အခန်း (၄၀၀)
Vol. 40 Ch. 400
အခန်း။ ၄၀၀
"သားအိမ်ရေ ဟုတ်လား အဲဒါက လူတွေ ဒါမှမဟုတ် မိစ္ဆာသားရဲတွေ သားဖွားတဲ့အခါ သန္ဓေသားကို အဟာရဖြစ်စေဖို့ သုံးတဲ့ အရည်မဟုတ်ဘူးလား"
ယွင်ရှန်းမှာ အတော်ပင် ဇဝေဇဝါ ဖြစ်သွားရသည်။
ဒီအရည်က ယန်ပါးဟိုရဲ့ လက်ရှိ ခန္ဓာကိုယ် အခြေအနေနဲ့ ဘယ်လိုမျိုး ပတ်သက်နေတာလဲ။
"သားအိမ်ရေက အသက်အန္တရာယ် ပေးနိုင်လို့လား"
ယွင်ရှန်း ပြန်လည်စဉ်းစားကြည့်သော်လည်း ထိုကဲ့သို့သော အဆိုမျိုးကို တစ်ခါမျှ မကြားဖူးခဲ့ပေ။
"သာမန်အားဖြင့်တော့ အသက်အန္တရာယ် မရှိပါဘူး။ ဒါပေမဲ့ သွေးနဲ့ ရောနှောသွားမယ်ဆိုရင်တော့ အခြေအနေက တစ်မျိုးပြောင်းသွားပြီ။ သားအိမ်ရေက အသက်အန္တရာယ် ရှိနိုင်
တယ်ဆိုတာကို ကျွန်တော် သိခဲ့ရတာက ရှောင်ချင်းကြောင့်ပါ"
ချီယီသည် သူနှင့် ရှောင်ချင်းတို့၏ နောက်ကြောင်းကို ထုတ်ပြောလေ့မရှိသော်လည်း ယခုအခါ ယွင်ရှန်းနှင့် ကုဖုန်းတို့ရှေ့တွင် ပထမဆုံးအကြိမ် ဖွင့်ဟပြောဆိုလိုက်ခြင်းပင်။
ချီယီ ငယ်စဉ် ဘဝက မိဘမဲ့တစ်ဦး ဖြစ်ခဲ့သည်။ တစ်နေ့တွင် သူသည် တောအုပ်တစ်ခုကို ဖြတ်သန်းသွားစဉ် နောက်ဆုံးထွက်သက်ကို ရှူရှိုက်နေရသည့် ဧရာမမြွေကြီးတစ်ကောင်ကို တွေ့ရှိခဲ့သည်။ ထိုမြွေကြီး၏ ကိုယ်လုံးမှာ ရေပုံးနှစ်ပုံးစာခန့် တုတ်ခိုင်ပြီး အကြေးခွံများမှာလည်း အကောင်းဆုံး ချပ်ဝတ်တန်ဆာများကဲ့သို့ ခိုင်ခံ့လှသည်။ မျက်လုံးများမှာ အိမ်ရှေ့မီးအိမ်များကဲ့သို့ ကြီးမားကာ ဦးခေါင်းထိပ်တွင် အဖုအကျိတ်လေးတစ်ခု ပါရှိသည်။
၎င်းမှာ အဆင့်အတန်း မခန့်မှန်းနိုင်သော မိစ္ဆာသားရဲကြီးတစ်ကောင် ဖြစ်သည်။ သာမန်အားဖြင့်ဆိုလျှင် ချီယီသည် ထိုကဲ့သို့သော သတ္တဝါနှင့် ထိပ်တိုက်တွေ့ပါက သေဘေးနှင့်သာ ကြုံရမည်ဖြစ်သည်။ သို့သော် ထိုနေ့က သူတွေ့ခဲ့သော မြွေကြီးမှာမူ အသက်အနည်းငယ်သာ ကျန်တော့သည့် အခြေအနေ ဖြစ်နေသည်။
မြွေကြီး၏ ဝမ်းဗိုက်အောက်ရှိ ဒဏ်ရာတစ်ခုမှ သွေးများမှာ စမ်းရေတွင်းမှ ရေများထွက်သကဲ့သို့ တသွင်သွင် စီးကျနေသည်။ ချီယီသည် မြွေကြီးကို မြင်လိုက်ရချိန်တွင် အလွန်အမင်း ထိတ်လန့်သွားသဖြင့် မလှုပ်မယှက် ရပ်နေမိသည်။
သူ့ကို ပို၍ ထူးဆန်းစေသည်မှာ သာမန်မြွေများကဲ့သို့ ဥဥခြင်း မဟုတ်ဘဲ ထိုမြွေကြီး၏ ဝမ်းဗိုက်အောက်တွင် သွေးစွန်းနေသော အသားစိုင်တစ်ခုမှာ လှုပ်စိလှုပ်စိ ဖြစ်နေခြင်းပင်။ ချီယီသည် သတ္တိကို မွေးမြူကာ ရှေ့သို့ တိုးကြည့်လိုက်သောအခါမှ မြွေကြီးအောက်ရှိ အရာကို ရှင်းလင်းစွာ မြင်လိုက်ရသည်။
အမှန်စင်စစ် ထိုဧရာမမြွေကြီးမှာ သားဖွားနေသည့် မြွေအမကြီး ဖြစ်နေသည်။ အဖော်မပါဘဲ တစ်ကိုယ်တည်း သားဖွားနေရခြင်းကြောင့် သားအိမ်ရေများသည် သူမ၏ ဝမ်းဗိုက်အတွင်းသို့ မတော်တဆ စီးဝင်သွားခဲ့ရာမှ သွေးများ အထိန်းအကွပ်မရှိ စီးကျလာသည့် သွေးလွှမ်းခြင်း ဝေဒနာကို ခံစားနေရခြင်းပင်။
သွေးခဲများမှာ သွေးစီးဆင်းမှုနှင့်အတူ မြွေမကြီး၏ ဝမ်းဗိုက်အောက်တွင် ပိတ်ဆို့နေပြီး သားငယ်မြွေလေးမှာလည်း အသက်ရှူကျပ်၍ သေလုနီးပါး ဖြစ်နေရှာသည်။
ထိုအချိန်တွင် သူမကိုယ်တိုင် မရှင်သန်နိုင်တော့မှန်း သိရှိသွားသော ဧရာမမြွေကြီးသည် ချီယီအား ကြည့်ကာ တိုးတိုးလေး အော်ဟစ်ရှာသည်။ အဘယ်ကြောင့်မှန်းမသိသော်လည်း မြွေကြီး၏မျက်ဝန်းထဲမှ တောင်းပန်တိုးလျှိုးနေသော အကြည့်တို့က ချီယီ၏ စိတ်နှလုံးကို လှုပ်ခတ်သွားစေသဖြင့် သူသည် ကြောက်စိတ်များကိုပင် မေ့လျော့ကာ ရှေ့သို့တိုး၍ မြွေကြီး၏ ဝမ်းဗိုက်အောက်မှ သွေးခဲများကို ဖယ်ရှားပေးခဲ့သည်။
ချီယီ၏ အကူအညီကြောင့် လက်မခန့်သာရှိသော မြွေငယ်လေးမှာ အသက်ရှင်သန်ခွင့် ရရှိသွားသော်လည်း မြွေအမကြီးမှာမူ ဒဏ်ရာမှ သွေးများ အဆက်မပြတ် စီးကျနေကာ ကုသ၍မရတော့ဘဲ နောက်ဆုံးတွင် သွေးလွန်၍ သေဆုံးသွားခဲ့ရသည်။ ချီယီ ကယ်တင်ခဲ့သော ထိုမြွေငယ်လေးမှာ နောက်ပိုင်းတွင် ရှောင်ချင်းဟု အမည်တွင်လာခဲ့ခြင်းပင်။
ထိုအချိန်မှစ၍ ချီယီနှင့် ရှောင်ချင်းတို့သည် တစ်ဦးကိုတစ်ဦး အမှီသဟဲပြုကာ ရှင်သန်ခဲ့ကြပြီး နောက်ပိုင်းတွင်မှ ဆရာမကြီး မေလီက ချီယီကို တွေ့ရှိကာ တော်ဝင်မှော်အကယ်ဒမီသို့ ခေါ်ဆောင်လာခဲ့ခြင်းပင်။
ချီယီ၏ ပြောကြားချက်ကို နားထောင်ပြီးနောက် ယွင်ရှန်းသည် သူမ ဤကမ္ဘာသို့ မကူးပြောင်းလာမီ အွန်လိုင်းတွင် ဖတ်ခဲ့ဖူးသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး မီးဖွားခြင်းနှင့် ပတ်သက်သော သတင်းတစ်ခုကို ရုတ်တရက် သတိရလိုက်မိသည်။ ထိုကိုယ်ဝန်ဆောင် အမျိုးသမီး၏ အခြေအနေမှာ ချီယီပြောပြသော မိစ္ဆာသားရဲ မြွေငယ်လေး မွေးဖွားပုံနှင့် အလွန်ပင် ဆင်တူလှသည်။ ဆေးပညာအရ ဤကဲ့သို့သော ဖြစ်စဉ်ကို သားအိမ်ရေ သွေးကြောပိတ်ခြင်းဟု ခေါ်သည်။
လူဖြစ်စေ၊ မိစ္ဆာသားရဲဖြစ်စေ သားအိမ်ရေဆိုသည်မှာ အလွန်ညစ်ညမ်းသည်။ အကယ်၍ ခွဲစိတ်စဉ် သို့မဟုတ် သားဖွားစဉ် မတော်တဆ ကိုယ်ခန္ဓာအတွင်းသို့ ပြန်လည်စီးဝင်သွားပါက သွေးများကို ညစ်ညမ်းစေကာ အဆုံးတွင် ပြင်းထန်သော သွေးသွန်မှုများကို ဖြစ်ပေါ်စေတတ်သည်။ ထိုစဉ်ကလည်း သားအိမ်ရေ သွေးကြောပိတ်ခြင်းကြောင့် သွေးထွက်လွန်ခဲ့ရာ သွေးမီလီလီတာ ၁၀,၀၀၀ ကျော်အထိ သွင်းခဲ့ရသော်လည်း ကိုယ်ဝန်ဆောင်၏ ယောက္ခမနှင့် ခင်ပွန်းဖြစ်သူတို့၏ ဝေခွဲမရဖြစ်မှုကြောင့် သားအိမ်ကို အချိန်မီ မထုတ်နိုင်ခဲ့ဘဲ ခွဲစိတ်ခန်းအတွင်း၌ပင် သေဆုံးသွားခဲ့ရသည်။
ယွင်ရှန်းသည် ထိုသတင်းကို ဖတ်စဉ်က ဆေးပညာ တိုးတက်နေသော ခေတ်ကြီးတွင် ဤကဲ့သို့သော အမှားမျိုး ဖြစ်ရလေခြင်းဟု အတော်ကြာအောင်ပင် စိတ်ပျက်ခဲ့ရဖူးသည်။ သူမအနေဖြင့် ဝူကျိတိုက်ကြီးတွင်လည်း ယခုကဲ့သို့ အလားတူ အခြေအနေမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ယန်ပါးဟို၏ ခန္ဓာကိုယ်အတွင်း လပေါင်းများစွာ ကိန်းအောင်းနေသော အန္တရာယ်မှာ အမှန်
စင်စစ် မိစ္ဆာသားရဲ သားအိမ်ရေ ကြောင့်ဖြစ်ပြီး ဤကိစ္စ၏ နောက်ကွယ်မှ ကြိုးကိုင်သူမှာ ယန်ချန်းရွှယ်ပင်။
"မိစ္ဆာသားရဲရဲ့ သားအိမ်ရေဆိုတာ တကယ့်ကို ထူးဆန်းတဲ့ အဆိပ်မျိုးပဲ။ သူက သူ့ဘာသာဆိုရင် အဆိပ်မရှိပေမဲ့ သွေးနဲ့ထိတွေ့သွားရင်တော့ အရမ်း ရက်စက်တဲ့ အဆိပ်ဖြစ်သွားတယ်။ ရေရှည် စွဲသောက်မိရင် မှော်ဆရာပဲဖြစ်ဖြစ်၊ သိုင်းပညာရှင်ပဲဖြစ်ဖြစ် သူတို့ရဲ့ မှော်စွမ်းအားနဲ့ တိုက်ခိုက်ရေးစိတ်ဝိညာဉ်တွေ တဖြည်းဖြည်း အားနည်းလာလိမ့်မယ်။ အဆိုးဆုံးကတော့ တစ်စုံတစ်ရာ ဒဏ်ရာရခဲ့ရင် သွေးက လုံးဝမတိတ်တော့ဘဲ သွေးလွန်ပြီး သေဆုံးသွားရတာပဲ"
ချီယီက ထိုစဉ်က သွေးမတိတ်ဘဲ သေဆုံးသွားခဲ့သည့် မြွေကြီးကို ပြန်လည်အမှတ်ရရင်း စိတ်မကောင်းစွာဖြင့် ရှင်းပြလိုက်သည်။
ဤစကားကို ကြားသောအခါ ယွင်ရှန်းနှင့် ကုဖုန်းတို့မှာလည်း အခြေအနေ၏ ပြင်းထန်မှုကို ကောင်းစွာ သဘောပေါက်သွားကြတော့သည်။
ချီယီသာ မရှိခဲ့ပါက ယွင်ရှန်းအနေဖြင့် မည်မျှပင် စုံစမ်းစစ်ဆေးစေကာမူ မိစ္ဆာသားရဲ သားအိမ်ရေ၏ တည်ရှိမှုကို မည်သည့်အခါမျှ သိရှိနိုင်လိမ့်မည် မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် အခန်းအတွင်းရှိ လူတိုင်း၏ မျက်နှာအမူအရာနှင့် ခံစားချက်များမှာ တစ်ဦးနှင့်တစ်ဦး များစွာ ကွဲပြားနေကြသည်။
"မဖြစ်နိုင်တာ... ယန်အိမ်တော်ရဲ့ တတိယသခင်မလေးက သူမရဲ့ အဖေအရင်းကို တကယ်ပဲ လုပ်ကြံနေတာပေါ့"
ကုဖုန်းမှာ အလွန်အံ့အားသင့်သွားရသည်။ သူသည် သူဌေးကြီးမိသားစုများအတွင်း အကွက်ချစီစဉ်မှုများ ရှိတတ်ကြောင်း ကြားဖူးသော်လည်း ကြည့်ကောင်း၍ ဂုဏ်သရေရှိပုံရသော ယန်ချန်းရွှယ်က ဤကဲ့သို့ ယုတ်မာသောကိစ္စကို ပြုလုပ်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
ယွင်ရှန်းသည်လည်း စိတ်ထဲတွင် များစွာ ရုန်းကန်နေရသည်။ သူမသည် အားဖြည့်ဟင်းရည်ထဲမှ လှည့်ကွက်ကို ဖော်ထုတ်နိုင်ခဲ့သော်လည်း အခြေအနေမှာမူ အလွန်ပင် ခက်ခဲနေဆဲ ဖြစ်သည်။
အဆိပ်ခတ်သူမှာ ယန်ချန်းရွှယ် ဖြစ်နေခြင်းကို ခေတ္တထားဦး...
နှစ်နိုင်ငံမှ သိုင်းနတ်ဘုရားတို့၏ တိုက်ပွဲမှာ အချိန်မဆိုင်းဘဲ ရောက်ရှိလာတော့မည် ဖြစ်သည်။ အကယ်၍ ယန်ပါးဟိုသာ ဤအမှန်တရားကို သိရှိသွားပါက သူသည် အကြီးအကျယ် စိတ်နှလုံး ကြေကွဲသွားရပေလိမ့်မည်။ ထို့ကြောင့် ဤကိစ္စကို ယန်ပါးဟိုအား လုံးဝ အသိမပေးနိုင်ပေ။
"ချီယီ... ဒီသားအိမ်ရေက ဘယ်လိုမိစ္ဆာသားရဲဆီက လာတာလဲဆိုတာကို သိနိုင်မလား ပြီးတော့ သူ့ကို ကယ်တင်နိုင်မယ့် နည်းလမ်းရော ရှိမလား"
ယွင်ရှန်း အသိချင်ဆုံးအရာမှာ ယန်ပါးဟို၏ ခန္ဓာကိုယ်အတွင်းရှိ သားအိမ်ရေအဆိပ်ကို ပြန်လည်ဖြေဖျောက်နိုင်မည့် နည်းလမ်းပင်။
"ယွင်ရှန်း... ငါ နင့်ကို အမှန်အတိုင်းပဲ ပြောမယ်။ ငါက သားအိမ်ရေရဲ့ အန္တရာယ်ကိုပဲ သိတာ ဆရာဝန်တစ်ယောက် မဟုတ်တော့ ဒီအဆိပ်ကို ဘယ်လိုဖြေရမလဲဆိုတာ မသိဘူး။ နောက်ပြီး နင် ခုနက ပြောသလိုပဲ စစ်သူကြီးဟောင်းကြီးက ဒီအဆိပ်ပါတဲ့ ဟင်းရည်ကို သောက်လာတာ သုံးလတောင် ရှိနေပြီဆိုတော့... သားအိမ်ရေတွေက သူ့ရဲ့ သွေးကြောတစ်ခုလုံးကို ညစ်ညမ်းစေပြီးပြီလို့ ငါ ထင်တယ်"
ချီယီက ခေါင်းခါရင်း ဆိုလိုက်သည်။
"တကယ်ပဲ ဘာနည်းလမ်းမှ မရှိတော့ဘူးလား"
ယွင်ရှန်းကမူ အရှုံးမပေးလိုသေးပေ။
သူမသည်လည်း ဇဝေဇဝါ ဖြစ်နေမိသည်။ ယန်ပါးဟို၏ သွေးများမှာ အပြင်းအထန် ညစ်ညမ်းနေပြီဖြစ်ရာ သူ၏ တိုက်ခိုက်ရေးစိတ်ဝိညာဉ်ကိုပင် မည်မျှအထိ ထုတ်ဖော်နိုင်ဦးမည်ကို မခန့်မှန်းနိုင်ပေ။ အကယ်၍ ဤသည်မှာ ခေတ်သစ်ဆေးပညာလောကတွင်ဆိုပါက သွေးလဲလှယ်သည့် စက်ကိရိယာများကိုသုံး၍ သွေးအသစ် လဲလှယ်ပေးနိုင်သော်လည်း ဝူကျိတိုက်ကြီးတွင်မူ ထိုသို့သော အဆောက်အအုံများ မရှိပေ။
ဤအဆိပ်အကြောင်းကို ပြောပြလျှင်ပင် ယန်ပါးဟိုသည် ယုံကြည်လိမ့်မည် မဟုတ်ပေ။ သို့သော် တိုက်ပွဲတွင် အနည်းငယ်မျှ ဒဏ်ရာရခဲ့လျှင်ပင် နောက်ဆက်တွဲရလဒ်မှာ မတွေးဝံ့စရာ ဖြစ်ပေလိမ့်မည်။ ထို့အပြင် ယန်ချန်းရွှယ်သည် ဟောက်ချင်သို့မဟုတ် ဟုန်မြို့မှ လူများနှင့် ပူးပေါင်းထားသည်မှာ သေချာလှသည်။ ယုတ်မာသော ထျန်းချွဲကျီသည်လည်း တိုက်ပွဲတွင် ယန်ပါးဟို၏ အားနည်းချက်ကို အခွင့်ကောင်းယူရန် ကြိုးစားပေလိမ့်မည်။
"ဟုတ်ပြီ... ယွင်ရှန်း နင် မှော်ဘုရားကျောင်းက လူတစ်ယောက်ယောက်ကို မေးကြည့်လို့ရတာပဲ။ ရှေးဟောင်းဆေးပညာနဲ့ မရနိုင်ရင်တောင် အလင်းမှော်ပညာသုံးရင် ရမှာပါ"
ကုဖုန်းက ခေတ္တစဉ်းစားပြီးနောက် "အမှန်တော့ အလင်းမှော်ပညာထဲမှာ အထူးသန့်စင်ပေးတဲ့ သန့်စင်ခြင်းမှော်ဆိုတာ ရှိတယ်။ ငါကသာ အသုံးမကျလို့ အလင်းမှော်ပညာကို သေချာမလေ့လာခဲ့မိလို့ နင့်ကို မကူညီနိုင်တာပဲ" ဟု အားနာစွာဖြင့် ဆိုလိုက်သည်။
"ဟုတ်သားပဲ... ကုဖုန်း၊ နင် ငါ့ကို သတိပေးလိုက်တာပဲ"
ယွင်ရှန်းသည် လွန်ခဲ့သောရက်က ရှာဝမ်ရွှီအသုံးပြုခဲ့သော အလင်းမှော်ပညာ၏ အစွမ်းထက်ပုံကို ပြန်လည်အမှတ်ရလိုက်သည်။ သေလုမြောပါး လူတစ်ဦးကိုပင် ပြန်လည်အသက်ဆက်ပေးနိုင်သော ထိုအစွမ်းဖြင့်ဆိုလျှင် ရှာဝမ်ရွှီတွင် နည်းလမ်းတစ်ခုခု ရှိနိုင်ပေလိမ့်မည်။