အခန်း (၁၇၉-၁၈၀)
Vol. 18 Ch. 179-180
အခန်း (၁၇၉) ဘယ်တော့မှ ကြည့်လို့ ရိုးသွားမည်မဟုတ်
နောက်သုံးရက်တစ်လျှောက်လုံးတွင် ကျန်းချင်ရီက နံနက်တိုင်း တာအိုမေးမြန်းခြင်း ယဇ်ပလ္လင်သို့ သွားကာ ရှောင်မိုကို ဓားသိုင်းသင်ပေးခဲ့လေသည်။
ဓားတစ်သောင်းဂိုဏ်း၏ ဤအတွင်းစည်းတပည့်မလေးက သူ့ကို ဓားသိုင်းကျင့်ရန် သင်ကြားပေးနေခြင်းနှင့် ပတ်သက်၍ ရှောင်မိုက မည်သည့် သံသယမျှ မရှိခဲ့ချေ။
ဤအမျိုးသမီးက နန်းတော်ထဲတွင် အနည်းငယ် ပျင်းရိနေသည်ဟုသာ သူ ထင်မှတ်ထားခဲ့လေသည်။
သူမ၏ရှေ့တွင် ရှောင်မိုက သူ၏ ကျင့်ကြံခြင်းအဆင့်ကို မဖုံးကွယ်ထားခဲ့ချေ။
သို့သော် ရှောင်မိုက သူ အုတ်မြစ်ချခြင်းအဆင့်သို့ ရောက်ရှိတော့မည့်အချိန်တွင် ၎င်းကို ဖုံးကွယ်ထားရန် လိုအပ်မည်ဟု ခံစားခဲ့ရလေသည်။
သူ အုတ်မြစ်ချခြင်းအဆင့်သို့ ရောက်ရှိသွားပြီးနောက်တွင်ပင် သူမကို ဓားသိုင်း ဆက်လက်သင်ကြားခွင့် ပေး၍မရနိုင်တော့ချေ။
မည်သို့ပင်ဆိုစေကာမူ ဧကရာဇ်အများစုက အုတ်မြစ်ချခြင်းအဆင့်သို့ အဆင့်ချိုးဖျက် မဝင်ရောက်နိုင်ကြသော်လည်း သူက ဘဝတစ်ရာကျမ်းမှာ ဆုလာဘ်များကြောင့်လုပ်နိုင်နေသည်။ လုံလောက်သော အကြောင်းပြချက် မရှိပါက ၎င်းက ယုတ္တိတန်မည် မဟုတ်ချေ။
စတုတ္ထမြောက်နေ့တွင် ရှောင်မိုက မြက်ပင်ဓားသိုင်းနှင့် လေရိပ်ဓားသိုင်းတို့ကြား ပေါင်းစပ်မှုကို ရယူရန် ကြိုးစားဖို့ စီစဉ်ထားလေသည်။
ကျန်းချင်ရီကလည်း ရှောင်မို၏ အတွေးများကို အာရုံခံမိလေသည်။
သူမ၏ ဓားချီများက ပိုမို ထက်မြက်လာပြီး တိုက်ခိုက်မှုတိုင်းက ရှောင်မို ခံနိုင်ရည်ရှိသည့် အမြင့်ဆုံး ကန့်သတ်ချက်တွင် ရှိနေလေသည်။
ရှောင်မိုက အပြည့်အဝ အာရုံစူးစိုက်ကာ ရင်ဆိုင်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် မေ့လျော့သွားသည့် အခြေအနေတစ်ခုသို့ တဖြည်းဖြည်း ဝင်ရောက်သွားလေသည်။
ရှောင်မိုက သူ ဓားဟန်ပန်များကို မေ့လျော့သွားသကဲ့သို့၊ ဓားသိုင်းများကို မေ့လျော့သွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်က ဓားနှင့်အတူ လှုပ်ရှားနေခြင်းသာ ကျန်ရှိတော့လေသည်။
"ချွင်"
ရှောင်မို၏ ဓားဖျားက ကျန်းချင်ရီ၏ ဓားနှင့် ထိခတ်သွားသည့် အခိုက်အတန့်တွင် ရှောင်မိုက သူ၏ ကိုယ်တွင်းရှိ ဝိညာဉ်သွေးကြောတစ်ခုကို ဓားချီက ရှင်းလင်းဖွင့်လှစ်ပေးလိုက်ကြောင်း ခံစားလိုက်ရလေသည်။
ချက်ချင်းပင် ရှောင်မိုက သူ ချီသန့်စင်ခြင်းအဆင့် သတ္တမအလွှာသို့ ဝင်ရောက်သွားပြီဖြစ်ကြောင်း သိလိုက်လေသည်။
ရှောင်မိုမှာ အလွန် ဝမ်းသာသွားလေသည်။ ရက်အနည်းငယ်မျှ သူမ၏ လမ်းညွှန်ပြသမှုအောက်တွင် ဤမျှ လျင်မြန်စွာ အဆင့်ချိုးဖျက်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
သို့သော် ရှောင်မို အောင်ပွဲခံရန် အချိန်ပင် မရလိုက်မီ သူ၏ မျက်မှောင်များ ကြုတ်သွားပြီး သူ၏ ခန္ဓာကိုယ်က အလွန် ဆိုးရွားသော အခြေအနေတွင် ရှိနေသည်ဟု ခံစားလိုက်ရလေသည်။
ပုံမှန်အားဖြင့် ရှောင်မို ဝိညာဉ်စွမ်းအင် လည်ပတ်မှုကို ရပ်တန့်လိုက်ပြီးနောက် ဓားချီများက တဖြည်းဖြည်း ငြိမ်သက်သွားလေ့ရှိသည်။
သို့သော် ဤတစ်ကြိမ်တွင်မူ ရှောင်မိုက ဝိညာဉ်စွမ်းအင် လည်ပတ်မှုကို ရပ်တန့်လိုက်လျှင်ပင် သူ၏ ဝိညာဉ်သွေးကြောများအတွင်း၌ ဓားချီလှိုင်းများက သောင်းကျန်းနေဆဲ ဖြစ်ကြောင်း တွေ့ရှိလိုက်ရလေသည်။
"အရှင်မင်းကြီး"
ရှောင်မိုက ထူးဆန်းစွာ ပြုမူနေသည်ကို ကျန်းချင်ရီ သတိပြုမိသွားလေသည်။
နောက်တစ်ခဏတွင် ကျန်းချင်ရီက ရှောင်မို၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်ကို မြင်လိုက်ရလေသည်။
စကားတစ်ခွန်းမျှ မပြောဘဲ ကျန်းချင်ရီက ရှေ့သို့ တက်လာကာ သူမ၏ လက်ချောင်းများကို ပူး၍ ရှောင်မို၏ သွေးကြောမှတ် အနည်းငယ်ကို လျင်မြန်စွာ ဖိနှိပ်လိုက်လေသည်။
ရှောင်မို၏ အမြင်အာရုံက မည်းမှောင်သွားပြီး နောက်သို့ လဲကျသွားသော်လည်း ကျန်းချင်ရီက သူ့ကို သူမ၏ ရင်ခွင်ထဲသို့ အချိန်မီ ဖမ်းထိန်းလိုက်လေသည်။
ရှောင်မိုက သူမ၏ ရင်ခွင်ထဲတွင် မှီခိုနေစဉ် ကျန်းချင်ရီက သူ၏ သွေးကြောမှတ် အနည်းငယ်ကို ထပ်မံ ဖိနှိပ်ပေးလိုက်လေသည်။
နောက်ဆုံးတွင် ကျန်းချင်ရီ၏ သွယ်လျသော လက်ချောင်းလေးများက ရှောင်မို၏ ပခုံးကို တင်းကျပ်စွာ ဖိထားပြီး သူ၏ လက်မောင်းတစ်လျှောက် စုန်ဆင်းသွားကာ နောက်ဆုံးတွင် သူ၏ လက်ချောင်းထိပ်များမှ ဓားချီများကို အတင်းအကျပ် တွန်းထုတ်လိုက်ရာ စကျင်ကျောက်ကြမ်းပြင်ပေါ်တွင် ဓားရာတစ်ခု ထွင်းထုကျန်ရစ်ခဲ့လေသည်။
"ဟူး"
အရာအားလုံး ပြီးစီးသွားပြီးနောက် ကျန်းချင်ရီက လေပြင်းပြင်း တစ်ချက်ရှူထုတ်လိုက်လေသည်။
ရှောင်မို၏ မျက်နှာသွေးရောင် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာသည်ကို ကြည့်ရင်း ကျန်းချင်ရီက သူမ အမှန်တကယ်ပင် အနည်းငယ် တုံ့ပြန်မှု လွန်ကဲသွားကြောင်း နားလည်လိုက်လေသည်။
သူမ၏ အဆင့်ဖြင့် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူမျှသာဖြစ်သော ရှောင်မိုက ကျင့်စဉ်သွေဖည်ခြင်းကို ခံစားရလျှင်ပင် သူ့ကို ပြန်လည်ဆွဲတင်နိုင်မည်ဟု သူမ ယုံကြည်ထားလေသည်။ ရိုးရှင်းသော ဓားချီ ပြန်လည်ရိုက်ခတ်မှုတစ်ခုဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ချေ။
ကျန်းချင်ရီက သူမ၏ ရင်ခွင်ထဲတွင် လှဲလျောင်းနေသော အမျိုးသားကို တိတ်ဆိတ်စွာ စိုက်ကြည့်နေပြီး သူမ၏ မျက်လုံးများက ညင်သာစွာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေလေသည်။
သူမ၏ အကြည့်က သူ၏ ပါးပြင်၊ သူ၏ မျက်တောင်များ၊ နှာခေါင်းနှင့် နှုတ်ခမ်းများအပေါ်သို့ ဖြတ်သန်းသွားလေသည်။
အချိန်အတော်ကြာသည်အထိ ကျန်းချင်ရီက မည်သည့် လှုပ်ရှားမှုမဆို သူ့ကို လန့်နိုးသွားစေမည်ကို စိုးရိမ်သဖြင့် သူ့ကို မလှုပ်မယှက် ပွေ့ဖက်ထားလေသည်။
သူမက သူ အိပ်ပျော်နေသည်ကို အခွင့်ကောင်းယူကာ နှစ်ပေါင်းထောင်ချီအတွင်း ပထမဆုံးအကြိမ်အဖြစ် သူ့ကို အားရပါးရ ငေးကြည့်ချင်နေသကဲ့သို့ပင်။
နှစ်ပေါင်း မည်မျှပင် ကုန်လွန်သွားစေကာမူ သူမက သူ့ကို ဘယ်သောအခါမှ ကြည့်၍ ရိုးသွားမည် မဟုတ်သကဲ့သို့ပင်။
သို့သော် နာရီဝက်ခန့် အကြာတွင် ရှောင်မို၏ သတိက တဖြည်းဖြည်း ပြန်လည်ဝင်ရောက်လာပြီး သူ၏ မျက်မှောင်များ ကြုတ်သွားလိုက်၊ ပြေလျော့သွားလိုက် ဖြစ်နေကာ မည်သည့်အချိန်တွင်မဆို နိုးလာတော့မည့်အလား ဖြစ်နေလေသည်။
ထို့နောက် ရှောင်မို၏ မျက်လုံးများ ပွင့်လာတော့မည့် အချိန်မှာပင်။
အမျိုးသမီး၏ နှလုံးသားထဲသို့ ထိတ်လန့်တုန်လှုပ်မှု ခံစားချက်တစ်ခု ပျံ့နှံ့သွားလေသည်။
ဤခံစားချက်က လူကြီးတစ်ဦး၏ ကွယ်ရာတွင် အပြစ်တစ်ခုခု ကျူးလွန်ထားသော မိန်းကလေးငယ်တစ်ဦးက လူမိတော့မည့် အခြေအနေနှင့် တူနေလေသည်။
ကျန်းချင်ရီက ချက်ချင်းပင် ရှောင်မိုကို မြေပြင်ပေါ်သို့ ဘုန်းခနဲ ပစ်ချလိုက်လေသည်။
"အား"
မြေပြင်ပေါ်သို့ ပစ်ချခံလိုက်ရသဖြင့် ရှောင်မိုက နာကျင်စွာ အော်ဟစ်လိုက်လေသည်။
သို့သော် ဤပြုတ်ကျမှုကပင် ရှောင်မိုကို အမှန်တကယ် နိုးကြားသွားစေခဲ့ခြင်း ဖြစ်သည်။
ရှောင်မိုက မြေပြင်ပေါ်မှ ထိုင်လျက်သား ဖြစ်သွားပြီး ခေါင်းကို ခါရမ်းကာ သူ၏ဘေးရှိ အမျိုးသမီးကို ကြည့်လိုက်လေသည်။
နတ်မိမယ်ကျန်းက မတ်တတ်ရပ်ကာ ရေခဲတောင်တစ်ခုအလား သူ့ကို အေးစက်စွာ ကြည့်နေသည်ကို သူ မြင်လိုက်ရလေသည်။
သို့သော် သေချာကြည့်လိုက်သောအခါ ရှောင်မိုက သူမ၏ မျက်လုံးများထဲတွင် သက်ဝင်လှုပ်ရှားမှု အရိပ်အယောင်တစ်ခုကို ဝေဝါးဝါး ဖတ်ရှုလိုက်ရလေသည်။
သူမ အဘယ်ကြောင့် ဒေါသထွက်နေသည်ကို ရှောင်မို မသိသော်လည်း။
"နတ်မိမယ်ကျန်း၊ ခုနက ကျွန်တော့်ကို ဘာဖြစ်သွားတာလဲ" ရှောင်မိုက မတ်တတ်ရပ်ကာ သူ၏ တာအိုဝတ်ရုံကို ပုတ်ခါလိုက်လေသည်။
"အရှင်မင်းကြီးက ချီသန့်စင်ခြင်း သတ္တမအလွှာကို အဆင့်ချိုးဖျက်ချိန်မှာ အရမ်း ပေါ့ဆသွားလို့ ခန္ဓာကိုယ်ထဲက ဓားချီတွေက မရပ်တန့်သွားဘဲ သောင်းကျန်းလာတာပါ။
ပြီးတော့ အရှင်မင်းကြီး ကျင့်ကြံနေတဲ့ မြက်ပင်ဓားသိုင်းနဲ့ လေရိပ်ဓားသိုင်း နှစ်ခုလုံးက ပြင်းထန်တဲ့ တိုက်ခိုက်ရေး ဓားသိုင်းကျမ်းတွေ ဖြစ်နေတော့ အဲဒီကနေ ကျင့်ကြံရရှိလာတဲ့ ဓားချီတွေကလည်း အလွန်အမင်း ထက်မြက်နေတယ်။ အရှင်မင်းကြီးရဲ့ ခန္ဓာကိုယ်က ဒဏ်မခံနိုင်ဘဲ သတိလစ်သွားတာပါ"
ကျန်းချင်ရီက ဆံပင်တစ်စကို နားနောက်သို့ သပ်တင်လိုက်လေသည်။
"ဒါပေမယ့် အရှင်မင်းကြီး စိုးရိမ်စရာ မလိုပါဘူး။ ခန္ဓာကိုယ်ထဲက ဓားချီတွေကို ကျွန်မ ဖယ်ရှားပေးလိုက်ပါပြီ"
ပြောပြီးနောက် ကျန်းချင်ရီက သူမ၏ အင်္ကျီလက်စွပ်ထဲမှ ဆေးလုံးပုလင်းတစ်ပုလင်းကို ထုတ်ယူကာ ရှောင်မိုထံသို့ ပစ်ပေးလိုက်သည် "ဒီဆေးလုံးကို တစ်နေ့ တစ်လုံး သောက်ပါ။ သုံးရက်ကြာရင် အရှင်မင်းကြီး သက်သာသွားပါလိမ့်မယ်"
ရှောင်မိုက ဆေးလုံးပုလင်းကို တစ်ချက်ကြည့်လိုက်ပြီး ကျန်းချင်ရီကို ဦးညွတ်လိုက်သည် "ကျေးဇူးတင်ပါတယ် နတ်မိမယ်ကျန်း"
"ရပါတယ် အရှင်မင်းကြီး"
ကျန်းချင်ရီက ရှောင်မိုကို မျက်စောင်းထိုး၍ တစ်ချက် ကြည့်လိုက်လေသည်။
"ကျွန်မက အရှင်မင်းကြီးကို ဓားသိုင်းသင်ပေးနေတော့ အရှင်မင်းကြီးအတွက် တာဝန်ယူရမှာပေါ့။ ဒါပေမယ့် ဒီသုံးရက်အတွင်း အရှင်မင်းကြီး ကောင်းကောင်း အနားယူဖို့ လိုတယ်၊ ဓားသိုင်း ဆက်ကျင့်လို့ မရတော့ဘူး။
ဒါ့အပြင် မှတ်ထားပါ၊ ကျင့်ကြံတဲ့နေရာမှာ လောရင် ပျက်တတ်တယ်။ တည်တည်ငြိမ်ငြိမ်နဲ့ တိုးတက်မှုကို ရှာဖွေမှသာ ပိုခရီးရောက်နိုင်မယ်"
ကျန်းချင်ရီ စကားပြောပြီးနောက် ရှောင်မိုထံသို့ စာအုပ်နောက်တစ်အုပ် ပစ်ပေးလိုက်ပြီး တာအိုမေးမြန်းခြင်း ယဇ်ပလ္လင်မှ ပျံသန်းထွက်ခွာသွားလေသည်။
ရှောင်မိုက စာအုပ်ကို ကြည့်လိုက်လေသည်။
စာအုပ်၏ ခေါင်းစဉ်မှာ …. (မူရင်းမှာကို စာအုပ်ခေါင်းစဉ်ပါမလာတာပါ)
သူက စာအုပ်ကို ဖွင့်ကာ စာမျက်နှာ အနည်းငယ် ဖတ်ကြည့်လိုက်လေသည်။
ဤစာအုပ်က အဓိကအားဖြင့် ဓားချီနှင့် ဓားဆန္ဒကို မည်သို့ ပြုစုပျိုးထောင်ရမည်ကို ဆွေးနွေးထားပြီး အုတ်မြစ်ကို ခိုင်မာစေရန် အထောက်အကူပြုလေသည်။ အတိုင်းအတာတစ်ခုအထိ ဓားချီနှင့် ဓားဆန္ဒကို အသုံးပြု၍ မိမိကိုယ်ကိုယ် အားဖြည့်ပေးနိုင်ပြီး ၎င်းမှတစ်ဆင့် ခန္ဓာကိုယ်ကို သန်စွမ်းလာစေနိုင်သေးသည်။
ဤဓားသိုင်းကျမ်း၏ အဆင့်အတန်းကို ရှောင်မို မသိသော်လည်း။
သို့သော် သူမ၏ ယခင်က သဘောထားကြီးမှုများကို ထောက်ရှုကြည့်ပါက ဤဓားသိုင်းကျမ်း၏ အဆင့်က...
ရှောင်မိုက ဤ... ကို ကျွမ်းကျင်အောင် လေ့လာရန် စာကြည့်ဆောင်သို့ ပြန်တော့မည့် အချိန်မှာပင်။
ရုတ်တရက် ဘဝတစ်ရာကျမ်း၏ အသံနှင့် စာသားများက ရှောင်မို၏ စိတ်ထဲတွင် ထွက်ပေါ်လာလေသည်။
"ဝင်ရောက်မယ်" ရှောင်မိုက တုံ့ဆိုင်းမနေခဲ့ချေ။
သူ မင်္ဂလာဆောင်ရမည့်အချိန်က တစ်လပင် မလိုတော့ချေ။
ထိုအချိန်ကျလျှင် ဘဝတစ်ရာကျမ်းထဲတွင် သူ ကုန်ဆုံးနိုင်မည့်အချိန်များ သေချာပေါက် ကျဉ်းမြောင်းသွားမည် ဖြစ်သည်။
ထို့ကြောင့် ယခုအချိန်တွင် ဘဝတစ်ရာကျမ်းထဲ၌ အချိန်ပိုယူနိုင်လေ ပိုကောင်းလေပင် ဖြစ်သည်။
"ရှောင်မို"
ရှောင်မိုက တွေးလိုက်ရုံဖြင့် "ရှောင်မို" ဟူသော စာလုံးနှစ်လုံးကို ဘဝတစ်ရာကျမ်းထဲသို့ ထည့်သွင်းလိုက်လေသည်။
ထုံးစံအတိုင်း သူက အွန်လိုင်းပေါ်မှာကဲ့သို့ပင် သူ၏ နာမည်ရင်းကို အသုံးပြုရသည်ကို ပိုနှစ်သက်ဆဲပင် ဖြစ်သည်။
【နာမည်ထည့်သွင်းခြင်း ပြီးဆုံးပါပြီ။ ဘဝတစ်ရာကျမ်း၏ စတုတ္ထဘဝ စတင်တော့မည် ဖြစ်ပါသည်။】
【ရေတွက်နေပါသည်...】
【သုံး...】
【နှစ်...】
【တစ်...】
【ဘဝတစ်ရာကျမ်း၏ စတုတ္ထဘဝ စတင်ပါပြီ။ ပိုင်ရှင်အနေဖြင့် ဘဝဖြတ်သန်းမှုကို ပျော်ရွှင်စွာ ကြုံတွေ့ခံစားနိုင်ပါစေ။】
အခန်း ၁၈၀ အနောက်ဘက်ဒေသမှ ကသောင်းကနင်းအခြေအနေ
ဝေဝါးသော ခံစားချက်တစ်ခုနောက်တွင်။
ရှောင်မိုသည် သူ၏သတိစိတ်များ ပြန်လည်ဝင်ရောက်လာသောအခါ ပျက်စီးယိုယွင်းနေသော ခြံဝင်းတစ်ခုရှေ့တွင် မတ်တတ်ရပ်လျက်ရှိနေသည်ကို တွေ့လိုက်ရလေသည်။
ရှောင်မိုသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ သူသည် ရွာတစ်ရွာထဲသို့ ရောက်ရှိနေကြောင်း မြင်လိုက်ရသည်။
ရွာကလေးမှာ လူသူကင်းမဲ့နေပြီး အိမ်အများအပြားမှာ ပြိုကျပျက်စီးနေကာ မီးလောင်ကျွမ်းထားသော အရာများလည်း ကျန်ရှိနေလေသည်။
ဤနေရာသည် စစ်မီးလျှံ၏ဒဏ်ကို ခံစားခဲ့ရသည့်အလား ဖြစ်နေသည်။
ရှောင်မိုသည် သူ၏လက်သေးသေးလေးများကို ငုံ့ကြည့်လိုက်ပြီးနောက် သူ၏ရုပ်သွင်ကို ကြည့်ရန် ရေအိုးတစ်လုံးကို ရှာဖွေလိုက်လေသည်။
သူ၏ရုပ်ရည်သွင်ပြင်သည် သူ၏ယခင်ဘဝများနှင့် ထပ်တူကျနေပြီး မည်သည့်အရာကမျှ ကွာခြားမှုမရှိချေ။
သူ၏ရုပ်ရည်ကို အကဲခတ်ကြည့်ရသလောက် သူသည် အသက်ဆယ်နှစ်ခန့်သာ ရှိသေးသည်။
ရှောင်မိုသည် သူ၏ပတ်ဝန်းကျင်ကို အကဲခတ်နေချိန်မှာပင် ဘဝတစ်ရာကျမ်း၏အသံနှင့် စာသားများက သူ၏စိတ်ထဲတွင် ထွက်ပေါ်လာလေသည်။
【ပိုင်ရှင်သည် ဘဝတစ်ရာကျမ်း၏ စတုတ္ထဘဝထဲသို့ ဝင်ရောက်သွားပါပြီ။】
【ဇာတ်ကောင် နောက်ခံသမိုင်း။ ပိုင်ရှင်၊ သင်သည် အနောက်ဘက်ဒေသရှိ ရွာငယ်လေးတစ်ရွာတွင် မွေးဖွားခဲ့သည်။
သင်သည် ယခင်က မိဘမဲ့တစ်ဦး ဖြစ်ခဲ့သော်လည်း အနည်းဆုံးတော့ ရွာသားများပေးကမ်းသော စွန့်ကြဲစာများကို စားသောက်ကာ ကြီးပြင်းလာနိုင်ခဲ့သည်။
သို့သော် တစ်နေ့တွင် သင်၏ရွာကလေးသည် စစ်ဘေးနှင့် ကြုံတွေ့ခဲ့ရပြီး ရွာသားအားလုံး သတ်ဖြတ်ခံခဲ့ရသည်။
သင်သည် မြစ်ထဲတွင် ငါးဖမ်းနေခိုက်ဖြစ်နေသောကြောင့် ကပ်ဘေးမှ လွတ်မြောက်သွားခဲ့သည်။
လူက လူကို ပြန်စားသော အနောက်ဘက်ဒေသ၏လောကကြီးတွင် သတ်ဖြတ်ခြင်းနှင့် အသတ်ခံရခြင်းများသည် အလွန်ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စရပ်များပင် ဖြစ်သည်။
အနောက်ဘက်ဒေသရှိ လူအများစုအတွက် အသက်ရှင်သန်နေရခြင်းသည်ပင် ဇိမ်ခံမှုတစ်ခု ဖြစ်နေလေသည်။
ရွာကလေး မီးရှို့ဖျက်ဆီးခံရပြီးနောက် သင်သည် မည်သည့်နေရာသို့ သွားရမည်ကို မသိဘဲ ရည်ရွယ်ချက်မဲ့စွာ ရှေ့သို့သာ လျှောက်လှမ်းလာခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် လမ်းတွင် သင်နှင့်ရွယ်တူ လူငယ်အနည်းငယ်နှင့် ဆုံတွေ့ခဲ့သည်။
သင်သည် သူတို့နှင့် ပူးပေါင်းခဲ့ပြီး သင်သည် အငယ်ဆုံးဖြစ်သောကြောင့် သင့်ကို သင်တို့ငါးယောက်ကြားတွင် ညီငါးဟု ခေါ်ဝေါ်ကြသည်။
သင်တို့ငါးဦးသည် အတူတကွ လေလွင့်သွားလာကြကာ အသက်ဆက်ရန်အတွက် ခိုးဝှက်ခြင်း၊ တောင်းရမ်းခြင်း၊ တောင်ပေါ်တွင် တောဟင်းသီးဟင်းရွက်များ တူးဖော်ခြင်းနှင့် မြစ်ထဲတွင် ငါးဖမ်းခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
သင်တို့သည် ဘယ်သောအခါမှ ဝလင်စွာ မစားခဲ့ရသော်လည်း ငတ်မွတ်၍တော့ သေမသွားခဲ့ချေ။
နောက်ဆုံးတွင် သင်တို့သည် စစ်ဘေးဒဏ်ကို ခံစားခဲ့ရသော ဤရွာကလေးသို့ ရောက်ရှိလာခဲ့ပြီး ဤနေရာတွင် ယာယီအခြေချနေထိုင်ခဲ့ကြသည်။】
【မကြာမီ သင်သည် သင့်အသက်ထက် တစ်နှစ်ငယ်သော မိန်းကလေးငယ်တစ်ဦးနှင့် ဆုံတွေ့ရလိမ့်မည်။ သူမသည်လည်း အငတ်ဘေးကြောင့် ဤနေရာသို့ ထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်။ ဤမိန်းကလေးငယ်တွင် အပေါက်ခုနစ်ပေါက်ပါ နူးညံ့သိမ်မွေ့သော နှလုံးသားကို ပိုင်ဆိုင်ထားပြီး လူတိုင်း၏စိတ်ခံစားချက်များကို အာရုံခံနိုင်စွမ်းရှိကာ အခြားသူများ မည်သို့တွေးတောနေသည်ကိုပင် ခွဲခြားသိမြင်နိုင်လေသည်။
ထို့အပြင် ဤမိန်းကလေးငယ်သည် အလွန်ထူးကဲသော မွေးရာပါဉာဏ်ပညာကို ပိုင်ဆိုင်ထားပြီး နှစ်ငါးထောင်အတွင်း တွေ့ရခဲသော ဗုဒ္ဓဘာသာလမ်းစဉ်၏ မျိုးစေ့တစ်ခုပင် ဖြစ်သည်။
အနာဂတ်တွင် သူမသည် သူတော်စင်ဗုဒ္ဓအဆင့်သို့ ရောက်ရှိနိုင်ပေသည်။
တာဝန် (၁)။ ကျေးဇူးပြု၍ ဤမိန်းကလေးငယ်ကို ဤဘဝတွင် ဗုဒ္ဓအဖြစ်သို့ ရောက်ရှိရန် ကူညီပေးပါ (မိန်းကလေးငယ်၏ ဗုဒ္ဓဘာသာလမ်းစဉ်အဆင့် မြင့်မားလေလေ ပိုင်ရှင်ရရှိမည့် ဆုလာဘ်က ပိုမိုကြီးမားလေလေ ဖြစ်သည်။ မိန်းကလေးငယ်သည် ဗုဒ္ဓဘိုးဘေးအဆင့်သို့ ရောက်ရှိသောအခါ ပိုင်ရှင်သည် အမြင့်ဆုံးဆုလာဘ်ကို ရရှိမည်ဖြစ်သည်။)
မှတ်ချက်။ ကျေးဇူးပြု၍ စိတ်ချပါ ပိုင်ရှင်၊ ဤမိန်းကလေးငယ်သည် လူတိုင်း၏အတွေးများကို ဖတ်ရှုနိုင်သော်လည်း သင်၏အတွေးများကိုမူ သူမစွမ်းအားနှင့် ဖတ်ရှု၍ မရနိုင်ပါ။ ကျမ်းစာအုပ်မှ ပိုင်ရှင်၏ အတွေးများကို အပြည့်အဝကာကွယ်ပေးသွားပါမည်။】
【အနောက်ဘက်ဒေသသည် အလွန်အမင်း ကသောင်းကနင်း နိုင်လှသည်။ ဗုဒ္ဓဘာသာဂိုဏ်းများသည် မားမားမတ်မတ် ရပ်တည်နေကြပြီး မိစ္ဆာဂိုဏ်းများသည်လည်း သောင်းကျန်းနေကြသည်။ ဤနေရာတွင် အားကြီးသူများသာ အသက်ရှင်ကျန်ရစ်နိုင်သည် အသန်မာဆုံးသူများသာ မိမိတို့၏ကံကြမ္မာကို ထိန်းချုပ်နိုင်သည်
တာဝန် (၂)။ ဤဘဝတွင် ပိုင်ရှင်သည် ကျင့်ကြံနိုင်စွမ်း ရှိပါသည်။ ကျေးဇူးပြု၍ ဆက်လက်သန်မာလာစေရန် ကြိုးစားပြီး အထွတ်အထိပ်သို့ တစ်လှမ်းချင်း တက်လှမ်းပါ ပိုင်ရှင်၏အဆင့် မြင့်မားလေလေ ဆုလာဘ်က ပိုမိုကြွယ်ဝလေလေ ဖြစ်လိမ့်မည်။ ပိုင်ရှင်သည် အနောက်ဘက်ဒေသတွင် အသန်မာဆုံးလူ ဖြစ်လာသောအခါ ဆုလာဘ်သည် ၎င်း၏အမြင့်ဆုံးသို့ ရောက်ရှိမည်ဖြစ်သည်။
တာဝန် (၃)။ ကျေးဇူးပြု၍ အနောက်ဘက်ဒေသရှိ မိစ္ဆာဂိုဏ်းများကို ပေါင်းစပ်ပြီး ဧရာမမိစ္ဆာဂိုဏ်းကြီးတစ်ခုကို ဖန်တီးပါ။ ပိုင်ရှင်သည် မိစ္ဆာဂိုဏ်းတစ်ခုကို ချေမှုန်းဖျက်ဆီးလိုက်တိုင်း ဆုလာဘ်များ စုဆောင်းရရှိလာမည်ဖြစ်သည်။ ပိုင်ရှင်သည် အနောက်ဘက်ဒေသရှိ မိစ္ဆာဂိုဏ်းအားလုံးကို စည်းလုံးလိုက်ပြီး မိစ္ဆာဧကရာဇ်ဂိုဏ်းချုပ်ဖြစ်လာသောအခါ အမြင့်ဆုံးဆုလာဘ်ကို ရရှိမည်ဖြစ်သည်။】
【တာဝန် ကုန်ဆုံးမည့်အချိန်။ ဤဘဝတွင် ပိုင်ရှင်သေဆုံးသွားသောအခါ တာဝန်သုံးခုလုံးကို တွက်ချက်ရှင်းလင်းမည် ဖြစ်သည်။ ကျေးဇူးပြု၍ သတိထား၍ ရှေ့ဆက်ပါ။】
ဘဝတစ်ရာကျမ်း၏စာသားများနှင့် အသံများသည် ရှောင်မို၏စိတ်ထဲမှ ပျောက်ကွယ်သွားသည်နှင့်အမျှ သူသည် အတွေးရေယာဉ်ကြောထဲသို့ မနစ်မြောဘဲ မနေနိုင်ခဲ့ချေ။
ဤတစ်ကြိမ်တွင် ဘဝတစ်ရာကျမ်းသည် တာဝန်သုံးခုကို ချပေးခဲ့ပြီး မည်သည့်အရာကမျှ လွယ်ကူပုံမပေါ်ချေ။
ထို့အပြင် သူရောက်ရှိနေသော အနောက်ဘက်ဒေသဆိုသည်မှာ အားနည်းသူများကို အားကြီးသူများက ဝါးမျိုသော ကသောင်းကနင်းမြေဆီလွှာတစ်ခု ဖြစ်လေသည်။
စလာကတည်းက စစ်မီးတောက်နေသည့်နေရာတွင် ရောက်နေရသည်မှာ အမှန်တကယ်ပင် ငရဲဘုံအခက်အခဲအဆင့် စတင်မှုတစ်ခုပင် ဖြစ်သည်။
"ထားလိုက်ပါတော့၊ ဒီအကြောင်း တွေးနေလည်း အလကားပဲ။ တစ်လှမ်းချင်းစီပဲ သွားတော့မယ်။ အဲဒီမိန်းကလေး ပေါ်လာမယ့်အချိန်ကို အရင်စောင့်ရမယ်"
ရှောင်မိုသည် ခေါင်းယမ်းလိုက်ပြီး သူ့ဘာသာ တွေးတောလိုက်လေသည်။
ရှောင်မိုသည် ဘဝတစ်ရာကျမ်းမှ ဖော်ပြထားသော မိန်းကလေးငယ်နှင့် ပတ်သက်၍ အမှန်တကယ်ပင် အတော်လေး သိချင်နေမိသည်။
သူတော်စင်ဗုဒ္ဓအဆင့်သို့ ရောက်ရှိရန် မည်သို့သောမိန်းကလေးမျိုးသည် ဤမျှကြီးမားသော အလားအလာ ရှိနေရသနည်း။
"ညီငါး ညီငါး"
ရှောင်မို အတွေးများထဲတွင် နစ်မြောနေချိန်မှာပင် ကလေးငယ်အချို့၏အသံများသည် သူ့ထံသို့ ရောက်ရှိလာလေသည်။
ရှောင်မိုသည် ခေါင်းလှည့်ကြည့်လိုက်သည်။
ဘဝတစ်ရာကျမ်းမှ ပံ့ပိုးပေးထားသော မှတ်ဉာဏ်များအပေါ် အခြေခံ၍ ရှောင်မိုသည် ၎င်းတို့ကို သူ၏အစ်ကိုကြီးများအဖြစ် မှတ်မိသွားလေသည်။
ဘဝတစ်ရာကျမ်းက ပြောထားသည့်အတိုင်းပင် ဖြစ်သည်။
၎င်းတို့သည် သူအငတ်ဘေးမှ ထွက်ပြေးစဉ် ဆုံတွေ့ခဲ့ရသော လူများပင် ဖြစ်သည်။
ထို့နောက် ၎င်းတို့အားလုံးသည် ဤရွာကလေးသို့ လာရောက်ကာ ယာယီအခြေချနေထိုင်ခဲ့ကြပြီး ရံဖန်ရံခါတွင် လော့ဖုန်းမြို့သို့ သွားရောက်ကာ လူများအားလိမ်လည်လှည့်ဖြားကြပြီး တစ်ခါတစ်ရံတွင် လက်တစ်ဖက်ကို အင်္ကျီလက်စွပ်ထဲသို့ ရည်ရွယ်ချက်ရှိရှိ ထိုးသွင်းကာ မသန်စွမ်းသူအဖြစ် ဟန်ဆောင်၍ လမ်းမများပေါ်တွင် တောင်းရမ်းစားသောက်ကြလေသည်။
အဖွဲ့ထဲတွင် အစ်ကိုကြီး ကျန်းရှန်းဟန်သည် အသက်ဆယ့်ငါးနှစ်ဖြင့် အကြီးဆုံးဖြစ်ပြီး သူသည် ငါးယောက်လုံး၏ ကျောထောက်နောက်ခံပင် ဖြစ်သည်။ သူသည် ပြတ်သားသည်၊ သစ္စာရှိပြီး တာဝန်ယူတတ်ကာ လူတိုင်း၏လေးစားမှုကို ရရှိထားလေသည်။
အစ်ကိုလတ် လိုထိုက်သည် အသက်ဆယ့်လေးနှစ် ဖြစ်သည်။ သူသည် သတိကြီးပြီး စေ့စပ်သေချာသည်၊ ဉာဏ်ရည်ထက်မြက်ကာ ကောက်ကျစ်သော အကြံအစည်များဖြင့် ပြည့်နှက်နေလေသည်။ သူသည် အတော်လေးလည်း ချောမောပြီး တောင်းရမ်းစားသောက်သည့်အခါ သခင်မလေးများ၏သနားညှာတာမှုကို မကြာခဏ ရရှိတတ်လေသည်။
အစ်ကိုသုံး ထန်ခွမ်းသည် အသက်ဆယ့်သုံးနှစ် ဖြစ်သည်။ ငယ်ရွယ်ပြီး သိပ်မထက်မြက်သော်လည်း သူ၏ခွန်အားသည် မယုံနိုင်လောက်အောင် ချဲ့ကားလွန်းလှပြီး လူကြီးတစ်ဦး၏ခွန်အားနှင့်ပင် ယှဉ်နိုင်လေသည်။ သူသည် အစ်ကိုကြီး ကျန်းရှန်းဟန်ကို အလွန်ယုံကြည်ပြီး အစ်ကိုကြီး ခိုင်းသမျှကို လုပ်ဆောင်လေသည်။
အစ်ကိုလေး ချန်ကျိန်းဟောင်သည် အသက်ဆယ့်နှစ်နှစ် ဖြစ်သည်။ သူသည် သတ္တိကြောင်သည်၊ ငွေကို မက်မောပြီး ဆုံးဖြတ်ချက် မပြတ်သားချေ၊ သို့သော် သူကွယ်လွန်သွားသော ဖခင်ဖြစ်သူ သင်ပေးခဲ့သည့် ဆေးပညာအနည်းငယ်ကို တတ်ကျွမ်းလေသည်။
"အစ်ကိုကြီး၊ ဘာဖြစ်လို့လဲ" ရှောင်မိုသည် သိချင်စိတ်ဖြင့် မေးလိုက်လေသည်။ "အရမ်း ပျော်နေပုံရတယ်"
"ညီငါး၊ လော့ဖုန်းမြို့က သူဌေးဖန်ကို မှတ်မိသေးလား" အစ်ကိုလတ် လိုထိုက်သည် အစ်ကိုကြီးကိုယ်စား ဝင်ပြောလိုက်လေသည်။
"မှတ်မိပါတယ်" ရှောင်မိုသည် ခေါင်းညိတ်လိုက်သည်။ "ဒါပေမယ့် ဘာလို့ ရုတ်တရက်ကြီး သူဌေးဖန်အကြောင်းကို ပြောလာရတာလဲ အစ်ကိုလတ်"
လော့ဖုန်းမြို့မှ သူဌေးဖန်သည် ကြီးမားသော စည်းစိမ်ချမ်းသာများကို ပိုင်ဆိုင်ထားသော်လည်း ကပ်စေးနှဲခြင်းဖြင့် နာမည်ကြီးသော ချမ်းသာသည့် ကုန်သည်တစ်ဦး ဖြစ်လေသည်။
သို့သော် သူဌေးဖန်တွင် ဝိသေသလက္ခဏာတစ်ခု ရှိသည်၊ သူသည် ပြည့်တန်ဆာရုံများသို့ သွားရောက်လည်ပတ်ရသည်ကို နှစ်သက်ပြီး ထိုနေရာရှိ ပြည့်တန်ဆာမလေးများအပေါ် ငွေကြေးသုံးစွဲရန် အလွန်အမင်း ဆန္ဒရှိလေသည်။
သို့သော် သူ၏အိမ်တွင် ကျားမကြီးတစ်ကောင်ကဲ့သို့ ကြမ်းတမ်းသည့်ဇနီးသည် ရှိနေပြီး သူ၏တရားဝင်ဇနီးဖြစ်သူ၏မိသားစုသည် အတော်အတန် သြဇာလွှမ်းမိုးမှု ရှိသောကြောင့် သူဌေးဖန် စီးပွားရေး စတင်နိုင်ခဲ့ခြင်းမှာ သူ၏တရားဝင်ဇနီးအပေါ် လုံးဝမှီခိုနေခဲ့ရသည်ဟု ဆိုနိုင်လေသည်။
ထို့ကြောင့် သူဌေးဖန်သည် ပြည့်တန်ဆာရုံများသို့ အမြဲတမ်း လျှို့ဝှက်စွာ သွားရောက်လည်ပတ်လေ့ ရှိသည်။
ကောလာဟလများအရ သူသည် အပြင်တွင် မယားငယ်တစ်ယောက် ထားခဲ့ဖူးသော်လည်း အိမ်မှ တရားဝင်ဇနီးဖြစ်သူက သိသွားပြီး အချိန်အတော်ကြာ ပြဿနာအကြီးအကျယ် ရှာခဲ့ဖူးသည်ဟု ဆိုလေသည်။
နောက်ဆုံးတွင် သူဌေးဖန်သည် သူ၏ဇနီးထံမှ လစဉ်သုံးစရိတ်ကိုသာ လက်ခံရရှိနိုင်တော့လေသည်။
"ဟီး ဟီး ဟီး" အစ်ကိုသုံး ထန်ခွမ်းသည် ရယ်မောလိုက်လေသည်။ "အဲဒီ ကပ်စေးနှဲ သူဌေးဖန်မှာ ပြည့်တန်ဆာရုံသွားတဲ့ ဝါသနာ တစ်ခုပဲ ရှိတာလေ။ သူသာ ပြည့်တန်ဆာရုံ မသွားရရင် အဲဒါက သူ့ကို သတ်လိုက်သလို ဖြစ်သွားမှာ မဟုတ်ဘူးလား။ အဲဒါကြောင့် သူဌေးဖန်သည် မကြာသေးခင်က ပိုက်ဆံတော်တော်များများကို ဖွက်ထားခဲ့တယ်"
"ဒါပေမယ့် ခန့်မှန်းကြည့်စမ်း"
အစ်ကိုကြီး ကျန်းရှန်းဟန်သည် သူ၏ပေါင်ကို ရိုက်ချလိုက်လေသည်။
"ဒီနေ့၊ အစ်ကိုလတ်က မြို့မြောက်ဘက်ကို ငှက်ဥသွားခိုးတော့ သူဌေးဖန်က ရုပ်ဖျက်ပြီး ခြံဝင်းတစ်ခုထဲကို ခိုးကြောင်ခိုးဝှက် ဝင်သွားတာကို မြင်လိုက်ရတယ်လေ။
မထင်မှတ်ဘဲ အစ်ကိုလတ်သည် သူဌေးဖန် ပိုက်ဆံတွေ ဖွက်ထားတဲ့နေရာကို ရှာတွေ့သွားတယ်
ငါတို့ မကြာခင် လော့ဖုန်းမြို့ကို သွားကြတော့မယ်
ဒီတစ်ခါတော့ ငါတို့ ညီအစ်ကို ငါးယောက် ချမ်းသာကြတော့မယ်၊ ဝဝလင်လင်စားရတော့မယ်"