အခန်း (၄၃၁-၄၃၂)
Vol. 41 Ch. 431-432
ယန်နတ်ဘုရား စာစဉ် (၄၁)။
ဘာသာပြန်သူ နေဇင်။
အခန်း (၄၃၁)။
‘ရူလိုင်’ သို့မဟုတ် ‘တထာဂတ’ ဟူသည်မှာ သစ္စာတရား၏ လမ်းစဉ်ကို အသုံးပြု၍ သံသရာ တစ်ဖက်ကမ်းသို့ ကူးမြောက်သူဟု အဓိပ္ပာယ်ရပေသည်။
ပစ္စုပ္ပန်ဗုဒ္ဓကျမ်းသည် ကိုယ်ခံပညာ ကျင့်ကြံခြင်းဆိုင်ရာ ကျမ်းတစ်စောင်ဖြစ်ပြီး၊ အပြင်း ထန်ဆုံးသော စွမ်းအားကို အသုံးပြု၍ ဒုက္ခပင်လယ်ကို ဖြတ်ကျော်ကာ တစ်ဖက်ကမ်းသို့ ဆိုက်ရောက်ရန် ရည်ရွယ်သည်။ လောကရှိ အရာခပ်သိမ်းသည် ပုံရိပ်ယောင်များသာဖြစ်ပြီး စွမ်းအားသည်သာလျှင် စစ်မှန်သော အမှန်တရားလမ်းစဉ် ဖြစ်ပေသည်။
စကြာဝဠာအိတ် ပျက်စီးချိန်တွင် (ပစ္စုပ္ပန်)ဗုဒ္ဓ ပေါ်ထွန်းလာခဲ့သည်။ ဟုန်ယွိသည် သူ၏ စိတ်ဝိညာဉ်ကို စကြာဝဠာအိတ်အတွင်းရှိ ကြည်လင်သောအလင်းတန်း၊ ဟင်းလင်းပြင် စွမ်းအားတို့နှင့် ပေါင်းစပ်ကာ စကြာဝဠာအိတ်၏ အပြင်လွှာရှိ လူသားအင်မော်တယ် အရေပြားကို ဖောက်ခွဲလိုက်သည့်အခါ ဤမျှအစွမ်းထက်သည့် ကျမ်းစာအနှစ်ချုပ်ကို ရရှိလိမ့်မည်ဟု သူကိုယ်တိုင်ပင် ထင်မထားခဲ့ပေ။
ဤအနှစ်ချုပ် စာမျက်နှာသည် အလွန်ပင် ထူးခြားလှသည်။ ၎င်းသည် ကျမ်းစာ၏ ဗဟို ချက်မဖြစ်သော ‘အတိတ် မဟာဗုဒ္ဓ’၏ ပုံရိပ်နှင့် တူညီလှပြီး စိတ်ကူးပုံဖော်ခြင်း၏ အရင်းအမြစ်ဖြစ်သလို၊ ကျင့်ကြံမှုအားလုံး၏ အခြေခံအုတ်မြစ်လည်း ဖြစ်သည်။
ဤဗုဒ္ဓ၏ အနှစ်သာရကို မရရှိဘဲ၊ သူ၏ အတုမဲ့လွှမ်းမိုးနိုင်စွမ်းနှင့် ပစ္စုပ္ပန်၏ အပြင်းထန် ဆုံးစွမ်းအား ညှို့ငင်မှုနည်းလမ်းကို မသိရှိဘဲ ကျင့်ကြံနေသမျှ နည်းစနစ်အားလုံးမှာ အပေါ်ယံများသာ ဖြစ်နေပေလိမ့်မည်။
ဥပမာအားဖြင့် ဟုန်ယွိသည် ပစ္စုပ္ပန်ဗုဒ္ဓကျမ်းပါ ခန္ဓာကိုယ်ရှိ အပ်စိုက်မှတ် ၁၀၈ နေရာ ကျင့်စဉ်ကို ရရှိထားသော်လည်း နေရာအနည်းငယ်ကိုသာ ကျင့်ကြံနိုင်ခဲ့သည်။ ကျန်ရှိသည့် အပ်စိုက်မှတ်များကို နားလည်ရန် အလွန်ခက်ခဲနေပြီး၊ သူ့သိုင်းပညာအဆင့် တိုးတက်မူ နှေးကွေးနေခဲ့သည်။ ဤသည်မှာ အခြေခံအုတ်မြစ်ဖြစ်သော အနှစ်ချုပ်စာမျက်နှာကို မရရှိခဲ့သောကြောင့် ဖြစ်သည်။
ယခုအခါ ထိုအနှစ်ချုပ် စာမျက်နှာကို ရရှိခဲ့ပြီဖြစ်ရာ ကျမ်းစာ၏ အနှစ်သာရကို အမှန် တကယ် နားလည်နိုင်ရုံသာမက၊ သူ့စိတ်ဝိညာဉ်ကိုလည်း ဗုဒ္ဓဓမ္မခန္ဓာကိုပါ ပြောင်းလဲ ဖွဲ့စည်းနိုင်တော့မည်။
ပစ္စုပ္ပန်ဗုဒ္ဓကျမ်းသည် သန့်စင်သော ကိုယ်ခံပညာသက်သက် မဟုတ်ဘဲ၊ အမြင့်ဆုံးအဆင့် တွင် စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းညှိ၍၊ သွေးနီရောင် ကမ္ဘာဦး ကြေးသွန်းခန္ဓာ၊ 'ကောင်းကင်ရနံ့ တိမ်တိုက်ခန္ဓာ' ‘ဘုံးသုံးပါးကောင်းကင်ဓား’တို့နှင့် ဆင်တူသည့် မသေမျိုးကိုယ်ထည် တစ်ခုကို တည်ဆောက်နိုင်သည်။
နက်ရွှေရောင် အလင်းတန်းများ တောက်ပနေသော အနှစ်ချုပ်ကျမ်းစာ စာမျက်နှာသည် ဟုန်ယွိ၏ စိတ်ဝိညာဉ် အတွေးစအတွင်းသို့ ကျရောက်လာသည်။ ဟုန်ယွိသည် ဗုဒ္ဓ၏ ရုပ်ပုံလွှာကို ချက်ချင်းပင် ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
ပစ္စုပ္ပန်ကာလကို ကိုယ်စားပြုသော လက်ညှိုးတစ်ဖက်က ကောင်းကင်ကို ညွှန်ကာ၊ အခြား တဖက်က မြေကြီးကို ညွှန်ပြနေသည့် ဤပစ္စုပ္ပန်ဗုဒ္ဓ၏ ဘေးပတ်ပတ်လည်တွင် အခြား ဗုဒ္ဓရုပ်ပွားတော် ကိုးဆူလည်း ရှိနေကြသေးသည်။ ၎င်းတို့အားလုံးမှာ ပစ္စုပ္ပန်ဗုဒ္ဓများပင် ဖြစ်သော်လည်း တစ်ဆူချင်းစီမှာ ထူးခြားဆန်းပြားသော လက်ဟန်တံဆိပ် တစ်ခုစီကို ပုံဖော်ထားကြပြီး၊ ကောင်းကင်နှင့် မြေကြီးကို လိမ်ချိုးနိုင်စွမ်း၊ ကမ္ဘာလောကကြီးကို ဖျက်ဆီးနိုင်စွမ်း၊ နေနှင့်လကို ကစားနိုင်စွမ်းနှင့် ကြယ်တာရာများကို လိုက်ဖမ်းနိုင်စွမ်းရှိ သည့် ပြင်းထန်သော လွှမ်းမိုးနိုင်စွမ်းကို ပိုင်ဆိုင်ထားကြသည်။
ဗုဒ္ဓတစ်ဆူစီမှာ ကောင်းကင်နှင့် မြေကြီးကြား အမြင့်မြတ်ဆုံး ဖြစ်တည်မှုများ ဖြစ်ကြပြီး၊ ပုံစံဆယ်မျိုးဖြင့် စွမ်းအားအမျိုးမျိုးကို ပြသနေကြသည်။
‘အနာဂတ်ကျမ်းစာ’ရှိ ‘မဟာလေဟာနယ်လက်ဝါး’ တွင် လက်ဟန်တံဆိပ် ကိုးမျိုးသာ ရှိသော်လည်း ဤပစ္စုပ္ပန်ဗုဒ္ဓကျမ်းတွင်မူ တံဆိပ်တော် ဆယ်မျိုးရှိရာ ကိုးဂဏန်းထက် ကျော်လွန်နေကာ အရာခပ်သိမ်းထက် သာလွန်ထူးကဲသော လျှို့ဝှက်ချက်ကို ဖုံးကွယ်ထား သည်။
ထူးရှားသည်မှာ ဤဗုဒ္ဓဆယ်ဆူစလုံးသည် အရွယ်အစား တူညီကြပြီး မည်သူက ပိုကြီး သည်၊ မည်သူက ခေါင်းဆောင်ဖြစ်သည်ဟူသော ကွဲပြားမူမျိုး မရှိပေ။
ဟုန်ယွိသည် ၎င်းကို သူရေးသားထားသော ‘ပြောင်းလဲခြင်းကျမ်း’နှင့် ပေါင်းစပ်တွေးတော လိုက်သည့်အခါ ချက်ချင်းပင် အသိအမြင်သစ်တစ်ခု ရရှိသွားတော့သည်။ “ကိုးဂဏန်းကို သုံးပြီး ခေါင်းဆောင်မရှိတဲ့ နဂါးအုပ်စုကို မြင်ရတာဟာ တကယ့်ကို မင်္ဂလာတစ်ပါးပါပဲ။”
အကယ်၍ သူသာ ‘ပြောင်းလဲခြင်းကျမ်း’ ကို ရေးသားခဲ့ခြင်း မရှိပါက ဤကဲ့သို့သော ထိုးထွင်းသိမြင်မှုမျိုးကို ရရှိလိမ့်မည် မဟုတ်ပေ။
“ဘယ်သူ ထင်ထားမှာလဲ... ဒီပစ္စုပ္ပန်ဗုဒ္ဓကျမ်းမှာလည်း ‘ခေါင်းဆောင်မရှိတဲ့ နဂါးအုပ်စု’ ရဲ့ နက်နဲမှုကို ဖုံးကွယ်ထားလိမ့်မယ်လို့။ မဟာတာအိုတွေဟာ အနက်ရှိုင်းဆုံး အနှစ်သာရအရ တကယ်ကို အချင်းချင်း ဆက်နွှယ်နေကြတာပဲ။” သူ၏ စိတ်ဝိညာဉ်သည် လက်ဟန်တံဆိပ် များ ပုံဖော်ထားသော ဗုဒ္ဓဆယ်ဆူကို ကြည့်ရင်း နက်နဲမှုအချို့ကို နားလည်လာပြီး သူ၏ စိတ်ဝိညာဉ်ရော ရုပ်ခန္ဓာကိုယ်ပါ တိုးတက်လာမည့် အရိပ်အယောင်များကို ခံစားလိုက်ရ သည်။
...
သို့သော်လည်း ဟုန်ရွှန်ကျိ၏ ပြင်းထန်လှသော လက်သီးချက်က သူ၏ ထိုးထွင်းသိမြင်မှုကို ဖျက်ဆီးပစ်လိုက်သည်။ ဟုန်ရွှန်ကျိ၏ လက်သီးချက်သည် လျင်မြန်စွာ ပြောင်းလဲသွား သည်။ သူ၏လက်သည်းများမှာ ကွေးညွှတ်သွားပြီး မျက်လုံးများမှာ အလွန်စူးရှနေ၏။ သူသည် ကောင်းကင်ဘုံ ကိုးထပ်တွင် လွတ်လပ်စွာ ပျံသန်းနေသော ဂဠုန်ငှက် တစ်ကောင် က သားကောင်ကို အပေါ်စီးမှနေ၍ ထိုးသတ်ရန် ပြင်ဆင်နေသကဲ့သို့ ရက်စက်လှသည်။
ထိုတိုက်ခိုက်မူအလယ်တွင် သူ၏နည်းစနစ်မှာ ထပ်မံ ပြောင်းလဲသွားပြန်သည်။ သူက ဟစ်ကြွေးလိုက်ရာ သူ့စွမ်းအားက ပိုမိုတိုးမြင့်လာသည်။ သူ့လက်ချောင်းများကို စုထား သည့်ပုံစံက ကမ္ဘာဦးအစက ‘နတ်ဘုရားဘုရင်’ တစ်ပါးက ကောင်းကင်နှင့် မြေကြီးကြား တွင် ရပ်တန့်၍ ရွှံ့စေးများကို သုံးပြီး လူသားများနှင့် တောင်တန်းမြစ်ရေများကို ဖန်တီးနေ သကဲ့သို့ပင်။
“ကောင်းကင်ဘုံ သေမင်းဘီး ဖန်ဆင်းခြင်း မဟာဖမ်းဆုပ်ချက်။” ၎င်းပညာရပ်သည် တိုင်ရှန်တာအိုဂိုဏ်းနှင့် ‘ဖန်ဆင်းခြင်းတာအို’ဂိုဏ်းတို့မှ ကိုယ်ခံပညာများကို ပေါင်းစပ်၍ သူကိုယ်တိုင် တီထွင်ထားသော အထွတ်အထိပ်ပညာရပ် ဖြစ်ပေသည်။
ဤ ‘ဖန်ဆင်းခြင်း မဟာဖမ်းဆုပ်ချက်’ ၏ ပစ်မှတ်မှာ ဟုန်ယွိ၏ စိတ်ဝိညာဉ်အတွင်းရှိ ပစ္စုပ္ပန်ဗုဒ္ဓကျမ်းပင် ဖြစ်သည်။ ခေတ္တမျှ မြင်လိုက်ရသည့် မြင်ကွင်းအရ ဟုန်ရွှန်ကျိသည် လည်း ထိုအနှစ်ချုပ် ကျမ်းစာမျက်နှာပေါ်ရှိ ဗုဒ္ဓ၏ လွှမ်းမိုးနိုင်စွမ်းကြီးမားသော အငွေ့ အသက်ကို သတိပြုမိသွားသည်။ လေဟာနယ်ကိုပင် ခြေဖျက်နိုင်စွမ်းရှိသော ထိုအငွေ့ အသက်က သူ့ကို တုန်လှုပ်သွားစေသည်။
ဤကျမ်းစာ အနှစ်ချုပ်ကိုသာ သူရရှိခဲ့ပါက သူ၏ ပါရမီဖြင့် လေဟာနယ်ဖျက်ဆီးခြင်း အဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။ သူသည် ယခုအခါ ဤလောကတွင် အတုမဲ့ ကိုယ်ခံပညာနှစ်ရပ်ကို ကျင့်ကြံထားပြီးဖြစ်ကာ ‘စကြဝဠာကျမ်း’ နှစ်စောင်လုံးကိုလည်း နားလည်ထားပြီး ဖြစ်သည်။ အမှန်စင်စစ် ရှေးယခင်ခေတ်က ‘လူသားအင်မော်တယ်’ များပင်လျှင် သူ့လောက် များပြားသော ကျင့်စဉ်များကို ကျင့်ကြံခဲ့ဖူးမည် မဟုတ်ပေ။ ထို့ပြင် သူသည် ‘ကောင်းကင်နဂါးဘုရင် နတ်ဘုရားချပ်ဝတ်’နှင့် တစ်သားတည်း ဖြစ်နေပြီး ခန္ဓာကိုယ်မှာလည်း နဂါးဧကရာဇ်၏ လျှို့ဝှက်စွမ်းအားများဖြင့် သန့်စင်ထားပြီး ဖြစ်သည်။
ဤကျမ်းစာအနှစ်ချုပ်ကိုသာ သူရရှိပြီး နားလည်သွားခဲ့လျှင် သူ၏ ပါရမီဖြင့် ဟုန်ရွှန်ကျိ သည် ကျမ်းစာနှင့် စိတ်ဝိညာဉ်ချင်း ပေါင်းစပ်သွားနိုင်ပြီး လေဟာနယ်ဖျက်ဆီးခြင်းအဆင့် သို့ ရောက်ရှိသွားကာ စစ်နတ်ဘုရားရှန့်၏ အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့မည် ဖြစ်သည်။
သို့သော် ကံမကောင်းစွာဖြင့် ကျမ်းစာအနှစ်ချုပ်မှာ ဟုန်ယွိ၏ စိတ်ဝိညာဉ် အသိစိတ် အတွင်း၌ ချက်ချင်းပင် ဖုံးကွယ်ခံလိုက်ရသည်။
...
“သတိထား။ ဒါက ဖန်ဆင်းခြင်း မဟာဖမ်းဆုပ်ချက်ပဲ။”
နဂါးသမီးတော် အောင်းလွမ်၏ အသံမှာ ဟုန်ယွိ၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။ ‘နှင်းဆီသွေးအကြေးခွံချပ်ဝတ်’ ကို ဝတ်ဆင်ထားသော နဂါးသမီးတော်သည် ဟုန်ရွှန်ကျိ၏ တိုက်ကွက်ကို ထိပ်တိုက် ရင်မဆိုင်ရဲသဖြင့် ရှောင်ထွက်ရင်း သတိပေးလိုက်ခြင်း ဖြစ်သည်။ သို့သော် သူမ စကားပြောနေစဉ်မှာပင် ဟုန်ရွှန်ကျိ၏ လက်သည် ဟုန်ယွိ၏ သေမင်း အလင်း နတ်ဘုရားလှံနှင့် အကြိမ်ပေါင်း ထောင်ချီ၍ ထိပ်တိုက်တွေ့ဆုံပြီး ဖြစ်နေသည်။ ထိပ်တိုက်တွေ့ဆုံမူတိုင်းက လှံ၏ စွမ်းအားကို လျော့နည်းစေပြီး ဧရာမစွမ်းအားကြောင့် ဟုန်ယွိ၏ ‘လူသားအင်မော်တယ် ကိုယ်ပွား’ ပင်လျှင် ထုံကျဉ်သွားရသည်။ သူ့သွေးနှင့်ချီ စီးဆင်းမူ လေးလံလာပြီး လှံသိုင်းပညာက ဖရိုဖရဲဖြစ်လာရသည်။
ရုတ်တရက် ဟုန်ရွှန်ကျိက လက်သည်းဖြင့် ထိုးနှက်လိုက်ပြီး ဟုန်ယွိ၏ ဝိညာဉ်ကို ဖမ်းဆွဲလိုက်တော့သည်။
“ပစ္စုပ္ပန်ဗုဒ္ဓ... ဗုဒ္ဓဓမ္မခန္ဓာ... ဗုဒ္ဓလက်ဝါးတော်... ဉာဏ်ပညာတံဆိပ်...”
ထိုအခိုက်အတန့်တွင် စကြာဝဠာအိတ်၏ ဟင်းလင်းပြင် စွမ်းအားများကို စုပ်ယူထားသော ဟုန်ယွိ၏ စိတ်ဝိညာဉ် အတွေးစများမှာ အစွမ်းကုန် ကြီးထွားလာသည်။ စိတ်ဝိညာဉ် အတွေးစ ၂၃,၁၈၄ ခုတို့သည် စနစ်တကျ စီစဉ်ပေါင်းစပ်သွားကြသည်။ တစ်ချိန်တည်းမှာ ပင် ‘လူသားအင်မော်တယ် ကိုယ်ပွား’ထံမှ သွေးစွမ်းအင်များ စီးထွက်လာပြီး စိတ်ဝိညာဉ် အတွေးစများက စုပ်ယူကာ ထပ်မံကြီးထွားလာပြန်သည်။
ဟုန်ယွိ၏ စိတ်ဝိညာဉ် အတွေးစအတွင်း၌ ပစ္စုပ္ပန်ဗုဒ္ဓကျမ်းထဲမှ ဗုဒ္ဓနှင့် တစ်ပုံစံတည်း တူညီသော ပုဂ္ဂိုလ်တစ်ပါး ပေါ်ထွက်လာသည်။ သူသည် ကြာပန်းကို နင်းထားပြီး တစ်ကိုယ်လုံးတွင် ရွှေရောင်ဗုဒ္ဓမီးလျှံများ ဖုံးလွှမ်းနေသည်။ ၎င်းမှာ ဟုန်ယွိက ရုတ်တရက် ဖွဲ့စည်းတည်ဆောက်လိုက်သော ဗုဒ္ဓဓမ္မခန္ဓာပင် ဖြစ်သည်။
မူလက သူသည် ဤဗုဒ္ဓဓမ္မခန္ဓာကို ဖွဲ့စည်းရန် ကြိုးစားခဲ့ဖူးသော်လည်း ယခင်က သူဖွဲ့စည်း ခဲ့သော ပစ္စုပ္ပန်ဗုဒ္ဓရုပ်ကိုယ်ထည်မှာ အခွံသက်သက်သာ ဖြစ်သည်။ ၎င်း၌ ပစ္စုပ္ပန်ကာလကို စိုးမိုးနိုင်စွမ်း သို့မဟုတ် စကြဝဠာကို လိမ်ချိုးပစ်နိုင်သော စွမ်းအားမျိုး မရှိခဲ့ပေ။ သို့သော် ဟုန်ယွိသည် ကျမ်းစာအနှစ်ချုပ်ကို ရရှိလိုက်သည့်အခါ ပစ္စုပ္ပန်ဗုဒ္ဓ၏ အရှိန်အဝါကို ကြည့်ရုံမျှဖြင့် ၎င်း၏နက်နဲမှုကို ချက်ချင်းဆိုသလို နားလည်သဘောပေါက်သွားခဲ့သည်။
ဤဗုဒ္ဓဓမ္မခန္ဓာ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် သူသည် စိန်ကျောက်ကိုပင် ဖျက်ဆီးနိုင်သော စွမ်းအားဖြင့် ဉာဏ်ပညာတံဆိပ်ကို အသုံးပြုလိုက်သည်။ သူသည် ဟုန်ရွှန်ကျိ၏ ‘ဖန်ဆင်းခြင်း မဟာဖမ်းဆုပ်ချက်’ လက်ဝါးထံသို့ လက်သီးဖြင့် ထိုးနှက် လိုက်တော့သည်။
တစ်ချိန်တည်းမှာပင် ‘လူသားအင်မော်တယ် ကိုယ်ပွား’မှာလည်း ‘အတွေးမဲ့ ငြိမ်သက်ခြင်း’ အခြေအနေသို့ ဝင်ရောက်သွားသည်။ သူသည် သေမင်းအလင်းနတ်ဘုရားလှံ၏ ‘အကန့်အသတ်မဲ့ သတ်ဖြတ်ခြင်းလမ်းစဉ်’ နှင့် ‘ပေါက်ကွဲအားပြင်း လှံသိုင်း’ ကို အသုံးပြု၍ ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်ရှိ အစိတ်အပိုင်း အမျိုးမျိုးကို တိုက်ခိုက်ကာ ‘ကောင်းကင်နဂါး ဘုရင် နတ်ဘုရားချပ်ဝတ်’ ၏ ဟန်ချက်ကို ပျက်ပြားအောင် လုပ်ဆောင်သည်။
...
“ကောင်းပြီလေ။”
ဟုန်ရွှန်ကျိသည် သေမင်းအလင်းနတ်ဘုရားလှံကို လုံးဝဂရုမစိုက်ပေ။ သူ၏မျက်လုံးများ က ဟုန်ယွိ၏ ပစ္စုပ္ပန်ဗုဒ္ဓမသေမျိုးခန္ဓာပေါ်၌သာ စူးစိုက်နေ၏။ သူက ဟိန်းဟောက်လိုက် ရင်း လက်ချောင်းငါးချောင်းကို မြှောက်လိုက်ရာ သူ၏ခန္ဓာကိုယ်မှာ ချက်ချင်းပင် ပုံရိပ်ယောင် ဒါဇင်ကျော်အဖြစ် ပြောင်းလဲသွားသည်။ ပြင်းထန်သော လက်သည်း လေအဟုန်နှင့်အတူ သူသည် ရှေ့သို့ ခုန်အုပ်လိုက်သည်။ သူသည် ဗုဒ္ဓဓမ္မခန္ဓာကို ဆွဲဖြဲပစ် ပြီး ကျမ်းစာအနှစ်ချုပ်ကို လုယူရန် ကြံစည်နေခြင်း ဖြစ်သည်။
“ဟွန်း…၊ ကျုပ်တိုက်ကွက်ကို မြည်းစမ်းကြည့်စမ်း... ဗုဒ္ဓလက်ဝါး - မဟာကမ္ဘာတံဆိပ်။”
ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် ဗုဒ္ဓဓမ္မခန္ဓာကို ဖွဲ့စည်းပြီးနောက် ‘မဟာဓမ္မ လက်ဟန်တံဆိပ် ဆယ်မျိုး’ထဲမှ တစ်ခုသည် သူ၏စိတ်ထဲတွင် လက်ခနဲ ပေါ်လာသည်။ သူ၏ စိတ်ဝိညာဉ် အတွေးစ အားလုံးမှာ ရူးသွပ်ဖွယ် အရှိန်အဟုန်ဖြင့် စတင်လည်ပတ်တော့သည်။
ကြီးမားလှသော ကိုယ်ထည်ကြီးသည် လက်နှစ်ဖက်ကို မြှောက်ကာ ရှေ့သို့ တစ်လှမ်း လှမ်းတက်လိုက်သည်။ သူ၏တစ်ကိုယ်လုံးမှာ တုန်ခါသွားပြီး ဧရာမ လက်သီးပုံရိပ်ကြီး တစ်ခုကို ပုံဖော်လိုက်သည်။ ထိုလက်သီးပုံရိပ်ကြီး ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် ‘အဆုံးမဲ့ကမ္ဘာ’ တစ်ခုလုံးကို ဖိနှိပ်လိုက်သကဲ့သို့ ခံစားရ၏။ အရောင်အသွေး၊ အလင်း၊ အနံ့၊ အသံ အားလုံးမှာ မှေးမှိန်သွားရသည်။ အရာအားလုံးမှာ သတိလစ် မေ့မြောသွားကြပြီး မြင်နိုင်စွမ်း၊ ကြားနိုင်စွမ်းများ ကင်းမဲ့သွားကာ အတွေးအခေါ်များပင် မရှိတော့သကဲ့သို့ ဖြစ်သွားရသည်။
ဟုန်ရွှန်ကျိကိုပင် မဆိုထားနှင့်၊ တိုက်ပွဲမြေပြင်မှ ဆုတ်ခွာသွားသော နဂါးသမီးတော် အောင်းလွမ်ပင်လျှင် ဟုန်ယွိ၏ လက်သီးချက်သည် သူမ၏စိတ်ထဲရှိ ‘မဟာကမ္ဘာကြီး’ ကို ပုံပျက်သွားစေသည်ဟု ခံစားလိုက်ရသည်။ ၎င်းသည် အတွေးရှိခြင်းနှင့် အတွေးမရှိခြင်း ကြား (သို့မဟုတ်) အတွေးရှိလည်းမဟုတ်၊ အတွေးမရှိသည်လည်း မဟုတ်သော အခြေအနေတစ်ခုသို့ ရောက်ရှိသွားစေသည်။ တစ်နည်းအားဖြင့်ဆိုသော် ဟုန်ယွိ၏ လက်သီးချက်သည် အောင်းလွမ်ကဲ့သို့သော ပညာရှင်တစ်ဦးကိုပင် ‘ငါဟာ ဒီကမ္ဘာကြီးထဲ မှာ တကယ်ရှိနေတာရော ဟုတ်ရဲ့လား’ ဟူသော ဝေခွဲမရသည့် ပုံရိပ်ယောင်ကို ဖြစ်ပေါ် စေခဲ့ခြင်း ဖြစ်သည်။
ဗုဒ္ဓလက်ဝါးတော်…၊ မဟာကမ္ဘာ တံဆိပ်! အတွေးကင်းမဲ့ခြင်း၊ သတိကင်းမဲ့ခြင်း။
...
ဂျိမ်း..၊
‘မဟာကမ္ဘာ တံဆိပ်’ သည် အတိုင်းအဆမဲ့ လွှမ်းမိုးနိုင်စွမ်းနှင့်အတူ မဟာကမ္ဘာကြီးကို ပုံပျက်သွားစေကာ ဟုန်ရွှန်ကျိ၏ ‘ဖန်ဆင်းခြင်း ဖမ်းဆုပ်ချက်’ နှင့် အပြင်းအထန် ထိပ်တိုက် ဆုံမိပါတော့သည်။ အောင်းလွမ် ထိတ်လန့်တကြား ကြည့်နေစဉ်မှာပင် ထည်ဝါ လှသော ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်မှာ ထိုတံဆိပ်၏ ရိုက်ခတ်မှုကြောင့် မိုင်ပေါင်း ၁၀ မိုင်ခန့်အထိ လွင့်စဉ်သွားတော့သည်။ သူသည် လေထဲတွင် ဘီးတစ်ခုအလား တလိမ့်လိမ့်နှင့် လွင့်သွားရပြီး သိသိသာသာပင် ဟန်ချက် ပျက်သွားခဲ့သည်။
ဟုန်ယွိ၏ ဗုဒ္ဓဓမ္မခန္ဓာမှာလည်း ထိုရိုက်ခတ်မှုအတွင်း လက်မချင်းစီ အက်ကွဲသွားပြီး စိတ်ဝိညာဉ် အတွေးစ ၂၃,၁၈၄ ခုအဖြစ် ပြန်လည်ကွဲထွက်သွားသည်။ စိတ်ဝိညာဉ် အတွေးစ တစ်ခုချင်းစီပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော အက်ကြောင်းများ ရှိနေ သည်ကို မြင်ရသဖြင့် အောင်းလွမ်မှာ မျက်မှောင်ကြုတ်လိုက်မိသည်။ အကြောင်းမှာ စိတ်ဝိညာဉ် အတွေးစများ အက်ကွဲသွားခြင်းသည် ပုံမှန်အားဖြင့် သေချာပေါက် သေဆုံးရမည်ဟု အဓိပ္ပာယ်ရသောကြောင့် ဖြစ်သည်။
“သူက... လူသားအင်မော်တယ်ရဲ့ ခန္ဓာကိုယ်ကို စိတ်ဝိညာဉ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရဲတယ် လား။” အောင်းလွမ်က အံ့ဩတကြီး ရေရွတ်လိုက်သည်။
ဟုန်ရွှန်ကျိသည် ကျင့်ကြံမှု၏ အထွတ်အထိပ်သို့ ရောက်လုနီးပါးဖြစ်နေသော ‘လူသား အင်မော်တယ်’ တစ်ဦး ဖြစ်သည်။ သူသည် ‘ကောင်းကင်နဂါးဘုရင် နတ်ဘုရားချပ်ဝတ်’ ကို ဝတ်ဆင်ထားပြီး သူ၏လက်သီးချက်မှာ အတိုင်းအဆမရှိ ပြင်းထန်လှသည်။ မိုးကြိုး ကပ်ဘေး ပညာရှင်အများစုမှာ သူ့အနားသို့ မကပ်နိုင်ခင်မှာပင် သူ၏ဟိန်းဟောက်သံ ကြောင့် စိတ်ဝိညာဉ်များ ကြေမွသွားနိုင်ရာ သူ့ကို ထိပ်တိုက်ရင်ဆိုင်ရန်မှာ မဖြစ်နိုင်သ လောက်ပင်။
ဟုန်ယွိ အပြင်းအထန် ဒဏ်ရာရသွားပြီဟု အောင်းလွမ် ထင်မှတ်ထားချိန်တွင် မယုံနိုင်စ ရာ မြင်ကွင်းတစ်ခုကို သူမ မြင်တွေ့လိုက်ရပြန်သည်။ ဟုန်ယွိ၏ စိတ်ဝိညာဉ် အတွေးစ တစ်ခုချင်းစီရှိ အက်ကြောင်းများမှာ အံ့ဩဖွယ်အရှိန်အဟုန်ဖြင့် ပြန်လည် စေ့သွားကြခြင်း ဖြစ်သည်။ အသက်သုံးရှိုက်စာ အချိန်အတွင်းမှာပင် ၎င်းတို့မှာ မူလအတိုင်း ပြန်ဖြစ်သွားပြီး ဗုဒ္ဓဓမ္မခန္ဓာအဖြစ် ပြန်လည် ပေါင်းစပ်သွားကြသည်။ တစ်ချိန်တည်းမှာပင် သူသည် လေဟာနယ်ကို လက်နှစ်ဖက်ဖြင့် ဆွဲဖြဲလိုက်ပြီး မျက်တောင်တစ်ချက်ခတ်အတွင်း ဟုန်ရွှန်ကျိ၏ အနားသို့ ရောက်ရှိသွားသည်။ သူက လက်သီးကို ထပ်မံ မြှောက်လိုက်ပြီး ‘မဟာကမ္ဘာတံဆိပ်’ ဖြင့် ထပ်မံ ရိုက်ချလိုက်ပြန်သည်။
အတိတ်ကျမ်းစာနှင့် ပစ္စုပ္ပန်ဗုဒ္ဓကျမ်းတို့ကို ပေါင်းစပ်လိုက်ခြင်းက မပျက်စီးနိုင်သောခန္ဓာ နှင့် ပစ္စုပ္ပန်ကာလကို စိုးမိုးနိုင်သော စွမ်းအားကို ပေးစွမ်းလိုက်ခြင်းပင် ဖြစ်သည်။
ဟုန်ရွှန်ကျိသည် လက်သီးချက်ကြောင့် လွင့်စဉ်သွားသော်လည်း လေထဲ၌ပင် ဟန်ချက်ကို ပြန်လည်ထိန်းနိုင်ခဲ့သည်။ ဟုန်ယွိက လေဟာနယ်ကို ဖြတ်ကျော်ကာ သူ့ရှေ့သို့ ရောက်လာသည်ကို မြင်သောအခါ သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ တောင်တစ်လုံးကဲ့သို့ ခိုင်မြဲနေပြီး သူ၏လက်သီးများကို ပြောင်းလဲကာ ဟုန်ယွိ၏ ‘မဟာကမ္ဘာ တံဆိပ်’ ကို ကောင်းကင်ဘုံသေမင်းဘီးဖြင့် ပြန်လည် တုံ့ပြန်လိုက် သည်။
ဘုန်း… ဘုန်း… ဘုန်း…၊
သားအဖနှစ်ဦး၏ အတုမဲ့ကိုယ်ခံပညာများ ထပ်မံ၍ ထိပ်တိုက် တွေ့ဆုံမိကြပြန်သည်။ ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်မှာ ဟန်ချက်ပျက်ကာ ထပ်မံလွင့်စဉ်သွားရသလို၊ ဟုန်ယွိ၏ စိတ်ဝိညာဉ်နှင့် မသေမျိုးခန္ဓာမှာလည်း ထပ်မံ အက်ကွဲသွားပြန်သည်။
ထိပ်တိုက်တွေ့ဆုံးမူ တစ်ကြိမ်ပြီးတစ်ကြိမ်၊ ပေါက်ကွဲမှု တစ်ခုပြီးတစ်ခု၊ ကြေမွသွားလိုက် ပြန်လည်ကောင်းမွန်လာလိုက်နှင့်... မျက်တောင် တစ်ချက်ခတ်အတွင်း ဟုန်ယွိနှင့် ဟုန်ရွှန်ကျိတို့သည် အောင်းလွမ်၏ မျက်စိရှေ့မှောက်တွင် ကမ္ဘာပျက်မတတ် တိုက်ပွဲကြီး ကို ဆင်နွှဲနေကြပြီး တိုက်ကွက်ပေါင်း တစ်ရာကျော် အပြန်အလှန် ဖလှယ်ခဲ့ကြသည်။
တိုက်ပွဲအလယ်တွင် ‘ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်’ ဝတ်ဆင်ထားသော ဟုန်ယွိ၏ ‘လူသားအင်မော်တယ် ကိုယ်ပွား’ သည်လည်း ‘အတွေးမဲ့ ငြိမ်သက်ခြင်း’ အခြေအနေသို့ ဝင်ရောက်ကာ သူတို့နောက်သို့ လိုက်ပါတိုက်ခိုက်နေသည်။
ဗုဒ္ဓဓမ္မခန္ဓာနှင့် ‘လူသားအင်မော်တယ် ကိုယ်ပွား’ တို့ ပူးပေါင်း၍ ဟုန်ရွှန်ကျိကို ဝိုင်းရံ ထားကြသည်။ ဟုန်ရွှန်ကျိသည် မည်မျှပင် အစွမ်းထက်သော တိုက်ကွက်များကို သုံးပါစေ ဟုန်ယွိကို ဘာမှမလုပ်နိုင် ဖြစ်နေရသည်။ မူလက ဟုန်ယွိသည် ဗုဒ္ဓဓမ္မခန္ဓာကို တတ်မြောက်ထားသော်လည်း ဟုန်ရွှန်ကျိကို ယှဉ်နိုင်ရန် မဖြစ်နိုင်ပေ။ သူသည် အဆင့် ၆ မိုးကြိုးကပ်ဘေးကို အမှန်တကယ် ကျော်ဖြတ်ပြီး စိတ်ဝိညာဉ် အတွေးစများကို အပြည့် အဝ တည်ငြိမ်အောင် လုပ်နိုင်မှသာ ဟုန်ရွှန်ကျိနှင့် အဆင့်တူ ရင်ဆိုင်နိုင်မည် ဖြစ်သည်။
သို့သော် ယခုအခါ ဟုန်ယွိသည် ‘အတိတ်ကျမ်း’ ကို တတ်မြောက်ထားသဖြင့် သူ၏ စိတ်ဝိညာဉ် အတွေးစများ ကြေမွသွားမည်ကို မကြောက်တော့ပေ။ ထို့ပြင် ‘လူသား အင်မော်တယ် ကိုယ်ပွား’ မှာလည်း သိုင်းပညာ၌ ပိုမိုကျွမ်းကျင်လာနေသည်။ ၎င်းတို့နှစ်ခု ပူးပေါင်းလိုက်သည့်အခါတွင်မူ ဟုန်ရွှန်ကျိနှင့် လက်ရည်တူ ရင်ဆိုင်နိုင်စွမ်း ရှိလာခဲ့ခြင်း ဖြစ်သည်။
ရှူး…။
ဟုန်ယွိနှင့် ဟုန်ရွှန်ကျိတို့ အချိန်တခဏအတွင်း တိုက်ကွက်ပေါင်း ထောင်ချီ အပြန်အလှန် တိုက်ခိုက်နေစဉ်မှာပင်၊ အရေးကြီးဆုံး အခိုက်အတန့်၌ လေဟာနယ်ထဲတွင် ရွှေရောင် အက်ကြောင်းတစ်ခု ထပ်မံပေါ်ထွက်လာပြန်သည်။ ကြီးမားလှသော တုဖူနတ်ဘုရား ဆေဘာကြီးတစ်စင်းသည် ကောင်းကင်ကို ဖြတ်သန်းကာ ဟုန်ယွိ၏ စိတ်ဝိညာဉ်ထံသို့ ပိုင်းဖြတ်လိုက်သည်။
၎င်းမှာ ဆေဘာသူတော်စင် ဂွန်ယန်ယုပင် ဖြစ်သည်။ သူသည် အခွင့်အရေးကို စောင့်ဆိုင်း ကာ ဟုန်ယွိကို နောက်ထပ်တစ်ကြိမ် ချောင်းမြောင်းတိုက်ခိုက်လိုက်ခြင်း ဖြစ်ပေသည်။
“ဂွန်ယန်ယု... ခင်ဗျား ထွက်ပေါ်လာမှာကို ကျုပ် စောင့်နေတာ ကြာပြီ။”
ဟုန်ယွိက လှောင်ပြုံးပြုံးလိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ လှည့်ထွက်သွားပြီး ရုတ်တရက် ဗုဒ္ဓဓမ္မခန္ဓာ တစ်ခုလုံးမှာ ပျောက်ကွယ်သွားကာ အလင်းအမှောင်မန္တလာ မဟာအစီအရင် အဖြစ် ပြောင်းလဲသွားသည်။ မျက်စိတ်တမှိတ်အတွင်းမှာပင် ၎င်းသည် ဂွန်ယန်ယု၏ ပျံသန်းနေသော ဆေဘာကြီးကို လွှမ်းခြုံလိုက်တော့သည်။
ကြီးမားလှသော အလင်းအမှောင်မန္တလာ မဟာအစီအရင်သည် ကျဉ်းမြောင်းသွားပြီး ‘မန္တလာပန်း’အဖြစ် ပြောင်းလဲသွားသည်။ ‘ဝါကျင်ကျင် ဝတ်စုံ’ ကို ဝတ်ဆင်ကာ ဆေဘာ ကြီးကို ကိုင်ဆောင်ထားသော ဂွန်ယန်ယုသည် ၎င်းအတွင်း၌ ပိတ်မိသွားတော့သည်။ အစီအရင်မှာ ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် ကျဉ်းမြောင်းလာသည်။
အကယ်၍ အလင်းအမှောင်မန္တလာ မဟာအစီအရင်သာ ဗဟိုချက်မှနေ၍ ပေါက်ကွဲသွားခဲ့ လျှင် ‘ဝါကျင်ကျင်ဝတ်စုံ’ ပင်လျှင် ကြေမွသွားမည်ဖြစ်ပြီး ဂွန်ယန်ယုမှာလည်း ဒဏ်ရာ အပြင်းအထန် ရရှိသွားပေလိမ့်မည်။
ထိုအခိုက်အတန့်တွင် ဟုန်ရွှန်ကျိ၏ ဝတ်စုံထံမှ နဂါးပေါင်း တစ်သောင်း၏ ဟိန်းဟောင်သံ ထွက်ပေါ်လာသည်။ သူသည် ပျံသန်းလာပြီး အလင်းအမှောင်မန္တလာ မဟာအစီအရင်ကို လက်သီးဖြင့် ထိုးနှက်ဖျက်ဆီးလိုက်ရာ အစီအရင်တစ်ခုလုံး ချက်ချင်းပင် ပြိုကွဲသွားတော့ သည်။
အတွင်းဘက်မှ ဖောက်ထွက်ရန်ထက် အပြင်ဘက်မှနေ၍ အတားအဆီးကို ဖျက်ဆီးရန်မှာ ပိုမိုလွယ်ကူလှပေသည်။ အစီအရင် ပြိုကွဲသွားပြီးနောက် ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် လှုပ်ရှားသွားပြီး မျက်စိတမှိတ်အတွင်းမှာပင် ဗုဒ္ဓဓမ္မခန္ဓာအဖြစ် ပြန်လည်ပေါင်းစပ်သွားပြန် သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ ဟုန်ရွှန်ကျိက ဆက်လက်မတိုက်ခိုက်တော့ပေ။ သူသည် ဂွန်ယန်ယုကို ဆွဲခေါ်ကာ ရွှေရောင်အက်ကြောင်းအတွင်းသို့ ခုန်ဝင်သွားပြီး ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။ သူသည် ဟုန်ယွိနှင့် ဤနေရာတွင် ဆက်လက် လုံးထွေး တိုက်ခိုက်လိုစိတ် မရှိတော့ပုံ ရသည်။
ဟုန်ယွိသည် ‘ကောင်းကင်အလင်းဉီးချို နတ်ဘုရားချပ်ဝတ်’ ၏ အစွမ်းဖြင့် ကြည့်လိုက်ရာ လေဟာနယ်ထဲတွင် ဧရာမ တံဆိပ်တုံးကြီးတစ်ခုကို မြင်တွေ့လိုက်ရသည်။ ၎င်းသည် တုန်ခါသွားပြီးနောက် ချက်ချင်း ပျောက်ကွယ်သွားသည်။ ၎င်းမှာ စကြာဝဠာအိတ်ထက် ဆယ်ဆ၊ အဆ တစ်ရာမက ပို၍ စွမ်းအားကြီးမားသော ‘ဧကရာဇ်ကောင်းကင် ကျောက်စိမ်းတံဆိပ်တော်’ ပင် ဖြစ်သည်မှာ သေချာလှသည်။
ဟုန်ယွိက နောက်မှ လိုက်ရမည်လောဟု တုံ့ဆိုင်းနေစဉ်မှာပင် နဂါးသမီးတော် အောင်းလွမ်၏ အသံကို ရုတ်တရက် ကြားလိုက်ရသည်။
“မောင်လေးဟုန်... ခဏစောင့်ပါဦး။”
အခန်း (၄၃၂)။
“နဂါးသမီးတော်... ဘာကိစ္စရှိလို့လဲ။”
ဟုန်ရွှန်ကျိနှင့် ဂွန်ယန်ယုတို့သည် ‘ဧကရာဇ်ကောင်းကင် ကျောက်စိမ်းတံဆိပ်တော်’ အတွင်းသို့ ဝင်ရောက်ကာ ထွက်ခွာသွားသည်ကို မြင်သောအခါ၊ သူ၏ လက်ရှိကျင့်စဉ် အဆင့်ဖြင့် သူတို့ကို လိုက်လံတိုက်ခိုက်ပါက မအောင်မြင်နိုင်သည့်အပြင် ချုံခိုတိုက်ခိုက်မှု များကိုပါ ခံရနိုင်ကြောင်း ဟုန်ယွိ သိရှိလိုက်သည်။ ထို့ကြောင့် နဂါးသမီးတော်၏ အသံကို ကြားရသောအခါ သူသည် လေထဲတွင် ရပ်တန့်ကာ ဆိုင်းငံ့နေလိုက်သည်။
ဤသည်မှာ လျှို့ဝှက်ဆန်းကြယ်လှသော ဤနဂါးသမီးတော် အောင်းလွမ်နှင့် သူ ဒုတိယ အကြိမ် ဆုံတွေ့ခြင်း ဖြစ်သည်။
ဟုန်ယွိသည် ဤနဂါးသမီးတော်အပေါ် သတိမပေါ့ရဲပေ။ သူမသည် ကျိုးထိုက်ကျူ၊ ယူဝမ်မု၊ တော်ဝင်ချန်ဧကရာဇ် ယန်ဖန် သို့မဟုတ် အနှစ်သာရ နတ်ဘုရားကျောင်း၏ ယဇ်ပုရောဟိတ် ဘုန်းတော်ကြီးတို့ကဲ့သို့ မိုးကြိုးကပ်ဘေး အဆင့် ၆ ‘စိတ်ဝိညာဉ်ဖြင့် လေဟာနယ်ဖျက်ဆီးခြင်း’ အဆင့် ပညာရှင်မျိုး မဟုတ်သော်လည်း၊ သူမ၏ ‘လူသားနဂါး ခန္ဓာကိုယ်’ နှင့် ထူးခြားသော မှော်ရတနာများ၊ နတ်ဘုရားဓားများကြောင့် သူမ၏အစွမ်းမှာ လျော့တွက်၍မရသော အနေအထားတွင် ရှိနေသည်။
ယခုလေးတင် ဟုန်ရွှန်ကျိကို ထိပ်တိုက် ရင်ဆိုင်ရဲခြင်းကပင် သူမ၏ ခိုင်မာသော အစွမ်းကို သက်သေပြနေခြင်း ဖြစ်သည်။ ဟုန်ရွှန်ကျိသည်ပင်လျှင် ယုဝမ်မုထက် သူမကို ပို၍ သတိထားနေပုံရသည်။
“မောင်လေးဟုန်ကို နောက်က လိုက်မသွားဖို့ သတိပေးချင်လို့ပါ။ ဟုန်ရွှန်ကျိရဲ့ အခုခန္ဓာကိုယ်ဟာ တကယ်ကို ဖျက်ဆီးလို့မရတဲ့ အခြေအနေမှာ ရှိနေတယ်။ ‘ဖန်ဟွမ် အသက်ဝိညာဉ်ဓား’ တောင်မှ ‘ကောင်းကင်နဂါးဘုရင် နတ်ဘုရားချပ်ဝတ်’ ကို ဖြတ်တောက်ဖို့ ခက်ခဲလိမ့်မယ်။ မဟာပညာ၊ မဟာကရုဏာ၊ မဟာသတ္တိနဲ့ မဟာတရားမျှ တမှု ရှိတဲ့သူမှပဲ အဲဒီဓားရဲ့ စွမ်းအားအပြည့်အဝကို ထုတ်ဖော်ပြီး ဟုန်ရွှန်ကျိကို သတ်နိုင် မှာ။ ခုနက သူ မောင်လေးဟုန်နဲ့ ဆက်မတိုက်တာဟာ ဧကရာဇ် ယန်ဖန်ဆီမှာ တစ်ခုခု အရေးကြီးတာ ဖြစ်နေလို့ လေဟာနယ်ကို ဖြတ်ပြီး အမြန်ပြန်သွားတာပါ။ မောင်လေးဟုန် ကို ကြောက်လို့ ထွက်ပြေးတာ မဟုတ်ဘူး။”
နဂါးသမီးတော်သည် လေထဲတွင် ရပ်နေပြီး သူမ၏ကိုယ်မှ ထွက်ပေါ်နေသော ကြည်လင် သော အလင်းတန်းများသည် မိုင်ပေါင်းဆယ်မိုင်ခန့် ရှည်လျားသော အလင်းလမ်းကြောင်း တစ်ခုအဖြစ် ပြန့်ကားသွားသည်။ သူမသည် ထိုအလင်းလမ်းကြောင်းပေါ်တွင် ရပ်နေပြီး သူမဝတ်ဆင်ထားသော ‘နှင်းဆီ သွေးအကြေးခွံဝတ်စုံ’မှာ ရုတ်တရက် ကျုံ့သွားကာ သွေးရောင်နှင်းဆီပန်းတစ်ပွင့်အဖြစ် ပြောင်းလဲသွားသည်။ သူမသည် ထိုပန်းကို ဆံပင်တွင် အလှဆင်လိုက်ရာ တစ်ကိုယ်လုံးမှာ လေထဲတွင် လွင့်မျောနေသကဲ့သို့ ဖြစ်သွားတော့ သည်။
သူမသည် ‘သွေးစုပ်နှင်းဆီဓား’ကိုလည်း ရုတ်သိမ်းလိုက်ပြီဖြစ်ရာ သူမ၏ လက်ထဲတွင် မည်သည့်လက်နက်မျှ မရှိတော့ဘဲ သတ်ဖြတ်ခြင်း အငွေ့အသက်များလည်း ကင်းစင်သွား တော့သည်။
သို့သော် ဟုန်ယွိသည် သူမ၏ အလွန်ထူးကဲပြောင်မြောက်လှသော သိုင်းပညာကို ခုနကပင် မြင်တွေ့ခဲ့ရပြီး ဖြစ်သဖြင့် သူ၏စိတ်ထဲတွင် သတိကြီးစွာ ထားနေဆဲ ဖြစ်သည်။ ဤအမျိုးသမီးသည် မိတ်ဆွေလော၊ ရန်သူလောဆိုသည်ကို ဟုန်ယွိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
...
“အဲဒီအချက်ကိုတော့ ကျွန်တော်လည်း သိပါတယ်။ ကျွန်တော်က သေမင်းအလင်း နတ်ဘုရားလှံကို ပိုင်ဆိုင်ထားတော့ ‘ကောင်းကင်နဂါးဘုရား နတ်ဘုရားချပ်ဝတ်’ အကြောင်းကိုလည်း နက်နက်ရှိုင်းရှိုင်း နားလည်ပြီးသားပါ။”
ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားပြီး၊ ဝတ်စုံတစ်ခုလုံး မှာ အရှိန်အဟုန်ဖြင့် ကျုံ့သွားကာ သူ၏ မျက်ခုံးနှစ်ခုကြား နေရာတွင် အနက်ရောင် အလင်းစက်တစ်ခုအဖြစ် စုစည်းကာ ပျောက်ကွယ်သွားသည်။ ချက်ချင်းပင် ဟုန်ယွိသည် ထိုဝတ်စုံနှင့် သူ၏ သွေးသားများမှာ တစ်သားတည်း ဆက်နွှယ်နေသကဲ့သို့ ခံစားလိုက် ရသည်။ ဤနတ်ဘုရားဝတ်စုံမှာ သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု ဖြစ်သွားသကဲ့သို့ ပင်။
ဤသည်မှာ ဟုန်ရွှန်ကျိနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေစဉ်အတွင်း နတ်ဘုရားဝတ်စုံ သည် သူ၏ သွေးသားများနှင့် ပေါင်းစပ်သွားခြင်း၏ ရလဒ်ဖြစ်သည်။
ဟုန်ယွိသည်လည်း ဟုန်ရွှန်ကျိ၏ အစွမ်းမှာ အလွန်ပင် တုန်လှုပ်ဖွယ်ကောင်းကြောင်း ခံစားမိသည်။
‘လူသားအင်မော်တယ်’၏ ကိုယ်ပွား၊ ကောင်းကင်အလင်းဉီးချို နတ်ဘုရားဝတ်စုံ။ သေမင်းအလင်းနတ်ဘုရားလှံ။ အကန့်အသတ်မဲ့ သတ်ဖြတ်ခြင်းလမ်းစဉ်…။
ဟုန်ယွိ၏ ကိုယ်ပိုင် သိုင်းဆန္ဒနှင့် ပေါင်းစပ်လိုက်လျှင် ဤအစွမ်းများသည် ကျိုးထိုက်ကျူ ကဲ့သို့သော ပုဂ္ဂိုလ်ကြီးမျိုးကိုပင် ရင်ဆိုင်နိုင်ရန် လုံလောက်လှသည်။
သို့သော် ဟုန်ရွှန်ကျိကို ရင်ဆိုင်ရန်အတွက်မူ မလုံလောက်သေးပေ။ ဟုန်ရွှန်ကျိ၏ ရှေ့တွင် အဆင့်လေး မိုးကြိုးကပ်ဘေးအဆင့်ရှိ စိတ်ဝိညာဉ်လမ်းစဉ် တာအိုပညာရပ်တစ်ခုသည် တိုက်ခိုက်ခွင့်ပင် ရလိမ့်မည်မဟုတ်ပေ။
‘လူသားအင်မော်တယ်’ ၏ ခန္ဓာကိုယ်ကို စိတ်ဝိညာဉ် သက်သက်ဖြင့် ရင်ဆိုင်ခြင်းမှာ မိုက်မဲသော အပြုအမူသာ ဖြစ်ပေလိမ့်မည်။
ဟုန်ယွိသည် စွန့်စား၍ သူ၏ စိတ်ဝိညာဉ်ကို စကြာဝဠာအိတ်၏ စွမ်းအားများနှင့် ပေါင်းစပ် ကာ၊ ပစ္စုပ္ပန်ဗုဒ္ဓကျမ်း၏ အနှစ်ချုပ်ကို ရရှိပြီး ဗုဒ္ဓဓမ္မခန္ဓာကို ဖွဲ့စည်းနိုင်ခဲ့သောကြောင့်သာ အရေးမနိမ့်ခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် ဤဗုဒ္ဓဓမ္မခန္ဓာသည် ‘အတိတ်ကျမ်း’ ကြောင့် မပျက်စီးနိုင်သော စွမ်းအားကို မရရှိခဲ့လျှင် ဟုန်ရွှန်ကျိ၏ လက်အောက်တွင် ဖုန်မှုန့်အဖြစ် ကြေမွသွားခဲ့မည်မှာ သေချာလှသည်။
သို့သော် ထိုသို့ဖြစ်စေကာမူ ဟုန်ရွှန်ကျိကို အနိုင်ယူရန် ခက်ခဲနေဆဲ ဖြစ်သည်။
“ငါက အဆင့် ၅ ဒါမှမဟုတ် အဆင့် ၆ မိုးကြိုးကပ်ဘေးကို အမှန်တကယ် ကျော်ဖြတ်ပြီး၊ စိတ်ဝိညာဉ် အတွေးစ ၂၃,၁၈၄ ခုစလုံးကို အဆင့် ၆ မိုးကြိုးကပ်ဘေးရဲ့ အထွတ်အထိပ် အဆင့်ထိ ရောက်အောင် မကျင့်ကြံနိုင်သေးသရွေ့... ပြီးတော့ ပစ္စုပ္ပန်ဗုဒ္ဓကျမ်းထဲက လက်ဟန်တံဆိပ် ၁၀ မျိုးစလုံးကို တစ်သားတည်းဖြစ်အောင် နားလည်ပြီး ဗုဒ္ဓဓမ္မခန္ဓာကို အပြည့်အဝ မဖွဲ့စည်းနိုင်သေးသရွေ့... ငါဟာ ဟုန်ရွှန်ကျိကို ထိပ်တိုက်ရင်ဆိုင်ဖို့ ဒါမှမဟုတ် သူ့ကို စွမ်းအားချင်း ယှဉ်ပြိုင်ဖိနှိပ်ဖို့ မဖြစ်နိုင်သေးဘူး။” ဟုန်ယွိက စိတ်ထဲတွင် တွေးတောလိုက်သည်။
ယခု အရေးကြီးဆုံးအချက်မှာ လမ်းစဉ်နှစ်ခုကို ကျင့်ကြံရန်ဖြစ်သည်။ ပထမလမ်းစဉ်မှာ အဆင့်ခြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ရန် ဖြစ်ပြီး၊ ဒုတိယမှာ ကိုယ်ခံပညာ လမ်းစဉ်ကို ကျင့်ကြံကာ ‘လူသားအင်မော်တယ်’ အဆင့်သို့ ရောက်ရှိပြီး သူ့ကိုယ်ပွားကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် ဖြစ်သည်။
ဤလမ်းစဉ်နှစ်ခုစလုံး အောင်မြင်သွားပါက၊ သူသည် ‘ကောင်းကင်နဂါးဘုရင် နတ်ဘုရား ချပ်ဝတ်’ ဝတ်ဆင်ထားသော ဟုန်ရွှန်ကျိကိုပင် ဖိနှိပ်နိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိနေ သည်။ ထိုအဆင့်သို့ ရောက်ရှိလျှင် သူသည် အဆင့် ၇ မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထား သော ‘ဖန်ဆင်းရှင်’တစ်ဦးနှင့်ပင် ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။
သူ၏ အတွေးများသည် တော်ဝင်ဧကရာဇ် ယန်ဖန်ကဲ့သို့ပင် ကြည်လင်ပြတ်သားနေ၏။ ပစ္စုပ္ပန်ဗုဒ္ဓကျမ်း၏ အနှစ်ချုပ်ကို ရရှိပြီးနောက် ကျင့်ကြံခြင်းလမ်းစဉ်မှာ သူ၏ရှေ့တွင် ရှင်းလင်းစွာ ပေါ်ထွက်လာခဲ့သည်။
“ဟူး...”
ဟုန်ယွိသည် သက်ပြင်းရှည်ကြီး ချလိုက်ပြီး စိတ်ထဲမှ ရေရွတ်လိုက်သည်။ “ငါ အဆင့် ၆ မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီး ‘လူသားအင်မော်တယ်’ အဆင့်ကို ရောက်သွားရင် ဘယ်သူ့ကိုမှ ကြောက်စရာ မလိုတော့ဘူး။ အဲဒီအချိန်ကျရင် ဒိုင်ဇင်ဘုရားကျောင်းက မြေအောက်နန်းတော်ကို သွားပြီး ‘ထိုက်ရှီတောင်တန်း နဂါးဝိညာဉ်’ ကို ဖိနှိပ်ကာ ‘ရုလိုင်သင်္ကန်းတော်’ကို ရယူမယ်။ အဲဒီအချိန်ကျရင် ငါ့ရဲ့ အစစ်မှန် ခန္ဓာကိုယ်က ရုလိုင် သင်္ကန်းကို ဝတ်မယ်၊ ငါ့ရဲ့ ကိုယ်ပွားက ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်ကို ဝတ်မယ်၊ ငါ့ရဲ့စိတ်ဝိညာဉ်က နဂါးဝိညာဉ်နဲ့ ပေါင်းစပ်သွားမယ်... အဲဒီကျရင် ငါဟာ အဆင့် ၇ မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီး ဘယ်သူ့ကိုမှ ကြောက်စရာမလိုတဲ့ အခြေအနေကို ရောက်သွားလိမ့်မယ်။ မုန့်ရှန်းကျီကိုတောင် ကြောက်စရာ မလိုတော့ဘူး။”
...
“မောင်ငယ်ဟုန် ဘာတွေ တွေးနေတာလဲ။”
နဂါးသမီးတော်က တိတ်ဆိတ်နေသော ဟုန်ယွိကို ကြည့်ကာ မေးမြန်းလိုက်သည်။
“ကျွန်တော့်စွမ်းအားကို ဘယ်လိုတိုးတက်အောင် လုပ်ရမလဲဆိုတာ တွေးနေတာပါ” ဟုန်ယွိက မဖုံးကွယ်ဘဲ ဖြေကြားလိုက်ပြီး သူမကို ကြည့်လိုက်သည်။ “ဂိုဏ်းချုပ်... ခင်ဗျား က ကျွန်တော့်ကို ဘာလို့ တားတာလဲ။ ငါ့ကို အချိန်ဆွဲဖို့ ကြိုးစားနေတာလား။”
“ကိုယ့်စွမ်းအားကို တိုးတက်အောင် လုပ်ဖို့ဆိုတာက တာအိုကျင့်ကြံသူတိုင်းနဲ့ သိုင်းပညာရှင်တိုင်း လိုလားတဲ့အရာပါပဲ။” နဂါးသမီးတော်က ဆိုသည်။ “ငါ မောင်လေး ဟုန်ကို တားတာဟာ အချိန်ဆွဲဖို့ မဟုတ်ပါဘူး။ မောင်လေးဟုန်ကို ကူညီတောင်းစရာ ကိစ္စတစ်ခု ရှိလို့ပါ၊”
“ဘာကိစ္စလဲ” ဟုန်ယွိ မျက်မှောင်ကြုတ်လိုက်သည်။
“မကြာသေးခင်က ငါ လျှို့ဝှက်ကျင့်စဉ်တွေကို ကျင့်ကြံပြီး စွမ်းအင်တွေ စုဆောင်းနေတာ အခုဆိုရင် အဆင့် ၅ မိုးကြိုးကပ်ဘေးရဲ့ အစွန်းကို ရောက်နေပါပြီ။ အဆင့် ၆ မိုးကြိုး ကပ်ဘေးကို ကျော်ဖြတ်ဖို့ အခွင့်အရေးကို စောင့်နေတာပါ။ ဒါပေမဲ့ အဆင့် ၆ မိုးကြိုး ကပ်ဘေးဆိုတာ အလွန်ပဲ အန္တရာယ်များပါတယ်။ ငါ့ဆီမှာ မောင်လေးဟုန်ရဲ့ ‘အတိတ်ကျမ်း’ လို လျှို့ဝှက်ချက်မျိုး မရှိတော့ စိတ်ဝိညာဉ် ကြေမွပျက်ဆီးသွားမှာကို စိုးရိမ်ရတယ်။ အဲဒါတင်မကဘူး... ငါ အားနည်းနေချိန်မှာ တစ်ယောက်ယောက်က အခွင့်ကောင်းယူပြီး ငါ့စိတ်ဝိညာဉ်အတွေးစတွေကို လုယူသွားမှာကိုလည်း ကြောက်ရ တယ်။”
နဂါးသမီးတော်က သက်ပြင်းချရင်း ဆိုသည်။
“ခင်ဗျားကို စောင့်ရှောက်ပေးဖို့ ပြောချင်တာလား။ ပြင်ပနတ်ဆိုးတွေ ရန်ကနေ ကာကွယ်ပေးဖို့လား။” နဂါးသမီးတော် ဘာကို ဆိုလိုသည်ကို ဟုန်ယွိ ချက်ချင်း နားလည် လိုက်သည်။
အဆင့် ၆ မိုးကြိုးကပ်ဘေးသည် အမှန်တကယ်ပင် အလွန်အန္တရာယ်များလှသည်။ စိတ်ဝိညာဉ် ကြေမွပျက်စီးသွားနိုင်ခြေ အလွန်များသလို၊ အတင်းအကျပ် ကျော်ဖြတ်နိုင်ခဲ့ လျှင်ပင် ထိုသူမှာ အလွန်အမင်း အားနည်းသွားတတ်သည်။ ထိုကဲ့သို့ အချိန်မျိုးတွင် ရန်သူ များ၏ လုယက်သတ်ဖြတ်ခြင်းကို ခံရရန် အလွန်လွယ်ကူလှပေသည်။
“မှန်ပါတယ်။ မောင်လေးဟုန်ဟာ အစွမ်းထက်တဲ့ လူကြီးလူကောင်း တစ်ယောက်ပါ။ တကယ်လို့ မောင်လေးဟုန်က ကျွန်မ ကပ်ဘေးကျော်ဖြတ်နေချိန်မှာ ကူညီစောင့်ရှောက် ပေးမယ်လို့ ကတိပေးရင်၊ ငါ့အသက်ကို မောင်လေးဟုန်ရဲ့ လက်ထဲ စိတ်ချလက်ချ အပ်နှံရဲ တယ်။” နဂါးသမီးတော်က ဟုန်ယွိကို ကြည့်ကာ ပြောဆိုလိုက်သည်။
“ခင်ဗျားက ကောင်းကင်နဂါးဂိုဏ်းကို တည်ထောင်ခဲ့လူ၊ အလွန်လည်း အစွမ်းထက်တယ်။ ခင်ဗျားရဲ့ သြဇာအာဏာဟာ ယွန်မင်နိုင်ငံ တစ်နိုင်ငံလုံးကို လွှမ်းမိုးထားသလို ဆန်းကြယ် ကောင်းကင်ဘုံခန်းမနဲ့တောင် အဆင့်တူရှိတယ်။ ခင်ဗျားရဲ့ လက်အောက်ငယ်သားတွေ စောင့်ရှောက်ပေးနေတာတောင် မိုးကြိုးကပ်ဘေးကို မကျော်ဖြတ်နိုင်မှာ ကြောက်နေတာ လား။” ဟုန်ယွိက မေးလိုက်သည်။
“လူ့နှလုံးသားဟာ ကောက်ကျစ်ပြီး လောကကြီးဟာ အန္တရာယ်များလှပါတယ်။ ငါ့ တပည့်တွေထဲမှာ တာအိုပညာရော သိုင်းပညာမှာပါ ကျွမ်းကျင်တဲ့သူတွေ အများကြီး ရှိပေမဲ့ ဘယ်သူမှ ငါ့အပေါ် သစ္စာ မရှိကြဘူး။ အပြင်ရန်သူတွေလည်း အများကြီးရှိသလို၊ ငါ့ အရင်းနှီးဆုံး မိတ်ဆွေတွေတောင်မှ ကြီးမားတဲ့ အကျိုးအမြတ်တွေရှေ့မှာ ငါ့ကို သတ်ဖို့ ကြံစည်ကြမှာပဲ။ ငါ့ကောင်းကင်နဂါးဂိုဏ်းဟာ ကြီးမားတဲ့ အခြေခံအုတ်မြစ်နဲ့ ရတနာတွေ ကို ပိုင်ဆိုင်နေတော့ ယွန်မင်နိုင်ငံက မင်းစိုးရာဇာတွေတောင်မှ မနာလိုဖြစ်နေကြတာပါ” နဂါးသမီးတော်၏ စကားများမှာ ပေါ့ပါးသော်လည်း အထဲတွင်မူ ခါးသီးဖွယ် အမှန်တရား များ ပါဝင်နေသည်။
“မှန်တာပေါ့... တကယ်လို့ ကျွန်တော် သဘောတူလိုက်ရင် ခင်ဗျား ဘာမှ စိုးရိမ်စရာ မလိုတော့ဘူး။” သူမ၏ စကားများကို ကြားရသောအခါ ဟုန်ယွိက ခေါင်းညိတ်ကာ ပြတ်သားသော လေသံဖြင့် ဆိုလိုက်သည်။
ဟုန်ယွိနှင့် နဂါးသမီးတော်မှာ မိတ်ဆွေလား ရန်သူလား မသေချာသေးသော်လည်း၊ ဟုန်ယွိ သာ ကူညီမည်ဟု ကတိပေးလိုက်ပါက သူသည် ကတိတည်မည့်သူ ဖြစ်ကြောင်း နဂါး သမီးတော်က သိရှိပြီးသား ဖြစ်သည်။ သူသည် တစ်ဖက်လူ၏ ရတနာများကို လုယူခြင်း သို့မဟုတ် နောက်ကျောကို ဓားနှင့်ထိုးခြင်းမျိုး မည်သည့်အခါမျှ ပြုလုပ်လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့်ပင် နဂါးသမီးတော်က ဟုန်ယွိကို လှမ်းခေါ်ကာ ဤကိစ္စကို ဆွေးနွေးခြင်း ဖြစ်သည်။ သူမ၏ အမြော်အမြင်မှာ အလွန်ပင် တိကျလှသည်။ ဆန်းကြယ်ကောင်းကင်ဘုံ ခန်းမသခင်၊ ကောင်းကင်မြွေဘုရင်မ သို့မဟုတ် ကျိရှန်းထျန်းတို့သည် ဟုန်ယွိနှင့် ဆက်ဆံ ရာတွင် သူ၏ ‘ဖြောင့်မတ်တည်ကြည်မှု’ ကြောင့် စိတ်ချလက်ချ လုပ်ဆောင်ရဲကြခြင်း ဖြစ်သည်။
ဆန့်ကျင်ဘက်အနေဖြင့် ကျင့်ကြံခြင်းလောကသည် အားကြီးသူက အားနည်းသူကို အနိုင်ကျင့် အမြတ်ထုတ်သည့် လောကဖြစ်သည်။ တာအိုလက်တွဲအဖော်များပင်လျှင် တစ်ဦးကိုတစ်ဦး သတိထားနေကြရသည်။ ဟုန်ရွှန်ကျိက မန်ပိုင်ယွန်ကို လုပ်ကြံခဲ့ခြင်းမှာ ဥပမာတစ်ခုဖြစ်သလို၊ မုန့်ရှန်းကျီက သူတော်စင် မိန်းမပျို ဝမ်ရှန်းကို သတ်ဖြတ်ခဲ့ခြင်းမှာ လည်း ထင်ရှားသော သာဓကများပင် ဖြစ်သည်။
“ဒါဆို မောင်လေးဟုန် သဘောတူတယ်ပေါ့။” နဂါးသမီးတော်၏ မျက်နှာမှာ ဝင်းပသွား သည်။
“ကျွန်တော် ပြောခဲ့တာက ‘ကျွန်တော်သာ သဘောတူရင် အဆုံးထိ တာဝန်ယူမယ်’ လို့ပဲ ပြောတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ နှစ်ယောက်ဟာ ဘာမှ မပတ်သက်ဘူး။ ခင်ဗျားက ယွန်မင်နိုင်ငံက၊ ကျွန်တော်က ကောင်းကင်ပြည်နယ်က... ကျွန်တော်တို့က ရန်သူတွေပဲ လေ။ ကျွန်တော် ဘယ်လိုလုပ် သဘောတူနိုင်မှာလဲ။ ဒါပေမဲ့ စိတ်မပူပါနဲ့၊ ခင်ဗျား မိုးကြိုး ကပ်ဘေးကျော်ဖြတ်နေချိန်မှာ ခင်ဗျားဆီကနေ ကျွန်တော် ဘာကိုမှ ခိုးယူဖို့ ကြံစည်မှာ မဟုတ်ဘူး။”
ဟုန်ယွိက ခေါင်းမော့ကာ ပြုံးလျက် လက်နှစ်ဖက်ကို ယှက်ကာ နှုတ်ဆက်လိုက်သည်။ “တခြားကိစ္စ မရှိရင် ကျွန်တော် သွားတော့မယ်။”
“အယ်…၊ နေဦးပါ မောင်လေးဟုန်၊ မောင်လေးဟုန်လည်း မိုးကြိုးကပ်ဘေးကို ကျော်ဖြတ် ရဦးမှာပဲလေ။ ငါလည်း မောင်လေးဟုန်ကို ပြန်ပြီး စောင့်ရှောက်ပေးနိုင်ပါတယ်” နဂါး သမီးတော်က အလျင်အမြန် ဆိုလိုက်သည်။
“အို...” ဟုန်ယွိက သူမကို တစ်ချက်ကြည့်ကာ ခေါင်းခါလိုက်သည်။ “လူတွေဟာ ကောက်ကျစ်တယ်လို့ ခင်ဗျားပဲ ပြောခဲ့တာလေ။ ကျွန်တော် ကပ်ဘေးကျော်ဖြတ်နေချိန် မှာ ခင်ဗျားက ကျွန်တော့် စောင့်ရှောက်ပေးမယ်ဆိုရင် ကျွန်တော် စိတ်မချနိုင်ဘူး။ ခင်ဗျား က ကျွန်တော့်ကို ယုံပေမဲ့ ကျွန်တော်ကတော့ ခင်ဗျားကို မယုံဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျားမှာ ကျွန်တော်လို ကျင့်ဝတ်မျိုးတွေ မရှိလို့ပဲ။”
ဟုန်ယွိသည် လူကြီးလူကောင်းတစ်ဦး ဖြစ်သော်လည်း အခြားသူများကို အလွယ်တကူ မယုံကြည်ပေ။ အခြားသူကို အန္တရာယ်မပြုလိုသော်လည်း အမြဲတမ်း သတိထားနေရန်မှာ ပညာရှင်တို့၏ အလုပ်ပင် ဖြစ်သည်။
“ဒါဆိုရင် မောင်လေးဟုန်နဲ့ ငါ အပေးအယူတစ်ခု လုပ်ကြတာပေါ့။ မောင်လေးဟုန်... ငါဝတ်ထားတဲ့ ဒီ ‘နှင်းဆီ သွေးအကြေးခွံချပ်ဝတ်’ ကို ဘယ်လို ထင်သလဲ” နဂါးသမီးတော် က ပြုံးလျက် မေးလိုက်သည်။
“ဒီချပ်ဝတ်ဟာ ထူးခြားတဲ့ အကြေးခွံတွေနဲ့ ရတနာမျိုးစုံ ပေါင်းစပ်ပြီး လုပ်ထားပုံရတယ်။ ကောင်းကင်အလင်းဉီးချို နတ်ဘုရားချပ်ဝတ် ဒါမှမဟုတ် ‘ကောင်းကင်နဂါးဘုရင် နတ်ဘုရားချပ်ဝတ်’ လောက် မကောင်းပေမဲ့ ဆေဘာသူတော်စင် ဂွန်ယန်ယု ဝတ်ထားတဲ့ ချပ်ဝတ်ထက်တော့ ပိုပြီး ထူးခြားတယ်။” ဟုန်ယွိက သုံးသပ်ပြလိုက်သည်။
“ဒါတွေဟာ နဂါးအကြေးခွံတွေပါ၊ ကောင်းကင်ဘုံကိုးထပ်က ကြယ်တာရာမီးလျှံနဲ့ နဂါး ဝိညာဉ်ကို သုံးပြီး သန့်စင်ထားတာ။ နဂါးအကြေးခွံနဲ့ လုပ်ထားတဲ့ ချပ်ဝတ်ကပဲ ခန္ဓာကိုယ်နဲ့ သွေးအဆီအနှစ်တွေကို အပြည့်အဝ ကာကွယ်ပေးနိုင်တဲ့ နတ်ဘုရားစွမ်းအား ရှိတာပါ။ ‘ကောင်းကင်နဂါးဘုရား နတ်ဘုရားချပ်ဝတ်’ ဆိုတာ ရှေးဦးနဂါးတို့ရဲ့ ဧကရာဇ်ကနေ ဖြစ်ပေါ်လာတာ။ ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်ဆိုတာလည်း ရှေးဟောင်း ကောင်းကင်နဂါးတစ်ကောင်ရဲ့ ဉီးချိုကနေ လုပ်ထားတာပဲ။”
နဂါးသမီးတော်က ဆက်ပြောသည်မှာ “တကယ်လို့ မောင်လေးဟုန်က ကျွန်မ ကပ်ဘေး ကျော်ဖြတ်နေချိန်မှာ စောင့်ရှောက်ပေးမယ်ဆိုရင်၊ မောင်းလေးဟုန်အနေနဲ့ ကိုယ်ပိုင် နတ်ဘုရားဝတ်စုံတွေ သွန်းလုပ်ဖို့အတွက် နဂါးအကြေးခွံတွေ၊ သေဆုံးသွားတဲ့ နဂါးတွေရဲ့ ဝိညာဉ်ကနေ ဖြစ်ပေါ်လာတဲ့ ပုံဆောင်ခဲတွေနဲ့ သွန်းလုပ်နည်းတွေကို ကျွန်မ ပေးပါ့မယ်။”
“သေဆုံးပြီး နဂါးဝိညာဉ်ကနေ ဖြစ်ပေါ်လာတဲ့ ပုံဆောင်ခဲ ဟုတ်လား။” ဟုန်ယွိက စိတ်ဝင်တစား မေးမြန်းလိုက်သည်။
တစ္ဆေအင်မော်တယ်များသည် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီးနောက် သေဆုံးသွားလျှင် သူတို့၏ စိတ်ဝိညာဉ် အတွေးစများသည် အခြား ကမ္ဘာတစ်ခုအတွင်း ပိတ်မိကာ ကျောက်ဖြစ်ရုပ်ကြွင်းများအလား ‘ရှေးဦးကောင်းကင် ပုံဆောင်ခဲ’ များအဖြစ် ပြောင်းလဲ သွားတတ်သည်။ သို့သော် နဂါးဝိညာဉ်များကလည်း ထိုသို့ ဖြစ်နိုင်လိမ့်မည်ဟု ဟုန်ယွိ မထင်ထားခဲ့ပေ။
ဤလောကတွင် နဂါးကို မြင်ဖူးသူပင် မရှိသလောက် ရှားပါးလှရာ၊ နဂါးဝိညာဉ် ပုံဆောင်ခဲ ကို မြင်ဖူးရန်မှာ ပို၍ပင် ခက်ခဲလှသည်။ ဟုန်ယွိသည် နဂါးဝိညာဉ်များ မည်မျှ အစွမ်းထက် လဲ သိချင်စိတ် ပြင်းပြလာသည်။
“မှန်ပါတယ်။” နဂါးသမီးတော်က လက်ကို လှုပ်ရှားလိုက်ရာ သေးငယ်သော ပိုးထည် အိတ်ကလေးတစ်လုံး ထွက်ပေါ်လာသည်။ ထိုအိတ်ကလေးကို မည်သည့်အရာဖြင့် ပြုလုပ် ထားသည်ကို မသိရပေ။ ပိုးသားလည်းမဟုတ်၊ လျှော်တေလည်းမဟုတ်ဘဲ တောက်ပ ပြောင်လက်နေသည်။
၎င်းသည် ‘ကမ္ဘာငယ်လေး’ အဆင့်ရှိသော ဓမ္မရတနာတစ်ခုဖြစ်သည်မှာ ထင်ရှားလှသည်။ သို့သော် ဟုန်ယွိအနေဖြင့် ၎င်းသည် စကြာဝဠာအိတ် သို့မဟုတ် ‘ဖန်ဆင်းခြင်းဘူးသီး’ တို့လောက်တော့ အဆင့်မမြင့်ကြောင်း ခံစားမိသည်။
နဂါးသမီးတော်က ထိုပိုးအိတ်ကလေးကို ထုတ်ယူလိုက်သောအခါ အနီရောင်အလင်းတန်း များ ဖြာထွက်လာသည်။ ထိုအနီရောင်အလင်းတန်းများကြားမှ သူမ၏သွယ်လျသော လက်ချောင်းလေးနှစ်ချောင်းဖြင့် ပုံဆောင်ခဲတစ်ခုကို ညှပ်ထုတ်လိုက်သည်။ ၎င်းသည် (၃) ပေမှ (၄) ပေခန့်အထိ ရှည်လျားပြီး ဓားတစ်စင်းကဲ့သို့ ပုံသဏ္ဌာန်ရှိကာ အလွန်ဖြောင့်ပြီး စူးရှ ထက်မြက်လှသည်။ ၎င်းတွင် မျက်နှာပြင်လေးဖက် ပါရှိရာ ‘ဖန်ဟွမ်အသက်ဝိညာဉ် ဓား’ ပုံစံနှင့် အနည်းငယ် ဆင်တူနေသည်။
သို့သော် ဤပုံဆောင်ခဲ ဓားရှည်သည် ဘက်ပေါင်းစုံမှ ဝင်းလက်တောက်ပနေသည်။ ၎င်းထံမှ သိသာထင်ရှားသော အရှိန်အဝါများ ထွက်ပေါ်မနေသော်လည်း ကြီးမားသော စွမ်းအားများ ကိန်းအောင်းနေသည်ကိုမူ ပြသနေသည်။
“ဒါဟာ နဂါးစိတ်ဝိညာဉ် အတွေးစတွေကနေ ဖြစ်ပေါ်လာတာလား၊ ဓားတစ်စင်း ပုံစံမျိုးနဲ့ လား၊ ရှေးလူတွေက နဂါးတွေကို လူကြီးလူကောင်းတွေလို ဆက်ဆံကြတယ်ဆိုတာ အံ့ဩစရာ မရှိတော့ပါဘူး။ နဂါးတွေရဲ့ စိတ်ဝိညာဉ်အတွေးစတွေက ဒီလိုမျိုး ဖြစ်နေတာ ကိုး။”
ဟုန်ယွိသည် တစ်ချက်ကြည့်ရုံမျှဖြင့် ဤပုံဆောင်ခဲ ဓားရှည်သည် လူသားတို့၏ စိတ်ဝိညာဉ် အတွေးစမျိုး မဟုတ်ကြောင်း သိရှိလိုက်သည်။
“ဒါဟာ နဂါးတစ်ကောင်ရဲ့ မြင့်မြတ်တဲ့ ဂုဏ်ကျေးဇူးပါပဲ။” သူက သက်ပြင်းချရင်း ဆိုလိုက် သည်။
ဟုန်ယွိ သက်ပြင်းချသည်ကို မြင်သောအခါ နဂါးသမီးတော်က ထိုစိတ်ဝိညာဉ် အတွေးစကို မြှောက်ကာ ဟုန်ယွိထံသို့ ပျံသန်းစေပြီး ပေးပို့လိုက်သည်။ ထိုအတွေးစသည် ဟုန်ယွိ၏ အနားသို့ ရောက်သောအခါ အရှိန်လျော့သွားပြီး ငြိမ်သက်စွာ လွင့်မျောနေသည်။ ဟုန်ယွိ က ၎င်းကို ထိတွေ့ကြည့်လိုက်သောအခါ အတွင်းရှိ စွမ်းအားများကို ခံစားလိုက်ရသည်။ ထိုစွမ်းအား မှာ အလွန်ပင် စင်ကြယ်လှသည်။ အကယ်၍ ဤအရာကို ပျံသန်းနိုင်သော ဓားအဖြစ် သွန်းလုပ်လျှင် ထိပ်တန်းအဆင့်ရှိ နတ်ဘုရားဓားတစ်လက် ဖြစ်လာပေလိမ့် မည်။
၎င်းကို သူ့စိတ်ဝိညာဉ် အတွေးတစ်ခုထဲသို့ပင် ပေါင်းစပ်ထည့်သွင်းပြီး သူ့စိတ်ဝိညာဉ်ကို အလွန်အမင်း အစွမ်းထက်လာအောင် ပြုလုပ်နိုင်ပေသည်။
“မောင်လေးဟုန်... ဘယ်လိုထင်သလဲ။ လူကြီးလူကောင်းတစ်ဦးဟာ တရားမျှတမှုကို တန်ဖိုးထားသလိုပဲ၊ အကျိုးအမြတ်ကိုလည်း တန်ဖိုးထားတတ်ပါတယ်။ မောင်လေးဟုန်ရဲ့ လက်အောက်မှာ ပညာရှင်တွေ အများကြီးရှိနေတာ ငါ သိပါတယ်။ အခုလို လောကကြီး ဝရုန်းသုန်းကား ဖြစ်နေချိန်မှာ တစ်စုံတစ်ရာ အပြောင်းအလဲရှိလာရင် မောင်လေးဟုန် အနေနဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့အတွက် ကြီးမားတဲ့ အဖွဲ့အစည်းကြီးတစ်ခုကို တည်ထောင်ရပါလိမ့်မယ်။ အဲဒီလိုမဟုတ်ရင်တော့ မောင်လေးဟုန်မှာ ဘယ်လောက်ပဲ အစွမ်းထက်တဲ့ တာအိုပညာတွေ ရှိနေပါစေ၊ ကိုယ့်ကိုယ်ကိုယ်ပဲ ကာကွယ်နိုင်ပါလိမ့်မယ်။ တကယ်လို့, မောင်လေးဟုန်အနေနဲ့ နတ်ဘုရားဝတ်စုံ အမြောက်အမြားကို သွန်းလုပ်ပြီး အသုံးပြုနိုင်မယ်ဆိုရင် အနာဂတ်မှာ ကမ္ဘာကြီးကို သေချာပေါက် ကာကွယ်ပေးနိုင်မှာပါ။”
နဂါးသမီးတော်က ဆက်လက်၍ ဆွဲဆောင်ပြောဆိုသည် “ဖန်းယွမ်နဲ့ ထန်ဟိုင်လုံ တို့ကို ကြည့်ပါ။ သူတို့ဟာ အစွမ်းထက်တဲ့ လူငယ်ပါရမီရှင်တွေ ဖြစ်ပေမဲ့ ကမ္ဘာကြီးကို ကျွန်ပြုချင်တဲ့ ရည်မှန်းချက်တွေ ရှိကြတယ်။ ဒီလို ခက်ခဲတဲ့ ခေတ်ကြီးမှာ ပါရမီရှင်တွေ အများကြီး ပေါ်ထွက်လာဦးမှာပါ။ မောင်လေးဟုန် ဘယ်လို ဆုံးဖြတ်မလဲ။”
“ခင်ဗျားက တကယ့်ကို တော်တဲ့ စည်းရုံးရေးမှူးတစ်ဉီးပဲ။ ကောင်းပြီလေ... ကျွန်တော် ခင်ဗျား မိုးကြိုးကပ်ဘေး ကျော်ဖြတ်ချိန်မှာ စောင့်ရှောက်ပေးမယ်လို့ ကတိပေးတယ်။” ဟုန်ယွိက ဆိုလိုက်သည်။
“ကောင်းလိုက်တာ။ မောင်လေးဟုန်ဆီက ကတိစကား ကြားရတော့မှပဲ ငါ စိတ်အေးရ တော့တယ်။ ငါ ဂိုဏ်းကို ပြန်ပြီး ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ဦးမယ်။ အချိန်ကျရင် မောင်လေးဟုန်ကို ငါ အသိပေးပါ့မယ်” နဂါးသမီးတော်သည် ဟုန်ယွိ သဘောတူသဖြင့် စိတ်သက်သာရာရသွားကာ၊ သူမ၏ အလင်းလမ်းကြောင်းနှင့်အတူ ပျောက်ကွယ်သွား တော့သည်။ သူမသည် ဟုန်ယွိထံသို့ ပေးခဲ့သည့် ‘နဂါးဝိညာဉ် ပုံဆောင်ခဲ’ ကို လက်ဆောင် အဖြစ် ချန်ထားရစ်ခဲ့ပေသည်။