အခန်း (၄၃၉-၄၄၀)
Vol. 41 Ch. 439-440
အခန်း (၄၃၉)။
“ဒါဟာ တကယ့်ကို ခန့်ညားထည်ဝါတဲ့ အလုံပိတ်ခံတပ်ကြီးပဲ။ မတူညီတဲ့ ယဉ်ကျေးမှုနှစ်ခု ထိပ်တိုက် ရင်ဆိုင်တဲ့ ဒီလိုစစ်မြေပြင်မျိုးမျိုးကို တစ်ကြိမ်လောက် ကြုံတွေ့ခွင့်ရတာဟာ ငါ့ဘဝအတွက် အလဟဿ မဖြစ်တော့ဘူး။ ကောင်းကင်ဘုံက ငါ့ကို ဒီလိုအတွေ့အကြုံမျိုး ပေးအပ်ခဲ့တာပဲ။ ဒါက စာအုပ်ပေါင်း ထောင်ချီဖတ်ရတာထက် ပိုပြီးတော့ စိတ်လှုပ်ရှား စရာကောင်းတယ်။”
သွေးရောင်လွှမ်းနေသော နေဝင်ဆည်းဆာချိန်အောက်တွင် ဟုန်ယွိသည် သူ၏ဓားကို ကိုင်ဆောင်လျက် ခံတပ်ကြီး၏ ထိပ်ဆုံးသို့ တက်လှမ်းလာခဲ့သည်။ သူ၏ ရှေ့မှောက်တွင် မြင်တွေ့နေရသော မြင်ကွင်းကြောင့် သူ၏ စိတ်ဝိညာဉ်မှာပင် တုန်လှုပ်သွားရသည်။
သဲကန္တာရပြည်၏ ခံတပ်မြို့တံခါးမှာ မြို့ပြတံခါးဟု ဆိုသည်ထက် ဧရာမလမ်းမကြီးတစ်ခု သို့မဟုတ် ကွေ့ကောက်နေသော မြို့တော်ကြီးတစ်ခုဟု ဆိုလျှင် ပိုမှန်ပေလိမ့်မည်။
ဤခံတပ်ကြီးမှာ ပေ ၃၀၀ မှ ၄၀၀ ခန့်အထိ မြင့်မားပြီး၊ မြင့်မားသည့် ကြယ်ကြည့်မျှော်စင် တစ်ခုကဲ့သို့ ရှိနေသည်။ တံတိုင်းကြီးများ၏ အထုမှာ နှစ်မိုင် သုံးမိုင်ခန့်အထိ ထူထဲပြီး သဲကန္တာရပြည်၏ နယ်စပ်တစ်လျှောက် တောင်တန်းကြီးတစ်ခုအလား ဆန့်တန်းနေသည်။ အဆုံးအစမရှိလှသော ထိုခံတပ်ကြီးမှာ မိုင်ပေါင်းထောင်ချီ ရှည်လျားသည့် ဝါကျင်ကျင် မီးခိုးရောင် နဂါးကြီးတစ်ကောင်နှင့်ပင် တူနေတော့သည်။
မြင့်မားလှသော မြို့ရိုးလမ်းမကြီးများပေါ်တွင် မီးအချက်မျှော်စင်များနှင့် ဧရာမခံတပ်စခန်း များကို တည်ဆောက်ထားသည်။ သဲကန္တာရပြည်နယ်၏ နယ်စပ်ကို မျိုးဆက်နှင့်ချီ၍ စောင့်ရှောက်လာခဲ့ကြသော စစ်သည်တော်များသည် ဤရှည်လျားလှသော နယ်စပ်မြို့ရိုး များပေါ်တွင် နေထိုင်ကြပြီး ယဉ်ကျေးမှုနှစ်ခု ထိပ်တိုက်တွေ့ဆုံရာ နယ်စပ်မျဉ်းကို ကာကွယ် စောင့်ကြပ်နေကြခြင်း ဖြစ်သည်။
“ဒဏ္ဍာရီတွေအရ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီက နောက်ဆုံး သူတော်စင်ဧကရာဇ် ‘ယွီ’ ဟာ အနောက်ဘက်ဒေသကို အုပ်ချုပ်တဲ့ မဟာဧကရာဇ် ‘မိုရာ’ ကို တိုက်ခိုက်ဖို့ စစ်တပ်ကို ဦးဆောင်ခဲ့တယ်။ သူတို့နှစ်ယောက်ဟာ စစ်သည်ပေါင်း သန်းချီကို ဦးဆောင်ပြီး ဒီကျယ်ပြောလှတဲ့ သဲကန္တာရထဲမှာ တိုက်ပွဲဝင်ခဲ့ကြတာ။ နောက်ဆုံးမှာ ‘ယွီ’ က မဟာ ဧကရာဇ်မိုရာကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် တိုက်ခိုက်နိုင်ခဲ့ပေမဲ့ မဟာဧကရာဇ် မိုရာကတော့ အနောက်ဘက်ဒေသကို ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်။ အဲဒီနောက်မှာ ‘ယွီ’ က သူ့ရဲ့ နတ်ဘုရားတန်ခိုး စွမ်းအားကို သုံးပြီး သဲကန္တာရပြည် နယ်စပ်မှာ ဒီမဟာတံတိုင်းကြီးကို တည်ဆောက်ခဲ့တာပဲ။ ဒါဟာ သမိုင်းမှတ်တမ်းတွေထဲက ရှေးဟောင်း ဒဏ္ဍာရီတစ်ခုပေါ့။” ဟုန်ယွိသည် နတ်ဘုရားတန်ခိုးရှင် ဘုရင်ယန်တူးနှင့် အတူ ယှဉ်တွဲရပ်လျက် သူ၏ရှေ့မှောက်ရှိ အဆုံးအစမရှိသော သဲကန္တာရကြီးကို ညွှန်ပြကာ ပြောဆိုလိုက်သည်။
“မိုင်ပေါင်း သုံးသောင်းရှည်လျားတဲ့ ဒီခံတပ်ကြီးကို ခေတ်အဆက်ဆက် မင်းဆက်တွေက ပြုပြင်ထိန်းသိမ်းလာခဲ့ကြတာ။ အခုတော့ ဒါဟာ ဖျက်ဆီးလို့မရတဲ့ အခိုင်အမာခံတပ်ကြီး ဖြစ်နေပြီ။ မူလက ဘယ်လိုပုံစံလဲဆိုတာ ဘယ်သူမှမသိကြတော့ဘူး။ ဒါပေမဲ့ ဒါဟာ အလယ်ပိုင်း ကောင်းကင်နိုင်ငံရဲ့ အံ့ဖွယ်တွေထဲက တစ်ခုပဲ။ ဘယ်လောက်ပဲ စွမ်းအားကြီး တဲ့သူ ဖြစ်ပါစေ၊ ဒီလိုခံတပ်ကြီးမျိုးကို တစ်ယောက်တည်းနဲ့ မတည်ဆောက်နိုင်ဘူး။”
နတ်ဘုရားတန်ခိုးရှင်ဘုရင် ယန်တူးက အဝေးသို့ ညွှန်ပြရင်း ပြောလိုက်သည်။
“ဟွန့်… စစ်သည် သုံးသိန်းရဲ့ ရှေ့ပြေးတပ်ဖွဲ့တွေကတော့ သဲကန္တာရထဲကို ရောက်နေပြီ။ ကြည့်စမ်း... လွန်ခဲ့တဲ့ ရက်ပိုင်းက သဲကန္တာရထဲမှာ ကောင်းကင်တဲနန်းတွေ အခုလောက် အထိ အများကြီး မရှိသေးဘူး။ အခုတော့ ‘ကောင်းကင်တဲနန်း’တွေ အများကြီး တိုးလာပြီ ပဲ။ ‘ကောင်းကင်တဲနန်း’ ဆိုတာ လူပေါင်းထောင်ချီ ဆံ့တဲ့ တဲကြီးတွေပေါ့။ မြို့စားအဆင့်နဲ့ အထက် ပုဂ္ဂိုလ်တွေပဲ အဲဒါကို ပိုင်ဆိုင်နိုင်တာ။”
နတ်ဘုရားတန်ခိုးရှင် ဘုရင်ယန်တူး၏ ရှင်းပြချက်ကို ကြားရသည့်အခါ ဟုန်ယွိသည်လည်း သူ့အကြည့်ကို ထိုနေရာဆီသို့ ပို့လိုက်သည်။ မြို့ရိုးထက်မှ ကြည့်လျှင် မိုင်ပေါင်းထောင်ချီ ကျယ်ပြောလှသော "မဟာသဲကန္တာရကြီး" ကို မြင်တွေ့နေရသည်။ ဤဝါကျင်ကျင် သဲပြင် ကျယ်ကြီးမှာ အနောက်ဘက်ဒေသနှင့် ကောင်းကင်နိုင်ငံ ယဉ်ကျေးမှုတို့အကြား အကြီးမား ဆုံးသော အဟန့်အတား အတားအဆီးကြီး ဖြစ်သည်။
မိုင်ပေါင်း ထောင်သောင်းချီ အကွာအဝေးတွင် လျှို့ဝှက်ဆန်းကြယ်လှသော နှင်းဖုံး တောင်တန်းကြီး၏ အရိပ်အယောင်ကို မြင်တွေ့နေရသည်။ ထိုတောင်တန်းကြီးအောက် တွင် အနောက်ဘက်ဒေသ နိုင်ငံပေါင်းစုံ၏ စစ်စခန်းများ ရှိနေကြသည်။
သို့သော် ဤသဲကန္တာရကြီးကို ဖြတ်ကျော်ရန်မှာ အသက်ပေါင်းများစွာ ပေးဆပ်ရဦးမည် ဖြစ်သည်။ ထို့ကြောင့်ပင် ပိုးထည်နှင့် ကြွေထည်များကို ရောင်းချသော ကုန်သည်များသည် အနောက်ဘက်ဒေသတွင် ရွှေနှင့်လဲလှယ်ကာ ရောင်းချနိုင်ခြင်း ဖြစ်သည်။
မူလက ဤကျယ်ပြောလှသော သဲကန္တာရကြီးမှာ လူသူကင်းမဲ့ပြီး ခြောက်ကပ်လှသည်။ သဲကန္တာရဓားပြများ၊ ရက်စက်ကြမ်းကြုတ်သော ခိုးသူများ၊ အဆိပ်ပြင်းသော မြွေများနှင့် ကင်းမြီးကောက်များသာ ရှိတတ်သည်။ သို့သော် အခုတော့ ဝေးလံလှသော ထိုသဲကန္တာရ ထဲတွင် တစ်ရက်အတွင်းမှာပင် ကောင်းကင်တဲနန်း ပေါင်းများစွာ ပေါ်ပေါက်လာခဲ့ပြီ။ ကုလားအုတ်များ၊ သဲလှည်းများနှင့် စစ်အလံများမှာ နေရာအနှံ့ ပျံ့နှံ့နေပြီး လူပေါင်းများစွာ မှာ ပုရွက်ဆိတ်များအလား သွားလာလှုပ်ရှားနေကြသည်။ ကောင်းကင်ယံတွင်လည်း ပြင်းထန်လှသော စိတ်ဝိညာဉ် စွမ်းအားများနှင့် မိစ္ဆာအငွေ့အသက်များ စုစည်းနေသဖြင့် နတ်ဘုရားနှင့် သရဲတစ္ဆေများပင်လျှင် အနားမကပ်ရဲကြချေ။
ဤအငွေ့အသက်ကို ကြည့်ခြင်းဖြင့် ထိုနေရာတွင် သိုင်းပညာနှင့် တန်ခိုးစွမ်းအားကြီးမား သော ပုဂ္ဂိုလ်များစွာ ဖုံးကွယ်နေကြောင်း သိနိုင်သည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် "လူသားအင်မော်တယ်"နှင့် "မိုးကြိုးဘေးသင့် ပညာရှင်များပင်လျှင် အဆင်ခြင်မဲ့ ဝင်ရောက်ရဲမည် မဟုတ်ပေ။ ဟုန်ယွိပင်လျှင် စစ်တပ် နှစ်ခု ထိပ်တိုက်တွေ့ချိန်ကိုသာ စောင့်ရမည်ဟု တွေးတောမိလိုက်သည်။
...
ဝူ... ဝူ... ဝူ...
တစ်ဖက်ခြမ်းမှ စစ်ဘင်ခရာသံ ထွက်ပေါ်လာသည်။ ထိုအသံမှာ စစ်နတ်ဘုရားတစ်ဦး၏ ဟိန်းဟောက်သံ သို့မဟုတ် မိစ္ဆာနတ်ဘုရားတစ်ဦး၏ ဒေါသတကြီး ဟစ်ကြွေးသံနှင့်တူပြီး လူ့နှလုံးခုန်သံကို မြန်ဆန်စေသည်။
သဲကန္တာရထဲတွင် တပ်စွဲထားသော ထိုတဲပေါင်းများစွာမှာ သန့်စင်သော "ဓမ္မစစ်ပွဲ" ဆင်နွှဲ ရန် ရောက်ရှိလာကြသော အနောက်ဘက်ဒေသ နိုင်ငံပေါင်းတစ်ရာ၏ မဟာမိတ်စစ်တပ် များ ဖြစ်ကြောင်း ဟုန်ယွိ သိလိုက်သည်။
ပေပေါင်းများစွာ မြင့်မားသော တဲနန်းကြီးများမှာ တောင်တန်းကြီးများအလား တည်ရှိနေ ကြပြီး အချို့မှာ ရဲတိုက်ကြီးများထက်ပင် ကြီးမားလှသည်။ တဲနန်းများပေါ်တွင် ရေးဆွဲထား သော မိစ္ဆာများ၊ စစ်သူရဲများနှင့် ကြောက်မက်ဖွယ် သားရဲပုံစံများကို ဟုန်ယွိသည် ရှင်းလင်း စွာ မြင်တွေ့နေရသည်။ ၎င်းတို့မှာ နတ်ဘုရားတန်ခိုးရှင် ဘုရင်ယန်တူးပြောသည့် လူပေါင်း ထောင်ချီဆံ့သည့် "ကောင်းကင်တဲနန်း" များပင် ဖြစ်သည်။
စစ်ဘင်ခရာသံများအကြားတွင် တဲနန်းကြီးတစ်ခုအတွင်းမှ သံချပ်ကာဝတ် လူသန်ကြီးများ စွာ စနစ်တကျ ထွက်ပေါ်လာသည်ကို ဟုန်ယွိ မြင်လိုက်ရသည်။ စစ်အလံများ လွင့်ပျံလာ ပြီး ထိုလူသန်ကြီးများသည် ဒေါသတကြီး ဟိန်းဟောက်ကာ နှင်းဖြူရောင် ဧရာမ ဓားကောက်ကြီးများကို ထုတ်ဖော်ကာ လေ့ကျင့်နေကြသည်။ ထိုဓားကောက်ကြီးများထံမှ ရောင်ပြန်ဟပ်နေသော အလင်းတန်းများမှာ ဟုန်ယွိနှင့် ယန်တူးတို့၏ မျက်လုံးထဲတွင် ပြည့်နှက်နေသည်။
“ဒါဟာ လူတစ်ထောင်ပါ အဖွဲ့တစ်ဖွဲ့က ဓားသိုင်းလေ့ကျင့်နေတာပဲ။ တကယ် အစွမ်းထက် တဲ့ လူတွေကတော့ တဲနန်းတွေထဲမှာ ပုန်းနေကြတုန်းပဲ။ အနှစ်သာရ နတ်ဘုရားကျောင်း က ယဇ်ပုရောဟိတ်တွေလည်း အများကြီး ရှိနေဦးမှာပဲ။”
နတ်ဘုရားတန်ခိုးရှင် ဘုရင် ယန်တူးက ရန်သူ့ဓားကောက်ကြီးများကို စိုက်ကြည့်ရင်း မြို့ရိုးပေါ်ရှိ အထက်တန်းလွှာ မိသားစုကြီးများမှ တပည့်များကို တစ်ချက် ဝေ့ကြည့်လိုက် သည်။
ရန်သူ့စစ်တပ်၏ အခြေအနေကို မြင်တွေ့လိုက်ရသည့်အခါ အထက်တန်းလွှာ မိသားစုကြီး များမှ တပည့်များ၏ မျက်နှာထားများ အနည်းငယ် ပြောင်းလဲသွားကြသည်။ သူတို့သည် တစ်စုံတစ်ခုကို လေးလေးနက်နက် စဉ်းစားနေကြပြီး ဦးစွာရောက်ရှိလာစဉ်ကကဲ့သို့ မောက်မာရိုင်းစိုင်းသော အမူအရာမျိုး မရှိတော့ချေ။
သူတို့သည် အရူးများ မဟုတ်ကြပါ။ ဟွာလျှိုစစ်တပ်၏ အနေအထားကို လေ့လာပြီးနောက် ရန်သူကို အလွယ်တကူ အနိုင်ယူနိုင်သည်ဟု ပြောဆိုခြင်းမှာ မောက်မာရာကျမည်ကို နားလည်သွားကြသည်။
အထက်လွှာ မိသားစုကြီးများ၏ တပည့်အချို့မှာ အဆင့်မြင့် တာအိုပညာရပ်များကို လျှို့ဝှက် လေ့ကျင့်ထားကြသူများ ဖြစ်သည်။ သူတို့သည် ထိုပညာများကို အသုံးပြုကာ ရုတ်တရက် ချုံခိုတိုက်ခိုက်ပြီး သူတို့၏ စွမ်းအားကို ထုတ်ကြွားရန် မျှော်လင့်ထားခဲ့ကြ သည်။ သို့သော် အခုတော့ အစစ်မှန် စစ်မြေပြင်တွင် ကိုယ့်အသက်ကို ဘေးကင်းအောင် ကာကွယ်နိုင်လျှင်ပင် ကံကောင်းလှပြီဟု ထင်မြင်လာကြသည်။ တစ္ဆေအင်မော်တယ် အဆင့် ပညာရှင်တစ်ဦးပင်လျှင် ကိုယ့်ကိုယ်ကို ထိခိုက်မှုမရှိအောင် ကာကွယ်ရန် ခဲယဉ်းပေ လိမ့်မည်။ အကြောင်းမှာ ထိုပညာရှင်များသည် ဟုန်ယွိကဲ့သို့ "အတိတ်ကျမ်းစာ"ကို လေ့ကျင့်ထားသူများ မဟုတ်ကြသဖြင့် ခန္ဓာကိုယ် ပျက်စီးသွားပါက ချက်ချင်း ပြန်လည် အသက်သွင်းနိုင်မည် မဟုတ်ပေ။
တစ္ဆေအင်မော်တယ်များသည် အနည်းငယ် ဒဏ်ရာရရုံမျှဖြင့် သူတို့၏ ကျင့်စဉ်တိုးတက်မှု မှာ အဟန့်အတား ဖြစ်သွားတတ်သည်။
ရန်သူ့စစ်တပ်မှာ စစ်သည်ပေါင်း သိန်းနှင့်ချီ၍ ထူထပ်စွာ ရှိနေပြီး စစ်စခန်းများမှာလည်း မိုင်ပေါင်းရာချီ ရှည်လျားလှသည်။ ၎င်းမှာ အတိုင်းအဆမရှိ ကြီးမားလွန်းလှသဖြင့် မည်သူ ကရော မဆင်မခြင် လှုပ်ရှားရဲမည်နည်း။ တစ္ဆေအင်မော်တယ်အဆင့်သို့ ရောက်ရှိအောင် ကျင့်ကြံထားသူများသည် သေခြင်းနှင့် ရှင်ခြင်းကို ကျော်လွန်နေသူများ၊ သာမန်ထက် သာလွန်သူများ ဖြစ်ကြသည်။ သူတို့သည် ရန်သူ့စခန်းထဲသို့ မဆင်မခြင် ဝင်ရောက်ကာ အသက်အန္တရာယ်ဖြင့် စွန့်စားမည် မဟုတ်ချေ။ သေခြင်းတရားကို ကျော်လွန်ထားသော အင်မော်တယ်များသည် မိမိတို့၏ အသက်ကို ပို၍ပင် တန်ဖိုးထားတတ်ကြသည်။ အကယ်၍, သူတို့ မသေဆုံးလျှင်ပင် သူတို့၏ စိတ်ဝိညာဉ်မှာ ပြန်လည်ကုစား၍ မရနိုင် သော ထိခိုက်မှုမျိုး ခံရနိုင်သောကြောင့် ဖြစ်သည်။
ပို၍ ထူးခြားသည်မှာ ရန်သူ့စစ်တပ်အတွင်း၌လည်း နက်နဲသော တာအိုပညာရှင်များနှင့် နတ်ဘုရားလက်နက်များ ဖုံးကွယ်ထားသည်ဟူသော ကောလာဟလများပင် ဖြစ်သည်။
...
“ဒါဟာ ရှေ့ပြေးတပ်ဖွဲ့ပဲ ရှိသေးတာလား။ တကယ့် စစ်တပ်မကြီးသာ ရောက်လာရင် ဘယ်လောက်တောင် ထည်ဝါလိုက်မလဲ။” ဟုန်ယွိက ရန်သူ့အခြေအနေကို လေ့လာရင်း ပြောလိုက်သည်။ “ဒီရှေ့ပြေးတပ်ဖွဲ့မှာတင် စစ်သည် သုံးသိန်းရှိတယ်။ ကျွန်တွေ၊ အစေခံ တွေ၊ မြင်းလှည်းမောင်းသမားတွေ၊ အလုပ်အကျွေးပြုတဲ့ မိန်းမငယ်တွေပါ ပေါင်းရင် ငါးသိန်း ခြောက်သိန်းလောက် ရှိမှာပဲ။ မင်းသား... ကြည့်စမ်းပါဦး။ တဲနန်းတွေက မိုင်ပေါင်း ရာချီ ရှည်လျားနေတာဆိုတော့ လူတွေ ဒီထက်မက ပိုများနိုင်တယ်။ ဒီဂိုဘီသဲကန္တာရဟာ အနောက်ဘက်ဒေသနဲ့ အရမ်းဝေးတော့ ရေနဲ့ရိက္ခာ ထောက်ပံ့ဖို့ ခက်ခဲလိမ့်မယ်။ ဒီလောက်ကြီးတဲ့ စစ်တပ်ကြီး ဒီမှာတပ်စွဲထားရင် နေ့စဉ် စားနပ်ရိက္ခာ ကုန်ဆုံးမှုက မနည်းလှဘူး။ ဒါပေမဲ့ သူတို့တွေက တည်တည်ငြိမ်ငြိမ်ရှိပြီး ကြောက်ရွံ့ပုံမရဘူး။ ကျွန်တော် အပုပ်နံ့တောင် ခံလို့မရဘူး၊ သူတို့တွေ နေ့တိုင်း ရေချိုးနေကြသလိုပဲ။ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။”
ဟုန်ယွိ၏ မျက်လုံးများက ထက်မြက်လှသည်။ သူသည် စေ့စပ်သေချာပြီး လျင်မြန်စွာ တွေးတောနိုင်သူ ဖြစ်သဖြင့် ပြဿနာ၏ အဓိကအချက်ကို ချက်ချင်း ဖမ်းဆုပ်မိသည်။
စစ်သည် သုံးသိန်းအပြင် ကျွန်များနှင့် အစေခံများပါ ပေါင်းလျှင် ငါးသိန်း ခြောက်သိန်း ကျော် ရှိပေမည်။ မြင်းများ၊ ကုလားအုတ်များနှင့် ရိက္ခာများလည်း ရှိသေးသည်။ နေ့စဉ် စားနပ်ရိက္ခာနှင့် ရေသုံးစွဲမှုမှာ မဆိုထားနှင့်၊ နေ့စဉ် စွန့်ပစ်လိုက်သော အညစ်အကြေးများ ပင်လျှင် တောင်တစ်လုံး၊ ပင်လယ်တစ်ခုစာ ရှိပေလိမ့်မည်။ ထိုမျှ အညစ်အကြေးများမှ ထွက်ပေါ်လာသော အနံ့အသက်ဆိုးများမှာ ကပ်ရောဂါများကိုပင် ဖြစ်ပွားစေနိုင်သည်။
သို့သော် ယခုမူ ထိုပြဿနာများ ပျောက်ကွယ်နေသလို ရှိနေသည်။
ဟုန်ယွိသည် ဝေးလံလှသော စခန်းအတွင်းရှိ စစ်သည်များကို မြင်တွေ့နေရသည်။ သူတို့ တစ်ဦးချင်းစီမှာ သန်မာကြပြီး အနံ့အသက်ဆိုးများ မရှိချေ။ ထင်ရှားသည်မှာ သူတို့သည် ရေချိုးသန့်စင်မှုတွင် အလွန်ပင် ဂရုစိုက်ကြသည်။ တစ်ဦးချင်းစီမှာ ရုပ်ပိုင်းနှင့် စိတ်ပိုင်း ဆိုင်ရာ သန့်ရှင်းနေပြီး စွမ်းအင်များ ပြည့်ဝနေကြသည်။ ထို့ကြောင့် သူတို့သည် သူတို့၏ အကောင်းဆုံး တိုက်ခိုက်ရေးစွမ်းရည်ကို ထုတ်ဖော်နိုင်ကြပေလိမ့်မည်။
“အနှစ်သာရ နတ်ဘုရားကျောင်းဟာ ဒီမြို့ရဲ့ အနောက်ဘက်ဒေသမှာ နှစ်ပေါင်း ငါးထောင် ခြောက်ထောင်လောက် တည်ရှိလာခဲ့တာ။ ပညာရှင်တွေ အများကြီးရှိတယ်။ အခုတစ်ကြိမ် သူတို့က ‘ဓမ္မစစ်ပွဲ’ ကို ဆင်နွှဲဖို့ အစွမ်းကုန် ကြိုးစားလာကြတာပဲ။ ‘စကြဝဠာအိတ်’တို့ ‘ဖန်တီးခြင်းဘူးသီး’ တို့လို နတ်ဘုရားလက်နက်တွေ သူတို့မှာလည်း ရှိနိုင်တာပဲ။ ကြားရတာတော့ အနှစ်သာရ နတ်ဘုရားကျောင်းက မူလဝိညာဉ်နတ်ဘုရားက ‘ရှေးဟောင်းလျှိုရှန်တံခါး’ (အမှန်တရားဖုံးကွယ်ခြင်းတံခါး)လို့ ခေါ်တဲ့ နတ်ဘုရား လက်နက် တစ်ခုကို ထုတ်ပေးလိုက်တယ်တဲ့။ အဲဒီတံခါးနောက်ကွယ်မှာ ကျယ်ပြောလှတဲ့ ကမ္ဘာကြီးတစ်ခု ရှိနေပြီး၊ အဲဒီကနေ လိုအပ်တဲ့ စားနပ်ရိက္ခာတွေ အဆက်မပြတ် ထောက်ပံ့ပေးနေတာပဲ။” ဘုရင်ယန်တူးက ရှင်းပြသည်။
“ရှေးဟောင်း လျှိုရှန်တံခါး” ဟုန်ယွိသည် တည်ငြိမ်သူဖြစ်သော်လည်း ဤနာမည်ကို ကြားသည့်အခါ တုန်လှုပ်သွားရသည်။ ဤတံခါးမှာ လျှို့ဝှက်ဆန်းကြယ်လှသော နတ်ဘုရား လက်နက်တစ်ခု ဖြစ်သည်။ ဒိုင်ဇင်ဘုရားကျောင်း၏ ရှေးဟောင်းမှတ်တမ်းများ အရ ၎င်းသည် "စကြဝဠာ အိတ်" ထက်ပင် ပို၍ အစွမ်းထက်ပြီး စိတ်ဝိညာဉ်အဆင့်ရှိ တာအိုသခင်တစ်ဦး ဖန်တီးထား သော အလတ်စား ကမ္ဘာတစ်ခုနှင့်ပင် တူလှသည်။
သို့သော် ဟုန်ယွိသည် ၎င်းက မည်သည့်အရာဖြစ်သည်ကို အတိအကျ မသိရှိသေးချေ။ မှတ်တမ်းများတွင် နာမည်တစ်ခုသာ ပါရှိပြီး ၎င်း၏ပုံပန်းသဏ္ဌာန်မှာ မည်သို့ရှိသည်ကို မသိရချေ။
"လျှိုရှန်တံခါး" ဆိုသော အဓိပ္ပာယ်မှာ အမှန်တရားကို ဖုံးကွယ်ရန်နှင့် မိမိတို့၏ အကျိုးအမြတ်အတွက် လိမ်ညာမှုများကို ဖန်တီးကြခြင်းကို ဆိုလိုသည်။
ထိုနာမည်၏ အဓိပ္ပာယ်အတိုင်းပင်၊ ထိုလျှို့ဝှက်ဆန်းကြယ်သော တံခါး၏ နောက်ကွယ် တွင် မည်သည့်အမှန်တရားမျိုး ရှိနေသည်၊ ၎င်းမှာ မည်ကဲ့သို့သော ကမ္ဘာတစ်ခုဖြစ်သည်ကို မည်သူမျှ မသိရှိကြချေ။
“စစ်တပ်တစ်ခုကို တိုက်ခိုက်တဲ့နေရာမှာ အထိရောက်ဆုံး နည်းလမ်းက ရိက္ခာနဲ့ ရေကို ဖြတ်တောက်ပစ်တာပဲ။ ရန်သူ့စစ်တပ်က ဘယ်လောက်ပဲ ရက်စက်ကြမ်းတမ်းပြီး ပညာရှင် တွေ များနေပါစေ၊ ငါတို့သာ အားနည်းချက်တစ်ခုကို ရှာနိုင်ရင် သူတို့ ချက်ချင်း ပြိုလဲသွား မှာပဲ။ ဒီစစ်တပ်ဟာ သဲကန္တာရထဲမှာ အကြာကြီး နေထိုင်နေပေမဲ့ စားနပ်ရိက္ခာ ပြတ်တောက်မသွားတာက ‘ရှေးဟောင်း လျှိုရှန်တံခါး’ ရဲ့ ထောက်ပံ့မှုကြောင့်ပဲ ဖြစ်ရမယ်။ အဲဒီ နတ်ဘုရားလက်နက်သာ ငါတို့လက်ထဲ ရောက်လာရင် အနောက်ဘက်ဒေသ စစ်တပ် ဟာ အလိုလို ပြိုလဲသွားမှာပဲ။ သူတို့အားလုံးကို ဖမ်းဆီးပြီး ကျွန်အဖြစ် သုံးနိုင်ရင် ငါတို့နိုင်ငံ ရဲ့ အင်အားဟာ ဘယ်လောက်တောင် တိုးတက်လာမလဲ။” ဟုန်ယွိက တွေးတောရင်း ပြောလိုက်သည်။
“ငါလည်း ဒါကို သိလို့ လူလွှတ်ပြီး လျှို့ဝှက်စုံစမ်းခိုင်းခဲ့ဖူးပေမဲ့ အဲဒီလက်နက် ဘယ်မှာလဲ၊ ဘယ်သူ့လက်ထဲမှာလဲဆိုတာ မသိခဲ့ရဘူး။ ဒီသဲကန္တာရထဲမှာ အစွမ်းထက်တဲ့သူတွေ အများကြီး ပုန်းနေကြတယ်။ လုပ်ကြံသတ်ဖြတ်သူများခန်းမက ပညာရှင်အချို့ သွားစုံစမ်း ခဲ့ပေမဲ့ ဘယ်သူမှ ပြန်မလာနိုင်ကြတော့ဘူး။” နတ်ဘုရားတန်ခိုးရှင် ဘုရင်ယန်တူးက ခေါင်းယမ်းရင်း ဆိုသည်။
“ဒီတစ်ခါမှာတော့ အနှစ်သာရ နတ်ဘုရားကျောင်းဟာ တကယ့်ကို ဆုံးဖြတ်ချက် ခိုင်ခိုင် မာမာနဲ့ ‘ဓမ္မစစ်ပွဲ’ ကို စတင်လိုက်တာပဲ။ အနောက်ဘက်ဒေသမှာ လူဦးရေ သန်း ၆၀၀၊ ၇၀၀ လောက် ရှိတယ်။ သူတို့သာ စစ်အင်အား အပြည့်အဝ သုံးလာရင် ဒီခံတပ်ကြီးကို ပြိုလဲအောင် လုပ်နိုင်မှာပဲ။ ခံတပ်ကြီး ပြိုလဲသွားရင်တော့ ဒီရိုင်းစိုင်းသူတွေဟာ ပြည်တွင်း ကို ကျူးကျော်လာပြီး၊ ပြည်သူတွေလည်း ဒုက္ခပင်လယ် ဝေကြရတော့မှာပဲ။”
ဟုန်ယွိ ပြောဆိုနေစဉ် သူ၏ မျက်လုံးများမှ မှိန်ဖျော့ဖျော့ အလင်းတန်းများ ထွက်ပေါ်နေ သည်။
ရန်သူ့စစ်တပ်၏ အနေအထားကို ကြည့်ပြီး ဟုန်ယွိသည် အနောက်ဘက်ဒေသ ယဉ်ကျေးမှုတစ်ခုလုံး၏ ပြင်းထန်သော ဆုံးဖြတ်ချက်ကို နားလည်လိုက်သည်။ အကယ်၍ ရန်သူစစ်တပ်သာ ခံတပ်ကို ဖောက်ထွက်သွားနိုင်ပါက သူသည် အနှစ်သာရ နတ်ဘုရား ကျောင်းမှ ပညာရှင်များ၏ တိုက်ခိုက်မှုကို ဆက်တိုက် ခံနေရမည်ဖြစ်ပြီး ရန်သူ့စစ်တပ် ပြည်တွင်းသို့ တဟုန်ထိုး ကျူးကျော်ဝင်ရောက်မှုကို တားဆီးရန် အချိန်ရတော့မည် မဟုတ်ပေ။
အနောက်ဘက်ဒေသမှ လူများမှာ အလွန်ပင် ရက်စက် ကြမ်းကြုတ်ကြသူများ ဖြစ်ကြရာ၊ သူတို့ ကျူးကျော်ဝင်ရောက်လာပါက မည်မျှအထိ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လာမည်ကို ခန့်မှန်းကြည့်ရန်ပင် မခဲယဉ်းချေ။
သို့သော်လည်း ယခုအခါတွင် နတ်ဘုရားတန်ခိုးရှင်ဘုရင် ကိုယ်တိုင်ပင်လျှင် အနောက်ဘက်ဒေသ စစ်တပ်၏ ရိက္ခာနှင့် ရေပေးဝေမှုကို ထောက်ပံ့ပေးနေသည့် ဒဏ္ဍာရီ လာ "ရှေးဟောင်း လျှိုရှန်တံခါး"၏ တည်နေရာကို အတိအကျ မသိရှိသေးသဖြင့် ဟုန်ယွိ အနေဖြင့် မဆင်မခြင် မလှုပ်ရှားရဲသေးပေ။
ဟုန်ယွိ၏ မှော်စွမ်းအားမှာ အလွန်ပင် အစွမ်းထက်သော်လည်း တစ်ဖက်တွင်မူ မရေမတွက်နိုင်သော ပညာရှင်များရှိသည့် ယဉ်ကျေးမှု အဖွဲ့အစည်းတစ်ခုလုံး ရှိနေခြင်း ဖြစ်သည်။ သူတစ်ဦးတည်းနှင့် ထိုစစ်တပ်ကြီးတစ်ခုလုံးကို တိုက်ခိုက်ရန်မှာ မဖြစ်နိုင် သဖြင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မှုအတွင်းမှ ပြောင်းလဲလာမည့် အခွင့်အရေးများကိုသာ စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
အကယ်၍ မိမိတို့ဘက်မှ လူတွေအားလုံး စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြမည် ဆိုလျှင် ဟုန်ယွိအနေဖြင့် သူတစ်ဦးတည်း ဝင်ရောက်တိုက်ခိုက်ရန် ဝန်လေးမည် မဟုတ် ပေ။ သို့သော် ယခုအခါ တော်ဝင်ချန်ဘက်မှ အထက်တန်းလွှာ မိသားစုကြီးများထဲမှာလည်း ပုန်းကွယ်နေသော ပညာရှင်များစွာ ရှိနေသည်။ သူတို့သည် ဟုန်ယွိ အခြေအနေ မဟန်ချိန် သို့မဟုတ် ချုံခိုတိုက်ခိုက်ခံရချိန်ကို စောင့်ဆိုင်းပြီးမှ အမြတ်ထုတ်ရန် ချောင်းမြောင်းနေ သူများ ဖြစ်ကြရာ ဟုန်ယွိအနေဖြင့် မည်သို့လျှင် မဆင်မခြင် လှုပ်ရှားနိုင်ပါမည်နည်း။
...
ဒုန်း... ဒုန်း... ဒုန်း... ဒုန်း... ဒုန်း... ဒုန်း...
ဟုန်ယွိ၊ နတ်ဘုရားတန်ခိုးရှင်ဘုရင်နှင့် အထက်တန်းလွှာ မိသားစုဝင်များ မြို့ရိုးထက်တွင် လူစုခွဲကာ အခြေအနေကို စောင့်ကြည့်နေစဉ်မှာပင် ဝေးလံလှသော အနောက်ဘက်ဒေသ မဟာမိတ်စစ်တပ် စခန်းအတွင်းမှ လေးလံလှသော စည်တီးသံကြီးများ ရုတ်တရက် ထွက်ပေါ်လာတော့သည်။
ထိုစည်တီးသံများမှာ အလွန်ပင် ကျယ်လောင်လှပြီး မြေငလျင်လှုပ်သကဲ့သို့ မြေပြင် တစ်ခုလုံးကို တုန်ခါသွားစေသည်။ ကောင်းကင်ယံ အမြင့်ပိုင်းတွင် လွင့်မျောနေသော မီးရောင်အလား နီမြန်းနေသည့် တိမ်တိုက်များပင်လျှင် ထိုစည်သံများ၏ တုန်ခါမှုကြောင့် လွင့်စင်သွားကြသည်။
ထိုထည်ဝါလှသော စည်သံကြီးမှာ ကောင်းကင်နှင့် မြေကြီးအကြားတွင် လှိုင်းလုံးများ အလား ပျံ့နှံ့သွားပြီး ဟုန်ယွိ၏ စိတ်ဝိညာဉ်ကိုပင် အနည်းငယ် တုန်လှုပ်သွားစေသည်။
ထိုထည်ဝါသော စည်သံများအကြားတွင် သံချပ်ကာဝတ် စစ်သည်တော် အုပ်စုတစ်စုမှာ စစ်စခန်းအတွင်းမှ ပြေးထွက်လာကြသည်။ ၎င်းတို့မှာ စစ်မှန်သော သံချပ်ကာတပ်ဖွဲ့ဝင် များ ဖြစ်ကြပြီး တစ်ကိုယ်လုံးတွင် သံမဏိချပ်ဝတ်များကို ဝတ်ဆင်ကာ လက်ထဲတွင် ဧရာမ လှံရှည်ကြီးများကို ကိုင်ဆောင်ထားကြသည်။ သူတို့၏ ခါးတွင် ဓားကောက်ကြီးများ ကို ချိတ်ဆွဲထားပြီး တစ်ကိုယ်လုံးမှာ အဆင့်မြင့် သံမဏိများဖြင့် ဖုံးအုပ်ထားသဖြင့် သံမဏိ လှိုင်းလုံးကြီးတစ်ခု မြို့ရိုးအောက်သို့ တဟုန်ထိုး ချီတက်လာသည့်အလား မြင်တွေ့နေရ သည်။
အနောက်ဘက်ဒေသ၏ တိုက်ခိုက်ရာတွင် အစွမ်းထက်ဆုံး မြင်းစီးစစ်သည်တော်များ စတင်လှုပ်ရှား လာပြီး မြို့တံခါးဆီသို့ ဦးတည်ကာ ချီတက်လာကြပြီ ဖြစ်သည်။
“မြင်းစီးစစ်သည်တွေ သုံးပြီး မြို့ကို တိုက်မလို့လား။ သူတို့ ရူးနေတာလား။ ဒီစစ်သည် တွေဟာ သိုင်းသူတော်စင်တွေ ဖြစ်နေရင်တောင် ဒီလောက် မြင့်မားပြီး ထူထဲလှတဲ့ တောင်တန်းကြီးလို မြို့ရိုးကြီးကို တိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ အလကားပဲ။” အထန်းတန်းလွှာ မိသားစုဝင် လူငယ်တစ်ဦးက ထိုမြင်ကွင်းကို ကြည့်ပြီး မနေနိုင်ဘဲ ပြောဆိုလိုက်သည်။
ဘုရင်ယန်တူး၏ မျက်နှာမှာမူ အလွန်ပင် တည်ကြည်လေးနက်နေပြီး သူ၏လက်ကို ဝှေ့ယမ်းကာ အမိန့်ပေးလိုက်တော့သည်။
“ငါ့ရဲ့ အမိန့်ကို အမြန်ဆုံး ဖြန့်လိုက်ကြ။ ဖန်ရှန်းတာအိုဂိုဏ်းရဲ့ ‘သံချပ်ကာ မိုးကြိုး’ တွေကို ပြင်ဆင်ထားကြ။”
အခန်း (၄၄၀)။
“သံချပ်ကာ နတ်ဘုရားမိုးကြိုး ဟုတ်လား။”
နတ်ဘုရားတန်ခိုးရှင်ဘုရင် ယန်တူး၏ စကားကို ကြားလိုက်ရသည့်အခါ ဟုန်ယွိသာမက ကျန်ရှိနေသည့် မျိုးရိုးမြင့် မိသားစုကြီးများမှ လူငယ်များပါ မှင်သက်သွားကြသည်။ မြို့ရိုး နောက်ကွယ်ရှိ ဧရာမခံတပ်ကြီးအတွင်းမှ သံမဏိစစ်ရထားများကို တွန်းထုတ်လာကြ သည်ကို သူတို့ မြင်တွေ့လိုက်ရသည်။ ထိုသံမဏိစစ်ရထားများမှာ အလွန်ပင် ကြီးမားလှ သဖြင့် သိုင်းစစ်သည်တော်အဆင့်ရှိ ပညာရှင် တစ်ဒါဇင်ခန့် စုပေါင်းတွန်းမှသာ ရွေ့လျား နိုင်သည်။
ပြောင်လက်နေသော သံမဏိဘီးများမှာ မြို့ရိုးကြမ်းပြင်နှင့် ပွတ်တိုက်မိကာ နားကွဲမတတ် စူးရှသောအသံများ ထွက်ပေါ်နေသည်။ အနည်းဆုံး အစီးပေါင်း ရာနှင့်ချီသည့် သံမဏိ စစ်ရထား တန်းရှည်ကြီး မြို့ရိုးထိပ်သို့ တွန်းထုတ်လာကြသည်။ ၎င်းတို့၏ ကြီးမား ရှည်လျားသော ပြောင်းဝကြီးများမှာ သံမဏိလှိုင်းလုံးကြီးသဖွယ် မြို့ရိုးအောက်သို့ ချီတက် လာနေသော ရန်သူ့စစ်တပ်ဆီသို့ ချိန်ရွယ်ထားကြသည်။
လူတိုင်းမှာ ကန့်၊ ယမ်းစိမ်းနှင့် မီးသွေးတို့၏ ပြင်းထန်သော အနံ့အသက်ကို ရရှိနေကြ သည်။ ဖရဲသီးအရွယ်အစားခန့်ရှိ သံလုံးကြီးများကိုလည်း ထိုသံမဏိစစ်ရထားများ အတွင်း သို့ ဖြည့်တင်းနေကြသည်။
မျိုးရိုးမြင့် မိသားစုများမှ လူငယ်များသည် ဤအရာမျိုးကို တစ်ခါမျှ မမြင်ဖူးကြသော်လည်း ဟုန်ယွိကမူ ရုတ်တရက် သတိရသွားသည်။ သူသည် ပင်လယ်ပြင်တွင် ဖူဘိုရေတပ် ဗိုလ်ချုပ် ရှောင်ထျန်းယောင်ကို သတ်ဖြတ်စဉ်က ရန်သူ့သင်္ဘောပေါ်တွင် ဤလက်နက်မျိုး အနည်းငယ် ပါရှိခဲ့ဖူးသည်။ ထိုလက်နက်များမှာ ပြင်းထန်သော ပေါက်ကွဲမူနှင့်အတူ ကြီးမားသော စွမ်းအားများကို ထုတ်လွှတ်နိုင်စွမ်း ရှိသည်။
အကယ်၍ ဟုန်ယွိသာ တစ္ဆေအင်မော်တယ်အဆင့်သို့ မရောက်ရှိသေးဘဲ "အတိတ်ကျမ်း စာ" ကို လေ့ကျင့်မထားပါက ၎င်းတို့ကို ခုခံနိုင်ရန် မလွယ်ကူပေ။
ဤကဲ့သို့ နတ်ဘုရားမိုးကြိုးမျိုးမှာ ရှေးဦးခေတ်ကတည်းက ဆင်းသက်လာသည့် "ပြင်ပ ဆေးလုံး" များမှတဆင့် ဖန်တီးထားသည့် နတ်ဘုရားပစ္စည်းတစ်ခု ဖြစ်ပြီး၊ ကောင်းကင်ဘုံ ၏ မိုးကြိုး ၃၆ မျိုးထဲမှ တစ်မျိုးဖြစ်သည့် "သံချပ်ကာ နတ်ဘုရားမိုးကြိုး" ဖြစ်ကာ "အမြောက်မိုးကြိုး" ဟုလည်း လူသိများသည်။
ယမ်းမှုန့်ပေါက်ကွဲမှု၏ တွန်းကန်အားကို အသုံးပြုထားသော ဤလက်နက်၏ ပစ်ခတ်မှု အကွာအဝေးမှာ ခြေလှမ်း ၇,၀၀၀ မှ ၈,၀၀၀ ခန့်အထိ ရောက်ရှိနိုင်သည်။ ၎င်းမှာ နတ်ဘုရားလေး သို့မဟုတ် ဒူးလေးတို့၏ ပစ်ခတ်နိုင်စွမ်းထက် ၁၀ ဆခန့် ပိုမိုဝေးကွာခြင်း ဖြစ်သည်။
ချီဇီယန်၏ "သက်တံထိုးဖောက်" လေးသည်ပင် ခြေလှမ်း ၇၀၀ မှ ၈၀၀ ခန့်သာ ပစ်နိုင်ခြင်း ဖြစ်သည်။ ထို့ပြင် ၎င်း၏ ဖျက်ဆီးအားမှာ မြှား သို့မဟုတ် ဒူးလေးတို့ထက် အဆပေါင်း ၁၀၀ မက ပိုမိုပြင်းထန်လှသည်။ သံလုံးကြီးမှာ ပစ်မှတ်ကို ထိမှန်သည်နှင့် ပြင်းထန်သော ပေါက်ကွဲမှုကို ဖြစ်ပေါ်စေသည်။ ၎င်းမှာ ဟုန်ယွိ၏ "ဆေးမီးလျှံ နတ်ဘုရားဓား" လောက် မပြင်းထန်သော်လည်း တစ္ဆေအင်မော်တယ်အဆင့် ပညာရှင်တစ်ဦး၏ စိတ်ဝိညာဉ်ကို အစိတ်စိတ်မွှာမွှာ ဖြစ်သွားစေလောက်အောင် စွမ်းအားကြီးမားလှသည်။
ဤသည်မှာ တော်ဝင်ချန်မင်းဆက် တော်ဝင်မိသားစု၏ လျှို့ဝှက်လက်နက် ဖြစ်သည်။ တော်ဝင်ချန်ဧကရာဇ်က ဤကဲ့သို့သော နိုင်ငံတော်ရတနာကို နတ်ဘုရားတန်ခိုးရှင်ဘုရင် အသုံးပြုရန်အတွက် အနောက်ဘက်ဒေသသို့ ပို့ဆောင်ပေးလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
သို့သော် ဤအချက်ကို ကြည့်ခြင်းအားဖြင့် ဧကရာဇ်၏ စိတ်သဘောထား ကြီးမြတ်မှုကို မြင်တွေ့နိုင်သည်။ သူသည် နတ်ဘုရားတန်ခိုးရှင်ဘုရင် သစ္စာဖောက်မည်ကို မစိုးရိမ်ပေ။ အကြောင်းမှာ သူ့တွင် သူတို့ကို နှိမ်နင်းရန် အကြွင်းမဲ့ စွမ်းအားများ ရှိနေသောကြောင့် ဖြစ်သည်။
“ဟားဟားဟား... ဟားဟားဟား...”
မြို့ပြင်ရှိ မဟာသဲကန္တာရထဲမှ တဟုန်ထိုး ချီတက်လာနေသည့် သံမဏိစစ်တပ်ကြီး၏ ခေါင်းဆောင်မှာ တစ်စုံတစ်ခုကို ရိပ်မိသွားပုံရသည်။ မြို့ရိုးနှင့် နီးကပ်လာသည့်အခါ သူက ရုတ်တရက် ကျယ်လောင်စွာ အော်ပြောလိုက်သည်။ ထိုသံမဏိစစ်တပ်ကြီးမှာ သံချပ်ကာ မိုးကြိုး၏ ပစ်ခတ်နိုင်စွမ်း အကွာအဝေး၏ အဆုံးသတ်ဖြစ်သော ခြေလှမ်း ၈,၀၀၀ အကွာ တွင် ချက်ချင်း ရပ်တန့်သွားတော့သည်။ ထိုအချိန်မှာပင် စစ်ဗိုလ်ချုပ်၏ ပါးစပ်မှ ကမ္ဘာမြေ တုန်ခါမတတ် ရယ်မောသံကြီး ထွက်ပေါ်လာသည်။ ထိုအသံကို ၁၀ မိုင်ပတ်လည်အတွင်း ရှင်းလင်းစွာ ကြားနိုင်ပေသည်။
“စစ်တပ်ကို ဦးဆောင်လာတဲ့ စစ်ဗိုလ်ချုပ်က သိုင်းသူတော်စင်အဆင့်ပဲ။”
ထိုအသံကို ကြားလိုက်ရသည်နှင့် ဟုန်ယွိ၏ စိတ်ထဲတွင် လှုပ်ခတ်သွားသည်။ အသံ၏ တုန်ခါမှုမှတစ်ဆင့် ဟုန်ယွိ၏ ထက်မြက်လှသော စိတ်ဝိညာဉ်က အချက်အလက်အချို့ကို သိရှိလိုက်ခြင်း ဖြစ်သည်။ သူက လှမ်းကြည့်လိုက်သည့်အခါ ခြေလှမ်း ၈,၀၀၀ အကွာရှိ အနောက်ဘက်ဒေသ စစ်ဗိုလ်ချုပ်မှာ တောက်ပသော ငွေရောင်သံချပ်ကာကို ဝတ်ဆင် ထားသည်ကို မြင်လိုက်ရသည်။ သူစီးနင်းလာသော မြင်းမှာပင် သံချပ်ကာများ ဖုံးအုပ်ထား သည်။ သူသည် ပုံမှန်ထက် ပိုမိုမြင့်မားထည်ဝါပြီး လက်ထဲတွင် လှံရှည်ကြီးကို ကိုင်ဆောင် ကာ ခါးတွင် ဧရာမ ဓားကောက်ကြီးကို ချိတ်ဆွဲထားသည်။ သူ၏ စစ်ဦးထုပ်မှာ အလွန်ပင် ကြီးမားပြီး ခေါင်းပေါ်တွင် သံမဏိဆူးချွန် နှစ်ခုကြောင့် နတ်ဆိုးဘုရင် တစ်ပါးနှင့်ပင် တူနေ တော့သည်။
“မှန်တယ်။ သူကတော့ ဟွာလျိုနိုင်ငံ ကျူးလစ်မြို့စား လော့ဒင်ပဲ။ ငါတို့ တော်ဝင်ချန်ရဲ့ ရာထူးဘွဲ့ အဆင့်အတန်းနဲ့ဆိုရင် သူဟာ မြို့စားကြီး တစ်ယောက်ပေါ့။ သူက မြို့စားကြီး သုံးဦးထဲက တစ်ယောက်ဖြစ်ပြီး သူ့ရဲ့အာဏာက မင်းညီမင်းသားတွေရဲ့ အောက်မှာပဲ ရှိတယ်။ သူနဲ့အတူပါလာတဲ့ မြင်းစီးစစ်သည် သုံးထောင်ဟာ တိုက်ခိုက်ရာမှာ ကျွမ်းကျင်တဲ့ အထွက်အထိပ် သိုင်းသခင်တွေ ဖြစ်ကြသလို၊ ရှင်တန်သိုင်းသခင်အဆင့် ပညာရှင်တွေ တောင် ပါတယ်။ သူကိုယ်တိုင်ကလည်း သိုင်းသူတော်စင် တစ်ယောက်ဖြစ်ပြီး အခုဆိုရင် သူ့ရဲ့ သိုင်းပညာက အများကြီး တိုးတက်လာပုံရတယ်။”
နတ်ဘုရားတန်ခိုးရှင် ဘုရင်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် အဝေးရှိ မြင်းစီး စစ်သည် သုံးထောင်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။ သူ့မျက်နှာအမူအရာမှာ အနည်း ငယ် ပြောင်းလဲသွားသည်။
ဤမြင်းစီးစစ်သည် သုံးထောင်သည် သဲကန္တာရထဲတွင် သောင်းနှင့်ချီသော၊ သို့မဟုတ် သိန်းနှင့်ချီသော ခြေလျင်တပ်သားများကို အလွယ်တကူ ချေမှုန်းနိုင်စွမ်း ရှိကြသည်။
“သူက ကျူးလစ်မြို့စားကြီးလား။ နန်းတော်က သူ့ခေါင်းအတွက် ငွေဒင်္ဂါး တစ်သိန်း ဆုငွေ ထုတ်ထားတာလေ။ သူ့ကို သတ်နိုင်တဲ့သူကို ‘ရှင်းယုံရဲ့ ပထမအဆင့်မြို့စား’ဘွဲ့ အပြင် ကျွန် ၅၀၀၊ စံအိမ်ကြီး ၈ လုံးနဲ့ မြေယာဧက ထောင်ချီ ဆုချီးမြှင့်မယ်လို့ ကြေညာထားတာ။ အခုထိတော့ ဘယ်သူမှ သူ့ခေါင်းကို မဖြတ်နိုင်သေးဘူး။”
ယန်တူး၏ စကားကို ကြားသည့်အခါ အထက်တန်းလွှာ မိသားစုကြီးများမှ လူငယ်အချို့က တီးတိုး ဆွေးနွေးလာကြသည်။
သိုင်းပညာကို အားပေးရန်အတွက် စစ်ရေးဌာနက ဤကဲ့သို့ ဆုလာဘ်များ ချီးမြှင့်သည့် စည်းမျဉ်းကို လွန်ခဲ့သော နှစ်ပေါင်း (၂၀) ကတည်းက ဟုန်ရွှန်ကျိနှင့် ဧကရာဇ် ယန်ဖန်တို့ က သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ အချို့သော ဆုလာဘ်များမှာ အလွန်ပင် မြင့်မားလှသည်။ ဥပမာအားဖြင့် ယွန်မင်နိုင်ငံ၏ သံမဏိဗုဒ္ဓမြင်းတပ်၏ စစ်သေနာပတိ ‘ဘီရှီဟွာ’ ကို သတ်နိုင်လျှင် နယ်စားဘွဲ့အပြင် ရွှေဒင်္ဂါးတစ်သောင်း၊ မြေဧကတစ်သောင်း၊ စံအိမ် ဆယ်လုံးနှင့် အစေခံ သုံးထောင်အထိ ချီးမြှင့်မည်ဟု သတ်မှတ်ထားသည်။
သို့သော်လည်း ယနေ့အထိတိုင် မည်သူမျှ ထိုဆုလာဘ်ကို အရမယူနိုင်သေးချေ။ အတွင်းရေးကို သိရှိထားသူများကမူ ဘီရှီဟွာသည် ‘မဟာနတ်ဆိုးအင်မော်တယ် ရှစ်ဦး’ ထဲ မှ တစ်ဦးဖြစ်သည့် ‘မဟူရာဝံပုလွေဘုရင်’ ဖြစ်ကြောင်း သိကြသည်။ သူ၏ သိုင်းပညာမှာ ကြောက်မက်ဖွယ်ကောင်းပြီး တာအိုပညာမှာလည်း ပိုမိုနက်နဲလှရာ သူ့ကို သတ်ရန်မှာ လွယ်ကူသော အလုပ်မဟုတ်ပေ။
“သူ့ကိုသတ်ရင် ပထမအဆင့် မြို့စားဖြစ်မှာလား။ ငွေဒင်္ဂါး တစ်သိန်းလား။ ပြီးတော့ ကျွန်တွေ မြေယာတွေ အများကြီးရမယ်ပေါ့။ ဒီလူက တကယ်ကို တန်ဖိုးကြီးတာပဲ။ မဆိုးပါ ဘူး။ သိုင်းသူတော်စင်တစ်ယောက်ဆိုတော့ ဒီလောက်တော့ အဖိုးတန်သင့်ပါတယ်။”
ဟုန်ယွိသည် စိတ်ထဲမှ ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း သုံးယောက်တစ်စု၊ ငါးယောက်တစ်စု စုဝေးနေကြသော မျိုးရိုးမြင့်မိသားစုကြီးများမှ ထိုတပည့်များကို ကြည့်လိုက်သည်။
ခေတ္တမျှ ဆွေးနွေးပြီးနောက် ထိုတပည့်များ၏ မျက်နှာတွင် ဖော်ပြရခက်သော အပြုံးများ ပေါ်လာကြသည်။ သူတို့ မည်သည့်အကြောင်း တွေးနေကြသည်ကို မည်သူမျှ မသိနိုင်သော် လည်း သူတို့အားလုံးမှာ တစ်စုံတစ်ခုကို အလေးအနက်ထား စဉ်းစားနေပုံရသည်။
ထိုအချိန်မှာပင် မျိုးရိုးမြင့်မိသားစု တပည့်များ၏ အစေခံများနှင့် ပညာရှင်များအကြားတွင် တီးတိုးပြောဆိုသံများ ပျံ့နှံ့သွားသည်။
ဤနေရာတွင် မျိုးရိုးမြင့်မိသားစုဝင် ရာနှင့်ချီ ရှိနေသည်။ အဆင့်နိမ့်ဆုံး မိသားစုဝင်များမှာ ပင် အစေခံပညာရှင် ၁၀ ဦးထက်မနည်း ပါရှိသည်။ ဝမ်ဖုန်းကဲ့သို့သော ပုဂ္ဂိုလ်ဆိုလျှင် သူ့ဘေးတွင် ပညာရှင်ရာနှင့်ချီ ရှိနေသဖြင့် စစ်တပ်ငယ်လေးတစ်ခုနှင့်ပင် တူလှသည်။
ထိုသူများထဲမှ လူပေါင်းများစွာမှာ သူတို့၏ စွမ်းအားကို ဖုံးကွယ်ထားကြသူများ ဖြစ်သည်။ ဟုန်ယွိသည် ထိုလူများထဲတွင် မဟာဆရာသခင်အဆင့်အချို့နှင့် နက်နဲသော တာအိုပညာ ရပ်များကို လေ့ကျင့်ထားသူ အချို့ကိုပင် မြင်တွေ့လိုက်ရသည်။
ဝမ်ဖုန်းကိုယ်တိုင်၏ သိုင်းပညာမှာလည်း မဟာဆရာသခင် အဆင့်တွင် ရှိနေပုံရသည်။ သို့သော် ဟုန်ယွိအနေဖြင့် ဝမ်ဖုန်းသည် တာအိုပညာများကိုလည်း လေ့ကျင့်ထားကြောင်း အသေအချာ ပြောနိုင်သည်။ သူ၏ပညာ မည်မျှနက်နဲသည်ကိုမူ ဝမ်ဖုန်းက အလွန်သတိ ထားပြီး ဖုံးကွယ်ထားသဖြင့် မသိနိုင်သေးချေ။
“ယန်တူး…၊ မင်းကိုယ်မင်း နတ်ဘုရားတန်ခိုးရှင်ဘုရင်လို့ ခေါ်နေပေမဲ့, ငါတော့ မင်းဆီမှာ ဘာနတ်ဘုရားတန်ခိုးမှ မမြင်ရပါလား။ မင်းက အဲဒီ သံချပ်ကာမိုးကြိုးတွေကိုပဲ အားကိုး တတ်တာလား။ ဒါမှမဟုတ် ‘အရှက်ရစရာ တံတိုင်းကြီး’ နောက်ကွယ်မှာပဲ ခေါင်းငုံ့ပြီး ပုန်းနေတော့မှာလား။ မင်းတို့ တော်ဝင်ချန်က လူတွေက ကိုယ့်ကိုယ်ကိုယ် ‘ကောင်းကင် နိုင်ငံ’သားလို့ ခေါ်ကြပေမဲ့ ငါ့အမြင်မှာတော့ မင်းတို့ဟာ ‘လိပ်ပြည်နယ်’၊ ‘အရှက်ရစရာ ပြည်နယ်’က လူတွေပဲ။ မင်းမှာ အရည်အချင်းရှိရင် ထွက်လာပြီး ငါနဲ့ တရားမျှတစွာ တိုက်ခိုက်စမ်း။”
ကျူးလစ်မြို့စား လော့ဒင်၏ ကျယ်လောင်လှသော အော်ပြောသံက ပတ်ဝန်းကျင်တစ်ခု လုံးကို တုန်ခါသွားစေသည်။ သူသည် မြင်းစီးစစ်သည် သုံးထောင်၏ ခေါင်းဆောင်အဖြစ် ခန့်ညားစွာ ရပ်တည်နေသည်။
သူ၏ လက်ထဲရှိ လှံရှည်ကြီးမှာ အနည်းငယ် တုန်ခါသွားပြီး ကောင်းကင်ယံကို ထိုးဖောက် တော့မည့်အလား လျှို့ဝှက်ဆန်းကြယ်သော လှုပ်ရှားမှုတစ်ခုကို ပြုလုပ်လိုက် သည်။
“ဒီလူရိုင်းရဲ့ တော်ဝင်ချန်စကား ပြောဆိုပုံက မဆိုးဘူးပဲ။ သူ့အသံထွက်က တော်တော် လေး မှန်ကန်တယ်။ ကဲ... အားလုံးပဲ၊ ဘယ်သူ သူ့ခေါင်းကို သွားဖြတ်မလဲ။ သွားတိုက်မယ့် လူကို ငါက မြင်းစီးစစ်သည် ၅,၀၀၀ နဲ့ နောက်ကနေ ဝန်းရံပေးမယ်။” နတ်ဘုရားတန်ခိုးရှင် ဘုရင် ယန်တူးက ရန်သူ၏ စိန်ခေါ်သံကို ကြားသည့်အခါ အေးဆေးစွာ ပြုံးလိုက်ပြီး မျိုးရိုးမြင့်မိသားစုကြီးများ၏ တပည့်များကို ဝေ့ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
ယန်တူး၏ အကြည့်နှင့် ဆုံသည့်အခါ ထိုတပည့်များမှာ အကြည့်လွှဲသွားကြသည်။
ကျူးလစ်မြို့စားကို ရင်ဆိုင်ရန်မှာ မလွယ်ကူကြောင်း သူတို့ သိကြသည်။ စစ်မြေပြင်မှာ အလွန်အန္တရာယ်များလှသဖြင့် မဆင်မခြင် လုပ်ဆောင်ပါက အသက်ဆုံးရှုံးနိုင်သည်။ ဤနေရာရှိ လူတိုင်းမှာ ပါးနပ်သူများ ဖြစ်ကြသည်။ သူတို့သည် ရန်စခံရရုံမျှဖြင့် မဆင်မခြင် ပြေးထွက်သွားမည့် သွေးကြွနေသော လူငယ်များ မဟုတ်ကြပေ။
အနောက်ဘက်ဒေသ မဟာမိတ်စစ်တပ်၏ ကြီးမားလှသော အင်အားကို မြင်တွေ့လိုက်ရ သည့်အခါ ပါးနပ်သည့် မည်သူမဆို နှစ်ခါပြန် စဉ်းစားကြပေလိမ့်မည်။
ဝမ်ဖုန်းပင်လျှင် မြို့ရိုးပေါ်ရှိ ချီလင်၏ ထိန်းကျောင်းမှုကို ခံနေရသော ရွှေရောင်မျောက်ဝံ ကြီး ယွမ်ကုန်းမင်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ အကယ်၍ ယွမ်ကုန်းမင် သာ သူ့ဘေးမှာ ရှိနေလျှင် သူ စမ်းသပ်တိုက်ခိုက်ကြည့်ပေလိမ့်မည်။ သို့သော် အခုတော့ သူ ဝေခွဲမရ ဖြစ်နေသည်။
စစ်ဘက်ရေးရာ ဝန်ကြီးဌာန၏ ဆုငွေစာရင်းထဲမှ လူကို သတ်ဖြတ်နိုင်ပါက ကမ္ဘာကျော် သွားမည် ဖြစ်သော်လည်း၊ လုပ်ဆောင်နိုင်စွမ်း ရှိမရှိ မိမိ၏ အရည်အချင်းပေါ်တွင်သာ မူတည်သည်။ ဤအထက်တန်းလွှာ မိသားစုကြီးများ၏ တပည့်များသည် သိုင်းသူတော်စင် တစ်ယောက်တည်းကို ရင်ဆိုင်ရန် ယုံကြည်ချက်ရှိကြသော်လည်း စစ်တပ်ကြီးတစ်ခုနှင့် အနှစ်သာရ နတ်ဘုရားကျောင်း၏ ထောက်ပံ့မှုရှိနေသော သိုင်းသူတော်စင်တစ်ဦးကို ရင်ဆိုင်ရန်မှာမူ အလွန်ခက်ခဲလှပေသည်။
...
“နတ်ဘုရားတန်ခိုးရှင်ဘုရင်ရဲ့ စစ်တပ်က ကိုယ်တိုင် လှုပ်ရှားစရာ မလိုပါဘူး။ ဒီကောင်ကို ကျွန်တော်ပဲ သွားသတ်ပါ့မယ်။”
ယန်တူးက ဝေ့ကြည့်နေစဉ်မှာပင် အနည်းငယ် ပိန်ပါးသည့် တပည့်တစ်ဦး ရှေ့ထွက်လာ ပြီး ပြောလိုက်သည်။ သူသည် ပါးလွှာသော ပိတ်ချောစ ဝတ်ရုံကို ဝတ်ဆင်ထားပြီး လက်ထဲ တွင် ခေါက်ယပ်တောင်တစ်ချောင်းကို ကိုင်ဆောင်ထားကာ ပညာရှင်တစ်ဦး၏ ပုံစံမျိုး ရှိသည်။
“ဟင်။” ဟုန်ယွိသည် ထိုတပည့်ကို မြင်လိုက်ရသည့်အခါ စိတ်ထဲတွင် လှုပ်ခတ်သွား၏။
ထိုတပည့်မှာ လူအုပ်စုထဲတွင် ဖုံးကွယ်နေသဖြင့် မည်သူမျှ သတိမထားမိခဲ့ကြပေ။ သို့သော် သူ ထွက်ပေါ်လာသည်နှင့် လူတိုင်း၏ စိတ်အာရုံကို ဖမ်းစားနိုင်သည်။ သူ ယပ်တောင်ကို ခတ်လိုက်စဉ်မှာ ယပ်တောင်က တောက်ပသွားသည်။ သူ၏ မျက်လုံးများမှာ ပင်လယ်ပြင် ၏ ဝဲဂယက်ကဲ့သို့ နက်ရှိုင်းလှပြီး လျှို့ဝှက်ချက်များ ဖုံးကွယ်နေပုံရသည်။
သို့သော် ဟုန်ယွိ၏ စိတ်အာရုံကို အဖမ်းစားနိုင်ဆုံးအချက်မှာ ထိုလူဝတ်ဆင်ထားသော အဝတ်အစားများ ဖြစ်သည်။ ထိုဝတ်ရုံပေါ်တွင် မြူနှင်းများအလား ပါးလွှာသော ရေငွေ့ ဓာတ်များ ရစ်ဝိုင်းနေပြီး ဖုန်မှုန့်တစ်စပင် ခန္ဓာကိုယ်ပေါ်သို့ မကျရောက်နိုင်အောင် သန့်စင် ပေးနေသည်။
“အစစ်မှန် ဖုန်မှုန့်သန့်စင် ရေလွှာဝတ်ရုံလား။” ဟုန်ယွိက မေးလိုက်သည်။
“ကျွမ့်ယွမ်, မင်းက တကယ့်ကို အသိအမြင် ကျယ်တာပဲ။ ဒီဝတ်ရုံအကြောင်းကိုပါ သိနေ တယ်ပေါ့။ တောင်တန်းတွေပေါ်မှာ ကျင့်ကြံသူတွေဟာ တစ်ယောက်တည်း ကျင့်ကြံ အားထုတ်နေရတာဆိုတော့ ခန္ဓာကိုယ် သန့်ရှင်းဖို့ အချိန်မရှိကြဘူး။ ဒီဝတ်ရုံမှာပါတဲ့ ‘အစစ်မှန် ရေဓာတ်’ စွမ်းအင်က ခန္ဓာကိုယ်ပေါ်က အညစ်အကြေးတွေကို အလိုလို သန့်စင် ပေးတာ။ အနောက်ဘက်ဒေသက လေတိုက်ပြီး သဲတွေများလွန်းလို့ ငါက သဲဒဏ်ကနေ ကာကွယ်ဖို့ ခေတ္တဝတ်ထားတာပါ။ မဟုတ်ရင် ဒီသဲကန္တာရထဲမှာ ရေသုံးဖို့က အရမ်းခက်ခဲ လိမ့်မယ်။”
ထိုတပည့်က သူ့လက်ရှိ ယပ်တောင်ကို အစေခံ ပစ်ပေးလိုက်ရာ သူ့နောက်မှ အစေခံက ချက်ချင်း ဖမ်းယူကာ သိမ်းဆည်းလိုက်သည်။
သူ့ဝတ်ရုံကို သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီးနောက် ထိုတပည့်က ပြောလိုက်သည်။ “ငါက ရွှီပြည်နယ်က ဆန်းနန်ပါ။ ကျန်းနန်မင်းသမီး လော့ယွန်ဆီကနေ မင်းအကြောင်း ကြားဖူး နေတာ ကြာပါပြီ။ ဒီနေ့ မင်းကို မြင်ရတော့ မင်းဆီမှာ တကယ့်ကို သူတော်စင်ငယ် တစ်ဦး ရဲ့ အရှိန်အဝါမျိုး ရှိနေတာပဲ။”
“ဟင်၊ မင်းက မင်းသမီး လော့ယွန်နဲ့ သိကျွမ်းလား။” ဟုန်ယွိ၏ လက်ချောင်းများက အနည်းငယ် တုန်ခါသွားသည်။
ဆန်းနန်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး ဟုန်ယွိကို ဆက်မပြောတော့ချေ။ သူသည် ယန်တူးကို လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်ပြီးနောက် သူ့အစေခံများကို အမိန့်ပေးလိုက် သည်။ “ငါ့နောက်ကနေ မြို့တံခါးအောက်ကို လိုက်ခဲ့ကြ။ တံခါးဖွင့်စမ်း။” သူ ပြောပြီးသည် နှင့် အစေခံ ၇၂ ဦးမှာ လမ်းဖွင့်ပေးလိုက်ကြပြီး မြို့ရိုးလှေကားအတိုင်း ဆင်းသွားကြတော့ သည်။
“မြောင်ရှာ…၊ သံမဏိမြင်းစီးစစ်သည် ၅,၀၀၀ ကို ဦးဆောင်ပြီး တံခါးဖွင့်ပေးလိုက်။”
ယန်တူး၏မျက်လုံးများက လင်းလက်သွားပြီး အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်သည်။ ထိုအခါ သံမဏိကြိုးများ တောင့်တင်းလာသည့် အသံများနှင့်အတူ လူပေါင်းရာချီ၏ ဟစ်ကြွေးသံများ ထွက်ပေါ်လာကာ ဧရာမ သံမဏိမြို့တံခါးကြီးမှာ ဖြည်းညှင်းစွာ ပွင့်လာ တော့သည်။
နတ်ဘုရားတန်ခိုးရှင်တပ်ဖွဲ့မှ သံမဏိမြင်းစီးစစ်သည် ၅,၀၀၀ မှာ မြို့တံခါးကြီးအတွင်းမှ တစ်စီးချင်းစီ ထွက်လာကြပြီး မဟာသဲကန္တာရထဲသို့ အပြင်းနှင် ချီတက်သွားကြသည်။
ထိုအချိန်မှာပင် ဆန်းနန်သည် အစေခံ ၇၂ ဦးကို ဦးဆောင်ကာ "မဟူရာနတ်ဆိုးချီလင် မြင်း"ကို စီးနင်းလျက် မြင်းစီးစစ်သည်များအကြား ရောနှောလိုက်ပါသွားသည်။ သူတို့သည် မြို့စားလော့ဒင်၏ စစ်တပ်နှင့် အဝေးမှ ရင်ဆိုင်လိုက်ကြသည်။
“ဒီမိန်းကလေးက တကယ့်ကို ထူးခြားတာပဲ၊ ဒါပေမဲ့ ရွှီပြည်နယ်က ဆန်းမိသားစုက ဘာလို့ အမျိုးသမီးတစ်ယောက်ကို ဒီကို လွှတ်လိုက်တာလဲ။” ဟုန်ယွိသည် ဆန်းနန်၏ စကားများ ကို တွေးတောနေစဉ်မှာပင် နတ်ဘုရားတန်ခိုးရှင်ဘုရင် ယန်တူး၏ အသံမှာ သူ၏ နားထဲသို့ တီးတိုး ရောက်ရှိလာသည်။
“မင်းသားက တကယ့်ကို မျက်စိစူးရှတာပဲ။ ဒီဆန်းနန်က အမျိုးသမီးတစ်ယောက်ပဲ။ သူ့ရဲ့ အပေါ်ယံပုံစံမှာ လည်စိရှိနေသလို ထင်ရပေမဲ့ အဲဒါက တကယ့်ကို အဆင့်မြင့်လှတဲ့ ပုံရိပ်ယောင်ပညာရပ်တစ်ခုပဲ။ ဘယ်သူမှ သူမကို မရိပ်မိကြဘူး။” ဟုန်ယွိက ဘုရင်ယန်တူး ၏ အမြင်စူးရှမှုကို မချီးကျူးဘဲ မနေနိုင်တော့ချေ။
“ဒီအမျိုးသမီးရဲ့ တာအိုပညာဟာ ငါ့ဇနီးထက် မနိမ့်ဘူးပဲ။ တကယ်လို့ ငါ့ရဲ့ သိုင်းပညာသာ မကြာခင်ကမှ တိုးတက်လာပြီး လူသားအင်မော်တယ် အဆင့်နဲ့ မနီးကပ်သေးဘူးဆိုရင်, ငါလည်း သူ့ရဲ့ ပုံရိပ်ယောင်ပညာကို မြင်နိုင်မှာ မဟုတ်ဘူး။ ဒီလောကမှာ ဒီလောက်အထိ အဆင့်မြင့်တဲ့ ပညာရှင်မျိုးက လက်ချိုးရေလို့ ရတယ်။ ဘယ်တစ္ဆေအင်မော်တယ် တစ်ပါး က ပြန်လည်ဝင်စားလာလဲဆိုတာ ငါ သိချင်မိသား။” ယန်တူးက ဆက်ပြောသည်။
“အဲလိုလား။ ကြည့်ကြတာပေါ့။” ဟုန်ယွိသည် အောက်ဘက်ရှိ စစ်မြေပြင်ကို စိုက်ကြည့် နေသော်လည်း သူ့စိတ်ထဲတွင်မူ အတွေးများက လျင်မြန်စွာ လှုပ်ရှားနေသည်။
ဆန်းနန်သည် အလွန်ပင် အစွမ်းထက်သော်လည်း သူမသည် ပြန်လည်ဝင်စားလာသော တစ္ဆေအင်မော်တယ်တစ်ဦး မဟုတ်ဘဲ ဖန်းယွမ်၊ ထန်ဟိုင်လုံနှင့် ချန်ပီယံမြို့စားတို့ကဲ့သို့ နတ်ဘုရားစွမ်းရည်များကို ကျင့်ကြံထားပြီး ကမ္ဘာကြီးကို ငုံ့ကြည့်နိုင်သော လူငယ်ပါရမီရှင် တစ်ဦးနှင့် ပိုတူလှသည်။
“သူမက မုန့်ရှန်းကျီ ပြုစုပျိုးထောင်ထားတဲ့ လူငယ်ပါရမီရှင်တွေထဲက တစ်ယောက်များ လား။ ဒါပေမဲ့ နတ်ဘုရားတန်ခိုးရှင် ဘုရင်ယန်တူးရဲ့ ဇနီးက မုန့်ရှန်းကျီတို့နဲ့ ရင်းနှီးတာပဲ၊ သူမ မသိစရာ အကြောင်းမရှိဘူး။ ဒါပေမဲ့ ပြောရခက်ပါတယ်၊ ဖန်းယွမ်တို့ ထန်ဟိုင်လုံတို့ တောင်မှ ကိုယ်စီ ကံကောင်းမှုတွေနဲ့ ထွက်ပေါ်လာကြတာပဲ။”
ဟုန်ယွိ၏ စိတ်ထဲတွင် အတွေးများက လှုပ်ခတ်နေသည်။ အောက်ဘက်ရှိ တော်ဝင်ချန် မြင်းစီးစစ်သည်များသည် မြို့စားလော့ဒင်၏ စစ်တပ်နှင့် တဖြည်းဖြည်း နီးကပ်လာကြပြီ ဖြစ်သည်။ တိုက်ပွဲက စတင်တော့မည်။
...
“ဟားဟား... ဟားဟား! နောက်ဆုံးတော့ ရောက်လာပြီပေါ့။ ဒါဆိုရင်လည်း သေပေတော့”
မြို့စား လော့ဒင်သည် သူ၏ ငွေရောင်သံချပ်ကာအတွင်းမှ နတ်ဆိုးတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်သည်။ သူ စီးနင်းလာသော သံမဏိမြင်းမှာ ရှေ့သို့ ဒဟုန်ထိုး ခုန်ထွက် သွားသည်။
ထိုအချိန်မှာပင် သူ၏နောက်မှ မြင်းစီးစစ်သည် သုံးထောင်မှာ ရုတ်တရက် ဘေးသို့ ဖြန့်ထွက်သွားကြပြီး စစ်ဗျူဟာတစ်ခုကို ဖော်ဆောင်ကာ ရှေ့သို့ တိုးဝင်လာကြသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် လက်ထဲရှိ လှံရှည်များကို ပစ်လွှတ်လိုက်ကြတော့သည်။
ဝှီး... ဝှီး... ဝှီး... ဝှီး...
လှံရှည်များသည် မြှားမိုးရွာသွန်းသကဲ့သို့ လေထုကို ဖြတ်သန်းကာ တော်ဝင်ချန် မြင်းစီး စစ်သည်များထံသို့ ပျံသန်းလာသည်။ တဟုန်ထိုး တိုးဝင်လာသော တော်ဝင်ချန် မြင်းစီး စစ်သည်များသည်လည်း ရန်သူက လှံများဖြင့် ပစ်မည်ကို ကြိုတင်ခန့်မှန်းထားပုံရသည်။ သူတို့သည် လက်ကို ဝှေ့ယမ်းကာ သံမဏိဒိုင်းငယ်များကို ထောင်လိုက်ကြပြီး ပျံသန်း လာသော လှံများကို ကာကွယ်လိုက်ကြသည်။
တစ်ချိန်တည်းမှာပင် တော်ဝင်ချန် စစ်သည်များသည် သူတို့၏ ဓားများကို ဆွဲထုတ် လိုက်ကြသည်။ ထိုဓားများမှာ ဖြိုခွဲခြင်းဆေဘာကဲ့သို့ ခြောက်ပေခန့် ရှည်လျားသည်။ သူတို့သည် လေပြင်းမုန်တိုင်း တိုက်ခတ်သည့်အလား ကျူးလစ်မြို့စား၏ မြင်းစီးစစ်တပ် ထဲသို့ တိုးဝင်သွားကြတော့သည်။
“မကောင်းတော့ဘူး။”
စစ်တပ်နှစ်ခု ထိပ်တိုက်ရင်ဆိုင်မိချိန်မှာပင် ဟုန်ယွိသည် မြို့စားလော့ဒင်၏ စစ်တပ် အကြားမှ မြင်းစီးစစ်သည် ရာဂဏန်းခန့်ကို သတိထားမိလိုက်သည်။ သူတို့သည် ထူးဆန်း သော စစ်ဗျူဟာတစ်ခုကို ဖော်ဆောင်ထားပြီး နောက်ဘက်တွင် ပုန်းကွယ်နေကြသည်။ ထိုစဉ် ကျယ်လောင်သော ဂါထာရွတ်ဆိုသံ ထွက်ပေါ်လာပြီး ပလက်တီနမ်ရောင် အလင်းတန်းတစ်ခု ကောင်းကင်သို့ ပျံတက်သွားကာ ဧရာမတူကြီး တစ်ခုအဖြစ် ပြောင်းလဲ သွားသည်။
ထိုပလက်တီနမ် တူကြီးမှာ ကောင်းကင်တွင် လွင့်မျောနေပြီး ပြင်းထန်လှသော ယန်စွမ်းအင်များကို သယ်ဆောင်လာပြီး၊ ပြင်းထန်သော အရှိန်ဟုန်ဖြင့် ဆန်းနန် တဟုန် ထိုး ချီတက်လာသည့် တော်ဝင်ချန် မြင်းစီးစစ်သည်များ၏ ရှေ့တန်းပေါ်သို့ ကျရောက်လာ တော့သည်။
တစ်ချိန်တည်းမှာပင် မြို့စားလော့ဒင်သည်လည်း မိုးကြိုးအလား မြန်ဆန်သော အရှိန်ဖြင့် ရှေ့သို့ တိုးဝင်လာသည်။ သူ၏ လက်ထဲရှိ ဓားကောက်ကြီးမှာ ကောင်းကင်ကို ဖြတ်သန်းပြီး လျှပ်စီးတန်းတစ်ခုကဲ့သို့ လင်းလက်နေတော့သည်။
“ဒါဟာ အနှစ်သာရ နတ်ဘုရားကျောင်းရဲ့ ‘မဟာအစီအရင်’တစ်ခုပဲ။ ဒီအစီအရင်ကို ဖော်ဆောင်ဖို့ အနည်းဆုံး ခန္ဓာကိုယ်သိမ်းပိုက်ခြင်းနယ်ပယ် တာအိုပညာရှင် ၃၀၀ ကျော် လိုအပ်တယ်။ သူတို့ရဲ့ စိတ်ဝိညာဉ်တွေကို စုစည်းပြီး သွေးနဲ့ စွမ်းအင်အဖြစ် ပြောင်းလဲကာ ပလက်တီနမ် သန့်စင်ဆေးစွမ်းအင်နဲ့ စိတ်ဝိညာဉ်တွေကို ကာကွယ်ထားပြီး ‘တရားစီရင် ခြင်း ကောင်းကင်တူကြီး’ အဖြစ် ပြောင်းလဲလိုက်တာပဲ။”
ဟုန်ယွိသည် ဤတာအိုပညာရပ်မှာ တစ်ဦးတည်း လုပ်ဆောင်နိုင်သော အရာမဟုတ် ကြောင်း ချက်ချင်း သိရှိလိုက်သည်။ ၎င်းမှာ ကြယ်တာရာ ကိုးဆင့်ပြောင်းလဲခြင်းပညာနှင့် တူသလို၊ စိတ်ဝိညာဉ်ကို ကာကွယ်ရန်အတွက် အဆောင်များစွာလည်း လိုအပ်သည်။
ဤကဲ့သို့ ရုတ်တရက် ဖြစ်ပွားသော တိုက်ခိုက်မူအတွင်းမှာ မိုးကြိုးဘေးသင့်အဆင့် ပညာရှင်တစ်ဦးပင်လျှင် ခန္ဓာကိုယ် ပျက်စီးသွားနိုင်သည်။ မိုးကြိုးကပ်ဘေးအဆင့် ပညာရှင်တစ်ဦးသည် သူ့စိတ်ဝိညာဉ်ကို ကာကွယ်ထားနိုင်သော်လည်း ခန္ဓာကိုယ်မှာမူ အသတ်ခံရနိုင်သည်။
စာစဉ် (၄၁) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။