အခန်း (၂၇၁-၂၇၂)
Vol. 28 Ch. 271-272
အခန်း။ ၂၇၁
လုံယီသည် တစ်ဖက်တွင် တိတ်ဆိတ်စွာ ရပ်နေရင်း အသစ်ထွက်ပေါ်လာသော စွမ်းအင်အမှတ် ၈ မှတ်ကို သိမ်းဆည်းလိုက်သော်လည်း သူ၏စိတ်ထဲတွင်မူ ပျော်ရွှင်မှု အနည်းငယ်မျှပင် မရှိချေ။
သူ အသက်ရှင်ကျန်ရစ်ခဲ့သည်မှာ ကံတရား၏ ဖေးမမှုကြောင့်သာ ဖြစ်သည်ကို သူ ကောင်းကောင်းနားလည်ထားသည်။
တကယ်လို့များ အဘိုးအိုရုံက ငါ့ကိုသာ ဦးတည်တိုက်ခိုက်ခဲ့ရင် ဒါမှမဟုတ် ငါကသာ အဲဒီမှော်ပညာရဲ့ ရိုက်ခတ်မှုကို ခံခဲ့ရရင်... ငါ ဘယ်လိုဖြစ်သွားမလဲ။
ရှေ့တွင် မြင်တွေ့ခဲ့ရသည့် ဧရာမ မီးလျှံတိမ်တိုက်ကြီး၏ စွမ်းအားမှာ အလွန်ပင် အံ့မခန်းလှသဖြင့် ယခုတိုင် သူ တုန်လှုပ်နေရဆဲပင်။
အကယ်၍ ထိုစွမ်းအားက သူ့ကိုသာ တိုက်ရိုက်ထိမှန်ခဲ့ပါက သူပိုင်ဆိုင်သမျှ လျှို့ဝှက်
လက်နက်များနှင့် စွမ်းဆောင်ရည်ပြမျက်နှာပြင်၏ ချက်ချင်းကုသနိုင်စွမ်းတို့ ရှိပါကလည်း သူ အသက်ရှင်နိုင်ခြေမှာ အလွန်ပင် နည်းပါးလှသည်ဟု သူ ခံစားနေရသည်။ လူတစ်ယောက်သည် ကံတရားအပေါ်၌သာ အမြဲတမ်း ပုံအပ်၍မရနိုင်ဘဲ နောက်ဆုံးတွင် ကိုယ်၏ ကိုယ်ပိုင်အစွမ်းကသာ အခိုင်မာဆုံး ဖြစ်နေရမည်ဖြစ်သည်။
အင်အား... ငါ့ရဲ့ အင်အားက အခုထိ အားနည်းလွန်းသေးတယ်။
အလောင်းထိန်းချုပ်ဂိုဏ်းထဲ ရောက်တာနဲ့ ငါ့ကိုယ်ငါ တည်ငြိမ်အောင် ထိန်းပြီးတော့ပဲ ကြိုးစားရမယ်။ မဆင်မခြင်နဲ့ ဘာမှမလုပ်တာ အကောင်းဆုံးပဲ။
ကျင့်ကြံခြင်းလောကဆိုတာ ကိုယ်ခံပညာလောကနဲ့ မတူဘူး။ ငါ့ကို အလွယ်တကူ ချေမှုန်းနိုင်တဲ့ အစွမ်းထက်သူတွေ အများကြီး ရှိနေတယ်။
ကျင့်ကြံခြင်းလမ်းစဉ်ကို ဆက်သွားရသလို ကိုယ်ခံပညာကိုလည်း စွန့်လွှတ်လို့မဖြစ်ဘူး။ လမ်းစဉ်နှစ်ခုလုံးမှာ အစွမ်းထက်နေဖို့ လိုတယ်။
လုံယီသည် စိတ်ထဲမှ ခိုင်မာစွာ ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူသည် လက်ဝါးဖြင့် ရိုက်ထုတ်လိုက်ရာ ဘေးနားရှိ လူတစ်ကိုယ်စာခန့် တုတ်ခိုင်သော သစ်ကိုင်းကြီးမှာ အလွယ်တကူ ကျိုးကျသွားတော့သည်။ သူသည် ပုဆိန်ဖြင့် ထိုသစ်ကိုင်းကို ချွန်လိုက်ပြီးနောက် မြေကျင်းတစ်ကျင်းကို စတင်တူးဆွသည်။ သူ၏ ခွန်အားနှင့် အတွေ့အကြုံများကြောင့် အသက်ရှူအကြိမ် အနည်းငယ်အတွင်းမှာပင် ကျယ်ဝန်းပြီး နက်ရှိုင်းသော ကျင်းကြီးတစ်ကျင်း ဖြစ်ပေါ်လာခဲ့သည်။
“သူတို့ကို ဒီမှာပဲ အရင် သင်္ဂြိုဟ်ထားကြရအောင်။ ဒါမှ သူတို့ရဲ့ ရုပ်အလောင်းတွေကို တောရိုင်းတိရစ္ဆာန်တွေ ရန်ကနေ ကာကွယ်နိုင်မှာပေါ့။ နောက်မှ သူတို့ရဲ့ မိသားစုတွေကို အကြောင်းကြားပြီး လာခေါ်ခိုင်းတာပေါ့”
လုံယီက အကြံပြုလိုက်သည်။
အကြီးအကဲဖန်သည် သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး ခေါင်းညိတ်ပြသည်။ ထို့နောက် လုံယီသည် သွေးညီီနံ့များကို ဂရုမစိုက်ဘဲ သေဆုံးသွားသော ဂိုဏ်းသားသစ်များ၏ ရုပ်အလောင်းများကို ကျင်းထဲသို့ ကူညီ၍ သယ်ဆောင်ပေးလိုက်သည်။
သင်္ဂြိုဟ်ပြီးနောက် အကြီးအကဲဖန်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ အဝါရောင် အဆောင်အဆောင်စာရွက်တစ်ခုသည် မြေပြင်ပေါ်သို့ ကျရောက်သွားပြီးနောက် ပျောက်ကွယ်သွားတော့သည်။ ၎င်းမှာ တောရိုင်းတိရစ္ဆာန်များ မြေကျင်းကို ပြန်လည်မတူးဆွနိုင်စေရန် ကာကွယ်လိုက်ခြင်းပင်။
စုတ်ပြတ်နေသော အဝတ်စမှော်လက်နက်ပေါ်သို့ ပြန်လည်ရောက်ရှိချိန်တွင် အားလုံး၏စိတ်အစဉ်မှာ လေးလံထိုင်းမှိုင်းနေကြပြီး မည်သူမျှ စကားမပြောလိုကြတော့ချေ။ အဝတ်စမှော်လက်နက်မှာလည်း ယခင်ကထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်သော အရှိန်ဖြင့် မြေပြင်နှင့် ကပ်လျက် ပျံသန်းနေတော့သည်။
အကြီးအကဲဖန်သည် နောက်ထပ် အနှောင့်အယှက်များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် သူ၏ ချီစွမ်းအင်များကို ပိုမိုထုတ်လွှတ်ကာ တပည့်သစ်များကို ဂိုဏ်းတော်ဆီသို့ အမြန်ဆုံး ပို့ဆောင်ပေးလိုနေခြင်းပင်။
နာရီအနည်းငယ် ကြာပြီးနောက် မြူဖြူများ ဖုံးလွှမ်းနေသော နယ်မြေတစ်ခုသို့ သူတို့ ရောက်ရှိလာကြသည်။ ထိုမြူများကြားတွင် အနိမ့်အမြင့် မတူညီသော တောင်ထိပ်ပေါင်း ဆယ်ဂဏန်းခန့်ကို မှိန်ပျပျ မြင်တွေ့နေရသည်။ မှော်လက်နက်သည် မြူထုအတွင်းသို့ တိုးဝင်သွားရာ အားလုံး၏ အမြင်အာရုံများ ဝေဝါးသွားပြီးနောက် မြင့်မားသော တောင်ခြေတစ်ခုသို့ ဆိုက်ရောက်သွားကြသည်။
ရှေ့မှ မြင်တွေ့နေရသော တောင်ကြီးမှာ ပေ ၁,၅၀၀ ကျော် မြင့်မားပြီး သစ်ပင်သစ်တောများ ထူထပ်လှသည်။ ပိုးကောင်များနှင့် ငှက်များ၏ တေးဆိုသံများမှာလည်း တောင်တစ်ခုလုံး ပဲ့တင်ထပ်နေကာ လေထုထဲတွင် လတ်ဆတ်သော မြေနံ့များ သင်းပျံ့နေသည်။ တောင်ခြေတွင် တစ်လံခန့် မြင့်မားသော အဖြူရောင် ကျောက်စာတိုင်တစ်ခု ရှိပြီး ၎င်းပေါ်၌ ဧည့်ကြိုတောင်ထိပ်ဟု အနက်ရောင် စာလုံးသုံးလုံးဖြင့် ရေးထိုးထားသည်။
လုံယီနှင့် အခြားသူများ မှော်လက်နက်ပေါ်မှ ဆင်းလိုက်သည်နှင့် တစ်ပြိုင်နက် အနီးနားရှိ ကွင်းပြင်တစ်ခုပေါ်သို့ ကြီးမားသော သစ်သားငှက်ကြီးတစ်ကောင် ဖြည်းညင်းစွာ ဆင်းသက်လာသည်။
ထိုသစ်သားငှက်မှာ ပေ ၁၀၀ ကျော် ရှည်လျားပြီး အဝါရောင် သစ်သားချောင်းများဖြင့် ပြုလုပ်ထားကာ အဆစ်အမျက်များတွင် ရှုပ်ထွေးသော အနက်ရောင် စာသားများကို ထွင်းထုထားသည်။
၎င်း၏ အနက်ရောင် မျက်လုံးအစုံမှာ ဖရဲသီးခန့် ကြီးမားပြီး ကျောက်သားဖြင့် ပြုလုပ်ထားပုံရသည်။
ထိုငှက်၏ ကျောပေါ်တွင် လူငယ်တပည့်တစ်စု လိုက်ပါလာကြပြီး ဂျိ ဂျိ ဂျိ ဟူသော မြည်သံများနှင့်အတူ ငှက်ကြီးမှာ ချက်ချင်းပင် နိမ့်ဆင်းသွားကာ ပေအနည်းငယ်သာ မြင့်သော စင်မြင့်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
တပည့်များသည် ထိုစင်မြင့်ပေါ်မှ တစ်ယောက်ပြီးတစ်ယောက် ခုန်ဆင်းလာကြသည်။
ထိုတပည့်များကို စောင့်ရှောက်လာသော အနီရောင်ဝတ်စုံဝတ် အကြီးအကဲသည် အရပ်ပု၍ ကိုယ်လုံးတောင့်တောင့်နှင့် မျက်နှာတွင် သွေးရောင်လွှမ်းနေပြီး အကြီးအကဲဖန်ကို ပြုံးရွှင်စွာ နှုတ်ဆက်လိုက်သည်။
“အဘိုးကြီးဖန်... ဒီတစ်ခေါက် လူသစ်စုဆောင်းတာ ဘယ်လိုလဲ”
“သိပ်မကောင်းဘူး။ ထူးချွန်တဲ့ တပည့်တစ်ယောက်ကို အဲ့ဒီနေနီဂိုဏ်းက ကြားဖြတ်လုသွားတယ်။ တခြားလူအချို့လည်း သေကုန်ကြပြီ”
အကြီးအကဲဖန်က အေးစက်စွာ ပြောလိုက်သည်။
အရပ်ပုပုအကြီးအကဲမှာ ထိတ်လန့်သွားပြီး “နေနီဂိုဏ်းက ဒီလောက်တောင် ရဲတင်းနေတာလား” ဟု ပြောကာ ချက်ချင်း ပြန်မေးလိုက်သည်။
“အဲ့ဒီတပည့်က ဘယ်လို ဝိညာဉ်အမြစ်မျိုး မို့လို့လဲ”
“ထိပ်တန်းအဆင့်ပါပဲ”
“ဟူးး...”
အရပ်ပုပုအကြီးအကဲမှာ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး “ဒါ တကယ့် ကိစ္စကြီးပဲ။ မင်း ဂိုဏ်းချုပ်ကြီးဆီကိုရော သတင်းပို့ပြီးပြီလား”
“ရန်သူကိုလည်း မမိလိုက်ဘူး။ သူတို့က အကွက်ကျကျ ပြင်ဆင်လာကြတာ”
အကြီးအကဲဖန်၏ လေသံမှာ အတော်ပင် စိတ်ဓာတ်ကျနေပုံရသည်။
ထို့နောက် ထိုအကြီးအကဲနှစ်ဦးသည် သူတို့၏ ပျံသန်းရေး မှော်လက်နက်များကိုယ်စီဖြင့် ကောင်းကင်ယံသို့ ပျံတက်သွားကြပြီး မကြာမီမှာပင် ပျောက်ကွယ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် ဧည့်ကြိုတောင်ထိပ်ခြေရင်း၌ တပည့်သစ်များ တစ်ဦးပြီးတစ်ဦး စုဝေးလာကြရာ နောက်ဆုံးတွင် လူဦးရေ နှစ်ရာခန့် ရှိလာခဲ့သည်။ သူတို့၏ရှေ့တွင် မုတ်ဆိတ်နှင့် အဘိုးအိုတစ်ဦး ပေါ်လာသည်။ သူ၏ အရှိန်အဝါမှာ တိုင်းတာ၍မရနိုင်လောက်အောင် နက်ရှိုင်းလှသည်။
ထိုအဘိုးအိုက ပါးစပ်ဟလိုက်ပြီး “ဂိုဏ်းထဲကို မဝင်ခင်မှာ မင်းတို့ရဲ့ ဝိညာဉ်အမြစ်တွေကို နောက်တစ်ကြိမ် ထပ်ပြီး စစ်ဆေးရမယ်။ အစီအစဉ်အတိုင်း တစ်ယောက်ချင်းစီ တန်းစီကြ” ဟု ဆို၏။
ထို့နောက် သူသည် လက်ကို ဝှေ့ယမ်းလိုက်ရာ လူတစ်ရပ်ခန့် မြင့်မားသော ကြေးမှန်ကြီးတစ်ခု သူ၏ဘေး၌ ပေါ်လာသည်။ ၎င်းတွင် ခိုင်ခံ့သော စက်ဝိုင်းပုံ အောက်ခြေရှိပြီး ထိပ်ပိုင်း၌ အဖြူရောင် ပုံဆောင်ခဲတစ်ခု မြှုပ်နှံထားသည်။
လူတစ်ဦးသည် ထိုကြေးမှန်ရှေ့သို့ လျှောက်လှမ်းလိုက်တိုင်း သူတို့၏ ဝိညာဉ်အမြစ်ကို ကိုယ်စားပြုသည့် ထူးဆန်းသော ကျောက်တုံးပုံရိပ်များ ပေါ်လာတတ်သည်။ ၎င်းကျောက်တုံးများသည် ပျားအုံသဏ္ဌာန် အမှုန်အမွှားလေးများစွာဖြင့် ဖွဲ့စည်းထားခြင်းပင်။
ယခုအခါတွင် လုံယီသည် ဝိညာဉ်အမြစ်၏ အရည်အသွေးကို မည်သို့ ဆုံးဖြတ်ရမည်ကို ကောင်းစွာ နားလည်ထားပြီ ဖြစ်သည်။ ၎င်းမှာ ဝိညာဉ်အမြစ်အလိုက် တောက်ပနေသော အမှုန်အမွှား အရေအတွက်ပေါ်တွင် မူတည်ခြင်း ဖြစ်သည်။
မီးဓာတ်ဆိုလျှင် အနီရောင်၊ ယင်ဓာတ်ဆိုလျှင် မှိန်ပျပျအလင်း၊ လေဓာတ်ဆိုလျှင် အစိမ်းရောင်၊ ရေဓာတ်ဆိုလျှင် အပြာရောင်၊ မြေဓာတ်ဆိုလျှင် အဝါရောင်... စသည်ဖြင့် ဖြစ်သည်။ အလောင်းထိန်းချုပ်ဂိုဏ်း၏ ကျင့်စဉ်များမှာ ယင်ဓာတ်ကို အခြေခံသဖြင့် စုဆောင်းထားသော တပည့်အများစုမှာ ယင်ဝိညာဉ်အမြစ် ပိုင်ဆိုင်ထားသူများ ဖြစ်ကြသည်။
“အဆင့်နိမ့် ယင်ဝိညာဉ်အမြစ်”
“အလယ်အလတ်အဆင့် ယင်ဝိညာဉ်အမြစ်၊ အဆင့်နိမ့် မီးဓာတ်ဝိညာဉ်အမြစ်”
“အဆင့်နိမ့်...”
“အဆင့်နိမ့်...”
မုတ်ဆိတ်နှင့် အဘိုးအိုသည် သူ၏လက်ထဲတွင် ဝါးစာချပ်တစ်ခုကို ကိုင်ဆောင်ထားပြီး တပည့်သစ်များ၏ အချက်အလက်များကို တိုက်ဆိုင်စစ်ဆေးရင်း အဆက်မပြတ် ခေါင်းညိတ်နေသည်။
“ထိပ်တန်းအဆင့် ယင်ဝိညာဉ်အမြစ်၊ အဆင့်နိမ့် ရေဓာတ်ဝိညာဉ်အမြစ်”
အတော်ကြာကြာ စောင့်ဆိုင်းပြီးနောက်တွင်မှ ထိပ်တန်းအဆင့်တစ်ဦး ပေါ်ထွက်လာတော့သည်။ ကြေးမှန်အတွင်းရှိ ကျောက်တုံးပုံရိပ်၏ ၃၀ ရာခိုင်နှုန်းခန့်မှာ မှိန်ပျပျအလင်းရောင်များ ထွက်ပေါ်နေပြီး အခြားအစိတ် အပိုင်းအနည်းငယ်မှာမူ အပြာရောင်အလင်းများ တောက်ပနေသည်။
ထိုထိပ်တန်းပါရမီရှင်မှာ အခြားသူမဟုတ်ဘဲ လုံယီနှင့် တစ်ဖွဲ့တည်း လိုက်ပါလာသည့် အစိမ်းနုရောင်ဝတ်စုံနှင့် အေးစက်လှပသော စစ်ဗိုလ်ချုပ်သမီးယို့ချင်းယီပင်။
“ညာဘက်မှာ သွားရပ်လိုက်”
မုတ်ဆိတ်နှင့် အဘိုးအိုက ပြုံးရွှင်စွာ ပြောဆိုကာ ယို့ချင်းယီကို နွေးထွေးစွာ ဖိတ်ခေါ်လိုက်သည်။
သူမသာမက အလယ်အလတ်အဆင့်နှင့် ထိပ်တန်းအဆင့် ဝိညာဉ်အမြစ်ရှိသူ အားလုံးမှာ ညာဘက်ခြမ်းတွင် စုရပ်ကြရသည်။ လုံယီကဲ့သို့ အဆင့်နိမ့် ဝိညာဉ်အမြစ်ရှိသူများမှာမူ ဘယ်ဘက်ခြမ်းတွင် ရပ်ကြရပြီး ထိုသူများမှာ လူအုပ်ကြီး၏ အများစုပင်။
မကြာမီမှာပင် တည်တင်းသော မျက်နှာထားနှင့် လူလတ်ပိုင်းအမျိုးသားတစ်ဦး ရောက်ရှိလာပြီး ညာဘက်ခြမ်းရှိ ပါရမီကောင်းသော တပည့်များကို အရင်ဆုံး ခေါ်ဆောင်သွားတော့သည်။ လုံယီတို့ကဲ့သို့ အဆင့်နိမ့် ဝိညာဉ်အမြစ်ရှိသူများမှာမူ ခေတ္တမျှ ထပ်မံစောင့်ဆိုင်းကြရသည်။
မကြာခင်မှာပင် အပြာနုရောင် တာအိုဝတ်ရုံကို ဆင်မြန်းထားသော တပည့်တစ်ဦး ရောက်ရှိလာပြီး သူတို့ကို တောင်ပေါ်သို့ ဦးဆောင်၍ ခေါ်သွားရန် ပြင်ဆင်သည်။ ထိုသူမှာ အသက် ၂၀ ကျော်ခန့်ရှိပြီး အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး၊ မျက်လုံးသေးသေးနှင့် အသားအရေ အနည်းငယ် ဖြူလျော့နေသော်လည်း အမူအရာမှာမူ သိပ်ပြီး ခက်ထန်ခြင်း မရှိချေ။
“ညီငယ်တို့... ငါက မင်းတို့ကို လမ်းညွှန်ပေးမယ့် ဝေကျန်းပါ။ မင်းတို့ထက် နှစ်အနည်းငယ်ပဲ ကြီးတာမို့လို့ စီနီယာအစ်ကိုဝေလို့ပဲဖြစ်ဖြစ်၊ နာမည်တိုက်ရိုက်ပဲဖြစ်ဖြစ် ခေါ်လို့ရပါတယ်”
“ငါ အရင်ဆုံး မင်းတို့ကို အမည်စာရင်းခန်းမဆီ ခေါ်သွားပြီး အချက်အလက်တွေ မှတ်ပုံတင်
ခိုင်းမယ်။ ပြီးရင်တော့ တပည့်အမှတ်အသား တံဆိပ်ပြားတွေကို ထုတ်ပေးမယ်”
“အခု မင်းတို့ အလောင်းထိန်းချုပ်ဂိုဏ်းထဲကို ရောက်လာပြီဆိုတော့ ငါတို့အားလုံးက မိသားစုဝင်တွေပါပဲ။ သိချင်တာရှိရင် အားမနာဘဲ မေးနိုင်ပါတယ်”
လမ်းညွှန်သူ ဝေကျန်းက ဖော်ဖော်ရွေရွေ မိတ်ဆက်ရင်း လျှောက်လှမ်းလာခဲ့သည်။
“စီနီယာအစ်ကိုဝေ... ဒါဆိုရင် ကျွန်တော်တို့က အခု အပြင်စည်းတပည့်တွေ ဖြစ်သွားပြီလား”
တစ်ဦးက လှမ်းမေးလိုက်သည်။
“ဂိုဏ်းထဲရောက်လို့ သုံးလအတွင်းမှာ ချီစွမ်းအင်ကို စတင်အာရုံခံနိုင်မယ်ဆိုရင်တော့ တရားဝင် အပြင်စည်းတပည့်တွေ ဖြစ်လာမှာပေါ့”
ဝေကျန်းက ပြောလိုက်ရာ သူ၏ မျက်လုံးသေးသေးလေးများမှာ မှေးစက်သွားတော့သည်။
အကယ်၍ သုံးလအတွင်း အာရုံမခံနိုင်သူများကရော...
ထိုနေရာရှိသူ မည်သူမျှ မိုက်မဲသူများ မဟုတ်ကြချေ။ ဝေကျန်း၏ မပြောဘဲ ချန်ထားခဲ့သော အဓိပ္ပာယ်ကို အားလုံး နားလည်လိုက်ကြပြီး သူတို့၏ နှလုံးသားထဲတွင် စိုးရိမ်ထိတ်လန့်မှုတို့ စိမ့်ဝင်သွားတော့သည်။
အခန်း။ ၂၇၂
“အပြင်စည်းတပည့် ဖြစ်လာပြီးနောက် ချီသန့်စင်ခြင်း အလယ်အလတ်အဆင့်ကို ရောက်တဲ့အခါ အတွင်းစည်းတပည့် ဖြစ်လာနိုင်ပါတယ်။ အကယ်၍ နှောင်းပိုင်းအဆင့်အထိ ဖောကထွက်နိုင်မယ်ဆိုရင်တော့ ငါတို့ဂိုဏ်းရဲ့ အမာခံတပည့်ဖြစ်လာမှာပါ။ အဲ့ဒီအခါကျရင်တော့ ဂိုဏ်းက မင်းတို့ကို အဓိကထားပြီး ပျိုးထောင်ပေးမှာဖြစ်သလို အရင်းအမြစ်တွေကိုလည်း ပုံအောပေးမှာပါ”
ဝေကျန်းက ဆက်လက်ရှင်းပြသည်။
စကားပြောဆိုရင်းနှင့်ပင် သူတို့အဖွဲ့သည် ငါးထပ်ရှိသော ရှေးဟောင်းသစ်သားအဆောက်အအုံကြီးတစ်ခုရှေ့သို့ ရောက်ရှိလာကြသည်။ ထိုအဆောက်အအုံမှာ လေထဲသို့ ပျံတက်တော့မည့သဏ္ဌာန် အမိုးစွန်းများဖြင့် ခန့်ညားထည်ဝါလှပြီး အမည်စာရင်းခန်းမဟု ခေါ်သည်။
အားလုံးသည် ပထမထပ်တွင် မိမိတို့၏ အမည်၊ နေရပ်လိပ်စာနှင့် မိသားစုအချက်အလက်များကို စနစ်တကျ မှတ်တမ်းတင်ကြရသည်။
ဒုတိယထပ်တွင်မူ တပည့်များ လိုက်နာရမည့် စည်းကမ်းချက်များကို လက်ခံရရှိကြသည်။ ထိုစည်းကမ်းများမှာ လုံယီ ယခင်က မြင်တွေ့ခဲ့ဖူးသော အခြားဂိုဏ်းစည်းကမ်းများအတိုင်းပင်။ ဥပမာအားဖြင့် ဆရာသမားနှင့် လမ်းစဉ်အပေါ် ရိုသေလေးစားရန်၊ အချင်းချင်း စည်းလုံးညီညွတ်စွာ ကူညီရိုင်းပင်းရန်နှင့် ဂိုဏ်းကို သစ္စာမဖောက်ရန် စသည်တို့ ဖြစ်သည်။
တတိယထပ်တွင် အရည်အသွေးမြင့် အနီရောင်သစ်သားဖြင့် ပြုလုပ်ထားသော အပြင်စည်းတပည့် အမှတ်အသားတံဆိပ်ကို ထုတ်ယူကြရသည်။
ထိုတံဆိပ်ပေါ်တွင် ပိုင်ရှင်၏အမည်နှင့် ဂိုဏ်းသို့ စတင်ဝင်ရောက်သည့် ခုနှစ်ကို ထွင်းထုထားသည်။ လက်ရှိ ကျောက်နိုင်ငံတွင် အသုံးပြုနေသော ထျန်းရွှင့် နန်းသက် သုံးနှစ်မြောက်ဟု ရေးထိုးထားသည်။
စတုတ္ထထပ်တွင်မူ တပည့်ဝတ်စုံများကို ထုတ်ပေးသည်။ ၎င်းမှာ မီးခိုးရောင် ဝတ်စုံဖြစ်ပြီး ရင်ဘတ်တွင် စပါးနှံပုံစံ ပန်းထိုးထားသည်။ ထို့အပြင် အနက်ရောင် ပိတ်ဖိနပ်များကိုပါ တစ်ပါတည်း ထုတ်ပေးပြီး စုစုပေါင်း နှစ်စုံ ရရှိကြသည်။
တကယ်လို့ အပိုလိုချင်တယ်ဆိုရင်တော့ ကိုယ်ပိုင်ငွေနဲ့ ဝယ်ယူရမှာဖြစ်ပြီး တစ်စုံကို ငွေစ ငါးကျပ် ကျသင့်မည်ဖြစ်သည်။
လုံယီသည် သူ၏ အိတ်ကပ်ကို စမ်းကြည့်ရင်း ခါးသီးစွာ ပြုံးလိုက်မိသည်။ သူပါလာသမျှ ငွေအားလုံးမှာ ဝတုတ်တုတ် တာအိုဆရာကို လာဘ်ထိုးရာတွင် ကုန်ဆုံးသွားခဲ့ပြီဖြစ်ရာ ယခု သူ့ထံတွင် တစ်ပြားမျှပင် မရှိတော့ချေ။
နောက်ဆုံးတွင် အားလုံးသည် ပဉ္စမထပ်သို့ တက်လှမ်းကာ ကျင့်စဉ်စာအုပ်ကို ထုတ်ယူကြရသည်။ ၎င်းမှာ စွမ်းအင်လမ်းပြကျင့်စဉ်ဟု အမည်ရသော အပြာရောင် စာအုပ်ပါးလေး ဖြစ်သည်။ အမည်အတိုင်းပင် ထိုကျင့်စဉ်မှာ ကမ္ဘာဦး အင်အားစုများနှင့် ဝိညာဉ်ရေးရာ ချီစွမ်းအင်ကို မည်သို့ အာရုံခံရမည်၊ ခန္ဓာကိုယ်အတွင်းသို့ မည်သို့ စုပ်ယူသန့်စင်ရမည်ကို သင်ကြားပေးသည့် နည်းလမ်းဖြစ်သည်။
“ဒီစွမ်းအင်လမ်းပြကျင့်စဉ်ဆိုတာ အလယ်ပိုင်းတိုက်ကြီးရဲ့ ကျင့်ကြံခြင်းလောကမှာ အသုံးအများဆုံး ချီသန့်စင်ခြင်း နည်းလမ်းတစ်ခုပဲ။ အစောပိုင်း အဆင့်တွေမှာ ကျင့်ကြံဖို့အတွက် အသင့်တော်ဆုံးပဲပေါ့”
“ဒီကျင့်စဉ်က ကျင့်ကြံတဲ့အရှိန် သိပ်မမြန်ပေမဲ့ တည်ငြိမ်မှုရှိပြီး ဘေးထွက်ဆိုးကျိုး လုံးဝမရှိတာက အားသာချက်ပဲ။ နောက်ပိုင်း တခြားအဆင့်မြင့်ကျင့်စဉ်တွေကို ပြောင်းလဲကျင့်ကြံတဲ့အခါမှာလည်း အဆင်ပြေပြေ ကူးပြောင်းနိုင်စေတယ်...”
“ညီငယ် ညီမငယ်တို့ ချီစွမ်းအင်ကို စတင်အာရုံခံနိုင်ပြီဆိုတာနဲ့ ငါတို့ အလောင်းထိန်းချုပ်ဂိုဏ်းရဲ့ သီးသန့်ကျင့်စဉ်ဖြစ်တဲ့ ထူးကဲယင်ကျင့်စဉ်ကို တရားဝင်သင်ယူခွင့်ရမှာပါ။ အဲ့ဒီအခါကျရင် ကျင့်ကြံမှုကို အထောက်အကူပြုဖို့အတွက် မြက်အလောင်းတစ်ခုကိုလည်း ရရှိပါလိမ့်မယ်...”
ဝေကျန်းက တပည့်သစ်များကို အသေးစိတ် ရှင်းပြနေသည်။ လုံယီ နားလည်လိုက်သည်မှာ ဤ စွမ်းအင်လမ်းပြကျင့်စဉ်သည် ချီစွမ်းအင်ကို စတင်အာရုံခံနိုင်စေရန်သာ အခြေခံအဆင့်
အနေဖြင့် အသုံးပြုခြင်းဖြစ်သည်။ ခန္ဓာကိုယ်ထဲသို့ ချီစွမ်းအင်များ စတင်သွင်းယူနိုင်သည်နှင့် ဤကျင့်စဉ်ကို စွန့်လွှတ်ကာ ဂိုဏ်း၏ အဓိကကျင့်စဉ်သို့ ပြောင်းလဲရမည်ဖြစ်သည်။
အမည်စာရင်းခန်းမမှ ထွက်ခွာပြီးနောက် ဝေကျန်းသည် အားလုံးကို တောင်အောက်သို့ ပြန်လည်ဦးဆောင်လာပြီး အနည်းငယ်နိမ့်သော တောင်ကုန်းတစ်ခုဆီသို့ ရောက်ရှိလာခဲ့သည်။ တောင်ခြေရှိ အဖြူရောင်ကျောက်စာတိုင်တွင် တပည့်တောင်ထိပ်ဟု ရေးထိုးထားသည်။ ထိုတောင်ပေါ်တွင် သစ်ပင်များ ခပ်ကျဲကျဲသာရှိပြီး တောင်ခြေမှ တောင်ထိပ်အထိ တောင်နံရံတစ်ခုလုံးတွင် ထောင်နှင့်ချီသော အနက်ရောင် လိုဏ်ဂူအပေါက်များဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
ထိုမြင်ကွင်းကြောင့် လူအများအပြား၏ စိတ်ထဲတွင် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လာတော့သည်။
“ကဲ... ဒီနေ့ကစပြီး မင်းတို့အားလုံး ဒီ တပည့်တောင်ထိပ်မှာ နေထိုင်ကြရမယ်”
ဝေကျန်းက တစ်စုံတစ်ခုကို လှောင်ပြောင်လိုသည့် အမူအရာဖြင့် ပြုံးလိုက်ရင်း “ဒီတောင်ပေါ်မှာ စုစုပေါင်း လိုဏ်ဂူ ၂၃,၅၆၈ ခုရှိပြီး ဂူတိုင်းမှာ ကျောက်ခုတင် တစ်လုံးစီ ရှိပါတယ်။ တောင်က ပိုမြင့်လေ ဝိညာဉ်ရေးရာ ချီစွမ်းအင်ပိုပြီး ပေါများလေဖြစ်လို့ ချီစွမ်းအင်ကို အာရုံခံဖို့ ပိုပြီး လွယ်ကူစေလိမ့်မယ်”
“ဪ... ဒါနဲ့ တစ်ခုတော့ သတိပေးပါရစေ။ ညဘက်ဆိုရင်တော့ အပြင်မထွက်ဘဲ ဂူထဲမှာပဲ အေးအေးဆေးဆေး နေတာ အကောင်းဆုံးပဲ။ ညဘက်ဆိုရင် တောင်ပေါ်မှာ အဆိပ်ငွေ့တွေ ထွက်တတ်တယ်။ ရှူမိရင်တော့ မင်းတို့အတွက် မကောင်းဘူးနော်”
“အစားအသောက်အတွက်ကတော့ နေ့တိုင်း အလုပ်သမားတွေက တောင်အောက်ကနေ လာပို့ပေးလိမ့်မယ်။ ပထမသုံးလအတွင်းမှာတော့ ငါတို့ဂိုဏ်းက လူသစ်တွေအတွက် အခမဲ့ ကျွေးမွေးသွားမှာပါ။ ဒီသုံးလအတွင်းမှာ အခွင့်အရေးကို အရယူကြပါ။ အချိန်မဖြုန်းကြနဲ့ဦး”
ဝေကျန်းသည် အဓိပ္ပာယ်ပါပါ စကားပြောပြီးနောက် လှည့်ထွက်သွားသည်။
ဝေကျန်းသည် သာမန်တပည့်အဆင့်အတန်းမှ ကျော်လွန်သွားပြီဖြစ်၍ ဤတပည့်တောင်ထိပ်ရှိ လိုဏ်ဂူကျဉ်းလေးများထဲတွင် တိုးဝှေ့နေထိုင်ရန် မလိုတော့သည်မှာ သိသာလှသည်။
ကွင်းပြင်၌ ကျန်ရစ်ခဲ့သော တပည့်သစ် တစ်ရာကျော်ခန့်မှာမူ ရုတ်တရက်ကြီး ပစ်ထားခြင်းခံလိုက်ရသဖြင့် ကြောင်တောင်တောင်နှင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေမိကြသည်။ ထိုစဉ် မိန်းကလေးတစ်ဦးက ပထမဆုံးအဖြစ် တောင်ပေါ်သို့ စတင်တက်လှမ်းကာ အထက်ပိုင်းရှိ လိုဏ်ဂူများဆီသို့ ဦးတည်သွားတော့သည်။
သူမသည် အဖြူရောင်ပိတ်ပါးစကတ်ကို ဆင်မြန်းထားပြီး သွယ်လျသော ကိုယ်လုံးကိုယ်ပေါက်နှင့် ဝင်းပသော အသားအရေရှိသူဖြစ်သည်။ သို့သော် နဂိုက ချိုသာလှသော သူမ၏မျက်နှာမှာ ယခုအခါတွင်မူ မည်သည့်ခံစားချက်မျှ မရှိတော့ဘဲ မျက်ဝန်းအစုံ၌လည်း အမှောင်ထုများဖြင့် ပြည့်နှက်နေသည်။ သူမမှာ လုံယီနှင့်အတူ ကျင်းမြို့မှ လိုက်ပါလာသည့် အမွှာညီအစ်မအနက် ကျန်ရစ်သူဖြစ်သော ရွှီကျွင်းယီပင်။ သူမ၏အစ်မဖြစ်သူ မတော်တဆ သေဆုံးသွားခဲ့ပြီးနောက် တစ်ဦးတည်း ဂိုဏ်းထဲသို့ ဝင်ရောက်လာရသဖြင့် သူမ၏ စိတ်နေစိတ်ထားမှာ ယခင်ကကဲ့သို့ တက်ကြွရွှင်လန်းခြင်း မရှိတော့ဘဲ လုံးဝပြောင်းလဲသွားခဲ့သည်။
ရွှီကျွင်းယီ၏ နောက်တွင် အခြားသူများလည်း အပြေးအလွှား လိုက်ပါသွားကြသည်။ နေရာကောင်းများကို အလုခံရမည်စိုးသဖြင့် အားလုံးက လိုဏ်ဂူများဆီသို့ အလုအယက် တက်သွားကြတော့သည်။ လုံယီမှာမူ တောင်ခြေရှိ လိုဏ်ဂူတစ်ခုရှေ့သို့ ရောက်ရှိလာပြီး အတွင်းသို့ ဝင်လိုက်သည်နှင့် ပြင်းထန်လှသော ဖုန်နံ့များက နှာခေါင်းကို လာရောက်ရိုက်ခတ်သဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။
ဤလိုဏ်ဂူမှာ တကယ်ပင် ကြမ်းတမ်းလွန်းလှသည်။ အမြင့်မှာ သုံးပေခန့်သာရှိပြီး အကျယ်အဝန်းမှာလည်း ငါးပေပတ်လည်ခန့်သာ ရှိကာ ဘေးပတ်ပတ်လည်မှာ တောင်ကျောက်တုံးများနှင့် မြေသားမာများသာ ဖြစ်သည်။ လိုဏ်ဂူအတွင်း၌ အသုံးအဆောင် ပစ္စည်းသုံးမျိုးသာ ရှိကာ ဖုန်မှုန့်များ အထပ်ထပ် တက်နေသည့်အပြင် မျက်နှာပြင်တစ်ခုလုံး အက်ကွဲကြောင်းများနှင့် ကျင်းခွက်ငယ်များ ပြည့်နှက်နေသော ကျောက်ကုတင် တစ်လုံး၊ ၎င်း၏ ဘေးတွင်မူ အနားသတ်များ ပဲ့ကြွေနေပြီး ကျောက်ကုတင်ထက်ပင် အခြေအနေ ပိုဆိုးလှသည့် ကျောက်စားပွဲနှင့် ကျောက်ထိုင်ခုံ တစ်လုံးတို့ပင်။
အသက်မဲ့နေသော ထိုအရာဝတ္ထု သုံးခုအပြင် အသက်ရှိသော သတ္တဝါများစွာလည်း ရှိနေသေးသည်။
မြေပြင်ပေါ်တွင် ပုရွက်ဆိတ်နက်ရှည်ကြီးများ တွားသွားနေကြပြီး အပေါ်ဘက်တွင်မူ အစိမ်းရောင်တောက်တောက် ပင့်ကူများက အေးအေးလူလူပင် အိမ်ဖွဲ့နေကြသည်။ ကုတင်အောက်တွင်မူ ကင်းခြေများကဲ့သို့ သတ္တဝါများက ရွှံ့တွင်းထဲသို့ လျင်မြန်စွာ တိုးဝင်သွားကြသည်။
ဒါက လူနေလို့ရတဲ့ နေရာရော ဟုတ်ရဲ့လား။
လုံယီတစ်ယောက် စကားပင် မဆိုနိုင်တော့ဘဲ အံ့အားသင့်နေမိတော့သည်။
လုံယီသည် အနီးနားရှိ အခြားလိုဏ်ဂူအချို့ကိုလည်း လိုက်လံစစ်ဆေးကြည့်ရာ အားလုံးမှာ အခြေအနေချင်း ဆင်တူနေကြသည်။ အချို့ဂူများထဲတွင် မြွေတစ်ကောင်မက ရှိနေပြီး ၎င်းတို့၏ တောက်ပသော အရောင်အသွေးကို ကြည့်ခြင်းအားဖြင့် အလွန်အဆိပ်ပြင်းသော မြွေများဖြစ်ကြောင်း သေချာလှသည်။
အခြားတပည့်သစ်များလည်း ဂူထဲမှ ပြန်ထွက်လာကြပြီး မျက်နှာပျက်နေကြသည်။
“တောင်ခြေက ဂူတွေက အဆိုးဆုံးပဲ။ လူမနေတာ ကြာပြီထင်တယ်”
ယခင်က မင်းသားကြီးနှင့် ယို့ချင်းယီတို့၏ အဆင့်အတန်းကို ပြောပြခဲ့ဖူးသော အနက်ရောငဝတ်လူငယ်က အထက်ပိုင်းကို လှမ်းကြည့်ရင်း တည်ငြိမ်စွာ သုံးသပ်ပြသည်။
“တောင်ခါးပန်းနားမှာ လူအချို့ရှိနေတာကို ငါတွေ့ခဲ့တယ်။ ဒါက အဲ့ဒီနားမှာ လူနေလို့ရတယ်ဆိုတဲ့ သဘောပဲ”
စူးယွီကလည်း “စီနီယာအစ်ကိုဝေ ပြောတာတော့ တောင်ပေါ်ပိုင်းရောက်လေ ဝိညာဉ်ရေးရာစွမ်းအင် ပိုများလေဆိုပဲ။ ဒါဆို တောင်ထိပ်က အကောင်းဆုံးဖြစ်မှာပေါ့” ဟု ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ လူတိုင်း မျက်လုံးများ တောက်ပသွားပြီး အထက်သို့ အပြိုင်အဆိုင် တက်လှမ်းကြတော့သည်။ သို့သော် မထင်မှတ်ဘဲ တောင်ခါးပန်းအရောက်တွင် ရှေ့သို့ ဆက်တက်၍မရဘဲ ရပ်တန့်သွားကြရသည်။
မီးခိုးရောင် တာအိုဝတ်ရုံများကို ဆင်မြန်းထားပြီး သူတို့ထက် အသက်ကြီးပုံရသော လူငယ် ခုနစ်ယောက် ရှစ်ယောက်ခန့်က လမ်းကို ပိတ်ထားကြသည်။
ခေါင်းဆောင်လုပ်သူမှာ အသက် ၂၃၊ ၂၄ ခန့်ရှိပြီး အရပ်ရှည်ရှည် ကိုယ်လုံးတောင့်တောင့်နှင့် ပါးစပ်တွင် မြက်ပင်တစ်ပင်ကို ကိုက်ထားကာ ခပ်နောက်နောက်နိုင်သော ပုံစံရှိသည်။
သူက ခပ်အေးအေးပင် စကားပြောလာသည်။
"မင်းတို့အားလုံး ဘာလို့ ဒီလောက် အလျင်စလို အပေါ်တက်နေကြတာလဲ။ အောက်က ဂူတွေက နေလို့မကောင်းလို့လား"
"အောက်က ဂူတွေက အရမ်းညစ်ပတ်တယ်။ ကင်းခြေတွေ မြွေတွေနဲ့ ပြည့်နေတာ။ အဲဒါ လူနေလို့ရတဲ့နေရာမှ မဟုတ်တာ"
စူးယွီက မအောင့်နိုင်ဘဲ အော်ပြောလိုက်သည်။
"ဩော်... ဟုတ်လား။ ဒါပေမဲ့ ဒီအပေါ်က ဂူတွေကိုတော့ ငါတို့က ပင်ပင်ပန်းပန်း သန့်ရှင်းရေး လုပ်ထားတာကွ။ မင်းတို့ကို ဒီအတိုင်း အလွယ်တကူ ပေးမနေနိုင်ဘူး"
မြက်ပင်ကိုက်ထားသော လူငယ်က နားထဲသို့ လက်နှိုက်ရင်း ပေါ့ပေါ့ပါးပါးပင် ပြန်ပြောသည်။
"ဒါဆိုရင် စီနီယာက ဘယ်လိုလုပ်ဖို့ စိတ်ကူးထားလို့လဲ"
အနက်ရောင်ဝတ်စုံနှင့် လူငယ်က မေးမြန်းလိုက်သည်။
"ရိုးရိုးလေးပါပဲ တစ်ညနေရင် ငွေစ တစ်ကျပ်၊ နှစ်ညဆိုရင် နှစ်ကျပ်"
ထိုလူငယ်က မထူးခြားသလိုပင် ပြောလိုက်သည်။
"အများဆုံး သုံးလစာအထိ ကြိုပေးထားရင်တော့ မင်းတို့ စိတ်ကြိုက် နေလို့ရပြီ"
ဆိုလိုသည်မှာ သုံးလပြည့်အောင် နေထိုင်မည်ဆိုပါက ငွေစ ကိုးဆယ်တိတိ ကျသင့်မည် ဖြစ်သည်။
လူအများအပြား၏ မျက်နှာများ ပျက်သွားကြသည်။ သူတို့ထဲတွင် ချမ်းသာသော မိသားစုမှ လာသည့် မင်းသားများ၊ သခင်မလေးများ ပါသကဲ့သို့ ငွေစ ကိုးဆယ်ကို မတတ်နိုင်သော သာမန်လူတန်းစားများလည်း ပါဝင်သည်။
ကျောက်နိုင်ငံ၏ ကုန်ဈေးနှုန်းမှာ လုံယီ သိရှိခဲ့သော ဝေနိုင်ငံနှင့် ဆင်တူသည်။ သာမန်လူတစ်ယောက်၏ တစ်နှစ်ဝင်ငွေမှာ ငွေစ ခုနစ်ကျပ် သို့မဟုတ် ရှစ်ကျပ်ခန့်သာ ရှိသည်။
ထို့ကြောင့် ငွေစ ကိုးဆယ်ဆိုသည်မှာ ဆယ်နှစ်စာ ဝင်ငွေနှင့် ညီမျှနေသဖြင့် အမှန်တကယ်ပင် များပြားလှသော ပမာဏ ဖြစ်သည်။
"ဘာလို့လဲ။ ဒီအပေါ်က ဂူတွေကလည်း ဂိုဏ်းက ပိုင်တာ မဟုတ်ဘူးလား"
စူးယွီက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"စီနီယာတို့မှာ ငွေတောင်းဖို့ ဘာအခွင့်အရေး ရှိလို့လဲ"
"အခွင့်အရေး ဟုတ်လား... ကောင်းပြီ ငါတို့မှာ ဘာအခွင့်အရေး ရှိလဲဆိုတာ ပြပေးရတာပေါ့"
မြက်ပင်ကိုက်ထားသော လူငယ်က လှောင်ပြုံးပြုံးရင်း လက်ချောင်းကို ဖြတ်ကနဲ တစ်ချက် တီးလိုက်သည်။
ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ မြက်တောနှင့် သစ်ပင်များကြားမှ ရှဲရှဲ ဟူသော အသံများ ထွက်ပေါ်လာသည်။