အခန်း (၄၀၄)
Vol. 40 Ch. 404
အခန်း။ ၄၀၄
သွေးစွန်နေသောလက်ဂိုဏ်း၏ အဓိက အခြေစိုက်စခန်းသည် လူသူအရောက်အပေါက် နည်းပါးလှသော ဤချိုင့်ဝှမ်းအတွင်း တည်ရှိသည်။
အကယ်၍ ကျွမ်းကျင်သော မှော်ဆရာတစ်ဦးသည် အပြင်ဘက်ရှိ မြူနှင်းမှော်အစီအရင်ကို ဖောက်ထွက်နိုင်ပြီး ချိုင့်ဝှမ်းအတွင်းသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ကြည့်ရှုနိုင်မည်ဆိုပါက မြောင်းတူး၍ တည်ဆောက်ထားသော ခံတပ်သဖွယ် အဆောက်အအုံများကို မြင်တွေ့ရမည်
ဖြစ်သည်။ လွန်ခဲ့သော ခြောက်လပတ်လုံး တန်ယုသည် ဤနေရာတွင် အကျဉ်းချခံထားရခြင်းပင်။
အကျဉ်းချခံထားရသည်ဆိုသော်လည်း တန်ယု၏ ဘဝမှာမူ အတော်အတန် သက်သောင့်သက်သာ ရှိလှသည်ဟု ဆိုရမည်။ အနည်းဆုံးတော့ အနောက်မြောက်ပိုင်း စစ်စခန်းရှိ ဘဝထက် အဆပေါင်းများစွာ သာလွန်ကြောင်း သူကိုယ်တိုင် ယူဆထားသည်။ လှပချောမောသော အမျိုးသမီးငယ် နှစ်ဦး၏ ပြုစုမှုကို ခံယူနေရပြီး ကောင်းမွန်သော အရက်နှင့် အသားငါးများမှာလည်း ဘယ်သောအခါမျှ မပြတ်လပ်ပေ။
ယနေ့တိုင် တန်ယုသည် သူ့ကို ဖမ်းဆီးထားသူများ၏ နောက်ခံကို မသိရှိသေးပေ။ သူ သိထားသည်မှာ စစ်ဌာနချုပ်က သူ့ကို ပြည်နှင်ဒဏ်ပေးပြီးနောက် အနောက်မြောက်ဘက်သို့ သွားရာလမ်းတစ်လျှောက် နေပူမိုးရွာ ဒုက္ခခံခဲ့ရသည်ဟူသော အချက်သာ ဖြစ်သည်။ သူ့အား ဒုက္ခခံစေပြီး ရင့်ကျက်လာစေလိုသော အဘိုးဖြစ်သူ ယန်ပါးဟို၏ ရည်ရွယ်ချက်ကိုမူ သူ လုံးဝ ဂရုမစိုက်ပေ။ ရက်အနည်းငယ်မျှ ငိုယို၍ အော်ဟစ်ပြီးနောက် မည်သူကမျှ သူ့ကို ယန်အိမ်တော်၏ သခင်လေးအဖြစ် မဆက်ဆံတော့မှန်း သိလိုက်ရချိန်တွင် သူသည် မျှော်လင့်ချက်အားလုံးကို စွန့်လွှတ်လိုက်တော့သည်။
သူသည် နားမလည်နိုင်စွာ သေဆုံးသွားခဲ့သော ရှန်းယွီကို တိတ်တဆိတ် ကျိန်ဆဲခဲ့ပြီး ယွင်ရှန်းအပေါ်တွင်လည်း ဒေါသများ ပေါက်ကွဲခဲ့သည်။ ထို့အပြင် သူ့ကို အကူအညီလက်မကမ်းခဲ့သော အဘိုးဖြစ်သူ ယန်ပါးဟိုမှာလည်း သူ၏ ပြင်းထန်သော အမုန်းတရားများ၏ ပစ်မှတ် ဖြစ်လာခဲ့သည်။
တစ်ညတွင် တန်ယု အပေါ့သွားနေစဉ် ဦးခေါင်းကို ရိုက်နှက်ခံလိုက်ရပြီး ပြန်နိုးလာချိန်တွင်မူ သူသည် အနောက်မြောက်စစ်စခန်း၌ မရှိတော့ပေ။ အစပိုင်းတွင် သူ ကြောက်ရွံ့ခဲ့သော်လည်း ဤနေရာရှိ ဘဝမှာ စစ်စခန်းထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်ကြောင်း တွေ့ရှိလိုက်ရချိန်တွင်မူ သူသည် ဤဇိမ်ခံဘဝထဲ၌ပင် အသားကျသွားခဲ့တော့သည်။
သို့သော် သူ မမျှော်လင့်ထားသောအရာမှာ ဤကဲ့သို့ ကောင်းမွန်သော နေ့ရက်များမှာ လွန်ခဲ့သော ရက်အနည်းငယ်က ရုတ်တရက် ကုန်ဆုံးသွားခဲ့ခြင်းပင်။
တန်ယုသည် သူ့ကို ဖမ်းဆီးထားသူများမှာ သွေးစွန်နေသောလက်ဂိုဏ်းဟု လူသိများသည့် အဖွဲ့အစည်းမှ ဖြစ်ကြောင်းကို ဝေဝါးစွာ သိရှိထားသည်။ ဤနေရာရှိ လူများမှာ သူတို့၏ မျက်နှာအစစ်အမှန်ကို ဘယ်သောအခါမျှ ထုတ်မပြကြဘဲ ဝတ်ရုံနီများကိုသာ ဝတ်ဆင်ထားကြသည်။
သူတို့၏ အစွမ်းမှာလည်း ကြောက်ခမန်းလိလိ ဖြစ်ပြီး သူတို့ထဲတွင် မှော်ဆရာများနှင့် သိုင်းပညာရှင်များစွာ ပါဝင်နေသဖြင့် သူတို့လက်ထဲမှ လွတ်မြောက်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ သာမန်နေ့ရက်များတွင်မူ သူတို့သည် တန်ယုအား ကောင်းမွန်သော အစားအသောက်နှင့် ဝိုင်များကိုသာ ကျွေးမွေးထားပြီး မည်သည့်အခါမျှ နှိပ်စက်ခြင်း မရှိခဲ့ပေ။
သို့သော် လွန်ခဲ့သော သုံးရက်ခန့်က ကြောက်မက်ဖွယ်ကောင်းသော အမူအရာရှိသည့် ဝတ်ရုံနီဝတ် လူတစ်ယောက် ရုတ်တရက် ဝင်ရောက်လာပြီး ဘာမှမပြောဘဲ တန်ယု၏ လက်သန်းလေးတစ်ချောင်းကို ဖြတ်တောက်ပစ်လိုက်သည်။ တန်ယုမှာ ကြောက်လန့်လွန်းသဖြင့် မေ့လဲသွားခဲ့ရပြီး သူ ပြန်နိုးလာချိန်တွင်မူ သူ့ကို ပြုစုနေသော အလှလေးများမှာ ပျောက်ကွယ်သွားကာ သူသည်လည်း အခန်းကျဉ်းလေးတစ်ခုအတွင်း ပိတ်လှောင်ခံထားရကြောင်း တွေ့ရှိလိုက်ရသည်။
ဘာတွေဖြစ်နေသလဲဆိုသည်ကို သူ လုံးဝ နားမလည်တော့ပေ။ တစ်နေ့လုံး အော်ဟစ်ကျိန်ဆဲနေသော်လည်း မည်သူကမျှ သူ့ကို လာရောက် ဂရုမစိုက်ကြပေ။ မိုးမလင်းမီ အချိန်လေးတွင်မှ တံခါးမှာ ပွင့်လာခဲ့သည်။
ဝတ်ရုံနီဝတ် လူတစ်ယောက် ဝင်လာပြီးနောက်တွင်မူ ယခင်က အလှလေးနှစ်ဦးလည်း ပါလာခဲ့သည်။ တန်ယုကို မြင်သောအခါ သူတို့က ဝမ်းသာအားရ နှုတ်ဆက်ကြသည်။
"ဘာ... ဘာလုပ်ကြမလို့လဲ"
ယခုတစ်ကြိမ်တွင်မူ တန်ယုသည် အလှလေးများနှင့် ပျော်ပါးလိုစိတ် မရှိတော့ဘဲ ဤကြောက်မက်ဖွယ်ကောင်းသော နေရာမှ အမြန်ဆုံး ထွက်ခွာချင်နေမိသည်။
"သခင်လေးတန်... စိုးရိမ်စရာ မလိုပါဘူး။ ဒီမှာ ရှိနေတုန်း နည်းနည်းတော့ လန့်သွားမှာပေါ့။ ဒါပေမဲ့ စိတ်ချပါ။ နောက်ထပ် ရက်အနည်းငယ်ကြာရင် ခင်ဗျား ဒီကနေ ထွက်သွားလို့ ရပါပြီ"
ဝတ်ရုံနီဝတ်လူက အေးစက်စွာ လှောင်ပြုံးပြုံးရင်း ဆိုလိုက်သည်။
ယန်ပါးဟိုနှင့် ထျန်းချွဲကျီတို့၏ တိုက်ပွဲအပြီး ယန်အိမ်တော်၏ ဂုဏ်သိက္ခာများ မြေခသွားသည်နှင့် တန်ယုသည် သူတို့အတွက် အသုံးမဝင်တော့ပေ။ သွေးစွန်နေသောလက်ဂိုဏ်းမှ လူများသည်လည်း တိုက်ပွဲအပြီးတွင် တန်ယုကို ပြန်လွှတ်ပေးမည်ဟု ယန်ချန်းရွှယ်အား ကတိပေးထားခဲ့ကြသည်။
"ရက်အနည်းငယ်ဆိုတာ ဘယ်လောက်လဲ အတိအကျပြောစမ်း ငါ့ကိုဖမ်းဖို့ ဘယ်သူက အမိန့်ပေးခဲ့တာလဲ"
တန်ယု၏ ဖူးရောင်နေသော မျက်နှာကြီးမှာ ကြောက်လန့်လွန်းသဖြင့် ပြာနှမ်းနေတော့သည်။ မွေးရာပါ သတ္တိနည်းပြီး ရိုးအူလွန်းသော သူသည် ဤမျှအထိ ထိတ်လန့်သွားချိန်တွင် သူ၏ဦးနှောက်ထဲ၌ နာမည်တစ်ခုသာ ဝဲလည်နေတော့သည်။
"တောက်... ငါသိပြီ ဒါ ယွင်ရှန်းလုပ်တာမလား မင်းတို့တွေ ဒီလိုမျက်နှာဖုံးစွပ်ထားတာ... အဲဒီကောင်မလေးရဲ့ လက်အောက်က အမဲလိုက်စစ်သည်တွေ ဖြစ်ရမယ်"
ယွီကျင်းမြို့တော်၏ သခင်လေးအဖြစ် သူ့ကိုယ်သူ အထင်ကြီးနေသော တန်ယုသည် ယွင်ရှန်းကိုသာ သူ၏ ရန်သူအဖြစ် မြင်ယောင်နေတော့သည်။ ယွင်ရှန်းက သူမ၏ မျိုးရိုးကို ပြန်လည်အသိအမှတ်ပြုခံချင်ပြီး အဘိုးဖြစ်သူ ယန်ပါးဟို၏ မျက်နှာသာပေးမှုကို လုယူရမှာ ကြောက်သောကြောင့် သူ့ကို ပြန်ပေးဆွဲခိုင်းခြင်းဖြစ်မည်ဟု သူက တထစ်ချ ယုံကြည်နေခြင်းပင်။
"ဖူး... ဟားဟား"
ရုတ်တရက်ဆိုသလို အခန်းအပေါ်ဘက်ဆီမှ မထိန်းနိုင်ဘဲ ထွက်ပေါ်လာသော ရယ်သံတစ်ခုကြောင့် သွေးစွန်နေသောလက်ဂိုဏ်းမှ လူများမှာ များစွာ ထိတ်လန့်သွားကြသည်။
"ဘယ်သူလဲ"
အမိုးစွန်းပေါ်တွင် ယခင်က မရှိခဲ့သော အမျိုးသားသုံးဦးမှာ ရုတ်တရက် ရပ်နေကြသည်ကို တွေ့လိုက်ရသည်။ သွေးစွန်နေသောလက်ဂိုဏ်းသည် ဝူကျိတိုက်ကြီးအတွင်းရှိ ဟုန်ဧကရာဇ်အတွက် အလွန်အရေးပါသော အမာခံစခန်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် ချိုင့်ဝှမ်းအတွင်းရှိ အခြေစိုက်စခန်းမှာ ဖုံးကွယ်ထားရုံသာမက ထောင်ချောက်များစွာဖြင့် အခိုင်အမာ ကာကွယ်ထားခြင်း ဖြစ်သည်။ ထိုသို့သောနေရာကို သူတို့သတိမထားမိဘဲ တစ်စုံတစ်ဦးက ကျူးကျော်ဝင်ရောက်လာနိုင်ခြင်းမှာ ဝတ်ရုံနီခေါင်းဆောင်၏ ရင်ကို အေးစိမ့်သွားစေတော့သည်။
"ဒီလောက်အထိ ဝက်လို အူတူတူအတတနိုင်တဲ့ လူတွေ တကယ်ရှိတာပဲ။ တန်ယု... တန်ယု ယွင်ရှန်းကသာ မင်းကို သေစေချင်တယ်ဆိုရင် မင်း အခါပေါင်း ရာနဲ့ထောင်နဲ့ချီပြီး သေပြီးနေပြီကွ"
အမိုးစွန်းပေါ်မှ အမျိုးသားသုံးဦးမှာ လှပတင့်တယ်သော အမူအရာဖြင့် ခုန်ဆင်းလာကြသည်။ သူတို့မှာ ပုံစံချင်း မတူညီကြသော်လည်း တစ်ကြိမ်မြင်ဖူးရုံနှင့် စွဲထင်သွားစေမည့် ထူးခြားသော အရှိန်အဝါများကိုယ်စီ ပိုင်ဆိုင်ထားကြသည်။
ခုနက လှောင်ရယ်လိုက်သောသူမှာ ညာဘက်မှ အမျိုးသားဖြစ်သည်။ သူသည် ချောမောသော ရုပ်ရည်ရှိပြီး နှုတ်ခမ်းတွင်လည်း ဖော်ရွေသော အပြုံးများ အမြဲရှိနေကာ လက်တွင် ကျောက်စိမ်းဖြူ ယပ်တောင်တစ်ခုကို ကိုင်ဆောင်ထားသည်။ ကြည့်ရသည်မှာ ဝတ်ရုံဖြူဝတ် ပညာရှိလေးတစ်ဦးနှင့် တူလှသည်။
ဘယ်ဘက်မှ အမျိုးသားမှာမူ တည်ငြိမ်အေးစက်သော စစ်သားတစ်ဦးကဲ့သို့ပင်။ ငယ်ရွယ်သော်လည်း သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော တိုက်ခိုက်ရေးစိတ်ဝိညာဉ်မှာ ကောင်းစွာ သွေးထားသော ဓားတစ်စင်းကဲ့သို့ ပြင်းထန်လှပြီး ကျောက်တုံးများကိုပင် တစ်ချက်တည်းနှင့် မှုန့်မှုန့်ညက်ညက် ကြေစေနိုင်သည့် အစွမ်းရှိပုံပင်။
အလယ်တွင် ရပ်နေသောအမျိုးသားမှာမူ...
ဝတ်ရုံနီခေါင်းဆောင်အတွက် ထိုသူသည် ခန့်မှန်းရ အခက်ဆုံးပုဂ္ဂိုလ် ဖြစ်နေသည်။ သူသည် သုံးဦးထဲတွင် အသက်အငယ်ဆုံးပုံရပြီး ၁၅ နှစ် သို့မဟုတ် ၁၆ နှစ်ထက် မပိုသော်လည်း ရုပ်ရည်မှာမူ အချောမောဆုံး ဖြစ်သည်။ အနည်းငယ် ပင့်တက်နေသော ဖီးနစ်မျက်ဝန်းများအတွင်းမှ မီးခိုးရောင် မျက်ဝန်းတို့သည် အရုဏ်ဦးအလင်းရောင်အောက်တွင် အေးစက်သော အရောင်အဝါကို ထင်ဟပ်နေသည်။ သူသည် ညာဘက်ကလူကဲ့သို့ ပြုံးမနေသလို ဘယ်ဘက်ကလူကဲ့သို့လည်း တောင့်တင်းမနေပေ။
သူ့ထံမှ မည်သည့်မှော်လှိုင်းမျှ ထွက်ပေါ်မနေသလို ပြင်းထန်သော တိုက်ခိုက်ရေးစိတ်ဝိညာဉ်လည်း ရှိမနေပေ။ သို့သော် ထိုနေရာ၌ ရပ်နေရုံမျှဖြင့် ပတ်ဝန်းကျင်ရှိလူများကို ဖော်ပြမရနိုင်သော ဖိအားတစ်ခု ပေးစွမ်းနေသည်။
"မင်းတို့ပဲ မင်းသားပိုင်မင်း၊ အစ်ကိုချန်၊ စီနီယာအစ်ကိုပု"
တန်ယုသည် ထိုသုံးဦးကို မြင်လိုက်ရချိန်တွင် ကယ်တင်ရှင်ကို တွေ့လိုက်ရသည့်အလား အော်ဟစ်ကာ အကူအညီတောင်းတော့သည်။ သူ၏အကြည့်များမှာ ချစ်သူကိုတွေ့ရသော အမျိုးသမီးတစ်ဦးကဲ့သို့ တမ်းတမ်းတတ ရှိနေပုံမှာ ကြည့်ရဆိုးလှသည်။
ချန်ပိုင်မှာ တစ်ကိုယ်လုံး တုန်တက်သွားပြီး ယီပိုင်မင်းကို အားမလိုအားမရ ကြည့်လိုက်မိသည်။
ဒီကောင်ကြောင့်သာ မဟုတ်ရင် ကြက်တောင်မတွန်သေးဘူး အိပ်ရာထဲကနေ အတင်းဆွဲနှိုးခံရပြီး ရီဝေဝေနဲ့ မှော်အစီအရင်ထဲ ပစ်ထည့်ခံရမှာ မဟုတ်ဘူး။ ပြန်နိုးလာတော့မှပဲ ငါနဲ့ ပုကျိုရှောင်က ကျိုးပြည်ထောင်စုရဲ့ အနောက်ဘက် အစွန်ဆုံးကို ရောက်နေကြပြီ။
ယွီကျင်းမြို့မှ အနောက်ဘက်အစွန်သို့ ပျံသန်းနိုင်သော မိစ္ဆာသားရဲနှင့် သွားလျှင်ပင် အနည်းဆုံး ၁၀ ရက် ကြာမြင့်မည်ဖြစ်သော်လည်း ယီပိုင်မင်းသည် မည်သည့်မှော်ပညာကို သုံးလိုက်သည်မသိဘဲ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိအောင် လုပ်ဆောင်နိုင်ခဲ့သည်။ ချန်ပိုင် သတိဝင်လာချိန်တွင်မှ ယီပိုင်မင်းသည် တန်ယုကို လာရှာနေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ ဤသည်မှာ တကယ့်ကို ကံဆိုးမှုပင်။ ချန်ပိုင်အနေဖြင့် သူရဲကောင်းဆန်သော ကယ်တင်ရေးလုပ်ငန်းများကို အမြဲလွဲချော်ခဲ့သော်လည်း ယခုကဲ့သို့ အသုံးမကျသော တန်ယုကို ကယ်တင်ရမည့် အလုပ်မှာမူ သူ့အပေါ်သို့ ကျရောက်လာခဲ့သည်။
"ဖယ်စမ်း... ဒီကောင်လေး ဘယ်သူက မင်းရဲ့အစ်ကိုလဲ"
ချန်ပိုင်မှာ မိန်းကလေးတစ်ယောက်ထက်ပင် ပိုနူးညံ့နေသော တန်ယု၏ အသံကို ကြားရသည်မှာ ကြက်သီးတဖြန်းဖြန်း ထစရာပင်။
သိုင်းသင်တန်းကျောင်းကနေ နှစ်ပတ်အတွင်း နှင်ထုတ်ခံထားရတဲ့သူကများ... ငါ့ကို အစ်ကိုလို့ ခေါ်ရဲသေးတယ်ပေါ့…
"သွေးစွန်နေသောလက်ဂိုဏ်းလား"
ပုကျိုရှောင်ကလည်း မနှစ်မြို့စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
ဝတ်ရုံနီဝတ်လူများမှာ သူတို့အား လျင်မြန်စွာ ဝိုင်းရံလာသည်ကို သူ သတိပြုမိလိုက်သည်။ သူ မမှားဘူးဆိုလျှင် ဤသူများမှာ တိုက်ကြီးပေါ်တွင် နာမည်ကျော်လှသော သွေးစွန်နေသောလက်ဂိုဏ်းမှ လူများပင်။
ဒါနဲ့... ယီပိုင်မင်းက ဒီလူတွေနဲ့ ဘယ်တုန်းကတည်းက ပတ်သက်သွားတာလဲ။
ပုကျိုရှောင်က တန်ယုကို တစ်ချက်မျှပင် လှည့်မကြည့်တော့ပေ။
ဤကိစ္စက ယန်အိမ်တော်နှင့် ပတ်သက်နေပြီး ယီပိုင်မင်းသည် ယန်အိမ်တော်နှင့် မည်သည့် ဆက်ဆံရေးမျှ မရှိသော်လည်း ယခုကဲ့သို့ လှုပ်ရှားနေခြင်းမှာ ယွင်ရှန်းကြောင့်သာ ဖြစ်နိုင်သည်။