အခန်း (၄၀၂)
Vol. 40 Ch. 402
အခန်း။ ၄၀၂
ကျိုးပြည်ထောင်စုမှသည် ရှန်းကျူနိုင်ငံသို့ သွားရောက်ရန် အနည်းဆုံး နှစ်လကျော် ကြာမြင့်
မည် ဖြစ်သည်။ လမ်းခရီးတွင် ထန်ယွမ်နယ်မြေကို ဖြတ်ကျော်ရမည်ဖြစ်ပြီး ရှန်းကျူသို့ ရောက်ရှိသွားလျှင်ပင် ယွင်ရှန်းအနေဖြင့် သက်စောင့်ရေကို ရရှိနိုင်ရန်မှာ မသေချာလှပေ။
"ဒါဆိုရင် လူတစ်ယောက်ကို ကယ်တင်ဖို့ဆိုတာက မဖြစ်နိုင်သလောက်ပါပဲလား"
ယွင်ရှန်းက တွေးတောရင်း ဆိုလိုက်သည်။
"အလွန်ခက်ခဲပါတယ်။ အချိန်ပိုင်းအရ ကြည့်ရင်လည်း အတော်လေး နောက်ကျနေပြီမို့... စစ်သူကြီးဟောင်း ယန်ပါးဟိုကို ဒီတိုက်ပွဲကနေ နုတ်ထွက်ဖို့ တိုက်တွန်းတာက ပိုကောင်းပါလိမ့်မယ်"
ရှာဝမ်ရွှီက ဆိုသည်။ ယွင်ရှန်း၏ မျက်နှာပေါ်မှ မျှော်လင့်ချက်မဲ့နေသော အမူအရာကို မြင်ရသည်မှာ သူ၏ရင်ကို နာကျင်စေသည်။
အကယ်၍ ဤသည်မှာ သေကိန်းဆိုက်နေသော ဘေးဒုက္ခတစ်ခုဖြစ်ပါက ၎င်းကို ဖြေရှင်းရန်မှာ ထင်သလောက် လွယ်ကူလိမ့်မည်မဟုတ်ပေ။ ယခုတစ်ကြိမ်တွင်လည်း ယန်ပါးဟိုသည် အလွန်အမင်း အန္တရာယ်ကြီးမားသော အခြေအနေနှင့် ရင်ဆိုင်နေရပြန်ပြီ ဖြစ်သည်။
"သူ နုတ်ထွက်မှာမဟုတ်ဘူး နုတ်ထွက်လို့လည်း မရဘူး။ အကယ်၍ ဒီတစ်ခါသာ ရှုံးနိမ့်သွားရင် ယန်အိမ်တော်ဟာ ပြိုလဲပျက်စီးသွားလိမ့်မယ်"
ယွင်ရှန်းက ထိုသို့ပြော၍ အချိန်ကို ကြည့်လိုက်ရာ ညဉ့်နက်သန်းခေါင်ယံသို့ ရောက်ရှိနေပြီ ဖြစ်သည်။
"ရှာစီမင်... ကျွန်မ လနတ်သမီး၏ ချီးမွမ်းခြင်း ဖော်စပ်နည်းကို ရှင့်ဆီ လွှဲပြောင်းပေးပါ့မယ်"
ယွင်ရှန်းက လျင်မြန်စွာ ဆုံးဖြတ်ချက်ချလိုက်သည်။
ယွင်ရှန်း၏ စကားကို ကြားပြီးနောက် ရှာဝမ်ရွှီက ခေါင်းညိတ်လက်ခံလိုက်သည်။ ယွင်ရှန်းသည်လည်း အဆင့်မြင့်မှော်ဆေး လနတ်သမီး၏ ချီးမွမ်းခြင်း ဖော်စပ်နည်းကို ရှာဝမ်ရွှီအတွက် ချက်ချင်းပင် ရေးသားပေးခဲ့သည်။ ရှာဝမ်ရွှီသည် ထိုဆေးညွှန်းကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားရပြန်သည်။
တကယ်ပင် ယွင်ရှန်းပါပေ။ သူမသည် အချိန်တိုင်း လူတို့ကို အံ့အားသင့်အောင် လုပ်ဆောင်နိုင်စွမ်း ရှိသူဖြစ်သည်။ မိုးမလင်းမီ အချိန်လေးတွင်ပင် တစ်ညလုံး အိပ်စက်ခြင်းမရှိသော ယွင်ရှန်းသည် ဆေးခန်းသို့ ပြန်လည်ရောက်ရှိလာခဲ့တော့သည်။
သူမ အံ့အားသင့်သွားရသည်မှာ ဆေးခန်းအတွင်း၌ ယီပိုင်မင်းက သူမကို စောင့်ကြိုနေခြင်းပင်။
သူသည် တစ်ညလုံး စောင့်နေခဲ့ပုံရပြီး သူ၏ရှေ့တွင်မူ စစ်တုရင်ခုံတစ်ခု ရှိနေသည်။ စစ်တုရင်ခုံပေါ်တွင် အဖြူနှင့် အမ နယ်ရုပ်များမှာ ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲထားကြသည့်နှယ် တစ်ဖက်စီတွင် နေရာယူထားကြပြီး အနိုင်အရှုံးမပေါ်ဘဲ အကြိတ်အနယ် ဖြစ်နေသည့် အနေအထားတွင် ရှိနေသည်။
"ဘာလို့ ရောက်နေတာလဲ"
ယွင်ရှန်းက အံ့အားသင့်စွာ မေးလိုက်သည်။ ယခုရက်ပိုင်းအတွင်း အခြားနိုင်ငံမှ အိမ်ရှေ့မင်းသားတစ်ပါး ရောက်ရှိနေသဖြင့် ယီပိုင်မင်းအနေဖြင့် မင်းသားတစ်ပါးဖြစ်သည့်အလျောက် နန်းတော်အတွင်း၌ ဧည့်ခံကျွေးမွေးပွဲများတွင် ရှိနေရမည်ပင်။
ယီပိုင်မင်းက တစ်ခွန်းမျှ ပြန်မပြောဘဲ နှုတ်ဆိတ်နေသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး အေးစက်တိတ်ဆိတ်သွားရသည်။ သူ၏ ဘေးပတ်လည်တွင် မကြုံစဖူးသော ဖိအားတစ်ခု ကိန်းအောင်းနေပြီး သူသည် အလွန်အမင်း မကျေမနပ် ဖြစ်နေပုံပင်။
အမှန်စင်စစ် ယီပိုင်မင်းသည် မနေ့ညနေကတည်းက ယွင်ရှန်းကို ဤဆေးခန်းတွင် စောင့်နေခဲ့ခြင်း ဖြစ်သည်။ ယနေ့တွင် တိုက်ပွဲရှိကြောင်း သူသိထားသလို ယွင်ရှန်းက နှုတ်မှ ထုတ်မပြောသော်လည်း သူမ၏ ရင်ထဲတွင် စစ်သူကြီးဟောင်း ယန်ပါးဟိုအတွက် များစွာ စိုးရိမ်ပူပန်နေသည်ကိုလည်း သူ ကောင်းစွာ နားလည်ထားသည်။
သို့သော် ယွင်ရှန်းသည် ယန်အိမ်တော်မှ မိသားစုဝင်လည်းမဟုတ် နန်းတွင်းရာထူးလည်း မရှိသဖြင့် နန်းတော်အတွင်းသို့ ဝင်ရောက်နိုင်မည့် နည်းလမ်းမရှိပေ။ ထို့ကြောင့် ယီပိုင်မင်းက သူမကို အစေခံမိန်းကလေးတစ်ဦးအသွင်ဖြင့် အဖော်ပြုကာ နန်းတော်အတွင်းသို့ လိုက်ပါကြည့်ရှုနိုင်ရန် နည်းလမ်းရှာဖွေခဲ့ခြင်းပင်။
သူသည် ယွင်ရှန်း ရှိရာ ဆေးခန်းသို့ ရည်ရွယ်ချက်ရှိရှိ လာခဲ့သော်လည်း သူမနှင့် လွဲချော်ခဲ့ရသည်။ ယွင်ရှန်းက မှော်ဘုရားကျောင်းသို့ သွားနေခဲ့ခြင်းကြောင့်ပင်။
စစ်သူကြီးဟောင်း၏ မွေးနေ့ပွဲကတည်းက ယွင်ရှန်း၏ ရင်ထဲတွင် တစ်စုံတစ်ခုကို ကြိတ်မေ့ပူပန်နေသည်ကို ယီပိုင်မင်း ခံစားမိခဲ့သည်။ သူမက ဘာမှ ထုတ်မပြောဘဲ ဆေးခန်းနှင့် အိမ်တော်ကြားတွင်သာ အပြေးအလွှား သွားလာနေခဲ့သည်မှာပင် သူ့အတွက် စိတ်မသက်မသာ ဖြစ်စေခဲ့သည်။
ဒါပေမဲ့ သူမက ဘာကြောင့် ညဉ့်နက်သန်းခေါင်ကြီးမှာ မှော်ဘုရားကျောင်းကို သွားရတာလဲ။
ဒီတောကြောင်မလေးက ဘာဖြစ်လို့ သူ့ဆီကို အကူအညီလာမတောင်းဘဲ ရှာဝမ်ရွှီဆီကိုပဲ သွားရတာလဲ။ အမြဲတမ်း ဟန်ကိုယ်ဖို့တဲ့အပြုံးနဲ့ တပြုံးပြုံး လုပ်နေတတ်တဲ့ အဲဒီလူဆီမှာ ဘာများ အားကိုးစရာ ရှိနေလို့လဲ။
"ယီပိုင်မင်း... ရှင် စစ်တုရင် ကစားချင်တယ်ဆိုရင် ရှင့်ရဲ့ မြေအောက်နန်းတော်ကိုပဲ ပြန်သွားပြီး ကစားပါလား"
ယွင်ရှန်းက သူ၏ ခက်ထန်နေသော မျက်နှာထားကိုကြည့်ကာ ဆိုလိုက်သည်။ သူမ ပြန်စဉ်းစားကြည့်သလောက်လည်း မကြာသေးမီက သူ့ကို စိတ်ဆိုးအောင် လုပ်ခဲ့မိသည်ဟု မမှတ်မိပေ။
လောလောဆယ်တွင် သူမကိုယ်တိုင်လည်း စိတ်ရှုပ်ထွေးနေရသဖြင့် သူ ဘာတွေ စဉ်းစားနေသလဲဆိုသည်ကို ခန့်မှန်းပေးရန် အချိန်မရှိပေ။
"ရှာဝမ်ရွှီဆီကို ဘာသွားလုပ်တာလဲ"
ယီပိုင်မင်းက သူ့အသံကို ထိန်းချုပ်ရင်း မေးမြန်းလိုက်သည်။
"ကျွန်မ သူ့ဆီ သွားတာကို ရှင် ဘယ်လိုသိတာလဲ။ ဆေးပညာဆိုင်ရာ ကိစ္စတချို့ သွားမေးတာပါ။ ရှင် နားမလည်ပါဘူး"
ယွင်ရှန်း၏ အဖြေကြောင့် ယီပိုင်မင်း၏ မျက်နှာမှာ ပို၍ပင် မှောင်ကျသွားတော့သည်။ သူ ငြင်းပယ်ခံလိုက်ရပြီဟု ခံစားလိုက်ရသည်။
ဒီတောကြောင်မလေးက ငါ့ကို တကယ်ကြီး ငြင်းရဲတယ်ပေါ့။ ယွင်ရှန်းနှင့် ရှာဝမ်ရွှီတို့ ဆေးပညာအကြောင်း ရင်းရင်းနှီးနှီး ဆွေးနွေးနေကြမည့် ပုံရိပ်ကို မြင်ယောင်ရင်း သူ၏ရင်ထဲတွင် မနာလိုစိတ်တို့က တနင့်တပိုး ဖြစ်လာရသည်။
ရုတ်တရက်ဆိုသလိုပင် ယီပိုင်မင်းသည် ယွင်ရှန်း၏ လက်ကို ဆွဲယူကာ သူ့ထံသို့ ဆောင့်ယှက်လိုက်ပြီး ရင်ခွင်ထဲသို့ ထည့်ကာ ဖက်ထားလိုက်တော့သည်။
ယွင်ရှန်းမှာ ကြောင်တောင်တောင် ဖြစ်သွားရသလို ယီပိုင်မင်း တစ်ယောက် ဘာတွေဖြစ်နေမှန်းလည်း နားမလည်နိုင်တော့ပေ။ ယီပိုင်မင်း၏ မီးခိုးရောင် မျက်ဝန်းအစုံမှာ မှောင်ရိပ်သန်းသွားပြီး သူမကို စူးစိုက်ကြည့်နေမိသည်။ သူ၏ ချောမောလှပသော မျက်နှာမှာ ယွင်ရှန်း၏ မျက်နှာနှင့် လက်မအနည်းငယ်သာ ကွာဝေးတော့ပြီး တစ်ဦး၏ အသက်ရှူသံကို တစ်ဦးက ခံစားမိနိုင်သည်အထိ နီးကပ်နေပြီ ဖြစ်သည်။
"ငါ့ရဲ့ အစေခံအနေနဲ့ဆိုရင် မင်းကို ဒီထက်ပိုပြီး တင်းတင်းကျပ်ကျပ် စောင့်ကြည့်ဖို့ လိုအပ်နေပြီထင်တယ်။ ဒီနေ့ကစပြီး ၂၄ နာရီပတ်လုံး မင်းဘေးနားမှာပဲ ငါနေတော့မယ်"
ယီပိုင်မင်း၏ အမိန့်ဆန်ဆန် စကားလုံးများကြောင့် ယွင်ရှန်း၏ နားရွက်ကလေးများ နီရဲလာကာ ရင်ခုန်သံများ မြန်ဆန်လာရသည်။ သူမသည် သူ့ကို အတင်းတွန်းဖယ်သော်လည်း ယီပိုင်မင်း၏ ကိုယ်လုံးမှာ ကျောက်တံတိုင်းကြီးကဲ့သို့ ခိုင်ခံ့လွန်းလှသဖြင့် လုံးဝ မလှုပ်သာပေ။
"ယီပိုင်မင်း... အမှန်အတိုင်းပြောစမ်း ခရမ်းရွှေ သတ္တုကြောကိစ္စမှာ နောက်ကွယ်ကနေ နှောက်ယှက်ခဲ့တာ ရှင်မလား"
ယွင်ရှန်းက သူ့ကို စူးစိုက်ကြည့်ရင်း မေးလိုက်သည်။ သူမ ပြန်စဉ်းစားကြည့်လျှင် သတ္တုကြောကိစ္စဖြစ်စဉ်က ယီပိုင်မင်း၏ ရုတ်တရက် ပေါ်ပေါက်လာပုံမှာ အလွန်ပင် သံသယဖြစ်ဖွယ် ကောင်းလှသည်။ သူ၏ ပါးနပ်မှုကို ကြည့်လျှင် ထန်ယွမ်မှ လီရှောက်၏ အခွင့်အရေးကို ကြားဖြတ်လုယူမည့် ပထမဆုံး သံသယရှိသူမှာ ဧကန်မလွဲ ယီပိုင်မင်းပင်။
ယီပိုင်မင်းကမူ လှောင်ပြုံးကလေး ပြုံးရုံသာ ပြုံးပြပြီး တစ်ခွန်းမျှ ပြန်မဖြေပေ။ သူသည် ဦးခေါင်းကို ငုံ့လိုက်ကာ သူ၏နဖူးကို ယွင်ရှန်း၏ လည်ပင်းသားနုနုပေါ်သို့ အသာအယာ မှီတင်လိုက်ပြီး သူမကို ပို၍ သက်သောင့်သက်သာရှိသော အနေအထားဖြင့် ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ သူသည်လည်း တစ်ညလုံး အိပ်စက်ခဲ့ခြင်း မရှိသော်လည်း သူမ၏ကိုယ်မှ သင်းပျံ့နေသော ဆေးဖက်ဝင်အပင်ရနံ့လေးက သူ၏ မွန်းကြပ်နေသော စိတ်အာရုံကို များစွာ ပြေလျော့စေသည်။
"တကယ်ကြီး ရှင်ပဲဖြစ်နေတာပေါ့ ရှင် တကယ့်ကို အရှက်မရှိဘူး။ ပြဿနာကို ရှာချင်တိုင်းရှာပြီး ယန်အိမ်တော်ကို အကာအကွယ်ယူခိုင်းတယ်ပေါ့။ အဲဒီ ထျန်းချွဲကျီက တကယ်တော့ ရှင့်ကိုပဲ တိုက်ပွဲခေါ်သင့်တာ"
ယွင်ရှန်းက စိတ်တိုတိုဖြင့် ဆိုလိုက်သည်။ သူမမှာ ဆွမ်နီသားရဲ၏ ဝါးမျိုခြင်းကို ခံရလုနီးပါးအထိ အပင်ပန်းခံခဲ့ရပြီးမှ သတ္တုကြော၏ လေးပုံတစ်ပုံကိုသာ ရခဲ့သော်လည်း ယီပိုင်မင်းမှာမူ ကျားကိုစားမည့် ဝက်အယောင်ဆောင်ပြီး သတ္တုကြော တစ်ဝက်တိတိကို အသာလေး ရယူသွားခဲ့ခြင်းကြောင့် သူမ၏ စိတ်ထဲတွင် မမျှမတ ဖြစ်နေရသည်။
"ဘာလို့ ဒီလောက်တောင် စိုးရိမ်နေရတာလဲ။ ငါ့ဆီမှာ ရှိသမျှ အရာအားလုံးက မင်းအပိုင်တွေပဲလေ"
ယီပိုင်မင်းက သူမ၏ နားနားတွင် တိုးတိုးလေး ကပ်ပြောလိုက်သည်။ သူမ၏ အသားအရေမှ ထွက်ပေါ်နေသော ရနံ့မှာ အခြားအမျိုးသမီးများ သုံးတတ်သည့် အမွှေးနံ့သာနံ့များနှင့် မတူဘဲ ထူးခြားနေသည်။ ဤတောကြောင်မလေးကို သူ၏ ရင်ခွင်ထဲတွင် ပွေ့ဖက်ထားရသည့် ခံစားချက်ကို သူ အလွန်ပင် နှစ်သက်မိသည်ကို ဘုရားသခင်သာ သိပေလိမ့်မည်။
သူတို့နှစ်ဦးသည် မှော်ပညာကို အတူတကွ ပူးပေါင်းလေ့ကျင့်လေ့ရှိကြသဖြင့် ယွင်ရှန်းအနေဖြင့်လည်း ယီပိုင်မင်း၏ ရင်းနှီးကျွမ်းဝင်သော အပြုအမူများအပေါ် ခုခံလိုစိတ် တဖြည်းဖြည်း နည်းပါးလာခဲ့ရသည်။
"ရှင်က ခွေးလား ကျွန်မ လည်ပင်းကို အဲဒီလို လာမလုပ်နဲ့။ ရှင့်အရာအားလုံးက ကျွန်မအပိုင်ဆိုရင် အဲဒီ ခရမ်းရွှေ သတ္တုကြော တစ်ဝက်ကို အခုချက်ချင်း လွှဲပေးလိုက်တော့။ ရှင်က ဘာမှလုပ်စရာမလိုတဲ့ မင်းသားပဲ ပိုက်ဆံလည်း မလိုပါဘူး။ ကျွန်မကတော့ အမဲလိုက်တပ်ဖွဲ့နဲ့ ဆေးခန်းကို ထိန်းသိမ်းနေရလို့ ပိုက်ဆံအများကြီး လိုတာ"
ယွင်ရှန်းသည် ယားကျိကျိဖြစ်လာသော လည်ပင်းကြောင့် ယီပိုင်မင်း၏ မျက်နှာကို စိတ်တိုတိုဖြင့် တွန်းဖယ်လိုက်သည်။ သို့သော် ယီပိုင်မင်းက သူမ၏ လှုပ်ရှားမှုကို ကြိုတင်တွက်ဆထားသဖြင့် သူမ၏ လက်ကောက်ဝတ်ကို လျင်မြန်စွာ ဖမ်းချုပ်ကာ ရင်ခွင်ထဲသို့ ပို၍ တင်းကျပ်စွာ ထွေးပွေ့လိုက်ပြန်သည်။
သိုင်းပညာရှင်တစ်ဦး၏ ရှေ့တွင် မှော်ဆရာတစ်ဦး၏ ကျွမ်းကျင်မှုမှာ အမှန်တကယ်ပင် အသုံးမဝင်လှပေ။ ယွင်ရှန်းမှာ ယီပိုင်မင်းကို ရေခဲမှော်ဖြင့်သာ အေးခဲပစ်ချင်စိတ် ပေါက်နေမိသော်လည်း တကယ်တမ်းတွင်မူ သူမ မလုပ်ဝံ့ပေ။ အမှန်အတိုင်းပြောရလျှင် သူမသည် ယီပိုင်မင်းနှင့် သိကျွမ်းခဲ့သည့်တိုင်အောင် သူ၏ ကျင့်စဉ်အဆင့်အတန်း မည်မျှရှိသည်ကို ယနေ့တိုင် အသေအချာ မခန့်မှန်းနိုင်သေးပေ။
သိုင်းပညာဖြစ်စေ မှော်ပညာဖြစ်စေ ယီပိုင်မင်းသည် သူ၏ စွမ်းအားအစစ်အမှန်ကို မညသည့်အခါမျှ ထုတ်မပြခဲ့ဖူးပေ။ သူ၏ မှော်ဝိညာဉ်မှာ သူမထက် နှစ်ဆကျော်မျှ ပို၍ ကြီးမားသည်ကိုသာ သူမ သိထားသည်။
"ခဏလောက် ထပ်စောင့်ပါဦး။ အဲဒါတွေကို ငါ မင်းကို ပေးပါ့မယ်။ စိတ်ချပါ... ဒီတစ်ခေါက်တော့ စစ်သူကြီးယန် ဘာမှမဖြစ်စေရဘူး"
ယီပိုင်မင်းက ယွင်ရှန်း၏ စိတ်ကောက်နေသော မျက်နှာလေးကို ကြည့်ရင်း သူ၏ မီးခိုးရောင် မျက်ဝန်းများမှာ နူးညံ့သိမ်မွေ့သွားတော့သည်။