← Chapters

အခန်း (၄၃၅-၄၃၆)

Vol. 41 Ch. 435-436

အခန်း (၄၃၅-၄၃၆)

Vol. 41 Ch. 435-436

အခန်း (၄၃၅)။

“ဒီဗုဒ္ဓဓမ္မခန္ဓာက ကနဦးအဆင့်ပဲ အောင်မြင်သေးတာ၊ မတည်ငြိမ်သေးဘူး။ ငါ့ရဲ့ စိတ်ဝိညာဉ် အတွေးစ ၂၃,၁၈၄ ခုစလုံးဟာ အစွမ်းထက်တယ်ဆိုပေမဲ့ အားနည်းတဲ့ အတွေးစတွေကတော့ သဘာဝအတိုင်း အားနည်းနေတုန်းပဲ။ အဲဒီအတွေးစတွေကို မိုးကြိုးကပ်ဘေး တစ်ခုချင်းစီ ကျော်ဖြတ်ခိုင်းဖို့ လိုအပ်တယ်။ အဲဒီလိုမှမဟုတ်ရင် သာမန် ပညာရှင်တွေနဲ့ တွေ့ရင် အဆင်ပြေနိုင်ပေမဲ့၊ ဟုန်ရွှန်ကျိလို ပုဂ္ဂိုလ်မျိုးနဲ့တွေ့ရင်တော့ တစ်ချက်တည်းနဲ့တင် ငါ ရှုံးနိမ့်သွားနိုင်တယ်။”

တာအိုပညာရှင်လည်း မဟုတ်၊ ဗုဒ္ဓလည်း မဟုတ်သော အမြင့် ၉ ပေ၊ ၉ လက်မ၊ ၉ စင်တီမီတာရှိသည့် ဗုဒ္ဓဓမ္မခန္ဓာကို စုစည်းပြီးနောက် ဟုန်ယွိသည် သူ၏ စိတ်ဝိညာဉ် အတွေးစ အားလုံးကို စစ်ဆေးကြည့်ရာ စိတ်ဝိညာဉ်အတွေးစ ၂၃,၁၈၄ ခုစလုံးမှာ အလွန် အစွမ်းထက်သော်လည်း အတွေးများ အချင်းချင်းကြားတွင် ခွန်အားကွာခြားချက်များ ရှိနေသေးသည်ကို တွေ့ရှိလိုက်ရသည်။

တူနှစ်ဖော် ကျင့်ကြံမှုမှ ရရှိလာသော စိတ်ဝိညာဉ် အတွေးစ ငါးထောင်, ခြောက်ထောင်ခန့် မှာ ‘တစ္ဆေအင်မော်တယ်’ အဆင့် အတွေးစများသာ ဖြစ်နေသေးသည်။ ၎င်းတို့တွင် သန့်စင် သော ‘ယန်’ စွမ်းအင် မရှိသေးဘဲ ထူထပ်သော ဟင်းလင်းပြင်စွမ်းအားများသာ ဖုံးလွှမ်းနေ ဆဲ ဖြစ်သည်။

၎င်းမှာ ‘ရှင်တန်သိုင်းသခင်’ တစ်ဦးက ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်ကို ဝတ်ဆင်ပြီး အထွက်အထိပ် သိုင်းသူတော်စင် တစ်ဦးကို အနိုင်ယူနိုင်သည့် သဘောတရား နှင့် ဆင်တူပါသည်။

ထိုဟင်းလင်းပြင် စွမ်းအားသည် ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်နှင့် အလား သဏ္ဌာန်တူပေသည်။

သို့သော် ဤသည်မှာ အပြင်ပန်းကြည့်လျှင် သန်မာသော်လည်း အတွင်းပိုင်းကမူ အားနည်း နေသည့်သဘော ဖြစ်နေသည်။ အဆုံးတွင် ၎င်းမှာ အနှစ်သာရ ပြည့်ဝသည့် မှန်ကန်သော လမ်းစဉ်မဟုတ်သဖြင့် ဗုဒ္ဓဓမ္မခန္ဓာသည် အပြည့်အဝ ပြီးပြည့်စုံခြင်းအဆင့်သို့ မရောက်ရှိ သေးပေ။

ထို့အပြင် အဆင့်ခြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီးပါက နောက်ထပ် အဟန့် အတားတစ်ခု ရှိနေသေးသည်။ အဆင့်ရှစ် မိုးကြိုးကပ်ဘေး နတ်ဘုရား စိတ်ဝိညာဉ် အသိစိတ်ကပင် ‘အလင်းအမှောင် မန္တလာမဟာအစီအရင်’၏ ပြင်းထန်သော ပေါက်ကွဲမှုကို ဟန်ချက်ညီအောင် မထိန်းချုပ်နိုင်ဘဲ သူ့စိတ်ဝိညာဉ်ကို မတည်မငြိမ် ဖြစ်စေနိုင်ခြင်း ဖြစ်သည်။

အကယ်၍ ထိုသို့ဖြစ်လာပါက သူ၏ အစွမ်းထက်ဆုံးသော ပိတ်လှောင်ခြင်းပညာဖြစ်သည့် ‘အလင်းအမှောင် မန္တလာမဟာအစီအရင်’ ကို အသုံးပြုနိုင်တော့မည် မဟုတ်ပေ။

“အလင်းအမှောင် မန္တလာ မဟာအစီအရင်ရဲ့ စွမ်းအားဟာ တာအိုပညာ အားလုံးနီးပါးထက် သာလွန်တယ်။ တကယ်လို့ ငါသာ အဲဒါကို မသုံးနိုင်တော့ရင် ငါ့ရဲ့ တာအိုပညာတွေမှာ အများကြီး အားနည်းသွားလိမ့်မယ်။ ဒါပေမဲ့ ဘယ်သူသိနိုင်မှာလဲ... ငါ အဆင့်ခြောက် ကပ်ဘေးကို ကျော်ဖြတ်ပြီးလို့ အလင်းနဲ့အမှောင်ရဲ့ အနှစ်သာရကို အလိုလို နားလည်သွား ရင် ဒီနတ်ဘုရားအသိစိတ်ရဲ့ အကူအညီ မလိုတော့တာမျိုးလည်း ဖြစ်နိုင်တာပဲ။”

ဟုန်ယွိသည် သူ့စိတ်ထဲတွင် တွေးတောနေမိသည်။

ယခုအချိန်တွင် သူ၏တာအိုပညာမှာ အလင်းနှင့်အမှောင် ပေါက်ကွဲမှု၏ လျှို့ဝှက်ချက်များ ကို နားလည်ရန် မလုံလောက်သေးသဖြင့် အဆင့်ရှစ် မိုးကြိုးကပ်ဘေး နတ်ဘုရား အသိစိတ် ဝိညာဉ်ထိန်းပုလဲ လိုအပ်နေခြင်းဖြစ်သည်။ သို့သော် အကယ်၍, သူသာ အဆင့်ခြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီးနောက် ၎င်းကို နားလည်သွားခဲ့လျှင်မူ ထိုပုလဲကို လိုအပ်တော့မည် မဟုတ်ပေ။

ထို့ကြောင့် ထိုအရာများအတွက် စိုးရိမ်နေစရာ မလိုတော့ပေ။ ခေတ္တမျှ တွေးတောပြီး နောက် ဟုန်ယွိသည် စိတ်သက်သာရာ ရသွားသည်။

သူ၏ ကျင့်ကြံမှုကို ဆင်ခြင်ပြီးနောက် ဟုန်ယွိသည် ဗုဒ္ဓဓမ္မခန္ဓာကို ပြန်လည်ရုတ်သိမ်းကာ စိတ်ဝိညာဉ် အတွေးစများကို ခန္ဓာကိုယ်အတွင်း ပြန်လည်ဝင်ရောက်စေလိုက်သည်။ သူ၏ စိတ်ထဲတွင် ‘ပစ္စုပ္ပန်ဗုဒ္ဓကျမ်း’ ၏ တံဆိပ်တော် ဆယ်ပါးမှာ လက်ခနဲ၊ လက်ခနဲ ပေါ်နေပြီး သူ၏ ကိုယ်ခံပညာမှာလည်း နယ်ပယ်အသစ်တစ်ခုသို့ တက်လှမ်းသွားခဲ့ပြီဟု ခံစားမိသည်။

အထူးသဖြင့် သူ၏ ခန္ဓာကိုယ် ခွန်အားမှာ အသစ်တစ်ဖန် မွေးဖွားလာသကဲ့သို့ ခံစားလိုက်ရ သည်။

သူ၏ နှလုံးသားထဲတွင် ပစ္စုပ္ပန်ဗုဒ္ဓ၏ အသိတရား ကိန်းအောင်းနေလျက် ဟုန်ယွိသည် ကျောကို မတ်လိုက်ရာ၊ သူ၏ ‘သိုင်းဆန္ဒ’ မှာ အရာအားလုံးကို လွှမ်းခြုံထားနိုင်ပြီဟု သူ ခံစားလိုက်ရသည်။ ကောင်းကင်ယံကြီးသည်ပင် သူ၏ နှလုံးသားထဲတွင် နိမ့်ကျသွားသကဲ့ သို့ ရှိပေသည်။

ယခုမှသာ ‘ပစ္စုပ္ပန်ကျမ်း’၏ အာဏာစက်မှာ မည်မျှ ပြင်းထန်လှကြောင်း သူ သိရှိလိုက်ရ တော့သည်။

…

ဂျွတ်…၊ ဂျွတ်…၊

ဟုန်ယွိသည် လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ကြွက်သားနှင့် အရိုးများကို လှုပ်ရှားလိုက် သည်။ သူ၏ သွေးစွမ်းအင်များကို ရုတ်သိမ်းလိုက်ပြီး၊ လှိုင်းထနေသော သွေးများကို အပ်စိုက်မှတ်များအတွင်းသို့ ပြန်လည်ဝင်ရောက်စေကာ ‘ဆေးမီးလျှံ’ ဆန္ဒအဖြစ် စုစည်း စေလိုက်သည်။ ၎င်းဆေးမီးလျှံဆန္ဒမှာ ပြဒါးစက်များကဲ့သို့ လေးလံလှပြီး အစက်တစ်ခု ချင်းစီမှာ လုံးဝန်းနေသည်။ ဓမ္မတံဆိပ်တော်ကို ကျင့်ကြံပြီးနောက် သူ၏ ခန္ဓာကိုယ်မှာ ပိုမို ကြံ့ခိုင်တောင့်တင်းလာသည်ကို ဟုန်ယွိ ခံစားလိုက်ရသည်။

ဝှစ်...

ဖူး...

အံ့ဩစရာကောင်းသည်မှာ ခန္ဓာကိုယ်ရှိ အပ်စိုက်မှတ်များနှင့် ကောင်းကင်ပေါ်ရှိ ကြယ်တာရာများမှာ တစ်သားတည်း ဟန်ချက်ညီနေကြခြင်းပင်။

အပ်စိုက်မှတ်များ ကျင့်ကြံခြင်းနှင့် ပတ်သက်၍ ဟုန်ယွိသည် ယခုအခါ ‘အနှစ်သာရ စွမ်းအင် အထက်ပိုင်း သန္ဓေသားအပ်စိုက်မှတ်’၊ ‘ရှန်ကျင်း နတ်ဘုရားရှစ်ပါး အပ်စိုက်မှတ်’၊ ‘ကမ္ဘာမြေသံလိုက် အပ်စိုက်မှတ်နှစ်ခု’၊ ‘ဉာဏ်ပညာ အပ်စိုက်မှတ်နှစ်ခု’ နှင့် ‘စိုက်ပျိုးရေး နတ်ဘုရာမ၏ ပထမအပ်စိုက်မှတ်’ တို့ကို လေ့ကျင့်ထားပြီး ဖြစ်သည်။ သူ၏ တစ်ကိုယ် လုံးမှာ ကြယ်တာရာများ၏ စွမ်းအားကို တဖြည်းဖြည်း ဖွင့်လှစ်နိုင်ခဲ့ပြီး စကြဝဠာနှင့် ပဲ့တင်ထပ်နိုင်သည့် အဆင့်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

သူသည် ‘ပစ္စုပ္ပန်ကျမ်း၏ အနှစ်ချုပ်’နှင့် အခြားအပ်စိုက်မှတ်များကို ဆက်လက် ကျင့်ကြံ နေသမျှ သူ၏သိုင်းတာအို အတွေ့အကြုံမှာ ‘လူသားအင်မော်တယ်’ အဆင့်သို့ အမှန်ပင် ချဉ်းကပ်လာလိမ့်မည်ဟု ဟုန်ယွိ ယုံကြည်သည်။

‘လူသားအင်မော်တယ်’ အဆင့်သို့ ချိုးဖြတ်နိုင်ရန်မှာ အခွင့်အရေးကောင်း လိုအပ်ပြီး၊ သေရေးရှင်ရေး တိုက်ပွဲများကြားမှသာ ရရှိနိုင်သည်။ ‘အနှစ်သာရ နတ်ဘုရားကျောင်း’ နှင့် အနောက်ဘက်ဒေသ စစ်မြေပြင်သည် သိုင်းပညာ လေ့ကျင့်ရန် အကောင်းဆုံးနေရာ ဖြစ်ပေသည်။ ကျယ်ပြောလှသော အနောက်ဘက်ဒေသတွင် သိုင်းပညာရှင်များ မည်မျှ ရှိနေမည်ကို ဘယ်သူ သိနိုင်မည်နည်း။

အနောက်ဘက်ဒေသ၏ လူဦးရေမှာ သန်းခုနစ်ရာနီးပါးရှိရာ ‘တော်ဝင်ချန်’ နိုင်ငံထက် များစွာ မနည်းလှပေ။ ထိုနေရာတွင် အထွတ်အထိပ် သိုင်းသူတော်စင် အများအပြား ရှိနိုင်သလို၊ လူသားအင်မော်တယ် တစ်ယောက်မှ မရှိဟုလည်း မပြောနိုင်ပေ။

အနောက်ဘက်ဒေသ၏ ကိုယ်ခံပညာမှာ ထူးခြားပြီး အနုစိတ်မှုများ ရှိသည်။ ၎င်းကို ဟုန်ယွိ ကျင့်ကြံထားသော ‘မိုရာနတ်ဘုရားတူ’ တွင် မြင်တွေ့နိုင်သည်။

ဤပညာရှင်များသည် ဟုန်ယွိအတွက် သူ၏ သိုင်းပညာလမ်းစဉ်ကို သွေးရန် ပစ်မှတ်များ ဖြစ်လာပေလိမ့်မည်။

‘ပစ္စုပ္ပန်ကျမ်း အနှစ်ချုပ်’ နှင့် တံဆိပ်တော် ဆယ်ပါးကို နားလည်ပြီးနောက် ဟုန်ယွိသည် သူ၏ ခန္ဓာကိုယ်ကို လှုပ်ခတ်လိုက်ရာ စိတ်ဝိညာဉ်မှ ခန္ဓာကိုယ်အထိ လုံးဝ သစ်လွင်သည့် အခြေအနေသစ်တစ်ခုသို့ ရောက်ရှိသွားသည်ကို ခံစားလိုက်ရသည်။

သူသည် ‘လူသားအင်မော်တယ်’ ကိုယ်ပွားကို ထိန်းချုပ်ရာမှာလည်း ယခင်ကထက် ပိုမို လွယ်ကူပြီး စွမ်းအားကြီးမားလာသည်ကို သတိပြုမိသည်။ အကယ်၍ ဟုန်ရွှန်ကျိနှင့် ပြန်တွေ့လျှင်ပင် အနည်းဆုံး တိုက်ကွက်အချို့ကို ကောင်းကောင်း ရင်ဆိုင်နိုင်ပေလိမ့် မည်။

ယခင်က သူသည် လူသားအင်မော်တယ် ကိုယ်ပွားကို ရလျှင် အပ်စိုက်မှတ်များကို အဓမ္မ ကျင့်ကြံခိုင်းပြီး အဆင့်မြှင့်တင်ရန် တွေးခဲ့သော်လည်း ယခုမူ ထိုအတွေးမှာ ကလေးဆန်ပြီး လက်တွေ့မကျကြောင်း သူ သိလိုက်ရသည်။ လုံလောက်သော အတွေ့အကြုံမရှိဘဲ အတင်းအကျပ် ကျင့်ကြံလျှင် လူသားအင်မော်တယ် ကိုယ်ပွားမှာ အပ်စိုက်မှတ်များ ပေါက်ကွဲကာ သေဆုံးသွားနိုင်ပေသည်။

အတွေ့အကြုံမရှိဘဲ ကြီးမားသော စွမ်းအားကို ထိန်းချုပ်ရန် ကြိုးစားခြင်းမှာ ကိုယ့်သေတွင်း ကိုယ်တူးခြင်းပင်။ ၎င်းမှာ အရည်အချင်းမရှိသော ဧကရာဇ်တစ်ဦးက တိုင်းပြည်ကို အုပ်ချုပ်ရန် ကြိုးစားသဖြင့် ပိုမိုရှုပ်ထွေးသွားစေသည်နှင့် တူလှသည်။

ထို့ကြောင့် ယခုအခါ ဟုန်ယွိ၏ လူသားအင်မော်တယ် ကိုယ်ပွားမှာ ‘လူသားအင်မော်တယ်’ အစောပိုင်းအဆင့်တွင်သာ ရှိနေသေးသော်လည်း ‘နတ်ဘုရားကျောက်တုံး ဝိညာဉ် သန္ဓေသား’ ၏ စွမ်းအားကြောင့် ကြွက်သားနှင့် အရိုးများမှာ ဂွန်ယန်ယု ထက်ပင် သာလွန် နေပေသည်။

လူသားအင်မော်တယ် ကိုယ်ပွားကို အဆင့်မြှင့်ရန် ဟုန်ယွိ၏ သိုင်းပညာ အတွေ့အကြုံက လူသားအင်မော်တယ်အဆင့်သို့ ရောက်ရှိနေရန် လိုအပ်သည်။

ဤလောကတွင် ကောင်းကင်ဘုံသို့ ခြေတစ်လှမ်းတည်းနှင့် တက်လှမ်းနိုင်ခြင်းမျိုး မရှိပေ၊ အထူးသဖြင့် ကျင့်ကြံခြင်းလမ်းစဉ်တွင် တစ်လှမ်းချင်း စနစ်တကျ သွားရပေမည်။

ဟုန်ယွိသည် အရာအားလုံးကို သိမ်းဆည်းကာ အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြုပြင် လိုက်သည်။ သူ၏ လူသားအင်မော်တယ် ကိုယ်ပွားနှင့် ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်ကို အဆင့်ရှစ် နတ်ဘုရားအသိစိတ်အတွင်း၌ လျှို့ဝှက်စွာ သိမ်းဆည်း ထားလိုက်သည်။

စကြာဝဠာအိတ် ပျက်စီးသွားပြီဖြစ်၍ ဟုန်ယွိသည် အဆင့်ရှစ် နတ်ဘုရား အသိစိတ်ကို အသုံးပြုကာ ကမ္ဘာငယ်လေးတစ်ခုကို ဖန်တီးထားရခြင်း ဖြစ်သည်။

အမှန်စင်စစ် ထိုကမ္ဘာငယ်လေးမှာ အလွန်ပင် မတည်ငြိမ်ဘဲ နေရာလည်း မကျယ်လှသဖြင့် အရေးကြီးသော အရာအချို့ကိုသာ ထည့်သွင်းထားနိုင်သည်။ ဥပမာအားဖြင့် လူသား အင်မော်တယ်ကိုယ်ပွားနှင့် ချီလင်သားရဲကြီးကဲ့သို့သော အရာများ ဖြစ်သည်။

ရွှေ၊ ငွေ၊ ရိက္ခာနှင့် လက်နက်များကဲ့သို့ အရာများကိုမူ ထိုနေရာတွင် သိုလှောင်၍ မရပေ။ ထို့အပြင် ဟုန်ယွိ၏ စိတ်ဝိညာဉ် အတွေးစများမှာ အချိန်မရွေး ပြောင်းလဲနေရကာ၊ ထိုသို့ပြောင်းလဲချိန်တွင် အတွင်းရှိ အရာများမှာ ကြေမွသွားနိုင်သောကြောင့် ဖြစ်သည်။

“ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ် မရှိရင် ငါ့ကိုယ်ငါ လုံခြုံမှုမရှိသလို ခံစားနေရတယ်။”

ဟုန်ယွိသည် နတ်ဘုရားကျောက်တုံးနှင့် ဆေးမီးလျှံတို့ကနေ သွန်းလုပ်ထားသည့် ဓားရှည် ကို ကိုင်လျက် လျှို့ဝှက်ခန်းမှ ထွက်လာသောအခါ ရုတ်တရက် အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရသည်။ ၎င်းမှာ ချပ်ဝတ်ကို မဝတ်ဆင်ထားသောကြောင့် ဖြစ်ကြောင်း သူ သိလိုက်ရသည်။

ဟုန်ယွိ၏ မူလခန္ဓာကိုယ်မှာ သိုင်းသူတော်စင် အဆင့်သာ ရှိသေးသဖြင့် လူသား အင်မော်တယ် ကိုယ်ပွားနှင့်ယှဉ်လျှင် အကာအကွယ် များစွာ လိုအပ်လှပေသည်။

သို့သော် ဟုန်ရွှန်ကျိနှင့် တိုက်ခိုက်စဉ်က နတ်ဘုရားချပ်ဝတ်သည် လူသားအင်မော်တယ် ကိုယ်ပွား၏ သွေးသားများနှင့် တစ်သားတည်း ဖြစ်သွားခဲ့ပြီဖြစ်ရာ ၎င်းကို ပြန်ချွတ်ရန်မှာ ခက်ခဲလှပေသည်။ ၎င်းမှာ ဟုန်ရွှန်ကျိနှင့် ‘ကောင်းကင်နဂါးဘုရင် နတ်ဘုရားချပ်ဝတ်’ တို့ တစ်သားတည်း ဖြစ်သွားသကဲ့သို့ပင်။

သို့သော် ဟုန်ယွိက ထိုကိစ္စကို ဂရုမစိုက်ပေ။ သူ၏ ခန္ဓာကိုယ်ကို သိုင်းပညာ လေ့ကျင့်ပေး ရန်မှာ ဖိအားများရှိနေမှသာ ဖြစ်နိုင်မည် မဟုတ်ပါလား။ ချပ်ဝတ်ကို ဝတ်ဆင်ထားပါက မည်သည့်ဖိအားမျှ ရှိတော့မည် မဟုတ်ပေ။

ထို့အပြင် ကောင်းကင်အလင်းဉီးချို နတ်ဘုရားချပ်ဝတ်သည် လူသားအင်မော်တယ် ကိုယ်ပွားနှင့် ပေါင်းစပ်သွားခဲ့ပြီး၊ လူသားအင်မော်တယ်ကိုယ်ပွား၏ အစိတ်ပိုင်းတစ်ခု ဖြစ်လာခဲ့ပြီ။ နတ်ဘုရားချပ်ဝတ်သည် လူသားအင်မော်တယ် ကိုယ်ပွား၏ သွေးစွမ်းအင် များဖြင့် အာဟာရကျွေးမွေးခြင်း ခံရတော့မည်။ ‘နတ်ဘုရားကျောက်တုံး ဝိညာဉ် သန္ဓေသား’ သည် အနာဂတ်တွင် အကန့်အသတ်မရှိ ကြီးထွားနိုင်စွမ်းရှိရာ တစ်နေ့တွင် ဤချပ်ဝတ်သည် ဟုန်ရွှန်ကျိ၏ ကောင်းကင်နဂါးဘုရင် နတ်ဘုရားချပ်ဝတ်နှင့်ပင် တန်းတူ ဖြစ်လာနိုင်ပေသည်။

…

ဟုန်ယွိသည် ခံတပ်၏ လျှို့ဝှက်အခန်းထဲမှ ထွက်လာသောအခါ၊ သူသည် ပန်းထိုးဝတ်ရုံကို ဆင်မြန်းကာ ငွေရောင်သရဖူကို ဆောင်းထားပြီး၊ ခန့်ညားထည်ဝါသော အရှိန်အဝါရှိသော် လည်း ချောမောပြေပြစ်သည့် ပညာရှင်တစ်ဦး၏ အသွင်မျိုးကိုလည်း ပေးစွမ်းနေသည်။

လေထုထဲတွင်မူ ပြင်းထန်သော သတ်ဖြတ်ခြင်း အငွေ့အသက်များ ပြည့်နှက်နေသည်။ အနောက်ဘက်ဒေသ ဝေးလံသောအရပ်တွင် လက်နက်သံများ၊ အထီးကျန်ဆန်ပြီး ကြေကွဲဖွယ်ကောင်းသော ဉီးချိုမှုတ်သံများနှင့် စစ်ဗုံတီးသံများကို ဝိုးတဝါး ကြားနေရပြီး၊ ၎င်းမှာ လူကို စိတ်လှုပ်ရှား တုန်ရင်စေသည်။

စစ်တပ်စခန်းချရာမြို့နှင့် မိုင်တစ်ရာခန့်အကွာတွင် သဲကန္တာရပြည်၏ ကျော်ဖြတ်၍ မရသော တောင်ကြားလမ်းတစ်ခု ရှိသည်။ ထိုစစ်မြေပြင်တွင် နေ့စဉ်နှင့်အမျှ ‘တော်ဝင်ချန်’ စစ်တပ်နှင့် အနောက်ဘက်ဒေသ စစ်တပ်တို့မှာ အသေးစား တိုက်ပွဲများ ဖြစ်ပွားနေကြ သည်။ ကြေကွဲဖွယ် ဟိန်းဟောင်သံများနှင့် စစ်ဗုံသံများကို နားထောင်ရင်း၊ ဟုန်ယွိသည် စစ်မြေပြင်သို့သွားကာ ကြည့်ရှုလိုသော စိတ်ဆန္ဒများ ဖြစ်ပေါ်လာခဲ့သည်။

“ဟင်...”

သူသည် ခံတပ်လျှို့ဝှက်အခန်းထဲမှ အပြင်ဘက်သို့ ထွက်လာပြီးနောက် ခံတပ်အပြင်ဘက် သဲကန္တာရဆီသို့ ဦးတည်ထားသော ကျယ်ဝန်းပြီး လူသူကင်းမဲ့သည့် လမ်းမကြီးပေါ်သို့ လျှောက်လာစဉ်၊ ဟုန်ယွိ၏ သူ့စိတ်နှလုံးသားထဲတွင် ပြင်းထန်သော အန္တရာယ် အငွေ့အသက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ခံတပ်၏ အရောင်မှာ သဲဝါရောင်ဖြစ်ပြီး မည်သည့် အလှဆင်ယင်မှုမျိုးမျှ မရှိပေ။ သို့သော် ဟုန်ယွိ အန္တရာယ်ကို ခံစားလိုက်ရချိန်မှာပင်၊ မျက်ကွယ်အရပ်တစ်ခုရှိ သဲဝါရောင် အရာဝတ္ထုတစ်ခုမှာ ရုတ်တရက် လှုပ်ရှားသွားခဲ့သည်။

၎င်းမှာ လူတစ်ယောက် ဖြစ်သည်။ သူသည် သဲဝါရောင်နှင့် တစ်သားတည်းဖြစ်သည့် အဝတ်အစားများကို ဝတ်ဆင်ထားသည်။ သူသည် မျက်ကွယ်အရပ်တွင် ပုန်းကွယ်ကာ ဝပ်စောင့်နေခြင်း ဖြစ်သည်။

ထိုသူ၏ အရေပြားအရောင်မှာလည်း သဲဝါရောင်ဖြစ်ပြီး ပတ်ဝန်းကျင်နှင့် အပြည့်အဝ ပေါင်းစပ်နေသည်။ သူ၏ အသက်ရှူသံ၊ နှလုံးခုန်သံ အားလုံးကို ရပ်တန့်ထားသဖြင့် ဟုန်ယွိပင်လျှင် ခံစားမိခြင်း မရှိခဲ့ပေ။

ဝှစ်…။

ထိုသူ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ဓားအလင်းတန်းတစ်ခု လက်ခနဲ ထွက်ပေါ်လာ သည်။ သဲရောင်ဓားပါးတစ်စင်းသည် လေထုကို ဖြတ်သန်းပြီး၊ မျက်စိတ်တစ်မှိတ်အတွင်း ဟုန်ယွိ၏ လည်ချောင်းဆီသို့ အတိအကျ ဦးတည်လာခဲ့သည်။

ထိုသူသည် ဓားဖြင့် ထိုးနှက်လိုက်ချိန်တွင် သူ၏ ခန္ဓာကိုယ်မှာ မြွေတစ်ကောင်နှင့် တူလှ သည်။ သူသည် မည်သည့် သတိပေးချက်မျှ မရှိဘဲ ခုန်အုပ်လာခြင်း ဖြစ်သည်။ တဖက်လူ အနေဖြင့် စဉ်းစားရန်ပင် အချိန်မရဘဲ၊ အလိုလိုသိစိတ်ဖြင့်သာ တုံ့ပြန်ကြရမည် ဖြစ်သည်။

ဟုန်ယွိ၏ မျက်လုံးထဲတွင် ထိုသဲရောင်ဓားပါးလေး၏ ထိပ်ဖျားမှာ အဆိပ်မြွေ၏ လျှာကဲ့သို့ နှစ်ခွကွဲသွားသည်ကို မြင်လိုက်ရသည်။

“အနောက်ဘက်ဒေသ သိုင်းပညာ... ‘မြွေသတ်ကွက်။”

ဟုန်ယွိသည် စဉ်းစားမနေတော့ဘဲ သူ၏ ဓားကို ဆွဲထုတ်လိုက်သည်။ ဝှစ် သူသည် သူ၏ နတ်ဘုရားဓားကို ဆွဲထုတ်ကာ “လှိုင်းလုံးကြားမှ ဗလာခုတ်ချက်”တိုက်ကွက်ကို သုံးလိုက် သည်။ ဓားနှစ်စင်း၏ ထိပ်ဖျားချင်း ထိပ်တိုက် ရိုက်ခတ်မိသွားကြသည်။

ဒိုင်း…၊

ထိုသဲရောင်ဓားပါးလေးမှာ ထက်ရှသော်လည်း၊ အဆင့်မြင့်လက်နက်ဖြစ်သည့် ‘ဆေးမီးလျှံ နတ်ဘုရားဓား’ ကို မယှဉ်နိုင်ဘဲ ချက်ချင်းပင် အပိုင်းပိုင်းပြတ်ကာ ကြေမွသွားတော့သည်။ သို့သော် လုပ်ကြံသူမှာ ဓားကို ချက်ချင်း စွန့်လွှတ်လိုက်ပြီး၊ ရက်စက်သော အပြုံးဖြင့် ပါးစပ်ကို ဟကာ အပြာရောင် အလင်းတန်းတစ်ခုကို ဟုန်ယွိ၏ မျက်ခုံးနှစ်ခုကြားသို့ ပစ်ခတ်လိုက်သည်။

၎င်းမှာ အဆိပ်လူးအပ် ဖြစ်သည်။

သူ့မှာ စဉ်းစားရန် အချိန်မရှိဘဲ ဗီဇအတိုင်းသာ တုံ့ပြန်ရမည် ဖြစ်သည်။ ဟုန်ယွိသည် ယခုလေးတင် သူလေ့ကျင့်ထားသော ‘ပစ္စုပ္ပန်ကျမ်း’ ထဲမှ သိုင်းပညာအတိုင်း ခြေထောက် ကို ကြာပန်းနင်းသကဲ့သို့ အလိုလို ရွှေ့လျားကာ ရှောင်တိမ်းလိုက်ပြီး လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ၎င်းမှာ “မဟာကမ္ဘာတံဆိပ်တော်” ပင် ဖြစ်သည်။

ထိုတံဆိပ်တော်နှင့်အတူ ဟုန်ယွိ၏ ခန္ဓာကိုယ်မှ စကြဝဠာကြီးကိုပင် ပုံပျက်သွားစေနိုင် သည့် အာဏာစက်ပြင်းထန်လှသော ‘လက်သီးဆန္ဒ’ များ ပေါက်ကွဲထွက်လာခဲ့သည်။

ရုတ်တရက် လုပ်ကြံသူမှာ ကြောင်အသွားသည်။ သူ၏ စိတ်ဓာတ်မှာ မည်မျှပင် မာကျောပါ စေ၊ ‘မဟာကမ္ဘာတံဆိပ်တော်’ ၏ တုန်လှုပ်ဖွယ် အရှိန်အဝါကို မခုခံနိုင်ခဲ့ပေ။

ဝုန်း….၊

လုပ်ကြံသူမှာ ခေတ္တမျှ တုံ့ဆိုင်းသွားစဉ်မှာပင် ‘မဟာကမ္ဘာတံဆိပ်တော်’ ၏ ထိုးနှက်မှုကို ခံလိုက်ရသည်။ မျက်တောင်တစ်ခတ်အတွင်း ဟုန်ယွိသည် တိုက်ကွက်ပေါင်း ဒါဇင်ဝက် ခန့်ကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်ရာ၊ ထိုသူ၏ ခန္ဓာကိုယ်မှာ လေထဲမှာတင် အပိုင်းပိုင်းပြတ်ထွက်သွားတော့သည်။

အသားစများ မြေပြင်ပေါ်သို့ ပြန့်ကျဲကျဆင်းလာသည်။ လုပ်ကြံသူ၏ အသက်ရှူသံများ ပျောက်ကွယ်သွားသလို၊ သူ၏ဝိညာဉ်မှာလည်း ဟုန်ယွိ၏ ပြင်းထန်လှသော ‘လက်သီး ဆန္ဒ’ ကြောင့် ချေမွခံလိုက်ရပြီ။

“ဒီလုပ်ကြံမှုက တကယ်ကို ရက်စက်တာပဲ။ လုံးဝ အသံမထွက်ဘူး။ ငါ့ရဲ့ ကိုယ်ခံပညာသာ ဒီအဆင့်ကို ရောက်မနေခဲ့ရင် ငါ့ရဲ့ ခန္ဓာကိုယ်ရော စိတ်ဝိညာဉ်ပါ ဖျက်ဆီးခံလိုက်ရမှာ သေချာတယ်။”

လုပ်ကြံသူကို ချေမှုန်းပြီးနောက် ဟုန်ယွိသည် ပြတ်တောက်နေသော အလောင်းကို ကြည့်လိုက်သည်။ လုပ်ကြံသူ၏ အဆင့်မှာ ‘မဟာဆရာသခင်’ အဆင့်ဖြစ်ပြီး၊ သူ၏ လုပ်ကြံသတ်ဖြတ်ခြင်း အတတ်ပညာမှာမူ အလွန်ပင် နက်နဲကျွမ်းကျင်လှသည်။

ဟုန်ယွိသည် အဝတ်စတစ်ခုကို ကောက်ယူကြည့်ရာ၊ ၎င်းမှာ ပတ်ဝန်းကျင်အရောင်တိုင်း အရောင်ပြောင်းလဲနိုင်စွမ်းရှိသော “အရောင်တစ်ရာ အရိပ်မဲ့ဝတ်ရုံ” ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

“အရောင်တစ်ရာ အရိပ်မဲ့ဝတ်ရုံလား။”

ထိုဝတ်ရုံကို မြင်လိုက်ရသောအခါ ဟုန်ယွိသည် ဒိုင်ဇင်ဘုရားကျောင်းမှ ရှေးဟောင်း မှတ်တမ်းတစ်ခုတွင် ဤအကြောင်းကို ဖတ်ခဲ့ဖူးသည်ကို မှတ်မိလိုက်သည်။

ရုတ်တရက် ကျယ်လောင်သော ဟိန်းဟောင်သံတစ်ခုနှင့်အတူ နင်ဂျာဘုန်းတော်ကြီးသည် လေထဲမှ ပျံသန်းရောက်ရှိလာပြီး ဟုန်ယွိ၏ ရှေ့တွင် ရပ်တန့်လိုက်သည်။ “ငါ တစ်ခုခု မှားနေတယ်လို့ ခံစားမိလို့ အမြန်လာခဲ့တာ။”

“ဒီလူကို သွားမြှုပ်လိုက်ပါ။ လုပ်ကြံသူက ခံတပ်ထဲအထိ ခိုးဝင်လာနိုင်တာဟာ သေးငယ် တဲ့ ကိစ္စမဟုတ်ဘူး။ မင်းတို့လည်း ပစ္စည်းတွေ ပြင်ဆင်ထားပါ၊ ငါတို့ နတ်ဘုရား တန်ခိုးရှင်ဘုရင်ရဲ့ နန်းတော်ကို သွားကြမယ်။” ဟုန်ယွိက ဆိုလိုက်သည်။

“ဒါ အနောက်ဘက်ဒေသက လုပ်ကြံသူပဲ။” နင်ဂျာဘုန်းတော်ကြီးက မြေပြင်ပေါ်က အလောင်းကို ကြည့်ကာ ဆိုသည်။ “နှမြောစရာပဲ၊ မဟာဆရာသခင် တစ်ယောက် ဖြစ်နေတာ။”

“လူက အနောက်ဘက်ဒေသက ဖြစ်နိုင်ပေမဲ့၊ အဝတ်အစားကတော့ မဟုတ်ဘူး။ ‘အရောင် တစ်ရာ အရိပ်မဲ့ဝတ်ရုံ’ ဆိုတာ သူဌေးသူကြွယ် မိသားစုအချို့ရဲ့ လျှို့ဝှက်ပညာပဲ” ဟုန်ယွိက အေးစက်စွာ ပြုံးရင်း ပြောလိုက်သည်။

“အရောင်တစ်ရာ အရိပ်မဲ့ဝတ်ရုံလား။” နင်ဂျာဘုန်းတော်ကြီးက နားမလည်စွာ မေးလိုက် သည်။

“ဒါက အလွန်ရှားပါးတဲ့ ရှေးဟောင်းမှတ်တမ်းတွေထဲမှာပဲ ပါတော့တာ။ ဒီဝတ်ရုံအကြောင်း သိတဲ့လူ ဒီလောကမှာ နည်းနည်းလေးပဲ ရှိတာ။” ဟုန်ယွိက ဆိုသည်။

“အာယွိ လုပ်ကြံသူလား!” ထိုစဉ်မှာပင် ရွှေပင့်ကူ ရောက်ရှိလာသည်။ “နတ်ဘုရား တန်ခိုးရှင်ဘုရင်ရဲ့ နန်းတော်ကနေ လူလွှတ်လိုက်ပါတယ်။ ဘုရင်ကြီးက ကျင့်ကြံခြင်း ကနေ ထွက်လာပါပြီ၊ စစ်ရေးကိစ္စတွေ ဆွေးနွေးဖို့ အစ်ကို့ကို ဖိတ်ကြားလိုက်ပါတယ်။”

“နတ်ဘုရားတန်ခိုးရှင်ဘုရင်က ကျင့်ကြံခြင်းကနေ ထွက်လာပြီလား။ သိပ်ကောင်းတာပဲ... သွားကြစို့” ဟုန်ယွိက ဆိုလိုက်တော့သည်။

အခန်း (၄၃၆)။

နတ်ဘုရားတန်ခိုးရှင်ဘုရင် ယန်တူး ကျင့်ကြံခြင်းမှ ထွက်လာပြီဟူသော သတင်းကို ကြားရလျှင် ဟုန်ယွိသည် တစ်ယောက်တည်း အလျင်အမြန် သွားရောက်ခဲ့သည်။

သူသည် မုကလေး၊ နင်ဂျာဘုန်းတော်ကြီးနှင့် အခြားပညာရှင်များကို ခေါ်မသွားခဲ့ပေ။ အကြောင်းမှာ ခံတပ်အတွင်းရှိ ရတနာများကို စောင့်ကြပ်ရန် လိုအပ်သောကြောင့် ဖြစ်သည်။ ယခုအခါ ဟုန်ယွိသည် စုစုပေါင်း ခံတပ်ငါးခုကို ထိန်းချုပ်ထားပြီး ထိုခံတပ် အားလုံးမှာ စကြာဝဠာအိတ်ထဲမှ ရတနာများဖြင့် ပြည့်နှက်နေသည်။ ထိုရတနာများ ပေါက်ကြားမသွားစေရန်နှင့် ကာကွယ်ရန်အတွက် ယုံကြည်ရသူများ ရှိနေရန် လိုအပ်ပေ သည်။

ထို့အပြင် ရုတ်တရက် ကြုံတွေ့ခဲ့ရသော လုပ်ကြံသတ်ဖြတ်မှုကြောင့် ဟုန်ယွိသည် ပိုမို သတိကြီးလာခဲ့သည်။ ၎င်းက နင်ဂျာဘုန်းတော်ကြီးနှင့် မုကလေးတို့ကိုလည်း အမြဲတမ်း နိုးနိုးကြားကြားရှိနေစေရန် သတိပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။

ခုနက သူ့ကို လုပ်ကြံရန် ကြိုးစားခဲ့သူမှာ ‘မဟာဆရာသခင်’ အဆင့်တွင်သာရှိပြီး အထွက်အထိပ်အဆင့်သို့ပင် မရောက်သေးသော်လည်း၊ ဟုန်ယွိမှာမူ ထူးခြားသော အန္တရာယ်အငွေ့အသက်ကို ခံစားခဲ့ရသည်။

အကယ်၍ ယန်ခိုင်ကဲ့သို့သော သိုင်းသူတော်စင် တစ်ဦးသာ လုပ်ကြံသတ်ဖြတ်ရန် ရောက်လာခဲ့ပါက နင်ဂျာဘုန်းတော်ကြီးမှလွဲ၍ ကျန်သူများအားလုံး သေဆုံးသွားနိုင်ပေ သည်။ ရွှေပင့်ကူနှင့် မုကလေးကဲ့သို့ တာအိုပညာရှင်များပင်လျှင် လွတ်မြောက်ရန် ခဲယဉ်းပေလိမ့်မည်။

အရေးကြီးဆုံးအချက်မှာ ‘အရောင်တစ်ရာ အရိပ်မဲ့ဝတ်ရုံ’ ပေါ်လာခြင်းက ဟုန်ယွိ၏ စိတ်ထဲတွင် သတိပေးခေါင်းလောင်းသံကို မြည်ဟီးစေခဲ့သည်။

ဒိုင်ဇင်ဘုရားကျောင်း၏ ရှေးဟောင်းလျှို့ဝှက်မှတ်တမ်း တစ်စောင်အရ ‘အရောင်တစ်ရာ အရိပ်မဲ့ဝတ်ရုံ’ ဆိုသည်မှာ မျိုးရိုးမြင့် သူဌေးသူကြွယ်မိသားစုတစ်ခု၏ လျှို့ဝှက်ချက်ဖြစ်ပြီး၊ ပြင်ပသို့ မည်သည့်အခါမျှ ထုတ်ဖော်ခြင်း သို့မဟုတ် ဖြန့်ဝေခြင်း မရှိခဲ့ပေ။ ဒိုင်ဇင်ဘုရား ကျောင်းမှ ကျောင်းထိုင်ဆရာတော်တစ်ပါးကသာ ကြားဖူးနားဝရှိသဖြင့် မှတ်တမ်းတင် ထားခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် သာမန်အားဖြင့် သတိထားလောက်စရာ မဟုတ်သော် လည်း ယခုအခါ အနောက်ဘက်ဒေသမှ လုပ်ကြံသူတစ်ဦးက ဝတ်ဆင်ထားသည်ကို တွေ့ရသဖြင့် စဉ်းစားစရာ ဖြစ်လာခဲ့သည်။

အနောက်ဘက်ဒေသမှ စစ်ပွဲမှာ လွန်ခဲ့သော တစ်နှစ်က ဟုန်ယွိ ပစိဖိတ်ရေတပ်တွင် ပင်လယ်ဓားပြများကို နှိမ်နင်းခဲ့သည့် တိုက်ပွဲမျိုးနှင့် မတူပေ။

ထိုစဉ်က ပစိဖိတ်ရေတပ်ဌာနချုပ်က ပင်လယ်ဓားပြများကို နှိမ်နင်းချိန်တွင် ဩဇာကြီးမား သည့် မျိုးရိုးမြင့် မိသားစုမှ ဝေလဲ့သည် သူ၏ကိုယ်ရံတော်များကို ခေါ်ဆောင်ကာ၊ သူ့ကို သတ်ဖြတ်ပြီး ဟုန်ယွိ၏ နာမည်ကောင်းကို လုယူရန်သာ ကြိုးစားခဲ့ခြင်း ဖြစ်သည်။ အနောက်ဘက်ဒေသ စစ်ပွဲမှာမူ ထိုစဉ်ကထက် အဆပေါင်းသောင်းချီ၍ ပိုမိုရှုပ်ထွေးလှ သည်။

လွန်ခဲ့သောတစ်နှစ်က ပစိဖိတ်ရေတပ်စခန်းတွင် ပင်လယ်ဓားပြများကို နှိမ်နင်းခဲ့သည့် ဖြစ်ရပ်မှာ ယခုအနောက်ဘက်ဒေသစစ်ပွဲနှင့် ယှဉ်လျှင် ကလေးကစားစရာမျှသာ ဖြစ်တော့ သည်။ ဟုန်ယွိ သိရှိထားသလောက်မူ ဤစစ်ပွဲအတွင်းသို့ မျိုးရိုးမြင့် သူဌေးသူကြွယ် မိသားစုများမှ တပည့်အမြောက်အမြားမှာ ကိုယ်ပိုင်အရည်အချင်းကို သွေးရန်၊ နာမည် ကောင်း ရယူရန်နှင့် စစ်တပ်အတွင်း သြဇာတည်ဆောက်ကာ လူမှုကွန်ရက် ဖြန့်ကျက်ရန် အတွက် ဝင်ရောက်လာကြခြင်း ဖြစ်သည်။

ဤနေရာတွင် ပါဝင်ပတ်သက်နေသည့် ရှုပ်ထွေးမှုများနှင့် အကွက်ချစီစဉ်မှုများမှာ ရှုပ်ထွေး လှသော စတုရန်းကျားကွက်ပေါ်မှ နယ်ရုပ်များသဖွယ်ပင်။

“ငါက အရမ်းထင်ပေါ်နေလို့ အထက်တန်းစား မိသားစုက တပည့်တစ်ယောက်ယောက်က ငါ့ကို လုပ်ကြံချင်နေတာလား။”

“ဒါမှမဟုတ် တော်ဝင်ချန်ရဲ့ အင်အားကြီးမိသားစုတွေက ကောလာဟလအချို့ကို ကြားပြီး အနောက်ဘက်ဒေသနဲ့ ပူးပေါင်းကာ စစ်မျက်နှာပြင် ပျက်စီးအောင် ကြံစည်နေတာလား။ ဒါမှ နန်းတော်ရဲ့ ဩဇာအာဏာ အားနည်းပြီး သူတို့မိသားစုတွေကို နန်းတော်က မနှိမ်နင်း နိုင်မှာ မဟုတ်လား။”

“ဒါမှမဟုတ် အနောက်ဘက်ဒေသကလူတွေက သံသယတွေ ပွားများအောင် တမင် သက်သက် လုပ်ဆောင်နေတာလား။”

ဟုန်ယွိ၏ စိတ်အစဉ်တွင် ထင်ကြေးပေါင်းစုံမှာ လှိုင်းတံပိုးသဖွယ် တစ်ဆင့်ပြီး တစ်ဆင့် ပေါ်ပေါက်နေတော့သည်။

“ကြည့်ရတာ အနောက်ဘက်ဒေသ စစ်တပ်နဲ့ အနှစ်သာရ နတ်ဘုရားကျောင်းကို ရင်ဆိုင်ဖို့ က ဒုတိယကိစ္စပဲ။ ပိုအရေးကြီးတာက တော်ဝင်ချန် စစ်တပ်အတွင်းက အားပြိုင်မှုတွေကို ဖြေရှင်းဖို့ပဲ။ ငါ့ရဲ့ စွမ်းအားက အခုဆိုရင် တောင်တစ်လုံးကို ခြေတစ်ချက်တည်းနဲ့ ဖျက်ဆီး နိုင်တဲ့ အဆင့်ကို ရောက်နေပြီဆိုတော့ အကြွင်းမဲ့ စွမ်းအားရှေ့မှာတော့ ဒီပရိယာယ်တွေက ဘာမှမဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီထဲမှာလည်း ထန်ဟိုင်လုံနဲ့ ဖန်းယွမ်တို့လို ထူးချွန်တဲ့လူ တွေ ပါလာနိုင်တယ်။ အထူးသဖြင့် ကျိုးထိုက်ကျူကလည်း တစ်နေရာရာမှာ ပုန်းနေတုန်း ပဲ။ သူ ဒီတစ်ခေါက် အနောက်ဘက်ဒေသကို လာမလား၊ သူ့မှာ ကိုယ်ပွားတွေ အများကြီး ရှိတော့ ငါက သူ့ကို မမှတ်မိနိုင်ပေမဲ့ သူကတော့ ငါ့ကို ရှင်းရှင်းလင်းလင်း မှတ်မိနေတယ်။ ရန်သူက အမှောင်ထဲမှာ၊ ငါက အလင်းထဲမှာဆိုတော့ ငါ အထူးသတိထားရမယ်။”

အကယ်၍ ကျိုးထိုက်ကျူ၊ ထန်ဟိုင်လုံနှင့် ဖန်းယွမ်တို့သာ အမှောင်အထဲမှ ပုန်းအောင်းကာ ပြဿနာရှာခြင်း၊ ဟုန်ယွိထက် ပိုမိုထင်ပေါ်အောင်လုပ်ခြင်း သို့မဟုတ် တိတ်တဆိတ် အကွက်ချခြင်းများ ပြုလုပ်လာပါက ဟုန်ယွိအနေဖြင့် မည်မျှပင် စွမ်းအားကြီးစေကာမူ ယောင်ချာချာ ဖြစ်သွားနိုင်သဖြင့် အထူးသတိထားရန် လိုအပ်လှသည်။

“တောက်၊ တောက်”

လျှပ်စီးဖမ်းမြင်းကြီးမှာ သဲဝါလမ်းပေါ်တွင် လျှပ်စစ်အလား ကုန်နှင်လျက် မိုင်ပေါင်းများစွာ ဝေးကွာသော နတ်ဘုရားတန်ခိုးရှင် ဘုရင်၏ နန်းတော်ဆီသို့ ဦးတည်နေသည်။

ဟုန်ယွိက အရှေ့မှ ဦးဆောင်ကာ သူ၏နောက်တွင် နတ်ဘုရားတန်ခိုးရှင် ဘုရင် ယန်တူး၏ အမိန့်ဖြင့် လာရောက်ခေါ်ဆောင်သော နန်းတော်စောင့်ရဲမက်အချို့ လိုက်ပါလာကြသည်။ အနောက်ဘက်ဒေသ သဲကန္တာရပြည်နယ်တွင် အရာရှိကြီးများနှင့် စစ်သူကြီးများအားလုံး မှာ မြင်းစီးသည့် ဓလေ့သာ ရှိကြပြီး ဝေါယာဉ်စီးသည့် အလေ့အထ မရှိချေ။

သဲကန္တာရပြည်နယ်၏ ဘုရင်ခံပင်လျှင် မြင်းစီးရသကဲ့သို့ နတ်ဘုရားတန်ခိုးရှင် ဘုရင်သည် လည်း အပြင်ထွက်သည့်အခါ မြင်းကိုသာ စီးနင်းလေ့ရှိသည်။

လျှပ်စီးဖမ်း မြင်းကြီးမှာ ယခုအခါ အလွန်ပင် ခန့်ညားထည်ဝါနေပြီ ဖြစ်သည်။ သာမန် မီးလျှံမြင်းများထက် ခေါင်းတစ်ဝက်စာမျှ ပိုမိုမြင့်မားကာ လည်ဆံမွှေးများမှာ သံချောင်း များအလား ကြံ့ခိုင်နေသည်။ လှုပ်ရှားလိုက်တိုင်း သွေးရောင်လို နီမြန်းကာ ဖောင်းကြွ လာသော ကြွက်သားများမှာ အချိန်မရွေး ပေါက်ကွဲထွက်တော့မည့်ပုံစံ ရှိသည်။

နန်းတော်စောင့် ရဲမက်များမှာလည်း သိုင်းပညာရှင်များ ဖြစ်ကြသည့်အပြင် သူတို့စီးလာ သော မီးလျှံမြင်းများမှာလည်း အထူးဂရုစိုက်ခံထားရသော မြင်းကောင်းများ ဖြစ်သည်။ သို့သော် ဟုန်ယွိ၏ လျှပ်စီးဖမ်း မြင်းကြီးနှင့် ယှဉ်လိုက်လျှင်မူ ထိုမြင်းများမှာ အရွယ်အစား တစ်ခုစာမျှ သေးငယ်ကာ အာဟာရမပြည့်သည့် မြင်းညံ့များကဲ့သို့ ဖြစ်နေတော့သည်။ ထို့ကြောင့် နန်းတော်စောင့် ရဲမက်များမှာ အနည်းငယ် စိတ်ဓာတ်ကျနေကြရှာသည်။

မကြာမီ ဟုန်ယွိသည် အနောက်ဘက်ဒေသ ဗိသုကာဟန် ပါဝင်သော နတ်ဘုရားတန်ခိုးရှင် ဘုရင်ယန်တူး၏ နန်းတော်ကြီးနှင့်အတူ ကြယ်ကြည့်မျှော်စင်များ၊ ခံတပ်များကို မြင်တွေ့ လိုက်ရသည်။

နန်းတော်ရှေ့ရှိ ကွင်းပြင်ကျယ်ကြီးထဲတွင် ခန့်ညားထည်ဝါပြီး စည်းကမ်းစနစ်ကျသော နန်းတော်စောင့်တပ်ဖွဲ့ကို တွေ့ရသည်။ သူတို့ထံမှ ထွက်ပေါ်နေသော သွေးစွမ်းအင် အငွေ့အသက်များမှာ ကောင်းကင်ယံအထိ ထိုးတက်နေသည်။ ရဲမက်တိုင်းမှာ လက်နက် အပြည့်အစုံဖြင့် ကျောက်ရုပ်များအလား ငြိမ်သက်နေသော်လည်း သတ်ဖြတ်လိုသော အငွေ့အသက်များမှာ ဟိန်းထွက်နေသည်။

ဘေးတစ်ဖက်တွင်မူ ဝတ်စုံအမျိုးမျိုး ဝတ်ဆင်ထားကာ အေးစက်စက် မျက်နှာထားများနှင့် မျိုးရိုးမြင့် သူဌေးသူကြွယ်မိသားစုမှ တပည့်များကို တွေ့ရသည်။ တော်ဝင်ချန်မင်းဆက်ရှိ မျိုးရိုးမြင့် မိသားစု အချို့မှာ နှစ်ပေါင်းထောင်ချီ သမိုင်းကြောင်းရှိကြပြီး ၎င်းတို့၏ တရားဝင် သားများမှာ မင်းသားတစ်ပါးနှင့်ပင် အဆင့်အတန်းချင်း တန်းတူရှိကြသည်။ သာမန် ဘုရင်ခံများပင်လျှင် ၎င်းတို့ကို မစော်ကားရဲကြချေ။ ဤသည်မှာလည်း တော်ဝင်ချန်က ထိုမျိုးရိုးမြင့် မိသားစုကြီးများကို အားနည်းသွားအောင် လုပ်ချင်နေရသည့် အကြောင်းရင်း တစ်ခုဖြစ်သည်။

နတ်ဘုရားတန်ခိုးရှင် ဘုရင် ယန်တူးသည် ဟုန်ယွိကို နန်းတော်ထဲ၌ တည်ခင်းဧည့်ခံခြင်း မပြုဘဲ သူ့စစ်တပ်ကို ကွင်းပြင်ကျယ်ကြီးထဲတွင် စီစဉ်ထားကာ တိုက်ရိုက် တွေ့ဆုံခြင်း ဖြစ်သည်။ ဤသည်မှာ စစ်မြေပြင်သို့ ထွက်ခွာတော့မည့် အသွင်မျိုးပင်။

စစ်တပ်၏ အရှိန်အဝါမှာ အေးစက်စက်နှင့် သတ်ဖြတ်လိုသော ဆန္ဒများက ကောင်းကင်ယံ တိုင် ထိုးတက်နေသည်။ သရဲတစ္ဆေများ နတ်ဘုရားများပင်လျှင် အနားမကပ်ရဲကြချေ။

ဟုန်ယွိသည် နတ်ဘုရားတန်ခိုးရှင်ဘုရင်၏ ကိုယ်ရံတော်တပ်ဖွဲ့၏ စွမ်းအားကို ပထမဆုံး အကြိမ် မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။ မိုင်ပေါင်းများစွာ ဝေးကွာနေသေးသော်လည်း ကွင်းပြင်ကျယ်ကြီးပေါ်ရှိ ကိုယ်ရံတော်များကို လှမ်းကြည့်လိုက်ရုံဖြင့် ခိုင်မာပြတ်သားလှ သည့် သတ်ဖြတ်လိုသော ဆန္ဒကို ခံစားလိုက်ရသည်။ ထိုဆန္ဒမှာ သူ၏စိတ်ဝိညာဉ်ကို လွှမ်းခြုံလာပြီး ရှေ့ဆက်တိုးရန် ခုခံမှုတစ်ခုခု ရှိနေသလိုပင် ခံစားရစေသည်။

ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာအရ မဟုတ်ဘဲ သူ၏ဝိညာဉ်မှတစ်ဆင့် တိကျစွာ ခံစားသိရှိ လိုက်ရခြင်း ဖြစ်သည်။ သူစီးနင်းလာသော လျှပ်စီးဖမ်းမြင်းကြီးပင်လျှင် ကြွက်သားများ တုန်ခါသွားပြီး မငြိမ်မသက် ဖြစ်လာသည်။

ဤကဲ့သို့သော ထည်ဝါလှသည့် အရှိန်အဝါအောက်တွင် မိုးကြိုးကပ်ဘေး တစ်ကြိမ်ကျော် ဖြတ်ထားသည့် တစ္ဆေအင်မော်တယ်တစ်ဦးပင် ချဉ်းကပ်ရန် ခက်ခဲလိမ့်မည်ဖြစ်ရာ တာအိုပညာရှင်များအတွက်မူ ဆိုဖွယ်ရာမရှိတော့ချေ။

“ဟားဟား... မင်းသား တံခါးပိတ်ကျင့်ကြံရာက ထွက်လာတာကို ဂုဏ်ပြုပါတယ်ခင်ဗျာ။ အဲဒီအတားအဆီးကို လုံးဝ မဖောက်ထွက်နိုင်သေးဘူးဆိုပေမဲ့ မင်းသားရဲ့ ကျင့်ကြံမှုက အများကြီး တိုးတက်လာခဲ့ပြီပဲ။ စိတ်ဝိညာဉ်ကလည်း သန့်စင်ပြီးသား ဖြစ်နေပြီဆိုတော့ အချိန်မရွေး အထွတ်အထိပ် သိုင်းပညာ နယ်ပယ်ကို တက်လှမ်းနိုင်တော့မှာပါ။”

နတ်ဘုရားတန်ခိုးရှင်ဘုရင် ယန်တူးသည် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် ကိုယ်ရံတော် သုံးထောင်၏ ရှေ့တွင် လက်နောက်ပစ်ကာ တစ်ကိုယ်တည်း ရပ်နေသည်။ သူသည် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အားနည်းသော ပညာရှင်တစ်ဦးနှင့် တူသော် လည်း စစ်သည် သန်းပေါင်းများစွာကို ကွပ်ကဲနေသည့် အရှိန်အဝါမျိုးကို ပိုင်ဆိုင်ထား သည်။ စစ်အလံကို တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် လူပေါင်းများစွာ၏ ဦးခေါင်းများကို ဖြတ်ချနိုင်မည့် ဟန်ပန်မျိုးပင်။

ဟုန်ယွိသည် ကွင်းပြင်အစပ်တွင် မြင်းပေါ်မှဆင်းကာ လမ်းလျှောက်သွားလိုက်သည်။ နတ်ဘုရားတန်ခိုးရှင်ဘုရင်၏ မျက်လုံးများမှာ ဖျတ်ခနဲ လင်းလက်နေပြီး၊ ထိုမျက်လုံးများ ကို ကြည့်လိုက်သည့်အခါ ဟုန်ယွိသည် တစ်ကိုယ်လုံး လျှပ်စစ်နှင့် အတို့ခံရသကဲ့သို့ ထုံကျင်သွားသည်။ ဤသည်မှာ သိုင်းပညာ၏ အထွတ်အထိပ်သို့ ရောက်နေခြင်းဖြစ်ပြီး လူသားအင်မော်တယ်နယ်ပယ်သို့ အချိန်မရွေး ခြေလှမ်းနိုင်သည့် အခြေအနေပင်။ ယခင်ကထက်စာလျှင် သူ၏ စွမ်းအားမှာ အဆပေါင်းများစွာ တိုးတက်လာခဲ့ပြီ။

“ညီလေးဟုန်ရဲ့ ကျင့်ကြံမှုကလည်း အများကြီး တိုးတက်လာခဲ့တာပဲ။”

ဟုန်ယွိ လမ်းလျှောက်လာသည်ကို မြင်သောအခါ နတ်ဘုရားတန်ခိုးရှင်ဘုရင် ယန်တူး၏ မျက်လုံးထဲတွင် ထူးခြားသော အမူအရာများ ပေါ်လာသည်။ နာမည်ကျော် အထွတ်အထိပ် သိုင်းသူတော်စင် တစ်ဦးဖြစ်သည့် ဘုရင်ယန်တူးသည် ဟုန်ယွိထံမှ ထွက်ပေါ်နေသော သိုင်းပညာ အရှိန်အဝါကို သတိထားမိလိုက်ခြင်း ဖြစ်သည်။

“မင်းသားက ကျွန်တော့်ကို စစ်ရေးကိစ္စတွေ ဆွေးနွေးဖို့ အရေးတကြီး ခေါ်လိုက်တယ်ဆို တော့ စစ်ထွက်ဖို့များလား ခင်ဗျာ။”

“စစ်ပွဲဆိုတာ ကြိုတင်ခန့်မှန့်လို့ မရဘူး၊ ရေလိုပဲ အမြဲပြောင်းလဲနေတာ။ စာအုပ်ထဲက စစ်ဗျူဟာတွေက စစ်မြေပြင်က အတွေ့အကြုံတွေကို ဘယ်တော့မှ မမီပါဘူး။ ဒီနေ့တော့ ညီလေးဟုန်နဲ့အတူ စစ်တပ်ထဲကို ဝင်လာတဲ့ မျိုးရိုးကြီး မိသားစုက တပည့်တွေအားလုံး သဲကန္တာရပြည်နယ်ရဲ့ မချိုးဖြတ်နိုင်တဲ့ ခံတပ်ကြီးဆီကို သွားကြမယ်။ ငါတို့ တော်ဝင်ချန်ရဲ့ စစ်အင်အားနဲ့ အနောက်ဘက်ဒေသ ဟွာလျှိုနိုင်ငံစစ်တပ်ရဲ့ စွမ်းအားတွေကို ကိုယ်တိုင် မြင်တွေ့စေချင်လို့ပါ။ မနေ့ညက သတင်းအရတော့ အနောက်ဘက်ဒေသရဲ့ မင်းသား ခါစီဟာ ရှေ့တန်းစစ်တည် သုံးသိန်းကို ဦးဆောင်ပြီး ခံတပ်ကို တစ်ချက်တည်းနဲ့ ဖျက်ဆီးဖို့ လာနေပြီတဲ့။ အဲဒီ စစ်တပ်ကို ကြိုဆိုဖို့ ငါကိုယ်တိုင် ညီလေးဟုန်ကို ခေါ်သွားမှာပါ။”

“စစ်သည် သုံးသိန်း။”

ဟုန်ယွိ အံ့အားသင့်သွားသည်။ စစ်သည် သုံးသိန်းဟူသော ပမာဏမှာ မသေးလှချေ။ ဟုန်ယွိသည် ယခင်က ပင်လယ်ဓားပြနှိမ်နင်းရေး ရေတပ်တွင် စစ်သည် တစ်သိန်းမျှကိုသာ မြင်ဖူးခဲ့ခြင်း ဖြစ်သည်။

“စစ်သည် သုံးသိန်းဆိုတာ ပြောပလောက်လို့လား။”

ဟုန်ယွိနှင့် နတ်ဘုရားတန်ခိုးရှင်ဘုရင် စကားပြောနေစဉ် ကွင်းပြင်၏ အခြားတစ်ဖက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုနေရာတွင် မျိုးရိုးကြီးမိသားစုမှ တပည့်ပေါင်း ဒါဇင်ဝက်ခန့် စုဝေးနေကြသည်။ ထိုသူတို့မှာ ပျော့ညံ့သည့်သူများ မဟုတ်ကြဘဲ တစ်ယောက်ချင်းစီတွင် စူးရှသော အကြည့်များနှင့် အငွေ့အသက်ကိုယ်စီ ပိုင်ဆိုင်ထား ကြသည်။

စကားပြောလိုက်သူမှာ အသက် ၂၀ ကျော် လူငယ်တစ်ဦးဖြစ်ပြီး ခရမ်းရွှေရောင် သရဖူကို ဆောင်းထားသည်။ ထိုကဲ့သို့ သရဖူမျိုးကို မြို့စား၊ နယ်စားတွေသာ ဆောင်းခွင့်ရှိသော် လည်း အချို့သော ရှေးဟောင်း မျိုးရိုးမြင့်မိသားစုများနှင့် သူတော်စင် မိသားစုအနွယ်ဝင် တွေကိုတော့ ဧကရာဇ်က ထိုအခွင့်အရေး ပေးထားပါသည်။

“သူက ဘယ်သူလဲ။”

“ငါက နျန်ပြည်နယ်က ဝမ်ဖုန်းပါ၊ ထန်ယွန်လို့လဲ ခေါ်ပါတယ်။ ကျွမ့်ယွမ်ကို နှုတ်ခွန်း ဆက်သပါတယ်။”

ထိုလူငယ်သည် ဟုန်ယွိကို မြင်လိုက်ရသောအခါ မျက်လုံးများထဲ၌ အလင်းတန်းများ ဝင်းခနဲ ဖြစ်သွားပြီး ပြုံးရွှင်စွာဖြင့် လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်လိုက်သည်။

“အော်... မင်းက နျန်ကျိုး ဝမ်မိသားစုကကိုး။ ဒါကြောင့်လည်း နတ်ဘုရားတန်ခိုးရှင်ဘုရင် ရဲ့ ရှေ့မှာတောင် မခန့်မညား ပြောရဲတာဖြစ်မယ်။” ဟုန်ယွိ ကြားလိုက်ရသည့်အခါ သူ့စိတ်ထဲ၌ လှုပ်ခတ်သွားသည်။

နန်းတော်ခြောက်ခု၏ မိန်းမစိုးအကြီးအကဲ၊ သိုင်းသူတော်စင် ဝမ်ထောင်သည် တစ်ချိန်က ဝမ်မိသားစု၏ တရားမဝင်သားတစ်ဦး ဖြစ်ခဲ့ဖူးသည်။ သူသည် နှိပ်စက်ညှဉ်းပန်းခံရပြီး နောက် နန်းတော်သို့ဝင်ကာ မိန်းမစိုးဖြစ်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် သူသည် ယနေ့တိုင် ထိုကာယကံရှင်ကို ကလဲ့စားမချေနိုင်သေးပေ။ ဤသည်မှာ ဝမ်မိသားစု မည်မျှ အင်အား ကြီးမားကြောင်း သက်သေပြနေခြင်းပင်။

“ကျွမ့်ယွမ် ရေးတဲ့ စာစီစာကုံးကို ပညာရှင် သူတော်စင်တစ်ရာကတောင် ချီးကျူးကြပြီး ‘သူတော်စင်ငယ်’ လို့တောင် အမွှမ်းတင်ခံထားရတာပဲ။ ဒါပေမဲ့ ရှေးခေတ် သူတော်စင်ကြီး တွေကတော့ နဂါးတွေ၊ ချီလင်သားရဲတွေကို စီးနင်းကြတာဖြစ်လို့ မင်္ဂလာအပေါင်းနဲ့လည်း ပြည့်စုံကြတယ်။ ကျွမ့်ယွမ်ကို ကြည့်ရသလောက်ဆို ကျွမ့်ယွမ်ရဲ့ နတ်ဘုရားလမ်းစဉ် (တာအို) ကျင့်ကြံမှုက ရှေးခေတ် သူတော်စင်တွေလောက် မနက်နဲသေးဘူး ထင်တယ်။ မင်းစီးထားတဲ့ လျှပ်စီးဖမ်းမြင်းက အားကောင်းတယ်ဆိုပေမဲ့ စစ်မြေပြင်က သတ်ဖြတ်လို တဲ့ ဆန္ဒကို တောင့်ခံနိုင်ပါ့မလားလို့ ငါ စိုးရိမ်မိတယ်။ ဒီတစ်ခေါက် အနောက်ဘက်ဒေသ စစ်တပ်ရှေ့မှာ ကျွမ့်ယွမ်အနေနဲ့ ငါတို့ ပညာရှင်တွေရဲ့ ဂုဏ်သိက္ခာကို မကျဆင်းအောင် ‘သူတော်စင်ငယ်’ တစ်ယောက်ရဲ့ အရှိန်အဝါကို ပြသရမယ်နော်။”

ဝမ်ဖုန်းသည် သူ၏ဝတ်စုံလက်မောင်းကို ခါယမ်းလိုက်ကာ ပြုံးရွှင်စွာဖြင့် သူ့ဘေးရှိ အစေခံအိုကြီးကို လှည့်၍ ပြောလိုက်သည်။

“ဦးလေးဝမ်... ‘ကင်းကောင်’ကို သွားခေါ်ပြီး ငါ့ရဲ့ ‘မိုးကြိုးနင်းမြင်း’ ကို ခေါ်လာခိုင်းလိုက်။ ငါတို့ မင်းသားနောက်လိုက်ပြီး အနောက်ဘက်ဒေသက အရိုင်းအစိုင်းတွေမှာ ဘာအရည်အချင်း ရှိလဲဆိုတာ သွားကြည့်ကြတာပေါ့။”

“ဟုတ်ကဲ့ပါ သခင်လေး။”

အစေခံအိုကြီးသည် ခေါင်းညိတ်ပြကာ လေချွန်သံရှည်ကြီး တစ်ချက် ပြုလုပ်လိုက်သည်။ ရုတ်တရက်ပင် ခပ်လှမ်းလှမ်းဆီမှ ဟိန်းဟောက်သံကြီး တစ်ချက် ထွက်ပေါ်လာတော့ သည်။

ခံတပ်တစ်ခုအတွင်းမှ လူ နှစ်ယောက်၊ သုံးယောက်စာမျှ မြင့်မားကာ ဆင်တစ်ကောင် ထက်ပင် ပိုမိုခန့်ညားထည်ဝါသော အရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုကြီးမားသော အရိပ်မှာ တစ်ကိုယ်လုံး ရွှေရောင်အမွှေးအမျှင်များဖြင့် ဖုံးအုပ်ထားသည့် မျောက်ဝံကြီး တစ်ကောင် ဖြစ်နေသည်။

ထိုမျောက်ဝံကြီးသည် ခြေဖျားမှ ခေါင်းအထိ ငွေရောင်အကြေးခွံများဖြင့် ဖုံးအုပ်ထားသော မြင်းကြီးတစ်ကောင်ကို ဆွဲယူလာသည်။ ထိုမြင်းမှာ လူတစ်ယောက်ခွဲစာမျှ မြင့်မားပြီး ၁၈ ပေမျှ ရှည်လျားသည်။ လေးလံသော ခြေလှမ်းများဖြင့် ၎င်းသည် ကွင်းပြင်ဆီသို့ ရောက်ရှိလာတော့သည်။

ရွှေရောင်အမွှေးများဖြင့် ဖုံးအုပ်ထားသော ဤမျောက်ဝံကြီးသည် လမ်းလျှောက်လိုက်တိုင်း မြေပြင်ကို တုန်ခါသွားစေပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ပေးစွမ်းနေသည်။

၎င်း၏ လှုပ်ရှားမှုတိုင်းတွင် အလွန်မြင့်မားသည့် အဆင့်မြင့်သိုင်းပညာ ပါဝင်နေသည်ကို တွေ့မြင်နိုင်သည်။

“ခွန်အားကြီး စိန်မျောက်ဝံကြီးလား။”

ဟုန်ယွိသည် ဤမျောက်ဝံကြီးကို မြင်လိုက်ရသောအခါ ဒိုင်ဇင်ဘုရားကျောင်း၏ ရှေးဟောင်း မှတ်တမ်းများထဲမှ နတ်ဘုရားသားရဲတစ်မျိုးကို ချက်ချင်း သတိရလိုက်သည်။ ဤမျောက်ဝံမျိုးသည် သံမဏိကဲ့သို့ မာကျောသော ရွှေရောင်အမွှေးများရှိပြီး ဓားများ၊ မြှားများဖြင့် ထိုးဖောက်၍ မရနိုင်ချေ။ လှုပ်ရှားမှုမှာ တစ္ဆေတစ်ကောင်အလား လျင်မြန် လှပြီး ဆင်တစ်ကောင်ကိုပင် လက်ဗလာဖြင့် ဆွဲဖြဲနိုင်လောက်သော ခွန်အားရှိသည်။ ထို့ပြင် ၎င်းတို့သည် ဉာဏ်ရည်မြင့်မားကာ ကိုယ်ခံပညာကိုလည်း တတ်မြောက်ကြသည်။

ဒိုင်ဇင်ဘုရားကျောင်း၏ “နတ်ဆိုးမျောက်ဝံ နတ်ဘုရားတုတ်” သိုင်းမှာ အလယ်ခေတ် ဘုန်းကြီးများက ‘ခွန်အားကြီး စိန်မျောက်ဝံကြီး’ တစ်ကောင် တုတ်ကိုင်ကစားနေသည် ကို ကြည့်ရှုလေ့လာပြီး တီထွင်ခဲ့ခြင်း ဖြစ်သည်။

မျောက်ဝံများ၏ ခန္ဓာကိုယ် တည်ဆောက်ပုံမှာ လူသားများနှင့် မခြားနားလှချေ။ ထို့ကြောင့် ကိုယ်ခံပညာကို လေ့ကျင့်ပါက အလွန်မြင့်မားသော နယ်ပယ်သို့ ရောက်ရှိနိုင်သည်။ အမှန်စင်စစ် ရှေးခေတ် ကျင့်ကြံသူများသည် ၎င်းတို့၏ ဂူဗိမာန်များကို စောင့်ရှောက်ရန် မျောက်ဝံများကို အသုံးပြုလေ့ ရှိကြသည်။

ဟုန်ယွိ၏ သူငယ်ချင်းဖြစ်သူ ပိုင်ဇီယွဲ့သည်လည်း ယခင်ဘဝတွင် မျောက်ဝံဖြူတစ်ကောင် ဖြစ်ခဲ့ပြီး နက်နဲသော ကိုယ်ခံပညာကို တတ်မြောက်ကာ ကောင်းကင်တာအိုကို ခြယ်လှယ် နိုင်ခဲ့သည်။ နောက်ဆုံးတွင် တစ္ဆေအင်မော်တယ်အဖြစ် ကျင့်ကြံနိုင်ကာ လူသားအဖြစ် ပြန်လည် ဝင်စားနိုင်ခဲ့ခြင်း ဖြစ်သည်။

“ဒီမျောက်ဝံကြီးရဲ့ ကိုယ်ခံပညာက သိုင်းသူတော်စင် အဆင့်တောင် ရှိနေပြီပဲ။ ကြီးမားတဲ့ ခန္ဓာကိုယ်နဲ့ လက်နက်တွေလည်း မတိုးဘူးဆိုတော့ တကယ်ကို အံ့သြဖို့ကောင်းတာပဲ။” ဟုန်ယွိက မြင်းကိုဆွဲလာသည့် မျောက်ဝံကြီးကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။

သူသည် တောင်တစ်လုံးကဲ့သို့ လေးလံသော ဖိအားမျိုးကို ခံစားနေရသည်။

မျောက်ဝံများက မြင်းများကို ဆွဲလာခြင်းမှာ ရှေးခေတ်ပုံပြင်များထဲမှ တစ်ခုဖြစ်သည်။ ရှေးခေတ် သူတော်စင် ဧကရာဇ်တစ်ပါးသည် လူသားအင်မော်တယ် အဆင့်အထိ ကျင့်ကြံ ထားသော အစွမ်းထက်သည့် မျောက်ဝံကြီးတစ်ကောင်ကို ဖမ်းဆီးကာ သူ၏မြင်းဇောင်းကို စောင့်ကြပ်ခိုင်းခဲ့သည်ဟု ဆိုကြသည်။

ဤကဲ့သို့သော ထူးခြားသည့် နတ်ဘုရားသားရဲများသည် လူသားများနှင့် ခန္ဓာကိုယ် တည်ဆောက်ပုံ တူညီကြသည်။ ကိုယ်ခံပညာကို အထွတ်အထိပ်အဆင့်အထိ လေ့ကျင့်ပြီး ပါက ၎င်းတို့သည် အဆင့်တူ လူသားကိုယ်ခံပညာရှင်များထက် ဆယ်ဆမျှ ပိုမိုအစွမ်းထက် ကြသည်။ အကြောင်းမှာ ၎င်းတို့၏ ကြီးမားသော ခန္ဓာကိုယ်တွင် သွေးစွမ်းအင်များ ပေါကြွယ်ဝသောကြောင့် ဖြစ်သည်။

“သခင်လေး... သခင်လေးရဲ့ ‘မိုးကြိုးနင်းမြင်း’ ကို ခေါ်လာပါပြီ။”

ရွှေရောင်မျောက်ဝံကြီးသည် မြင်းကို ဝမ်ဖုန်း၏ ဘေးသို့ ဆွဲလာရင်း လူစကားဖြင့် ပြောဆို လိုက်သည်။ တစ်ချိန်တည်းမှာပင် ၎င်းက ဟုန်ယွိကိုလည်း စိုက်ကြည့်လိုက်သည်။

ထိုအခိုက်တွင် လူတိုင်းမှာ မှင်သက်သွားကြတော့သည်။

“ဒီမျောက်ကလေးက ငါ့ရှေ့လာပြီး ကြွားဝါနေတာကိုး။”

ထိုစဉ်မှာပင် အဆင့်ရှစ် မိုးကြိုးကပ်ဘေး နတ်ဘုရားအသိစိတ် အတွင်းရှိ စိတ်ဝိညာဉ် နယ်မြေထဲမှ ချီလင်သားရဲက ဟုန်ယွိ၏ ဝိညာဉ်ထဲသို့ စကားလှမ်းပြောလိုက်သည်။

All Chapters