၏ဦးလေး ချန်ချင်းစုန်းကို မျက်လုံးအပြူးသားဖြင့် အံ့ဩတကြီး စိုက်ကြည့်နေမိ၏။ ရောက်ရှိနေသော ချန်မိသားစုဝင် အားလုံးသည်လည်း ချန်ချင်းစုန်းကို မြင်သည့်အခါ အလားတူပင် အံ့ဩနေကြသည်။ သူတို့၏ ဦးလေးမှာ ကျင့်ကြံရင်း စိတ်ချောက်ချားသွားသဖြင့် ဆယ်စုနှစ်ပေါင်းများစွာ သာမန်လူတစ်ယောက်ကဲ့သို့ နေထိုင်ခဲ့ရသူ မဟုတ်ပါလား။ ဘယ်လိုလုပ်ပြီး ခေတ္တမျှအတွင်းမှာ နတ်ဝိညာဉ်အာရုံနယ်ပယ် အဆင့် ၃ သို့ ရုတ်တရက် ရောက်ရှိသွားရသနည်း။
မိသားစုဝင်များ၏ အံ့ဩနေသော အကြည့်များကို မြင်ရသည့်အခါ ချန်ချင်းစုန်းက အသာအယာ ပြုံးလိုက်ရင်း လမ်းလျှောက်လာသည်။
“ငါတို့ ချန်မိသားစုကို ကယ်တင်ပေးခဲ့တဲ့ စီနီယာက ငါ့ကို ကူညီပေးလိုက်တာပါ...”
သူက ပြုံးလျက် ပြောလိုက်သည်။ ချန်ဖုန်းသည်လည်း ချက်ချင်းပင် နားလည်သွားပြီး ဝမ်းသာအားရနှင့် မျက်ရည်ကျမိသည်။ ချန်ယီကျိုးကမူ ဇဝေဇဝါ ဖြစ်နေဆဲပင်။ သူသည် ချန်ချင်းစုန်း၏ လက်အင်္ကျီကို ဆွဲကိုင်ကာ အတင်းမေးမြန်းလိုက်သည်။
“အဖိုးလေး... ဘာတွေဖြစ်ခဲ့တာလဲ... ပြောပါအုံး...”
ချန်ချင်းစုန်းက ပြုံးလျက် ခေါင်းခါပြလိုက်သည်။
‘စီနီယာရဲ့ အထောက်အထားက အရမ်းကို အရေးကြီးတယ်... ဒီအကြောင်းကို ငါနဲ့ပဲ အဆုံးသတ်ထားတာ ပိုကောင်းလိမ့်မယ်ထင်တယ်...’
ထိုအခိုက်အတန့်တွင် ရီယွင်သည် အထဲမှ ဖြည်းညင်းစွာ လှမ်းထွက်လာသည်။
“ဘိုးဘေးကြီး...”
စုဝမ်ယီသည် နက်ရှိုင်းသော ခုနစ်စဉ်ကြယ်ဓားကို အမြန်သိမ်းလိုက်ပြီး ရိုသေစွာ လျှောက်လှမ်းလာကာ ဦးညွှတ်လိုက်၏။ ရီယွင်က ခေါင်းညိတ်ပြလိုက်သည်။
“စီနီယာ... ထွက်လာပြီလား...”
ချန်ချင်းစုန်းသည်လည်း အလျင်အမြန် လျှောက်လာပြီး ရိုသေစွာ ဦးညွှတ်လိုက်သည်။ ရီယွင်က ပြုံးလိုက်ရင်း မြေပြင်ကို သူ၏လက်နှင့် အသာအယာ ထိတွေ့လိုက်သည်။ ဝါဂွမ်းရောင် အလင်းတန်းတစ်ခုမှာ ရုတ်တရက် ထွက်ပေါ်လာပြီး ချန်အိမ်တော်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ခမ်းနားလှသော အကာအကွယ် အစီအရင်တစ်ခုမှာ မျက်တောင်တစ်ခတ်အတွင်း ဖြစ်တည်လာသည်။
ရီယွင်သည် အစီရင်ထိန်းချုပ်သည့် တံဆိပ်ပြားတစ်ခုကို ထုတ်ယူကာ ချန်ချင်းစုန်းအား ကမ်းပေးလိုက်ရင်း ပြုံးလျက် ပြောလိုက်သည်။
“ဒါကို သေချာသိမ်းထားပါ... ဒီအကာကွယ် အစီရင်ကို ကံကြမ္မာနယ်ပယ်အောက်က ဘယ်သူမှ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး...”
“စီနီယာ့ကို ကျေးဇူးအများကြီး တင်ပါတယ်...”
ချန်ချင်းစုန်းသည် အစီရင်ထိန်းချုပ်သည့် တံဆိပ်ပြားကို ယူလိုက်ရင်း အလွန်ပင် စိတ်လှုပ်ရှားသွားသဖြင့် ဘုန်းခနဲ အသံနှင့်အတူ မြေပြင်ပေါ်၌ ဒူးထောက်လိုက်မိ၏။
“ကျွန်တော်တို့ ချန်မိသားစုကို အသက်ဆက်ပေးခဲ့တဲ့အတွက် စီနီယာ့ကို ကျေးဇူးတင်ပါတယ်...”
မိသားစုခေါင်းဆောင် ဖြစ်သည့်အတိုင်း ချန်ဖုန်းသည်လည်း စိတ်လှုပ်ရှားစွာနှင့် ဒူးထောက်လိုက်သည်။ သူ၏နောက်တွင် ချန်မိသားစုဝင် အားလုံးလည်း ဒူးထောက်လိုက်ကြ၏။ ချန်မိသားစုဝင်များ ယခုအခါ နားလည်သွားကြသည်။ ယနေ့ ကျရောက်လာသော ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့ခြင်းမှာ နတ်ဘုရားတစ်ပါးကဲ့သို့ ဝတ်စုံဖြူနှင့် လူငယ်ကြောင့်သာ ဖြစ်သည်။
“မင်းတို့ ချန်မိသားစုရဲ့ ယွမ်ရန်ခန္ဓာကိုယ်လွှမ်းမိုးခြင်းကျင့်စဉ်က ယွမ်ရန်ကျောက်တုံးတွေ မရှိရင် အောင်မြင်အောင် ကျင့်ကြံနိုင်ဖို့က လုံးဝ မဖြစ်နိုင်သလောက်ပဲ...”
ရုတ်တရက် ရီယွင်သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရင်း ကောင်းကင်ယံသို့ လက်ညှိုးနှင့် တစ်ချက် ညွှန်လိုက်သည်။ ချက်ချင်းပင် အပြာရောင် ဝဲဂယက်တစ်ခု ပေါ်လာပြီး အားကောင်းလှသော ဟင်းလင်းပြင် တုန်ခါမှုများ ဖြစ်ပေါ်လာသည်။
“ဒါက ဘာလဲ...”
ချန်ချင်းစုန်းသည် ထိုဝဲဂယက်ကို စိုက်ကြည့်နေမိပြီး သူ၏နှလုံးသားမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ရင်လာသည်။
‘ဒါက လျှို့ဝှက်နယ်မြေ တစ်ခုများလား။ စီနီယာက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့ လျှို့ဝှက်နယ်မြေ တစ်ခုကို ဖန်တီးလိုက်တာလား... ဒါက တကယ်ကို မယုံနိုင်စရာပဲ’
ရီယွင်သည် သူ၏လက်ကောက်ဝတ်ကို ထိတွေ့လိုက်ပြီးနောက် လက်ညှိုးနှင့် တစ်ချက် ခါလိုက်သည်။ နီမြန်းသော အလင်းတန်းတစ်ခုမှာ အပြာရောင် ဝဲဂယက်အတွင်းသို့ စီးဝင်သွားသည်။ သူက ဖြည်းညင်းစွာ ပြောလိုက်၏။
“ဒါက လျှို့ဝှက်နယ်မြေ အသေးစားလေး တစ်ခုပါ... ချန်မိသားစု သွေးဗီဇ ရှိသူတွေပဲ ဝင်လို့ ရလိမ့်မယ်... အထဲမှာ ရှိတဲ့ ယွမ်ရန်ကျောက်တုံးတွေက မင်းတို့ ကျင့်ကြံဖို့အတွက် လုံလောက်ပါလိမ့်မယ်...”
“စီနီယာ့ကို ကျေးဇူးတင်ပါတယ်...”
ထိုအခိုက်အတန့်တွင် ချန်ချင်းစုန်းမှာ မအောင့်နိုင်တော့ဘဲ မျက်ရည်များ စီးကျလာသည်။ လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းထက်က ညီအစ်ကိုသံယောဇဉ်ကြောင့်သာ စီနီယာသည် ချန်မိသားစု မျိုးဆက်များဖြစ်သော သူတို့အပေါ်တွင် ဤမျှအထိ နက်နဲလှသော မေတ္တာတရားဖြင့် စောင့်ရှောက်ပေးနေခြင်း ဖြစ်သည်။ အကာအကွယ်အစီရင်ကို တည်ဆောက်ပေးရုံတင်မကဘဲ လျှို့ဝှက်နယ်မြေ တစ်ခုကိုပါ ဖန်တီးပေးပြီး ယွမ်ရန်ကျောက်တုံး မြောက်များစွာကို ထည့်သွင်းပေးလိုက်ခြင်းဖြင့် ချန်မိသားစု၏ နှစ်ပေါင်းများစွာ မဖြေရှင်းနိုင်ခဲ့သော ပြဿနာကို ဖြေရှင်းပေးလိုက်သည်။ ဤကျေးဇူးတရားမှာ ခန္ဓာကိုယ် မြေမှုံ့ဖြစ်သွားလျှင်တောင် ပြန်ဆပ်နိုင်မည် မဟုတ်ပေ။
ချန်ချင်းစုန်း၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေသကဲ့သို့ ချန်လုတျဲ၊ ချန်ယီကျိုးနှင့် အခြားသော ချန်မိသားစု မျိုးဆက်သစ်များ အားလုံးလည်း ငိုကြွေးနေကြသည်။ သူတို့၏ နှလုံးသားထဲတွင် နက်နဲလှသော ကျေးဇူးတရားနှင့် စိတ်လှုပ်ရှားမှုများ ဖုံးလွှမ်းနေသည်။
ထိုအချိန်တွင် ချန်အိမ်တော် အပြင်ဘက်က အနက်ရောင် ရထားလုံးအတွင်း၌ ကြောင်နက်ကြီးက သက်ပြင်းချလိုက်ရင်း မျက်ရည်ဝဲလျက် ပြောလိုက်သည်။
“တကယ်ကို စိတ်ထိခိုက်စရာပဲ... သခင်ကြီးက တကယ့်ကို ကြင်နာတတ်လွန်းပါတယ်...”
မြင်းနက်ကြီးသည်လည်း မျက်ရည်များ ကျနေရင်းက ပြုံးလျက် ပြောလိုက်၏။
“သခင်ကြီးရဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သိန်းက သူငယ်ချင်းဟာ အခုတော့ မြေအောက်ကမ္ဘာမှာ စိတ်အေးလက်အေးနဲ့ ပြုံးနေနိုင်ပါပြီ...”
...
ရီယွင်၏ မျက်နှာမှာ တည်ငြိမ်နေပြီး အရာအားလုံးကို သတိမထားမိသကဲ့သို့ ရှိနေသည်။ သူက အေးဆေးစွာ ပြောလိုက်၏။
“ဒီလျှို့ဝှက်နယ်မြေက ငါးနှစ်မှာ တစ်ကြိမ် ပွင့်လိမ့်မယ်... ပွင့်တဲ့အချိန်တိုင်းမှာ တစ်လ ကြာလိမ့်မယ်... မင်းတို့အနေနဲ့ အဲ့ဒီအချိန်အတွင်းမှာ ယွမ်ရန်ကျောက်တုံးတွေကို တတ်နိုင်သမျှ တူးဖော်ရမယ်...”
“ဟုတ်ကဲ့ပါ စီနီယာ... ကျွန်တော်တို့ သေချာ မှတ်သားထားပါ့မယ်...”
ချန်ချင်းစုန်းက ကျေးဇူးတင်စွာဖြင့် အလျင်အမြန် ပြန်ပြောလိုက်သည်။
“ကောင်းပြီ... ငါတို့ သွားသင့်ပြီ...”
ရီယွင်သည် စုဝမ်ယီအား တစ်ချက် ကြည့်လိုက်ပြီးနောက် လှည့်ထွက်ကာ တံခါးဆီသို့ လျှောက်လှမ်းသွားသည်။ သူသည် ကိုယ်ယောင်ဖျောက်မသွားဘဲ အလွန်ပင် ဖြည်းညင်းစွာ လှမ်းသွားခြင်း ဖြစ်သည်။
ခြေလှမ်းတစ်လှမ်း...။
ခြေလှမ်းနှစ်လှမ်း...။
ခြေလှမ်းသုံးလှမ်း...
သူသည် သူ၏သူငယ်ချင်းဟောင်း ချန်ယွိချွန်းအား ဤနည်းဖြင့် နောက်ဆုံးနှုတ်ဆက်ခြင်းကို ပြုလုပ်နေပုံရသည်။
စုဝမ်ယီသည် ဘိုးဘေးကြီး၏ နောက်မှနေ၍ အနီးကပ် လိုက်ပါလာသည်။ တံခါးဝသို့ ရောက်သည့်အခါ သူသည် ချန်လုတျဲအား လက်ဝှေ့ယမ်းပြလိုက်၏။ သူမ၏ နှုတ်ခမ်းများမှာ ‘နှုတ်ဆက်ပါတယ်’ ဟူသော ပုံစံဖြင့် လှုပ်ရှားသွားသည်။
အနက်ရောင် ရထားလုံးသည် ချန်အိမ်တော်၏ အဝင်ဝမှနေ၍ ဖြည်းညင်းစွာ ထွက်ခွာသွားသည်။ သို့သော်လည်း မီတာတစ်ရာခန့် ရောက်သည့်အခါ ၎င်းမှာ အဝေးတစ်နေရာသို့ ရုတ်တရက် ပျောက်ကွယ်သွားလေသည်။
“စီနီယာ ထွက်သွားပြီ...”
ချန်ချင်းစုန်းက သူ၏မျက်ဝန်းထောင့်က မျက်ရည်များကို သုတ်လိုက်ရင်း မတ်တပ်ရပ်လိုက်သည်။
“အစ်မစု...”
ချန်လုတျဲမှာ စုဝမ်ယီ ထွက်သွားသည်ကို ကြည့်ရင်း ဝမ်းနည်းမှုများကြောင့် မျက်ရည်များ အဆက်မပြတ် ကျနေဆဲ ဖြစ်သည်။
“ဦးလေး... အဲ့ဒီစီနီယာက ဘယ်သူလဲဟင်...”
ချန်ဖုန်းက အနားသို့ တိုးကပ်လာပြီး စပ်စုချင်စိတ်နှင့် မေးမြန်းလိုက်သည်။
“မမေးပါနဲ့... စီနီယာရဲ့ အထောက်အထားကို ငါတို့ ခန့်မှန်းလို့ မရဘူး...”
ချန်ချင်းစုန်းက ပြောလိုက်ပြီးနောက် သူ၏မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလျက် အထက်က လျှို့ဝှက်နယ်မြေ၏ အဝင်ဝကို လှမ်းကြည့်လိုက်၏။
“လျှို့ဝှက်နယ်မြေရဲ့ အဝင်ဝက အခု ပွင့်နေပြီ... ငါတို့အနေနဲ့ ယွမ်ရန်ကျောက်တုံးတွေကို တူးဖို့ အချိန်ကို အကျိုးရှိရှိ အသုံးချရမယ်... ချန်မိသားစုဝင် အားလုံး ချက်ချင်း ဝင်ကြစမ်း...”
သူသည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရင်း အမိန့်ပေးလိုက်သည်။ ချန်မိသားစုဝင် အားလုံးသည် တစ်ဦးပြီးတစ်ဦး ကောင်းကင်ယံသို့ ပျံတက်သွားကြပြီး အပြာရောင် ဝဲဂယက်အတွင်းသို့ ဝင်ရောက်သွားကြ၏။
သူတို့၏ မျက်စိရှေ့တွင် အလင်းတန်းများ လက်သွားသည်။ သူတို့၏ အမြင်အာရုံ ပြန်လည်ကြည်လင်လာပြီး မြေပြင်ပေါ်သို့ ခြေချလိုက်သည့်အခါ သူတို့ရှေ့က မြင်ကွင်းကြောင့် မှင်တက်မိသွားကြရသည်။
ဤသည်မှာ လျှို့ဝှက်နယ်မြေ အသေးစားလေး တစ်ခု ဖြစ်သည်။ ချီစွမ်းအင်များမှာ ကြွယ်ဝလှပြီး မြက်ခင်းများမှာလည်း စိမ်းစိုနေကာ အနားတွင် မြစ်တစ်စင်းမှာ စီးဆင်းနေသည်။ အဝေးတစ်နေရာတွင်မူ မိုင်ပေါင်းများစွာ ရှည်လျားလှသော တောင်တန်းကြီးတစ်ခုမှာ အံ့ဩစရာကောင်းသော မီးဓာတ်အရှိန်အဝါများကို ထုတ်လွှတ်နေသည်။
ပုံရိပ်တစ်ခု ဖျတ်ခနဲ လက်သွားပြီး ချန်ချင်းစုန်းသည် ထိုနီမြန်းသော တောင်တန်းကြီး၏ အနားသို့ ပထမဆုံး ရောက်ရှိသွားသည်။ သူသည် တောင်စောင်းကို ထိတွေ့လိုက်ပြီး ထူးခြားလှသော အရှိန်အဝါကို ခံစားမိလိုက်သည့်အခါ ရုတ်တရက် ဒူးထောက်လိုက်ပြီး ဝမ်းနည်းပက်လက်နှင့် ငိုကြွေးလေတော့သည်။
သူ၏ ငိုကြွေးသံကို ကြားရသည့်အခါ ချန်မိသားစုဝင် အားလုံး အနားသို့ အပြေးအလွှား ရောက်လာကြသည်။ သူတို့သည် တောင်တန်းကြီးကို သေသေချာချာ အကဲခတ်လိုက်သည့်အခါ လူတိုင်း၏ မျက်နှာပေါ်တွင် အံ့ဩမှုများ ဖုံးလွှမ်းသွားခဲ့၏။
ဤတောင်တန်းကြီးတစ်ခုလုံးမှာ ယွမ်ရန်ကျောက်တုံးများဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။
“စီနီယာက... သူက ငါတို့ကို တောင်တန်းကြီးတစ်ခုလုံး ပေးခဲ့တာပဲ...”
ချန်ချင်းစုန်းသည် ငိုလိုက် ရယ်လိုက်နှင့် ဖြစ်နေပြီး စိတ်လွတ်နေသူတစ်ဦးနှင့် တူလှပေသည်။
ထိုအခိုက်အတန့်တွင် ချန်မိသားစုဝင် အားလုံးသည် ဒူးထောက်လိုက်ကြပြီး နီမြန်းသော တောင်တန်းကြီး၏ရှေ့တွင် ရိုသေစွာ ဦးတိုက်ကာ သုံးကြိမ်တိုင်တိုင် ဦးညွှတ်လိုက်ကြလေတော့သည်။
ဤယွမ်ရန်ကျောက်တုံး တောင်တန်းကြီးနှင့်ဆိုလျှင် သူတို့၏ ချန်မိသားစုသည် လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းထက်က ဘိုးဘေးများ၏ ဂုဏ်သိက္ခာကို ပြန်လည် ရယူနိုင်တော့မည် ဖြစ်ပေသည်။
အခန်း ၇၀ ပြီးပါပြီ။
အခန်း ၇၁ - အင်ပါယာဂိုဏ်းနှင့် မိစ္ဆာဂိုဏ်း
ယွင်မုန်တောင်တန်းသည် ရှန်ဖုန်းမင်းဆက်၏ အနောက်ဘက်ဒေသတွင် တည်ရှိပြီး ရွှမ်းယန်ခရိုင်နှင့် မိုင်ပေါင်းထောင်ချီ၍ ဝေးကွာလှ၏။ ထိုတောင်တန်းကြီးမှာ အဆုံးအစမရှိ ရှည်လျားလှကာ တောင်တန်းများအကြား၌ သဘာဝအလျောက် ဖြစ်တည်နေသည့် အိုင်ကြီးအိုင်ငယ်ပေါင်း တစ်ထောင်ကျော် ခိုအောင်းနေကြလေသည်။ မြင့်မားလှသော ကောင်းကင်ယံမှနေ၍ အောက်ဘက်သို့ ငုံ့ကြည့်လိုက်လျှင် ထိုအိုင်များမှာ မြင့်မားမတ်စောက်သည့် တောင်တန်းကြီးများအကြား မြှုပ်နှံထားသည့် မြစိမ်းရောင် ရတနာအပိုင်းအစများပမာ တင့်တယ်လျက် ရှိနေပေသည်။
“မြန်မြန်... အစီရင်ကို အသက်သွင်းလိုက်စမ်း... သူ့ကို လွတ်မသွားစေနဲ့...”
ကျယ်လောင်သော ဟစ်အော်သံတစ်ခုနှင့်အတူ တောင်ထိပ်ပေါ်ရှိ သဘာဝအိုင်ကြီးအတွင်းမှနေ၍ တောက်ပသော အလင်းတန်းများ ရုတ်တရက် မြင့်တက်လာပြီး အိုင်တစ်ခုလုံးကို လွှမ်းခြုံထားသည့် ဖောက်ထွင်းမြင်ရသော အကာအကွယ်တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
“ဝုန်း...”
လှိုင်းများ ထနေသည့် အိုင်ရေပြင်အတွင်းမှနေ၍ အရောင်အသွေး စုံလင်လှသော ဧရာမ ပုံရိပ်ကြီးတစ်ခု ဝုန်းခနဲ ခုန်ထွက်လာပြီး ရွှေရောင်ဖျော့ဖျော့ အကာအကွယ်အတားအဆီးနှင့် ပြင်းထန်စွာ တိုက်မိကာ အောက်သို့ ပြန်လည် ပြုတ်ကျသွား၏။
“ဟဲဟဲ... အစီရင်ကြီးကို အသက်သွင်းပြီးပြီဆိုတော့ ဒီငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးက ဘယ်မှ ပြေးလို့မရတော့ဘူး... ညီလေးတို့... ငါတို့တွေ ပိတ်မိနေတဲ့ ငါးကို အေးအေးဆေးဆေး ဖမ်းကြတာပေါ့...”
အိုင်ကို ဝိုင်းရံထားကြသူများမှာ ဝတ်စုံနက်နှင့် လူငယ်ရှစ်ဦး ဖြစ်ကြပေသည်။ ထိုသူတို့မှာ ခန့်ညားထည်ဝါပြီး အားကောင်းလှသော အရှိန်အဝါများကို ပိုင်ဆိုင်ထားကြ၏။ လူတိုင်းမှာ ကောင်းကင်တံတားနယ်ပယ်သို့ ရောက်ရှိနေကြသူများ ဖြစ်ကြပြီး အမြင့်ဆုံး ကျင့်ကြံမှုရှိသူမှာ အဆင့် ၅ အထိ ရှိကာ အနိမ့်ဆုံးသူပင်လျှင် အဆင့် ၁ ၌ ရှိနေလေသည်။ သူတို့၏ ဝတ်စုံနက်များမှာ အနည်းငယ် ထူးခြားလှပြီး ကျောဘက်တွင် ‘ယွီ’ နှင့် ‘မော့’ ဟူသော သွေးနီရောင် စာလုံးကြီးနှစ်လုံးကို ပန်းထိုးထား၏။ ‘ယွီ’ စာလုံးမှာ အနည်းငယ် သေးငယ်သော်လည်း ‘မော့’ စာလုံးမှာမူ အလွန်ပင် ကြီးမားလှပေသည်။
အကယ်၍ ဤနေရာတွင် ရှန်ဖုန်းမင်းဆက်မှ ကျင့်ကြံသူများ ရှိနေမည်ဆိုလျှင် ဤလူငယ်များမှာ မိစ္ဆာအရှင်သခင်ဂိုဏ်း၏ ‘မိစ္ဆာဂိုဏ်း’ မှ ဖြစ်ကြောင်း ချက်ချင်း သိနိုင်ပေလိမ့်မည်။ မိစ္ဆာအရှင်သခင်ဂိုဏ်းကို အင်ပါယာဂိုဏ်းနှင့် မိစ္ဆာဂိုဏ်းဟူ၍ ဂိုဏ်းခွဲနှစ်ခု ခွဲခြားထား၏။ အင်ပါယာဂိုဏ်းတွင် အဖွဲ့ဝင်နည်းပါးပြီး အင်အား အနည်းငယ် အားနည်းသည်။ ဆန့်ကျင်ဘက်အနေနှင့် မိစ္ဆာဂိုဏ်းမှာမူ အဖွဲ့ဝင် မြောက်များစွာရှိသည့်အပြင် တိုက်ခိုက်ရေးစွမ်းရည်မှာလည်း ထူးခြားပြောင်မြောက်လှ၏။ သွေးဆာသော လူသတ်သမားများအဖြစ် ကျော်ကြားလှသဖြင့် ရှန်ဖုန်းမင်းဆက် တစ်ခုလုံးကို တုန်လှုပ်စေသည့် အမည်နာမတစ်ခုလည်း ဖြစ်ပေသည်။ ထို့ကြောင့် သာမန်ကျင့်ကြံသူများသည် မလိုလားအပ်သော ဘေးအန္တရာယ်များကို ရှောင်ရှားနိုင်ရန် မိစ္ဆာဂိုဏ်းသားများနှင့် တွေ့ဆုံသည့်အခါတိုင်း အဝေးကနေ ရှောင်ကွင်းသွားလေ့ ရှိကြကုန်၏။
“ဂိုဏ်းတူ ညီအစ်ကိုတို့...”
ပုံရိပ်နက်တစ်ခုမှာ ဟင်းလင်းပြင်ကို ဖြတ်သန်း၍ လျင်မြန်စွာ ပျံသန်းလာရင်း ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။ လှုပ်ရှားရန် ပြင်ဆင်နေသည့် လူငယ်တစ်စုမှာ ရုတ်တရက် ရပ်တန့်သွားကြပြီး အထက်သို့ မော့ကြည့်လိုက်ကြ၏။ သူတို့သည် ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် စိုရွှဲနေသော လူအိုကြီးတစ်ဦး ကောင်းကင်ယံမှ ဆင်းသက်လာသည်ကို မြင်တွေ့လိုက်ရလေသည်။
“ဟင်... ဒါက အင်ပါယာဂိုဏ်းက တာဝန်ခံအကြီးအကဲ မဟုတ်လား...”
အသက် ၂၄၊ ၂၅ နှစ်ခန့်ရှိသော ခေါင်းဆောင်လူငယ်က အကြီးအကဲကျူး ဆင်းသက်လာသည်ကို ကြည့်ရင်း သူ၏မျက်လုံးများကို မှေးကျဉ်းလိုက်၏။ မိစ္ဆာဂိုဏ်းသားများသည် အင်ပါယာဂိုဏ်း၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်ပင် ပျော့ညံ့သည်ဟု ယူဆထားကြသဖြင့် သူတို့ကို အမြဲတမ်း အထင်သေးလေ့ ရှိကြသည်။
“အကြီးအကဲကျူး... ခင်ဗျားမှာ ဒဏ်ရာတွေ ဗလပွနဲ့ပါလား... အစွမ်းထက်တဲ့ မိစ္ဆာသားရဲတစ်ကောင်နဲ့ တွေ့ခဲ့လို့လား...”
ခေါင်းဆောင်လူငယ်က အေးစက်သော မျက်နှာထားနှင့် မေးမြန်းလိုက်၏။
“ငါ့ကို ကောင်းကင်တံတားနယ်ပယ်က ကျင့်ကြံသူတစ်ယောက်က လိုက်လံ တိုက်ခိုက်နေလို့ပါ... ငါတို့က ဂိုဏ်းတူတွေ ဖြစ်တာကြောင့် ငါ့ကို ကူညီပေးကြပါဦး... တောင်းပန်ပါတယ်...”
အကြီးအကဲကျူး၏ အိုမင်းနေသော မျက်နှာမှာ နီမြန်းသွားပြီးနောက် လက်သီးလက်ဝါးဆုပ်ကာ ဂါရဝပြုလိုက်၏။ သူ၏ အမူအရာမှာ အလွန်ပင် အားကိုးတကြီး ဖြစ်နေ၏။
သူသည် အင်ပါယာဂိုဏ်း၏ တာဝန်ခံအကြီးအကဲမျှသာ ဖြစ်သဖြင့် မိစ္ဆာဂိုဏ်းမှ ပါရမီရှင်တပည့်များ၏ အမြင်တွင် မည်သည့် အရာမှ မဟုတ်ပေ။ မိစ္ဆာဂိုဏ်းမှ ပါရမီရှင်တပည့်များသည် မောက်မာလှသဖြင့် မိမိတို့ စိတ်အလိုကျသာ လုပ်ဆောင်လေ့ရှိကြပြီး စည်းမဲ့ကမ်းမဲ့နှင့် ရန်လိုတတ်ကြသူများ ဖြစ်ကြ၏။ အကယ်၍ အင်ပါယာဂိုဏ်းမှ တပည့်တစ်ဦးက သူတို့ကို ရန်စမိမည်ဆိုပါက နေရာမှာတင် မညှာမတာ သုတ်သင်ပစ်ရန် ဝန်မလေးကြပေ။
သို့သော်လည်း ယခုအခါ အကြီးအကဲကျူးတွင် အခြားရွေးချယ်စရာ မရှိတော့ပေ။ သူ၏ အမြန်နှုန်းမြှင့်အင်းမှ စွမ်းအင်များမှာ ကုန်ဆုံးသွားပြီဖြစ်သလို နောက်ကွယ်မှ ကြောက်စရာကောင်းသော လူငယ်မှာလည်း အပြင်းအထန် လိုက်လံ ဖမ်းဆီးနေဆဲ ဖြစ်၏။ အကယ်၍သာ ဤမိစ္ဆာဂိုဏ်းတပည့်များက မကူညီကြလျှင် သူသည် ထိုလူငယ်၏လက်မှ သေချာပေါက် လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။
“ထူးဆန်းလိုက်တာ... ရှန်ဖုန်းမင်းဆက်ထဲမှာ ငါတို့ မိစ္ဆာအရှင်သခင်ဂိုဏ်းက လူတွေကို ဘယ်သူက တိုက်ခိုက်ရဲတာလဲ...”
ခေါင်းဆောင်လူငယ်က သူ၏မေးစေ့ကို ပွတ်သပ်လိုက်ရင်း သူ၏နှုတ်ခမ်းပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာလေသည်။
“သူ့ရဲ့ ကျင့်ကြံမှုအဆင့်က ဘာလဲ... ခင်ဗျားထက် ဘယ်နှဆင့်တောင် မြင့်နေလို့လဲ...”
သူက မေးခွန်းထုတ်လိုက်၏။
“အဲ့ဒါကတော့...”
အကြီးအကဲကျူးမှာ တုံ့ဆိုင်းသွားရလေသည်။
“အကြီးအကဲကျူး... ခင်ဗျားကတော့ အချိန်ဆွဲနေတာပဲ... တကယ်လို့ ခင်ဗျားက ကျုပ်တို့ရဲ့ အကူအညီကို တကယ် လိုချင်တာဆိုရင် အမှန်အတိုင်း ပြောစမ်းပါ...”
ခေါင်းဆောင်လူငယ်က စူးစိုက်ကြည့်လိုက်ရာ သူ၏မျက်ဝန်းများအတွင်း၌ ရက်စက်မှုများ လက်သွားပြီး သူ၏ဓားနှင့် အကြီးအကဲကျူး၏ ရင်ဘတ်ကို ရုတ်တရက် ချိန်ရွယ်လိုက်၏။ သူ၏ အမူအရာမှာ ခက်ထန်နေပြီး လူသတ်လိုသည့် အရှိန်အဝါများမှာလည်း ဖုံးလွှမ်းနေလေရာ ဤ အင်ပါယာဂိုဏ်းမှ အကြီးအကဲကျူးမှာ သူနှင့် ဂိုဏ်းတူ တစ်ဦးပင် မဟုတ်သကဲ့သို့ ရှိနေတော့သည်။
အကြီးအကဲကျူးမှာ တုန်လှုပ်သွားရ၏။ ခဏချင်းမှာပင် သူ၏ကျောပြင်၌ ချွေးအေးများ စိုရွှဲသွားလေသည်။ မိစ္ဆာအရှင်သခင်ဂိုဏ်း၏ သမိုင်းကြောင်းတွင် မိစ္ဆာဂိုဏ်းမှ လူများက အင်ပါယာဂိုဏ်းသားများကို သတ်ဖြတ်ခြင်းမှာ အထူးအဆန်း မဟုတ်ပေ။
“အဲ့ဒါ... အဲ့ဒါက လူငယ်ကျင့်ကြံသူတစ်ယောက်ပါ... ကောင်းကင်တံတားနယ်ပယ် အဆင့် ၁ ပဲ ရှိပါသေးတယ်...”
အကြီးအကဲကျူးက ထစ်ထစ်ငေါ့ငေါ့နှင့် ပြောလိုက်ရ၏။
“ဟားဟားဟား... ကောင်းကင်တံတားနယ်ပယ် အဆင့် ၁ ဟုတ်လား... အကြီးအကဲကျူး... ခင်ဗျားတို့ အင်ပါယာဂိုဏ်းကတော့ တကယ်ကို ရှက်ဖို့ကောင်းတာပဲ...”
လူငယ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ဓားပြားဖြင့် အကြီးအကဲကျူး၏ မျက်နှာကို ခပ်ပြင်းပြင်း ရိုက်နှက်လိုက်ရာ ဖြောင်းခနဲ အသံ ထွက်ပေါ်လာလေသည်။
မိစ္ဆာဂိုဏ်းမှ အခြားသော လူငယ်များလည်း လိုက်၍ ရယ်မောကြကုန်၏။ အင်ပါယာဂိုဏ်းသားများမှာ အမှန်တကယ်ပင် အားနည်းလွန်းလှပေသည်။ ကောင်းကင်တံတားနယ်ပယ် အဆင့် ၁ ရှိသော လူငယ်လေးတစ်ဦး၏ လိုက်ဖမ်းခြင်းကို ခံရကာ ဤမျှအထိ အရှက်ရစရာကောင်းသော အခြေအနေသို့ ရောက်ရှိသွားခြင်းမှာ တကယ်ကို ရယ်စရာကောင်းလှပေသည်။
လူတိုင်း ရယ်မောနေကြစဉ်မှာပင် ပုံရိပ်ယောင် နဂါးပုံရိပ်တစ်ခုမှာ အဝေးမှနေ၍ ရုတ်တရက် ရောက်ရှိလာပြီး သူတို့ရှေ့တွင် ဆင်းသက်လိုက်လေသည်။ နဂါးပုံရိပ်မှာ ပျောက်ကွယ်သွားပြီးနောက် အသက် ၁၄ သို့မဟုတ် ၁၅ နှစ်ခန့်ရှိသော ခန့်ညားသည့် လူငယ်တစ်ဦးအဖြစ် ပြောင်းလဲသွား၏။
“အိုး... သူက တကယ်ပဲ ကောင်းကင်တံတားနယ်ပယ် အဆင့် ၁ ပါလား...”
ခေါင်းဆောင်လူငယ်က ကျွင်းမော့ရှောင်အား ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်ပြီးနောက် အလွန်ပင် မောက်မာသော အမူအရာနှင့် အထင်သေးစွာ ပြောလိုက်လေသည်။
အကြီးအကဲကျူးက ကျွင်းမော့ရှောင်အား အလွန်အမင်း ကြောက်ရွံ့သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေမိ၏။ ဤလူငယ်မှာ တကယ်ကို ကြောက်စရာကောင်းလှပေသည်။ သူ၏ ခံနိုင်ရည်မှာ မယုံနိုင်စရာ ဖြစ်ပြီး ခန္ဓာကိုယ် တည်ဆောက်ပုံမှာလည်း အံ့ဩစရာ ကောင်းလှ၏။ သူသည် မိမိနောက်သို့ အရှိန်အဟုန်ဖြင့် အဝေးကြီးမှနေ၍ လိုက်လံ ဖမ်းဆီးခဲ့သော်လည်း ယခု ဆင်းသက်လိုက်သည့်အခါ မောပမ်းခြင်းပင် မရှိကြောင်း တွေ့ရပေသည်။
အကြီးအကဲကျူး၏ ကြောက်ရွံ့တုန်လှုပ်နေသော အမူအရာကို မြင်ရသည့်အခါ ခေါင်းဆောင်လူငယ်မှာ ဒေါသထွက်သွားရ၏။ သူ၏မျက်ဝန်းအတွင်း၌ ရက်စက်မှုများ လက်သွားပြီးနောက် သူ၏ဓားကို ရုတ်တရက် မြှောက်ကာ အကြီးအကဲကျူးဆီသို့ ဝှေ့ယမ်းလိုက်လေသည်။
“ဘုန်း...”
ထိုရိုက်ချက်မှာ ပြင်းထန်လှသဖြင့် အကြီးအကဲကျူးမှာ လွင့်ထွက်သွားရ၏။ သူသည် မြေပြင်မှနေ၍ အလူးအလဲ ပြန်ထလိုက်သည့်အခါ သူ၏ ဘယ်ဘက်ပါးပေါ်၌ သွေးစို့နေသော ဒဏ်ရာတစ်ခု ထင်ကျန်ရစ်လေသည်။
“အသုံးမကျတဲ့ အမှိုက်ကောင်... မင်းက ငါတို့ မိစ္ဆာအရှင်သခင်ဂိုဏ်းကို အရှက်ခွဲနေတာပဲ...”
လူငယ်က အေးစက်စွာ ပြောလိုက်၏။
အကြီးအကဲကျူးမှာ ပြန်၍ပင် မချေပရဲပေ။ သူသည် ခေါင်းငုံ့ထားလိုက်ပြီး သိမ်ငယ်စွာနှင့် တိုးညင်းစွာ ပြောလိုက်ရလေသည်။
“ကျွန်တော်... ကျွန်တော့်ကို ကူညီပေးဖို့ တောင်းပန်ပါတယ်...”
“စိတ်အေးအေးထားစမ်းပါ... ကောင်းကင်တံတားနယ်ပယ် အဆင့် ၁ ရှိတဲ့ ကျင့်ကြံသူတစ်ယောက်ကို သတ်ဖို့ဆိုတာ လက်ညှိုးတစ်ချက် ဝှေ့လိုက်ရသလို ခက်ခဲတာ မဟုတ်ပါဘူး...”
သူသည် ကျွင်းမော့ရှောင်ထံသို့ လှည့်ကြည့်လိုက်ရာ သူ၏မျက်ဝန်းအတွင်း၌ သွေးဆာနေသော အလင်းတန်းများ လက်သွားပြီး သတ်ဖြတ်လိုသည့် အရှိန်အဝါများမှာလည်း တဟုန်ထိုး ထွက်ပေါ်လာလေသည်။
ကျွင်းမော့ရှောင်သည် ဝတ်စုံနက်နှင့် လူငယ်များကို အကဲခတ်လိုက်၏။ သူတို့၏ မောက်မာလှသော အမူအရာနှင့် ရက်စက်လှသော မျက်နှာထားများကို မြင်ရသည့်အခါ သူ မျက်မှောင်ကြုတ်လိုက်မိသည်။ သူတို့ ဝတ်ဆင်ထားသော ဝတ်စုံများမှာ အကြီးအကဲကျူး၏ ဝတ်စုံနှင့် ဆင်တူလှပေရာ သူတို့အားလုံးမှာ မိစ္ဆာအရှင်သခင်ဂိုဏ်းမှ ဖြစ်ကြပေလိမ့်မည်။
“မင်းတို့အားလုံးက မိစ္ဆာအရှင်သခင်ဂိုဏ်းကပဲ မဟုတ်လား... ကောင်းပြီ... အချိန်ကိုက် ရောက်လာတာပဲ... မင်းတို့အားလုံးလည်း ကောင်းကင်တံတားနယ်ပယ်တွေ ဖြစ်နေကြတာဆိုတော့ ငါ့ဆီကို အတူတူပဲ တက်လာခဲ့ကြပါလား...”
ကျွင်းမော့ရှောင်က သူ၏ မူလစကြဝဠာအကန့်အသတ်မဲ့ဓားကို အေးဆေးစွာ ခါလိုက်ရင်း ဝတ်စုံနက်နှင့် လူငယ်များကို ဂရုမစိုက်သကဲ့သို့ ကြည့်ကာ ပြုံးလျက် ပြောလိုက်လေသည်။
သူသည် မကြာသေးမီက ရထားလုံးအတွင်း၌ နဂါးဘိုးဘေး အနှစ်သာရသွေးကို သန့်စင်နေခဲ့၏။ သန့်စင်မှု ပြီးဆုံးသွားသည့်အခါ သူ၏ ကျင့်ကြံမှုနယ်ပယ်မှာ ပြောင်းလဲခြင်း မရှိသော်လည်း သူ၏ခန္ဓာကိုယ်အတွင်းရှိ နဂါးဘိုးဘေး အနှစ်သာရသွေး၏ သိပ်သည်းဆမှာ မြင့်တက်လာခဲ့ပေသည်။ ထိုသိပ်သည်းဆ မြင့်တက်မှုမှာ အနည်းငယ်မျှသာ ဖြစ်သော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကိုမူ သိသိသာသာ မြှင့်တင်ပေးလိုက်၏။ ထို့ကြောင့် ယနေ့တွင် ကျွင်းမော့ရှောင်သည် ဤမိစ္ဆာအရှင်သခင်ဂိုဏ်းမှ တပည့်များကို အသုံးပြု၍ လေ့ကျင့်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေသည်။
“အားလုံး အတူတူ တိုက်ရမယ် ဟုတ်လား...”
“ဟားဟားဟား...”
ခေါင်းဆောင်လူငယ်မှာ ခေတ္တမျှ မှင်တက်မိသွားပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။ မိစ္ဆာဂိုဏ်းသားများသည် ရိုင်းစိုင်းမောက်မာလှသည်ဟု ဆိုကြသော်လည်း သူတို့ရှေ့က အတောင်မစုံသေးသည့် ဤလူငယ်လေးမှာ သူတို့ထက်ပင် ပို၍ မောက်မာနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
အခြားသော ဝတ်စုံနက်နှင့် လူငယ်တစ်ဦးကလည်း ရယ်မောရင်း အော်ဟစ်လိုက်၏။
“ကောင်လေး... ငါတို့က နာမည်မရှိတဲ့လူတွေကို မသတ်ဘူး... မင်းက ဘယ်ဂိုဏ်းကလဲ...”
“နဂါးနတ်ဘုရားဂိုဏ်းပဲ...”
ကျွင်းမော့ရှောင်က ဂုဏ်ယူစွာနှင့် ကြေညာလိုက်လေသည်။ သူသည် သူ၏ဓားကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဧရာမ နဂါးနတ်ဘုရားပုံရိပ်ကြီးတစ်ခုမှာ သူ၏နောက်ကွယ်တွင် ပေါ်ပေါက်လာခဲ့၏။
“နဂါးနတ်ဘုရားဂိုဏ်း ဟုတ်လား... တစ်ခါမှ မကြားဖူးပါလား... ဘယ်လိုမျိုး တတိယတန်းစား ဂိုဏ်းစုတ်လဲ...”
“ဒီလိုမျိုး နာမည်မရှိတဲ့ ဂိုဏ်းငယ်လေးတွေက ထွက်လာတဲ့ တပည့်တွေကလည်း အဆင့်မရှိတာပဲ ဖြစ်ရမယ်...”
“သူ့ကို သတ်ပစ်ကြစမ်း...”
မိစ္ဆာအရှင်သခင်ဂိုဏ်းမှ ဝတ်စုံနက်နှင့် လူငယ်အချို့သည် ချက်ချင်းပင် သူတို့၏ဓားများကို ဆွဲထုတ်လိုက်ကြ၏။ သတ်ဖြတ်လိုသည့် အရှိန်အဝါများ ပြည့်နှက်နေလျက် ၎င်းတို့သည် ဓားအလင်းတန်းများကို ထိန်းချုပ်ကာ ရှေ့သို့ တိုးဝင် တိုက်ခိုက်လိုက်ကြလေသည်။
“ဟူး...”
အကြီးအကဲကျူးမှာ သူ၏နဖူးပေါ်က ချွေးအေးများကို သုတ်လိုက်ရင်း သက်ပြင်းချလိုက်မိ၏။ ဤမိစ္ဆာဂိုဏ်းမှ ပါရမီရှင်တပည့်များကို နောက်ဆုံးတော့ ဒေါသထွက်အောင် လုပ်နိုင်ခဲ့ချေပြီ။ သူတို့ လှုပ်ရှားလိုက်သည်နှင့် မိမိ၏အသက် ဘေးကင်းသွားတော့မည် ဖြစ်ပေသည်။
အခန်း ၇၁ ပြီးပါပြီ။
အခန်း ၇၂ - မိစ္ဆာနတ်ဘုရားအသွင် ပြောင်းလဲခြင်းကျင့်စဉ်
ယွင်မုန်တောင်တန်း၏ မြင့်မားလှသော ကောင်းကင်ယံ တစ်နေရာ၌ အနက်ရောင် ရထားလုံးတစ်စီးသည် ဟင်းလင်းပြင်အတွင်း တိတ်ဆိတ်စွာ ဝေ့ဝဲနေလေသည်။ ရီယွင်သည် အဝေးက မြင်ကွင်းကို စိုက်ကြည့်နေပြီး သူ၏မျက်ဝန်းများအတွင်း၌ အလင်းတန်းတစ်ခု ဖြတ်ပြေးသွားကာ နှုတ်ခမ်းထောင့်တွင်လည်း အပြုံးရိပ်တစ်ခု ပေါ်လာ၏။
နှစ်ပေါင်း တစ်သိန်း ကြာပြီးနောက် သူသည် ငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်းကို နောက်တစ်ကြိမ် ပြန်လည် မြင်တွေ့လိုက်ရပေသည်။
သို့သော်လည်း ဤငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်းမှာ သူ၏ အတိတ်က ငါးတော့ မဟုတ်တော့ပေ။ မည်သို့ပင်ဆိုစေကာမူ ယခုကဲ့သို့ ငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်းကို မြင်တွေ့ရခြင်းက သူ၏ အတိတ်က အမှတ်တရဟောင်းအချို့ကို ပြန်လည် နိုးထလာစေခဲ့သည်။
ရီယွင် အမှတ်တရများအတွင်း နစ်မျောနေစဉ်မှာပင် ကျွင်းမော့ရှောင်သည် မိစ္ဆာအရှင်သခင်ဂိုဏ်းမှ ပါရမီရှင်တပည့်များနှင့် ပြင်းထန်စွာ တိုက်ခိုက်နေပြီဖြစ်သည်။ ထိုတိုက်ပွဲမှာ အလွန်ပင် အရှိန်အဟုန် ပြင်းထန်လှ၏။
ခဏတာ အပြန်အလှန် တိုက်ခိုက်မှု အပြီးတွင် ကျွင်းမော့ရှောင်မှာ မိစ္ဆာအရှင်သခင်ဂိုဏ်းမှ တပည့်ရှစ်ဦး၏ ဖိနှိပ်ခြင်းကို မမျှော်လင့်ဘဲ ခံလိုက်ရ၏။ ဤသည်က သူ့ကို များစွာ အံ့အားသင့်သွားစေသည်။ ကြည့်ရသည်မှာ ထိပ်သီးဂိုဏ်းကြီးများမှ ပါရမီရှင်တပည့်များသည် အမှန်တကယ်ပင် ပြောင်မြောက်လှသော တိုက်ခိုက်ရေးစွမ်းရည်များကို ပိုင်ဆိုင်ထားကြပုံရပေသည်။ ၎င်းမှာ ကူယွဲ့မင်းဆက်က ကျင့်ကြံသူများထက် များစွာ သာလွန်လှပေသည်။
သို့သော်လည်း ကျွင်းမော့ရှောင်ထက် ပို၍ အံ့ဩနေကြသူများမှာ မိစ္ဆာအရှင်သခင်ဂိုဏ်းမှ ပါရမီရှင်တပည့်များပင် ဖြစ်ကြသည်။ သူတို့သည် ကောင်းကင်တံတားနယ်ပယ်က သန်မာသူ ရှစ်ဦးဖြစ်ပြီး အများစုမှာလည်း ဤလူငယ်ထက် ကျင့်ကြံမှုအဆင့် မြင့်မားကြသူများ ဖြစ်ပါလျက်နှင့်၊ သူ့ကို တစ်ချက်တည်းနှင့် သတ်ဖြတ်နိုင်ခြင်း မရှိသည်ကို မယုံကြည်နိုင်ကြပေ။ ဤကဲ့သို့သော အခြေအနေမျိုး ယခင်က တစ်ခါမျှ မဖြစ်ပျက်ခဲ့ဖူးပေ။
ထိပ်သီးဂိုဏ်းကြီး သုံးခုမှ မည်သည့် ပါရမီရှင်တပည့်ကမျှ ဤမျှအထိ ကြောက်စရာကောင်းသော တိုက်ခိုက်ရေးစွမ်းရည်မျိုး မရှိနိုင်ပေ။ တစ်ဦးချင်း တိုက်ခိုက်ခြင်းဆိုလျှင် တစ်မျိုး ဖြစ်နိုင်သော်လည်း၊ ယခုမှာ လူရှစ်ဦးက တစ်ဦးတည်းကို ဝိုင်းတိုက်နေခြင်း ဖြစ်၏။ ထို့ပြင် သူတို့အနက် ခြောက်ဦးမှာ ထိုလူငယ်ထက် ကျင့်ကြံမှုအဆင့် များစွာ မြင့်မားနေကြသေးသည်။ သို့သော်လည်း သူတို့သည် သူ့ကို ဖိနှိပ်ထားနိုင်ရုံသာ ရှိပြီး သတ်ဖြတ်နိုင်ခြင်း မရှိကြသေးပေ။
‘ဒီလူငယ်က ဘယ်လိုလုပ်ပြီး ဒီလောက်အထိ သန်မာနေရတာလဲ...’
အဝေးတစ်နေရာတွင် ပုန်းအောင်း၍ တိုက်ပွဲကို စောင့်ကြည့်နေသော အကြီးအကဲကျူးမှာ မျက်လုံးအပြူးသားနှင့် ကြည့်နေမိပြီး သူ၏နှလုံးသားမှာလည်း တဒိတ်ဒိတ် ခုန်နေလေသည်။ လူတစ်ယောက်တည်းက လူရှစ်ယောက်ကို ရင်ဆိုင်နေရပြီး ကျင့်ကြံမှုမှာလည်း နိမ့်ပါးနေပါလျက်နှင့် ဤမျှအထိ တောင့်ခံထားနိုင်သည့် ဖြစ်ရပ်မျိုးမှာ အမှန်တကယ်ပင် ရှားပါးလှပေသည်။
အကြီးအကဲကျူးမှာ ဒဏ်ရာရထားသဖြင့် တိုက်ပွဲတွင် ဝင်ရောက် မဆင်နွှဲပေ။ သူသည် ကျွင်းမော့ရှောင်ကို ကြည့်ရင်း မေးစေ့ကို ပွတ်သပ်ကာ အတွေးနက်နေမိသည်။
‘ဒီနဂါးနတ်ဘုရားဂိုဏ်းဆိုတာ ဘယ်လိုဂိုဏ်းမျိုးလဲ... ငါ ဘာလို့ ရှန်ဖုန်းမင်းဆက်မှာ တစ်ခါမှ မကြားဖူးတာလဲ။ အနီးအနားက ပိုပြီး အင်အားကြီးတဲ့ မင်းဆက်တွေမှာတောင် ဒီဂိုဏ်းအကြောင်း ငါ မကြားဖူးဘူး’
အကြီးအကဲကျူးမှာ စဉ်းစားလေလေ ပို၍ ဇဝေဇဝါ ဖြစ်လေလေ ဖြစ်နေ၏။
“ဗွမ်း... ဗွမ်း...”
သူ၏နောက်ကွယ်ရှိ အိုင်အတွင်းမှနေ၍ ရေမျက်နှာပြင်ကို ခွဲထွက်လိုက်သည့် အသံများ ပေါ်ထွက်လာပြီး ဧရာမ ငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်းကြီးမှာ အပြင်သို့ ခုန်ထွက်လာကာ ရွှေရောင် အကာအကွယ် အစီရင်ကို အကြိမ်ကြိမ် ဝင်တိုက်နေသည်။ အကြီးအကဲကျူး လှည့်ကြည့်လိုက်သည့်အခါ တောက်ပလှသော ငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်းကြီးကို မြင်လိုက်ရသဖြင့် သူ၏မျက်ဝန်းများမှာ လောဘစိတ်များဖြင့် ချက်ချင်းပင် တောက်ပသွားလေသည်။
ဤငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်းမှာ ကောင်းကင်တံတားနယ်ပယ် အဆင့် ၆ သို့ ရောက်ရှိနေပြီ ဖြစ်၏။ ၎င်း၏ ကျင့်ကြံမှုအဆင့်မှာ ရောက်ရှိနေသော လူတိုင်းထက်ပင် သာလွန်နေပေသည်။ သို့သော်လည်း အစီရင်ကြောင့် ဤငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်းမှာ ပိတ်မိနေပြီး လောလောဆယ်တွင် လွတ်မြောက်နိုင်ခြင်း မရှိသေးပေ။
အကြီးအကဲကျူးသည် ငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်း၏ ကျော်ကြားမှုကို ကောင်းစွာ သိရှိထားပေသည်။ ၎င်းသည် ကျင့်ကြံသူများအတွက် ကြီးမားသော အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်၏။ ၎င်း၏အသားမှာ လူတစ်ဦး၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို သန်မာစေရန်အတွက် အံ့ဖွယ် အာနိသင်များ ရှိပေသည်။ ထို့ပြင် ဤငါး၏ သွေးမှာလည်း အဖိုးတန်လှသော ကုသရေးဆေးများ ဖော်စပ်ရာတွင် အဓိက ပါဝင်ပစ္စည်း တစ်ခု ဖြစ်ပေသည်။ ကောင်းကင်တံတားနယ်ပယ်က ငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်း၏ မိစ္ဆာအနှစ်သာရမှာ ပို၍ပင် တန်ဖိုးရှိလှ၏။ အကယ်၍သာ ၎င်းကို အဆင့်ကျော်လွန်ခြင်း ဆေးလုံးအဖြစ် ဖော်စပ်နိုင်မည်ဆိုပါက ကောင်းကင်တံတားနယ်ပယ်က ကျင့်ကြံသူတစ်ဦး ပြန်လည်မွေးဖွားခြင်းနယ်ပယ်သို့ တက်လှမ်းရန်အတွက် အလွန်ပင် အထောက်အကူ ဖြစ်စေပေလိမ့်မည်။
ရှေးဟောင်း နဂါးနတ်ဘုရား သွေးဗီဇ ပါဝင်နေသော ငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်းမှာ တစ်ကိုယ်လုံး ရတနာဖြစ်သည်ဟုပင် ဆိုနိုင်ပေသည်။
အကြီးအကဲကျူးမှာ သက်ပြင်းချလိုက်ပြန်ပြီး သူ၏မျက်နှာမှာ စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်သွားပြန်သည်။ ‘ဒီငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်းကတော့ မိစ္ဆာဂိုဏ်းက ပါရမီရှင်တွေအတွက် ကံတရားက ပေးတဲ့ အခွင့်အရေးပဲ ဖြစ်ရမယ်... ငါကတော့ မျှော်လင့်မနေတာ ပိုကောင်းပါတယ်လေ။ ငါ့မှာ ယွမ်ရန်ကျောက်တွင်း တစ်ခု ရှိနေတာပဲ။ တကယ်လို့ ငါသာ ချန်မိသားစုဆီက ယွမ်ရန်ခန္ဓာကိုယ်လွှမ်းမိုးခြင်းကျင့်စဉ်ကို ရနိုင်မယ်ဆိုရင် ကံကြမ္မာနယ်ပယ်အထိ တိုက်ရိုက် ကျင့်ကြံနိုင်မှာပါ။ ဒီငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်းနဲ့ နှိုင်းယှဉ်ရင် ငါ့ရဲ့ အခွင့်အရေးက ပိုပြီးတော့တောင် သာလွန်ပါသေးတယ်...’
ကံဆိုးစွာနှင့်ပင် ထိုအခွင့်အရေးမှာ သူ့ရှေ့က လူငယ်ကြောင့် အတင်းအဓမ္မ ရပ်တန့်ခြင်း ခံလိုက်ရပေသည်။ အကြီးအကဲကျူး၏ မျက်ဝန်းအတွင်း၌ နာကျည်းမှု အရိပ်အယောင်များ လက်သွားလေသည်။
ခဏမျှ အနားယူပြီးနောက် သူ အနည်းငယ် သက်သာလာသကဲ့သို့ ခံစားရ၏။ သူသည် သွားကို တင်းတင်းကြိတ်လိုက်ရင်း သူ၏ဓားကို ဆွဲကိုင်ကာ တိုက်ပွဲအတွင်းသို့ ဝင်ရောက် ဆင်နွှဲလေတော့သည်။
ကျွင်းမော့ရှောင်သည် ယခုအခါ ပြိုင်ဘက် ကိုးဦးကို တစ်ဦးတည်း ရင်ဆိုင်နေရသဖြင့် သူ၏အပေါ်သို့ ကျရောက်လာသော ဖိအားများမှာ အဆမတန် မြင့်တက်လာလေသည်။
အဝေးက ဟင်းလင်းပြင်အတွင်း၌ စုဝမ်ယီသည် သူ၏မျက်လုံးများကို မှေးကျဉ်းလိုက်ရင်း ပြင်းထန်လှသော တိုက်ပွဲကို အဝေးကနေ စောင့်ကြည့်နေ၏။ သူသည် သူ့မောင်လေး ကျွင်းမော့ရှောင်အတွက် အလွန်ပင် စိုးရိမ်နေလေသည်။ မိစ္ဆာအရှင်သခင်ဂိုဏ်းမှာ ထိပ်သီးဂိုဏ်းကြီး တစ်ခုဖြစ်ပြီး ကောင်းကင်တံတားနယ်ပယ်က ဤလူငယ် ကျင့်ကြံသူများသည်လည်း ထူးခြားသော တိုက်ခိုက်ရေးစွမ်းရည်များကို ပိုင်ဆိုင်ထားသည့် ပါရမီရှင်များ ဖြစ်ကြပေသည်။ ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်နိုင်လောက်သော တိုက်ခိုက်မှုလှိုင်းလုံးကြီးများမှာ သူမ၏ မောင်လေးအား အဆက်မပြတ် နောက်သို့ ဆုတ်သွားစေ၏။ အကယ်၍သာ သူ့၌ နဂါးနတ်ဘုရား အသွင်ကိုးပါး ကျင့်စဉ် မရှိခဲ့လျှင် သူ့ မောင်လေးမှာ အလွန်ပင် အန္တရာယ်ကြီးလှသော အခြေအနေသို့ ရောက်ရှိသွားပေလိမ့်မည်။
ရထားလုံးအတွင်း၌ ရီယွင်သည် တည်ငြိမ်သော မျက်နှာထားနှင့်အတူ တိုက်ပွဲဖြစ်ပျက်နေမှုကို တိတ်ဆိတ်စွာ စောင့်ကြည့်နေလေသည်။
“လော့လီ... မင်းလည်း သွားလိုက်ဦး...”
ထိုအခိုက်အတန့်တွင် အသံတစ်ခုမှာ ဟင်းလင်းပြင်အတွင်း၌ ပဲ့တင်ထပ်သွား၏။
ထို့နောက် အလင်းတန်းတစ်ခုမှာ ကောင်းကင်ယံသို့ တဟုန်ထိုး မြင့်တက်သွားပြီး အောက်ဘက်က တောင်ထိပ်ပေါ်ရှိ တိုက်ပွဲဖြစ်ရာနေရာသို့ ဦးတည်သွားလေသည်။ လော့လီသည် ဟင်းလင်းပြင်အတွင်းမှနေ၍ ဆင်းသက်လာခဲ့၏။ သူသည် ဓားကို ဆွဲထုတ်လိုက်ပြီး ရန်သူများထံ ပြင်းထန်လှသော ဓားအလင်းတန်းများကို မိုးစက်များသဖွယ် ရွာသွန်းချလိုက်လေသည်။
မိစ္ဆာအရှင်သခင်ဂိုဏ်းမှ တပည့်များသည် မမျှော်လင့်ဘဲ တိုက်ခိုက်ခံလိုက်ရသဖြင့် အလျင်အမြန်ပင် သူတို့၏ဓားများနှင့် ခုခံလိုက်ကြရပြီး ခဏမျှ ပျာယာခတ်သွားကြ၏။ ကျွင်းမော့ရှောင်သည် ထိုအခွင့်အရေးကို အရယူကာ အားကောင်းလှသော တန်ပြန်တိုက်စစ်ကို ဆင်နွှဲလိုက်သဖြင့် သူ၏ခြေလှမ်းများကို ပြန်လည် တည်ငြိမ်သွားစေလေသည်။
“မောင်လေး... ဘိုးဘေးကြီးက မင်းကို ကူညီဖို့ ငါ့ကို လွှတ်လိုက်တာ...”
လော့လီသည် ကျွင်းမော့ရှောင်၏ ဘေးနားတွင် ဆင်းသက်လိုက်လေသည်။
“စီနီယာအစ်မ... သတိထားဦး... ဒီထိပ်သီးဂိုဏ်းက တပည့်တွေအားလုံးက အတော်လေးကို သန်မာကြတယ်...”
ကျွင်းမော့ရှောင်က သတိပေးလိုက်၏။ သူသည် သူတို့၏ ပြိုင်ဘက် ကိုးဦးကို တည်ကြည်သော မျက်နှာထားနှင့် တစ်ချက်ကြည့်လိုက်သည်။
“သိပြီ...”
လော့လီက လေးနက်စွာ ခေါင်းညိတ်ပြလိုက်၏။
မိစ္ဆာအရှင်သခင်ဂိုဏ်းမှ ခေါင်းဆောင်လူငယ်သည် တောက်ပသော အဝါရောင်ဝတ်စုံနှင့် လှပသည့် အမျိုးသမီးငယ်တစ်ဦး ကောင်းကင်ယံမှ ဆင်းသက်လာသည်ကို မြင်လိုက်ရသည့်အခါ ထိတ်လန့်သွားရ၏။ ထိုအမျိုးသမီးငယ်၏ အရှိန်မှာ အလွန်ပင် မြန်လှသဖြင့် သူတို့ မသိလိုက်ခင်မှာပင် သူတို့အနားသို့ ရောက်ရှိလာခြင်း ဖြစ်ပေသည်။ သူတို့၏ စကားပြောသံများအရ သူတို့မှာ ဂိုဏ်းတူတွေ ဖြစ်ကြောင်း သိလိုက်ရသဖြင့် ဤသည်မှာ ပို၍ပင် စိတ်ဝင်စားစရာ ကောင်းလာခဲ့လေပြီ။
“သူတို့အားလုံးကို သတ်ပစ်ကြစမ်း... ဘယ်သူ့ကိုမှ အသက်ရှင်လျက် မထားနဲ့...”
ခေါင်းဆောင်လူငယ်က ဒေါသတကြီး ဟစ်အော်လိုက်လေသည်။ သူ၏မျက်လုံးများမှာ ရုတ်တရက် သွေးနီရောင် ပြောင်းလဲသွားပြီး သူ၏ကိုယ်ပေါ်မှ သွေးဆာနေသော အရှိန်အဝါများ တဟုန်ထိုး ထွက်ပေါ်လာလေရာ သူသည် ငရဲကမ္ဘာမှ ထွက်ပေါ်လာသော မိစ္ဆာဘုရင်တစ်ပါးနှင့် တူလှပေသည်။
“သတ်စမ်း...”
အခြားသော မိစ္ဆာအရှင်သခင်ဂိုဏ်းမှ တပည့်များလည်း ဟစ်အော်လိုက်ကြ၏။ သူတို့၏ ခန္ဓာကိုယ်များမှလည်း သွေးဆာနေသော အရှိန်အဝါများ ထွက်ပေါ်လာခဲ့ပြီး မျက်လုံးများ နီမြန်းကာ ကြွက်သားများမှာလည်း ဖောင်းကားလာကြလေသည်။
‘သူတို့ မိစ္ဆာအသွင် ပြောင်းလဲလိုက်ကြပြီလား’
အနားတွင် ရပ်နေသော အကြီးအကဲကျူးမှာ ကြောက်ရွံ့မှုကြောင့် သူ၏နှလုံးသားမှာ ခုန်နေလေသည်။
မိစ္ဆာအရှင်သခင်ဂိုဏ်းမှ တပည့်များ ဤမျှအထိ သန်မာနေရခြင်း၏ အကြောင်းရင်းမှာ သူတို့၏ ထူးခြားလှသော ကျင့်စဉ်တစ်ခုဖြစ်သည့် ‘မိစ္ဆာနတ်ဘုရားအသွင် ပြောင်းလဲခြင်းကျင့်စဉ်’ ကြောင့်ပင် ဖြစ်ပေသည်။ ဤကျင့်စဉ်ကို ထုတ်ဖော်လိုက်သည်နှင့် သူတို့၏ ခန္ဓာကိုယ်များတွင် သွေးဆာနေသော အရှိန်အဝါများ တောက်လောင်လာပြီး သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာလည်း အဆပေါင်းများစွာ မြင့်တက်လာကာ ပြိုင်ဘက်များကို သုတ်သင်ပစ်နိုင်သည်အထိ သွေးဆာနေကြပေလိမ့်မည်။ မိစ္ဆာဂိုဏ်းသားများသည် ဤ မိစ္ဆာနတ်ဘုရားအသွင် ပြောင်းလဲခြင်းကျင့်စဉ်ကို ပေါ့ပေါ့တန်တန် အသုံးမပြုရဲကြပေ။ မည်သို့ပင်ဆိုစေကာမူ ဤကျင့်စဉ်မှာ သူတို့၏ သွေးနှင့် ချီစွမ်းအင်များကို အလွန်ပင် ကုန်ခမ်းစေသောကြောင့် ဖြစ်သည်။
သို့သော်လည်း မမျှော်လင့်ဘဲ ကောင်းကင်တံတားနယ်ပယ် အဆင့် ၁ ရှိသော နောက်ထပ် အမျိုးသမီးငယ်တစ်ဦး ပေါ်လာသည့်အခါ ကျရောက်လာသော ဖိအားများကြောင့် ဤမိစ္ဆာဂိုဏ်းမှ ပါရမီရှင်တပည့်များသည် ဤကျင့်စဉ်ကို အသုံးပြုလိုက်ကြရတော့သည်။
ကြည့်ရသည်မှာ သူတို့၏ အစောပိုင်း တိုက်ခိုက်မှုများတွင် ထိုလူငယ်အား ခက်ခဲသော ပြိုင်ဘက်တစ်ဦးအဖြစ် တွေ့ရှိခဲ့ကြပုံရပေသည်။ ဤမိန်းကလေးနှင့် ထိုလူငယ်မှာ ဂိုဏ်းတူတွေ ဖြစ်ကြသလို သူမသည်လည်း ကောင်းကင်တံတားနယ်ပယ် အဆင့် ၁ ၌ ရှိနေသဖြင့် သူမ၏ တိုက်ခိုက်ရေးစွမ်းရည်မှာလည်း လျှော့တွက်၍ ရမည် မဟုတ်ပေ။ အကယ်၍သာ သူတို့ ပုံမှန်အတိုင်း ဆက်လက် တိုက်ခိုက်နေမည်ဆိုပါက မည်မျှအထိ ကြာမြင့်သွားမည်ကို မသိနိုင်ပေ။ ထို့ပြင် ငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်းမှာလည်း အနားက အစီရင်အတွင်း၌ ပိတ်မိနေဆဲ ဖြစ်၏။ အကယ်၍သာ တိုက်ပွဲမှာ အချိန်ကြာသွားပြီး ငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်း လွတ်မြောက်သွားမည်ဆိုလျှင် သူတို့၏ ယခင်က ကြိုးစားအားထုတ်မှုများမှာ အလဟဿ ဖြစ်သွားပေလိမ့်မည်။
မိစ္ဆာအရှင်သခင်ဂိုဏ်းမှ ပါရမီရှင်တပည့်များသည် မိစ္ဆာနတ်ဘုရားအသွင် ပြောင်းလဲခြင်းကျင့်စဉ်ကို အသုံးပြုလိုက်ကြသည်ကို မြင်ရသည့်တိုင် ရထားလုံးအတွင်း၌ ထိုင်နေသော ရီယွင်မှာမူ အလွန်ပင် တည်ငြိမ်နေဆဲ ဖြစ်ပေသည်။ သူသည် ဤအရာအားလုံးကို ကြိုမြင်ထားပြီးသား ဖြစ်၏။ ထို့ကြောင့်ပင် သူသည် လော့လီအား ကျွင်းမော့ရှောင်နှင့်အတူ တိုက်ပွဲဝင်ရန် လွှတ်လိုက်ခြင်း ဖြစ်ပေသည်။ အကယ်၍ သူတို့နှစ်ဦးသာ ဤတိုက်ပွဲကို တောင့်ခံနိုင်မည်ဆိုပါက ၎င်းမှာ သူတို့၏ နောင်လာမည့် ကျင့်ကြံမှုခရီးစဉ်အတွက် များစွာ အကျိုးရှိပေလိမ့်မည်။
ကြောင်နက်ကြီးက သမ်းဝေလိုက်ရင်း ဆို၏။
“တောက်... ဒီမိစ္ဆာမျိုးစေ့လေးတွေက မိစ္ဆာအသွင် ပြောင်းလိုက်ပြီဆိုရင် သူတို့အဖေကိုတောင် မှတ်မိကြတော့မှာ မဟုတ်ဘူး ထင်တယ်...”
မြင်းနက်ကြီးက ၎င်း၏ ကြီးမားလှသော သွားဖြူကြီးများကို ပေါ်အောင် ဖြဲပြလိုက်ရင်း တဟားဟား ရယ်မောလိုက်၏။ “ကြောင်လေး... မင်းက သူတို့ရဲ့ အဖေ သွားလုပ်လိုက်ပါလား။ အဲ့ဒီကလေးတွေကို လူပီသအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာ သင်ပေးလိုက်လေ”
ကြောင်နက်ကြီးက သူ၏ခေါင်းကို အုပ်လိုက်ရင်း ဝမ်းနည်းပက်လက်နှင့် ညည်းတွားလိုက်၏။ “ဦးလေးမာ... ကြောင်လေးကို ချမ်းသာပေးပါဦး။ ကျွန်တော်က လူပျိုကြီးဖြစ်တာ နှစ်ပေါင်းထောင်ချီနေပြီဗျ။ အဖေတစ်ယောက် လုပ်ရမယ်ဆိုတာကို ဘယ်လိုမှ အတွေ့အကြုံ မရှိပါဘူး”
“ဟားဟား”
မြင်းနက်ကြီးက ကျယ်လောင်စွာ ရယ်မောလိုက်လေတော့သည်။
ဤသည်ကို ကြားလိုက်ရသည့်အခါ ရထားလုံးအတွင်း၌ ထိုင်နေသော ရီယွင်မှာလည်း မအောင့်နိုင်တော့ဘဲ တစ်ချက် ရယ်မောလိုက်မိပေတော့သည်။
အခန်း ၇၂ ပြီးပါပြီ။