← Chapters

အခန်း (၂၇၃-၂၇၄)

Vol. 28 Ch. 273-274

အခန်း (၂၇၃-၂၇၄)

Vol. 28 Ch. 273-274

အခန်း။ ၂၇၃

ရုတ်တရက်ဆိုသလို ထူးဆန်းသော အရိပ်တစ်ခု ရှေ့သို့ ပြေးထွက်လာသည်။

၎င်းမှာ ဆံပင်၊ မျက်ခုံးနှင့် မုတ်ဆိတ်မွေး လုံးဝမရှိသော လူတစ်ယောက် ဖြစ်ပြီး တစ်ကိုယ်လုံး အနက်ရောင် ဝတ်ဆင်ထားကာ ခြေဗလာနှင့် ဖြစ်သည်။ သူ၏ အသက်အရွယ်ကို ခန့်မှန်းရခက်လှသလို အသားအရေမှာလည်း လူသေတစ်ယောက်ကဲ့သို့ ဖြူလျော့နေသည်။ ထူးခြားသည်မှာ သူ၏ ပြောင်နေသော ဦးခေါင်းမှ လည်ပင်းအထိ ရှုပ်ထွေးလှသော အနက်ရောင် အကွေးအဆန့် လိုင်းများကို စုတ်တံဖြင့် ရေးထူးထားသကဲ့သို့ မြင်တွေ့ရခြင်းပင်။

အဆန်းကြယ်ဆုံး အချက်မှာ သူ၏ မျက်လုံးများမှာ ပိတ်ထားလျက်ရှိပြီး အမြင်အာရုံမရှိဘဲ လမ်းကြောင်းကို ကျွမ်းကျင်စွာရှာဖွေနိုင်ပုံပင်။

ထိုလူမှာ စူးယွီ၏ ရှေ့သို့ လျင်မြန်စွာ ရောက်ရှိလာပြီး လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။

ဝူး...

လေထုကို ခွင်းသွားသည့် စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။ စူးယွီသည် ဘေးသို့ ရှောင်တိမ်းရန် ကြိုးစားသော်လည်း မမှီတော့ဘဲ မျက်နှာကို အားပြင်းစွာ အရိုက်ခံလိုက်ရကာ အရုပ်တစ်ရုပ်ကဲ့သို့ နောက်သို့ လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။

“အား...”

သူသည် ပါးကို ကိုင်ကာ မြေပြင်ပေါ်တွင် ညည်းတွားနေမိသည်။

“ဒါကတော့ လွန်သွားပြီ”

လူအုပ်ထဲမှ နောက်ထပ် လူငယ်တစ်ဦး ပြေးထွက်လာသည်။ သူသည် ကျားသစ်တစ်ကောင်ကဲ့သို့ လျင်မြန်လှပြီး သဲအိတ်အရွယ်ခန့်ရှိသော သူ၏ လက်သီးကို ထိုကတုံးလူသားထံသို့ ဒေါသတကြီး လွှဲယမ်းလိုက်သည်။ သူ၏ လှုပ်ရှားမှုများကို ကြည့်ခြင်းအားဖြင့် သူသည် ကိုယ်ခံပညာ လေ့ကျင့်ထားသူတစ်ဦး ဖြစ်ကြောင်း သိသာလှသည်။

ဖြောင်း...

ထိုကတုံးလူသားသည် မျက်လုံးမှိတ်ထားသော်လည်း တိုက်ခိုက်မှုကို တိကျစွာ ကာကွယ်လိုက်ပြီး ရန်သူ၏ လက်မောင်းကို ဖမ်းဆွဲကာ ဘေးသို့ ပစ်ပေါက်လိုက်သည်။

ဝုန်း...

ထိုလူငယ်မှာ လွင့်ထွက်သွားပြီး သစ်ပင်တစ်ပင်နှင့် တိုက်မိကာ ခါးကို ကိုင်လျက် မြေပြင်ပေါ်တွင် လူးလိမ့်နေတော့သည်။ ထပ်မံ၍ ထမလာနိုင်တော့ချေ။

“ကိုယ့်အင်အားကိုယ် မသိတဲ့ကောင်တွေ”

မြက်ပင်ကိုက်ထားသော လူငယ်က လှောင်ပြုံးပြုံးရင်း သူ၏ လက်ဖျောက်ကို ထပ်မံ တောက်လိုက်ပြန်သည်။

ထိုကတုံးလူသားသည် ကိုယ်ကိုကိုင်းညွတ်ကာ မြေပြင်ကို လက်သီးဖြင့် အားကုန်ထိုးချလိုက်သည်။

ဝုန်း...

ထိုလက်သီးချက်ကြောင့် မြေပြင်တွင် ငါးလက်မ၊ ခြောက်လက်မခန့် နက်သော ကျင်းကြီးတစ်ခု ဖြစ်ပေါ်သွားသည်။ သာမန်လူသားတို့ထက် များစွာသာလွန်သော သူ၏ ထူးခြားလှသည့် ခွန်အားကို မြင်တွေ့လိုက်ရသဖြင့် လူတိုင်း အံ့အားသင့်သွားကြတော့သည်။

“ဒါ... ဒါက မင်းရဲ့ အသက်သခင် ဝိညာဉ်အလောင်းပဲ”

အနက်ရောင်ဝတ်လူငယ်က တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် အော်ပြောလိုက်သည်။

“မျက်စိရှင်သားပဲ”

မြက်ပင်ကိုက်ထားသော လူငယ်က အနည်းငယ် အံ့သြသွားဟန်ဖြင့် ဆက်ပြောသည်။

“ငါ ဒီဝိညာဉ်အလောင်းကို ပျိုးထောင်လာတာ သုံးနှစ်ရှိပြီ။ အရင်းအမြစ်တွေလည်း အများကြီး ပုံအောထားတာ။ အခုဆိုရင် သူက ဧရာမအိုးကြီးတွေကို အလွယ်တကူ မနိုင်စွမ်းရှိသလို သာမန်မိစ္ဆာ သားရဲတွေနဲ့ တွေ့ရင်တောင် လုံးဝကြောက်စရာ မလိုတော့ဘူး”

မြက်ပင်ကိုက်ထားသောလူငယ်၏ စကားကြောင့် တပည့်သစ်အများစုမှာ တိတ်ဆိတ်သွားကြသည်။ သူတို့သည် စွမ်းအင်လမ်းပြကျင့်စဉ်ကို ရရှိရုံသာ ရှိသေးပြီး ချီစွမ်းအင်ကိုပင် ခန္ဓာကိုယ်ထဲသို့ မသွင်းယူနိုင်ကြသေးချေ။ စွမ်းအင်ကို အောင်မြင်စွာ သွင်းယူနိုင်မှသာ ဂိုဏ်း၏ လျှို့ဝှက်ကျင့်စဉ်ဖြစ်သော ထူးကဲယင်ကျင့်စဉ်ကို ရရှိမည်ဖြစ်ပြီး ကိုယ်ပိုင်အလောင်းကို ပျိုးထောင်ခွင့် ရရှိမည်ဖြစ်သည်။

ရှေ့တွင်ရှိနေသော စီနီယာအုပ်စုမှာ သူတို့ထက် နှစ်ပေါင်းများစွာ ကြိုတင်ကျင့်ကြံထားသူများ ဖြစ်ရုံသာမက စွမ်းအားကြီးသော ဝိညာဉ်အလောင်းများကိုလည်း ပိုင်ဆိုင်ထားသဖြင့် စစ်

မှန်သော ကျင့်ကြံသူများ ဖြစ်နေကြပြီဖြစ်သည်။

သာမန်လူအဆင့်ပဲ ရှိသေးတဲ့ ငါတို့က ဒီလောက်ပြင်းထန်တဲ့ တိုက်ခိုက်မှုကို ဘယ်လိုမျိုး ပြန်တုံ့ပြန်နိုင်မှာလဲ။

“ကျွန်တော် ငွေပေးပါ့မယ်”

ချမ်းသာသော အဝတ်အစားများ ဝတ်ဆင်ထားသည့် ဝတုတ်တုတ်လူငယ်တစ်ဦးက အော်ပြောလိုက်သည်။

သူသည် ခါးတွင်ချိတ်ထားသော အိတ်ထဲမှ ငွေတုံးများကို အလျင်အမြန် ထုတ်ယူကာ မြက်ပင်ကိုက်ထားသောလူငယ်၏ ဘေးမှလူထံသို့ ကမ်းပေးလိုက်ရင်း “ဒီမှာ ငွေစင် အကျပ် ၃၀၊ ကျွန်တော် တစ်လစာအတွက် ပေးတာပါ” ဟု ပြောလိုက်သည်။

“လိမ္မာတယ်”

မြက်ပင်ကိုက်ထားသောလူငယ်က ကျေနပ်စွာ ပြုံးလိုက်ပြီး “မင်းက ဒီအသုတ်ထဲမှာ ပထမဆုံး ဖောက်သည်ဖြစ်လို့ ငါ မင်းကို နောက်ထပ် ၁၀ ရက် အပိုပေးလိုက်မယ်”

“ကျေးဇူးတင်ပါတယ် စီနီယာ”

ပထမဆုံး ဦးဆောင်သူ ပေါ်ထွက်လာသည်နှင့် တပည့်သစ်များ၏ တုံ့ပြန်လိုစိတ်မှာ ချက်ချင်းပင် ပြိုကွဲသွားတော့သည်။ ငွေရှိသူများက ပေးချေကြပြီး ငွေမရှိသူများမှာမူ ခေါင်းငိုက်စိုက်ချကာ တောင်အောက်သို့ ပြန်ဆင်းသွားကြသည်။

သို့သော်လည်း လူတစ်ယောက်မှာမူ ငွေမပေးဘဲ ရှေ့သို့ တိုးထွက်လာကာ ခရီးကို ဆက်ရန် ဆုံးဖြတ်လိုက်သည်။

ထိုသူမှာ လုံယီပင်။

“ဟေ့ကောင်... အောက်ဆင်းစမ်း”

မြက်ပင်ကိုက်ထားသောလူငယ်၏ ဘေးမှ နောက်လိုက်တစ်ဦးက သူ၏ အမိန့်ကို လျစ်လျူရှုကာ ရှေ့တိုးလာသော လုံယီကို ဒေါသတကြီး အော်ဟစ်လိုက်သည်။

လုံယီ၏ အနောက်ဘက်မှ သေသူကဲ့သို့ ဖြူလျော့သော အသားအရေနှင့် ကတုံးလူသားတစ်ဦး ပြေးထွက်လာသည်။ သူ၏ လှုပ်ရှားမှုများက မြက်ပင်ကိုက်ထားသောလူငယ်၏ ဝိညာဉ်အလောင်းလောက် မပြေပြစ်ဘဲ အနည်းငယ် တောင့်တင်းနေသော်လည်း အရှိန်မှာမူ အတော်ပင် လျင်မြန်လှသည်။

၎င်းသည် လုံယီ၏ရှေ့သို့ ရောက်သည်နှင့် လက်သီးဖြင့် ပြင်းထန်စွာ ထိုးချလိုက်တော့သည်။

“ဟမ်...”

လုံယီသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ ညာဘက်လက်ကို အသာအယာ မြှောက်ကာ ကာကွယ်လိုက်သည်။

ဘုန်း...

ထိုဖြူဖျော့ဖျော့ ဝိညာဉ်အလောင်း၏ လက်သီးမှာ လွင့်ထွက်သွားပြီး ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံး နောက်သို့ နှစ်လှမ်းခန့် ဆုတ်ခွာသွားရသည်။

“ဘာ...”

မြက်ပင်ကိုက်ထားသောလူငယ်နှင့် သူ၏ နောက်လိုက်များအားလုံး အံ့အားသင့်သွားကြသည်။

“ဟိုး... ကိုယ်ခံပညာ ကျွမ်းကျင်သူတစ်ယောက်ပါလား”

မြက်ပင်ကိုက်ထားသောလူငယ်က လှောင်ပြုံးပြုံးရင်း “သူ့မှာ ဘာစွမ်းရည်တွေ ရှိလဲဆိုတာ ကြည့်ရသေးတာပေါ့။ ကိုယ်ခံပညာဆိုတာ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ။ မသေမျိုးလမ်းစဉ်ရှေ့မှာတော့ ဘာမှမဟုတ်ဘူးဆိုတာ သူ သိသွားစေရမယ်”

ထို့နောက် လူတိုင်း၏ နောက်ကွယ်မှ ကတုံးဝိညာဉ်အလောင်းများ တစ်ဦးပြီးတစ်ဦး ထွက်ပေါ်လာကာ လုံယီကို ဝိုင်းရံထားလိုက်ကြတော့သည်။ လုံယီသည် မျက်လုံးကို အနည်းငယ် မှေးလိုက်သည်။ သူသည် ပြဿနာမဖြစ်ချင်သော်လည်း ပြဿနာကို ကြောက်နေသူမဟုတ်ပေ။

ခုနက သူရင်ဆိုင်လိုက်ရသော ဝိညာဉ်အလောင်း၏ ခွန်အားမှာ ပေါင်ချိန် တစ်သောင်းမှ နှစ်သောင်းနီးပါးခန့် ရှိသည်။ အကယ်၍ အခြားသော မှော်အတတ်များ မပါဝင်ဘဲ ရိုးရိုးတိုက်ခိုက်မည်ဆိုပါက ဤကဲ့သို့သော အလောင်းဆယ်ခုရှိနေပါစေဦးတော့ လုံယီအတွက်မူ အသားတုံးလေးများသဖွယ်ပင်။

သူနှင့် ဝိညာဉ်အလောင်းများအကြား တိုက်ပွဲတစ်ခု စတင်တော့မည့်ဆဲဆဲတွင်…

“ရပ်လိုက်စမ်း”

တောင်ကုန်းပေါ်မှ စူးရှပြီး အေးစက်သော မိန်းကလေးတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

“သူ့အတွက် ငွေကို ငါပေးမယ်”

ထိုသူမှာ အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လှပကျော့ရှင်းသော်လည်း မည်သူမျှ အနားမကပ်ရဲလောက်အောင် အေးစက်သည့် အရှိန်အဝါရှိသော စစ်ဗိုလ်ချုပ်သမီး ယို့ချင်းယီပင်။ သူမ၏ ဘေးနားတွင်လည်း လိုဏ်ဂူဝများမှနေ၍ အခြားလူတစ်စု ထွက်ပေါ်လာကာ အောက်ဘက်မှ အဖြစ်အပျက်ကို စိတ်ဝင်တစား ကြည့်ရှုနေကြသည်။

ထိုသူများသည်လည်း လုံယီ၊ စူးယွီတို့နှင့်အတူ ယနေ့မှ ရောက်ရှိလာကြသူများ ဖြစ်သည်။ ကွာခြားချက်မှာ သူတို့သည် အနည်းဆုံး အလယ်အလတ်အဆင့်ဝိညာဉ်အမြစ် ပါရမီရှင်များဖြစ်ကြပြီး ဂိုဏ်း၏ အနာဂတ်မျိုးဆက်သစ်များအဖြစ် သတ်မှတ်ခံထားရသဖြင့် အစောတည်းက သီးသန့်ခေါ်ဆောင်သွားခြင်း ခံခဲ့ရသူများပင်။

တောင်ခါးပန်းရှိ လိုဏ်ဂူများမှာ နေထိုင်ရန် ပိုမိုကောင်းမွန်သည့်အတွက် ထိုနေရာရှိ ပါရမီရှင်သစ်များမှာ အထူးအခွင့်အရေး ရရှိထားကြခြင်း ဖြစ်သည်။

“ဟေ့ကောင်... မင်းတော့ ကံကောင်းတယ်။ စစ်သေနာပတိချုပ်ရဲ့သမီးက မင်းဘက်က မားမားမတ်မတ် ရပ်တည်ပေးနေတာပဲ”

မြက်ပင်ကိုက်ထားသောလူငယ်က အံ့သြတကြီး ပြောလိုက်သည်။

“ဒီလိုဆိုရင်လည်း သွားတော့ အပေါ်တက်တော့”

လုံယီသည် သူ့ကို တစ်ချက်သာ ကြည့်လိုက်ပြီး ဘာစကားမျှ ပြန်မပြောဘဲ တစ်ကိုယ်တည်း အပေါ်သို့ လျှောက်လှမ်းသွားတော့သည်။ လုံယီအတွက် စကားပြောပေးပြီးနောက် ယို့ချင်းယီသည်လည်း သူနှင့် စကားတစ်ခွန်းမျှ ထပ်မံဆိုခြင်းမရှိဘဲ သူမ၏ လိုဏ်ဂူအတွင်းသို့ တိတ်ဆိတ်စွာ ဝင်သွားတော့သည်။

ယို့ချင်းယီ ဘာကြောင့် သူ့ကို ကူညီခဲ့သည်ကို လုံယီ ကောင်းစွာ သိရှိသည်။ အစောပိုင်းက နေနီဂိုဏ်းအကြီးအကဲ၏ တိုက်ခိုက်မှုအတွင်း သူက အကြီးအကဲဖန်၏ လက်မောင်းကို ဆွဲကိုင်ကာ ကာကွယ်ပေးခဲ့သဖြင့် သူမ၏ အသက်ကိုပါ ကယ်တင်ရာ ရောက်ခဲ့ခြင်းကြောင့် ဖြစ်ပေလိမ့်မည်။

သို့သော် ကျန်ရှိနေသော တပည့်သစ်များမှာမူ ဤအချက်ကို မသိကြချေ။ ကျောက်နိုင်ငံ၏ အစွမ်းထက်လှသော စစ်သေနာပတိချုပ်၏ သမီးဖြစ်ပြီး မြင့်မြတ်သော အဆင့်အတန်းရှိသူ ယို့ချင်းယီက သာမန်လူငယ်တစ်ဦးအတွက် ကိုယ်တိုင်ကိုယ်ကျ ငွေစိုက်ထုတ်ပေးသည်ကို မြင်တွေ့ရသဖြင့် အားလုံးမှာ ပါးစပ်အဟောင်းသားနှင့် အံ့အားသင့်နေကြသည်။

ကျောက်နိုင်ငံသည် အလောင်းထိန်းချုပ်ဂိုဏ်း၏ အခြေစိုက်စခန်းဖြစ်ပြီး နန်းတော်နှင့် ဂိုဏ်းအကြား ဆက်ဆံရေးမှာလည်း အလွန်ပင် နက်ရှိုင်းလှသည်။ ထို့ကြောင့် သြဇာကြီးမားသော စစ်သေနာပတိချုပ်သည် ဂိုဏ်းအတွင်း၌လည်း အဆက်အသွယ်ကောင်းများ ရှိနေမည်မှာ အသေအချာပင်။

ယခင်က လုံယီနှင့် ခင်မင်ခဲ့သော စူးယွီ၏ မျက်လုံးများထဲတွင် မနာလိုမှုများ ရိပ်ယောင်လာသည်။

သူက ဘယ်လိုလုပ်ပြီး ဒီလို ဂုဏ်သရေရှိ အမျိုးသမီးတစ်ယောက်နဲ့ ပတ်သက်သွားရတာလဲ။

ငါတို့က တစ်နေရာတည်းက လာတာပဲလေ... ငါလည်း အဲ့ဒီအမျိုးသမီးကို ငါ့အတွက် ငွေစိုက်ပေးဖို့ ဘာလို့ မတောင်းဆိုနိုင်ရမှာလဲ။

ဟိုစီနီယာဆိုတဲ့ကောင်ကလည်း ငါတို့ကို အရင်ရောက်တဲ့လူဆိုပြီး နှိမ်ချင်နေတာ။ ဒီနေ့ ရတဲ့ အငြိုးကို တစ်နေ့ကျရင် ငါ ပြန်ဆပ်ပြမယ်...

လုံယီမှာမူ အခြားသူများ၏ စိတ်ထဲရှိ အတွေးများကို ဂရုမစိုက်နိုင်အားချေ။ သူသည် တောင်ခါးပန်းရှိ လိုဏ်ဂူတစ်ခုအတွင်းသို့ ဝင်လိုက်ရာ ထိုနေရာမှာ တောင်ခြေထက် များစွာ သာလွန်ကောင်းမွန်သည်ကို တွေ့လိုက်ရသည်။ ကျယ်ဝန်းသည်တင်မကဘဲ အလွန်ပင် သန့်ရှင်းနေကာ ဖုန်ပင် မရှိသလောက်ပင်။ ကျောက်ခုတင်ပေါ်တွင်လည်း ဟောင်းနွမ်းသော်လည်း သန့်ရှင်းစင်ကြယ်သော မီးခိုးရောင် ဂွမ်းစောင်များကို သေသေသပ်သပ် ခေါက်ထားသည်ကို တွေ့ရသည်။

လုံယီသည် ခုတင်ပေါ်တွင် တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး ယနေ့ ရရှိခဲ့သော ချီသန့်စင်ခြင်း ကျင့်စဉ်ဖြစ်သည့် စွမ်းအင်လမ်းပြကျင့်စဉ်ကို စတင် လေ့လာတော့သည်။

၎င်းမှာ အပြာရောင် စာအုပ်ပါးလေး ဖြစ်သည်။ ပထမဆုံး စာမျက်နှာကို လှန်လိုက်သည်နှင့် သေသပ်သော အနက်ရောင် စာလုံးများကို တွေ့ရသည်။

[ကျင့်ကြံခြင်းဆိုသည်မှာ ကမ္ဘာဦး အင်အားစုများနှင့် ဝိညာဉ်ရေးရာ ချီစွမ်းအင်ကို မိမိ၏ ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူသန့်စင်ကာ ကိုယ်ပိုင်အစွမ်းအဖြစ် အသုံးပြုခြင်း ဖြစ်သည်။ သို့သော် ဝိညာဉ်ရေးရာ စွမ်းအင်ကို စတင်အာရုံခံနိုင်ခြင်းမှာမူ ကျင့်စဉ်အားလုံး၏ အစပြုခြင်းပင်]

ဒုတိယစာမျက်နှာတွင် ကျင့်ကြံခြင်းဆိုင်ရာ ဂါထာမန္တန်များကို ဖော်ပြထားသည်။

[စိတ်ကို ချိုင့်ဝှမ်းကဲ့သို့ ဟာလာဟင်းလင်း ထားရှိကာ ခန္ဓာကိုယ်ကို ငြိမ်သက်နေသော ရေကန်ကဲ့သို့ တည်ငြိမ်စေလော့။ နားစည်၌ လေငြိမ်သက်သွားသည်ကို နားထောင်ကာ အသားအရေမှတစ်ဆင့် ဝိညာဉ်သွေးကြောများကို ထိတွေ့ခံစားလော့။ နွေဦးကာလ အဖူးအပွင့်များ ဝေဆာလာသကဲ့သို့ ချီကို ချက်တိုင်ဆီသို့ လမ်းညွှန်ကာ ချီပင်လယ်၌ စုစည်းပြီးနောက် သွေးကြောမျှင်များအတွင်းသို့ ပျံ့နှံ့စေလော့...]

ကျင့်ကြံသူတိုင်းအတွက် အခက်ခဲဆုံး အဆင့်မှာ ဝိညာဉ်ရေးရာ စွမ်းအင်ကို စတင်အာရုံခံနိုငရန်ပင်။

အခန်း။ ၂၇၄

စီနီယာအစ်ကို ဝေကျန်းပြောခဲ့သည့်အတိုင်းဆိုလျှင် ဝိညာဉ်ရေးရာစွမ်းအင်ဟူသည် ကမ္ဘာဦးအင်အားစုများနှင့် ကောင်းကင်၊ မြေကြီးကြားတွင် ပုန်းကွယ်နေတတ်သည်။

ဤတပည့်တောင်ထိပ်ရှိ စွမ်းအင်သိပ်သည်းဆမှာ ပြင်ပထက် များစွာသာလွန်သဖြင့် အာရုံစူးစိုက်နိုင်ရုံဖြင့် ၎င်းကို ထိတွေ့ခံစားနိုင်ရမည်ဖြစ်သည်။ သို့သော် ကံဆိုးသည်မှာ လုံယီတစ်ယောက် မျက်လုံးမှိတ်ကာ အချိန်အတော်ကြာ အာရုံခံကြည့်သော်လည်း သူကြားနေရသည်မှာ အပြင်ဘက်မှ လေတိုးသံ၊ သစ်ပင်သစ်ကိုင်းများ လှုပ်ခတ်သံနှင့် ငှက်သံ၊ ပိုးကောင်သံများသာ ဖြစ်သည်။ လတ်ဆတ်သော မြေနံ့နှင့် သဘာဝ၏ရနံ့များကသာ သူ၏နှာခေါင်းထဲသို့ အဆက်မပြတ် တိုးဝင်နေသည်။

ဝိညာဉ်ရေးရာစွမ်းအင်ဟူ၍ မြူတစ်စမျှပင် သူ မခံစားရချေ။

သူ၏ စွမ်းဆောင်ရည်ပြမျက်နှာပြင်ပေါ်တွင်လည်း မည်သည့်တုံ့ပြန်မှုမျှ မရှိသလို ကျင့်စဉ်ကဏ္ဍအသစ်တစ်ခုလည်း ပေါ်မလာခဲ့ပေ။

လုံယီသည် သာမန်ကိုယ်ခံပညာရှင်တစ်ဦး၏ အထွတ်အထိပ်ထက်ပင် သာလွန်သော သတ္တမအဆင့် ချီစွမ်းအားစစ်သည်တော်တစ်ဦးဖြစ်ရာ သူ၏ အာရုံငါးပါးမှာ အလွန်ပင် ထက်မြက်လွန်းနေသည်။ ယခုအခါတွင်မူ ထိုထက်မြက်မှုကပင် အဟန့်အတားတစ်ခု ဖြစ်လာပြီး ချီစွမ်းအင်ကို အာရုံခံရာတွင် သာမန်လူတစ်ယောက်ကိုပင် မမီတော့သကဲ့သို့ ဖြစ်နေတော့သည်။

ဘာဖြစ်လို့လဲ...

လုံယီသည် စိတ်အနည်းငယ် ကြွပ်ဆတ်လာသဖြင့် လိုဏ်ဂူအပြင်ဘက်သို့ ထွက်လာခဲ့သည်။ သူသည် ပါရမီရှင်တစ်ယောက် မဟုတ်ခဲ့ဖူးကြောင်းနှင့် ယနေ့အဆင့်အထိ ရောက်လာခြင်းမှာ စနစ်အပေါ်၌သာ လုံးလုံးလျားလျား အမှီပြုခဲ့ရခြင်းဖြစ်ကြောင်း သူကိုယ်တိုင် ကောင်းစွာသိသည်။

ယခုအခါ အပြင်ဘက်တွင် မှောင်နေပြီဖြစ်သလို ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း အလွန်ပင် တိတ်ဆိတ်နေသည်။ အားလုံးက ချီစွမ်းအင်ကို အမြန်ဆုံး အာရုံခံနိုင်ရန် လိုဏ်ဂူထဲ၌ အချိန်ကို အလုအယက် အသုံးချကာ ကျင့်ကြံနေကြသည်။ ထိုသို့ အာရုံခံနိုင်မှသာ ထူးကဲယင်ကျင့်စဉ်ကို သင်ယူခွင့်ရမည်ဖြစ်ပြီး ကျင့်ကြံခြင်းကို အထောက်အကူပြုမည့် အလောင်းကို ဦးဦးဖျားဖျား ရရှိနိုင်မည်ဖြစ်သည်။

ဝေကျန်း သတိပေးခဲ့သည့်အတိုင်း တပည့်သစ်များအတွက် လူသစ်စောင့်ရှောက်ရေးကာလမှာ သုံးလသာရှိပြီး ထိုကာလကုန်လွန်သွားပါက ဘာဖြစ်လာမည်ကို မည်သူမျှ မသိနိုင်ချေ။

ရှူး... ရှူး... ရှူး...

ပတ်ဝန်းကျင်၌ ထူးဆန်းသော လေတိုးသံများ ထွက်ပေါ်လာပြီး လေထုထဲတွင် မီးခိုးရောင် မြူငွေ့မှိန်မှိန်လေးများ လွင့်ပါးလာသည်။ ၎င်းတို့ကို အဆုတ်ထဲသို့ ရှူသွင်းလိုက်သည့်အခါ ခပ်စူးစူး ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။

ဒါ... အဆိပ်ငွေ့လား။

လုံယီသည် ဤအရာမှာ ဝေကျန်းသတိပေးခဲ့သော အဆိပ်ငွေ့ဖြစ်ကြောင်း သိလိုက်သည်။ ညဘက်ရောက်လျှင် အကြောင်းရင်းတစ်စုံတစ်ရာကြောင့် ဤတပည့်တောင်ထိပ်တစ်ခုလုံးတွင် အဆိပ်ငွေ့များ ပျံ့နှံ့လေ့ရှိပြီး သာမန်လူများ၏ ခန္ဓာကိုယ်ကို ထိခိုက်ပျက်စီးစေနိုင်သည်။

သို့သော် ၎င်းမှာ သာမန်လူများအတွက်သာ ဖြစ်သည်။ လုံယီ၏ ခန္ဓာကိုယ်မှာ လူသားတို့၏ အကန့်အသတ်ကို ကျော်လွန်နေပြီဖြစ်ရာ သူ၏ သွေးစွမ်းအင်ကို အနည်းငယ် လှည့်ပတ်လိုက်ရုံဖြင့် ထိုမအီမသာဖြစ်မှုများကို လုံးဝဖယ်ရှားပစ်နိုင်ခဲ့သည်။

တောင်ပေါ်ကို ပိုမြင့်လေ ဝိညာဉ်ရေးရာ ချီစွမ်းအင် ပိုများလေ……

ဝေကျန်း၏ စကားမှာ လုံယီ၏ ဦးနှောက်ထဲတွင် လျှပ်စီးလက်သကဲ့သို့ ပေါ်လာပြီး သူ၏မျက်လုံးများ တောက်ပသွားသည်။

သူသည် အထက်သို့ ဆက်လက်တက်လှမ်းခဲ့ရာ အဆိပ်ငွေ့များ ပိုမိုသိပ်သည်းလာသည်ကို သတိပြုမိသော်လည်း သူဂရုမစိုက်ဘဲ အရှိန်ကိုပင် မြှင့်လိုက်သေးသည်။ မကြာမီမှာပင် သူသည် တောင်ထိပ်သို့ ရောက်ရှိသွားပြီး ကွင်းပြင်တစ်ခု၌ တင်ပလ္လင်ခွေ ထိုင်လိုက်သည်။

စွမ်းအင်လမ်းပြကျင့်စဉ်၏ စိတ်ပိုင်းဆိုင်ရာ နည်းလမ်းကို တိတ်ဆိတ်စွာ အသုံးချရင်း လုံယီသည် သူ၏စိတ်ကို တဖြည်းဖြည်း လျှော့ချလိုက်သည်။ နောက်ဆုံးတွင် နာရီအနည်းငယ် ကြာပြီးနောက်၌ သူသည် အခြားဓာတ်ငွေ့များနှင့် မတူညီသော ဓာတ်ငွေ့အမျှင်တန်းလေးတစ်ခုကို အာရုံခံမိသွားတော့သည်။

ဤအမျှင်တန်းလေးမှာ အခြားသော အသက်မဲ့ဓာတ်ငွေ့များနှင့်မတူဘဲ ရှင်သန်ခြင်းအငွေ့အသက် အစအနလေးများ ပါဝင်နေသကဲ့သို့ ခံစားရသည်။ လုံယီသည် ၎င်းကို သူ၏ချက်တိုင်ဆီသို့ လမ်းညွှန်ရန် ကြိုးစားကြည့်သည်။ သို့သော် ထိုဓာတ်ငွေ့အမျှင်လေးမှာ အလွန်ပင် ရုန်းကန်နေပြီး သူ၏ဘေးပတ်ပတ်လည်တွင်သာ ဝဲလည်နေကာ ချက်တိုင်အနားသို့ မကပ်လိုပေ။

သူ၏စိတ်ထဲတွင် လင်းယုန်ငှက်တစ်ကောင်မှာ အဆက်မပြတ် အော်ဟစ်နေပြီး ထိုဓာတ်ငွေ့နှင့် ဆက်သွယ်ရန် ကြိုးစားနေသည်။ တစ်ချိန်တွင်တော့ ထိုဓာတ်ငွေ့မှာ အလိုအလျောက်ပင် သူ၏ချက်တိုင်အတွင်းသို့ တိုးဝင်သွားရာ လုံယီမှာ အနည်းငယ် အေးမြသွားသကဲ့သို့ ခံစားလိုက်ရသည်။ ၎င်းမှာ သူ၏ဝမ်းဗိုက်အတွင်း လှည့်လည်သွားလာနေသော မြွေငယ်လေးတစ်ကောင်ကဲ့သို့ပင်။ သို့သော် မကြာမီမှာပင် ၎င်းမှာ ခန္ဓာကိုယ်အတွင်းသို့ ပျော်ဝင်ကာ ပျောက်ကွယ်သွားတော့သည်။

လုံယီသည် ၎င်းကို ဆက်လက်လေ့လာခြင်းမပြုဘဲ စွမ်းဆောင်ရည်ပြမျက်နှာပြင်ကိုသာ ကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ကျင့်ကြံခြင်းကဏ္ဍတွင် အပြောင်းအလဲများ ရှိလာခဲ့ပြီး [စွမ်းအင်လမ်းပြကျင့်စဉ် (အခြေခံအဆင့်သို့ မရောက်သေး 0/40)] ဟူ၍ အသစ်တိုးလာခဲ့သည်။

သူသည် စွမ်းအင်အမှတ် ၅၀ ကို အသုံးပြုကာ စွမ်းအင်လမ်းပြကျင့်စဉ်ကို မြှင့်တင်လိုက်သည်။

သူ၏ စိတ်အာရုံထဲတွင် ရင်းနှီးကျွမ်းဝင်မှုမရှိသော မှတ်ဉာဏ်သစ်များ ရုတ်တရက် ပေါ်ပေါက်လာသည်။

ထိုမှတ်ဉာဏ်များထဲတွင် လုံယီသည် မသေမျိုးလမ်းစဉ်ကို အလွန်တရာ တောင့်တသော ချမ်းသာကြွယ်ဝသည့် လူငယ်လေးတစ်ဦး ဖြစ်လာခဲ့သည်။ သို့သော် သူ၏ ပါရမီမှာကား အလွန်ပင် ညံ့ဖျင်းလှသည်။ အဆင့်နိမ့် ဝိညာဉ်အမြစ်များထဲတွင်ပင် သူသည် အောက်ဆုံးအဆင့်မှာသာ ရှိပြီး သူ၏ မူလကိုယ်နှင့် များစွာမခြားနားပေ။

သို့သော် သူသည် လက်မလျှော့ခဲ့ဘဲ ကျော်ကြားသော တောင်တန်းများနှင့် မြစ်ချောင်းများဆီသို့ အဆက်မပြတ် သွားရောက်ကာ မသေမျိုးဆရာသခင်များထံ အဖိုးတန်လက်ဆောင်များဖြင့် ချဉ်းကပ်၍ စစ်မှန်သော ကျင့်စဉ်ကို ရရှိရန် ကြိုးစားခဲ့သည်။ သို့သော် သူရရှိခဲ့သည်မှာ ငြင်းပယ်ခံရမှုများနှင့် တစ်ခုပြီးတစ်ခုသော စိတ်ပျက်အားလျော့စရာများသာ ဖြစ်သည်။ မည်သည့်ဆရာသခင်ကမျှ သူ့အား တပည့်အဖြစ် လက်မခံလိုကြချေ။

နောက်ဆုံးတွင် ကြင်နာတတ်သော ဆရာသခင်တစ်ဦးက မနေသာတော့သဖြင့် သူ့အား ဂါထာမန္တန် တစ်ပုဒ်ကို ပေးခဲ့သည်။ အကယ်၍ ဤဂါထာဖြင့် ကမ္ဘာဦးဝိညာဉ်စွမ်းအင်ကို အာရုံခံနိုင်လျှင် သူ့ကို တပည့်အဖြစ် လက်ခံမည်ဟု ပြောခဲ့သည်။

လုံယီသည် တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်... ဆယ်နှစ်၊ အနှစ်နှစ်ဆယ်တိုင်အောင် အားမလျှော့ဘဲ ကြိုးစားခဲ့သည်။

ဆံပင်များ ဖြူဖွေးကာ အိုမင်းမစွမ်းဖြစ်လာသည့်တိုင်အောင် သူသည် ထင်းရှူးပင်တစ်ပင်အောက်တွင် မျက်လုံးမှိတ်၍ တည်ငြိမ်စွာ ထိုင်နေခဲ့ပြီး လောကီအညစ်အကြေးများကို ထိုးဖောက်မြင်နေသည့်အလား ရှိနေခဲ့သည်။ ရုတ်တရက် တစ်ခဏတွင် သူသည် ရူးသွပ်စွာ အားရပါးရ ရယ်မောလိုက်တော့သည်။

"ငါ အာရုံခံမိပြီ အဲ့ဒီမှာ ရှိနေတာပဲ"

ထိုစကားကို ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ထိုအဘိုးအိုမှာ နေရာတင်ပင် အသက်ပျောက်သွားတော့သည်။

လက်တွေ့ဘဝတွင် လုံယီသည် မျက်လုံးများကို ဖွင့်လိုက်ပြီး အတွေးထဲ၌ နစ်မျောနေမိသည်။ အကယ်၍ သူသာ သူ၏ ဝိညာဉ်အမြစ် အရည်အသွေးကို မမြှင့်တင်ခဲ့ဘဲ ဝိညာဉ်စွမ်းအင် အပေါများဆုံးရှိသော တောင်ထိပ်သို့ မလာခဲ့ပါက ဤစွမ်းအင်ကို အာရုံခံနိုင်ရန်မှာ လွယ်ကူလိမ့်မည်မဟုတ်ပေ။ သူ၏ ရလဒ်မှာလည်း ထိုမှတ်ဉာဏ်ထဲမှ ကိုယ်နှင့် များစွာ ထူးခြားမညမဟုတ်ပေ။

ဝိညာဉ်အမြစ် ဆိုသည်မှာ ဖုန်းအင်တာနက်တစ်ခုနှင့် တူပြီး ကမ္ဘာဦးဝိညာဉ်စွမ်းအင်မှာ လိုင်းနှင့် တူသည်။ အင်တာနက်မကောင်းပါက လိုင်းကို အာရုံမခံနိုင်ချေ။ အကယ်၍ အင်တာနက် ကောင်းမွန်ပါက မိမိက လိုင်းမဖမ်းလိုလျှင်ပင် ထိုလိုင်းက မိမိဆီသို့ အသည်းအသန် တိုးဝင်လာမည်သာ ဖြစ်သည်။

လုံယီသည် သူ၏ စွမ်းဆောင်ရည်ပြမျက်နှာပြင်ကို ကြည့်လိုက်ရာ အောက်ပါအတိုင်း အဆင့်မြှင့်

တင်ပြီးသား ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

[အမည်: လုံယီ]

[အသက်: ၂၀/၉၆]

[အဆင့်အတန်း - သတ္တမအဆင့် ချီစွမ်းအားစစ်သည် (၂၆၀/၆၀၀)၊ ကျောက်သားအရေပြားသိုင်းသမား (၄၃၀/၆၀၀)၊ ဝိညာဉ်စွမ်းအင်ကျင့်ကြံသူ (….)]

[ကျင့်စဉ်များ - အဝါရောင်အထွတ်အထိပ်အသက်ရှူခြင်းနည်းစနစ် (ဒုတိယအဆင့်၊ ကြီးကျယ်သောအောင်မြင်မှု ၀/၁၀၀၀၀ + ဝိညာဉ်သန့်စင်ပန်း ၁ ပွင့်)၊ အရေပြားသန့်စင်ခြင်းနည်းစနစ် (ကျွမ်းကျင်မှု ၀/၁၀၀၀ + မျှော့ကော် ၁ ခု)၊ စွမ်းအင်လမ်းညွှန်နည်းစနစ် (စတင်ခြင်း ၀/၁၅၀ + နဂါးပူစီနံ)]

[ကျွမ်းကျင်မှုများ - လူမျိုးစု၏ပုဆိန်သိုင်း (ပြီးပြည့်စုံခြင်း)၊ အစွန်းရောက်လက်သီးသိုင်း (ကြီးကျယ်သောအောင်မြင်မှု ၀/၃၀၀၀)၊ ပေါ့ပါးသောကိုယ်ဟန်နည်းစနစ် (ကြီးကျယ်သောအောင်မြင်မှု)၊ လျှို့ဝှက်ကျွမ်းကျင်မှု - နဂါးဖောက်ထွင်းခြင်းနည်းစနစ် - အပိုင်းအစ (၁)]

[မှော်အတတ် - ဓားပျံထိန်းချုပ်ခြင်းနည်းစနစ် (စတင်ခြင်းမရှိသေးပါ)]

[ပါရမီများ - ကျောက်သားအဖြစ်ပြောင်းလဲခြင်း (ကြီးကျယ်သောအောင်မြင်မှု ၀/၁၀၀၀၀ + ရေခဲဝိညာဉ် ၁ ခု)၊ လျင်မြန်ခြင်း (ကျွမ်းကျင်မှု ၀/၁၀၀ + နတ်မိမယ်ပိုးချည် ၁ ခု)၊ ရုပ်ဖျက်ခြင်း (ကျွမ်းကျင်မှု ၀/၃၀၀ + မြေကမ္ဘာကြောဝိညာဉ်ခြင်ဆီ ၁ ခု)၊ ကြံ့ခိုင်ခြင်း (ကျွမ်းကျင်မှု ၀/၁၀၀၀ + ဝိညာဉ်ဝါးမျိုနွယ်ပင် ၁ ခု)၊ အဆိပ် (စတင်ခြင်း ၀/၂၀ + အရိုးဆွေးမြက် ၁ ပင်)၊ ထိန်းချုပ်ခြင်း (ကျွမ်းကျင်မှု ၀/၁၂၀ + ယန်ဖိုမှို ၁ ခု)၊ မီးဒဏ်ခံနိုင်ခြင်း (စတင်ခြင်း ၀/၃၀ + နှစ်တစ်ရာသက်တမ်းရှိ ဖီးနစ်သစ်ပင်အနှစ် ၁ ခု)၊ လေငြိမ်ခြင်း (စတင်ခြင်း ၀/၃၀ + ကောင်းကင်ပြာငှက်မွှေး ၁ ခု)]

[စွမ်းအင် - ၁၅၀၆]

စွမ်းအင်လမ်းပြကျင့်စဉ်ကို စတင်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်၍ ယခုအခါ လုံယီသည် ဝိညာဉ်ရေးရာ ချီစွမ်းအင်များကို အလွယ်တကူ အာရုံခံနိုင်ရုံသာမက ၎င်းတို့ကို ခန္ဓာကိုယ်၏ ချက်တိုင်ဆီသို့လည်း ကျွမ်းကျင်စွာ လမ်းညွှန်နိုင်ပြီဖြစ်သည်။ တောင်ခါးပန်းရှိ သူ၏ လိုဏ်ဂူသို့ ပြန်သွားလျှင်ပင် စွမ်းအင်အာရုံခံရသည်မှာ အနည်းငယ် ပို၍ အားစိုက်ရရုံမှတစ်ပါး သူ၏ ကျင့်ကြံခြင်းအရှိန်ကို ကြီးကြီးမားမား ထိခိုက်စေတော့မည် မဟုတ်ချေ။

သာမန်တပည့်များအတွက် အခက်ခဲဆုံးဟု သတ်မှတ်ထားသော အစပျိုးခြင်းအဆင့်ကို သူသည် အားစိုက်စရာမလိုဘဲ ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်သည်။

ဒုတိယမြောက်နေ့၊ နံနက်စောစောအချိန်။

တပည့်သစ် အများအပြားသည် တပည့်တောင်ထိပ်ခြေရင်းတွင် ပြန်လည်စုဝေးနေကြသည်။ လမ်းညွှန်စီနီယာ ဝေကျန်း ရောက်ရှိလာပြီး ပြုံးရွှင်သော မျက်နှာဖြင့် လူအုပ်ကြီးကို ကြည့်ကာ မေးလိုက်သည်။

“ကဲ... မနေ့ညက ဝိညာဉ်စွမ်းအင်ကို အာရုံခံမိတဲ့လူ ရှိကြရဲ့လား”

“အား... ခက်လိုက်တာဗျာ။ မနေ့ညက တစ်ညလုံး မအိပ်ဘဲ အာရုံခံကြည့်တာ တစ်စက်ကလေးတောင် မခံစားရဘူး”

“ဝိညာဉ်စွမ်းအင်ကို ကျွန်တော်က သိပေမဲ့ သူက ကျွန်တော့်ကို မသိသလိုပဲ။ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး”

“ဟားဟား... ငါပဲ ညံ့တာမှတ်လို့။ အားလုံးက ငါ့လိုပဲဆိုတော့မှ စိတ်အေးရတော့တယ်”

တပည့်သစ်များ၏ ညည်းတွားသံများကို ကြားရသောအခါ ဝေကျန်းက သဘောကျစွာ ပြုံးလိုက်သည်။ ထို့နောက် တိတ်ဆိတ်စွာ ရပ်နေသော ယို့ချင်းယီကို ကြည့်ကာ မေးလိုက်၏။

“ညီမလေးယို့... မင်းရော အာရုံခံမိလား”

“အနည်းငယ်တော့ အာရုံရခဲ့ပါတယ်”

ယို့ချင်းယီက တည်ငြိမ်စွာ ပြန်ပြောသည်။

“ထိပ်တန်းအဆင့် ဝိညာဉ်အမြစ် ပိုင်ဆိုင်ထားတဲ့သူဆိုတော့လည်း ထူးခြားတာပေါ့”

ဝေကျန်းက ချီးကျူးစကားဆိုပြီးနောက် “တခြားသူတွေရော ဘယ်သူရှိသေးလဲ”

“ဒါက ခက်လို့လားဗျာ ကျွန်တော်ကတော့ မနေ့က နာရီဝက်လောက်အတွင်းမှာတင် အာရုံခံမိသွားတယ်”

လူငယ်တစ်ဦးက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

သူသည် အရပ်သိပ်မရှည်ဘဲ ခပ်ဝဝ ကိုယ်လုံးရှိသည်။သို့သော် ဦးခေါင်းတွင် ရွှေသရဖူ ဆောင်းထားပြီး ခါးတွင်လည်း အဖြူရောင် ကျောက်စိမ်းခါးပတ် ပတ်ထားကာ အသားအရေမှာလည်း နူးညံ့ဖြူစင်နေသဖြင့် အခွင့်ထူးခံ လူကုံထံအသိုင်းအဝိုင်းမှ ဖြစ်ကြောင်း သိသာလှသည်။ သူမှာ ဤအသုတ်ထဲတွင် ဒုတိယမြောက် ထိပ်တန်းအဆင့် ဝိညာဉ်အမြစ် ပိုင်ဆိုင်သူ ဝမ်ဝန်ပိုင် ဖြစ်သည်။ သို့သော် သူ၏ ပါရမီမှာ ယို့ချင်းယီကိုမူ အနည်းငယ် မမီချေ။

“အကြီးအကဲဝမ်သာ သိရင်တော့ သူ့မှာ ဆက်ခံမယ့်သူ ပေါ်ပြီဆိုပြီး အတော်ကို ပျော်သွားမှာပဲ”

ဝေကျန်းက ပြုံး၍ ပြောလိုက်သည်။

All Chapters