လေပြင်းများထန်လာသည့် ဟုန်ကျယ် ၂
Vol. 70 Ch. 693
အကြီးအကဲကြီးသည် အနည်းငယ် ယောင်လည်လည်လုပ်တတ်သူ ဖြစ်နိုင်သော်လည်း၊ တာအိုရောင်ရင်းရှန်းကို တမင်တကာ သစ္စာဖောက်မည့်သူမျိုးတော့ မဟုတ်သည်မှာသေချာ၏။
"အခြေအနေဆူပူသွားအောင် ဖန်တီးရမယ်"
ယန်ယွင်ဟန်သည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး၊ သူ၏ အကြည့်များ ပြောင်းလဲသွားကာ ပြောလိုက်လေသည်။
"တာအိုရောင်းရင်းရှန်းရဲ့ ဇာတ်မြစ်က ဘယ်လောက်တောင်မြင့်မြတ်သလဲ၊ သူ့နောက်ကွယ်မှာ ဘယ်လို ကြောက်မက်ဖွယ်ကောင်းတဲ့ အင်အားစုကြီးရှိနေသလဲဆိုတာကို အနန္တတာအိုအင်ပါယာဂိုဏ်း သိအောင်လုပ်ရမယ်... ဒီနည်းနဲ့မှ သူတို့က သတိကြီးကြီးထားလာမှာဖြစ်သလို၊ အနောက်ပိုင်းဟုန် အင်အားစုတွေကလည်း ဒီကိစ္စမှာ သူတို့ကို ရဲရဲတင်းတင်းကူညီတာမျိုး မလုပ်ရဲတော့မှာ"
အနန္တတာအိုအင်ပါယာဂိုဏ်းသည် အနောက်ပိုင်းဟုန်တွင် ထိန်းချုပ်နိုင်စွမ်း အလွန်အမင်းမရှိပေ။ ဥပမာအားဖြင့် သူတို့ အချက်အလက် စုဆောင်းချင်သည်ဆိုလျှင်ပင် ဒေသခံအင်အားစုများကိုသာ အမှီပြုရမည်။
ထိုဒေသခံ အင်အားစုများကို ဟန့်တားနိုင်မှသာလျှင် တာအိုရောင်းရင်းရှန်းကို ပိုမိုကောင်းမွန်စွာကာကွယ်ပေးနိုင်မည် ဖြစ်ပေသည်။
"ဒါ့အပြင် ကောင်းကင်ဘုံမူလပုံရိပ်ယောင်မိုးကြိုး ပေတံကိုတောင် အပိုင်းပိုင်းဖြတ်တောက်နိုင်တဲ့ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ တာအိုလက်နက်ဓားကို ကြည့်ပြီးတော့၊ တာအိုရောင်ရင်းရှန်းက အင်အားစု သေးသေးလေးကလာတာပါလို့ ငါပြောရင် ဘယ်သူက ယုံမှာလဲ"
ယန်ယွင်ဟန်၏ စကားများကို ကြားပြီးနောက်၊ ယန်ချုံကျန်း၏ မျက်လုံးများမှာ နောက်ဆုံးတွင် တောက်ပလာလေတော့သည်။
အမှန်ပင်၊ တာအိုရောင်ရင်းရှန်း၏ လျှို့ဝှက်ဆန်းကြယ်မှုဖြစ်စေ၊ သူပိုင်ဆိုင်ထားသော ခွန်အားဖြစ်စေ၊ ဧရာမ ပုဂ္ဂိုလ်ကြီးတစ်ဦး ရှိနေသယောင် ဖန်တီးရန်အတွက် လုံလောက်လှပေသည်။
ထိုအထဲတွင် ပန်ရှန်းဂိုဏ်း၏ ထောက်ခံမှုကိုပါ ထည့်ပေါင်းလိုက်လျှင်... တစ်ဖက်လူနှင့် တောင်ပိုင်းဟုန်သားတော်ခုနစ်ပါးတို့အကြား ဆက်နွှယ်မှုများကိုလည်း ဖြတ်တောက်ပေးနိုင်မည် ဖြစ်သည်။
တာအိုရောင်ရင်းရှန်း၏ စရိုက်အရ သူ၏ လုပ်ရပ်များကြောင့် တောင်ပိုင်းဟုန်သားတော်ခုနစ်ပါးအပေါ်သက်ရောက်မှုရှိသွားမည်ကို သူ အလိုရှိမည် မဟုတ်သည်မှာ သေချာပေသည်။
ခန်းမဆောင်အတွင်း၌
ထိုနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက်၊ ခန်းမအပြင်ဘက်သို့ တိတ်ဆိတ်စွာပင် ထွက်ခွာသွားကြလေ၏။
...
အနောက်ပိုင်းဟုန်၊ ထန်ယွင်ဈေး
လင်းယွဲ့ဂိုဏ်းနှင့် တုနှိုင်းမဲ့ဂိုဏ်းတို့မှ တပည့်များသည် သာမန်ကျင့်ကြံသူများကဲ့သို့ ဝတ်ဆင်ထားပြီး လူအုပ်ကြားထဲတွင် ရောနှောနေကြသည်။
ဂိုဏ်းချုပ်ကျိသည် ရေအောက်ရှိ ယွီတောင်သို့ သွားရောက်နေသောကြောင့်၊ သူတို့သည် နောက်ထပ်ဂိုဏ်းတစ်ခုသို့ အကူအညီတောင်းရန် အလျင်စလို မသွားကြသေးပေ။
အနည်းဆုံးတော့ သူတို့ အဘယ်ကြောင့် အမြဲတမ်း ငြင်းပယ်ခံနေရသနည်းဆိုသည့် အကြောင်းရင်းကို မသိရသေးမီအထိ ဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ၊ သူတို့၏ စုံစမ်းမှုများအပြီးတွင် အနန္တတာအိုအင်ပါယာဂိုဏ်းနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များ တဖြည်းဖြည်း ပေါ်ထွက်လာခဲ့၏။
"ဟူး။"
တုနှိုင်းမဲ့ဂိုဏ်းမှ တပည့်ဖြစ်သူသည် သက်ပြင်းပြင်းတစ်ချက် ချလိုက်၏။ တောင်ပိုင်းဟုန်၏ အခြေအနေကိုလွှမ်းမိုးနေသော အချက်မှာ မြောက်ပိုင်းဟုန်ရှိ ထိပ်တန်းအင်အားစုကြီးတစ်ခုမှ ပေါ့ပေါ့ပါးပါးပေးလိုက်သော အမိန့်တစ်ခုသာ ဖြစ်နေသည်ကို သိလိုက်ရသဖြင့် သူ အမှန်တကယ်ပင် အံ့အားသင့်သွားရသည်။
ထိုဂိုဏ်းများက အဘယ်ကြောင့် ပွင့်ပွင့်လင်းလင်း မပြောရဲကြသနည်းဆိုသည်မှာ မထူးဆန်းတော့ပေ။ ၎င်းတို့၏ ဂိုဏ်းများမှာ သားတော်ခုနစ်ပါး၏ လက်ရှိဆိုးရွားလှသော အခြေအနေကို နားမလည်သေးဘဲ နောက်ထပ်ပဋိပက္ခတစ်ခု ထပ်မံဖန်တီးရန် မလိုအပ်ဟု ယူဆနေကြမည်ကို သူတို့ စိုးရိမ်နေကြခြင်း ဖြစ်သည်။
ထိုစဉ်မှာပင် လင်းယွဲ့ဂိုဏ်းမှ တပည့်တစ်ဦးသည် တိုးတိုးတိတ်တိတ်စကားပြောနေသော ကျင့်ကြံသူနှစ်ဦးအနားသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားပြီး ယဉ်ကျေးစွာ ဂါရဝပြုလိုက်၏။
"တာအိုမိတ်ဆွေတို့ခင်ဗျာ၊ ကျွန်တော် တမင် နားထောင်နေတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ အနန္တတာအိုအင်ပါယာဂိုဏ်းဆိုတဲ့ နာမည်ကို ကြားလိုက်ရလို့ပါ။ ကျွန်တော်က မြောက်ပိုင်းဟုန်ကို အားကျနေတာ ကြာပါပြီ၊ ဒီအချက်အလက်လေးကို ကျွန်တော့်ကို ရောင်းပေးလို့ ရမလားခင်ဗျာ"
ဤသူ၏ ခန့်ညားသော အမူအရာကို မြင်သောအခါ၊ ကျင့်ကြံသူနှစ်ဦးက စကားအများကြီး မပြောဘဲ ပြန်လည် ဂါရဝပြုလိုက်ကြ၏။
"အချက်အလက် ဝယ်တာတွေ ဘာတွေ ပြောမနေပါနဲ့ မိတ်ဆွေရာ၊ အားနာစရာကြီးပါ။ ဒါတွေက သာမန် ကောလာဟလလေးတွေပါ"
ထို့နောက် သူတို့က ကျောက်စိမ်းပြားတစ်ခုကို ရက်ရက်ရောရော ထုတ်ပေးလိုက်ရင်း အကြံပြုလိုက်သည်။
"အနောက်ပိုင်းဟုန်မှာ နေတဲ့အချိန် နေ့စဉ်ဘဝကို သတိထားပါဦး"
လင်ယွဲ့ဂိုဏ်းမှ တပည့်ဖြစ်သူမှာ ဤမျှလွယ်ကူလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ခေတ္တမျှ မှင်သက်သွားသည်။
သူသည် ကျေးဇူးတင်စကားကို အမြန်ပြောလိုက်ပြီး ကျောက်စိမ်းပြားကို ဖမ်းဆုပ်လိုက်၏။
အထဲရှိ အကြောင်းအရာများမှာ အထူးတလည် ပြုပြင်ထားပုံရပြီး အလွန်အမင်းဝေဝါးနေကာ စီးဆင်းနေသော အလင်းတန်းနှစ်ခုသာ မြင်ရလေသည်။
တစ်ခုမှာ ရွှေအိုရောင်ဖြစ်ပြီး အခြားတစ်ခုမှာ သွေးနီရောင်ဖြစ်ကာ အထဲတွင် မည်သည့်အရာ ရှိနေသည်ကို ခွဲခြားရန် အလွန်ခက်ခဲလှသည်။
"သွေးနီရောင် မိုးကြိုးတွေနဲ့ ပြည့်နေတဲ့ ကောင်းကင်ကြီးကို မင်းမြင်လိုက်လား"
ကျင့်ကြံသူတစ်ဦးမှာ သိသိသာသာပင် တုန်လှုပ်နေဆဲဖြစ်သည်။
"ငါ မမှားဘူးဆိုရင်၊ အဲဒါက တာအိုလက်နက် မှတ်တမ်းမှာ အဆင့် ၃၉ ရှိတဲ့ ကောင်းကင်ဘုံမူလ ပုံရိပ်ယောင်မိုးကြိုး ပေတံ ပဲ ဖြစ်ရမယ်၊ အနန္တတာအိုအင်ပါယာဂိုဏ်းက စီနီယာ ဖန်းဘိုယန် ရဲ့ တာအိုလက်နက်လေ"
သူ စကားပြောနေစဉ်မှာပင်၊ လင်းယွဲ့ဂိုဏ်းမှ တပည့်ဖြစ်သူသည် သွေးနီရောင်မိုးကြိုးများ ပျက်ပြယ်သွားပြီး ကျောက်စိမ်းပေတံ ကွဲကြေသွားသည်ကို ကြည့်နေမိ၏။
လုပ်ငန်းစဉ် တစ်ခုလုံးမှာ အသက်တစ်ခါရှူစာထက် မပိုခဲ့ပေ။
"ယုတ္တိနည်းအရဆိုရင် ကောင်းကင်ဘုံမူလပုံရိပ်ယောင်မိုးကြိုးပေတံကွဲသွားပြီးတဲ့နောက် အဲဒီ ရွှေရောင်အလင်းက သူ့နေရာမှာ သဘာဝအတိုင်း အစားထိုးဝင်ရောက်ရမှာပဲ၊ ဒါပေမဲ့... အဲဒါက တကယ်ကို လွယ်လွန်းတယ်။ တခြားသူတွေရဲ့ ခန့်မှန်းချက်အရဆိုရင် အဲဒါက အနည်းဆုံးတော့ ထိပ်တန်း ဆယ်ခုစာရင်းထဲဝင်နိုင်တယ်တဲ့"
အမည်မသိ တာအိုလက်နက် တစ်ခုသည် ဟုန်ကျယ်မဟာမိတ်တာအိုလက်နက်စာရင်းအောက်တွင် ရုတ်တရက် ထိပ်တန်း ဆယ်ခုစာရင်းထဲသို့ ရောက်ရှိလာခဲ့သည်။
ဤဖြစ်ရပ်၏ ကြီးမားမှုမှာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှပေသည်။
"ဒီ ရွှေရောင်ကြာပန်းနတ်ဆိုးဗုဒ္ဓရဲ့ ပုံစံအစစ်အမှန်ကို ငါ့မျက်စိနဲ့ ဘယ်တော့မှ မြင်ခွင့်ရမလဲ မသိဘူး" ဟု အခြားတစ်ဦးက အံ့ဩတကြီး ပြောလိုက်၏။
လင်းယွဲ့ဂိုဏ်းမှ တပည့်ဖြစ်သူမှာ တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိသည်။ အပြင်လောကတွင် အချိန်အတော်ကြာအောင် ရောက်ရှိနေခဲ့သဖြင့် အဆင့် ၃၉ ဆိုသည်မှာ အလွန်ကြီးမားသော ခွန်အားကို ကိုယ်စားပြုကြောင်း သူ ကောင်းကောင်း နားလည်ထားသည်။
တောင်ပိုင်းဟုန် သားတော်ခုနစ်ပါးထဲတွင်ပင် စုဟုန်ရှုး တစ်ဦးတည်းသာ ထိုအဆင့်ကို ရရှိနိုင်ပေလိမ့်မည်။
သို့သော်လည်း ထို ရွှေအိုရောင်အလင်းတန်းအောက်တွင်မူ ၎င်းသည် အလွန်ပင် နုနယ်လှ၏။
ထိုရွှေရောင်အလင်းတန်းမှာ ကြာပန်းတစ်ပွင့်နှင့် တူနေပြီး ဖော်ပြ၍မရနိုင်လောက်အောင် လှပသော်လည်း၊ အထဲတွင် ပါရှိသော လျှို့ဝှက်ဆန်းကြယ်သည့် ထက်ရှမှုမှာမူ အလွန်ပင် ပြင်းထန်လှသည်။
ရွှေရောင်ကြာပန်းနတ်ဆိုးဗုဒ္ဓ ဆိုသည်မှာ အမှန်တကယ်ပင် သင့်တော်သော အမည်နာမတစ်ခု ဖြစ်ပေသည်။
တောင်ပိုင်းဟုန်သည် အချိန်အတော်ကြာအောင် အမှန်တကယ် တိတ်ဆိတ်လွန်းနေခဲ့ပြီး၊ အပြင်လောကမှာမူ အားကြီးသူတို့၏ စင်မြင့်တစ်ခု ဖြစ်နေခဲ့သည်မှာ ကြာပြီဖြစ်ရာ၊ သူတို့အနေဖြင့် မိမိကိုယ်ကို အနည်းငယ် သိမ်ငယ်စိတ် ဝင်မိသွားကြလေသည်။
"တာအိုမိတ်ဆွေ၊ မင်းအနေနဲ့ မြောက်ပိုင်းဟုန်ကို ဆက်ပြီး အားကျမနေသင့်တော့ဘူးထင်တယ်၊ မကြာခင်မှာ အဲဒီမှာ ပရမ်းပတာတွေ ဖြစ်လာတော့မှာ" ဟု အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး ကျင့်ကြံသူက လင်းယွဲ့ဂိုဏ်းတပည့်၏ အတွေးများကို ရုတ်တရက် ဖြတ်ပြောလိုက်၏။
သူသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး အသံကိုနှိမ့်ကာ ပြောလိုက်လေသည်။
"ဒီတာအိုလက်နက်က အနောက်ပိုင်းဟုန်မှာ တစ်ခါမှ မပေါ်ဖူးဘူး၊ ပထမဆုံး ပေါ်လာတာနဲ့တင် အနန္တတာအိုအင်ပါယာဂိုဏ်းရဲ့ တိုက်ရိုက်တပည့်ကို သတ်လိုက်တာပဲ။ ဒီတာအိုလက်နက်ရဲ့ ပိုင်ရှင်က အရမ်းကြမ်းတမ်းရက်စက်တဲ့ နေရာတစ်ခုက လာတာလို့ ပြောကြတယ်၊ အနန္တတာအိုအင်ပါယာဂိုဏ်းကိုပဲ အထူးတလည် ပစ်မှတ်ထားတဲ့ အင်အားတစ်ခုနဲ့ပေါ့"
"သူ ဖန်းဘိုယန်ကို ဘယ်လောက်လွယ်လွယ်ကူကူ သတ်လိုက်သလဲ ကြည့်ဦးလေ၊ အနားမှာ စောင့်ကြည့်နေတဲ့လူတွေကို သူ မသိဘဲ နေပါ့မလား။ ဒါပေမဲ့ ဒီကျောက်စိမ်းပြားက အပြင်ကို ပေါက်ကြားထွက်လာတုန်းပဲ... ဒါက သူ ဘာကိုမှ ဂရုမစိုက်ဘူးဆိုတာကို ပြနေတာပဲ၊ သူက အနန္တတာအိုအင်ပါယာဂိုဏ်းကို ဗြောင်ကျကျ စစ်ကြေညာနေတာ"
ဟုန်ကျယ်၏ လေပြင်းများနှင့် တိမ်တိုက်များကို လှုပ်ခတ်နိုင်စွမ်းရှိသော ထိပ်တန်းအင်အားစုကြီး နှစ်ခုသာ အမှန်တကယ်စတင်တိုက်ခိုက်ကြမည်ဆိုလျှင်၊ မသေမျိုးတစ်ဦးကိုပင် အနှောင့်အယှက် ဖြစ်သွားနိုင်ပေသည်။
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မိတ်ဆွေတို့"
လင်းယွဲ့ဂိုဏ်းမှ တပည့်ဖြစ်သူမှာ ကျေးဇူးတင်စကား ထပ်မံဆိုကာ ဂါရဝပြုလိုက်ပြီး၊ အခြားတပည့်ဖြစ်သူ၏ ဘေးသို့ အမြန်ပြန်သွားလေသည်။
ထိုနှစ်ဦးသည် အချိန်အတော်ကြာအောင် တီးတိုးတိုင်ပင်နေကြပြီး၊ သူတို့၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေကြလေ၏။
အကယ်၍ ဤကိစ္စသာ အမှန်ဖြစ်ခဲ့လျှင်၊ ဤသည်မှာ တောင်ပိုင်းဟုန်အတွက် အမှန်တကယ်ပင် ကောင်းသော အရာတစ်ခု ဖြစ်လာနိုင်ပေသည်။
အနည်းဆုံးတော့ အနောက်ပိုင်းဟုန်ရှိ ကျင့်ကြံသူ အင်အားစုများသည် စိုးရိမ်ထိတ်လန့်မှုကို ခံစားရမည်ဖြစ်ပြီး၊ အချင်းချင်း တိုက်ခိုက်နေမည့်အစား ပူးပေါင်းလာကြဖို့ ရှိပေသည်။
ထို့အပြင် ချီမိသားစု ခေါင်းဆောင်သည် သူ၏ အင်အားအားလုံးကို တောင်ပိုင်းဟုန်အပေါ် အာရုံစိုက်နေစဉ်မှာ သူ၏ ကိုယ်ပိုင်နယ်မြေကို လျစ်လျူရှုထားရဲမည်လော။