← Chapters

အခန်း (၄၀၅)

Vol. 40 Ch. 405

အခန်း (၄၀၅)

Vol. 40 Ch. 405

အခန်း။ ၄၀၅

ချန်ပိုင်က ယီပိုင်မင်းကို တစ်ချက်ကြည့်ကာ ပုကျိုရှောင်ကို တစ်ချက်ကြည့်ပြီးနောက် စိတ်ပျက်အားလျော့စွာဖြင့် အော်ဟစ်လိုက်တော့သည်။

"ဒီခေတ်ကြီးမှာ အမျိုးသားတွေက အဝတ်အစားလိုပဲ။ အမျိုးသမီးတွေကတော့ ခြေလက်အင်္ဂါတွေလိုပဲ အရေးကြီးတာပေါ့ ပိုင်မင်း... မင်း တကယ့်ကို တရားမျှတမှု မရှိဘူးကွာ"

ချန်ပိုင်၏ မျက်နှာပေးမှာ အထင်အရှားပင် အပြစ်တင်နေခြင်း ဖြစ်သည်။

ကြည့်စမ်း... ယီပိုင်မင်းရဲ့ အမျိုးသမီးက ယွီကျင်းမြို့တော်မှာ သက်သောင့်သက်သာ ရှိနေချိန်မှာ သူကတော့ သူ့ငယ်သူငယ်ချင်း နှစ်ယောက်ကို လူသူမနီးတဲ့ ဒီနေရာအထိ ဆွဲခေါ်လာပြီး အသက်နဲ့ရင်းပြီး တိုက်ခိုက်ခိုင်းနေတာပဲ မဟုတ်လား။

ယီပိုင်မင်း၏ မီးခိုးရောင် မျက်ဝန်းအစုံမှာ ဝေ့ဝဲသွားပြီးနောက် သူ၏ နှုတ်ခမ်းအစုံမှာ ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုအဖြစ် အနည်းငယ် ပင့်တက်သွားသည်။ ထိုအပြုံးက တကယ့်ကို မှော်ဆန်လွန်းလှသည်။ ထိုအခိုက်အတန့်တွင် တန်ယု၏ စိတ်ထဲ၌ တစ်ခုတည်းသော အတွေးသာ ရှိတော့သည်။

တောက်... ယောင်္ကျားတစ်ယောက်က ဒီလောက်တောင် လှလှပပ ပြုံးနိုင်တာလား။

ယီပိုင်မင်းက အေးအေးလူလူပင် ပြန်လည် တုံ့ပြန်လိုက်သည်။

"မှားနေပြီ... အဲဒါက နှိုင်းယှဉ်လို့တောင် မရဘူး။ မင်းမှာ ခြေလက်လေးဖက် ရှိပေမဲ့ ငါ့မှာတော့ အမျိုးသမီးက တစ်ယောက်တည်း ရှိတာ"

ချန်ပိုင်မှာ ဆွံ့အသွားပြီး ဇနီးသည်ငယ်လေးတစ်ဦးကဲ့သို့ မျက်နှာငယ်လေး ဖြစ်သွားရရှာသည်။ ပုကျိုရှောင်ကမူ ဘာမှမတတ်နိုင်သည့်အလား ပုခုံးတွန့်ပြလိုက်သည်။

နာမည်ကျော် သွေးစွန်နေသောလက်ဂိုဏ်းကို လုံးဝ ဂရုမစိုက်ဘဲ သူတို့သုံးဦး အေးအေးဆေးဆေး စကားပြောနေကြသည်ကို မြင်သောအခါ ဝတ်ရုံနီခေါင်းဆောင်မှာ ဒေါသထွက်လွန်းသဖြင့် အံကြိတ်နေရတော့သည်။

"စကားတွေ အများကြီး ပြောမနေနဲ့တော့ မင်းတို့က ကျိုးပြည်ထောင်စုရဲ့ ပိုင်မင်းမင်းသားနဲ့ ဝူရွှမ်ဝူကျိခန်းမကနေ နာမည်ကြီးလာတဲ့ ဝူကျိ ပါရမီရှင် သုံးဦးလား"

ဝူကျိတိုက်ကြီးပေါ်တွင် နိုင်ငံကြီးငါးခုမှ ထူးချွန်ထက်မြက်သည့် ပါရမီရှင်ငါးဦးမှာ နှစ်ရှည်လများ နာမည်ကျော်ကြားခဲ့သော်လည်း လွန်ခဲ့သော နှစ်နှစ်အတွင်း ကျိုးပြည်ထောင်စုအတွင်း၌ သွေးတိမ်သားရဲကို သတ်ဖြတ်နိုင်ခဲ့သော ဝူကျိ ပါရမီရှင် သုံးဦးမှာ လူပြောအများဆုံး ကြယ်ပွင့်သစ်များ ဖြစ်လာခဲ့သည်။

သို့သော် သူတို့၏ လှုပ်ရှားမှုမှာ ကျိုးပြည်ထောင်စုအတွင်း၌သာ ရှိခဲ့သဖြင့် သွေးစွန်နေသောလက်ဂိုဏ်းအနေဖြင့် သူတို့၏ နာမည်ကို ကြားဖူးရုံသာရှိပြီး တစ်ခါမျှ တိုက်ခိုက်ခဲ့ဖူးခြင်း မရှိပေ။

တကယ့်လက်တွေ့တွင် တွေ့ဆုံလိုက်ရသောအခါ သွေးစွန်နေသောလက်ဂိုဏ်းမှ လုပ်ကြံသတ်ဖြတ်သူများက ဤလူငယ်သုံးဦးမှာ ရုပ်ရည်ထူးချွန်သည်မှလွဲ၍ ကျန်သည့်စွမ်းအားများမှာ သာမန်မျှသာဖြစ်သည်ဟု ထင်မြင်ယူဆလိုက်ကြသည်။

ဝူရွှမ်ဝူကျိခန်းမမှ လာသူများဖြစ်သဖြင့် အားနည်းမည်မဟုတ်သော်လည်း အသက်အားဖြင့် ဆယ်ကျော်သက်အရွယ်များသာ ရှိသေးရာ သူတို့၏ ကျင့်စဉ်အဆင့်မှာ အများဆုံးရှိလှ နယ်စား အဆင့်ထက် မပိုနိုင်ဘူးဟု တွက်ဆထားကြသည်။ သွေးစွန်နေသောလက်ဂိုဏ်းမှ လုပ်ကြံသတ်ဖြတ်သူများသည် ကျင့်စဉ်အဆင့်တွင် သူတို့နှင့် မယှဉ်နိုင်လျှင်ပင် ဓားသွားပေါ်တွင် သွေးစက်တင်ကာ အသက်ရှင်လာကြသူများဖြစ်ရာ တကယ့်လက်တွေ့ တိုက်ပွဲတွင်မူ ဤလူငယ်သုံးဦးကို ရှုံးနိမ့်လိမ့်မည်မဟုတ်ဟု ယုံကြည်နေကြသည်။

ဝတ်ရုံနီခေါင်းဆောင်မှာလည်း အလွန်ပင် မာနထောင်လွှားနေမိသည်။

သူ တစ်ခုကို မေ့လျော့နေသည်မှာ အကယ်၍ ရှေ့မှလူငယ်သုံးဦးက သာမန်သိုင်းပညာရှင်များသာ ဖြစ်ပါက မိုင်ထောင်ချီဝေးကွာလှသော ယွီကျင်းမြို့တော်မှနေ၍ ဤနေရာသို့ မျက်စိတစ်

မှိတ်အတွင်း ရောက်လာမှာမဟုတ်ပေ။

"ညီအစ်ကိုတို့... ရန်သူ့နောက်လိုက်တွေကို ဖမ်းချင်ရင် အရင်ဆုံး ခေါင်းဆောင်ကို ဖမ်းရမယ်။ ကျိုးပြည်ထောင်စုရဲ့ ပိုင်မင်းဘုရင်ကို အရင်ဖမ်းကြ"

ဝတ်ရုံနီခေါင်းဆောင်သည် သွေးစွန်နေသောလက်ဂိုဏ်း၏ အကြီးအကဲဖြစ်သည့်အလျောက် အကဲခတ်လည်း တော်လှသည်။ သူသည် ဝူကျိ ပါရမီရှင် သုံးဦးထဲတွင် ပုကျိုရှောင်က အသန်မာဆုံးဖြစ်ပြီး သူ့နောက်တွင် ချန်ပိုင်ရှိပြီး ယီပိုင်မင်းက အားအနည်းဆုံးဟု ချက်ချင်းပင် ဆုံးဖြတ်လိုက်သည်။ သို့သော် ယီပိုင်မင်းက ခေါင်းဆောင်ဖြစ်နေသဖြင့် သူ့ကို အရင်ဖမ်းရန် အမိန့်ပေးလိုက်ခြင်းပင်။

သွေးစွန်နေသောလက်ဂိုဏ်း၏ အခြေစိုက်စခန်းတွင် လူအင်အား နှစ်ရာကျော် ရှိနေဆဲဖြစ်သည်။ ဝတ်ရုံနီဝတ် လူနှစ်ရာကျော်တို့သည် ခေါင်းဆောင်၏ အမိန့်အောက်တွင် ကျိုင်းကောင်အုပ်ကြီးသဖွယ် သူတို့သုံးဦးထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြသည်။

တန်ယုမှာမူ ကြောက်လန့်လွန်းသဖြင့် တစ်နေရာတွင် ပုန်းကွယ်နေပြီး လုံးဝ မလှုပ်ရှားရဲတော့ပေ။ အလယ်တွင်ရှိနေသော ယီပိုင်မင်းတို့ သုံးဦးမှာမူ လုံးဝ တုံ့ပြန်ခြင်းမရှိဘဲ ငြိမ်သက်နေဆဲပင်။

"ဘာစောင့်နေတာလဲ... ဝူကျိ ပါရမီရှင် သုံးဦးဆိုတဲ့ အမည်က အလကားရထားတာမဟုတ်ဘူးဆိုတာ သူတို့ကို ပြလိုက်ကြစို့"

ချန်ပိုင်က နှစ်ကြိမ်မျှ ရယ်မောရင်း ဆိုလိုက်သည်။

သူတို့သုံးဦးသည် ဘေးချင်းယှဉ်ရပ်နေကြသော်လည်း မည်သူကမျှ အလျင်စလို တိုက်ခိုက်ခြင်း မရှိကြသေးပေ။ သူတို့၏ အသက်အရွယ်နှင့် အရပ်အမောင်းမှာ ဆင်တူသော်လည်း ထိုအခိုက်အတန့်တွင် သူတို့ထံမှ ပေါက်ကွဲထွက်ပေါ်လာသော တိုက်ခိုက်ရေးစိတ်ဝိညာဉ်သုံးမျိုးမှာမူ သိသိသာသာ ကွဲပြားနေတော့သည်။

တိုက်ခိုက်ရေးစိတ်ဝိညာဉ်သုံးသွယ်မှာ ပြိုင်ဘက်ကင်းသော ဓားသုံးစင်းအား တစ်ပြိုင်နက်တည်း အိမ်ပြင်ထုတ်လိုက်သကဲ့သို့ တမဟုတ်ချင်း ပေါက်ကွဲထွက်ပေါ်လာသည်။ ထိုစိတ်ဝိညာဉ်များမှာ ရေလွှမ်းမိုးဘေးနှင့် သားရဲဆိုးများသဖွယ် တစ်ခုနှင့်တစ်ခု တိုးဝှေ့ရိုက်ခတ်နေပြီး ချိုင့်ဝှမ်းတစ်ခုလုံးကို ငလျင်အသေးစားတစ်ခု လှုပ်ခတ်သွားသကဲ့သို့ ခံစားရစေသည်။

ဘေးတစ်ဖက်တွင် ကပ်နေသော တန်ယုမှာမူ နှစ်သစ်ကူးည၌ တိတ်ဆိတ်သော လမ်းမထက်တွင် ဗြောက်အိုးများ တဖြောင်းဖြောင်း ဖောက်နေသည့်အလား အသံများကိုသာ ကြားနေရတော့သည်။ သို့သော် ထိုဗြောက်အိုးဖောက်သံများမှာ ရှေ့တွင်ရပ်နေသော အမျိုးသားသုံးဦး၏ အရိုးအဆစ်များအတွင်းမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ၎င်းမှာ သူတို့၏ ပြင်းထန်သော တိုက်ခိုက်ရေးစိတ်ဝိညာဉ်များ အရပ်မျက်နှာအနှံ့သို့ စီးဆင်းသွားစဉ် ဖြစ်ပေါ်လာသော အသံများပင်။

ယခုမှာ စက်တင်ဘာလဖြစ်ပြီး အရုဏ်တက်ချိန်သို့ နီးကပ်လာပြီဖြစ်ရာ ရာသီဥတုမှာ အေးမြကာ သက်သောင့်သက်သာရှိလှသော်လည်း သူတို့သုံးဦး၏ ခန္ဓာကိုယ်များမှာမူ တစ်ခဏအတွင်း ရွှဲနစ်သွားခဲ့သည်။ ထိုအရာမှာ ချွေးမဟုတ်ပေ။ သူတို့၏ အရေပြားများအတွင်းမှ နီမြန်းသော အရည်များ စိမ့်ထွက်လာခြင်းပင်။

ဝတ်ရုံနီဝတ်လူများမှာ တစ်ဦးကိုတစ်ဦး ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်မိကြပြီး ဝတ်ရုံနီခေါင်းဆောင်၏ မျက်နှာမှာလည်း ကြောက်လန့်တကြား ပြောင်းလဲသွားတော့သည်။

၎င်းမှာ ချွေးမဟုတ်ဘဲ သားရဲသွေးများ ဖြစ်နေသောကြောင့်ပင်။

သူတို့သုံးဦးစလုံးသည် တစ်ပြိုင်နက်တည်းမှာပင် သားရဲသွေးဖြင့် ရူးသွပ်ခြင်းအခြေအနေသို့ ရောက်ရှိသွားကြပြီဖြစ်သည်။ ခန္ဓာကိုယ်အတွင်းမှ နီမြန်းသော သားရဲသွေးများ အဆက်မပြတ် စိမ့်ထွက်လာကာ သူတို့၏ အပေါ်ပိုင်းအဝတ်အစားများမှာလည်း စုတ်ပြတ်သတ်သွားတော့သည်။ သွေးကြောများမှာ မြွေစိမ်းငယ်များကဲ့သို့ ဖောင်းကြွလာပြီး ကြွက်သားများမှာလည်း ကြီးထွားလာကာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေတော့သည်။

ခဏအတွင်းမှာပင် အရပ် ၅ ပေ ၁၀ လက်မဝန်းကျင်ရှိသော သူတို့သုံးဦးမှာ ထိတ်လန့်ဖွယ် ကောင်းလောက်အောင် အသွင်ပြောင်းလဲသွားကြသည်။ သူတို့၏ အရပ်မှာ လက်မအနည်းငယ်စီ မြင့်တက်လာကြပြီး ၆ ပေ ၆ လက်မကျော်ရှိသော လူသားဘီလူးငယ်များအဖြစ် ပြောင်းလဲကာ ရှေ့မှလူများကို လွှမ်းမိုးထားတော့သည်။

သူတို့၏ မျက်နှာသွင်ပြင်များမှာလည်း ကြောက်မက်ဖွယ်ကောင်းအောင် ပြောင်းလဲသွားကြသည်။

သူတို့အထဲတွင် ယီပိုင်မင်း၏ သားရဲသွေးရူးသွပ်မှုမှာ အံ့အားသင့်စရာအကောင်းဆုံး ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို နက်မှောင်သော အငွေ့အသက်များက ရစ်ပတ်ထားပြီး ဗလာကျင်းနေသော သူ၏ ရင်ဘတ်နှင့် ကိုယ်ထည်ပေါ်တွင် ထူးဆန်းသော အကြေးခွံနက်များ ဖုံးလွှမ်းသွားတော့သည်။

နွေဦးမိုးကြိုး မြေခသကဲ့သို့ ပြင်းထန်လှသော သူ၏ ဟိန်းဟောက်သံကြောင့် သွေးစွန်နေသောလက်ဂိုဏ်းမှ လုပ်ကြံသတ်ဖြတ်သူများမှာ နားစည်များ အုန်းအုန်းကျွက်ကျွက် မြည်ဟည်းသွားရသည်။ ကျင့်စဉ်နိမ့်ပါးသော လုပ်ကြံသတ်ဖြတ်သူအချို့မှာမူ ထိုအသံကြောင့်ပင် နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများပန်းထွက်လာကာ နှလုံးသားများ ကွဲအက်ပြီး နေရာတင် ပွဲချင်းပြီး သေဆုံးသွားကြတော့သည်။

ဟိန်းဟောက်သံတစ်ခုတည်းနှင့် လူ့နှလုံးသားကို အပိုင်းပိုင်းပြတ်စေနိုင်သည့် ဤကဲ့သို့သော ကျင့်စဉ်မျိုးမှာ နယ်စားအဆင့်မျှသာ ရှိသူတစ်ဦး မည်သို့မှ မစွမ်းဆောင်နိုင်ပေ။

ထိုအချိန်မှသာ ဝတ်ရုံနီခေါင်းဆောင်သည် သူ အထင်သေးခဲ့သော ပိုင်မင်းမင်းသားမှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းသော လူသားဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။ ကျိုးပြည်ထောင်စု၊ ယွီကျင်းမြို့တော်မှာ အစွမ်းထက်သူဆိုလို့ တစ်ယောက်တည်း ရှိနေတာ မဟုတ်ဘူးပဲ။

ရက်အနည်းငယ်အကြာမှာ ဖြစ်လာမည့် တိုက်ပွဲရလဒ်ကို ကြိုတွေးမိရင်း ဝတ်ရုံနီခေါင်းဆောင်၏ ခေါင်းထဲ၌ အတွေးတစ်ခုသာ ကျန်တော့သည်။

ငါ ထွက်ပြေးရမယ်။

ကျိုးပြည်ထောင်စုအတွင်းမှာ အကြောက်ရဆုံးအရာက ယန်ပါးဟိုမဟုတ်ကြောင်း သူ၏ သခင်လေးကို သတင်းပို့ရမည်ပင်။

သို့သော် နောက်တစ်စက္ကန့်တွင်မူ သူ၏ ခြေလက်များကို လုံးဝ လှုပ်ရှား၍မရတော့ကြောင်း တွေ့ရှိလိုက်ရသည်။ သရဲတစ္ဆေတစ်ကောင်ကဲ့သို့ပင် ယီပိုင်မင်းသည် ထူထပ်လှသော ဝိုင်းရံမှုများကို ဖောက်ထွက်ကာ သူ၏ရှေ့သို့ ချက်ချင်း ရောက်ရှိလာခဲ့သည်။ အကြေးခွံနက်များ ဖုံးလွှမ်းနေသော သူ၏ လက်များက ဝတ်ရုံနီခေါင်းဆောင်၏ ခြေလက်များကို မြဲမြံစွာ ဆုပ်ကိုင်ထားလိုက်သည်။

ဝတ်ရုံနီခေါင်းဆောင်သည် သူ၏ အရိုးအဆစ်များ တဖြောင်းဖြောင်း ကျိုးကြေသွားသည့် အသံကိုသာ ကြားလိုက်ရပြီး နာကျင်လွန်းသဖြင့် အော်ဟစ်ရန်ပင် အချိန်မရလိုက်ပေ။ အားအင်

အဆမတန် ပြင်းထန်ပြီး အလေးချိန်အဆပေါင်းများစွာကို ခံနိုင်ရည်ရှိသည့် သူ၏ ခန္ဓာကိုယ်

သည် ယီပိုင်မင်း၏ အရှိန်အဝါအောက်တွင် နှစ်ပိုင်းပြတ်ထွက်သွားတော့သည်။

ဝတ်ရုံနီထက် ပို၍ နီမြန်းလှသော သွေးစက်များမှာ ယီပိုင်မင်း၏ မျက်ဝန်းများကို စွန်းထင်သွားစေသည်။ သွေးနံ့ကြောင့် ပို၍ စိတ်လှုပ်ရှားလာရခြင်းလား မသိသော်လည်း ယီပိုင်မင်း၏ စိတ်အာရုံမှာ ပြင်းထန်သော သွေးနီရောင်များဖြင့် ဖုံးလွှမ်းသွားတော့သည်။

ပြတ်တောက်နေသော ခြေလက်များနှင့် သွေးအိုင်များ ချိုင့်ဝှမ်းအတွင်းရှိ မြင်ကွင်းမှာ ကြည့်ရက်စရာမရှိအောင်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ ချန်ပိုင်နှင့် ပုကျိုရှောင်တို့က သွေးစွန်နေသောလက်ဂိုဏ်းသား ထက်ဝက်ကျော်ကို ရှင်းလင်းပြီးနောက် တိုက်ခိုက်မှုကို ရပ်တန့်လိုက်ချိန်တွင် ယီပိုင်မင်း၏ အခြေအနေမှာ ပုံမှန်မဟုတ်တော့သည်ကို သတိပြုမိလိုက်ကြသည်။

"မကောင်းတော့ဘူး ကျိုရှောင်... ပိုင်မင်း စိတ်ထိန်းချုပ်နိုင်စွမ်း လွတ်သွားပြီ ထင်တယ်"

အရပ်မျက်နှာအနှံ့ ပြန့်ကျဲနေသော အလောင်းများနှင့် ယီပိုင်မင်း၏ ရူးသွပ်စွာ သတ်ဖြတ်နေမှုကို ကြည့်ရင်း ချန်ပိုင်၏ ရင်ထဲ၌ စိုးရိမ်စိတ်များဖြင့် တုန်လှုပ်သွားတော့သည်။

All Chapters