ကြက်ကလေးအဖြစ်ပြောင်းလဲသွားသော လင်းယုန်အိုကြီး
Vol. 30 Ch. 427
အခန်း (၄၂၇) ကြက်ကလေးအဖြစ်ပြောင်းလဲသွားသော လင်းယုန်အိုကြီး
ကောင်းဖန်တစ်ယောက် ရန်ကျောက်ကဲတို့ ရှိနေသည့် အဆောင်အတွင်းသို့ ဝင်ရောက်သွားလေသည်။ သို့သော် အထဲမှ မည်သည့်တိုက်ခိုက်သံမှ ထွက်ပေါ်လာခြင်း မရှိပေ။
ပိန်ပိန်ရှည်ရှည် စာပေသမားလူရွယ်က စိတ်သက်သာရာရသွားဟန်ဖြင့်...
“ကြည့်ရတာ ဘာမှအားစိုက်ထုတ်စရာမလိုဘဲ အဆင်ပြေသွားပြီထင်တယ် ၊ အဲဒီလူတွေရဲ့ ကျင့်ကြံခြင်းအဆင့်က ထင်ထားသလောက်မမြင့်မားလို့ အကုန်လုံး ဆေးမိပြီး အလွယ်လေးဖမ်းလိုက်နိုင်တယ်ထင်တယ်”
သို့သော် သူ့စိတ်ထဲ သံသယများလည်း ရှိနေဆဲပင်။
“သူတို့က ဒီလောက် အားနည်းတယ်ဆိုရင် ဟို သွေးနှောမြွေမိစ္ဆာကို တစ်ချက်တည်းနဲ့ သတ်နိုင်ပါ့မလား”
သူက စိတ်ရှည်ရှည်ဖြင့်ပင် ရန်ကျောက်ကဲတို့အုပ်စု ရှိနေသည့် အဆောင်အား အာရုံစူးစိုက်ကြည့်နေသည်။
သို့သော် အချိန်ကြာလာသည့်တိုင် ကောင်းဖန်ရော လင်းယုန်ငှက်မွှေးသိုင်းသမားများပါ အဆောင်ထဲမှ ထွက်ပေါ်လာခြင်းမရှိသလို အဆောင်တစ်ခုလုံးကလည်း တိုက်ခိုက်ကြသည့်လက္ခဏာမရှိဘဲ ငြိမ်သက်လို့နေသည်။
စာပေသမားက တစ်ခုခုမှားယွင်းနေပြီဟု ယောင်ဝါးဝါး ခံစားလာရသည်။
ထိုနေရာတွင် မည်သည့် သွေးစွမ်းအားအတက်အကျမှ ထွက်ပေါ်လာခြင်း မရှိသလို ကောင်းဖန်နှင့် သူ့လူများ၏ လှုပ်ရှားမှုကိုလည်း မတွေ့ရပေ။
မိစ္ဆာတစ်ပိုင်းကျင့်ကြံသူများကို လူတိုင်းက ရွံလျှာမုန်းတီးကြသည်။ သို့သော် မိစ္ဆာသွေးကျင့်ကြံသူများအနေဖြင့် တကယ်တမ်းသေရေးရှင်ရေး ရင်ဆိုင်ရသည့်အခါ တိုက်ပွဲရလဒ်ကိုပြောင်းလဲရန်နှင့် အသက်ဆက်လက်ရှင်သန်ရန်အတွက် သွေးစွမ်းအားအကန့်အသတ်ကို ကျော်လွန်စေပြီး မိစ္ဆာတစ်ပိုင်းကျင့်ကြံသူအဖြစ်ပြောင်းလဲရန် ရွေးချယ်ကြရသည်သာ။
စာပေသမားလူရွယ်က ကောင်းဖန်အကြောင်း သိရှိသူဖြစ်သည်။ ထိုအဘိုးကြီးသည် ဤနယ်မြေတစ်ခွင် ကျင်လည်နေသူဖြစ်ပြီး အရမ်းကာရော ခေါင်းမာသူတစ်ယောက် မဟုတ်ပေ။
သို့ရာတွင် ယခု ရန်ကျောက်ကဲတို့အုပ်စုကိုအသာထား ၊ ကောင်းဖန်သည်လည်း သွေးစွမ်းအားကို အကန့်အသတ်ကျော်လွန်သည်အထိ ထုတ်ဖော်ပြီး မိစ္ဆာတစ်ပိုင်းကျင့်ကြံသူအဖြစ် ပြောင်းလဲသွားကြောင်း အာရုံခံမိခြင်း မရှိသေးပေ။
“ဒါမှမဟုတ် ကောင်းဖန် သွေးစွမ်းအားကို အကန့်အသတ်ကျော်လွန်တဲ့အထိတောင် ထုတ်ဖော်ဖို့ အခွင့်အရေးမရလိုက်ဘဲ ချက်ချင်းဖမ်းဆီးခံလိုက်ရတာတို့ အသတ်ခံလိုက်ရတာတို့များ ဖြစ်သွားသလား ၊ ဒါပေမဲ့ သူတို့က အဲဒီလောက် အစွမ်းထက်နိုင်ပါ့မလား”
ထိုအတွေးကြောင့် စာပေသမားလူရွယ် ထိတ်လန့်သွားရသည်။
“ဒါတော့ မဖြစ်နိုင်ဘူး ၊ ကောင်းဟန်က ခန်းဟယ်မြို့တော်က ထိပ်တန်းတစ်ယောက်ပဲ ၊ မဟုတ်ရင် အိမ်ရှေ့စံမင်းသားဘေးကို ဘယ်လိုလုပ်ရောက်နိုင်မှာလဲ”
“သူ့ကို ချက်ချင်းဖမ်းပြီးသတ်နိုင်ရအောင် ဒီလူငယ်တွေက ဘယ်လောက် စွမ်းအားမြင့်မားမှာ မို့လို့လဲ”
“ဒါမှမဟုတ်... သူတို့ လုံးဝ မတိုက်ခိုက်ကြတာလား”
လူရွယ်စာပေသမားက မျက်လုံးများကို ကျဉ်းမြောင်းရင်း...
“သူတို့တွေက ကောင်းဖန်ကို မနိုင်မှန်းသိလို့ စိတ်ကျေနပ်အောင် အဖိုးတန်လက်ဆောင်တစ်ခုခုပေးပြီး ပူးပေါင်းဖို့ သဘောတူလိုက်တာလည်း ဖြစ်နိုင်တယ်”
သူ ပိုပြီး သတိရှိလိုက်သည်။
ယခု အိမ်ရှေ့စံမင်းသားအနားတွင် လူအများရှုတ်ထွေးနေကြသော်လည်း သူနှင့် လင်းယုန်ငှက်မွှေးဂိုဏ်းချုပ်တို့က အနီးကပ်ကာကွယ်ပေးထားကြသည်။
အကယ်၍ ကောင်းဖန်သာမက သူပါ ရန်သူ့လက်ချက်ဖြင့် အသက်ပျောက်သွားလျှင် အကျိုးဆက်များစွာ ဖြစ်ပေါ်လာပေလိမ့်မည်။
ထို့ကြောင့် ပိန်ပိန်ရှည်ရှည်စာပေသမားက ပိုပြီး သတိကြီးကြီးထားလိုက်သည်။
မည်သို့သော ဖြစ်နိုင်ခြေများရှိနေပါစေ ထိုသူများရှိနေသည့် အဆောင်အတွင်းသို့ ဝင်မသွားရန် ဆုံးဖြတ်လိုက်၏။
သို့ပေသိ...
လောကတွင် ကိုယ့်ကိုယ်ကိုယ် သိရန်လိုအပ်သလို ရန်သူကိုလည်းသိရန်လိုအပ်သည် မဟုတ်လား။
နောက်ပိုင်း ရန်သူများကို မည်သို့ရင်ဆိုင်မည်လဲ အစီအစဉ် ပြုလုပ်နိုင်ရန် ထိုသူများအကြောင်း လေ့လာထားရန် လိုအပ်သည်။
“တခြားသူတွေအတွက် ခက်ခဲပေမယ့် ငါ့အတွက်တော့ မခက်ခဲနိုင်ပါဘူး ၊ ငါက အရိပ်မြွေသားရဲရဲ့ သွေးနဲ့ ကျင့်ကြံထားတဲ့သူပဲ”
လူရွယ်က အေးစက်စွာ ရယ်မောလိုက်၏။
ထို့နောက် သူက သွေးစွမ်းအားကို ထုတ်ဖော်လိုက်ရာ ဝတ်ဆင်ထားသောအဝတ်အစားများအောက်မှ အလင်းသင်္ကေတများ ထွက်ပေါ်လာသည်။
သူ့ခန္ဓာကိုယ်က ငြိမ်သက်နေသော်လည်း သဏ္ဌန်မရှိသောအမှောင်ရိပ်တစ်ခုက ခန္ဓာကိုယ်မှထွက်ခွာသွားပြီး အရှေ့ဘက်မှ အဆောင်ဆီသို့ ခြေရာလက်ရာမရှိ ၊ အသံမရှိ တိုးတိတ်စွာ ဝင်ရောက်သွားတော့၏။
နေရာတွင် ငြိမ်သက်စွာထိုင်ရင်း ကျန်ရစ်ခဲ့သော စာပေသမားလူရွယ်၏ မျက်ဝန်းများက မြွေတစ်ကောင်၏မျက်ဝန်းများပမာ အဝါရောင်သို့ ပြောင်းလဲသွားသည်။
သူ့အရှေ့မှ ကမ္ဘာလောကတစ်ခုလုံးက တဖြည်းဖြည်းမှောင်မိုက်သွားပြီး သူ့မျက်ဝန်းများက မျက်မမြင်တစ်ယောက်ပမာ အလင်းပျောက်ကွယ်သွားသည်။
သို့သော် မကြာမီပင် ကြည်လင်ရှင်းလင်းသော မြင်ကွင်းများ သူ့မျက်ဝန်းများထဲတွင် ပြန်လည်ထွက်ပေါ်လာသည်။
အမှောင်ရိပ်က ရန်ကျောက်ကဲတို့ရှိရာ အဆောင်အတွင်းသို့ စိမ့်ဝင်သွားချိန် သူ့မျက်ဝန်းများတွင် မြင်ကွင်းများပေါ်လာသလို သူ့နားမှလည်း အသံများကိုလည်း ကြားလာရ၏။
အမှောင်ရိပ်သည် အဆောင်ထဲသို့ဝင်ရောက်သွားပြီး ဧည့်ခန်းမဆောင်တစ်ခုအတွင်းသို့ ရောက်ရှိသွားသည်။
ထို့နောက်...
တွေ့မြင်လိုက်ရသောမြင်ကွင်းကြောင့် လူရွယ်စာပေသမားမှာ မျက်လုံးပြူးကျယ်လျှက် ပါးစပ်အဟောင်းသားဖြင့် စကားမပြောနိုင် ဖြစ်သွားရသည်။
ဧည့်ခန်းထဲတွင် ရန်ကျောက်ကဲ ၊ ဖန်းယွင်ရှန်း ၊ ရွှီဖေးနှင့် ယင်လုန်ထူတို့က အေးအေးဆေးဆေးပင် ထိုင်နေကြသည်။
အခန်းအလယ်တွင် အားဟူရှိနေပြီး လင်းယုန်ငှက်အိုကြီးနှင့်ဆင်တူသော အဘိုးအိုတစ်ယောက်ကို ကြက်တစ်ကောင်အလား ဆုပ်ကိုင်ထားသည်။
ထိုအဘိုးအိုက အခြားသူ မဟုတ် ၊ လင်းယုန်ငှက်ပမာ ကြမ်းတမ်းပြီး စွမ်းအားမြင့်မားသော လင်းယုန်ငှက်မွှေးဂိုဏ်းချုပ် ‘ကောင်းဖန်’ ပင် ဖြစ်ပေ၏။ သို့သော် အားဟူလက်ထဲတွင်တော့ သူ့ခမျာ လင်းယုန်မဟုတ်တော့ဘဲ ကြက်လေးတစ်ကောင်ပမာပင်။
အားဟူ၏ ပတ်ပတ်လည်တွင်တော့ လင်းယုန်ငှက်မွှေးဂိုဏ်းမှ သိုင်းသမားများ၏ ရုပ်အလောင်းများ ပျံ့ကျဲနေ၏။
“ဒါက...”
ဤသည်က ကောင်းဖန်နှင့် လူငယ်အုပ်စု ပူးပေါင်းနေသည့်မြင်ကွင်းတော့ မဟုတ်ပေ။
လူရွယ်စာပေသမားမှာ သူ့ရှေ့မှမြင်ကွင်းကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး ထိတ်လန့်တုန်လှုပ်ခြင်းက ငယ်ထိပ်အထိ စောင့်တက်သွားသည်။
ထိုအချိန် ရန်ကျောက်ကဲ၏မျက်ဝန်းများက သူ့ထံသို့ ကျရောက်လာကြောင်း တွေ့လိုက်ရ၏။
လူရွယ်စာပေသမားက အမှောင်ရိပ်စွမ်းအားကို ပြန်လည်ရုပ်သိမ်းရန် ကြိုးပမ်းလိုက်သော်လည်း ထိုသို့မလုပ်နိုင်ခင်မှာပင် ရန်ကျောက်ကဲက သူ့ရှေ့သို့ ခုန်ဝင်လာပြီ ဖြစ်သည်။
ထို့နောက်မှာတော့ သူ၏သွေးစွမ်းအားကို ပြန်လည်ရုပ်သိမ်း၍ မရနိုင်တော့ကြောင်း သိလိုက်ရသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ရန်ကျောက်ကဲထံမှ ထွက်ပေါ်လာသော ကြီးမားလှသည့်ဖိအားကြောင့် တစ်ချက်မှ မလှုပ်ရှားနိုင်တော့ပေ။
“သူတို့က ဘယ်သူတွေလဲ”
လူရွယ်စာပေသမား မှင်တက်သွားသည်။
ရန်ကျောက်ကဲက အားဟူလက်ထဲတွင် လည်လိမ်နေသည့် ကောင်းဟန်ကို လှည့်မကြည့်ဘဲ သူ့ခြေထောက်အောက်မှ အမှောင်ရိပ်ကို ခေါင်းငုံ့ကြည့်ရင်း မျက်နှာအမူအရာက ထူးဆန်းသွားသည်။
သူက...
“ဘယ်လိုထင်လဲ ၊ တစ်ခုခုမှားနေတယ်လို့ ထင်သလား”
ဖန်းယွင်ရှန်းက ရန်ကျောက်ကဲခြေထောက်အောက်မှ အမှောင်ရိပ်ကိုလှမ်းကြည့်ရင်း...
“အဲဒါက အရိပ်မြွေသားရဲတော့ မဖြစ်နိုင်ဘူး ၊ အဲဒီသားရဲရဲ့ သွေးကို သန့်စင်ကျင့်ကြံထားတဲ့ မိစ္ဆာသွေးကျင့်ကြံသူပဲ ဖြစ်ရမယ်”
ရန်ကျောက်ကဲက ရယ်မောရင်း...
“အဟက်... ဒါဖြင့် အတည်ပြုလိုက်ကြတာပေါ့”
ပြောပြီးသည်နှင့် သူက အမှောင်ရိပ်ကို လေထဲသို့ ဆွဲမြှောက်လိုက်သည်။ ထိုအခါ စစ်မှန်သော သွေးစွမ်းအားအနှစ်သာရ ထွက်ပေါ်လာပြီး အမှောင်ရိပ်မှာ မြင်သာထင်သာ အသွင်သဏ္ဌန်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ရန်ကျောက်ကဲက ထိုအမှောင်ရိပ်ကို ကြိုးတစ်ချောင်းဆွဲသည့်အလား ဆွဲမြှောက်လိုက်လေရာ အဆောင်အပြင်ဘက်တွင်ရှိနေသော ပိန်ပိန်ရှည်ရှည် စာပေသမားမှာ သူ့စိတ်ဆန္ဒမပါဘဲ ရန်ကျောက်ကဲတို့ရှိရာ အဆောင်အတွင်းသို့ ဆွဲယူခံလိုက်ရလေတော့၏။
သူက ရုန်းကန်ချင်မိသော်လည်း အတွင်းမှထွက်ပေါ်လာသောစွမ်းအားက ကြီးမားလွန်းသဖြင့် လုံးဝမခုခံနိုင်ဘဲ ကောက်ရိုးမျှင်လေးပမာ လေထဲလွင့်ပါသွားရသည်။
သူ စေလွှတ်လိုက်သည့်အမှောင်ရိပ်စွမ်းအားမှာ သူ့ခန္ဓာကိုယ်နှင့် အဆက်အစပ် ဖြတ်တောက်ပစ်ရန်လည်း မဖြစ်နိုင်ပေ။
ထို့ပြင် ဤသို့နှယ် ကြီးမားလှသောစွမ်းအားဖြင့် ဆွဲယူခံလိုက်ရသည့်အခါ မိစ္ဆာတစ်ပိုင်း ကျင့်ကြံသူအဖြစ် ပြောင်းလဲရန်ပင် သွေးစွမ်းအားအကန့်အသတ် ကျော်လွန်သည်အထိ ထုတ်ဖော်နိုင်ခြင်း မရှိပါပေ။
ငါးမျှားတံဖြင့် ချိတ်ယူခံလိုက်ရသော ငါးတစ်ကောင်ပမာ လူရွယ်စာပေသမား လွင့်ပျံလာသည်ကိုတွေ့ရသည်နှင့် အပြင်ဘက်တွင် စောင့်ကြပ်နေကြသော လင်းယုန်ငှက်မွှေးဂိုဏ်းမှ သိုင်းသမားများမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။
စာပေသမားက အမြဲတမ်း တစ်ကိုယ်တော်လှုပ်ရှားတတ်သော်လည်း ခန်းဟယ်မြို့တွင် အလွန်ကျော်ကြားသူဖြစ်ပြီး သူတို့ဂိုဏ်းချုပ်ဖြစ်သော ‘ကောင်းဖန်’ နှင့် တန်းတူအခွင့်အာဏာ ရရှိထားသူ ဖြစ်သည်။
သို့သော် ဘခုတော့ ငါးသေတစ်ကောင်ပမာ ဆွဲယူခံလိုက်ရသည်ဖြစ်ရာ သူတို့အနေဖြင့် အဘယ်မှာ မတုန်လှုပ်ဘဲ ရှိပါမည်နည်း။
ပိန်ပိန်ရှည်ရှည်စာပေသမားမှာ လွင့်စင်ထွက်သွားပြီး လမ်းတစ်လျှောက် ကြုံရာကျပမ်းများကို ဝင်ရောက်တိုက်ခတ်မိရင်း ဖုန်မှုန့်များမှာ မီးခိုးငွေ့များပမာ တလိပ်လိပ် ထွက်ပေါ်လာသည်။
ဥယျာဉ် ၊ မြက်ခင်း ၊ လှေကားထစ်များနှင့် ရှည်လျားသောစင်္ကြံလမ်းအတိုင်း ဆွဲယူခံလိုက်ရပြီး အဆုံးသတ်မှာတော့ ရန်ကျောက်ကဲတို့၏ အဆောင်တံခါးကို ခေါင်းဖြင့်တိုက်ဖွင့်ကာ အထဲသို့ ရောက်ရှိသွားလေသည်။
ထိုအခါမှ ရန်ကျောက်ကဲက စာပေသမားနှင့် ကောင်းဟန်ကိုကြည့်ရင်း မေးစေ့ကိုပွတ်သပ်ကာ ဖြည်းညင်းစွာ မေးခွန်းထုတ်သည်။
“ဒီနိုင်ရဲ့ ကျင့်ကြံသူတွေထဲမှာ မင်းတို့အဆင့်က ဘယ်လောက်ရှိလဲ”
လူရွယ်စာပေသမား၏မျက်နှာမှာ ပြာနှမ်းနှမ်းဖြစ်သွားသည်။
သူက မိစ္ဆာသွေးကို အကန့်အသတ်ကျော်လွန်သည်အထိ နှိုးဆွပြီး မိစ္ဆာတစ်ပိုင်းကျင့်ကြံသူအဖြစ် ပြောင်းလဲလျှင်တောင်မှ ဤလူငယ်၏စွမ်းအားကို တွန်းလှန်နိုင်မည်မဟုတ်ကြောင်း နားလည်လိုက်သည်။
တိုက်ခိုက်နိုင်ဖို့ဝေးစွ ၊ ရုန်းကန်ရန်ပင် မနည်းကြိုးစားရသည်။
သူက...
“ငါနဲ့ ‘ကောင်း’ ဂိုဏ်းချုပ်က အိမ်ရှေ့စံဘေးက အစောင့်အရှောက်တွေပဲ ၊ မင်းက ဒီ ခန်းဟယ်မြို့မှာ လာသောင်းကြမ်းနေတာ ကိုယ့်သေလမ်းကိုယ်ရှာတာနဲ့ အတူတူပဲနော်”
ထိုစကားကြားတော့ ရန်ကျောက်ကဲ ရယ်မောလိုက်၏။
“ငါက သောင်းကြမ်းတာ ဟုတ်လား ၊ ဘာလဲ... မင်းတို့လာသတ်တာကို ငါက လည်စင်းခံနေရမှာလား”
လူရွယ်စာပေသမားက...
“ငါတို့ မင်းကိုသတ်ဖို့ ရည်ရွယ်ချက်မရှိပါဘူး ၊ မင်းဆီမှာရှိနေတဲ့ ဖီရှိုးက ငါတို့ကို အာရုံစိုက်စေခဲ့တာ ၊ ငါတို့က အဲဒီသတ္တဝါကိုဖမ်းပြီး အိမ်ရှေ့စံမင်းသားကို ဆက်သချင်လို့ပါ ၊ ဒါက ရာထူးတိုးဖို့ အကောင်းဆုံး နည်းလမ်းပဲလေ ၊ မင်းလည်း လင်းယုန်ငှက်မွှေးဂိုဏ်းက သိုင်းသမားတွေကို ကယ်တင်ပေးပြီး အရှင့်သားနဲ့ အဆက်အသွယ်ရဖို့ ကြိုးစားတာ ဒီဖီရှိုးသတ္တဝါကို ဆက်သဖို့ပဲ မဟုတ်လား”
ခဏနားပြီးမှ သူက ဆက်ပြောသည်။
“အခုလိုဖြစ်လာမှတော့... မင်းက အရမ်းစွမ်းအားမြင့်မားတယ် ၊ ငါ မင်းတို့ကို တောင်းပန်တဲ့အနေနဲ့ အရှင့်သားနဲ့ မိတ်ဆက်ပေးပါ့မယ်”
ရန်ကျောက်ကဲက စာပေသမားကိုအကဲခတ်ရင်း...
“မင်းရဲ့စကားက ဖုရန်တိုင်းပြည် အိမ်ရှေ့စံအပေါ် သက်ရောက်မှု ရှိပါ့မလား”
ရန်ကျောက်ကဲ လှုပ်ရှားတော့မည်အထင်နှင့် စာပေသမားက ချက်ချင်းပင် ပြန်ဖြေသည်။
“’ကောင်း’ ဂိုဏ်းချုပ်နဲ့ ငါက အရှင့်သားတန်ဖိုးအထားဆုံး ဝန်ကြီး (၆)ယောက်ထဲမှာ ပါဝင်တယ်”
သူက ခဏနားပြီးမှ ဆက်ပြောသည်။
“မင်းရဲ့ စွမ်းအားမြင့်မားပုံနဲ့ဆိုရင် အရှင့်သားကိုယ်တိုင်က မင်းကို တန်ဖိုးအရှိဆုံး ဧည့်သည်တော်တစ်ယောက်အဖြစ် သတ်မှတ်လိမ့်မယ် ၊ မင်းက ကောင်းကင်ဘုံရဲ့ အချစ်ခံသားတော်တစ်ယောက်ဆိုတော့ အရှင့်သားရဲ့အကူအညီနဲ့ဆိုရင် ‘သွေးနီတိမ်တိုက်ဂိုဏ်း’ ကို ဝင်ဖို့ မျှော်လင့်ချက်အပြည့်ရှိပါတယ်”
ရန်ကျောက်ကဲက လက်ဝှေ့ယမ်းရင်း...
“အဲဒီလောက် မလိုပါဘူး”
ရန်ကျောက်ကဲက တည်ငြိမ်စွာပင် သူ့ထိုင်ခုံတွင် ပြန်ထိုင်လိုက်ပြီး ရုတ်တရက် ပြုံးလိုက်သည်။
ထို့နောက် စကားတစ်ခွန်းဆိုလိုက်လေရာ ၊ သူပြောလိုက်သည့်စကားကြောင့် စာပေသမားလူရွယ်မှာ အံ့သြတုန်လှုပ်သွားရလေတော့သည်။
“မင်းတို့က ဖုရန်မင်းသားအတွက် အရေးပါတယ်ဆိုမှတော့... ငါသာ မင်းတို့ကို ဖမ်းထားရင် သူက ဒီကိစ္စကို စုံစမ်းလာမှာပဲ ၊ သူ့ကို ဒီနေရာကပဲ စောင့်ကြတာပေါ့”